သျှမ်းသံတော်ဆင့် |
| သျှမ်းလူငယ် ၇၀ % က မိမိအမျိုးသားရေးဆိုင်ရာ ဗဟုသုတများမသိတော့ဟု လားရှိုး SNLD လူငယ်ပြော Posted: 20 Dec 2012 12:56 AM PST သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲတော်၌ ကျားခေါင်းပါတီမှ နှစ်သစ်ကူးအမှတ်တရ အဖြစ် သျှမ်းစာ ပေ နှင့် သျှမ်းပြည်ဆိုင်ရာ ဗဟုသုတမေးခွန်းများ အဆင့်သုံးဆင့်ဖြင့် ဉာဏ်စမ်းမေးခွန်းမေးမြန်းခဲ့ကြောင်း ၇၀ % ခန့် က အဖြေမှန်မသိကြကြောင်း လူငယ်အရေးမြင့်တင်သူ SNLD လူငယ်များက ပြောပါသည်။ ကျားခေါင်းလူငယ်များဆိုင်ရှေ့မှတဆင့် လားရှိုးသျှမ်းနှစ်သစ်ကူးပွဲမြင်ကွင်း (ဓါတ်ပုံ- Hseng Mong facebook မှ ကူးယူဖော်ပြသည်)အဆိုပါ ဗဟုသုတဉာဏ်စမ်းအား နှစ်သစ်ပွဲတော်အခါသမယ လားရှိုးနှစ်သစ်ကူးပွဲတော်၌ ၃ ရက်လုံး လုပ်ပေးခဲ့ကြောင်း၊ လက်ဆောင်ပေးနိုင်ရေးအတွက် စီးပွါးရေးလုပ်ငန်းရှင်အချို့ နှင့် ဝါသနာတူလူငယ်များက မတည်ငွေထည့်ကြကြောင်း၊ ဉာဏ်စမ်းမေးခွန်းအား အလွယ်ဆုံးအဆင့် - 'သျှမ်းစာ ဗျည်း ဘယ်နှစ်လုံးရှိလဲ၊ လစ်ဟုမ့်မိုင်ပန်လုံ ဆိုတဲ့တေးသီချင်းကို ဘယ်သူက ရေးသလဲ၊ ဘယ်သူကဆိုသလဲ၊ ကျိုင်းတုံဟော်နန်းကို ဘယ်နှစ်က ဖျက်ဆီးလိုက်တာလဲ' စသည်ဖြင့် မေးမြန်းခဲ့ ကြောင်း၊ မေးခွန်းမဲလိပ်အား နှစ်ကြိမ်နှိုက်ခွင့်ပေးပြီး မှန်အောင်ဖြေပါက အမှတ်တရ လက်ဆောင်ပေး၍ မမှန်ပါက ဗဟုသုတဆိုင်ရာလက်ဆောင်အဖြစ် အဖြေမှန်အား ပြန်လည်ရှင်းပြခဲ့ကြောင်း၊ တနေ့တနေ့လာရောက်ဖြေဆိုသူ ရာဂဏန်းအနက် ၇၀ ရာခိုင်နှုန်းခန့်က မဖြေဆိုနိုင်ကြောင်း၊ သို့သော် ယခုကဲ့သို့ လုပ်ပေးခွင့်ရသည့်အတွက် ကျေနပ်မိကြောင်း နောက်အခြားပွဲတော်၌လည်းထို့နည်းတူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လားရှိုးမြို့ SNLD လူငယ် ပြောရေးဆိုခွင့်ရှိသူ စိုင်းလူက ပြောပြပါသည်။ " သျှမ်းရိုးရာမှာ နတ်တော်လဆန်း သျှမ်းနှစ်သစ်ကူးရောက်ရင် (လိန့်ဇိန်- အားကစား) (ကင်ဇိန်- ဆန်သစ် ကောက်သစ် လှူတယ်စားတယ်) (ပိုင်ဇိန်- အလှူဒါနတွေလုပ်တယ်) အဲဒီ ၃ မျိုးအမြဲတမ်းလုပ်ပါတယ်။ နှစ်စဉ် နှစ်တိုင်းလုပ်ပါတယ်။ ဒီတနှစ်တော့ ကျနော်တို့ ကျားခေါင်းပါတီအနေနဲ့ အားကစားကို အားအသုံးပြုခြင်း မဟုတ်ဘဲနဲ့ ဗဟုသုတဆိုင်ရာဉာဏ်စမ်း ကစားနည်းလေးပါ်။ ကစားချင်တဲ့သူတွေက မေးခွန်းကိုမဲနှိုက် ရလာတဲ့မေးခွန်းအပေါ် ဖြေပေးရတာပေါ့။ မှန်အောင် ဖြေနိုင်ရင် ဆုပေးတယ်။ မဖြေနိုင်ရင်လဲ ကျနော်တို့က ပြောပြပေးတယ်။ အဲလိုဆိုရင် မဲနှိုက်တဲ့သူရော လာရပ်ပြီးနား ထောင် နေတဲ့သူတွေရော သိသွားတာပေါ့နော်။ ပညာပေးတာလဲ ဆိုနိုင်ပါတယ်။ ကျနော်တို့ ပါတီရံပုံငွ အတွက်တော့ အင်္ကျီတွေ သော့တွဲတွေ ပြက္ခဒိန်တွေရောင်းတယ်။" - ဟု လားရှိုးမြို့ ကျားခေါင်းပါတီပြောခွင့်ရ စိုင်းလူက သျှမ်းသံတော်ဆင့် အားပြောပြသည်။ ပညာပေးအားကစားနည်းတွင်မူ ဉာဏ်ရည်စမ်းအမေး အဖြေအတွက် နိုင်ငံရေးမေးခွန်းကို အမြင့်ဆုံးမေးခွန်းအဖြစ် ထားရှိပြီး အဆိုပါအောက်မှ အနုပညာ၊ ကျန်းမာရေး၊ စာပေ နှင့်ယဉ်ကျေးမှု၊ သမိုင်း အစရှိသည်တို့ပါဝင်သည်ဟု ပါဝင် ကူညီသူ လူငယ်တဦးကလည်းပြောပါသည်။ ကျားခေါင်းပါတီဝင်တဦးဖြစ်သော စိုင်းလူသည် ကျေးလက်ဒေသ မြို့ရွာအနှံ့သို့ ကိုယ်တိုင်ဆင်း၍ ကျေးလက်လူငယ်များ အား ပညာပေးရေးလုပ်ငန်း၌စွမ်းစွမ်းတမံလုပ်ဆောင်နေသည်ဖြစ်ရာ - Mobile Education Team များဖွဲ့၍ ဆက်လက် ကွင်းဆင်း လုပ်ဆောင် သွားဦးမည်ဖြစ်ကြောင်း၊ ပြည်သူမှဖြစ်လာသော ပါတီတခုအနေဖြင့် ပြည်သူလူထုအား မမေ့ပါကြောင်း ပြောခဲ့ ပါသည်။ "ပြည်ပရောက်နေတဲ့ ပညာလေ့လာသင်ယူနေတဲ့သျှမ်းလူငယ်တွေကို သတိပေးချင်ပါတယ်။ ခင်ဗျားတို့ သင်ယူလေ့ လာခဲ့ တဲ့ ပညာတွေဟာ တန်ဖိုးကြီးမားလှပါပေတယ်။ ကျနော်တို့ သျှမ်းပြည်သားကျေးလက်လူထုတွေဟာ အသိပညာ ဗဟုသုတ နည်းပါးကြပါတယ်။ ဒါကြောင့် ပြည်တွင်းမှာကျန်ခဲ့တဲ့ သျှမ်းပြည်သားတွေကိုပြန်လာပြီး မျှဝေပေးဖို့ တိုက်တွန်းချင်ပါတယ်။ " ဟု ပြည်ပရောက် ပညာတော်သင်လူငယ်များအတွက် စိုင်းလူက တိုက်တွန်းသွားခြင်းဖြစ်ပါသည်။ ယခုလ ၁၃ ရက်မှ ၁၅ ရက်အထိ လားရှိုးမြို့ ဆင်းရွှေလီခန်းမ၌ ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော်အတွင်း လားရှိုးမြို့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မှ လူငယ်များက ပါတီရံပုံငွေအတွက်လည်း ပါတီအမှတ်တရပစ္စည်းများ ရောင်းချကာ ရံပုံငွေရှာဖွေခဲ့သေးကြောင်းလည်း ကြားသိရပါသည်။ |
| ‘မုဒိန်းကျင့်ခွင့် လိုင်စင်’ စာအုပ် တဖတ်သတ် ရေးသားခြင်း မဟုတ်ဟု SWAN ပြော Posted: 20 Dec 2012 12:55 AM PST ၂၀၀၂ မေလအတွင်း ထုတ်ဝေခဲ့သော 'မုဒိန်းကျင့်ခွင် လိုင်စင်' (License to Rape) စာအုပ်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ပြောသကဲ့သို့ တဖက်နားနှင့် ရေးသားခြင်း မဟုတ်ကြောင်း သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက် ရေးအသင်း SWAN က ပြောကြားလိုက်သည်။ "မုဒိန်းကျင့်ခွင့် လိုင်စင်" စာအုပ်"ဦးအောင်မင်းပြောတာ ကြားလိုက်ရတဲ့သူတွေ အရမ်းစိတ်ပျက်ကြတယ်။ အဖြစ်မှန်ကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဥက္ကဋ္ဌက ပယ်ချလိုက်သလို၊ ခံခဲ့ရတဲ့သူတွေကို စော်ကားလိုက်သလို ဖြစ်သွားတယ်။ SWAN စဖွဲ့ကတည်းက ပြည်တွင်းက အမျိုးသမီးအဖွဲ့၊ လူမှုအဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်ခဲ့တယ်။ အချက်အလက်တွေ ကောက်ယူခဲ့တယ်။ SWAN ဟာ နယ်စပ်မှာ အခြေစိုက်ပေမဲ့ သျှမ်းပြည်တွင်းဝင် တာ ဒါပထမဦးဆုံးအခေါက် မဟုတ်ဘူး" ဟု SWAN မှ နန်းချမ်တောင်း က ပြောပါသည်။ ယခင်က တံခါးပိတ်ထားသဖြင့် နန်းချမ်တောင်း က မြန်မာနိုင်ငံတွင်းသို့ မဝင်နိုင်သည့်အတွက် License to Rape စာအုပ်ကို တဖက်သတ်နားနှင့် ရေးသားသည်ဟု ဦးအောင်မင်း က နိုဝင်ဘာ ၂၆ ရက် RFA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ "ဒေသခံတွေ ပေးပို့လာတဲ့ အချက်အလက်တွေ၊ ကိုယ်တိုင်သွားရောက်မေးမြန်းလို့ ရလာတဲ့ အချက် အလက်တွေနဲ့ ရေးသားထုတ်ဝေတာပါ။ ထိုင်းနယ်စပ်ကို ရောက်လာတဲ့ မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီး တွေကို သွားမေးရင် သူတို့က ဒီလိုလာမေးရင် နောက်တခေါက် မုဒိန်းကျင့်ခံရသလို ခံစားရတယ်လို့ တောင် ကျမတို့တွေကို ပြောလာတယ်။ သျှမ်းပြည်က ဒေသခံတွေနဲ့ တွေ့ဆုံတုန်းကလည်း ဒီစာအုပ် လေးက အစအနလေးပါ။ ဒီထက်မက မုဒိန်းကျင့်တာတွေ၊ နှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ အများကြီး။ ပြည်သူတွေ မပြောပြရဲတာလို့ ဒေသခံတွေ ပြောပြတယ်" ဟု SWAN မှ ယိင်းဟန်ဖှ က လည်း ပြောပါသည်။ နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ပြည်တွင်း/ပြည်ပ သျှမ်းအဖွဲ့အစည်းများ ပြုလုပ်သည့် "ငြိမ်းချမ်း ရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း" ဆွေးနွေးပွဲသို့ SWAN မှ ပါဝင်တက်ရောက်ခဲ့ပြီးနောက် တောင်ကြီး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကျေးသီး၊ သီန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နှင့် ကျိုင်း တုံသို့ ခရီးဆက်ကာ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။ ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ချင်းမိုင်တက္ကသိုလ်ဝင်းရှိ Uniserv ၌ သျှမ်းအမျိုး သမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း SWAN က "ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း" ဆွေးနွေးပွဲ၊ သျှမ်းပြည်ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ် ခဲ့သည်။ ယိင်းဟန်ဖ နှင့် နန်းချမ်တောင်း (Photo:SHAN)အမျိုးသမီးများအား စစ်တပ်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်နေမှုကို ပြစ်ဒဏ်မပေးဘဲ ကျူးလွန်ခွင့်ပြု နေခြင်းအပေါ် SWAN မှ ဆက်လက်ထုတ်ဖော်ပြောဆိုပေးရန် ပြည်သူက တိုက်တွန်းကြောင်း ဆို၏။ Liense to rape စာအုပ်ကို သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်နှင့်သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းက စီစဉ်ကာ ၂၀၀၂ ခုနှစ် မေလတွင် ထုတ်ဝေခဲ့သည်။ စာမျက်နှာ ၁၈၃ မျက်နှာပါရှိကာ သျှမ်းပြည်အတွင်း စစ်မျက်နှာပြင်မှ စစ်အစိုးရ အသုံးပြုခဲ့သော လိင်အကြမ်းဖက်မှု၌ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးများအား ကိုယ်တိုင်သွားရောက်တွေ့ဆုံမေးမြန်းကာ ရေးသားထား ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၇၃ မှုကို အကြမ်းဖက်ခံရသည့် အမျိုးသမီးအရေအတွက် ၊ အသက်အရွယ်၊ အခင်းဖြစ်ပွါးသည့်နေ့ ၊ နေရပ်နှင့် တရားခံ၏နာမည်၊ ရာထူး၊ တပ်ရင်းအမည်တို့ကိုပါ အသေးစိတ်ဖော်ပြထားသည်။ ၎င်းနှင့်ပတ်သက်၍ ၂၀၀၆ ဂျူလိုင်လ ၄ ရက် မြန်မာ့အလင်းသတင်းစာကမူ ၁၃၇ မှု (အမှန်မှာ ၁၇၃ မှုဖြစ်သည်) အနက် ၂ မှုသာ အမှန်ဖြစ် ကြောင်း၊ အဆိုပါ ၂မှုအား ကျူးလွန်သည့် တရားခံ ကိုလည်း ဖမ်းဆီးပြစ်ဒဏ်ချလိုက်ပြီဖြစ်ကြောင်း ၊ ကျန်ရှိအမှုများမှာ ဇာတ်ဆင်ရေးသားထားခြင်းဖြစ်ကြောင်း ချေပခဲ့ဖူးပါသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |


