သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


တရုတ်တရားရုံး၏သေဒဏ်စီရင်ချက် ဥပဒေ နှင့် စိုင်းနော်ခမ်းအမှု

Posted: 25 Oct 2012 03:48 AM PDT

၁၉၉၄ ခုနှစ်က တရုတ်တရားရုံးတော်၌ သေဒဏ်ပေးခံရသည့် မြန်မာနိုင်ငံသား ရှိခဲ့ဖူးပါသည်။ ယခုလည်းဘဲ ယူနန် ပြည်နယ် ကူမင်း(ခွန်းမင်) တရားရုံး၌ စိုင်းနော်ခမ်း တယောက် သေဒဏ်စီရင်ချက်ချ ခံရမည်လော ဆိုသည့် အချက်က  တြိဂံ ဒေသ တရုတ် ၁၃ ဦးသတ်ခံရမှုသတင်းဖတ်ပရိသတ်များ စိတ်ဝင်စားကြမည် ဖြစ်သည်။
Nawkham
 တရုတ်အစိုးရလက်ထဲရောက်စိုင်းနော်ခမ်း
 
မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်း သည် တရုတ်နိုင်ငံ တရားရုံး၌ ပထမဦးဆုံး အမှုရင်ဆိုင်ရသည့်  မြန်မာနိုင်ငံသားမဟုတ်ပါ။

၁၉၈၉ ဗမာပြည်ကွန်မြူနစ် အစိပ်စိပ်အမွှာမွှာကွဲပြီးနောက်၊ ဝ တပ်၊ ကိုးကန့်တပ်၊ မိုင်းလားတပ် တို့မှာ မြန်မာ အစိုးရနှင့် အပစ်ရပ်ခဲ့ကြ၏။ ထိုတပ်ဖွဲ့များ၏ စားဝတ်နေရေးအတွက် မြန်မာစစ်အစိုးရက လွတ်လွတ် လပ်လပ် သွားလာ လုပ်ကိုင်စားသောက်ခွင့်ပြု၏။ ၎င်းတပ်ဖွဲ့နယ်မြေမှ ဘိန်းဖြူ နှင့် မူးယစ် ဆေးဝါး များ နယ်စပ်မှတဆင့် တရုတ်ပြည်သို့ နည်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့သည်။

၁၉၉၄ မေ ၉ ရက်နေ့တွင် တရုတ်မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့က ကိုးကန့်ဒေသ နေ ယန်မူရှန် (ယန်ညီအစ်ကို - ယန်မူလျံ၊ ယန်မူအန်၊ ယန်မူရှန်) နှင့်အဖွဲ့အားဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၇ ရက် ၁၉၉၄ ၌ ယန်မူရှန် နှင့်အတူ တရုတ် ရဲ ၂ ယောက် အပါအဝင် လူ ၁၇ ယောက်အား နေ့တဝက် တရားစီရင်ကာ သေဒဏ်စီရင် ချက်ချခဲ့သည်။

အဆိုပါ ပုဂ္ဂိုလ် ၁၇ ယောက်အား 'မူးယစ်ဆေးဝါးနှင့် ပတ်သက်သောကြောင့် ကျနော်၊ ကျမတို့ ယခုကဲ့သို့ အပြစ်ဒဏ်စီရင်ခြင်း ခံရခြင်းဖြစ်ပါသည်' ဆိုသည့် စာသားချိတ်ဆွဲ၍ ကူမင်းမြို့တပတ် ပတ်စေကာ သေနတ်ပစ်အဆုံးစီရင်ခဲ့ သည်ဟု မျက်မြင်များက ဆိုသည်။

ထိုစဉ်က တရုတ်အစိုးရသည်  မူးယစ်ဆေးဝါးနှင့်ပတ်သက်သူတိုင်းအား နောက်စေ့တည့်တည့်၌ သေနတ်တချက် ပစ်ခတ်ကာ သေဒဏ်ပေးသည့် နည်းကို အသုံးပြုခဲ့သည်။

ဖုန်ကျားရှင်း ဗမာပြည်ကွန်မြူနှစ်မှ ခွဲထွက်စဉ် အဆိုပါ ယန်မျိုးနွယ်ညီအစ်ကိုတို့ပါဝင်သော်လည်း နောက် ပိုင်း ဖုန်ကျားရှင်းအား ပုန်ကန်ခဲ့၏။ နောက်ပိုင်း မူးယစ်ဆေးဝါးမှုဖြင့် တရုတ်တရားရုံး၌ သေဒဏ်ပေးခံရသည့် မြန်မာနိုင်ငံသား ကိုးကန့်တရုတ်အမျိုးသားဖြစ်ပါသည်။ ၎င်းတို့သည် တရုတ်ပြည် အတွင်း သို့ ဘိန်းဖြူ    တင်ပို့ခဲ့သည်ဟုဆိုသည်။

တရုတ်တရားရုံးတော်ပေါ် ရောက်ရှိနေသည့် ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်းမှာမူ အထက် ဖေါ်ပြသည့် ယန်ညီအစ်ကိုများ အမှုနှင့် မတူညီပေ။ ၎င်းသည် တရုတ်ပြည်သို့ ဘိန်းဖြူ အပါအဝင် မူးယစ် ဆေးဝါးများအား တရုတ်ပြည်သို့ တင်ပို့ခြင်းမဟုတ်၊ မိမိဒေသအတွင်း ဖြတ်သန်းသည့် မူးယစ်ဆေးဝါး အနည်းအများ အပေါ်  အခွန်အခ ကောက်ယူခဲ့ခြင်းသာဖြစ်သည်။

တရုတ် ၁၃ ဦးအား သတ်ဖြတ်ပါသည် ဆိုသည့် စွပ်ဆွဲချက်သည်လည်း ယနေ့တိုင် ခိုင်လုံသည့် အထောက် အထားကို တရုတ်အစိုးရတို့ မရရှိသေး ဟု ထိုင်းရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ဆိုသည်။

စိုင်းနော်ခမ်းအား လာအို (လောဝ်) အစိုးရက ဧပြီ ၂၄ ရက်နေ့ လောဝ်နိုင်ငံမြောက်ပိုင်း၌ ဖမ်းမိပြီး တရုတ် အစိုးရထံ မေ ၁၀ ရက် က လွှဲအပ်ခဲ့၏။ စက်တင်ဘာ ၂၀ ရက် မှ ပထမဦးဆုံး တရားရုံးပေါ် တင်ပြီး ၂ ရက်တိုင်တိုင် အမှု စစ်ဆေးခဲ့၏။ ထို့နောက်သီးသန့်ခုံရုံးဖွဲ့ပြီးစစ်ဆေးနေသော်လည်း ခိုင်လုံသည့် အထောက်အထား မပြည့်စုံမှု ပတ်သက်ဆက်နွယ်သူများအား ထပ်မံသိရှိလိုမှုတို့ကြောင့် စီရင်ချက်မချနိုင်ဘဲ နှစ်ရက်သာစစ်ဆေးပြီး ရပ်နားထား ရခြင်းဖြစ်သည်ဟု ပြောသံများလည်းထွက်ပေါ်နေပါသည်။

ထို့နောက်ပိုင်း စိုင်းနော်ခမ်းဘက်မှ ရုံးတော်အတွင်းခုခံကာကွယ်ပေးရန် လင်လီအမည်ရှိ ရှေ့နေအမျိုးသမီး တဦးကိုလည်းတာဝန်ပေးခဲ့သည်။ 

အကယ်၍ ထိုင်းဥပဒေဖြစ်မည်ဆိုပါက -

တရုတ် ၁၃ ဦးသေဆုံးမှုတွင်
၁) တရားခံဟု စွပ်စွဲခံထားရသူ၏ နယ်မြေအတွင်း၌ သတ်ဖြတ်မှုခံရသူတို့၏ အလောင်းကိုတွေ့ရခြင်း။
၂) ရုပ်အလောင်းများ၌ သေနတ်ဒဏ်ရာများတွေ့ရခြင်း။
၃) တရားခံအဖြစ် စွပ်စွဲခံထားရသူမှာ တရားမဝင် သေနတ်အမြောက်အမြား ရှိခြင်း။
၎) အသတ်ခံရသူ၏ မော်တော်ကားကို တရားခံ၏ နယ်မြေအတွင်း၌ တွေ့ရခြင်း။
၅) သတ်ဖြတ်မှုအတွက် သက်သေခံသူ ရှိခြင်း- စသည့်အချက်များကိုက်ညီရမည်။

စိုင်းနော်ခမ်း စွပ်စွဲခံရသည့်အမှုမှာ ထိုအချက်များနှင့် မကိုက်ညီသောကြောင့် ထိုင်းတရားရုံးဖြစ်မည်ဆိုပါက ကွင်းလုံးကျွတ် အမှုမှ လွတ်ကင်းဖွယ်ရှိသည်ဟု ထိုင်းရှေ့နေတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပြဖူးပါသည်။

"စိုင်းနော်ခမ်းနဲ့အတူ အဖမ်းခံရတဲ့ တပည့်တွေက သူတို့ဆရာပါလို့ သက်သေထွက်ဆိုမှုဟာ လေးနက်မှု မရှိဘူး။ သူတို့ရဲ့လွတ်မြောက်ရေး သက်သာရာရရေးအတွက် ပြောတယ်လို့ ယူဆကြမှာပါ။ အခုလို တရုတ် ၁၃ ဦး သတ်ဖြတ်ခံရတဲ့ မဲခေါင်မြစ်ဆိုတာဟာ စိုင်းနော်ခမ်း ပိုင်ဆိုင်တဲ့ နယ်မြေ မဟုတ်ဘူး။ ထိုင်း၊ လော၊ မြန်မာ စတဲ့ နိုင်ငံတကာပိုင်နက် ဖြစ်တယ်။ အခုထက်ထိ တရုတ် ၁၃ ယောက်ကို ဒီသေနတ်နဲ့ သတ်ခဲ့တယ်လို့ ပြနိုင်တာလည်း မတွေ့ရသေးဘူး။ သက်သေအထောက် အထား အရမ်းနည်းတယ်။ ဒါကြောင့် ထိုင်းတရားရုံး မှာ အမှုရင်ဆိုင်ရရင်တော့ ဒီအမှုဟာ လွတ်မြောက်ဖို့ များတယ်" ဟု အဆိုပါ ရှေ့နေက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တဖက်မှာလည်း စိုင်းနော်ခမ်း၏ မိသားစုဘက်မှ အထူးရှေ့နေတဦးကို ဟောင်ကောင်မှ ငှားရမ်းပြီး ၎င်း၏ အပြစ်ဒဏ်လျှော့ပေါ့ရေး၊ လွတ်မြောက်ရေးအတွက် ကြိုးပမ်းလျှက်ရှိသည်ဟု မိသားစုနှင့်ရင်းနှီးသည့် သတင်းအရင်းအမြစ်တဦးကဆိုပါသည်။


၁၉၉၄ ယန်အဖွဲ့ သေဒဏ်ချရသည့်နည်း ဖြစ်သော  သေနတ်ဖြင့် နောက်စေ့ပစ်ခတ် သတ်ဖြတ် သည့် ပစ်ဒဏ်ပေးသည့်စနစ် ယခုခေတ်တွင် မရှိတော့ပါ။ ၂၀၀၉ မှစ၍ ဆေးထိုးနည်းဖြင့် သေဒဏ်ပေးခြင်းသာ ရှိတော့သည်ဟုသတင်းများကဆိုပါသည်။


၂၄ နှစ်ပြည့် SNLD ပါတီမွေးနေ့ အထိမ်းအမှတ်မိတ်ဆုံစားပွဲ ရန်ကုန် နှင့် သျှမ်းပြည်မြို့နယ်အနှံ့ကျင်းပမည်

Posted: 25 Oct 2012 01:32 AM PDT

အောက်တိုဘာ ၂၆ ရက်၌ ကျရောက်သော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း ၂၄ နှစ်ပြည့် အထိမ်းအမှတ်ကို ရုံးချုပ်၌အပြင်  မြို့နယ်အသီးသီး၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။
Invitation_SNLD အထိမ်းအမှတ်မိတ်ဆုံစားပွဲဖိတ်ကြားစာ (SNLD)

" အောက်တိုဘာ ၂၆ ရက် နက်ဖြန် မနက် ၁၀ နာရီခွဲ ရန်ကုန်ရုံးချုပ်ကနေ အထိမ်းအမှတ်မိတ်ဆုံစားပွဲ ကျင်းပမယ်။ ကိုးမိုင်သျှမ်းကျောင်း နှီးဘုရားအောက်ထပ်မှာ။ ကျန်တဲ့မြို့နယ် အသီးသီးမှာလည်း ကျင်းပမယ်။ အဖွဲ့ချုပ်ကနေပြီးတော့မှ ကြေငြာချက်ထုတ်ပြန်မယ်။ သဝဏ်လွှာတွေဖတ်ကြားမယ်" ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။

ရန်ကုန်မြို့ ကိုးမိုင် အောင်မြေဘုံသာ သျှမ်းကျောင်းတိုက်၌ ကျင်းပမည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တည် ထောင်ခြင်း ၂၄ နှစ်ပြည့်အခမ်းအနားသို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီများအားလုံးတက်ရောက်ကြဖို့ ဖိတ်ကြားထား  ကြောင်း၊ သျှမ်းပြည်အနှံ့မြို့နယ်အသီးသီး၌လည်း အထိမ်းအမှတ်အခမ်းအနားအသီးသီးကျင်းပ မည်ဖြစ်ကြောင်း ကြားသိရပါသည်။

"ကျနော်တို့လားရှိုးမှာက မြို့နယ် စီအီးစ ဗဟိုအမှုဆောင်ကော်မတီအဖွဲ့ရွေးမယ်။ အခမ်းအနားထူးထူးထွေထွေမရှိပါဘူး။ NLD တို့ SNDP တို့ လားရှိုး မြို့မှာရှိတဲ့ တခြားတိုင်းရင်းသား နိုင်ငံရေးပါတီတို့ကိုဖိတ်ကြားထားတယ်။ ရုံးချုပ်က ပို့ပေးတဲ့ သဝဏ်လွှာတွေ ဖတ် မယ် စတာတွေပါဘဲ" - ဟု ပါတီဝင် လူငယ်တဦးက ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်မူ အောက်တိုဘာ ၂၁ ရက် ပါတီ မှတ်ပုံတင်သည့်နေ့၌ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့၏။

၁၉၉၀ ရွေးကောက်ပွဲအတွက် အောက်တိုဘာ ၂၁ ရက် ၁၉၈၈ ၌ ပါတီမှတ်ပုံတင်ရာ အောက်တိုဘာ ၂၆ ရက် တွင်ခွင့်ပြုချက် ကျလာသဖြင့်  အဆိုပါနေ့ရက်ကို  ပါတီတည်ထောင်သည့်နေ့ အဖြစ် သတ်မှတ်ရခြင်းဖြစ်ကြောင်း ပြောခွင့်ရ စိုင်းလိတ်က ပြောပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ၂၃ နေရာဖြင့် အနိုင်ရခဲ့သော်လည်း လွှတ်တော်မရောက်ခဲ့ရသဖြင့် ပြည်သူလူထုအတွက် ဘာမျှ မလုပ်ပေးခဲ့ရ။ ထိုအတွက်၂၄ နှစ်မြောက်မွေးနေ့မှစ၍ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အဓိက အရေးပါသော ယုံကြည်မှု တည်ဆောက်သည့်လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု မရမချင်း SNLD မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

၁၉၉၃  ခုနှစ်က စတင်ခဲ့သော အမျိုးသားညီ လာခံတွင်လည်း   တိုင်းရင်းသားတန်းတူရေးအတွက် ရည်ရွယ်၍ တက်ရောက် ခဲ့ သော်လည်း ထိုစဉ်က စစ်အစိုးရက တိုင်းရင်းသားများအား လစ်လျူရှုထား ခဲ့သဖြင့်  ၁၉၉၆ တွင် နှုတ်ထွက်ခဲ့သည်။ သျှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံကောင်စီဖွဲ့ဖို့ ကြိုး ပမ်း  စဉ်  စစ်အစိုးရက ပြည်ထောင်စုမှခွဲထွက်လိုမှု၊ မတရားအသင်း အပင်း ဖွဲ့စည်း မှု၊ နိုင်ငံတော် ပုန်ကန်မှုစသည့်အမှုပေါင်းများစွာဖြင့် စွပ်စွဲပြီး ပါတီဥက္ကဌ ခွန်ထွန်းဦး၊ အထွေထွေ အတွင်း ရေး မှူး စိုင်းညွန့် လွင်၊ ဗဟိုအလုပ်အမှုဆောင် စိုင်းလှအောင် တို့အား ဖမ်းဆီး ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက ဦးသိန်းစိန်အစိုးရ၏  လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် သျှမ်းခေါင်းဆောင်များ ပြန်လည်လွှတ်မြောက်လာပြီး နိုင်ငံရေး လောက အတွင်းတရားဝင် ပြန်လည်လှုပ်ရှားလာခဲ့ သည်။  SNLD ပါတီသည်လည်း  သတ်မှတ်အသင်းသားဦးရေ ဖြင့် ပါတီ မှတ်ပုံတင်ကျထား သည့်နိုင်ငံရေး ပါတီတခုဖြစ်သည်။