သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ဗန်းမော် - လွယ်ဂျယ်ကားလမ်းတွင် ဗုံးကွဲ ၊ ခရီးသည် ၂၀ ကျော် ဒဏ်ရာရ

Posted: 21 Jan 2013 02:42 AM PST

KIA နှင့် အစိုးရစစ်တပ်တို့ နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော  ကချင်ပြည်နယ် ဗန်းမော် - လွယ်ဂျယ် ကားလမ်းပေါ်တွင် ယခုလ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က ခရီးသည်တင်ယာဉ်တန်း များ ဖြတ်သန်းနေစဉ် ဗုံးတစ်လုံးကွဲခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၂၂ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည် ။

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် ဗန်းမော် - လွယ်ဂျယ်လမ်း ၂၇ မိုင်တွင် လမ်းဘေး သစ်ပင် ၌ ထောင်ထားသည့် ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဗန်းမော်မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"ဟိုင်းလက်ကားကတစ်စီး ဗင်ကားနှစ်စီး လွယ်ဂျယ်ကနေ ဗန်းမော်ကိုအဆင်း ၂၇ မိုင်နားမှာ လမ်းဘေး ကနေ ဗုံးတစ် လုံးထပေါက်တာ ဟိုင်းလက်ပေါ်မှာတော့ လူ ၃၀ ကျော်လောက်ပါတယ် ကား ၃ စီးစလုံး ထိတယ်။ အားလုံးဆိုရင်တော့ ၂၂ ယောက်ထိတယ် ဒဏ်ရာပြင်းထန်တဲ့လူတွေကိုတော့ ဗန်းမော်ဆေးရုံ မှာ တင်ထားတယ် " ဟု မြို့ခံက ဆိုသည် ။

ဗုံးထိမှန်သူ အများစုမှာ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ခါဂျန် ၊ အလင်းကောင် ၊ ကြံခင်း နှင့် မန်ပုံရွာ များမှ ဆိုင်ကယ် ကယ်ရီ သမားများဖြစ်ပြီး ဗန်းမော်ဆေးရုံတွင် ၁၀ ဦးကျော်ခန့် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရ သည် ။

"အခုဆေးရုံက အပြင်လူဝင်ခွင့်မပေးတော့ လူအရေအတွက် အတိအကျမသိရဘူး။ ဟိုင်းလက်ပိုင်ရှင်က ဦးဝင်းမော်။ သူက ဒဏ်ရာပြင်းတယ်။ ဗန်းမော်ကဘဲ၊ မြစ်ကြီးနားက မအောင်ဆိုတဲ့ ကောင်မလေး တစ်ယောက်ရယ်၊ မန်ပုံရွာက ၃ ယောက် လောက်ကလဲ ဒဏ်ရာ ပြင်းတယ်လို့ သိရတယ် " ဟု ဆိုသည် ။

အဆိုပါ လမ်းကြောင်းတစ်လျှောက် အချက်အခြာကျသည့် နေရာများကို မြန်မာအစိုးရ စစ်တပ်များက ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်အသွားအလာများ သိသိသာသာ လျှော့နည်း ကျဆင်း နေပြီး ခရီးသွားများမှာ စိုးရိမ်နေ ကြောင်း သိရသည် ။

KIA ထိန်းချုပ်ရာ လိုင်ဇာမြို့အနီးရှိ လဂျားယန်ဒေသတစ်ဝိုက် အစိုးရတပ်၏ ထိုးစစ်ဆင်နေမှုများအား ရပ်ဆိုင်းကြောင်း ယခုလ ၁၈ ရက်နေ့က မြန်မာအစိုးရမှ ကြေငြာခဲ့အပြီး နောက်တစ်ရက်တွင် ၎င်း ဗုံးကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ။

ထိုသို့ လဂျားယန်ဒေသ ထိုးစစ် ရပ်ဆိုင်းမည်ဟု ကြေငြာထားသည့်တိုင် အစိုးရတပ်ဘက်မှ လဂျားယန်အနီး ခါရာတောင် တွင် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ KIA နှင့် အစိုးရတပ်တို့အကြား နှစ်ဘက် တိုက်ပွဲများ ပြင်းထန်ဆဲ ဖြစ်ကြောင်း ကျောင်းသားတပ်မတော် ရှေ့တန်းတပ်မှူးများ အဆိုအရ သိရသည် ။



အပစ်ရပ်စာချုပ် စတင်ဖေါက်ဖျက်သူ ဘယ်တော့မှမဖြစ်စေရဟု RCSS ဥက္ကဌပြော

Posted: 21 Jan 2013 02:41 AM PST

မြန်မာအစိုးရ နှင့် သျှမ်းပြည်တပ်မတော်တို့ အပစ်ရပ်ထားသော်လည်း နှစ်ဖွဲ့အကြားတိုက်ပွဲ အကြိမ် ၆၀ ကျော် ဖြစ်ပွားရာ မှာ မြန်မာ့တပ်မတော်က ကျူးကျော်ရန်စခဲ့သောကြောင့် အစိုးရကိုယ်စားလှယ်အပြင် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်နှင့် ပိုမို နီးကပ်သောဆက်ဆံရေးကိုတည်ဆောက်ရမည်ဟု RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောပါသည်။
SYSRCSS နှစ်ပတ်လည်အစည်းအဝေးမှ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်
 
"ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတိုင်း မြန်မာ့တပ်မတော်က နယ်ကျွံလို့ ဖြစ်တာ။ ကျနော်တို့ကတော့အပစ်ရပ်စာချုပ်ကို ဘယ်တော့မှ စတင်ဖေါက်ဖျက်မှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးတည်တံ့ဖို့ အစိုးရတပ်နဲ့ ပိုမိုတွေ့ဆုံရမယ် " ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကပြောသည်။

ယခုလ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ ဌာနချုပ်လွယ်တိုင်းလျဲန်း၌  ကျင်းပသော RCSS/SSA နှစ်ပတ် လည် အစည်းအဝေး၌ ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်ကပြောပါသည်။

ထို့အပြင် အဆိုပါနှစ်ပတ်လည်အစည်းအဝေးမှ တင်ပြလာသော အစီရင်ခံစာများ၌  - ငြိမ်းချမ်းရေး ဆွေးနွေးပြီးကတည်းက ယနေ့တိုင် သျှမ်းပြည်တပ်မတော်နှင့်  မြန်မာ့တပ်မတော်အကြား တိုက်ပွဲ ၆၈ ကြိမ်ဖြစ် ပွါးခဲ့ပြီး မြန်မာ့တပ်မတော်ထံမှ  သေနတ် ၆၉ လက်သိမ်းမိ ကြောင်း၊ မြန်မာ့တပ်မတော်ဘက် ၁၁၃ ယောက် ကျဆုံးကာ ၁၂၉ ယောက်ဒဏ်ရာရကြောင်း ပါရှိပါသည်။ တိုက်ပွဲ ၆၈ ကြိမ်အနက် ၄၄ ကြိမ်မှာ မြန်မာတပ်မတော်နှင့်ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး ကျန်တိုက်ပွဲများမှာ ပြည်သူ့ အစိုးရလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့နှင့် ဖြစ်ပွါးခဲ့သည်ဟုလည်း ပါရှိပါသည်။

  မြန်မာအစိုးရစစ်တပ်မှ နယ်မြေရှင်းလင်းရေး နယ်မြေစိုးမိုးရေးကြောင့်သာ တိုက်ပွဲ ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း၊ RCSS/SSA ၏အမှားမဟုတ်သဖြင့် တိုက်ရိုက်အပြစ်မတင်နိုင်သော်လည်း ယခင်အပတ် က ဖြစ်ပွါးခဲ့သော တိုက်ပွဲမှာ မြန်မာအစိုးရ၏ AEC အတွက် လမ်းဖောက်လုပ်နေမှုကို သျှမ်းပြည်တပ် မတော်ဘက်မှ ဖျက်လို ဖျက်ဆီးပြုလုပ်သည်ဟု မြန်မာအစိုးရ၏ စစ်တပ်ပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်တဦးက ဘန်ကောက်ပို့စ်သတင်းစာ အားဖြေကြားခဲ့သည်။ ထိုတိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ ၂ ဦးသေ ၂ ဦးဒဏ်ရာရခဲ့ကြောင်း RCSS/SSA တာဝန်ရှိပုဂ္ဂိုလ်တဦးကလည်းပြောပါသည်။

ထို့ကြောင့် မိမိတို့ဘက်မှ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးထိန်းသိမ်းသွားမည်ဖြစ်ရာ အကယ်၍ ငြိမ်းချမ်း ရေးပျက်ပြားခဲ့ပါက မိမိတို့ဖက်က ချိုးဖောက်ခြင်းမဟုတ်ဟု အစည်းအဝေးပြီးဆုံးသည့်နေ့ ထုတ်ပြန်သည့်ကြေငြာချက်ကဆိုပါသည်။

 သျှမ်းပြည်တပ်မတော် RCSS/SSA သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းကိစ္စတွင်လည်း ယခုနှစ်အတွင်း ဆေးစွဲသူ ၅၉၆ ယောက်အားဆေးဖြတ်ပေးခြင်း၊ ဆေးဖြတ်ရုံ ၅ ရုံတည်ထောင်နိုင်ခြင်း၊ ရောင်းဝယ်ဖေါက်ကားသူ ၆၉ ယောက် ကို ဖမ်းဆီးအပစ်ပေးခြင်းပြုလုပ်ခဲ့ပြီး ယာဘ ၂၃၀၄၅ ပြား ဖမ်းဆီးရမိခဲ့ကြောင်း နှစ်ပတ်လည်အစီရင်ခံစာတွင် ပါဝင်ပါသည်။

ပညာရေးနှင့်ပတ်သက်၍ စာသင်ကျောင်း ၁၀၄ ကျောင်း၊ ဆရာ၊ ဆရာမ ၁၃၈ ဦးနှင့် ကျောင်းသား ၂၆၇၆ ဦး မွေးထုတ်ပေး ခဲ့သည်ဟုလည်း အဆိုပါအစည်းအဝေး၏ အစီရင်ခံစာ၌ပါရှိသည်။

သျှမ်းပြည်တပ်မတော်သည် ၂၀၁၁ ဒီဇင်ဘာလ ၁၁ ရက် ကတည်းက အစိုးရကိုယ်စားလှယ်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် အဖွဲ့ဖြစ် သည်။

နမ့်ခမ်းမြို့တွင်ဘောလုံးလောင်းကစားလုပ်ငန်းလွတ်လပ်စွာလုပ်ကိုင်နေကြောင်း

Posted: 21 Jan 2013 02:40 AM PST

သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့တွင် ဘောလုံးလောင်းကစားလုပ်ငန်းကို အဖမ်းအဆီးမရှိ လွတ်လပ်စွာ လုပ်ကိုင်နေ ကြောင်း စုံစမ်းသိရှိရသည်။
baw loon ticket ဘော်လုံးလောင်းကစားလက်မှတ်


" ဘောလုံးဒိုင်လောင်းကစားရုံကတော့ ၂ ခုရှိပါတယ်၊ ဟောလီးဝုဒ်ကဖေးဆိုင်ပိုင် နဲ့ မိုခမ်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစိုင်းသန်းညွန့် တို့ဖြစ်ကြတယ်၊ အဖမ်းအဆီးမရှိ ရဲကို လိုင်းကြေးပေးပြီးလုပ်ကိုင်ကြတယ်၊ ၁ လ ကို ကျပ် ၃ သိန်း အနည်း ဆုံးပေးဆောင် ပြီးလုပ်ကိုင်နေတယ်"ဟု နမ့်ခမ်းမြို့ဒေသခံ ဘောလုံးဒိုင် နီးစပ်သူတစ် ဦးကပြောသည်။

ဘောလုံးပွဲလောင်းကစားဒိုင်မှာ တစ်နေ့အနည်းဆုံး ငွေ ၁၀ သိန်းခန့် လောင်းငွေများရကြောင်း၊ စနေနေ့နှင့်တနင်္ဂနွေနေ့ ပရီးမီးယား နှင့် ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ ရှိသောနေ့များတွင် လောင်းငွေ သိန်း ၃၀ ထက်မနည်းရရှိကြောင်း၊  အလောင်းသမားများမှာလည်း  လက်လုပ်လက်စားပန်းရံအလုပ်သမားများ၊ ကျောင်းသား လူငယ်များ၊ အစိုးရဝန်ထမ်း များပါမ ကျန်၊စီးပွားရေးလုပ်ငန်းရှင်များ ညနေပိုင်းအချိန် များတွင် ကြိတ်ကြိတ်တိုး လာ လောင်းနေကြကြောင်း ၄င်းကဆို သည်။

"ဟောလီးဝုဒ်ကဖေးမှာတော့ သူတို့ဆိုင် ထဲမှာ ဘောလုံးလက်မှတ်မရောင်းပဲ သူတို့ဆိုင်အပေါ်ဘက် အရက်ဆိုင်နဲ့ ကဖေးဆိုင် အနောက်ဘက်က ဓါတ်ပုံဆိုင်တွေမှာ လက်မှတ်ကိုလွတ်လွတ်လပ်လပ် ရောင်းနေ ကြတယ်၊ နောက် မိုခမ်းအုပ်ချုပ်ရေးမှူးစိုင်သန်းညွန့်  ကတော့ သူ့နေအိမ်ခြံဝင်း ထဲမှာဘဲ  လွတ်လွတ်လပ်လပ်  ရောင်းနေတယ် " ဟုမြို့ခံတစ်ဦးကပြောသည်။

ဟောလီးဝုဒ် ကဖေးမှာ ရဲစခန်းနှင့်မျက်နှာချင်းဆိုင်တွင်တည်ရှိနေပါသည်။

နမ့်ခမ်းမြို့တွင် တီဗီဂိမ်းလောင်း ကစားရုံ ကို ယမန်နှစ်က ပြည်သူ့လွှတ်တော် ဒေါက်တာကျော်အုန်း လွှတ်တော် အတွင်း တင်ပြမှုကြောင့် ပိတ်ခဲ့ရပြီး ခုထိမဖွင့်ရကြောင်း သို့ပေမဲ့ တစ်ချို့သော တီဗီဂိမ်းလောင်း ကစားရုံရှိစက်ပစ္စည်း ရှိ ခုထိပြောင်းရွှေ့ခြင်းမရှိပဲ အခန်းထဲထည့်ပိတ်ထားကြောင်း နောက်ထပ်ပြန်ဖွင့် နိုင်ရန်စီစဉ်နေကြောင်း အဆိုပါမြို့ခံ ကဆိုသည်။

"ဘောလုံးဒိုင်တွေက ကားကိုဟောတစီး ဟောတစီး ပြောင်းစီးနေနိုင်ကြတာ။ လောင်းကစားနေတဲ့သူတွေကတော့ မွဲသထက် မွဲနေကြတယ်၊ လောင်းကစားနဲ့ မူးယစ်ဆေးဝါးပေါများလာတာကြောင့် နမ့်ခမ်းမြို့မှာအခု နေ့ခင်း ကြောင် တောင်ရွှေဆွဲကြိုး လုယက်ဓါးပြတိုက်တာတွေ အိမ်ဖောက်ထွင်းခိုးနေတာတွေ မကြာခဏဖြစ်နေတယ်" ဟု ကလေး မိခင် ပါ့နန်းခမ်းက ပြောသည်။

ယခုအခါ နမ့်ခမ်းမြို့တွင် ဘောလုံးလောင်းကစားရုံအပြင်၊ မူးယစ်ဆေးရာဘစိတ်ကြွဆေးရောင်းသူများ၊ ချဲဒိုင် များ၊ ၃၆ကောင်ထီဒိုင်များအားလုံးသည် ပြည်သူ့ရဲနှင့်ပေါင်းပြီး လွတ်လပ်စွာလုပ်ကိုင်နေကြောင်း သိရှိရ သည်။


တာချီလိတ်စည်ပင်

Posted: 21 Jan 2013 02:39 AM PST

သျှမ်းသံတော်ဆင့်ခင်ဗျား

တာချီလိတ်စည်ပင်လုပ်ဆောင်ချက်လေးတင်ပြချင်လို့ပါ…….
ကျနော်တို့သျှမ်းလူမျိုးအပေါ်ခွဲခြားဆက်ဆံနေတာတင်ပြလို့ရမလား..
အောင်မြတ်ခန်းမမှာ ကျနော်တို့ဘိုးစဉ်ဘောင်ဆက် ဖြတ်သန်းသွားလာနေပါတယ်
ယခု မပေးသွားတော့ပါဘူး..ဒါပေမဲ့ ခန်းမဆောင် အပေါ်ထပ်မှာ စည်ပင်ဗိုလ်မှူး
၏ခဲအို ဆိုသူက ၄င်း၏ မြေသယ်ကား (အီတန်) ကိုညအိပ်နားနေခွင့်ရှိပြီး ဖါခန်းလို
ဘဲ နေခွင့်ပြုထားပါတယ်…နောက်ပြီး ၀င်းထဲမှာလည်း…ညောင်ပင်အောက်တွင်ရောင်းသည့်
ဓါတ်ဆီဆိုင်မှ ဆီပုံးများကို အခကြေးငွေယူကာ ညအိပ်ထားခွင့်ပေးထားပါသည်…မီးဘေးစိုးရိမ်ရပါသည်..
ပြည်သူလူထုအပေါ်မျှတစေလိုပါသည်..မည်သူမှဖြတ်သန်းခွင့်မပြုဆိုလည်းကျေနပ်ပါသည်..
မြေတင်ကား ထားခွင့် ရသလို ကျနော်တို့ကားတွေကိုလည်းထားခွင့်ပေးစေလိုပါသည်…
ဧည့်ရိပ်သာလည်း…ဖါခန်းအဖြစ် မမြင်ချင်ပါ….တင်ပြခွင့်ပေးသည့်အတွက်…အားလုံးကို
ကျေးဇူးတင်ပါသည်။ ။

မကာဟိုခမ်းသူ/သားများ

ရွှေတူးဖေါ်နေခြင်း ရပ်ဆိုင်းစေလို

Posted: 21 Jan 2013 02:39 AM PST

သို့-သျှမ်းသံတော်ဆင့်မှတဆင့်

မူဆယ်မြို့တီးမကျေးရွာအုပ်စုနှင့် ကွတ်ခိုင်မြို့တတ်နိုင်းကျေးရွာအုပ်စုတွင် တနိုင်တပိုင်ရွှေတူးဖေါ်မှုကို SSNA (သျှမ်းနက်လက်ကိုင်အဖွဲ့) ထိမ်းချုပ်စဉ်
ကာလတွင်၎င်း၊ KIA နှင့်မြန်မာစစ်အစိုးရတိုက်ပွဲ မဖြစ်မှီကာလတွင်၎င်း အဆိုပါဧရိယာအတွင်းရွှေတူးဖေါ်ခြင်းကိုခွင့်မပြုဘဲ
ပိက်ပင်တားမြှစ်မှုများရှိခဲ့ပါသည်။

ယခုအခါမြန်မာအစိုးရနှင့် KIA စစ်ဖြစ်နေသည်ကိုအခွင့်ကောင်းယူ၍ မည်သို့သောခွင့်ပြုချက်မျိုးဖြင့် လုပ်ကိုင်ခြင်း မသိရသောတရုတ်ပြည်မှ အကြီးစားစက်ယန္တရားများနှင့် ရွှေတူးဖေါ်မှုရှိနေပါသည်။ အချိန်တိုအတွင်းမှာပင် ဒေသခံတို့မှီခို နေရသော ချောင်းမြောင်းများလယ်ယာမြေများမှာများစွာထိုခိုက်ဆုံးရှုံးမှုများဖြစ် ပေါ် လျက်ရှိနေပါသည်။

သို့ဖြစ်ပါ၍သဘာဝဝန်းကျင်ဆုံးရှုံးမှုနှင့်နိုင်ငံပိုင်အရင်းအမြှစ်များဖေါ်မပြနိုင်သော ဆုံးရှုံးမှုများကိုအချိန်မှီ ဟန့်တားနိုင်ရန်သက်ဆိုင်သညသျှမ်းပြည်နယ်အစိုးရနှင့် ဒေသခံအာဏာပိုင်အဆင့်ဆင့် ကိုသော်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်အရပ်ရပ်ကိုသော်လည်းကောင်းမသိကျိုးကျွံမှုမျိုးမပြုလုပ်ဘဲဟန့်တား
ဆောင်ရွက်နိုင်ပါရန် သျှမ်းသံတောင်ဆင့်မှတဆင့်တင်ပြအပ်ပါသည်။

ဒေသခံတစ်ဦး
တီးမကျေးရွာ၊ မူဆယ်မြို့။

ရော်ဘာ စက်ရုံအား နေရာပြောင်းရွှေ့ပေးရန်

Posted: 21 Jan 2013 02:38 AM PST

သို့- သမ္မတကြီး ဦးသိန်းစိန်နှင့်  သျှမ်းသံတော်ဆင့်ခင်ဗျား

လေးစားအပ်ပါသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ သမ္မတ ဦးသိန်းစိန်နှင့် လူကြီးမင်းများ ခင်ဗျား.. ကျနော်တို့ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဟိုပန်မြို့တွင် သျှမ်း/ကိုးကန့်တရုတ်/ "ဝ"/ ကချင်/ဗမာ လူမျိုးများနေထိုင်ပြီး အများစုမှာ သျှမ်းလူမျိုးများ ဖြစ်ပါတယ်။

ကျနော်တို့ သျှမ်းလူမျိုးဟာ ပညာတတ်နည်းပါးပြီး ရိုးသားစွာနဲ့ တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်း များဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။ ဟိုပန်မြို့သည် ဈေးရပ်ကွက်၊ မန်ကောင်းရပ်ကွက်၊ မန်ခွန်ရပ်ကွက်၊ ပန်လုံလမ်းရပ်ကွက်၊ ကောင်းဟုန်းရပ်ကွက်၊ ရုံးကုန်းရပ်ကွက်များဖြင့် မြို့ဖွဲ့စည်း နေ ထိုင်ကြပါတယ်။ ကျေးရွာများအနေဖြင့်မိန်းပန်းလွယ်/ မိန်းပန်းသျှမ်း/ ဟင်းနား/ မော်ဟွေ့/ နောင်ဟေ့/ နောင်မို/ နောင်အွန်/ ကောင်းကော်/ ရွှေဝါ/ နမ့်လျန်/ မန်မိုင် ရွာများ ဖြစ်ပါတယ်။ ယခင်က ဟိုပန်မြို့၏ ပတ်ပတ်လည်မှာ သဘာဝတောတောင်ကြီးများဖြင့် ဝန်းရံလျက်ရှိပါတယ်။ ယခုအခါ မှာတော့ သဘာဝ တော တောင်များအစား ရော်ဘာခြံကြီးများဖြင့် ဝန်းရံထားသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အဲဒီ ရော်ဘာခြံပိုင်ရှင် အများစုမှာ ကိုးကန့်တရုတ် လူမျိုးများ ဖြစ်ကြပါတယ်။ ဘာကြောင့် ပိုင်ဆိုင်နိုင်ကြ သလဲဆိုရင် ကိုးကန့် တရုတ်တွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားပြီး ငွေကြေးချမ်းသာ လာကာ ငွေမဲကို ငွေဖြူပြုလုပ်လိုခြင်းကြောင့် တပ်မတော် အစိုးရလက်ထက်က ကွမ်းလုံ အခြေချ စစ်ဗျူဟာမှူး၊ ဟိုပန် မယက ဥက္ကဌ၊ မြေစာရင်းဦးစီးဌာန တို့နှင့်ပူးပေါင်းပြီး မြေလွတ်မြေရိုင်း အကြောင်းပြကာ ရောင်းဝယ်ခဲ့ကြပါတယ်။ မြေရောင်းဝယ်မှုမှာ နိုင်ငံတော်ကို အခွန်ငွေ နည်းနည်းသွင်းပြီး စစ်ဗျူဟာမှူး၊ မယကနဲ့ မြေစာရင်း ဝန်ထမ်းတွေက များများယူထား ကြပါတယ်။ အဆိုပါ ရော်ဘာခြံ အများဆုံး ပိုင်ဆိုင်ထားသူများမှာ ဦးချောက်ရှင်၊ ဦးကျန်ပါ၊ ဦးကျင်ဝမ်း (လွှတ်တော်ကိုယ်စားလှယ်)တို့ ဖြစ်ကြပါတယ်။

ယခုအခါ ရော်ဘာပင်များ ကြီးထွားလာပြီး အစေးခြစ်/ရော်ဘာပြား အခြောက်ခံ၍ ချင်းရွှေဟော်လမ်းကြောင်းနှင့် နမ့်တစ် လမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့ရောင်းချ ကြပါတယ်။ ယခုအချိန်တွင် ဦးချောက်ရှင်သည် ကောင်းဟုန်းရပ်ကွက်နင့် ကပ်လျက် ရော်ဘာ စက်ရုံတစ်ခု တည်ထားပါတယ်။ အဆိုပါ စက်ရုံတည်ထားတဲ့ နေရာမှာ ကောင်းဟုန်းရပ်ကွက်ပိုင် သုဿန်မြေဖြစ်ပြီး ဟိုပန် မြေစာရင်း ဦးစီးဌာနမှ ရောင်းစားထားခြင်း ဖြစ်ပါတယ်။ စက်ရုံလည်ပတ်သည့် အချိန်တွင် ညစ်ညမ်းသည့် အနံ့ဆိုးများ ထွက်ပေါ်လာကာ ရပ်ကွက်အတွင်း ပြန့်နှံ့လျက်ရှိပြီး ရပ်ကွက်သူ/သားများ ရပ်ကွက် အတွင်း နေထိုင်နိုင်ခြင်း မရှိပါ။ ဒါတင်မက အဆိုပါ ရော်ဘာ စက်ရုံအနီးမှာ ဝိပဿနာ တရားအားထုတ် စခန်းနှင့် ကချင်ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ခု ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် သက်ကြီးရွယ်အိုများ လည်း တရားအားထုတ်ရန် ခက်ခဲလာကြပါတယ်။ ရော်ဘာ စက်ရုံ ပြောင်းရွှေ့ပေးရန် ကိစ္စနှင့် ပတ်သက် ၍ "ဝ"ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်းဒေသ ဥက္ကဌ ဦးခွန်ထွန်းလူ(ခ) ဦးဒစ်ကီထံ တင်ပြသော်လည်း တစ်စုံ တစ်ရာ ဖြေရှင်းပေးခြင်း မရှိခဲ့ပါ။

ရပ်ကွက်နေ ပြည်သူများလည်း စက်ရုံ နေရာပြောင်းရွှေ့ပေးရန် အတွက် တာဝန်ရှိ အထက်ဌာနသို့ တင်ပြထားပြီး ၂၈.၁၂.၂၀၁၂ ရက်နေ့တွင် စက်မှုကြီးကြပ်ရေး အရာရှိ ဦးစိုးလှိုင် ပါ(၅)ဦး အဖွဲ့ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဦးစိုးလှိုင် အဖွဲ့ လာရောက်ချိန်တွင် ရော်ဘာ စက်ရုံပိုင်ရှင် ဦးချောက်ရှင်မှ နေထိုင်စားသောက်တည်းခိုမှု စီစဉ်ဆောင် ရွက် ပေးခြင်း၊ လာဘ်ထိုးခြင်းများ ရှိသည့်အတွက် ဦးစိုးလှိုင် အဖွဲ့လည်း ဒီအတိုင်းပဲ ပြန်သွားခဲ့ပါ တယ်။ သူထားရာမှာနေ သူစေရာကိုသွား သူကျွေးတာကိုစား သူပေးတာကို ယူပြီး ပြန်သွားတဲ့အတွက် ဒီရော်ဘာ စက်ရုံ နေရာ ရွှေ့ပြောင်းပေးဖို့ လည်း ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီး အမြဲပြောနေတဲ့ ပြည်သူ သန်း(၆၀) နဲ့ ဝန်ထမ်း(၁)သန်းကျော်အတွက် ပြည်သူ သန်း(၆၀)ကိုပဲ ဦးစားပေး ဆောင်ရွက်မယ် ဆိုတဲ့ စကား အတိုင်း ဟိုပန်မြို့မှာ နေထိုင်တဲ့ ရဟန်းရှင်လူ သက်ကြီးရွယ်အို ကျောင်းသား လူငယ်များအားလုံး အနံ့ဆိုးများနဲ့ ကင်းဝေးပြီး ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်ရန်အတွက် ဒီရော်ဘာ စက်ရုံအား နေရာပြောင်းရွှေ့ တည်ဆောက် ပေးရန် သမ္မတကြီးအား အနူးအညွတ် တောင်း ပန်ပါတယ်။

 ဒီရော်ဘာ စက်ရုံနဲ့ ပတ်သက်ပြီး သမ္မတကြီး ဖြေရှင်းပေးမယ်လို့ ကျနော်တို့ ရပ်ကွက်နေ ပြည်သူ/သား များ သာမက ဗုဒ္ဓဘာသာ ရဟန်းရှင်လူများနှင့် ခရစ်ယာန်ဘာသာဝင်များလည်း အားကိုးတကြီးနဲ့ ယုံယုံကြည်ကြည်ဖြင့် စောင့်မျှော် နေပါတယ်။ အမြန်ဆုံး ဖြေရှင်းပေးစေချင်ပါတယ်။ ဒီရော်ဘာ စက်ရုံမှ ထွက်လာသည့် အညစ်အကြေးတွေဟာ အမြဲတမ်း ကြည်လင်သန့်ရှင်းတဲ့ နမ့်လျံချောင်းအတွင်း စီးဆင်းသွားသည့် အတွက် နမ့်လျံချောင်းအား အားကိုးအားထား၍ အသုံးပြုနေတဲ့ ရပ်ကွက်/ကျေးရွာ ပတ်ဝန်းကျင်လည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒီစက်ရုံဟာ နိုင်ငံတော် အတွက်လည်း အကျိုးမပြုပါဘူး။ ရပ်ကွက်နေ ပြည်သူ/သားများ အတွက်လည်း အကျိုးမပြုပါဘူး။ သာသနာ အတွက်လည်း အကျိုး မပြုပါဘူး။ ဦးချောက်ရှင် ချစ်တီးတရုတ် မိသားစု တစ်စုအတွက်သာ အကျိုးပြုတာ ဖြစ်ကြောင်း ဒီနေရာ ကနေ ရပ်ကွက်သူ/သားများ ကိုယ်စား ကျနော် ပြောကြားလိုပါတယ်။ ဦးခွန်ထွန်းလူ(ခ) ဦးဒစ်ကီသည် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဥက္ကဌ တာဝန်ယူထားသော်လည်း ပြည်သူများ၏ အခက် အခဲများအတွက် ဘာတစ်ခုမှ ဖြေရှင်းဆောင်ရွက် ပေးခြင်း မရှိပါဘူး။ သူ့ "ဝ"မျိုးနွယ်စု ကောင်းစား ရေးအတွက်သာ လုပ်ဆောင်ပေးနေပါတယ်။ ယခုအခါ ဦးခွန်ထွန်းလူ(ခ) ဦးဒစ်ကီသည် အသက်ကြီးရင့်ပြီး မှတ်ဉာဏ် မကောင်းသဖြင့် အတိတ်မေ့ရောဂါ စွဲကပ်လာပါပြီ။ သူ့အိမ်သားများကို လည်း မှတ်မိခြင်း မရှိတော့ပါဘူး။ ဟိုပန်မြို့မှာ တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ဝန်ထမ်းများ သည်လည်း ရိုးသားပြီး စာပေပညာအားနည်းတဲ့ တိုင်းရင်းသားများအပေါ် မောက်မာစွာဆက်ဆံ၊ ဟောက်စား လုပ်နေကြတာ အခုအချိန်ထိပါခင်ဗျား။ ဒီလို ဝန်ထမ်းများ ရှိနေတဲ့အတွက်ကြောင့် သမ္မတကြီး ကိုယ်တိုင် ပြုပြင်ပြောင်းလဲနေသည့် ဒီနိုင်ငံတော် အစိုးရလည်း သန့်ရှင်းတဲ့အစိုးရ၊ ပြည်သူအားကိုးတဲ့ အစိုးရ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

                                                                                                                         စိုင်းစွမ်