သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


အနှစ်မဲ့ကာရံ

Posted: 14 Dec 2012 03:25 AM PST

ပြီးခဲ့သည့် ရက်ပိုင်းက တိုင်းရင်းသားခေါင်းဆောင်နှင့် မြန်မာပြည်အရေးကျွမ်းကျင်ပညာရှင်အချို့တို့ ထိုင်းနယ်စပ်တနေရာ၌ တွေ့ဆုံခဲ့သည်။ ပညာရှင်များ ပြောဆိုသုံးသပ်ချက်မှာ Federalism ဖက်ဒရယ်စနစ် အတွက်တိုက်ပွဲဝင်နေသောပုဂ္ဂိုလ်များအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရ အဆိုပါစနစ်ရရှိပြီးဖြစ်သည်ဟုဆို၏။
con-unionof-bur
"နည်းပညာအရ ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေဘဲ။ ဘာပြုလို့လဲ ဆိုတော့ အရင်က ခင်ဗျားတို့ပြည်နယ်တွေက ပြည်နယ်အစိုးရမရှိခဲ့ဖူးဘူး၊ အခုရှိနေပြီ။ အရင်က ပြည်နယ်မှာ ဥပဒေပြုအဖွဲ့ ပြည်နယ်လွှတ်တော်မရှိဘူး။ အခုရှိပြီ။ အဲဒါက ဖက်ဒရယ်စနစ်ဘဲပေါ့" ဟု ဆွေးနွေးသူ ပညာရှင်တဦးက သုံးသပ်ပြောဆိုပါသည်။

သို့သော် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများသည် အထူးကန့်သတ်ချက်ရှိသည်ဟု အခြားတဦးကဖြည့်စွက်ပြောဆိုပါသည်။

  ပြည်ထောင်စု ဥပဒေပြုစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြု စာရင်းများအားအကြမ်းဖျဉ်း ကြည့်ရုံမျှနှင့် သိရှိနိုင်ပါသည်။

ဥပမာ - ပြည်နယ် နှင့် တိုင်းဒေသကြီး အတွက် စိုက်ပျိုးခွင့်အာဏာအပြည့်အ၀ ပေးထားသည်ဆိုသည့် ကိစ္စ တွင် လွတ်လပ်စွာစိုက် ပျိုးမွေးမြူနိုင်သော်လည်း စီးပွားရေးအာဏာတရပ်လုံးက ပြည်ထောင်စုအစိုးရ မှ ချုပ်ကိုင်ထားသောကြောင့် စိုက်ပျိုးခွင့်သာရှိပြီး စိတ်ကြိုက်ရောင်းဝယ်ဖေါက်ကားခွင့်မရှိပေ။

အခြားဥပမာ ဆက်ပြောရမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ အပိုဒ် ၄ (ခ) ဆားနှင့် ဆားထွက် ပစ္စည်း (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကျောက်မျက်ရတနာဖြတ်တောက်ခြင်း၊ ကျောက် သွေး ခြင်း -- စသည့် ကိစ္စရပ်များသည် မိမိပြည်နယ်ထွက်ကျောက်များ သွေးခွင့် ဖြတ်တောက်ခွင့်သာရှိပြီး ကျောက်မျက် ဆိုင်ရာ အာဏာမှာမူ ပြည်ထောင်စု၌သာရှိ သောကြောင့် ကျောက်မျက်ရောင်းဝယ်ခွင့်လုံးဝ ပေးမထားပါ။

ဆားထွက် ပစ္စည်း ဆိုင်ရာ အာဏာမှာမူ ပြည်ထောင်စုကဏ္ဌတွင်မပါရှိဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် ကဏ္ဌ များတွင် ထည့်သွင်းထားကြောင်း အချို့ပြည်နယ်များတွင် ဆားတွင်း ဆားကွင်းလုံးဝမရှိ၊ ကုန်သွယ်ရေးအရ ဆား၏ ထွက်ကုန် သွင်းကုန်တန်ဖိုးလည်း ဘာမှမရှိ၊ ဇယား ၂ အရ တိုင်းဒေသကြီး နှင့် ပြည်နယ်အတွက် အာဏာ ခွဲဝေပေးထားသည်မှာ အဓိပ္ပါယ်မရှိ အနှစ်သာရမရှိကြောင်း၊ မည်သည့်အခန်းကဏ္ဌမဆို ပြည်ထောင် စု အစိုးရသည် ပြည်နယ်အစိုးရအပေါ် လုံးဝလွှမ်းမိုးနေကြောင်း ထင်ရှားနေသည်။ လက်ဝဲ ဘက်လက်ဖြင့်ပေးပြီး လက်ျာဘက်လက်ဖြင့် ပြန်ယူခြင်းလုပ်ရပ်နှင့်သာတူပါသည်။

ထို့ကြောင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲခရီးက ခရီးရှည်ဆက်ရဦးဖြစ်၏။

"ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး ဗမာ့နိုင်ငံရေးသမားတဦးက ကျနော့်ကို မေးဖူးတယ်။ ဖက်ဒရယ်စနစ်က ကျနော်တို့ ဗမာတွေ အတွက် ဘာအကျိုးရှိနိုင်မှာလဲ မေးတယ်။  ကျနော်က ' ခင်ဗျားနေတဲ့တိုင်းဒေသကြီး လုပ်ပိုင်ခွင့်အာဏာပိုရှိဖို့ ဘဏ္ဌာငွေပိုမိုရရှိဖို့ တောင်းဆိုလာတယ်။ ဒါဟာ  ဖက်ဒရယ်စနစ်ကိုတောင်းဆို တာပေါဲ့ လို့ ပြန်ပြောလိုက်တယ်" - ဟု အဆိုပါ ပညာရှင်က ပြောပါ သည်။

ဖက်ဒရယ်စနစ်သည် တိုင်းရင်းသားများအတွက်သာမဟုတ် လူမျိုးတိုင်းနှင့်သက်ဆိုင်သည်ဟုရှင်းပြပါသည်။

မြန်မာနိုင်ငံတွင် ပြည်နယ် ၇ ခု တိုင်းဒေသကြီး ၇ ခု ရှိရာမှာ - 'တိုင်းပြည်အား ဖက်ဒရယ်စနစ်ဖြင့် တည် ဆောက် ခြင်းဆိုသည်မှာ ပြည်ထောင်စုဗဟိုအစိုးရအား အားနည်းဘို့မဟုတ်ဟူ၍လည်း ဆက်လက်ရှင်းပြပါသည်။

ပြည်နယ်များအာဏာအပြည့်အ၀ရှိရမည်ဆိုသည်မှာ ၎င်းတို့ပြည်နယ်အတွင်း မတူကွဲပြားမှုရှိနေသည့် ယဉ် ကျေးမှု(cultural diversity) အား ကာကွယ်စောင့်ရှောက်ရေး၊ ဒေသန္တရဗဟုသုတ local knowledge မှ ကောင်းကျိုးများရယူအသုံးပြုရေး၊ ဒေသအတွင်း ပြဿနာများ မြန်မြန် ဆန်ဆန် ဖြေရှင်းရေး(ဥပမာ - လမ်း၊ တံတားဥပဒေသည် ပြည်ထောင်စုအစိုးရတွင် ရှိသောကြောင့် ဒေသအတွင်းလမ်းပျက် တံတားပျက်ပါက ပြင်ဆင်အသုံးပြုရန်ဗဟိုအစိုးရအားတင်ပြရမည်။ လမ်း ညွှန်မှုပေးလာမှသာလျှင် ပြင်ရဆင်ခွင့်ရှိသည်။ ထိုကြာရှည်သောညွှန်ကြားချက် စောင့်ဆိုင်းရမည် ဆိုပါက အ ဆိုပါလမ်းနှင့်တံတား လုံးဝပျက်စီး၍ အသစ်ပြန်လည်တည်ဆောက်ရမည့် အဆင့်ရောက်သွား တတ်ပေသည်) နှင့် ဗဟိုအစိုးရအားပြန်လည် စောင့်ကြည့်ရန်အတွက်   ပြည်နယ်များ အာဏာရှိသင့်သည် -- စသဖြင့် ပြောပါသည်။

ပြည်နယ်များလုပ်ပိုင်ခွင့်အာဏာအပြည့်အ၀ရလျှင် ဗဟိုအစိုးရအား အလိုမရှိတော့ ဆိုသည့်အချက်လည်း မဟုတ်-  ဗဟိုအစိုးရလည်း ၎င်းတို့အတွက်သက်ဆိုင်ရာအာဏာရှိရမည်။ Unity (ပေါင်းစည်းရေး) နှင့် Uniformity (ဆင်တူရေး) နှင့်စပ်လျဉ်းလျှင် ပြည်ထောင်စုက ကိုင်တွယ်ရမည့် ကိစ္စရပ်များဖြစ်သည်။ ဥပမာ ကာကွယ်ရေး၊ နိုင်ငံခြားဆက်ဆံရေး -- စသည်တို့တွင် ပေါင်းစည်းမှု လိုအပ်၏။  သုံးစွဲသည့်ငွေကြေး နှင့် စီးပွားရေး ဈေးကွက်စည်း စနစ် တို့ တွင်တူညီမှုရှိရမည်။ ထို့အပြင် အာကာသအရေးတွင် ပြည်နယ်အစိုးရ အား ပေးထားစရာမလို အပိုသာဖြစ်သည်။ 

မည်သို့ဆိုစေကာမူ လက်ရှိအလိုအပ်ဆုံးမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအာဏာပိုမိုရရှိလာရေး၊ ပြည်နယ်ဝင်ငွေများပိုမို ရရှိရေးဖြစ်ကြောင်း၊ ထိုအတွက် အချက်အလက်များစွာဖြင့် အကြံပြုသွားခဲ့သည်။ ပထမ အချက်မှာ ပြည်နယ်ဝန်ကြီးချုပ်အား ရွေးချယ်တင်မြောက်ရေးဖြစ်ရမည်။ သမ္မတမှ ခန့်အပ်ခြင်းမဖြစ်ရ။ သမ္မတကြီးမှရွေးချယ်ခန့်အပ်မည်ဆိုလျှင် - ဝန်ကြီးချုပ်သည် မည်သူနှင့်ပြဿနာ ဖြစ် နေနေ၊ မည်သည့် အခွင့်အရေး ကို ချိုးဖေါက်နေပါစေ - သမ္မတကြီးမှတပါး မည်သူ့ကိုမျှမကြောက်ရ။   ဒုတိယအချက်မှာမူ အမျိုးသားလွှတ်တော်အမတ်နေရာအားရွေးကောက်ပွဲမှ မဟုတ်ဘဲကိုယ်ကျိုးစွန့်ပြီး မိမိပြည်နယ် ကောင်းရာကောင်းကြောင်း အမှန်တကယ် အလုပ်အကျွေးပြုမည့် ပုဂ္ဂိုလ်ကို ပြည်နယ်လွှတ် တော်မှ စိတ်ကြိုက်ရွေးချယ်ပေးပို့ပါက  ပိုမိုသင့်လျင်မည် (အမေရိကန်လည်း ထိုစနစ်ကျင့် သုံးဖူးသည်) ဟု ပြောဆိုကြပါသည်။

အဓိက ပြဿနာ တရပ်မှာ အစိုးရက ဖွဲ့စည်းပုံအား လွှတ်တော်အတွင်းသာပြင်ဆင်ရန်ပြောဆိုပြီး ဆန့်ကျင် ဘက်အုပ်စုများကမူ လွှတ်တော်ပြင်ပတွင်သာပြင်ဆင်ရန်ဆန္ဒရှိသည်။ မည်သို့ပင်ဆိုစေ ၂၀၁၅ မတိုင်မှီ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ပြီးစီးသင့်သည် ဟုလည်းပြောသည်။

နောက်ဆုံးအနေဖြင့်သုံးသပ်ကြည့်မည်ဆိုပါက နိုင်ငံတော် သမ္မတရုံးဝန်ကြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေးကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းကဲ့သို့ ပုဂ္ဂိုလ် များက ဖက်ဒရယ်စနစ်အပေါ် နားလည်သဘောပေါက်လာပြီဖြစ်သော်လည်း အများစုကနားမလည်သေးပါ၊ ဗမာခေါင်း ဆောင်အချို့ကပင် ယခုထက်တိုင် ဖက်ဒရယ်စနစ်သည် ပြည်ထောင်စုပြိုကွဲစေသည့်စနစ်ဖြစ် သည်ဟု ထင်မှတ်နေဆဲဖြစ်၏။

စင်စစ်မှာမူ ဖက်ဒရယ်စနစ်ကို မကျင့်သုံးခြင်းကြောင့်သာ ပြည်ထောင်စုကြီး ပြိုကွဲစရာ အကြောင်းရှိပါသည်။ ဤစနစ်ကို ကျင့်သုံး၍ မပြိုကွဲနိုင်ပါဟု ပြောကြားသွားကြပါသည်။

ကျားဖြူပါတီ ကွတ်ခိုင်မြို့နယ်တွင် ရုံးခန်းဖွင့်လှစ်

Posted: 14 Dec 2012 03:24 AM PST

သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ကျားဖြူပါတီရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပပြု လုပ်ခဲ့ကြောင်း ကိုယ်တိုင်အခမ်းအနား တက်ရောက်သူတစ်ဦးက ပြောသည်။


ဒီဇင်ဘာ 14 ရက် 2012 ခု နတ်တော်လဆန်း 1 ရက် သျှမ်းနှစ်သစ်ကူးနေ့ ၌ ကွတ်ခိုင်မြို့ ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ မြို့နယ်ကော်မတီရုံးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ကျားဖြူပါတီမှ မူစယ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင် ၊ သိန္ဒီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းငွေတို့ အပါအဝင် ဖိတ်ကြားထားသည့် ပါတီကိုယ်စားလှယ်များ ၊ ရပ်မိရပ်ဖများ တက်ရောက်သူ ၁၀၀ ခန့်ရှိကြောင်း သိရသည်။

စစ်ဗိုလ်လူထွက် ပလောင်လူငယ်နှစ်ဦးကို ရိုက်နှက်

Posted: 14 Dec 2012 03:23 AM PST

 မြန်မာအစိုးရ စစ်တပ်မှ အငြိမ်းစားယူထားသော ဗိုလ်ကြီး အောင်ဇော်မြင့် ဆိုသူသည် စစ်ဗျူဟာမှူး အရှိန်အဝါသုံး၍ ဒေသခံ ပလောင်လူငယ် ၂ ဦးအား ကိုယ်ထိလက်ရောက် ရိုက်နှက်မှု တစ်ခု သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာအတွင်း ယခုလ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။


ပလောင်လူငယ်နှစ်ဦး စီးလာသည့် ဆိုင်ကယ်နှင့် ၄င်းစစ်ဗိုလ်အောင်ဇော်မြင့် စီးနင်းလာသည့် ဆိုင်ကယ်တို့ တိုက်မိရာမှ အချင်းများပြီး အဆိုပါ အငြိမ်းစားစစ်ဗိုလ်မှ ပလောင်လူငယ် နှစ်ဦးအား ဗျူဟာမှူးအမည်သုံးကာ ထိုးကြိတ်ရိုက်နှက်ခြင်း ဖြစ်ကြောင်း မုံးဝီးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"အဲဒီနေ့က မုံးဝီးဈေးနေ့ပေါ့ နမ့်ခမ်းဘက်ကဈေးလာဝယ်တဲ့ ပလောင်လူငယ်နှစ်ယောက်စီးတဲ့ ဆိုင်ကယ်နဲ့ အငြိမ်းစား ဗိုလ်ကြီး အောင်ဇော်မြင့်စီးတဲ့ ဆိုင်ကယ် ဈေးထဲမှာ တိုက်မိတဲ့အခါကျတော့ ပလောင်လူငယ်တွေဘက်က ဒဏ်ရာနည်း နည်းရသွားတယ် သူတို့က အငြိမ်းစား ဗိုလ်ကြီးကို ခင်ဗျားမှားတယ်ဆိုပြီး ပြောတာပေါ့ အဲဒီဗိုလ်ကြီးက စစ်ဗျူဟာမှူးနဲ့ ရင်းနှီးတော့  မကျေနပ်ရင် ဗျူဟာမှူးဆီသွားရှင်းမလားဆိုပြီး ခေါ်တာပေါ့ အဲဒီမှာပဲ ဗျူဟာမှူး နံမည်သုံးပြီး သူကိုယ်တိုင် ထိုးကြိတ် ရိုက်နှက် လိုက်တယ် " ဟု ဒေသခံက ဆိုသည် ။

အဆိုပါ အငြိမ်းစားစစ်ဗိုလ်၏ ရိုက်နှက်မှုကြောင့် ပလောင်လူငယ်များဘက်မှ ထိခိုက်ဒဏ်ရာရခြင်း မရှိသော်လည်း ရိုင်းပျ စွာ အနိုင်ကျင့် စော်ကားသည့် အပေါ် မုံးဝီးဒေသခံများက မကျေမနပ် ဖြစ်နေကြောင်း သိရသည် ။

၎င်းအငြိမ်းစားစစ်ဗိုလ်မှာ မုံးဝီးကျေးရွာတွင် နေထိုင်ကာ ဆန်အရောင်းအဝယ် လုပ်ကိုင်နေရာ ၄င်း၏ မောက်မာ ရိုင်းစိုင်း စွာ ဆက်ဆံတတ်သည့် အလေ့အထကြောင့် ဒေသခံများနှင့်လည်း သင့်မြတ်ခြင်း မရှိကြောင်း သိရသည် ။

KIO ဋ္ဌာနချုပ် လိုင်ဇာအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ

Posted: 14 Dec 2012 03:22 AM PST

 KIO ဋ္ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့နှင့် ၄ မိုင်ခန့် အကွာရှိ လဂျားယန်ရွာအနီးတွင် KIA , ABSDF ပူးပေါင်းတပ်များနှင့် အစိုးရစစ်တပ်တို့ အကြား နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ  ဖြစ်ပွားနေကြောင်း သိရသည်။

MI25

ယနေ့နံနက် ၆ နာရီခန့်မှ မွန်းလွဲပိုင်း ၂ နာရီကျော်အထိ ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ အစိုးရတပ်ဘက်မှ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ရှေ့တန်းရောက် ကျောင်းသားတပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

"ရင်ဆိုင်တိုက်ပွဲတွေ မနားတန်းဖြစ်နေတုန်း အတော်ပြင်းထန်နေတယ်၊ သူတို့ဘက်က လွယ်မောက် အမြောက် စခန်းနဲ့ ခမ်းကိုင် အမြောက်စခန်းကနေ အမြောက်တွေနဲ့ပစ်နေတယ်၊ လေကြောင်းပစ်ကူက နှစ်ကြိမ် ၊ မနက် ၁၁ နာရီလောက်က ရဟတ်ယာဉ် နှစ်စီးနဲ့ လဂျားယန်ရွာကို ပစ်တယ်၊ မွန်းလွဲ နှစ်နာရီလောက်မှာ ရဟတ်ယာဉ် ၄ စီးနဲ့ ဘွမ်ဆွမ်စခန်းကို ၀င် ပစ် တယ် " ဟု သူက ပြောသည်။

အစိုးရတပ်ဘက်မှ စစ်ကူအင်အားများ ထပ်မံဖြည့်တင်းနေပြီး အခြားနေရာ ၃ ခုတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

"သူတို့ဘက်က စစ်ကြောင်းတွေ ဖြန့်တက်နေတယ် အင်အားတွေလည်း ထပ်ဖြည့်နေတယ် တချို့တပ်တွေက လဂျားယန် ရွာထဲဝင်နေပြီ အခုဖြစ်နေတာက  မြစ်ကြီးနား - လိုင်ဇာလမ်း ခလားဘက်ရယ် နန်ဆန်ယန်ဘက်ရယ် ဆင်ဘိုခွင်က ဧရာဝ တီ မြစ်တစ်ကျောတွေမှာလည်း ဖြစ်နေတယ်" ဟု ဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဘက်အကျအဆုံးများရှိပြီး လဂျားယန်တိုက်ပွဲတွင် KIA ဘက်မှ တစ်ဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာ ရ ကြောင်း အစိုးရတပ်မှ အကျအဆုံး အတိအကျ မသိရသော်လည်း စစ်လက်နက် အသုံးအဆောင်များနှင့် ရုပ်အလောင်းများ သိမ်းဆည်းရမိကြောင်း သူက ဆက်ပြောသည်။