သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


မုံးဝီးရွာသားများအား ပန်ဆေးပြည်သူ့စစ် သေနတ်ဖေါက် စစ်ဆေး

Posted: 18 Feb 2013 04:39 AM PST

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာအနီး ဂက်စ်ပိုက်လိုင်း လုံခြုံရေးတာဝန်ကျ ပန်ဆေးရွာ ဋ္ဌာနေပြည်သူ့စစ် အဖွဲ့က ပိုက်လိုင်းအနီး ဖြတ်သန်းသွားလာသည့် ရွာသားများအား ကြမ်းတမ်းစွာ စစ်ဆေးနေကြောင်း သိရသည် ။


ယခုလ ၁၃ ရက်နေ့ ညပိုင်း ၇ နာရီခွဲက မိုင်းဝီးရွာ မိုင်းရယ်စု တရုတ်ဂက်စ်ပိုက်လိုင်းဆိုဒ် အနီး လယ်တောမှ ရွာသို့ ပြန် လာသည့် မိုင်းဝီးရွာသားများအား ပြည်သူ့စစ်အဖွဲ့မှ စစ်ဆေးရာတွင် သေနတ်ပစ်ဖေါက်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း မိုင်းဝီးရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"တရုတ်ဂက်စ် ပိုက်လိုင်းလုံခြုံရေးစောင့်  ပန်းဆေးပြည်သူ့စစ်အဖွဲ့က မုံးဝီးရွာသားတွေကို စစ်ဆေးတဲ့အခါ အရမ်းကြမ်းနေ တယ်။    မိုင်းဝီးရွာသားတွေ လယ်တောက ပြန်လာချိန်မှာ သေနတ်တွေ ပစ် ဖေါက်ပြီး ခြိမ်းခြောက်စစ်ဆေးတာ " ဟု သူက ဆိုသည် ။

ထို့အပြင် မုံးဝီးရွာ အခြေစိုက် အစိုးရစစ်တပ်ကလည်း ယခုလ ၁၆ ရက်နေ့က ကျေးရွာအတွင်း သေနတ်ပစ်ဖေါက်မှုများ ပြု လုပ်ခဲ့ရာ ရွာသားများ ကြောက်လှန့်တကြား ဖြစ်ခဲ့သေးကြောင်း ၄င်းက ဆက်ပြောသည် ။

ယခုအခါ မုံးဝီးရွာ၌ ခလရ ၁၄၄  ၊ ခလရ ၂၉၀ နှင့် ခမရ ၅၆၇ တပ်ရင်း ၃ ရင်း ပူးပေါင်း အခြေချထားကြောင်း သိရသည် ။

ဖွဲ့စည်းပုံဥပဒေထက် မြန်မာအစိုးရ စိတ်ပိုင်းဆိုင်ရာပြုပြင်မှုအထူးလိုအပ် - RCSS/SSA ခေါင်းဆောင်ပြော

Posted: 18 Feb 2013 04:37 AM PST

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မှာထက် နိုင်ငံခေါင်းဆောင်များ၏ Mind Set စိတ်ပိုင်း ဆိုင်ရာပြုပြင်မှု လိုအပ်နေကြောင်း သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ကပြော ပါသည်။
sys









သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်

" စိတ်ပိုင်းဆိုင်ရာပြုပြင်မှုမလုပ်ရင်တော့ ဥပဒေကိုဘယ်လောက်ဘဲပြင်ပြင် တနေ့နေ့ကျရင် အကျင့် ဟောင်းက ပြန်ပေါ်မှာ ဘဲ။ နောက်တခေါက်အာဏာပြန်သိမ်းဦးမှာဘဲ။ ဒါကြောင့် ဥပဒေထက် စိတ်ဓါတ် ရေးရာကို အရင်ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်" ဟု ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောပါသည်။

၂၀၀၈ ဥပဒေ ပြင်ဆင် ရေးလည်းအထူးလိုအပ်ကြောင်း ၊ ၎င်းအားမပြင်ဆင်ပါက နိုင်ငံရေးဆွေးနွေးရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အပစ်ရပ်လိုက်ခြင်းမှာလည်းအလဟဿ ဖြစ်ရကြောင်း ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်က ထောက်ပြ ပါသည်။

ဖွဲ့စည်းပုံကို လွှတ်တော်အတွင်းရော လွှတ်တော်ပြင်ပ၌ပါ ပြင်ဆင်သင့်သည်ဟု ဆိုပါသည်။  စိတ်ပိုင်းဆိုင်ရာပြုပြင်ရန် အတွက်မူ လူထုဘ၀ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ဆောက်ပေးရန်နှင့် ကျောင်းသင်္ခန်းစာ၏ သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ပေး ရန်လိုအပ်ကြောင်း စဝ်ယွက်စစ်က ပြောပါသည်။

" ငယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာ စာရိတ္တမြင့်မားပေးတဲ့ သင်ရိုးညွှန်းတမ်းတွေ ၊ သမိုင်းမှန်ကို ပြတဲ့သင်ရိုးညွှန်းတမ်း  တွေကို သင်ပေးမှ ကောင်းမယ်လေ" ဟု ဆိုပါသည်။

နိုင်ငံ့ခေါင်းဆောင်များ စိတ်ဓါတ်ရေးရာပြုပြင်နိုင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၌ မည်သို့ ရေးထားစေကာမူ ပြည်သူလူထုက အကောင်းပြုမည်မှာမလွဲကြောင်း သျှမ်းအမျိုးသားခေါင်းဆောင်တဦးကပြောပါသည်။

" ကျောင်းသင်ရိုးညွှန်းတမ်းရဲ့  သမိုင်းဘာသာတွေမှာကြည့်လိုက်ရင် မြန်မာဘုရင်မင်းတွေကဘဲ ဘုန်းတန်ခိုးအာဏာ စက်ကြီးမားတယ် တော်တယ်တတ်တယ်ဖြစ်နေတယ်။ တိုင်းရင်းသား ဘုရင်မင်းမြတ်တွေတော်တာ တခါမှမသင်ဖူး သေးဘူး။ ဒီဟာကိုကြည့်ခြင်းအားဖြင့် ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်နိုင်ပါတော့မလဲ" ဟု လည်း ဆိုပါသည်။

ယနေ့ခေတ်အစိုးရ၏ တပ်မတော်သည် ပြည်သူလူထုနှင့် တိုင်းရင်းသားများအား ကြောက်လန့်နေသဖြင့် စစ်အင် အားဖြင့် တိုင်းရင်းသားနယ်မြေအတွင်း တိုးချဲ့နေရာယူထားသည်ကိုတွေ့ရကြောင်း၊ အင်္ဂလိပ် အုပ်ချုပ်သည့်ခေတ်က မြန်မာ တနိုင်ငံလုံးအုပ်ချုပ်ရာ၌ စစ်တပ်အင်အား ၁၅ တပ်ရင်းသာ သုံးကြောင်း သျှမ်းပြည်အတွင်း  တပ်ရင်း ၂ ရင်းဖြင့်သာ အုပ်ချုပ်ကြောင်း  အဆိုပါခေါင်းဆောင်က ထောက်ပြသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ ကတည်းက လုံခြုံရေးအကြောင်းပြကာ မြန်မာအစိုးရ၏ စစ်တပ်များ တိုင်းရင်းသား နယ်မြေများ အတွင်း အင်အားတိုးချလာသည့်ကိစ္စနှင့်ပတ်သက်၍လည်း ယခုလ ၁၄ ရက်နေ့ ပထမအကြိမ် ဆဌမမြောက် ပြည်သူ့ လွှတ်တော်အစည်းအဝေး သို့  ကျားဖြူပါတီ အမတ် နန်းဝါနုက တင်ပြခဲ့သေးသည်ဟု ဆိုပါသည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကတည်းက ကျမတို့သျှမ်းပြည်မှာ လုံခြုံရေးမရှိလို့ ငြိမ်းချမ်းရေးမရှိတာဆိုပြီး အစိုးရက ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးလာမလုပ်ပေးဘူး။ ဒါကြောင့် စစ်အင်အားတွေပို့ပို့လာတယ်။  မြေပေါ်မြေအောက်သယံဇာတ တွေကို တော့ လာယူပြီးပြန်သွားတယ်။ သို့ပေမယ့်ဘာမှ လာမပေးဘူး။ ဒါကြောင့်ကျမတို့သျှမ်းပြည်သားတွေက အလုပ် အကိုင်မဲ့ပြီး အိမ်နီးချင်းနိုင်ငံကိုထွက်ပြေးကြကုန်တယ်။ သျှမ်းပြည်သားတွေဆုံးရှုံးတယ်။ သူများနိုင်ငံမှာကျွန်ခံနေရတယ်။ ဒီနေ့မှာ ကျ တော့ ပြောင်းလဲလာပြီလို့ပြောကြပြီ။ ဆိုတော့အစိုးရကနေ ပြန်လည်ထူထောင်ရေး  ဖွံ့ဖြိုးတိုးတက်ရေးဇုံလုပ်ပေး သင့် တယ်။ နိုင်ငံခြားသားတွေကိုရင်းနှီးမြုပ်နှံမှုပြုဖို့ဖိတ်ခေါ်ပေးသင့်တယ် လို့  ကျမတင်ပြတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး တော့ လွှတ်တော် ဘက်က ဘာမှပြန်မဖြေသေးဘူး။ ထိုင်းရောက် သျှမ်းတွေပြန်လာနိုင်ဖို့အတွက်လဲကျမ ၂၀၁၁-၂၀၁၅ ကုန်အထိ ပဉ္စမကာလ ကုန် ၅ နှစ်အမျိုးသားစီမံကိန်း မှာတင်ပြသွားတယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေကနေ ပြန်လည်ထူထောင်ရေး လုပ်ပေးဖို့ ပြည်ပ ရောက် သူတွေကို ပြည်တွင်းပြန်ဝင်လာရင်အလုပ်ရှိအောင်လို့ စက်ရုံအလုပ်ရုံတွေထူထောင်ပေးဖို့ တောင်းဆိုထားတယ်။" ဟု နန်းဝါနုက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်အတွင်း၌ စစ်တိုင်း ၄ တိုင်းလက်အောက် တပ်ရင်းများ အပြင် တခြားသော ကွပ်ကဲမှုဌာနချုပ် တပ်ရင်းများ စုစုပေါင်း ၂၂၃ ရင်း ရှိကြောင်း NDD  ဒီမိုကရေစီ  နှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုသေသနနှင့်မှတ်တမ်း တင်ဌာနမှ  ၂၀၁၁ က ထုတ်ဝေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စစ်ဘက်နှင့် အရပ်ဘက် အုပ်ချုပ်ရေးအင်္ဂါစဉ် စာအုပ်တွင်ဖော်ပြထားပါသည်။

2014 သန်းခေါင်စာရင်း လာမည့်လအတွင်း စမ်းသပ်ကောက်ခံမည်- လွှတ်တော်အမတ်ပြော

Posted: 18 Feb 2013 04:35 AM PST

ကုလသမဂ္ဂနှင့်သဘောတူညီမှုရထားသည့်အတိုင်း ၂၀၁၅ မတိုင်မီ သန်းခေါင်စာရင်းများအစစ်အမှန် ကိုကောက်ယူ မည်ဖြစ်ရာ ရှေ့လ မတ်လ ၂၉ တွင် စမ်းသပ်သန်းခေါင်စာရင်းကိုလည်းကောင်း၊ လာမည့်နှစ်မတ်လ ၂၉ ရက် ၂၀၁၄ တွင် သန်းခေါင်စာရင်းအစစ်အမှန်ကိုလည်းကောင်း ကောက်ယူသွားမည်ဟု  လွှတ်တော်အမတ်များအသိုင်း အဝိုင်းကပြောပါသည်။
Nang War Nuကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနု ( Photo: facebook)

2014 ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် မိမိနာမည်မပါခဲ့ပါက နိုင်ငံမဲ့လူမျိုးဖြစ်သွားမည်ကိုစိုးရိမ်သဖြင့် အမျိုးသားရေးအတွက် အချိန်အနည်းငယ်ပေးကာမိမိနေရပ်သို့ ခေတ္တပြန်လာသင့်ကြောင်း ကျားဖြူပါတီ ပြည်သူ့လွှတ်တော် အမတ်က ပြောပါသည်။

" လာမယ့်မတ်လထဲမှာ စမ်းသပ် သန်းခေါင်စာရင်းကောက်မယ်။အဲ့ချိန်ကျရင်တော့ လူမလာလဲရတယ်။ ဒါပေမယ့် အိမ်မှာကျန်ခဲ့တဲ့လူတွေကိုပြောထားဖို့မမေ့ပါနဲ့။သန်းခေါင်စာရင်းကောက်ရင်မိသားစုဝင်နာမည်ကုန်ပါအောင်ထည့်ထားပေးဖို့ပေါ့။ ထိုင်းရောက်နေသူဘယ်နှစ်ယောက် တရုတ်ကိုရောက်နေသူဘယ်နှစ်ယောက်အစရှိသဖြင့်ပေါ့။  နောက် နှစ် ၂၀၁၄ မတ်လကျရင် တော့ တကယ့်သန်းခေါင်စာရင်းဆင်းကောက်တဲ့ချိန်ရောက်ရင် လူမလာလို့ မရတော့ဘူး"  - ဟု သျှမ်းပြည်မြောက်ပိုင်းကွန်ဟိန်းမြို့နယ် ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုကပြောပါသည်။

ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့ ဖေဖော်ဝါရီလ ၁၄ ရက်ကလွှတ်တော်အတွင်း ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေး ရာနှင့် အခြားကိစ္စရပ်များစောင့်ကြည့်လေ့လာရေးကော်မရှင်၊လဝက ၀န်ကြီးများနှင့်အတူ သန်းခေါင်စာရင်း ဥပဒေ မူကြမ်းနှင့် ပတ်သက်သည်များကိုဆွေးနွေးရာတွင်  နန်းဝါနုက   ပြည်ပရောက် သျှမ်းပြည်သားများအား သန်းခေါင် စာရင်း ပေးပိုင်ခွင့်ရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း ပြောပါသည်။

" စမ်းသပ်သန်းခေါင်စာရင်းကောက်ဖို့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလဲမြို့နယ်တချို့ရွေးထားတယ်။ သျှမ်း ပြည် မြောက်ပိုင်းမှာ မူဆယ်ပေါ့။ တောင်ပိုင်းမှာညောင်ရွှေနဲ့အရှေ့ပိုင်းမှာ တာချီလိတ် လို့နာမည်စာရင်းမှာပါပါတယ်။ နိုင်ငံခြားရောက်တဲ့ ဒုက္ခသည်တွေအတွက် သန်းခေါင်စာရင်းကောက် ရင် ၂ မျိုးရှိမယ် ။ ပထမတခုက တရားဝင်ထွက် သွားတဲ့လူတွေကို သံရုံးကနေစာရင်းကောက်မယ်။ စာရင်းကိုတိတိကျကျရနိုင်မယ် ။ တရားမဝင်ထွက်တဲ့ လူတွေကို ကျတော့   ဥပမာထိုင်းရောက်နေတဲ့လူတွေအတွက် ထိုင်းနိုင်ငံ ရဲ-စစ်တပ်အာဏာပိုင်တွေနဲ့အတူ ဟိုမှာရှိနေတဲ့ လူမှု အဖွဲ့ အစည်းတွေနဲ့ပူးပေါင်းလက်တွဲပြီး ကောက်သွားမယ်ပြောတယ်။ ဒါပေမယ့်မြန်မာနိုင်ငံထဲကလို တိတိ ကျကျနဲ့ အကုန်လုံး ရနိုင်မှာမဟုတ်ဘူးတဲ့။ ဒါကြောင့်ဖြစ်နိုင်ရင်မြန်မာနိုင်ငံကို ခဏဖြစ်ဖြစ်ပြန်လာကြ စေချင်တယ်တဲ့။ စာရင်းပေးပြီးရင် ထိုင်းကိုအလုပ်ပြန်သွားလုပ်လဲရတယ်တဲ့ " - ဟု လူဝင်မှုကြီးကြပ်ရေးအာဏာပိုင် ကဖြေကြား ပေးကြောင်း နန်းဝါနုကဆိုပါသည်။

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် ထိုင်းရောက်သျှမ်းများအနေဖြင့် မိမိဇာတိမြို့ရွာသို့ပြန်မလာနိုင်သည့်တိုင် သျှမ်းပြည်တွင်းတမြို့မြို့သို့ရောက်နိုင်အောင်ကြိုးစားကြစေလိုကြောင်း၊မိမိဇာတိနှင့်ပတ်သက်သည့်မေးခွန်းအနည်း ငယ်ကိုအာဏာပိုင်များမေးမြန်းမည်ဖြစ်ရာ သိရှိဖြေဆိုနိုင်ပါက မိမိသန်းခေါင်စာရင်းသွင်းနိုင်ပြီဖြစ်ကြောင်း နန်းဝါနု ကရှင်းပြသည်။

ထို့ကြောင့် ထိုင်းရောက်သျှမ်းပြည်သားများအား နန်းဝါနုက ဤကဲ့သို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

"ရခိုင်အရေးကို ဥပမာယူပြီးတော့သတိထားသင့်ပါတယ်။  ကျမတို့သျှမ်းလူမျိုးတွေက အိမ်နီးချင်းနိုင်ငံဆီကို ထွက် ပြေးခိုလှုံတာ အရမ်းများနေပြီ။  ဟိုနိုင်ငံတွေကလဲ ကျမတို့ကိုနိုင်ငံသား မပေးဘူး။ မသတ်မှတ်ဘူး။   အခုကျမတို့ သျှမ်းပြည်ထဲကို တခြားက ဧည့်သည်တွေဝင်လာပြီးလာနေထိုင်ကြတာ အရမ်းများနေပါပြီ။ တကယ်လို့  ထိုင်းရောက် နေတဲ့သူတွေ ပြည်တွင်းထဲကို ပြန်လာမယ် ဆိုရင်လဲ သန်းခေါင်စာရင်းမရှိ ရင် သျှမ်းတွေဟာ  စာရင်းပျောက်တွေ အများကြီးဖြစ်လာနိုင်တယ်။ နိုင်ငံမဲ့ဖြစ်သွားကြမှာ။ နိုင်ငံရှုံးမယ်။လူမျိုးရေးမှာရှုံးမယ်။ အမျိုးသားရေးမှာ ဆုံးရှုံးပါ မယ်။ လူ့အခွင့်အရေးဆုံးရှုံးပါမယ်။ ကျမအလွန်စိုးရိမ်မိပါ တယ်။ ဆိုတော့သန်းခေါင်စားရင်ကောက်မယ့် ၂၀၁၄ မှာ အမျိုးသားရေးအတွက် နဲနဲလောက် အပင် ပန်းခံ အချိန်ပေးပြီး တော့ စာရင်းလာပေးကြပါလို့တိုက်တွန်းချင်ပါတယ်"

၂၀၁၂ ဧပြီလကုန်က မြန်မာနိုင်ငံကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း ရောက် ရှိစဉ်   ၂၀၁၄ ကစပြီး မြန်မာနိုင်ငံလူဦးရေကို ကမ္ဘာ့စံနှုန်းနှင့် အညီကွင်းဆင်းကောက်ယူသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ဝန်ကြီး ဦးခင်ရီက ပြောပြီး ကတိပြုစာချုပ်တွင် လက်မှတ် ရေးထိုး ခဲ့သည်။

ပင်လုံမြို့လောင်းကစားပွဲတော် အထက်လူကြီးသိကြပါသလား

Posted: 18 Feb 2013 04:33 AM PST

သို့-သျှမ်းသံတော်ဆင့်

ပင်လုံမြို့ အနောက်ဘက် စွန်းလွန်းဘုန်းကြီးကျောင်းမှာ ကုန်းကင်း၊ လေးကောင်၊ ဖဲ အစရှိသော လောင်းကစားမျိုးစုံပွဲကို ပြုလုပ်နေကြပါသည်။ တလကျော်ကြာပါပြီ။ ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး ပြုလုပ်နေကြပါသည်။


ဒီအချိန်ဟာ ကျောင်းသားလေးတွေ စာမေးပွဲဖြေရတော့မယ့်အချိန်ပါ။ လောင်း ကစား ပွဲကလာသည့် အသံသည်တမြို့လုံးဆူညံနေပါသည်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ သဘောလေလား။ ပြောမည့်သူ တာမည့်သူလည်းမတွေ့ရပါ ။ ဘယ်တွေ့တော့မလဲ။  အားလုံးက ပိုက်ဆံရရင်  ကန်းကုန်ပြီလေ။  ရဲအစ စစ်တပ်ကအဆုံးပေါ့ဗျာ ။ ကဲ သမ္မတကြီးရေ..  သျှမ်းပြည်နယ်အစိုးရရေ .. ပင်လုံမြို့ကတော့ လောင်းကစားနဲ့ ဘိန်းစိုက်ခင်းတွေ ဝေနေတဲ့မြို့ ဖြစ်နေပြီဗျို့............


အလင်းရောင် (ပင်လုံ)

တကယ်လုပ်မှာလား

Posted: 18 Feb 2013 04:32 AM PST

အယ်ဒီတာခင်ဗျား....

ကျနော်တို့တာချီလိတ်မှာ လောင်းကစားတွေ ရပ်ကွက်တိုင်းရှိနေကြပါတယ်။ ဟိုတယ်အမည်ခံ အလူရာ(ပုန်းထွန်)၊ စားသောက်ဆိုင်အမည်ခံ ဟုန်ထိုက်ယမ်(ပုန်းထွန်)၊ လပ်ဗီးဂတ်စ်(မကာဟိုခမ်း)၊ ရီဂျီနား(ဆန်ဆိုင်း)၊တာချီလိတ်ဟိုတယ်(မကာဟိုခမ်း)၊ ရွှေတြိဂံ(ဝမ်ကောင်း)၊ ရောင်နီဦး(ဟောင်လိတ်) ဒါတွေက ဘယ်တော့မှမပိတ်တဲ့ အကြီးတကာ့ အကြီးတွေပါ၊ ရပ်ကွက်ထဲမှာ အကြွေစေ့ထည့်ရတဲ့ အိမ်ရှေ့မှာ လိုက်ကာတွေကာပြီး ဖွင့်တဲ့အိမ်တွေက တစ်ဖုံ နည်းအမျိုးမျိုးနဲ့ လောင်းကစားမှု ပြုနေကြ ပါတယ်။


ဒါတွေကို ထိရောက်စွာမနှိမ်နင်းတဲ့အတွက် ရာဇဝတ်မှုတွေဟာ တဖြည်းဖြည်းများ လာတာ တွေ့ ရ ပါတယ်။ သို့သော် တစ်နေ့လုပ်တစ်နေ့စား ရှာစားရတဲ့ ကျနော်တို့လို ဈေးထဲ ဗန်းလေးနဲ့ ရောင်းတဲ့ ဆေးအတုတွေကိုတော့ စီမံချက်ချဖမ်းတယ်၊ အမှုဖွင့်တယ်၊ ကဲကျနော်တို့ဘာလုပ်စားမလဲ၊ လောင်းကစားလုပ်ရုံပေါ့၊ ရှုံးရင်ခိုးမယ်၊ လုမယ်ပေါ့။

ဒီလိုဖြစ်အောင်လုပ်နေတာ ဘယ်သူတွေလဲ၊ ချဲထီဒိုင်ကြီး မိုးသောက်ကြယ် လူကြီးလာရင် ဧည့်ခံတယ်၊ လူကြီးပြန်ရင် ပြောင်းရင် သူ့အိမ်မှာဂုဏ်ပြုပွဲလုပ်တယ်။ လူကြီးဆိုတာတွေက မဟုတ်တရုတ် ကကြ ခုန်ကြတယ်၊ ပျော်ကြတယ်။ ကျနော်တို့ ငါးဘတ်၊ ဆယ်ဘတ်လေး ချဲပေါက်တယ်။ မလျော်ဘူး၊ စားတော့ အကုန်စားတယ်။ သူ့ကို မဖမ်းဘူး။  ပြီးခဲ့တဲ့နှစ်က ပတ္တမြားဆိုင်ကိုတော့ ချဲဖမ်းတယ်၊ သူ့ကိုဘာလို့ မဖမ်းလဲ။ ပိုက်ဆံပေးထားလို့လား၊ လူကြီးကိုဧည့်ခံလို့လား၊ ဒါကိုသိအောင် ဘယ်သူ့ကိုတိုင်ရမလဲ ဘယ်လိုတိုင်ရမလဲ။ ဒီမိုကရေစီဆိုတာ ဒီလိုမျိုးလား။ ဖြေပါဦး အယ်ဒီတာခင်ဗျား။


တာချီလိတ်မြို့သို့ ခေတ္တရောက်နေသူတစ်ဦး