သျှမ်းသံတော်ဆင့် |
- ရွှေဖြူစီမံကိန်းကြောင့် အခက်အခဲ ကြုံရသည့်ဒေသခံများ ဆုတောင်းပွဲလုပ်
- KIA နှင့် မြန်မာစစ်တပ်တို့ နှစ်ဘက် စစ်ရှိန် မြှင့်တက်နေ
- မူစယ်ခရိုင်ဆေးရုံကြီး ပြောင်းရွှေ့ရန် အာဏာပိုင်များ စီစဉ်
- SNLD အထွေထွေအတွင်းရေးမှူး ကျန်းမာရေးဆေးစစ်ရန် ပထမဆုံးအကြိမ်ပြည်ပခရီးစဉ်စတင်
- ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
- ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း
ရွှေဖြူစီမံကိန်းကြောင့် အခက်အခဲ ကြုံရသည့်ဒေသခံများ ဆုတောင်းပွဲလုပ် Posted: 18 Jan 2013 02:20 AM PST သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း ရွှေဖြူတူးဖော်သည့် စီမံကိန်းကြောင့် အခက်အခဲ ကြုံ တွေ့နေရသည့် ဒေသခံများ စုရုံး၍ ယနေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ အလှူအဒါန်းနှင့်တကွ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ တာချီလိတ်ခရိုင်အတွင်း ရွှေဖြူတူးဖော်နေသည့် မြင်ကွင်းတစ်ခု (Photo:LWO) "ရွှေဖြူလာတူးတော့ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးတယ်။ လယ်ယာမြေတွေလည်း ပျက်စီးတယ်။ ဒါကြောင့် ရွာသူရွာသား လယ်သမားတွေ စုပေါင်းပြီး ရေမြေတောတောင်စောင့်နတ်ကို ရည်စူးပြီး အလှူ အဒါန်း ပြုလုပ်ရတာပါ။ ဖြစ်နိုင်ရင်တော့ ဒေသခံလူထုအတွက် အကျိုးမရှိတဲ့ ဒီစီမံကိန်းကြီး ရပ်နား သွားစေချင်တယ်လေ" ဟု ကျိန်းလပ်ဒေသခံတစ်ဦးက ပြောပါသည်။ အဆိုပါ အလှူဒါနပွဲကို သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိန်းလပ်မြို့နယ်ခွဲ ဝမ့်တုံကျေးရွာ ဘုန်းကြီးကျောင်း၌ ယနေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီထိ ပြုလုပ်ကျင်းပခဲ့ရာ သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၊ ဒေသတွင်း အာဏာပိုင်များနှင့် ဒေသခံလူထု ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်ဟု ဆို၏။ "နံနက် ၉ နာရီခွဲလောက်မှာ ကျနော်တို့ သီလဆောက်တည်တယ်။ သံဃာတော်တွေက အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပေးတယ်။ နောက် ရေမြေတောတောင်စောင့်နတ်တွေ သတ္တဝါတွေကို ရည်စူးပြီး ရေစက်ချ အမျှပေးဝေခဲ့ပါတယ်" ဟု ၎င်းက ဆက်ပြောပါသည်။ နံနက် ၁၁ နာရီ သံဃာတော် ၅ ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ထို့နောက် ပါတီအသီးသီး မှ ပုဂ္ဂိုလ်များ၊ ဒေသတွင်း အာဏာပိုင်များထံ လူထုဆန္ဒ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြ ခဲ့ကြောင်း၊ ရွှေဖြူတူးဖော်မှုကြောင့် နောင်ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်၊ ဆိုးကျိုးများ အကြောင်းလည်း ဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။ ဝမ့်တုံကျေးရွာဘက်၌ 'ရွှေထူးစံ' ကုမ္ပဏီက နမ့်ခင်းမ်ချောင်းအတွင်း ရွှေဖြူလာရောက်တူးဖော်လျက်ရှိ ကြောင်း ဆိုပါတယ်။ "ရွှေဖြူလာတူးတာ ဘယ်သူမှ အကောင်းမမြင်ဘူး။ သျှမ်းရွာအပြင် ပလောင်ရွာက ဒေသခံတွေလည်း အကောင်းမမြင်ဘူး။ ရေတွေလည်းနှောက် လယ်တွေလည်းပျောက် ကျနော်တို့အတွက် ဘာကောင်း ကျိုးမှ မရှိဘူး" ဟု ဝမ့်တုံလယ်သမားတစ်ဦးကလည်း ပြောပါသည်။ လားဟူအမျိုးသမီးအဖွဲ့(LWO) ကလည်း တာချီလိတ်ခရိုင် မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရွှေဖြူတူး ဖော်မှုနှင့် ပတ်သက်၍ ၂၀၁၂ မေလအတွင်း အစီရင်ခံစာ ထုတ်ပြန်ရာ တောတောင်များ ပျက်စီးကာ ဒေသခံများ သစ်ဥမြစ်ဥ ရှာဖွေရောင်းချနိုင်ခြင်း မရှိသည့်အတွက် ဝမ်းစာအတွက် အကြပ်အတည်း ကြုံတွေ့နေရကြောင်း၊ ရေထုညစ်ညမ်းသဖြင့် သောက်သုံးရေအတွက်လည်း အခက်အခဲကြုံတွေ့နေရ ကြောင်း ဆိုပါသည်။ |
KIA နှင့် မြန်မာစစ်တပ်တို့ နှစ်ဘက် စစ်ရှိန် မြှင့်တက်နေ Posted: 18 Jan 2013 02:19 AM PST ဒီဇင်ဘာလလယ်ပိုင်းမှစ၍ အစိုးရတပ်ဘက်မှ KIO/KIA ဋ္ဌာနချုပ်တည်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့ အနီးတစ် ဝိုက် KIA စခန်း များအား ထိုးစစ်ဆင် တိုက်ခိုက်နေရာ ယခုအခါ ကချင်ပြည်နယ် နေရာအနှံ့တွင် တိုက်ပွဲများပြင်းထန် စွာ ဖြစ်ပွားနေပြီး နှစ်ဘက်စစ်ရေးရေချိန် မြှင့်တက်နေကြောင်း သိရသည်။ အစိုးရဘက်မှ လိုင်ဇာဒေသ ထိုးစစ်အတွက် စစ်တပ်များ ကချင်ပြည်နယ်အတွင်းသို့ အဆက်မပြတ် ပို့ဆောင်နေပြီး ယခင် စစ်မဖြစ်သေးသည့် နေရာများတွင်ပါ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်တွင် ယနေ့နံနက်ပိုင်းက KIA နှင့် အစိုးရ တပ်များတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဗန်းမော်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ "ဒီမနက်ပိုင်းမှာ ရွှေကူနဲ့မိုးဒါးကြားမှာ တိုက်ပွဲဖြစ်နေတယ်၊ မနေ့ညနေ ၄ နာရီခွဲလောက်က ဗန်းမော်မြို့ ကွန်ပြူတာ တက္ကသိုလ်ကျောင်းရှေ့မှာ မိုင်းတစ်လုံးကွဲတယ်၊ သုံးဘီးသမားတစ်ယောက် လက်နဲ့ခြေထောက်မှာ ဒဏ်ရာရပြီး ဆေးရုံ တင်ထားရတယ်" ဟု ၄င်းမြို့ခံကပြောသည်။ အဆိုပါတက္ကသိုလ်ရှေ့ ပေါက်ကွဲခဲ့သည့် ဗုံးနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ လက်ချက်ဖြစ်သည်ကို မသိရသေးပေ။ အစိုးရတပ်များ ကချင်ပြည်နယ်အတွင်းသို့ အဆက်မပြတ်ပို့ဆောင်နေမှုနှင့် ပတ်သက်၍ တရုတ်နယ်စပ် စစ်ရေးနိုင်ငံ ရေး စောင့်ကြည့် လေ့လာသူ ဦးအောင်ကျော်ဇောက ယခုလိုဆိုသည်။ "ဗမာအစိုးရဘက်က တပ်တွေကို တစ်သုတ်ပြီး တစ်သုတ်ထပ်တင်နေတယ်၊ အဲလိုတင်နေတာက စစ်ရှိန်လျှော့မယ်ဆို တာမဖြစ်နိုင်ဘူးလို့ ထင် တယ်၊ လွန်ခဲ့တဲ့ ၅ ရက်လောက်က နတခ တပ်တွေ သင်္ဘောနဲ့ ဗန်းမော်ကို ထပ်ရောက်တယ်၊ တပ်မ ရ၇ တပ်တွေလည်းရောက်နေပြီ အခုသိရတာက ဒီလ ၂၀ ရက်နေ့ လိုင်ဇာကို အရသိမ်းမယ်ဆိုပြီး ဗမာအစိုးရ ဘက်က ကြိုးပမ်းနေတယ်" ဟု ဆိုသည်။ ထို့သို့ အစိုးရတပ်များ ပို့ဆောင်နေချိန်တွင် ယမန်နေ့က တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ် သည့် ဗန်းမော် - လွယ်ဂျယ်လမ်း စိန်လုံအနီးတွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယာဉ်အသွားအလာများခေတ္တရပ် ဆိုင်းသွားကြောင်း လွယ်ဂျယ် ဒေသခံ တစ်ဦးကလည်းဆိုသည်။ "စိန်လုံကမ္ဘာပေါ့ ၂၄ မိုင်နားမှာ မနေ့က တစ်နေကုန် တိုက်ပွဲဖြစ်တယ် ဆိုင်ကယ်တွေ ကားတွေမတက်နိုင် ဘူး ဒီနေ့မှ ကားတွေ ပြန်သွားနိုင် တယ် ၂၈ မိုင်နားက ထမင်းဆိုင်တွေကိုတော့ စစ်ဖြစ်နေလို့ဆိုပြီး အစိုးရ တပ်က အိမ်ပြန်ခိုင်း လိုက်ပြီ" ဟု ဒေသခံက ဆိုသည်။ KIO/KIA ဋ္ဌာနချုပ် လိုင်ဇာမြို့နှင့် ၇ မိုင်ခန့်အကွာ လဝါးယန်အနီးတွင် ယမန်နေ့မှ စ၍ နှစ်ဘက်တိုက်ပွဲများ ယနေ့ အထိ ဖြစ်ပွားနေရာနှစ် ဘက်ထိခိုက်ကျဆုံးမှုများရှိကြောင်း ကျောင်းသားတပ်မတော်မှ ရှေ့တန်းရောက် တပ်မှူးတစ်ဦး ကပြောသည်။ KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် တရုတ် - မြန်မာနယ်စပ် အဓိက ကုန်သွယ် ရေးလမ်းတစ်ခုဖြစ် သည့် မူစယ် - မန္တလေးလမ်းပေါ်တွင် အစိုးရဘက်မှ စစ်ဆေးမှုများတင်းကြပ်စွာ ပြုလုပ်နေရာ ယမန် နေ့ကစ၍ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။ |
မူစယ်ခရိုင်ဆေးရုံကြီး ပြောင်းရွှေ့ရန် အာဏာပိုင်များ စီစဉ် Posted: 17 Jan 2013 06:26 PM PST သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ ပြည်သူ့ဆေးရုံကို မြို့ပြင်သို့ ပြောင်းရွှေ့ရန် အာဏာပိုင်များက စီစဉ် လျက်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရပါသည်။ Photo: HL/SHAN "မြို့ပတ်လမ်းမှာရှိတဲ့ အဆင့်မြင့် အားကစားကွင်းဘေးကို ပြောင်းခိုင်းတာ။ မြို့ပြင်ပေါ့။ လူနေအိမ် လည်း မရှိ။ လက်ရှိဆေးရုံကို တိုးချဲ့မယ်ဆိုရင် ကောင်းတာပေါ့။ မြို့လယ်ခေါင်မှာရှိတော့ လိုအပ်တဲ့ ဆေးတွေ စားစရာတွေ ဝယ်ရတာ လွယ်တယ်။ ပြည်ထောင်စု လမ်းမကြီးနဲ့လည်း နီးတယ်။ သွားလာရ လွယ်ကူ အဆင်ပြေတယ်။ လုံခြုံရေးလည်း ရှိတယ်လေ" ဟု မူစယ်ဒေသခံတစ်ဦးက ပြောပါသည်။ ဂျန္နဝါရီလဆန်းပိုင်းခန့်က မူစယ်ဆေးရုံအုပ်အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆေးရုံပြောင်းရွှေ့ရန်ကိစ္စနှင့်ပတ်သက်၍ ခေါ်ယူပြောဆိုခဲ့ကြောင်း၊ ဆေးရုံအုပ်က ပြောင်းရွှေ့ရန် သဘောမတူကြောင်း ဆေးရုံတက် လူနာတစ်ဦး၏ မိသားစုဝင်က ဤကဲ့သို့ ပြောပါသည်။ "ခေါ်တွေ့တော့ ဆေးရုံအုပ်က သဘောမတူဘူးပေါ့။ ဒါပေမဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေက သဘောတူတူ မတူတူ ဆေးရုံရွှေ့ရအောင် လုပ်မယ်လို့ ပြောလာတယ်လို့ ကြားတယ်။ ဒီမိုကရေစီလို့သာ ပြောတယ်။ အာဏာနဲ့ ဖိနှိပ် ချိန်းခြောက်နေတာတွေက ရှိနေသေးတယ်။ လူသူနဲ့ဝေးတဲ့ မြို့ပြင်ကို ပြောင်းခိုင်း တော့ ဘယ်သူက ပြောင်းချင်မှာလဲ။" ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပြီးနောက် ဆေးရုံအုပ်က သျှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ သျှမ်းပြည်နယ် ကျန်းမာရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် သွား ရောက်တွေ့ဆုံခဲ့ကြောင်း၊ ဆေးရုံပြောင်းရွှေ့ရန်ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးနိုင်ရန် စာတင်မည်ဖြစ်ကြောင်း ဆေးရုံအသိုင်းအဝိုင်းက ပြောပါသည်။ "ဗိုလ်ချုပ်ခင်ညွှန့်ခေတ်ကတည်းက စီမံကိန်းရှိထားတာ။ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ဒီနှစ်မှ အကောင်အထည်ဖော်တာ။ ဘာကြောင့် ပြောင်းခိုင်းသလဲဆိုတာ သေသေချာချာ မသိရဘူး။ ဆေးရုံ မြေနေရာမှာ ကုမ္ပဏီက အဆင့်မြင့်ဂေဟာတွေဆောက်ပြီး ရောင်းမယ်လို့တော့ ကြားတယ်" ဟု မူစယ်ခေတ်လူငယ်တစ်ဦးကလည်း ပြောပါသည်။ လက်ရှိဆေးရုံမြေနေရာအား 'ထုန့်မောဝ်း' ကုမ္ပဏီမှ ဝယ်ယူမှာဖြစ်ကြောင်း၊ ဆေးရုံပြောင်းရွှေ့ရန် သဘောတူညီချက် ရရှိသည့်အချိန်မှ မြေ ၅ ဧက အကျယ်အဝန်းရှိ အဆင့်မြင့် အားကစားကွင်းဘေး၌ ဆေးရုံသစ်ဆောက်လုပ်ပေးမှာဖြစ်ကြောင်း သိရှိရပါသည်။ |
SNLD အထွေထွေအတွင်းရေးမှူး ကျန်းမာရေးဆေးစစ်ရန် ပထမဆုံးအကြိမ်ပြည်ပခရီးစဉ်စတင် Posted: 17 Jan 2013 06:24 PM PST ထောင်ဒဏ်နှစ်ရှည်မှ ပြန်လည်လွှတ်မြောက်လာသော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး စိုင်းညွန့်လွင် ပထမဆုံးအကြိမ် ပြည်ပ၌ ကျန်းမာရေး ဆေးစစ်ချက် ရယူရန် ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသို့ ခရီးစဉ် စတင်ခဲ့ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်က ပြောပါသည်။ SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်နှင့်ဇနီး (ဓါတ်ပုံ-ဖေ့စ်ဘုခ်မှကူးယူဖော်ပြသည်) "ကျနော်တို့ SNLD ရဲ့ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် ထောင်ထဲမှာ အနေအထိုင် အစားအသောက် ဒုက္ခဒဏ်တွေ ကြောင့် ဒူလာရောဂါလိုဟာမျိုး စွဲကပ်လာတယ်။ အဲဒီရောဂါကို အပြင်ရောက်တော့ နည်းပေါင်းစုံနဲ့ ကုသတော့လဲ မသက် သာဘူး။ ဒါကြောင့်မို့လို့ အခု အဲဒီရောဂါအပြင် တခြားသော ရောဂါတွေအတွက်လဲ ဆေးစစ်ရင်း ကုသမှု ခံယူစရာရှိရင်လဲ ခံယူရင်း လုပ်ရအောင်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒီနေ့ မွန်းလွဲပိုင်းမှာ ထွက်သွားပါပြီ" ဟု ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် လည်းဖြစ် ဒု-အတွင်းရေးမှူးလည်းဖြစ်သည့် စိုင်းလိတ်က ပြောပါသည်။ ၂၀၁၂ နှစ်ဆန်းက နှစ်ရှည်ထောင်ဒဏ်မှ လွတ်မြောက်လာသော စိုင်းနွတ် ခေါ် စိုင်းညွန့်လွင် ဂျန္နဝါရီလ ၁၇ ရက် မွန်းလွဲပိုင်း က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်း နိုင်ငံသို့ ထွက်ခွါခဲ့ကြောင်း၊ ရောဂါစစ်ဆေးမှုခံယူပြီးနောက်ပိုင်းတွင်လည်း အခြေအနေပေးပါက အလျဉ်းသင့်သကဲ့သို့ ထိုင်းနိုင်ငံရောက် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ် ကြောင်း ဆိုပါသည်။ "စစ်မှန်တဲ့ ပြည်ထောင်စုကြီးတည်ဆောက်ဖို့ ဘယ်အတိုက်အခံအဖွဲ့အစည်းနဲ့မဆို အစိုးရကိုယ်တိုင်ကတောင်မှ လက်ခံတွေ့ ဆုံနေတဲ့အချိန်မှာ ကျနော်တို့အနေနဲ့လဲဘဲ တရားဝင်တွေ့ဆုံခွင့်ရှိတယ်လို့ ယူဆတယ်လေ။ ဒါကြောင့်မို့လို့ လိုအပ်ရင် လိုအပ်သလို ဘယ်အဖွဲ့အစည်းနဲ့မဆို ဘယ်ပုဂ္ဂိုလ်နဲ့မဆို အချိန်ပေးရင်ပေးသလို တွေ့ဆုံသွားဖို့ရှိပါတယ်" ဟု စိုင်းလိတ်က ဆိုပါသည်။ ယမန်နှစ် ဂျူလိုင်နှင့် ဩဂတ်စ်လက SNLD ပါတီဥက္ကဌ ခွန်ထွန်းဦးကလည်း ထိုင်းနိုင်ငံ ဘန်ကောက်၌ ကျန်းမာရေးဆေး စစ်ချက်ရယူခဲ့သေးသည်။ သို့သော် ထိုစဉ်က ဥက္ကဌကြီးသည် မည်သည့်နိုင်ငံရေးပါတီ မည်သည့်တိုင်းရင်းသားခေါင်းဆောင် နှင့်မျှ တွေ့ဆုံခြင်းမရှိဘဲ ဆေးကုသမှုခံယူရန် သက်သက်သာ ဖြစ်ပါသည်။ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးအပါအဝင် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် သျှမ်း ခေါင်းဆောင် ၈ ဦးအား အမျိုးသားညီလာခံကို ဆန့်ကျင်သည့်အတွက်ဟုဆိုကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် အာဏာရစစ်အုပ်စုက ၂၀၀၅ နှစ်ဦးပိုင်း၌ ဖမ်းဆီးချုပ်နှောင်ပြီး ထောင်ဒဏ် ၇၉ - ၁၀၆ နှစ်အထိ အသီးသီး ပြစ်ဒဏ်ပေးခဲ့ သည်။ သမ္မတ ဦးသိန်းစိန်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၂ နှစ်ဆန်းပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့ကြပြီး ပါတီပြန်လည်တည်ထောင်ခဲ့ကြသည်။ |
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ Posted: 17 Jan 2013 06:23 PM PST ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင်ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။ ဒီကြေငြာချက်နဲ့ပတ်သက်ပြီး သျှမ်းသံတော် ဆင့် သတင်းဌာနက SNLD ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ် ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ပြီးခဲ့သည့်တနင်္လာနေ့က လိုင်ဇာမြို့ထဲသို့ အစိုးရတပ်လက်နက်ကြီးပစ် ရွာသားများထိမှန်သေဆုံး (ဓါတ်ပုံ- ဖေ့စ်ဘုခ်မှ) မေး။ ။ ကြေငြာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။ ဖြေ။ ။ ကျနော်တို့ ကြေငြာချက် ထုတ်ပြန်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိတဲ့အတွက် ကြောင့် တိုင်းရင်းသားပြည်သူတွေ ဒုက္ခရောက်တယ်။ ငြိမ်းချမ်းရေး ရရှိဖို့ဆိုလို့ရှိရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းကြရမယ်။ နိုင်ငံရေးစားပွဲဝိုင်းကို အမြန်သွားမှသာလျှင် တိုင်းရင်းသားပြည်သူတွေရဲ့ ဒုက္ခတွေ ကယ်တင် နိုင် မယ်။ ပြီးတော့မှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ကျနော်တို့ အာရုံစူးစိုက်နိုင်မယ်ဆိုတာ အဓိကထားပြီးမှ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။ မေး။ ။ ကြေငြာချက်မှာ ကချင်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုအများကြီးရှိနေတာ တွေ့မိပါတယ်။ ခွန်ထွန်းဦး ဦးဆောင်လှုပ်ရှားနေတဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့၊ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက် ဖို့ဆိုတဲ့ လုပ်ငန်းမှာ ထိခိုက်နိုင်တဲ့ အလားအလာရှိပါသလား။ ဖြေ။ ။ ရှိလာနိုင်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တွေ့ဆုံဆွေးနွေးရေး မလုပ်ဘူး။ တိုင်းရင်းသား တွေနဲ့ နိုင်ငံရေးဆွေးနွေးမှု မလုပ်ဘူးဆိုရင် ပြေလည်မှု မရဘူးပေါ့နော်။ စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်ဖို့အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက်ဆိုရင် ဘယ်တိုင်းရင်းသား လူမျိုးတမျိုးကိုမှ ရန်စ ထားလို့ မရဘူး။ ကချင်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်၊ သျှမ်းတွေနဲ့တိုက်ပွဲဖြစ်နေ တယ်။ ကချင်၊ သျှမ်း မပါဘဲနဲ့လည်း ပြည်ထောင်စုဆိုတာ အသွင်သဏ္ဍာန် ပြီးပြည့်စုံမှာ မဟုတ်ဘူး။ ထို နည်းလည်းကောင်းဘဲ ၀တွေ၊ ပအိုဝ်းတွေ မပါရင်လည်း ပြီးပြည့်စုံမှု မရှိနိုင်ဘူး။ ဒါကြောင့်မို့လို့ ကချင် မှာ ဖြစ်နေတဲ့တိုက်ပွဲဟာ ကျနော်တို့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုကို လုံးဝ ထိခိုက်စေနိုင်ပါ တယ်။ ဒါကို အမြန်ဆုံး ချုပ်ငြိမ်းသွားဖို့ ဝိုင်းဝန်းကြိုးပမ်းသွားဖို့ လိုအပ်ပါတယ်။ မေး။ ။ ကချင်စစ်ပွဲကို ကြည့်လိုက်မယ်ဆိုရင် အခုက မြန်မာအစိုးရဘက်ကလည်း မိမိကိုယ်ကို ကာကွယ် တိုက်ခိုက်နေတာပါလို့ ပြောတယ်။ ကချင်ဘက်ကတော့ မြန်မာအစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်လို့ ပြောတယ်။ အဲဒီအပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။ ဖြေ။ ။ စစ်ဆိုတဲ့ သဘောတရားအရဆိုရင်တော့ နှစ်ဖက်စလုံးက သူ့အယူ ကိုယ့်အယူ မှန်တယ်လို့ ယူဆကြမှာဘဲလေ။ ဒါပေမဲ့ ယထာဘူတကျကျ စဉ်းစားကြည့်မယ်ဆိုရင် ကျနော်တို့အားလုံးဟာ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဗမာ့တပ်မတော်ဟာ KIA ကို တိုက် စရာ အကြောင်းမရှိဘူး။ KIA ကလည်း ဗမာ့တပ်မတော်ကို ပြန်ပြီးပစ်ခတ်စရာ အကြောင်းမရှိဘူး။ အဲဒီ လို အကြောင်းမရှိဘူးဆိုတာက ဘယ်လိုအခြေအနေမျိုးမှာမှ ဖြစ်မလဲဆိုရင်တော့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှဘဲ ကျနော်တို့ ပြဿနာငြိမ်းအေးမှာလေ။ ဒါကြောင့်မို့လို့ သူနိုင် ကိုယ်နိုင် စကားနိုင် လုနေမဲ့အစား ကျနော်တို့ တိုင်းရင်းသားတွေက ဘာတွေကို လိုချင်နေသလဲ၊ ကချင် တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကဘာလဲ၊ ပြည်ထောင်စု အစိုးရဘက်က ဘာတွေများ လိုက်လျောပေး နိုင်မလဲ၊ ဘာတွေများ လုပ်ပေးသင့်သလဲဆိုတာကို ဆွေးနွေးညှိနှိုင်းမှသာလျှင် စစ်ရေးပြဿနာက ပြေ လည်သွားမှာ ဖြစ်ပါတယ်။ statement of SNLD မေး။ ။ ကချင်တပ်နဲ့မြန်မာအစိုးရတပ်ကြားမှာ ဘာကြောင့်မို့လို့ တခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေလို ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သလဲ။ ဖြေ။ ။ ဒါကလည်းဘဲ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအသွင်သဏ္ဍာန် မှားယွင်းနေတဲ့ အတွက်ကြောင့်ပါဘဲ။ ဘာလို့လဲဆိုရင် စစ်မျက်နှာတခုကိုဖွင့်မယ်။ ကျန်တဲ့တိုင်းရင်းသားဒေသတွေ ဘက်ကိုကျတော့ ငြိမ်းချမ်းရေး မရ-ရအောင် တည်ဆောက်ထားမယ်။ သူတို့ရဲ့ ပုံစံမကျမှုကြောင့် ဖြစ် တာဗျ။ အမှန်တော့ ကျနော်တို့ အမြဲတမ်း တောင်းဆိုနေသလို အားလုံးသောတိုင်းရင်းသားတွေကို amnesty အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်၊ အတိုက်အခံအားလုံးကို စုဆုံပြီးမှ ဆွေးနွေးပွဲ လုပ်ဖို့ ဖိတ်ခေါ်လိုက်။ ဒါဆိုလို့ရှိရင် တိုင်းရင်းသားအားလုံးလည်း လက်နက်တွေ ခဏရုတ်သိမ်းပြီးတော့ မှ တိုက်ပွဲတွေ ခဏရပ်ထားပြီးတော့မှ ဆွေးနွေးလို့ ရတာပေါ့ဗျာ။ အခုတော့ ၁၇/၁ တွေရှိနေမယ်။ တချို့ အဖွဲ့ကိုတော့ ပြေလည်အောင် ညှိနှိုင်းထားပြီးတော့မှ တချို့အဖွဲ့တွေကိုကျတော့ ဆက်လက် ရမယ်ရှာ ပြီး တိုက်ပွဲဝင်နေတယ်ဆိုတာမျိုးကတော့ အစိုးရဘက်က သတ်မှတ်ထားတဲ့ပုံစံ၊ မူဝါဒ သဘောထား မရှိသေးဘူးလို့ဘဲ သုံးသပ်ရမယ်ဗျ။ ဒီအပေါ်မှာ အစိုးရဘက်ကဘဲ လုံးဝ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ မေး။ ။ နောက်ဆုံးအနေနဲ့ ကချင်အရေးနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောကြားချင်ပါသလဲ။ ဖြေ။ ။ တခုဘဲ ပြောလိုပါတယ်။ စစ်ဖြစ်တယ်ဆိုလို့ရှိရင် ကချင်လူမျိုးနဲ့ ဖြစ်တယ်ဆိုပေမဲ့လို့ ကျနော် တို့ ပြည်ထောင်စုတခုလုံးကို ထိခိုက်နစ်နာစေပါတယ်။ သျှမ်းနဲ့ဖြစ်ရင်လည်း သျှမ်းလူမျိုးတမျိုးတည်း သျှမ်းပြည်တခုတည်း ထိခိုက်နစ်နာတာ မဟုတ်ဘူး။ ပြည်ထောင်စုတခုလုံးရဲ့ သယံဇာတ အရင်းအမြစ် နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသဖြင့် အားလုံးကို ထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ် တိုင်းရင်းသားနဲ့မှ တိုက်ပွဲ မဖြစ်စေလိုတော့ပါဘူး။ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုလို့ရှိရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြဖို့ဘဲ အားလုံးကို တိုက်တွန်းလိုပါတယ်။ ထိုးစစ် ဆင်တဲ့ဘက်ကရော ခံစစ်ဆင်တဲ့ဘက်ကရော ဘယ်သူဘဲဖြစ်ဖြစ် အားလုံး ငြိမ်းချမ်းရေးကို ဦးတည် ရှေးရှုကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။ ကချင် လွတ်မြောက်ရေး တပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား ၂၀၁၃ ခုနှစ် ဝင်လာတာနဲ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ နှစ်ဖက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အဆင့်ထိ ဖြစ်လာပြီး အစိုးရတပ်ကနေ စစ်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေ ပစ်ခတ်မှုတွေ ရှိလာပါတယ်။ ပဋိပက္ခပြေလည်ငြိမ်းအေးအောင် နိုင်ငံတော်သမ္မတကြီးနှင့်အစိုးရအဖွဲ့၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ ၊လွှတ်တော်အတွင်း နေရာ အများဆုံးရရှိခဲ့သော ကြံ့ခိုင်ရေးပါတီအမတ်များ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့မှလည်း ဝင်ရောက်ဖြေရှင်းကြ ခြင်းမရှိ သေးတာကိုတွေ့ရကြောင်း ကြေငြာချက်မှာထောက်ပြထားပါတယ်။ ထို့အတွက်ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရေးသည်သာ တခုတည်း သောနည်းလမ်း ဖြစ်ကြောင်း၊ တပ်မတော်နှင့်နိုင်ငံတော်အစိုးရကနေ တွေ့ဆုံဆွေးနွေးရေးအဖြေရှာခြင်းကို အလေးအနက်ထား ဆောင်ရွက်သွား ဖို့ သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကနေ ကြေငြာချက်ထုတ်ပြန်တာဖြစ်ပါတယ်။ |
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း Posted: 17 Jan 2013 06:20 PM PST ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ ပတ်သက်ပြီး ပညာရှင်အသီးသီးက ဆိုထားတာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ကတော့ ရှမ်းပြည်နယ်/ရှမ်းလူမျိုးတွေ လက်တွေ့ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်/အခြေအနေတွေအပေါ်မှာ သုံးသပ်ပြီး နိုင်ငံရေးရှုထောင့်ကနေ တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ်အပါအဝင် ဒီနေ့ပြည်နယ်တွေရဲ့ အခြေအနေကို ကြည့်လိုက်ရင် အများစုက အေးချမ်းသာယာမှု ကင်းမဲ့ နေတာကို တွေ့ရပါလိမ့်မယ်။ ဒါဘာကြောင့် ဖြစ်နေရတာလဲ။ ဘာကြောင့် ယမ်းခိုးတဝေဝေ ဖြစ်နေရ တာလဲ။ သာယာလှပတဲ့ တောင်းတန်းတွေမှာ ပန်းရနံ့တွေ ဝေနေရမယ့်အစား ယမ်းနံ့တွေ ဝေနေရတာ ဘာကြောင့်ပါလဲ။ အဲဒီ ဒေသခံလူမျိုးတွေ အတိဒုက္ခရောက်နေကြတာ ဆယ်စုနှစ်ပေါင်းချီပြီး အတော်ကို ကြာခဲ့ပါပြီ။ ကြေကွဲဝမ်းနည်းစရာ အဖြစ်အပျက်အမြောက်အမြားကို ရင်ဆိုင်ခဲ့ကြရတယ်။ ရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။ ဒီအခြေအနေဆိုးကြီးကို ဘာကြောင့် မဖယ်ရှားနိုင်သေးတာလဲ။ အေးချမ်းသာယာမှုကို ဘာကြောင့် မတည်ဆောက်နိုင်ကြတာလဲ။ မေးခွန်းတွေ ရှိပါတယ်။ အဖြေတွေ အများကြီးထဲက တစ်ခုကတော့ ယုံကြည်မှု မရှိတာ၊ ယုံကြည်မှု မတည်ဆောက်နိုင်တာပါလို့ ပြောနိုင်ပါတယ်။ ပြည်ထောင်စုကြီးကို တည်ဆောက်တယ်ဆိုတာ ယုံကြည်မှုနဲ့ တည်ဆောက်ရတာ ဖြစ်ပါတယ်။ ယုံကြည်မှု မရှိဘဲနဲ့ ပြည်ထောင်စုလည်း မဖြစ်နိုင်သလို ငြိမ်းချမ်းရေးလဲ တည်ဆောက်လို့ မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မယုံမကြည် ဖြစ်နေမှတော့ ဘယ်လိုလုပ်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်နိုင်မှာလဲ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်နိုင်မှာလဲ။ ဒါဟာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ဖို့နဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ယုံကြည်မှု ရအောင် အရင်ဆုံး တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါဆို တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဘာကြောင့် မယုံကြည်နိုင်အောင် ဖြစ်နေရတာလဲ ? တန်းတူ ညီမျှမှု မရှိတာတွေ၊ ဗိုလ်ကျစိုးမိုး အနိုင်ကျင့်တာတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်တာတွေ၊ ကတိမတည် လိမ်လည်လှည့်ဖျားတာတွေ ၊ နိုင်ငံရေး လွတ်လပ်ခွင့်ကို ချုပ်ချယ်တာတွေ အစရှိတာတွေ ရှိနေလို့ ဖြစ်ပါတယ်။ လူတစ်စုက တစ်ခြားလူတစ်စုကို မယုံကြည်နိုင်လို့ အဲဒီအပြုအမူတွေကို လုပ်ဆောင်တာ ဖြစ်တတ်ပြီး ခံရတဲ့လူတစ်စုကလည်း ပြုလုပ်သူ လူတစ်စုကို တစ်ဖန်ပြန်ပြီး မယုံကြည်နိုင်တော့ပါဘူး။ အဲဒီကနေစပြီး ငြိမ်းချမ်းမှုတွေပျောက် ပဋိပက္ခတွေ ရောက်လာတော့တာပါဘဲ။ ယုံကြည်မှုကို တစ်ဖက်တည်းက တည်ဆောက်လို့လဲ မရပါဘူး။ နှစ်ဖက် သို့မဟုတ် သုံးဖက် ပါဝင်သူအားလုံးက ပါဝင်တည်ဆောက်မှ ဖြစ်နိုင်တာပါ။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် နားလည်မှု နဲ့ လုပ်ပြကိုင်ပြ ဆောင်ရွက်ပြတာတွေကသာ ယုံကြည်မှုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့ လူမျိုးရေးစိတ်ဓါတ် ဆိုတာ မကောင်းသလို ကျန်တစ်ဖက်က ကျဉ်းမြောင်းတဲ့ လူမျိုးကြီးဝါဒ ဆိုတာလည်း မကောင်းပါဘူး။ ကျွန်တော်တိုက်တွန်းချင်တာကတော့ အဲဒီ လွဲမှားမှုတွေကို အားလုံးက ရှောင်ကျဉ်ဖို့ လိုပါတယ်။ ဖျောက်ဖျက် ပြစ်ဖို့ လိုပါတယ်။ ဒါမှ ယုံကြည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာ အခု အပစ်ရပ်စဲရေး စာချုပ်တွေမှာ လက်မှတ်ထိုးကြတော့ "ပြည်ထောင်စုထဲက ခွဲမထွက်ပါဘူး" ဆိုပြီးလက်မှတ် ထိုးရပါတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ ဒါဟာတစ်ဖက်ထဲအပေါ်ထားတဲ့ စည်းကမ်းချက်မျိုးပါ။ တစ်ခြားတစ်ဖက်ကလည်း "ပြည်ထောင်စုကြီးထဲက မခွဲထွက်ချင်အောင် ကျွန်တော်တို့ ဘာတွေလုပ်ထားပါတယ် " ဆိုတာမျိုးကြတော့ မပါပါဘူး။ အဲဒီတော့ ယုံကြည်မှုတည်ဆောက်ရာမှာ အခက်အခဲဖြစ်တတ်ပါတယ်။ ကျွန်တော်တို့က မခွဲထွက်ချင်အောင် ဘာတွေဘာတွေ လုပ်ထားပါတယ်။ ခင်ဗျားတို့ဘက်ကလဲ ခွဲမထွက်ပါနဲ့ ဆိုတာမျိုး နှစ်ဖက်စလုံးက ကတိတွေပေးမှ တရားမျှတတဲ့၊ နားလည်မှုရှိတဲ့ ယုံကြည်မှုတည်ဆောက်တာ ဖြစ်ပါလိမ့်မယ်။ ခွဲထွက်ရေး ဆိုတာကို အကြောင်းပြပြီး လှည့်စားခဲ့တဲ့ အတိတ်ကအရိပ်မည်းကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်ပါတယ်။ အမှန်တကယ် မရှိခဲ့တဲ့ ခွဲထွက်ရေးကို အကြောင်းပြပြီး စစ်အာဏာသိမ်းခဲ့လို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတကြီးဟာ ဘာမှအပြစ်မရှိဘဲ ထောင်ထဲမှာ ကွယ်လွန်ခဲ့ရတယ်။ သူ့သားတစ်ယောက်လည်း အကြောင်းမဲ့ ကျဆုံးခဲ့ရတယ်။ သီပေါစော်ဘွား ကြီးလည်း အဖမ်းခံရပြီး ပျောက်ဆုံးခဲ့ရတဲ့ သမိုင်းအမည်းစက်ကြီး တစ်ခု ဖြစ်ခဲ့ရပါတယ်။ ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်ကြပါမလဲ။ ရှမ်းတွေဘက်က မယုံကြည်နိုင်မှုဟာ တရားမျှတမှု ရှိပါတယ်လို့ ပြောချင်ပါတယ်။ ၁၉၆၁-ခုနှစ် တောင်ကြီးမှာပြုလုပ်တဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံက ချမှတ်ခဲ့တဲ့ ပြည်ထောင်စုမူဟာ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ တင်သွင်းတဲ့စာတမ်းသာ ဖြစ်ပါတယ်။ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ ဥပဒေလမ်းကြောင်းထဲက မူဖြစ်ပါတယ်။ နောင်အခါမှာတော့ အခြေခံဥပဒေနဲ့ အညီအညွတ်လုပ်ထားတဲ့မူကနေ အတင်းအကြပ်စွပ်စွဲပြီး ခွဲထွက်ရေးမူ အဖြစ်ကင်ပွန်းတပ်ခံခဲ့ရတာကို ၀မ်းနည်းဖွယ် တွေ့ကြရမှာပါ။ တစ်ဦးနဲ့တစ်ဦး ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုတွေ ပျက်ပြားသွားခဲ့ရပြီး သွေးခွဲအုပ်ချုပ်ခြင်းကို ခံလိုက်ကြရတာဘဲ အဖတ်တင် ကျန်ရစ်ပါတော့တယ်။ ဒီနေ့ ဒီအခြေအနေမှာတော့ သမိုင်းတစ်ခေတ်ကို အစပြုလာပါပြီ။ သမိုင်းရေးရာ အမှန်တရားတွေကို ဖေါ်ထုတ်လာနိုင် ကြပါပြီ။ ဖယ်ဒရယ်စနစ်ဟာ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာ အများစုက လက်ခံလာကြပါပြီ။ ဖယ်ဒရယ်ဆိုတာ ပေါင်းစည်းရေး ဆိုတာကို လက်ခံလာကြပါပြီ။ နိုင်ငံရေးသမားတွေပြောတဲ့ စကားလုံးတွေထဲမှာ ဖယ်ဒရယ်စနစ်ဆိုတဲ့စကားလုံး မပါမဖြစ် ပြောဆို နေကြပါပြီ။ တောက်လျှောက်ပြောလာခဲ့တဲ့ ကျွန်တော်တို့တွေထက်တောင်မှ အသုံးပြုတာ များနေပါပြီ။ မဟုတ်မမှန် ဓါးစာခံ လုပ်ခံခဲ့ရတဲ့ "ခွဲထွက်ရေး" အိပ်မက်ဆိုးကြီးကနေ နိုးထလာကြပြီလို့ ပြောလိုပါတယ်။ အခုဆိုရင် ဖယ်ဒရယ်စနစ်ဆိုတာ ခွဲထွက်ရေးမဟုတ် ၊ ပူးပေါင်းရေး တနည်းအားဖြင့် ပြည်ထောင်စု စစ်စစ်မူသာဖြစ်ကြောင်း သိလာကြပါပြီ။ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းချင်တာကတော့ ဒီနေ့ကာလလို သမိုင်းအမှန်ပေါ်လာတဲ့ကာလမှာ ကျွန်တော်တို့ရဲ့ သံသယတွေကို လျှော့ချကြပါ။ နားလည်မှု ပေးကြပါ။ ပြည်ထောင်စုကြီးရဲ့ အနာဂတ်ကို မျှော်တွေးကြပါ။ ယုံကြည်မှု တည်ဆောက်ဖို့ လမ်းဖွင့်ကြပါ။ ကိုယ်ကိုယ်တိုင်လည်း ယုံကြည်မှုတည်ဆောက်ပါ။ အခွင့်ကောင်းယူကြပါ။ လက်လွှတ် မခံဖို့ တိုက်တွန်းလိုပါတယ်။ ယုံကြည်မှု တည်ဆောက်မှု လမ်းကို ဖွင့်ထားကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ဟာ ပြည်ထောင်စုကြီးရဲ့ အမာခံအဖွဲ့ဝင် ဖြစ်ကြောင်း "ပင်လုံစာချုပ်" ကတည်းက သက်သေပြ ထားခဲ့တာကို မမေ့ကြပါနဲ့။ ဒါ့အပြင် ကျွန်တော်တို့ စဉ်းစားတွေးတောသလို တစ်ဖက်ကလည်း မှန်မှန်ကန်ကန်လိုက်ပြီး စဉ်းစားဖို့ တွေးတောဖို့တိုက်တွန်း လိုပါတယ်။ ယုံကြည်မှုနဲ့ တည်ဆောက်တဲ့ ငြိမ်းချမ်းရေးကို မျှော်မှန်းကြပါ။ ယုံကြည်ရတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက် တန်းတူညီမျှမှု ရှိဖို့ လိုပါတယ်။ ကတိတည် ဖြောင့်မတ်ဖို့ လိုပါတယ်။ လူ့အခွင့်အရေး ချိုးဖေက်မှုတွေအစား ကူညီရိုင်းပင်းမှုတွေ လိုပါတယ်။ ဗိုလ်ကျ စိုးမိုးမှုတွေအစား ကာကွယ်စောင့်ရှောက်မှုတွေ လိုပါတယ်။ ပင်လုံစာချုပ်ဆိုတာ တောင်တန်းဒေသနဲ့ ပြည်မ တန်းတူညီမျှ ပူးပေါင်းရေးစာချုပ်ဖြစ်ပါတယ်။ ပင်လုံစိတ်ဓါတ် အနှစ်သာရကို မမေ့သင့် မဖျောက်ဖျက်သင့်ပါဘူး။ အမြဲလိုက်နာ နေသင့်ပါတယ်။ အခုပြောနေကြတဲ့ ရှစ်ပြည်နယ်မူဆိုတာဟာ အစစ်အမှန်ကိုပြောရရင် "ရှစ်ယူနစ်" ကို ပြောခြင်း ဖြစ်ပါတယ်။ ခင်ဗျား တစ်ယူနစ်ဆိုရင် ကျွန်တော်တစ်ယူနစ်၊ မင်း တစ်ယူနစ်ဆိုရင် ငါ တစ်ယူနစ်ကို ပြောခြင်း ဖြစ်ပါတယ်။ အားလုံးတန်း တူညီမျှတာကို ပြောတာပါ။ တန်းတူညီမျှခြင်းဆိုတာ တစ်ဖက်သားရဲ့ အိတ်ကပ်ထဲကပစ္စည်းကို နှိုက်ယူတာ မဟုတ်ပါဘူး။ ဖယောင်းတိုင် မီးကူးယူသလိုပါဘဲ။ မူလ ဖယောင်းတိုင်မီးဆီက ဘာမှလျှော့သွားတာ မရှိပါဘူး။ ကိုယ့်မှာ ရှိသလို သူ့မှာလည်း ရှိပါစေ ဆိုတဲ့ စေတနာမျိုးထားနိုင်ရင်ဘဲ အလုပ်ဖြစ်နိုင်ပါပြီ။ အားလုံးတန်းတူညီမျှ ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးနိုင်ဖို့ ပြောနေခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသားအားလုံးဟာ ဘယ်လိုနည်းနဲ့မှ ခွဲခွါပြီး မနေနိုင်ကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ အတူတကွ ယှဉ်တွဲနေထိုင်တတ်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အတူတကွ ယှဉ်တွဲနေထိုင်ကြရင် အရင်ဆုံးလိုအပ်တာက ယုံကြည်မှုဘဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မယုံမကြည် ဖြစ်လို့ မရပါဘူး။ ယုံကြည်မှု တည်ဆောက်ကြဖို့ ဘယ်လို တန်းတူညီမျှ မှုတွေ လုပ်ထားသလဲ။ ဘယ်လို ပြဌာန်းခွင့်တွေ ပေးမှာလဲ။ ခွဲမထွက်ရဆိုတဲ့ သံသယစကား မပြောဘဲနဲ့ ခွဲမထွက်ချင်အောင် ဘာတွေလုပ်ပြထားသလဲ။ မေးခွန်းတွေ ပေါ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်စုနဲ့တစ်စု ဘယ်လို harmony ဖြစ်အောင် နေကြမလဲဆိုတာ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့တိုင်းပြည်ကို state of peace ဖြစ်ဖို့ ကြိုးစားကြရပါမယ်။ ကျွန်တော်တို့တတွေဟာ ပြည်ထောင်စု မပီသတဲ့ ပြည်ထောင်စုမျိုး၊ ဆိုရှယ်လစ်မပီသတဲ့ ဆိုရှယ်လစ်မျိုးတွေနဲ့ ကြုံတွေ့ ခဲ့ကြဖူးပါပြီ။ ဒါတွေကို သင်ခန်းစာအဖြစ်ယူကြပြီး နောက်တစ်ကြိမ် ထပ်မကြုံမတွေ့ရလေအောင် တားဆီးကြရပါမယ်။ ဆိုရှယ်လစ်အတု၊ ပြည်ထောင်စုအတုတွေလိုဘဲ "ဖယ်ဒရယ်အတု" ကိုလည်း ကျွန်တော်တို့ တားဆီးရှောင်ကျဉ်ကြရပါမယ်။ ဖယ်ဒရယ်မျက်နှာဖုံးတပ်ထားတဲ့ ဖယ်ဒရယ်အတုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အတုတွေနဲ့ ယုံကြည်မှု မတည်ဆောက် နိုင်ပါဘူး။ အတုတွေနဲ့ ယုံကြည်မှုတည်ဆောက်ရင်လဲ အမှားကြီးမှားပါလိမ့်မယ် ဆိုတာ တင်ပြလိုပါတယ်။ တစ်စုနဲ့တစ်စု တစ်ဖွဲ့နဲ့တစ်ဖွဲ့ဟာ ကိစ္စရပ်အားလုံးမှာ မတူနိုင်ကြပါဘူး။ ကွဲပြားမှုတွေ ရှိနေမှာပါဘဲ။ ဘယ်လိုဘဲ ကွဲပြားပါစေ မတူကွဲပြားမှု ပဋိပက္ခ တွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းယူကြတာဟာ အကောင်းဆုံးနည်းလမ်းဘဲ ဖြစ်ပါတယ်။ လက်နက်ကိုင်ကိစ္စကို စဉ်းစားကြည့်လိုက်ရင် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ နေရသူတွေအဖို့ လက်နက်ကိုင်စရာ မလိုပါဘူး။ လက်နက်ကိုင်ဖို့လည်း စိတ်ကူးရှိမှာ မဟုတ်ပါဘူး။ လုံခြုံစိတ်ချရမှု ရှိဖို့ဘဲလိုအပ်ပါတယ်။ ဒါကြောင့် တရားမျှတမှု ၊ ဥပဒေ စိုးမိုးမှု၊ လုံခြုံစိတ်ချရမှု ၊ အလုပ်အကိုင်အခွင့်အလမ်း ပွင့်လင်းမှု ၊ နိုင်ငံရေး လွတ်လပ်မှုတွေကို ဖန်တီးကြမှသာလျှင် ယုံကြည်မှု တည်ဆောက်နိုင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲတွေ မရှိဘဲ အေးချမ်းသာယာနေတာ ၊ စားဝတ်နေရေး ဖူလုံမှု ရှိနေတာ ၊ လူထုရဲ့ စိတ်သဘောတွေ တည်ငြိမ်နေတာ ၊ အခြားသူတွေနဲ့ အတူတကွ harmony ဖြစ်အောင်ယှဉ်တွဲနေနိုင်တာ ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆို ကြပါတယ်။ ပြည်ထောင်စုကြီးတစ်ခုထဲမှာ ငြိမ်းချမ်းစွာ အတူတကွ ယုံကြည်မှုတည်ဆောက်သွားဖို့ ၊ ရေရှည်တည်မြဲမဲ့ ငြိမ်းချမ်းရေး တည်ဆောက်သွားဖို့ ဆိုရင် တိုင်းပြည်ကို state of harmony ဖြစ်အောင် တည်ဆောက်ဖို့ လိုတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ State of harmony ဆိုတာကတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ သွေးစည်း ညီညွတ်မှု၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု၊ တွေ့ဆုံ ဆွေးနွေးမှုနဲ့ အခြေခံ လူသားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှု စတာတွေကို ဆောင်ရွက်ထားနိုင်တာ ကို ပြောကြခြင်း ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် အပေးအယူ မျှမျှတတ ရှိအောင် ကြိုးစားဖို့လိုပါတယ်။ တစ် ဖက်က အသာစီးရနေပြီး အခြားတစ်ဖက်က နစ်နာဆုံးရှုံးနေရတာမျိုးကို ရှောင်ကြဉ်ကြရပါတော့မယ်။ အတိတ်က သင်ခန်းစာတွေကို ဓမ္မဓိဌာန်ကျကျ စဉ်းစားပြီး အမှားတွေကို ဖေါ်ထုတ် ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ နိဂုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးကို state of harmony ဖြစ်အောင် ၀ိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ |
You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |