သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သျှမ်းပြည်မြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစိုးရတပ်ဖမ်းဆီးရိုက်နှက်

Posted: 18 Oct 2012 03:52 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နှင့်  ပလောင်ကိုယ်ပိုင်အုပ်ခွင့်ရဒေသအတွင်းမှ ကျေးရွာအုပ်စု နှင့် ကျေးရွာ ချုပ်ရေးမှူး ၁၀ ဦး ကျော်အား နမ္မတူမြို့နယ် မန့်စံတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးမေးမြန်းရိုက်နှက်    ခဲ့ကြောင်းစုံစမ်းသိရှိရသည်။
Taarng_Village
အောက်တိုဘာ ၁၇ ရက်နေ့က စကခ ၁ လက်အောက်ခံ မန့်စံအခြေစိုက် တပ်မှူးတဦးဖြစ်သည့် ဒုဗိုလ်ချုပ်မှူးကြီး သိန်းလွင် မှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစည်းအဝေးဆင့်ခေါ်ကာ ၄င်းတပ်ရင်းသို့ ဖမ်းဆီးခေါ် ဆောင်သွား သည်ဟု တအာင်းလူငယ်အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကို ကပြောပြသည်။

ဖမ်းခံသည့်အုပ်ချုပ်ရေးမှူးများမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းက အထက်ပန်း တောင်းရွာ၊ အောက်ပန်းတောင်းရွာ၊ အထက်မန်ဝယ်ရွာ၊ အောက်မန် ၀ယ်ရွာ၊ အထက်မန်ငိုင်ရွာ၊ အောက်မန်ငိုင်ရွာ၊ မန်းလန်းရွာ၊ မန်ပိန်းရွာ၊ ခေးခင်ရွာ၊ အုမ်လောတ်ရွာနှင့် နမ့်လင်းရွာ တို့ဖြစ်ကြောင်းသိရသည်။

''အစည်းအဝေးခေါ်တယ်ဆိုလို့ အစည်းအဝေးလာတက်တာ အဲဒီမှာကျတော်တို့ အားလုံးကို ကြိုးနဲ့တုတ်ပြီး ဖမ်းသွား တော့တာပဲ၊ လမ်းတစ်လျှောက်မှာကော တပ်စခန်းရောက်တော့ကော ကျတော်တို့ကို ရိုက်နှက်ညှဉ်းပန်း တော့တာပဲ၊ တုတ်နဲ့လည်းရိုက်တယ်၊ ကန်တယ်၊ အားလုံးကို ဒိုက်ထိုးခိုင်းတယ်  သွေးထွက်သံယိုဖြစ်သွားတဲ့အထိဘဲ'' ဟုကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်ကပြောပြသည်။

ထိုအစိုးရစစ်တပ်၏ ဖမ်းဆီး နှိပ်စက်ခံရသော ရွာအုပ်ချုပ်ရေးမှူးများကိုဖမ်းဆီးသည့်နေ့ ညနေပိုင်းကပြန် လွတ်ပေးခဲ့ ပြီဖြစ်သော်လည်း ရပ်ရွာ အုပ်ချုပ် ရေးတာဝန် ဆက်မယူရဲ တော့ ပဲ   နှုတ် ထွက်ကြမည်ဟုပြောဆို နေကြကြောင်း ဒေသ တွင်း သတင်းအရသိရသည်။

အဆိုပါဒေသတွင် ပလောင်နှင့် သျှမ်းလက်နက်ကိုင်တပ်များလှုပ်ရှားနေသောနေရာများ ဖြစ်ကြပြီး ကချင် KIA တပ် မှာမူမရှိသလောက်ဖြစ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူးမိုင်းဘုန်းကျော် ကပြောပြသည်။

"ဒါကတမင်သက်သက် လုပ်လိုက်တာပဲ ။ ဒီအစိုးရစစ်တပ်တွေက  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို လိုက် တိုက်နေတာ သူတို့ထဲမှာ ထိခိုက်ဆုံးရှုံးမှုများတယ်လေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်အပေါ် ထွက်လာတဲ့ဒေါသ ကို အပြစ်မဲ့ ရွာသား တွေအပေါ်ပုံချလိုက်တာဘဲ။ တိုင်းရင်းသားတပ်တွေကို မထောက်ခံ အောင် ရွာသားတွေကို ညှဉ်းပန်းနှိပ်စက် နေတာဖြစ်မယ်" ဟု သူကဆိုသည်။

အစိုးတပ်နှင့် လက်နက်ကိုင်တိုင်းရင်းသားတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကာလကြာသည်နှင့် အမျှလူ့အခွင့် ရေးချိုးဖောက်မှုများလည်း အများအပြားရှိလာသည်ကိုတွေ့ရသည်။




ထိုင်း မှောင်ခိုဒီဇယ် လီတာသိန်းချီ အစိုးရတပ်ငွေကောက်၍ တင်သွင်းခွင့်ပြု

Posted: 18 Oct 2012 03:51 AM PDT

လွန်ခဲ့သည့်လမှစ၍ သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်းအခြေစိုက်သည့်အစိုးရတပ်က လက်နက်ကိုင် တပ်ဖွဲ့တခုမှ တင်သွင်းသည့် ထိုင်းဒီဇယ်များအား တလီတာ(ထိုင်းငွေ) နှစ်ဘတ်နှုန်းဖြင့်ကောက်ကာနေ့စဉ် တင်သွင်းခွင့်ပြုနေသည်ဟု စုံစမ်းသိရှိရပါသည်။

"စက်တင်ဘာလလယ်ကနေ ဒီနေ့အထိဘဲ။ ဆီဘောက်ဇာကား နဲ့ နေ့တိုင်း တင်သွင်းနေတယ် ။   ဝ တပ် ဌာနချုပ် ဟွေ့အော့်မှာ သိုလှောင်ထားတယ် ပြောတယ် " - ဟု ထိုင်းနယ်စပ်ရောက် မိုင်းဟန်ရွာသား တဦး ကပြောပါသည်။

သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ တပ်မဟာတခု၏ ဌာနချုပ် ဟွေအော့်သို့ ထိုင်းမှ ဒီဇယ်များတင်သွင်းနေကြောင်း၊ တစီး ဂါလံ ၁၆၀၀ ဆန့် တရုတ်လုပ် ဆီဘောက်ဇာကားဖြင့် တရက်နှစ်စီးသယ်ယူနေကြောင်း၊ ထိုင်းမှ ဒီဇယ်သယ်ယူ သို လှောင်နိုင်ရေးအတွက် ဂိတ်စောင့်အစိုးရတပ် ခလရ ၂၂၅ နှင့် ၆၅ တို့ထံ တဂါလံ ၂ ဘတ်  ပိုက်ဆံပေး  ရ ကြောင်း - ဝ တပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံတဦးက ပြောပါသည်။

"ဒီလုပ်ရပ်က ဒေသခံလူထုအတွက်  အကျိုးမရှိဘူး။ သျှမ်းပြည်ဝင်ငွေလဲ  မဟုတ်ဘူး။ ဒီမှောင်ခို ပစ္စည်းကို အစိုး ရစစ်တပ်က လာဘ်စားပြီးခွင့်ပေးတယ်။ ဝ တပ်ဖွဲ့အကျိုးသက်သက်အတွက်ဘဲလေ။ သူတို့ရဲ့ရာဘာခြံ လုပ်ငန်း၊ မော်တော်ယာဉ်အတွက် သုံးဖို့ဘဲ။ ခလရ ၂၂၅ ပြောင်းသွားတော့ ဒီဟာတွေရပ်သွားပြီလို့ ထင်နေ တာ။ နားကောင်းမူးအခြေစိုက်တဲ့ ခလရ ၆၅ ရောက်လာတော့လဲ  ဆက်ရှိနေသေးတာဘဲ" - ဟု နိုင်ငံရေး ပါတီဝင် သျှမ်းပြည်အရှေ့ပိုင်းသားတဦးက ပြောပါသည်။

၎င်းနှင့်ပတ်သက်၍ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ထံမှ အတည်ပြုချက်မရသေးပေ။

အလားတူသီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဩဂုတ်လက သျှမ်းပြည်တပ်မတော် (RCSS/SSA) စီးပွားရေး တာဝန်ခံအဖွဲ့က ထိုင်းမှ ဓါတ်ဆီ၊ ဒီဇယ်များအား သျှမ်းပြည်သို့ တရားဝင် တင်သွင်း ခွင့်ပါမစ်ကို နေပြည် တော်သို့သွားရောက်တောင်းခံခဲ့ကြောင်း၊ နေပြည်တော်အစိုးရက သျှမ်းပြည်အစိုးရထံမှ တောင်းခံရန် လွှဲချခဲ့ သည်ဟုဆို၏။

သျှမ်းပြည်နယ် အစိုးရထံတောင်းခံသော် ထိုင်းနိုင်ငံမယ်ဆိုင်မှတင်သွင်းမည်ဆိုပါက တာချီလိတ်ခရိုင်အာဏာ ပိုင်နှင့်သာဆိုင်ကြောင်း၊ တာချီလိတ်ခရိုင်ကလည်း ' ပေးပိုင်ခွင့် အာဏာ လုံးဝမရှိ  အဆိုပါကိစ္စများ နေပြည်တော်အစိုးရနှင့်သာ သက်ဆိုင်သည်' ဟု တုန့်ပြန်ပြောဆိုလိုက်သဖြင့် ထိုကိစ္စအပေါ် သျှမ်းပြည် တပ်မတော်မှ  စိတ်လက်မအီမသာဖြစ်ခဲ့ရကြောင်း နီးစပ်သူတဦးက ပြောပါသည်။

ပျောက်ကျားဝတ်စုံ နှင့် ဓါတ်ပုံကြောင့် ကျေးလက်ရွာသားတဦးထိန်းသိမ်းခံရ

Posted: 18 Oct 2012 03:51 AM PDT

နံရံ၌ ချိတ်ဆွဲထားသော ဓါတ်ပုံ ကြောင့် သျှမ်းပြည်အလယ်ပိုင်း ကျေးလက်ဒေသခံ တဦးအား ခလရ ၁၃၁ ကဖမ်းဆီး ပြီး ကျေးသီးမြို့အချုပ်ခန်း၌ လဝက်ကျော်ချုပ်နှောင်ထားကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။

"လူထုဆိုတာ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ ရှောင်လို့မရဘူး။ RCSS/SSA စစ်ဝတ်စုံနဲ့ဆင်တူတဲ့ ပျောက်ကျားဝတ်စုံ ဝတ်ထားတဲ့လူနဲ့ တွဲပြီးဓါတ်ပုံရိုက်ထားတယ်။ ခလရ ၁၃၁ တူးအိုင်စီ ဗိုလ်မှူးထွန်းနောင်က အဲဒီဓါတ်ပုံကိုတွေ့တော့ သူတို့ကို ဧည့်ခံ နေတဲ့ အိမ်ရှင် စိုင်းလျဲန်းကို ဖမ်းလိုက်တာ။ လဝက်ကျော်သွားပြီ ခုထိပြန်မလွတ်ပေးသေးဘူး။" - ဟု မိုင်းကိုင်မြို့ ရောက် မိုင်းနောင်သားတဦးက ပြောပါသည်။

ယခုလ ၅ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်း ကျေးရွာအုပ်စုဝင် နော်ဆိုင်ရွာသား စိုင်းလျဲန်း၏ အိမ်အား အမှတ် ၂ တပ်ခွဲ ခလရ ၁၃၁ မှ ဗိုလ်မှူးထွန်းနောင် နှင့် အဖွဲ့ရောက်ရှိစဉ်   ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဂျွန်လဆန်းပိုင်းက တပ်မှထွက်ပြေးသော တပ်သားနှစ်ဦးကလည်း သျှမ်းပြည်တပ်မတော် RCSS/SSA ထံရောက် ရှိစဉ် အပြင်းဖျားသောကြောင့် ၎င်းတို့အား သျှမ်းတပ်တွင်း ဆေးမှူးဖြစ်သည့် အိမ်ရှင် စိုင်းလျဲန်းက ဆေးကုပေးခဲ့ဖူးကြောင်း ၎င်းတို့တပ်မှူးထံပြောကြားခဲ့သည်ဟု နီးစပ်သူတဦးက ပြောပါသည်။

" ဗမာစစ်တပ်ကို ယုံကြည်မှုမထားဖို့ သင်္ခန်းစာတခု ရတာပေါ့ဗျာ။ သူ့ကိုနေကောင်းအောင်ပြုစု ပေးတဲ့သူကိုတောင် သူက ပြန်ဖမ်းတယ်ဆိုတော့ လွန်တာပေါ့ဗျာ။  စိုင်းလျဲန်းက သူကိုယ်တိုင်ကလဲ သျှမ်းတပ်ဖွဲ့ ဝင်မဟုတ်လို့ ဒီစစ်ကြောင်း လှည့် လာတဲ့ အဖွဲ့ကို ဧည့်ခံကြိုဆိုရဲတာပေါ့။ သူသာသျှမ်းတပ်ဖွဲ့ဝင် တယောက် တကယ်ဖြစ်ခဲ့ရင် သူရှောင်ပုန်းနေရောပေါ့။ နောက်ပြီး သျှမ်းတပ်ဘက်ကလဲ သူတို့လူမဟုတ်လို့ တစုံတရာလာပြောပြီး အာမခံထုတ်ပေးတာ ဘယ်လုပ်မလဲ" ဟု ဆိုပါသည်။

ဂျွန်လဆန်းက သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဟိုခိုင်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး  ဗိုလ်စံဖှထံရောက်သွားသော အဆို ပါ မြန်မာစစ်တပ်၏ တပ်ပြေး ၂ ဦးနှင့် မြို့နယ်ရဲတပ်ပြေး မှာ  SSA ထံရောက်သွားပြီးမကြာခင် အဆိုပါ ရဲတပ်ပြေးက SSA ၏ M 79 တလက်နှင့် တရုတ်ဆိုင်ကယ်တစီးခိုးယူပြီး ၎င်း၏ စခန်းထံ ပြန်လည်ထွက်ပြေးခဲ့ကြောင်း၊ ခလရ ၁၃၁ ကလည်း အဆိုပါ လက်နက်များဖြင့် ၎င်းတို့လူအား ပြန်လည်လဲလှယ်ယူခဲ့ ကြောင်းထိုစဉ်က သျှမ်းပြည်တပ်မတော်နှင့်နီးစပ်သည့် ဒေသခံများက သျှမ်းသံတော်ဆင့်အားပြောပြခဲ့ဖူးသည်။

ယခု အဖမ်းခံထားရသော ဟမ်းငိုင်းသား စိုင်းလျဲန်းအား မိသားစုမှတွေ့ခွင့်ရရန် အမျိုးမျိုးကြိုးစားနေသော်လည်း အချည်း အနှီးသာဖြစ်နေသဖြင့် စိုးရိမ်ပူပန်နေကြကြောင်း သူငယ်ချင်းဖြစ်သူက ပြောပါသည်။

သျှမ်းသံတော်ဆင့်မှတဆင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒုသမ္မတကြီးနှင့် သမ္မတကြီးသို့သိစေရန်

Posted: 18 Oct 2012 01:50 AM PDT

လားရှိုးမြို့မှာ ဗီဒီယိုဖြန့်ချိရေးလုပ်ငန်းဆိုင် ဖွင့်လှစ်ထားရှိပြီး ရှမ်းမြောက်မှာရှိတဲ့ ဗီဒီယိုလောက သားများအားလုံးကို ရိုင်းပျစွာ စော်ကားနေတဲ့ `ဦးဝမ်လီချန်း´ကို သက်ဆိုင်ရာမှ အရေးယူပေးပါခင်ဗျား။

က။ တိုင်းရင်းသားမဟုတ်သူ က တိုင်းရင်းသားများကို စော်ကားနေပါတယ်။

ခ။ အေးချမ်းစွာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ရှမ်း(မြောက်) က ဗီဒီယိုလုပ်ငန်းရှင်များကို ဦးဝမ်လီချန်း ဟာ နာမည်လိမ် (လှစိန်) နဲ့ မှတ်ပုံတင် မှာ (ပြု) နေရာမှာ (နိုင်) ကို လိမ်လည်ဖြည့်စွက်ပြီး အမှုဆင်၊တရားစွဲ၊ငွေညှစ် လုပ်နေခဲ့တာ နှစ်အတော်ကြာနေပါပြီ။

ဂ။ ဒုသမ္မတကြီးလည်း အလိမ်ခံခဲ့ရပါပြီ။ နိုင်ငံတော်တရားရုံးအသီးသီးကိုလည်း ဦးဝမ်လီချန်း လိမ်ခဲ့ပါပြီ။ ရိုးသားစွာ လုပ်ကိုင်စားသောက်နေတဲ့ အမေအို၊အဘအိုများဆီကလည်း ရိုင်းပြစွာ ငွေညှစ်ပြီး ငွေမရရင် ထောင်ထဲ ပို့ခဲ့ ပြီးပါပြီ။

ဃ။ ဒီလိုလူစားမျိုးကို ဘယ်တပ်ဖွဲ့ကမှ ဖမ်းဆီးအပြစ်ပေးခြင်းမရှိသေးတဲ့အတွက် ကျန်လူတွေအားလုံးမှာ လူ့အခွင့် အရေး၊ လုပ်ငန်းရှင်အခွင့်အရေး များဆုံးရှုံးရပါတယ်။

`ဦးဝမ်လီချန်း´ (၄၈-နှစ်) ဟာ သီပေါ ကပါ။ သီပေါမြို့၊ အနောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း မှာ `စိန်´ဗီဒီယို ဖြန့်ချိရေး လုပ်ငန်း လုပ်ကိုင် ခဲ့ဖူးပါတယ်။ သီပေါမြို့သူမြို့သားများကို အားရကျေနပ်အောင် ဒုက္ခပေးပြီးတဲ့နောက် အခု `လားရှိုးမြို့´ ကို ရောက် ရှိလို့လာပါပြီ။ လားရှိုးမြို့မှာ ခေတ် အဆက်ဆက် ဗီဒီယိုလုပ်ငန်းကို လုပ်ကိုင်နေခဲ့ကြတဲ့ သူ့ထက် သက်ကြီး၊၀ါကြီးပြီး မြို့မိမြို့ဖ စာရင်းဝင်တဲ့ ဗီဒီယို လုပ်ငန်းလောကသားများကို `ဦးလှိုင်ဖြိုး´ဆိုသူနဲ့ ပူးပေါင်းပြီး ဒူးနဲ့မျက်ရည်သုတ်ရလောက်တဲ့အထိ ဒုက္ခပေး၊ ငွေညှစ်၊ လီဆည်တရားစွဲ တာတွေကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့ပါတယ်။

အခုဆိုရင် သူ့ရဲ့ ထမင်းရှင်ဖြစ်တဲ့ ဦးလှိုင်ဖြိုးကိုပါ ပြန်ဒုက္ခပေးနေပါပြီ။ ထမင်းကျွေးသောလက်ကို ပြန်ကိုက်နေပါပြီ။ ဦးဝမ်လီချန်း ဒုက္ခပေးပုံတွေကို အောက်မှာ ဖတ်ကြည့်ပါခင်ဗျာ။
(၁) ဦးဝမ်လီချန်းဟာ နာမည်လိမ်ဖြစ်တဲ့ (လှစိန်) အမည်နဲ့ လှုပ်ရှားနေပါတယ်။                                            ဦးဝမ်လီချန်း ဟာ (၁၃/သပန(ပြု)၀၀၀၁၉၇) ကိုင်ဆောင်ထားသူဖြစ်ပါတယ်။ နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထား သူ မဟုတ်ပါဘူး။ မှတ်ပုံတင်ရော၊ အိမ်ထောင်စုမှာပါ သူ့နာမည်ကို `၀မ်လီချန်း´ လို့ပဲ ဖော်ပြထားပါတယ်။ သူ့ အနေနဲ့ အဲဒီ နိုင်ငံသားပြုခွင့်လက်မှတ်ကို အခြားနာမည်နဲ့ ကိုင်ဆောင်ခွင့်မရှိပါဘူး ဆိုတာကို ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ပြည်နယ်လဝက ကနေ အတည်ပြု စာထွက်ထားတာ ရှိပါတယ်။

(၂) နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရဲ့ လားရှိုးမြို့၊တွေ့ဆုံပွဲမှာ `ဦးဝမ်လီချန်း´ ဟာ သမ္မတကြီးထံ တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီတိုင်ကြားစာမှာ သူ့ရဲ့နာမည်ကို `ဦးလှစိန်(ခ)၀မ်လီချန်း´လို့ မမှန် မကန် ဖော်ပြခဲ့ပြီး မှတ်ပုံတင်နံပါတ်မှာလည်း (၁၃/သပန(နိုင်)၀၀၀၁၉၇) လို့ လိမ်လည်တင်ပြခဲ့ပါတယ်။ အဲဒီကိစ္စ ကို ရှမ်း(မြောက်) ပြည်နယ် လဝက က ဦးဝမ်လီချန်းသည် (ပြု)မှတ်ပုံတင်အား အခြားအမည်ဖြင့် အသုံးပြုခြင်းသည် တရားဥပဒေနှင့် မညီညွှတ်  ဆိုပြီးတော့ တရားဝင် စာထုတ်ပြန်ခဲ့ပါတယ်။

(၃) သို့သော် ဦးဝမ်လီချန်းကို ဘယ်လိုအပြစ်မှ မပေးခဲ့ပါဘူး။ နိုင်ငံတော် ဒုတိယသမ္မတကြီးထံ အမည် နှင့် မှတ်ပုံတင် လိမ်လည်တိုင်တန်းသူ ဦးဝမ်လီချန်း ဟာ တရားဥပဒေအရ မည်သို့မှ အရေးယူခြင်း မခံခဲ့ရတာဟာ အံ့သြဖွယ် ကောင်းနေသလို နိုင်ငံတော်အဆင့် အကြီးအကဲတစ်ဦးကို လက်လွတ်စပယ် စော်ကားပြီး အရေးယူခြင်း မခံခဲ့ရ တဲ့အတွက် ပိုမို အတင့်ရဲလာပါတယ်။

ဦးဝမ်လီချန်းကို `တွဲဘက်ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့၊လားရှိုးမြို့ မှာ အတွင်းရေးမှူးတာဝန် ပေးအပ်လိုက်တဲ့ အခါ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းများနဲ့ လုပ်ငန်းရှင်များက ဒုသမ္မတကြီးထံ လိပ်မူပြီး `ဦးဝမ်လီချန်း´ အား အတွင်းရေးမှူးတာဝန် ပေးအပ်ရန် မသင့်လျော်ကြောင်း ကန့်ကွက် အသနားခံလွှာပေးပို့ခဲ့ကြပါတယ်။ ထူးဆန်းစွာ ပဲ ဦးဝမ်လီချန်း ဟာ လဝက က မသုံးရလို့ စာထွက်တားမြစ်ထားတဲ့ `ဦးလှစိန်´အမည်နဲ့ အခုဒီစာရေးတဲ့အချိန် အထိ `အတွင်းရေးမှူးရာထူး´ကို စံစားနေပါတယ်။

(၄) (၂၁-၇-၂၀၀၉) လကွယ်နေ့တွင် ဦးဝမ်လီချန်း သည် မူပိုင် အာရ်စီတွဲကိစ္စနှင့် ရက်ချိတ်အစည်းအဝေး ပြုလုပ်စဉ် မသက်ဆိုင်သော ကိစ္စနှင့် ရက်ချိတ်အစည်းအဝေးပြုလုပ်နေစဉ် မသက်ဆိုင်သော ကိစ္စဖြစ်သော သူ့အား နေပြည်တော်သို့ တိုင်ကြားသော (၇)ကောင်ကို ဖော်ထုတ်ပေးပါဟု ရိုင်းပြစွာ ပြောသည့်ကိစ္စအတွက် အမှုဆောင် ဦးမောင်စန်းနှင့် ဦးဝမ်လီချန်း တို့ စကားများရာ ဦးဝမ်လီချန်းမှ ဦးမောင်စန်းအား ထိုးကြိတ်ရန်အထိ ကြိုးပမ်းခဲ့ ပါသည်။

(၅) ဦးဝမ်လီချန်း သည် မြန်မာဇာတ်ကားမူပိုင်များကို အကြောင်းပြအမှုဆင်ပြီး ခြိမ်းခြောက်လျော်ကြေး တောင်းခံခြင်း များ ပြုလုပ်သည့်အတွက် လုပ်ငန်းရှင်များသည် မတရားငွေပေးလျော်ရခြင်း၊ အမှုအခင်းများ တိုင်ကြားခြင်း ခံရ သည့် အတွက် ဂုဏ်သိက္ခာကျဆင်းစေခြင်းများ ခံစားနေရပါသည်။

(၆) (၅-၄-၂၀၁၁)နေ့တွင် မူဆယ်မြို့ ဒေါ်ဝင်းဝင်းနု၊ တော်ဝင်နှင်းဆီခွေငှားဆိုင်သို့ သတင်းရရှိ၍ ၀င်ရောက်ရှာဖွေရာ ဂီရိမုန်တိုင်း အမည်ရှိ အခွေ (၁၄)ခွေ တွေ့ရှိကာ ဗီဒီယိုအခြေခံပြည်နယ်ဥက္ကဌ ဦးမောင်မြင့်ဌေးမှ အဖွဲ့အနေဖြင့် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း ဥက္ကဌဦးမောင်မြင့်ဌေးမှ အမှုပိတ်သည့်အတွက် (၁၃-၆-၂၀၁၁) နေ့တွင် ဒေါ်ဝင်းဝင်း နုအား တရားရုံးမှ တရားရှင်လွတ်လိုက်ပါသည်။ သို့သော် ၄င်းကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ ကြားသိရသည် မှာ ဒေါ်ဝင်းဝင်းနု မှ ဦးဝမ်လီချန်း အား နစ်နာကြေး နှင့် အခွေတန်ဘိုး (၅၅)သိန်း ပေးလိုက်ရကြောင်း ဖြစ်ပါသည်။

(၇) (၂၀-၃-၂၀၁၁) နေ့တွင် ဦးဝမ်လီချန်း သည် သီပေါမြို့နယ် ဗီဒီယိုအခြေခံ ဥက္ကဌ ဦးလှမြင့်အား အမှုတည်ဆောက်မှု မခိုင်မာပဲ ပုဒ်မ-၅၀၀ ဖြင့် တရားစွဲဆိုထားရာ ယနေ့အထိ မပြီးပြတ်သေးပါ။
(၈) (၂၁-၂-၂၀၁၂) နေ့၊လားရှိုးမြို့၊မြို့တော်ခန်းမတွင် နိုင်ငံတော် ဒုသမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်း၏ တွေ့ဆုံပွဲတွင် ၄င်းအား ဗီဒီယိုကိစ္စများတိုင်ကြားထားခြင်းကို မဆောင်ရွက်ပေး၊ ၄င်းဆိုင်တွင် စည်ပင်ရေ မရရှိကြောင်း၊ တို့ကို တိုင်တန်းခဲ့ပါသည်။ လက်မှတ်တွင် လဝက မှ ခွင့်မပြုသော (လှစိန်) ကို ဦးဝမ်လီချန်း နှင့် တွဲလျက် ထိုးထားပြီး (ပြု)မှတ်ပုံတင်နေရာတွင် (နိုင်) ဟု လိမ်လည်ဖြည့်စွက် တိုင်တန်းခဲ့ရာ သက်ဆိုင်ရာ သတင်း တပ်ဖွဲ့များမှ အမှုမှန် ဖော်ထုတ်နိုင်ခဲ့သော်လည်း တရားဥပဒေအရ အရေးယူခြင်းမခံခဲ့ရပါ။

(၉) (၂၅-၃-၂၀၁၂) နေ့တွင် လားရှိုးမြို့နယ်၊ခါးသျှိကျေးရွာ၊ဦးဗျာဝူး၊ သံယောဇဉ်ပြသရေးရုံသို့ ည (၈) နာရီအချိန် တွင် အခြားသတ်မှတ်အဖွဲ့များမပါဘဲ ဦးဝမ်လီချန်းကိုယ်တိုင် ၀င်ရောက်စစ်ဆေးခဲ့ပါသည်။ ဦးဗျာဝူး၏ အိမ်အတွင်းမှ လွန်ခဲ့သော ၂-နှစ်ခန့်က `သူထူးစံ ပါဝင်သော မမမောင်´၊ `မိုးအောင်ရင် ပါဝင်သော ဇောင်း´ ဇာတ်ကား ၂-ကား တွေ့ရှိရာ ဦးဝမ်လီချန်းမှ သူ၏ မူပိုင်ဇာတ်ကားဖြစ်၍ သက်သေအဖြစ် သိမ်းသွားပါသည်။ CD အိတ်ပေါ်တွင် `နှင်းဗီဒီယို အခွေငှား´ အမှတ်တံဆိပ်ပါသဖြင့်ဟုဆိုကာ `နှင်းဗီဒီယိုဖြန့်ချိရေး´လိုစင်ကိုင်ဆောင်ထားသူ ဦးကျော်လှိုင် အား အငြိုးထား တရားစွဲဆိုထားပါသည်။ ဦးကျော်လှိုင်သည် `နှင်းဗီဒီယိုဖြန့်ချိရေး´ လိုင်စင် ကိုင်ဆောင်ထားသူဖြစ်ပြီး `နှင်းဗီဒီယိုအခွေငှား´လိုင်စင် ကိုင်ဆောင်ထားသူမဟုတ်ပါ။ သို့ဖြစ်ပါ၍ ဦးကျော်လှိုင် အား မသက်ဆိုင်ပဲ အငြိုးထားအမှုဖွင့်ထားခြင်းကြောင့် အသက် ရ၂နှစ်အရွယ် မြို့မိမြို့ဖလည်းဖြစ်သူ၊ ဘုရားဂေါ ပကလည်းဖြစ်သူ ဦးကျော်လှိုင်သည် ကြီးစွာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရပါသည်။

(၁၀) (၂၅-၃-၂၀၁၂) နေ့တွင် ဦးဝမ်လီချန်း သည် သူ၏မူပိုင်ခွေများ မဝယ်ယူသဖြင့် သီပေါမြို့နယ်၊ မန်ဆန်ကျေးရွာနေ ဒေါ်ခင်မာဝေ (ရှမ်းတောင်တန်း ခွေအငှားဆိုင်) သို့ ရှာဖွေပုံစံမပါ၊ အခြားအဖွဲ့များမပါ၊သတင်းမပို့ဘဲ မိမိသဘော ဖြင့် ၀င်ရောက်စစ်ဆေး ခြိမ်းခြောက်ကာ မြန်မာဇာတ်ကားများကို သိမ်းဆည်းသွားပြီး ငွေ ၁၈-သိန်း တောင်းခံခဲ့ရာ ဒေါ်ခင်မာဝေမှ ၁၀-သိန်းသာပေးနိုင်သဖြင့် မကျေမနပ်ဖြစ်ကာ အမှုဖွင့်ရာ လေဖြန်းနေသော ဒေါ်ခင်မာဝေမှာ ထောင် ၃-လ ကျခဲ့ရပါသည်။ ကျေးရွာတွင် နေထိုင်ပြီး ရိုးသားစွာ လုပ်ကိုင်စားသောက်နေသော၊ နာမကျန်း လည်း ဖြစ်နေသော အမယ်အိုကြီးအား တောင်းသလောက်ငွေမရသဖြင့် အမှုဆင်ထောင်ချခြင်းသည် အင်မတန် လူသား မဆန်ရာ ရောက်နေပါသည်။

(၁၁) (၂၂-၄-၂၀၁၂) တွင် ဦးဝမ်လီချန်း သည် နန့်လန်ကျေးရွာမှ ကိုမျိုးဝင်း (ခ) ဖိုးတလုပ်အား ဗီဒီယိုလုပ်ငန်း လိုင်စင် လုပ်ပေးမည်ဟု ပြောဆိုကာ စာရွက်လွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်းပါသည်။ ထိုစာရွက်ပေါ်တွင် မြို့နယ်ဥက္ကဌ ဦးလှမြင့်အား တိုင်ကြားစာ ဖြည့်စွက် ရေးသားကာ ဖိုးတလုပ် က တိုင်သည်ဟု ဖန်တီးခဲ့ပါသည်။

(၁၂) (၂၉-၁၂-၂၀၁၁) တွင် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်မြင့် မှ ဦးဝမ်လီချန်း အား အကျိုးဆောင်ခ (၁၀) သိန်း နှင့် နစ်နာကြေး (၁၀)သိန်း၊ ပေါင်း (၂၀)သိန်း ရရှိလိုမှုဖြင့် လားရှိုးမြို့နယ်တရားရုံးသို့ တရားစွဲဆိုထားပါသည်။

စိုင်းလားရှိုး

သို့ အယ်ဒီတာ

Posted: 18 Oct 2012 01:49 AM PDT

လဲချားမြို့နယ်တွင် ယခုအခါ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများနှင့် အိမ်ထောင်စုဇယားများကို ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူးမှ ဦးစီးဆောင်ရွက်လျှက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလွှဲသုံးစားမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ခံရာတွင် ရွာသူရွာသားများအား သဘောပေါက် နားလည်စေရန် ရှင်းလင်းပြောဆိုရမည့် တာဝန်များကို လစ်ဟင်းပြစ်ပယ်၍ အမိန့်ပေး ငေါက်ငမ်းခြင်းများ၊ မာမာထန်ထန် ဆက်ဆံခြင်းများဖြင့် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေမှုမရှိသည့် အာဏာရှင်ဆန်ဆန် အပြုအမှု အပြောအဆိုများဖြင့်ဆောင်ရွက်နေသည့်အပြင် အိမ်ထောင်စုဇယား တစ်စောင်လျှင် အချို့ရွာများတွင် ၄၀၀၀ိ/-ကျပ်(လေးထောင်ကျပ်) ပေးရပြီး အချို့ရွာများတွင် ၃၀၀၀ိ/- ပေးဆောင်ခဲ့ရပါသည်။

ထိုငွေများ အမှန်တကယ်ကောက်ခံခဲ့ကြောင်းကို သက်ဆိုင်ရာကျေးရွာများသို့ ကွင်းဆင်းမေးမြန်းပါက အလုံးစုံသိမြင်နိုင်ပါကြောင်း၊ ထိုသို့ တစ်အိမ်ထောင်လျှင် ၃၀၀၀ိ/- / ၄၀၀၀ိ/- ကျပ်စီ ကောက်ခံသော အဆိုပါငွေများသည် အစိုးရ၏ မည်သည့် ငွေစာရင်းခေါင်းစဉ်အတွင်းတွင် ပေးသွင်းထည့်ဝင်ရမည့်ငွေ ဖြစ်သည့်အပြင် မည်သည့်နည်းလမ်းဖြင့် ပေးသွင်းသွား သည်နှင့် ကောက်ခံရရှိသော ငွေများအား ပေးသွင်းပြီးမပြီးနှင့် အိမ်ထောင်စုဇယားတစ်စောင်၏ ကောညက်ခံသင့်သောနှုန်းထား မှန်/မမှန်၊ အဆိုပါကောက်ခံသောငွေများသည် ငွေတောင်းခံကြောင်း ပြေစာနှင့် ငွေလက်ခံရရှိကြောင်းပြေစာများ မရှိသည့်အတွက် တရားဝင် ကောက်ခံသည့်သည့် အခွန်အခ ဖြစ် / မဖြစ် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စိစစ်ဆောင်ရွက်စေလိုပါသည်။

ထို့အပြင် ယခင်အသုံးပြုခဲ့ကြသော နည်းထုံးဟောင်းအတိုင်း မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေးကဒ်များကို သောင်းဂဏန်း သိန်းဂဏန်း ငွေများဖြင့် ပြုလုပ်ပေးနေသည်ကို တွေ့ရှိရပါသည်။ ပြီးခဲ့သည့်လတွင် တစ်ဦးထံမှ ငွေတစ်သိန်းကျော် ပေးထားပြီးယခုအချိန်အထိ မှတ်ပုံတင်မရသေးကြောင်း ကြားသိရပါသည်။

သို့ဖြစ်ပါ၍ အထက်ပါကိစ္စရပ်များအား ပြည်သူတစ်ဦးတစ်ယောက်အနေဖြင့် မှားယွင်းနေသော လုပ်ဆောင်ချက် ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်အတူ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွင် အကြုံးဝင်နေသည်ဟု နားလည်မိသည့်အလျောက် မှန်ကန်သော လုပ်ငန်းဆောင်ရွက်မှုများ ထွန်းကားစေရေးအတွက် သက်ဆိုင်ရာဌာနမှ လူကြီးမင်းများ မှ စိစစ်အရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြပါသည်။