သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


၁၄ ပြည်နယ် ပြည်ထောင်စုကိုလက်မခံကြောင်း ပါတီတည်ထောင်ခြင်း ၂၄ နှစ်ပြည့်နေ့၌ SNLD ပြော

Posted: 26 Oct 2012 06:20 AM PDT

ယနေ့ကျရောက်သော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၄ နှစ်ပြည့် မွေးနေ့တွင် အဖွဲ့ချုပ်မှ ကြေငြာချက်တစောင် ထုတ်ပြန်ရာ ပြည်ထောင်စုအမည်အား တိုင်းရင်းသားအမည်ဖျက်၍ အမည်သစ်ဖြင့်ဖွဲ့စည်းမည့် ပြည်ထောင်စုပုံသဏ္ဌာန်ကို လက်မခံ၊ ပြတ်ပြတ်သားသားဆန့်ကျင်သည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ်က ပြောပါသည်။
SNLD_24_yearsသတင်းထောက်များမေးမြန်းမှုကိုဖြေကြားနေသော ပါတီပြောခွင့်ရ စိုင်းလိတ်
 
ပြည်ထောင်စုမြန်မာနိုင်ငံအမည်အား  တိုင်းရင်းသား နာမည်ဖျက်၍ ကမ္ဘောဇ၊ ရာမည၊ ကန္တရ၀တီ၊ ဥတ္တရသီရ၊ ဇေယျာသီရိ အစ ရှိသည့် နာမည်ဖြင့်အစားထိုးကာ ၁၄ ၊ ၁၅ ပြည်နယ်ခွဲပြီး ပြည်ထောင်စု အသစ်ထပ်မံတည်ဆောက်မည်ဆိုပါက လုံးဝလက်ခံ မည် မဟုတ်။ ၈ ပြည်နယ်ဖြင့်ဖွဲ့စည်းသော ပြည်ထောင်စုဆိုပါက လက်ခံနိုင်မည်ဖြစ်ကြောင်း- အဓိက ပါရှိသည့အချက် ၈ ချက်ပါဝင် သည်ဟု စိုင်းလိတ်ကပြောပါသည်။

" ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ထုတ်ပြန်တဲ့ ၁၄ ပြည်နယ်ပါပြည်ထောင်စုဖွဲ့စည်းမယ်ဆိုတာနဲ့ ပတ်သက်နေလား လို့မေးလာရင် အဲတာကို အဓိကပြောချင်တာဘဲလို့ဖြေရပါလိမ့်မယ်။  ၁၉၄၇ အရဆိုရင် ဗမာအပါအဝင် တိုင်းရင်းသားတွေ တယောက်တကျပ်စီ ဘဲရှိရမယ်လေ။ အခုက တိုင်းရင်းသားတွေ တယောက်တကျပ်ရနေပြီး ဗမာက ၇ ကျပ်ရနေတာတော့ ကျနော်တို့ လက်မခံနိုင်ဘူး။ အဲတာကြောင့် ၁၄ ပြည်နယ် ပြည်ထောင်စုကိုလက်မခံဘူး" ဟု ဆိုပါသည်။

ထို့ကြောင့် မိမိတို့ပါတီအနေဖြင့် တန်းတူညီမှုရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် မရမချင်း ကြိုးပမ်းသွားမည် ဟုစိုင်းလိတ်ကပြောပါသည်။

"ကျနော်တို့ မကြာခင်မှာလည်း ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက်၊ သျှမ်းပြည်တွင်း အဖက်ဖက်ကပါဝင်နိုင်မယ့် ညီလာခံ တရပ်ကျင်းပဖို့ရှိတဲ့အတွက် ပြင်ဆင်တဲ့အနေနဲ့  ပြီးခဲ့တဲ့အပတ်ထဲက နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့၊မီဒီယာ၊ လူမှုရေးအသင်း အဖွဲ့၊ အမျိုးသမီးအဖွဲ့တွေပါတဲ့ ညစာစားပွဲကျင်းပခဲ့တယ်။ ငြိမ်းချမ်းရေးစကားပြောဖို့ တူညီတဲ့ယုံကြည်မှုတွေကို ဖော်ထုတ်တယ်။ ဘုံရည်မှန်းချက်တွေ ထုတ်တယ်။ အဓိကကတော့ ယုံကြည်မှုရရှိအောင် တည်ဆောက်ကြဖို့ပေါ့" ဟုစိုင်းလိတ်ကပြောသည်။
Statementထုတ်ပြန်ကြေငြာချက်
 
ထို့အတွက်ကြောင့် တန်းတူရေးအတွက် မျှော်လင့်ကာ သျှမ်းပြည်သားများအားလုံး ပြည်ထောင်စုမြန်မာနိုင်ငံသားများအားလုံး လက်တွဲကာ ကြိုးစားကြရန်တိုက်တွန်းလိုကြောင်း မိမိတို့ပါတီအနေဖြင့်လည်း တခြားသော မည်သည့်အဖွဲ့အစည်း ပါတီ တို့နှင့်မဆို တူညီသောမူဝါဒ၌ လက်တွဲသွားမည်ဖြစ်ကြောင်း SNLD  ၂၄ နှစ်ပြည့်မွေးနေ့၌ စိုင်းလိတ်ကသျှမ်းသံတော်ဆင့်အား ပြောပြသည်။

သို့သော် ထူးခြားချက်တခုမှာ လားရှိုးမြို့၌ကျင်းပသော ပါတီမွေးနေ့အခမ်းအနားသို့ ကျားဖြူပါတီမှ တက်ရောက်ခြင်းမရှိသော ကြောင့် စိတ်မကောင်းဖြစ်မိကြောင်း အခမ်းအနားဖြစ်မြောက်ရေး အကူအညီပေးနေသည့် လူငယ်တဦးဖြစ်သူ စိုင်းလူက ပြောသည်။

ရုံးချုပ်၌ ကျင်းပခဲ့သော အစီအစဉ်နှင့်ပတ်သက်၍ ပါတီပြောခွင့်ရ စိုင်းလိတ်က- " ရုံးချုပ်မှာက ထူးထူးခြားခြားဆိုလို့ ကြေငြာချက် ထုတ်တယ်။  နိုင်ငံရေးပါတီတော်တော်များများတက်တယ်။ ယူအဲန်အေဆိုရင် ပါတီ ၆ ခုလုံးလာတယ်။ ရခိုင်တိုင်းရင်းသားတိုး တက်ရေးပါတီရယ်၊ ဦးခင်မောင်ဆွေတို့ NDF  ရယ် ၊အမျိုးသားဒီမိုကရေစီပါတီသစ်၊  သျှမ်းပြည်မျိုးဆက်သစ်အဖွဲ့၊ လက်နက်ကိုင် အဖွဲ့ အစည်းဆိုရင်  SSPP/SSA  လာတယ်။

သျှမ်းစာပေယဉ်ကျေးမှုအသင်းတို့ တောင်ကြီးအသင်း၊ ကမ္ဘောဇဓမ္မဗိမာန်ထိန်းသိမ်း စောင့်ရှောက်ရေး စတဲ့ လူမှုရေးအသင်းအဖွဲ့တော်တော်များများလဲလာတယ်။ အခမ်းအနားကြီးတော့ မလုပ်ပါဘူး။ ကြေငြာချက် ဝေတယ် လက်ဆုံထမင်း စားတယ်၊ ပါတီကို အလှူငွေပေးအပ် တဲ့အစီအစဉ်ရှိတယ်။ ဒီလောက်ပါဘဲ။ ကြေငြာချက်နဲ့ ပတ်သက်ပြီး လူတွေတော်တော်များများ စိတ်ဝင်တစားမေးတာက-   ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ပတ်သက်တဲ့ SNLD ရဲ့သဘောထား၊  အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဟာ စစ်မှန်ပါရဲ့လား၊ ဘယ်လောက်ထိရောက်အောင်မြင်လဲ- ဆိုတဲ့အချက်နဲ့ ၁၄ ပြည်နယ် ကိစ္စပေါ့" ဟု ပြောပါသည်။

 SNLD  သည် ယခုနှစ်ဆန်းပိုင်း ခေါင်းဆောင်ခွန်ထွန်းဦး ထောင်မှ လွတ်မြောက်လာသည့်နောက်ပိုင်း ပါတီမှတ်ပုံပြန်တင်ကာ ဂျွန်လ ၁၂ ရက်နေ့က မှတ်ပုံတင်ကျခဲ့သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပါတီဝင်လူဦးရေ ပြည့်ကြောင်း နေပြည်တော်ရွေး ကောက်ပွဲ ကော်မရှင် ထံ စာရင်းတင်ပြခဲ့သည့် ပါတီဖြစ်ပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံး မူစယ်မြို့တွင် ဖွင့်လှစ်

Posted: 26 Oct 2012 06:18 AM PDT

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်း ၁၀ နာရီခန့်က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ဟိုမွန်ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ရာ ဧည့် ပရိသတ် ၅၀၀ ၀န်းကျင် တက်ရောက်ခဲ့ ကြောင်း သိရသည် ။
0278မူစယ်မြို့ SNLD ရုံးဖွင့်ပွဲနှင့် ပါတီမွေးနေ့အခမ်းအနား
 
၎င်းအခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ၊ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း ကိုယ်တိုင်အခမ်းအနားတက်ရောက်သူ သျှမ်းလူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"ဒီမနက် ၁၀ နာရီလောက်မှာ ရုံးဖွင့်ပွဲ အခမ်းအနားစတယ်။ ဟိုမွန်ရပ်ကွက် အိမ်နံပတ် ၄ / ၉ စိုင်းဖုအန် တို့အိမ်မှာ SNLD ပါတီရုံးဖွင့်တယ်။ ကချင် ၊ ပလောင် ၊ သျှမ်း ၊ ကိုးကန့် တိုင်းရင်းသားတွေ လာတက် တယ်။ မူစယ်မြို့ အုပ်ချုပ်ရေးအဖွဲ့တွေလည်း လာပါတယ် " ဟု အဆိုပါ သျှမ်းလူငယ်က ပြောသည် ။

ဗဟိုဌာနချုပ်မှထုတ်ပြန်သော ကြေငြာချက်ကို မြို့နယ်အသီးသီးရှိ  SNLD မွေးနေ့အခမ်းအနားတို့၌ ဖတ်ကြားသကဲ့သို့ မူစယ်မြို့  ရုံးဖွင့်ပွဲအခမ်းအနားနှင့်အတူ ပါတီမွေးနေ့အခမ်းအနား၌လည်း ဖတ်ကြား ကြောင်း အသင်းဝင်လူငယ်များကပြောပါသည်။

"  မူစယ်မှာ ပါတီဝင် ၃၀၀ ကျော် ရှိတယ်။ ပွဲတက်ပရိသတ် ၃၀၀ နဲ့ ၅၀၀ ကြားမှာရှိမယ်။ ကျားဖြူပါတီ၊ တစည၊ ကြံ့ခိုင်ရေး၊ NLD၊ SNLD (နမ့်ခမ်း)၊လားရှိုးက UNA ကိုးကန့် ဒီမိုခရစ်တစ်ပါတီ နဲ့ သျှမ်းစာပေ ယဉ်ကျေးမှု  ကော်မတီတွေတက်ရောက်ကြတယ်။ SNLD ရဲ့သမိုင်းအကျဉ်း  ပါတီ 24 နှစ်ပြည့် အထိမ်း အမှတ် ရုံးဖွင့်ပွဲအမှာစကားကို ဥက္ကဌ ဦးစိုင်းလှဖေ က ဗမာလိုကော သျှမ်းလိုကောဖတ်တယ်။ ဗဟိုက ပို့လာတဲ့  သဝဏ်လွှာ ကိုတော့ ဦးစိုင်းဖိုးမြတ်ကဖတ်တယ်" ဟု မူဆယ်မှ ပါတီဝင်လူငယ်တဦးက ပြောသည်။


အခမ်းအနားတွင် နိုင်ငံတော်အလံနှင့် သျှမ်းအမျိုးသားအလံတို့အား အလေးပြုခြင်း ၊ SNLD ပါတီဥက္ကဋ္ဌ စဝ်ခွန်ထွန်းဦးမှ ပေးပို့သော  သဝဏ်လွာဖတ်ကြားခြင်း၊ ကျွေးမွေးဧည့်ခံခြင်း ဖဲကြိုးဖြတ်၍ ရုံးခန်းဖွင့် လှစ်ခြင်း စသည့် အစီအစဉ်များ ရှိပြီး နေ့လည်ပိုင်းတွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည် ။

"SNLD ဥက္ကဋ္ဌ စဝ်ခွန်ထွန်းဦးပေးပို့တဲ့ သဝဏ်လွာမှာတော့ ၁၉၄၇ ခုနှစ်က ပင်လုံညီလာခံမှာ ချုပ်ဆိုထားတဲ့ တိုင်းရင်း သားတွေရဲ့ အခွင့်အရေးတွေရအောင် ကြိုးပမ်းသွားမယ်ဆိုတဲ့ အကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ပေါ်ထွန်းရေးကို ကြိုးပမ်းမယ်ဆိုတဲ့ အချက်တွေကို အဓိကထည့်ပြောထားပါတယ် "ဟု သူက ဆက်ပြောသည် ။

SNLD ပါတီသည် ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၂၃ နေရာတွင် အနိုင် ရခဲ့ပြီး သျှမ်းပြည်နယ်တွင် မဲအများဆုံး ရရှိကာ တစ်နိုင်ငံလုံး၌ ဒုတိယမဲအများဆုံး အနိုင်ရခဲ့သည် ။

၂၀၀၃ ခုနှစ်က နဝတစစ်အစိုးရမှ ဦးစီးကျင်းပသည့် အမျိုးသားညီလာခံတွင် SNLD ပါတီမှ ကိုယ်စား လှယ် ၅ ဦးတက် ရောက်ခဲ့ကာ ဖွဲ့စည်းပုံတွင် တိုင်းရင်းသားတန်းတူရေး ထည့်သွင်းခြင်းမရှိသဖြင့် ၂၀၀၄ ခုနှစ်တွင် ညီလာခံကို သပိတ် မှောက် ထွက်ခွာခဲ့သည် ။

၂၀၀၄ - ၂၀၀၅ ခုနှစ်တွင် ပြည်ထောင်စုမှခွဲထွက်လိုမှု ၊ မတရားသင်းဖွဲ့စည်းမှု ၊ နိုင်ငံတော်ပုန်ကန်မှု စသည့် စွဲချက် အမျိုး မျိုးဖြင့် စစ်အစိုးရမှ ပါတီဥက္ကဋ္ဌ စဝ်ခွန်ထွန်းဦး ၊ အတွင်းရေးမှူး စိုင်းညွန့်လွင် ၊ ဗဟိုအလုပ်အမှုဆောင် စိုင်းလှအောင် တို့အား ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည် ။
၂၀၁၂ ခုနှစ်အတွင်း SNLD ပါတီခေါင်းဆောင်များ နှစ်ရှည်ထောင်ဒဏ်မှ ပြန်လည်လွတ်မြောက်လာပြီး SNLD ပါတီ အမည်ဖြင့်ပင် ပါတီပြန်လည်မှတ်ပုံတင်ခဲ့ပြီး ယခုမူစယ်မြို့၌ ရုံးခန်းဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည် ။


မြန်မာနိုင်ငံသား ပြည်သူ့စစ်ခေါင်းဆောင်အားဖမ်းရန် ထိုင်းမူးယစ်နှိမ်နင်းရဲတပ်ဖွဲ့ကဆုငွေဘတ် ၂ သန်းထိတိုး

Posted: 26 Oct 2012 06:16 AM PDT

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် နမ့်ပုံပြည်သူ့စစ်ခေါင်းဆောင် ဦးယီ့ဆေးအား မူးယစ်ဆေးဝါးမှုဖြင့် ထိုင်းမူးယစ် နှိမ်နှင်းရေးတပ်ဖွဲ့မှ ဘတ်ငွေ ၂ သန်းတိုးကာ ဖမ်းဝရမ်း ထုတ်ထားကြောင်း ထိုင်း ASTV သတင်းက ဖော်ပြထားသည်။
nm-ys-nkmဦးယီ့ဆေး
 
ဦးယီ့ဆေးအဖွဲ့ဝင်၏ အဆက်များဟု သတင်းရထားသော ထိုင်းယာဉ်ထိန်းရဲတဦးအား ဖမ်းမိပြီးနောက် ယီ့ဆေးအား ဘတ်ငွေ ၁ သန်းမှ ၂ သန်းအထိတိုးမြင့်ကာ ဖမ်းမိန့်ထုတ်လိုက်ခြင်းဖြစ်ကြောင်း ဆိုပါသည်။

ယာဉ်ထိန်းရဲ  မာနတ် ဆေဖိုး (အသက် ၄၂ နှစ်) အား ထိုင်းနိုင်ငံအတွင်း ယာဘအပြားပေါင်း ၁ သန်း ၂ သိန်းကျော်နှင့် အိုက်စ် ၅ ကီလိုဂရမ် သယ်ဆောင်မှု၌ပါဝင်သူတဦးအဖြစ် ယခုလ ၂၅ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းမြို့နယ် မူးယစ်နှိမ်နင်းရဲ တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။

အဆိုပါယာဉ်ထိန်းရဲ၏ထွက်ဆိုချက်ကြောင့် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု သယ်ယူပို့ဆောင်မှု၌ သတင်းရထားသူ ထိုင်းနိုင်ငံသား ၉ ဦးကိုလည်း  ထပ်မံဖမ်းမိန့်ထုတ်လိုက်ကြောင်း ထိုင်းရုပ်မြင်သံကြားသတင်းများ၌လည်းဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်းဝင်၍ ဦးယီ့ဆေးအား လိုက်လံဖမ်းဆီးရန် ထိုင်းအစိုးရ၏ မူးယစ်ဌာနက မြန်မာအာဏာပိုင်များထံ ခွင့်ပန်စာ ပေးပို့ထားသည်ဟုလည်း အဆိုပါ ASTV သတင်းက ဖော်ပြထား၏။

ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ်လည်းဖြစ် မူးယစ်ဆေးနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သော ဗိုလ်ချုပ်ကြီး ချလိန် ယူဘမ်း ရုန်းက ဧပြီလ ၂၀ ရက်နေ့ က အလိုရှိမူးယစ်ရာဇာစာရင်း ၂၅ ဦးထုတ်ပြန်ရာ စိုင်းနော်ခမ်းအား ဘတ်ငွေ ၂ သန်းဖြင့် လည်းကောင်း၊ ကလိုထူးဘော DKBA ခေါင်းဆောင် ဗိုလ်ချုပ် နှုတ်ခမ်းမွှေးနှင့် တာချီလိတ်မြို့ နမ့်ပုံ ပြည်သူ့စစ်ခေါင်း ဆောင် ဦးယီဆေးအား ဘတ်ငွေ တသန်းစီ ဖြင့် ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။






RCSS/SSA အားမဆက်သွယ်ရန် လူထုအား မြန်မာစစ်တပ်တားမြစ်

Posted: 26 Oct 2012 06:14 AM PDT

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ကျေးလက်ဒေသခံများအား သျှမ်းပြည်တပ်မတော်အား ပတ်သက်ဆက်နွယ်ပါကဥပဒေ ၁၇-၁ ဖြင့် ဒဏ်ခတ်မည်ဖြစ်ကြောင်း စစ်တပ်ဗျူဟာမှူးနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးက ပြောသည်ဟုဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

" ပြီးခဲ့တဲ့ အပတ်က လဲချားအခြေစိုက် ရှိ ဗျူဟာမှူး ဗိုလ်မှူးကြီးလင်းအေးဇော် နဲ့ မြို့နယ်မှူး ကနေပြီး တော့ လဲချားမြို့နယ်ထဲက ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး စစ်ဆေးတယ်။ သျှမ်းတပ်ဖွဲ့ကိုဆက် သွယ် တဲ့လူရှိလား။ ထောက်ပံ့ပေးတာရှိလား။ ခင်ဗျားတို့ အလုပ်မဟုတ်ဘူးနော်၊ သိရင်တော့မလွယ် ဘူး မှတ် - တဲ့။ ဥပဒေ ၁၇-၁ နဲ့မိသွားမယ်- တဲ့၊ အဲကလိုကိုခြိမ်းခြောက်တယ်" ဟု လဲချားမြို့သား စိုင်းခင်းငေါဝ်း ကပြောသည်။

ရပ်ရွာအုပ်ချုပ်ရေးမှူးများက သျှမ်းပြည်တပ်မတော်တောင်ပိုင်းရော မြောက်ပိုင်းပါအစိုးရနှင့်ငြိမ်းချမ်း ရေးဆွေးနွေး အပစ်ရပ်ထားကြပြီဖြစ်သဖြင့် ယခုကဲ့သို့တားမြစ်ချက်မျိုးမရှိသင့်ကြောင်းပြောရာ ဗျူဟာ မှူးက လဲချားမြို့နယ်အတွင်း၌  သျှမ်းပြည်တပ်မတော်အား လှုပ်ရှားသွားလာခွင့်ပေးမထားသဖြင့် ဆက်သွယ်၍မရကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုပါသည်။

ထို့ကြောင့် အစည်းအဝေးခေါ်ဆိုချိန်မှစ၍  ရပ်ရွာအုပ်ချုပ်ရေးမှူးများအား အပတ်စဉ် အင်္ဂါနေ့ တိုင်း ခလရ ၆၄ သို့ အစီရင်ခံ ရမည်ဟုလည်း အမိန့်ထုတ်ထားကြောင်း စိုင်းခင်းငေါဝ်းကပြောပါသည်။

လဲချားမြို့နယ် ခလရ ၆၄ တပ်သို့ မကြာသေးခင်ကမှ ဗျူဟာမှူး ဗိုလ်မှူးကြီး လင်းအေးဇော် ပြောင်းရွှေ့ လာကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် ယခုလနှောင်းပိုင်း၌ မြန်မာအစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင် ရေး လုပ်ငန်းကော်မတီနှင့် တတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ပါသည်။

ရွှေလီမြစ်က ကျွန်းပြဿနာ ကုမ္ပဏီနှင့်လူထု သဘောတူညီမှု ရရှိ

Posted: 26 Oct 2012 06:13 AM PDT

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ရွှေလီမြစ်အတွင်းရှိ ကျွန်းများပေါ်၌ မြို့ပြစီမံကိန်းအတွက် သိမ်း ယူထားသော မြေနေရာ၏ လျော်ကြေးကို ၁ ဧက သိန်း ၁၂၀ ဖြင့် ကုမ္ပဏီနှင့်ဒေသခံများ သဘောတူညီမှု ရရှိသွားကြောင်း သိရှိရပါသည်။
003ကုမ္ပဏီနှင့်ဒေသခံများ ဆွေးနွေးကြစဉ် (Photo:HL/SHAN)
 
"ပထမ အစည်းအဝေးတုန်းက ၁ ဧက သိန်း ၃၀၀ စ-တောင်းတယ်။ ကုမ္ပဏီက မပေးတော့ သိန်း ၂၀၀ နဲ့ ရပ်ထားတယ်။ သဘောတူညီချက်တော့ မရဘူး။ အောက်တိုဘာ ၂၄ ရက်မှာ ကုမ္ပဏီကလူတွေနဲ့ ဒေသခံ တွေ အစည်းအဝေး ထပ်လုပ်တယ်။ တောင်းထားတဲ့ သိန်း ၂၀၀ ကို လျှော့ပြီး သိန်း ၁၈၀ တောင်းတယ်။ ကုမ္ပဏီက မပေးနိုင်တော့ ၁၈၀ ကနေ ၁၅၀၊ ၁၅၀ ကနေ ၁၂၀ ဖြစ်သွားတာ" ဟု အစည်းအဝေး တက် ရောက်ခဲ့သူတစ်ဦးက ပြောပါသည်။

မြို့ပြစီမံကိန်းအတွက် မြေနေရာ ဈေးနှုန်း သတ်မှတ်နိုင်ရန် New Star Light ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့် ဒေသခံများ ဒုတိယအကြိမ် အစည်းအဝေး ပြုလုပ်ရာ အစပိုင်း၌ ကုမ္ပဏီက ၁ ဧက သိန်း ၁၀၀ သာ ပေးနိုင်ကြောင်း၊ အားကစားကွင်း ပါသည့် အလယ်တန်းကျောင်း ၂ ထပ်ကျောင်းဆောင်နှင့် လမ်းများ လည်း ကောင်းကောင်းမွန်မွန် ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ပြောသည်ဟု ဆို၏။

"အစတော့ ၁ ဧက သိန်း ၁၂၀ လည်း ကုမ္ပဏီ က မပေးနိုင်ဘူးလို့ ပြောတော့ ဒေသခံတွေလည်း စိတ်ဆိုး ပြီး ထ-ပြန်သွားကြတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေ ဆက်ဆွေးနွေးကြတော့ တည့်သွားတယ်။ ၁ ဧက သိန်း ၁၂၀ နဲ့။  ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း ကျေနပ်တယ်ဆိုတဲ့ အ  ကြောင်း လက်မှတ်ထိုးလိုက်တယ်။ သိန်း ၁၂၀ ရတာကို ဒေသခံတချို့ သိတာရှိသလို မသိသေးတဲ့သူ လည်း ရှိတယ်" ဟု ၎င်းက ဆက်ပြောပါသည်။

မူစယ်မြို့နယ် တော်ရွက်ရပ်ကွက်အုပ်စု ဝင် တော်ရွက်ရပ်၊ ဖွေးဟုန်ရပ်နှင့် ဟိုဆောင်ရပ် တလျှောက်ရှိ ရွှေလီမြစ်ဝှမ်း ကျွန်းပေါ်၌ မြို့ပြစီမံကိန်း တည်ဆောက်ရန် မြေနေရာ လျော်ကြေးအတွက် အောက်တိုဘာ ၂၂ ရက်၌ ပထမအကြိမ် အစည်းအဝေး ပြုလုပ်ရာ ဒေသခံများက ၁ ဧက သိန်း ၃၀၀ တောင်းရာမှ သိန်း ၂၀၀ အထိ လျှော့ပေးခဲ့သည်။

အဆိုပါ ကျွန်းပေါ်၌ ဒေသခံများက ပြောင်းဖူးနှင့်ကြံ စိုက်ပျိုးရောင်းချပြီး ဘုန်းကြီးကျောင်း၊ ဇရပ်  ပြုပြင် ဆောက်လုပ်ကာ ရပ်ရွာရံပုံငွေ စုဆောင်းထားခြင်း ပြုလုပ်နိုင်ခဲ့ကြောင်း ဒေသခံများပြောပါသည်။


လက်နက်ကိုင်အဖွဲ့တွေကို လူထုကမကျွေးရတဲ့နေ့မှာမှ မူးယစ်ဆေးဝါးပပျောက်နိုင်

Posted: 26 Oct 2012 06:11 AM PDT

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒု-ဗိုလ် ချုပ်ကြီး ကိုကို က မူးယစ်ဆေးဝါးတိုက် ဖျက်ရေး စီမံကိန်းကို ၂၀၁၄ ခုနှစ် ကနေ ၂၀၁၉ ခုနှစ်အထိ ၅ နှစ် ထပ်တိုးလိုက်တယ်လို့ ကြေငြာခဲ့ပါ တယ်။ ဘာကြောင့် နှစ်ထပ်တိုးရသလဲ၊ မူးယစ်ဆေးဝါး တကယ် ပပျောက်အောင်လုပ်ဖို့ ဘယ်ကဏ္ဍကအရေးကြီးဆုံးလဲဆိုတာနဲ့ ပတ်သက်ပြီး သျှမ်းပြည် မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်း ကို မေးမြန်းထားပါတယ်။
Khuen_Sai
မေး။    ။ ဘာကြောင့် အစိုးရက မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ၅ နှစ် ထပ်တိုးရသလဲ။
ဖြေ။    ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းကို ၁၉၉၉ ခုနှစ်က စခဲ့တယ်။ ၂၀၁၄ မှာ ပပျောက် အောင် တိုက်ဖျက်သွားမယ်လို့ ရည်ရွယ်ထားတယ်။ ဒါပေမဲ့ အောက်တိုဘာ ၅ ရက်နေ့မှာတော့ ဒု-ဗိုလ် ချုပ်ကြီး ကိုကို က ၂၀၁၉ နှစ်အထိ တိုက်ဖျက်သွားမယ် လို့ ကြေငြာခဲ့တယ်။ ၅ နှစ် ထပ်တိုးတာပေါ့။ ဘာကြောင့် ထပ်တိုးရသလဲဆိုတာကိုတော့ သတင်းစာထဲမှာလည်း မပါဘူး။ ဖြစ်နိုင်ချေကတော့ များပါ တယ်။ ထင်းရှားတာကတော့ ရှေ့ ၂ နှစ်မှာ မူးယစ်ဆေးဝါး ပပျောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး။ တကယ်လို့ အာဏာနဲ့ ပြည်သူတွေကို ဖိနှိပ်မယ်၊ လက်နက်နဲ့ အဖွဲ့တိုင်းကို တိုက်ခိုက်မယ်ဆိုမှ ဘိန်း စိုက်တာ ရပ်သွားမယ်။ ရပ်သွားပေမဲ့ ပပျောက်တာ မဟုတ်ဘူး။ ဆက်တင်းမာနေကြရင်တော့ စစ်ပွဲ ဆိုတာ ပြန်ဖြစ်လာအုံးမှာဘဲ။ အာဏာသုံးတာ လက်နက်သုံးတာဟာ ရေရှည်အတွက် ဖြေရှင်းနိုင်တဲ့ နည်းလမ်း မဟုတ်ဘူး။ ဒါကြောင့် အာဏာမသုံးရဘဲ လက်နက်မသုံးရဘဲနဲ့ တိုက်ဖျက်နိုင်တယ်ဆိုတာ အဖက်ဖက်နဲ့ ဆွေးနွေးတိုင်ပင်ရမယ်။ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို  ပျိုးထောင် ပေးရမယ်။ မြန်မာစစ်တပ်ရဲ့ ပြဿနာကို အရင်ဆုံး ဖြေရှင်းရမယ်။ အတိုက်ခံတွေနဲ့လည်း နိုင်ငံရေး သဘောတူညီချက် ရယူရမယ်။ နိုင်ငံရေး သဘောတူညီချက်ရရင် တိုင်းပြည်အေးချမ်းမယ်။ တိုင်းပြည် အေးချမ်းရင် စစ်မတိုက်ရတော့တဲ့အတွက် ဥပဒေနဲ့ ကိုင်တွယ်ဖို့ လွယ်သွားပြီ။ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးဖို့လည်း လုပ်နိုင်မယ်။ ဒါကြောင့် ၅ နှစ် ထပ်တိုးတာလည်း ဖြစ်နိုင်တယ်။

မေး။    ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်း ဘာကြောင့် မအောင်မြင်ရသလဲ။
ဖြေ။    ။ အရင်တုန်းက မအောင်မြင်ခဲ့တာဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ မဖြေရှင်း လို့ဘဲ။ လက်နက်နဲ့ စစ်ရေးနည်းနဲ့ ဖြေးရှင်းလာလို့။ သျှမ်းတိုင်းရင်းသားဖြစ်ဖြစ် တခြားတိုင်းရင်းသား ဖြစ်ဖြစ် လူ့အခွင့်အရေး မရှိဘူး၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိဘူး စတဲ့ နိုင်ငံရေး မကျေနပ်ချက်တွေကြောင့် နိုင်ငံရေး နည်းလမ်းနဲ့ တောင်းဆိုလာခဲ့ကြတယ်။ ဒါကို နိုင်ငံရေး နည်းလမ်းနဲ့ မဖြေရှင်းဘဲ စစ်ရေး နည်းနဲ့ ဖြေ ရှင်းတယ်။ တိုင်းပြည်အာဏာကို သိမ်းယူတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်လာရတယ်။ စစ်ဖြစ်လာရင် တစ်- ဥပဒေနဲ့ထိန်းချုပ်ဖို့ ခက်သွားပြီ။ နှစ် - အဖွဲ့တိုင်းက တိုက်ခိုက်ဖို့ နည်းလမ်းမျိုးစုံ နဲ့ အင်အားစုစည်းကြတယ်။ အတိုက်ခံဖက်ကလည်း ပြည်သူတွေကို အားကိုးပြီး တော်လှန်ရေးလုပ် တယ်။ ပြည်သူ တွေက ဘိန်းစိုက်တော့ တော်လှန်းရေးအဖွဲ့တွေကလည်း သူတို့ရဲ့တပ်သား စားဝတ် နေရေး၊ စစ်ဝတ်စုံ ထုတ်ပေးနိုင်ဖို့၊ လက်နက်ဆင်ပေးနိုင်ဖို့ ဘိန်းကို အားကိုးလာကြတယ်။ အစိုးရ ဖက်ကလည်း အတိုက်ခံ အဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းဖို့ အင်အားတိုးချဲ့တယ်။ ဒါပေမဲ့ တပ်သားတွေ ကို မကျွေးနိုင်ဘူး။ ကိုယ့် နည်းကိုယ့်ဟန်နဲ့ ရှာစားခိုင်းတော့ မြန်မာတပ်သားတွေလည်း မူးယစ်ဆေးဝါး နဲ့ ပတ်သက်လာတယ်။ အစိုးရက စစ်အင်အားနဲ့ဘဲ မကျေနပ်သေးဘူး။ မဟာမိတ်ရှာသေးတယ်။ တရုတ်ဖြူကို တိုက်မဲ့ UMP ကို ဘိန်း စိုက်ခွင့်ပေးတယ်။ အဲဒီနောက် တော်လှန်ရေးအဖွဲ့တွေကို တိုက်မဲ့ ကာကွယ်ရေးကို ဘိန်းစိုက် ခွင့်ပေးတယ်။ အခုတော့ ပြည်သူ့စစ် ပေါ့။ ပြည်သူ့စစ်တွေ ဘိန်းစိုက်နိုင် တယ်။ ဘိန်းချက်နိုင်တယ်။ စစ်တပ်ရဲ့ ဝန်ဟာ ပြည်သူတွေအပေါ် ကျလာတယ်။ အရင်တုန်းက ပြည်သူတွေ လယ်ယာလုပ်ရင် စားလို့လောက် ပြီ။ အခုတော့ လယ်ယာလုပ်ပေမဲ့ မလောက်ငှဘူး။ မြန်မာစစ်တပ်၊ ပြည်သူ့စစ်၊ တော်လှန်ရေးအဖွဲ့တွေ ကို ကျွေးရတယ်။ ဒါကြောင့် ပြည်သူတွေလည်း ဘိန်းစိုက်လာတယ်။ ဒီလိုဖြစ် နေတဲ့အချိန်မှာ ချမ်းသာ ကြွယ်ဝတဲ့သူတွေက လောဘကြီးပြီး အခွင့် ကောင်းယူတယ်။ ပြည်သူ့စစ်နဲ့ လာနေတယ်။ ဘိန်းချက် စက်ရုံတွေ ထောင်လာတယ်။ ဒါကြောင့် ဒီပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ မဖြေရှင်းရင် ဘာနဲ့ ဖြေရှင်းမလဲ။ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင် ရင် မြန်မာစစ်တပ်လည်း အင်အား တိုးချဲ့ဖို့ မလိုတော့ဘူး။ မဟာမိတ်လည်း မလိုတော့ဘူး။ ပြည်သူ့စစ် တွေလည်း ချမ်းသာတဲ့လူတွေကို ဘိန်းချက်ဖို့ ဘိန်း စိုက်ဖို့ ခွင့်မပေးရတော့ဘူး။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့လည်း စစ်မတိုက်ရ တော့ဘဲ အေးအေးချမ်းချမ်း နေနိုင်ပြီ။ အဲဒီလိုဆိုရင် ပပျောက်နိုင်တယ်။

မေး။    ။ ၅ နှစ် ထပ်တိုးတာဟာ မူးယစ်ဆေးဝါး ပပျောက်နိုင်မှာလား။
ဖြေ။    ။ နည်းဟောင်းကို သုံးရင်တော့ မပျောက်နိုင်ဘူး။ နည်းဟောင်းဆိုတာ စစ်အင်အားနဲ့ တိုက်ဖျက် တာဖြစ်တယ်။ စစ်ရေးနည်းနဲ့ အတိုက်ခံတွေကို တိုက်ဖျက်ချေမှုန်းရင်တော့ လုံးဝ မပျောက်နိုင်ဘူး။

မေး။    ။ မူးယစ်ဆေးဝါး ပပျောက်အောင် ဘယ်လိုလုပ်ရမှာလဲ။
ဖြေ။    ။ တစ် - နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်း ရမယ်။  နှစ် - ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းဟာ လွတ်လပ်ရေး ရပြီးနောက် တော်လှန်ရေး စတင်တာနဲ့ ပျက်စီးသွားတာ များတယ်။ ပြည်သူရဲ့ အသက်မွေးဝမ်းကျောင်းကို  ပြန်ပျိုးထောင်ပေးရ မယ်။ သုံး - ဥပဒေဖက်လည်း ဥပဒေကို အဓိကထားရမယ်။ ဥပဒေနဲ့အညီ လုပ်ရမယ်။ ပြည်သူရဲ့ ပညာ ရေး၊ ကျန်းမာရေးတွေကို ပြန်ပြီးပျိုးထောင်ပေးရမယ်။ တကယ်လို့ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာ ရေးနဲ့ အသက်မွေးဝမ်းကျောင်းကို ပြန်ပျိုးထောင်ပေးနိုင်ရင် မူးယစ်ဆေးဝါး ပပျောက်သွားမယ်လို့ ထင်မြင်ပါတယ်။

မေး။    ။ နောက်ဆုံးအနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ။    ။ ဦးသိန်းစိန် အစိုးရက အရင်ကတော့ ၂၀၁၄ မှာ မူးယစ်ဆေးဝါး ပပျောက်ရမယ်။ အခုတော့ ၂၀၁၉ မှာ ပပျောက်ရမယ်လို့ ကြေငြာတာဟာ ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ ပြည်သူတွေ သိရှိ အောင် ကြေငြာပေးရမယ်။ သူတို့က ၂၀၁၄ ကနေ ၂၀၁၉ ထိ ရက်ရွှေ့လိုက်ပြီဆိုတာဘဲ ကြေငြာတာနဲ့ မလုံလောက်သေးဘူး။ ပြည်သူနဲ့ ကမ္ဘာကသိအောင် ၇ နှစ်အတွင်းမှာ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ ရှင်းပြရမယ်။ နောက်ပြီး နောက်ကွယ်စီမံကိန်း မရှိစေရဘူး။ ဒါမှ အဖက်ဖက်နဲ့ ပူးပေါင်းလုပ်ဆောင် နိုင်မယ်။ အဲဒီလိုမှ မူးယစ်ဆေးဝါး ပပျောက်နိုင်မယ်။ ပြည်သူနဲ့ကမ္ဘာက နားလည်အောင် မကြေငြာ တဲ့အပြင် နောက်ကွယ်စီမံကိန်းရှိရင်တော့ ၂၀၁၉ ရောက်ရင်လည်း မူးယစ်ဆေးဝါးဟာ ပပျောက်မှာ မဟုတ်ဘူး။ ဆက်ရှိနေမှာဘဲ။ ဒီလိုမဖြစ်အောင် လုပ်ဆောင်ပါလို့ အစိုးရကို တိုက်တွန်းချင်ပါတယ်။

သို့- သျှမ်းသံတော်ဆင့် မှတဆင့်

Posted: 26 Oct 2012 06:08 AM PDT

ပြည်ထောင်စုဝန်ကြီး(ပြည်ထဲရေး၊ပြန်ကြားရေး) ကြားသိစေချင်

အကြောင်းအရာ။     မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီနှင့် ပတ်သက်၍ ဆက်လက်ပေးပို့  တိုင်ကြားခြင်း

၁။    သျှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတွင် ဖွဲ့စည်ထားသော မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီနှင့် ပတ်သက်၍ တိုင်ကြားမှုအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးမှ ၂၉.၉.၂၀၁၂ ရက်နေ့ တွင် မော်တော်ယာဉ်ဂိတ်မှူးများ၊ မထသ အဖွဲ့ဝင်များ၊ ယာဉ်မောင်းများအား ခေါ်ယူ၍ အစည်းဝေးပြုလုပ်ခဲ့ပြီး မထသ ဥက္ကဌ သစ် ရွေးချယ်မှုပြုလုပ်ခဲ့ ပါသည်။

၂။    ရွေးချယ်ရာတွင် ယခင်အတွင်းရေးမှူး ဦးဟန်သင်း အား ဥက္ကဌ ၊ အတွင်းရေးမှူး ဦးခင်မောင်တင့် (ယာဉ်ကြီးအသင်း အတွင်းရေးမှူး)၊အဖွဲ့ဝင် ဦးသိန်းထိုက် (ယာဉ်ကြီးအသင်း ဥက္ကဌ) ဖြင့် မထသ ကော်မတီအား ပြန်လည်ရွေးချယ်ခဲ့ပြီး ဥက္ကဌဟောင်း ဦးစိန်လှိုင်အား မထသ အသင်း နာယက အဖြင့် ခန့်ထားခဲ့ပါသည်။ ဦးစိန်လှိုင် နှစ်ပေါင်းများစွာ လိမ်လည်လုပ်ကိုင် ငွေများအနက် ငွေစာရင်း သိန်း (၉၀၀) ကိုလည်း တစ်ပါတည်းလွှဲပြောင်းပေးခဲ့ပါသည်။

၃။    အဆိုပါရွေးချယ်မှုတွင် ဥက္ကဌနေရာတွင် ကျွန်တော်တို့ ယာဉ်မောင်း များမှကျေနပ်မှုရှိကြသော်လည်း အတွင်းရေးမှူးအဖြင့် ဦးခင်မောင်တင့် (ယာဉ်ကြီးအသင်း) အားခန့်ထားသည်မှာ ကျေနပ်မှုမရှိပါကြောင်း၊ ဦးခင်မောင်တင့်သည် (ပေါ်တော်မူ၊ လောင်းကစားပွဲစား၊ မဟုတ်မှုမှန်သမျှ ပွဲစားပြုလုပ်သူ၊ ခရိုနီ၊ မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် ပတ်သက်မှုဖြင့် ကျိုင်းတုံ (စရဖ)တွင် နှစ်လ ချုပ်ထားခြင်းခံရပြီး တိုင်းမှူးမှ ကယ်တင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သူ) အား အတွင်းရေးမှူး ခန့်ထားခဲ့သဖြင့် ကျေနပ်မှုမရှိကြကြောင်း၊ ကျိုင်းတုံ (မထသ) တွင် စတင်ဖွဲ့စည်းကတည်းက ပါဝင်လာခဲ့သည် အဖွဲ့ဝင်များမှာလည်း ဦးခင်မောင်တင့် ပါဝင်လာမှုကြောင့် နှုတ်ထွက်သွားခဲ့ရသဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးအား လာဒ်ငွေထိုးပြီး အတွင်းရေးမှူးတာဝန်အား ရယူခဲ့သည့်အပေါ် စီစစ် ဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါသည်။

ကျိုင်းတုံမြို့မှယာဉ်မောင်းများ