ရွှေည၀ါ အထူးတရားသဘင်ပွဲတော်ကို အမာရီလိုမြို့ တွင် ကျင်းပမည်
မိုးမခအထောက်တော် (အမရီလို)၊ အောက်တိုဘာ ၁၂၊ ၂၀၁၂
ပြည်ထောင်စု မြန်မာနိုင်ငံ မှ နေ၍ အမေရိကန် နိုင်ငံ ၊ပြည်နယ် ဒေသ အနှံ့အပြားသို့ လှည့်လည်ကြွရောက်ကာ တရားဟော သာသနာပြုလျက်ရှိ သော ဓမ္မာစရိယ ၊ ဂဏဝါစက နိုင်ငံကျော်ဓမ္မကထိက ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ သည် ယခု စနေ၊ တနင်္ဂနွေ သီတင်းပတ် အောက်တိုဘာ ၁၃၊ ၁၄ ရက်များတွင် အယ်လ်အေမြို့တော်၊ လပွန်တေးရပ်ရှိ (ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်း (710 Grandview Lane, La Puente, CA 91744, tel.
(626) 336-3419) တွင် တရားပွဲ ဟောပြောပြီးနောက် နောက်ရက်သတ္တပတ်အတွက် အထူးဓမ္မသဘင်ကို အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ၊ ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်တော် အတွင်း၌ အောက်တိုဘာလ ၂၀၊၂၁ (စနေ၊တနင်္ဂနွေ) ရက်နေ့ များတွင် စည်းကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရှိရသည်။
တရားပွဲကျင်းပရခြင်းရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းထိုင်ဆရာတော်အား မေးမြန်းလျောက်ထားရာ ...
"အမာရီလို ဒေသမှာ အခြေချ နေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား ဗုဒ္ဓဘာသာ အများစုရဲ့ ရင်ထဲမှာ ဓမ္မအသိ ဉာဏ် တွေ ရင့်သန်လာစေဖို့အဓိကရည်ရွယ်ပါတယ်။ ကျွဲကူး ရေပါ အနေနဲ့ သမဏာနဥ္ဒ ဒဿန မင်္ဂလာ ကာလေန ဓမ္မသ၀နံ အစရှိသည့် မင်္ဂလာကျက်သရေ အပေါင်းနဲ့ ခညောင်း ပြည့်စုံစေကြာင်း စေတနာကောင်းနဲ့ ဆရာတော်တွေရဲ့ တရားတော်များ ကြားနာရပြီးနောက်မှာ မျိုးဆက်သစ် လူငယ်လေးများ ဘာသာတရား အဆုံးမများနဲ့ ရင်းနှီးကျွမ်းဝင်လာကာ မိဘမေတ္တာ သိရှိနားလည်လာစေချင်တဲ့အတွက်ပါ။ အခြေခံ ကတော့ အမျိုး ဘာသာ သာသနာ အကျိုး ဂုဏ်ရောင်တိုးဖို့ ဒီတရားပွဲကို စီစဉ်ကျင်းပကြမှာပါ"
ဟု မိုးမသို့ မိန့် ကြားသည်။
ရွှေည၀ါဟု မည်တွင်ရခြင်း အနက်အဓိ ပ္ပာယ်နဲ့ ပတ်သက်ပြီး ဥူးနန္ဒ၀ံသကို ဆက်လက်မေးမြန်းလျောက်ထားရာ
"ရွှေည၀ါ ဆိုတာ က သီးခြား အဓိပ္ပါယ်ရှိပါတယ်။ ရွှေဆိုတာက ဆရာတော်နေခဲ့တဲ့ ရွှေဟင်္သာကျောင်းတိုက်ကို ကိုယ်စားပြုတယ်။ ည၀ါ ဆိုတာ ဆရာတော် ဦးစီးဖွင့်ခဲ့တဲ့ သင်တန်းသား သံဃာတော်တွေ ညအခါ ရွတ်ဆိုလေ့လာ သင်အံတဲ့ ယမိုက် ပဋ္ဌာန်း စာဝါတွေကို ညဝါ လို့ ခေါ်တယ်။ အဲ နှစ်ခု ပေါင်းပြီး ရွှေည၀ါလို့  ခေါ်တာပါ။ သင်တန်းအကျယ်က အဘိဓမ္မာ ရွှေညဝါ သင်တန်းပါ" ဟု ဆရာတော်က မိုးမခသို့ ရှင်းလင်းမိန့် ကြားသည်။
ရွှေည၀ါဆရာတော်၏ ဓမ္မသဘင်ပွဲများတွင် ဆရာတော်က သစ္စာလေးပါးတရားအပြင် လက်ရှိ မြန်မာနိုင်ငံရဲ့  အခြေအနေတွေ၊ သံဃာတော်တွေရဲ့ အခြေအနေများကိုပါ ထည့်သွင်းဟောကြားသဖြင့် တရားနာပုဂ္ဂိုလ်များအတွက် အသိအမြင် ဗဟုသုတလည်း ရရှိကြကြောင်း ယနေ့ မြန်မာ (Burma Today) သတင်းအရ သိရှိရသည်။
အမာရီလိုမြို့ရှိ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းသည် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ဒေသအသီးသီးမှ နိုင်ငံကျော် ဓမ္မကဓိက တရားဟော တရားပြ အကျော်အမော် ဆရာတော်ကြီးများ နှစ်စဉ်နှစ်တိုင်းနီးပါး ကြွရောက်ကာ တရားဟော တရားပြနေသည့် မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်ပြီး ၂၀၁၂ စက်တင်ဘာလ ၂ ရက်နေ့ ကလည်း နိုင်ငံကျော် ဓမ္မကထိက တရားဟောတရားပြအကျော် ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)၏ ဓမ္မဒါန ဓမ္မပူဇာ တရားအလှူ ဓမ္မသဘင်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
ရွှေညဝါဆရာတော်သည် ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလနဲ့ အတူ ပြည်တွင်းတရားဟောခွင့်များကို ပိတ်ပင်ခံခဲ့ရသည့် ဆရာတော်တပါးဖြစ်ပြီး ရန်ကုန်ဗုဒ္ဓတက္ကသိုလ် တည်ရှိရာ ကြည့်မြင်တိုင် သာဓု ပရိယတ္တိ စာသင်တိုက်မှ ထွက်ခွာကာ ယခုအခါ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် ရွှေည၀ါ ကျောင်းတိုက်တော်ကို တည်ထောင်လျှက် သာသနာအကျိုး သယ်ပိုးနေသည့် ဆရာတော် တစ်ပါး ဖြစ်သည်။
Maung Yin Nga Tay - The city where I dwell
ရောက်တတ်ရာရာမှတ်စုအတိုအစများ
မောင်ရင်ငတေနေတဲ့ မြို့အကြောင်း (မောင်ရင်ငတေ)
အောက်တိုဘာ ၁၂၊ ၂၀၁၂
မောင်ရင်ငတေရဲ့ လက်ရှိရောက်ရှိနေထိုင်တဲ့ မြို့ကိုတော့ မြန်မာလူမျိုးတိုင်း သိကြပါတယ်၊ ကြွားတယ်လို့တော့ မထင်လိုက်ကြပါနဲ့ မောင်ရင်ငတေနေတာ ပဲရစ်မြို့လို့ခေါ်ပါတယ်၊ ဒီမြို့မှာရှိတဲ့ အီဖယ်လ်မျှော်စင်ကြီးနဲ့ ပဲရစ်မြို့သို့မဟုတ် ပြင်သစ်အခေါ် ပါရီမြို့တော်ကို ကမ္ဘာ အရပ်ရပ်ရှိ လူတွေအားလုံး သိကြသလို ရောက်ဖူးချင်ကြမှာပါ၊ မောင်ရင်ငတေကတော့ ဘယ်ဘဝက ရှေးရေစက်ကြောင့်လည်းတော့ မသိပါဘူး ယောင်လည်လည် ရောက်ခဲ့ပြီးနောက် ခွာလို့ မရတော့ပါဘူး၊ ဘာမသိညာမသိ ပြင်သစ်လို ဘွန်ရှုးဆိုတဲ့ နှုတ်ခွန်းဆက် စကားတခွန်းနဲ့ မြန်မာပြည်က အိမ်ခန်းအပေါင်ခံ ထားခဲ့ပြီး ရောက်လာခဲ့တဲ့ မောင်ရင်ငတေ တယောက်တော့ ပါရီမြို့ရဲ့ လမ်းကြို လမ်းကြားတွေမှာ စရောက်ကတည်းက ခုထိ လျှောက်နေခဲ့ လျှောက်နေဆဲပေါ့၊
ဒီမြို့မှာ ပါရီမှာ တွေ့ရတာ အများဆုံးကတော့ ကမ္ဘာလည့်ခရီးသည်တွေရယ် ကမ္ဘာအရပ်ရပ်ကနေ ရောက်လာတဲ့ မောင်ရင်ငတေတို့လို ဒုက္ခသည်တွေရယ်ပေါ့၊ ပြင်သစ်နိုင်ငံသား ဖြစ်သွားကြတဲ့ ကိုလိုနီဟောင်း အာဖရိကန်လူမည်းတွေနဲ့ တူနီးရှန်း အယ်ဂျီးရီးယန်း မော်ရိုကန်လူမျိုးတွေကို တွေ့ရများမှာ ဖြစ်သလို မောင်ရင်ငတေတို့ရဲ့ မိတ်ဆွေ ဆွေမျိုးပေါက်ဖော်ကြီးတွေလည်း အမြောက်အများ တွေ့ရမှာဖြစ်ပါတယ် ၊ လာအို ခမာနဲ့ ဗီယက်နမ် တွေလည်း ပေါများပါတယ် ၊ သီရိလင်္ကာရဲ့ နာမည်ကျော် တမီလ်တိုက်ဂါးဟောင်းတွေလည်း များမှများတဲ့ မြို့တမြို့ပါဘဲ ၊ ကမ္ဘာပေါ်မှာရှိသမျှသော လူမျိုးပေါင်းစုံ ရောက်ရှိနေထိုင်ရာ မြို့ကြီးတမြို့ ဖြစ်ပါတယ်၊ မတွေဘူးတဲ့ လူမျိုးတောင် မရှိတော့ဘူးနဲ့တူပါတယ်၊ မောင်ရင်ငတေတို့ ရွှေလူမျိုးကတော့ ဂုဏ်ယူရမှာလားမသိ အနဲငယ်ဘဲရှိပါတယ်၊ ဒီမြို့မှာ အခြေချ နေထိုင်သူ အများဆုံး တစ်ရာကျော် နှစ်ရာထက် မပိုပါဘူး၊
ဒါတောင်မှ လွန်ခဲ့တဲ့ လပိုင်းလောက်က မြန်မာပြည်ရဲ့ အဓိက ကမ္ဘာသိခေါင်းဆောင်ကို ကြိုဆိုတဲ့ပွဲတုန်းကတော့ မောင်ရင်ငတေတို့ ရောက်ရှိနေထိုင်ခဲ့တဲ့ ၁၂ နှစ်တာကာလ အတွင်းမှာ တခါဖူးမျှ မမြင်မတွေ့ဘူးတဲ့ မြန်မာ လူကြီးလူကောင်း စစ်စစ်တွေ ကြွရောက်ချီးမြင့်ကြကြောင်း ကြားသိလိုက်ရတာပါ ခင်ဗျာ၊ မောင်ရင်ငတေကတော့ အဲဒီလို ပွဲလမ်းသဘင်တွေကို ဝေးဝေးက ရှောင်ကြင်သူမို့ မတွေ့လိုက်ရပါဘူးဗျာ၊ သူတို့ပါပါမှ လူနှစ်ရာ လောက်ရှိတာပါ၊
ရွှေအဖွဲ့အစည်း ကတော့ များများမရှိပါဘူး လူနှစ်ရာ အဖွဲ့နှစ်ရာ မရှိပါဘူး၊ ဖွဲ့ပြီးရင် ကွဲတတ်ကြ လွန်းလို့ မောင်ရင်ငတေတို့တော့ အဖွဲ့ကို မဖွဲ့တော့တာပါ၊ မောင်ရင်ငတေတို့ရဲ့ မိတ်ဆွေတချို့နဲ့တော့ သောက်သုံးသူများသမဂ္ဂတို့ စားသုံးသူများသမဂ္ဂတို့ လယ်ယာပြန်စားရေး သမဂ္ဂတို့လို တရားမဝင် အသင်းလေးတွေတော့ ရှိပါတယ်၊ တပတ်တခါလောက် ချိန်းပြီးတော့ စားကြ သောက်ကြ အတင်း ဖလှယ်ကြပေါ့ဗျာ၊ ဒီအဖွဲ့ထဲကို မဝင်ကြတဲ့ တသီးပုဂ္ဂလ အမတ်မင်းများလည်း ရှိသပေါ့ဗျာ၊
ဒီပါရီ ရွှေမြို့တော်ကြီးဟာ ထူးခြားတာကတော့ မြို့တော်ကြီးကသာ မြို့ဟောင်း အဆောက်ဦး အဟောင်းတွေနဲ့သာ ပြည့်နှက်လို့နေပေမဲ့ လူတွေကတော့ ခေတ္တခဏ လာရောက်လည်ပတ်ကြတဲ့ သူတွေရယ် အမြဲတမ်းနေထိုင်ခွင့် ရမလားလို့ လာကြတဲ့သူတွေရယ်နဲ့ လူသစ် မျက်နှာသစ်တွေ အများစုကို တွေ့ကြရမှာ ဖြစ်ပါတယ်၊
အဟောင်းတွေနဲ့မြို့
ပါရီမြို့လယ်မှာ နှစ်ထပ်လမ်းတွေ သုံးထပ်လမ်းတွေ ဂုံးကျော်တံတားကြီးတွေ မိုးမျှော်တိုက်ကြီးတွေ တွေ့ရမှာ မဟုတ်ပါဘူး၊ ၉၀ ရာနှုန်းသော အဆောက်အဦများဟာ လွန်ခဲ့သောနှစ်ပေါင်း တစ်ရာ နှစ်ရာ သုံးရာက ဆောက်လုပ်ခဲ့တဲ့ အဟောင်းတွေသာဖြစ်ပါတယ်၊
၁၂ ရာစုမတိုင်ခင် ကတည်းကနေ ယနေ့ခေတ်ထိ ဥရောပရဲ့ အဓိက အချက်အချာကြတဲ့မြို့ ဖြစ်ခဲ့ပြီး နှစ်ပေါင်း လေးငါး ခြောက်ရာ သက်တမ်းရှိ နာမည်ကြီး ရှေးဟောင်း အဆောက်အဦးများ သာမက လူနေတိုက်ခန်းအဟောင်းပေါင်း မြောက်များစွာကလည်း ပါရီမြို့လုံးနှံ့ လက်ညိုးထိုးမလွဲ ယခုထိတိုင်အောင် ရှိနေသလို မမျှော်လင့်တဲ့အဖျက်အဆီးများ မရှိခဲ့ပါက နောက်နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိလို့ သွားမှာသေချာပါတယ်၊ အဟောင်းတွေနဲ့ တည်ရှိနေတဲ့ အဟောင်းတွေကို ခပ်တည်တည်ပြစားနေတဲ့ ဥရောပ ရှေးဟောင်း မြို့တော်ကြီးပေါ့၊
အများစုသော နန်းတော်ဟောင်း ရဲတိုက်ဟောင်း အိမ်ကြီး အိမ်ကောင်း အဟောင်းများဟာ ရှေးရှေးကတော့ မြေရှင် ငွေရှင် ပဒေသရာဇ် နယ်စားပယ်စားများ တဦးချင်းပိုင်ဆိုင်ခဲ့ကြတာဖြစ်ပြီး ယနေ့မှာတော့ နိုင်ငံတော်က ပိုင်ဆိုင်သော ဝင်ကြေး ၁၀ ယူရို ဝန်းကျင်ခန့် ပေးဝင်ရသော ပြတိုက်များအဖြစ် အသွင်ပြောင်းထားပြီး ကမ္ဘာလှည့်ခရီးသည်တွေ တန်းစီတိုး နေတာကို အမြဲလိုလို မြင်တွေ့ရမှာ ဖြစ်ပါတယ် ၊
တခါက ဖတ်ဖူးလိုက်တဲ့ ဖေ့စ်ဘွတ်ခ်ျပေါ်က ကွန်မန့်တခုမှာ ပါရီမြို့ကိုလာလည်ခဲ့တဲ့ လန်ဒန်သူ နှစ်ဦးရဲ့ အပြန်အလှန် မှတ်ချက်မှာ ရေးထားတာကတော့ လန်ဒန်မြို့ကြီး ဘယ်လောက်ကြီးကျယ် ကြီးကျယ် ပါရီနဲ့ ယှဉ်လိုက်ရင်တော့ လက်သုတ်ပုဝါနဲ့ လက်နှီးစုတ်လို ကွာခြားလှပါပေတယ်တဲ့ ခင်ဗျား၊ မောင်ရင်ငတေရဲ့ မှတ်ချက်မဟုတ်ကြောင်းပါခင်ဗျား၊
အခုလက်ရှိ မောင်ရင်ငတေ နေနေတဲ့ ပါရီမြို့စွန် ဆင်ခြေဖုံးရပ်ကွက်တခုက နှစ်ထပ်နှစ်ခန်းတွဲ တိုက်ကလေးတောင်မှ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပေမယ့် ဆက်လက်ရပ်တည်စဲပါ၊ ချဲ့ထွင်လာတဲ့ မြို့ပြနယ်နမိတ်အရတော့ သူ့နဘေးမှာ အထပ်မြင့်တိုက်တွေ ဝန်းရံလို့တော့ နေပါပြီ၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တွေ မလွှမ်းမိုးတဲ့ နေရာဖြစ်လို့ ဆက်လက်ရပ်တည်ချင်သပ ဆိုရင်ဖြင့် ရပ်တည်ခွင့် ဆက်လက်ပြီးတော့ ရှိနေမှာပါ၊
ငွေကြေးဝါးလား ကြီးတွေတော့ မရှိဘူးလားမဟုတ် ရှိတာပါဘဲ၊ ဒါပေမဲ့ ဥပဒေရဲ့ အထက်မှာတော့ ဘယ်အလွယ်တကူ ရပ်တည်လို့ ရနိုင်ပါ့မလဲဗျာ၊ ဒီနေရာကိုလည်း လုပ်ငန်းရှင်ကြီးတွေက ရယူလိုပေမယ့် အခန်းပိုင်ရှင် တဦးတလေက သဘောမတူရင်ဖြင့် ဘယ်လိုမှ မသိမ်းပိုက် နိုင်ကြောင်းပါ ခင်ဗျာ။
ဒီလိုအခန်းလေးတွေတောင်မှ ငှားရဖို့ မလွယ်ကူပါဘူး စတုရန်းမီတာ ၂၀ ပတ်ဝန်းကျင်ခန့်သာ ကျယ်တဲ့အခန်းလေးတွေကို တလငှားခ ယူရို ၅၀၀ အနည်းဆုံး ပေးရပါတယ်၊ ဒါက အခွန်အခတွေ မပါသေးဘူးနော်၊ စာရွက်စာတမ်း တထပ်ကြီး ပြည့်စုံရင်တောင်မှ အိမ်ငှားဧဂျင်စီတွေက မယုံကြည်လို့ လွယ်လွယ် ကူကူ မငှားရမ်းပါဘူး၊ သတ်မှတ်ထားတဲ့ ဥပဒေမှာလည်း အိမ်ငှားတဦးရဲ့ တလဝင်ငွေဟာ အိမ်ငှားခရဲ့ သုံးဆ ရှိရမှာဖြစ်ပါတယ်၊ တကယ်တန်း အခြေခံလူတန်းစား အလုပ်သမားတဦးရဲ့ လခကတော့ ၁၂၀၀ ခန့်သာ ရတာဖြစ်လို့ ၅၀၀ တန် အခန်းတခုငှားဖို့ မလုံလောက်ပါဘူး ခင်ဗျား၊ ဘယ်လိုပညာရှင်တွေ တွက်ချက်ပြီး သတ်မှတ်ထားတဲ့ ဥပဒေလည်းလို့ မောင်ရင်ငတေ စဉ်းစားပြီး ချာလပတ်လည်သွား ရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
Hanthawaddy U Win Tin - New Hell Hounds at large in Burma
ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး
ဟံသာဝတီ ဦးဝင်းတင်၊ အောက်တိုဘာ ၁၃၊ ၂၀၁၂
( Myanmar Independence Journal )
ဒီရက်ပိုင်းအတွင်း မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်မှာ ဆန်းဆန်းထူးထူး စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ တိုတို ပြောရရင် ဒီလိုဗျာ။ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့ စာက ဂျာနယ်တွေထဲ၊ သတင်းစာတွေထဲမှာ ဖတ်ရလေ့ မရှိတဲ့စာဗျ။ ရေးတဲ့သူက ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း "ကျောင်းသားလှုပ်ရှားမှု"ဆိုတဲ့ ဧရာမကျမ်းကြီးကို ပြုစုခဲ့သူ။ သူ့နာမည်က ကိုအောင်ထွန်း။
ကိုအောင်ထွန်းကို စစ်အာဏာရှင် အစိုးရက တစ်ချိန်က ဖမ်းဆီးခဲ့တယ်။ ချုပ်နှောင်ခဲ့တယ်။ ပြီးတော့ ထုံးစံ အတိုင်းပေါ့။ ညှဉ်းပန်းခဲ့တယ်။ နှိပ်စက်ခဲ့တယ်။ အားလုံးပြီးတော့ ဆိုပါစို့ ။ ထုံးစံအတိုင်း သံတိုင်နောက်က ထောင်ငရဲခန်းထဲ သွင်းလိုက်တယ်။ ထုံးစံအတိုင်း ထောင်ထဲမှာ နှစ်ပရိစ္ဆေဒတွေ အကြာကြီး ပိတ်လိုက်တယ်။ထုံးစံအတိုင်း သူ့ကို လူ့ငရဲခန်းထဲပိတ်ထားခိုက် စစ်ထောက်လှမ်းရေး ယမမင်းတို့ လုပ်ကြံမှုတွေစိတ်ကြိုက်လုပ်ကြတယ်။
ဒီလို မတရား ချုပ်နှောင်မှုတွေ၊ ညှဉ်းပန်းမှုတွေ ၊ ငရဲခန်း သွင်းပိတ်မှုတွေ ထောင်တွင်း လုပ်ကြံမှုတွေ၊ လွတ်ချိန်သင့်လို့ လွတ်ခွင့်ကြုံလာရင်တောင် အကျဉ်းသားရဲ့လူ့သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ ယုံကြည်ချက် သိက္ခာကို ဖဲ့ခြွေချိုးဖျက်တဲ့ ခံဝန်ချက် အမျိုးမျိုးကို လက်မှတ်ထိုး ခိုင်းတာတွေ၊ အဲဒါတွေ အားလုံးအတွက် စစ်အာဏာရှင် ပါးကွက်သားတွေ ငါတို့ (နိုင်ငံရေး အကျဉ်းသားတွေ)ကို ဝန်ချတောင်းပန်ရမယ်။ ငါတို့ အဖွဲ့အစည်းတွေကို ဝန်ချ တောင်းပန်ရမယ်။ ငါတို့ ဘက်က ရပ်တည်ခဲ့တဲ့ ပြည်သူလူထုတွေကို ဝန်ချ တောင်းပန်ရမယ်တဲ့။
မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်မှာ လွှင့်လိုက်တဲ့ ကိုအောင်ထွန်းရဲ့အသံက ကြေညာချက်ပုံစံနဲ့ ထွက်လာတယ်။ သူ့အသံက စစ်အာဏာရှင်ဟောင်းကြီး ချုပ်နှစ်ချုပ်ကို နာမည်နှင့်တကွ လူကောင်ဆွဲထုတ် စွပ်စွဲတာ ဖြစ်တယ်။ သူ့အသံ က ပြည်သူလူထုကြီးတစ်ရပ်လုံးကို သိကြားစေ သက်သေညွှန်းတဲ့ ပုံစံမျိုးနဲ့ ဖွင့်ချတာ ဖြစ်တယ်။
အဲသလို နိုင်ငံရေး အကျဉ်းသားဟောင်း အကျော်ဇေယျတစ်ဦးရဲ့ အသံကို ကျွန်တော် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။
ထပ်ဆင့် သဘောတူတယ်။
ထပ်ဆင့် ထောက်ခံတယ်။
ထပ်ဆင့် ဆန္ဒပေးတယ်။
ဒီလိုပဲ လိုရင်းကိုတိုတိုရှင်းရှင်း ပြောစရာရှိတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ကိုအောင်ထွန်းလိုပဲ လူ့ငရဲကို ဖြတ်သန်း ခဲ့သူ။ ဒီတော့ နောက်ထပ် ထပ်ဆင့်ပြောစရာတွေ ရှိတယ်။ နည်းနည်းပြောပါရစေ။
အားနာလို့ နည်းနည်းပြောပါရစေ ခွင့်တောင်းတာ။ ပြောစရာတွေ ကတော့ အများကြီး။
၁၉၈၉ ဇူလိုင် ၃ ရက်မှာ ကျွန်တော်ထောင်ထဲ ရောက်တယ်။ အဲဒီနှစ် စက်တင်ဘာ ၃ဝ ရက်မှာ ထောင်ဒဏ်အပြစ် ပေးခံရတယ်။ ၃ လလောက် အကြား ကာလမှာ ကျွန်တော်ဟာ အချုပ်သား။ ပြစ်ဒဏ်ကျခံရတဲ့ ထောင်သား မဟုတ်သေးဘူး။ အပြစ် တစ်စုံ တစ်ရာ ရှိတယ်လို့ သတ်မှတ်ခြင်း ခံရတဲ့သူ မဟုတ်သေးဘူး။
ဒါပေမယ့် ကျွန်တော်ညှဉ်းပန်းမှုတွေ ခံရတယ်။ နှိပ်စက်မှုတွေ ခံရတယ်။ အများကြီး ခံရတယ်။ ကြိမ်ဖန်များစွာ ခံရတယ်။ ညမအိပ် နေ့မနား ရက်ပေါင်းများစွာ ခံရတယ်။ ညှဉ်းပန်းသမျှကို ဝမ်းဟင်းလင်းနဲ့ လည်စင်းခံရတယ်။
ဒါက အချုပ်သားဘဝ(အပြစ်မဲ့ ဘဝ)နဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ။
ထောင်သားဘဝ (အပြစ်ကျဘဝ) ရောက်တော့ကော။ မေးနေစရာ မလိုပါဘူး။ ပိုလို့သာ ဆိုးလာတော့တာပေါ့။ စစ်ထောက်လှမ်းရေးက ထောင်ထဲ မှာပဲ တပ်စွဲနေတာကိုး။ လာချင်ရင် အနီးလေး ဖြစ်နေတော့တာပေါ့။ အပြင်နိုင်ငံရေးက ချွတ်ချွတ်ပျက်ပျက် ဖြစ်နေတယ်။ ဒီတော့ ထောင်ထဲမှာ ကျွန်တော်တို့ ဖွတ်ဖွတ်ညက်ညက်ကြေနေကြရတော့တာပေါ့။ စစ်ခွေးတိုက် သွင်းခံရလိုခံရ။ ရဲဘက် စခန်း သွင်းခံရလိုခံရ။ စစ်ထောက်လှမ်းရေး က ကျောချင်တိုင်း ကျောတဲ့ စစ်ကြောရေး ရုံး သွင်းခံရလိုခံရ။ ကျန်ကောင်း
ကျန်ရာ လူ့သိက္ခာ ဗလာကျင်း အောင် ဖဲ့ခြွေချွတ်ခွာ ခံရလိုခံရ။
ဖဲ့တာ ခြွေတာ ခံရတာတွေထဲမှာ အဆိုးဆုံးက ကျွန်တော့်ပါးစပ်ထဲက မွေးရာပါသွားတွေ ချောင်ခြွေ ချိုးချွတ် ခံရတာပဲ။ စစ်ထောက်လှမ်းရေး လက်ချက်နဲ့ ကျွန်တော့်သွားတွေ အကုန်ကြွေကုန်တယ်။
၁၉၉၁ ကနေ ၁၉၉၈ အထိ သွား ဝတ်လစ်စားလစ် ပါးစပ်နဲ့ ထောင်ထမင်းကြမ်း ဟပ်နေခဲ့ရတယ်။ ၇ နှစ်အကြာ ၁၉၉၈ ရောက်မှ သွားတုတပ်ခွင့် ပေးတယ်။
ပိုဆိုးတာ နောက်တစ်ခု ရှိသေးတယ်။
၁၉၉ဝ ဇန်နဝါရီမှာ ကျွန်တော် အူကျရောဂါ ရတယ်။ အိပ်ရာထဲ ဗုန်းဗုန်း လဲတဲ့အဖြစ် ဆိုက်တယ်။ အာဏာပိုင်တွေက ဘာကုသမှုမှ မလုပ်ပေးဘူး။ ပြောမရ ဆိုမရဘဲ။ ၅ နှစ်တိတိ ကြာတယ်။ နောက်ဆုံး အူတွေခေါက် သေမလောက် ဖြစ်မှ ဆေးရုံပို့တယ်။ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ခန်းထဲကို တိုက်ရိုက်ပို့ရတယ်။ ခွဲစိတ်ရတယ်။ လူတော့ မသေဘူး။
မွေးရာပါ တစ်ရှဉ်းတော့ "နတ်သင်း" ဖြစ်ရတယ်။
အဆိုးတကာ့ ထိပ်ခေါင် လူ့ငရဲ မီးလောင်ခံရတဲ့ အဖြစ်က ဒီလို။
၂ဝဝ၅ ဇူလိုင် ၆ ရက် မနက်မှာ ကျွန်တော့်ကို လွှတ်ပေးမယ်လို့ လာပြောတယ်။ ထောင်မှူးက ခေါ်ထုတ်တယ်။ လွှတ်မယ့် အကျဉ်းသား ၁ဝဝ ကျော်နဲ့ ဆုံရတယ်။ လွှတ်ဝရမ်းရေးဖို့ ကျွန်တော်တို့ တစ်တွေကို ကိုယ်မှတ်စစ် တယ်။ ထောင်ကျ တုန်းက မှတ်တမ်းယူ ထားခဲ့တဲ့ ကိုယ်အင်္ဂါ အမှတ်အသားတွေနဲ့ ပြန်ညှိတယ်။ အားလုံးပြီးတော့ လွှတ်ဝရမ်း ပေးတယ်။ ညျွန်မှူးရုံး အစည်းအဝေးခန်းမထဲ သွင်းတယ်။ အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးကြီး ဇော်မင်းက ဩဝါဒ ပေးတယ်။
နောက်ဆုံးအတန်းမှာ ထိုင်နေ တဲ့ ကျွန်တော့်ကိုညွှန်ချုပ်က နာမည် ခေါ်တယ်။ ရှေ့ဆုံးတန်းကို ဖိတ် တယ်။ ရှေ့ဆုံးရဲ့ ရှေ့ မှာ အပြင်က တရားသူကြီးတွေ၊ ဥပဒေ အရာရှိ ကြီးတွေ၊ ရဲအရာရှိကြီးတွေ၊ ထောင် အရာရှိကြီး တွေ ထိုင်နေတယ်။ညွှန်ချုပ်က သူ့ဩဝါဒထဲမှာ ကျွန်တော့်နာမည်ကို တကြော်ကြော် ခေါ်-အော်-ဖော်တယ်။
"ဆရာကြီး ဦးဝင်းတင်လည်း ဒီနေ့လွတ်ပြီ။ ကျွန်တော်တို့က ဆရာကြီးစာတွေကို ဖတ်ပြီး ကြီးခဲ့တာ။
ဆရာကြီး ကျန်းမာ ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ"
ညွှန်ချုပ် ဩဝါဒ ဆုံးတော့ အားလုံး ခန်းမထဲက ထွက်ကြတယ်။
ထောင်ဘူး(တံခါးမကြီးခန်းမ)ထဲကို ဝင်ကြတယ်။ အားလုံးတန်းစီ လွတ်လမ်း ချီကြတယ်။ လွတ်လူတွေထဲမှာ ဒီချုပ်က လူငယ်တာဝန်ခံ(၂) မြင့်ဋ္ဌေးပါတယ်။ လွတ်လူတွေ တော်တော်လေး ထွက်ကုန်တော့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လာပြောတယ်။ ဆရာကြီးနဲ့ ဒီလူတွေ ဒီလူတွေ ခဏနေကြပါဦး။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး လာတွေ့ ချင်တယ် ပြောလို့ပါ။ ဝန်ကြီး စောင့်ရင်း ထမင်းလေး စားပါဦးတဲ့။
ကျွန်တော်တို့ လူသိုက်က ၁ဝ ယောက်။ ကျား ၈၊ မ ၂ ။ (ကျား ၈ ထဲမှာ ဒီချုပ်ခေါင်းဆောင် တစ်ယောက်ပါတယ်။ တောင်ငူမြို့က ဦးအောင်စိုးမြင့်။ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ အရွေးခံခဲ့ရသူ။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အရွေးခံရသူ။ အခု နေပြည်တော်မှာ လွှတ်တော် တက်နေတယ်)။
ထမင်းစားပြီးရုံ ရှိသေး။ ထောက်လှမ်းရေး ၂ ယောက် ကျွန်တော့်ကို လာခေါ်တယ်။ အကျရုံးကို လိုက်သွားရ တယ်။ အကျရုံးမှာ တစ်အောင့်လောက် မကြာဘူး။ ခေါင်းစွပ်စွပ်ပြီး အပြင်ခေါ်ထုတ်ပြန်တယ်။ တစ်နေရာ ရောက်လို့ ခေါင်းစွပ် ချွတ်တော့။ လားလား ကျွန်တော်မနက်က ထွက်လာခဲ့တဲ့ ထောင်ခန်း။ မနက် ထွက်လာတုန်းက ရှိရှိသမျှ ဘုဉ္ဇာဟိ လုပ်ခဲ့လို့ အခန်းက ပြောင်တလင်းခါနေတယ်။ စားစရာ နတ္တိ၊ ခြုံစရာ ဝတ်စရာ ဘာမျှမရှိ။ ရေသောက်စရာ ခွက်မှ မကျန်။ မိုးသာ စုန်းစုန်းချုပ် သွားတယ်။ ဘယ်သူဘယ်ဝါမှ ကျွန်တော့်အခန်း ပေါ်မလာ။ ကျွန်တော့်ကို ဘာစကား တစ်ခွန်းမှ လာမပြော။
ဒီလိုနဲ့ နောက်ထပ်ထောင်ထဲ မှာ ၂နှစ်ကျော်အပိတ်ခံခဲ့ရပြန်တယ်။ ၂ဝဝ၈ စက်တင်ဘာ ၂၃ မှကျွန်တော် ထောင်က တကယ်လွတ်တယ်။
ထောင်သမိုင်းမှာ ကျွန်တော့်လို ရာဇဝင် ရိုင်းခဲ့တဲ့သူ မရှိခဲ့ဘူး။ ကျွန်တော် ကြားဖူးနားဝ ရှိသလောက် တစ်ယောက်မှ မရှိခဲ့ဘူး။ လူထုဦးလှလို ပုဂ္ဂိုလ် ထောင်ဒဏ် ပြန်ကျော့ခဲ့ရဖူးတယ်။ လွတ်ရက်
ရောက်တော့ သူ့ကိုထောင်ဗူးဝရုံး ပို့တယ်။ လွှတ်ဝရမ်း ပေးတယ်။ နောက်ထပ် ပုဒ်မ ၁ဝ (ဃ) ကပ်တယ်။ ထောင်ထဲပြန်သွင်းတယ်။ ထောင်ပြန်ကျတယ်။
ကျွန်တော် အင်းစိန်ထောင်မှာ ရှိနေတုန်း ကွန်မြူနစ်ဗဟိုက ကိုသက်ခိုင်
လည်း ထောင်ကျနေတယ်။ တစ်ရက်မှာ သူ့လွတ်နေ့ စေ့တယ်။ စစ်ထောက်လှမ်းရေးတွေ သူ့အခန်းရှေ့ ရောက်လာကြတယ်။ လွှတ်ဝရမ်း ဖတ်ပြတယ်။ ပြီးတော့ ပုဒ်မ ၁ဝ(ဃ)ကပ်တယ်။ သူလည်း တစ်ကျော့ပြန်
ထောင်ကျတယ်။
ဒီကိစ္စတွေ ကျွန်တော် သိသားပဲ။ ကြားဖူးသားပဲ။ ဒါပေမယ့် ကျွန်တော့် အဖြစ်နဲ့ မတူကြဘူး။ ကျွန်တော်က လွတ်ပြီးသားလူ။ လွတ်တာမှ ကွင်းလုံးကျွတ် လွတ်ပြီးသားလူ။ ထောင်လုပ်ငန်း သဘောအရ အားလုံး၊ အကုန်လုံး၊ အူတွင်းချေးခါး မကျန် စစ်ပြီးဆေးပြီး မေးပြီး မြန်းပြီး ရာခိုင်နှုန်းပြည့် လွတ်ပြီးသားလူ။ နောက်ထပ် ဘာပုဒ်မမှ မကပ်။ နောက်ထပ် ဘာတရားမှ မစွဲ။ နောက်ထပ် ဘယ်ရုံးမှ မတင်။
ကျွန်တော့်ကို နောက်ထပ် ၂ နှစ်ကျော် ထောင်ထဲသွင်း ပိတ်ထားခဲ့တာဟာ ဘာသဘောလဲ။ ဘာအဓိပ္ပာယ်လဲ။ ဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ခုခံချေပမလဲ။
ဗြောင် မတရားချုပ်နှောင်တာ။ အရပ်စကားနဲ့ ပြောရရင် "ဘလိုင်း" မတရား ချုပ်နှောင်တာ။ ဥပဒေမဲ့ မတရား ချုပ်နှောင်တာ။ စစ်အာဏာရှင်တွေ မတရားလုပ်တာ။ စစ်အစိုးရက နိုင်ငံသားတစ်ဦး အပေါ် တရားမဲ့ပြုတာ။
ကိုင်း… ဥပဒေ ပညာရှင်တွေ ကျွန်တော့်အမှုကို ဘယ်လို အဆုံးအဖြတ် ပေးကြမလဲ။ စစ်အာဏာရှင် တွေကို ဘယ်လို ခုခံကာကွယ်ကြမလဲ။ ကျွန်တော့်ကို ဘယ်လို စောင့်ရှောက် ကြမလဲ။ တရားဥပဒေ စိုးမိုးရေး မရှိခဲ့လို့ ဒီလိုဖြစ်ခဲ့တာလို့ ပြောကြမှာလား။ စစ်အာဏာရှင် ခေတ်က တရား ဥပဒေမဲ့ခဲ့လို့ ဒီလိုဖြစ်တာလို့
ပြောကြမှာလား။
ဒီလို စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင် အစိုးရတွေ၊ စစ်အာဏာရှင် ပါးကွက်သားတွေ၊ စစ်အာဏာရှင် လက်ပါးစေတွေ၊ စစ်အာဏာရှင် လက်ကိုင်တုတ်တွေ၊ စစ်အာဏာရှင် ကပ်ပါးတွေ၊ မတရား လုပ်ခဲ့ကြ
တာတွေ တရားမဲ့ ကျူးလွန်ခဲ့ကြတာတွေ၊ အားလုံးကို သင်ပုန်းချေ ပစ်လိုက်ရမှာလား။
သူတို့အားလုံးကို ဝန်ချ တောင်းပန် ခိုင်းကြမှာလား။
သူတို့အားလုံးကို ပြည်သူ့ခုံရုံးတင်၊ စစ်ဆေး အပြစ်ပေး ကြမှာလား။
သူတို့အားလုံးကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေး အပြစ်ပေး ကြမှာလား။
နိုင်ငံရေးအကျဉ်းသားတွေ အားလုံးအတွက် သူတို့အားလုံးဆီက နစ်နာကြေး၊ လျော်ကြေး၊ တောင်းပန်ကြေး၊ ကန်တော့ကြေး တောင်းကြမှာလား။
စစ်အာဏာရှင်တွေကို နိုင်ငံရေး အမွေဆက်ခံတဲ့ စစ်တစ်ပိုင်း အစိုးရတစ်ခုလုံးကို သမဝါယမအစိုးရအဖွဲ့ လုပ်ခိုင်းကြမှာလား။
လုပ်ချင်တာ လုပ်။ လုပ်သင့်တာ လုပ်။ လုပ်ဖို့လိုတာ လုပ်ကြပါ။
ကောင်းတာချည်းပါပဲ။ ကျွန်တော် ထောက်ခံ ပါတယ်။
အရေးတော်ပုံ တပ်သား တစ်ယောက်အနေနဲ့ သဘောထား ပြောပါလို့ မေးမလား။ နိုင်ငံရေး အကျဉ်းသား ဟောင်းတိုင်းက ဒီလို ပြောကြလိမ့်မယ် ထင်တယ်။
စစ်အာဏာရှင်တွေ တစ်မြုံလုံးကို
ကမ္ဘာမကျေဘူးဟေ့။
ဗမာမကျေဘူးဟေ့။
ငါမကျေဘူးဟေ့။
ကျွန်တော်တစ်ယောက်ထဲရဲ့ ထပ်ဆင့်သဘောထား ဘယ်လို လဲလို့ ထပ်ဆင့်မေးမလား။ ဒီလို ဖြေမိမယ် ထင်တယ်။
စစ်အာဏာရှင်တွေဟာ သမိုင်းကြွေး ဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ တရားဥပဒေ ကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ ကွယ်လွန်သူ စာရေး ဆရာကြီး သတင်းစာ ဆရာကြီး အိုးဝေဦးညိုမြ စကားလုံးအတိုင်း "ငရဲခွေးကြီးလွတ်နေဆဲ" (Hell Hound at Large) လို့ ပြောရမှာပေါ့။
နောက်တစ်မျိုး ပြောရမယ်ဆိုရင် ဒီလို ပြောပြချင်တယ်။
"ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေးတယ်"။
ဟံသာဝတီ ဦးဝင်းတင်
( Myanmar Independence Journal )
Ni Lwin Thwe (Dathanika) - Poem
အောက်တိုဘာ ၁၂၊ ၂၀၁၂
မသေခင်
ရွှေတိဂုံဘုရားကိုဖူးမျှော်ချင်တဲ့ဆန္ဒ
မပြည့်ဝခင်မှာ
ကွယ်လွန်ရှာပြီ ...။
သူဟာ
ကွန်မြူနစ်ခေါင်းဆောင်တယောက်
တသက်လုံးပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲနဲ့
သူ့ပြည်သူကို ချစ်ပြခဲ့
ကွန်မြူနစ်တစ္ဆေခြောက်သူတွေကတော့
မနာလိုမုန်းတီးမှုတွေနဲ့ ကြောက်ရွံ့နေလိမ့်မပေါ့ ...။
သုံးကျိပ်ရဲဘော်
ဗိုလ်ချုပ်ကျော်ဇောအမည်
သာယာဝတီခရိုင်
သုံးဆယ်မြို့နယ်ဆိုင်စုရွာတွင်
၁၉၁၉ ဒီဇင်ဘာ (၃၀) တွင်ဖွားမြင်
ငယ်နာမည် မောင်ရွှေဟုခေါ်တွင်စေခဲ့ ...။
ကြည့်မြင်တိုင်
ဆရာဖြစ်သင်ကျောင်းသားသမဂ္ဂ
အတွင်းရေးမှူး ကိုရွှေမှသည်
ဒို့ဗမာအစည်းအရုံးသခင်ရွှေ
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော်အထိ
မြင့်မြတ်တဲ့အထ္ထုပတ္တိတွေရဲ့
နယ်ချဲ့ဆန့်ကျင့်ရေး
ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
တရုတ်ဖြူကျူးကျော်စစ်
ပြည်တွင်းစစ်နှင့်ငြိမ်းချမ်းရေးလှုပ်ရှားမှု
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ
ဒီမိုကရေစီရေးတိုက်ပွဲ
တသက်တာစွဲမှတ်ယုံကြည်
ပြည်သူ့ဘက်သား အာဇာနည်
ကြီးမြတ်တဲ့ကြယ်နီတပွင့် ...။
ကျနော်တို့မျိုးဆက်တွေအတွက်
အားတက်ဖွယ်သော စံနမူနာပြုစရာ
အတုယူစရာ အထောင်အသောင်းနဲ့
ကိုအောင်ဆန်းပြီးရင် ကိုဗဟိန်း
ဗိုလ်အောင်ကျော်နဲ့ ဗိုလ်ချုပ်ကျော်ဇော
ဧရာဝတီနဲ့ မြန်မာပြည်အကြောင်းပြောရင်
ချန်ထားခဲ့လို့မရတဲ့ ကြီးမြတ်သောသူရဲကောင်းများ ...။
ကျနော်ယုံကြည်တယ်
မြန်မာပြည်သူတွေရဲ့ရင်မှာ
သူရဲကောင်းများရဲ့စိတ်ဓါတ်
မြင့်မြတ်မှန်ကန်
ရိုးသားတဲ့အကျင့်အကြံနဲ့
စွန့်လွှတ်အနစ်နာခံတဲ့စိတ်
မူမမှန်ရင်တော်လှန်တဲ့စိတ်ဓါတ်
စိတ်အစဉ်မှာ ရှင်သန်ကိန်းအောင်းနေလိမ်မယ် ...။
ကြီးမြတ်တဲ့ဂုဏ်ရောင်နဲ့
ထွန်းပြောင်တဲ့သူရဲကောင်းရဲ့အရိုးပြာကို
ဆရာကြီးသခင်းကိုယ်တော်မှိုင်းအုတ်ဂူနဘေးမှာ
ထိုက်တန်စွာသဂြိုလ်ခွင့်ရလျှက်
ပြည်သူဘက်သား သူရဲကောင်းရဲ့အုတ်ဂူကို
သူချစ်တဲ့ပြည်သူတွေ အလေးပြုချင်ကြလိမ့်မယ် ...။
ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့
မြန်မာပြည်ရဲ့မြင့်မြတ်နီရင့်သော အထ္ထုပတ္တိသည်
ယန်စီမြစ်မှသည် ဧရာဝတီသို့ချီပါလှဲ့ ...။ ။
(အောက်တိုဘာ၁၀ရက်နေ့နံက် ၃ နာရီ ၃၀ မိနစ်အချိန်တွင် ကွယ်လွန်သွားသော ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ကျော်ဇောအား ဦးညွှတ်အလေးပြု၍ရှိခိုးကန်တော့ပါသည်)
မသေခင်
ရွှေတိဂုံဘုရားကိုဖူးမျှော်ချင်တဲ့ဆန္ဒ
မပြည့်ဝခင်မှာ
ကွယ်လွန်ရှာပြီ ...။
သူဟာ
ကွန်မြူနစ်ခေါင်းဆောင်တယောက်
တသက်လုံးပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲနဲ့
သူ့ပြည်သူကို ချစ်ပြခဲ့
ကွန်မြူနစ်တစ္ဆေခြောက်သူတွေကတော့
မနာလိုမုန်းတီးမှုတွေနဲ့ ကြောက်ရွံ့နေလိမ့်မပေါ့ ...။
သုံးကျိပ်ရဲဘော်
ဗိုလ်ချုပ်ကျော်ဇောအမည်
သာယာဝတီခရိုင်
သုံးဆယ်မြို့နယ်ဆိုင်စုရွာတွင်
၁၉၁၉ ဒီဇင်ဘာ (၃၀) တွင်ဖွားမြင်
ငယ်နာမည် မောင်ရွှေဟုခေါ်တွင်စေခဲ့ ...။
ကြည့်မြင်တိုင်
ဆရာဖြစ်သင်ကျောင်းသားသမဂ္ဂ
အတွင်းရေးမှူး ကိုရွှေမှသည်
ဒို့ဗမာအစည်းအရုံးသခင်ရွှေ
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော်အထိ
မြင့်မြတ်တဲ့အထ္ထုပတ္တိတွေရဲ့
နယ်ချဲ့ဆန့်ကျင့်ရေး
ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
တရုတ်ဖြူကျူးကျော်စစ်
ပြည်တွင်းစစ်နှင့်ငြိမ်းချမ်းရေးလှုပ်ရှားမှု
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ
ဒီမိုကရေစီရေးတိုက်ပွဲ
တသက်တာစွဲမှတ်ယုံကြည်
ပြည်သူ့ဘက်သား အာဇာနည်
ကြီးမြတ်တဲ့ကြယ်နီတပွင့် ...။
ကျနော်တို့မျိုးဆက်တွေအတွက်
အားတက်ဖွယ်သော စံနမူနာပြုစရာ
အတုယူစရာ အထောင်အသောင်းနဲ့
ကိုအောင်ဆန်းပြီးရင် ကိုဗဟိန်း
ဗိုလ်အောင်ကျော်နဲ့ ဗိုလ်ချုပ်ကျော်ဇော
ဧရာဝတီနဲ့ မြန်မာပြည်အကြောင်းပြောရင်
ချန်ထားခဲ့လို့မရတဲ့ ကြီးမြတ်သောသူရဲကောင်းများ ...။
ကျနော်ယုံကြည်တယ်
မြန်မာပြည်သူတွေရဲ့ရင်မှာ
သူရဲကောင်းများရဲ့စိတ်ဓါတ်
မြင့်မြတ်မှန်ကန်
ရိုးသားတဲ့အကျင့်အကြံနဲ့
စွန့်လွှတ်အနစ်နာခံတဲ့စိတ်
မူမမှန်ရင်တော်လှန်တဲ့စိတ်ဓါတ်
စိတ်အစဉ်မှာ ရှင်သန်ကိန်းအောင်းနေလိမ်မယ် ...။
ကြီးမြတ်တဲ့ဂုဏ်ရောင်နဲ့
ထွန်းပြောင်တဲ့သူရဲကောင်းရဲ့အရိုးပြာကို
ဆရာကြီးသခင်းကိုယ်တော်မှိုင်းအုတ်ဂူနဘေးမှာ
ထိုက်တန်စွာသဂြိုလ်ခွင့်ရလျှက်
ပြည်သူဘက်သား သူရဲကောင်းရဲ့အုတ်ဂူကို
သူချစ်တဲ့ပြည်သူတွေ အလေးပြုချင်ကြလိမ့်မယ် ...။
ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့
မြန်မာပြည်ရဲ့မြင့်မြတ်နီရင့်သော အထ္ထုပတ္တိသည်
ယန်စီမြစ်မှသည် ဧရာဝတီသို့ချီပါလှဲ့ ...။ ။
(အောက်တိုဘာ၁၀ရက်နေ့နံက် ၃ နာရီ ၃၀ မိနစ်အချိန်တွင် ကွယ်လွန်သွားသော ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ကျော်ဇောအား ဦးညွှတ်အလေးပြု၍ရှိခိုးကန်တော့ပါသည်)
News and Media
ဟန်မောင်သိန်း
ပြီးခဲ့သည့် စစ်တွေဆန္ဒပြပွဲများကို နိုင်ငံတကာ သတင်းမီဒီယာများက လောက်လောက်လားလား ဖော်ပြမှုမရှိသော်လည်း ပါကိစ္စတန် သ တင်းမီဒီယာတစ်ခုဖြစ်သည့် The Daily Times (http://www.dailytimes.com.pk) က ကောင်းစွာစောင့်ကြည့်ဖော်ပြနေသည်။
အောက်တိုဘာက ကိုးရက်နေ့က ရဟန်းများဦးဆောင်သည့် ဆန္ဒပြပွဲနှင့် အောက်တိုဘာဆယ်ရက်နေ့က အမျိုးသမီးများဦးဆောင်သည့် ဆန္ဒပြပွဲသတင်းများကို The Daily Times က ဖေါ်ပြခဲ့သည်။
သတင်းရေးသားသူ၏ အခြေစိုက်နေရာအဖြစ် Yangon (ရန်ကုန်မြို့) ကို သတင်းများတွင် ထိပ်စီးတပ်ရေးသားထားသည်။
ပါကစ္စတန်သည် နိုင်ငံတကာ အစ္စလမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ အဓိကပင်မနိုင်ငံဖြစ်ပြီး၊ ပါကစ္စတန်ထောက်လှမ်းရေး သည် တာလီဘန်ကို ပျိုးထောင်မွေးမြူခဲ့သောအဖွဲ့အစည်းဖြစ်သည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက ဗုဒ္ဓဘာသာဝင်များ အပေါ်တိုက်ခိုက်မှုများသည် လတ်တလောအကြောင်း ရပ်များကြောင့်မဟုတ်ပဲ ကြိုတင်အကွက်ချစီစဉ်တိုက်ခိုက်မှုများဖြစ်ကြောင်း သတင်းတင်ပြမှုများရှိခဲ့သော်လည်း၊ ဘင်္ဂလာဒေ့ရှ် တာဝန်ရှိ သူများကမူ အသက်ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ယောက်အားတိုက်ခိုက်မှုများကို အဓိကစီစဉ်ဖန်တီးခဲ့သူအဖြစ် ဖမ်းဆီးထားသည်။ ယင်းဖမ်းဆီးမှုကို နယ်ရုပ်ထိုးကျွေးမှုမျှသာဟု မြင်နေကြသူများရှိသည်။
တရားခံအစစ်အမှန်များသည် UAE ကဲ့သို့သော ပြည်ပနိုင်ငံများတွင် လပေါင်းများစွာက တင်ကြို၍ အစည်းအဝေးချ အစီအစဉ်ဆွဲပြီး၊ မတော်တဆ ဖြစ်ရပ်ပုံစံဖြင့် ဘင်္ဂလာဒေ့ရှ် လူနည်းစုဗုဒ္ဓဘာသာဝင်များကို လူမျိုးတုံးသတ်ဖြတ်ရန် စီစဉ်ခဲ့ကြသည်ဆိုသော သတင်းတင်ပြ မှုများရှိခဲ့သည်။
ယနေ့ မွန်းလွဲနှစ်နာရီတွင် စစ်တွေမြို့ လူငယ်ကွန်ရက်အဖွဲ့ဝင်များက ကမကထပြု၍ ဘင်္ဂလာဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော် ရန် စီစဉ်ထားကြသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်များအပေါ် အကြမ်းဖက်မှုများနှင့် OIC ရုံးဖွင့်ခြင်းကို ကန့်ကွက်သွားကြမည်ဟုဆိုသည်။
ဘင်္ဂလာဒေ့ရှ်နှင့် နိုင်ငံတကာတွင်ရှိနေကြသော ရိုဟင်ဂျာအမည်ခံအဖွဲ့အစည်း (၂၅) ခုကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေရန် ကမကထ ပြု ကုန်ကျစရိတ်ခံ စီစဉ်ပေးခဲ့သော OIC အဖွဲ့ရုံးစိုက်ရန် မြန်မာအစိုးရ သဘောတူခဲ့သည်မှာ အလွန်အံ့သြဖို့ကောင်းသည် ဟု ယနေ့ဆန္ဒ ပြပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် ဦးကျော်ဇောဦးက Coral Arakan အား ပြောကြားသည်။
၂၀၁၁ ခုနှစ် မေလအတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျီဒက်မြို့ OIC ရုံးချုပ်တွင် မြန်မာအစိုးရအားဆန့်ကျင်တိုက်ခိုက်နေကြသူများအပါ အ၀င် ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီအဖွဲ့အစည်း (၂၅) ခုအား OIC က ပေါင်းစည်းစုရုံးစေကာ Arakan Rohingya Union (ARU) ကို ဖွဲ့စည်း ပေးခဲ့သည်။
မူရင်း
http://www.facebook.com/notes/coral-arakan-news-agency/%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%80%86%E1%82%8F%E1%81%B5%E1%80%BB%E1%80%95%E1%80%95%E1%80%BC%E1%80%B2%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%95%E1%80%AB%E1%80%80%E1%80%AD%E1%80%85%E1%81%A5%E1%80%90%E1%80%94%E1%80%B9-%E1%80%99%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AC-%E1%80%80-%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%B9%E1%80%B7%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B7%E1%80%99%E1%82%88%E1%80%9B%E1%80%BD%E1%80%AD%E1%80%B1%E1%80%94/165578503579859
THURSDAY, OCTOBER 11, 2012
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives










