သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


မူစယ် - နမ့်ခမ်းကြား တံတားထပ်ပျက် ယာဉ်အသွားအလာ ခေတ္တရပ်ဆိုင်း

Posted: 05 Nov 2012 01:48 AM PST

တစ်နေ့လျှင် ကားအစီးရေ ရာနှင့်ချီဖြတ်သန်းမောင်းနှင်နေပြီး မကြာခဏပျက်လေ့ရှိသည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် - နမ့်ခမ်း ကားလမ်းပေါ်ရှိ နမ့်ပေါ့တံတားမှာ ယနေ့ နံနက် ၆ နာရီခန့်က ထပ်မံပျက် သွားကြောင်း သိရသည်။
001-
အဆိုပါတံတားပျက်အား နံနက် ရ နာရီခန့်မှ နေ့လည် ၁၁ နာရီကျော်အထိ ပြုပြင်နေရာ ကားအသွား အလာ များ ၃ နာရီ ကျော်ခန့် ရပ်နားထားရကြောင်း မူစယ် - နမ့်ခမ်း လှိုင်းဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

"တံတားက ခဏခဏပျက်တယ် ဒီမနက်စောစော ကားကျော်လာပြီးတာနဲ့တံတားကပျက်သွားပြီ။ ပြင် လိုက် တာ ပြန်ကောင်းသွားပါပြီ ။  ၃ ၊ ၄ နာရီ လောက်ကြာတယ်။ အခုပုံမှန်ပြန်သွားနေပြီ" ဟု သူက ပြောသည်။

အဆိုပါ တံတားပြုပြင်မှုကြောင့် ကားအသွားအလာများ ယာယီရပ်နားလိုက်ရကြောင်း မူစယ်မြို့အာဏာပိုင် သတင်းရပ်ကွက်မှလည်း အတည်ပြုပြောသည်။

ဘိလပ်မြေ ၊ ကျောက်နှင့် မြေသြဇာများ တင်ဆောင်လာသည့် ကုန်ကားများ ဖြတ်သန်းမှုကြောင့် ကုန်အလေးချိန်ခံနိုင်ရည် မရှိသဖြင့် တံတား သံဘောင်အလယ်ဗဟို၌ ကျိုးနေရာကားများ ယာယီသွားလာနိုင်အောင်   သံဂဟေဆက်၍ ပြုပြင်ထား သောကြောင့် တံတား မကြာခဏပျက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ကားအသွားအလာက အချိန်ပြည့်ရှိတယ် တရုတ်နယ်စပ် ရွေလီမြစ်တစ်လျှောက် စက်လှေဆိပ်က ထွက်တဲ့ ကုန်တွေအကုန်လုံး အဲဒီတံတားလာဖြတ်ရတာကော။ တံတားပျက်ရင် ခရီးသည်တွေလည်း ကသိကအောက်ဖြစ်တယ်။ တချို့နမ့်ခမ်းကနေ လာရင် မန္တလေးကားအမှီလာတာရှိတယ်။ အချိန်မမှီဘူးပေါ့။ ကားသမားတွေအတွက်လည်း စိုးရိမ်နေရ တာပေါ့" - ဟု စောစောကကားသမားမှ ဆက်ပြောသည်။

အဆိုပါ တံတားမှာ မူစယ်မြို့နယ် ပန်ခမ်းရွာအနီး၌ တည်ရှိပြီး အရှည်ပေ ၂၀၀ ခန့်ရှိ သံဘောင် ဘေလီတံတားဖြစ်ကြောင်း သိရသည်။

ဘတ်နှစ်သန်းဖြင့် ထိုင်းအစိုးရ ဖမ်းဝရမ်းထုတ်ထားသည့် ဦးယီ့ဆေးအား TCL4 news မှတွေ့ဆုံမေးမြန်း

Posted: 05 Nov 2012 01:37 AM PST

မှတ်ချက်။    ။ tcl4news ဆိုသူက ဦးယီဆေးအား ဆက်သွယ်မေးမြန်း၍ သျှမ်းသံတော်ဆင့်ထံ ရေးသားပို့ပေးသည့်အတိုင်းဖော်ပြထားခြင်းဖြစ်ပါသည်။ (အယ်ဒီတာ)


ပြည်ပသတင်းဌာနတွေနဲ့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြနေကြတဲ့ ဦးယီဆေး သတင်းနှင့်ပတ်သက်၍ ဖြစ်ရပ်မှန်ကို သိရှိလိုတဲ့ အတွက် 31.10.2012 ရက်နေ့က ဦးယီဆေး လက်ရှိနေထိုင်သည့် လွယ်တော်ခမ်း ကျေးရွာအုပ်စု ရေပူစမ်းသို့ စာရေးသူကိုယ်တိုင် သွားရောက်ခဲ့ပြီး တွေ့ဆုံမေးမြန်း သတင်းရယူခဲ့ပါ တယ်။

မေး။           ။ ဦးယီဆေးခင်ဗျ။  ပြည်ပသတင်းဌာနတွေနဲ့ ထိုင်းသတင်းဌာနတွေမှာ အဘအမည်တပ်ပြီး ဖော်ပြထားတဲ့ သတင်းအခြေအနေကိုတော့ အဘသိပြီးဖြစ်မှာပါ။ အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ အဘအနေနဲ့ ဘာများပြောကြားချင်ပါသလဲခင်ဗျာ။

ဖြေ။   ။ ကျနော် နေတဲ့ ရေပူစမ်းကျေးရွာ ပတ်ဝန်းကျင်ဒေသတွေမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက် ဆက်နွယ်နေတယ်လို့ မကြာခဏဆိုသလို ကြားနေရပါတယ်။ အဘအနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက် တဲ့ ကိစ္စရပ်တွေမှာ ယခင်ကလည်း နှစ်သက်မှုမရှိဘူး၊ ယခုလည်းမရှိဘူး အဘအနေနဲ့လည်း ဆက်စပ် မှုမရှိဘူး၊ ဒီသတင်းပါလာတယ်လို့ ကြားသိလိုက်ရတော့ အံ့အားသင့်မိပြီး များစွာ စိတ်မကောင်းဖြစ် မိတယ်။

သူတို့ရေးထားတာတွေကို အသေအချာဖတ်ကြည့်တော့လည်း "ဦးယီဆေးအဖွဲ့ဝင်၏ အဆက်များ"လို့ ဖော်ပြထားတော့ ဘာကိုဆိုလိုပြီး ဘာပြောမှန်းတောင် မသိတော့ဘူး၊ မရေမရာရေးထားတာတွေကို တွေ့ရတယ်။ ဘာဘဲဖြစ်ဖြစ်ပေါ့ ဒီလိုတိကျသေချာမှုမရှိတဲ့ မရေမရာရေးသားထားတဲ့ သတင်းတခု ကြောင့် အဘရဲ့ ဂုဏ်သိက္ခာကို ထိပါးညှိးနွမ်းစေတယ်လို့ ခံစားရတယ်။

မေး။       ။ အဘခင်ဗျာ ဒုတိယတစ်ချက်အနေနဲ့ သူတို့ပြောထားတဲ့ မူးယစ်ဆေးဝါးကူးသန်း ရောင်းဝယ်မှုနဲ့ ဆက်စပ်မှုရှိနေပါသလားလို့ မေးမြန်းလိုပါတယ်။

ဖြေ။      ။ ကျနော့်တစ်ကိုယ်ရေအရ ပြောရမယ်ဆိုရင်တော့ ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လုံးဝ မနှစ်မြို့ဘူး။ ဆက်စပ်မှုမရှိဘူးလို့ အတိအကျပြောချင်ပါတယ်။ မည်သူမဆို မည်သည့် အချိန်မဆို လာရောက်စစ်ဆေးနိုင်တယ်လို့ ပြောချင်တယ်။

ထိုင်းနိုင်ငံမှာလည်း မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု တားဆီးရေးဥပဒေတွေ ထုတ်ပြန်ထားသလို ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ထိုနည်းအတူ ဥပဒေတွေ ထုတ်ပြန်ပြီး အရေးယူဆောင်ရွက်နေ ပါတယ်။ မည်သူမည်ဝါရယ်လို့ ကာကွယ်ပေးထားတာ မရှိပါဘူး။ ကျနော်သာ ဒီဥပဒေကို ချိုးဖောက်ရင် ကျနော့်ကို အရေးယူမှာပေါ့။

တစ်ခုတော့စဉ်းစားကြည့်ပါ ရေပူစမ်းကနေ ထိုင်းနိုင်ငံရောက်ဖို့အတွက် မိုင်(၅၀)လောက်ဝေးပြီး အဆင့်ဆင့်သော စစ်ဆေးရေးဂိတ်တွေ၊ တပ်စခန်းတွေလည်းရှိပါတယ်။ မူးယစ်ဆေးဝါးသယ်ဆောင်သွားပြီ ဆိုရင် တစ်ဂိတ်မဟုတ် တစ်ဂိတ်မှာတော့ အသေအချာမိမှာဘဲ။ သူတို့ပြောတဲ့ မူးယစ်ဆေးဝါး ကိစ္စကြီးက ဖြစ်နိုင် မဖြစ်နိုင် သေချာစဉ်းစားကြည့်ပေါ့။ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဘယ်နေရာမှာဘဲ ဖမ်းဆီးရမိမိ ကျွန်တော့်နာမည်ကိုသာ တပ်ပြီး စွပ်စွဲနေကြတာကို ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မြင်တွေ့ကြားသိနေရပါတယ်။

မေး။          ။ တတိယအချက်အနေနဲ့ မေးမြန်းလိုပါတယ် အဘ၊ အဘအနေနဲ့ လက်ရှိ ဘာစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါသလဲ။

ဖြေ။          ။ ယခုလက်ရှိ သစ်လွင်မိုးမှာ ရှယ်ယာထည့်ဝင်ထားပါတယ်။ မိုင်းကိုးဘက်မှာရှိတဲ့ သစ်လွင်မိုး မဂ္ဂနီ(စ်)သတ္တုတူးဖော်ရေးလုပ်ငန်းမှာလည်း ရှယ်ယာထည့်ဝင် လုပ်ကိုင်နေပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး လုပ်ငန်းဖြစ်တဲ့ ရာဘာ ဧက(၃၀၀)ကိုလည်း စိုက်ပျိုးထားပါတယ်။ မွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်လို့ ကြက်၊ နွား နဲ့ ကျွဲများကိုလည်း မွေးမြူလုပ်ကိုင်နေပါတယ်။ ကျနော်နေထိုင်တဲ့ ဒေသအတွင်းမှာလည်း စာသင်ကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းတွေကို ဆောက်လုပ်ပေးနေတာကိုလည်း ဒေသအတွင်းမှာ ရှိတဲ့ ရွာသူရွာသားတွေအပါအဝင် တာချီလိတ်မှာရှိတဲ့ ဌာနဆိုင်ရာတွေ အသိပါဘဲ။

ကြုံတုန်းပြောရရင် မကြာခင်မှာဘဲ ဒီလို သို့လော သို့လော ဖြစ်နေတဲ့ ကိစ္စကြီးကို ရှင်းရှင်းလင်း လင်း သိစေဖို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ အဲ့ဒီအခါကြရင်လည်း သိချင် တာတွေကို ပွင့်ပွင့်လင်းလင်းဘဲ ဖြေကြားပေးပါ့မယ်လို့ ပြောကြားလိုပါတယ်။

မေး  ။           ။အခုလို ဖြေကြားပေးတဲ့အတွက် အဘဦးယီဆေးကို ကျေးဇူးအများကြီးတင်ပါတယ်။

ဦးယီဆေး။        ။ ကျနော့အမည်နဲ့ အခုလို မရေမရာသတင်းတွေကတော့ သတင်းဌာန တစ်ချို့ကနေ ထွက်နေမှာဘဲ ပြည်သူတွေကလည်း မညံ့တော့ပါဘူး။ အရာရာကို ချင့်ချိန်စဉ်းစားနေတတ်ကြပါပြီ။ အခုလို ဝေးလံတဲ့ဒေသအထိ လာရောက်တွေ့ဆုံမေးမြန်းတဲ့အတွက် ကျနော့်ရဲ့ ခံစားချက်တွေကို ဖွင့်ဟပြောကြားခွင့်ရခဲ့လို့ အများကြီးကျေးဇူးတင်ပါတယ်။


မှတ်ချက်။    ။ tcl4news ဆိုသူက ဦးယီဆေးအား ဆက်သွယ်မေးမြန်း၍ သျှမ်းသံတော်ဆင့်ထံ ရေးသားပို့ပေးသည့်အတိုင်းဖော်ပြထားခြင်းဖြစ်ပါသည်။ (အယ်ဒီတာ)

ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ လက်ဆုပ်လက်ကိုင်ပြုရမှာက

Posted: 05 Nov 2012 01:36 AM PST

အောက်တိုဘာလ ၃၁ ရက်က ချင်းမိုင်မြို့ ဆင်ထနားဟိုတယ်မှာ Karenni Civil Society Network (KCSN) ကအစိုးရဘက်က ကတိမတည် သဘောတူညီမှု မလိုက်နာတာကြောင့် ငြိမ်းချမ်းရေး အားလျော့လာတယ်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ဂျွန်လ ၂၇ ရက် က   ကရင်နီတပ်ဖွဲ့ထိန်းချုပ်နယ်မြေထဲကို မြန်မာစစ်တပ်ကကျူးကျော်ဝင်ရောက်လို့ တိုက်ပွဲဖြစ်ပွားခဲ့ရတယ်လို့ဆိုပါတယ်။ မတ်လ ၇ ရက် ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်း  ဖြစ်ပွါးတဲ့ တိုက်ပွဲဖြစ်ပါတယ်။ 

နောက်တခုက ဖရူးဆိုးမြို့နယ်မှာ စစ်ရေးလေ့ကျင့် သင်တန်းကျောင်းအမှတ် ၁၄ တည်ဆောက်မယ့် စီမံကိန်းအတွက် နှစ်ဦးနှစ်ဘက်စလုံးပါဝင်တဲ့ ပြည်နယ်အဆင့်ကော်မတီဖွဲ့ပြီး လူထုဆန္ဒကောက်ယူ မယ်။ အဲဒီမှာ နယ်မြေသိမ်းပိုက်မှုများတော့ ပြန်လည်သုံးသပ်ဖို့အတွက်ဖြစ်တယ်။ တကယ်တမ်း ကော် မတီဖွဲ့တဲ့အခါ မြန်မာအစိုးရရဲ့ ပြည်နယ်အစိုးရကဘဲအဓိကပါဝင်နေတယ်။ အစီရင်ခံစာပို့လာတော့လဲ လူထု ဆန္ဒဘယ်လိုရှိတယ်ဆိုတာ မပါဝင်ပါဘူး။ တည်ဆောက်ရေး ဆက်လုပ်သွားမယ်ဆိုတဲ့ အစီရင်ခံစာ ဘဲရှိတယ်။

နောက်တခုက နှစ်ဖက်စလုံးသဘောတူထားတာက ကယားပြည်နယ်အတွင်း စီမံကိန်းကြီးတွေနဲ့ ပတ်သက်ပြီး လူထုဆီကို သတင်းအချက်အလက်ချပေးမယ်။ Civil Society Organization  စီအက်စ်အို တွေ  သတင်းအချက် အလက်ရယူဖို့လဲ ခွင့်ပေးမယ် လို့ပြောတယ်။ စက်တင်ဘာလမှာ တာ့ထန်(တရုတ်)ကုမ္မဏီက တာဝန်ယူတဲ့ ရွာသစ်ကြီးဆည် တည်ဆောက်ရေးအတွက် သတင်း အချက်အလက်ရယူဖို့သွားတော့ တားဆီးခြင်းခံရတယ်။ ဒါကြောင့် သဘောတူညီချက်တွေဟာ စာရွက်ပေါ်မှာဘဲရှိတယ်။ လက်တွေ့ဘာမှမရှိဘူး။

ဒီအတွက်နေပြည်တော်အစိုးရကနေပြီး တိုင်းရင်းသားတွေနဲ့လုပ်ထားတဲ့ သဘောတူညီချက်ကို လိုက်နာ လုပ်ဆောင်ဖို့ တိုက်တွန်းတယ်။  FPIC Free, Prior and Informed Consent ဆိုတဲ့ လွတ်လပ်ခြင်း၊ ကြိုတင်အသိပေးခြင်း ၊ အချက်အလက်အပြည့်အစုံရရှိခြင်းအပေါ်မူတည်သော သဘောတူညီမှုဆိုတဲ့ မူဝါဒကိုကျင့်သုံးဖို့လဲ တိုက်တွန်းသွား တယ်။

အခုလို အစိုးရဘက်က ကျူးလွန်ဖောက်ဖျက်တယ်ဆိုတဲ့ သတင်းတွေကတော့ အသစ်အဆန်း မဟုတ် တော့ဘူးလို့ပြောရပါမယ်။ ကျူးလွန်ဖောက်ဖျက်တဲ့အဖွဲ့ရဲ့ နာမည်နဲ့ နေရာတွေသာကွဲတာပါ။ ဗိုလ်ချုပ် အောင်ဆန်းက တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးသဘောတူညီချက်ကိုပင်လုံမှာလုပ်ခဲ့တယ်။ ဦးနေဝင်းက ဖျက်တယ်။ အဲဒီကတည်းက အစဉ်အလာရှိလာခဲ့တာဖြစ်ပါတယ်။ ဗမာအစိုးရရဲ့အမှားချည်းချည်းလို့ အပြစ်ဖို့လို့လဲ မရပြန်ပါဘူး။ တိုင်းရင်းသား တော်လှန်ရေးသမားတွေတော့ ရိုးသားတယ်။ ကျနော်တို့ ဒါလိုချင်တယ် ဒါပေးပါလို့ ဒဲ့ဒိုး ပြောတယ်။   မြန်မာတပ်မတော်ဘက်မှာတော့ အဲလိုမဟုတ်ဘူး။ ရိုးသားတဲ့လူဟာလဲ အားနည်းချက်ရှိတာဘဲ ဆိုပြီး အားနည်းချက်တွေကိုရှာပြီး ထိုးနှက်နေကျဖြစ်တယ်။ 

အစိုးရဆိုတာ အမှားကိုသူတို့လုပ်ချင်သလောက်လုပ်မယ်။ လုပ်ခဲ့တဲ့အမှားကို အမှန် အနည်းအကျဉ်းနဲ့ ပြန်ဖုံးတယ်။ နိုင်ငံတကာက ခွင့်လွှတ်အောင် မေ့သွားအောင်လုပ်တယ်။ အစိုးရဆိုတော့ အများကလဲ လက်ခံ တယ်။

ဒါပေမယ့်ကျနော်တို့တိုင်းရင်းသားတွေက အဲလိုလိုက်တုလို့မရဘူး။ လိမ်ညာတဲ့ဘက်မှာ သူတို့ကို နိုင်မှာ မဟုတ်ဘူး ။ ဒါကြောင့် မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ နားလည်မှုလွဲတာရှိရင် - သတင်းစာရှင်းလင်းပွဲလုပ်ပြီးငြီးပြရုံနဲ့ မရတော့ဘူး။ ဒါက ဆက်ပြီးအရှုံးပေးသွားဖို့ပြောဒါတော့ မဟုတ် ဘူး။ ပြဿနာ ရှိလာယင် ဖြေရှင်းဖို့လမ်းအများကြီးရှိတယ် ။ အခြားနည်းလမ်းတွေလဲ အသုံးပြုသင့်တယ်။

အနိုင်ယူချင်တဲ့အကျင့်ဆိုတာက ဖျောက်လို့မရဘူး။ ဒါပေမယ့် အနိုင်ယူမှုကို အနိုင်ယူမှု နဲ့ပြန်ပြီး လက်စားချေမယ်ဆိုရင် သံသရာကမဆုံးနိုင်ဘူး။ ဗုဒ္ဓအဆုံးအမလဲရှိသားဘဲ။ ကိုယ့်အပေါ် အနိုင် ကျင့်ယူလာတဲ့သူကို ကိုယ်ကခွင့်လွှတ်နိုင်ပေမယ့် ကိုယ်ကနေ  အနိုင်ကျင့်ထား တဲ့သူကိုတော့ ကိုယ်က ခွင့်မလွှတ်တတ်ကြဘူး ဆိုတာပါဘဲ။

ဒါပေမယ့် အခု ကရင်နီက လုပ်တဲ့သတင်းစာရှင်းလင်းပွဲဟာ ငြီးပြရုံသက်သက်မဟုတ်ပါဘူး။ လူထု ဘက်ကလဲ - ငြိမ်းချမ်းရေးယူအပစ်ရပ်ပြီးနောက်ပိုင်း ညကြီးမင်းကြီးလဲ လယ်ဆင်း ယာဆင်း လုပ်ရဲလာတယ်လို့ပြောတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာပါ။

နောက်တခုက အစိုးရအတိုက်အခံအဖွဲ့ကို ပြည်တွင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ခွင့်ပေးတယ်။ ဒါလဲ ကောင်းတဲ့လက္ခဏာလို့ဆိုရပါမယ်။  ကရင်နီအဖွဲ့ဟာ အခုမှ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ လုပ်တာ မဟုတ်ပါဘူး။ ဒီမတိုင်ခင် ရန်ကုန်မှာလဲ လုပ်ခဲ့ပြီးပါပြီ။ အောက်တိုဘာလ ၂ ရက်နေ့ကပေါ့။ စီးတီးစတားဟိုတယ်မှာသွားလုပ်ခဲ့တယ်။ ဒီအဖွဲ့ဟာ KNPP ရဲ့ထောက်ခံချက်နဲ့ဘဲသွားတာ။ ဘေးကင်း ရန်ကင်း နဲ့ အောင်အောင်မြင်မြင်လုပ်လာနိုင်ခဲ့တယ်ဆိုတာက အကောင်းဘက် လက္ခဏာဆောင် တာပါဘဲ။


ထိုင်း-မြန်မာနယ်စပ်၊ တာချိလိတ်မြို့ရှိ ဆေးဆိုင်များသက်ဆိုင်ရာမှစစ်ဆေးပေးစေလို

Posted: 05 Nov 2012 01:35 AM PST

သို့- သျှမ်းသံတော်ဆင့်မှတဆင့် သက်ဆိုင်ရာ ကျန်းမာရေးဌာန နှင့် ဆေးဝါးထိန်းချုပ်ရေးဌာနသိရှိစေရန်။
date_out_medicine၀၀၃ သက်တမ်းကုန်ဆေးကဒ် (ဓါတ်ပုံ -ခရီးသွား)

ကျနော်သည် ခရီးသွားတယောက်ပါ။  ထိုင်းနယ်စပ် တာချိလိတ်မြို့သို့ ၃.၁၁.၁၂ နေ့ ရောက်ရှိ လာပါတယ်။ မကာဟိုခမ်းရပ်ကွက်ရှိ တည်းခိုခန်းတခုတွင်တည်းခိုနေချိန်  ရုတ်တရက် ဗိုက်အောင့်လာ သဖြင့် တည်းခိုခန်းအနီး ရှိ ဆေးရောင်းဆိုင်တဆိုင် ကို ဗိုက်အောင့်ပျောက်ဆေး တမျိုး ၀ယ်ပြီး တည်းခိုခန်း ကိုပြန်လာခဲ့ပါတယ်။ တည်းခိုခန်းရောက်လို့ သောက်ပြီးမှ ဆေးရက်စွဲ သက်တမ်းကုန်နေ တာတွေ့ရတယ် ။ ဆေးသက်တမ်းကိုဖတ်ကြည့် လိုက် တော့ စထုတ်သည့်နေ့က 12/03/09 ဖြစ်ပြီး ကုန်ဆုံးနေ့က 12/03/12 ဖြစ်နေပါတယ်။ ဆေးသက်တမ်းကုန် လွန်တာ ၈ လ ကျော် ရှိနေ ပါပြီ။ အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများအား သိစေရန်နှင့် အများပြည်သူများ ကျနော်ခရီးသွားတယောက်လို ကုန်ဆုံးရက် လွန်နေသည့် ဆေးမျိုး ၀ယ်မသောက်မိစေရန် သျှမ်းသံတော်ဆင့် သတင်းဌာန ကနေတဆင့် တင်ပြလိုက် ပါတယ်ခင်ဗျား။
date_out_medicine1                                ၀၀၃ သက်တမ်းကုန်ဆေးကဒ် (ဓါတ်ပုံ -ခရီးသွား)

                                                                                        ခရီးသွားတယောက်(၄.၁၁.၁၂)

မူဆယ် ပန်ဆေးပြည်သူ့စစ်ယူနီဖောင်းဝတ် သေနတ်ကိုင် လုံခြုံရေးများအကြောင်း

Posted: 05 Nov 2012 01:34 AM PST

သို့-သျှမ်းသံတော်ဆင့်မှတဆင့်
သက်ဆိုင်ရာအကြီးအကဲများသိစေရန်

မူဆယ်မြို့၊ ငွေဆင်အိမ်ရာဝင်းအတွင်း ပန်ဆေး ပြည်သူ့စစ် ဒုတိယဥက္ကဌ ဦးဟန်ဝင်းဦးဆောင်ပြီး ၎င်း၏သား အားကွမ်း(ခ) မောင်ခိုင်မှကြီးကြပ်၍ လောင်းကစားမျိုးစုံ( ဂျင်ဝိုင်း ၊ ပေကျားလော့ နှစ်ချပ်ဖဲ ၊ သျှမ်းကိုးမီး ၊ တီဗွီဂိမ်း ) ဖွင့်လှစ်ထားပါတယ်။ အဲဒီမှာ ကေတီဗွီနှင့်နိုက်ကလပ် လည်း ဖွင့်လှစ်ထားတဲ့အတွက် ပန်းဆေးပြည်သူ့စစ်ယူနီဖောင်းဝတ် သေနတ်ကိုင် တဲ့သူတွကို လုံခြုံရေးချ ထားပါတယ်။ ဌာနဆိုင်ရာတွေကို အဝင်မခံပါဘူး။

 ဌာနဆိုင်ရာတွေကလည်း ဦးဟန်ဝင်းရဲ့  ပန်ဆေး ပြည်သူ့စစ်တပ် ဒုတိယဥက္ကဌ အရှိန်အဝါကြောင့် မထိရဲ ၊ မပြောရဲ ၊ မတိုင်ရဲဖြစ်နေပါတယ်။  အားကွမ်း(ခ)မောင်ခိုင်ကလည်း  ကားအပေါင်ခံ ၊ ဆိုင်ကယ်အပေါင်ခံ ၊ အိမ်ဝိုင်းများအပေါင်ခံကာ ထားရှိပါတယ်။ မူဆယ်မြို့ မှာအခု သူခိုး၊ ဓါးပြ ဆူပူသောင်းကြမ်းနေပါတယ်။   ပန်ဆေးပြည်သူ့စစ်ယူနီဖောင်းဝတ် လက်နက်ကိုင်  ရဲဘော်တွေဟာလဲ မူးယစ်ဆေးမသုံးတဲ့လူမရှိသလောက်ပါဘဲ။ ယာဘသောက် ညစဉ် ညတိုင်းရန် ဖြစ် ၊ ရိုက်နှက် ဆူညံဗွက်လောရိုက်နေပါတယ်။  ထို့အပြင် မူဆယ်-မန္တလေး-ရန်ကုန် ပြေးဆွဲတဲ့ "ဇွဲရောင်နီ" Express လိုင်းအမည်ခံ  သူတို့ရဲ့ကားတွေကလည်း  နိုင်ငံတော်အခွန်မဆောင်ဘဲ တရားမဝင် (ကယ်ရီ) ပစ္စည်းမျိုးစုံတင်တာတွေရှိနေပါတယ်။  နိုင်ငံတော် နှင့်နိုင်ငံတော်အကြီးအကဲများမှ အရေးယူ ဆောင်ရွက်ပေးနိုင်ရန် သျှမ်းသံတော်ဆင့် မှတဆင့်အကြောင်းကြား မေတ္တာရပ်ခံအပ်ပါသည်။


မူဆယ်သား

သို့ သက်ဆိုင်ရာလူကြီးမင်းများခင်ဗျာ

Posted: 05 Nov 2012 01:33 AM PST

သျှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ တန့်ယန်းမြို့တွင် အနိုင်ကျင့်မှုများမှာ ယနေ့တိုင်ကျင့်သုံးနေဆဲ ဖြစ်ပါသည်။

အာဏာပိုင်အဖွဲ့အစည်းမှများမှ ယာဉ်များအား အနိုင်ကျင့် အဓမ္မချောဆွဲခြင်းကိုယနေ့တိုင်ကျင့်သုံး ဆဲဖြစ် ပါသည်။ (၃)လ တစ်ကြိမ် တရုတ်-မြန်မာ နယ်စပ်ဒေသဆွေနွေးပွဲရောက်တိုင်း ကားများအား စစ်တပ်မှချော ဆွဲခိုင်း သဖြင့်ဟုဆိုကာ ယာဉ်ထိန်းမှ လိုက်ဆွဲပါသည်။ မပေးပါက လိုင်းမထွက်ရလို့ ဂိတ်မှူးတွေကို ပြောပါ သည်။ ချောဆွဲခံရကားများ တစ်စုံတစ်ခုဖြစ်ရင်လည်း တာဝန်ယူမည့်သူမရှိကြပါ။ ဖြစ်ပြီးခဲ့သမျှပြောရလျှင် - (၁) SURF တစ်စီးခေါ် သွားတယ်။ ချောက်ထဲကျတယ်။ ရဲဘော်လက်ကျိုးတယ်။ ကား ပျက်စီးတယ်။ ပြင်မပေးဘူး။ လျော်မပေးဘူး။ ကျနော့်ကိုယ်ရေးကိုယ်တာသုံးတာမဟုတ်ဘူးလို့ ဗျူဟာမှူးကြီးကပြောတယ်။ ဖိုးဝီးနဲ့ (၃၅၀) မြောက်တပ်လွယ်ပန် တောင်စခန်းချိန်းတယ် ကားမှောက်တယ် ဗိုလ်မှူးဇော်ဇော်ထွန်းက တိုင်ချင်တဲ့နေရာတိုင် ပိုင်အောင်တိုင်နော်တဲ့။ ဒီမှာ စစ်သားတွေကျိုးပဲ့ကုန်တာတွေ့လားတဲ့ ။ သူတို့  ခေါ်လို့ဖြစ်တာ သူတို့မှတာဝန်မယူရင် ကိုယ်ထမင်းကိုယ် စားပြီး ချောဆွဲခံရတယ်။ ဖြစ်လာရင်ဘယ်သူမှ တာဝန် မယူဘူး။

မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း သူက သမ္မတ ကိုယ်စား မြို့ မှာတာဝန်ထမ်းဆောင်ပေးနေတာတဲ့ လားရှိုးအစည်းအဝေးသွားတိုင်း ချောကားစီစဉ်ပေးရတယ် ဂိတ်တွေက ဆီ နဲ့ ငွေမျှပေးရတယ်။ သူ့အဆွေတော်အမျိုးတော်တွေနဲ့ သူ့မိန်းမ ခရီးသွားတိုင်း ကားချောပေးရတယ်။ ယာဉ်ထိန်းကလည်း ကားတစ်စီးထွက်တိုင်း ဘယ်ဂိတ်ကမဆို ၁၀၀၀ ကျပ်ဂိတ်မှူးကကောက်ပေးရတယ်။  မြို့နယ်မှူးကို တလ ၅၀၀,၀၀၀ သွင်းရလို့တဲ့။ ဒီလို ဝိုင်းပြီး အနိုင်ကျင့်တွေတာတွေကို ဘယ်သူ့ကို ပြောရမလဲ။ ပြည်ခိုင်ဖြိုး၊ သျှမ်းဒီ ၊ လားဟူပါတီတွေကလည်းသိ သိနဲ့မပြောရဲဘူး။ သက်ဆိုင်ရာလူကြီးတွေနဲ့ကူညီနိုင်သူတွေကို အသိပေးပေးပါခင်ဗျာ။ မြို့လူထုကိုယ်စားအကူအညီ တောင်းပါတယ်။
တန့်ယန်းဒေသခံတဦး