သျှမ်းသံတော်ဆင့် |
- ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်အား လုပ်ကြံမည်ဆိုသည့် တရားခံ မဟုတ်မှန်ဟု နှစ်နိုင်ငံ ရဲအရာရှိပြော
- ဆိုင်ခန်းခ လျှော့ချရေး မူစယ်မြို့ ဆိုင်ခန်းငှားများ ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်
- သျှမ်း/ မြောက် နမ့်ခမ်းမြို့၌ ပွဲဆောင်းဆမ်ဘုရားပွဲတော်ကျင်းပ
| ထိုင်းဝန်ကြီးချုပ်ဟောင်း ထက်ဆင်အား လုပ်ကြံမည်ဆိုသည့် တရားခံ မဟုတ်မှန်ဟု နှစ်နိုင်ငံ ရဲအရာရှိပြော Posted: 08 Nov 2012 12:51 AM PST ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထက်ဆင်ရှင်နဝပ် အား လုပ်ကြံမည့်သူဟု စွပ်စွဲခံထားရသည့် တာချီလိတ်မြို့မှ တရားခံမှာ စစ်ဆေးတွေ့ရှိချက်အရ ဖြစ်နိုင်မှု မရှိဘဲ အကွက်ဆင်မှု တခုသာ ဖြစ်နိုင် ကြောင်း ထိုင်း၊ မြန်မာရဲအရာရှိများက ပြောဆိုသုံးသပ်ကြပါသည်။ Photo : newsdataonline.com"တကယ်လို့ ကိုယ်ကသာ လက်ဖြောင့်သမားဆိုရင် မုန့်ရောင်းစားမှာလား။ စုံထောက်တို့ သူလျှိုတို့ ဆိုရင် တမျိုးပေါ့။ လက်ဖြောင့်သမားဆိုရင် ဗစ္စတိုတလက်တော့ ရှိသင့်တယ်။ သူဌေးတွေ ရှိကြတယ်။ သူဌေးတိုင်း ကိုယ်ရံတော် လက်ဖြောင့်သမားတွေ ရှိတယ်။ လက်ဖြောင့်သမားတိုင်း ပစ္စတို သေနတ် တလက်တော့ အနည်းဆုံးရှိတယ်။ သူတို့က တိုးကျိုးမုန့်ရောင်းသမား လုပ်စားမယ်ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူး" ဟု ထိုင်းအရာရှိတစ်ဦးက ပြောပါသည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ထက်ဆင် သည် နေပြည်တော်သို့ နိုဝင်ဘာ ၈ ရက်၌ အလည်အပတ် ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် တာချီလိတ်သို့ လာရောက်လည်ပတ်မည်ဟု သတင်းများ ထွက်ပေါ်နေ စဉ် နိုဝင်ဘာ ၂ ရက်နေ့၌ လှည်းဖြင့် မုန့်လှည့်လည်ရောင်းချနေသည့် ဆမ်ပူး ဆိုသူထံမှ အာပီဂျီဗုံးသီး (၃)လုံး၊ ပို့ကျည်(၃)တောင့်၊ M 16 ကျည်ကဒ် ၁ ခုနှင့် ၅.၅၆ ကျည် ၁၀ တောင့်တို့ကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်က ဆမ်ပူး သည် ထက်ဆင် အား လှုပ်ကြံမည့်သူ ဟု ပြောဆိုကြောင်း ထိုင်းသတင်းစာများ၌ ရေးသားဖော်ပြသည်။ "ထက်ဆင် က တာချီလိတ်ကို လုံးဝ မလာချင်ဘူး။ ထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ သူ့ညီမကလည်း မလာစေ ချင်ဘူး။ သူမ မျက်နှာပူတာပေါ့။ တက်ဆင်ရဲ့တပည့်တွေက လာစေချင်တယ်။ အဲဒါကြောင့် အကွက်ရှာ တာလည်း ဖြစ်နိုင်တယ်" ဟု အမည်မဖော်လိုသည့် အဆိုပါ ထိုင်းအရာရှိက ဆက်ပြောပါသည်။ တဖက်၌လည်း လားဟူပြည်သူ့စစ်ဘက်မှ ထက်ဆင် အား လုပ်ကြံမည်ဟုလည်း သတင်းများ ထွက်ပေါ် နေကြောင်း၊ အကယ်၍ ထက်ဆင် အား လုပ်ကြံမည်ဆိုပါက မုန့်ရောင်းစားနေသည့်သူအား ဌားရမ်းမည် မဟုတ်ကြောင်း၊ ၎င်းတို့တွင် ကျွမ်းကျင်သည့် လက်ဖြောင့်တပ်သားများ ရှိမည်မလွှဲကြောင်း ပြောပါ သည်။ "ဆမ်ပူး မုန့်ရောင်းတဲ့အခါ ကျနော်တို့ ဆိုင်ရှေ့မှာ လာရပ်တတ်တယ်။ သူ့ရဲ့ကိုယ်ရေးရာဇဝင်ကိုတော့ မသိရဘူး။ ဒါပေမဲ့ သူက မိုင်းလား၊ မိုင်းပေါက်၊ မိုင်းဖျန်က သူဌေးတွေနဲ့ အလုပ်လုပ်ဖူးတယ်လို့ ပြော ပြဖူးတယ်။ အဲဒီသူဌေးတွေရဲ့ ပစ္စည်းတွေ ဖြစ်နိုင်တယ်" ဟု တာချီလိတ်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါသည်။ ထက်ဆင် ထိုင်းဝန်ကြီးချုပ်ဖြစ်နေစဉ်ကာလ ၂၀၀၄-၂၀၀၅ ခုနှစ်ခန့်ကလည်း ၀ တပ် UWSA က ၎င်းအား လုပ်ကြံမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ UWSA ဖက်မှ သတင်း မမှန်ကန် ကြောင်း၊ ကောဋ္ဌဟာဋ္ဌသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ "တကယ်လို့ ၀ က လုပ်ကြံမယ်ဆိုရင်လည်း ၀ တပ်ဖွဲ့တော့ မဖြစ်နိုင်ဘူး။ ပုဂ္ဂလိက ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ၀ သူဌေးတွေမှာ လက်ဖြောင့်သမားတွေ တန်းစီနေတာဘဲ။ လှည်းနဲ့ မုန့်ရောင်းနေတဲ့သျှမ်းလူမျိုးကို လာငှားမှာလား။ လုံးဝ မဖြစ်နိုင်ဘူး။ တခြားတယောက်ကိုဘဲ ငှားမှာ ပေါ့" ဟု ၀ အရာရှိနှင့် နီးစပ်သူတစ်ဦးကလည်း ပြောပါသည်။ တာချီလိတ်မှ ရဲအရာရှိတစ်ဦးကလည်း တာချီလိတ်သည် နယ်စပ်မြို့ဖြစ်သည့်အတွက် မူးယစ်ဆေးဝါး များ၊ လက်နက်များ ဖမ်းဆီးမိခြင်းသည် အဆန်းမဟုတ်ကြောင်း၊ ဤကဲ့သို့ လက်နက်ဖမ်းမိခြင်းသည် ထက်ဆင် အား လုပ်ကြံမည့်ကိစ္စနှင့် သက်ဆိုင်သည်ဟု မမြင်ကြောင်း သျှမ်းသံတော်ဆင့်အား ပြော သည်။ ထက်ဆင် အား လုပ်ကြံမည့်သတင်းများ ထွက်ပေါ်ပြီးနောက် ၎င်းကလည်း တာချီလိတ်သို့ လာရောက် တော့မည် မဟုတ်ကြောင်း ထိုင်းသတင်းများက ရေးသားပါသည်။ |
| ဆိုင်ခန်းခ လျှော့ချရေး မူစယ်မြို့ ဆိုင်ခန်းငှားများ ပြည်နယ်ဝန်ကြီးချုပ်ထံ စာတင် Posted: 08 Nov 2012 12:49 AM PST သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ အမှတ် ၂ ဈေး ၊ ဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံလိုက်သည့် အပေါ် ဆိုင်ခန်းငှားရမ်း သူများက အခန်းခ လျှော့ပေါ့ရေးအတွက် သျှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ အသနားခံစာ တစ်စောင်ကို ယခုလ ၂ ရက်နေ့က ပေးပို့ထားကြောင်း သိရသည်။ နှင်းနှင်းခိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင် ဆိုင်ခန်းများဖြစ်ပြီး စုစုပေါင်း ဆိုင်ခန်း ၂၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။ ၄င်းကုမ္ပဏီမှ ဆိုင်ခန်းတစ်ခန်းလျှင် အမျိုးအစားအလိုက် တစ်လ တရုတ်ငွေယွမ် ၇၀၀ နှင့် ၆၀၀ စီ အသီးသီးကောက်ခံနေရာမှ အောက်တို ဘာလကုန်မှစ၍ ယွမ် ၂၀၀ စီ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ အခန်းခတိုးမြှင့်လိုက်သည့် အပေါ် ငှားရမ်းသူများက သက်ဆိုင်ရာ မူစယ်ခရိုင်အုပ်ချုပ်ရေးရုံးသို့ စာရေးတင်ပြထားသော် လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ပြည်နယ်ဝန်ကြီးချုပ်ထံ ထပ်မံတင်ပြရခြင်းဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်တစ် ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ "အခန်းခတိုးမြှင့်ကောက်ခံပြီး ၃ ရက်အတွင်းပေါ့နော် ငှားရမ်းသူတွေဘက်က မူစယ်ခရိုင်အုပ်ချုပ်ရေးကို အသနားခံစာ တင်တယ် သူတို့ဘက်က ခေါ်ယူညှိနှိုင်းတာတို့ အရေးယူဆောင်ရွက်ပေးတာတို့ မရှိဘူး အဲဒါကြောင့် ပြည်နယ်ဝန်ကြီး ချုပ်ဆီကို စုပေါင်းလက်မှတ်ထိုးပြီး စာပြန်တင်ထားတယ် " ဟု သူက ပြောသည်။ ယခုအခါ နှင်းနှင်းခိုင်ကုမ္ပဏီမှ ဈေးအတွင်း ပျက်စီးနေသည့် ရေနှုတ်မြောင်းများ ပြန်လည်ပြုပြင်ပေးနေသော်လည်း ဆိုင်ခန်းခများ လျှော့ပေါ့ ပေးခြင်း မရှိသေးကြောင်း သိရသည်။ "ကုမ္ပဏီဘက်က ရေနှုတ်မြောင်းတွေတော့ ပြန်ပြုပြင်ပေးနေတယ်၊ လောလောဆယ်တော့ အရင် ယွမ် ၇၀၀ တန်အခန်းကို ၉၀၀ ပေါ့ ၆၀၀ တန် အခန်း ကို ၈၀၀ ပေါ့ စာချုပ်ပါတောင်းထားတဲ့အတိုင်း ပေးနေရတယ်" ဟု ဆက်ပြောသည်။ ယခင်က အဆိုပါ ဈေးအတွင်း လူစည်ကားခြင်း မရှိသော်လည်း ယခုအခါ လူစည်ကားစပြုလာရာ ဆိုင်ခန်းလိုချင်သူများ ပြားလာသဖြင့် ကုမ္ပဏီဘက်မှ အခန်းခဈေးများ တိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။ "ဆိုင်ခန်းခတိုးမြှင့်မယ်ဆိုရင် ပိုင်ရှင်ဘက်က ကြိုတင်သတိပေးရမယ်ပေါ့ဗျာ၊ နောက် ၃ လအတွင်း အခန်းခ ချက်ခြင်း မတိုးသင့်ဘူးပေါ့ ညှိနှိုင်းဆောင်ရွက်မှု လိုတယ်ပေါ့ဗျာ၊ ဘယ်လိုပဲဖြစ်ဖြစ် အခုပြည်နယ်ဝန်ကြီးချုပ်ကို တင်ထားတာ မထူးခြားရင် သမ္မတအထိ ဆက်တင်မှာပဲ " ဟု နောက်ထပ်မူစယ်မြို့ခံ တစ်ဦးက ဆိုသည်။ ဆိုင်ခန်းငှားရမ်းသူများက ဆိုင်ခန်းခအပြင် စည်ပင်အမှိုက်ခွန် တစ်လကျပ် ၁၀၀၀၊ ရေမီတာ တစ်ယူနစ် ကျပ် ၃၀၀ နှင့် မီးတစ်ယူနစ် ကျပ် ၁၅၀ ပေးဆောင်ရကြောင်းလည်း သိရသည်။ |
| သျှမ်း/ မြောက် နမ့်ခမ်းမြို့၌ ပွဲဆောင်းဆမ်ဘုရားပွဲတော်ကျင်းပ Posted: 08 Nov 2012 12:49 AM PST သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မြို့လယ်ကျောင်း၌ ပွဲဆောင်းဆမ်ဘုရားပွဲကို နှစ်တိုင်းသီတင်းကျွတ်ပြီး ၈ ရက်တွင် သုံးရက်သုံးညတိုင်တိုင် ကျင်းပ လေ့ရှိသည်ကို စုံစမ်းသိရှိရပါသည်။ ![]() ပွဲဆောင်းဆမ်ဘုရားပွဲ "ဒီနှစ် ပွဲ က ယခုလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ။ ညတိုင်း သျှမ်းဇာတ်သဘင် ၊ စတိတ်ရှိုး (စင်တင်တေး ဂီတ) နဲ့ဖျော်ဖြေတယ်၊ ၆ ရက်နဲ့ ၇ ရက်နေ့လည် ပိုင်းတွင်လည်းပဒေသာပင် ၄၉ ပင်နဲ့လူထောင်ပေါင်းများစွာနဲ့ မြို့ပတ်လှည့်လည်ကြတယ်၊ ဒီနေ့ ၇ ရက်နောက်ဆုံးပွဲနေ့ မနက်ပိုင်းမှာတော့ ပင့်သံဃာ ၃၅၀ ပါးနဲ့မြို့လယ် ဘုရားကြီး အနေကဇာတင်ပြီး ဆွမ်းဆန်လောင်းပွဲရှိတယ်၊ ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေနဲ့ မြို့နေပြည်သူလူထု ရာဂဏန်း ဆွမ်းလာ လောင်းကြ တယ်" ဟုဆွမ်း လောင်းပွဲပါဝင်သော လုံးစိုင်းထွန်းကပြောပြသည်။ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် နမ့်ခမ်းမြို့၌ မိုးအရမ်းကြီးနေသည့်အတွက် ပွဲတော်သိပ်မစည်ကြောင်း၊ ယနေ့ ၇ ရက်နေ့တွင်မူ မိုးတိတ်ပြီဖြစ်သဖြင့် ပဒေသာပင်လှည့်လည်ရာတွင် အထူးစည်ကားလှကြောင်း၊ ပွဲတော်ထူးခြား ချက်တခု မှာမူ သျှမ်းရိုးရာအကအပြင် သျှမ်းရိုးရာစက္ကူဆင်ရုပ်၊ တိုးနယား အရုပ်၊ ကိန္နရာ အရုပ်တို့ဖြင့် အလှူ ပဒေသာပင်နှင့် အတူ လှည့်လည်နေကြောင်း ၄င်းကဆိုသည်။ ဆောင်းဆမ်ဆိုတာ ဗမာလို ၂၃ လို့အဓိပါယ်ရတယ်။ သီတင်းကျွတ်လဆုတ် ၈ ရက်နေ့မှာကျတယ်။ လပြည့် ၁၅ + လပြည့်ကျော် ၈ ရက်= ၂၃ ပေါ့ဗျာ။ ဒီနေ့ ပဒေသာ ပင်လှည့် တော့ လူက ၆ ထောင်လောက်ရှိတာ။ အစဉ် အလာ အရလဲ ကြီးကြီးကျယ်ကျယ်လုပ်ခဲ့တဲ့ပွဲတပွဲပါ။ အရမ်းကြည်နူးမိတယ်ဗျာ။ အားလုံးက သျှမ်းဝတ်စုံနဲ့ပေါ့။ သျှမ်းအိုးစည် ၄၉ စုံတီးခတ်ပြီး တရွာနဲ့တရွာ အရောင်ဆင်တူဝတ်ဆင်ပြီး ပွဲတော်လာကြတယ်၊ အလှူပဒေသာ ၄၉ ပင် ကိုလည်း နမ့်ခမ်းမြို့ထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ညီတူညီမျှခွဲဝေ လှူဒါန်းကြတယ်" ဟု နမ့်ခမ်း လူငယ် စိုင်းခမ်းက ပြောပြသည်။ နမ့်ခမ်းမြို့နယ်ရှိ ရပ်ကွက်တခုလျှင် ပဒေသာပင်တပင်လှူ ဒါန်းခြင်းဖြစ်ကြောင်း ၄င်း ကပြောပါသည်။ သျှမ်းပြည်မြောက် ပိုင်း နမ့်ခမ်းမြို့တွင် ပွဲဆောင်းဆမ် ဘုရားပွဲတော် ကို လွန်ခဲ့သောနှစ်ပေါင်းရာကျော် သျှမ်းစော်ဘွားခေတ်ကတည်းက ယနေ့ထိတိုင် နှစ်တိုင်း လိုလို ကျင်းပလာကြ သည်ဟု သိရှိရပါသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
