သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ရွှေတြိဂံဒေသမူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း သေဒဏ်မှ လွတ်မြောက်ရန် အလားအလာတချို့ရှိ

Posted: 14 Feb 2013 05:07 AM PST

မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦးအား သတ်ဖြတ်မှု တရားခံဟု စွပ်စွဲခံရကာ သေဒဏ်ချမှတ်ခံထား ရသည့် သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်း သည် သေဒဏ်မှ လွတ်မြောက်ရန် အလားအလာ အနည်းငယ်ရှိကြောင်း တရုတ်နယ်စပ်သတင်းများအရ သိရှိရသည်။
စိုင်းနော်ခမ်းနှင့်အဖွဲ့အား ရုံးတင်စစ်ဆေးနေစဉ် (Photo: www.NEWS.CN)

"တရုတ်သင်္ဘောမှာ တပ်ထားတဲ့ CCTV ကင်မရာမှာ ဆန်ခမ်းနဲ့ယီလိုင်းတို့ရဲ့ပုံတွေ ပါလာတယ်။ ဒါပေမဲ့ စိုင်းနော်ခမ်း တော့ မတွေ့ရဘူး။ စိုင်းနော်ခမ်း ပါတယ်ဆိုတာ အထောက်အထား မရှိတော့ သေဒဏ်က လွတ်နိုင်ဖို့ အလားအလာရှိတယ်" ဟု တရုတ်နယ်စပ်မှ ဒေသခံတစ်ဦးက ပြောပါသည်။

တဖက်၌လည်း ရုံးတင်စစ်ဆေးရာ၌ စိုင်းနော်ခမ်းက သတ်ဖြတ်ရန် အမိန့်မပေးရဟု ထွက်ဆိုထားပါ သည်။

သို့သော် တရုတ်အာဏာပိုင်များက စိုင်းနော်ခမ်း၏ ညွှန်ကြားချက်မပါဘဲ ၎င်း၏ လက်အောက်ငယ်သား များက တရုတ် ၁၃ ဦးအား သတ်ဖြတ်မည်မဟုတ်ဟု ယုံကြည်နေကြသည်။

၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းတရားရုံး(Intermediate Court)က  မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး သတ်ဖြတ်မှုဖြင့် စိုင်းနော်ခမ်းနှင့် ၎င်း၏ အပေါင်းအပါများဖြစ်ကြ သော ဆန်ခမ်း၊ ယီလိုင်းနှင့် ဂျဆီးကား တို့အား သေဒဏ်ချမှတ်ပြီး လားဟူအမျိုးသား ၂ ယောက် အနက် ဂျပိုးမှာ ဆိုင်းငံ့သေဒဏ်၊ ဂျထူးပိုးမှာ ထောင်ဒဏ် ၈ နှစ် စသဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

သေဒဏ်ချမှတ်ခံရပြီးနောက် ဒီဇင်ဘာ ၂၀ ရက် ၂၀၁၂ တွင် စိုင်းနော်ခမ်း က အယူခံဝင်ခဲ့သေးသည်။

"ရှေ့နေဆိုတာ အမှန်တရားနဲ့ အလုပ်မလုပ်ဘူး။ ဥပဒေကြောင်းနဲ့ အလုပ်လုပ်တယ်။  အမှန်တရားနဲ့ ဥပဒေကြောင်းဆိုတာ အမြဲတမ်း တူညီမနေဘူး" ဟု ထိုင်းနိုင်ငံ ဥပဒေပိုင်းဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောပါသည်။

ဟောင်ကောင်ရှေ့နေတစ်ဦးက စိုင်းနော်ခမ်း သေဒဏ်မှ လွတ်မြောက်ရန် ကြိုးပမ်းလျက်ရှိပြီး အယူခံ ဝင်မှုအပေါ် ဘေကျင်း(ပီကင်း)မှ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ဆိုပါသည်။

မူးယစ်ရာဇာအမည်ရ ရွှေတြိဂံဒေသ၌ လှုပ်ရှားခဲ့ဖူးသော စိုင်းနော်ခမ်း အား ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်က ဘတ် ငွေ ၂ သန်းဖြင့် ဖမ်းမိန့်ကြေငြာပြီးနောက် ဧပြီ ၂၅ ရက် ၂၀၁၂ လောဝ်နိုင်ငံမြောက်ပိုင်း၌ ဖမ်း ဆီးခြင်းခံခဲ့ရသည်။ တရုတ်နိုင်ငံသို့ လောဝ်(လာအို)အစိုးရက လွှဲအပ်ပေးပြီးနောက် ၂၀၁၂ နိုဝင်ဘာ ၆ ရက်နေ့ ယူနန်ပြည်နယ် ကူမင်းတရားရုံးက ၎င်းအား သေဒဏ်ချမှတ်ခဲ့သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်အကြား စစ်ရေးပြန်လည်တင်းမာ

Posted: 14 Feb 2013 05:06 AM PST

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း အခြေစိုက် တပ်ရင်း တရင်း နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ အကြား နယ်မြေစိုးမိုးရေး ကိစ္စကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း ဒေသအတွင်းသတင်းက ဆိုသည်။

sspp in the forestသျှမ်းပြည်တပ်မတော် SSPP/SSA စစ်ကြောင်းတကြောင်း (ဓါတ်ပုံ- SSPP/SSA)

"အခုက တန်းယန်းမြို့နယ် နဲ့ မိုင်းရှူးမြို့နယ် ကြားက ဒေသတွေမှာပေါ့။ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲ ကို အစိုးရတပ် ခလရ ၃၃ က ဝင်ရောက်လှုပ်ရှားချင်တယ်။ ကျနော်တို့က ခွင့်ပြုလို့မရဘူးလေ။ ပြည်ထောင်စုနေ့ မတိုင်ခင် ၂-၃ ရက်လောက်က ဖြစ်တာ၊ အခုထိ သိပ်မကျေလည်သေးဘူး" - ဟု ဒေသအတွင်း အမည်မဖေါ်လို သည့်ကေဒါတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၉ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ် နမ့်လောဝ်းကျေးရွာအုပ်စု လွယ်လန်းအခြေ စိုက် တပ်ရင်း ၁၉၂ ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ် ခလရ ၃၃ မှ လူအင်အား ၆၀ ခန့်ရှိ စစ်ကြောင်း တကြောင်းက ဝင်ရောက်လှုပ်ရှားရန်အတွက် အကြောင်းကြားလာကြောင်း၊ သျှမ်းပြည်တပ်မတော်ဘက်မှ ခွင့်မပြုနိုင်သေးဟု ပြန်လည်ဖြေကြားကြောင်း၊ သို့သော် အစိုးရတပ်က ဂရုမစိုက်ဘဲ ဝင်ရောက်လှုပ်ရှားရာ  သျှမ်းပြည်တပ်မတော်၏ လုံခြုံရေးအရထောင်ထားသော မိုင်းဗုံးနှင့် ဝင်တိုးမိသောကြောင့် သေကြေဒဏ်ရာ ရသူ ၄ ယောက်ထက်မနည်းရှိခဲ့ကြောင်း - နီးစပ်သူများကပြောပါသည်။

အဆိုပါနီးစပ်သည့်အသိုင်းအဝိုင်းက အစိုးရတပ် ၄ ဦးသေဆုံးသည်ဟုပြောသော်လည်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးစိုင်းလက - " တိုက်ပွဲဖြစ်ပွားတာတော့မရှိပါဘူး။ ကျနော်တို့ထိန်းချုပ်နယ်မြေထဲ ဝင်ဖို့ သူ တို့ တောင်းဆိုတယ်။ ကျနော်တို့ဘက်က ခွင့်မပြုနိုင်ဘူးလေ။ သေကျေဒဏ်ရာရတဲ့သတင်းလဲ အတည်မပြု နိုင်သေးပါဘူး၊လောလောဆယ် အဲဒီဘက်မှာ တင်းမာမှုတော့ ရှိနေတယ်" -  ဟုပြောပါသည်။

တန့်ယန်းမြို့ - မိုင်းရှူးကားလမ်း အရှေ့ခြမ်း သံလွင်မြစ်အနောက်ခြင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေမှ တပ်စခန်း စစ်သည်အားလုံး ကားလမ်းအနောက်ခြမ်းသို့ ဆုတ်ခွာပေးရန် အစိုးရတပ်မှ ဖိအားပေးသောကြောင့် ၂၀၁၂ နှစ်လယ်ပိုင်းကလည်း အဆိုပါဒေသအတွင်း တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ဖူး သည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရကိုယ်စားလှယ်နှင့် ဂျန္နဝါရီ ၂၈ ရက် ၂၀၁၂ က ပဏာမ အဆင့်၊ ပြည်ထောင်စုအဆင့် တို့ဖြင့်ဆွေးနွေးပြီးနောက်ပိုင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့သည်။ ဖြစ်ပွါးသည့် တိုက်ပွဲတိုင်း အစိုးရတပ်မှ နယ်ကျွံမှု ကျူးလွန်ခြင်း၊  သျှမ်းပြည်တပ်မတော်အား တပ်ရုပ်ရန် အင်အားသုံးဖိအားပေးမှုများရှိခြင်း ကြောင့်ဖြစ်ပွားခဲ့ ရသည် ဟု SSPP/SSA ဘက်က ပြောပါ သည်။

UNODC လွိုင်လင်ရုံးခွဲ ကျေးလက်ထောက်ပံ့မှု မမျှတဟု ရွာသားများဝေဖန်

Posted: 14 Feb 2013 05:05 AM PST

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့၌  ဖွင့်လှစ်ထားသော ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ  UNODC ရုံးခွဲသည် တချို့ရွာများကို အပြည့်အ၀ ထောက်ပံ့သော်လည်း တချို့ရွာ များမှာမူ ထောက်ပံ့မှု လုံးဝမရသေးကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

Pang Long
"သူတို့က လူမျိုးရေး ခွဲခြားပြီး ကူညီထောက်ပံ့တယ်။ ကူညီမှု လိုအပ်တာချင်း အတူတူ ပအိုဝ်းရွာ ၄-၅ ရွာရရင် သျှမ်းရွာတရွာဘဲ ရတယ်။ ပအိုဝ်းရွာက ရေလိုရင် ချက်ချင်းရေသွယ်ပေးတယ်" ဟု ပင်လုံ မြို့နယ်ခွဲမှ ရွာသားတစ်ဦးက ပြောပါသည်။

ဒေသဖွံ့ဖြိုးရေး စီမံကိန်းအတွက် UNODC က လွိုင်လင်မြို့၌ ရုံးခွဲဖွင့်လှစ်ထားကြောင်း၊ ၂၀၁၂ မှစ၍ လွိုင်လင်မြို့နှင့်ပင်လုံမြို့အတွင်းရှိ ကျေးရွာများ၊ တောင်ပေါ်ကျေးရွာများအား ကူညီထောက်ပံ့ခဲ့ ကြောင်း၊ လမ်းဖောက် တံတားဆောက် ရေသွယ်တန်းပေးကာ ကျန်းမာရေးအဆောက်အဦးများ ဆောက်လုပ်ပေးကြောင်း၊ စိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာများလည်း ထောက်ပံ့ကြောင်း ဆိုပါသည်။

"UNODC ဆိုတာ လူမျိုး ဘာသာ မခွဲခြားဘဲ ကူညီထောက်ပံ့တဲ့ အဖွဲ့လေ။ ဒါပေမဲ့ လက်အောက် ဝန်ထမ်းတွေက လူမျိုးရေး ခွဲခြားတယ်။ လူမျိုးခွဲခြားပြီး ထောက်ပံ့တာကတော့ မဖြစ်သင့်ဘူး။ မျှမျှတတ ဖြစ်သင့်တယ်" ဟု ပင်လုံမြို့မိမြို့ဖတစ်ဦးကလည်း ပြောပါသည်။

လိုက်လံကွင်းဆင်းကြည့်ရှုကာ ကူညီထောက်ပံ့မည်ဟု ပြောဆိုသော်လည်း အကူအညီ မရရှိသေးသည့် ရွာများမှာ ဝမ့်နောင်-ဝမ့်ကုန်း၊ ဝမ့်ပန်အွတ်၊ ဟိုင်းနန်း စသည့်ရွာများဖြစ်သည်ဟု ဆိုပါသည်။