သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


RCSS/SSA နှင့် ဦးအောင်မင်း ချင်းမိုင်၌ တွေ့ဆုံဆွေးနွေး

Posted: 19 Feb 2013 04:26 AM PST

ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် ဦးဆောင်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မ တော် RCSS/SSA နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း တို့ ယနေ့ မွန်းလွဲပိုင်း၌ တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Sheik Istana Hotel ၌ RCSS/SSA နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း တို့တွေ့ဆုံစဉ် (ဓါတ်ပုံ- Hla Maung Shwe facebook)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Sheik Istana Hotel ၌ မွန်းလွဲ  ၁ နာရီမှ ၂ နာရီထိ တွေ့ဆုံခဲ့ကြရာ နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စ၊ အပစ်ရပ်အပေါ်  စောင့်ကြည့်ရေး၊  မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးနှင့် ယနေ့ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ဆို၏။

၂၀၁၁ ခု သြဂတ်စ်လ ၁၈ ရက်က လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် သမ္မတကြီး ဦးသိန်းစိန် ဖိတ်ခေါ်မှုကြောင့် သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း  ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့က အပစ်ရပ်သဘောတူညီချက်စာချုပ်ချုပ်ခဲ့သည်။

(အသေးစိပ်အချက်အလက်များကို ဆက်လက်ဖော်ပြပါမည်)

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ပေါ်တဲ့ဆွေးနွေးမှုမှန် သမျှကိုထောက်ခံကြောင်း - SNLD ပြော (SNLD ပြောခွင့်ရပုဂ္ဂိုလ်နှင့်ဆက်သွယ်မေး မြန်းခန်း)

Posted: 19 Feb 2013 04:25 AM PST

ညီညွှတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီ တို့ဟာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ဖြစ်  ဖို့ အကြိုဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ လုပ်မယ်လို့ UNFC အဖွဲ့နဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီဝင်တွေကပြောကြောင်း သတင်းတွေထွက် ပေါ်နေပါတယ်။  ဒီကြားထဲမှာ ဒီအခုဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်နေ တယ်လို့လဲသတင်းတွေထွက်ပေါ်နေပါတယ်။ SNLD ရဲ့သဘောထား အစစ်အမှန်သိရအောင်လို့ ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို   သျှမ်းသံတော်ဆင့်ကဆက်သွယ်မေးမြန်းထားပါတယ်။
unfc-govt-cm                နိုဝင်ဘာလ ၉ ရက်နေ့ ဦးအောင်မင်းနှင့် UNFC တွေ့ဆုံကြစဉ် (facebook)

မေး။    ။ ဦးအောင်မင်းနဲ့ UNFC ထိုင်းမှာတွေ့ဆုံမယ်လို့ ကြားသိရပါတယ်။ SNLD အနေနဲ့ ဘယ်လိုသုံးသပ်ပြော ဆိုလို ပါသလဲ။

ဖြေ။    ။ ဦးအောင်မင်းနဲ့ UNFC ထိုင်းမှာတွေ့ဆုံမယ်လို့ ကျနော်တို့လည်း ကြားသိရပါတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ် သက်ပြီး ကျနော်တို့ အနေနဲ့ အရေးတယူနဲ့ ဆွေးနွေးတာမျိုး ထင်မြင်ချက်ပေးခဲ့တာမျိုးတစုံတရာမရှိခဲ့ဖူးပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်ပေါ်တဲ့ဆွေးနွေးမှုမှန်သမျှကို ကျနော်တို့ ကြိုဆို ထောက်ခံပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါ။ ဒါပေမယ့် အဲလိုတွေ့ဆုံဆွေးနွေးခွင့်ဟာ နိုင်ငံရေးအဓိပ္ပါယ်ပြည့်ဝ ပြီးတော့ မှ ပွင့်လင်းမြင်သာမှုရှိဖို့ဘဲလိုအပ်ပါတယ်။

မေး။    ။ ဦးအောင်မင်းက UNFC နဲ့ တွေ့ဆုံဖို့လုပ်နေတာရယ် ဆရာတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရယ် ကွာခြားချက်လေး ရှိပါသလား။ ဒီနှစ်ခုရဲ့ကွာခြားချက်လေးပြောပြပေးပါလားခင်ဗျ။

ဖြေ။    ။ ကျနော်တို့လဲ ပြည်တွင်းမှာ ပြည်တွင်းငြိမ်းချမ်း ရေးရဖို့ကြိုးစားနေသလို ပြည်ပက အဖွဲ့အစည်းတွေကိုလည်းဘဲ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက သွားရောက်ဆွေးနွေးတယ်ဆိုတာ ကောင်းမွန်မှန်ကန်တဲ့အချက်ပါ။ ဒါပေမယ့်လို့ တချိန်ချိန်ကျ ရင်တော့ ပြည်တွင်းကော ပြည်ပကော လက်နက်ကိုင်အဖွဲ့အစည်းကော နိုင်ငံရေးပါတီကော အားလုံးတွေ့ဆုံပြီးတော့မှ ဆွေးနွေးနိုင်တဲ့ ပြည်ထောင်စုလုံးဆိုင်ရာညီလာခံကြီးတခုတော့ မဖြစ်မနေကျင်းပဖို့လိုအပ်ပါတယ်။ အဲလိုအခြေအနေ မျိုးရောက်အောင်အဖက်ဖက်က ကြိုးစားနေတယ်လို့မြင်ပါတယ်ခင်ဗျ။

မေး။    ။ ဆရာဆိုလိုတဲ့သဘောက အခု သျှမ်းပြည်နယ် ကယားပြည်နယ် ဆွေးနွေးပွဲပြီးရင် တိုင်းရင်းသားအားလုံး ပါဝင်တဲ့ဆွေးနွေးမှုကြီးတရပ်မှာ UNFC လဲဘဲ ပါဝင်လာမယ်လို့ဆိုတာလားခင်ဗျ။

ဖြေ။    ။ ဟုတ်တယ်ခင်ဗျ။ နိုင်ငံရေးရည်မှန်းချက်ရှိပြီးတော့မှ နိုင်ငံရေးလုပ်ဆောင်နေတဲ့အဖွဲ့အစည်းမှန်သမျှ ပြည်ထောင် စု ထဲမှာဘဲရှိနေတဲ့သူတွေဖြစ်ဖြစ် ပြည်ထောင်စုပြင်ပကိုရောက်နေတဲ့သူတွေဘဲဖြစ်ဖြစ် ဒီနိုင်ငံကြီးကောင်းစားဖို့ ကြိုးစား နေတဲ့ အဖွဲ့အစည်းမှန်သမျှအကုန်လုံးတွေ့ဆုံပြီးလုပ်ဖို့လိုအပ်ပါတယ်။ အဲ့ခါကျရင် UNFC တင်မကဘူး တခြားသောအဖွဲ့ အစည်းအားလုံးပါလာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်ခင်ဗျ။

မေး။    ။ သျှမ်းကယား ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဘယ်အဆင့်အထိရောက်နေပြီလဲခင်ဗျ။

ဖြေ။    ။ လာမယ့်အပတ်ထဲမှာဘဲ ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးထိုင်သွား မှာဖြစ်ပါ တယ်။  ၂၃ ရက်နေ့မှာ တောင်ကြီးမှာအစည်းအဝေးထပ်ထိုင်ပါမယ်။ အဲ့ချိန်ကျရင် ဖိတ်ကြားသင့်တဲ့အဖွဲ့အစည်းများ ပုဂ္ဂိုလ် များ နောက်ပြီး ဆွေးနွေးမယ့် အာဂျဲန်ဒါ(agenda) အစရှိ အသေးစိပ်အချက်အလက်တွေကို ဆက်လက်ပြီးဆွေးနွေး သွားဖို့ ရှိတယ်။ လုပ်ငန်းသဘောအရတော့ တော်တော်လေးအဆင်ပြေပြီးတော့မှ တော်တော်လေး သွားနေပါပြီ။ ရည်မှန်းတဲ့အနေ အထား တခုကိုရောက်နေပါပြီလို့ပြောလို့ရပါပြီ။

မေး။    ။ လာမယ့်အခုပြောတဲ့ သျှမ်း-ကယား ဆွေးနွေးပွဲမှာကော လေ့လာသူအနေနဲ့တက်ရောက်ဖို့ ဥပမာ UNFC တို့ဘာ တို့အဖွဲ့အစည်းတွေကို ဖိတ်ဖို့ကော ရှိပါသလား ။

ဖြေ။    ။ အဲဒါ ကျနော်တို့ဘက်က စဉ်းစားထားပြီးသားရှိပါတယ်။ ဖိတ်သင့်တယ်မဖိတ်သင့်ဘူးဆိုတာ ဖြစ်မြောက်ရေး ကော်မတီ အစည်းအဝေးကျမှဘဲ အဓိက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကိုလည်းဘဲ ညှိ နှိုင်းသွားဖို့ရှိပါတယ်။ တကယ်လို့ အာဏာပိုင်အဖွဲ့အစည်းတွေဘက်ကလဲ ကန့်ကွက်စရာမရှိဘူး။ ဖြစ်မြောက်ရေး ကော်မတီ မှာပါတဲ့ လူပုဂ္ဂိုလ်ကအများစုကလဲ သဘောတူမယ်ဆိုရင်တော့ အဲဒီအတိုင်းဖြစ်လာမှာဖြစ်ပါတယ်။

မေး။    ။ နောက်ဆုံးအနေနဲ့ ဘာတွေဖြည့်စွက်ပြောချင်ပါသလဲခင်ဗျ။

ဖြေ။    ။ အခုကျနော်တို့ ကြားသိနေရတာကတော့ UNFC နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တွေ့ဆုံဆွေးနွေးမယ့် ကိစ္စနဲ့ပတ်သက်ပြီးတော့ SNLD ကနေပြီး ဆန့်ကျင်ကန့်ကွက်ဖို့အတွက် လိုက်လံပြီး လှုံ့ဆော်စည်းရုံးနေတယ် အဲလိုမျိုး ဘာညာ ကြားမိနေတာဟာ အဲတာ လုံးဝ မဟုတ်ဘူး။  ကျနော်တို့ရဲ့သဘောထားနဲ့လုံးဝမပတ်သက်ဘူး။ ကျနော်တို့ကတော့ စောစောကပြောသလို အဲဒီကိစ္စနဲ့ပတ်သက်ပြီးအရေးယူဆွေးနွေးတာမျိုး ထင်မြင်ချက်ပေးတာမျိုးတစုံတရာလုံးဝ မလုပ်ခဲ့ ဘူးဆိုတာ ပြောကြားလိုပါတယ်။

SSPP/SSA ဌာနချုပ်ဘက်သို့ ရလခတိုင်းမှ စစ်အင်အား ပို့ဆောင်နေ

Posted: 19 Feb 2013 04:23 AM PST

သျှမ်းပြည်အလယ်ပိုင်း ရလခတိုင်းမှ စကခ ၂ နှင့် သျှမ်းပြည်တောင်ပိုင်း စကခ ၁၇ လက်အောက်ခံတပ်ရင်းများမှ စစ်ယာဉ် တန်းများ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်ဘက်သို့တက်သွားကြောင်း ဒေသခံ ရွာသားများပြောပြချက်အရသိရသည်။

Burma-Army-                                   မြန်မာစစ်ယာဉ်တန်း (ဓါတ်ပုံ-freeburmaranger)

"တမြန်နေ့က လင်းခေးအခြေစိုက် ခမရ ၅၂၅ က စစ်ယာဉ်တန်း မိုင်းနောင်ဘက်တက်သွားတယ်။ မိုင်းနောင်အလွန်မှာယာဉ် တန်းရပ်ပြီး ဝမ့်ဟိုင်းဘက်ခြေကျင်နဲ့တက်သွားကြတယ်လို့ မိုင်းနောင်က လူတွေပြောတယ်။ ယာဉ်တန်းတချို့ မိုင်းအောတ် ဘက်ဆက်တက်သွားတယ်ပြောတယ်။ မနေ့ကမနက်ဘဲ ယာဉ်တန်း ၄-၅ စီးမိုင်းနောင်ကနေ ပြန်ထွက်လာတာ တွေ့ရတယ် " ဟု မျက်မြင်ဒေသခံ စိုင်းဆမ်က သျှမ်းသံတော်ဆင့် အား ပြောပြသည်။

ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက်ခံတပ်ရင်းများမှလည်း စစ်ယာဉ်တန်း ၈ စီး ဆင်းလာရာ  ခိုင်းဆင်မ် တွင် ခေတ္တနားခဲ့သေးကြောင်း၊ တစီးလျင် အင်အား ၃၀ ထက်မနည်းတင်ဆောင်လာကြောင်း သီပေါဒေသခံများကပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်ပွဲများရပ်တန့်ပြီးနောက်ပိုင်း ယခုတကြိမ်သည် ဝမ့်ဟိုင်းဘက်သို့ စစ်အင်အားအများဆုံး ပြန် လည်ပို့ဆောင်သည်ကိုတွေ့ရကြောင်း ၊ မြန်မာစစ်ယာဉ်တန်းဖြတ်သန်းမည့်အကြောင်း ဝမ့်ဟိုင်းဌာနချုပ် မှလည်း သိရှိထား ကြောင်း ၊ သို့သော် မြန်မာစစ်တပ် ဘာဆက်လုပ်မည်ကိုစောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ ကပြောပါသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခလက်အောက်ရှိ မိုင်းနောင်အခြေစိုက် စကခ ၂ လက်အောက်ခံ သျှမ်းပြည်တောင် ပိုင်းလင်းခေးမြို့အခြေစိုက် ခမရ ၅၂၅ မှ စစ်ယာဉ်တန်း ၁၅ စီးအပြင် သျှမ်းပြည်တောင်ပိုင်း ရပခတိုင်းအောက်မှ မိုင်းပန် အခြေစိုက် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများမှ စစ်ယာဉ်တန်းတို့ ယခုလ ၁၇ ရက်ကမိုင်းနောင် ဘက်တက်သွား ကြောင်း၊ တစီးလျှင် စစ်အင်အား ၂၅ ဦးထက်မနည်းတင်ဆောင်သွားကြောင်း မိုင်းနောင် ဒေသခံ စိုင်းဆမ်ကပြောသည်။

" လားရှိုးဘက်ကလဲ  စစ်ယာဉ်တန်း ဆင်းလာတယ်လို့ကြားရတယ်။  အတိအကျတော့ မသိရသေးဘူး။  ကချင်မှာစစ်ပွဲ ရပ်ပြီး သျှမ်းဘက်ကိုပြန်လှည့်မလားလို့လဲ လူထုကစိုးရိမ်နေကြတယ်။ တချို့ကလည်း ယာဉ်တန်းစုစုပေါင်းအစီး ၄၀ တောင် ရှိတယ်လို့ပြောတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့က လွယ်လန်းဘက်မှာ  မြန်မာစစ်ကြောင်း မိုင်းနင်းမိပြီး ၄ ယောက်သေတဲ့ ကိစ္စ ပြန်ပြီးရှင်းလင်းဖို့ဖြစ်နိုင်တယ်လို့ပြောတယ်  " ဟု မိုင်းရှူးဒေသခံတဦးကလည်း ဆိုပါ သည်။

အတည်မပြုနိုင်သေးသည့်သတင်းအရ မိုင်းရှူး၌စခန်းထိုင်သော မိုင်းနောင် စကခ ၂  စကခမှူးအပြောင်းအလဲ လုပ်ရန်၊ ၎င်း၏လုံခြုံရေးတပ်များ အပြောင်းအလဲလုပ်ရန် အဆိုပါယာဉ်တန်းများတက်သွားခြင်းဖြစ်ကြောင်းလည်း မိုင်းရှူးဒေသခံက ပြောပါသည်။ အလားတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း အဆိုပါ စစ်ယာဉ်တန်းမှာ စကခ ၂  နှင့် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများ တပ်အပြောင်းအလဲလုပ်ခြင်းသာဖြစ်နိုင်ကြောင်း၊ သို့သော် ပေါ့လျော့ထားလို့မရ ၊ သတိဝိရိယထား၍စောင့်ကြည့်သင့်ကြောင်း သျှမ်းသံတော်ဆင့် အားပြောပြပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့်  ၂၀၁၂ နှစ်အစောပိုင်း ဂျန္နဝါရီ ၂၈ ရက် ပဏာမအဆင့်၊ ပြည် ထောင်စုအဆင့် သဘောမတူညီမှု မရမှီ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ် စားလှယ် ဦးသိန်းဇော်က အပစ်ရပ်သဘော တူညီမှု ရရှိပြီး ၅ ရက်အတွင်း SSPP/SSA နယ်မြေကပ်လျက် ရှေ့တန်းတပ်များအားလုံးတပ်ရုပ်ပေးပါမည်ဟု ကတိစကားပေး ဖူး သည်။ သို့သော်ယနေ့တိုင်တပ်မရုပ်သည့် အပြင် SSPP/SSA ၏ တန့်ယန်းမြို့နယ် ၇ မိုင်စခန်း၊ မိုင်းရှူး မြို့နယ် မိုင်းအောက် ကျေးရွာအုပ်စုအတွင်းရှိတပ်စခန်းအချို့ တို့အား တပ်ရုပ်ခိုင်းခဲ့သေးသည်။  အဆိုပါရုပ် သိမ်းသွားသော တပ်စခန်းများ အပါအဝင် ထိုအနီးတဝိုက်ရှိ တန့်ယန်း - နမ့်လောင်း(ဝ်း)- မိုင်းအောက် - မိုင်းရှူး လမ်းမ တလျှောက်တို့ တွင်လည်း အစိုးရ၏ စကခ ၂ လက်အောက်ခံတပ်ရင်းများ  တိုးချဲ့နေရာချထားခဲ့သည်မှာယနေ့တိုင်ဖြစ်ကြောင်း တောင်ကြီး - မိုင်းရှူး ခရီးသည်များပြောပြချက်အရသိရပါသည်။

လူမျိုးနေရာ၌ မိမိလူမျိုးအမည်မထည့်ပါက အမျိုးသားရေးအခွင့်အရေးဆုံးရှုံးမည်ကို နိုင်ငံရေးသမားများစိုးရိမ်

Posted: 19 Feb 2013 04:21 AM PST

နိုင်ငံသားမှတ်ပုံတင်လုပ်ပေးရာတွင် လူမျိုးနေရာ၌ မိမိလူမျိုးမဟုတ်သော တခြားလူမျိုးထည့်ရေးပါက အမျိုးသား ရေး အခွင့်အရေး လူ့အခွင့်အရေးဆုံးရှုံးမည်ဖြစ်ကြောင်း ကျားဖြူပါတီ လွှတ်တော်အမတ် ကပြောပါသည်။

form                                                          သန်းခေါင်စာရင်း

" တိုင်းလျဲန် တွေနဲ့ တိုင်းနေ တွေကို သျှမ်း- ဗမာ၊ သျှမ်း-တရုတ်၊ ဗမာ အစရှိ လူမျိုးနာမည်တွေထည့်လိုက်ရင် ကြာလာတော့ သျှမ်းတွေက ပြုတ်ကျ ကျန်ခဲ့ပြီး ဗမာ၊ တရုတ် လောက်ဘဲကျန်တော့တယ်။ အဲလိုဆိုရင် တိုင်းရင်းသားအခွင့်အရေး တွေဆုံး ရှုံးမယ်။ နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးမယ်ပေါ့နော်။ အဲတာကြောင့် သူတို့တွေကို သူတို့လိုချင်တဲ့ လူမျိုးနာမည် ရစေချင်ပါတယ်။  အိမ်မှာ သန်းခေါင်စာရင်းလာကောက်ရင်၊ မှတ်ပုံတင်လာလုပ်ပေးရင် လူမျိုးနေရာမှာ သျှမ်း၊ တိုင်းလျဲန် အစရှိလိုချင်တာကို ပြောပြဖို့ တိုက်တွန်းလိုပါတယ်" ဟု ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုက သျှမ်းသံတော် ဆင့်အားပြော ပြသည်။

ကချင်ပြည်နယ်ခရီးစဉ်အတွင်း သျှမ်းနီ (တိုင်းလျဲန်)သျှမ်းများနှင့်တွေ့ဆုံပြီးနောက်ပိုင်း ယခုလ ၁၄ ရက်နေ့က လဝက နှင့် သန်းခေါင်စာရင်းဥပဒေကြမ်းဆွေးနွေးခဲ့စဉ် လူမျိုးကိစ္စနှင့်ပတ်သက်ပြီး  တင်ပြခဲ့ကြောင်း နန်းဝါနုက ဆိုပါသည်။

"သျှမ်းနီခေါ်တိုင်းလျဲန်တွေဟာ ကချင်နဲ့စစ်ကိုင်းနဲ့ချင်းတွင်းမြစ်ရိုးတလျှောက်မှာနေထိုင်တယ်။  နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုရယ် ၊ လူမျိုးရေးဖိနှိပ်မှုရယ်တို့ကြောင့် သျှမ်းနီတွေဟာမှတ်ပုံတင်မှာ သျှမ်း-ဗမာ  လို့ထဲ့ထားတယ်။   အစိုးရပြောပြောနေတဲ့ ၁၃၅ မျိုးသော တိုင်းရင်းသားထဲမှာ ဆိုရင် တိုင်းလျဲန်လို့ ရေးထားတာ တွေ့ရတယ်။ ဒါကြောင့် သျှမ်းနီ ဖြစ်ဖြစ် တိုင်းလျဲန်ဖြစ်ဖြစ်   ထည့်ပေးစေချင်တယ်လို့  တောင်းဆိုလာတော့  လွှတ်တော်ထဲမှာ ကျမတင်ပြပေး လိုက် တယ်။ လဝက ဖြေသွားတာကတော့ သန်းခေါင်စာရင်း အစမ်းကောက်ရင်  လဝက အနေနဲ့  လွှတ်တော်ထဲမှာ တင်ပြ ပေးမယ်။ အဲ့ချိန်ကျရင် သျှမ်းနီရဲ့သမိုင်း၊   ဖြစ်ပေါ်လာပုံ တွေကိုရေးပြီးတော့လွှတ်တော်ထဲမှာတင်ပြ လိုက်ပါ။ လဝက တွေကိုယ်တိုင်အနေနဲ့တော့ပြင်ဆင်ခွင့်မရှိပါဘူးလို့ပြန်ဖြေတယ်။"

အလားတူ လောလောလတ်လတ် ကချင်ပြည်နယ်စစ်ပွဲကြောင့် ကချင်ပြည်နယ်နေ  သျှမ်းလူမျိုးများလည်း စစ်ဘေး စစ်ဒဏ်ခံရကာ စစ်ဘေးဒုက္ခသည်စခန်း ၂ နေရာကိုလည်း သွားရောက်ကြည့်ရှုခဲ့ရသည့် နန်းဝါနုကဆိုပါသည်။ 

" နောက်တခုက တိုင်းနေ တွေပေါ့။ သူတို့မှတ်ပုံတင်ထဲမှာ သျှမ်းတရုတ် လို့ရေး ထားတယ်။ နောက်ပိုင်းကြာ လာတော့သျှမ်း ကပြုတ်ပြီးတရုတ် ဘဲကျန်တယ်။ ဆိုတော့မြန်မာပြည်မှာနေထိုင်ဖို့၊ မြေဝယ်ဖို့ စီးပွါးရေးလုပ်ဖို့အခွင့်အရေး နိုင်ငံသားဖြစ်ခွင့် နဲ့ တိုင်းရင်းသားအခွင့် အရေး တွေက ဆုံးရှုံးသွားတယ်။ အဲလိုလဲ အများကြီး တွေ့ ရတယ်။  လဝကရုံးတွေမှာ ရေးထား သလို ပေါ့နော်။ မြေမျို၍လူမျိုးမသုဉ်း လူမျို၍ လူမျိုးပြုတ်မယ်ဆို တာလေ။ သျှမ်းဖြစ်ပေမယ့် လူမျိုးနေရာမှာ သျှမ်းလို့ မထဲ့ထားရင် ကျမတို့တိုင်းရင်းသား ရေးရာဝန်ကြီး အတွက်လဲအခွင့် အရေးဆုံးရှုံးတာပေါ့နော်။ ဥပမာ ကချင်ပြည်နယ်မှာ ဆိုရင် သျှမ်းလူဦးရေ  ငါးသောင်းပြည့်ရင် သျှမ်းတိုင်းရင်း သားရေး ရာဝန်ကြီးရွေးလို့ရတယ်လေ။  "

သို့သော် ၂၀၁၄ သန်းခေါင်စာရင်းကောက်ပါက လူမျိုးနေရာ၌ ကာယကံရှင်ပြောသည့်အတိုင်းသာ ရေးမှတ်ပေးမည်ဖြစ် ကြောင်း လဝက အရာရှိကပြောသည်ဟု  ဆိုပါသည်။