သျှမ်းသံတော်ဆင့် |
- မိမိသင်ရိုးညွှန်းတမ်းဖြင့် ကျောင်းချိန်အတွင်းသင်ကြားခွင့်ရရေး သျှမ်းစာပေပညာရှင်များ သမ္မတထံတောင်းဆိုမည်
- ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ ခွန်ထွန်းဦးပါဝင်ထမ်းရွက်ဖို့ ဝန်ကြီးဦးအောင်မင်းတောင်းဆို
- တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူးတစ်ယောက် နေပြည်တော်သွားမှာကို တပ်ဖွဲ့ဝင်တွေ သိပ်ကြောက်နေ
- လားရှိုးမြို့ ရပ်ကွက်(၈) တရုတ်လူမျိုး မောင်မောင်နိုင် ၏အောင်သီတာဆီစက်မှ အနံ့ဆိုး များထွက်ပေါ်နေ
| Posted: 24 Jul 2012 03:12 AM PDT သျှမ်းစာပေကျွမ်းကျင်သူများအဖွဲ့က သင့်တော်သော သျှမ်းစာသင်ရိုးညွှန်းတမ်းတခုကိုရွေးချယ်ကာ ကျောင်းချိန်အတွင်း သင်ကြားခွင့်ရရှိရေးအတွက် သမ္မတကြီးထံ စာရေးတင်ပြမည်ဟု အဆိုပါအဖွဲ့မှ အဖွဲ့ဝင်များကပြောသည်။ ရန်ကုန် ကိုးမိုင်သျှမ်းကျောင်း၌ကျင်းပသော သျှမ်းစာပေညီလာခံ (ဓါတ်ပုံ - SHsM.lso )"လောလောဆယ်ကတော့ သျှမ်းစာပေကျွင်းကျင်သူများဆိုပြီး အဖွဲ့ဝင် ၁၉ ဦးပါတဲ့အဖွဲ့ကိုရွေးလိုက်တယ်။ အဲဒီ ၁၉ ဦး ကနေပြီးတော့ သင့်တော်ရာ သင်ရိုးညွှန်းတမ်းတခုကို ရွေးချယ်လိုက်မယ်။ ပြီးရင်သမ္မတကြီးဆီ စာတင်ဖို့ရှိတယ်။ သျှမ်း စာသင်ရိုးညွှန်းတမ်းဟာ မြန်မာဖတ်စာကနေ ဘာသာပြန်ပြီးတင်ရမယ်ဆိုရင် အဆင်မပြေဘူး။ ကိုယ့်ရဲ့ တိုင်းရင်းသား ဘာသာစာပေကိုအခြေခံတဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှုကိုအခြေခံတဲ့ ရှိပြီးသား သင်ရိုးညွှန်းတမ်းဟောင်းထဲကတခုကိုဘဲ ကျနော် တို့ဘာသာပြုစုပြီး သင်ကြားပါရစေ။ ကျောင်းချိန်အတွင်းမှာဘဲ သင်နိုင်အောင် ပြဌာန်းပေးပါ စတာတွပါတဲ့အချက်တွေပေါ့" ဟု သျှမ်းစာပေကျွမ်းကျင်သူများအဖွဲ့က အဖွဲ့ဝင် ဟိန်းကာယန်း က သျှမ်းသံတော်ဆင့်အားပြောပြသည်။ အဆိုပါစာအား ဦးအောင်မင်း စီစဉ်ပေးမှုကြောင့် မကြာခင် သမ္မတကြီးနှင့် တွေ့ရန်ရှိသည့် SNLD ပါတီခေါင်းဆောင် လည်း ဖြစ် သျှမ်းတိုင်းရင်းသား များခေါင်းဆောင်လည်းဖြစ်သော ခွန်ထွန်းဦးအား သမ္မတကြီးထံတင်ပြပေးရန် အကူအညီတောင်း ထားကြောင်း၊ ခွန်ထွန်းဦးမှလည်း ကူညီပေးရန် သဘောတူထားကြောင်း ၎င်းကဆက်လက်ပြောပြသည်။ ပညာရေးဝန်ကြီး ဒေါက်တာမြအေးက တိုင်းရင်းသားများအား မြန်မာသင်ပုန်းကြီးဖတ်စာမှ ဘာသာပြန်ယူသင်ကြားရန် ဆင့်ဆိုကာ သက်ဆိုင်ရာပြည်နယ်၏ တက္ကသိုလ်ဆရာ၊ ဆရာမများကို တာဝန်ပေးခိုင်းစေသဖြင့် တောင်ကြီးမှ သျှမ်းစာပေ ယဉ်ကျေးမှုအသင်းက သျှမ်းဘာသာသို့ ဘာသာပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဘာသာပြန်စာအုပ်အား သျှမ်းသင်ပုန်းကြီးအဖြစ် အသုံးပြုရန်မသင့်တော်ကြောင်း သျှမ်းစာပေပညာရှင်များ စုံစုံလင်လင်ပါရှိသော ညီလာခံတရပ်ကို ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာ ဂျူလိုင် ၂၂ နှင့် ၂၃ က ရန်ကုန်မြို့ ကိုးမိုင် သျှမ်းဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။ ပြည်တွင်းပြည်ပ တမျိုးသားလုံးပါဝင်သည့် အဆိုပါ သျှမ်းစာပေညီလာခံ၌ တက်ရောက်သူအင်အား ၂၀၀ ကျော်ရှိကြောင်း၊ အစည်းအဝေးပြုလုပ်နေစဉ်အတွင်း အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်းနှင့် သွားရောက်တွေ့ဆုံသည့် သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးကလည်း ဘာသာပြန်သျှမ်းစာပေနှင့် ပတ်သက်သည့် အခက်အခဲ များကိုတင်ပြရာ ဦးအောင်မင်းက တိုင်းရင်းသားသင်ရိုးညွှန်းတမ်းအတွက် မြန်မာသင်ပုန်းကြီးဖတ်စာမှ ဘာသာပြန်ရန်မလို၊ မိမိစိတ်ကြိုက်သင်ရိုးညွှန်းတမ်း တခုခုရွေးချယ်ကာ လွတ်လွတ်လပ်လပ်သင်ကြားနိုင်ကြောင်းပြောသဖြင့် အရေးပေါ်အစည်း အဝေးမှ သမ္မတကြီးထံ စာတင်ပြရန် အစီအစဉ်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူ လားရှိုးမှ လူငယ်တဦးကလည်း ပြောသည်။ ရန်ကုန် ကိုးမိုင်သျှမ်းကျောင်း၌ကျင်းပသော သျှမ်းစာပေညီလာခံ (ဓါတ်ပုံ - SHsM.lso )"ဦးအောင်မင်းက ခွန်ထွန်းဦးကို -သျှမ်းဆိုလဲ သျှမ်းပြည်သမိုင်းကြောင်း၊ ရိုးရာစာပေ ယဉ်ကျေးမှု၊ လူနေမှုဘ၀ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ သဟဇာတဖြစ်မယ့်သင်ရိုးညွှန်းတမ်းဘဲပြဌာန်းရမှာပေါ့။ ဘာဖြစ်လို့ မြန်မာသင်ရိုးညွှန်းတမ်း ကိုဘာသာပြန်ရ မှာလဲ ပြန်စရာမလိုပါဘူး။ အဓိကအားဖြင့်တော့ တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို မထိခိုက်ရင်ပြီးရော။ ကိုယ့်ဘာသာ ကိုယ့်စာပေကို လွတ်လွတ်လပ်လပ်ပြဌာန်းပိုင်ခွင့်ရှိတယ် -လို့ ပြောတယ်။" ဟု SNLD ပြောခွင့်ရ စိုင်းလိတ်ကလည်းပြော သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ " ကျနော်တို့နိုင်ငံမှာ နိုင်ငံခြား ဘာသာ တက္ကသိုလ်ဆိုတာရှိတယ်။ ဒါပေမယ့်တိုင်းရင်းသား ဘာသာတက္ကသိုလ်ဆိုတာမပြောနဲ့။ တိုင်းရင်းသားဘာသာစာပေကိုမှ လွတ်လွတ်လပ်လပ် သင်ကြားနိုင်တဲ့အခြေအနေ တောင် မဖန်တီးနိုင်သေးဘူး။ ဒီဥစ္စာဟာ တိုင်းရင်းသားသွေးစည်း ညီညွတ် ရေး ကိုထိခိုက်စေတယ်။ ပြည်ထောင်စု တည် တံ့ခိုင်မြဲရေးကိုဦးတည်ပြီးတော့မှ တိုင်းရင်းသားတွေရဲ့ဘာသာစာပေလွတ်လပ် စွာသင်ကြားနိုင်ခွင့်ကိုအားပေးရမယ်။ နိုင်ငံတော်အစိုးရကနေပြီးတော့ ကမကထပြုတာဝန်ယူ လုပ်ပေးသင့်တယ်။ တိုင်းရင်းသားတွေ သင်ချင်တဲ့စာ။ သူတို့ဖာသာ သူတို့ပြင်ဆင်ပြုစုထားတဲ့ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု သူတို့ရဲ့စိတ် အခြေခံကို အခြေပြုတဲ့ သင်ရိုးညွှန်းတမ်းမျိုးကိုဘဲ လွတ်လွတ်လပ်လပ်ပြဌာန်းပိုင်ခွင့်ပေးရမယ်" ဟု စိုင်းလိတ်က ဆက်၍ ပြောပြ ပါသည်။ ဂျွန်လ ၁၅ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပညာရေး ဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ တိုင်းရင်းသားဘာသာ သင်ကြားရေးအစည်းအဝေးဆင့် ခေါ်ရာ မြန်မာဘာသာကို ရုံးသုံးဘာသာစကား အဖြစ်လည်း ကောင်း၊ အင်္ဂလိပ်ဘာသာကို နိုင်ငံတကာသုံးဘာသာစကားအဖြစ်လည်းကောင်း သတ်မှတ်ပြီး မူလတန်းအဆင့်ကတည်းက စတင်သင်ကြားပေးမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာကိုမူ ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားပေးရန် လျာထား ကြောင်း၊ သင်ခန်းစာနှင့် ဆရာ့လက်စွဲများကို အခြေခံပညာ သင်ရိုး ညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ဦးဆောင်၍ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း (သို့မဟုတ်) တိုင်းရင်းစာပေပြန့်ပွါးရေးအဖွဲ့တို့မှ ပူးပေါင်းရေးဆွဲ ကာ ၂ လအတွင်းအပြီးပြုစု၍ ပညာရေးဝန်ကြီးထံသို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြခဲ့သည်။ |
| ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ ခွန်ထွန်းဦးပါဝင်ထမ်းရွက်ဖို့ ဝန်ကြီးဦးအောင်မင်းတောင်းဆို Posted: 24 Jul 2012 03:10 AM PDT တိုင်းရင်းသားများခေါင်းဆောင်အဖြစ်အသိအမှတ် ပြုခံရသည့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ခွန်ထွန်းဦးအား ငြိမ်းချမ်းရေးဖော်ဆောင်မှု၌ ပါဝင်ကူညီဖို့ ရထားဝန်ကြီး ဦးအောင်မင်းက တနင်္ဂနွေနေ့က တွေ့ဆုံကာ တောင်းဆိုလိုက်ပါသည်။ Hkun Htoon Oo, Aung Min (Minister), Khin Maung Swe (NDF) and Sai Nyunt Lwin at a reception in Yangon (Photo – Ko Phyo Gyi / Kawli Media)ငြိမ်းချမ်းရေးရေရှည်တည်တံ့ဖို့နှင့် ဒီမိုကရေစီအသွင်ကူး ပြောင်းရေး၌ တိုင်းရင်းသားပါတီအသီးသီး အားလုံး (All Inclusive) ပါဝင်ပံ့ပိုးကြရန် ယခုလ ၂၂ ရက် ဝန်ကြီးဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့က တိုက်တွန်း ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါတိုက်တွန်းချက်အပေါ် ခွန်ထွန်းဦးက အုပ်ချုပ်ရေးပိုင်းနှင့် စစ်တပ်ပိုင်း ဟန်ချက်ညီဖို့ အဓိက လိုအပ်ကြောင်း ပြောဆို ခဲ့သည်ဟု ပါတီပြောခွင့်ရ စိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။ "ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ပထမဆုံး ယုံကြည်မှု တည်ဆောက်ရမယ်။ ဘာဖြစ်လို့အဲဒီ စကားပြော လဲဆိုတော့ သမ္မတက အပစ်ရပ်စဲပါ။ အတိုက်အခိုက်မရှိစေရလို့ အမိန့်ပေးတယ်။ အောက်ခြေ တပ်တွေက ထပြီးတိုက်ပွဲတွေဖြစ်တယ်။ တနေ့ ကဘဲ မိုင်းပူးအွန်မှာဖြစ်တယ်လို့ကြားတယ်။ တခါ မြောက်ပိုင်း တပ်ဖွဲ့နဲ့လဲ ဂျွန်လ ၂၁ ရက်ကနေ ဂျူလိုင် ၄ ရက်လောက် အထိ တိုက်ပွဲတွေ ကြိုကြားဖြစ် နေတယ်။ အဲလိုမဖြစ်အောင် အုပ်ချုပ်ရေးပိုင်းက အမိန့်ပေးရင် တပ်ပိုင်းက လိုက်နာနိုင် အောင် ခင်ဗျားတို့ကြိုးစားပါ။ အဲလိုလုပ်နိုင်မှ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင်ပြေပါလိမ့်မယ်လို့ ခွန်ထွန်းဦးက ပြော သွားပါတယ် " ဟု စိုင်းလိတ်က ပြန်လည်ပြောပြသည်။ မြန်မာအီးဂရက်စ် ရုံးခန်းသို့ ညီညွတ်သောတိုင်းရင်းသား မဟာမိတ်များအဖွဲ့ ( UNA ) နှင့်အခြား နိုင်ငံရေးပါတီ ၂ ခု စုစုပေါင်း နိုင်ငံရေးပါတီ ၁၄ ပါတီအား ဝန်ကြီး ဦးအောင်မင်းက ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ ပါဝင်သင့်ပါဝင်ထိုက်သော ပုဂ္ဂိုလ်အဖွဲ့အစည်းအားလုံး ပါဝင်နိုင်အောင် ဖိတ်ကြားမည်ဟု ဝန်ကြီး ဦးအောင်မင်းက ပြောဆိုသဖြင့် ကူညီပံ့ပိုးမည့်ပုဂ္ဂိုလ်များ၏ လုံခြုံရေးကို တာဝန်ယူ အာမခံချက်ပေးနိုင်ဖို့ လို ကြောင်း လည်း ခွန်ထွန်းဦးက သတိပေးပြောကြားခဲ့သည်ဟုဆို၏။ " အဲဒီကိစ္စနဲ့ ပတ်သက်လို့ ခွန်ထွန်းဦး က ပြန်ပြောပါတယ်။ ကျနော့်ကိုကူညီစေချင်ရင် ကူညီပါ့မယ်။ ဒါပေမယ့်လို့ ကျနော် တို့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ဝင်ပြီးကူညီမယ့်ပုဂ္ဂိုလ်တွေက နိုင်ငံရေးသမား တွေ၊ သာမာန် အရပ်သား ပြည်သူတွေ။ တကယ်လို့ ငြိမ်းချမ်းရေး ပျက်ပြယ်သွားခဲ့သည်ရှိသော် ကျနော်တို့အတွက် လုံခြုံရေးအာမခံချက် ပေးနိုင်မလား အဲတာ အဓိကမေးပါတယ်။ ဦးအောင်မင်းကပြောတယ်။ ၁၇-၁ တွေမရှိစေရပါဘူးအဘ တဲ့။ တကယ်လို့ ငြိမ်းချမ်းရေးပျက်ပြယ်လို့ ဒီပုဂ္ဂိုလ်တွေက တောထဲရောက် သွားမယ် လက်နက်ကိုင်တိုက်ခိုက်လာမယ်ဆိုရင် အဘကိုမထိခိုက်စေရဘူး။ အဘကို ၁၇-၁ နဲ့ဖမ်းရင် ကျနော်ကိုယ်တိုင် ထောင်ထဲမှာလာထုတ်မယ်။ ကျနော်ထုတ်လို့မရရင် အဘနဲ့အတူ ကျနော်ထောင်ထဲမှာ ဘဲနေ မယ်တဲ့ ဦးအောင်မင်းက အဲလောက်အထိပြောပါတယ်။ ဆိုတော့ ခွန်ထွန်းဦးက - ကျနော် ကူညီပါ့မယ်။ ဒါပေမယ့် ၈၀ ရာခိုင်နှုန်းလောက်ဘဲ ကျနော်အာမခံနိုင်ပါတယ်။ SSPP RCSS တို့နဲ့ ကျနော် အလွတ်သဘောဆွေးနွေးဖူးပါတယ်။ နိုင်ငံ ရေးအရ ကျနော်တို့ကိုဦးဆောင်မှုပေးပါလို့ သူတို့ ကမ်းလှမ်းဖူးပါတယ်။ အခု ခင်ဗျားတို့က လုပ်ပါဆိုတော့ သူတို့ကိုကျနော် ကြိုးစားပြောကြည့်ပါ့မယ်။ - လို့ ခွန်ထွန်းဦးက ဦးအောင်မင်းကိုပြန်ဖြေခဲ့ပါတယ်" -ဟု စိုင်းလိတ်က ဆက်လက်ပြော ပြသည်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် အခြားအခက်အခဲတခုမှာ အစိုးရက ချမှတ်ထားသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းစဉ် ၈ ချက်အနက် (၁) အချက်မှ (၄) အထိ တိုင်းရင်းသားတပ်ဖွဲ့ အားလုံးက လက်ခံနိုင်သည့် အနေအထားရှိ သော်လည်း လက်နက်အပြီးစွန့်ပါ၊ နိုင်ငံရေး ပါတီအဖြစ် အသွင်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်ကြပါ၊ လွှတ်တော်ထဲ ရောက်မှနိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပါ စသည့် ကျန်အချက် ၄ ချက်ကိုမူ တိုင်းရင်းသားတပ်ဖွဲ့များ လက်ခံရန် ခက်ခဲသည့်အချက်များဖြစ်ကြောင်း ခွန်ထွန်းဦးက ပြောကြားခဲ့သည်ဟု အစည်းအဝေးလိုက်ပါ တက်ရောက်သည့် SNLD ၏ ဒုတိယခေါင်းဆောင် စိုင်းညွန့်လွင်ကပြောကြောင်း ကော့လီမီဒီယာတွင်ဖော်ပြထားသည်။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်းလမ်းစဉ် ၈ ချက်မှာ - (၁) ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး (၂) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး နှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုသဘောတူရေး (၃) စီးပွါးရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက် ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရေး (၄) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရေး (၅) ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး (၆) ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့်ကိစ္စများရှိက လွှတ်တော်အတွင်း၌ အများသဘောတူ ဆန္ဒနှင့်အညီ ဆောင်ရွက်ရေး (၇) ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီတန်းတူညီတူနေထိုင်၊သွားလာ၊ လုပ်ကိုင်၊စားသောက်ရေး (၈) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး - စသည်တို့ဖြစ်ပါသည်။ |
| တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူးတစ်ယောက် နေပြည်တော်သွားမှာကို တပ်ဖွဲ့ဝင်တွေ သိပ်ကြောက်နေ Posted: 24 Jul 2012 03:08 AM PDT သို့- သျှမ်းသံတော်ဆင့် နိုင်လိုမင်းထက်နဲ့ မတရားမှု ပြုကျင့်တဲ့နေရာမှာ အင်မတန် နာမည်ကြီး လှတဲ့ သျှမ်းပြည်နယ်၊ တောင်ကြီးခရိုင်ရဲတပ်မှူး (ခရိုင် ရဲမင်းကြီး) တစ်ယောက် နေပြည်တော်ကို အစည်းအဝေးတက်ဖို့ သွားတော့မယ် ဆိုရင် ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက ရဲမြို့နယ်မှူးတွေ၊ စခန်းမှူးတွေ၊ ရဲကင်းမှူးတွေနဲ့ နယ်ထိန်းအဖွဲ့တွေ ဖိဆီးနှိပ်စက် ခံကြရပါတယ်။ ခရိုင်ရဲမှူးကိုယ်တိုင် ဖုန်းဆက်ပြီး - Blue Label အရက် ပုလင်းပါတဲ့ လက်ဆောင်ပန်းခြင်းတွေနဲ့ စခန်းတစ်ခုကို ငွေဘယ် နှစ် သိန်းလာပို့စမ်း - ဆိုပြီး အဓမ္မ ခေါ်တောင်း လေ့ရှိပါတယ်၊ မပေးရင် ရန်ငြိုးဖွဲ့ပြီး ပြဿနာ ရှာတတ်တာမို့ သူ့ကို ကြောက်ပြီး မဖြစ်ဖြစ်အောင် လုပ်ပေး ဖန်တီးပေးနေရတယ်၊ သူ့ကားအတွက်ကိုလည်း ဒီဇယ်ဆီ၊ အင်ဂျင်ဝိုင်ဆို ပုံးလိုက်ပေးနေကြရတယ်၊ ဒါ့အပြင် လမ်းမှာစားသောက်ဖို့ စရိတ်တွေ အစားအစာတွေကိုလည်း လိုလေသေးမရှိ ဆောင်ရွက်ပေးကြရပေမဲ့ လက်အောက် တပ်ဖွဲ့ဝင် တွေအပေါ် ဘယ်တော့မှ အကောင်းမမြင် တတ်တဲ့အပြင် သူအလိုမကျရင် အငြိုးအတေးနဲ့ လုပ်ပိုင်ခွင့် အာဏာကို အလွှဲသုံးစားပြီး နေပြည်တော်အစည်းအဝေးတက်ဖို့ အကြောင်းပြုပြီး အထက်လူကြီးများကို ကန်တော့ဖို့ဆိုပြီး တပ်ဖွဲ့ဝင် အချင်းချင်းအပေါ် နိုင်လိုမင်းထက်ပြုတတ်တဲ့ တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူးတစ်ယောက် နေပြည်တော်သွားမှာကို တပ်ဖွဲ့ဝင် တွေမှာ သိပ်ကြောက်နေရကြောင်း ...... အမြင်မတော် အကြားမတော်လို့ အများသူငှာသိစေချင်လို့ သျှမ်းသံတော်ဆင့် ကတစ်ဆင့် အိတ်ဖွင့်ပေးစာ တစ်စောင်ပို့ရခြင်းဖြစ်ပါတယ်.... Tai Inspector |
| လားရှိုးမြို့ ရပ်ကွက်(၈) တရုတ်လူမျိုး မောင်မောင်နိုင် ၏အောင်သီတာဆီစက်မှ အနံ့ဆိုး များထွက်ပေါ်နေ Posted: 24 Jul 2012 03:08 AM PDT သျှမ်းသံတော်ဆင့်မှတဆင့် သိစေလို လားရှိုးမြို့၊ ရပ်ကွက်(၈) ရှိ တရုတ်လူမျိုး မောင်မောင်နိုင် ၏ အောင်သီတာဆီစက်မှ အနံ့ဆိုး ထွက်ပေါ်နေမှုအပေါ် ဖြေရှင်း ပေးရန် အတွက် ရပ်ကွက် နေပြည်သူများမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ၂၀.၇.၂၀၁၂ နေ့က တိုင်ကြားစာ ပေးပို့ထားသည်။ လွန်ခဲ့သော တစ်လ ခန့်မှစ၍ အောင်သီတာ ဆီစက်မှ ဓါတုဆေးဝါးတစ်မျိုး ရောစပ်အသုံးပြုရာမှ ထွက်ပေါ်လာသည့် အနံ့ဆိုး ကြောင့် အနီးပတ်ဝန်းကျင်နေထိုင်သူများ မူးဝေအော့အန် ၊ အသက်ရှုကြပ်ခြင်း စသည့် ဝေဒနာများ ဖြစ်ပေါ်နေပါသည်။ ထို့ကြောင့် ဆေးရုံဆေးခန်းများသို့ သွားရောက်ပြသနေရသူများလည်း များပြားလာပါသည်။ ၎င်းကိစ္စအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး မှ အမှန်တရားကို ဖော်ထုတ်မည်လော သို့မဟုတ် ဆီစက်ပိုင်ရှင် တရုတ် မောင်မောင်နိုင် ကို အကာကွယ်ပေးဆောင်ရွက် မည်လော ဟူသည်ကို မြို့ခံများကစောင့်ကြည့်နေပါသည်။ အကယ်၍ မြို့နယ် အုပ်ချုပ်ရေးမှူး က ဆောင်ရွက်မပေးပါက နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ထံ ဆက်လက်တင်ပြ ရန်စီစဉ်နေကြသည်ကို သျှမ်းသံတော်ဆင့်မှတဆင့် သိရှိစေလိုပါသည်။ မြို့နေလူထုကိုယ်စား လားရှိုးသားလေး |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |









