သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


အဲပုဂံဟဲဟိုး၌ပျက်ကျ ကလေးငယ်တဦးအပါအဝင် ၃ ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

Posted: 25 Dec 2012 10:17 PM PST

ယနေ့မနက်ပိုင်းက မန္တလေး - ဟဲဟိုး ပြေးဆွဲသည့်အဲပုဂံလေယာဉ်တစီး စက်ချွတ်ယွင်း ပျက်ကျသေကြေ ဒဏ် ရာ ရမှုရှိခဲ့ကြောင်း တောင်ကြီးဒေသခံများကပြောသည်။

pagan                     ဟဲဟိုး၌ ပျက်ကျသော အဲပုဂံလေယာဉ် (ဓါတ်ပုံ - ထူးအိမ်သွင်)

"လေယာဉ်ခါးကနေကျိုးသွားတယ်။ မီးထလောင်တယ်။ လေယာဉ်ပျက်ကျပြီးမကြာမီ လေကြောင်းလိုင်း ပိုင် ရှင် ဦးတေဇ က ကိုယ်ပိုင်လေယာဉ်လေးနဲ့ ဟဲဟိုးလေဆိပ်ကို ၁၂ နာရီ မထိုးခင် ၅ မိနစ်အလို မှာ ရောက် ရှိလာပြီး အခင်းဖြစ်ရာနေရာကို သွားကြည့်တယ်။ ပြီးတော့ ဟဲဟိုးလေယာဉ် ကွင်းကို အပေါ်မှ ၃ ပတ် ပတ် ကြည့်ပြီးပြန်သွားတယ်" - ဟု အဆိုပါကားဆရာက ဆက်လက်ပြောပြသည်။

ယနေ့နံနက် ၈ နာကျော် အချိန်တွင် မန္တလေးမှ ဟဲဟိုးလေဆိပ်သို့ ပျံသန်းသည့် အဲပုဂံ လေကြောင်းလိုင်းက ဟဲဟိုးလေဆိပ်အဆင်း အင်္ဂျင်ချွတ်ယွင်း ပျက်ကျခဲ့ကြောင်း ၂ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိကြောင်း၊ မြူနှင်းများကြောင့် လေယာဉ်ပြေးလမ်းဘေး လယ်ကွင်းအတွင်း မှားယွင်းဆင်းသက်ခဲ့ကြောင်း - အစိုးရ ပြန်ကြားရေးသတင်းဌာနက သတင်းထုတ်ပြန်ပါသည်။

"အင်ဂျင်စက်ခန်းထဲက စက်ချွတ်ယွင်းတဲ့ အသံကြီးထွက်ပေါ်လာပြီးနောက်ပိုင်း လေယာဉ်ကြီးက ထိုးကျသွား တယ်ဆိုဘဲ။ လေယာဉ်ပြေးလမ်းပေါ်တောင်မရောက်ဘူး။ ကားလမ်းမပေါ် က ဆိုင်ကယ်သမား ၂ ယောက် ကိုလဲ လေယာဉ်တောင်ပံရိုက်မိလို့ပွဲချင်းပြီးသေတယ်။ လေယာဉ်ထဲမှာ အသက် ၁၁ နှစ်ကလေးတယောက် သေတယ်လို့ကြားတယ်။ တောင်ကြီးဆေးရုံကိုလူနာ ၁၁ ယောက်ပို့ရတယ်"- ဟု တောင်ကြီး ဟဲဟိုးလေယာဉ် ကွင်း တက်စီပြေးဆွဲနေသည့် ကားဆရာတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ကွယ်လွန်သူနှင့် ထိခိုက်ဒဏ်ရာရသူတွေအတွက် အဲပုဂံလေကြောင်းလိုင်းကလည်း အထူးပင် ဝမ်းနည်းကြေ ကွဲရပါကြောင်း သတင်းထုတ်ပြန်ပါသည်။

လေယာဉ်ပေါ်ပါခရီးသည်များအား လေယာဉ်ကွင်းအနီးရှိ ဘုန်းကြီးကျောင်းတွင် ခေတ္တထားရှိကာကွယ် စောင့်ရှောက်မှု များပြုလုပ်ပေးနေသည်ဟု ဟဲဟိုးမြို့ခံများက ပြောပါသည်။

ဒီဇင်ဘာ 25 ရက် အင်္ဂါနေ့ ယနေ့နံနက်ပိုင်းက ခရီးစဉ်အမှတ်  W9- 001 ၊ လေယာဉ်အမှတ် XY-AGC  ၊ F-100 အမျိုး အစား အဲပုဂံ လေယာဉ် စက်ချွတ်ယွင်းကာ ဟဲဟိုးလေယာဉ်ကွင်းမရောက်ခင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပုဂံလေကြောင်းလိုင်းသည် နိုင်ငံခြားသား ခရီးသည် ၅၁ ဦး၊ ပြည်တွင်းခရီးသည် ၁၂ ဦး၊ လေယာဉ်မှူး နှစ်ဦးအပါအဝင် လေယာဉ်ဝန်ထမ်း ၉ ဦး စုစုပေါင်း ၇၁ ဦးတို့အနက် အသက် ၁၁ နှစ် ကလေး ၁ ယောက် သေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရရှိကာ ဟဲဟိုး နှင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသထား သည်ဟု ပြန်ကြားရေးဌာန နေပြည်တော်က ထုတ်ပြန်သည်။

KIO ဋ္ဌာနချုပ် လိုင်ဇာအနီးသို့ အစိုးရတပ်များ အလုံးအရင်းဖြင့် ချဉ်းကပ်ရောက်ရှိ

Posted: 25 Dec 2012 10:16 PM PST

KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ အင်အားထောင်ချီရှိသည့် အစိုးရ စစ်ကြောင်းများ ဖြန့်ခွဲ ချဉ်းကပ်နေရာ မကြာမီ အချိန်အတွင်း နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်ကြောင်း ABSDF ကျောင်းသားတပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

s                                              အစိုးရလက်နက်ကြီးတပ်

မြစ်ကြီးနား၊ ဗန်းမော်နှင့် ဆင်ဘိုဘက်လမ်းကြောင်း ၃ ခုမှ နေ၍ အစိုးရတပ်များ လိုင်ဇာအနီးသို့ ချဉ်းကပ်လာခြင်း ဖြစ်ပြီး ယမန်နေ့က အစိုးရတပ်အင်အား ၈၀၀ ကျော်ခန့် လိုင်ဇာနှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် မန်သဲနှင့်မန်ဆိုင်းရွာများသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

"ဗန်းမော်ဘက်ကလာတဲ့ စစ်ကြောင်းကလိုင်ဇာနားကို ကပ်နေပြီအင်အား ၈၀၀ ကျော်လောက်ရှိတယ်။ မနေ့ညကတော့ လက်နက်ကြီး တွေနဲ့ပစ်တယ်။ သူတို့ရာဇသံပေးထားတာ ဒီနေ့နောက်ဆုံးဆိုတော့ ဒီညပိုင်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။" ဟု သူက ဆိုသည်။

ယခုလ ၂၃ ရက်နေ့က မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်မှ အစိုးရတပ်များ ၀င်ရောက်မည့် လမ်းကြောင်း ပေါ်ရှိ KIA တပ်စခန်းများအား ယခုလ ၂၅ ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်းရန် KIO ထံ သတိပေးစာ ပေးပို့ခဲ့ရာ ယင်းစာ နှင့်ပတ်သက်၍ KIO မှ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်ဦးအောင်မင်းထံ ကန့်ကွက်စာ ပြန်လည်ပေးပို့ထားကြောင်း သိရသည်။

"လိုင်ဇာကိုထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာပေါ့၊ စစ်ကြောင်း ၃ ကြောင်းခွဲပြီးတက်လာတာ၊ ရှဒန်ပါမှာ သံချပ်ကာယာဉ်တွေ ရ ဟတ်ယာဉ်တွေပါတယ်" ဟု သူက ဆက်ပြောသည်။

လိုင်ဇာမြို့သို့ ချီတက်လာသည့် အစိုးရစစ်ကြောင်းများနှင့် KIA တပ်ဖွဲ့တို့ အကြား မြစ်ကြီးနား - လိုင်ဇာကားလမ်းပေါ်ရှိ ကန်တောင်ယန်ရွာအနီးတွင် နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်းလည်း ရှေ့တန်းရောက် KIA တပ်မှူးတစ် ဦးက ပြောသည်။

"မြစ်ကြီးနားဘက်က လာတဲ့စစ်ကြောင်းက ကန်တောင်ယန်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာ အရင်တပ်ရင်း ၄ ရင်း မနေ့က ၃၈၈ တပ်ရင်း တစ်ရင်း ထပ်တိုးတယ် မနေ့မနက် ၉ နာရီ မိနစ် ၂၀ မှာ လေယာဉ်တွေနဲ့လာပစ်တယ် ၁၀၅ ဟော်ဝစ်ဇာ တွေ ၁၂၀မမ တွေနဲ့လည်း တစ်နေကုန်ပစ်တယ်" ဟု သူက ဆိုသည် ။

ယမန်နေ့က အစိုးရ လေကြောင်းတိုက်ခိုက်မှုအတွင်း မြစ်ကြီးနားမြို့သို့ လျှပ်စစ်မီးပေးနေသည့် KIO ၏ မလိရေအား လျှပ် စစ်စက်ရုံ ပျက်စီးမှုအချို့ရှိခဲ့ပြီး လျှပ်စစ်မီးပေးမှု ရပ်ဆိုင်းထားရကြောင်း သိရသည်။

ယခုလ ၁၄ ရက်နေ့က KIO ဋ္ဌာနချုပ်လိုင်ဇာမြို့နှင့် ၅ မိုင်ခန့်သာ ကွာဝေးသည့် လဂျားယန်ရွာတွင် KIA နှင့် ABSDF ပူးပေါင်းတပ်များနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများ ပြင်ထန်စွာ ဖြစ်ပွားခဲ့သေးရာ အစိုးရတပ်သား ၁၇၀ ကျော်ခန့် ထိခိုက်မှုရှိပြီး တင့်ကားတစ်စီးဖျက်ဆီးခံခဲ့ရကြောင်း စစ်ဘက်သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

"ပွင့်လင်းရာသီရောက်ရင် ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိမှာမဟုတ်ဘူး" ဟု - အမေရိကန်နိုင်ငံ ဝေါရှင်တန်မြို့သို့ ရောက်ရှိစဉ် ပြည်ထောင်စုငြိမ်း ချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဒုဥက္ကဌ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်ဟု စက်တင်္ဘာ ၂၁ ရက်နေ့ ဗီအိုအေ သတင်းဌာန က ထုတ်ပြန်ဖူးပါသည်။

ကချင်စစ်ဘေးဒုက္ခသည်အတွက် SNLD ကျပ်သိန်း ၁၅၀ ကျော် သွားရောက်လှူဒါန်း

Posted: 25 Dec 2012 10:11 PM PST

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ကချင်စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ဆေးနှင့် ငွေသား စုပေါင်းတန်ဖိုး ကျပ်သိန်း ၁၅၀ ကျော် သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

migrants                       ကချင်ပြည်နယ်စစ်ဘေးရှောင်ဒုက္ခသည် (ဓါတ်ပုံ WPN)

"ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့မှာဘဲ ကျနော်တို့ SNLD က ဝိုင်းမော် အမှတ် ၄ ရပ်ကွက် သရက်တောကျောင်း တိုက်မှာ ဒုက္ခသည် ၄၆၈ ယောက်အတွက် ငွေသားနဲ့ ဆေးဝါးပစ္စည်းတွေသွားလှူခဲ့ပါတယ်။ ဝိုင်းမော် ခတ်ချို ကျေးရွာအုပ်စုက စစ်ဘေးရှောင် ဒုက္ခသည် တွေပေါ့။ နောက်ပြီး ဝိုင်းမော် အမှတ် ၄ ရက်ကွက် က လီစူးနှစ် ခြင်း ဘုရားကျောင်းမှာ အိမ်ထောင်စု ၆၇ ခုရှိ လီစူးတိုင်းရင်းသား စစ်ဘေးရှောင်တွေအတွက်ပေါ့။ လှူဒါန်းခဲ့ တယ်" - ဟု ပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

ယနေ့ညနေပိုင်းတွင်လည်း မြစ်ကြီးနားဝန်းသိုကျောင်းတိုက် ဒုက္ခသည်စခန်း၌ သွားရောက်လှူဒါန်းမည်ဟု ဆိုပါသည်။

"ဒေသခံတွေစီစဉ်ပေးတဲ့အတိုင်းဘဲ ကျနော်တို့ထောက်ပံ့လှူဒါန်းပေးခဲ့တာကတော့ သျှမ်း၊ ကချင်၊ လီးစူး၊ ဗမာ အစရှိတဲ့တိုင်းရင်းသားပေါင်းစုံပါဘဲ။ ခွဲခြားခြင်းမရှိဘဲနဲ့ လှူဒါန်းပေးတာပါ" - ဟု စိုင်းလိတ်က ပြောပါ သည်။

ထို့အတူ ယမန်နေ့ကလည်း ဗန်းမော်မြို့ရှိ မံစီ နှင့် မိုးမောက်မြို့နယ်တို့မှ ဒုက္ခသည်များအတွက် လှူဒါန်းခဲ့ သည်မှာ ငွေသားတန်ဖိုး ကျပ်သိန်း ၁၂၀ အပြင် ဆေးဝါးပစ္စည်းတန်ဖိုး ကျပ်သိန်း ၄၀ ရှိသည်ဟု ဆိုပါသည်။

"ကလေးတော်တော်များများက ကျောင်းစာမသင်ရဘဲနဲ့ ကျောင်းမတက်ရဘဲနဲ့ ဒုက္ခသည်စခန်းမှာဘဲ ဖြစ်သလိုနေရ၊ ကျန်းမာရေးစောင့်ရှောက်မှုကလဲ အပြည့်အစုံမရှိ။ ကလေးတွေရဲ့အနာဂတ်အတွက် အင်မ တန် ကိုမှရင်လေးရပါတယ်။ ကလေးတွေအနာဂတ်မကောင်းရင်  နိုင်ငံ့အနာဂတ်ဟာလဲဘဲ ဘယ်လိုမှ ကောင်းလာမှာမဟုတ်ဘူး။ နိုင်ငံရဲ့အနာဂတ်ကို ထိခိုက်လာနိုင်စရာရှိတယ်။ ဒါ ကြောင့်မို့လို့ ကျနော်တို့က စစ်ဆိုတဲ့ကိစ္စ တိုက်ပွဲဆိုတဲ့ ကိစ္စကို အမြန်ချုပ်ငြိမ်းပြီးတော့မှ ငြိမ်းချမ်းရေးအမှန်ရရှိဖို့ တတ်နိုင်တဲ့အနေအ ထားထက်ကို ပိုမိုပြီးတော့ကြိုးစားဖို့လိုတယ်" ဟုဆိုပါသည်။

ခွန်ထွန်းဦး ခေါင်းဆောင်သော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် သျှမ်းပြည်နယ် အတွင်း လူမျိုးစုအားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆိုင်ရာညီလာခံအဆင့်၊ ထိုမှတဆင့် ပြည်ထောင်စု တဝှမ်းလုံးရှိ တိုင်းရင်းသားများအားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံကျင်းပရန် ကြိုးစားနေ ဆဲဖြစ်သည်။