သျှမ်းသံတော်ဆင့် |
| တရုတ်ဘက် သစ်မှောင်ခိုတင်သွင်းမှု ဒေသခံများအတွက် အကျိုးမရှိဟု ဆို Posted: 06 Feb 2013 09:47 PM PST သျှမ်းပြည် (မြောက်ပိုင်း) နမ္မတူနှင့် မိုးမိတ်မြို့နယ် တစ်ဝိုက်မှ သစ်များကို နမ့်ခမ်းမြို့နယ်မှ တဆင့် ဖြတ်သန်း၍ တရုတ် နယ်စပ်သို့ တရားမဝင် သယ်ယူနေရာ အဆိုပါသစ်မှောင်ခိုသမားများထံမှ အာဏာပိုင်များ ၀င်ငွေရနေသော်လည်း ဒေသခံ များ အတွက် အကျိုးမရှိဟု နမ့်ခမ်းမြို့နယ် မုံးဝီးရွာ ဒေသခံများက ဆိုသည် ။ နေ့စဉ်မြင်တွေ့နေရသော တရုတ်၏ သစ်လုံးတင်ကားကြီးများနေ့စဉ် သစ်ကားအစီးရေ ၂၀ ခန့် နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာလမ်းအတိုင်း ဖြတ်သန်း၍ တရုတ်နယ်စပ် နောင်တောင်းမြို့ သို့ သယ်ယူနေရာ သစ်ကားတစ်စီးလျှင် ကျပ်ငွေ ၁၀ သိန်းခန့် အုပ်ချုပ်ရေးအာဏာပိုင်များက ကောက်ခံနေကြောင်း ဒေသ ခံများကဆိုသည်။ အဆိုပါ ၀င်ငွေများကို အာဏာပိုင်အဆင့်ဆင့်က အချိုးကျ ခွဲဝေယူကြပြီး သစ်ကားများ ဖြတ်သန်းသွားလာမှုကြောင့် ပျက် စီးသွားသော လမ်းများကိုမူ ပြုပြင်ပေးခြင်း မရှိကြောင်း မုံးဝီးရွာခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။ "သစ်တွေက မုံးဝီးကိုဖြတ်ပြီး နမ့်ခမ်းဘက်ကို တက်သွားတာ။ မုံးဝီးမှာဆိုရင် သစ်ကားတစ်စီးကို ၁၀ သိန်းကောက်တယ်။ တစ်ရက်ကို အနည်းဆုံး အစီး ၂၀ လောက်ဖြတ်တယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေက သူတို့ကိုယ်ပိုင်ငွေဖြစ်သွား တာပေါ့နော်။ သစ်ကားဖြတ်လို့ ပျက်သွားတဲ့လမ်းတွေကျတော့ မပြင်ပေးဘူး။ ဒေသခံတွေအတွက်ကတော့ ဘာမှ အကျိုး မရှိဘူး " ဟု သူက ဆိုသည် ။ မိုးရွာပါက လမ်းများပျက်စီးကြသည်ကိုတွေ့ရစဉ်၎င်းသစ်မှောင်ခိုကားများထံမှ ငွေတောင်းယူနေသည် ဆိုသည့် အပေါ် နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်နှင့် နီးစပ်သူ တစ်ဦးက ယခုလို တုန့်ပြန် ပြောဆိုသည် ။ "သစ်ကားတွေဖြတ်နေတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေ ငွေတောင်းတယ်တာ မရှိဘူး။ လမ်း တွေပျက်လို့ မပြင်ဘူးဆိုတာလည်း ဒီလမ်းတွေက နိုင်ငံတော်က ဖေါက်ထားတဲ့လမ်းတွေမဟုတ်ဘူးလေ။ သစ်မှောင်ခို သမားတွေ သူ့ဟာသူ ဖေါက်ထားတဲ့လမ်းတွေပဲ ။ ဒေသခံတွေကမှ ပိုတောင်အကျိုးရှိသေးတယ်။ လမ်းမှာဈေး ရောင်းကြ တယ်ဗျာ။ သစ်ကယ်ရီသယ်ကြတယ်ဗျာ ။ အဲလိုတော့ရှိပါတယ်" ဟု အဆိုပါ နီးစပ်သူက ဆိုသည် ။ နှစ်စဉ် ပွင့်လင်းရာသီရောက်တိုင်း ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်းမှ သစ်မာများ တရုတ်နယ်စပ်ဘက် တရားမဝင်သယ်ယူလေ့ရှိကြောင်း သိရသည် ။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |

