[mrsorcerer:35981] Fwd: [လူဗိုလ်ဟူသည် ...] အင်္ဂလိပ်စာဘယ်လိုဖတ်မလဲ?



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/11/19
Subject: [လူဗိုလ်ဟူသည် ...] အင်္ဂလိပ်စာဘယ်လိုဖတ်မလဲ?
To: lubo601@gmail.com


Posted by AungKoU (UMK) on November 17, 2012 at 11:58 in 

အင်္ဂလိပ်ဘာသာစကားကိုလေ့လာရာတွင် Reading skill သည်အရးကြီးသောကဏ္ဍတစ်ခု ဖြစ်သည်။ မိခင်ဘာသာစကား (Native Language) တွင်ပင်လျှင် စာဖတ်ခြင်းဖြင့် ပျော်ရွင်ခြင
်း၊ အသိပညာ ဗဟုသုတရရှိနိုင်ခြင်း၊ ဘဝကိုမြှင့်တင်ပေးနိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ လူမှုဆက်ဆံရေး တိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိစေနိုင်သောကြောင့် လူတိုင်းစာဖတ်ရန် အရေးကြီးပါသည်။ စာဖတ်ရာတွင် အင်္ဂလိပ်စာဖြစ်စေ၊ မြန်မာစာဖြစ်စေရည်ရွယ်ချက်အမျိုးမျိုးဖြင့် ဖတ်ကြသည်။မည်သည့်ရည်ရွယ်ချက်ဖြင့် ဖတ်သည်ဖြစ်စေစာဖတ်ရာတွင် အဆင်ပြေစေမည့် နည်းလမ်း များကို မျှဝေလိုပါသည်။ စာဖတ်ခြင်းသည် စကားလုံးများအပါအဝင် အသိပညာဗဟုသုတများကို နားလည်ရရှိရန် သာမက ကိုယ်တိုင်ပြန်လည်အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် ဘာသာစကားလေ့လာသင်ယူသူများအတွက် Reading သည် အဓိကထောင်ပံ့ပေးထားသောSkill တစ်ခုလည်းဖြစ်ပါသည်။ စာများများဖတ်ထားသောဘာသာစကားလေ့လာသင်ယူသူတစ်ယောက်သည် စကားလုံး (word) များ အဆင်သင့် ရှိနေပြီးListening, Speaking, Writing စသည့်Skillများအားလုံးတိုးတက်မှု မြန်ဆန်စေရန် ကူညီနိုင်ပါသည်။ဘာသာစကားကိုလေ့လာသင်ယူသူများအတွက် စာဖတ်ခြင်းသည် အခြားသောSkill များထက် ပိုမိုထိတွေ့ရန် လွယ်ကူပြီးသဘောပေါက် နားလည်လွယ်နိုင်ပါသည်။ ဘာသာစကားလေ့လာသင်ယူသူများအတွက်အောက်ဖော်ပြပါအချက်များအရစာဖတ်ခြင်းသည်လေ့လာရန် ပိုမိုအဆင်ပြေယုံသာမကအကျိုးကျေးဇူးများစေပါသည်။
- စာဖတ်ရာတွင် စကားလုံးများ၊ စကားစုများကိုအကြိမ်ကြိမ် အထပ်ထပ် ရွတ်ဆိုလေ့ကျင့်ခြင်းဖြင့်စကားလုံးများသာမကသဒ္ဒါပုံစံများကိုပါ သတိရမှတ်မိစေနိုင်သည်
- စာဖတ်ခြင်းဖြင့် အင်္ဂလိပ်ဘာသာစကား၏ rhythm နှင့် ရင်းနှီးစေပြီးစကားလုံးများ၊ ဝါကျများ၏ သဘာဝကိုပိုမိုနားလည် စေနိုင်သည်
- စကားပြောလေ့ကျင့်ခြင်း နှင့် မတူဘဲတစ်ဦး၊ တစ်ယောက်တည်းလေ့လာနိုင်သည်
- စာဖတ်ရန်အတွက် ငွေကုန်ကြေးကျ အလွန်မများဘဲတစ်ခါတစ်ရံအလားကားပင် ရနိုင်သည်
- စာဖတ်ခြင်းဖြင့် တိကျသောစာလုံးပေါင်း (spelling) များကိုသတိရမှတ်မိစေရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည် အင်္ဂလိပ်ဘာသာစကား တိုးတက်လိုပါလျှင် အင်္ဂလိပ်စာဖတ်ခြင်းကိုချစ်မြတ်နိုးရပါမည်။အင်္ဂလိပ်စာပေဖတ်ရှုရာတွင် ဆောင်ရွက်သင့်သည့် အချက်(၇)ချက်ကိုပြောပြလိုပါသည်။

(၁) စိတ်ဝင်စားသည့် အကြောင်းအရာကိုရွေးချယ်ဖတ်ရှုပါ

စာရေးသူသည် အင်္ဂလိပ်ဘာသာစကားသင်ကြားသည့် ဆရာတစ်ယောက်ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများကိုအင်္ဂလိပ်စာပေဖတ်ရန် ပြောတိုင်း" ဘယ်လိုစာကိုဖတ်ရမှာလဲ? " ဟူသောမေးခွန်းကိုအများဆုံး ပြန်မေးကြပါသည်။ စိတ်ဝင်စားသည့် အကြောင်းအရာကိုဖတ်ပါ၊ စိတ်ဝင်စားသည့်၊ နားလည်နိုင်သည့် အကြောင်းအရာကိုဖတ်ရှုမှသာလျှင်အမှန်တကယ် အသုံးပြုရာတွင် စကားလုံးများအသက်ဝင်လာပြီးစာဖတ်ချင်စိတ် မြင့်တက်လာပါလိမ့်မည်၊နားမလည်နိုင်သော၊ စိတ်မဝင်စားသောအကြောင်းအရာမျိုးကိုဖတ်ရှုမိလျှင် အခက်အခဲတွေ့ပြီးတစ်ကြိမ်တည်းနှင့်ပင် လက်လျှော့သွားတတ်ကြပါသည်။ စိတ်ဝင်စားသည့် အကြောင်းအရာကိုဖတ်ရှုလျှင် သိချင်စိတ်ကအခက်အခဲကိုကျော်ဖြတ်ရန် ထောက်ပံ့ပေးပါသည်၊ စာကိုစတင်ဖတ်ရှုရန်သာအရေးကြီးပါသည်၊ ကြိမ်ဖန်များစွာဖတ်လျှင် စာဖတ်ခြင်းစွမ်းရည် တိုးတက်လာပါလိမ့်မည်။

(၂) မိမိ၏အဆင့်နှင့်ကိုက်ညီသော (သို့) အနည်းငယ်ခက်သောစာကိုဖတ်ပါ

လွယ်လွယ်ကူကူဖတ်နိုင်သော Ladder Series များ၊ Guided Reading များကိုစတင်ဖတ်ရှုပါ၊ စာအုပ်တစ်အုပ်ကိုမဖတ်မီအနည်းငယ် စာမြည်းကြည့်လျှင် စာမျက်နှာတစ်မျက်နှာတွင် မသိသောစကားလုံး (၅)လုံးခန့် နှင့် ၎င်းဝန်းကျင်ခန့်ဆိုပါလျှင် စတင်ဖတ်ရှုသူအတွက်အဆင်ပြေပါလိမ့်မည်။ စကားလုံးများအားလုံးသိနေလျှင်လည်းပေါ့လျော့တတ်ပြီးမသိသောစကားလုံးများနေပါကလည်းအကြိမ်ကြိမ် အဘိဓာန်ကြည့် နေရလျှင် ငြီးငွေ့နိုင်သည်။ မလွယ်လွန်းမခက်လွန်းသောအခြေအနေတွင်သာအဆင်ပြေလိမ့်မည်၊ စာဖတ်သက်ကြာလာသည်နှင့်အမျှတစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပါလိမ့်မည်။

(၃) အကြောင်းအရာတစ်ခု (သို့) စာအုပ်တစ်အုပ်ကိုကျေညက်အောင် ဖတ်ပါ
ကြောင်းအရာတစ်ခု (သို့မဟုတ်) စာအုပ်တစ်အုပ်ကိုဖတ်ဖန်များလာသောအခါ ၎င်းနှင့် ရင်းနှီးကျွမ်းဝင်ပြီးပိုမိုနားလည်လာပါလိမ့်မည်၊ ဗဟုသုတရရှိရန်အတွက် စာအုပ်များစွာကိုဖတ်ရမည်ဖြစ်သော်လည်းအသုံးပြုရန်အတွက်မူစာအုပ်တစ်အုပ်ကိုကျေညက်အောင် ဖတ်သင့်သည်။ ဤနေရာတွင် သာဓကပြလိုပါသည် -စာရေးသူ၏ ကျေးဇူးရှင်ဆရာကြီးဦးမြကြိုင်သည် အင်္ဂလိပ်စာအုပ်ပေါင်းများစွာကိုအမြဲတမ်းဖတ်သော်လည်းဆရာမကြီးဒေါ်ခင်မျိုးချစ် ရေးသားသော" ColourfulMyanmar " စာအုပ်တစ်အုပ်တည်းကိုလက်စွဲစာအုပ်အဖြစ်စာသင်သားဘဝမှ ယခုအချိန်ထိတိုင်အောင်ဖတ်ပါသည်၊ အန္ဒိယနိုင်ငံနယူးဒေလီ ၌ Shimla University နှင့် British School of Language တွင် အင်္ဂလိပ်စာမဟာဝိဇ္ဇာတန်း နှင့် အင်္ဂလိပ်ဘာသာစကားသင်ယူခဲ့စဉ်တွင် ၎င်းစာအုပ်တစ်အုပ်တည်းမှပင် စကားလုံးပေါင်းများစွာကိုအသုံးပြုနိုင်ခဲ့သလိုယင်းစာအုပ်ကပင် များစွာအထောက်အကူပေးပါသည်။ "စာတတ်ခြင်း၏လျှို့ဝှက်ချက်သည် စာကျေခြင်းဖြစ်သည်"ဟုဆရာကြီးကလမ်းညွှန်ပါသည်။စာအုပ်တစ်အုပ်ကိုကျေညက်လျှင် အခြားသောစာအုပ်များကိုဖတ်ရှုရာတွင် များစွာအထောက်အကူပေးပါသည်။

(၄) စာဖတ်ရာတွင် အခက်အခဲရှိပါကဦးစွာနားထောင်ပါ

Ladder Seriesစာအုပ်များတွင်အသံထွက်ဖတ်ပြသော Audio Book များစွာရှိပါသည်။ ၎င်းတို့ကိုနားထောင်ခြင်းဖြင့် အသံအယူအဆများကိုတပြိုင်နက်တည်းလေ့လာနိုင်သည်၊စာဖတ်စဉ် အခက်အခဲရှိပါကစတင်စာမဖတ်မီ Audio Book များကိုဦးစွာနားထောင်ကြည့်ပါ။ ၎င်းက စကားလုံးများ၊ စကားစုများ၊ စာပိုဒ်များ နှင့် ပိုမိုရင်နှီးစေပါသည်၊ Audio Book များမှ အသံများသည် ကိုယ်တိုင်ဖတ်ရှုသောအခါ အကူအညီပေး နိုင်ပါသည်။ နားတွင်ကြားဖူးသောအကြောင်းအရာများသည် ကျက်မှတ်ထားခြင်းထက် ပိုမှတ်မိတတ်သည်။ အခြားသောစာအုပ်များကိုဖတ်ရှုသည့်အခါတွင်လည်းနားတွင်ကြားဖူးထားသောစကားလုံးများ၊ စကားစုများကြောင့် သတိရမှတ်မိနားလည်စေနိုင်သည်၊

(၅) စာဖတ်စဉ် စိတ်အာရုံကိုစာထဲတွင် နှစ်မြှပ်ထားပါ
စာဖတ်စဉ် စာအုပ်ထဲတွင် ဈန်ဝင် နေရန် အရေးကြီးပါသည်၊ စတင် စာဖတ်ရာတွင် စာအုပ်အပေါ်တွင် မေးခွန်းထုတ်ခြင်း၊ သုံးသပ်ခြင်းများမလုပ်ပါနှင့်၊ နားလည်ရန်သာ ကြိုးစားဖတ်ပါ။ ၎င်းအပြုအမူများသည် စာဖတ်သည့် အရှိန်ကိုထိခိုက်စေနိုင်သည်။ စတင် စာဖတ်စဉ် စာအုပ်ကိုခန့်မှန်းသုံးသပ်ရန် မလိုအပ်သေးဘဲစာရေးသူပြောလိုသောအကြောင်းအရာကိုသာဖမ်းဆုပ်မိရန်အရေးကြီးပါသည်။

(၆) စာဖတ်စဉ် နားမလည်သည့် အခက်အခဲများကိုမစိုးရိမ်သင့်ပါ

စာဖတ်စဉ်တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံရမည်မှာမလွဲပါ၊ မိခင်ဘာသာစကားဖြစ်သော မြန်မာစာအုပ်များသည်ပင်လျှင် တစ်ခါတစ်ရံချက်ချင်းနားမလည်နိုင်ပါ။ ဆရာနှင့်အတူဖတ်ခြင်းမဟုတ်သည့်အတွက် နားမလည်လျှင် ၎င်းကိုကျော်ပြီးဆက်ဖတ်ပါ၊ ပြီးမှ နောက်တစ်ကြိမ် ထပ်ဖတ်ပါ၊ ထပ်ခါထပ်ခါ ဖတ်သောအခါ ဆိုလိုရင်းကိုအတိအကျနားမလည်သည့်တိုင် အကြောင်းအရာတစ်ခုလုံးနှင့် ဆက်စပ်ပြီးအနီးစပ်ဆုံးခန့်မှန်းနားလည်နိုင်ပါသည်။

(၇) ဖတ်ရှုပြီးသောအခါ အဓိကအချက်အလက်များကိုမှတ်သားပါ

အကြောင်းအရာတစ်ခုလုံး ပြီးမြောက်အောင်မြင်စွာဖတ်ရှုပြီးသောအခါ စကားလုံးအသစ်များ၊ စကားစုများ၊ စာပိုဒ်များကိုစာရင်းပြုစုကာမှတ်စုစာအုပ်တွင် ရေးမှတ်ပါ။ စကားလုံးအသစ်များရရှိရန် အတွက် အဓိကလမ်းမှာစာဖတ်ခြင်းသာဖြစ်ပါ၍ အချိန်ရသရွေ့ ဖတ်နိုင်သမျှဖတ်ပါ။ စာဖတ်ခြင်းအလေ့အထမှသည် စာဖတ်ခြင်းကိုစွဲလန်းမြတ်နိုးလာသောအခါ စာပေ၏ အကျိုးကျေးဇူးကိုလက်တွေ့ ခံစားရပါလိမ့်မည်။
စာဖတ်ခြင်းသည် အသိပညာဗဟုသုတရရှိယုံသက်သက်မဟုတ်ဘဲလက်တွေ့အသုံးပြုရန် အတွက်လည်းဖတ်ကြရသည်။ စာဖတ်ရာတွင် စာမေးပွဲများအတွက်ဖတ်ခြင်း၊ တင်ပြချက်များကိုဖတ်ခြင်း၊ ရည်ညွှန်းကိုးကားရန်ဖတ်ခြင်းစသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုးကွဲပြားနိုင်ပါသည်။ အခြေအနေအပေါ်မူတည်၍ စာဖတ်သည့် နည်းစနစ်၊ နည်းလမ်းများလည်းကွဲပြားသွားပါသည်။ စာဖတ်ရာတွင်အသုံးပြုသည့် Scanning, Skimming, Detail Reading, SQ3R စသည့် စာဖတ်နည်းပုံစံများကိုလည်းသိထားသင့်ပါသည်။ Skimmingဆိုသည်မှာစာတစ်ပုဒ်၏ ဆိုလိုရင်းအဓိကအကြောင်းအရာအကျဉ်းချုပ်ကိုသာရရှိရန်ဖတ်ရှုခြင်း ဖြစ်သည်။စာတစ်ပုဒ်လုံးကိုအားလုံးမဖတ်ဘဲလိုအပ်သည့် အချက်အလက်ကိုသာဦးတည် ဖတ်ရှုခြင်းကို Scanning ဟုခေါ်နိုင်သည်။စာတစ်ပုဒ်လုံးကိုအကြောင်းအရာအသေးစိတ်ဖတ်ရှုခြင်းသည် Detail Reading ဖြစ်သည်။ SQ3R ဟုအတိုကောက် ခေါ်သောSurvery(ဆန်းစစ်လေ့လာခြင်း)၊ Questions(မေးခွန်းထုတ်ခြင်း)၊ Read(ဖတ်ရှုခြင်း)၊ Recall(ပြန်လည်စဉ်းစားခြင်း) နှင့်Review(ပြန်လည်သုံးသပ်ခြင်း) များသည်လည်း Detail Reading ကိုထောက်ပံ့ပေးသောနည်းစနစ်တစ်ခု ဖြစ်သည်။
အထက်တွင်ဖော်ပြထားသောစာဖတ်ရာတွင် အသုံးပြုသည့် နည်းစနစ်များကိုနောက်အပတ်များတွင် တစ်ခုခြင်းအသေးစိတ် ဆက်လက်ရေးသားသွားပါမည်။အင်္ဂလိပ်ဘာသာစကားလေ့လာသင်ယူသူတိုင်းအင်္ဂလိပ်စာဖတ်ခြင်းကိုချစ်မြတ်နိုးပြီးအင်္ဂလိပ်စာတိုးတက်ပါစေကြောင်းရည်ရွယ်လျှက် ရေးသားလိုက်ပါသည်။

အောင်ကိုဦး (UMK)
အောင်ကိုကိုဦး
Assistant English Language Teacher
U MYA KYAING ENGLISH LANGUAGE SCHOOL for life
Email: aungkou.englishlanguageclass@gmail.com
Phone: 95+ 9 - 421752568


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 11/20/2012 02:06:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ