သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သမဝါယမချေးငွေကိစ္စ

Posted: 04 Feb 2013 05:17 AM PST

သို့- နိုင်ငံတော်သမ္မတနှင့်ပြည်ထောင်စုသမဝါယမဝန်ကြီး

လင်းခေးမြို့သမဦးစီးမှူး ဦးလှကျော်မှ ရပ်ကွက်တွင်း သမအဖွဲ့ ဖွဲ့စည်း၍ နိုင်ငံတော်မှပေးသော ချေးငွေများယူကြပါရန်လိုက်လံ တိုက်တွန်းနေပါသည်။


သို့သော်ပြည်သူအများက အစိုးရအဖွဲ့ယုံကြည်မှု မရှိသောကြောင့်လုံးဝစိတ်မဝင် စားကြပါ။ ၎င်းသည် စစ်မှုထမ်းဟောင်းဖြစ်ကာနေရာတကာတွင်  လိုက် လံခြယ် လှယ်နေပါသည်။ နိုင်ငံတော်ငွေဖြင့် စစ်မှု ထမ်းဟောင်း အဖွဲ့မှလိုင်စင်မဲ့ကား ဝယ်စီးနေသည်ကို လည်း ပြည်သူများ သိနေပါသည်။

ပုံးထွန်နှင့်တောင်ရွာခြံပိုင်ရှင်များက (ငါတို့ခြံ)တွေလဲသိမ်းပြီ။ ချေးငွေယူပြီးဘာလုပ်ရမှာလဲ။တော်
ကြာငါတို့အိမ်ပါသိမ်းလိမ့်မယ် ဟုပြောကြပါသည်။ ငါတို့ခြံတွေပြန်ရရင်တော့ချေးကောင်း ချေးမယ် ဟုပြောကြပါသည်။ဒါပေမဲ့ထမင်းတော့လျှော့မစားနိုင်ဘူးဟုပြောကြပါသည်။

သို့ဖြစ်ပါ၍ ၎င်းတို့သိမ်းထားသောခြံများအား အမြန်ဆုံးပြန်ပေးပါရန် သျှမ်းသံတော်ဆင့်မှ တင်ပြလိုက်ပါသည်။

 ရပ်မိရပ်ဖများ (ပုန်းထွန်+တောင်ရွာ)

ဆရာဝန်များ ထပ်မံပို့ပေးစေလို

Posted: 04 Feb 2013 05:16 AM PST

သို့ - သမ္မတ ဦးသိန်းစိန်  ခင်ဗျား

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းဒေသ ဟိုပန်မြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်နှင့် နီးစပ်လျှက်ရှိပြီး တစ်နှစ်ထက်တစ်နှစ် လူဦးရေတိုးပွားလာပါတယ်။


တပ်မတော် အစိုးရလက်ထက် နိုင်ငံတော်အာဏာ လွှဲမပြောင်းခင်က ဟိုပန်မြို့ ပြည်သူ့ဆေးရုံကြီးအား အသစ်တည်ဆောက် ပေးခဲ့ပါတယ်။ ယခုအခါ အဆိုပါ ဆေးရုံကြီးသည် ခမ်းနားထည်ဝါလျက်ရှိပါတယ်။ တောင်ပေါ် ဒေသ တိုင်းရင်းသားများ၊ ကွမ်းလုံမြို့နယ်မှ ပြည်သူများ၊ ဟိုပန်မြို့နေ ပြည်သူများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းနေထိုင်သော သျှမ်းမျိုးနွယ်စုများ အများအပြား လာရောက် ဆေးဝါးကုသ လျက်ရှိသည့် ဆေးရုံကြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းဆေးရုံကြီး၌ ဆရာဝန် တစ်ဦးတည်းရှိပြီး နေ့မအား ညမနားဖြင့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဟိုပန်မြို့နေ ပြည်သူများသာမက ရဟန်းသံဃာများပါ အဆိုပါ ဆရာဝန်အား ချစ်ခင်ရိုသေလေးစားလျက်ရှိပြီး ၎င်းပြောင်းရွှေ့သွားမှာကိုလည်း စိုးရိမ်လျက် ရှိပါတယ်။

ဟိုပန်မြို့သည် ဆေးရုံကြီးသာရှိပြီး ဆရာဝန်နှင့် ဆေးရုံသုံး ပစ္စည်းကိရိယာ လုံလောက်မှုမရှိပါ။ ခွဲစိတ် တာလည်း ဒီဆရာဝန်၊ မေ့ဆေးပေးတာလည်း ဒီဆရာဝန်၊ ကလေးခွဲမွေးတာလည်း ဒီဆရာဝန်၊ အရိုး အကြောလည်း ဒီဆရာဝန်၊ ရိုးရိုးဖျားနာတာလည်း ဒီဆရာဝန်ပဲ ဖြစ်တဲ့အတွက်ကြောင့် ပင်ပင်ပန်းပန်း၊ မညီးမညူဖြင့် လူနာများအား ဆေးဝါးကုသပေးခဲ့ပါတယ်။

သို့ဖြစ်ပါ၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ကျန်းမာရေးဝန်ကြီး တို့ခင်ဗျား ။ ဟိုပန်မြို့ ပြည်သူ့ ဆေးရုံကြီးအတွက် ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်၊ OG ဆရာဝန်၊ အရိုးအကြော ဆရာဝန်များ ထပ်မံပို့ပေးစေလိုကြောင်း ရဟန်းသံဃာများနှင့် တိုင်းရင်းသားလူမျိုး ဘာသာပေါင်းစုံတို့မှ တောင်းဆိုအပ်ပါ တယ်။

စိုင်းစွမ်

လာဘ်ပေးလာဘ်ယူ သူတို့ကြည်ဖြူ

Posted: 04 Feb 2013 05:15 AM PST

သို့- သျှမ်းသံတော်ဆင့်မှတဆင့်

၂၀၁၃-၂၀၁၄ခုနှစ်ဘဏ္ဍာရေးနှစ်အတွက်(၀က်)သားသတ်လိုင်စင်လေလံပွဲကို ၂၅-၁-၂၀၁၃ နေ့လည်က မကာဟိုခမ်း၊အောင်မြတ်ခန်းမ၊တာချီလိတ်မြို့တွင်ကျင်းပခဲ့သည်။


ထိုလေလံပွဲတွင် စည်ပင်ဝန်ကြီးဦးတူးမောင် နှင့်စည်ပင်ဝန်ထမ်းများအပါအဝင် သားသတ်လိုင်စင် ဆွဲမည့်သူများ တက်ရောက်ကြပါသည်။ ၀က်သားသတ် လိုင်စင် လျှောက်သူများမှ ဦးစိုင်းကျောက်၊ ပါလျှံ(၃)မှရရှိသွားသည်။ ပြတ်သွားသည့်ကြေးမှာ ကျပ် ၅၈၄ သိန်းဟုသိရသည်။လေလံပွဲမကျင်းပမည် ၂၄-၁-၂၀၁၃ ညတွင်ဦးစိုင်းကျောက် တို့သည် စာရေးမကြီးဒေါ်လဲ့လဲ့သင်းနှင့်ကြိုတင်တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု သိရပါသည်။

ထို့ကြောင့်ထိုလေလံဆွဲပွဲ သည်ရိုးသားမှုမရှိဟုလေလံဆွဲသည့် ကျန်အဖွဲ့မှမကျေနပ် ပြောဆိုနေကြ သည်။အပြင်တွင် ကျပ် ၅၈၄ သိန်းပေးချင်မှပေးရမည်။ ကြိုတင်ညှိထားသောကြေးဖြစ် သည်။

  မကျေနပ်သူဟောင်လိတ်အဖွဲ့

သျှမ်း/မြောက်၌ ခိုးဆိုးလုယက်မှု နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေ

Posted: 04 Feb 2013 05:15 AM PST

သို့ - သမ္မတကြီးနှင့်သျှမ်းပြည်ဝန်ကြီးများသိစေလို

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်၊နမ့်ခမ်းမြို့နယ် အတွင်းရှိ ဘောလုံးလောင်းကစားဒိုင် များသည် ၂၁.၁.၂၀၁၃ နေ့  သျှမ်းသံတော်ဆင့်သတင်းဌာန တွင် ဘောလုံးသတင်းပါလာသောကြောင့် ထိုနေ့ကစပြီး ဘောလုံး လောင်းကစား ဒိုင် ၂ ဒိုင်စလုံး ၅ ရက်တည်းသာပိတ်ခဲ့ရပြီး အခုတွင် အရင်လို ဘောလုံးလက်မှတ်များ ယခင်ရောင်းခဲ့သောနေရာများတွင် လွတ်လပ်စွာပြန်လည် ရောင်း နေ ပါသည်။


ဘောလုံးလောင်းကစားလုပ်ငန်းသည် ဘာလောင်းကစားဥပဒေမှ မငြိစွန်းနေတဲ့ ဥပဒေလား (သို့မဟုတ်) ဒေသခံ အာဏာပိုင်များနှင့် လိုင်းကြေးပေးနိုင်လျှင်လုပ်ကိုင်နိုင်ပါသလား ၊အထက်က သမ္မတ ကြီးနှင့် တကွ သျှမ်းပြည်ဝန်ကြီးများကို မေးမြန်းချင်ပါကြောင်း၊ လောင်းကစားတွေပေါများလာ သောကြောင့် ခိုးဆိုးလုယက်မှုများလည်း နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေပါကြောင်း အထက်က တာဝန်ရှိ လူကြီးများအမြန် ဆုံး သိရှိရန်သျှမ်းသံတော် သတင်းဌာန မှတဆင့် တင်ပြလိုက်ပါတယ်ရှင်။

 နန်းနန်း (နမ့်ခမ်း)

KIA နှင့်အစိုးရ ဆွေးနွေးပွဲ အခြားသောတိုင်းရင်းသား အပစ်ရပ်ခေါင်းဆောင်များ ပါဝင်

Posted: 04 Feb 2013 05:04 AM PST

ယနေ့ ကေအိုင်အေ နှင့် အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့ ( သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တဘက်ခြမ်း) ကျင်းချိန့်ဟော်တယ်၌ တွေ့ဆုံရာ  ကရင်၊ သျှမ်းအပစ်ရပ် ခေါင်းဆောင်များ ပါဝင်ကြောင်း ကြားသိရပါသည်။

KIA n govKIA နှင့်အစိုးရ ဆွေးနွေးပွဲ (ဓါတ်ပုံ- Jade Land)

ယနေ့ ဖေဖေါ်ဝါရီ ၄ ရက် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ကိုယ်စား လှယ်များဖြစ်သည့် ဗဟိုဦးဆောင်ကော်မတီဝင် ဦးဆွမ်လွတ်ဂမ် နှင့် ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် တို့ ဦးဆောင်သည့်အဖွဲ့၊ မြန်မာအစိုးရဘက်မှာမူ သမ္မတရုံးဝန်ကြီး ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ဒု ဉက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် မွေးမြူရေးဝန်ကြီးဦးအုန်းမြင့်၊ အကျိုးတော်ဆောင် Myanmar Peace Center မှ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်တို့ အပါအဝင် ၈ ဦး တက်ရောက်သည်ဟု ဆိုသည်။

"ကေအဲန်ယူ က ဗိုလ်ချုပ်မူတူးဆေးဖိုးပါတယ်။ သျှမ်း RCSS/SSA ကတော့ ဗိုလ်မှူးချုပ်စိုင်းလူးပါတယ်" - ဟု နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။

ထူးခြားစွာ ပါဝင်လာသည့် တိုင်းရင်းသားခေါင်းဆောင်များမှာ ကေအဲန်ယူ ဉက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး နှင့် ၎င်း၏ PSO ၊ KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ယူရိုဘားမားရုံးက စဝ်ဟန်ယောင်ဟွေ့ နှင့် ဗစ်ခ်ထာ ဘိုက်လီယန်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ဗိုလ်မှူးချုပ် စိုင်းလူး နှင့် ၎င်း၏ PSO တို့လည်း တက်ရောက်သည်ဟု ဆိုသည်။

ယခုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုစစ်ဦးစီးချုပ် နှင့် နိုင်ငံတော်အဆင့် ဒုဝန်ကြီး များပါတက်ရောက်သောကြောင့် မီဒီယာသမားများ မွန်းလွဲပိုင်းအထိ ဝင်ခွင့်မရသေးကြောင်း   ကြားသိရပါသည်။

သျှမ်းအရှေ့ ကျိုင်းတုံ မိုးသီးကြီးကျ ခေါင်မိုးများပျက်စီး

Posted: 04 Feb 2013 05:02 AM PST

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ယမန်နေ့က မိုးသီးကျသဖြင့်  ဆုံးရှုံးမှုများပြားကြောင်း ဒေသတွင်း သတင်းရပ်ကွက်ကဆိုပါသည်။

000- roofအိမ်ခေါင်မိုးများ ပေါက်ပြဲ (ဓါတ်ပုံ-facebook/มั่นใจว่า 1,000,000 ล้านคน รักเชียงตุง)

" မိုးသီးခဲကြီးက လိမ္မော်သီးလောက်ရှိတယ်။ အိမ်မိုးသွပ်ပြားတောင်မှ ပေါက်တယ်ဆိုတော့ ကျန်တဲ့ ကျောက်ပြား၊ အုတ်ကျွတ်တွေဆိုရင် ဘယ်ခံနိုင်တော့မလဲ။ ပေါက်ကုန်တယ်" ဟု ဒေသတွင်း ရပ်မိ ရပ်ဖတဦးကပြောပါသည်။

ယမန်နေ့ ညနေပိုင်း ၄ နာရီက  မိုးစတင်ရွာသွန်းရာ၌ လေပြင်းများပါတိုက်ခတ်ကာ မိုးသီးကြီးများ ကျ သဖြင့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ကတ်ထိုက်အုပ်စုအတွင်း လူနေအိမ်များ ဘုန်းကြီး ကျောင်းများ၏ အိမ်ခေါင်မိုးပေါက်ပြဲကုန်ကြောင်း၊ သေကြေဒဏ်ရာရမှုများသတင်းတော့ ယနေ့မနက် ပိုင်းအထိ မကြားသိရသေးကြောင်း ဒေသတွင်း ဘုန်းတော်ကြီးတပါးက မိန့်ဆိုပါသည်။

ကျိုင်းတုံမြို့နယ် ကတ်ထိုက်အုပ်စု ကတ်ထိုက်ရွာ၊ နောင်ဟုမ်းရွာ၊ ယန်းလုံရွာ၊ ဝမ့်ဟေ့ရွာတို့တွင် လည်း ကောင်း၊ ကတ်တောင်အုပ်စု ဝမ့်ကွမ်းရွာတို့တွင်လည်းကောင်း အိမ်ခေါင်မိုးများ ပေါက်ပြဲလှန် ထွက် ကုန်ကြောင်း ဒေသတွင်းလူငယ်တဦးကပြောပါသည်။
001- roofအိမ်ခေါင်မိုးများ ပေါက်ပြဲ (ဓါတ်ပုံ-facebook/มั่นใจว่า 1,000,000 ล้านคน รักเชียงตุง)

" ကျိုင်းတုံမြို့ထဲမှာ အိမ်ခေါင်မိုးပေါက်တာ ၁၀၀ ကျော်တယ်။ ဘုန်းကြီးကျောင်းက ၁၀ ကျောင်းကျော် တယ်။ အသေအပျောက်တော့မရှိပါဘူး" ဟု လည်း လူငယ်တဦးကပြောပါသည်။

အလားတူ ထိုင်းနယ်စပ် တလျှောက်ဖြစ်သော တာချီလိတ်မြို့၊ မိုင်းတုံ၊မိုင်းဆတ်နှင့် ပုံပါကျင်၊ ထိုင်း နိုင်ငံ ဘက်ခြမ်းတွင်မူ ချင်းရိုင်းက မယ့်ဆိုင်၊ မယ့်ဖှလုံ၊ ချင်းမိုင်က မယ့်အိုင်း၊ နောင်အုပ်တို့တွင်လည်း မိုးသက်လေ ပြင်း နှင့် မိုးသီးများကျကြောင်း၊သို့သော် ကျိုင်းတုံမြို့၌ကျသော မိုးသီးလောက် မကြီးကြောင်း ဒေသခံများထံမှာ သိရှိရပါသည်။

ယခင်နှစ်များက ဧပြီလဆန်းလောက်မှ မိုးသီးလေကြီးများကျလေ့ရှိသော်လည်း ယခုနှစ် မိုးလေစောစွာ ကျရောက်ကြောင်းလည်း တာချီလိတ်မှရပ်မိရပ်ဖတဦးကပြောသည်။

၂၀၀၉ ခုနှစ် ဧပြီလဆန်း တုန်းကလည်း ထိုင်းနယ်စပ်တလျှောက် မြို့ရွာများ၌   မိုးသံ လေသံမကြားရ ဘဲ ရုတ်တရက် မိုးသီးခဲကြီးပြင်းထန်စွာရွာကျပြီး မိုးကြီးလေကြီးသက်ရောက်ရာ စိုက်ခင်းများ အိမ်ခေါင်မိုးများ ပျက်စီးဆုံးရှုံးခဲ့ရဖူးပါသည်။

002-လိမ္မော်သီးအရွယ် မိုးသီးများ ( ဓါတ်ပုံ- facebook / ไตยขึน เชียงตุง )