ဒီမိုဝေယံ

ဒီမိုဝေယံ


ဖားကန့် အစိုးရ ဗျူဟာကုန်းမှ လူနေရပ်ကွက်များသို့ လက်နက်ကြီးများ ဖြင့်ပစ်ခတ်

Posted: 03 Nov 2012 05:42 PM PDT




နိုဝင်ဘာလ (၂) ရက်နေ့ တွင် ဖားကန့်အခြေစိုက် ဗမာအစိုးရ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ဗလခ လူနေရပ်ကွက်များသို့ ပရမ်းပတာပစ်ခတ်ခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ အလွန် စိုးရိမ်ရသော အခြေအနေတွင်ရှိနေပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးသည့် နောက် ပထမဆုံး အစိုးရတပ်များ၏ လူထုအားရည်ရွယ်၍ ပစ်ခတ်မှုလည်းဖြစ်ပါသည်။ ဖားကန့်ဒေသတွင် အစိုးရတပ်များသည် KIA တပ်များထက် ပြည်သူများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းမှာ ယခုနှင့် ငါးကြိမ်မြောက်ဖြစ်ပါသည်။ ယနေ့ ဗမာအစိုးရဖက်မှ လက်နက်ကြီးများ အလုံး ၂၀ ခန့်ပစ်ခတ်ခဲ့သော်လည်း KIA ဖက်မှ ယခုအချိန်အထိပြန်လည် တိုက်ခိုက်ခြင်းမရှိသေးပေ။ ပစ်ခတ်မှုများသည် KIA တပ်ဖွဲ့များတပ်စွဲထားရာ မော်မောကုန်း၊ ဆိုင်းဂျာဘွန်၊ လမောင်ကုန်းများနှင့် ၃ မိုင် ၄ မိုင်ခန့်ကွာဝေးသော ဗလခမှော်၊ သဌေးဂျောင်မှော် စသည့် ကချင်များအနေများသည့် ရပ်ကွက်များသို့ အများဆုံးကျရောက်ပေါက်ကွဲခဲ့ပါသည်။ သို့ဖြစ်၍ ဗမာအစိုးရအနေဖြင့် KIA အားတိုက်ခိုက်သည်ဟု ဆိုသောအရာအတွက်   မေးခွန်းများမေးစရာဖြစ် လာပါသည်။ ဗလခ ဒေသခံတစ်ဦးက "ဒါက အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်း ပဲဖြစ်ပါတယ်၊ စစ်သား စစ်သားချင်း၊ သေနတ် သေနတ်ချင်း တိုက်ခိုက်ကြတာကို ဘာမှမပြောလိုပါဘူး၊ ဒါပေမဲ့ အခုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်လာတာကိုတော့ ရှုတ်ချပါတယ်။ ဒါက သူပုန်လုပ်ရပ်ပါ။" ဟုသူ၏အမြင်ကိုပြောပြပါသည်။ ယခုအခါ ဖားကန့်ဒေသခံအများစုမှာ ဗမာအစိုးရ၏ လုပ်ရပ်အပေါ် ခံပြင်းလျှက်ရှိပါသည်။ ဒဏ်ရာရရှိသူများကိုလည်း နိုင်ငံရေးပါတီများနှင့် အသင်းတော်မှ တာဝန်ရှိသူများက အလှူငွေများပေးအပ်ကူညီလျှက်ရှိသည်ဟု ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များ က ပြောပြပါသည်။
(source-jinghpawkasa)

လက်ပံတောင်း တောင်ကြည့်ပွဲအတွက် စီတန်းလမ်းလျှောက်ခွင့်တင်ပြခြင်းအား မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပယ်ချ

Posted: 03 Nov 2012 05:15 PM PDT


 (ဓာတ်ပုံ ၂၈.၁၀.၂၀၁၂ (တနင်္ဂနွေနေ့)တွင် မုံရွာဆိပ်ကမ်း တာရိုးပေါ်တွင် တောင်ကြည့်ပွဲပြုလုပ်ရင်း လမ်းလျှောက်ကြစဉ် မုံရွာရဲတပ်ဖွဲ့မှ ခွင့်ပြုမိန့်မတင်သောကြောင့်ဟုဆိုကာ တားဆီးနေပုံ)

တနင်္ဂနွေနေ့ ညနေလေးနာရီတွင် မုံရွာဆိပ်ကမ်း တာရိုးတွင် ကျင်းပပြုလုပ်လေ့ရှိသည့် လက်ပံတောင်တောင်ကြည့် ပွဲတွင် တာရိုးတလျှောက် စီတန်းလမ်းလျှောက်ခွင့်လျှောက်ထားခြင်းအား မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ပယ်ချခဲ့ကြောင်း သိရသည်။

လွန်ခဲ့သောအပတ်က တောင်ကြည့်ပွဲပြုလုပ်ရာတွင် လက်ပံတောင်းတောင် အရေး လှုပ်ရှားသူ
များမှ စီတန်; လမ်းလျှောက်ခဲ့ကြခြင်းကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့သောကြောင့် ယခုအပတ်တွင် တရားဝင်စာတင်၍ စီတန်းလမ်းလျှောက်ခွင့် တောင်းခြင်းအား ငြင်းပယ်လိုက်ခြင်းဖြစ်သည်။


ဘုရားကြီးရပ်ကွက်နေ ဦးမြင့်အောင်နှင့် ထန်းတောရပ်ကွက်နေ ဦးအောင်မြင့်ဦးတို့က သက်ဆိုင်ရာ အာဏာပိုင်များထံ ခွင့်ပြုမိန့်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်း ဥပဒေ ပုဒ်မ ၃ အရ ညီညွတ်ခြင်းမရှိခြင်း၊ လက်ပံတောင်းတောင်သည် ဆားလင်းကြီးမြို့နယ် တွင် တည် ရှိသောကြောင့် ဆားလင်းကြီးမြို့နယ် အထွေထွေဦးစီးဌာန၏ ခွင့်ပြုချက် မပါသောကြောင့် ငြင်းပယ် လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။



"အရင်အပတ်က တောင်ကြည့်ပွဲမှာ ကျွန်တော်တို့ စီတန်းလမ်းလျှောက်တယ်၊ အဲဒီမှာ စာမတင်လို့ ခွင့်မပြုနိုင်ဘူး၊ နောက်အပတ်အတွက် စာတင်ပါ၊ ခွင့်ပြုပေးပါ့မယ်လို့ ကျွန်တော်တို့ကို တားတဲ့ ရဲ တစ်ယောက်ပြောတယ်၊ အဲဒါနဲ့ အခုအပတ်အတွက် စာတင်တယ်၊ ခွင့်မပြုဘူး၊ အပြောနဲ့လက်တွေ့ မညီဘူး" ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။


"ဆားလင်းကြီးမြို့နယ်ကို သွားပြီး စီတန်းလမ်းလျှောက်မှာမဟုတ်ဘူးလေ၊ ဒီဘက် မုံရွာဆိပ်ကမ်းကနေ လက်ပံတောင်းကို လှမ်းကြည့်မယ့်ကိစ္စကို ဆားလင်းကြီးအုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက် ယူရမယ်ဆိုတာ ယုတ္တိမရှိဘူးလို့ ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ မနက်ဖြန် တောင်ကြည့်ပွဲ ကို ဖြစ်အောင်လုပ်မယ်" ဟု ထပ်မံပြောကြားခဲ့သည်။

မူရင်းလင့် ..http://www.facebook.com/photo.php?fbid=215749181890745&set=a.162439053888425.36755.161087474023583&type=1

နေပြည်တော် ရခိုင်တိုင်းရင်းသားများ အသင်း ဖွဲ့စည်း

Posted: 03 Nov 2012 04:51 PM PDT


ရခိုင်တိုင်းရင်းသားများ အရေး ဆောင်ရွက်နိုင်ရန် နေပြည်တော်တွင် ယနေ့နံနက်က အစည်းအဝေး တခု ပြုလုပ်ခဲ့ပြီး "နေပြည်တော် ရခိုင်တိုင်းရင်းသားများ အသင်း" ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် အေးမြရွှေပြည် ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့ရာ ရခိုင်တိုင်းရင်းသား ၂၀၀ ကျော်တက်ရောက်ခဲ့ပြီး အများသဘောတူ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟုသိရ သည်။ အသင်းဖွဲ့စည်းရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ အသင်းဥက္ကဌ ဦးသန်းညွှန့်က နိရဉ္စရာသို့ အခုလို ပြောဆိုသည်။

"အဓိက ရည်ရွယ်ချက်ကတော့ နေပြည်တော်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ ရခိုင်အမျိုးသား တွေရဲ့ သာရေး နာရေး လူမူရေးကိစ္စတွေကို လုပ်နိုင်အောင်- ၀ိုင်းဝန်း ပံ့ပိုးကူညီနိုင်အောင်၊ ဒုတိယတချက် ကတော့ ရခိုင်ပြည်နယ်နဲ့ ရခိုင်ရေးရာ ကိစ္စတွေကို  ငြိမ်းချမ်းတဲ့  အမျိုးရေး အသွင်နဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးနဲ့ တတိယ အချက်ကတော့ ရခိုင်ရိုးရာ ယဉ်ကျေးမူ စာပေ အနုပညာတွေကို ကျွန်တော်တို့ ထိန်းသိမ်းရေး- ဖေါ်ထုတ်ရေး အတွက် ဖွဲ့စည်းတာ ဖြစ်ပါတယ်" ဟု ပြောသည်။

အစည်းအဝေးမှ အသင်း ဥက္ကဌ အဖြစ် ဦးသန်းညွှန့် (မင်းပြား) ကို ရွှေးကောက် တင်မြှောက်ခဲ့ပြီး ဒုဥက္ကဌ အဖြစ် စိုင်းကျော်မြင့် (မြောက်ဦး) အတွင်းရေးမှူး အဖြစ် ကိုထွန်းမောင် (ကျောက်တော်) နှင့် အမူဆောင် ကော်မီတီ အများအပြားကို ရွှေးကောက်တင်မြောက်ခဲ့ကြသည်ဟု သိရသည်။

"ကျွန်တော်တို့ အဖွဲ့အနေနဲ့က ဘယ်အတိုင်းအတာထိ အထောက်အကူ ပြုနိုင်မလဲ ဆိုရင် အခုလက်ရှိ နေပြည်တော်မှာ အတိုင်းအတာနဲ့ ရခိုင်တိုင်းရင်းသားတွေက ပုံစံပေါင်းစုံနဲ့ ရှိနေပါတယ်။ နေပြည်တော်မှာ တချို့က  အစိုးရ ၀န်ထမ်း၊ ကုမ္ပဏီ ၀န်ထမ်း၊ ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ပါဝင်သလို မြို့နယ် ပေါင်းစုံက နေထိုင်တဲ့ လူတွေ ပါဝင်နေတဲ့ အတွက် အင်အားတွေကို ရနိုင်သလောက် စုစည်းပြီး  ရောက်တဲ့ နေရာက တတ်နိုင်သလောက် ပိုမိုကျယ်ပြန့်အောင် တတ်နိုင်တဲ့ စွမ်းအား ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်" ဟု အသင်း ဥက္ကဌ ဦးသန်းညွှန့် က ပြောသည်။

ယခုဖွဲ့စည်းလိုက်သော အသင်းတွင်  ဆပ်ကော်မီတီ အဖွဲ့ငယ်များကို ဖွဲ့စည်းထားပြီး ရိုးရာ ယဉ်ကျေးမူ စာပေများကိုလည်း ဖေါ်ထုတ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။ ရိုးရာ ယဉ်ကျေးမူ အကအဖွဲ့များကို ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်နေ့၊ သင်္ကြန်၊ ပြည်ထောင်စုနေ့ စသည့် နေထူး နေ့ရက်များတွင်  ရခိုင်ရိုးရာများကို ကပြ ဖေါ်ထုတ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သတင်း - နိရဉ္စရာ သတင်းဌာန