သျှမ်းသံတော်ဆင့် |
- ဟောင်ကောင်ရှေ့နေ မူးယစ်ရာဇာ စိုင်းနော်ခမ်းအတွက် အမှုလိုက်ပေးမည်
- ဂက်စ်ပိုက်လိုင်း မြေစာပုံကြောင့် ပျက်စီးဆုံးရှုံးမှု လယ်သမားများ လျော်ကြေးမရသေး
- ဂက်စ်ပိုက်လိုင်း နှင့် စစ်ကြောင်းများကြောင့် တောင်သူများလုပ်ငန်းအခက်တွေ့
- မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ချေးငွေပေးမှု လယ်သမားအားလုံး မရ
| ဟောင်ကောင်ရှေ့နေ မူးယစ်ရာဇာ စိုင်းနော်ခမ်းအတွက် အမှုလိုက်ပေးမည် Posted: 17 Oct 2012 02:16 AM PDT တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တရားရုံးရောက် ရွှေတြိဂံဒေသမူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း အတွက် မိသားစုဝင်များက ဟောင်ကောင်မှရှေ့နေတဦးအား အမှုလိုက်ပေးရန်ငှားရမ်းလိုက်ကြောင်း နီးစပ်သူတဦးကပြောသည်။ တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တရားရုံးရောက် စိုင်းနော်ခမ်း " မိသားစုဝင်က ကြောက်လို့ထွက်ပြေးကြတယ်။ အဲတာကို ထွက်မပြေးဖို့၊ ရှေ့နေငှားပေးဖို့ နော်ခမ်းနဲ့ လုပ်ဖော်ကိုင်ဖက်တချို့ကပြောလာကြတယ်လေ။ ဒါကြောင့် ဒီလထဲမှာဘဲ ဟောင်ဟောင်က ရှေ့နေ တယောက်ကို ငှားပေးလိုက်ပြီ" ဟု မိသားစုနှင့်နီးစပ်သူတဦးက သျှမ်းသံတော်ဆင့် အားပြောပြသည်။ စိုင်းနော်ခမ်းအားကူမင်းတရားရုံး၌ စက်တင်ဘာ ၂၀ ရက် မှ ၂၁ ရက်ထိ စစ်ဆေးမေးမြန်းပြီး နောက် ပြစ်ဒဏ်စီရင်ချမှတ်ရန် တရုတ်အစိုးရက Collegiate Bench အထူးခုံရုံး ဖွဲ့ထားကြောင်း သိရှိရပါသည်။ "တရုတ်မှာ ဥပဒေ ဘယ်လိုရှိတယ်ဆိုတာ ကျနော်တို့ မသိရဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ကြီးသောအမှု ငယ်စေ၊ ငယ်သောအမှု ပပျောက်စေ ဖြစ်သွားအောင် သူ့ရဲ့မိသားစုလည်း တရုတ်ရှေ့နေရှာပြီးတတ် နိုင်သလောက် ကူညီသင့်တယ်" - ဟု ထိုင်းရှေ့နေတစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောပြဖူးသည်။ မူးယစ်ရာဇာအမည်ရ ရွှေတြိဂံဒေသ၌ လှုပ်ရှားနေသော စိုင်းနော်ခမ်းအား ထိုင်းဒု-ဝန်ကြီးချုပ် က ဖမ်းမိန့်ကြေငြာပြီး မကြာခင် (ဧပြီ ၂၅ ရက် ၂၀၁၂ ) လောဝ်နိုင်ငံ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ တရုတ်နိုင်ငံသို့ လွဲအပ်ပေးပြီးနောက် စက်တင်္ဘာ ၂၀-၂၂ ရက်နေ့အထိ ခွန်းမင် တရားရုံး၌ ရုံးတင် စစ်ဆေးခြင်းခံရသည်။ ရွှေတြိဂံဒေသအတွင်း စိုင်းနော်ခမ်း မရှိသော်လည်း လက်ကျန် တပည့်တပန်း(ဟောင်း) တစုက လက် နက်ကိုင်ကာ ပြန်လည်လှုပ်ရှားလာနေကြောင်း ဒေသခံများက ပြောပြပါသည်။ |
| ဂက်စ်ပိုက်လိုင်း မြေစာပုံကြောင့် ပျက်စီးဆုံးရှုံးမှု လယ်သမားများ လျော်ကြေးမရသေး Posted: 17 Oct 2012 02:15 AM PDT ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် သိမ်းယူထားသည့်မြေ ပေ ၁၀၀ ထက် ကျော်လွန် ၍ မြေစာပုံလာပါက မြေစာရှင်းလင်းရန်နှင့် ပျက်စီးသွားသည့် သီးနှံများအတွက် လျော်ကြေးပေးမည်ဟု ဆိုသော်လည်း ယနေ့တိုင် မရရှိသေးကြောင်း သိရှိရပါသည်။ ![]() "မြေစာရှင်းဖို့ ၁ ဧကကို ၃ သိန်းပေးမယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ သီးနှံအတွက် သတ်သတ် နစ်နာကြေး တစ်သီးစာ ပေးမယ်လို့ ပြောတယ်။ ဘယ်လောက်လဲ အတိအကျတော့ မသိရသေးဘူး။ အခုထက်ထိ ဘာမှလာမပေးဘူး" ဟု နောင်အန်းဒေသခံတစ်ဦးက ပြောပါသည်။ ပိုက်လိုင်း ကုမ္ပဏီက ပိုက်ချရန် မြောင်းတူးဖော်ရာတွင် ပေ ၁၀၀ ကျော်ထက် မြေစာများ ပုံလာသည့် အတွက် လယ်အတွင်း မြေစာများ လွှမ်းမိုးကြောင်း၊ သီပေါမြို့နယ် နောင်အန်းအုပ်စု၌ လယ် ၁ ဧက ကျော်၊ နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စု၌ ၁ ဧကကျော်၊ မိုင်းဝီးအုပ်စု၌ ဧကဝက် ပျက်စီးဆုံးရှုံးကြောင်း ဆို၏။ "လယ်ပိုင်ရှင်တွေ သက်ဆိုင်ရာကို သွားတိုင်သွားပြောမှ လျော်ကြေးပေးမယ်လို့ ပြောလာတာ" ဟု အဆိုပါ လယ်သမားက ဆက်ပြောပါသည်။ သို့သော် နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စုနှင့် မိုင်းဝီးအုပ်စုမှာမူ သီးနှံများပျက်စီးသွားသည်ကို သက်ဆိုင် ရာများက သွားရောက်ကြည့်ရှုသော်လည်း မည်သည်မျှ ပြောဆိုသွားခြင်း မရှိကြောင်း ဆို၏။ ပိုက်လိုင်းဖြတ်သွားသည့် ဒေသမှ လယ်သမားများအနေဖြင့် စီမံကိန်းကြောင့် ပျက်စီးသွားသည့် လယ်ယာများ၊ လမ်းများကို ပြန်လည်ပြုပြင်ပေးစေလိုကြောင်း၊ ပိတ်ဆို့သွားသည့် ရေချောင်းများကို လည်း ပြန်လည်တူးဖော်ပေးစေလိုကြောင်း ပြောပါသည်။ |
| ဂက်စ်ပိုက်လိုင်း နှင့် စစ်ကြောင်းများကြောင့် တောင်သူများလုပ်ငန်းအခက်တွေ့ Posted: 17 Oct 2012 02:13 AM PDT သျှမ်းပြည်မြောက်ပိုင်း ရေနံနှင့် ဂက်စ်ပိုက်လိုင်းဖြတ်သန်းရာ နမ္မတူမြို့နယ်အတွင်း စစ်ရေးမငြိမ်သက်မှုကြောင့် ဘိန်းခြံအပါအဝင် လယ်ယာခြံမြေ လုပ်ကိုင်မှု ခေတ္တရပ်ဆိုင်းထားရကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်း ရပ်ကွက်က ဆိုပါသည်။ ![]() " ဘိန်းခြံရော၊ တခြားသီးနှံစိုက်ပျိုးရေးခြံတွေကိုရော ခဏရပ်ထားကြရတယ်။ စစ်မြေပြင်ဘက်က ခြံတွေဆိုရင်လဲ ဒေသခံတွေက ခြံမဆင်းရဲဘူး။ ဒီဖက် ပိုက်လိုင်းဖြတ်တဲ့ဘက်မှာကျတော့ မိုးရွာလို့ မြေစာပုံတွေ ပြိုတယ်။ ဒါလဲ သီးနှံတွေပျက်စီးတယ်။ လုပ်လို့မရဘူး။ ရပ်ထားကြရတယ်" ဟု နမ္မတူဒေသခံ စိုင်းနုက ပြောသည်။ ဒေသခံလူထု၏လယ်ယာမြေများအတွင်း ဂက်စ်ပိုက်လိုင်းသွယ်တန်းထားသဖြင့် မြေစာပုံများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန့်တုန့်မြို့နယ် နမ့်ဟိုင်းနှင့်မုံးဝီးကြား၊ နမ္မတူမြို့နယ်နှင့်သီပေါမြို့ နယ်ကြား၊ မန်တုံမြို့နယ် နှင့် သီပေါမြို့နယ်ကြား ရှိ လယ်ယာမြေစိုက်ပျိုးမှု ခေတ္တရပ်ဆိုင်းထားရကြောင်း၊ သီးနှံရင့်သီးပြီဖြစ်သဖြင့် အချို့ လယ်မြေများ၌ သီးနှံကောက်ရန် အဆင်မပြေ ဆုံးရှုံးမှုများလည်း များပြားကြောင်း၊ ထို့ပြင်ဂက်စ်ပိုက်လိုင်း လုံခြုံရေးတပ်ဖွဲ့များနှင့် နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပြိုင်စစ်ရေးလှုပ်ရှားမှုကြောင့် လုပ်ငန်းအခက်အခဲကြုံတွေ့ရသည်ဟုဆိုသည်။ " တချို့နေရာမှာလည်း လျော်ကြေးမရလို့ဗျာ။ ခြံတွေက ဆက်မလုပ်နိုင်သေးဘဲ ရပ်ထားရတယ်။ ပါးစပ်ကဘဲ ပေးမယ်ပြောတာလေ။ လက်က မလာဘူးဖြစ်နေတယ်" - ဟု ဒေသခံ စိုင်းခမ်းညိုကပြောသည်။ နမ္မတူမြို့နယ် ဒေသခံများ၏စိုက်ပျိုးခြံမြေများအတွင်းဖြတ်သန်းသော ဂက်စ်ပိုက်လိုင်းအလားတူ တောင်ကြောတလျှောက်ရှိ ဘိန်းခြံအများစုမှာလည်း အစိုးရတပ် နှင့် တိုင်းရင်းသားတပ်ဖွဲ့တို့အကြား တိုက်ပွဲများ၊ လှုပ်ရှားစစ်ကြောင်းများကြောင့် ခြံလုပ်သားများအလုပ်မဆင်းရဲကြကြောင်း နမ္မတူဒေသခံ နောက် တဦးကပြောသည်။ လွယ်မောတောင်၊ ခမောက်တောင်ကြောတလျှောက်၌ ဘိန်းခြံလုပ်သားတယောက်အတွက် ထမင်း ၃ နပ် နှင့် အတူ လုပ်အားခ တရက် ၃၀၀၀ ပေးကြောင်း၊ ဘိန်းခြစ်သည့်ရာသီတွင် ပိုက်ဆံမယူပါက ဘိန်းစိမ်း ၁ မတ်သား (တကျပ်သား၏ ၄ ပုံတပုံ) ပေးကြောင်း ဘိန်းခြံလုပ်ငန်းရှင်တရုတ်အမျိုးသားတဦးကပြောပါသည်။ |
| မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ချေးငွေပေးမှု လယ်သမားအားလုံး မရ Posted: 17 Oct 2012 02:11 AM PDT သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လယ်သမားများအတွက် ချပေးသော ချေးငွေများကို လိုအပ်နေသော လယ်သမားများထံ ချမပေးဘဲ လယ်သမားအချို့သာ ချေးပေးကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါသည်။ "တကယ့် စေတနာ အရင်းခံရှိရင် တကယ်လိုအပ်တဲ့ ရွာတွေကို ချေးပေးရမှာပေါ့။ အခု သူတို့ ချေးပေးတဲ့ ရွာတွေက နဲနဲချောင်လည်တဲ့ရွာတွေ ဖြစ်နေတယ်။ နောက် ပြန်ဆပ်ရမဲ့ချိန်က နွေစပါး စိုက်ချိန်ဖြစ်နေတော့ တကယ်လို့ ပြန်မဆပ်နိုင်ရင် ပေါင်နှံထားတဲ့လယ်တွေလည်း ရှုံးမှာဘဲ" ဟု ဒေသခံ လယ်သမားတစ်ဦးက ပြောပါသည်။ စက်တင်ဘာ ၁၁ ရက် နှင့် ၁၂ ရက် နံနက် ၉ နာရီမှ ညနေပိုင်းအထိ နမ့်ခမ်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး က လယ်သမားများအား ၁ ဧက ကျပ် ၁ သိန်း ငွေများချေးပေးရာ တစ်ရာလျှင် အတိုး ၀.၆ ရာခိုင်နှုန်း ယူမည်ဟုပြောကြောင်း၊ အစိုးရက နမ့်ခမ်းမြို့နယ်အတွက် ကျပ်သိန်းပေါင်း ၁၀၀၀ ချပေးရာ လက်ဖက် စိုက်တောင်သူများအတွက် သိန်း ၅၀၀၊ လယ်သမားများအတွက် သိန်း ၅၀၀ ချေးပေးရန် ပြောဆိုလာ ကြောင်း မြို့နယ်အာဏာပိုင်များနှင့် နီးစပ်သူတဦးက ဆို၏။ "လက်ဖက်စိုက်တောင်သူတွေ မရဘူး။ အစည်းအဝေးလုပ်တုန်းကတော့ ရွာပေါင်း ၄၈ ရွာကို ငွေချေး ပေးမယ်လို့ သတ်မှတ်ထားပေမဲ့ ၇ ရွာလောက်ဘဲ ရတယ်။ တစ်ရွာတည်းတောင် အိမ်တိုင်းမရဘူး။ အပေါ်အိမ်က ရပြီး အောက်အိမ်က မရတော့ တယောက်နဲ့တယောက် မကျေနပ်ကြဘူးပေါ့။ တစ်ရွာ တည်းသားတွေ အချင်းချင်း အထင်လွဲအောင် လုပ်နေသလိုဘဲ" ဟု နမ့်ခမ်းဒေသခံ လူငယ်တစ်ဦးက ပြောပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လိုက်လံငွေချေးပေးသော ရွာများမှာ နမ့်မရွာ၊ နမ့်တီးရွာ၊ ကွန်လုံရွာ၊ နောင်ကောင်ရွာ၊ ဟောင်လုံရွာ၊ ကျယ်ဟိုင်းရွာ၊ ကောင်းဆာရွာနှင့် နမ့်ခမ်းမြို့ပေါ်မှ တန်မရပ်ကွက်၊ အောက်ရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်တို့ ဖြစ်ကြောင်း၊ အဆိုပါရွာများမှ ရပ်ရွာသူကြီးတချို့မှာ လယ်သမားများထံမှ ပိုက်လိုင်းလျော်ကြေး ဖြတ်စားသည့် စာရင်း၌ ပါရှိကြောင်း ဒေသခံများမှ သိရှိရ ပါသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |


