သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


စိုင်းအောင်မြတ်အား တရုတ်အစိုးရထံမှ ပြန်ခေါ်ပေးရန် သမ္မတကြီးထံ မိသားစုတောင်းဆို

Posted: 21 Nov 2012 12:43 AM PST

ရွှေတြိဂံဒေသ မူးယစ်ရာဇာ စိုင်းနော်ခမ်းအမှုအတွက် မြန်မာနိုင်ငံဘက်မှ သက်သေအဖြစ် တရုတ်အစိုးရထံ ယာယီ လွှဲအပ်ခြင်းခံရသည့် စိုင်းအောင်မြတ်အား ပြန်ခေါ်ယူပေးရန် မိသားစုဝင်များက မြန်မာသမ္မတ ဦးသိန်းစိန် ထံ စာရေးတင်ပြတောင်းဆိုထားသည်ဟု မိသားစုအသိုင်းအဝိုင်းကပြောပါသည်။
စိုင်းအောင်မြတ်၏ ဇနီးနှင့် သားသမီး
 
"ကျမတို့ သောကြာနေ့က တင်လိုက်တာပါ။ စိုင်းနော်ခမ်းကို သေဒဏ်ပေးလိုက်ပြီဆိုတော့ စိုင်းအောင်မြတ်ကို နေရပ်ပြန်ပို့ပေးသင့်ပြီလေ။ အခုမှာ သူ့မိန်းမကလဲ ကလေးသုံးယောက် နဲ့ အငယ်ဆုံးက လပိုင်းလောက်ပဲ ရှိသေးတာ။ အဲဒါကြောင့် စိုင်းအောင်မြတ်ကို ပြန်ခေါ်ပေးဖို့ နိုင်ငံတော် သမ္မတကြီးဆီ စာတင်လိုက်ရတာ ဖြစ်တယ်" - ဟု မိသားစု အသိုင်းအဝိုင်း တဦးကပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖုန်းကျေးရွာအုပ်စု တာဆမ်ဖူးရွာနေ စိုင်းအောင်မြတ် ၏ ဇနီး နန်းအွန်၊ သား စိုင်းနော်၊ သမီး နန်းလောင်(ဝ်)ဆိုင်၊ လပိုင်းအရွယ် နန်းဇံဟွမ် တို့မှ နိုင်ငံတော် သမ္မတကြီးထံ စာရေးတောင်းဆိုခြင်းဖြစ်သည်။

"နီးစပ်တဲ့ဆွေမျိုးတွေကဘဲ ကျွေးမွေးထားရတာပေါ့။ စိုင်းအောင်မြတ်ရဲ့ မိန်းမ က ကလေးနဲ့ဆိုတော့၊ စိုင်း အောင်မြတ်ကို အစိုးရလာခေါ်သွားတုန်းက သူ့ရဲ့ အငယ်ဆုံးသမီး က ၂ လ ကျော်ဘဲရှိသေးတယ်။ ငြိမ်းချမ်း ချင် လို့ လက်နက်ချတာဘဲ။ အခုကတော့ သူ့ရဲ့မိသားစုတွေက အရမ်းအခက်အခဲဖြစ်နေတယ်" - ဟု ဆွေမျိုး အသိုင်းအဝိုင်းက ပြောပါသည်။

စိုင်းနော်ခမ်းနှင့်အဖွဲ့အား တရားရုံးမှ အမြန် ဆုံးအမှုစီရင်ဆုံးဖြတ်နိုင်ရေးအတွက် ယခုနှစ် ဩဂတ်စ် ၂၈ ရက် နံနက် ၄ နာရီ၌ စိုင်းအောင်မြတ်အား မြန်မာအစိုးရက တရုတ်အစိုးရထံသို့ နိုင်ငံတော်သက်သေအဖြစ် ယာယီ လွှဲအပ်ပေးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာကဆိုပါသည်။

၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့၌ တရုတ်တရားရုံးက စိုင်းနော်ခမ်းနှင့်အဖွဲ့ဝင် ၄ ဦးကို သေဒဏ်ချမှတ်လိုက်သော် လည်း စိုင်းအောင်မြတ်ကို မြန်မာအစိုးရထံ ပြန်လည်လွှဲအပ်ပေးခြင်းမရှိသေးပေ။

၂၀၁၁ အောက်တိုဘာ ၅ ရက် မဲခေါင်မြစ်အတွင်း တရုတ်စက်လှေနှစ်စီးအားပြန်ပြေးဆွဲပြီး တရုတ် လှေသား ၁၃ ဦး သတ်ဖြတ်ခံရသည့်အမှုတွင် စိုင်းနော်ခမ်း၏ ဒုလက်ထောက်ဖြစ်သည့် စိုင်းအောင်မြတ်က တိုက်ရိုက် ပါဝင် ပတ် သက်သည်ဟု ထိုင်းသတင်းစာများက ရေးသားသည်။

စိုင်းနော်ခမ်းအဆက် ထိုင်းအမျိုးသားတဦး၏ ပိုင်ဆိုင်မှုအားလုံး ထိုင်းအာဏာပိုင်သိမ်းပိုက်

Posted: 21 Nov 2012 12:41 AM PST

တရုတ်တရားရုံးမှ သေဒဏ်ချမှတ်ခံရသော ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့်နီးစပ်သူတယောက်ဟု နာမည်ရနေသူ ထိုင်းအမျိုးသားတဦး၏နေအိမ်အား ယမန်နေ့က ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကာ ပိုင်ဆိုင်မှုအားလုံး သိမ်းပိုက်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြပါသည်။
Noat houseပူနွတ်၏အိမ်အား အာဏာပိုင်များဝင်ရောက်စစ်ဆေး (ဓါတ်ပုံ- ထိုင်းရတ်သတင်းစာ)

" အိမ်နီးချင်းနိုင်ငံနဲ့ဆက်နွယ်နေတယ်လို့ ယူဆတဲ့ မူးယစ်ဆေးဝါးနဲ့ နာမည်ထွက် နေတဲ့သူ တွေကို ဆက်လက်စစ်ဆေး သွားမယ်။ အခုလို ရှောင်တခင်ဝင်စစ်တာကိုလဲ ခဏခဏလုပ်သွားမယ် " ဟု ထိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အတွင်း ရေးမှူး ရဲဗိုလ်ချုပ်ကြီး ဖုံးစဖတ် ဖုံးဂျရွန်းက ပြောသည်။

စိုင်းနော်ခမ်း နှင့်နီးစပ်သူဟု နာမည်ကြီးနေသော ထိုင်းနိုင်ငံ ချင်းရိုင်းသား ပူနွတ်၏ (ချင်းရိုင်းခရိုင်အတွင်းရှိ) နေအိမ် ၄ လုံးကို ထိုင်းမူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအဖွဲ့က အင်အား ၇၀၀ ကျော်သုံး၍ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ၎င်း၏ ပိုင်ဆိုင်မှုတန်ဘိုး ဘတ်သန်း ၂၀၀ ခန့်အား သိမ်းပိုက်လိုက်ကြောင်း၊ ပူနွတ် ဆိုသူမှာ ကြိုတင်ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့ ကြောင်း၊ ၎င်း၏ အိမ်ဖော်တဦးကိုသာ တွေ့ရှိခဲ့ကြောင်း ၎င်း၏ သတင်းများ၌ ဖော်ပြထားသည်။

အလားတူ  ချင်းရိုင်းခရိုင်အတွင်း မြို့နယ် ၃ ခုတွင်လည်း တားဆီးစစ်ဆေးဂိတ်နေရာ ၄၀ ခန့် ချကာ  အထူး စစ်ဆေးခဲ့ ကြောင်း ချင်းရိုင်းဒေသခံများကပြောသည်။

ယမန်နေ့က ထိုင်းရဲများရှောင်တခင်စစ်ဆေးမှုအပါအဝင် နော်ခမ်းနှင့်ပတ်သက်ဆက်နွယ်သည့်သူများထံမှ ယာဘ အပြား ပေါင်း ၁ သန်းကျော်နှင့် မူးယစ်ဆေးဝါးတန်ဖိုး ဘတ်သန်း ၅၀၀ ဖမ်းဆီးမိပြီးဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
Noat ownသိမ်းဆည်းရမိသော ပူနွတ်ခေါ်  ဂျမ်းရတ် ဖာ့ဂျရိန်း ၏ ပိုင်ဆိုင်မှု (ဓါတ်ပုံ- ထိုင်းရတ်သတင်းစာ)
 
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါမိတ်ရပ် လမ်းသွယ် ၃ ရှိ ပူနွတ်၏ နေအိမ်အားလည်း ပြီးခဲ့သည့် တနှစ်ခန့်က ထိုင်းနှင့် မြန်မာ အာဏာပိုင်များ ဝင်ရောက်စစ်ဆေးမှုပြုခဲ့သေးသည်။ သို့သော် ထိုစဉ်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပစ္စည်းများ  တရားဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်းတစ်စုံ တစ်ရာ မတွေ့ခဲ့ရပေ။

ပူနွတ် ဆိုသူသည် Kings Romans Casino လောင်းကစားရုံ ကြီးကြပ်ရေးမှူးလည်းဖြစ်ခဲ့ပြီး ငယ်စဉ်ထိုင်းနာမည်မှာ ဂျမ်းရတ် ဖာ့ဂျရိန်းဖြစ်၏။ ထိုနောက်ပိုင်း အိုးလန်း ဖာ့ဂျရိန်း၊ ဂျမ်းရတ် ဆုမ်ဖုန်းဖန်း စသည့်နာမည်များ ပြောင်းလဲခေါ် ဝေါ်သည် ဟုဆိုသည်။

အသက် ၅၈ နှစ်ခန့်ရှိ ပူနွတ်(ဦးနှုတ်ခမ်းမွေးအဓိပ္ပါယ်ရ) သည် မယ်ဆိုင်ဇာတိဖြစ်ပြီး ၂၀၀၁ ခုနှစ် နယ်စပ်အရေး အခင်း အတွင်း ထိုင်းနိုင်ငံမှတိမ်းရှောင်ခဲ့ဖူးသည်။ သျှမ်းပြည်အရှေ့ပိုင်း သျှမ်းအမျိုးသမီး ( တချို့က မိုင်းယန်းသူ ဟုဆိုကြ၏) နှင့်အိမ်ထောင်ပြုခဲ့သည်။  ထို့ နောက်ပိုင်း ဇာတိမြေသို့ ပြန်လာပြီး မယ်ဆိုင်မြို့ သျှမ်းတိုင်းရင်းသား အစည်းအရုံး၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသူ လည်းဖြစ်သည်။ ၎င်းသည် ယမန်နှစ်က ဒု-ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ဖူးသူ ဆန်တီ ချိုင်းဝိရတ်တန ဆိုသူအသတ်ခံရမှုဖြင့်လည်း ရဲဘက်မှအလိုရှိနေသူဖြစ်သည်။

စိုင်းနော်ခမ်းမှာမူ တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တော်တရားရုံး၌ ယခင်အပတ်က တရားရုံးမှ သေဒဏ်ချမှတ်ပေးပြီးဖြစ် သည်။

သျှမ်း၊ မြောက် အကြိမ်ကြိမ်ဗုံးပေါက်ကွဲမှုကြောင့် ကျားဖြူပါတီမှ လူထုနှင့်တွေ့ဆုံရှင်းလင်းရေးလုပ်ရန်စီစဉ်

Posted: 20 Nov 2012 07:12 PM PST

ယခု လ အတွင်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အကြိမ်ကြိမ်ဗုံးပေါက်ကွဲမှုဖြစ်ပွါးရာ ဒေသခံပြည်သူလူထု တို့ ဓါးစာခံဖြစ်နေရသည့်ကိစ္စနှင့်ပတ်သက်၍ ကျားဖြူပါတီလွှတ်တော်အမတ်များက လူထုနှင့်တွေ့ဆုံရှင်းလင်းရေးပြုလုပ် သွားရန်စီစဉ်နေကြောင်း ကျားဖြူအမတ်များသတင်းရပ်ကွက်ကဆိုပါသည်။

leg ၁၉ ရက်မနက်က ဗုံးနင်းမိသော ပကာကျေးရွာသူ နန်းအေးဌေး (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

" အခုလိုအကြိမ်ကြိမ် ဗုံးပေါက်ကွဲနေတာကြောင့် ဒေသခံလူထု အဖမ်းခံရတယ်။ ရိုက်နှက်ခံရတယ်။ အိမ်တွေပျက်စီးတယ်။ အဲလိုလုပ်နေတဲ့အပေါ် ကျနော်တို့ ကျားဖြူပါတီရဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် အမတ်တွေကနေ လူထုနဲ့တွေ့ ဆုံပြီး ရှင်းလင်းပွဲလုပ်မယ်။ အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းက ဌာနဆိုင်ရာတွေ နဲ့အတူပေါ့နော်။ လာမယ့်အပတ်ထဲမှာ လုပ်ဖို့ စီစဉ်ထားတယ်" ဟု ကျားဖြူပါတီလွှတ်တော်အမတ် စိုင်းသန်းမောင်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ၌ အမည်မသိလက်နက်ကိုင် အဖွဲ့က ဝမ့်တာ့လုံရွာထဲသို့ ယခုလ ၉ ရက်နေ့ မနက် ၃ နာရီတွင်တကြိမ်၊ ဝမ့်ပေါက်ရွာတွင် တကြိမ် (ရက်နှင့်အချိန်မသိရ)၊ ၁၄ ရက်နေ့ ဝမ့်လုံရွာတွင်တကြိမ် လက်နက်ကြီးပစ်ခတ်ခံရပြီး ၁၉ ရက် ကျောက်မဲမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု ပကာကျေးရွာတွင် ရွာသူတဦး ဗုံးနင်းမိ သဖြင့် ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု ဒေသတွင်း သတင်းရပ်ကွက်များက ဆိုပါသည်။

ရွာထဲသို့  လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ လူထုတို့လည်း အစိုးရ၏ ရဲတပ်ဖွဲ့များဖမ်းဆီးခြင်းကို ခံကြရကြောင်း ဆိုပါသည်။

" မိုင်းငေါ့မြို့နယ်ခွဲတဝိုက်မှာ ပြင်ပ လက်နက်ကိုင်တပ်ဖွဲ့တွေမရှိဘူး။ မြန်မာအစိုးရစစ်တပ်ဘဲရှိတယ်။ လက်နက်ကြီး ဒဏ်တွေကြောင့် ဝမ့်ပေါက်ရွာ သူကြီးဆိုရင် ခု မန္တလေးဆေးရုံမှာ ဆေးကုနေရတုန်းဘဲလို့ကြားရတယ်။ ပစ်ခတ်မှုတွေ ဗုံးကွဲမှုတွေဖြစ်ပြီးနောက်ပိုင်းမှာလဲ မိုင်းငေါ့အုပ်စု ဝမ့်ကောင်းရွာက ဥက္ကဌဟောင်း စိုင်းစံညွန့်နဲ့ ပြည်သူ့စစ် လုံးဂန္ဓမာ တို့ ၂ ယောက်ကို ပြီးခဲ့တဲ့ စနေနေ့က ရဲက လာဖမ်းတယ်။ စိုင်းစံညွန့် ကိုတော့ ဖမ်းတဲ့နေ့ မှာဘဲ ပြန်လွှတ်ပေးတယ်။ ကျန်တဲ့တယောက်ကိုတော့ မနေ့ညနေကမှပြန်လွှတ်တယ်။ ရွာသားတွေ သွားပြီးထောက်ခံလို့ ပြန်လွှတ်ပေးတာ" ဟု ကျောက်မဲမြို့ရောက် မိုင်းငေါ့ဒေသခံ နန်းလီ ကပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲ ကြောင့် သျှမ်းပြည်တပ်မတော် သျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက မိမိတို့လက်ချက်မဟုတ်ကြောင်း၊ မိုင်းငေါ့ဘက်လှုပ်ရှားသည့်အစိုးရစစ်ကြောင်းနှင့် ရဲစခန်းရှိရဲများ ပူးပေါင်းကြံစည်ခြင်း သာဖြစ်ကြောင်းပြောသကဲ့သို့ ဒေသခံရွာသားများနှင့် ကျားဖြူပါတီလွှတ်တော်အမတ်များကလည်း ထိုတဝိုက်တွင် မြန်မာ စစ်တပ်သာလှုပ်ရှားကြောင်းပြောဆိုသည်။

သို့သော် ဒေသအတွင်းလှုပ်ရှားသည့် အစိုးရစစ်ကြောင်းနှင့် မိုင်းငေါ့ရဲစခန်းတို့ပူးပေါင်းပြီး လူထုအားခေါ်ယူကာ ဗုံးပေါက် ကွဲမှုမှာ ၎င်းတို့လုပ်ရပ်မဟုတ် SSPP/SSA တို့၏ လုပ်ရပ်သာဖြစ်ကြောင်း သောကြာနေ့က ရှင်းလင်းပြောကြား ခဲ့သည် ဟုဆို၏။

ယမန်နေ့ ဗုံးနင်းမိသည့် နန်းအေးဌေး၏ သတင်းနှင့်ပတ်သက်၍ မြ၀တီ သတင်းဌာနက  " အကြမ်းဖက် သောင်းကျန်းသူ များ၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ" ဟူ၍ သတင်းများ ရေးသားဖော်ပြ ထား သည်။