[mrsorcerer:33902] Fwd: [လူဗိုလ်ဟူသည် ...] စိုးကြောက်မိပါသည် - မိုးမိုးအင်းလျား



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/10/12
Subject: [လူဗိုလ်ဟူသည် ...] စိုးကြောက်မိပါသည် - မိုးမိုးအင်းလျား
To: lubo601@gmail.com



by SarPayLawKa (စာပေလောက) on Friday, October 12, 2012 at 9:09am ·

မန္တလေးကို မရောက်တာ ကြာခဲ့ပြီ။
          သူငယ်ချင်း အမွန်နှင့်လည်း မတွေ့ရသည်မှာ ကြာခဲ့လေပြီ။
          ကျွန်မထွက်လာရသော ခရီးသည် ရင်ခုန်စရာကောင်းလှသည့် နည်းတူ မန္တလေးမြို့ကို နောက်တစ်ကြိမ် အလည်အပတ် သွားရောက်ရမည့် အရေးသည်လည်း ကျွန်မအတွက် ရင်ခုန်စရာကောင်းလှပါသည်။ ပြီးတော့ သူငယ်ချင်း အမွန်နှင့် ပြန်လည်တွေ့ဆုံရမည့် အရေး သည်လည်း စိတ်ကြည်နူးစရာ ကောင်းလှသည်။

          ကျွန်မနှင့် အမွန်သည် ငယ်သူငယ်ချင်းများတော့ မဟုတ်။ သို့သော် ကျောင်းနေဖက် သူငယ်ချင်းများဟု ဆိုရမလား။ ကျွန်မတို့နှစ်ယောက်သည် ရန်ကုန်တက္ကသိုလ် ရတနာဆောင် မှာ အတူတူနေခဲ့ကြသည်။ အဓိကယူသည့် ဘာသာရပ်ချင်း မတူသော်လည်း တစ်ခန်းတည်း အတူနေခဲ့ရ၏။ မြို့နယ်အလိုက် အုပ်စုဖွဲ့၍ နေတတ်ခဲ့ကြသော ကျောင်းသူများထဲတွင် မြစ်ဝကျွန်းပေါ်သူ ကျွန်မနှင့် အညာသူ အမွန်သည် အလွန်ခင်မင်ခဲ့ကြ၏။
          ကျွန်မသည် အချို့မိန်းကလေးများလို ဒေသစွဲရှိသူ မဟုတ်ပေ။ ဘယ်နေရာရောက် ရောက် ကျွန်မပျော်တတ်သည်။ ခရီးသွားရခြင်းကို ကျွန်မနှစ်သက်သည်။ မရောက်ဖူးသည့် နေရာ၊ ဝေးလံသည့်နေရာကို သွားရရောက်ရမည်ဆိုလျှင် ကျွန်မပို၍ပျော်၏။ နွေရာသီ ကျောင်းပိတ်ရက်မှာ အများတကာ မိမိရပ်ဌာန်ပြန်ဖို့အရေး တွေး၍ ပျော်နေတတ်ချိန်မှာ ကျွန်မက ဘယ်သူငယ်ချင်းနှင့် ဘယ်မြို့ကို လိုက်သွားရလျှင် ကောင်းမှာပါလိမ့်ဟု ဇယားချ၍ နေမိလေသည်။ ကျွန်မ၏ ဖခင်ကလည်း သတင်းစာသမား တစ်ဦးဖြစ်၍ ခရီးသွားခြင်း၊ ဒေသန္တရ ဗဟုသုတ ရှာမှီးခြင်းကို ခွင့်ပြုလေသည်။
          အမွန်ကတော့ ကျွန်မကဲ့သို့မဟုတ်။ ဒေသစွဲမရှိသော်လည်း မိန်းကလေး ပီသသည်ဟု ဆိုရမည်။ အနေအထိုင် အသွားအလာ သိမ်မွေ့သည်။ စကားပြော ချိုသာသည်။ ၀တ်စား ဆင်ယင်ပုံက မြန်မာဆန်သည်။ အသားညိုစိမ့်စိမ့်နှင့် ချစ်စဖွယ်ကောင်း၏။ သူ့အိမ်အကြောင်း ပြောဆိုပုံ၊ သူ့အိမ်သားများကို လွမ်းလွမ်းတတရှိပုံကိုကြည့်၍ သူတို့မိသားစုသည် ယဉ်ကျေး သော၊ အဆင့်အတန်းမြင့်သော မြန်မာမိသားစုတစ်ခုဖြစ်မှန်း သိသာလှ၏။ အမွန်က နှုတ်မှ ဖွင့်ဟမပြောသော်လည်း အမွန်တို့ ဖေဖေသည် တည်ကြည်ရိုးသားသော အစိုးရ အမှုထမ်း တစ်ယောက် ဖြစ်မှန်းသိသာသည်။
          အသွင်မတူသော ကျွန်မတို့နှစ်ယောက် ရင်းနှီးခင်မင်စွာ ပေါင်းခဲ့ကြလေသည်။
          နွေရက်တစ်ရက်မှာ အမွန်သည် ကျွန်မမျှော်လင့်သည့်အတိုင်း မန္တလေးသို့ အလည်ခေါ် ၏။
          "မိဆွေ ဒီနှစ်ကော အိမ်ပြန်မှာလား"
          "မပြောတတ်သေးဘူး၊ အမေကတော့ ပြန်လာစေချင်တယ်၊ မိဆွေကတော့ အဖော် ကောင်းရင် တစ်နေရာသွားရ ကောင်းမလားလို့၊ တစ်ပတ်လောက်ပေါ့၊ ပြီးမှ အိမ်ပြန်ရမယ် လေ"
          အမွန်ပြုံးသည်။ ကျွန်မ မန္တလေးကို လိုက်ချင်မှန်း အမွန်သိသည်။
          "ဒီလိုဆို မန္တလေးကို လိုက်ခဲ့၊ မေမေ့ဆီက စာလာတယ်၊ သမီးသူငယ်ချင်းကိုလဲ အလည်ခေါ်ခဲ့ပါလားတဲ့"
          အမွန်တို့မေမေ ရန်ကုန်သို့လာစဉ် တစ်ခါမြင်ဖူးသည်။
          "ဟီး ဟီး ခေါ်မှ ခေါ်ပါ့မလားလို့"
          သည်သို့ဖြင့် ကျွန်မ မန္တလေးသို့ တစ်ခေါက် အလည်အပတ် ရောက်ခဲ့ဖူးခြင်း ဖြစ်၏။
+       +       +
ကျုပ်တို့ ရွှေမန္တလေး ချမ်းအေးပူအိုက် ဆိုသည့်အတိုင်း အိုက်လိုက် ပူလိုက်သည်မှာလည်း မပြောနှင့်။ သို့သော် ကျွန်မ ပျော်ပါသည်။ နာမည်ကြီးလှသော မန္တလေးမြို့ရိုးနှင့် ကျုံးကြီး၊ မဟာမြတ်မုနိဘုရားကြီး၊ မန္တလေးတောင်၊ စစ်ကိုင်းတောင် စသည်ဖြင့် နေရာအနှံ့ လည်ပစ် လိုက်သည်။ ရှေးမြန်မာမင်းများ ထီးစိုက်နန်းစိုက် မြို့တော်ကြီး၏ အရှိန်အ၀ါသည် ရင်ကို ပူနွေးနေစေပါသေးသည်။ ဈေးချိုနှင့် နှင့်နာရီစင်တစ်ဝိုက်သည်လည်း ကြက်ပျံမကျ စည်ကားဆဲ။ အထက်မြန်မာပြည်၏ အရောင်းအ၀ယ် အချက်အချာအဖြစ် စီးပွားရေး နယ်ပယ်ကလည်း ကျယ်ဝန်းလှသည်။ ခရီးသွားခြင်းကို ၀ါသနာပါသည့် အလုပ် တစ်ခုအဖြစ် အလေးထားသော ကျွန်မမှာ မန္တလေးကို ဗဟိုပြု၍ သွားချင်စရာ လာချင်စရာတွေ က များပြားလှသည်။ သို့သော် ကျွန်မှာ မန္တလေးမြို့တွင်းသို့ပင် အားရအောင် မလည်ပတ်နိုင် ခဲ့။ စားမေးပွဲပြီးသည့်ရက်မှာပင် ကျွန်မအမေ့ဆီက စာရခဲ့သည်။ သည်နွေမှာ မောင်ငယ်ကို ရှင်ပြုရမှာမို့ မန္တလေးမှာ ကြာကြာမနေဘဲ ပြန်လာခဲ့ဖို့အကြောင်း။
          အမွန်တို့မိသားစုနှင့် ပျော်ပျော်ရွှင်ရွှင်နေဖို့လည်း အချိန်ပေးရသေးသည်။
          အမွန်တို့အိမ်လေးသည် အေးချမ်း၍ နေချင့်စဖွယ် ဖြစ်၏။ မိသားစု လေးယောက်ခန့် သာရှိသော အိမ်လေးမှာ အိမ်ထောင်ပရိဘောဂ ခပ်ရှင်းရှင်းနှင့် စိတ်လွတ်လပ်စေသည်။ လည်စရာ ပတ်စရာမရှိလျှင် စာဖတ်နိုင်သည်။ အမွန့်မေမေသည် လက်ရာကောင်းကောင်းနှင့် အညာဟင်းများကို ချက်ကျွေးသည်။ ထိုအချိန်မှစ၍ ကျွန်မ အညာဟင်းများကို ခံတွင်းတွေ့ခဲ့ သည်။ အမွန်တို့ ဖေဖေကလည်း ကျွန်မတို့ အဖေလို တဇွတ်ထိုးသမားကြီး မဟုတ်ဘဲ တည်ငြိမ်အေးဆေး၏။ အမွန်တို့အိမ်သို့ လည်ပတ်ခဲ့ရခြင်းသည် ကျွန်မအတွက် မမေ့နိုင်စရာ မှတ်တမ်းလေးတစ်ခု ဖြစ်ခဲ့ပါ၏။
          တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ မန္တလေးမြို့နှင့် အမွန်တို့ မိသားစုထံသို့ အေးအေး ဆေးဆေး လာရောက်ဦးမည်ဟု ကျွန်မရင်ထဲမှာ တေးသွားလိုက်ပါသည်။
          သို့သော် ထိုအချိန်မှစ၍ ကျွန်မဘ၀၏ လွတ်လပ်ခြင်းသည် ဆုံးခန်းတိုင်ခဲ့လေသည်။
+       +       +
ကျွန်မသည် ကျောင်းကိုပင် ပြီးဆုံးအောင် မတက်နိုင်ခဲ့ပေ။
          ဘ၀၏ အလှည့်အပြောင်းများသည် မထင်မှတ်ဘဲ ကျရောက်ခဲ့ချေသည်။
          အဖေသည် ရုတ်တရက် ကွယ်လွန်သွားခဲ့ပြီး ထင်ရာစိုင်းတတ်ခဲ့သော ကျွန်မသည် လည်း တာဝန်ဝတ္တရားတွေဖြင့် ခြေချုပ်မိခဲ့သည်။ ရရာအလုပ်ကို ၀င်လုပ်ရင်း စားမေးပွဲကို ပြင်ပမှ ဆက်ဖြေသည်။ သူငယ်ချင်းများဆီသို့ စာသာရေးနိုင်ပြီး လူချင်းဝေးလာခဲ့ရ၏။ အမွန် တစ်ယောက်လည်း ကျွန်မဆီ စာတွေသာ တစ်စောင်ပြီးတစ်စောင် ရေးပို့နေခဲ့သည်။ လူတွေက တစ်စထက်တစ်စ ပို၍  ဝေးကွားသွားကြ၏။ အမွန်သည်  နောက်ဆုံးနှစ်ကို ဖြေဆိုပြီး မန္တလေး သို့ ပြန်သွားသည်။ မန္တလေးမှနေ၍ ကျွန်မဆီ စာနှစ်စောင်ခန့် ရေးသည်။ နောက်ဆုံး ကျောင်းဆရာမအလုပ် လုပ်နေသလိုလို သတင်းရသည်။ ကျွန်မလည်း ကိုယ့်ဘ၀နှင့်ကိုယ် နစ်နေသည်။ ခင်မင်ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသော ဘ၀များသည် ဟိုအဝေးကြီးမှာ ကျန်ရစ်ခဲ့ သလို ခံစားရ၏။
          ကျွန်မသည် အိမ်ထောင်ကျပြီး ရန်ကုန်မြို့ပေါ်မှာ အခြေကျခဲ့ပါသည်။ ထို့နောက် ရုံးအလုပ်တစ်ဖက် အိမ်မှုကိစ္စတစ်ဖက်ဖြင့် မြို့ပြ၏ လှုပ်ရှားမှုများကြားမှာ ရုန်းကန်နေရပြန် သည်။ ယခင်ကလို စိတ်လွတ်ကိုယ်လွတ် သွားလာလည်ပတ်ရခြင်းမျိုးမှာလည်း အိပ်မက် သဖွယ် ဖြစ်နေတော့သည်။ သူငယ်ချင်းများထံသို့လည်း လူကိုယ်တိုင် တွေ့ဖို့ဝေးစွ၊ စာလေး တစ်ကြောင်းပင် မရေးနိုင်ခဲ့။ ကျွန်မဘ၀တွင် မှတ်မှတ်ရရ အဖြစ်ဆုံးမှာ အမွန်သာဖြစ်သည်။ တစ်နေ့နေ့မှာတော့ အားလုံးကိုခေတ္တ ပစ်ထားခဲ့ပြီး အမွန့်ဆီကို သွားဦးမည်ဟု အားခဲထား သည်။
+       +       +
ယခု ရန်ကုန် မန္တလေး ရထားလမ်းပေါ်မှာ ကျွန်မရောက်နေ၏။       
          ကောင်းသောလာခြင်းတော့ ဟုတ်မည် မထင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်မ သည် လူကြီးတစ်ယောက်အနေဖြင့် အလွန်ကလေးဆန်သော အမှုကို ပြုခဲ့သောကြောင့် ဖြစ်သည်။ ကျွန်မသည် ဒေါသနှင့် တဇွတ်ထိုးအကျင့်ကို ပေါင်းစပ်ကာ တာဝန်ဝတ္တရားတွေ ကြားမှ ရုန်းကန်ထွက်ခဲ့ခြင်း ဖြစ်သည်။ အလုပ်တာဝန်နှင့် အိမ်ထောင်သည် ၀တ္တရားတွေကို ခေတ္တစွန့်ခွာခဲ့ခြင်းဖြစ်၏။ တဒင်္ဂ လွတ်မြောက်ခြင်းကို ရှာကြံမိခြင်းဖြစ်၏။
          ကျွန်မရှေ့ရှုရာအရပ်မှာ လွန်ခဲ့သော ဆယ်နှစ်ခန့် တစ်ကြိမ်သာရောက်ဖူးခဲ့သော မန္တလေးရွှေမြို့တော်ကြီးသို့၊ ကျောင်းနေစဉ်က အလွန်ရင်းနှီးချစ်ခင်ရသော သူငယ်ချင်း အမွန့်ဆီသို့။
          အမွန်ကတော့ ကျွန်မ၏ ကလေးဆန်သော လုပ်ရပ်ကို အပြစ်တင်လေမည်လား။ ကလေးတစ်ယောက်ရခါမှ စိတ်ဆိုးပြီး အိမ်ကထွက်လာသော ကျွန်မကို ငယ်စိတ် မပျောက် သေးဘူးဟူ၍ ရယ်မောလေမည်လား မသိပေ။ အမွန်နှင့် ပြန်တွေ့ရမည့် အရေးကို တွေးမိ သောအခါ အားလုံးကို မေ့သွားနိုင်ပြီး ကျွန်မပျော်သွားသည်။ အမွန်နှင့် တွေ့ပြီးလျှင်တော့ ရန်ကုန်ကိုပြန်ပြီး ဖုန်းဆက်မည်။ စိတ်မပူဖို့အကြောင်း။ ပြီးတော့ အမွန်နှင့် ငယ်ငယ်ကလို လည်ပတ်မည်။ မန္တလေးကို လျှောက်ကြည့်မည်။ စိတ်ပြေသွားတော့ အိမ်ကို ပြန်မည်။ ဤသည်မှာ ကျွန်မ၏ အစီအစဉ်ဖြစ်၏။
          အမွန်တစ်ယောက် အိမ်ထောင်များ ကျနေလေပြီလား။ ယခင်နေရာမှာကော ရှိသေး ရဲ့လား ။ အမွန့်ကို မတွေ့ရလျှင်လည်း ကိစ္စမရှိပါ။ ကျွန်မှာ အရေးရှိက သွားလာဆက်သွယ် နိုင်ရန် အခြား အသိမိတ်ဆွေများ၏ လိပ်စာများ ပါပါသည်။
          ကျွန်မ၏ တစ်သက်တာမှာ အစွန့်စားဆုံးဟု ဆိုနိုင်သော ခရီးသည် ရင်ခုန်စရာကောင်း လှ၏။ ထို့အတူ အမွန်နှင့်တွေ့ရမည့် အရေးသည်လည်းကောင်း၊ မန္တလေးကို နောက် တစ်ခေါက် လည်ပတ်ရမည့် အရေးသည်လည်းကောင်း ရင်ခုန်ဖွယ်ကောင်းလှပါသည်။
+       +       +
ရထားသည် အချိန်မှန်သည်ဆိုရမည်။ ည ၇ နာရီသာသာခန့်မှာ မန္တလေးဘူတာကြီးသို့ ဆိုက်ရောက်လေသည်။ ကျွန်မသည် က္ကုနြေ္ဒရရပင် ဘူတာတွင်းမှ ထွက်ခဲ့သည်။
          "ဒီမှာ မှတ်ပုံတင်လေး ပြပါခင်ဗျာ"
          ရုတ်တရက်တော့ လန့်သွားမိသည်။ နောက်မှ ကျွန်မနှင့် မသက်ဆိုင်။ ကားကီ ယူနီဖောင်းဝတ်တစ်ဦးက တရုတ်အမျိုးသားကြီး တစ်ယောက်ကို စစ်ဆေးနေခြင်း ဖြစ်၏။
          ဆိုက်ကားမျာ၊ မြင်းလှည်းများ၊ စက်ဘီးများဖြင့် ရှုပ်ထွေးနေသော မြို့၏ မြင်းကွင်းကို မှုန်းဝါးဝါးမြင်ရသည်။ မြင်းလှည်းတစ်စီးကို ခပ်တည်တည်ဖြင့် ငှားလိုက်သည်။
          မြို့ရိုးနှင့် ကျုံးကြီးကို မြင်လိုက်ရသဖြင့် ကျွန်မရင်သည် လှုပ်ရှားလာ၏။ သောကများကို မေ့ပျောက်ပြီး စွန့်စားသွားလာရခြင်း၏ ပျော်ရွှင်မှုကို စတင်ခံစားရသည်။ ရွှေမြို့တော်ကြီးကား စည်းကားသိုက်မြိုက်ဆဲ။ မှောင်ရီပျိုးစမှာပင် ဥဒဟို သွားလာလှုပ်ရှားဆဲ။ လူဦးရေ ပိုမိုတိုးတက် များပြားပြီး ရောင်းပန်းဝယ်တာ ပိုမိုဖွံ့ဖြိုးခဲ့သော အရိပ်နိမိတ်ကို မှန်းဆသိမြင်နိုင်သည်။ မီးလောင်ပြင်များ၊ လူနေထူထပ်သော လမ်းမကြီးများကို ဖြတ်သန်းလာခဲ့သည်။
          အမွန်နှင့် တွေ့ရမည်ကို တွေးပြီး ရင်ခုန်လာသည်။
          "ဘယ်ဘက်ကိုချိုး အဲ ဟုတ်ပြီ အဲဒီနားမှာ၊ အင်း ခဏနေဦး ဆင်းကြည့်လိုက်ဦးမယ်"
          ယခင်တစ်ခေါက်ရောက်ဖူးသော နေရာဝန်းကျင်သည် တစ်မျိုးတစ်ဖုံ ထူးခြားနေသည်။ လမ်းနံပါတ်၊ အိမ်နံပါတ်က မှားနိုင်စရာ မရှိ။ သို့သော် အငွေ့အသက်က လွဲမှားနေသည်။
          ပတ်ဝန်းကျင်ကို အကဲခတ်ရင်း တိုက်ကြီး တစ်တိုက်ရှေ့မှာ ကျွန်မရပ်မိနေမိသည်။ အမွန်တို့အိမ်သည် ယခင်က သည်နေရာမှာပဲ ရှိသည်။ အိမ်များ ပြင်ဆောက်လိုက်လေပြီလား။ ကာလတွေကလည်း ကြာခဲ့ပြီပဲ။ အရာရာ ပြောင်းလဲတိုးတက်နေသည်ကို ကျွန်မမေ့ခဲ့သည်။
          သို့သော် စုံစမ်းကြည့်ဦးမှ ဖြစ်မည်။
          သပ်ရပ်သော ခြံဝင်းအတွင်းမှာ တည်တည်ငြိမ်ငြိမ် ဖြစ်နေသော တိုက်ကြီးက စိတ်ကို ရွံ့စေသည်မှာတော့ အမှန်ပင်။ ထိုစဉ် လူရိပ်လူခြည်မြင်ရ၍ အားတက်သွားသည်။ ခြံဝင်း  တံခါးဝဆီသို့ လျှောက်လာနေသူသည် အမွန်များ ဖြစ်လေမလား။
          အနားရောက်တော့မှ အသားဖြူဖြူ မျက်နှာတစ်ခုကို မြင်လိုက်ရ၍ လုံးဝလွဲချော်နေပြီ ဆိုတာ သိလိုက်ရ၏။
          "ဒါ ဦးအောင်မှီရဲ့ အိမ်လားရှင်၊ သူ့သမီးက မလဲ့လဲ့မွန် ကျောင်းဆရာမ လုပ်တယ်"
          အမျိုးသမီးသည် ကျွန်မကို ခပ်ကြောင်ကြောင် ကြည့်နေသည်။ ခြံတံခါးကို မဖွင့်ပေ။
          "မဟုတ်ဘူး၊ မရှိဘူး"
          "အရင်ကတော့ ဒီနေရာမှာ နေလို့ပါ၊ သူတို့ဘယ်နေရာများ ပြောင်းသွားကြလဲ မသိဘူး"
          အမွန်တို့ အိမ်ရောင်းပြီး ပြောင်းသွားကြလေသလား။ သို့သော် ကျွန်မမေးခွန်းသည် ပို၍ပင် အူကြောင်ကြောင်နိုင်လှသည်ကို ချက်ချင်း သိလိုက်ပါသည်။
          "၀တို့ ဒီမှာ နေတာကြာပြီ"
          ဆက်မေးလျှင်လည်း ပို၍ ကြောင်နေမည်မို့ အသာလှည့်ထွက်ခဲ့သည်။ သည်လမ်းနှင့် သည်နေရာကတော့ အမှန်ပါပဲ။ သို့သော် ပတ်ဝန်းကျင်ကို ငဲ့စောင်းကြည့်လိုက်တော့ ပိုပြီး ပြတ်သားစွာ မြင်ရသည်။ အားလုံးသည် အပြောင်းလဲကြီး ပြောင်းလဲခဲ့ပြီ။ ယခင်က တဲအချို့၊ သွပ်မိုးပျဉ်ထောင်အိမ် တချို့သာ ရှိခဲ့သော နေရာများတွင် ခေတ်မီသေသပ်သော တိုက်ကြီး များကား နေရာယူထားသည်။ ပြောင်းလဲမှုသည် ကွာခြားလွန်းလှသည်။ ပိပိရိရိလည်း ရှိလှသည်။
          "ကလေးမ ရှာတဲ့အိမ်က ဒီနေရာ ဟုတ်ရဲ့လား"
          မြင်းလှည်းသမားကြီးက ယောင်ချာချာဖြစ်နေသော ကျွန်မကို မသင်္ကာစွာမေးသည်။
          "ဟုတ်ပါတယ်ရှင်၊ သူတို့ ပြောင်းသွားကြလို့ပါ"
          ဟန်ကိုယ့်ဖို့လုပ်ကာ ပြောလိုက်ရ၏။
          "ခဏနော် ဦးလေး၊ ကျွန်မဘေးအိမ်ကို မေးကြည့်ပါရစေဦး"
          ယခင်က အမွန်တို့အိမ်နှင့် တစ်အိမ်ကျော်တွင် အမွန့်သူငယ်ချင်းမတစ်ယောက် ရှိသည် ကို သတိရသည်။ ဆက်ပြီး စူးစမ်းချင်သေးသဖြင့် တစ်အိမ်ကျော်ကို လှမ်းကြည့်မိသည်။ ထိုအိမ်သည်လည်း ယခင်အိမ်မျိုး မဟုတ်တော့။ အိမ်ရှေ့သွားရပ်ကြည့်တော့ လူကြီး တစ်ယောက် အိမ်ရှေ့မှာ ရပ်နေသည်ကို တွေ့ရသည်။ ကျွန်မကို မြင်သွားပြီး စူးစမ်းကူညီ လိုဟန်ဖြင့် လျှောက်လာသည်။
          "ဘယ်သူ့အိမ်ကို ရှာတာလဲ"
          မဟုတ်မှန်းတော့ သိသာသည်။ ၀၀၊ အသား ၀ါဝါ၊ ဘောင်းဘီရှည် ၀တ်ထားသော ထိုလူကြီးသည် အမွန့်သူငယ်ချင်းတို့ မိသားစုကို ကြားတောင်ကြားဖူးလိမ့်မည် မဟုတ်ပါ။
          "ကျွန်မ အသိအိမ်တစ်အိမ် ရှာတာ၊ ဦးအောင်မှီ၊ သူ့သမီးက ကျောင်းဆရာမ လဲ့လဲ့မွန်တဲ့"
          ဘာမျှမပြောဘဲ လှည့်ထွက်ခဲ့ရာ မကောင်းသဖြင့် ပြောမိပြောရာ ပြောလိုက်ရခြင်း ဖြစ်၏။ နားမလည်ဟန်ဖြင့် ဇဝေဇ၀ါ ဖြစ်နေရှာသော ထိုလူကြီးကို ကျောခိုင်းကာ ကျွန်မ ထွက်လာခဲ့ပါသည်။
          "ကဲ မန္တလေးဟိုတယ်ကိုသာ မောင်းပေတော့ ဦးလေးရေ"
          ညီမ၀မ်းကွဲတစ်ယောက် မန္တလေးဟိုတယ်မှာ လုပ်နေသည်ဟု သိထားရသည်။ သူ့ကို ဟိုတယ်မှာ မတွေ့လျှင် အိမ်ကို လိုက်သွားနိုင်သည်။ အမှောင်အောက်မှာ မြို့၏ အရှိန်အ၀ါ သည် ခံ့ခံ့ထည်ထည်ပင် ရှိနေသည်။ ကျွန်မရင်ထဲမှာ မတင်မကျဖြင့် ငေးမောဖြတ်သန်း လာရသည်။
          "ဟေး တင့်တင့်"
          တွေ့လိုသူကို အဆင်သင့်တွေ့ရသဖြင့် ရင်ထဲမှာ ပေါ့ပါးသည်။
          "မိဆွေ တစ်ယောက်တည်း ဘယ်လိုဖြစ်လာတာလဲ"
          "နောက်မှမေး တင့်တင့်၊ ကိုယ် ဒီမှာတည်းလို့ရမလား"
          "အမျိုးသမီး တစ်ယောက်တည်း တည်းလို့မရဘူး၊ တို့ဆယ်နာရီ အိမ်ပြန်ရမယ်၊ ဘာဖြစ်လာသလဲ ပြောစမ်းပါဦး"
          "နောက်မှပြောမယ်ကွာ၊ ဖုန်းဆက်လို့ မရဘူးလား"
          "ဘယ်ကိုလဲ"
          "ရန်ကုန်ကိုလေ"
          ကျွန်မ အိမ်ကထွက်လာသည့် ကိစ္စကတော့ ပြေလည်သွားပြီး ဖြစ်ပါသည်။ မန္တလေးမြို့ တွင် ခေတ္တခဏလည်ပတ်ဖို့နှင့် အမွန်နှင့် တွေ့ဖို့ကိစ္စသာ ကျန်ပါတော့သည်။
          "မိဆွေ တယ်သတ္တိကောင်းတာပဲ၊ ကျောင်းနေတုန်းက တစ်ခေါက်ရောက်ဖူးတဲ့ နေရာ ကိုများ စွန့်စားပြီး သွားရှာရတယ်လို့"
          "ဒါလောက်တော့ ပြောင်းလဲသွားမယ် မထင်လို့ပေါ့ကွာ၊ သူတို့နေရာက မီးဘေးလဲ လွတ်တယ်၊ မေးရင်ရမှာပဲ ထင်တယ်၊ ဒါပေမယ့် ကိုယ်မေးတာလဲ ကောင်းကောင်း နားလည်ကြပုံ မရတာနဲ့ ပြန်ပြေးခဲ့ရတယ်"
          တင့်တင့်သည် အမွန့်ကိုယ်စား ကျွန်မကို အလည်အပတ် လျှောက်ပြပါသည်။ ယခင်က တစ်ခေါက်လို ဘုရားကြီး၊ ဈေးချို၊ တောင်ပေါ်၊ စစ်ကိုင်း စသည်ဖြင့်။
          မန္တလေးမြို့ကား ယခင်ကလိုပင် ပြန်လည်စည်ကားစ၊ သိုက်မြိုက်စ ပြုနေပြီ။ လူတွေ လည်း ပျားပန်းခန်မျှ သွားလာလှုပ်ရှားနေကြသည်။ မျက်နှာစိမ်းများ ရောနှောနေသည်။ အိမ်များကလည်း အခိုင်သား အခံ့သား၊ ကားများမှာလည်း အကောင်းစား အပျံစား။ စားသောက်ဆိုင်ကြီးများကလည်း အပြိုင်အဆိုင်ဟည်းလို့။ တည်းခိုခန်းများ ဆိုသည်ကား မတွေ့ချင်မှအဆုံး ရှိလေ၏။ အရာရာသည် ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ ရှုပ်ထွေး ရောယှက်နေ၏။ များမကြာမီ မီးလောင်ပြင်နေရာများတွင် တိုက်တာအဆောက်အအုံများ နေရာယူလာကြတော့မည်။
+       +       +
ကျွန်မသူငယ်ချင်း အမွန်တို့မိသားစု ရွှေမြို့တော်ကြီး၏ မည်သည့်နေရာတွင်များ တိမ်မြုပ် ပျောက်ကွယ်နေရှာပါလိမ့်။
(သဘင်မဂ္ဂဇင်း ။       ။ ဒီဇင်ဘာ ၊ ၁၉၈၄)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/13/2012 10:26:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ