[mrsorcerer:36548] Fwd: [လူဗိုလ်ဟူသည် ...] "ရွာသား ကိုလူပိန်" ( ၂ )



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/12/25
Subject: [လူဗိုလ်ဟူသည် ...] "ရွာသား ကိုလူပိန်" ( ၂ )
To: lubo601@gmail.com



by Ter Tee on Monday, December 24, 2012 at 2:43am 


ညက ဘယ်လောက်များ လွန်လွန်ကျွံကျွံ သောက်ခဲ့သည်မသိ။ မနက်အိပ်ယာထတွင်
ကျွန်တော်၏ ခေါင်းများသည် ၊ လေးလံကိုက်ခဲလျက်ရှိသည်။ ကွန်နာတယောက်သာ
လေကလေး တချွန်ချွန်နှင့် ရွှင်ရွှင်ပျပျ ကြည်ကြည်လင်လင်ရှိသည်။
ကွန်နာ၏ မျက်နှာသည်
သူ့ကို ကျနော်သိကတည်းက တွေ့နေသော မျက်နှာမျိုးမဟုတ်တော့ကြောင်း သတိထားမိသည်။
ဤမျှ ရွှင်ပျလန်းဆန်းနေသည်ကို ကွန်နာနှင့်တွဲဖက်၍ တခါမျှ ကျွန်တော်မမြင်ဘူးပါ။
ညနေခင်းရောက်သောအခါ ကွန်နာသည် ကျွန်တော်တို့ထက်စောလျက် ရွာကလေးဘက်သို့
ထွက်သွားပါသည်။ ဘာကိစ္စရှိ၍လည်းမူ ကျွန်တော်မသိပါ။ ကျွန်တော်တို့ရွာရောက်သောအခါ
ကိုလူပိန်အိမ်၌ ကလေးများ ၀ိုင်းရံနေသော ကွန်နာကို တွေ့ရသည်။ ကိုလူပိန်က ခုံတန်းလျားကလေးလုပ်ရင်း
ကွန်နာနှင့် စကားပြောနေသည်။ ကွန်နာသည် ကျွန်တော်တို့အသိုက်ကို မြင်သောအခါ
လက်ကိုဝှေ့ယမ်း၍ ပြုံးနှုတ်ဆက်သည်။ အခါတိုင်းမူ ကွန်နာ၏ အပြုံးတို့သည် မလွှဲသာ မရှောင်သာ၍
ပြုံးရသော အပြုံးဖြစ်ရကား ၊ ပျော့ရိနွမ်းဖတ်နေသည်။ ယခုမူလက်ကိုဝှေ့ယမ်းပုံကသွက်လက်သည်။
အပြုံးကလည်း ကြည်လင်သည်။ အားရှိသည်။ ကျွန်တော်တို့အသိုက်သည် ကွန်နာ၏အပြောင်းအလဲကို
အားလုံးသတိမူမိကြသည်။ သို့သော် ကျွန်တော်တို့ဘာမျှ မပြောပါ။ ကွန်နာပြောင်းလဲသွားသည်မှာ
ကွန်နာနှင့်သာ သက်ဆိုင်သောအဖြစ် မဟုတ်ပါလား။ ကြင်နာသနားတတ်သောမျက်နှာပိုင်ရှင်
လက်သမား ကိုလူပိန်က ကွန်နာ၏ ဘ၀ကို ပြောင်းလဲစေသည်ဟု ကျွန်တော်ထင်သည်။
သို့သော်-ကိုလူပိန်သာမဟုတ်။ ကလေးမောင်နှမ နှစ်ယောက်ကလည်း ကွန်နာ၏ဘ၀ကို
ပြောင်းလဲပေးနိုင်စွမ်းရှိသည်။ အဘယ်ကြောင့်ဆိုသော် ကွန်နာ၏ ကလေးများ ၊
အသက်ရှင်နေပါက ဤမောင်နှမအရွယ်သို့ ရောက်ကြပြီဖြစ်သောကြောင့်တည်း။
  
ကျွန်တော်တို့ လူသိုက်သည် ကွန်နာအား ပြန်လှန်နှုတ်ဆက်ပြီး အရက်ဆိုင်သို့ တန်းသွားကြသည်။
ဒါက ကျွန်တော်တို့အလုပ်။ အရက်နှင့်အဖော်လုပ်နေသည်ဟု အပြောခံခဲ့ရသော ကွန်နာကား
အရက်ဆိုင်သို့ ရောက်မလာ။ ညနေစောင်းချိန်တွင် ကွန်နာသည် မောင်နှမနှစ်ယောက်နှင့်အတူ
စမ်းချောင်းဘေးတွင် အေးအေးလူလူ လမ်းလျှောက်နေသည်ကို ကျွန်တော်တို့ လှမ်းမြင်ရသည်။
ကွန်နာက ကလေးနှစ်ယောက်ကို စကားပြောနေသည်။ ကလေးနှစ်ယောက်သည် ကွန်နာ၏မျက်နှာကို
မော့ကြည့်ပြီးလမ်းလျှောက်သည်။ တခါတရံ သူတို့ကလေးနှစ်ဦးသည် အားရပါးရ ရယ်မောနေသေးသည်။
သူတို့ကိုကြည့်ရသည်မှာ အလွန်တရာ စိတ်အေးချမ်းလှသည်။

ကျွန်တော်တို့စခန်းတွင် ကွန်နာကိုတွေ့ရန် ခဲယဉ်းသည်။ အချိန်အတော်များများကို ကွန်နာသည်
ကိုလူပိန့်အိမ်၌သာ ကုန်လွန်စေသည်။ ကလေးတွေနှင့် ရယ်ရယ်ပြုံးပြုံးနေရင်း ကုန်စေသည်။
သုံးရက်မြောက်သောနေ့တွင် ကျွန်တော်တို့တပ်ခွဲသည် ၊ ထင်းရှုးပင်များ တန်းစီပေါက်နေသော
စမ်းချောင်းကမ်းဘေးစခန်းကို ဖျက်၍ ဆလွန်နီကာဘက်သို့ ချီတက်ခဲ့ရသည်။ ဆလွန်နီကာတွင်
ကျွန်တော်တို့တပ်ခွဲသည် ကတုတ်ကျင်းများတူးလျက် နာဇီဂျာမန်တပ်များကို စောင့်ဆိုင်းနေပါသည်။
ဆလွန်နီကာတွင် တပတ်တိတိ ကျွန်တော်တို့နေရစဉ် ကွန်နာ၏ ထူးခြားသော အမူအယာကို သတိထားမိပါသည်။
ကွန်နာသည် အရက်လုံးဝမသောက်တော့ပေ။ ထို့ပြင် သူ့ကိုယ်တွင်း၌ရှိသော အမုန်းဓါတ်များ ၊
အငြိုးအစိုင်အခဲများ ကျေပ ပျောက်ကွယ်ကုန်ပြီဟု ကျွန်တော်ထင်မိသည်။ သူသေနတ်ကိုင်ပုံက
ကျွန်တော့်ကို ဤသို့အထင်ရောက်စေခြင်းဖြစ်သည်။ ယခင်အခါကဆိုလျှင် ကွန်နာသည် အမြဲတမ်းသေနတ်ကို
တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်တတ်သည်။ ရန်သူကို သတ်မည်ဟူသော စိတ်ဓါတ်ကြောင့်
သူ၏ ကိုယ်နေကိုယ်ထားသည် တောင့်တင်းနေတတ်သည်။ ယခုမူ ကွန်နာသည် သေနတ်ကို
လျော့ရဲရဲ ကိုင်သည်။ သူ့ကိုယ်နေကိုယ်ထားသည် အကြောအခြင်များ လျော့ပြေနေသော
ဂျွမ်းဘားသမားကဲ့သို့ ပျော့ပျောင်းနေသည်။

ဂျာမန်တပ်များကို စောင့်ဆိုင်းနေသော ကျွန်တော်တို့ တပ်ခွဲသည် ဂျာမန်တပ်များ
တကယ်တန်းဆင်းလာသောအခါ ၊ အင်အားမမျှသဖြင့် နောက်သို့ ဆုတ်ရသည်။
လူနည်းနည်းနှင့် လူအများအား အနှောင့်အယှက် အများကြီးပေးနိုင်မည့်
နေရာသစ်ကို ကျွန်တော်တို့ရှာရမည်။ ကျွန်တော်တို့တပ်ခွဲ နောက်ဆုတ်လာစဉ် ၊
စစ်ပြေးဒုက္ခသည်များကို တွေ့ရသည်။ ယင်းတို့အနက် ကလေးများပါလာသည်။ ကလေးအချို့မှာ
လက်တွန်းလှည်းကလေးများပေါ်တွင် ရှိနေသည်။ တချို့ကလေးများသည် ကသုတ်ကရက် လှမ်းနေသော
လူကြီးများကို အမှီလိုက်နိုင်ရန် လမ်းအမြန်လျှောက်ရရှာသည်။ ကလေးအားလုံးသည်
ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူတို့သည် ဘာအကြောင်းကြောင့် ဤသို့ ပြေးလွှားနေရသည်ကို
နားလည်ပုံမပေါ်။ ကွန်နာသည် သူ့တွင်ရှိသော ဘီစကစ်များ ၊ ဒိန်ခဲများကို ထုတ်၍ ကလေးများကို ဝေငှသည်။
ကလေးတွေဆီမှ ပြန်လာပြီး ထရပ်ကားပေါ်သို့ ရောက်သောအခါ ….

 " ဒီလိုကလေးတွေ ကမ္ဘာနဲ့တ၀ှမ်းမှာ ရှိမှာဘဲ ၊ စစ်ကြောင့် ငတ်မွတ်ရတဲ့ကလေးတွေ - အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ကလေးတွေ
- လူကြီးတွေလုပ်တဲ့စစ်မှာ ကလေးတွေ အလကား အနာခံနေရတယ် ၊ လူကြီးတွေကလဲ အခြားလုပ်စရာတွေ
အများကြီးရှိရက်ကနဲ့ စစ်ကိုမှ လုပ်တတ်ပလေတယ်ဗျာ…. " ဟု လေးလေးဆေးဆေးကြီး ပြောချလိုက်သည်။
သို့ရာတွင် သူ၏ မျက်နှာ၌ နာကြည်းမှုထက် ကြင်နာသနားမှုအရိပ်အယောင်က ကဲနေသည်။
ကျွန်တော်သည် ကွန်နာ၏မျက်နှာကို တချက်မျှ ကြည့်မိသည်နှင့် ဂရိရွာကလေးတရွာမှ ကိုလူပိန်သည်
ကွန်နာအား နေစရာ ၊ အသက်ရှင်စရာဘ၀တစ်ခုကို ဖန်တီးပေးလိုက်ပြီဟု သိလိုက်ရပါသည်။

ကျွန်တော်တို့သည် ထရပ်ကားများကို တောင်ပေါ်သို့ မောင်းတင်ကာ စခန်းချလိုက်ပါသည်။ တောင်ပေါ်မှ
လှမ်းကြည့်လိုက်သောအခါ တောင်ကြားလွင်ပြင်ပေါ်၌ မြူနှင်းများ ဆိုင်းနေသည်ကို တွေ့ရပါသည်။
ဘာမျှ မမြင်သာပါ။ ကျွန်တော်တို့သည် စခန်းသစ်၌ နှစ်ရက်လုံးလုံး ကတုတ်ကျင်းများ တူးရပါသည်။
ထိုနှစ်ရက်တွင် မိုးပြတ်သည်ဟူ၍မရှိ ၊ အိပ်ရသည်ဟူ၍လည်း မရှိရကား တပ်သားအားလုံးသည် ဒုက္ခဘုံထဲက
ကြွက်စုတ်ကြွက်နာ ကလေးများနှင့် တူပေသည်။ တတိယမြောက်နေ့တွင် ရာသီဥတု ကြည်လင်လာသဖြင့်
တောင်ပေါ်ကကြည့်လျှင် ဟိုး ….. ခပ်ဝေးဝေး ပင်လယ်ပြင်အထိ ကောင်းစွာမြင်နိုင်ပါသည်။
ကျွန်တော်တို့၏ အမြောက်စက်ကွင်းအပ ၊ တနေရာတွင် ဂျာမန်ပင်ဇာတပ်သည် တိုက်ပွဲအတွက်
ပြင်ဆင်နေသည်ကိုလည်း တွေ့ရပါသည်။ ကျွန်တော်တို့စခန်းချနေသည့် တောင်၏အခြေတွင်မူ
ကွန်နာ၏ အချစ်တော် ကိုလူပိန်တို့ ရွာကလေးကို တွေ့ရပါသည်။

ကျွန်တော်တို့တပ်တွင် ကျွန်တော်သည် ပစ်မှတ် အကွာအဝေးကို ဖတ်ရသူဖြစ်ပါသည်။ ကျွန်တော့်တွင်
မှန်ပြောင်းလိုလို အကွာအဝေးတိုင်း ကိရိယာတခု ရှိပါသည်။ ထိုကိရိယာသည် မှန်ပြောင်းများထက်
ပို၍အားကောင်းပါသည်။ ထိုကိရိယာမှ ကြည့်လျှင် အကြည့်ခံအရာသည် ပုံရိပ်နှစ်ခုအဖြစ် ပေါ်လာသည်။
ပုံရိပ်တခုက အတည့်အတိုင်း ပေါ်၍ အခြားပုံရိပ်က ပြောင်းပြန်ပေါ်ပါသည်။ ထိုပုံရိပ်နှစ်ခုကို ထပ်လာအောင်
ကိရိယာတွင် တပ်ထားသော ဘီးကလေးကို ရွှေ့ရပါသည်။ ပုံရိပ်နှစ်ခု တခုကို တခုက ဆန့်ကျင်လျက်
ထပ်မိပြီဆိုလျှင် အကွာအဝေး မည်မျှရှိသည်ကို အတိအကျ သိရပါသည်။

ကျွန်တော်က အကွာအဝေးတိုင်းဖြင့် ရွာကလေးကို လှမ်းကြည့်ပါသည်။ ရွာသူရွာသားများသည် ကမ္ဘာစစ်ကြီး
ဖြစ်နေသည်ကိုပင် မေ့လျော့နေသည့်အလား ပုံမှန်လှုပ်ရှားသွားလာနေကြသည်။ ကိုလူပိန်နှင့် ကလေးများ
ကစားနေသည်ကို တွေ့ရသည်။ စစ်မြေပြင်သုံး မှန်ဘီလူးတလက်နှင့် ကြည့်နေသော ကွန်နာသည်လည်း
ကျွန်တော်မြင်သည်ကို မြင်ရလေသည်။


" သူတို့တတွေ နေရာပြောင်းဘို့ သတိရလိမ့်မယ်ထင်တယ် "  ကွန်နာက စိုးရိမ်တကြီးပြောလေသည်။
စိုးလည်း စိုးရိမ်စရာပင်။

" တိုက်ပွဲဖြစ်ရင်တော့ ရွာကလေးကို ထိတော့မှာဘဲ ၊ သူတို့တတွေ တောင်ပေါ်တက်နေဘို့ ကောင်းတယ် ၊
  ဟိုဘက်ကအင်အားနဲ့ဆိုရင် တိုက်ပွဲဟာ သိပ်ကြာမှာမှ မဟုတ်တာ "
  ကွန်နာသည် ဂျာမန်အမြောက်ကြီးများ ၊ တင့်ကားကြီးများကို ညွှန်ပြလျက် ပြောလိုက်သည်။

နောက်တနေ့ နံနက် ဂျာမန်များ တိုက်ပွဲစသောအခါတိုင်အောင် ရွာမှလူများ မပြောင်းကြသေး။
ဂျာမန်နာဇီများသည် ခုခံအားကို စမ်းသပ်သည့်သဘောဖြင့် မော်တော်ဆိုင်ကိယ်စီး တပ်သားများကို
ရှေးဦးစေလွှတ်သည်။ သူတို့သည် ရဲရဲဝံ့ဝံ့ပင် ကျွန်တော်တို့၏ ပစ်ကွင်းတွင်းသို့ ၀င်လာကြသည်။
မော်တော်ဆိုင်ကယ်များနောက်တွင် တင့်ကားများ ပါလာသည်။ ကျွန်တော်တို့ တိုက်ပွဲစပါပြီ။
ကျွန်တော်တို့၏ နောက်တန်းမှ ပစ်ခတ်သော အမြောက်ကျည်ဆံများသည် ကျွန်တော်တို့အပေါ်သို့
တရွှီးရွှီးကျော်ဖြတ်သွားသည်။ ခေါင်းပေါ်သို့ ကျော်သွားသော ကျည်ဆံတို့သည်
တောင်ခြေရွာကလေးပေါ်သို့ ကျသွားသည်။ နှစ်ပေါင်းများစွာကတည်းက မြေပြင်မှ ပေါက်လာသော
သစ်ပင်ကလေးများနှင့်တူသည့် အိမ်ကလေးများ အစိတ်စိတ်အမွှာမွှာ လွင့်စဉ်ထွက်သွားသည်။
ကျွန်တော်တို့ အရက်သောက်ခဲ့သော ဆိုင်ကလေးသည် မြေလုံးမြေစိုင်များအကြားမှာ
ပျောက်ကွယ်သွားသည်။ ရွာကလေး၏ ငြိမ်းအေးမှု ၊ ရွာသူရွာသားများ စိတ်အေးလက်အေး
နေထိုင်စားသောက်မှုတို့သည်လည်း အမြောက်ဆံဒဏ်ကို မရှုမလှ ခံရကာ ကျေပျက်သွားသည်။
  
ကျွန်တော်၏ အကွာအဝေးတိုင်း ကိရိယာတွင် အနေမှန်သော ရွာကလေး၏ ပုံရိပ်နှင့်
ပြောင်းပြန်ဖြစ်နေသော ရွာကလေး၏ပုံရိပ်တို့ ပေါ်လာသည်။ ပုရွက်ဆိပ်အုံကို
တုတ်နှင်ထိုးလိုက်ဘိသည့်အလား ၊ စမ်းချောင်းဘေးဝယ် ယောက်ျား မိန်းမများ
ရွရွ-ရွရွနှင့် ပြေးလွှားနေကြသည်။ ယခုမှ သူတို့သည် တောင်ပေါ်သို့ ပြေးတက်ရန်
ပြင်ဆင်ကြတော့၏။ လူအုပ်ထဲတွင် ကိုလူပိန်ကို သူ့မွေးစားကလေးများနှင့်အတူ တွေ့ရသည်။
ငွေအိတ်ကို ရင်ဝယ်ပိုက်လျက် ဦးတည်ရာစွတ်ပြေးနေသော အရက်ဆိုင်ပိုင်ရှင်ကိုလည်း
မှန်ပြောင်းကိရိယာထဲ၌ အထင်းသား မြင်နေရသည်။ အလောင်းများ ပြန့်ကြဲဖြစ်နေသည့်
မြင်ကွင်းလည်း မလွှဲသာ မရှောင်သာဘဲ ကျွန်တော့် အဝေးကြည့် ကိရိယာသို့ရောက်လာသည်။
သနားကြင်နာတတ်သော ကိုလူပိန်သည် ကလေးများကို စနစ်တကျ တန်းစီစေပြီး
ယာခင်းကိုဖြတ်စေလျက် တောင်ခြေဆီသို့ ထွက်ခွာသွားသည်။ ထိုစဉ်စမ်းချောင်းကလေးကို
ကူးထားသည့် တံတာကလေးပေါ်သို့ အမြောက်ဆံများ ကျလာပြန်သည်။

 " ရပ်လိုက်ပါတော့ ၊ အမြောက်တွေ ရပ်လိုက်ပါတော့ "
ကျွန်တော်သည် ကယောင်ကတမ်း ရေရွတ်မိသည်။ အထပ်ထပ် အကြိမ်ကြိမ် ရေရွတ်မိသည်။
ကျွန်တော်တို့ဘက်မှ အမြောက်ဆံများ အကျရပ်ချိန်၌ ဂျာမန်ဘက်မှ အမြောက်ဆံများ
ရွာကလေးပေါ်၌ မိုးရွာသလို ကျလာပြန်သည်။ မတတ်သာပြီ။ စစ်ကာလတွင် ငြိမ်းချမ်းမှုမှန်သမျှ
မရှုမလှ သေကြစမြဲပါကလားဟု သံဝေဂယူရုံအပြင် ဘာမျှ မတတ်သာပြီ။ ဂျာမန်အမြောက်ဆံ အကျတွင်
အရက်ဆိုင်ပိုင်ရှင် ကိုလူဝကြီးသည် ငွေအိတ်ပိုက်လျက် သေဆုံးသွားသည်။
အဖိုးအို သုံးလေးဦးလည်း အမြောက်ဒဏ်ကြောင့် သေကြသည်။ တန်းစီ၍ တရွေ့ရွေ့သွားနေသော
ကလေးများ အပေါ်သို့မူ အမြှောက်ဆံ ကျမလာသေး။ သူတို့ကလေးတွေသည် ဘုရားသခင်၌
ယုံကိုးမှု အပြည့်ရှိ၍ ဘေးလွတ်လေသလား။ သို့မဟုတ် ကြင်နာသနားတတ်သော မွေးစားဖခင်ကြီး
ကိုလူပိန်အပေါ် ကိုးစားမှုကြောင့် ဘေးလွတ်လေသလား။ ကလေးများသည် တဦးကိုတဦး
လက်ချင်းဆက်လျက် သေမင်းသောင်းကျန်းနေသော လွင်ပြင်ကိုဖြတ်ကာ
တောင်ခြေဆီသို့ တဖြည်းဖြည်းချင်း သွားနေကြသည်။ တောင်ခြေရောက်ခါနီးတွင်
ကိုလူပိန်သည် ဒဏ်ရာရသူများဆီသို့ ပြန်လာ၍ အကူအညီပေးသည်။ ရဲဝံ့သူဟူ၍
သူတယောက်သာ ရှိတော့သည်။

ဒဏ်ရာရသူ မိန်းမကြီးတဦးအား ပွေ့ယူမည် အပြုတွင် ကိုလူပိန်ကို ကျည်သင့်သွားသည်။
ကိုလူပိန်သည် သစ်ပင်၌ မတ်မတ်ရပ်လျက်….ကျည်သင့်သည့်ဒဏ်ကို ခံစားနေသည်။
သူ့ခြေရင်းတွင် မိန်းမကြီးသည် ခွေလျက်သားရှိနေဆဲ။ ထိုစဉ် ကွန်နာချစ်သော
ကလေးမောင်နှမ နှစ်ယောက်သည် ကိုလူပိန့်ဆီသို့ တဖြည်းဖြည်းချင်းလာနေသည်။
တကယ်တော့ ကိုလူပိန့်ဆီ လာသည်မဟုတ်။ သေမင်းဆီသို့ လာနေခြင်းသာဖြစ်သည်။
ကိုလူပိန့်အနီးတ၀ိုက်၌ အမြောက်ဆံများ တ၀ုန်းဝုန်း ပေါက်ကွဲနေသည်။
ကလေးနှစ်ယောက်ကို ကယ်ဆယ်ရန် နည်းလမ်းတလမ်းသာရှိသည်။

ကျွန်တော်သည် ကွန်နာကို လှမ်းကြည့်လိုက်သည်။ သူသည်လည်း စစ်မြေပြင်သုံး
မှန်ပြောင်းဖြင့် ရွာကလေးကို စူးစိုက်ကြည့်နေသည်။


" ကိုလူပိန်နဲ့ ကျုပ်တို့ရဲ့ အကွာအဝေး "   
  
သူက လှမ်းအော်ပြီး အကွာအဝေးကို တောင်းလိုက်သည်။ ကျွန်တော်သည်
အကွာအဝေးတိုင်း ကိရိယာထဲမှ ကိုလူပိန်၏ ပုံရိပ်နှစ်ခုကို ထပ်လာအောင်
ဘီးကလေးကို လှည့်လိုက်ပြီး အကွာအဝေးကို အော်ဖတ်ပြလိုက်သည်။
ကွန်နာ၏ မျက်နှာတွင် ချွေးသီးချွေးပေါက်ပေလား ၊ မျက်ရည်ပေလား မသိ။
ရွှဲရွှဲစိုနေသည်။ သူသည် အမြှောက်ကလေး၏ တင်းဂျင့်ထောင့်ကို မှန်အောင် ချိန်လိုက်သည်။
ကွန်နာသည် ကျွန်တော်တို့ တပ်ခွဲတွင် အတော်ဆုံး အမြောက်ပစ်သမား ဖြစ်သည်။
ကျည်ဆံတခုတည်းကပင် ပစ်မှတ်ဖြစ်သော ကိုလူပိန့်ကို တည့်တည့်ထိမှန်သွားသည်။
သစ်ပင်ကိုမှီရင်း ကိုလူပိန် သေသွားသည်။
  
ကလေးနှစ်ယောက်သည် အမြောက်သံကြောင့် တောင်ခြေဘက်သို့ ပြန်ဆုတ်သွားသည်။
ကွန်နာသည် အမြောက်ခုံဘေး၌ မလှုပ်မရှက် ငေးငေးငူငူကြီး ထိုင်နေသည်။
သူ့မျက်နှာကား ပို၍ပင်စိုရွှဲနေသည်။ ကျွန်တော်၏ အဝေးကြည့်ကိရိယာ
မှန်ပြောင်းတွင် ကိုလူပိန်၏ပုံရိပ်သည် လက်ဝါးကပ်တိုင်မှ ခရစ်တော်၏ ပုံရိပ်နှင့်
ဘာမျှ ခြားနားသည်ဟု မထင်ရပါ။

ကိုလူပိန်….ကိုလူပိန် ဟုသာ ကျွန်တော် အမည်တပ် သုံးစွဲခဲ့သည်။ သူ့နာမည်ကို ကျွန်တော်
ယနေ့အထိ မသိခဲ့ပါ။ ကိုလူပိန် သေဆုံးခဲ့သော နှစ်ကိုမူ အသေအချာ မှတ်မိပါသည်။
ခရစ်နှစ် တထောင့်ကိုးရာ လေးဆယ့်တခုနှစ် ၊ ခရစ်တော်သေဆုံးသည့်
"အီစတာ" ကာလပင်ဖြစ်ပါသည်။ ခရစ်တော်သည် လူသားတို့ ငြိမ်းချမ်းစွာ
နေထိုင်နိုင်ရေးအတွက် သေဆုံးခဲ့ရသည်ဟုဆိုလျှင် ခရစ်တော်သည် ကြင်နာတတ်သော မျက်နှာ ၊
တည်ကြည်လေးနက်ငြိမ့်သော အသံတို့ကိုပိုင်သည့် ကိုလူပိန် သေသလို သေခဲ့ရသည်ဟု
နားလည်မိပါသည်။
  
စာရေးဆရာညွှန့်ကြူး၏ နှစ်ဆယ်ရာစု နိုင်ငံရပ်ခြား ၀တ္ထုတိုများ စာအုပ်မှ
( ၁၉၇၇ ခုနှစ် သြဂုတ်လထုတ် )
  






ဒေါ်နယ်ဗာတင်ရှော ( Donald Bertinshaw )
(၁၉၁၈ - ?  )

နယူးဇီလန်သား စာရေးဆရာဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီက အစိုးရအမှုထမ်းအဖြစ် ထမ်းရွက်ရင်း
ဝတ္ထုတိုများကို ပြောက်ကျား ပြောက်ကျား ရေးသည်။ ၁၉၄၄ - ခုနှစ် ၊ အဲလ်အာလမိန်း တိုက်ပွဲ၌ ဒဏ်ရာရ၍
တပ်မှ အငြိမ်းစားယူခဲ့သည်။ ၀ါသနာပါသည့် လက်သမားအလုပ်ကို လုပ်ရင်း ၊ စာရေးခြင်းဖြင့် အသက်မွေးနေသည်။
ဇနီးနှင့် ကလေးနှစ်ယောက်ရှိသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 12/26/2012 12:34:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ