သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


UWSP ဒုဥက္ကဌ လေဖြတ် - တပ်တွင်းရာထူးအပြောင်းအလဲရှိ

Posted: 01 Dec 2012 03:20 AM PST

 ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဒုဥက္ကဌကျောက်ဝင်ကွမ်း လေဖြတ်ရောဂါခံစားနေရကြောင်း ၀ တပ်ဖွဲ့အရာရှိများ သတင်းရပ်ကွက်ကဆိုပါသည်။

Zhao Wen Gwang                                             UWSA ဒုဥက္ကဌကျောက်ဝင်ကွမ်း

"ကျောက်ဝင်ကွမ်းဟာ ၀ တပ်ဖွဲ့ထဲမှာ သက်တမ်းရင့်တဲ့ သူ အတွေ့အကြုံများတဲ့သူ တယောက်လို့ ပြောလဲရတယ်။ သူဟာ ကွန်မြူနစ်ခေတ်ကတည်းက ၀ တပ်ဖွဲ့ထဲမှာတာဝန်ထမ်းဆောင်လာခဲ့တဲ့ သူဘဲ" ဟု ပန်ဆန်းအရာတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

ဝ ပြည်သွေးစည်းစည်းညီညွတ်ရေးတပ်မတော်၏ ဒု ဥက္ကဌ ကျောက်ဝင်ကွမ်းသည် ခွန်ဆာ၏ မုံးတိုင်း တပ်မတော် နှင့် လွယ်လန်းတိုက်ပွဲ (၁၉၈၉ မှ ၁၉၉၆ အထိ) တွင်လည်း ပါဝင်ခဲ့သူတဦးဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ တွင် ဉက္ကဌကြီးပေါက်ယူချမ်း၊ ဒုဥက္ကဌ ၁ ရှောက်မင်လျှံ၊ ဒုဥက္ကဌ ၂ ကျောက်ဝင်ကွမ်းတို့ဖြစ်သည်။ ဒုတိယစစ်သေနာပတိချုပ်မှာ ကျောက်ကျုံးတန်းနှင့် တာ့အိုက်လွန်းတို့ဖြစ်သည်။

ဥက္ကဌကြီး ပေါက်ယူချမ်း၏ လက်ရှိ ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီတွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ဝ နယ် ၄ ခု၊ တပ်မဟာတခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်းရှိသေးကြောင်းပန်ဆန်း ဌာနချုပ် ၀ အရှိကြီးတဦးကပြောပါသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ မြောက်ပိုင်း ဝ နယ်တွင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့တပ်မဟာသစ် ၆၁၈ အပြင် တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်ကြသည်။

တဖက်တွင်လည်း ယခုနှစ် ဩဂတ်စ်လက UWSA တပ်မတော်၏ အကြီးဆုံးတပ်မဟာတခုဖြစ်သော  မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ ၏ တပ်မှူး အိုက်ဆု ခေါ် လီအိုက်ဆု အား မိုင်းပေါက် အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးပြောင်းပြီးနောက် ၎င်းနေရာ အား ပေါက်ယူချမ်း၏တူတော်စပ် သည့် တာ့ပန်းအား အစားထိုးခန့်အပ်ရာ နိုဝင်ဘာလ ၂၅ ရက်နေ့ကစ၍ တာဝန်များ စတင်ထမ်းဆောင် နေပြီဖြစ် ကြောင်း ၀တပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

တာ့ပန်းသည် ၂၀၀၅ က ဘိန်းဖြူ ၄၉၆ ကီလိုဂရမ် ဖမ်းဆီးမှုတွင် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် ထောင်ကျနေရာ ယခုနှစ်ဆန်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူဖြစ်ပါသည်။

၂၀၂၀ တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်နိုင်သူ လူလတ်ပိုင်းထက် သက်ကြီးပိုင်းဦးရေပိုများမည်

Posted: 01 Dec 2012 03:19 AM PST

လက်ရှိထိုင်းနိုင်ငံတွင် နှစ် ၄၀ အတွင်း မွေးစာရင်းစစ်တမ်းအရ မိန်းမတယောက်ကလေးမွေးနှုန်း ၆  ဦးမှ ၂  ဦးအထိ ကျဆင်းလာနေရာမှာ လာမည့် နှစ် ၂၀၂၀ တွင် ပင်စင်စားလူအိုပိုင်းက အလုပ်နိုင်သူ လူလတ်ပိုင်းဦး ရေထက်ပိုများလာမည်ဖြစ်ကြောင်း UNFPA အဖွဲ့ က အစီရင်ခံစာ ထုတ်ပြန်ပါသည်။

migrant workers in chiangmai                    ချင်းမိုင်မြို့တွင်းတနေရာက မြန်မာပြည်မှ ရွှေ့ပြောင်းအလုပ်သမားများ

UNFPA (United Nations Fund for Population Activities) အဖွဲ့ နှင့် ထိုင်းအစိုးရ လက်တွဲပူးပေါင်း အလုပ် လုပ် ခြင်းနှစ် ၄၀ ပြည့် အစီရင်ခံစာ၌ ဖေါ်ပြပါသည်။

ထိုင်းနိုင်ငံသို့ UNFPA မရောက်ရှိမှီအချိန်က ထိုင်းနိုင်ငံ အမျိုးသမီးတဦး ၏ ကလေးမွေးနှုန်းက ၆ ယောက် ဖြစ်ပြီး လက်ရှိမှာ ၂ ယောက်အထိ ကျဆင်းလာနေကြောင်း၊ တဘက်ကအိမ်ထောင်စုစီမံကိန်း လုပ်ငန်းအောင်မြင်သည်ဟု ဆိုသော် လည်း နောင်လာမည့် ၂၀၂၀ ပြည့်နှစ်တွင်မူ ပင်စင်စား သက်ကြီးဦးရေက အလုပ်လုပ်နိုင်သူ လူလတ်ပိုင်း  ထက် ပိုများမည်ဖြစ်သောကြောင့် လူ့အရင်းအမြစ် စွမ်းအင်ကျဆင်းသွားမည်ဖြစ်ကြောင်း ရေးသားပါသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီး နစ်တီထမ်းရုန်း ဘွန်းဆုံဖိုင်းဆန်က - 'ကြုံတွေ့လာမည့် လူစွမ်း အားအခက် အခဲပြဿနာအားဖြေရှင်းနိုင်ရန်အတွက်   ရွှေ့ပြောင်းအလုပ်သမားများနှင့်စပ်လျဉ်း၍ ရှံ့သာဆန့်သာသော ပေါ်လစီရှိသင့်သည်' ဟု ပြောပါသည်။

ထို့အတွက် အသက် ၆၀ ပြည့် ဝန်ထမ်းတိုင်း ပင်စင်စားရမည်ဆိုသည့် ထိုင်းအစိုးရ၏ပေါ်လစီအားလည်း နှစ် ၆၀ အထက်သို့ပြင်ဆင်သတ်မှတ်ပေးရေးအတွက် စဉ်းစားရလိမ့်မည်ဟု UNFPA ၏အစီရင်ခံစာ၌ ပါရှိပါသည်။

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှာမူ ထိုင်းနိုင်ငံသို့ရွှေ့ပြောင်းရောက်ရှိသည့် မြန်မာနိုင်ငံအလုပ်သမား များ အတွက် ယာယီနိုင်ငံကူးလက်မှတ်နှင့်အလုပ်လုပ်ခွင့်ဗီဇာ ကိုလည်း မူလမွေးဖွားရာနိုင်ငံသားစိစစ်မှု (ဖိဆွတ်ဆန်ချတ်) Nationality Verification အား ယခု လာမည့် ဒီဇင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး အပြီးလုပ်ဆောင်ရမည်၊ မမှီသူများအားလုံး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည် - စသဖြင့် ထုတ်ပြန်ထားပါသည်။

လက်ရှိတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ခွင့်ဗီဇာဖြင့် နေထိုင်သူ ၉ သိန်း(၈၈၆,၅၀၇ ယောက်)ခန့်သာရှိပါသည်။ ဖိဆွတ်ုဆန်ချတ်လုပ်ရန် ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်ရန် ရွှေ့ပြောင်းအလုပ်သမားဦးရေ ၁ သန်းကျော်ရှိနေသေးသည်ဟု ယခုလနောက်ဆုံးပတ်ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားပါသည်။

Wikipedia 2010 စစ်တမ်းအရ ထိုင်းနိုင်ငံတွင် လူဦးရေ ၆၅ သန်းကျော်ရှိသည်ဟုဖေါ်ပြထားပါသည်။

စစ်တမ်းရလဒ် ၈၀% ကျော်က သျှမ်းအဖွဲ့အစည်းအားလုံးတစုတစည်းတည်းရှိစေချင်

Posted: 01 Dec 2012 03:18 AM PST

သျှမ်းပါတီများ ပူးပေါင်းကြစေလိုကြောင်း၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များကိုလည်းပူးပေါင်း ကြ စေလိုကြောင်း လူထုဆန္ဒ သဘော ထားကောက်ခံရာ၌ သျှမ်းပြည်သားများက ဖြေကြား ခဲ့ကြသည်ဟု ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း Trust Building for Peace  ဆွေးနွေးပွဲမှ သိရှိရပါသည်။


"ကျနော်တို့မျှော်လင့်ထားတဲ့အတိုင်း အဖြေကကွက်တိထွက်လာတာ တော်တော်အံ့ဩစရာ ကောင်း ပါတယ်။ ဒီအတွက်ရလဒ် က စည်းလုံးညီညွတ်မှုအတွက် အုဋ်မြစ်ချနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်ဗျာ။ ပူးပေါင်းမှုကိုလိုလားတဲ့အကြောင်း စစ်တမ်းဆင်းကောက်တဲ့ကာလ ကတည်းက လူထုက ပြောကြတယ်။ နောက်တခု စစ်တမ်းထဲကအဖြေနဲ့ဆွေးနွေးပွဲတက် ရောက် သူတွေရဲ့အဖြေတွေက လုံးဝ တူနေတာတွေ့ရတယ် " ဟု စစ်တမ်းကူညီကောက်ပေးသူ လူငယ်  တဦးက ပြောပါသည်။
alt                          Trust Building for Peace ဆွေးနွေးပွဲ(Photo: NVS facebook)

အဆိုပါစစ်တမ်းတွင် မေးခွန်း အချက် ၅၀ ပါဝင်ပါသည်။ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၉ မြို့နယ်ကိုစစ်တမ်း ကောက် ယူရာ ဖြေကြားသူပေါင်း ၂၅၅၀ ဦးရှိပြီး ထိုင်းနိုင်ငံ ချင်းမိုင်၊ ဘန်ကောက်မှ ၁၉ ဦး စုစုပေါင်း ဖြေဆိုသူ ၂၅၆၉ ဦးရှိပါသည်။

စစ်တမ်းတွင် (၁) နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ (၂) သျှမ်းလက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍ (၃)လူထုအခြေပြုအဖွဲ့ အစည်းများ၏အခန်းကဏ္ဍ (၄)မူးယစ်ဆေးဝါး (၅) သျှမ်းတိုင်းရင်းသားများဆက်လက်ရပ်တည်သွားနိုင်ရန် (၆) သယံဇာတ နှင့်သဘာဝပတ် ဝန်း ကျင် ဟူသည့်ခေါင်းစဉ်ကြီးများအောက်၌ မေးခွန်းပေါင်း ၅၀ ကိုမေးမြန်းထားခြင်းဖြစ်သည်။

ထိုအနက် လူထုစိတ်ဝင်စားမှုအရှိဆုံး မေးခွန်းများ၏အဖြေမှာ-(၁)ဖြစ်သင့်သည့်မြန်မာနိုင်ငံ၏ အနာဂတ်ဖွဲ့စည်းပုံသည် - တပြည်ထောင် ၉ %၊ ဖက်ဒရယ် ၈၇ %၊ မဖြေ ၄% ၊ (၂)သျှမ်းပါတီ သုံးခု ပြန်လည်ပူးပေါင်းရေးမပူးပေါင်းရေးအတွက် - ပူးပေါင်းသင့် ၉၇%၊ မပူးပေါင်းသင့် ၁%၊ မဖြေ ၂% ၊ (၃) သျှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး တဖွဲ့တည်းအဖြစ် ပူးပေါင်း ရန် သင့် မသင့် - ပူးပေါင်းသင့် ၈၈ % ၊ မပူးပေါင်းသင့် ၁% ၊ မဖြေ ၁၁%  ဟူ၍ဖြစ် ကြောင်း အဆိုပါလူငယ် က ဆက်လက်ပြောပြသည်။

ပြည်တွင်းပြည်ပသျှမ်းအဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတို့ မှ " ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း" အမည်ရ တွေ့ဆုံ ဆွေးနွေးမှုမှာ မြန်မာပြည်တွင်း၌ ယခုပထမ ဆုံးအကြိမ် တရားဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။

"ဒီတကြိမ် အောင်မြင် သွားလို့ နောက်တဆင့်အနေနဲ့ ရှမ်းပြည်တဝှမ်းလုံးမှာ ရှိတဲ့တိုင်းရင်း သားအားလုံးပါဝင်လာတဲ့ အဆင့်ဖြစ်အောင်ဆက်လုပ်သွား ဖို့ရှိတယ်။ အဓိကကတော့ ပြည် တွင်းပဋိပက္ခတွေ လျော့ကျဖို့   အားလုံးဝိုင်း ဝန်း လက်တွဲကြိုးပမ်းဖို့လိုအပ်တယ်" SNLD ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးကပြောပါသည်။

အဆိုပါပွဲမျိုး များများရှိသင့်ကြောင်း၊ နောက်နောင်အကြိမ်များ ထပ်မံရှိပါကကူညီထောက်ခံ မှုပေး သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ကဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားခဲ့ပါသည်။

UWSA ဌာနချုပ်သို့ သမ္မတရုံးဝန်ကြီးဦးအောင်မင်း သွားမည်

Posted: 01 Dec 2012 03:12 AM PST

လာမည့်ဒီဇင်ဘာလဆန်းပိုင်း၌ ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဉက္ကဌ ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချုပ်သို့ထံသွားရောက်လည်ပတ် မည်ဟု ဝခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့်အသိုင်း အဝိုင်း ကပြောပါသည်။
altဒီဇင်ဘာ ၂၆ ရက် UWSA နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် (Photo: ကြေးမုံ)

"ဒီဇင်ဘာ ၁ ရက်လို့ပြောတယ်။ အတိအကျလို့တော့ပြောလို့မရသေးဘူး။ ရက်နီးမှပြန် အကြောင်းကြား မယ် ပြောတယ်။ ဦးအောင်မင်းတို့ ကျနော်တို့ဆီကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဘဲ" ဟု ဝ အကြီးအကဲ တဦးက ပြောပါသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးပြီးသည့် အဖွဲ့ဖြစ်သည်။ဆွေးနွေးပွဲ သုံးကြိမ်စလုံးကို ဝ နှင့်နီးစပ်သည်ဟုနာမည်ကြီးသည့် ဦးအောင်သောင်းဘက်မှ ဦးဆောင် ဆွေးနွေးခဲ့သည်။

ယမန်နှစ်အတွင်း စက်တင်ဘာလ ၆ ရက် တွင် ပဏာမအပစ်ရပ်ရေးအဆင့်၊ အောက်တိုဘာ လ ၁ ရက်နေ့တွင် ပြည်ထောင်စုမှ မခွဲထွက်ရေးအပါအဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစ ရှိပါသည့် ပြည်ထောင်စုအဆင့် ပထမ အကြိမ်တွေ့ဆုံခဲ့ကြ၏။ ဒီဇင်ဘာလ ၂၆ ရက် ပြည် ထောင်စု အဆင့် ဒုတိယအကြိမ်တွေ့ဆုံမှုမှာမူ လွှတ်တော် ၃ ရပ်၌ ဝ ကိုယ်စားပြုလွှတ်တော် အမတ် ထားရှိရေး စသဖြင့် ဆွေးနွေးထားခဲ့ဖူးပါသည်။

ပြည်ထောင်စုအဆင့် တတိယအကြိမ်ဆွေးနွေးပွဲတွင် သွင်းကုန်ထုတ်ကုန် နှင့်ပတ်သက်၍ ဆွေး နွေးရန် စီစဉ်ထား ကြောင်း ဝ  အရာရှိအသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်အား ပြောပြဖူးပါ သည်။ ၎င်းနှင့် ပတ်သက်၍ ယခုလ လယ် ရမခတိုင်းမှူးနှင့် တွေ့ဆုံစဉ် ကြိုးနီခတ်မှုလျော့လာ သည်ကိုတွေ့ရကြောင်း ၎င်းက ပြန်လည်ပြောပြပါသည်။

"ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်စိုး နဲ့ ကျနော်တို့ ဝ အကြီးအကဲတွေဖြစ်တဲ့ ဒု ဥက္ကဌရှောက် မင်လျှံ၊ ကျောက်ကော် အန်း၊ လီဂျူးလျဲ့ ခေါ် ဦးအောင်မြင့် ၊ ဒု စစ်ဦးစီးချုပ် တာ့အိုက်လွန်း တို့ တန့်ယန်းမှာ တွေ့ဆုံတုန်းက တိုင်းမှူးက ပြောတယ်။ ခုချိန်ကစပြီး ရိက္ခာသယ်ဖို့ကိစ္စ၊ ဘာဘာညာညာသယ်ဖို့ ကိစ္စတွေဆိုရင် သက်ဆိုင်ရာဌာန ဆီကိုဘဲ တိုက်ရိုက်ခွင့်ပြုချက် တောင်းပါ။ စစ်ရေးကိစ္စနဲ့ပတ်သက်လာရင်တော့ သူနဲ့တိုက်ရိုက်ဆိုင်တဲ့သဘော။ တိုင်းမှူး က လူကြီးလုံခြုံရေးအတွက်ဆို လက်နက်ကိုင်တပ်ဖွဲ့တွေကို လားရှိုးသို့ ဘာသို့ မြို့ကြီးတွေအထိ လဲ သွားလာလို့ ရတယ် ပြောတယ်။ ဆိုတော့ ဒီဟာကို ကြည့်ခြင်းအားဖြင့်ကြိုးနီခတ်မှုလျော့ လာတယ်လို့ ပြောလို့ရ တယ်" - ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုတကြိမ် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌဦးအောင်မင်း နှင့်တွေ့ဆုံရာတွင် မည်သည့်အချက်အပေါ် အခြေခံ၍ဆွေးနွေးသွားမည် ဟူသည့်အချက်ကိုမူ သျှမ်းသံတော်ဆင့်မှ စုံစမ်းနေဆဲဖြစ် ပါသည်။