သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


မူးယစ်ရာဇာကြီးစိုးသောဒေသ၌ ဒေသခံအမျိုးသမီးများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေ

Posted: 12 Oct 2012 02:08 AM PDT

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မုံးပေါ်အုပ်စုရှိ ဒေသခံအမျိုးသမီးများစုပေါင်း၍  အမျိုးသမီးသီးသန့် အင်အားဖြင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းဖွဲ့ကာ မူးယစ်နှိမ်နှင်းနေကြောင်း ဒေသခံ များပြောပြချက်အရသိရသည်။
001-_MB__training မုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း
 
"ကော်မတီဝင် ၇ ယောက်ရှိတယ်။ ဥက္ကဌ၊ ဒုဥက္ကဌအစရှိ အားလုံးက အမျိုးသမီးတွေ။ အဖွဲ့ဝင်အားလုံး ၂၀၀ ကျော်ရှိတယ်။ မုံးပေါ်က ကျေးရွာ ၂၁ ရွာက မိခင်တွေပေါ့နော်။ ပြီးခဲ့တဲ့ ဩဂတ်စ်လက စတင်ဖွဲ့စည်းပြီး လှုပ်ရှားလာခဲ့တယ်လို့ သူတို့ ပြောတယ်" မုံးပေါ်သို့ရောက်ရှိခဲ့သော လားရှိုးဒေသခံတဦးကပြောသည်။

မုံးပေါ် ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းကို ဩဂတ်စ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းပြီး ဩဂတ်စ်လ ၂၀ ရက်နေ့က စတင်လှုပ်ရှားခဲ့သည်ဟု ဆိုပါသည်။ ဩဂတ်စ်လအတွင်း ၆ ကြိမ်ဖမ်းဆီးမှုပြုလုပ်ရာ ရွာ ၆ ရွာမှ ရောင်း၊ဝယ်၊ သုံးစွဲသူ လူ ၁၆ ဦးဖမ်းဆီးခဲ့သည်။ ဆေးမှုန့် ၄ ပုလင်း၊ ဆေးပြား ၆၉ ပြား၊ ပိုက် ၉ ခုနှင့် ဘိန်းမဲ ၂ မူးဖမ်းဆီးရမိ သည်ဟု အသင်း၏ လှုပ်ရှားမှုမှတ်တမ်းတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

ထို့အပြင် စက်တင်ဘာလ အတွင်းလှုပ်ရှားမှုတွင် ၇ ကြိမ်ဖမ်းဆီးမှုပြုရာ ကျေးရွာ ၁၀ ရွာမှ ရောင်းဝယ်သုံးစွဲသူ ၁၃ ဦးကို စစ်ဆေးဖမ်းဆီးခဲ့သည်။ ဘိန်းဖြူ ၅ ပုလင်းခွဲ၊ ဘိန်းမဲတချို့၊ ပိုက် ၄၂ ချောင်း၊ ဆေးပြား ၂၀၀ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဩဂတ်စ်လနှင့် စက်တင်ဘာလတို့၌ဖမ်းဆီးရမိသော ပစ္စည်းတချို့ကို စက်တင်ဘာလ ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု လည်း အဆိုပါ လားရှိုးဒေသခံက ဆက်လက်ပြောပြသည်။

" မူးယစ်ဆေးဝါး အကျိုးဆက်တွေကို မခံမရပ်နိုင်လို့ စုပေါင်းတိုက်ဖျက်ကြမယ် ဆိုပြီး မုံးပေါ်က မိခင်တွေကနေစပြီး ဆွေးနွေးဖြစ်ကြတယ်လို့ပြောတယ်။ ဒီမုံးပေါ်ဇုံမှာ မူးယစ်ဆေးဝါးကင်းစင်ပပျောက်အောင် ၃ နှစ်စီမံကိန်းနဲ့လုပ်သွားမယ်လို့ ပြောတယ်။  ဒီအမျိုးသမီးအဖွဲ့ကတော့  တကယ်လဲလှုပ်ရှားတယ် ဖမ်းဆီးတယ်။ သူတို့လှုပ်ရှားမှုလုပ်ငန်းမှာ ပြည်သူ့စစ်နဲ့ ပြည်သူ့ရဲ့တချို့ဆီကနေ ပံ့ပိုးမှုအနည်းငယ်တော့ ရရှိခဲ့တယ်။ ထိရောက်တဲ့ပူးပေါင်းမှုတော့ မရရှိဘူးလို့ ပြောတယ်" ဟု အဆိုပါ အမျိုးသမီးများမှဖွဲ့စည်းထားသော မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းအကြောင်း စုံစမ်းလေ့လာခဲ့ရသည့် လားရှိုးဒေသခံက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
002-_MB_training  မုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း
 
အဆိုပါအသင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ၁- နောင်လာနောက်သားများ မူးယစ်ဆေးဝါးကင်းစင်ပြီး   ရပ်ရွာဒေသ ပတ်ဝန်း ကျင်၌  ငြိမ်းချမ်းလုံခြုံစွာနေထိုင်နိုင်ရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်။
၂- နိုင်ငံ့ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန်။
၃-ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လာစေရန်။
၎-မူးယစ်ဆေးဝါးကြောင့် ဆင်းရဲဒုက္ခရောက်နေသော မိသားစုများ၏စိတ်ဓါတ်ပြန်လည်မြင့်တင်လာစေရန် - ဟူသောအချက် ၄ ချက်ဖြစ်သည်ဟုလည်း ၎င်းတို့၏ နောက်ခံသမိုင်း၌ ရေးသားထားသည်ကိုတွေ့ရသည်။

ကြူကုတ်မြို့နယ်ခွဲအတွင်းရှိ မုံးပေါ်ဇုံ၌ မူးယစ်ဆေးဝါး ပေါများလျက်ရှိရာ ဆေးသုံးသူမရှိသည့် မိသားစုမရှိ (အနည်းဆုံး တအိမ်တယောက်) ဖြစ်နေသည်ဟု ဆိုပါသည်။  မုံးပေါ်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးကိန်မိုင်အားလည်း လွှတ်တော် ရောက် မူးယစ်ရာဇာဟု Shan Drug Watch အစီရင်ခံစာက ရေးသားထားပါသည်။ ထို့အတူ အဆိုပါ မုံးပေါ် ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း၏ ခေါင်းဆောင်ပိုင်းများသည် ဒေသခံအာဏာရှိပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်မှုရှိမရှိ မသိရသေးဟု ဆိုပါသည်။

ကချင်ပြည်နယ် စစ်ဘေးသင့်သူများအတွက် တရုတ်နယ်စပ်တွင် အလှူငွေကောက်ခံ

Posted: 12 Oct 2012 02:06 AM PDT

ကချင်ပြည်နယ် စစ်ဘေးသင့်သူများကို ကူညီပေးရန် သျှမ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့မှတာဝန်ယူ၍ု သျှမ်းပြည် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူစယ်နှင့် နမ့်ခမ်းမြို့များတွင် ယနေ့မှ စတင်၍ အလှူငွေကောက်ခံသွား မည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။
IDPs_in_Kachin_photo_WPNကချင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်တချို့(ဓါတ်ပုံ-  WPN)
 
အလှူငွေများကို မြစ်ကြီးနားမြို့ပေါ်ရှိ ဝန်းသိုဘုန်းတော်ကြီးကျောင်းနှင့် မြစ်ကြီးနားတဘက်ကမ်း ဝိုင်းမော်မြို့ ပေါ်မှ သာကေရ သရက်တော ဘုန်းတော်ကြီးကျောင်းတို့တွင် ခိုလှုံနေသော ဒုက္ခသည်များအတွက် အသုံးပြုမည်ဟု နမ့်ခမ်းမြို့ရှိ သျှမ်းစာပေနှင့်ယဉ်ကျေးမူမှ အလုပ်မူဆောင်တာဝန်ရှိသူတစ်ဦးက ပြောသည်။

"နမ့်ခမ်းမှာတော့ ဒီနေ့ တောင်ကြီးအကပြိုင်ပွဲပထမဆုရ ဂုဏ်ပြုပွဲ ကျင်းပပြီးတာနဲ့ တက်ရောက်လာတဲ့ ရပ်ကွက် ကိုယ်စားများကို သူတို့ရပ်ကွက်ထဲမှာ အလှူငွေတောင်းပေးဖို့ အကူအညီတောင်းထားပါတယ်။ မူစယ်မှာတော့ ဘယ်တော့ကောက်မလဲ မသိသေးဘူး။" ဟု ၄င်းက ပြောသည်။

ကောက်ခံရရှိမည့်ငွေများကို ၂၀၁၁ ခု ဒီဇင်ဘာလ၌ ဖွဲ့စည်းခဲ့သော 'ကချင်ပြည်နယ်စစ်ဘေးသင့်သျှမ်း ဒုက္ခသည် ကူညီရေးအဖွဲ့ (ယာယီ)' မှ တဆင့် အသုံးပြုသွားမည်ဟု ဆိုသည်။

အဆိုပါ မြစ်ကြီးနားနှင့် ဝိုင်းမော်ရှိ နေရာနှစ်ခုရှိ ကချင်နှင့် တိုင်းလိုင် ခေါ် သျှမ်းနီ တိုင်းရင်းသားများ ပါဝင်သော စစ်ဘေးသင့်သူ ၆၀၀ ဦးကျော်ရှိပြီး သျှမ်းနီအများစုဖြစ်ကြောင်း သိရသည်။ ၄င်းတို့သည် မြစ်ကြီးနား-ဗန်းမော် ကြား ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တာလောကြီးဒေသခံများ ဖြစ်ကြသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFO က ဆန်၊ ဆား၊ ဆီ၊ ပဲ စသည်တို့ ထောက်ပံ့ပေးသော်လည်း ကျန်းမာရေးနှင့် ပညာရေး အတွက် မပါသဖြင့် အလှူငွေ တောင်းခံရခြင်းဖြစ်သည်ဟု 'ကချင်ပြည်နယ် စစ်ဘေးသင့်သျှမ်းဒုက္ခသည် ကူညီရေးအဖွဲ့ (ယာယီ)' မှ တာဝန်ခံ ဦးစောနွဲ့နှင်းနှင်းက ပြောသည်။

"ဒုက္ခသည်စခန်းမှာတော့ ဆေးပေးခန်း သေးသေးလေးတော့ ရှိတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က ဒုက္ခသည် စခန်းထဲက ကလေးတယောက်ဟာ ဦးနှောက်အမြှေးပါးယောင်ပြီး ရန်ကုန် ဆေးရုံ ပို့ပြီး ကုရတယ်။ ခုတော့ မြစ်ကြီးနားဆေးရုံမှာ ဆက်ကုနေရသေးတယ်။ သက်ကြီးရွယ်အိုတစ်ချို့လည်း လေဖြတ်ခံရတယ်။ အဲလိုမျိုးရောဂါမျိုး ဖြစ်လာရင်တော့ မြစ်ကြီးနားဆေးရုံကိုပဲ ပို့ပြီးကုရတော့ ဆေးစရိတ်တော့ အများကြီးလို တာပေါ့။" ဟု သူက ပြောသည်။

ယင်းစစ်ဘေးသင့်သူ ကလေးများသည် မြို့ပေါ်ရှိ နီးစပ်ရာ အစိုးရစာသင်ကျောင်းများတွင် ပညာသင်နေရပြီး စုစုပေါင်း ကျောင်းသား ၆၀ ဦးကျော် ရှိနေကြောင်း ဆိုသည်။ ကျောင်းဝတ်စုံနှင့် သင်ယူမှု အထောက်အကူ ပစ္စည်းများ လိုအပ်နေခြင်းဖြစ်သည်။

အလားတူ ၂၀၁၂ ခု ဖေဖော်ဝါရီလကလည်း 'ကချင်ပြည်နယ် စစ်ဘေးသင့်သျှမ်းဒုက္ခသည်ကူညီရေးအဖွဲ့ (ယာယီ)' မှ တာဝန်ခံ ဦးစောနွဲ့နှင်းနှင်းကိုယ်တိုင် ဦးဆောင်၍ မန္တလေးမြို့တွင် မြို့ခံလူမူရေးအဖွဲ့များ၏ အကူအညီဖြင့် ၅၂ သိန်း ကောက်ခံရရှိခဲ့သည်ဟုဆိုသည်။

ယင်းငွေထဲမှ ဗန်းမော်မြို့ရှိ စစ်ဘေးသင့်သူများအတွက် ၇ သိန်း ၅ သောင်း ခွဲပေးခဲ့ပြီး ကျန်ငွေများကို မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ စစ်ဘေးသင့်သူများအတွက် အသုံးပြုခဲ့သည်။

'ကချင်ပြည်နယ် စစ်ဘေးသင့်သျှမ်းဒုက္ခသည်ကူညီရေးအဖွဲ့ (ယာယီ)' ရုံးများကို မြစ်ကြီးနားနှင့် ဝိုင်းမော်ရှိ အဆိုပါ စစ်ဘေးသင့်သူများခိုလှုံနေသော ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသည်။

၂၀၁၁ ခု ဇွန်လမှစ၍ KIA နှင့် အစိုးရတပ်များအကြား အပစ်ရပ်ပျက်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာရာ ကချင်ပြည် နယ်အနှံ့ စစ်ဘေးသင့်သူ တသိန်းခန့်ရှိပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန် ပေါ်လစီ တိုင်းရင်းသားများအား မမေ့သင့်

Posted: 12 Oct 2012 02:05 AM PDT

အရင်က မှားယွင်းဖူးခဲ့သလို နောက်ထပ် မမှားရလေအောင် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ ပေါ်လစီဟာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေကို မမေ့သင့်ဘူးလို့ Tim Heinemann က Asian Times သတင်းစာမှာ ရေးသားထားပါတယ်။
Clinton_and_U_Thein_Sein
ဗီယက်နမ်၊ ဆိုးမားလီးယား၊ အီရတ်စ်၊ အာဖဂန်နီစတန်နိုင်ငံတွေမှာ အမေရိကန်ဟာ မှားယွင်း လုပ်ဆောင် မှုကို အများက ပြစ်တင်ဝေဖန်ကြတယ်။ အမေရိကန်ဟာ တနိုင်ငံနဲ့တနိုင်ငံ ကူးလူးဆက်ဆံတဲ့ ပေါ်လစီ ရှိ ပေမဲ့ ဒေသအခြေအနေ၊ ပြည်သူလူထုအပေါ် အရေးမလုပ်ဘူး။ အစိုးရချင်း ဆက်ဆံရေးကို ပြည်သူ့ဆက်ဆံ ရေးထက် အရေးပေးတာကြောင့် အမှားအယွင်းတွေ ဖြစ်ပေါ်ခဲ့တယ်။ အခုလည်း မြန်မာပြည်မှာ နောက်ထပ် မမှားစေချင်ဘူးလို့ Tim Heinemann က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေကို တကယ်စမ်းစစ်ကြည့်ရင် တိုင်းရင်းသား လူဦးရေဟာ ၅၀ ရာခိုင်နှုန်းလောက် ရှိတယ်။ တိုက်ပွဲတွေ ဖြစ်လာရင်လည်း မြန်မာစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထက် ကျဆုံးတာ ပိုများတယ်။ ကျေနပ်စရာ မကောင်းတာက အပစ်ရပ်ပြီးတာတောင် မြန်မာစစ်တပ်နဲ့ တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်း။ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းဆည်းတာတွေ ရှိနေတုန်း။  သမ္မတ ဦးသိန်းစိန် လည်း စစ်တပ်အပေါ် အာဏာ မရှိဘူး။ စစ်တပ်ကို အမိန့်မပေးနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လည်း အစိုးရအတွက် ကြော်ငြာမယ် လုပ်ပေးနေသလို ဖြစ်နေတယ်။ ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်စလုံးဟာလည်း တိုင်းရင်းသားတွေအတွက် ပြတ်သားတဲ့ ပေါ်လစီ မရှိကြသေးဘူးလို့ ပြောပါတယ်။

အပစ်ရပ်တာကို သုံးသပ်ကြည့်ရင် - ၁) တိုင်းရင်းသားတွေရဲ့ စည်းလုံးမှု ပြိုကွဲအောင်၊ ၂) မြန်မာစစ်တပ် တွေ ရှေ့တန်းနဲ့ ပြည်သူဆီကနေ အဓမ္မ သိမ်းထားတဲ့ နယ်မြေတွေမှာ အင်အားဖြည့်နိုင်အောင်၊ ၃) မြန်မာ စစ်တပ်တွေ အင်အားစုပြီး အပစ်မရပ်သေးတဲ့ တိုင်းရင်းသားတွေ တိုက်ခိုက်နိုင်အောင်၊ ၄) အပစ်ရပ်မှုနဲ့ တိုင်းရင်းသားတွေကို အကျပ်ကိုင်နိုင်အောင် လုပ်နေတာ တွေ့ရကြောင်း ရေးသားထားပါတယ်။

အခုအချိန်မှာ အရေးကြီးဆုံးက မြန်မာနိုင်ငံရဲ့ အစိုးရဟာ မြေယာပြန်လည်ပြုပြင်ရေး (land reform) ကို လုပ်ဆောင်ရမယ်။ ဒီကိစ္စကို မဖြေရှင်းသေးဘဲ အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်းလိုက်မယ် ဆိုရင် အစိုးရနဲ့ စစ်တပ်ကို အားပေးသလို ဖြစ်သွားမယ်။ အခုအချိန်မှာ တိုင်းရင်းသားတွေဟာ အထိနာ နေကြပြီ။ စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်းလိုက်မယ်ဆိုရင် တိုင်းရင်းသားတွေဟာ မိအေး ၂ ခါနာတာ ဖြစ်သွားမယ်လို့ ပြောပါတယ်။

နောက်ဆုံးမှာတော့ Tim Heinemann က တိုင်းရင်းသားတွေကို အထင်မသေးသင့်ဘူး။ ဒီလိုဘဲ လွှတ်ထား မယ်ဆိုရင် အာဖရိကတိုက် မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းက ဖြစ်ပျက်သလို ခန္ဓာကိုယ်ကြီးပြီး အင်အား တောင့်တင်းတဲ့ ဆင်ကြီးဟာ ခန္ဓာကိုယ်သေးငယ်ပြီး အင်အားချိနဲ့တဲ့ ပုရွက်ဆိတ်ကို အရှုံးပေးရတဲ့အဖြစ်နဲ့ ကြုံရလိမ့်မယ်လို့ ဆိုပါတယ်။



မှတ်ချက်။    ။ အောက်တိုဘာ ၁၀ ရက်နေ့ထုတ် Aisan Times သတင်းစာမှ Tim Heinemann ရဲ့ ဆောင်းပါးကို ဆီလျော်အောင် ကောက်နုတ် ဘာသာပြန် ရေးသားခြင်း ဖြစ်သည်။