သျှမ်းသံတော်ဆင့် |
| ဘုရားပြီး ငြမ်းဖျက် စကားပုံနှင့် မူစယ် ၁၀၅ မိုင် ကုန်ထမ်း အလုပ်သမားများ ဘ၀ Posted: 16 Nov 2012 01:04 AM PST သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း ထေရ၀ါဒဗုဒ္ဓသာသနာပြုကျောင်း ဘုရားသိမ် စတင် ဆောက်လုပ်ခဲ့သည့် တစ်ချိန်တည်းတွင် ကုန်သွယ်ရေးဇုန် အလုပ်သမားဦးစီးဋ္ဌာနမှ တရားဝင်မဟုတ်သည့် ကုန်ထမ်း အလုပ်သမား ၂၅၆ ယောက်အား ခန့်အပ်လိုက်ခြင်းမှာ အချိန်အားဖြင့် တိုက်ဆိုင်မှု ဖြစ်နေပေသည် ။ ၂၀၁၀ ခုနှစ် ၁၁ လပိုင်းက ဘုရားသိမ် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အလုပ်သမားဦးစီးမှူး ဦးကျော်ကျော် ဦးမှ အဆိုပါ အလုပ်သမားများအား အလုပ်ခန့်ခဲ့ခြင်း ဖြစ်သည် ။ ယခုအခါ သိမ်ဆောက်လုပ်မှု ပြီးဆုံး၍ ယခုလ ၂၅ ရက်နေ့တွင် ရေစက်ချလှူဒါန်းတော့မည်ဖြစ်ရာ ၄င်းအချိန်သည်လည်း ကုန်ထမ်း အလုပ်သမား ၂၅၆ ယောက်စလုံး အလုပ်ဖြုတ်ခံရချိန်နှင့် တိုက်ဆိုင်နေပြန်သည် ။ မြန်မာလူမျိုးများက စေတီပုထိုးများ တည်ဆောက်ရာတွင် တပ်ဆင်အသုံးပြုသည့် အကာအရံများကို " ငြမ်း " ဟု ခေါ်ကာ တည်ဆောက်မှု ပြီးဆုံးချိန်တွင် အဆိုပါ ငြမ်းများကို ဖျက်သိမ်းလေ့ရှိသဖြင့် ဘုရားပြီး ငြိမ်းဖျက်ဆိုသည့် ဆိုရိုးစကား ရှိနေရာ ယခုအလုပ်ဖြုတ်ခံရသည့် ဖြစ်ရပ်အပေါ် အလုပ်သမားများက ဘုရားပြီး ငြမ်းဖျက်ဟု တင်စား ပြောဆိုနေခြင်း ဖြစ် သည် ။ အသက်ခပ်ကြီးကြီး အလုပ်သမားဟောင်းတစ်ဦးက ၄င်းကုန်ထမ်းအလုပ်သမားအဖြစ် စတင် အလုပ်ဝင်ခဲ့သည့် အတွေ့ အကြုံ ကို ယခုလို စပြောသည် ။ "အလုပ်စ၀င်တော့ ၀င်ကြေးက တစ်ယောက်ကို ၂ သောင်းခွဲ ၊ အားလုံး ၂၅၆ ဦးဆိုတော့ ၆၄ သိန်းပေါ့နော် လူ ၈ ယောက် ပါတဲ့ အဆိုင်း ၃၂ ဆိုင်းဖွဲ့လိုက်တယ်။ အဲဒီ တစ်ဆိုင်းကို ၂ သိန်းခွဲ သိမ်အလှူငွေ ဆိုပြီး အလုပ်သမားစုမှူး ဦးပေါ်တင်က ကောက်တယ် ။ နှစ်မျိုးပေါင်းတော့ ၁၂၈ သိန်း လောက်လှူခဲ့ရတယ်" ဟု ဆိုသည် ။ ၂၀၁၁ ခုနှစ်အတွင်းက တရုတ် - မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ် ရှိ အဆိုပါ ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်အတွင်း ကုန်စည်စီးဆင်းမှု ကောင်းမွန်ခဲ့ရာ တစ်နေ့လျှင် ကုန်တင်ကားကြီး အစီးရေ ၁၀၀ ၀န်းကျင်ခန့် ဖြတ်သန်း သွားလာနေကြောင်း သိရသည် ။ ကုန်ကားတစ်စီးလျှင် ကုန်အလေးချိန်တန်၂၅ နှင့် ၃၀ ၀န်းကျင်ကြား တင်ဆောင်ထားပြီး အဆိုပါကားတစ်စီး ကုန်တင် ကုန်ချခ အဖြစ် အလုပ်သမား ၈ ယောက် တစ်ဆိုင်းလျှင် ကျပ်ငွေ ၁၂၀၀၀ ပေးကြောင်း ဆိုသည် ။ "ကုန်ထမ်းခ တစ်တန်ကို ကျပ် ၁၀၀၀ နှုန်းပေါ့နော်။ ကားတစ်စီး ၂၅ တန်ဆိုရင် ငွေ ၂၅၀၀၀ ရမယ် အလုပ်သမားတစ် ဆိုင်းကို ကားတစ်စီး ၁၂၀၀၀ ပဲရတယ်။ ပုတ်ပြတ်ပေးလိုက်တာပေါ့နော် ။ ကျန်တဲ့ငွေကို အလှူငွေဆိုပြီး ကောက်တယ် ။ ဒါ့ အပြင် နေ့စဉ် ငွေ ၅၀၀ ထပ်ဖြတ်တယ် ။ တစ်ရက်ကို ကားအစီး ၁၀၀ ကျော်လောက်ဆို တစ်ဆိုင်းကို ၄ စီးနဲ့ ၅ စီးကြား ထမ်းရတယ် ။ တကယ်တမ်းထမ်းရတဲ့လူတွေက တစ်ယောက်ကို ကျပ် ၆၀၀၀ လောက်ပဲရကြတယ် " ဟု သူ ဆိုသည် ။ အဆိုပါ အောက်ခြေကုန်ထမ်းအလုပ်သမား အများစုမှာ အညာဒေသမှ ကြုံရာကျပန်း လာရောက်လုပ်ကိုင်စားသောက် သူများဖြစ်ကြပြီး အိမ်ထောင်သည်များလည်း ပါဝင်ကြောင်း သိရသည် ။ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အလုပ်သမားဦးစီးရုံး လက်အောက်တွင် အလုပ်သမား ၈၀၀ ခန့်ရှိသည့်အနက် ပါမစ် (ပတ်ကား) ၊ အရန် နှင့် ဖိုက်တာ ဟု ဆိုကာ အတန်းအစား ၃ မျိုးခွဲထားပြီး အဆိုပါ ၂၅၆ အုပ်စုမှာ ဖိုက်တာဟု ခေါ်သော အောက်ခြေ အလုပ်သမားများ ဖြစ်သည် ။ ၄င်းအလုပ်သမားများမှာ ပါမစ်နှင့် အရန် အလုပ်သမားများ မလုပ်လိုသည့် အလုပ်များနှင့် ဂိုဒေါင်တွင်း ကုန်အတင်အချ အ လုပ်များ လုပ်ကိုင်ရကြောင်း သိရသည် ။ ၂၀၁၀ နိုဝင်ဘာလမှ ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့အထိ အလုပ်သမားထုအတွင်း ငွေခွဲဝေရာတွင် အသုံးပြုသည့် နည်းကို ငွေကိုက် လူကိုက်စနစ် ဟု ဆိုပြီး ယခုလ ၆ ရက်နေ့ နောက်ပိုင်းတွင် ဘို့တူဘို့မျှစနစ်သို့ အစားထိုးပြောင်းလဲခဲ့ ကြောင်း ၄င်းအလုပ်သမားဟောင်းက ဆက်ပြောသည် ။ "ငွေကိုက်လူကိုက် စနစ်မှာက စုမှူးကနေ ဦးစီးအရာရှိအထိ အချိုးကျခွဲဝေယူတယ်။ အခုက ဘို့တူဘို့မျှစနစ်ပေါ့ ။ အောက်ခြေ ကနေပြီး စောင့်ရှောက်ရေးမှူး အထိ သူတစ်ကျပ် ကိုယ်တစ်ကျပ်ယူတဲ့ စနစ်ပေါ့နော် " ဟု ဆိုသည် ။ အဆိုပါ ငွေကိုက်လူကိုက် စနစ်တွင် ငွေကြေးမသမာမှုများ ရှိခဲ့ကြောင်း သူက ဆက်ပြောရာတွင် " အလုပ်သမားစောင့် ရှောက်ရေးမှူး ဦးသောင်းက ဦးစီးအရာရှိဆီ နေ့စဉ် အလုပ်သမား ဦးရေ တင်ပြရာမှာ တကယ်ရှိတာထက် ၁၂၂ ယောက်ပို တင်တယ်။ ဦးစီးမှူး ဦးကျော်ကျော်ဦးကနေ လက်ရှိ ဦးဝင်းနိုင်ဦး လက်ထက် အထိပေါ့နော်။ ၆၇ ယောက်က ဘုရား သိမ် အတွက် ကျန်တဲ့ ၅၅ ယောက်စာကိုက စုမှူးကနေ ဦးစီးအရာရှိအထိ အချိုးကျခွဲ ဝေယူတယ် " ဟု ဆိုသည် ။ ထို့အပြင် ၂၀၁၀ ခုနှစ်က ကိုယ်ထူကိုယ်ထ ၀ယ်ယူထားသည့် အလုပ်သမား အဖွဲ့ပိုင် ကားတစ်စီးရှိပြီး အဆိုပါကားမှ တစ်လ၀င်ငွေ ကျပ်သိန်း ၄၀ ခန့်ရရှိရာ ၄င်းငွေကိုလည်း စာရင်းအင်းမရှိ သုံးစွဲသည်ဟု ဆိုသည် ။ ထို့ကြောင့် ၂၀၁၀ ခုနှစ်အထိ သာမာန် အလုပ်သမားစုမှူး အဆင့်သာ ရှိသော ဦးပေါ်တင်မှာ ယခုအခါ သိန်း ၆၀၀ တန် တိုက်တစ်လုံး အပြင် အိမ်စီးကားအမျိုးမျိုး ၊ ထော်လာဂျီ ၊ မြေထိုးစက်နှင့် အခြားစီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်သည့် သူဋ္ဌေးတစ်ဦး ဘ၀သို့ ပြောင်းလဲရောက်ရှိသွားကြောင်း ဆိုသည် ။ ၂၀၁၂ နိုဝင်ဘာ ၈ ရက်နေ့မှစ၍ မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ အလုပ်သမားရုံးတွင် အရန်အလုပ်သမား ၁၂၀ ခန့်ကို ပါမစ်ရ အလုပ်သမားများ အဖြစ် ပြန်လည် ခန့်အပ်ခဲ့သော်လည်း ဘုရားသိမ်ဆောက်လုပ် အပြီး အလုပ်ဖြုတ်ခံခဲ့ရသော အလုပ်သမား ၂၅၆ ဦးမှာ ပါဝင်ခြင်း မရှိပဲ အများစုမှာ ကြုံရာကျပန်း ရရာအလုပ်လုပ်ကိုင်နေရကြောင်း သိရသည် ။ |
| SSA နှင့် အစိုးရတပ် တိုက်ပွဲကြောင့် ကထိန်သင်္ဃန်းအလှူပွဲ ရေစက်မချရ Posted: 16 Nov 2012 01:02 AM PST သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ဘုန်းတော်ကြီးတကျောင်း၌ ဒေသခံများ ကထိန်သင်္ဃန်း ဆက်ကပ်နေစဉ် သျှမ်းပြည်တပ်မတော် နှစ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲကြောင့် ရေစက်မချလိုက် ရဘဲ အလှူပွဲပျက်သွားကြောင်း ဒေသခံများက ပြောပါသည်။ "သျှမ်းတပ်ဘက်က အလှူပွဲလာတာကို အစိုးရတပ်က ကြိုတိုက်တာ။ သေနတ်သံထွက်တာက ဘုန်းကြီး ကျောင်းနဲ့နီးနီးလေးရယ်။ ပွဲလန့်ပြီး အလှူပျက်သွားတာပေါ့။ တရားတော်နာတုန်းဘဲ။ ရေစက်တောင်မချ လိုက် ရဘူး" - ဟု ဒေသခံ စိုင်းခမ်းအောင် က ပြောပါသည်။ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်း၌ ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ အနောက်ဘက် ၇ ခန့်အကွာ ဝမ့်ခင်းမ်း (ဗမာအခေါ် ချုံး ) ကျေးရွာအုပ်စု အတွင်း ဝမ်းခင်းမ်းရွာ နှင့် ဝမ့်ဟွေ့ရွာအကြားအစိုးရတပ် နှင့် သျှမ်းပြည် တပ်မတော် (တောင်ပိုင်းတပ်ဖွဲ့) အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဝမ့်ဟွေ့ရွာဘုန်းကြီးကျောင်း နှင့်နီး သောကြောင့် ကထိန်သင်္ဃန်းကပ်လှူပွဲပျက်ရာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ခဲ့ရကြောင်း ရပ်ရွာအုပ်ချုပ်ရေးပိုင်း အသိုင်းအဝိုင်းတဦးက ပြောပါသည်။ "အပစ်ရပ်လို့ ကျနော်တို့တွေဝမ်းသာနေတာ။ ထင်ထားတဲ့အတိုင်းဖြစ်မလာဘဲ ပိုပိုဆိုးလာတယ်။ အစိုးရတပ်က ညမထွက်ရ အမိန့်ထုတ်ထားပြန်တယ်။ စပါးရိတ်ချိန် လယ် သွားအိပ်စောင့်ရမှာလေ။ အရမ်းအခက်အခဲ ဖြစ်တယ်။ စပါးသွားရိတ်ဖို့ အသက်နဲ့ရင်းရမလိုဖြစ်နေတယ်။ ကျနော်တို့ လူထုဆိုတာက ဘယ်တပ်ဖွဲ့လာလာ ကျွေးမွေးရတာဘဲ။ ရပ်ရွာအနီးအနားမှာ မပစ်ခတ်ဖို့တောင်းပန်ပါတယ်ဗျာ။ ဗမာတပ်ကော သျှမ်းတပ် ကောဘဲ" - ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောပါသည်။ ရပ်ရွာအားပစ်မှတ်ထားပြီးပစ်ခတ်မှု၊ တိုက်ပွဲကြောင့်လူ့အခွင့်အရေးချိုးဖေါက်မှု၊ အပစ်ရပ်ပြီး တိုက်ပွဲဆက်ဖြစ် နေမှုအား အချက်အလက် စုဆောင်းပြီးလျှင် လူထုအကျိုးအတွက် တစုံတရာစီစဉ်ဆောက်ရွက်နိုင်ဖို့ မကြာ မှီ ကျားဖြူပါတီအတွင်း အစည်းအဝေးထိုင်ကာ ဆုံးဖြတ်ချက်ချသွားမည်ဖြစ်ကြောင်း ကျောက်မဲ အမှတ် ၂ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းသန်းမောင်က ပြောပါသည်။ မိုင်းငေါ့မြို့နယ်ခွဲ နမ့်ဆင် ချောင်းအနောက်ဘက်ပိုင်း၌ သျှမ်းပြည်တပ်မတော် RCSS/SSA ကလှုပ်ရှားပြီး SSPP/SSA မှာမူ ချောင်းအရှေ့ဘက်ခြမ်း၌ သွားလာလှုပ်ရှားပါသည်။ အဆိုပါဒေသဘက်တွင် ကျောက်မဲ ခရိုင်အခြေစိုက် မြန်မာအစိုးရတပ်က ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ခလရ ၂၃ အပြင် အောင်လံမှ ခလရ ၇၁၊ မန္တလေးမှ ခလရ ၉၅ တို့ကလှုပ်ရှားကြောင်း၊ နမ့်ဆင်ချောင်းအနောက်ဘက်ခြမ်း၌ တိုက်ပွဲများပိုမိုဖြစ်ပွား နေကြောင်း ဒေသခံများက ပြောပါသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |