သစ်ထူးလွင်

သစ်ထူးလွင်


အုပ်စုဖွဲ့ ဓားနှင့်ထိုးသတ်၍ လူငယ်တစ်ဦး သေဆုံး

Posted: 07 Feb 2013 06:49 AM PST

 မန္တလေးတိုင်း တိုင်း ဒေသကြီး၊ မန္တလေးမြို့ ကန်သာယာ မြို့သစ်တွင် လူငယ် တစ်စုက ဓားနှင့် ထိုးသတ် ခဲ့သောကြောင့် လေဘေးထည် ရောင်းသူ လူငယ်တစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက် အရ သိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ကျောက်ဖြူဒေသတွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူများ စတင် ဖြစ်ပေါ်နေ

Posted: 07 Feb 2013 06:35 AM PST

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ဆက်သွယ်ဖေါက်လုပ်မည့် ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသအတွင်း လေထု ရေထု ညစ်ညမ်းမူများ အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူများနှင့် စတင် ရင်ဆိုင် နေကြရပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခု ရေနံနှင့် ဂတ်စ် ပိုက်လိုင်းများကို မြေတွင် မြုပ်နေရာ ပိုက်လုံးများ ချရန် အတွက် မြေများကို တူးပစ်ခြင်း၊ ပိုလျှံထွက်လာသော မြေများကို အနီးအနားရှိ လယ်ကွင်းများတွင် စုပုံ စွန့်ပစ်ခြင်းကြောင်း ပိုက်လိုင်း အနီးအနားရှိ လယ်ကွင်းများ အားလုံးလိုလိုမှာ ပျက်စီးနေသည်ဟု ဒေသခံ တောင်သူ တစ်ဦးက နိရဉ္စရာကို ပြောပြသည်။

" သူတို့က စည်းနဲ့ စနစ်နဲ့ လုပ်တာ မဟုတ်ဘူး။ စီမံကိန်း အချိန်မှီ ပြီးစီးအောင်ဆိုပြီး လုပ်ချင်သလို လုပ်နေကြတယ်။ တာဝန်ယူပြီး ပြောပေးမယ့်သူလည်း မရှိဘူး။ တရုတ်တွေကို ဒေသ အာဏာပိုင်တွေက ဘာမှ မပြောရဲဘူး။ လိုအပ်ရင် လယ်ကွင်းတွေက မြေကို သူတို့ သဘောနဲ့ သူတို့ တူးတယ်။ မြေတွေ ပိုလျှံလာရင် လယ်ကွင်းတွေမှာ စုပုံပစ်တယ်။ ဘယ်ရွာရယ်လို့ မဟုတ်ဘူး။ ပိုက်လိုင်း ဖြတ်သန်းရာ တလျှောက်မှာရှိတဲ့ အနီးအနားက လယ်တွေ အကုန်လုံး ပျက်စီးကုန်ပါတယ်" ဟု ပြောသည်။

ယခု လယ်မြေများတွင် မြေများ စုပုံ ပစ်ထားသဖြင့် အဆိုပါ လယ်များတွင် စပါးစိုက်ပျိုး၍လည်း မရနိုင်တော့ကြောင်း၊ ၎င်းလယ်မြေများ အတွက်လည်း တောင်သူများအား လျော်ကြေးငွေများ ပေးခြင်း မရှိကြောင်း၊ လျော်ကြေးပေးသော်လည်း လက်ခံနိုင်ရန် မဖြစ်နိုင်ကြောင်း သူက ပြောသည်။

ပိုက်လုံးများကို မြေအောက် အနက် ၃ ပေ၊ ၄ ပေခန့်တွင် မြုပ်သဖြင့် ဒေသခံများ အကြား စိုးရိမ်မူများလည်း တိုးပွားနေသည်ဟု ဆိုသည်။

၎င်းပြင် မလကျွန်းအနီးတ၀ိုက်တွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ယခုအခါ အနီးအနားရှိ ပင်လယ်ပြင်တွင် ငနီတူမှ အစ ငါးများကို ရှာဖွေ ဖမ်းဆီး၍ မရရှိတော့ကြောင်း မလကျွန်းမှ ဒေသခံ တစ်ဦးက ပြောသည်။

ယင်းအပြင် မလကျွန်းတွင် တည်ဆောက်နေသော ဓါတ်ငွေ့စက်ရုံမှ စွန့်ပစ်မည့် အညစ်အကြေးများအား ပင်လယ်သို့ စွန့်ထုတ်ရန် အတွက် ကွန်ကရက် ပိုက်လုံးများကို ပင်လယ်ထဲသို့ သွယ်တန်းနေသည်ဟု သူက ပြောသည်။

" စက်ရုံက ဘယ်လို အညစ်အကြေးတွေကို စွန့်ပစ်မယ်ဆိုတာကို ကျွန်တော်မသိဘူး။ ပြောပြတာလည်း မရှိဘူး။ ကွန်ကရက် ပိုက်လုံးကြီးတွေ ပင်လယ်ထဲကို သွယ်တန်းနေတဲ့ အနားကိုတောင် ရွာသားတွေကို ကပ်ခွင့် မပြုဘူး။ သူတို့က စက်ရုံက စွန့်ပစ်မယ့် အညစ်အကြေးတွေ အတွက် သွယ်တန်းနေတယ်လို့ သိရပါတယ်။ အခု ရွာသားတွေက ဒီသန့်စက်ရုံက စွန့်ပစ် အညစ်အကြေးတွေဆိုတာ ဘာတွေလဲ။ ဒါကို သိချင်နေကြတယ်။ ပီးရင် ဒီစွန့်ပစ် အညစ်အကြေးကြောင့် ရေပြင်၊ လေပြင်တွေ အထူးညစ်ညမ်းလာမှာကို စိုးရိမ်နေကြတယ်" ဟု ဆိုသည်။

မြန်မာ အစိုးရ အနေဖြင့် ဒေသခံကျေးရွာသားများကို  ယခု ပြုလုပ်နေသော ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးနှင့် ကောင်းကျိုးများကိုလည်း တစ်စုံတစ်ရာ နားလည် သဘောပေါက်အောင် ရှင်းလင်း ပြောကြားခြင်း မရှိကြောင်း၊ သို့အတွက် ဒေသခံများ အတွင်း စိုးရိမ်မူများ တိုးပွားနေသည်ဟု ဆိုသည်။

မလကျွန်းတွင် ဓါတ်ငွေ့ သန့်စင် စက်ရုံ အတွက် တောင်များကို ဖြိုချခြင်း၊ ရေကာတာများ တည်ဆောက်ခြင်း စသည့် အလုပ်များကို အိန္ဒိယ နိုင်ငံသားများက ဆောင်ရွက်နေရာတွင်လည်း ဒေသခံ တောင်သူ လယ်သမားများ၏ လယ်ယာမြေများ ဆုံးရှုံးနစ်နာနေကြရသည်ဟု ဆိုသည်။

ကျောက်ဖြူ ခရိုင် အာဏာပိုင်များက ဒေသခံပြည်သူများကို ဆန္ဒပြ တောင်းဆိုမူများ မလုပ်ရန် ပြောကြားထားပြီး  နစ်နာနေမူများအား အမြန်ဆုံး ဖြေရှင်းပေးမည်ဟု ဂတိ အကြိမ်ကြိမ် ပေးထားသော်လည်း လက်တွေ့တွင် တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

သို့အတွက် ဒေသအတွင်းက ရဟန်းတော်များ အပါအ၀င် ပြည်သူများ အကြား ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအပေါ် မကျေနပ်မူများ တိုးပွားလျှက် ရှိနေကြောင်း သိရသည်။

နိရဉ္စရာ သတင်းဌာန


အကျင့်ပျက် အစိုးရ၀န်ထမ်း အရေးယူမှု လွှတ်တော် အားရမှုမရှိ

Posted: 07 Feb 2013 06:33 AM PST

အစိုးရ၀န်ထမ်းတွေရဲ့ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့  မတရားမှုတွေနဲ့ ပတ်သက်ပြီး တိုင်းကြားထားတဲ့ တိုင်တန်းချက်တွေထဲက ၅ ပုံ ၁ ပုံလောက်ကိုပဲ အစိုးရက အရေးယူဆောင်ရွက်နိုင်သေးတဲ့အတွက် အားရမှုမရှိဘူးလို့ အမျိုးသားလွှတ်တော် ပြည်သူတို့ရဲ့ တိုင်ကြားစာနဲ့ အသနားခံစာ ကော်မတီအဖွဲ့ဝင်တဦးက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ  အကျင့်ပျက်ဝန်ထမ်းတွေအပေါ် ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို အရေးယူဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဖြေကြားချက်ကို ပြည်သူတို့ရဲ့ တိုင်ကြားစာနဲ့ အသနားခံစာ  ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ဖတ်ကြားခဲ့ပါတယ်။

ဒီဖတ်ကြားချက်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်ကနေ  ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကာလအတွင်း ၀န်ကြီးဌာနတွေက အမှုထမ်းပေါင်း ၁၇,၀၀၀ ထောင်လောက်ကို အရေးယူခဲ့တယ်လို့ ပါရှိတာပါ။

အရေးယူတဲ့အထဲမှာ စာနဲ့ သတိပေးခံရသူပေါင်း ၄,၃၃၃ ဦး၊ နှစ်တိုးလစာ ရပ်ဆိုင်းခံရသူပေါင်း ၈၁၆ ဦး၊ ရာထူးတိုးမှု ရပ်ဆိုင်းခံရသူပေါင်း ၁၈၅ ဦး၊ လစာနှုန်းအတွင်းလျှော့ခံရသူ ၂,၅၆၆ ဦး၊ ရာထူးလျှော့ခံရသူ ၈၉၈ ဦး၊ လစာမှလျှော့တာ ၈၀ ဦး၊ တာဝန်က ယာယီရပ်ဆိုင်းခံရသူ ၁၃၄ ဦး၊ ရာထူးကနေ ထုတ်ပယ်ခံရသူ ၁,၇၃၈၊ တာဝန်က ထုတ်ပယ်ခံရသူ ၄,၉၇၃၊ စုစုပေါင်း အရေးယူခံရသူပေါင်း ၁၅,၇၂၃ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပြည်ထဲရေးဌာနက အရေးယူမှုမှာတော့ ရှုံ့ချခံရသူ ၈၇ ဦး၊ ရဲအချုပ်ထောင်မှာ  ထောင်ကျသူ ၃၈၀ဦး၊ ရဲအမှုထမ်းသက်လျော့ခံရသူ ၆၈၉ဦး၊ ပင်စင်ပေးခံရသူ ၂၀ဦး၊  ပြောင်းရွှေ့ခံရသူ  ၅၂ ဦး၊ ရဲစည်းကမ်းဖောက်ဖျက်သူ ၁ ဦး စုစုပေါင်း ၁,၂၂၉ ဦး ရှိတယ်လို့ ဆိုပါတယ်။  ဒါကြောင့် အရေးယူခံရသူ စုစုပေါင်း ၁၆,၉၅၂ ဦးရှိတယ်လို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ တိုင်ကြားစာနဲ့ အသနားခံစာ  ကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော် အမတ် ဦးမင်းဦးကတော့ အရေးယူခံရသူ  အများစုဟာ တရားရေးဌာနနဲ့ ပြည်ထဲရေးဌာနကဖြစ်ပြီး အစိုးရဆီတိုင်ကြားထားတဲ့  တိုင်တန်းချက်တွေထဲက  ၅  ပုံ ၁ ပုံ လောက်ကိုပဲ အစိုးရက အရေးယူနိုင်သေးတယ်လို့ ပြောပါတယ်။

"ဖတ်ပြတဲ့စာအရဆိုရင် ကျနော်တို့တင်ထားတာရဲ့  ပြန်ကြားပေးတာဆိုရင်တော့ အားရဖွယ်ရာတော့ အားနည်းသေးတယ်ပေါ့။ ပေးပို့လိုက်တဲ့အမှုတွဲ ၅၂၉ တွဲမှာ ပြန်ကြားလာတဲ့အမှုတွဲဟာ ၁၀၄ တွဲပဲ ရှိသေးတော့ ရာခိုင်နှုန်းနဲ့တွက်မယ်ဆိုရင် ၁၉ ဒဿမ ၆၆ လောက်ပဲရှိတယ်ဆိုတော့ အားရကျေနပ်စရာမရှိဘူး။ စုစုပေါင်း အကုန် ၂၀၁၁၊ ၂၀၁၂ ခုနှစ်အတွင်းရော အတွဲပေါင်းအားလုံး ၄၂၅ တွဲပြန်ဖို့ ကျန်တယ်။"

ပြီးခဲ့တဲ့  ဇန်န၀ါရီ ၁၆ ရက်နေ့က  ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း ရာထူးက အနားယူသွားပြီးနောက်  ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနက  အရာရှိတွေကို အကျင့်ပျက် လာဘ်စားမှုတွေနဲ့ နေပြည်တော်မှာ  စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ကတော့  ဥပဒေနဲ့ ငြိစွန်းတယ်လို့ ယူဆသူတွေကို တိုင်ချက်ဖွင့်ပြီး ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်နေဆဲပဲလို့ ပြောပါတယ်။

"မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာတော့ ပထမအဆင့် စာရင်းစစ်ချုပ်ရုံးက စုံစမ်းတာတော့ ရှိတယ်။ နောက် စာရင်းစစ်ချုပ်ရုံးကနေ စစ်လိုက်လို့ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ထင်တဲ့သူတွေကိုတော့ ပြည်ထဲရေးက ဆက်စစ်ဆေးနိုင်ဖို့ ပထမသတင်းပေးတိုင်ချက်ဖွင့်ပြီး ဆက်လက် စစ်ဆေးနေပါတယ်။"

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးကတည်းက သန့်ရှင်းတဲ့အစိုးရ ဖြစ်အောင်လုပ်မယ်ဆိုပြီး အကျင့်ပျက်ခြစားမှုတွေကို အရေးယူဖို့ သမ္မတက သူရဲ့ မိန့်ခွန်းတွေမှာ ပြောကြားလေ့ရှိတာပါ။

ကမ္ဘာ့နိုင်ငံတွေရဲ့ အကျင့်ပျက်ခြစားမှုကို စောင့်ကြည့်လေ့လာနေတဲ့ Transparency International အဖွဲ့ကတော့ မြန်မာနိုင်ငံကို ကမ္ဘာ့လာဘ်စားမှု အဆိုးရွားဆုံး ၅ နိုင်ငံစာရင်းမှာ ထည့်သွင်းထားပါတယ်။

by ပီတာအောင် (ဒီဗွီဘီ)


ကေအိုင်အေနှင့် အစိုးရစစ်တပ် တိုက်ပွဲများ ဆက်ဖြစ်

Posted: 07 Feb 2013 04:17 AM PST

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဆန်းက  ရွှေလီမှာ ငြိမ်းချမ်းရေး ဆွေးနွေးပြီး နောက်ပိုင်း အစိုးရ စစ်တပ်နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၄ နယ်မြေမှာ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားပုံကို ကေအိုင်အို ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းက "တိုက်ပွဲကပြင်းပြင်းထန်ထန် မဖြစ်ပေမယ့် အစိုးရစစ်ကြောင်းလှုပ်ရှားမှုတွေ အမြဲရှိတယ်။ မနေ့က တပ်မဟာ ၄ တပ်ရင်း ၉ တပ်ဖွဲ့ဝင်တွေကို တပ်ရင်း ၃ ရင်း စစ်ကြောင်း ၃ ကြောင်းကနေ လိုက်ပြီးတော့ နောက်ကနေ လိုက်ရှင်းလင်းတဲ့ပုံစံလုပ်တယ်။ ဒါက ၃-၄ ရက်လောက်ကြာပါပြီ။ မနေ့ကတော့ ညနေ ၄ နာရီနဲ့ ၆ နာရီကြားမှာ ဘယ်လိုမှရှောင်လွှဲလို့မရဘဲ တိုက်ပွဲတော့ဖြစ်သွားတယ်။ ကျနော်တို့ဘက်ကတော့ ဒီကနေညွှန်ကြားထားတဲ့အတိုင်း အစိုးရတပ်နဲ့ ထိပ်တိုက်မဖြစ်အောင် တိုက်ပွဲတွေမဖြစ်အောင် ညွှန်ကြားထားတယ်။ ဒါပေမယ့် အစိုးရစစ်တပ်ကနေ လိုက်ပြီးတော့ နောက်က တကောက်ကောက်လိုက်တဲ့အခါမှာ ဘယ်လိုမှရှောင်လို့မရဘဲ တိုက်ပွဲ ၁ ပွဲဖြစ်သွားတယ်" လို့ ပြောပါတယ်။

အလားတူ ကေအိုင်အေ တပ်မမဟာ ၁ နယ်မြေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

"ကေအိုင်အေ တပ်မဟာ ၁ ခွင်၊ တပ်ရင်း ၁၀ ရဲ့ ရှေ့တန်းစခန်း ၁ ခုကို မနေ့က အစိုးရစစ်တပ်ကလာသိမ်းတဲ့ပုံစံ တိုက်ပွဲ ၁ ခုတော့ဖြစ်တယ်။ သိမ်းတဲ့ပုံစံတော့ မရောက်ဘူး လာပစ်တာပေါ့။ ပြီးတော့ ပြန်ဆုတ်သွားတယ်။ တိုက်ပွဲပြင်းပြင်းထန်ထန်တော့မရှိဘူး။ ဒါပေမယ့် အစိုးရစစ်တပ်ကနေ လိုက်လံပြီးတော့ တိုက်ပွဲငယ်တွေဖန်တီးတာ၊ လုပ်တာမျိုး ရှိတုန်းပဲ။"

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း တိုက်ပွဲငယ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပြီး အစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲလျှော့ချနိုင်ဖို့နဲ့ ဆက်လက်ဆွေးနွေးဖို့အတွက် တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အဆိုပြုထားပြီးဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

"ဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့အထဲမှာ တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းထားဖို့။ တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းမထားတော့ ရှုပ်ထွေးမှုတွေဖြစ်သွားပြီးတော့ တယောက်နဲ့တယောက် အထင်လွဲတာတွေဖြစ်တာလေ။ ဒါကြောင့် တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းထားဖို့ အဆိုပြုတာရှိတယ်။ အဲအစည်းအဝေးမှာ ဦးအောင်မင်းကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ အစိုးရဘက်ကနေ ဒီလူတွေ ဒီလူတွေကို ကေအိုင်အေနဲ့ ဆက်သွယ်ဖို့ တရားဝင်တာဝန်ပေးတယ်၊ သူတို့ကို ဆက်သွယ်ပါဆိုပြီး တာဝန်ပေးတယ်။ ကေအိုင်အေဘက်ကတော့ ပြန်လာတာမရှိသေးဘူး။"

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာ  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကမှ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ တရုတ်-မြန်မာနယ်စပ် ရွှေလီမှာ နှစ်ဖက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပြီး  စစ်ရေးအရှိန်လျှော့ချဖို့ သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကတော့ ကချင်နဲ့မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုကနေ ပူးပွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့တဲ့အပေါ်  ကြိုဆိုလိုက်ပြီး ကချင်ပြည်နယ်မှာ စစ်မှန်တဲ့ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရအောင် ဆက်လက် ကြိုးပမ်းအားထုတ်ဖို့ မနေ့က ကြေညာချက်ထုတ်ပြန်  တိုက်တွန်းထားပါတယ်။

by မင်းလွင်  (ဒီဗွီဘီ)

ဖေဖော်ဝါရီ ၄ ရက်နေ့က ရွှေလီမှာ တွေ့ဆုံဆွေးနွေးခဲ့စဉ်(ဓာတ်ပုံ- Wint Wint Htet Hlaing)

မြစ်ဆုံစီမံကိန်းမှ ပစ္စည်းများ တရုတ်နိုင်ငံသို့ ပြန်လည်သယ်ယူ

Posted: 07 Feb 2013 04:06 AM PST

 တနှစ်ကျော်ကြာ ရပ်ဆိုင်းထားသော မြစ်ဆုံ စီမံကိန်းရှိ တရုတ်လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း( CPI) က စက်ပစ္စည်းများကို ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ တရုတ်နိုင်ငံသို့ ပြန်လည် သယ်ယူနေသည်ဟု ဒေသခံများနှင့် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) က ပြောသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားရန် ကြေငြာခဲ့သော်လည်း CPI ၀န်ထမ်းများမှ ဆက်လက် နေထိုင်ခဲ့သည်။ ထို့နောက် ယခုနှစ် ဇန်နဝါရီလ လယ်ပိုင်းမှစတင်ကာ ဆထုံး-ကန်ပိုင်တီကားလမ်းမှ တရုတ်နိုင်ငံသို့ ပစ္စည်းများ သယ်ယူနေခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက မြစ်ဆုံစီမံကိန်းမှ ပစ္စည်းများ သယ်ယူနေသော CPI ကားများကို သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမှုန့်လုံးက ပြောသည်။

 "CPI ပစ္စည်းတွေကိုတော့ နေ့တိုင်း သယ်သူနေတယ်။ ဟိုဘက် ဝိုင်းမော်- ကန်ပိုင်တီ လမ်းဘက်ကနေ သယ်သွားတယ်လို့ ပြောတယ်။ ဟိုတခါကျနော်တို့ မေးကြည့်တော့ အဆောက်အအုံ တွေကိုတော့ ဒီအတိုင်း အစောင့်နဲ့ ထားခဲ့မယ်လို့ ပြောတယ်"ဟု သူက မဇ္စျိမကို ပြောသည်။

ပစ္စည်းသယ်ယူနေမှုကို မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့များလည်း နေ့စဉ် လုံခြုံရေးတာဝန်ယူပေးနေသည်ဟု ဦးမှုန့်လုံးက ဆက်ပြောသည်။

သို့သော် CPI ဘက်မှ မြစ်ဆုံရေကာတာ စီမံကိန်း ရုပ်သိမ်းကြောင်း တရားဝင်ကြေငြာခြင်း မရှိသဖြင့် ပစ္စည်းများ သယ်ယူ နေသော်လည်း စီမံကိန်း ရုတ်သိမ်းသွားသည်ဟု ပြောဆို၍ မရသေးကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG မှ ကိုဆာဂျီးက ပြောသည်။

၎င်းက "အပြီး ရုတ်သိမ်းတယ်လို့ ပြောလို့ မရဘူး။ သူတို့လည်း မြစ်ဆုံအထက်ပိုင်းက ရေကာတာတွေ လုပ်ဖို့ ရှိသေးတယ်။ စီပီအိုင်စီမံကိန်း က မရုပ်သိမ်းသေးဘူး။ စက်ပစ္စည်းတွေက ကြာရင် ပျက်ဆီးသွားနိုင်တယ်လေ။ ဒါကြောင့် တခြားနေရာအသုံးပြုဖို့ သယ်သွားတာလည်း ဖြစ်နိုင်တယ်"ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ CPI ရုံးလည်း ဆက်လက် တည်ရှိနေသလို၊ CPI ရုံး လူကြီးစီးကားများလည်း ရှိနေသေးသည်ဟု သူက ဆက်ပြောသည်။

ယခုလဆန်းပိုင်းမှ စတင်၍ မြစ်ကြီးနားမြို့မှ မြောက်ဘက် ဆွမ်ပရာဘွမ်မြို့နယ်သို့ စစ်ကားယာဉ်တန်းကား အစီး ၁၀၀ ကျော် တက်သွားပြီး ထိုလမ်းကြောင်းအတွင်း အစိုးရစစ်သားများ နေရာအနှံ့ လုံခြုံရေးတပ်များ ချထားသည်ကို တွေ့ရကြောင်း ကိုဆားဂျီးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က CPI မှ ယူနန်ပြည်နယ် အထက်တန်း ကိုယ်စားလှယ် Wang Qang Qiyue က သမ္မတ ဦးသိန်းစိန် အစိုးရ၏ သက်တမ်း ၂၀၁၅ ခုနှစ်တွင် သက်တမ်းကုန်သွားပါက CPI အနေဖြင့် မြစ်ဆုံ စီမံကိန်းအား ပြန်လည် တည်ဆောက်နိုင်မည်ဟု မျှော်လင့်ထားကြောင်း မဇ္စျိမကို ပြောဆိုခဲ့သည်။

ထို့ပြင် စီမံကိန်းဧရိယာအတွင်းရှိ အလုပ်သမား အများစုနှင့် စက်ပစ္စည်းများအား တရုတ်နိုင်ငံသို့ ပြန်လည် သယ်ယူပြီး အဓိက နေရာတွင် အလုပ်သမား ၈၀ သို့မဟုတ် ၉၀ ခန့် သာကျန်တော့သည်ဟု ဆိုပြီး ထိုလူများသည် လုံခြုံရေး အလုပ်သမားများ ဖြစ်သည်ဟု သူက ပြောဆိုခဲ့သည်။

CPI က စီမံကိန်း ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ယမန်နှစ် မေလက မြစ်ဆုံဒေသခံ ရွာသားများအား လိုက်လံ စည်းရုံးခဲ့သလို၊ မြစ်ဆုံ စီမံကိန်းအပေါ် လေ့လာသုံးသပ်ချက်များ ပြုလုပ်ပေးရန်အတွက် တိုက်ရိုက် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ အကြီးစား ရေကာတာ စီမံကိန်းကော်မရှင် အဖွဲ့ ICOLD က ယမန်နှစ် မေလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရေအားလျှပ်စစ် မီဂါဝပ် ၆,၀၀၀ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံ ရေကာတာ စီမံကိန်းကို ၂၀၀၇ ခုနှစ်က အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန၊ CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီများက တာဝန်ယူ တည်ဆောက်ခဲ့ရာမှ မြန်မာပြည်သူများ ကန့်ကွက်ခဲ့သဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်က ရပ်ဆိုင်းခဲ့သည်။

ဖနိဒါ |by Mizzima - News in Burmese


တရုတ်ဘက် သစ်မှောင်ခိုတင်သွင်းမှု ဒေသခံများအတွက် အကျိုးမရှိဟု ဆို

Posted: 07 Feb 2013 04:07 AM PST

သျှမ်းပြည် (မြောက်ပိုင်း) နမ္မတူနှင့် မိုးမိတ်မြို့နယ် တစ်ဝိုက်မှ သစ်များကို နမ့်ခမ်းမြို့နယ်မှ တဆင့် ဖြတ်သန်း၍ တရုတ် နယ်စပ်သို့ တရားမဝင် သယ်ယူနေရာ အဆိုပါသစ်မှောင်ခိုသမားများထံမှ အာဏာပိုင်များ ၀င်ငွေရနေသော်လည်း ဒေသခံ များ အတွက် အကျိုးမရှိဟု နမ့်ခမ်းမြို့နယ် မုံးဝီးရွာ ဒေသခံများက ဆိုသည် ။

နေ့စဉ် သစ်ကားအစီးရေ ၂၀ ခန့် နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာလမ်းအတိုင်း ဖြတ်သန်း၍ တရုတ်နယ်စပ် နောင်တောင်းမြို့ သို့ သယ်ယူနေရာ သစ်ကားတစ်စီးလျှင် ကျပ်ငွေ ၁၀ သိန်းခန့် အုပ်ချုပ်ရေးအာဏာပိုင်များက ကောက်ခံနေကြောင်း ဒေသ ခံများကဆိုသည်။

အဆိုပါ ၀င်ငွေများကို အာဏာပိုင်အဆင့်ဆင့်က အချိုးကျ ခွဲဝေယူကြပြီး သစ်ကားများ ဖြတ်သန်းသွားလာမှုကြောင့် ပျက် စီးသွားသော လမ်းများကိုမူ ပြုပြင်ပေးခြင်း မရှိကြောင်း မုံးဝီးရွာခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"သစ်တွေက မုံးဝီးကိုဖြတ်ပြီး နမ့်ခမ်းဘက်ကို တက်သွားတာ။ မုံးဝီးမှာဆိုရင် သစ်ကားတစ်စီးကို ၁၀ သိန်းကောက်တယ်။ တစ်ရက်ကို အနည်းဆုံး အစီး ၂၀ လောက်ဖြတ်တယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေက သူတို့ကိုယ်ပိုင်ငွေဖြစ်သွား တာပေါ့နော်။ သစ်ကားဖြတ်လို့ ပျက်သွားတဲ့လမ်းတွေကျတော့ မပြင်ပေးဘူး။ ဒေသခံတွေအတွက်ကတော့ ဘာမှ အကျိုး မရှိဘူး " ဟု သူက ဆိုသည် ။
မိုးရွာပါက လမ်းများပျက်စီးကြသည်ကိုတွေ့ရစဉ်

၎င်းသစ်မှောင်ခိုကားများထံမှ ငွေတောင်းယူနေသည် ဆိုသည့် အပေါ် နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်နှင့် နီးစပ်သူ တစ်ဦးက ယခုလို တုန့်ပြန် ပြောဆိုသည် ။

"သစ်ကားတွေဖြတ်နေတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေ ငွေတောင်းတယ်တာ မရှိဘူး။ လမ်း တွေပျက်လို့ မပြင်ဘူးဆိုတာလည်း ဒီလမ်းတွေက နိုင်ငံတော်က ဖေါက်ထားတဲ့လမ်းတွေမဟုတ်ဘူးလေ။ သစ်မှောင်ခို သမားတွေ သူ့ဟာသူ ဖေါက်ထားတဲ့လမ်းတွေပဲ ။ ဒေသခံတွေကမှ ပိုတောင်အကျိုးရှိသေးတယ်။ လမ်းမှာဈေး ရောင်းကြ တယ်ဗျာ။ သစ်ကယ်ရီသယ်ကြတယ်ဗျာ ။ အဲလိုတော့ရှိပါတယ်" ဟု အဆိုပါ နီးစပ်သူက ဆိုသည် ။

နှစ်စဉ် ပွင့်လင်းရာသီရောက်တိုင်း ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်းမှ သစ်မာများ တရုတ်နယ်စပ်ဘက် တရားမဝင်သယ်ယူလေ့ရှိကြောင်း သိရသည် ။

 သျှမ်းသံတော်ဆင့်

နေ့စဉ်မြင်တွေ့နေရသော တရုတ်၏ သစ်လုံးတင်ကားကြီးများ

ပညာရေး အကြံပေးချက် မြန်မာတစ်ဝန်းမှ ဒီချုပ် စုဆောင်းမည်

Posted: 06 Feb 2013 09:55 PM PST

တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဒေသဆိုင်ရာ ပညာရေး အကြံပေး ချက်များကို လာမည့် ဧပြီ၊ မေနှင့် ဇွန်လများ အတွင်း ရယူ စုဆောင်းသွား မည်ဖြစ်ကြောင်း NLD ပါတီ ပညာရေး ကော်မတီမှ ဒေါက်တာ သိန်းလွင်က ဆိုသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တက္ကသိုလ် ပညာရေးဥပဒေရေးဆွဲရေးအဖွဲ့၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 တက္ကသိုလ် ပညာရေးဥပဒေရေးဆွဲရေးအဖွဲ့၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့က နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ရေးရာဆောင် I- 12 တွင် နေ့လည် ၁ နာရီ ၃၀ မိနစ်က ကျင်းပပြုလုပ်ရာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်တဲ့ ဒေါက်တာချမ်းငြိမ်း၊ ဒေါက်တာစိုးရင်၊ ဒေါက်တာမောင်မောင်ဝင့် ၊ ဒေါက်တာမြဦး၊ ဦးသန်းနွယ်၊ ဒေါက်တာဒေါ်အေးမြင့်၊ ဦးဝင်းမောင်၊ ဒေါက်တာ မြင့်ကြည်၊ (ပညာရေးဝန်ကြီးဌာန) ဒေါက်တာမျိုးမြင့်၊ (ပညာရေးဝန်ကြီးဌာန) ဦးဇော်ဌေး၊ ဒေါက်တာ အောင်ကျော်မြတ် ၊ ဒေါက်တာတင်တင်လေး ၊ ဒေါက်တာ စိုးဝင်း၊ ဒေါက်တာ တင်ထွန်း၊ ဒေါက်တာအောင်သူ၊ ဒေါက်တာမြင့်သူမြိုင်၊ ဒေါက်တာမျိုးသိန်းကြီး၊ ဦးဖြိုးဇေယာသော်(ခ) ဇောယာသော် တက်ရောက်ကြသည်။ National League for Democracy

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ မြန်မာအမျိုးသမီးအဖွဲ့နဲ့ တွေ့ဆုံ

Posted: 06 Feb 2013 09:16 PM PST

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန် ကယ်ရီနဲ့ မြန်မာ အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ်
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန် ကယ်ရီ (John Kerry) ဟာ မနေ့ မနက်ပိုင်းက အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိ  နေတဲ့ မြန်မာ အမျိုးသမီး ကိုယ်စားလှယ် တွေကို လက်ခံတွေ့ဆုံ ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ လူမှု အဖွဲ့အစည်း တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ လုပ်ကိုင်ဆောင်ရွက်မှုကို လာရောက် လေ့လာတဲ့ မြန်မာအမျိုးသမီး အဖွဲ့ဖြစ်ပါတယ်။ နိုင်ငံခြားရေးဌာနမှာ ၀န်ကြီး ကယ်ရီနဲ့ တွေ့ဆုံခဲ့တဲ့သတင်းကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အမေရိကန်ပြည်ထောင်စုကို လေ့လာရေးအစီအစဉ်နဲ့ ရောက်ရှိ လာတဲ့ မြန်မာအမျိုးသမီး ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့တုန်းက နိုင်ငံခြားရေး ဌာနမှာ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့အတူ ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။

နိုင်ငံခြားရေးဌာန Twitter လူမှုကွန်ယက် စာမျက်နှာမှာ မစ္စတာ ကယ်ရီက မှတ်ချက်ရေးထားရာမှာ စွမ်းရည်သတ္တိရှိတဲ့ မြန်မာအမျိုးသမီး
တွေကို သူ ဒီကနေ့ တွေ့ဆုံခဲ့တယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ခရီးစဉ် ဆက်ပြီး သွားဖို့ရာ ဒီအမျိုးသမီးတွေရဲ့ အသံဟာ အလွန်တရာ အရေးပါတယ်လို့ ဆိုထားပါတယ်။

သူတို့ဟာ Goldman Sachs နဲ့ McCain Institute ရဲ့ အစီအစဉ် အမေရိကန် ပြည်ထောင်စုကို လာရောက် လေ့လာကြသူတွေ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနဲ့ မြန်မာအမျိုးသမီးကိုယ်စားလှယ် ၄ ဦး တွေ့ဆုံခဲ့တာကို နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုရီးယား နျူလန် (Victorial Nuland) က မနေ့က သတင်းစာရှင်းလင်းပွဲမှာ အခုလို မှတ်ချက်ပေးပြောခဲ့ပါတယ်။ 

"နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သူတို့နဲ့ စကားပြောခဲ့ပါတယ်။ အလွတ်သဘောတွေ့ဆုံတာပါ။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ အထွေအထူး ကျမဘက်က ပြောစရာမရှိပေမဲ့လို့လည်း ဒီအမျိုးသမီးတွေက သိပ်ကို ဒုက္ခရောက်ခဲ့ကြသူတွေပါ။ တချို့ဆိုရင် အကျဉ်းကျခဲ့ကြပါတယ်။ သူတို့ မျှဝေ ပြောပြခဲ့တဲ့ ဖြစ်ရပ်တွေ ကြားရတော့ နိုင်ငံခြားရေးဝန်ကြီးက သိပ်ကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အခုတော့ သူတို့တွေရဲ့ဘ၀ ပြောင်းလဲပြီး အမေရိကန်ပြည်ထောင်စုကို လာလည်နိုင်တာ၊ မြန်မာနိုင်ငံ ပိုမို သာယာဝပြောပြီး ဒီမိုကရေစီဖော်ဆောင်ရာမှာ ၀ိုင်းဝန်းလုပ်ဆောင်နိုင်ကြတဲ့ အခြေအနေနဲ့ပတ်သက် ပြီးတော့လည်း နိုင်ငံခြားရေးဝန်ကြီးက သိပ်ကို စိတ်လှုပ်ရှားတယ်လို့ ပြောခဲ့ပါတယ်။"

ဒီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ မဇင်မာအောင်ဟာ အကျဉ်းထောင်တွင်းမှာ ၁၁ နှစ်ကြာ နေထိုင်ခဲ့ရသူ နိုင်ငံရေးအကျဉ်းသူဟောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်း တွေမှာ ဆောင်ရွက်ရင်း ဒီမိုကရေစီရေးနဲ့ အမျိုးသမီးရေးကိစ္စတွေ ကို ဆောင်ရွက်ခဲ့တာကြောင့် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ အမျိုးသမီး ဂုဏ်ထူးဆောင်ဆု ချီးမြင့်ခံခဲ့ရသူ ဖြစ်ပါတယ်။

နောက်တဦးဖြစ်တဲ့ မနီလာဦး ကတော့ မြန်မာနိုင်ငံတွင်း IRC အဖွဲ့ရဲ့ ပြင်ပဆက်ဆံရေး ဒုတိယညွှန်ကြားရေးမှူးဟောင်း ဖြစ်ပါတယ်။ နောက်အဖွဲ့ဝင်တွေဖြစ်တဲ့ မခင်လေးဟာ မြန်မာနိုင်ငံတွင်း အမျိုးသမီးအဖွဲ့အစည်းတခုဖြစ်တဲ့ Triangle Women Suport Group ကို ထူထောင်သူ တဦးဖြစ်သလို၊ မရွှမ်းလဲ့ဆွေရီကလည်း ပဏ္ဍိတ ဖွံ့ဖြိုးရေးအဖွဲ့ကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ လက်ရှိ မြန်မာအရပ်ဘက် လူမှုအဖွဲ့အစည်းတွေမှာ တတ်တတ်ကြွကြွ ဦးဆောင် ဦးစီးလုပ်နေကြတဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

အခုလို မနေ့တုန်းက နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာအမျိုးသမီးအဖွဲ့ရဲ့ အမေရိကန် လေ့လာရေးခရီးစဉ်နဲ့ပတ်သက်လို့တော့ ဒီအဖွဲ့ခေါင်းဆောင် မဇင်မာအောင် ကို ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

ဖြေ။              ။ တွေ့ဖို့ရာ မနေ့က ကျမတို့ ကမန်းကတန်း ဖြစ်သွားတာပေါ့။ ပထမကတော့ ကျမတို့ နိုင်ငံခြားရေးဌာနကို သွားပြီးတော့ လည်ပတ်တယ်။ ဒီလွှတ်တော်အမတ်တချို့နဲ့ စကားပြောတယ်။ ပြီးတော့ ကျမတို့ ဒီကို လာရတဲ့ ရည်ရွယ်ချက်ကကျတော့ Goldman Sachs နဲ့ McCain Institute စီစဉ်တဲ့ Program လေးတခုကို မြန်မာနိုင်ငံက အမျိုးသမီး ၄ ယောက်ပေါ့နော် ကျမ ဦးဆောင်ပြီးတော့ လာခဲ့တယ်။ လာပြီးတော့ အခု ဒီမှာ နိုင်ငံခြားရေးဝန်ကြီးအသစ် အပြောင်းအလဲရှိတဲ့အခါကျ တော့ ကျမတို့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေအတွက် ဆက်ပြီးတော့ နီးနီးကပ်ကပ် ကျမတို့တွေ ဆက်ဆံသွားမယ်ဆိုတဲ့အကြောင်း ဒီလောက် Information ပေးပြီးတော့ Official တရားဝင်ပေါ့နော် ဓာတ်ပုံအရိုက်ခံတာ ကျမတို့အဖွဲ့က ပထမဆုံးလို့ပြောတယ်။ ဒီလောက်ပါပဲ။ ကျမတို့ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲ စကားပြောဖြစ်တာပါ။

မေး။             ။ ဟုတ်ကဲ့ခင်ဗျ။ အခု မဇင်မာအောင်တို့ အမျိုးသမီးအဖွဲ့ ဒီလာတယ်ဆိုတာ အဓိကက ဘယ်လို အစီအစဉ်တွေလဲခင်ဗျ။

ဖြေ။              ။ အဓိက အထူးသဖြင့်ကတော့ Training နဲ့ Exchange သဘောမျိုးပါပဲ။ အမျိုးသမီးနဲ့ စီးပွားရေး ဘယ်လို ဆက်စပ်ပြီးတော့ ကျမတို့ တိုင်းပြည်မှာ လိုအပ်နေတာတွေက ဘာတွေရှိမလဲ။ ဘယ်နေရာတွေမှာ လိုအပ်နေလဲပေါ့နော်။ ကျမတို့ ဒီကနေပြီးတော့ လေ့လာတယ် အမျိုးသမီးအဖွဲ့တွေက။ ထိုနည်းတူစွာပဲ ဒီမှာရှိတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ လည်ပတ်နေပုံတွေ၊ ဘယ်လို လုပ်နေကိုင်နေကြလဲ။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်ဖို့အတွက် ကမ္ဘာတလွှားမှာရော သူတို့ ဘယ်လိုတွေ လုပ်နေကြလဲ။ သူတို့အဖွဲ့အစည်းတွေရဲ့ လုပ်နေကိုင်နေတာတွေကို ကျမတို့ လေ့လာ တယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေရဲ့ ရှိသင့်ရှိထိုက်တဲ့ ဟာမျိုးတွေ၊ ဒီမိုကရေစီနိုင်ငံတခုမှာ ရှိသင့်ရှိထိုက်တဲ့ ဟာမျိုးတွေ၊ မီဒီယာ ဒါမျိုးတွေ ကျမတို့ကို အနီးကပ် Internship Training လိုမျိုးပါ။

မေး။             ။ ဒီနေ့လေ နိုင်ငံခြားရေးဌာနမှာရှိတဲ့ အမျိုးသမီးရေးရာ သံအမတ်ကြီးနဲ့လည်း Round Table ဆွေးနွေးပွဲတခုမှာ မဇင်မာအောင် တို့ တက်တယ်လို့ သိရပါတယ်ခင်ဗျ။ အဲ့ဒီဆွေးနွေးပွဲ အကြောင်းလေး ပြောပါဦး။

ဖြေ။              ။ အဲ့ဒါကတော့ Meridian Institute ကနေပြီး လုပ်တာပါ။ အမျိုးသမီးနဲ့ စီးပွားရေး၊ နောက်ပြီးတော့ ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခုနက ကျမပြောသလိုပဲ UN က အဖွဲ့အစည်း တချို့ပါမယ်။ ဒီအမေရိကန်နိုင်ငံထဲမှာရှိနေတဲ့ NGO တွေပေါ့နော် အဲ့ဒီက ခေါင်းဆောင်တချို့ပါမယ်။

အဲ့ဒါ Exchange သဘောမျိုးပါ။ ခုနကျမပြောသလိုပါပဲ ကျမတို့ တိုင်းပြည်မှာရော ဒီအမျိုးသမီးတွေ စီးပွားရေးမှာ ဘာတွေ လိုအပ်နေသလဲ။ ဘာကြောင့် ဒီ ဒီမိုကရေစီအသွင်ကူးပြောင်းလဲရေးနဲ့အတူ စီးပွားရေးဖွံ့ဖြိုးမှုကလည်း ဘာ့ကြောင့် အရေးကြီးတာလဲပေါ့နော်။ အပြန်အလှန် ဘယ်လို အထောက်အကူပြုမလဲပေါ့။

ဒါမှမဟုတ်ရင်လဲ ကျမတို့ဆီမှာ လိုအပ်နေသေးတဲ့ အားနည်းချက်တွေက ဘာလဲ။ ဒါ အပြန်အလှန် အမြင်တွေကို Share လုပ်ကြတဲ့ သဘောပါပဲ။ သူတို့ရဲ့ နိုင်ငံတကာ အတွေ့အကြုံတွေနဲ့ ကျမတို့ တိုင်းပြည်မှာ လက်ရှိ ရှိနေတဲ့ အနေအထားတွေနဲ့ပေါ့နော်။ သူတို့ကလည်း အပြန်အလှန် လေ့လာတယ်။ ကျမတို့ကလည်း သူတို့ဆီက အတွေ့အကြုံတွေကို လေ့လာတယ်။

မေး။             ။ အခုက ကျနော်ထင်တယ်။ ဒီအပြောင်းအလဲတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း မှာ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို လာတာ Exchange Program နဲ့ပေါ့ ပထမဆုံးဖြစ်မယ်ထင်ပါတယ်။ မဇင်မာအောင်တို့က

ဖြေ။              ။ ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ တိုက်ဆိုင်သွားတာပေါ့နော်။ ဒီနိုင်ငံခြားရေးဝန်ကြီး အပြောင်းအလဲနဲ့ ကျမတို့ ရောက်နေတဲ့အချိန်နဲ့မှာလေ။

မေး။             ။ ဟုတ်ကဲ့ အဲ့တော့ ဒီလိုမျိုး ခရီးစဉ်တွေက အခုဆိုရင် အမျိုးသမီးခေါင်းဆောင်တွေ လာပြီးတော့ လေ့လာခွင့်ရတယ်။ အဲ့တော့ မြန်မာနိုင်ငံအတွက်၊ နောက်တခုက မဇင်မာအောင်တို့ လုပ်နေတဲ့ လုပ်ငန်းတွေအတွက် ဘယ်လောက်အထိ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ထားလဲ။

ဖြေ။              ။ မျှော်လင့်ပါတယ်။ ကျမတို့ လုပ်နိုင်ရင် လုပ်နိုင်သလောက်ပဲ။ ပြည်တွင်းမှာ အရပ်ဘက် အဖွဲ့အစည်းတွေရှိတယ်ပေါ့။ ကျမတို့ ပိုပြီးတော့ Networking ကောင်းကောင်းနဲ့ အဓိက ကျမတို့က Institutionalize မဖြစ်ဘူး။ အားနည်းတယ်။ ပြောစရာမလိုလောက်အောင် ဘာပဲပြောပြော အားကောင်းတယ်။ စနစ်ကျတယ်ပေါ့နော်။

ကျမတို့ အဲ့ဒီလို လေ့လာပြီးတဲ့အခါကျတော့ ကိုယ့်မှာရှိနေတဲ့ ကျမတို့ဆီ ပြန်သွားရင်၊ ကျမတို့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ကျမတို့ လုပ်နေကိုင်နေတဲ့ဟာတွေမှာ တကယ့် အဖွဲ့အစည်း ဆန်ဆန်ပေါ့နော် ဘယ်လို ခိုင်မာ အားကောင်းအောင် လုပ်မလဲဆိုတာတွေ ကျမတို့ ပြည့်ပြည့်၀၀ လေ့လာခွင့်ရတယ်။

သူတို့ဆီက နည်းနာတွေကိုလည်း လေ့လာပြီးသားဖြစ်တယ်။ နောက်ပြီးတော့ ပြည်တွင်းမှာတင် မဟုတ်ဘဲနဲ့ Global Partner အနေနဲ့လည်း တက်လှမ်းနိုင်မယ့် အခွင့်အလန်းတွေ ကျမတို့ ရတယ်။

အမေရိကန်ပြည်ထောင်စုမှာရောက်ရှိနေတဲ့ မဇင်မာအောင် ကို ကိုသားညွန့်ဦး က ဆက်သွယ်မေးမြန်း ခဲ့တာဖြစ်ပါတယ်။

တပ်မတော်သားတွေ အခွင့်အရေးနဲ့ တာဝန်ယူမှု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Posted: 06 Feb 2013 09:10 PM PST

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တပ်မတော် သားတွေအနေနဲ့ နိုင်ငံ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင် နိုင်ရေး အတွက် ထိုက်တန်တဲ့ ရပိုင်ခွင့်တွေ ရရှိဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သူလက်ခံကြောင်းနဲ့ တပြိုက်နက်မှာ တပ်မတော်ဖက်ကလည်း တာဝန်ယူရမယ့် အပိုင်းရှိကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



ဓါတ်ပုံ  -National League for Democracy

နိုင်ငံရေး အကျဉ်းသား စီစစ်ဖို့ အစိုးရ စီစဉ်

Posted: 06 Feb 2013 08:55 PM PST

နိုင်ငံတော် သမ္မတရုံးက အကျဉ်းထောင်တွေ အတွင်းမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး စီစစ် ဆောင်ရွက်နိုင်ဖို့ ကော်မတီ တရပ် ဖွဲ့စည်း လိုက်ပါတယ်။ အခုလို အစိုးရဘက်က နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကားကို စတင်သုံးစွဲ လာတာဟာ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လွတ်မြောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး အကျဉ်းသားတွေ

ဖေဖော်ဝါရီ ၈ ရက်နေ့ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၁)

Posted: 06 Feb 2013 08:44 PM PST

ဖေဖော်ဝါရီ ၈  ရက်နေ့ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၁)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၂၉

Posted: 06 Feb 2013 08:42 PM PST

ဖေဖော်ဝါရီ ၇  ရက်နေ့ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၂၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




မီးမလာမည်ကို စိုးရိမ်သလောက် ပုလဲစံပြရွာလေးတွင် လျှပ်မီးမသုံး ရဲသလောက် ကြောက်နေ

Posted: 06 Feb 2013 03:18 PM PST

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ပုလဲစံပြ ကျေးရွာတွင် ၂၀၀၈ ခုနှစ်၌ သိန်းတစ်ထောင်ခန့် အကုန်ကျခံ၍ ကိုယ့်အားကိုကိုး မီးရရှိရေး ဆောင်ရွက်ထား သော်လည်း အိမ်သုံး မီတာခနှင့် လမ်းမီး မီတာခများ အပြင် ယခုအခါ လေးနှစ်အတွင်း လေလွင့် လျှပ်စစ်မီတာခ သိန်းပေါင်းများစွာကို ပေးချေရန် သုံးခွမြို့နယ် လျှပ်စစ်ရုံးမှ တောင်းခံနေ သောကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



မြန်မာနိုင်ငံသစ်မှ မြေယာလုယက် သိမ်းယူခံ ရမှုများ (လက်ပံတောင်းတောင်)

Posted: 06 Feb 2013 03:03 PM PST


လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကြေး နီသတ္တုတွင်း တိုးချဲ့ရန် တပ်မတော်ပိုင် ကုမ္ပဏီ တစ်ခုနှင့် တရုတ်ပါတနာ ကုမ္ပဏီတို့အတွက် စပါးစိုက်ပျိုးရာ လယ်ကွက်ကြီး တစ်ကွက်ကို အသက် ၅၄ နှစ်ရွယ် ကျေးရွာ အကြီးအကဲ ဦးသိန်းထံ ဒေသအစိုးရ ကိုယ်စားလှယ်တစ်ဦးက ဒေါ်လာ ၆ဝဝ နှင့် ငှားရန် ကမ်းလှမ်း ခဲ့ရာ ဦးသိန်းက ငြင်းဆန် ခဲ့သဖြင့် ဖမ်းဆီးအကျဉ်းချ ခံခဲ့ရသည်။ သူမရှိတော့သည့် အချိန်တွင် လက်နက်ကိုင် အစောင့်များ နှင့်အတူ မြေထိုးစက်ကြီးများ အရုဏ်မတက်မီ ရောက်ရှိလာပြီး ထိုရွာရှိအိမ်များမှ တစ်စုံတစ်ဦး ထွက်လာပါက အကြမ်းဖက်ရန်ပြုမည်ဟု ခြိမ်းခြောက် စကား ပြောကြားခဲ့သည်။

အဆိုပါ မြေယာ သိမ်းဆည်းခံရမှုမှ နှစ်စဉ် ဝင်ငွေဆုံးရှုံးမှု ဒေါ် လာ ၆၆,ဝဝဝ ခန့်ရှိမည်ဟု ဦးသိန်းက တွက်ချက် ပြပြီး တစ်နှစ်နီးပါး ကြာသည့်တိုင် လျော်ကြေး မရသေးကြောင်း ပြောသည်။ "ငွေက ယာယီ ပြဿနာပါဗျာ၊ မြေဆုံးရတာက လာမယ့် မျိုးရိုးစဉ်ဆက်အဖို့ ထာဝရပါ" ဟု သူကဆိုပါသည်။

မြန်မာနိုင်ငံသစ်တွင် စစ်အာဏာရှင်စနစ်၏ အမှောင်နှစ်ကာလ များအတွင်း ကျေးလက်လူ့အဖွဲ့အစည်း များမှာ မြေယာ လုယက် သိမ်းယူခံရမှု ကပ်ဘေးတစ်ခုကို ကြုံတွေ့ခံစား ခဲ့ကြရသည်။ ဒဏ်ခတ် ပိတ်ဆို့မှုများ လွန်မြောက်၍ ဤအပစ်ပယ်ခံ နိုင်ငံဟောင်း၌ ရင်းနှီးမြှုပ်နှံသမှု ပြုရန် အနောက်တိုင်း အစိုးရခေါင်းဆောင် များက အားပေး အားမြှောက် ပြုနေကြစဉ် ကြီးမားသော အကျိုးအမြတ်အတွက် ဆင်းရဲသား ပညာမဲ့များကို အဆက်အသွယ် ကောင်းသူ စီးပွားရေးသမားများက စနစ်တကျ အမြတ်ထုတ်နေကြသည့် အမှုအခင်းများ တစ်ပုံကြီး ပေါ်ပေါက်လာပါ သည်။

အချို့သော သိမ်းယူမှုများမှာ ကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင် သိမ်းသွင်းရေးအတွက် လိုအပ်ကြောင်း မြန်မာအရာရှိများ က ငြင်းခုံတတ်ကြပါသည်။ ဝေဖန် ထောက်ပြသူများ ကမူ ဤနိုင့်ထက်စီးနင်း မြေယာလုယက် သိမ်းယူမှုများမှာ ပြုပြင်ပြောင်းလဲရေးစိတ် ရှိသည့် အစိုးရသစ်နှင့် တရုတ်နိုင်ငံနှင့် ကာလကြာရှည် ဆက်ဆံမှုရှိခဲ့သော စစ်တပ်ကို စမ်းသပ်နေကြောင်း ပြောကြပါသည်။

"မြန်မာနိုင်ငံရဲ့ အခွင့်အရေး အနည်းဆုံး နိုင်ငံသားတွေဟာ နိုင်ငံတစ်ဝန်းမှာ ဖိနှိပ်ခံနေရဆဲ၊ အာဏာရှိ အခွင့် ထူးခံတွေနဲ့ သူတို့ရဲ့ နိုင်ငံတကာ အပေါင်းအဖော်တွေဆီမှာ မြေယာတွေ အဆုံးရှုံးခံနေရဆဲ၊ လူ့ အခွင့်အရေးတွေ ရဖို့ ရပ်တည်ရာမှာ မတော်မတရား ပြုမှုတွေကို ရင်ဆိုင်နေရဆဲပါ" ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့ (HRW) မှ မြန်မာ့ အရေးကျွမ်းကျင်သူ မက်သယူးစမစ်က ပြောသည်။ "နိုင်ငံတကာရဲ့ ချီးကျူးမှုကို ရနေတဲ့ ဒီအစိုးရကပဲ တစ်ခါတလေမှာ အဖိုးတန် သယံဇာတတွေပေါ် နေထိုင် နေရတဲ့ လူမှု အသိုက်အဝန်းတွေကို အကြမ်းပတမ်း တွန်းထုတ်ဖယ်ရှားနေတယ်" ဟု သူက ဆိုပါသည်။

ယခင် စစ်အစိုးရ၏ လွှမ်းမိုးမှု မရှိတော့သော်လည်း ယမန်နှစ်က အတည်ပြုပြဋ္ဌာန်းခဲ့သော မြေယာ ဥပဒေ သစ်နှစ်ခုမှာ အမျိုးသား အကျိုးစီးပွားအတွက် အစိုးရကို မြေယာသိမ်းယူခွင့် အာဏာ အကျယ်အပြန့် ပေးထား မှုအတွက် အပြင်းအထန် ဝေဖန်ခံနေရသည်။ ဤဥပဒေများ ကို မပြင်ဆင်ပါက မြန်မာနိုင်ငံ သည် မြေယာ လုယက် သိမ်းယူမှု ကပ်ရောဂါအန္တရာယ် ရှိကြောင်း၊ ကုလသမဂ္ဂသို့ အာရှလူ့အခွင့်အရေး စောင့်ကြည့် လေ့လာမှု ကော်မရှင် (AHRC) က ပြောကြားခဲ့သည်။

ယခုအခါတွင် ဝေးလံခေါင်ဖျားသော တောင်ပိုင်း ကမ်းရိုးတန်း နှင့် ရေနံ၊ ဓာတ်ငွေ့ပိုက်လိုင်းအဆက် အသွယ် ရှိသည့် မြောက်ပိုင်းနယ်စပ် ဒေသများမှသည် မြေဆီသြဇာ ကောင်းမွန်သည့် လယ်ယာမြေထိ မြေယာသိမ်းယူမှု သတင်းများ အနှံ့အပြား ကြားသိနေရသည်။

မန္တလေးမြို့အနောက်ဘက် ကြေးနီထွက်ရှိရာ နယ်မြေဖြစ်သော လက်ပံတောင်းတောင်ဒေသရှိ ရွာ ၂၆ ရွာမှ ၄ ရွာမှာ မြေလှန်ခံခဲ့ရ ပြီး ဒေသခံလူမှုအသိုင်းအဝိုင်းမှာ သတ္တုတွင်းစီမံကိန်းအတွက် မြေဧက ၇၈ဝဝ ကျော် ဆုံးရှုံး ခံခဲ့ရသည်။ အချို့ဒေသခံများမှာ အစိုးရက ဆောက်လုပ်ထားသော ပြန်လည်နေ ရာချထားရေးစခန်းများသို့ ပြောင်းရွှေ့ ခံခဲ့ရသည်။ အချို့က သူတို့မြေ ယာများကို ရေတိုအသုံးပြုမှုအတွက် ငွေလက်ခံယူရန် လိမ်ညာ လှည့်ဖျား ခံရပြီးနောက်မှ လုံးလုံးလက်လွတ် ဆုံးရှုံးရပြီဖြစ်ကြောင်း သိရတော့သည်ဟု ဆိုပါသည်။

အလေ့အထ မရှိကြ၍ ဘယ်သူမှ စကားမဟရဲခဲ့ကြ။ သို့သော် ပြု ပြင်ပြောင်းလဲမှု ဒီရေအတက်တွင် အခွင့်အခါ ကျရောက်လာပြီး ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်ကုမ္ပဏီ (UMEH) နှင့် တရုတ်နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်ရာ ဤစီမံကိန်းကို ဆန့်ကျင်သည့် ဒေါသထွက်နေသော ဒေသခံတို့၏ စုရုံးမှု ဖြစ်ပေါ်လာ ခဲ့ကြောင်း ကျောင်းသား စည်းရုံးရေးမှူး ဖြစ်သူ အသက် ၂၇ နှစ်ရွယ် ကိုရဲရင့်ကျော်က ပြောပါသည်။ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအပေါ် လူထု၏ဖိအားကို ရင်ဆိုင်ခဲ့ရ၍ အခြားမြန်မာစစ်ဘက်နှင့် တရုတ် ဖက်စပ် စီမံကိန်း ဖြစ် သည့် ဒေါ်လာ ၃.၆ ဘီလျံတန်မြစ်ဆုံ ဆည်တည်ဆောက်ရေးကို ရပ်ဆိုင်းရန် သမ္မတ ဦးသိန်းစိန်က ၂ဝ၁၁ စက်တင်ဘာတွင် အမိန့်ထုတ်ပြန်ခဲ့ရာမှ ဆက်လက်၍ ဤကန့်ကွက် ဆန္ဒပြမှု ပေါ်ပေါက်ခဲ့ရကြောင်း သူက ရှင်းပြပါသည်။

ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြ ရာ သပိတ်စခန်းတစ်ခုမှာ တရုတ်ကုမ္ပဏီဝင်း အဝင်ဝ ပြင်ပတွင် ကြီးထွားစ ပြုလာခဲ့ပြီး ဒေသ အာဏာပိုင်များက  လုပ်နေကျ နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ ဖြိုခွဲနှိမ်နင်းမှုအတွင်း နံပါတ်တုတ်ကိုင်ရဲ များ၏ မြင်မြင်သမျှ ရိုက်နှက်ဖမ်းဆီးမှုကြောင့် ဆန္ဒပြသူ ရာနှင့်ချီ၍ ထိခိုက်ခံရသည်။ မျက်ရည်ယိုဗုံး ဒဏ်ကြောင့် သံဃာတော် ဒါဇင်နှင့် ချီပြီး ဆေးရုံတင်ခဲ့ရသည်။ အကြမ်းဖက် ဖြိုခွဲမှုနောက်တွင် အမေရိကန် နိုင်ငံခြားရေး ဌာန၏ ပြစ်တင်ရှုတ်ချမှု၊ ဒေသတွင်း ဘုန်းတော်ကြီးကျောင်း များနှင့် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များ၏ မြို့ကြီးများတွင် ဆန္ဒပြ ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့ပြီး အစိုးရက ဝန်ချတောင်းပန်ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လွတ်လပ်သော ကော်မရှင် တစ်ရပ်ကို စီမံကိန်း အနာဂတ်နှင့် ပတ်သက်၍ သုံးသပ်ရန် တာဝန်ပေး ခဲ့ရသည်။

UMEH ပြောခွင့်ရပုဂ္ဂိုလ်နှင့် မြန်မာအစိုးရအရာရှိများကမူ ကော်မရှင်တွေ့ရှိချက်များ မထုတ် ပြန်မီ ထင်မြင်ချက် တစ်စုံတစ်ရာ ပေးရန် ငြင်းဆန်ခဲ့ကြသည်။ တရုတ်နိုင်ငံကလည်း မြစ်ဆုံလိုမျိုး ထပ်မဖြစ်စေရန် ပိုင်းဖြတ် ထားဟန် ရှိသည်။ တရုတ်အစိုးရသတင်းစာ ဂလိုဘယ်တိုင်း(မ)တွင် အယ်ဒီတာ့ အာဘော်မှ လက်ပံတောင်း စီမံကိန်း ရပ်ဆိုင်းခြင်း ကို နှစ်ဖက်အရှုံးအနေ အထားတစ်ခုဟု ခေါ်ဆိုရေးသားခဲ့ သည်။ "အနောက်တိုင်းမှ အချို့ သော အင်အားစုများ အပါအဝင် တတိယ အုပ်စုများကသာ ဤသို့သော အဖြေကို မြင်လိုကြပါလိမ့်မည်" ဟု ဖော်ပြခဲ့သည်။

ယခုအခါ တူးဖော်မှုများ ဆက် လက်လုပ်ဆောင်နေသည်။ အင်္ဂတေ ဘားတိုက်များနှင့် ယန္တရား အသုံးအဆောင် များကြား ဆန္ဒပြစခန်း အပျက်အစီးများကို ဝတ်စုံဝတ် ခမောက်ဆောင်း တရုတ်အလုပ် သမားများ ရှင်းလင်းနေကြသည်ကို ကုမ္ပဏီ အစောင့်များက စောင့်ကြပ် ကြည့်ရှုခဲ့ကြသည်။ မာရှယ်လော ထုတ်ထားကြောင်း လူတိုင်းကို နှိုးဆော်သည့် အချက်ပြ သတိပေးချက် အမှတ်လက္ခဏာ တစ်ခုဖြစ်ပါသည်။

စီမံကိန်း တိုးချဲ့မှုသာ ပြီးပြည့်စုံသွားပါက တစ်ချိန်က စိမ်းလန်းစိုပြည်ခဲ့သော လက်ပံတောင်း လယ်ယာမြေမှာ လွင်တီးခေါင်တစပြင်ဖြစ် ပြီး ခြေသလုံးအိမ်တိုင်အလုပ်သမား များက ကြေးနီ အကြွင်းအကျန် ကလေးများ လက်တစ်ဆုပ် စာကို ကျတ်တီးမြေတွင် ရှာဖွေတူးဆွနေ ကြရပေလိမ့်မည်။

အနီးအနားရှိ ကန်ကုန်းရွာ ကလေးတွင် ကြာမြင့်စွာ နေထိုင်ခဲ့ ကြသူများက သူတို့ရွာအစွန်ရှိ အက်ဆစ်စက်ရုံမှ သတ္တု တူးဖော်ရေး ဓာတုပစ္စည်း များကြောင့် သောက် ရေနှင့် သီးနှံများတွင် အဆိပ်သင့်ပြီး ကျန်းမာရေး ပြဿနာ များ ဖြစ်ခဲ့ရကြောင်း၊ စက်ရုံမှ ခဲတစ်ပစ်စာ အကွာတွင် နေထိုင်သော ကလေး အမြောက်အမြားမှာ မျက်စိ မမြင် ခြင်းနှင့် မွေးရာပါ ချို့ယွင်းချက်များ ဖြစ်ပေါ်ခဲ့ရကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။ သိပ္ပံနည်းကျ စမ်းသပ် စစ်ဆေးမှု အဖြေများကို လူသိရှင် ကြား မထုတ်ပြန်ခဲ့သော်လည်း ကြောက်ရွံ့စိုးရိမ်မှုများက တည်ရှိ နေဆဲပင်။ "ကလေးထပ်မွေးဖို့ ကျွန်တော်တို့ ကြောက်နေပြီ။ ဒီမြေ က မသန့်တော့ဘူး" ဟု အသက် ၄ဝ အရွယ် မြေပဲ တောင်သူ ဦးအောင်စိုးက ပြော ပါသည်။

သတ္တုတွင်းကို ဖြတ်သန်း သွားလာရာ လမ်းတစ်လျှောက်ရှိ အရိပ်ကောင်းသော ဘုန်းကြီးကျောင်းတစ်ခုတွင် ခန္ဓာကိုယ် ကျစ်လျစ်သွက်လက်သော မန္တလေးအခြေစိုက် ရှေ့နေတစ်ဦးဖြစ်သည့် ဦးမြင့်သိန်း က မြေယာ ပိုင်ဆိုင်ခွင့်ဆိုင်ရာ အခမဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ ပြီး လယ်ယာသမား ၃ဝ ခန့်ပါဝင် တက်ရောက် ခဲ့ကြသည်။ တစ်ဦးချင်း အမြင်အရမူ လက်ပံတောင်း၏ ကံကြမ္မာနှင့်ပတ်သက်၍ သူက သံသယရှိသည်။ မြစ်ဆုံ စီမံကိန်းပြို ကွဲပျက်စီးမှုနောက်ပိုင်း တရုတ်၏ နိုင်ငံရေးဖိအား အတိုင်းအတာကို မှတ်သားမိခြင်းနှင့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော စုံစမ်းရေး ကော်မရှင် ၏ တရားဝင် လုပ်ပိုင်ခွင့် အာဏာကင်းမဲ့မှုကို သတိပြုမိခြင်းကြောင့်ပင်။

"ဒီမှာရှိတဲ့ ဥပဒေက စစ်ဘက်က လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ နဲ့ သူတို့ရဲ့ ခရိုနီတွေကို မျက်နှာသာ ပေးနေ တုန်းပဲ" ဟု သူက ပြော သည်။ "ဥပဒေရေးရာ ပြုပြင် ပြောင်းလဲမှုနဲ့ တရားဥပဒေ စိုးမိုးရေးတွေ အလေးအနက် လုပ်ပြီးတာတောင် လယ်သမားတွေအတွက် အာမခံချက်က ရှိမှာမဟုတ်ဘူး"ဟု သူက ဆိုပါသည်။ မြေယာ သိမ်းယူမှုများကို ဆိုင်းငံ့ထားသော် လည်း နှင်ထုတ်ခံရမည့် အန္တရာယ်မှာ ရှိနေသေးကြောင်း ပရိသတ်အများစုကို သူက အသိပေး ရှင်းပြခဲ့သည်။

"ဒါဆို ဒီအချိန်မှာ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ" ဟု ရွာသား တစ်ဦးက မေးသည်။ "လယ် ဆက်လုပ်ပေါ့" ဟု သူက မထီပြုံးဖြင့် ပြောပါသည်။ အခြားသူများ အတွက်မူ ရွေးချယ်စရာ မရှိတော့သည်မှာ ရှင်းပါသည်။ ဘဝ တစ်လျှောက်လုံး ဂျုံစိုက် တောင်သူတစ်ဦး ဖြစ်ခဲ့သူ  အသက် ၆ဝ ရွယ် ဦးကြွက်နီမှာ သူ့မိသားစုနှင့်အတူ လွန်ခဲ့သည့် နှစ်က လက်ပံတောင်း တစ်ဝိုက်ရှိ ပြန်လည် နေရာချထားရေးစခန်း လေးခုအနက် တစ်ခုသို့ ရွှေ့ပြောင်းခံခဲ့ရသူ ဖြစ်ပါသည်။ ယမကာအရှိန်ကြောင့် သူ့မျက်လုံးတွေက နီနေသည်။ သူက သူ့အိမ်အမိုးက မိုးယိုကြောင်းနှင့် သူ့ဟင်းသီးဟင်းရွက် စိုက်ခင်းက သေး လွန်းကြောင်း တဖျစ်တောက်တောက် ညည်းတွားနေ သည်။

အစည်းအဝေး ပြုလုပ်နေစဉ်အတွင်း ပလတ်စတစ် ခမောက်များ ဆောင်းထားသည့် လူအပြည့်ပါသော ထရပ်ကား တစ်စီး ရုတ်တရက်ထိုး ဆိုက်လာသည်။ သူ့ကို နှင်ထုတ်ခဲ့သော တရုတ်သတ္တု တူးဖော်ရေး ကုမ္ပဏီ အတွက် ယခုအခါတွင် လုံခြုံရေး အစောင့်တစ်ယောက် လုပ်နေသည့် သူ့သားကို တင်ခေါ်ရန်ဖြစ်သည်။ "အခုကျွန်တော်တို့မှာ ဘာများ ရွေးစရာ ရှိလို့လဲ" ဟု ဦးကြွက်နီက ပြောသည်။ "ငြင်းဖို့ ဆိုတာက စဉ်းစားလို့ မရပါဘူး"ဟု သူက ဆိုပါ သည်။

(ဤသတင်းဆောင်းပါးကို အကျပ်အတည်း သတင်းရေးသားမှု ဆိုင်ရာ ပူလစ်ဇာစင်တာ အတွက် Motlagh က ရေးသား၍ ဝါရှင်တန် ပို့(စ)သတင်းစာ တွင် ဖော်ပြခဲ့သည်။)

Ref: northjersey.com
by The Myanmar Independent News Journal

အစိုးရ ဝန်ထမ်း သောင်းချီ အရေးယူ ခံရ

Posted: 06 Feb 2013 02:55 PM PST

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလ ကနေ ဒီဇင်ဘာ လကုန် အထိ အကျင့်ပျက် အစိုးရ ဝန်ထမ်း တစ်သောင်း ခုနှစ်ထောင် နီးပါးကို အရေးယူ သတိ ပေးမှုတွေ ရှိခဲ့ပါတယ်။ အစိုးရ ဝန်ထမ်း တွေရဲ့ မမှန်မကန် လုပ်ဆောင်မှု တွေနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော် ပြည်သူတို့ရဲ့---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ  



အကျင့်ပျက် ဝန်ထမ်းတွေ အရေး ယူမှုကို အစိုးရက လွှတ်တော်မှာ ဖြေကြား

စီမံကိန်းကြောင့် သီလဝါက ခြံပိုင်ရှင်တွေ အခက်ကြုံ

Posted: 06 Feb 2013 02:47 PM PST

သီလဝါ အထူး စီးပွားရေးဇုန် အဖြစ် သတ်မှတ် ထားတဲ့ နယ်မြေ အတွင်း မှာ ရှိတဲ့ လယ်မြေနဲ့ ဥယျာဉ် ခြံမြေတွေ ကို မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်နဲ့ ၁၄ ရက် အတွင်း ဖယ်ပေးဖို့ စာတွေ လိုက်ကပ် နေတာကြောင့် မြေပိုင်ရှင်နဲ့ တောင်သူတွေ စိုးရိမ် နေကြ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



သီလဝါ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း

အခြေခံဥပဒေသစ် ရေးဆွဲသင့်တယ်လို့ ရှေ့နေပြော

Posted: 06 Feb 2013 02:41 PM PST

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တာထက် အသစ် ပြန်လည် ရေးဆွဲတာက လူထု လိုချင်တဲ့ ဥပဒေသစ်ကို ရနိုင်မယ်လို့ စာရေးဆရာ မောင်ကိုနီက ထောက်ပြပါတယ်။ စာရေးဆရာ မောင်ကိုနီက 'ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လို ပြင်ဆင်ကြမှာလဲ' ဆိုတဲ့ ခေါင်းစဉ်နဲ့---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ

ကချင် ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ အသင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော

Posted: 06 Feb 2013 02:34 PM PST

ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်လောက် ကတည်းက ကမ်းလှမ်းထား တာလဲရှိသလို အစိုးရဖက်က လက်ခံမယ်ဆိုရင် သူ့အနေနဲ့ ပါဝင်ဖို့ အဆင်သင့်ပဲလို့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ဒီကနေ့ ပြည်သူ့ လွှတ်တော် ခေတ္တနားချိန် မှာ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြား လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



အစိုးရဖက်က လက်ခံမယ်ဆိုရင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ သူ့အနေနဲ့ ပါဝင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ပြည်သူလွှတ်တော် ခေတ္တနားချိန်မှာ မီဒီယာတွေကို ပြောကြားနေစဉ်။ Photo: RFA

မိုးညှင်းမြို့နယ်မှာ ကျောက်တူးသူ နဲ့ ဈေးသည်တွေကို ပြောင်းရွှေ့ခိုင်းနေ

Posted: 06 Feb 2013 02:27 PM PST

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရဲ့ အနောက်ဘက် သုံးမိုင်အကွာမှာ ရှိတဲ့ နမ့်ချီမှော်မှာ ကျောက်စိမ်းနဲ့ ရွှေတူးဖော် လုပ်ကိုင် နေသူတွေနဲ့ ဈေးရောင်း ချနေသူ အားလုံးကို အဲဒီဒေသတစ်ဝိုက်မှာ လုံခြုံရေး ယူနေတဲ့ လှုပ်ရှားတပ်တွေ က ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မနေ့ကစပြီး ၄ ရက်အတွင်း အပြီး ပြောင်းရွေ့ ခိုင်းနေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မိုးညှင်းမြို့ တည်နေရာပြ မြေပုံ - Photo: Google Map

မဏ္ဍိုင်ဥပဒေအဖွဲ့က ၈၈မျိုးဆက်နဲ့ ပူးပေါင်းပြီး ဥပဒေရေးရာကိစ္စတွေ ကူညီမည်

Posted: 06 Feb 2013 02:20 PM PST

၈၈မျိုးဆက် ကျောင်းသားများ ရုံးခန်းကို လာရောက်တိုင်ကြား အကူအညီ တောင်းခံလာ တဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဥပဒေကြောင်းအရ အကူအညီ ပေးနိုင်ဖို့ "မဏ္ဍိုင်ဥပဒေ အကယ်ဒမီ" က အခမဲ့ အကူအညီ ပေးသွားမယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


၈၈မျိုးဆက်ကျောင်းသားများနှင့် မဏ္ဍိုင်ဥပဒေအကယ်ဒမီတို့ တွေ့ဆုံဆွေးနွေးပွဲ ။ ဓါတ်ပုံ - 88 Generation Students

နိုင်ငံရေးသမားများ နွားလို မကျင့်ရန် ဦးဝင်းတင်ပြော

Posted: 06 Feb 2013 02:08 PM PST

မြန်မာနိုင်ငံရှိ ပါတီနိုင်ငံရေး သမားများ နွားလို မကျင့်ကြံရန်နှင့် လွတ်လပ်သော အတွေးအခေါ်များကို ထိုးဖောက် ကျင့်သုံးကြရမည် ဖြစ်ကြောင်း ၀ါရင့် နိုင်ငံရေး သမား သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ဇန်န၀ါရီ ၃၁ ရက်က ကျင်းပသော ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - National League for Democracy

သေနတ်သံစဲပေမဲ့ သတ္ထုတူးခွင့်မရ

Posted: 06 Feb 2013 07:27 AM PST

ကချင် ပြည်နယ်တွင်းမှာ စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်နေတဲ့ အချိန်မှာပဲ အစိုးရ တပ်ဘက်ကနေ ထိုးစစ်ဆင်တာကို ရပ်ဆိုင်း လိုက်တဲ့ အတွက် နယ်မြေအတွင်းမှာ အနည်းငယ် စစ်အေး သွားတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့် ဒေသဘက်မှာ ဒီရက်ပိုင်းအတွင်း အာဏာပိုင်တွေက တပိုင်တနိုင် ကျောက်တူးခွင့်တွေကို ပိတ်ပင်လိုက်တာကြောင့် လက်လုပ် လက်စားသမား အများစုဟာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလို ရှာဖွေစားသောက်ဖို့ အခက်အခဲတွေရှိလာတာနဲ့အမျှ တချိန်တည်းမှာပဲ ရာဇ၀တ်မှုတွေလည်း ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုမိုးဇော် က တင်ပြမှာဖြစ်ပါတယ်။

အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုတွေ မစတင်ခင်ကတည်းက ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ငြိမ်သက်လာပေမဲ့ ဒေသတွင်းက လက်လုပ်လက်စားသမားတွေကတော့ ကျောက်တူးဖော်ခွင့် ပိတ်ပင်ထားတာကြောင့် စားရေးသောက်ရေးအတွက် အခက်အခဲ တွေ့နေကြရပါတယ်။

"တိုက်ပွဲတော့မရှိဘူး။ ဒါပေမဲ့ အစိုးရစစ်ကြောင်းက သွားလိုက်လာလိုက်နဲ့ ဘာမှ အလုပ်မဖြစ်ဘူး။ ကျောက်မတူးခိုင်းဘူး။ ဒီမှာ တနေ့လုပ်တနေ့စား ရေမဆေးသမားခေါ်ရမှာပေါ့။ အဲ့လို လုပ်ကွက်တွေမှာ တပိုင်တနိုင် လိုက်တူးတဲ့သူတွေကတော့ အတော်လေး ဒုက္ခရောက်နေတယ်။ မြို့အပြင်ဘက်ရောက်လာပြီ ဘာညာ ဘာညာနဲ့ လုပ်ငန်းခွင်ရှိတဲ့ဘက် သွားလို့လည်း မရဘူးလေ။ ကျောက်တူးတဲ့နေရာတွေလည်း သွားလို့ မရဘူး။ အခုက သူတို့က အမိန့်ထုတ်ထားတာက ကျနော်တို့ ဖိနပ် ရိုးရိုးပွိုင့်နဲ့ တွေ့ရင်လည်း ပစ်သတ်မယ် ဘာညာနဲ့ အဲလိုမျိုးပြောထားတယ်။ နောက် ကျောက်နဲ့ပတ်သက်တဲ့ဟာ ပေါက်တူး၊ သံဒိုင်၊ကော်တောင်းတွေ ဒါမျိုးတွေကအစ ယူသွားလို့ မရဘူး။ အဲ့ဒါမျိုးတွေ့ရင်လည်း ဖမ်းတယ်။ပစ္စည်းပါတာ အားလုံးယူလိုက်တယ်။"

ဒါကတော့ ဒေသခံတယောက် ပြောသွားတာဖြစ်ပါတယ်။ ကျောက်စိမ်းနဲ့ ရွှေတူးဖော်တာကို ဒေသခံ အာဏာပိုင်တွေက လိုက်လံပိတ်ပင်နေတာဖြစ်တယ်လို့လည်း တခြားဒေသခံတယောက်က ပြောပါတယ်။

"သက်ဆိုင်ရာ အုပ်ချုပ်ရေးကနေ အမိန့်ထုတ်ပြန်ထားပြီးတော့ ကျောက်မတူးရဘူး။ ရွှေမရှာရဘူး ဆိုပြီးတော့ လိုက်ပြီး ပြောနေတာတွေ ကျနော်တို့ တွေ့နေရတယ်ဗျ။ စစ်ဘေးဒဏ်ကတမျိုး၊ အဲ့ဒီ ကျောက်စိမ်းတူဖော်ပြီး ရောင်းစားနေတဲ့ ဒေသမှာ ကျောက်လည်း မသယ်ရဘူး။ ကျောက်လည်း မတူးရဘူးဆိုတော့ လူတွေက ဘာမှ လုပ်စားလို့ မရတဲ့အနေအထား။ အကုန်လုံးက ဘေးကျပ် နံကျပ် ဖြစ်နေကြတဲ့ အနေအထားမျိုး ဖြစ်နေတာပေါ့ဗျာ။"

ဒီလို ပိတ်ပင်တာကတော့ ဒီလ ၅ရက်နေ့က စတင်ခဲ့တာဖြစ်ပါတယ်။ ဖားကန့်ဒေသဘက်မှာ နိုင်ငံတော်နဲ့ အကျိုးတူ ကျောက်စိမ်းတူးဖော်နေတဲ့  ကုမ္ပဏီလုပ်ကွက်တွေ အတွင်းမှာ ပိတ်ပင်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ကွက် ဧရိယာအတွင်းမှာ နေထိုင်ပြီး တပိုင်တနိုင် တူးဖော်တာတွေကိုလည်း ဖယ်ရှား ရှင်းလင်းနေတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီလို တူးဖော်နေသူတွေဟာ တချိန်က ကုမ္ပဏီကြီးတွေက စွန့်ပစ်တဲ့ မြေစာတွေမှာ ရေမဆေးကျောက် ရှာဖွေသူတွေဖြစ်ပြီး အခုအခါ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကုမ္ပဏီလုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့ အတွက် တပိုင်တနိုင် တူးဖော်လာကြတာဖြစ်ပါတယ်။

အခုလို တပိုင်တနိုင် ကျောက်တူးဖော်ခွင့် ပိတ်ပင်လိုက်တာကြောင့် ဖားကန့်ဒေသအတွင်းမှာ ရာဇ၀တ်မှုတွေလည်း တိုးများလာနေတယ်လို့ ပြောပါတယ်။
"ဒီမှာရှိတဲ့ သိန်းချီတဲ့ လူထုတွေက ဒီလိုသာ လုပ်မစားရဘူးဆိုရင် ရာဇ၀တ်မှုတွေ ထူပြောလာနိုင်တဲ့ အနေအထားရှိတယ်ဗျ။ အခုလက်ရှိကိုပဲ KIA အုပ်စိုးနေတဲ့ လုံးခင်းအုပ်စု ကန်ခီးဒေသပေါ့။ အခုက KIA တပ်ရင်း ၆ က ခေတ္တ ဖယ်ရှားသွားပေးတယ်လေ။ အဲ့ဒီဒေသတွေမှာ အိမ်တွေ ထောင်ချီပြီး ရှိတယ်ခင်ဗျ။ အခုဆို အဲ့ဒီအိမ်တွေမှာ နေကြတဲ့ လူတွေက စစ်ရှောင်စခန်းတွေမှာ ပြေးလာကြတဲ့အခါ သူတို့ရဲ့နေအိမ်တွေမှာ ဖောက်ထွင်းခံရတာတွေက အများကြီးဗျာ။ နည်းနည်းနောနောမဟုတ်ဘူး။ အဲ့ဒီကိစ္စတွေက အတော်ကို ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ အိမ်မှာရှိတဲ့ပစ္စည်း ကျန်ထားသမျှ ကျောက်တွေကော ဘာတွေကော အကုန်လုံး ဖောက်ထွင်း ခိုးယူခံနေကြရတယ်လေ။"

ဖားကန့်ဒေသဘက်က နောက်ဆုံး စစ်ရေးအခြေအနေကိုတော့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၆ ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်ဒွဲ က အခုလို ပြောပါတယ်။

"ဆွေးနွေးပွဲပြီးနောက်မှာတော့ ကျနော်တို့ကတော့ လောလောဆယ်တော့ ဘာမှ မဖြစ်ဘူး။ မဖြစ်အောင်လို့ ကျနော်တို့က ရှောင်နေလို့ပါဗျာ။ သူတို့ကတော့ ကျနော်တို့ရှိတဲ့ဘက်မှာ ဦးတည်ပြီးတော့မှ ရောက်လာတဲ့ တပ်ရင်းအဖွဲ့တွေ ရှိတာပေါ့။ ဒါပေမဲ့လည်း ပြဿနာမဖြစ်အောင် ကျနော်တို့ ရှောင်နေတဲ့အပိုင်းပေါ့လေ။ အဲ့လို ရှောင်နေတဲ့အတွက် ပြဿနာ မဖြစ်တာပါ။ သူတို့က ထိုးစစ်မလုပ်ဘူးဆိုတဲ့ဟာကို နည်းနည်း ယုံကြည်ရခက်နေတယ်။ သူတို့ရချင်တဲ့ တပ်ရင်းတို့၊ တပ်ခွဲတို့ ဆိုတဲ့ အားလုံးမှာ သူတို့ ထိုင်သွားပြီလေ။ ဒါပေမဲ့လည်း ကျနော်တို့ရှိတဲ့ဘက်မှာ ဦးတည်ပြီးတော့မှ ပြန်လာတယ်ဆိုတော့ ပြန်တိုက်မယ့် ပုံစံ ဖြစ်နေတယ်။ ကျနော်တို့ဘက်ကလည်း ပုန်းစရာ၊ နေစရာ မရှိလာတဲ့အခါမှာ ပြဿနာတော့ ပြန်ဆက်ဖြစ်လာနိုင်တာပေါ့နော့်။"

လောလောဆယ် ဖားကန့်ဒေသမှာ စစ်ပြေးဒုက္ခသည်ဦးရေ ၁ သောင်းလောက်ရှိနေပြီး၊ လုံးခင်းက ဒုက္ခသည်စခန်းတွေမှာ လူ ၃ ထောင်လောက်။ ဖားကန့်နဲ့ ဆိတ်မူက ဒုက္ခသည်စခန်းတွေမှာ ၁ ထောင် စီလောက်ရှိနေပါတယ်။  ကျန်သူတွေကတော့ နီးစပ်ရာ မိတ်ဆွေနဲ့ ဆွေမျိုးတွေအိမ်မှာ နေထိုင်နေကြတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။
ဒီဒုက္ခသည်တွေကိုတော့ ဒေသခံပြည်သူတွေ၊ ဘာသာရေးနဲ့ လူမှုအသင်းအဖွဲ့တွေက ကူညီထောက်ပံ့ ထားကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းကတော့ မြစ်ကြီးနားကလာရောက်တဲ့ KBC ခေါ် ကချင် နှစ်ချင်းခရစ်ယာန်အသင်းက ကူညီရေးအဖွဲ့တွေကို အစိုးရစစ်တပ်တွေက ပိတ်ပင်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

 ဒီလ ၅ရက်နေ့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ကချင်ပြည်နယ်ကို သွားရောက်ပြီးတဲ့နောက်မှာတော့ စစ်ပြေးဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးအပ်ဖို့ကို သွားရောက်နိုင်တော့မှာဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။  ကုလသမဂ္ဂကနေ ကချင်ပြည်နယ်အတွင်းကို လူသားချင်းစာနာတဲ့ အကူအညီတွေကို လွန်ခဲ့တဲ့နှစ် ဇူလိုင်လက နောက်ဆုံး ပေးပို့ခဲ့တာဖြစ်ပါတယ်။

 ကိုမိုးဇော် (ဗွီအိုအေ)