[mrsorcerer:33892] Fwd: [လူဗိုလ်ဟူသည် ...] ဉာဏ်စမ်းပုစ္ဆာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/10/11
Subject: [လူဗိုလ်ဟူသည် ...] ဉာဏ်စမ်းပုစ္ဆာ
To: lubo601@gmail.com



by မင်းလူ၏ ၀တ္တုတိုများ on Thursday, October 11, 2012 at 3:29am ·


    ရှေးလူကြီးများ တော်တော်ပညာပြချင်တတ်သည်။ နှောင်းလူတွေကို ဆုံးမချင်တာ၊ မှာခဲ့ချင်တာရှိတဲ့အခါ တိုက်ရိုက်တည့်တည့်ပြောလိုက်လျှင် ရလျက်သားနှင့် ပဟေဠိစကားထာတွေနဲ့ ဦးနှောက်စားအောင်လုပ်တတ်သည်။
    သိုက်စာ၊ အတိတ်၊ တဘောင်တွေဆိုလျှင် ဘယ်အရပ်ကနေ မြောက်စူးစူးကို ခရီးတာ ဘယ်လောက်သွား၊ ဘာပင်တွေ့လိမ့်မယ်။
အဲဒီကနေ အရှေ့တောင်ကို ခြေလှမ်းငါးဆယ်လှမ်း ကျောက်ဂူတွေ့လိမ့်မယ်။ ဒီလိုမဟုတ်ဘဲ အဓိပ္ပာယ်ဖော်ရခက်အောင် ကွယ်ဝှက်ပြီးရေးထားတော့ ရှာဖို့ခက်သွားတာပေါ့။ စကတည်းက မပေးချင်လည်း ဘာကြောင့်သိုက်ညွှန်းစာ ရေးနေရသေးလဲ။ ရှေ့ဘာဖြစ်မယ်ဆိုတာ ဟောကိန်းထုတ်ချင်လည်း တည့်တည့်ပြောပါလား။ ဘာဖြစ်လို့ တဘောင်တွေ၊ စနည်းတွေ လုပ်နေရတာလဲ။
    အဂ္ဂိရတ်မှာလည်း ဒီလိုပဲ။ ဓာတုဗေဒပညာလို ပုံသေနည်းတွေ ညီမျှခြင်းတွေနဲ့ တိတိကျကျမပြောကြ။ လင်္ကာတွေ စာချိုးတွေနဲ့ မျက်စိလည်အောင်လုပ်တတ်သည်။
    ဆေးညွှန်းပေးတာတောင် စကားထာဝှက်သလို လုပ်ချင်သည်။ သွားကိုက်ပျောက်ဆေးနည်းတစ်ခုမှာ 'ငါးပိလက်လေးသစ်'တဲ့။ ဘယ့်နှယ် ငါးပိလက်လေးသစ်ဆိုတော့ သွားမှာသိပ်ဖို့ နေနေသာသာ ပါးစပ်ထဲထည့်ဖို့တောင်မလွယ်။
    အမှန်က ပါဝင်သောဆေးအမယ်များမှ ပထမစာလုံးများဖြင့် အတိုကောက်မှတ်ထားခြင်းဖြစ်၏။ င=ငရုတ်ကောင်း၊ ပိ=ပိတ်ချင်း၊ လက်=လက်ချား၊ လေး=လေးညှင်း၊ သစ်=သစ်ကြံပိုးခေါက်တို့ဖြစ်သည်။ဒီနေရာမှာ အဓိပ္ပာယ်ကောက်လွဲသွားနိုင်သည်။ 'င' ကိုငရုတ်သီး၊ 'လက်'ကို လက်ထုတ်ကြီး၊  'သစ်' ကို သစ်စိမ့်သီးဆိုပြီး မှားထည့်မိလျှင် ဘယ်လိုလုပ်မလဲ။
    ကိုယ်မရှိတော့တဲ့အချိန်မှာ သားသမီးတွေ လိမ္မာအောင်၊ ဒုက္ခမရောက်အောင် မှာကြားဆုံးမရာမှာတောင် ဇဝေဇဝါဖြစ်အောင်လုပ်ခဲ့သေးသည်။ ပုံပြင်တစ်ခုတောင်ရှိသေးတယ်လေ။ သူဌေးကြီး သေဆုံးတော့ သူ့သားကို မှာခဲ့တာက-

    ခေါင်းတစ်ရာသား စားပါ။
    အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ။
    ခေါင်းသုံးလုံးနဲ့ ပညာရှိကို ဆည်းကပ်ပါ။

    ဒီတော့... သားလုပ်တဲ့သူက ကြက်၊ ဘဲ၊ သိုး၊ ဆိတ်၊ ဝက်၊ အမဲ စသည်ဖြင့် အကောင်တစ်ရာဝယ်ပြီး ခေါင်းဖြတ်စားသည်။ ငွေတွေ သောက်သောက်လဲ ကုန်သည်။
    အိမ်နောက်ဖေး ဈေးဆိုင်ဖွင့်ရောင်းသည်။ ဘယ်သူမှလာမဝယ်သဖြင့် အကြီးအကျယ်ရှုံးသည်။
    နောက်ဆုံး ခေါင်းသုံးလုံးနှင့် ပညာရှိကိုလိုက်ရှာသည်။ အသက်အရွယ် အိုမင်းလွန်းသဖြင့် ခါးကိုင်းနေပြီးဆောင့်ကြောင့်ထိုင်နေသောအခါ ဦးခေါင်းက ဒူးနှစ်လုံးကြားထဲရောက်နေသော အဘိုးအိုတစ်ယောက်ကို တွေ့ရ၏။ ရုတ်တရက်ကြည့်လိုက်လျှင် ဦးခေါင်းသုံးလုံးဟုထင်ရသည်။ ထိုအဘိုးအိုကို မေးကြည့်တော့မှ သူ့အဖေမှာကြားခဲ့သည့်အချက်များ၏ ဆိုလိုရင်းကိုသိရလေသည်။
    'ခေါင်းတစ်ရာသားကိုစားပါ' ဆိုတာက ဈေးသက်သာသော ငါးသေးငါးဖွဲကလေးတွေ စားခိုင်းခြင်းနှင့် 'အိမ်နောက်ဖေး ဈေးဆိုင်တည်'ဆိုတာက ဟင်းသီးဟင်းရွက်စိုက်ခိုင်းခြင်းဖြစ်လေ၏။
    စောစောစီးစီးက မသိသဖြင့် သားဖြစ်သူမှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်း၊ ဦးနှောက်ခြောက် ဖြစ်ခဲ့ရလေသည်။
    တကယ်တော့.... ခုလို ရှေးလူကြီးတွေကို ဝေဖန်မိတာကလည်း သူ့အဖေကြောင့်သာဖြစ်၏။သူ့အဖေသည် သူ့ခေတ် သူ့အခါကတော့ ခေတ်အမြင်ရှိသူဖြစ်၏။ အသက်ကြီးလာတော့လည်း ရှေးလူကြီးဖြစ်သွားခဲ့သည်။
    သူ့အဖေဆုံးခါနီးတွင် သူ့ကို စာအိတ်တစ်အိတ်ပေးသွားသည်။ အထဲမှာ စာတစ်စောင်ပါသည်။ စာထဲမှာ လမ်းညွှန်မှာကြားချက်တွေ ရေးထားသည်။ ရှေးလူကြီး မပီသမှာစိုးလို့လားမသိ၊ ပဟေဠိဆန်ဆန်ရေးထားသည်။
    ပထမလမ်းညွှန်က
     'နို့အလုံးတစ်ရာကို စို့ပါ'
    တကယ်ပဲ နို့အလုံးတစ်ရာကို စို့ခိုင်းခြင်းမဟုတ်တာတော့ သေချာသည်။ ကိုယ့်သားကို ပါးအချက်တစ်ရာ အရိုက်ခံရအောင်တော့ ဘယ်အဖေမှ ချောက်တွန်းမှာမဟုတ်။ ဒါဖြင့် ဘာအဓိပ္ပာယ်လဲ၊ ဘာကိုဆိုလိုတာလဲ။
    သွားစို့လို့ ပါးရိုက်မခံရနိုင်တာက နွားမတွေပဲရှိသည်။ ဒါတောင် ချဉ်းကပ်နည်းမမှန်လျှင် အကန်ခံရနိုင်သည်။ နွားမပေါင်းများစွားက နို့များကို စုပေါင်းချက်ထားသော နို့ဆီကိုများပြောတာလား။ မဖြစ်နိုင်။ ဟိုအရင်ကတည်းက လက်ဖက်ရည်ကို တစ်နေ့ သုံးခွက်လောက်သောက်ခဲ့တာပဲ။ လက်ဖက်ရည်သောက်တိုင်း နို့ဆီပါနေခဲ့တာပဲ။
    စဉ်းစားလို့မရသဖြင့် ခေါင်းရှင်းသွားအောင် ရုပ်မြင်သံကြားထိုင်ကြည့်နေလိုက်သည်။ အရေးထဲကြော်ငြာတွေက များလိုက်တာ။ ဒီထဲကမှ ကြော်ငြာတစ်ခုကိုသတိပြုမိ၏။ မိုးဒီနှင့် စိုးမြတ်နန္ဒာတို့ပါဝင်သရုပ်ဆောင်ကြသော ကြော်ငြာ။ ဒီတော့မှ ဉာဏ်အလင်းရသွားသည်။
    သူသည် ပဲနို့ရည်ကို ဝယ်သောက်လေတော့သည်။ တစ်နေ့တစ်ပုလင်း မှန်မှန်သောက်သည်။ ပဲနို့ရည်ထဲမှာ ပရိုတင်းတွေ၊ လိုင်စင်းတွေ ပါနေသဖြင့် ကျန်းမာပြီး ဝဖြိုးလာလေတော့သည်။
    ဒုတိယအချက်ကတော့
    'အိမ်နောက်ဖေးမှာ ဘဏ်တိုက်ဆောက်ပါ'
    သူ့အိမ်နောက်ဘက်က ကွက်လပ်ကလေးမှာ ဘဏ်တိုက်နေနေသာသာ အပေါင်ဆိုင်ဆောက်ဖို့လောက်တောင် ကျယ်ဝန်းတာမဟုတ်။ ပြီးတော့ သူ့ဝင်ငွေကလည်း ဘဏ်မှာအပ်ပြီး စုဆောင်းထားရလောက်အောင် ပိုလျှံနေတာမဟုတ်။ ဝင်ငွေနဲ့စားသောက်စရိတ်နဲ့ မျှတရုံလောက်ပဲ။
    စုဆောင်းစရာဆိုလို့....
    အဲ... ဟုတ်ပြီ။ စားလိုက်တဲ့ အစာတွေက ပျောက်ပျက်သွားတာမဟုတ်။ အသွင်ပြောင်းပြီး ပြန်ထွက်လာတာလေ။ ဒါတွေကို စုဆောင်းထားဖို့အတွက် အိမ်နောက်ဖေး ကွက်လပ်မှာ အိမ်သာဆောက်လိုက်သည်။
    တတိယအချက်မှာ
    'ငရဲပြည်နှင့်ဆက်သွယ်ပါ'
    ငရဲပြည်ဆိုတာ လူကိုယ်တိုင်သွားဖို့ကလွဲပြီး ဆက်သွယ်နိုင်သည့် တခြားနည်းလမ်းမရှိ။ တယ်လီဖုန်းဆက်လို့ ရတာလည်းမဟုတ်။ ဖက်စ်တွေ။ အီးမေးလ်တွေပို့လို့ ရတာလည်းမဟုတ်။ တစ်နည်းပဲရှိသည်။ မြေကြီးကိုဖောက်ပြီး အဝီစိရောက်အောင်တူးဖို့။
    ဒီလိုလျှောက်တွေးကြည့်မှ အဖြေပေါ်လာသည်။ အဝီစိတွင်းတစ်တွင်းတူးလိုက်သည်။ သူတို့ရပ်ကွက်က ရေရှားသည်။ ထို့ကြောင့် အဝီစိတွင်းရေကို ရောင်းစားသောအခါ တွက်ခြေကိုက်ကြောင်း တွေ့ရ၏။
    ကဲ...နောက်တစ်ခု။
    'ခြေထောက် အရောင်းအဝယ်ပြုလုပ်ပါ'
    ဒါဟာ ဝက်ခြေထောက်စွပ်ပြုတ် ရောင်းခိုင်းတာတော့မဖြစ်နိုင်။ ချိုင်းထောက်လုပ်ရောင်းလို့လည်း စီးပွားဖြစ်မှာမဟုတ်။
    ထိုစဉ်မှာ သူငယ်ချင်တစ်ယောက် ကားလေးနှင့်ရောက်လာသည်။ လက်ဖက်ရည်ဆိုင်ထိုင်ကြရင်း သူကပြောသည်။
    "ဟိုတစ်ခါလာတုန်းက ဒီကားမဟုတ်ပါဘူး"
    "ဟိုကားလေးက မြတ်လို့ရောင်းလိုက်ပြီ၊ ဒီကားလည်း ဈေးချောင်လို့ ဆွဲထားတာ၊ ဝယ်ရောင်းလုပ်တာ မဆိုးဘူးကွ၊ လုပ်တတ်ကိုင်တတ်ရင် ဝင်ငွေလည်းရတယ်၊ ခြေထောက်လည်းရတာပေါ့"
    "ဘာ... ခြေထောက် ဟုတ်လား"
    "အေးလေ... ငါတို့လောကမှာ ကားဝယ်စီးတာကို ခြေထောက်တပ်တယ်လို့ခေါ်တယ်၊ မင်းလည်း ခြေထောက်တပ်သင့်တယ်ကွ "
    "အင်း... ဟုတ်တယ်၊ ငါသဘောပေါက်ပြီ"
    သူသည် အောက်ကားလေးတစ်စင်းကိုစဝယ်၍ ပြုပြင်မွမ်းမံပြီး ပြန်ရောင်းရာ  အမြတ်ငွေ နည်းနည်းပါးပါးရသည်။ လုပ်တတ်ကိုင်တတ်သွားတော့ အောက်ဈေးနှင့်ရှာဝယ်ပြီး တက်ဈေးမှာပြန်ရောင်းရင်း စီးပွားရေးအခြေအနေ တိုးတက်မှုရှိလာသည်။
    'ကျင်ငယ်ရည်ကို ထုတ်လုပ်သည့် စက်ရုံတည်ပါ'
    အဖေကတော့ အတော်ပေါက်ပေါက်ရှာရှာခိုင်းတာပဲဟု သူတွေးသည်။ အဓိပ္ပာယ်တော့ ဖော်လို့မရ။ ကျင်ငယ်ရည်ဆိုတာ တစ်ခုခုကိုတင်စားတာပဲဆိုတာတော့ ရိပ်မိသည်။ ဘာလဲဆိုတာ စဉ်းစားရခက်နေသည်။
    ထို့ကြောင့် အာရုံအပြောင်းအလဲဖြစ်အောင် လမ်းလျှောက်ထွက်သည်။ လမ်းမှာ ရပ်ကွက်ထဲက ဝါရင့်ယမကာသမားကြီးတစ်ယောက်နှင့်တွေ့သည်။    
    "ဘယ်သွားမလို့လဲကွ"
    ဟု မေးသဖြင့် သူက
    "ပျင်းပျင်းရှိလို့ ထွက်လာတာပါ၊ ဘီယာစတေရှင် သွားထိုင်ရကောင်းမလားလို့၊ လိုက်ချင်လိုက်ခဲ့ပါလား၊ ကျွန်တော်တိုက်ပါ့မယ်"
    ပြောတော့ ယမကာသမားကြီးက
    " တော်ပါပြီကွာ၊ ငါက ဘီအီးကလွဲရင် ဘာမှမကြိုက်ဘူး၊ မင်းဘီယာက အများကြီးသောက်ပြီးမှ နည်းနည်းလေးမူးတာ၊ ဆီးခဏခဏသွားရတာပဲ အဖတ်တင်တယ် "
    သူ့ခေါင်းထဲမှာ လက်ခနဲ အကြံရသွားသည်။ ဘီယာသောက်လျှင် ဆီးရွှင်စေသည်။ ကျင်ငယ်ရည်ထုတ်လုပ်သည့်စက်ဆိုတာ ဒါပဲကိုး။
    သူသည် စည်ဘီယာဆိုင် ဖွင့်လိုက်လေသည်။
    နောက်ဆုံးအချက်ကတော့
    'ဦးနှောက်မပါသော ပညာရှိကို ဆည်းကပ်ပါ'
    ဘယ်လိုလဲ။ ပညာရှိပါဆိုမှ ဦးနှောက်မပါလို့ ဖြစ်မလား။ သာမန်လူပြိန်းတွေတောင် ဦးနှောက်ကတော့ ပါကြတာပဲ။ လူမပြောနဲ့တချို့တိရစ္ဆာန်တွေမှာတောင် ဦးနှောက်ရှိကြသည်။ လူရယ်လို့ဖြစ်လာတာလည်း တိရစ္ဆာန်တွေထက်ပိုပြီး အဆင့်မြင့်တဲ့ဦးနှောက်ကို ပိုင်ဆိုင်ရခဲ့လို့ပဲမဟုတ်လား။ ဒီဦးနှောက်ကို  အားကိုးပြီးတော့ပဲ ကမ္ဘာကြီးကို မောင်ပိုင်စီးနိုင်ခဲ့တာမဟုတ်လား။
    ဘာပဲဖြစ်ဖြစ် ဆိုလိုရင်းအဓိပ္ပာယ်ကိုတော့ ရအောင်ရှာရမည်။ လူတို့သည် ဦးနှောက်ရှိသောကြောင့် တွေးတောကြသည်။ ဒီအခါမှာ ကောင်းတာရော မကောင်းတာပါ တွေးမိသည်။ တရားတာရော မတရားတာပါ ကြံစည် စိတ်ကူးမိကြမည်။ ထို့ကြောင့် ဦးနှောက် မရှိတာကမှ ခပ်ကောင်းကောင်းဟု ဆိုလိုချင်တာလား။
    မဖြစ်နိုင်။ ဦးနှောက်မရှိလျှင် အဆိုးသာမက အကောင်းကိုပါ တွေးတောဆင်ခြင်နိုင်မှာ မဟုတ်တော့။ တီကောင်တွေ၊ ပိုးမွှားတွေလို အဆင့်နိမ့်သတ္တဝါများနှင့် ဘာထူးတော့မှာလဲ။ ပဟေဠိရဲ့အဖြေကိုရဖို့ကိုတောင် ဦးနှောက်ကိုသုံးပြီး စဉ်းစားနေရတာပဲလေ။
    ဒါဖြင့် ဦးနှောက်မပါတဲ့ ပညာရှိဆိုတာ ဘယ်လိုဟာလဲ။ ဦးနှောက်မပါဘူးဆိုလျှင် သက်ရှိမဖြစ်နိုင်တော့။ သက်မဲ့ပဲဖြစ်ရမည်။ သက်မဲ့ အရာဝတ္ထုတစ်ခုက ပညာရှိဖြစ်နိုင်သလား။သက်မဲ့အရာဝတ္ထုတစ်ခုကို ဆရာတင်ပြီး ဆည်းကပ်သင့်သလား။ ပညာရှိဆိုလျှင် မေးသမျှဖြေနိုင်ရမည်။ အကြောင်းအရာမျိုးစုံကို ခြုံငုံသိရှိနားလည်ရမည်။ ဒါဆိုလျှင်...
    သူ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ကွန်ပျူတာတစ်လုံးဝယ်ဖို့ပင်ဖြစ်လေ၏။

                                                                                               အိုင်ဒီယာမဂ္ဂဇင်း (၂၀၀၁၊ ဇူလိုင်)



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/12/2012 12:46:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ