[mrsorcerer:24326] Fwd: [လူဗိုလ်ဟူသည် ...] ဒေါ်အောင်ဆန်းစုကြည် ကို ဒု-သမ္မတ ခန့်အပ်လိုပါက အခြေခံဥပဒေပြင်မှဖြစ်မည်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/8
Subject: [လူဗိုလ်ဟူသည် ...] ဒေါ်အောင်ဆန်းစုကြည် ကို ဒု-သမ္မတ ခန့်အပ်လိုပါက အခြေခံဥပဒေပြင်မှဖြစ်မည်
To: lubo601@gmail.com



by General Knowledge on Tuesday, May 8, 2012 at 6:34am ·


မေလ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

ယခုရက်ပိုင်းအတွင်း ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်မည်ဆိုသည့်  သတင်းများထွက်ပေါ်လျှက်ရှိရာ အကယ်၍ ၎င်းနေရာတွင်  ဒေါ်အောင်ဆန်းစုကြည်အား ခန့်အပ်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးမှ သာလျှင် ခန့်အပ်ခွင့် ရှိမည်ဟု လွှတ်တ်ာကိုယ်စားလှယ်များက ပြောဆိုသည်။


"အခုထွက်နေတဲ့ သတင်းပေါ်မှာ အခြေခံပြီး လူတိုင်းကစိတ်ဝင်စားနေတာက ကျွန်တ်ာတို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒု-သမ္မတ နေရာတင်မယ်ပေါ့။ အကယ်လို့ တင်မယ်ဆိုရင်တောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှပဲရမယ်။ အခြေခံဥပဒေနဲ့ ငြိနေတာတွေရှိတယ်" ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက YPI သို့ ပြောသည်။

အလားတူ ဥပဒေပညာရှင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း "ဒေါ်စုကို တင်မယ်ဆိုရင် ဒု-သမ္မတ က စစ်ရေးအမြင် ရှိရမယ်ဆိုတာပါနေတယ်။ နောက် သူ့သားတွေ၊ ခင်ပွန်းတွေနဲ့ ပတ်သက်ပြီးဖွဲ့စည်းပုံမှာ ငြိနေတာတွေရှိတယ် ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ဘယ်လိုမှတင်လို့မရဘူး" ဟုဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၃) ပုဒ်မ (၅၉)(စ)အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများတွင် မိမိ ကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း ၊ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသောသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပါရှိသည်။

နှုတ်ထွက်မည်ဟု လတ်တလော သတင်းများထွက်ပေါ်နေသော ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး သည် အမျိုးသားလွှတ်တော်နှင့် ပြည့်သူ့လွှတ်တော် နှစ်ရပ်အတွင်းရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်သွင်းထားသူ ဖြစ်သည်။
ထို့ကြောင့် ၎င်း နှုတ်ထွက်ပါက ယင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကသာ ဒု-သမ္မတကို ပြန်လည်ရွေးချယ် တင်သွင်းရမည်ဖြစ်သည်။

"တပ်မတော်သား ကိုယ်စားလှယ်တွေထဲက စစ်တပ်ကလာတဲ့သူ တယောက်ယောက်ကိုပဲဖြစ်ဖြစ် ၊ဒေါ်စု ကိုပဲဖြစ်ဖြစ် သူတို့ရွေးချယ်ချင်ရင် ရွေးလို့ရပါတယ် ဒါပေမယ့် ဒေါ်စုကို ရွေးချယ်တင်မြောက်မယ်ဆိုရင် သူ့ခင်ပွန်း သူ့သားတွေနဲ့ ပတ်သတ်ပြီး ဖွဲ့စည်းပုံနဲ့ ငြိနေတဲ့အတွက် နာမည်စာရင်း တင်ပြတဲ့နေရာမှာပဲ ပြုတ်ကျသွားနိုင်ပါတယ်" ဟု ဒေါက်တာ မြတ်ဉာဏစိုးက ဆိုသည်။

ဒု-သမ္မတမှာ ဒု-သမ္မတ (၁) နှင့်(၂) နှစ်ဦးရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒု-သမ္မတ (၁) အနာယူသွားပါက ဒု-သမ္မတ(၂) မှာ (၁) ဖြစ်လာပြီး နောင်ရွေးချယ်မည့် ဒုသမ္မတမှာ (၂) ဖြစ်လာမည်ဟု ၎င်းကဆိုသည်။ လက်ရှိ ဒု-သမ္မတနှစ်ဦးအနက် သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ဒု-သမ္မတ (၂)ဖြစ်၍ ဒေါက်တာစိုင်းမောက်ခမ်းမှာ ဒု-သမ္မတ (၁)ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၇၂) အရ နိုင်ငံတော်သမ္မတ သို့မဟုတ်  ဒုတိယသမ္မတ တစ်ဦးဦးသည် မိမိ၏ ရာထူးသက်တမ်း မကုန်ဆုံးမီ မိမိဆန္ဒအရ နှုတ်ထွက်လျင် နှုတ်ထွက်ခွင့်ပြုရမည်ဟု ပါရှိသည်။

အကယ်၍ ဒု-သမ္မတ နှုတ်ထွက်ခဲ့မည်ဆိုလျှင် ပုဒ်မ (၇၂)(စ) အရ ဒုတိယ သမ္မတ ရာထူးနေရာ လစ်လပ်လျင် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပချိန်ဖြစ်ပါက ယင်း ဒုတိယသမ္မတကို ရွေးချယ် တင်မြောက်ပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ခုနှစ်ရက်အတွင်း ဒုတိယ သမ္မတတစ်ဦး ရွေးချယ် တင်မြောက်ရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်ဟု ပါရှိသည်။

ပုဒ်မ (၇၂)(ဆ) အရ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန် မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးသည် နိုင်ငံတော် သမ္မတဧ။် အကြောင်းကြားစာ ရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတ တစ်ဦးကို ရွေးချယ် တင်မြောက်ရေးအတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဟု ပါရှိသည်။

ကျန်းမာရေးကြောင့် ဒု-သမ္မတ(၁) နှုတ်ထွက်မည်ဆိုသည့် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှ စ၍ ဗီအိုအေမြန်မာပိုင်း သတင်းဋ္ဌာနနှင့် ရိုက်တာသတင်းဋ္ဌာနတို့မှ ရေးသားဖေါ်ပြလျှက်ရှိသော်လည်း ယနေ့ထိ တရားဝင်ကြေညာချက် တစုံတရာ ထွက်ပေါ်မလာသေးပေ။

ဒုသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦးမှာ နအဖ အစိုးရလက်ထက်က အတွင်းရေးမှူး (၁) တာဝန်ယူခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် အခြားသော တပ်မတော်အရာရှိကြီးများနှင့်အတူ တပ်မတော်မှ အနားယူခဲ့သည်။

၎င်းနောက် ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး အစိုးရအဖွဲ့တွင် ဒုတိယသမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၎င်းသည်  ဦးသိန်းစိန်အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူ၊ တရုတ်နိုင်ငံမှ စီးပွားရေး ကုမ္ပဏီများနှင့် အဆက်အသွယ်ရှိသူအဖြစ် သိရှိထားကြပြီး မြန်မာနိုင်ငံ၏ စီးပွားရေး စီမံကိန်းများကို စီမံခန့်ခွဲလျှက်ရှိသူ ဖြစ်သည်။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/08/2012 10:34:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24326] Fwd: [လူဗိုလ်ဟူသည် ...] မြန်မာ့စီးပွားရေးအတွက် စိမ်ခေါ်မှုများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/8
Subject: [လူဗိုလ်ဟူသည် ...] မြန်မာ့စီးပွားရေးအတွက် စိမ်ခေါ်မှုများ
To: lubo601@gmail.com



by Lu Cifer on Tuesday, May 8, 2012 at 9:04am ·

လွတ်လပ်ခွင့်တွေ ရလာတဲ့ မြန်မာ့စီးပွားရေးမှာ စိမ်ခေါ်မှုတွေလည်း အမြောက်အများ ရှိနေပါတယ်။

ဓာတ်ပုံ - အေပီ

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့ ပြည်ပက လုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရင်း ပံ့ပိုးကြရလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စီးပွားရေးမှာ လွတ်လပ်ခွင့်တွေ ပေးလာရာက ပြည်ပလုပ်ငန်းရှင်တွေ ကိုယ်တိုင်လည်း ၀င်ရောက် လုပ်ကိုင်နိုင်ဖို့ မျှော်လင့်နေကြတာပါ။
ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်မယ့် အခြေအနေရော ရှိနေပါပြီလား? ဆိုတာကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦးက တင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေ အပေါ် တုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အရေးယူ ဒဏ်ခတ် ထားတာတွေ ရုပ်သိမ်းပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံ သာယာဝပြောရေး၊ အခွင့်အလန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက် လာစေရေး အတွက် တိုင်းပြည်မှာ ခိုင်မာ အားကောင်းတဲ့ ဈေးကွက်တွေ ပေါ်ပေါက်ဖို့ လိုနေပြီး၊ ဒါကိုလည်း ပြည်ပက လုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံ လုပ်ကိုင်မှုတွေနဲ့ ဆောင်ရွက်နိုင်တဲ့ အကြောင်း မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ခရီးစဉ် အဆုံးမသတ်မီ တွေ့ဆုံခဲ့တဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောသွားတာပါ။

ဓာတ်ပုံ - အေပီ
ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာအောင် ပြည်ပက ရင်းနှီးမြုပ်နှံကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခရီးစဉ်အတွင်း တိုက်တွန်းသွားပါတယ်။

ဒီအတွက်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပံ့ပိုးပေးသွားဖို့ လိုမယ်လို့လည်း ပြောပါတယ်။
"နိုင်ငံတကာ မိသားစုနဲ့ ကုလသမဂ္ဂတို့  အနေနဲ့ မြန်မာနိုင်ငံမှာ ရှေ့ဆက် လျှောက်လှမ်းနိုင်ဖို့ အပြည့်အ၀ အားပေးသင့်ပါတယ်။ ဒီအတွက်လည်း တတ်နိုင်သလောက် ကျနော်တို့ အနေနဲ့ အဆင့်တိုင်းမှာ အကူအညီ ပေးသွားနိုင်ဖို့ ကျနော် ကတိပေးခဲ့တာပါ။ နိုင်ငံတကာက ပံ့ပိုးမှုတွေ ရဖို့အတွက်လည်း ကျနော် ကြိုးစားသွားမှာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံလိုပဲ တချိန်က အပြောင်းအလဲတွေ ကြုံခဲ့ရဖူးတဲ့ တောင်ကိုရီးယား နိုင်ငံမှာ ကြီးပြင်းခဲ့ဖူးသူ အဖြစ်နဲ့လည်း ပြင်ပက အကူအညီတွေ အပေါ် အားထားခဲ့ရတဲ့ အခြေအနေကနေ ကမ္ဘာ့စီးပွားရေးမှာ ရင်ဘောင်တန်းနိုင်တဲ့ အသွင်ကူးပြောင်းမှုမျိုးဟာ မဖြစ်နိုင်စရာ မရှိဘူးလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောသွားတာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ the Economist ရဲ့ စီးပွားရေး ဆန်းစစ်မှုအဖွဲ့ (EIU) ကတော့ မြန်မာနိုင်ငံ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အလားအလာတွေ ရှိနေတယ်လို့ ဧပြီလမှာ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။


ကုန်ထုတ်လုပ်မှုမှာ လိုအပ်တဲ့ အခြေခံတွေ ရှိနေတဲ့ တိုင်းပြည်တခုအဖြစ် စီးပွားရေး အားကောင်း လာနိုင်တယ်လို့လည်း EIU ရဲ့ အာရှရေးရာ အယ်ဒီတာ မိုက် ဂျိတ်ခ်မန်း (Mike Jakeman) က ပြောပါတယ်။
"နိုင်ငံရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး အပိုင်းတွေမှာ တိုးတက်အောင် လုပ်နိုင်မယ် ဆိုရင်တော့၊ အလားအလာကောင်းတွေ အကြီးအကျယ် ရှိနေတယ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ လူဦးရေ အားဖြင့် သန်း ၆၀ လောက်အထိ ရှိနေပြီး လုပ်သားအင်အား ကြီးကြီးမားမား ရှိနေသလို၊ လုပ်အားခလည်း ဈေးချိုနေလို့ပါ။ မြန်မာနိုင်ငံထဲမှာ ၀င်ငွေ တိုးလာတာနဲ့အမျှ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာလည်း ၀ယ်လိုအားတွေ တက်လာမှာ ဖြစ်ပါတယ်။"

ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်သွားမယ် ဆိုရင်တော့ စီးပွားရေး အားကောင်းလာမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၁၈ လအတွင်း မြန်မာနိုင်ငံမှာ တွေ့လာရတဲ့ အပြောင်းအလဲ တချို့ဟာ အပေါ်ယံသာ ရှိနေသေးတာမို့ အဆောင်အယောင် သဘောသာ ဖြစ်မလား၊ တကယ်အားကောင်းတဲ့ စီးပွားရေး ဖြစ်မလား ဆိုတာကို ဆင်ဖြူတော်လား၊ နောက်ထပ် ကျားတကောင်လား ဆိုတဲ့ ခေါင်းစဉ်နဲ့ EIU ရဲ့ အစီရင်ခံစာက မေးခွန်းထုတ် ထားတာပါ။ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အန္တာရာယ် ကြီးကြီးမားမား ရှိနေတာတွေကတော့ မူဝါဒရေးရာ ချမှတ်ရာမှာ အားနည်းချက်တွေ၊ အရည်အသွေး မပြည့်ဝတဲ့ အဖွဲ့အစည်းတွေနဲ့အတူ ပြုပြင်ပြောင်းလဲမှုတွေမှာ ဘက်မညီမျှမှုတွေ ရှိနေတာ၊ အစိုးရပိုင် ကဏ္ဍတွေ အတွက် ငွေကြေး သုံးစွဲမှုတွေမှာ အားနည်းချက်တွေကြောင့် အစိုးရရဲ့ ဘဏ္ဍာရေး အသုံးစားရိတ်မှာ လိုငွေပြနေတာတွေကိုလည်း EIU အဖွဲ့ရဲ့ အစီရင်ခံစာက သတိပေး ထားပါတယ်။

တချိန်တည်းမှာပဲ လစ်ဟာမှုတွေ ရှိနေလင့်ကစား ပါတီစုံ ဒီမိုကရေစီ စနစ်တရပ် အမြစ်တွယ်လာရာက နိုင်ငံရေးမှာ တိုးတက်မှုတွေနဲ့အတူ စီးပွားရေး အားကောင်းလာနိုင်တဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ ဆန်းစစ်ထားတာပါ။ ဒါပေမဲ့လည်း လက်ရှိ မြန်မာအစိုးရကို ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကို နေရာပေးလာနေတာကို သူ့ကိုထောက်ခံသူတွေက ဘယ်လောက် အထိ လက်ခံမယ်ဆိုတာ တတ်အပ် မပြောနိုင်တာကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ် အတိအကျ ဟောကိန်းထုတ်ဖို့ မလွယ်ဘူးလို့လည်း ဖော်ပြပါတယ်။


နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့် ပေးခဲ့တာတွေ သက်တမ်း နုနယ်နေသေးတာ၊ အချိန်မရွေး နောက်ကြောင်းပြန် လှည့်သွားနိုင်တဲ့ အခြေအနေ တချို့လည်း ရှိနေသေးတာမို့ စိတ်ချလက်ချ မပြောနိုင်တာလို့ EIU အယ်ဒီတာ ဂျိတ်ခ်မန်း ကပြောပါတယ်။
"လောလောဆယ် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ ကျနော်တို့ အနေနဲ့ နည်းနည်းတော့ သတိထားတုန်းပါပဲ။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး အခြေအနေနဲ့ စီးပွားရေးကြား နီးနီးစပ်စပ် ဆက်နွယ်နေလို့ပါ။ သတင်းမီဒီယာတွေမှာ အစိုးရက ဆောင်ရွက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဖော်ပြနေတာတွေကြောင့်လည်း လတ်တလော မြန်မာနိုင်ငံကို စိတ်ဝင်စား နေကြတာ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေက အကန့်အသတ်နဲ့ပဲ ရှိနေတာပါ။"

ဓာတ်ပုံ - အေပီ
အခြေခံ အဆောက်အအုံ အားနည်းချက်တွေကလည်း မြန်မာ့စီးပွားရေးအတွက် စိမ်ခေါ်မှုတခုပါ။

ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေကတော့ အရင်းအမြစ်နဲ့ လုပ်သားအင်အား ကြီးကြီးမားမား ရှိနေတဲ့ 
တိုင်းပြည်တခုအဖြစ် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြဖို့ စိတ်ဝင်စား နေကြတာပါ။ အထူးသဖြင့် မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် ထားတာတွေကို လျှော့ပေါ့တာ၊ ဖယ်ရှားတာတွေ လုပ်လာကြတာမို့  စီးပွားရေးနဲ့ ကုန်သွယ်မှုတွေ ပိုပြီး အားကောင်း လာမယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ရင်းနှီးမြုပ်နှံကြမယ့် သူတွေအဖို့ လတ်တလော အခြေအနေမှာ အခွင့်အလန်းထက် စိမ်ခေါ်မှုတွေနဲ့ ကြုံနေကြရတာပါ။

EIU အဖွဲ့ရဲ့ အာရှရေးရာ အယ်ဒီတာ ဂျိတ်ခ်မန်း ကတော့ စီးပွားရေး အတွက် အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းစရာ အများအပြား ရှိနေသေးတယ်လို့ သုံးသပ်ထားပါတယ်။

"ငွေပင်ငွေရင်းတွေကို တနေရာက တနေရာ လွှဲပြောင်းရာမှာ အကြီးအကျယ် ကန့်သတ်ထားတာတွေ ရှိပါတယ်။ စိတ်ချလက်ချ ငွေအရင်းအနှီး မတည်ဖို့ ငွေကြေး လွှဲပြောင်းဖို့လည်း မလွယ်ပါဘူး။ ကုန်စည် စီးဆင်းမှုအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ ရှိနေတာ၊ အားကိုးလောက်တဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ မရှိတာတွေလို ပြဿနာတွေကလည်း စိတ်ပျက်မယ်ဆိုရင် စိတ်ပျက်စရာတွေပါ။ ဒါကြောင့်လည်း လုပ်စရာတွေကတော့ အများကြီး ရှိနေပါတယ်။"

မကြာခင်နှစ်တွေအတွင်း မြန်မာ့စီးပွားရေး အလားအလာတွေအဖြစ် EIU ရဲ့ အစီရင်ခံစာက ခန့်မှန်းရာမှာတော့ ၆၀ ရာခိုင်နှုန်းလောက် ဖြစ်နိုင်ချေ အများဆုံးရှိတဲ့ အခင်းအကျင်း တခုအဖြစ်၊ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နေပေမဲ့ အခြေခံကျကျ စစ်မှန်တဲ့ အပြောင်းအလဲတွေ အနည်းအကျဉ်းလောက်သာ ရှိနိုင်မယ်လို့ ဖော်ပြပါတယ်။ ဒီဖြစ်နိုင်ချေပေါ်မှာ ဖွံ့ဖြိုးနိုင်တဲ့ ပမာဏကို တွက်ချက် ထားရာမှာတော့ ဒီနှစ် ၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ  ၅ ရာခိုင်နှုန်း ရှိနေရာကနေ ၂၀၁၆ နဲ့ ၂၀၂၀ ပြည့်နှစ် အတွင်းမှာတော့ ၇.၇ ရာခိုင်နှုန်းအထိ တက်လာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဓာတ်ပုံ - ရိုက်တာစ်
ဒီမိုကရေစီ အင်အားစုတွေ လွှတ်တော်တွင်း ရောက်လာပေမဲ့ နိုင်ငံရေးအရ စိမ်ခေါ်မှုတွေလည်း ရှိနေဆဲပါ။

ဒုတိယ ဖြစ်နိုင်ချေအားဖြင့် ၂၅ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားတဲ့ နိုင်ငံရေး၊ 
စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်ကောင်းကောင်းနဲ့ လုပ်လာမယ့် အလားအလာရှိတဲ့ ရွှေခေတ် တခေတ်လည်း ဖြစ်နိုင်တယ်လို့ EIU က သုံးသပ်ပါတယ်။ ဒီလို ဖြစ်လာမယ် ဆိုရင်တော့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၂၀၁၂ ဘဏ္ဍာနှစ်မှာ ၅ ရာခိုင်နှုန်း၊ ဒီနောက်မှာတော့ ၂၀၁၆ ကနေ ၂၀၂၀ အတွင်း ၈.၅ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဖြစ်နိုင်ချေအားဖြင့် အနည်းဆုံးအဖြစ် ၁၅ ရာခိုင်နှုန်းရှိတဲ့ နောက်ဆုံး အလားအလာ တခုကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ကြောင်းပြန်ပြီး၊ စစ်တပ်က ပြန်လည်လွှမ်းမိုးလာမယ့် အခြေအနေလို့ ဆိုပါတယ်။ ဒီလို အခြေအနေကို ရောက်သွားမယ် ဆိုရင်တော့ ဒီနှစ် ဘဏ္ဍာရေးနှစ်မှာ ဖွံ့ဖြိုးမှု ၅ ရာခိုင်နှုန်း ရှိနေရာကနေ ၂၀၁၆ ကနေ ၂၀၂၀ ပြည့်နှစ် အတွင်း ၄.၄ ရာခိုင်နှုန်းလောက်အထိ ပြန်လည် ကျဆင်းနိုင်တဲ့ အဖြစ်နဲ့ ရင်ဆိုင်ရမယ်လို့ the Economist မဂ္ဂဇင်းရဲ့ စီးပွားရေး ဆန်းစစ်မှုအဖွဲ့ (EIU) က မြန်မာနိုင်ငံ စီးပွားရေး ဆန်းစစ်ချက်အဖြစ် နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ သုံးသပ်ထားတဲ့ အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

အောင်လွင်ဦး
VOA
တနင်္လာ, 07 မေ 2012




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/08/2012 11:27:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24325] Fwd: [လူဗိုလ်ဟူသည် ...] ထင်သလောက် မဆိုးတဲ့ လောကပါ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/8
Subject: [လူဗိုလ်ဟူသည် ...] ထင်သလောက် မဆိုးတဲ့ လောကပါ
To: lubo601@gmail.com



တကယ်လို့ သာ ကမ္ဘာလူဦးရေကို လူတစ်ရာပဲ အတိအကျရှိနေတဲ့ ရွာကလေးတရွာအဖြစ် လျှော့ချလိုက်မယ်ဆိုရင် အခုလက်ရှိအနေအထား မှာရှိတဲ့ လူအချိုးအစားက သည်လိုဖြစ်မယ်တဲ့။

လူတစ်ရာမှာ အာရှတိုက်သားက (၅၇) ယောက်၊ ဥရောပ တိုက်သားက (၂၁)ယောက်၊ အနောက်တိုင်းသားက (၁၄)ယောက်နဲ့ အာဖရိကတိုက်သားက (၈) ယောက်ရှိနေပါလိမ့်မယ်။

အဲဒီ့ လူတစ်ရာမှာ အမျိုးသမီးက (၅၂)ယောက်နဲ့ အမျိုးသားက (၄၈)ယောက် အချိုးရှိ နေပြန်သတဲ့။

လူဖြူက ၃၀ ပဲရှိပြီး လူဖြူမဟုတ်တဲ့ လူမည်းတွေ၊ ကျွန်တော်တို့ အာရှတိုက် သားတွေလို အညိုတွေ၊အ၀ါ တွေက ကျတော့ (၇၀)တောင်ရှိမယ်။


အလားတူပဲ၊ ခရစ်ယာန် ဘာသာဝင်က (၃၀) ဖြစ်ပြီး ခရစ်ယာန်မဟုတ်ဘဲ အခြား ဘာသာအသီးသီးကိုးကွယ်ယုံကြည် သူက (၇၀)ရှိမယ် လို့လည်း ကိန်းဂဏန်းတွေက ပြဆိုနေပြန်တယ်။

အဲ..လိင်ကွဲကို စုံမက်တတ်သူ (ယောက်ျားက မိန်းမကိုပဲ ကြိုက်တာ၊ မိန်းမကလည်း ယောက်ျားကိုပဲကြိုက်တာ)က (၈၉)ယောက် ရှိနေမှာဖြစ်ပြီး လိင်တူချင်း မှကြိုက်ကျသူ (မိန်းမလျာ၊ယောက်ျားလျာ) က (၁၁)ယောက်ရှိနေပါတယ်။

အဲဒီ့ လူ(၁၀၀)ထဲကမှ (၆)ယောက်ဟာ ကမ္ဘာ့ ကြွယ်ဝမှုရဲ့ (၅၉) ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားမှာဖြစ်ပြီး အဲ့ဒီ (၆)ယောက်စလုံးဟာ အမေရိကန်နိုင်ငံကဖြစ်နေသတဲ့။ အယောက် (၈၀) ကတော့ အိမ်နဲ့ယာနဲ့ကျကျနနနေနိုင် သူတွေမဟုတ်ဘဲ တော်ရိရော်ရိမှာ ဖြစ်သလိုနေနေသူ တွေတဲ့။

(၁၀၀) ရာမှာ (၇၀) ယောက်ဟာ စာမဖတ်တတ်ဘူး။ ပြီးတော့ (၅၀) က အာဟာရ ဓာတ်ချို့တဲ့နေတယ်၊ အစာရေစာ မ၀လင်ဘူးတဲ့။ (၁၀၀)ရာ မှာ တစ်ယောက်က သေလုမြော ပါးဖြစ်နေသလို နောက်တစ်ယောက်ကလည်း မီးဖွားမယ့် ဆဲဆဲဖြစ်နေပြန်တယ်။

ပြီးတော့(၁၀၀)မှာ တစ်ယောက်ဆို တစ်ယောက်တည်းဟာ တက္ကသိုလ်ပညာရေးကို ဆည်းပူးခွင့်ရနေပါတယ်။ ပြီးတော့ တစ်ရာမှာ တစ်ယောက်တည်းကသာ ကွန်ပြူတာကို ပိုင်ဆိုင်ပါတယ်တဲ့။

ဒါဟာ ကနေ့ ကမ္ဘာ့လက်ရှိလူဦးရေနဲ့ သက်ဆိုင်တဲ့ ကိန်းဂဏန်းများ အချိုးအစားပါ။ (၁၀၀) နဲ့ ချိန်ပြောရင် ဒီအတိုင်းပဲထွက်ပါတယ်။

အဲလိုကျကျနန စဉ်းစားကြည့်လိုက်တဲ့အခါ လက်ခံနိုင်ဖို့၊နားလည်ပေးနိုင်ဖို့နဲ့ ပညာ ကို တန်ဖိုးထားဖို့ဆိုတဲ့ အရေးကိစ္စတွေဟာအင်မတန်အရေးကြီးတယ်ဆိုတာ သိသာထင်ရှား လှပါတယ်။

ဒါတင်မကသေးပါဘူး၊ အောက်ပါအချက်အလက်တွေ ကလည်းတော်တော့်ကို စဉ်းစား စရာကောင်းလာပါလိမ့်မယ်။

တကယ်လို့ သင်ဟာ ကနေ့မနက်မှာ မာမာချာချာကြီးနဲ့ အိပ်ရာက နိုးထလာခဲ့သူဖြစ် နေရင် ခင်ဗျားဟာ သည်တစ်ပတ်အတွင်း မှာ သေဆုံး သွားရတော့မယ့် ကမ္ဘာပေါ်က လူတစ် သန်းထက် အများကြီး ပိုကံကောင်းနေတာ မဟုတ်ဘူးလား။

သင်ဟာ စစ်ဘေးစစ်ဒဏ်ကို တစ်ခါမှမခံစားဖူးဘူး၊ အကျဉ်းစံဘ၀မှာလည်း နေဖူးဘူး၊ နှိပ်စက်ညှဉ်းပမ်းမှုဒဏ်ကို လည်းမခံစားခဲ့ဖူးဘူး၊ ဒါမှမဟုတ် ငတ်မွတ်မှုကိုလည်း မခံစားဖူးဘူး ဆိုရင် ခင်ဗျားဟာ အဲဒီ့ ဒဏ်တွေကို ခံစားခဲ့၊ ခံစားဆဲ ကမ္ဘာ့လူဦးရေ သန်းပေါင်း (၅၀၀)ထဲမှာ မပါတဲ့ကံထူးရှင်တစ်ယောက်ပါပဲလို့ အောက်မေ့နိုင်ပါတယ်။

ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ခရစ်ယာန် ၊ ဟိန္ဒူဘုရားကျောင်း၊ ၀တ်ပြုဆုတောင်း ခန်းမ၊ ဗလီစတာတွေကို စိတ်အေးလက်အေးသွား နေနိုင်တယ်၊အဲသလို သွားတဲ့အတွက် အဖမ်းခံရမှာ၊ အနှိပ်စက်ခံရမှာ ၊အသတ်ခံရမှာ လုံးလုံးစိုးရိမ်စရာ မရှိဘူးဆိုရင် သင်ဟာ ကမ္ဘာ မှာ အဲဒါမျိုးကို စိုရိမ်တကြီးဖြစ်နေရ ရှာတဲ့လူပေါင်း (၃) ကုဋေ ထက် ပိုကံကောင်းနေပါတယ်။

စားစရာတွေက မီးဖိုချောင်ထဲမှာ ၊ ကြောင်အိမ်ထဲမှာ သူ့ဟာလေးနဲ့သူရှိနေတယ်။ ခါးပေါ်မှာ အ၀တ်လည်း ရှိနေတယ်၊ အမိုးအကာအောက်မှာ ကျောခင်းစရာနေရာလေးတစ် နေရာ ရှိနေတယ်ဆိုရင် သင်ဟာ ကမ္ဘာ့ လူဦးရေရဲ့ (၇၅%) ထက်ပိုပြီး ချမ်းသာနေပါတယ်လို့ မှတ်ယူနိုင်ပါတယ်။

ဘဏ်တိုက်ထဲမှာ ငွေလေးကြေးလေးရှိတယ်။ ဒါမှမဟုတ် အိတ်ကပ်ထဲမှာ ငွေစ ၊ကြေးစ လေးတွေရှိနေတယ်၊ အိမ်ထဲမှာလည်း ပိုက်ဆံအနည်းကျဉ်းရှိနေတယ်ဆိုရင် သင် ဟာ ကမ္ဘာ့ မရှိမရှားလူတန်းစား (၈) ရာခိုင်နှုန်းထဲမှာ ပါတယ်လို့မှတ်ယူနိုင်ပါတယ်။

သည်အထဲမှာမှ မိစုံ ဖစုံလည်းရှိသေးတယ်။ အမေနဲ့အဖေနဲ့ ကလည်း အခုအချိန် အထိ ပေါင်းဖက်နေကြသေးတယ် ဆိုရင်တော့ ကမ္ဘာရှားစာရင်းထဲမှာ တောင် သင်ပါပြီးသွား ပါပြီ။


အခု ရေးထားတဲ့ စာကို ဖတ်နေနိုင်ပြီဆိုရင် တော့ သူငယ်ချင်းရေ မင်းဟာ ကမ္ဘာ မှာ ရှိတဲ့ စာမရေး တတ်၊ မဖတ်တတ်ရှာတဲ့ လူပေါင်း သန်း ၂၀ ကျော် ( ၂ ကုဋေ ) ထက်ကံကောင်းတဲ့သူ ဖြစ်နေတာအသေအချာ ပဲပေါ့နော် ။

အဲဒီလို စဉ်းစားကြည့်ရင် လောကကြီးဟာထင်သလောက် မဆိုးဘူးဆိုတာ တွေးနိုင် လာကြမယ် ထင်ပါတယ်။


ဆရာ အတ္တကျော်ရဲ့ ဘာသာပြန်လက်ရာလေးပါ။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/08/2012 10:18:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24323] Fwd: [လူဗိုလ်ဟူသည် ...] ကိုယ်သာ ရော့သ်ချိုင်း ဆိုရင်လေ.......( အပိုင်း ၁ )



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/8
Subject: [လူဗိုလ်ဟူသည် ...] ကိုယ်သာ ရော့သ်ချိုင်း ဆိုရင်လေ.......( အပိုင်း ၁ )
To: lubo601@gmail.com



by Spring Flowers on Wednesday, March 28, 2012 at 8:43am

  •                            Bill Gate ဆိုရင် မိုက်ခရိုဆော့ဖ် ပိုင်ရှင် သူဌေးကြီးလို့စဉ်းစားမိတယ်။ မာ့ခ် ဇူးကမ်ဘတ် Mark Zuckerberg ဆိုရင် ဖေ့ဘွတ်ခ်တီထွင်သူ သူဌေးလေးမှန်း တွဲသိတယ်။ရော့သ်ချိုင်း Rothschild ဆိုတဲ့ နာမည်ကျတော့ တို့တွေနဲ့ စိမ်းမနေဘူးလား ။ ကြားဖူးသူအဖို့လည်း ၀ိုင်အရက်လား၊ ဘဏ်လား၊ အိမ်နာမည်လား၊ ဟိုတယ်လား၊ အန္တာတိကတိုက်က ကျွန်းလား။ အပင်နာမည်လား၊ တိရစ္ဆာန် တစ်မျိုးမျိုးလား၊ အနုပညာလက်ရာ တစ်ခုခုလား ဆိုတဲ့နဲ့ မေးခွန်းတွေ တစ်သီကြီးထွက်လာနိုင်ပါတယ်။ Rothschild ရဲ့ နှစ်ပေါင်း ၂၀၀ ကျော် ကြာ လွှမ်မိုးနိုင်မှုဟာ အဲလောက်ထိ နယ်ပယ်များတာပါ။ သိုသိုဝှက်ဝှက် နေလာပေမယ့် ဒီမိသားစုရဲ့ နာမည်ကို တစ်နေရာမဟုတ်တစ်နေရာတော့ကြားဖူးကြသူများတယ်။ သူ့ဟာသူ ချမ်းသာနေတာ ငါတို့နဲ့ ဘာဆိုင်လဲ ဆိုရင်တော့ ဆိုင်ပါသော်ကောကွယ်။ ရွှေဈေးဘယ်လောက်ဖြစ်သွားပြီ ဆိုရင် ရုတ်တရက်ရောင်းဖို့အစီအစဉ်မရှိရင်တောင် နားလေးတော့ စွင့်မိတာဘဲ မဟုတ်လား။ စိတ်တွက်ကလေးတော့ လုပ်မိတာဘဲမဟုတ်လား။ ရွှေဈေးတက်လို့ ဒေါ်လာဈေးကျသွားပြီဆိုရင် အစိမ်းကိုင်ထားမိတာ နာတာဘဲကွာ လို့ မချင့်မရဲဖြစ်မိတဲ့ အခါလေးတွေလည်း ရှိကောင်းရှိမှာပါ။ အဲဒါတွေကို Rothschild ဆိုတဲ့ ပုဂိုလ်တွေက  ( သိပ်မကြာခင်ကာလကအထိ ) လန်ဒန်မြို့တစ်နေရာက လုပ်နေခဲ့တာဆိုရင်တော့ '' ဘူကြီးလဲဟင် ''လို့ မဖြစ်ရလေအောင် သူ့တို့အကြောင်းတစ်ချို့တစ်ဝက်ကို တင်ပြလိုက်ပါတယ်။
 Rothschild မိသားစုပိုင်ခဲ့သော အိမ်ပေါင်းများစွာထဲမှတစ်အိမ်
  •                 ရော့သ်ချိုင်း မိသားစုဆိုတာ ဥရောပနိုင်ငံတွေတော်တော်များများမှာရှိတယ်။ များသောအားဖြင့် သူတို့နာမည်ကို ဘဏ်လုပ်ငန်းတွေနဲ့တွဲသိကြတယ်။ ဥပမာပြောရရင် N M Rothschild & Sons  ဆိုတာ လန်ဒန်အခြေစိုက်ပြီး နိုင်ငံပေါင်း ၅၀ ကျော်မှာ ရုံးခွဲရှိတဲ့ ဘဏ်လုပ်ငန်းဖြစ်တယ်။ The Bank of England ဆိုတာ အင်္ဂလန်နိုင်ငံနာမည်ကို ယူထားလို့ အစိုးရပိုင်လို့ထင်ရပေမယ့် ရော့သ်ချိုင်းတို့ဘဲ ချုပ်ကိုင်တယ်လို့ ဆိုတယ်။ အမေရိကန်ရဲ့ အဓိကဘဏ်ကြီးတစ်ခုဖြစ်တဲ့ Federal Reserve Bank ဆိုတာကို နောက်က ကြိုးကိုင်သူများထဲမှာလည်း သူတို့ထိပ်ဆုံးကပါသတဲ့။ သူတို့လုပ်ငန်းတွေဟာ ဥရောပ၊ အမေရိန်ကန်သာမက တခြားနိုင်ငံတွေမှာလည်း မှိုလိုပေါက်နေတယ်။ ဒါပေမယ့်များသောအားဖြင့် ရော့သ်ချိုင်းနာမည်ခံပြီး လုပ်တာ နည်းတဲ့ အတွက် မကြားဖူးဘူးဆိုရင်လည်း ဆန်းတော့မဆန်းပါဘူး။ သူတို့မိသားစုကြီးဟာ ဥရောပ နိုင်ငံကြီးတွေမှာ တကွဲတပြားစီနေတယ်။ နေတဲ့နေရာကို လိုက်ပြီး အမေရိကန်လူမျိုး၊ ဂျာမန်လူမျိုး၊ ပြင်သစ်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ သြစတြီးယားလူမျိုး၊ အီတလီလူမျိုး စသည်ဖြင့် ကွဲနေပေမယ့်အစက တစ်မအေ တစ်ဖအေတည်းက ပေါက်ဖွားလာတဲ့ မျိုးဆက်တစ်ခုဖြစ်တယ်။ ရောသ်ချိုင်းစီးပွားရေးကို စတင် တည်ထောင်ခဲ့တဲ့ ဦးရောသ်ချိုင်းကြီးအကြောင်းကို သိဖို့အခု အချိန်ကနေ အနှစ် ၂၀၀ ကျော်လောက် သမိုင်းထဲကို နောက်ပြန်ဆုတ်ကြည့်ကြစို့။
ရော့သ်ချိုင်းမျိုးနွယ်တစ်ယောက်/ ဂျာမနီနိုင်ငံFrankfurt မြို့က ရော့သ်ချိုင်း အိမ်တစ်လုံး
  •                    ၁၇၄၄ မှာ ဂျာမနီနိုင်ငံ Frankfurt မြို့က ဂျူးရပ်ကွက်တစ်ခုမှာ '' မေရာ ရော့သ်ချိုင်း Mayer Rothschild '' ဆိုတဲ့ ဂျူးလူမျိုးလေးတစ်ယောက်မွေးလာတာဟာ ဥရောပသမိုင်းကို သွယ်ဝိုက်ပြီးရေးခဲ့တဲ့ ရော့သ်ချိုင်းမိသားစုကြီးရဲ့ အစပါ။ သူ့အဖေ ''မိုးဇက် ရောသ်ချိုင်း'' ဟာ သူတို့နေတဲ့ မြို့မှာ ငွေလဲသူ မန်းနီးချိန်ဂျာ money changer တစ်ယောက်ဖြစ်တယ်။ မန်းနီးချိန်းဂျာဆိုတာ အဲဒီအချိန်ကတည်းရှိခဲ့ပြီး ဥရောပဘဏ်လုပ်ငန်းတွေရဲ့ အစလည်းဖြစ်တယ်။ အဲဒီကာလတုန်းက ဥရောပမှာ မြို့တိုင်းလောက်နီးနီး ကိုယ်ပိုင်ပိုက်ဆံကို သုံးကြတယ်။ ပိုက်ဆံပြား coin ပေါ်မှာ ဆိုင်ရာဆိုင်ရာမြို့က နယ်စားပုံ၊ ဒါမှမဟုတ် သင်းအုပ်ဆရာပုံရိုက်နှိပ်ထားတယ်။ ဒီတော့ ကုန်သည်တွေဟာ တစ်ခြားမြို့တစ်မြို့ကို အလုပ်ကိစ္စနဲ့ သွားရင် အဲဒီမြို့က ပိုက်ဆံကို အဲဒီမြို့က ငွေလဲသူတွေဆီမှာ လဲရတယ်။မေရာရော့သ်ချိုင်းရဲ့ အဖေဟာ ဖရန့်ဖော့Frankfurt မြို့ကိုပါ အပိုင်စားတဲ့ နယ်စားကိုပါ လိုရင်လိုသလို ပိုက်ဆံလဲပေးရသူဖြစ်တယ်။ အဲဒီလုပ်ငန်းနဲ့အတူ ရွှေပန်းထိန်လုပ်ငန်းကိုပါလုပ်တဲ့အတွက် ရွှေပေါင်ပါခံသတဲ့။ မေရာရော့သ်ချိုင်းက မောင်နှမရှစ်ယောက်မှာ လေးယောက်မြောက်။အဖေအမေ အဘိုးအဖွားတွေနဲ့ ပေါင်းပြီး သူတို့မိသားစုဟာ ဆိုင်ရဲ့ အပေါ်ထပ်က အိမ်ခန်းကျဉ်းလေးမှာ ကျပ်ကျပ်တည်းတည်း နေခဲ့ရတယ်။ နှာခေါင်းပေါက်လောက်ရှိတဲ့ အိမ်ပိစိလေးတစ်ခုမှာ ငပိသိပ်ငချဉ်သိပ်နေခဲ့ရတဲ့ အဲဒီမောင်နှမရှစ်ယောက်က အလတ်ကောင်ကလေး မေရာ ရောသ်ချိုင်းဟာ တစ်ချိန်မှာ ကမ္ဘာ့အချမ်းသာဆုံးမိသားစုကြီးတစ်ခုကို ဖန်တီးမယ့်သူလို့ ဘယ်သူပြောနိုင်ခဲ့မှာလဲ။ ၂၀၀၅ မှာ Forbes Magazine ကြီးက မေရာရောသ်ချိုင်းကို ကမ္ဘာ့သမိုင်းမှာ သြဇာအကြီးဆုံး စီးပွားရေးလုပ်ငန်းရှင်အယောက် ၂၀ The Twenty Most Influential Businessmen of All Time မှာ နံပါတ် ၇ နေရာမှာ ဖော်ပြခဲ့တယ်။ Business Magazine ကတော့ သူ့ကို နိုင်ငံတကာငွေကြေးလုပ်ငန်းကို တည်ထောင်သူ လို့ သမုတ်တယ်။
 ဟီလာရီ ကလင်တန်တို့ စုံတွဲနှင့် အမေရိကန်နိုင်ငံမှ ရော့သ်ချိုင်းများ( Sir Evelyn de Rothschild နဲ့ သူ့မိန်းမ Lady de Rothschild) ။ အိုဘားမားနဲ့ အပြိုင် သမ္မတအရွေးခံခဲ့ကြတဲ့ဟီလာရီကလင်တန်နဲ့ ဂျွန်မက်ကိန်း ( သိပ်မကြာခင်ကမြန်မာပြည်ကို လာသွားသူ ) တို့ရဲ့မဲဆွယ်ပွဲများအတွက် အကုန်အကျခံခဲ့သူများ
  •                   ကံတရားများ ဘယ်လောက်ဆန်းသတုန်းဆို အစက မေရာရောသ်ချိုင်းဟာ စီးပွားရေးလုပ်ဖို့အစီအစဉ်မရှိဘူး။ ဂျူးဘုန်းကြီးလုပ်မလို့ဆိုပြီး စာနည်းနည်းပါးပါးသင်ဖူးတယ်။ ဒါပေမယ့်စီးပွားရေးအကြီးအကျယ်လုပ်ရမယ့်ကံပါသလားတော့မသိဘူး။ သူ့မိဘတွေစောစောစီးစီးဆုံးသွားလို့ တခြားမြို့ကဘဏ်တစ်ခုမှာ အလုပ်သင်ဝင်လုပ်ခဲ့ရတယ်။  နှစ်သိပ်မကြာခင်မှာဘဲ ကိုယ့်မြို့ကို ပြန်လာပြီး သူ့အဖေရဲ့ ငွေလဲတဲ့ အလုပ်ကို ဆက်လုပ်တယ်။ ရွှေပေါင်ခံတယ်။ အဖေလိုဘဲ နယ်စားရဲ့ငွေလဲပေးသူဖြစ်လာတယ်။ အဲဒီကနေမှ နယ်စားနဲ့ အလွမ်းသင့်လွန်းလို့ တစ်ဆင့်တက်ပြီး Court Jew ရာထူးကို ရတယ်။Court Jew ဆိုတာ နန်းတော်ရဲ့ ငွေကြေးကို စီမံရသူ ဘဏ္ဍာမှူးလည်း ဖြစ်၊ အ၀ယ်တော်လည်း ဖြစ်တယ်။ ဂျူးတွေဟာ ငွေကြေးနဲ့ပတ်သက်ရင် ပါရမီကို ပါတယ်လို့ဆိုကြတယ်မဟုတ်လား။ သူများမနာလိုချင်စရာကောင်းလောက်အောင် စီးပွားရေးဥာဏ်ရှိကြတယ်လို့ဆိုတယ်။

  •                   အခုလည်း မေရာရောသ်ချိုင်းလုပ်ပုံကိုကြည့်လေ။ ငါတော့ Court Jew ဖြစ်ပြီ။ သူများထက်သာသွားပြီ။ အေးအေးဆေးဆေးငါ့မိသားစုနဲ့ နှပ်နေလို့ရပြီလို့မရှိဘူး။ မွေးထားတဲ့ ကလေးဆယ်ယောက်ကို ငွေရေးကြေးရေးနဲ့ ပတ်သက်တာအားလုံး သင်ထားပေးတယ်။ သားငါးယောက်ကို ဥရောပနိုင်ငံအသီးသီးမှာ ဘဏ်လုပ်ငန်းကို ချဲ့ထွင်စေခဲ့တယ်။ နိုင်ငံခြားကို ပထမဆုံးအလွှတ်ခံလိုက်ရသူက တတိယသား နေသန်ရော့သ်ချိုင်း Nathan Rothschild ။ မန်ချက်စတာမြို့ကို ၁၇၉၈ မှာ ရောက်သွားတဲ့ နေသန်ရောသ်ချိုင်းဟာ အသက် ၂၁ အရွယ် လူပျိုကလေးပါ ။ ငယ်သာ ငယ်ပေမယ့် သူဟာ သားတွေထဲမှာ အလျှင်ဆုံး အသွက်ဆုံးလို့ နာမည်ကြီးတဲ့ အလျှောက် မန်ချက်စတာမြိုမှာလည်း အ၀တ်အထည်နဲ့ ကုန်မျိုးစုံရောင်းဝယ်တဲ့ ကုန်သည်တွေထဲမှာ မကြာခင်နာမည်ရလာခဲ့တယ်။ မန်ချက်စတာမှာ ဆယ်နှစ်လောက်ကြာတော့နေသန်ဟာ လန်ဒန်ကို ပြောင်းအခြေချခဲ့တယ်။ အဲဒီအချိန်မှာ သူဟာ အင်္ဂလန်နိုင်ငံသားခံယူပြီးသွားပြီ။ ကြွယ်ဝချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေပြီ။ဘဏ်လုပ်ငန်းထဲကို ၀င်ပြီး လူကုံထံတစ်ယောက်ဖြစ်နေပြီ။ လန်ဒန်စတော့ဈေးကွက် London Stock Exchange မှာ မသိသူမရှိဖြစ်နေပြီ။ ဒါပေမယ့် အဖေ့စကားနားထောင်ဆဲ။ သူ့အဖေစီမံမှုကို အလေးထားနာခံဆဲ။

          ၁၈၀၉ ကစပြီးလုပ်တဲ့ နိုင်ငံခြားငွေလှဲလှယ်တာနဲ့ ရွှေတုံးတွေကို အတိုးနဲ့အပေါင်ခံတာဟာ သူ့စီးပွားရေးလုပ်ငန်းကြီးရဲ့ အခရာဖြစ်တယ်။

အင်္ဂလန်ရော့သ်ချိုင်း ဘဏ်မျိုးဆက်ကို တည်ထောင်သူ နေသန်ရော့သ်ချိုင်း / ဥရောပနိုင်ငံများမှာ ဘဏ်လုပ်ငန်းတည်ထောင်ခဲ့ကြတဲ့ နေသန်ရော့သ်ချိုင်းတို့ ညီအစ်ကို ငါးယောက်ပုံ
  •                  ဒီအတောအတွင်းမှာ ဇာတိရပ်ဖြစ်တဲ့ ဂျာမနီနိုင်ငံ Frankfurt မှာကျန်ခဲ့တဲ့အဖေကြီး မေရာရော့သ်ချိုင်းဟာ ကျန်တဲ့ သားလေးယောက်ထဲက သားအငယ်ဆုံး '' ဂျက်ကော့ Jacob Rothschild ''ကို ပြင်သစ်ကို လွှတ်လိုက်တယ်။ ဂျက်ကော့ဟာ ပဲရစ်မြို့ကို ရောက်ပြီးခြောက်နှစ်အကြာမှာ ရော့သ်ချိုင်းဘဏ်ကိုဖွင့်ပြီး မိသားစုလုပ်ငန်းကို ချဲ့ခဲ့တယ်။ ပြင်သစ်ဘုရင် နှစ်ပါးရဲ့ အတိုင်ပင်ခံဖြစ်လာတယ်။ နပိုလီယံစစ်ပွဲတွေပြီးလို့ နည်းနည်း ငြိမ်းချမ်းလာတဲ့ကာလမှာ ပြင်သစ်ကို စက်မှုထွန်းကားတဲ့နိုင်ငံဖြစ်အောင် လုံးပမ်းလာကြချိန်မှာ သူဟာ မီးရထားလမ်းဆောက်လုပ်ရေးနဲ့ သယံဇာတတူးဖော်ရေးလုပ်ငန်းတွေလုပ်ရာမှာ ငွေထုတ်ပေးသူဖြစ်လာတယ်။ ဒါတင်မကသေးဘဲ လက်ဖက်ခြောက်လုပ်ငန်းနဲ့ ၀ိုင်အရက်ထုတ်လုပ်ရေးတွေမှာလည်း ပါဝင်လာခဲ့တယ်။ သူ့ရဲ့ ညီအစ်ကိုတွေချမ်းသားမှုကို ထည့်မတွက်ဘဲ့ ဂျက်ကော့တစ်ယောက်တည်း ချမ်းသာမှုကို ဒီနေ့ခေတ်ပိုက်ဆံနဲ့ တွက်ပြီးပြောရရင် Bill Gates ချမ်းသာတာထက် အနည်းဆုံး ငါးဆလောက်ပိုချမ်းသာတယ်လို့ ဆိုကြတယ်။ ၁၈၂၂ မှာ သြစတီးယားဘုရင် ဖရန်စစ်က ဂျက်ကော့နဲ့ သူ့အစ်ကိုတွေကို သူကောင်းဘွဲ့ Baron ချီးမြှင့်တယ်။
                  ပဲရစ်မြို့ရဲ့ အရှေ့မြောက်အရပ် ၁၉ မိုင်အကွာက ဂျက်ကော့ ဆောက်ထားတဲ့Ferrilres လို့ အမည်ရတဲ့ အိမ်ကြီးကိုမြင်တော့ လည်လည်လာတဲ့ ဂျာမန် ဘုရင် Wilhelms the First ဟာ အတော်လေး လေသွားသတဲ့။ '' ဒီလိုအိမ်မျိုးကို ဆောက်ဖို့ဘုရင်တောင် မတတ်နိုင်ပါဘူး။ ဒါမျိုးကို ရော့သ်ချိုင်းသာလျှင် ပိုင်နိုင်တာပါ '' လို့ ဆိုသတဲ့။
ဂျာမန်ဘုရင်ကို လေသွားစေတဲ့ ရော့သ်ချိုင်းရဲ့ ပြင်သစ်က အိမ်
 

  •                             အဖေကြီး '' မေရာရောသ်ချိုင်း '' ဟာ Frankfurt မြို့မှာ သူနဲ့အတူကျန်နေတဲ့ သမီးငါးယောက်လုံးကို ဘဏ်လုပ်ငန်းလုပ်သူတွေနဲ့ ပေးစားလိုက်တယ်။ စီမံကိန်းမှ နှစ်ရှည် စီမံကိန်း ။ သားအကြီးဆုံးကိုကျတော့ဘယ်မှ မလွှတ်ဘဲ Frankfurt က ဘဏ်ကို သူနဲ့ အတူအုပ်ချုပ်စေတယ်။ စတုထ္တသား ကားလ် Carr Von Rothschild ကိုကျတော့ အီတလီနိုင်ငံ နေပယ်မြို့ကို လွှတ်တယ်။ အဲဒီအချိန်မှာ ကျန်တဲ့ သားတွေဟာ ဂျာမနီ၊ သြစတြီးယား၊ ပြင်သစ်၊ အင်္ဂလန်မှာ အသီးသီး အောင်မြင်နေချိန်ဖြစ်နေပြီဆိုတော့ ကားလ်ဟာ အီတလီမှာ အသာလေးဘဲ ဘဏ်ထောင်လိုက်နိုင်တယ်။ အဲဒီအချိန်က အီတလီနိုင်ငံဟာလည်း စည်းလုံးမှုမရသေးဘူး။ မင်းမျိုးမင်းနွယ်တွေဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြိုင်အဆိုင် စောင်နေကြချိန် ခဏခဏ ဖိုက်နေကြချိန်ဆိုတော့အမြဲတမ်းငွေလိုနေကြတယ်။ ဒီတော့ ကားလ်ရဲ့ ငွေကို မယူဖူးသူဆိုလို့ ခပ်ရှားရှားရယ်။ကားလ် ဟာ ဘယ်လောက်တောင် ပိုက်ဆံအရှိန်ရှိသလဲဆိုရင် ပုဒ်ရဟန်းမင်းကြီးကတောင် သူ့ဆီက ပိုက်ဆံချေးရသတဲ့။ အဲဒီအချိန်တုန်းက အီတလီရဲ့တစ်ချို့အပိုင်းတွေကို ပုဒ်ရဟန်းမင်းကြီး the Pope က တိုက်ရိုက်အုပ်ချုပ်တဲ့ အတွက် Papal States လို့ခေါ်တယ်။ ဘောလုံးဝါသနာပါသူတွေ အီတလီက လာဇီယို Lazio အသင်းကို သိမှာပါ။ အဲဒီ Lazio ဆိုတာ ရောမမြို့ Rome ရှိတဲ့ တိုင်းဖြစ်ပြီး အရင်တုန်းက ပုဒ်ရဟန်းတိုက်ရိုက်အုပ်ချုပ်တဲ့ နေရာတစ်ခုဖြစ်တယ်။ အဲဒီခေတ်က ပုဒ်ရဟန်းရဲ့ အရှိန်အ၀ါဟာ နိုင်ငံရေးဘက်မှာ အခုထက် ပိုကြီးတယ်။ ပုဒ်ရဟန်းမင်းကြီး လက်ခံတွေ့ဆုံတဲ့လူတိုင်းဟာ ရှင်ဘုရင်သောဘာသော နားမလည်ဘူး။ ပုဒ်ရဟန်းမင်းကြီးရဲ့ ခြေထောက်ကို နမ်းရသတဲ့။ ဒါပေမယ့်ကားလ်တစ်ယောက်ကတော့ ပုဒ်ရဟန်းမင်းကြီးနဲ့ တွေ့ချိန်မှာ ခြေထောက်ကို နမ်းစရာမလိုဘူးဆိုဘဲ။ စဉ်းစားသာကြည့်ပေတော့ကိုယ့်လူ။ ဒီနေ့ဒီအချိန်မှာ ကားလ်လည်း မရှိတော့ဘူး။ ကားလ်ရဲ့ ညီအစ်ကိုတွေလည်း မရှိတော့ဘူး။ ပုဒ်ရဟန်းမင်းကြီးနဲ့ တွေ့သူတွေလည်း သူ့ခြေထောက်ကို နမ်းစရာမလိုတော့ပါဘူး။ ဒါပေမယ့် ရော့သ်ချိုင်းရဲ့ မျိုးဆက်တွေနဲ့ ရောမမြို့အလယ်ခေါင်က ပုဒ်ရဟန်းမင်းကြီး တိုက်ရိုက်အုပ်ချုပ်တဲ့ ဗာတီကန်စီတီ Vatican city က Vatican Bank ကြားမှာလည်း အရင်အတိုင်းဆက်သွယ်မှုတွေရှိတယ် လို့ ဆိုကြတယ်။ Vatican ဆိုတာ ခေတ်အဆက်ဆက်က ပုဒ်ရဟန်းမင်းကြီးတွေ စုဆောင်းခဲ့တဲ့ ဥရောပတခွင်နဲ့ ကမ္ဘာအရပ်ရပ်က အဖိုးတန်ပစ္စည်းတွေ စုပြုံနေရာအရပ်ဖြစ်တယ်။ အခုလည်း ရောမကို ရောက်ရင် သွားကြည့်လို့ရတယ်။ ဒါပေမယ့် လူတွေကို ပြထားတဲ့ အနုပညာပစ္စည်းတွေဟာ အတွင်းထဲမှာ တကယ်ရှိတာရဲ့တစ်ဝက်တောင် မရှိဘူး။ ကားလ်ကတော့ အဲဒီဝင်ခွင့်မရှိတဲ့နေရာတွေကိုတောင် တစ်ခါးမရှိ ဓါးမရှိဝင်ခွင့်ရခဲ့တယ်လို့ဆိုတယ်။
ကားလ်နှင့်အဆက်အသွယ်ရှိသည်ဟုဆိုသော ပုဒ်ရဟန်းမင်းကြီးPope Gregory XVI
ရောမမြို့လယ် ဗာတီကန် စီတီမှ ပုဒ်ရဟန်းမင်းကြီးရုံးစိုက်ရာ Saint Peter ဘုရားကျောင်း

             '' Money is the God of our times and the Rothschild is its prophets. ငါတို့ခေတ်မှာ ပိုက်ဆံဟာ ဘုရားသခင်ဖြစ်ပြီး ရော့သ်ချိုင်းမိသားစုဟာ ဘုရားသခင်ရဲ့ တမန်တော်တွေဖြစ်တယ် '' လို့ ၁၉ ရာစုရဲ့နာမည်အကြီးဆုံးဂျာမန်ကဗျာဆရာ Heinrich Heine က တင်စားပြောခဲ့တယ်။

  •                           ရော့သ်ချိုင်းတွေရဲ့ ဆောင်ပုဒ်တစ်ခုကဘာလဲဆိုရင် '' ငါတို့တစ်ဦးချင်းစီးဟာ နာရီတစ်လုံးက အစိတ်အပိုင်းတွေလိုဘဲ။ တစ်ယောက်ချင်းစီဟာ အရေးပါသလို အားလုံးစည်လုံးညီညွတ်မှုဟာလည်း အခရာဘဲ။ ငါတို့စည်းလုံးရင် ဘယ်သူကမှငါတို့ကို မယှဉ်နိုင်ဘူး ''  တဲ့။ သူတို့စည်းလုံးပုံကြီးကလည်း နည်းနည်းတော့လွန်ပါတယ်။ ဟိုးအရင်က ရော့သ်ချိုင်းတွေဟာ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ဆိုပြီး မောင်နှမ၀မ်းကွဲချင်း ဆွေမျိုးချင်း ပြန်ပေးစားကြတာဆိုဘဲ။ ဥပမာတစ်ခုပြောရရင် ဂျာမန်ဘုရင်ကတောင် သြချရတဲ့နန်းတော်တမျှ ခမ်းနားတဲ့ အိမ်ပိုင်ရှင်လည်း ဖြစ်၊ ပြင်သစ်က ရော့သ်ချိုင်းဘဏ်ကြီးကိုတည်ထောင်သူလည်းဖြစ်တဲ့ ညီအငယ်ဆုံး ဂျက်ကော့ဟာ သူ့အစ်ကိုတစ်ယောက်ရဲ့ သမီးနဲ့ ပြန်ယူလိုက်သတဲ့။ တစ်နည်းပြောရရင် သူ့တူမ အရင်းခေါက်ခေါက်ကြီးနဲ့ ပေးစားခံလိုက်ရတာပါဘဲ။ သူတို့တင်လားဆိုတော့ ဟုတ်ဖူး။  မေရာရောသ်ချိုင်းရဲ့ မြေး ၁၈ ယောက်မှာ ၁၆ ယောက်ဟာ သူတို့ရဲ့ မောင်နှမတစ်ဝမ်းကွဲတွေကို ပြန်ယူကြတယ်တဲ့ ။ စည်းလုံးပုံကြီးက ကြောက်ချာဂျီးနော်။ ဂေါက်တောက်တောက်လေးတွေထွက်လာမှာ စိုးလို့ဘဲလား ဘာလားတော့မသိဘူး။ ၁၉ ရာစုကျတော့ အပြင်လူတွေကို ယူလာကြတယ်။ ဒါပေမယ့်သာမန်လူ သွားချိန်လို့မရဘူးတဲ့။ မင်းမျိုးမင်းနွယ်တွေ စီးပွားရေးမှာ လန်ထွက်အောင် အောင်မြင်နေသူတွေ ပါဝါကြီးကြီး နိုင်ငံရေးသမားတွေကို မှ စဉ်းစားတာဆိုဘဲ။ ဥပမာပြောရရင် ၁၈၉၄ မှာ ဗြိတိန်နိုင်ငံရဲ့ ၀န်ကြီးချုပ် ဖြစ်လာတဲ့ Archibald Primrose ဆိုတာ လန်ဒန်က ရောသ်ချိုင်းဘဏ်မျိုးဆက်ကို တည်ထောင်သူ နေသန်ရောသ်ချိုင်းရဲ့မြေမလေး Hannah de Rothschild နဲ့ယူခဲ့တယ်။ ပြောရရင် နေသန်ရောသ်ချိုင်းရဲ့သားဖြစ်သူ Mayer de Rothschild ရဲ့ တစ်ဦးတည်းသော သမီး အမွေဆက်ခံသူနဲ့ ဗြိတိန် ၀န်ကြီးချုပ်တို့ လက်ဆက်တယ်ဆိုပါတော့။တော်ပြီးလားဟင်။

                    တော်သေးဘူးတဲ့။ စကော့တလန်မှာ မြေယာများစွာပိုင်ခဲ့တဲ့ စင်ကလဲယား မိသားစု Sinclair family နဲ့လည်း အမျိုးတော်လိုက်သေးတယ်။ နေသန်ရဲ့ သမီးတစ်ယောက်ဟာ ဒုတိယမြောက် ချားစ်လ် King Charls the Second ကဆင်းသက်တဲ့ မျိုးနွယ်တစ်ယောက်ယူပြီး သူတို့ရဲ့သမီးဟာ အရမ်းနာမည်ကြီးချမ်းသာတဲ့ အင်္ဂလိပ်ပန်းချီဆရာ Coutts Lindsay နဲ့ရတယ်။ အကုန်ပြောရင် ပြီးတော့မှာ မဟုတ်လို့ ဒီလောက်နဲ့ဘဲ ထားလိုက်တော့မယ်။
Hanna de Rothschild နဲ့သူ့ယောက်ျား အင်္ဂလိပ်ဝန်ကြီးချုပ် Primrose / Hannah ၏ အဖေထားခဲ့သော အိမ်များထဲက တစ်ခု

               ပြင်သစ်ဝန်ကြီးချုပ်၊ နောက်တော့ ၁၉၆၉ မှာ ပြင်သစ်သမ္မတဖြစ်လာတဲ့ George Pompidou က " Republic Franaise equals Rothschild fre'res   ပြင်သစ်နိုင်ငံတော်ကြီးဆိုတာ ရောသ်ချိုင်းတွေနဲ့ အတူတူပါဘဲ '' လို့ ဆိုတယ်။


  •                ရော့သ်ချိုင်းနဲ့သားများ ကုမ္ပဏီတွေဟာ ဘဏ်လုပ်ငန်းတင်မကဘူး။ ပါလေရာ ငပိချက်တွေ ဖြစ်ခဲ့တယ်။ အရင်ကဆို အာရှဘက်ကနေ ဥရောပတိုင်းပြည်တွေကို ရေလမ်းနဲ့သွားမယ်ဆိုရင် အာဖရိကတိုက်ကို တစ်ကွေ့တစ်ပတ်ကြီး ပတ်ပြီးမှ သွားရတယ်။ အဲလို့မဖြစ်ရအောင်ဆိုပြီး ပင်လယ်နီ Red Sea နဲ့ မြေထဲပင်လယ် Mediterranean Sea ကို ဆက်တဲ့ စူအက် Suez တူးမြောင်းကြီးဖောက်ကြမယ် ဆိုတော့လည်း သူတို့ဘဲ အင်္ဂလိပ်အစိုးရကိုယ်စား ရှယ်ယာအများဆုံးကို ၀ယ်ကြတယ်။
စူအက် တူးမြောင်း Suez Canalမဖောက်မီက အာဖရိကတိုက်ကို တစ်ကွေ့တစ်ပတ်သွားရတဲ့လမ်း/ ဖောက်ပြီးနောက် လမ်းတိုသွားပုံ
မြေထဲပင်လယ်Mediterranean Seaနဲ့ ပင်လယ်နီ Red Seaကို ဆက်ပေးသော စူးအက်တူးမြောင်း
  •                  ဥရောပနိုင်ငံတွေမှာ မီးရထားလမ်းတွေပေါ်လာတော့လည်း လမ်းဖောက်ဖို့ ငွေထုတ်သူတွေထဲမှာ ထိပ်ဆုံးက။ စပိန်နိုင်ငံက မိုင်းတွင်းလုပ်ငန်းတွေဆိုလည်း သူတို့ပါလိုက်တာဘဲ။ စပိန်က မိုင်းတွင်းတွေဟာ သူတို့ရဲ့ ရွှေငွေရတနာလုပ်ငန်းမှာ အဓိကကျတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေငွေကို သန့်စင်ရာမှာ မပါမဖြစ်တဲ့ မာကျူရီ Mercury သိုမဟုတ်  Quicksilver ကို အဲဒီမိုင်းတွင်းတွေကထုတ်တာမို့လို့ဘဲ။ စပိန်က သူတို့လုပ်ခွင့်ရလိုက်တဲ့ Almaden  မိုင်းတွင်းဟာ ကမ္ဘာမှာ အကြီးဆုံး မာကျူရီ မိုင်းတွင်းပါ။ အဲဒါကို ရလိုက်ပြီးနောက်တော့ ရော့သ်ချိုင်းတွေဟာ မိုင်းလုပ်ငန်းကို လက်ဝါးကြီးလုံးလုံးအုပ်နိုင်သွားခဲ့တယ်။ ၁၈၇၃ မှာ တစ်ခါ ဥရောပရဲ့ အကြီးဆုံး ကော့ပါး copper မိုင်းတွင်းတွေကို စပိန်မှာရလိုက်ပြန်တယ်။ ကမ္ဘာ့ စိန်ထုတ်လုပ်ရေးမှာ ဆရာကြီးတစ်ဆူဖြစ်တဲ့De Beers ကုမ္ပဏီက တောင်အာဖရိကမှာ စိန်သွားရှာမယ် ဆိုတော့လည်း သူတို့ဘဲ ငွေထုတ်ပေးပြီး စိန်လုပ်ငန်းထဲကိုပါ ၀င်လာတယ်။ စိန်ကနေ ပတ္တမြားနဲ့ တခြား ကျောက်မျက်လုပ်ငန်းတွေကိုပါ လုပ်လာကြတယ်။၁၈၈၆ မှာ ပြင်သစ်က ရောသ်ချိုင်းဘဏ်ဟာ ရုရှားကရေနံလုပ်ငန်းကို စိတ်ဝင်စားပြန်တယ်။ Capsian and Black Sea Petroleum Company ကိုတည်ထောင်ပြီး ရုရှားမှာ ဒုတိယအကြီဆုံးရေနံလုပ်ငန်းဖြစ်ခဲ့တယ်။ 

                      ဂျူးစာရေးဆရာ Frederic Morton က ဘာပြောသလဲဆို '' ရော့သ်ချိုင်းတွေဟာ ကမ္ဘာကြီးကို ရောမ ဆီဆာ Ceasar ဘုရင်များထက် ပိုပြီးကျယ်ပြန့်စွာ၊ ပိုပြီး လည်ဝယ်စွာ၊ ပိုပြီး ရှည်ကြာစွာ သိမ်းပိုက်နိုင်ပါပေတယ် '' တဲ့။

ပြင်သစ်ရှိ ရော့သ်ချိုင်း ၀ိုင်ခြံတစ်ခု
  •                ရော့သ်ချိုင်းနာမည်ကို နာမည်ကြီးဝိုင်အရက်တွေနဲ့လည်း တွဲသိကြတယ်။ ၁၈၅၃ ကစပြီး ပြင်သစ်ဝိုင်လုပ်ငန်းထဲကို ၀င်ခဲ့တာ ခုဆို နှစ်တစ်ရာငါးဆယ်ကျော် ကြာခဲ့ပြီ။ ပြင်သစ်တစ်နိုင်ငံတည်းမှာတင် သူတို့ရဲ့ ၀ိုင်ခြံတွေအနည်းဆုံး ၁၅ ခြံလောက် ရှိတယ်။ မြောက်အမေရိက၊ တောင်အမေရိက၊ တောင်အာဖရိကနဲ့ သြစတြေလျား Australia မှာလည်း များစွာရှိသေးတယ်။
ရော့သ်ချိုင်း ၀ိုင်တံဆိပ်များထဲမှ ၂ ခု
  •            သူတို့ဘာကြောင့်ဒီလောက်တောင် ချမ်းသာလာတာလဲ ဆိုတာကို လေ့လာကြသူတွေများသလောက် လျှို့လျှို့ဝှက်ဝှက်နေတတ်လွန်းလို့သိရခက်တဲ့အတွက် ခန်းမှန်းချက်တွေကလည်း အများကြီးပါ။ အဲဒီထဲက အားလုံးသဘောတူညီတဲ့ အချက်တစ်ခုကို ပြောရရင်တော့ သူတို့ဟာ ဖြစ်သမျှစစ်ပွဲတွေကို သူတို့အကျိုးအတွက် အမြတ်ထုတ်ခဲ့တယ် ဆိုတာပါဘဲ ။ စစ်ဖြစ်ရင် စစ်စရိတ်အတွက် သူတို့ဆီက ပိုက်ဆံချေးရမယ်။ စစ်လက်နက်ဝယ်ရမယ်၊ ရေနံဝယ်ရမယ်။ သူတို့အမြတ်ထုတ်ခဲ့တဲ့ စစ်ပွဲတွေထဲက နာမည်အကြီးဆုံးကတော့ နပိုလီယံစစ်ပွဲပါဘဲ။ ၁၉ ရာစုမှာ ဥရောပနိုင်ငံတွေ နောင်ဂျိန်ချနေတဲ့ အချိန်ဟာ ရော့သ်ချိုင်းတွေအဖို့တော့ ငွေရှာလို့ကောင်းတဲ့ အချိန်ပေါ့။ ၁၈၀၃ ကနေ ၁၈၁၅ ထိ ဖြစ်တဲ့ နပိုလီယံ စစ်ပွဲတွေမှာ ရော့သ်ချိုင်းတွေဟာ နပိုလီယံကို ထောက်ပံ့ပေးခဲ့တယ်။ နပိုလီယံကို တိုက်တဲ့ ဥရောပမဟာမိတ်တပ်တွေကိုလည်း ထောက်ပံခဲ့တယ်။ဥပမာ သြစတြီးယားစစ်တပ်ကို ရွှိုင်းဖို့ လိုတဲ့ ငွေကို ထုတ်ချေးခဲ့သလို ပြင်သစ်စစ်တပ်အတွက် လိုတဲ့ မြင်းတွေဝယ်ဖို့လည်း ငွေထုတ်ပေးခဲ့တယ်။အဲဒီလို နှစ်ဖက်ချွန်လုပ်နည်းဟာ နောက်ပိုင်းရော့သ်ချိုင်းမိသားစုသုံးခဲ့တဲ့ အဓိကနည်းလမ်းဖြစ်တယ်။

               ခုနက နပိုလီယမ်စစ်ကို အစပြန်ကောက်ရရင် အဲဒီစစ်ပွဲဖြစ်ချိန်မှာ ရော့သ်ချိုင်းမိသားစုရဲ့ ပါဝါကို လူတိုင်းသိနေပြီ။ သူတို့ဟာ ဥရောပက ဘုရင်တွေသာမက ရုရှားထိ ပိုက်ဆံထုတ်ချေးနေသူတွေဆိုတာကို လူတော်တော်များများကသိနေပြီ။ ဒီတော့ စတော့ခ် ဈေးကွက်မှာ ရော့သ်ချိုင်းဝယ်ရင် လိုက်ဝယ်ကြ၊ ရော့သ်ချိုင်းရောင်းရင် လိုက်ရောင်းကြဆိုတဲ့ အခြေအနေလောက်နီးနီးရောက်နေပြီ။ ဘာကြောင့်လဲဆိုတော့ ရော့သ်ချိုင်းတွေဟာ အစိုးရသတင်းကို ဦးအောင်သိတယ်၊ အစိုးရကိုယ်စားဝယ်ရောင်းနေတယ်လို့ ထင်ကြလို့ဘဲ။

နပိုလီယန် ဘိုနာပတ် Napoleon Bonaparte
                ဥရောပတခွင် စစ်လျှောက်တိုက်ပြီး အစက နင်းကန် အနိုင်ရခဲ့တဲ့စစ်ဘုရင်နပိုလီယန်ဟာ ၁၈၁၄ မှာ စစ်ရှုံးသွားတယ်။ စစ်ရှုံးတော့ သူ့ကို ဥရောပဘုရင်တွေက အီတလီနိုင်ငံ အလယ်ပိုင်းလောက်မှာ ရှိတဲ့ Elba ဆိုတဲ့ ကျွန်းလေးတစ်ကျွန်းကို ပြည်နှင်ဒဏ်ပေးခဲ့တယ်။ သိပ်မကြာပါဘူး။ နပိုလီယံဟာ ကျွန်းက နေထွက်ပြေးတော့တာဘဲ။ သူ့ကို ဖမ်းဖို့ဆိုပြီး လွှတ်လိုက်တဲ့ စစ်တပ်ဟာလည်း ဖမ်းဖို့နေနေသာသာ သူ့ဘက်ကို ပါသွားတယ်။ ပိုင်ပုံများ။ အဲဒါနဲ့ နပိုလီယန်ဟာ အဲဒီစစ်တပ်ကြီးနဲ့ ပဲရစ်ကို ချီတက်တော့တာဘဲ။ ပြင်သစ်ဘုရင် လူဝီ ၁၈ ဟာ ဒီသတင်းကို ကြားပေမယ့် '' နပိုလီယန်ရဲ့တပ်က ငါ့စစ်တပ်နဲ့ ယှဉ်ရင် သေးသေးလေးပါကွာ '' ဆိုပြီး အထင်စမောနေသတဲ့။ ဒါပေမယ့် သူသတိလက်လွတ်ဖြစ်သွားတာကတော့ သူ့စစ်တပ်ထဲမှာ နပိုလီယံကို လိုလားသူတွေ ပါနေတယ် ဆိုတာကိုဘဲ။ တိုတိုပြောရရင်တော့ သူ့စစ်တပ်တွေတစ်ချို့ နပိုလီယံဘက်ကို ပါသွားလို့ နောက်ဆုံးတော့ လူဝီ ၁၈ ဟာ ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးရတယ်။  နပိုလီယန်ပြန်လာပြီ၊ လူဝီ ၁၈ ထွက်ပြေးပြီ ဆိုတဲ့ အသံကို ကြားကတည်းက ကြောက်ဒူးတုန်နေကြတဲ့ ဥရောပဘုရင်တွေဟာ အချင်းချင်းမိတ်ဆွေဖွဲ့ပြီး နပိုလီယန်ကို ပြန်ခုခံဖို့ပြင်ဆင်ကြတယ်။ နပိုလီယံစစ်တပ်တွေနဲ့ ဥရောပဘုရင်တွေရဲ့ မဟာမိတ်စစ်တပ်တွေတိုက်တဲ့စစ်ပွဲဟာ ၀ါတာလူး Waterloo ဆိုတဲ့ အရပ်မှာ ဖြစ်တဲ့အတွက် ၀ါတာလူးစစ်ပွဲ လို့ခေါ်တယ်။ ပဲရစ်ကနေ မိုင်၂၀၀ လောက်ဝေးတဲ့ ယနေ့ခေတ်မှာဆို ဘယ်ဂျီယံနိုင်ငံရှိတဲ့ နေရာဖြစ်တယ်။ ၀ါတာလူးစစ်ပွဲဟာ နပိုလီယံရဲ့ နောက်ဆုံးစစ်ပွဲလည်းဖြစ်တယ်။ အင်္ဂလိပ်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကို ခေါင်းဆောင်သူက အင်္ဂလိပ်စစ်ဗိုလ် ၀ယ်လင်တန် Wellington ဆိုသူ။
ဝါတာလူးစစ်ပွဲ
  •               တိုတိုပြောရရင်တော့ နှစ်ဘက်လုံး အတုံးအရုံးကျပြီး နောက်ဆုံးတော့ အင်္ဂလိပ်( မဟာမိတ် ) နိုင်သွားတယ်။ အဲဒီမှာ အင်မတန်လည်တဲ့တို့ရဲ့ ဇာတ်လိုက်ကြီး နေသန်ရော့သ်ချိုင်းဟာ ၀ါတာလူးနဲ့ မလှမ်းမကမ်းအရပ်မှာ စစ်အခြေအနေကို သိဖို့ ထောက်လှမ်းရေးလွှတ်ထားသတဲ့ ။နပိုလီယံရှုံးတယ်ဆိုတာနဲ့ တပြိုင်နက် အဲဒီ အထောက်တော်ဟာ နေသန်ဆီကို အမြန်ဆုံးနည်းနဲ့ သတင်းပို့တော့တာဘဲ။ နေသန်ဟာ နပိုလီယံရှုံးတဲ့သတင်းကို အင်္ဂလိပ်အစိုးရထက် တစ်ရက်ကြိုရတယ်။ ရတာနဲ့ မျက်နှာပျက်ပျက် ငိုမဲ့မဲ့ရုပ်ကို ဖမ်းပြီး လန်ဒန်က စတော့ခ် ဈေးကွက်မှာ သူ့ရှယ်ယာတွေကို ရောင်းတော့တာပါဘဲ။ လူတွေက '' ဟာ...နေသန်ရော့သ်ချိုင်းတော့ ရှယ်ရာတွေကို ထုတ်ရောင်းနေပြီ။ ဒါဆိုရင်တော့ နပိုလီယန်နိုင်ပြီးဝယ်လင်တန်စစ်ရှုံးပြီ။ ငါတို့ အင်္ဂလိပ်ရှယ်ရာဈေးတွေလည်း ကျတော့မှာဘဲ ''  ဆိုပြီး သူတို့ရှယ်ရာတွေကို အပူတပြင်းရောင်းကြပါလေရော။ လူတိုင်းရောင်းတော့ ရှယ်ရာဈေးထိုးကျတော့တာပေါ့။ ဒီတော့မှ နေသန်ဟာ သူ့လူတွေကို တိတ်တိတ်ကလေး ရှယ်ရာတွေကို လိုက်ဝယ်ခိုင်းတယ်။မြတ်လိုက်တာသောက်သောက်လဲ ၀ါတာလူးစစ်ပွဲပြီးလို့ နာရီပိုင်းအတွင်းမှာ နေသန်ဟာ စတော့ခ်ရှယ်ယာဈေးကို မကဘဲ အင်္ဂလန်ဘဏ်ကိုပါ လက်ဝါးကြီးအုပ်နိုင်သူဖြစ်သွားတယ်။ နပိုလီယန်ရဲ့ စစ်ပွဲမှာ အဲလိုသူများအပေါ်ကတုံးပေါ်ထိပ်ကွက်လိုက်နိုင်တာဟာ နောက်ပိုင်းသူတို့ အရှိန်အ၀ါနဲ့ ချမ်းသာမှုကို ဆယ်ဆတက်သွားစေခဲ့တယ်။ ဒါတင်လားဆိုတော့ ဘယ်ပြီးဦးမလဲ။ ၂၅ နှစ်လောက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံချလာတဲ့ နောင်ဂျိန်ပွဲတွေအပြီး ငြိမ်းချမ်းရေးလေးရလာပြန်တော့ အဲဒီငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ တိုင်းပြည်ကို တိုးတက်အောင်လုပ်ဖို့ ဥရောပအစိုးရတွေဟာ ငွေလိုပြန်ရော။ စစ်ကြောင့်စရိတ်ကလည်း တော်တော်ထောင်းခဲ့ပြီ။ ဒီတော့ရော့သ်ချိုင်းတွေဆီမှာဘဲ ငွေယူရပြန်တယ်။

                          ဒါကြောင့် ၁၉ ရာစုရဲ့ နာမည်ကြီး ဂျာမန်စာရေးဆရာ Ludwig Borne က '' ငွေထုတ်ပေးတယ်ဆိုတဲ့ ရော့သ်ချိုင်းလိုလူတွေဟာ တိုင်းပြည်ရဲ့ အကြီးဆုံးရန်သူတွေဘဲ။ သူတို့သာ သက်ဦးဆံပိုင် ဘုရင်တွေကို လိုတိုင်း ငွေမထုတ်ပေးခဲ့ရင် အခုလောက်ဆို ဥရောပသားတွေတော်တော်များများ လွတ်လပ်ရေး အပြည့်အ၀ရနေတာ ကြာလှပေါ့ '' လို့ ပြောခဲ့တယ်။
လက်ရှိ သက်ရှိထင်ရှား ရောသ့်ချိုင်းမိသားစုဝင်များစွာထဲမှ တစ်ဦးဖြစ်တဲ့ Nat Rothschild ( ယာ ).

သူ့ရဲ့ အသက်လေးဆယ်ပြည့်မွေးနေ့ကို မွန်တေနေဂရို Montenegro နိုင်ငံ ရှိ '' တစ်ည '' တည်းခိုခဒေါ်လာငွေ သုံးထောင်ခန့်ပေးရသော ဟိုတယ်များရှိတဲ့ ဒီကျွန်းမှာ ကမ္ဘာအရပ်ရပ်မှ သဌေး ၄၀၀ ကျော်ကို ဖိတ်ပြီး ၃ ရက်တိတိကျင်းပခဲ့တယ်။ ....( သူတို့စိန်သွားတူးတဲ့ အာဖရိကတိုက်မှ နိုင်ငံများစွာတွင် လူတစ်ယောက်ရဲ့ ''တစ်နှစ် '' ၀င်ငွေသည် ဒေါ်လာ ၂၀၀ အောက်သာရှိသည် ဟု ကုလသမ္မဂ စစ်တမ်းများအရ သိရသည်....တိန် ! )
( အပိုင်း ၂ ကို ဖတ်လိုက ဖတ်နိုင်ပါတယ်။ )
Share


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/08/2012 11:18:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24323] Fwd: [လူဗိုလ်ဟူသည် ...] အဖွဲ့အစည်း ဖွံဖြိုးရေး ( Organizational Development )



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/8
Subject: [လူဗိုလ်ဟူသည် ...] အဖွဲ့အစည်း ဖွံဖြိုးရေး ( Organizational Development )
To: lubo601@gmail.com



ဒီစာကို ကျွန်တော်အကိုကြီး ကိုသံချောင်း ပါဝင်ခဲ့တဲ့ လူဆိုးလေးများ အဖွဲ့ Bad Boy အဖွဲ့ ကို အာဖို့ ပြင်ထားတဲ့ ဟာပါ။ အကြောင်းကြောင်းကြောင့် သူတို့ကို မအာဖြစ်လိုက်ရပါ။ ဒါပေမယ် အခု လူမှုရေးအဖွဲ့ ဟိုအဖွဲ့ဒီအဖွဲ့ တွေ အလျိုလျိုပေါ်လာတာကြောင့် သူတို့ အတွက် အသုံးများဝင် မလား ဆိုပြီးပြီး ပြန်ပြီးနဲနဲ ဆီစမ်း နှမ်းဖြူးထားတာပါ။ သိလို တတ်လို့ ကျွမ်းလို့ ရေးတာမဟုတ်ပါဘူး။ သိပြီးသား များ တတ်ပြီးသားများ မလိုဘူးထင်သူများ ဆရာကြီးများဖတ်စရာမလိုပါ။

အဖွဲ့ဆိုတာ ဘာလဲ
၃ယောက်နဲ့ သုံးယောက်ထက်ပိုတဲ့ အစုအဝေကို အဖွဲ့လို့ ခေါ်ပါသည်။ တစ်ယောက်တည်းကို တစ်ယောက် တည်းဟုခေါ်သည်။ နှစ်ယောက်ကို အတွဲလို့ခေါ်သည်။ ၃ ယောက် နဲ့ အထက် ကို တော့ အဖွဲ့လို့ ခေါ်ဆိုနိုင်ပါသည်။ အဖွဲ့ အုပ်စု အသင်း အမျိုးမျိုးခေါ်ကြသည်။ ဒီမှာ ၀ါဒနာတူရာ အလုပ်တူရာ နီးစပ်ရာ စုစုပြီး အစု အစုလေးတွေ ဖြစ်လာရင် အဖွဲ့လို့ ခေါ်ပါသည်။ ၀ါဒနာတူ အလုပ်တူ တွေ စုပြီး စုတာလောက် ဆိုရင်တော့ အုပ်စုလို့ ပဲခေါ်ရမှာဖြစ်ပြီး ဒီအုပ်စုတွေက တူညီတဲ့ ရည်မှန်းချက် တစ်ခု ပန်တိုင်း တစ်ခုကို အရောက်သွားနေရင်တော့ အသင်း အဖွဲ့ လို့ ခေါ်ဆိုနိုင်ပါသည်။


အဖွဲ့တစ်ခုမှာ ဘာတွေ ရှိသင့်သလဲ
အဖွဲ့တစ်ခုမှာ ယေဘုယျအားဖြင့်တော့ ဖွဲ့စည်းပုံ (Structure)၊ ဗျုဟာ (Strategy)၊ စွမ်းရည် (Skills)၊ အဖွဲ့ဝင်/၀န်ထမ်း(Staff)၊ ဟန်(Style)၊ စနစ်(System) နဲ့ တူညီတဲ့ တန်ဖိုးထားမှု (Shared Values) စတဲ့ S 7 လုံး ရှိသင်ပါသည်။
ဒီ S ခုနှစ်လုံးမှာ မြင်သာတဲ့ အပိုင်းရှိသလို မမြင်သာတဲ့ အပိုင်းတွေ လည်း ရှိပါသည်။ မြင်သာတဲ့ အပိုင်းတွေ ကတော့ ဗျုဟာ၊ ဖွဲ့စည်းပုံ၊ စနစ်တို့ ဖြစ်ပါသည်။
ဗျုဟာကတော့ ကိုယ့်အဖွဲ့ သွားချင်တဲ့ ပန်းတိုင် ရည်မှန်းချက် များကို ဘယ်ပုံ ဘယ်နည်းနဲ့ ရောက်အောင် သွားမလဲ ဘယ်လိုနည်းတွေ သုံးမလဲ မဆိုတာကို သေသေချာချာ စီမံကိန်းချဆောင်ရွက်တာမျိုး ဖြစ်ပါသည်။ ဒီဗျုဟာမရှိရင် အဖွဲ့ ဟာ ပဲမရှိတဲ့ လှေလို ရောက်ချင်ပေါက်ချင်တဲ့နေရာ ရောက်သွား မှာဖြစ်ပါသည်။ ဗျုဟာမှာ ပန်းတိုင်နဲ့ ပန်းတိုင်ကို ဘယ်လိုသွားရမလဲ ဆိုတာကို အဖွဲ့ဝင်တိုင်း ဆွေးနွေးပြီး သိရှိထားရမှာဖြစ်ပါသည်။
ဖွဲ့စည်းပုံ ကလည်း အဖွဲ့တစ်ခုရဲ့ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အဖွဲ့တစ်ခုမှာပါတဲ့ သီခြား အစိတ်အပိုင်းတွေ တစ်ခုနဲ့ တစ်ခု ဘယ်လို စပ်ဆက်တယ် ဘယ်လိုအချင်းချင်း အပြန်အလှန် လုပ်ဆောင်မယ် ဆိုတာတွေ ကို စီစဉ်ထားရှိမှု ဖြစ်သည်။ ထိုသို့ မရှိပါက ဘယ်သူက ဘယ်တာဝန် ယူမှန်းမသိ ဘယ်သူမှာ ဆုံဖြတ်ခွင့်ရှိမှန်းမသိ ဘယ်တော့အလုပ်ပြီးမှန်းမသိ တဲ့ ပြဿနာတွေ ပေါ်လာ နိုင်ပါသည်။
စနစ် ကလည်း ဖွဲ့စည်းပုံနဲ့ ဆက်စပ်ပြီး အရေးကြီးပါသည်။ လုပ်ငန်းစဉ် အဆင့်ဆင့်၊လုပ်ရိုးလုပ်စဉ် တွေ ဖြစ်သည်။ ဘယ်အလုပ်တွေ ကို ဘယ်လို လုပ်မယ် ဘယ်သူတွေ လုပ်မယ် နောက် ဘဏ္ဍာငွေကို ဘယ်လို ဘယ်ပုံ သုံးစွဲမယ် စာရင်းဇယားတွေ မှတ်တမ်းတွေ ဘယ်လို ထားရှိမယ် အလုပ်တစ်ခု ပြီးတိုင်း ဘယ်လိုပြန်လှည်သုံးသပ်မယ် ဘယ်သူတွေ ကဘယ်တာဝန်ယူမလဲ ဆုံဖြတ်ချက်ကို တစ်ခုကို ဘယ်လို ဆုံးဖြတ်ကြမလဲ၊ တာဝန်ယူတဲ့ သူတွေ ကို ဘယ်လို ဆုံးဖြတ်ခွင့် နဲ့ ဆောင်ရွက်နိုင်ခွင့်ပေးမလဲ ဆိုတာကို ဖွဲ့စည်းပုံ စနစ်တကျ ရှိထားမှ ထိထိရောက်ရောက် ဆောင်ရွက် နိုင်မည် ဖြစ်ပါသည်။ အဖွဲ့ဝင်သစ်တွေ ကို ဘယ်လိုမျိုး တွဲခေါ်မယ် ဆိုတာတွေ ကို စနစ်က ဖော်ဆောင်ပေးပါသည်။ စနစ် သေချာမရှိပါက တစ်ယောက် နဲ့ တစ်ယောက် မယုံကြည်မှုတွေ ရှိလာပြီး အဖွဲ့လုပ်ငန်းစဉ် ကမောက်ကမ ဖြစ်လာနိုင်သည်။
သိပ်ပြီး မမြင်သာနိုင်တဲ့ အချက်တွေ ကတော့ ဟန်(အဖွဲ့ရဲ့ လုပ်ကိုင်ပုံ)၊၀န်ထမ်း(အဖွဲ့ဝင်)၊ ကျွမ်းကျင်မှု နဲ့ တူညီတဲ့ တန်ဖိုးထားမှုတွေ ဖြစ်သည်။
ဟန် ကတော့ အဖွဲ့ရဲ့ ဓလေ့အစဉ်အလာ အဖွဲ့ရဲ့ ပြုမှုလုပ်ဆောင်ချက်တွေ နဲ့ ဒါတွေ ကို ဘယ်လို နည်းနဲ့ စီမံသလဲ ဆိုတာတွေ ဖြစ်သည်။ အဖွဲ့တိုင်း လုပ်ကိုင်နည်း ကိုယ်ပိုင်ဟန်တွေ ရှိကြသည်။
အဖွဲ့ဝင် တွေ ကတော့ အဖွဲ့တွေ ရဲ့ ပညာအရည်အချင်း၊ အထူးကျွမ်းကျင်မှု၊ နောက် သူတို့ နဲ့ ပတ်သက် ဆက်နွယ်မှု အားလုံးပါဝင်သည်။
ကျွမ်းကျင်မှု ကတော့ အဖွဲ့တစ်ခုလုံးရဲ့ ကျွမ်းကျင်မှု အများနဲက မတူ တမူထူးတဲ့ စွမ်းဆောင်ရည် တွေ ပဲ ဖြစ်ပါသည်။
နောက်ဆုံး တူညီတဲ့ တန်ဖိုးထားမှု ကတော့ အဖွဲ့သားအားလုံး တစ်ချောင်းတည်း စိတ်ထား တူညီတဲ့ အဓိက ယုံကြည်ချက် စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေ ဖြစ်သည်။ ဒီအပိုင်းဟာ အရေးကြီးပြီး အဖွဲ့ ရဲ့ အဓိက အချက်အချာ အစိတ်အပိုင်းလည်း ဖြစ်သည်။ ဥပမာ - ပုံပြောသူများရဲ့ အဓိက တူညီတဲ့ တန်ဖိုးထားမှု = ပုံပြင်တွေ ကို ချစ်မြတ်နိုး ခြင်း
ဒီ S 7 လုံးစလုံး အဖွဲ့တိုင်းမှာရှိသင့်ပြီး ဒီတာယတွေ ကို အဖွဲ့ဝင်တိုင်း သိရှိပြီး ထင်သာမြင်သာရှိအောင် အမြဲ လုပ်နေသင့်သည်။
အဖွဲ့အစည်း ဖွံဖြိုးရေး (Organizational Development-OD)
အဖွဲ့အစည်းဆိုတာ ရှင်သန်နေတဲ့ အရာတစ်ခုပါ ရှင်သန်နေတာကြောင့် အမြဲ  S ခုနှစ်လုံးဟာ သက်ဝင်လှုပ်ရှားနေပါသည်။ ဒါကြောင့် အဖွဲ့ များရင် ဖွံဖြိုးတိုးတတ်ကြသည် ကြီးထွားကြသည် ပြောင်းလဲ ကြသည်။ အဖွဲ့တစ်ခုတိုးတတ်အောင် ကြီးထွားအောင် ပိုကောင်းအောင် အဖွဲ့ဝင်တွေ လုပ်ဆောင်တဲ့ ဘယ်လို လုပ်ဆောင်ချက်မျိုးမဆို ကို အဖွဲ့ဖွံဖြိုးရေးလို့ ခေါ်လို့ ရသည်။
ဒီထက်ပိုပြောရင် အဖွဲ့ အလုပ် လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း၊ ဘယ်လိုဘာယ်ပုံလုပ်ဆောင်မယ် ဆိုတာ ကို စနစ်တကျ အစီစဉ်ရေးဆွဲခြင်း၊ လုပ်ပြီး လုပ်ငန်းတွေ ကို ပြန်ပြီး သုံးသပ် အကံဖြတ်ခြင်း တို့ ပါဝင်သည်။ ခဏတစ်ဖြုတ် လုပ်ရတဲ့ လုပ်ငန်းမဟုတ်ပါဘူး ရေရှည်စဉ်ဆက်မပြတ် ဖြစ်နေတဲ့ လုပ်ငန်းစဉ်ဖြစ်ပါသည်။
အဖွဲ့တစ်ခုမှာ ပုံစံမျိုးစုံ အချင်းအရာမျိုးစုံ ပါဝင်သည်။ ဒီအရာတွေ က အချင်းချင်း အပြန်အလှန်မှီခိုပြီး ဖြစ်တည်နေကြသည်။ ပေါင်းစပ်ဖွဲ့စည်းနေကြသည်။
အဖွဲ့ဝင်များစုပေါင်းပြီး ပန်းတိုင်သို့ ရောက်အောင် အတူဆုံးဖြတ်ကြသည် ပြဿနာတွေ ဖြေရှင်းကြသည် နောက် အဖွဲ့ ရေရှည်ရပ်တည်ရေးအတွက် နည်းလမ်းတွေရှာ ကြသည်။ နည်းလမ်းတွေ ကို အကောင်အတည်ဖော်ကြသည်။ နောက် သုံးသပ်ဆုံးဖြတ်အကဲဖြတ်ကြသည်။ ဒီလုပ်ရင်း သင်ခန်းစာတွေ ယူပြီး ပိုကောင်းတဲ့ အစီအစဉ်တစ်ခု ဖန်တီးကြပြန်သည်။ OD သည် ထိုသို့ သံသရာလည်နေသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။
အဖွဲ့အစည်းတစ်ခု ဖွံဖြိုးပုံ အဆင့်ဆင့်
စတင်ချိန် (ကနဦး နှစ်များ)
ထင်ရှားပြတ်သားတဲ့ ပန်းတိုင်စံထားတဲ့ ရည်မှန်ချက်တွေ ရှိသည်။ မိတ်ဆွေ သူငယ်ချင်းတွေ မိသားစုဝင်တွေ ပါဝင်သည်။ တူညီတဲ့ တန်ဖိုးထားမှုများ၊ ယဉ်ကျေးမှု အစဉ်အလာများ၊ လုပ်ပုံကိုင်ပုံ များရှိသည်။ အားလုံးလေးစားယုံကြည်ရပြီး ထင်ရှားထူးခြားတဲ့ ခေါင်းဆောင်တွေ ရှိသည်။ အဖွဲ့ကို ထူးခြားသည် အများနဲ့ မတူခြင်းကို အားလုံးဂုဏ်ယူကြသည်။ လူတိုင်း မိမိ စိတ်ဝင်စားရာ သန်ရာသန်ရာ လုပ်ဆောင်ကြသည်။ လူတိုင်းလူတိုင်း အရာရာကို လုပ်နိုင်တယ်လို့ ထင်ကြသည်။
ဆုံဖြတ်ချက်ချရာတွင် ရှင်းလင်းပြတ်သားသော လုပ်ငန်းစဉ်ဆောင်ရွက်မှု အဆင့်ဆင့် မရှိ။ ဘယ်သူ တွေ က ဘယ်လို သဘောတူမှ ဆုံးဖြတ်ချက်ချမယ် ဆိုတာမျိုးမရှိ။ ခေါင်းဆောင်က ဆုံးဖြတ်တာ များသည်။ ခေါင်းဆောင် ဆုံးဖြတ်လို့ မသင့် (သို့) မသေချာတဲ့ အခါ တဖွဲ့လုံး၏ သဘောတူညီမှု  အများဆုံးဖြတ်ချက် ကို (လိုမှ) တောင်းခံသည်။
ပိုစနစ်တကျ ရှိလာချိန်
စနစ်တွေ ကို စနစ်တကျ အကောင့်အတည် ဖော်လာသည်။ အဖွဲ့သားများကို ဘယ်လို ဘယ်ပုံ ဆက်သွယ်မယ် သတင်းပေးမယ်( ဆက်သွယ်ရေး)၊ အစည်းအဝေးဘယ်လို လုပ်မယ်၊ ဆုံဖြတ်ချက်ကို ဘယ်လိုပုံစံနဲ့ ချမယ်၊ လုပ်ငန်းအစိတ်အပိုင်းတွေ အလုပ်တာဝန်တွေ ခွဲဝေမှု၊ ဖွဲ့စည်းပုံ၊ ဘဏ္ဍာငွေဘယ်လို သုံးစွဲမယ် ဘယ်လိုရှာမယ် ရှင်းတမ်းဘယ်လိုထုတ်ပြန်မယ်- ဆိုတာ တွေ ကို စနစ်တကျ နဲ့ အကောင်အတည် ဖော်လာနိုင်သည်။
ရည်မှန်းချက် ပန်းတိုင် တွေ ဗျုဟာတွေ ကို ပြန်လည်သုံးသပ်ပြီး ချင့်ချိန်လာသည်။ ငါတို့ လုပ်နေတာ ပန်းတိုင်ကို ရောက်ရဲ့လား ထိရောက်လား မှန်ကုန်လာ ပြန်လှည်စဉ်းစား သုံးသပ်လာသည်။
ခေါင်းဆောင်ပိုင်းနဲ့ လုပ်ငန်းတာဝန်ယူမှုပိုင်းတွေ ကို ပြန်ဖွဲ့စည်းသည် ပြုပြင်သည်။ ပြင်ပ အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေ သတ်မှတ်လာသည်။ ငွေ အချိန် နေရာ ခွဲဝေသုံးစွဲရေး စနစ်တကျ ဖြစ်လာသည်။
ပေါင်းစပ်ခြင်း (ပေါင်းစည်းမှု အဖွဲ့အစည်း)
တူညီတဲ့ တန်ဖိုးထားမှု ကို ဦးတည်တဲ့ လုပ်ငန်းသစ်တွေ တာဝန်သစ်တွေ နဲ့ အဖွဲ့ ကို မောင်းနှင် လာနိုင်ပြီ။ အဓိက ခေါင်းဆောင် တာဝန်ယူသူတွေ ပိုမိုများပြားလာသည်။ ရာထူးအဆင့်အတန်းကြီးစဉ်ငယ်လိုက် အစီအစဉ်တွေ နည်းလာပြီး လုပ်ငန်းခွဲအချင်းချင်း အပြန်လှန် ဆက်သွယ်ပြီးပေါင်းစပ်လုပ်ကိုင်တဲ့ ကွန်ရက် သဏ္ဍာန်ဖြစ်လာသည်။
အဖွဲ့ရဲ့ စနစ်တစ်ခုလုံးသည် စနစ်ခွဲများ ပေါင်းစပ်ထားသလို ပုံစံဖြစ်လာသည်။ ပြင်ပ ပတ်ဝန်းကျင် ကို အဖွဲ့ က သြဇာ သက်ရောက်လာသည်။ လုပ်ငန်းတွေရဲ့ အရည်အသွေးဟာ အဓိက ကျလာပြီး ပိုမိုကောင်းမွန် လာသည်။ ထီတွင်ဆန်းစစ်မှုတွေ နည်းလမ်းအသစ်တွေ ကို ကို တစ်ခုပြီးတစ်ခု လုပ်ဆောင်လာနိုင်သည်။
နိဂုံး
အဖွဲ့ တစ်ခု ရဲ့ ရှိသင့်တဲ့ အရာတွေ လုပ်သင့်တဲ့ အရာတွေ နဲ့ အဆင့်ဆင့် တိုးတတ်လာမှု ကို တင်ပြပြီးပါပြီ။ အဖွဲ့အစည်းတွေ ရဲ့ သဘောသဘာဝ လုပ်နည်းလုပ်ဟန် တစ်ဖွဲ့ နဲက တစ်ဖွဲ့ မတူသောကြောင့် ဘယ်လို လုပ်သင့်ပါသည်ဆိုတာ ကို ကျွန်တော်မပြောနိုင်ပါ။ အဖွဲ့စည်းဖွံဖြိုးရေးဟာ ပြင်ပ အတိုင်ပင်ခံ တစ်ယောက် ခဏလာပြီး ၀င်ရောက် လုပ်ဆောင်တဲ့ လုပ်ငန်းမဟုတ်ပါဘူး။ စဉ်ဆက်မပြတ် တပ်ခါတလဲလဲ ရေရှည်ဖြစ်ပေါ်နေတဲ့ လုပ်ငန်းတစ်ခု ပဲ ဖြစ်ပါသည်။
အဖွဲ့တိုင်းရေရှည်တည်တံပြီး ခိုင်မြဲ ကြပါစေ
မောင်ဥဂ္ဂါ
ဟိမန္တာတောင်ခြေ
သီတင်းကျွတ်လဆန်း ၅ ရက်နေ့ ၁၃၇၃ ခုနှစ်

S 7 ပုံစံ


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/08/2012 10:26:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ