သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ဦးအောင်မင်းနှင့်အလွတ်သဘောတွေ့ဆုံစဉ် ရရှိသောသဘောတူညီချက်အချို့ကို အကောင်အထည်ဖော်နိုင်စေလို UNFC ခေါင်းဆောင်တဦးပြော

Posted: 19 Nov 2012 02:31 AM PST

ယခုလဆန်းကအစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်ဦးအောင်မင်းနှင့်အလွတ် သဘော တွေ့ဆုံ စဉ်ကဆွေးနွေးခဲ့သော  သဘောတူညီချက်များကို အကောင်အထည် ဖော်နိုင်ခဲ့ပါက ၂ ဦး ၂ ဖက်အတွက် အောင်မြင် မှုတခု ဖြစ်လိမ့်မည်ဟု UNFC ၏ ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါသည်။
Khun OkkarUNFC ၏ ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာ
 
"ကျနော်တို့ UNFC နဲ့ အစိုးရနဲ့ ဒီလ ၉ ရက်နေ့မှာ အလွတ်သဘော တွေ့တုန်းက  သဘောတူညီချက် အချို့ရခဲ့တယ်။ ဒီ သဘောတူညီချက်တွေကို လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ ရင်တော့ ကျနော်တို့ ၂ ဦး၂ ဘက်အတွက် အောင်မြင် မှုဖြစ်လိမ့် မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်" ဟု UNFC ၏ ဒုတိယ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက သျှမ်းသံတော်ဆင့် အား ပြောပါသည်။

အဆိုပါဆွေးနွေးပွဲမတိုင်ခင်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဖြစ်သော ဦးလှမောင်ရွှေ က သတင်းဌာနတခုအား -   ဦးအောင်မင်းအနေဖြင့် UNFC အား တွေ့ဆုံရန်အစီအစဉ်မရှိ ဟု ပြောကြားခဲ့ပါ သည်။

အလွတ်သဘောဆွေးနွေးပွဲ၌ ဦးအောင်မင်းအား UNFC မှ  အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်သော ၇ ယောက် ပါအဖွဲ့က တွေ့ဆုံဆွေးနွေးရာ -
(၁)  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာဖြေရှင်းရန်။
(၂) နိုင်ငံရေးဆွေးနွေးပွဲကို UNFC အပြင် မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များအားလုံး တချိန်တည်း တပြိုင်တည်း  တစုတစည်းတည်း ပါဝင်နိုင်ရန်။
(၃) အောက်ပါ ခေါင်းစဉ်များ ကို Myanmar peace center ၌  လာမည့်ဒီဇင်ဘာလအတွင်း ဆွေးနွေးရန်။
(က) နိုင်ငံရေးဆွေးနွေးပွဲမူဘောင်၊
(ခ) နိုင်ငံရေးဆွေးနွေးပွဲခေါင်းစဉ်၊ အစီအစဉ် ၊
(ဂ) နိုင်ငံရေးဆွေးနွေးမှုအချိန်အပိုင်းအခြား ၊
(ဃ) နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အသုံးစရိတ် ပံ့ပိုးမှု - စသည့် သဘော တူညီ ချက်များဖြစ်သည် ဟု  ဩဂတ်စ်လ ၂၅ ရက်က အပစ် ရပ်ရေး သဘောတူမှုရရှိခဲ့သည့် PNLO ၏ ဥက္ကဌ လည်းဖြစ်သော ခွန်ဥက္ကာကပြောပါ သည်။ (PNLO သည် အစိုးစစ်တပ်နှင့်အပစ်ရပ်ခဲ့သည့် ၁၃ ဖွဲ့ မြောက် အဖွဲ့ဖြစ်သည်)

" အဓိကကတော့ UNFC ထဲက တဖွဲ့ဖွဲ့က ဦးကျွံပြီး သီးသန့်သွားမဆွေးနွေးလိုက်ဖို့ဘဲလိုတယ်။ နို့မဟုတ်ရင်တော့ ကျနော်တို့ လိုချင်တဲ့ စစ်မှန်သောဒီမိုကရေစီ ဆိုတာရလာမှာမဟုတ်ဘူး။ နောက်တခု UNFC က ကြိုးစားခဲ့သမျှ အဖတ် မတင်ဘဲနေမယ် " ဟု ခွန်ဥက္ကာကပြောသည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကလည်း - နေပြည်တော်အစိုးရအား တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက်  ကြေငြာရန် UNFC ကတောင်း ဆိုလိုက်သည်ဟု ဆိုပါသည်။ ဗိုလ်မှူးကြီး ခွန်ဥက္ကာက  အဆိုပါအချက် အပြင် နိုင်ငံရေး  လွှတ်ငြိမ်းချမ်းသာခွင့်ကိုပါ ပေးရန်ပါ တောင်းဆိုခဲ့သည်ဟု ဆိုပါသည်။

UNFC တွင် အဖွဲ့ဝင် ၁၁ ဖွဲ့ရှိရာ အပစ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးပြီးသည့်အဖွဲ့ ၆ ဖွဲ့ (ချင်း CNF, ကရင်နီ KNPP, ကရင် KNU, မွန် MNSP, သျှမ်းပြည်တိုးတက်ရေးပါတီ SSPP, ပအိုဝ်း PNLO) တို့ဖြစ်ပြီး အစိုးရနှင့် သဘောတူညီချက်မရသေး သည့် အဖွဲ့ ၅ ဖွဲ့ ( ကချင် KIO, ရခိုင် ANC, ပလောင် PSLF, လားဟူ LDU, ဝ WNO ) တို့ ဖြစ်ပါသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရခဲ့သည့် တိုင်းရင်းသားအဖွဲ့အစည်း ၁၃ ဖွဲ့ ရှိပြီဖြစ်ရာ UNFC အဖွဲ့ဝင် ၆ ဖွဲ့အပြင် အဖွဲ့ဝင် မဟုတ် သည့် ၇ ဖွဲ့မှာ (  ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA, မိုင်းလား NDAA, တိုးတက် သော ကရင်ဗုဒ္ဓ ဘာသာတပ်မတော်  DKBA, သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, နာဂ  NSCN, ကရင် KPC နှင့် ရခိုင် ALP ) တို့ ဖြစ်ပါသည်။ ထို့အပြင် ၁၉၉၄ ကတည်း က အပစ်ရပ်ပြီး ယနေ့တိုင် ထပ်မံပစ်ခတ်ခြင်းမရှိ ထပ်မံ ဆွေး နွေးခြင်းမရှိသော ကျန်အဖွဲ့တဖွဲ့မှာ ကယန်းပြည်သစ်ပါတီ KNLP  ပါတီဖြစ်ပါသည်။

အစိုးရတပ် ပစ်ခတ်မှုကြောင့် ကချင်အရပ်သားတစ်ဦး သေဆုံး

Posted: 19 Nov 2012 02:30 AM PST

နှစ်ဘက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသော KIA နှင့် အစိုးရစစ်တပ်တို့ လှုပ်ရှားရာ သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်း မြို့နယ် မုံးဝီးကျေးရွာအနီးတွင် အစိုးရစစ်တပ်၏ ပစ်ခတ်မှုကြောင့် ယခုလ ၁၅ ရက်နေ့က အသက် ၄၈ နှစ်အရွယ် ကချင် အမျိုးသားတစ်ဦး သေနတ်ထိမှန် သေဆုံးသွားကြောင်း သိရသည် ။
Lasanbauknaw                                                 သဆုံးသူ ဦးလဆန်ဘောက်နော်
 
အဆိုပါ ဒေသတွင်းလှုပ်ရှား နေသည့် စကခ ၁၆ လက်အောက်ခံ ခမရ ၅၆၇ တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦးက မိုင်းဝီးရွာအနီး တွင် ၄င်းရွာသား ဦးလဆန်ဘောက်နော်အား  သေနတ်ဖြင့် ၆ ချက်တိတိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းဝီးရွာသား တစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"၁၅ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ အသက် ၄၈ နှစ် အရွယ် ကချင်အမျိုးသားပေါ့နော်။ ကလေး ၅ ယောက် ရှိ တယ်။ သူ့နံမယ်က ဦးလဆန်ဘောက်နော်။ မိုင်းဝီးရွာရဲ့တောင်ဘက် နမ္မတူသွားတဲ့လမ်း ၊ ရေပူစမ်းနားမှာပေါ့။ ခမရ ၅၆၇ က ဗိုလ်ကြီး တစ်ယောက်က သေနတ်နဲ့ ၆ ချက်တိတိပစ်လိုက် " ဟု ၄င်းရွာသားက ဆိုသည် ။

လဆန်ဘောက်နော်သည် တောတွင်း၌ အိမ်ဆောက်ရန် သစ်ဝါးများ နေ့စဉ် သွားရောက်ခုတ်ယူနေရာ ၄င်းနေ့က အစိုးရ စစ်ကြောင်းဖြင့် တိုးမိ၍ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည် ။

"သူက အိမ်ဆောက်ဖို့ နေ့တိုင်း တောထဲမှာ တန်းတွေတိုင်တွေသွားခုတ်တာပေါ့။အဲဒီနေ့က ခလရ ၅၆၇ နဲ့သွားတိုးတော့  ထွက်ပြေးဖို့ လုပ်နေတုန်း ခမရ ၅၆၇ စစ်ကြောင်းက ဗိုလ်ကြီးတစ်ယောက်က  ပစ်သတ် လိုက်တယ်" ဟု ဆို သည် ။

အခင်းဖြစ်ပွားသည့် နေ့ကတည်းက လဆန်ဘောက်နော်၏ ရုပ်အလောင်းအား မိသားစုထံလွဲပြောင်း ပေးအပ်ခဲ့ပြီး ၄င်းနေ့ ကပင် ရုပ်အလောင်းအာ မီးသဂြိုလ်ခဲ့ကြောင်း သိရသည် ။

၎င်းဖြစ်စဉ် အပေါ် စစ်တပ်ဘက်မှ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးရာတွင် လဆန်ဘောက်နော်အား အစိုးရစစ်တပ်အား တိုက်ခိုက်ရန် ပြင်ဆင်နေသည့် KIA တပ်ဖွဲ့ဝင်တစ်ဦးအသွင် ဖန်တီးကာ ရိုက်ကူး ထားကြောင်းနှင့် မိသားစုဝင်များအပေါ် လည်း ခြိမ်းခြောက်မှုရှိနေကြောင်း သူက ဆက်ပြောသည် ။
အဆိုပါ သတင်းအပေါ် သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ ။

သမ္မတ ဦးသိန်းစိန်နှင့် လဝက ၀န်ကြီး ဦးခင်ရီ သိစေချင်

Posted: 19 Nov 2012 02:28 AM PST

သို့- သျှမ်းသံတော်ဆင့်

ယခင် သျှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဟိုပန်မြို့ (ယခု ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့) မြို့နယ် လဝကရုံးတွင် တာဝန်ထမ်းဆောင်နေသော လဝကမှူး ဒေါ်ခင်နှင်းအေး၊ (ဗိုလ်ဆွန်ပက်လမ်း၊ ကောင်း ဟုန်း ရပ်ကွက်၊ ဟိုပန်မြို့)နှင့် လ/ထ လဝကမှူး ဒေါ်ရွှေအိမ် (ပန်လုံလမ်းရပ်ကွက်၊ ဟိုပန်မြို့) တို့(၂)ဦး သည် တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုး၊ ပြစ်မှု အမျိုးမျိုးဖြင့် ထွက်ပြေးတိမ်းရှောင်လာပြီး ဟိုပန်မြို့ သို့ ရောက်ရှိနေထိုင်ကြသော တရုတ်နိုင်ငံသားများထံ တံစိုးလက် ဆောင်ရယူပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးလျက်ရှိပါသည်။

လွန်ခဲ့သည့် (ရက်စွဲမမှတ်မိ ) မကြာသေးခင်က လဝကမှူး ဒေါ်ခင်နှင်းအေးသည် ဟိုပန်မြို့၊ တရုတ် စာ သင် ကျောင်းတွင် ကျောင်းဆရာလုပ်ကိုင်နေသော တရုတ်နိုင်ငံသား ရန်ဆောင်းကန် ဆိုသူအား နိုင်ငံ သား စိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့ ကြောင်း၊ ရန်ဆောင်းကန်သည် အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ် ပြားလက်မှတ် ရရှိရေးအတွက် လဝက ဒေါ်ခင်နှင်းအေး အိမ်ရှေ့ရှိ ရေချောင်းအား ကွန်ကရစ်တံတား ဆောက်လုပ်ပေးခဲ့ရကြောင်း၊ လဝကမှူး ဒေါ်ခင်နှင်းအေးသည် တရုတ်နိုင်ငံ သားများထံ တံစိုးလက် ဆောင်၊ အခငွေကျေးရယူပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရာတွင် အများအပြားရှိခဲ့ ကြောင်း၊ ယခုအခါ လဝကမှူး ဒေါ်ခင်နှင်းအေး၏ အိမ်တွင် ကိုယ်ပိုင် ဗင်ယာဉ်(၂)စီးဝယ်ယူထားပြီးဖြစ်ကြောင်း၊ လဝကမှူး ဒေါ်ခင်နှင်းအေး၏ ညီမတစ်ဦးလည်း တရုတ်နိုင်ငံသားစစ်စစ်ဖြင့်အိမ်ထောင်ကျခဲ့ပြီး သား သမီး (၂)ဦး ထွန်းကားခဲ့ကြောင်း၊ ယခုအခါ အဆိုပါ တရုတ်နိုင်ငံသားသည် ထွက်ပြေးတိမ်းရှောင် လျက် ရှိကြောင်း၊ ဒေါ်ခင်နှင်းအေးသည် ဟိုပန်မြို့တွင် နေထိုင်သော တိုင်းရင်းသားများနှင့်လည်း နိုင်ငံသား စိစစ် ရေးကတ်ပြားကိစ္စကြောင့် မကြာခဏ စကားများ ခဲ့ရကြောင်း၊ ဒေါ်ခင်နှင်းအေးထံ တံစိုး လက် ဆောင် လာရောက်ပေးကမ်းသူများမှသာ နိုင်ငံသားစိစစ်ရေးကတ်ပြားအား လျှင်မြန်စွာ ရရှိခဲ့ကြောင်း၊ အလားတူ လ/ထ လဝကမှူး ဒေါ်ရွှေအိမ် လည်း တရုတ်နိုင်ငံသားများထံ တံစိုးလက်ဆောင် ငွေကြေးရယူပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

ဟိုပန်မြို့သား

ကချင်အမျိုးသား သာမာန်အရပ်သားတစ်ဦးကို အစိုးရစစ်တပ်ကစက်သေနတ်နှင့်ပစ်သတ်

Posted: 18 Nov 2012 08:39 PM PST

သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုနေ ရွာသားတစ်ယောက်ကို အစိုးရ စစ်တပ်က   နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးရိုက်နှက်ပြီး သေနတ်ဖြင့်ပစ်သတ်လိုက်ကြောင်း ဒေသခံတစ်ဦးထံ မှ သိရှိရသည်။
Lasanbauknawဦးလစန်ဘောက်နော
 
"အသတ်ခံရသူက ကချင်အမျိုးသား ဦးလစန်ဘောက်နော။  သူ့ခြံထဲကနေ မီးသွေးဖုတ်ပြီးအပြန်   မွန်းတည့် ချိန်လောက်ပေါ့။ နမ္မတူသွားတဲ့လမ်း  နမ့်ပုံချောင်းနားက တဲထဲမှာ စောင့်နေတဲ့ ဗမာစစ်သား၆ ယောက်က   သူ့ကို ဖမ်းဆီး ရိုက်နှက်ပြီး စက်သေနတ်နဲ့  ပစ်သတ်လိုက်တယ်"ဟု မိုင်းဝီးရွာ သားတစ်ဦးကပြောပြသည်။

 အသတ်ခံရသူ ဦးလစန်ပေါက်နော အသက် ၄၈ နှစ်တွင်   သားသမီး ၅ ယောက် ရှိကြောင်း ၊ခြံ လုပ်ငန်းနှင့်မီးသွေးဖုတ်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ကြောင်း၊ ၎င်းသည် မည့် သည့်   လက်နက်ကိုင်အဖွဲ့နှင့်မျှ ပတ်သက်ခြင်းမရှိကြောင်း၊ ဦးလစန်ပေါက်နော၏ ရုပ်အလောင်းကို နိုဝင်ဘာ ၁၆ ရက်နေ့က မြေ မြုပ်သဂြိုလ် လိုက်ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

"စက်သေနတ်နဲ့ ၆ ချက် ပစ်လိုက်တာ။  ၀မ်းဗိုက်တွေ ၊ ခြေထောက် ၊ လက်တွေမှာ ကျည်ဆံ  ဝင်သွားတဲ့အပေါက်တွေတွေ့ရတယ်။ မျက်နှာမှာလည်း ရိုက်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်၊ ညာဘက် လက်မ တောင် ပြတ်လုနီးပါးဖြစ်နေတယ်၊  သူ့ကိုယ်မှာပါလာတဲ့  ဓါးမ နဲ့ ခြံအသုံးအဆောင်ပစ္စည်း တွေကို လည်း ဗမာ စစ်သား တွေ ယူသွားတယ်၊ ဗမာစစ်သားတွေ  စွပ်စွဲပြီးပြောတာကတော့ သူက လက်ပစ်ဗုံး နဲ့ ပစ်မလိုလုပ်လို့ ပစ်သတ် လိုက်တာတဲ့" ဟု သေဆုံးသူ၏  မိတ်ဆွေတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောပြသည်။

ဦးလစန်ဘောက်နောကိုပစ်သတ်လိုက်သော မြန်မာအစိုးရတပ်သည် မည်သည့်တပ်ရင်းမှ တပ်ဖွဲ့ များ ဖြစ်ကြောင်း အသေးစိပ်  မသိရှိရသေးပါ။

သို့သော် မိုင်းဝီး ကျေး ရွာ အုပ်စု ၌ လှုပ်ရှားနေသောအစိုးရတပ်မှာ ဂက်စ်ပိုက်လိုင်း လုံခြုံရေး ယူသော ခလရ ၁၄၄ တပ်ဖွဲ့တစ်ဖွဲ့ သာရှိကြောင်း နယ်စပ် စစ်ရေးလေ့လာသူတစ်ဦးကဆိုသည်။

မြန်မာအစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား ခဲ့တာ ကာလကြာ လာသည် နှင့်အမျှ အရပ်သားထိခိုက်သေဆုံးမှု လည်း မြင့်တက်လာနေကြောင်း သိရှိရပါသည်။

   

ဗမာအမျိုးသားဖြစ်ရခြင်း၏ အခွင့်ထူး

Posted: 18 Nov 2012 08:38 PM PST

မြန်မာနိုင်ငံ၏ အာဏာရှင်အစိုးရအဆက်ဆက်  ကြီးစိုးရေးဝါဒ လုပ်နေသည်မှာ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများက မိမိတို့ ဗမာအမျိုးသားများလည်း တိုင်းရင်းသားများကဲ့သို့ ခံစားရကြောင်းယုံကြည်ကြသည်။ အမှန်မှာ တိုင်းရင်းသားများ ကြုံတွေ့ခံစားရပြီး ဗမာအမျိုးသားများမကြုံရသော အဖြစ်များ အများကြီးရှိနေသေးသည်ကို သတိမပြုမိ ခဲ့ကြခြင်းဖြစ် သည်ဟု Journal of Contemporary Asia တွင် Mathew J. Walton ခေါ် ဦးသာနိုး က wages of Burman-ness အမည်ဖြင့် ရေးသားဖော်ပြထားပါသည်။
file-sign
အာဏာရှင်မြန်မာအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေကြသော ဒီမိုကရေစီရေးလှုပ်ရှားသူအများစုက သျှမ်း၊ ကရင်၊ ကချင် တို့ကဲ့သို့ ဗမာလူထုလည်း အစိုးရ၏ စစ်တပ်များကဖိနှိပ်ခဲ့သည်။ အခွင့်အရေးများချိုးဖောက်ခဲ့သည်။

ထို့ကြောင့်မိမိတို့ဘ၀တူ သာဖြစ်သောကြောင့် မိမိတို့၏အားလုံး ရည်မှန်းချက်တူထားပြီး ဒီမိုကရေစီတိုက်ပွဲဝင်ရမည်။ ဒီမိုကရေစီရအောင်ယူရမည်ဟု ပြောဆို လေ့ရှိ ကြကြောင်း ၎င်းကပြောသည်။

အစိုးရ၏လူထုအပေါ် ဆက်ဆံရေးမှာ တိုင်းရင်းသား နှင့် ဗမာအမျိုးသားတို့အကြားကွာခြားမှု သိပ်မရှိလှကြောင်း ဒေါ်အောင် ဆန်းစုကြည်ကပင် ယူဆပုံရသည်ဟုလည်း ဆိုထားပါသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၈၉ ကပြောသော မိန့်ခွန်းတခုတွင် - လူမျိုးကွဲပြားခြားနားချက်သည် ကြီးမားသောပြဿနာမဟုတ်။ တိုင်းရင်းသားများအားလုံး၊ ဗမာပြည်သူလူထုအားလုံး လက်တွဲပူးပေါင်းကာ ကြိုးစားပါမှ ဒီမိုကရေစီရနိုင်မည်။ တိုင်းရင်းသား၊ ဗမာဟူ၍ ခွဲခြားနေပါက မိမိတို့လို ချင်သောဒီမိုက ရေစီရနိုင်မည်မဟုတ်၊ ဒီမိုကရေစီအတွက် ကြိုးပမ်းရာ၌ ညီရင်းအကိုမောင်နှမကဲ့သို့၊ မဟာမိတ်ကဲ့သို့ သဘောထားကြပါမှ အောင်မြင် နိုင်မည်ဟု ပြောဆိုခဲ့ သည်။ 

အမေရိကန်နိုင်ငံတွင် လူဖြူတို့သည် လူမဲများထက် အခွင့်ထူးရနေသည်ဟု မိမိကိုယ်မိမိ မထင်သကဲ့သို့    ဗမာလူမျိုး များ လည်းတိုင်းရင်းသားများအပေါ် ခွဲခြား ဆက်ဆံခြင်းမရှိဟု   မြန်မာများလည်း  ယုံကြည်မှုရှိနေကြသည်။

ထိုယုံကြည်မှုများသည် မိမိတို့ လက်တွဲပူးပေါင်းရေး အတွက် အဟန့်အတား တခုဖြစ်လာမည်ဆိုသည်ကိုလည်း သတိ မမူမိ ကြပေ။ 

မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားသည့် တိုင်းရင်းသားမဟုတ်သော အဖွဲ့တို့သည် ၁၉၈၈ အရေးအခင်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးစသည်တို့ကို လက်ညှိုးညွှန်ကာ အာဏာရှင်အစိုးရသည် မြန်မာပြည် သူလူထုတခုလုံးကို လူမျိုးမရွေး ဖိနှိပ်သည် ဟုပြောဆိုကြ သည်။ အမှန်ဆိုသော် ဗမာလူထုတို့ မကြုံရသော မြန်မာမှုသွင်းခြင်း ကို တိုင်းရင်းသားများကြုံတွေ့ရသည်။ ဗမာစာ ဗမာယဉ်ကျေးမှုမြင့်တင်ခြင်း ဗမာစာတတ်မြောက် ရေးအတွက် အစိုးရစာသင်ကျောင်းများ နေရာအနှံ့ ဖွင့်ပေးခြင်းတို့ ပြုလုပ်သည်။

တိုင်းရင်းသားနယ်မြေများသို့ ဗုဒ္ဓဘာသာဗမာဘုန်းတော်ကြီးများ စေလွှတ်၍ ယဉ်ကျေးမှုအရ ဝါးမြိုခြင်းပြုလုပ်သည်။

တိုင်းရင်းသားစာပေသင်ကြားပို့ချမှု ပိတ်ပင်သည်။ ရှိရင်းစွဲမြို့ရွာ၊ လမ်းတံတား အပြင် တိုင်းပြည် နာမည်များအား ဗမာအမည်အဖြစ်သို့ ပြောင်းလဲ ရန်အတွက် ၁၉၈၉ မေလတွင်ကော်မရှင်ဖွဲ့စည်း၍ ဂျွန်လတွင် အမိန့်ထုတ်ပြန် ပြင်ဆင်ခေါ်ဆိုသတ်မှတ်ခဲ့သည်။ 

တိုင်းရင်းသားနယ်မြေများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပြုခဲ့သည်။ မြေမြုပ်မှိုင်းများအသုံးပြုခြင်း၊ ဒေသခံလူထု၏ ပိုင်ဆိုင်မှုများအား လုယက်သိမ်းဆည်းခြင်း၊ မြို့ရွာများအတွင်း ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြင်ပအကူအညီများ လက်မခံခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း၊ ပေါ်တာဆွဲခြင်း စသည်တို့ပြုခဲ့ကြသည်။

၎င်းအဖြစ်တို့သည် ဗမာလူထုနှင့် မြေပြန့်ဒေသတို့တွင် မကြုံတွေ့ကြရပေ။ ရိုးသားသော ဗမာလူမျိုးတို့အတွက် စာပေ ဖျောက်ဖျက်ခြင်း၊ ယဉ်ကျေးမှု ဖျောက်ဖျက်ခြင်း၊ ဘာသာစကား နှင့် လူမျိုး ဝါးမြိုခြင်းမျိုးအား တိုင်းရင်းသားများကဲ့သို့ မခံစားရပေ။ ထိုအခွင့်ထူးများအား ဒီမိုကရေစီတိုက်ပွဲဝင်မြန်မာများ ဗမာများအားလုံး သိထားသင့်ပေသည်။

လွတ်လပ်ရေးရပြီး သမိုင်းကို ပြန်ကြည့်သော် မိမိကိုယ်ကို ဗမာမဟုတ်ဟုဆိုကတည်းက အာခံသူအဖြစ်မိမိကိုယ်ကို   အမှတ်တံဆိပ်ခတ်ထားပြီးဖြစ်ကြောင်းတွေ့ရသည်။

၁၉၇၉ နိုင်ငံနှင့် တပ်မတော်ခေါင်းဆောင်ဦးနေဝင်းက မိန့်ခွန်းတရပ်တွင် ကရင်၊ ကချင် စသောတိုင်းရင်းသားတို့သည် ကျနော်တို့ ဗမာ လူမျိုး၊ ဗမာနိုင်ငံအပေါ် သစ္စာရှိပါမည်လော ဟူသည်ကိုဆန်းစစ်ရပါမည် ဟုဆိုပါသည်။

ထိုအတွက်ကြောင့် ယနေ့ခေတ်အစိုးရက ငြိမ်းချမ်းရေးတည်ဆောက်နေပါသည်။ အမျိုးသားရင်ကြားစေ့ရေး လုပ်နေပါသည် ဆိုသည်မှာ မျှော်လင့်ချက် ရှိနိုင် မရှိနိုင် မေးခွန်းထုတ်စရာ ရှိလာပါသည်။ စာရေးသူ ဦးသာနိုးက ရှိသည်ဟု မြင်ပါသည်။

  အမေရိကန်နိုင်ငံတွင် လူဖြူ ကြီးစိုးမှု (Whiteness) ကို ဦးဆောင်ဦးရွက် ဆန့်ကျင် လှုပ်ရှားသူမှာ လူဖြူများသာ ဖြစ်သည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း ဗမာဖြစ်မှု (Burman- ness) မှ ကျော်လွန်နိုင်ရေးအတွက် ဦးအောင်မျိုးမင်းနှင့် မောင်ဇာနည်တို့ကဲ့သို့ ဗမာများ ကဦးဆောင်ရမည်ဖြစ်ပါသည်။

ဆောင်းပါးအသေးစိတ်ကို ဖတ်ရှုလိုပါက အောက်ပါလင့်ခ်ကိုဆက်နိုင်ပါသည်။

The "Wages of Burman-ness": Ethnicity and Burman Privilege in Contemporary Myanmar
Journal of Contemporary Asia
Link: http://dx.doi.org/10.1080/00472336.2012.730892
By Matthew J. Walton, Department of Political Science, George Washington University, Washington D.C, USA