[moemakadaily@moemaka.biz] 17th Feb - MoeMaKa Daily

အယ်ဒီတာ့လက်ရေး ၁၉
ဘယ်ဘက်က လိုက်ကြမှာလဲ … မိုးမခ
မောင်ရစ်၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃
အခုတလောမှာ ဖတ်မိနေတာက (ဆရာ) မြသန်းတင့်ဘာသာပြန်၊ အာရင်ဘတ်ရဲ့ "လူများ၊ သက္ကရာဇ်များ၊ ဘ၀" အတွဲ ၄ တွဲ၊ (၁၈၉၀ - ၁၉ ၄၅) အထိ ဘ၀မှတ်တမ်း ရုပ်ပုံလွှာတွေပါ။ ၁၉၈၉  တုန်းက အာရင်ဘတ်ရဲ့ ပါရီကျဆုံးခန်း၊ ဆရာမြသန်းတင့် ဘာသာပြန်ကို ဖတ်ခဲ့ဖူးတယ်။ ၂၀ ရာစုရဲ့ အကျည်းတန် အရုပ်ဆိုးဆုံး ကမ္ဘာစစ်ကြီး ၂ ခု၊ ဖက်ဆစ်တွေ နာဇီတွေ အရင်းရှင်ကြီးတွေအောက်က ဥရောပ၊ ထိုခေတ် ထိုအချိန်က လူတန်းစားဝါဒ၊ ကွန်မြူနစ်စနစ်၊ ပြီးတော့ အနုပညာရှင်တွေ အကြောင်းကို ဖတ်ရတာဖြစ်ပါတယ်။ အဲသည် ၂၀ ရာစုမှာ ပစ္စည်းမဲ့၊ အာဏာမဲ့၊ အဖိနှိပ်ခံ၊ လူထုအတွက် တော်လှန်တဲ့ အယူဝါဒ တပ်လှန့်သံတွေနဲ့ ခေတ်တွေ ပြောင်း၊ စနစ်တွေ ပြောင်းခဲ့တာကို မြင်ရပါတယ်။ အာဏာရသွားတဲ့ အုပ်စုတွေ၊ အယူဝါဒတွေကတော့ ထုံးစံအတိုင်း အာဏာနိုင်ငံရေးလမ်းစဉ်နောက် လိုက်သွားတာပါပဲလေ။  အာဏာရသွားပြီဆိုရင် ကွန်မြူနစ်ဖြစ်ဖြစ်၊ အရင်းရှင်ဖြစ်ဖြစ်။ ကိုယ်နဲ့ အယူဝါဒ သဘောတရားမတူတဲ့သူတွေကို အာဏာရှင်တွေ၊ အစိုးရတွေကတော့ ငွေနဲ့ ပစ်၊ ကျည်ဆန်နဲ့ ပစ်၊ မတရားမှုတွေနဲ့ ပစ်ပြီး ဖိနှိပ်ပစ် နှိမ်နင်းပစ်ကြတာက ထုံးစံပါ။
အဲသည်မှာ အာရင်ဘတ်ဆိုတဲ့ စာရေးဆရာတွေ အနုပညာရှင်တွေနဲ့ အပေါင်းအပါတွေဟာ သူတို့ရဲ့ ယုံကြည်ရာ အနုပညာမှာ ခေါင်းမာ ရူးသွတ်ကြတာ၊ ဆင်းရဲတဲ့ပြည်သူတွေနဲ့အတူ စစ်ပွဲတွေမှာ ရင်ဆိုင်ကြတာ၊ ကဗျာတွေ စာတွေနဲ့ အာဏာရှင်တွေ ဖက်ဆစ်တွေ နာဇီတွေကို ဆန့်ကျင်စကားပြောခဲ့ကြတာတွေကို တွေ့ရ ဖတ်ရ မှတ်သားရတာက အင်အားဖြစ်စရာပါ။ ဥရောပရဲ့ ရှက်ရွံ့ဖွယ်၊ အကျည်းတန်ဆုံး လူသားအချင်းချင်း နှိပ်စက်သတ်ဖြတ် နင်းချေမှုတွေကို စာရေးဆရာတွေ အနုပညာရှင်တွေ၊ သတင်းစာသမားတွေက အဲသည်သားကောင်တွေဖက်က ခံစားပြီး မော်ကွန်း မှတ်တမ်း ထိုးခဲ့ကြတာကို တွေ့ရပါတယ်။
၂၀ ရာစုရဲ့ ဒုတိယပိုင်းဟာလည်း တော်လှန်တဲ့ ပြည်သူတွေ၊ စာပေ အနုပညာရှင်တွေ၊ ခံစားတတ်သူတွေရဲ့ သွေးတွေ ချွေးတွေနဲ့ ရေးခဲ့ကြ၊ ရေးနေကြရတာပါပဲလားလို့ တွေးနေမိတယ်။ ဗီယက်နမ်စစ်၊ ကိုရီးယားစစ်၊ ကျူးဘားစစ်၊ အီရန် အီရတ်စစ်၊ အစ္စရေး ပါလစ္စတိုင်းစစ်၊ အာဖဂန်၊ ပါကစ္စတန်စစ်၊ တီဗက်၊ ရုရှား၊ စတဲ့ လူထု လူတန်းစားတွေရဲ့ တိုက်ပွဲတွေဟာ ဘယ်တော့များမှ ပြီးပါလိမ့်မလဲလို့ တွေးမိတယ်။ အာဏာရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု၊ ဆွဲဆောင် စည်းရုံးမှုတွေကြောင့် ကမ္ဘာကြီးက ပြုပြင်ပြောင်းလဲလာရတယ်လို့ တွေးချင် ကောက်ချက်ဆွဲချင်ပေမယ့်လည်း အဲသည်ရဲ့ နောက်မှာ အောက်ဆုံးအလွှာက အညတရပြည်သူတွေရဲ့ တိုက်ပွဲတွေက တောက်လျောက်ရှိနေဆဲပဲ။ အဲသည်ရဲ့ သွေးတွေ ချွေးတွေကို ခံစားတတ်သူ စာပေအနုပညာရှင်တွေ၊ သတင်းစာသမားတွေက သရုပ်ဖော်တင်ဆက်ပြီး လူမှုအဆောက်အအုံကြီးတွေကို ကိုင်လှုပ်နေဆဲပဲလို့ တွေးနေမိတယ်။
လူတွေက စိတ်ကူးယဉ်သလို အိုဘားမားကြီး၊ ဦးသိန်းစိန်ကြီးတို့လို့ တော်လှန်တဲ့ အာဏာရနိုင်ငံရေးခေါင်းဆောင်တွေခေတ်မှာ ခေတ်တွေပြောင်း၊ အကောင်းတွေဖြစ်ကုန်ပြီ ဆိုတဲ့ ရွှေနားတော်သွင်းတွေဟာ အပေါ်ယံတွေ ဖြစ်ပြီးတော့ တကယ်တမ်းမှာ တောင်အမေရိကန်က တိုက်ပွဲတွေ၊ အာရပ်စပရင်းက ဟစ်ကြွေးသံတွေ၊ ဆီးရီးယားက လူသတ်ပွဲတွေ၊ ကချင်ပြည် ရခိုင်ပြည် လက်ပံတောင်းတောင်က ပြည်သူတွေရဲ့ သွေးတွေ ချွေးတွေ အသက်တွေဟာ တကယ်တမ်းမှာ သမိုင်းကို တွန်းရွှေ့နေတဲ့ ဘီးကြီးတွေ ဖြစ်နေတယ်။ အဲသည်အရာတွေ မျက်ကွယ်မပြုဘဲ ကိုယ့်နှလုံးသား ကိုယ့်ဦးနှောက်ကို လမ်းခင်းပြီး သွားရောက်ရပ်တည်နေကြသူတွေဟာ အရိုးသားဆုံး စာပေသမားတွေ အနုပညာရှင်တွေ၊ သတင်းစာသမားတွေ ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရပေလိမ့်မယ်။
ဆိုတော့ကာ …လွတ်လွတ်လပ်လပ် ရေးခွင့် ပြောခွင့် လုပ်ပိုင်ခွင့်တွေ ရလာပြီ ဖြစ်လို့ အပေါ်ကလူတွေ အစုအဖွဲ့တွေရဲ အသံတွေ ခံစားချက်တွေ အထင်အမြင်တွေ လှုပ်ရှားမှုတွေကို ရေးသား တင်ဆက် ခံစားပြနေတဲ့ တပြိုင်နက်တည်းမှာပဲ အောက်ခြေက လူတွေ အခြေအနေတွေကိုလည်း အခက်အခဲတွေ အတားအဆီးတွေ၊ ဥပက္ခာပြုမှုတွေ၊ ကန့်သတ်မှုတွေကြားထဲကနေ ဆက်လက် တင်ပြနေရဦးမှာပဲဆိုတာကတော့ ထင်ရှားပါတယ်။
အာရင်ဘတ်ရဲ့ ပါရီကျဆုံးခန်းမှာ ပြင်သစ်ပြည်က နိုင်ငံရေးသမားတွေ၊ အရင်းရှင်တွေ၊ သာမန်ရိုးကျ ပြည်သူတွေဟာ နာဇီတွေအောက်ကို ဒူးထောက်ကြတယ်၊ အညံ့ခံကြတယ်။ သူတို့ရဲ့ မျှော်လင့်ချက်က ပေါင်မုန့်နဲ့ မနက်ဖြန်အတွက်။ နောက်တော့လည်း သူတို့ကို နာဇီတွေက နင်းချေလိုက်တာပါပဲ။ အဲသည်အချိန်မှာ သာမန်ပြည်သူတွေထဲက အညံ့မခံသူတွေဟာ နာဇီတွေကို အစကတည်းက တိုက်ခဲ့၊ သေခဲ့၊ ပြန်လည် ရုန်းထပြီး တိုက်ခဲ့ကြတာဟာ နောက်ဆုံးတော့ ခုနင်က ပေါင်မုန့်နဲ့ မနက်ဖြန်ရွေးခဲ့သူတွေကိုယ်တိုင် အမြင်မှန်ရပြီး အဲသည်တော်လှန်ရေးသမားတွေနဲ့ လာရောက်ပူးပေါင်းပြီး နာဇီတွေကို ပြန်လည် တွန်းလှန်ကြတဲ့ အချိန်အထိပါပဲ။ အာရင်ဘတ်က သစ္စာဖောက်သွားတဲ့ ပြင်သစ်ပြည်ကြီးကို သရုပ်ဖော်ရေးသားခဲ့တယ်။ ပြင်သစ်ပြည်ကြီး နိုးထတော့လည်း ကောင်းချီးသြဘာပေးခဲ့တာပါပဲ။ သို့သော်လည်း ပြင်သစ်ပြည်ကြီးဟာ (ဆိုဗီယက်နိုင်ငံသား၊ လက်ဝဲစာရေးဆရာ) အာရင်ဘတ်ကို အကြိမ်ကြိမ် ပြည်နှင်ခဲ့ပြီး အကြိမ်ကြိမ် ပြည်ဝင်ခွင့် ပိတ်ခဲ့တာပါပဲ။
မြန်မာပြည်ရဲ့ ခေတ်ပြောင်းချိန်မှာ ခုချိန်ထိ ပြောင်းလဲမှု တိုးတက်မှု ဖြစ်ထွန်းမှုတွေ အသီးအပွင့်တွေကို မမြင်၊ မကြား၊ မခံစားရသေးတဲ့ မြန်မာပြည်သူ ပြည်သားတွေ နယ်စပ် ကျေးလက် မြို့ပြ နေရာအနှံ့မှာ ရှိနေသေးတယ်။ သူတို့တွေကိုယ်စား ကျနော်တို့တတွေက ခေတ်ရဲ့ ကြေးမုံ ထင်ဟတ် ဖော်ပြနေကြရဦးမှာပဲလို့ ထင်မြင်မိပါတယ်။ 

SATURDAY, FEBRUARY 16, 2013

Kyaw Home - The Rebels


အဲ့ဒီ သူပုန်တွေ
ကျော်ဟုန်း၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃

(သူပုန်တွေဆိုတော့ လူဆိုးတွေပေါ့နော်)
"ဟုတ်တယ်၊ တော်တော်ဆိုးတဲ့ကောင်တွေ
လူကြည့်တော့ ငေါက်တောက်လေးနဲ့ "

တိုက်ပုံတဖားဖား ၊ တောင်ရှည်တကားကား
မောင့်ကျက်သရေဆောင်း မျိုးဂုဏ်ထိမ်းဆဲ
လူကြီးလူကောင်းတွေရဲ့ ပြိုင်ဖက်ကင်း တပါတီကြီးကို
"လမ်းစဉ်ပါတီ တော်ပါပြီ"လို့ ဆိုင်းဘုတ်ထောင်လိုထောင်
အိမ်ထဲက အပြင်မထွက်ရဲတဲ့
ပြည်သူတွေကို လမ်းပေါ်ဆွဲထုတ်လိုထုတ်
တနိုင်ငံလုံး အုံးအုံးကြွက်ကြွက်ဖြစ်အောင်လုပ်သွား
ကျည်မကြောက် ထောင်မကြောက်
ဘယ်လိုမှ ခြောက်မရခဲ့တဲ့ ရှစ်ဆယ့်ရှစ်က
အဲ့ဒီ သူပုန်တွေ။

စစ်တပ်က တိုင်းပြည်ကယ်ဖို့ အာဏာသိမ်းတာကို
တချို့ က တောထဲ ထွက်
တချို့ က ထောင်ထဲ မထွက်
အရိုးမာ အကြောမာလွန်းတဲ့
အဲ့ဒီ သူပုန်တွေ။

ဘာတဲ့၊ သူတို့ အော်နေတာက
"ဒီမိုကရေစီ ချက်ချင်းပေး"
"လူ့ အခွင့်အရေး ချက်ချင်းပေး"
ကျောင်းစာအုပ်ထဲ မသင်ခဲ့တဲ့ စကားလုံးတွေ
ဘယ်လိုများ သူတို့ တတ်ခဲ့ကြပါလိမ့်
အဲ့ဒီ သူပုန်တွေ။

စစ်တပ်က တိုင်းပြည်ကာကွယ်နေတာကို
အာဏာရှင်ကို ပြောလိုပြော
စစ်အုပ်စုလို့ သုံးလိုသုံး
(နဝတ)ကို နဝေတိမ်တောင် လို့ ခေါ်လိုခေါ်
(နအဖ)ကျ နွားအဖွဲ့ လို့  သမုတ်လို့ သမုတ်
အမျိုးမျိုး ကင်ပွန်းတပ်ကောင်းတဲ့ ဗိသိက်ဆရာ
အဲ့ဒီ သူပုန်တွေ။

(တသက်လုံးလုပ်လာခဲ့တဲ့
ပိုက်ဆံမပေးဘဲ စစ်ရှေ့ တန်းအတွက်
လုပ်အားပေး ပေါ်တာဆွဲမိတာလေးကို)

(အရပ်သား(၁၀)ယောက်နဲ့ ၊ စစ်သား(၁)ယောက် မလဲနိုင်လို့ 
ရှေ့ တန်းမှာ လုပ်အားပေးအထုပ်ထမ်းခိုင်းရင်း
စစ်ကြောင်းရှေ့ က မိုင်းရှင်းလူကိရိယာလုပ်ခဲ့တာလေးကို)

(စစ်မြေပြင်က မိဘမဲ့ကလေးတွေကို
နိုင်ငံတော်စားရိတ်နဲ့ ကျွေးမွေး စစ်ပညာသင်ပေး
(၁၈)နှစ်မပြည့်ခင် စစ်အတွေ့ အကြုံရအောင်
တိုင်းရင်းသားသူပုန်တွေကို ချေမှုန်းဖို့ 
ရှေ့ တန်းထွက် စစ်တိုက်ခိုင်းခဲ့တာလေးကို)

(နိုင်ငံတော်တည်ငြိမ်ရေးအတွက်
စစ်သည်ကောင်းတွေလိုလို့ 
ညဖက်ထွက် ရုပ်ရုင်လာကြည့်တဲ့ ကလေးတွေကို
ခြုံခို ခြိမ်းခြောက်ဖမ်းပြီး
မိဘတွေမသိဘဲ စစ်သားစုဆောင်းရေး လုပ်ခဲ့တာလေးကို)

တိုင်းပြည်တာဝန် အသက်ပေးထမ်းနေတဲ့
မိန်းမနဲ့  တနှစ်ကြာဝေးနေတဲ့ ပြည့်စစ်သည်တွေကို
ရှေ့ တန်းမှာ ရွာဝင်သမျှ ကြက် ဝက်ဆွဲ
ပျို အို မရှောင်ဘဲ မုဒိမ်းကျင့်နွှဲ
ဖြေဖျော်ရေးအတွက် မသိချင်ဟန်ဆောင်နေခဲ့တာလေးကို)

(တံတားတွေဆောက် လမ်းတွေဖောက်ရင်
ရပ်သူရပ်သား စေတနာ့ဝန်ထမ်းဖြစ်ရအောင်
ပိုက်ဆံမပေးဘဲ ဒါနပြုခိုင်းခဲ့တာလေးကို)
ကုလကို စာတင်လိုတင်
ကမ္ဘာအဖွဲ့ အစည်းတွေကို တင်ပြလိုပြ
ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး သူတို့ ပါးစပ်ထဲက မချတဲ့
အဲ့ဒီ သူပုန်တွေ။

တောထဲရောက်တော့လဲ အငြိမ်မနေဘူး
ထောင်ထဲရောက်တော့လဲ အရှိန်မသေဘူး
ပြည်ပရောက်တော့လဲ အလိမ့်မကုန်ဘူး
တော်တော့ကို ဆိုးကြတဲ့
အဲ့ဒီ သူပုန်တွေ။

ပြည်တွင်းမှာဆိုလဲ ဟိုနေရာသွား ဒီနေရာသွား
ပွင့်လင်းလူ့ အဖွဲ့ အစည်းဆိုပြီး ဟိုဟာပြော ဒီဟာဟော
တောသူတောင်သား လယ်သမားတွေ
စက်ရုံအလုပ်ရုံ အလုပ်သမားတွေတောင်
ထစ်ကနဲဆို ဆန္ဒပြရဲကြအောင် သင်ပေးတတ်ကြတဲ့
အဲ့ဒီ သူပုန်တွေ။

ပြည်ပရောက် သူပုန်တွေလဲ သူတို့ လိုပဲ
ပြည်ပမှာတည်တဲ့ ဘုန်းကြီးကျောင်း အများစု
အဲ့ဒီ သူပုန်တွေ တည်ထောင်ရာမှာ ပါ
ပြည်ပမှာမွေးတဲ့ မြန်မာကလေးတွေကို
အမျိုးသားရေးမပျောက်အောင် လေ့ကျင့်ပေးရာမှာ ပါ
ကလေးတွေကို ယဉ်ကျေးလိမ္မာသင်တန်းပေးတာမှာလဲ ပါ
ရိုးရာပွဲတွေ မမေ့မပျောက်လုပ်ရာမှာလဲ ပါ
အင်္ဂလိပ်စာ အဝေးသင် ဘလော့ဂ်ကျူရှင်ဆရာတွေလဲ ပါ
ဖြစ်နေလိုက်ကြတာလေ
အဲ့ဒီ သူပုန်တွေ။

ဒါတင် ဘယ်ကဦးမလဲ၊ အဲ့ဒီ သူပုန်တွေထဲက
စာရေးဆရာတွေလဲ ဆောင်းပါးရေး ဆော်
ကဗျာဆရာတွေကလဲ ကဗျာနဲ့ ထေး ကော်
ပန်းချီ-ကာတွန်းဆရာတွေကလဲ ရေး သရော်
ဘလော့ဂါတွေကလဲ ဖြန့် ကျက်ပေး
မီဒီယာတွေကလဲ သတင်းနွှေး
သတင်းသမား၊ ဂျာနယ်လစ်တွေကလဲ လက်မနှေး
တေးရေးတေးဆို ဂီတသမားတွေကလဲ ဟစ်အော်ကြွေး
ဒီမိုရေးအတွက် အခါမလပ်ဘဲ
ပဲ့တင်ထပ်နိုင်ကြလွန်းတဲ့
အဲ့ဒီ သူပုန်တွေ။

ပြည်တွင်းမှာ ဘယ်နေရာ ဘာလိုနေသလဲ
ပြည်ပမှာ ဆော်သြစည်းရုံး တခဏအတွင်းပဲ
လျှို့ ဝှက်တမျိုး၊ ပေါ်ပေါ်တမျိုး
အလှူငွေ စုဆောင်းထောက်ပံ့ပေး
စေတနာဗလပွ ရက်ရောနိုင်တတ်ကြတဲ့
အဲ့ဒီ သူပုန်တွေ။


လူထုခေါင်းဆောင်ဆိုသူကိုလဲ
အနီးအဝေး ဝန်းရံ
သူတို့ ခေါင်းဆောင်ကို သွားမထိလေနဲ့ 
ထစ်ကနဲ တုံ့ ပြန်
တော်တော်ကို အကဲလှုပ်တတ်ကြတဲ့
အဲ့ဒီ သူပုန်တွေ။

ကလေးများအရေးဆိုလဲ သူတို့ ပါ
အမျိုးသမီးများအခွင့်ဆိုလဲ သူတို့ ပါ
တိုင်းရင်းသားအရေးဆိုလဲ သူတို့ ပါ
နေရာတကာ စပ်စုနွှဲတတ်ကြတဲ့
အဲ့ဒီ သူပုန်တွေ။

ဘယ်အချိန်၊ ဘယ်အခါဖြစ်နေနေ
မျက်စိမှိတ် လွှင့်ပစ်လိုက်
ကျရာမှာ အပင်ပေါက်နိုင်ကြတဲ့
အဲ့ဒီ သူပုန်တွေ။

အောင်မာ...သူတို့ အချင်းချင်းကျ
မတဲ့ပေမယ့် အတော်ကို ချစ်ကြ
ဒီမိုအရေးအတွက် အလုပ်လုပ်ကြပြီဆိုရင်
ရန်ဖြစ်ရင်း၊ စကားများရင်းနဲ့ 
လည်ပင်းဖက်၊ လက်ချင်းချိတ်
အတူတွဲ အလုပ်လုပ်တတ်ကြ
ဘယ်လို နားလည်ရမှန်းကို မသိရတဲ့
အဲ့ဒီ သူပုန်တွေ။

(၈၈)တုန်းက ငေါက်တောက်လေးတွေ
ခုကျ ငေါက်တောက်ကြီးတွေဖြစ်
ခေါက်ရိုးကျိုး အကျင့်တွေနဲ့ ၊ မျိုးဆက်သစ်တွေမွေးဖွား
ဒီမိုကရေစီ အော်တုန်းမို့ 
ဇွဲကောင်း မလှဲအပေါင်းတွေနဲ့ 
ထောင်ထောင် ထနိုင်လွန်းတဲ့
အဲ့ဒီ သူပုန်တွေ။

အင်း ...
(သူပုန်တွေဆိုတော့ လူဆိုးတွေပေါ့နော်)

Mar Mar Aye - 459


"ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်" အမှတ် (၄၅၉)
တက္ကသိုလ်စိုး
မာမာအေး
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃




    ပြီးခဲ့သည့် နိုဝင်ဘာလ ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။



သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …   ဒီနေ့က မြန်မာ့ပြက္ခဒိန်အရ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက် ဆိုတော့ တန်ဆောင်တိုင် မီးထွန်းပွဲ နောက်ဆုံးရက် ရောက်နေပြီဘဲ၊ ကိုယ်ပြန်ရက်နီးပေမယ့် မီးထွန်းပွဲတွေ မမီတော့ဘူးပေါ့။ ဒီမီးထွန်းပွဲတွေထဲ လျှောက်မကြည့်ဖြစ်တာ ကြာပြီ ဆိုတော့ ဘာတွေများ ပြောင်းလွဲသွားပြီလဲ။  မာအေးတို့ ဆိုဖူးခဲ့တဲ့ 'မာဃ' စင်တော်၊ ကျုံးကြီးလမ်းပေါ် ရှိနေသေးလား၊ အို ... ဒါထက် အရေးပါတဲ့ ရိုးရာ မသိုးသင်္ဃန်းယက်တဲ့ပွဲရော - သတိရစရာတွေက အတောမသတ်နိုင်ဘူးရှင်။ အသက်ကလေး ရလာလို့ ဓမ္မနား ကပ်တာက တပိုင်း ၀ါသနာကို မပိုင်နိုင်သေးလို့ သီချင်းလေးတွေ လိုက်စုနေတာက တပိုင်းနဲ့မို့ အကျိုးက မဆိုးပါဘူး။ အချိန်နဲ့အချိန်ကိုက်တဲ့ သီချင်းလေးတွေ စပ်ခဲ့တာကို ပြောပြလို့ ရတာပေါ့ရှင်။

မာအေးတို့ရှေ့က ပေါ်ခဲ့တဲ့ အဆိုတော်တွေ ဆိုထားတဲ့ သီချင်းတွေ ဂီတစာဆိုတွေ ရေးခဲ့တဲ့သီချင်းတွေ ပပျောက်ပျက်အောင်၊ ဆက်ပြီး တည်သွါးအေါင် အကျိုးဆောင်ချင်သူထဲမှာ မင်းသားကြီးဝင်းဦးလဲ ပါခဲ့တာပေါ့ရှင်။ သူလဲ အဲဒီရည်ရွယ်ချက်ကြောင့် အရည်အသွေး မီတာ မမီတာတွေ အသာထား၊ သီချင်း အများဆုံး ဆိုခဲ့တာလေး မှတ်တမ်းရေးကြတဲ့အခါ 'အေး' ပြီးရင် 'အကို' ဖြစ်ရအောင် ကျိုးစားတာပါလို့ ပြောခဲ့ရှာတာလဲ မမေ့ပါဘူး။ ဒီလို ပြင်ဆင်ခဲ့တဲ့ အကိုဝင်းဥိးဟာ ဆရာ တက္ကသိုလ်စိုး ရေးသားခဲ့တဲ့ သီချင်းများကိုလဲ ပြန်ဆိုထားခဲ့ပါတယ်။ အခု တပုဒ် နားထောင်ရအောင်လေ။ အတိတ်က သီချင်းလေးတွေနဲ့ ယဉ်ပါးခဲ့သူတွေကတော့ သီချင်းသံကို ကြားရတဲ့အခါ ဒါဟာ တချိန်က အင်မတန်ကျော်ကြားတဲ့ အဆိုတော်ကိုမြကြီး ဆိုခဲ့တဲ့ သီချင်းလေး ဆိုတါ သိမှာပါ။ သီချင်းနာမည် မေ့နေရငတော့ "ယက္ကန်းသံ" လို့ မှတ်ထားလိုက်ပါနော်။

(ယက္ကန်းသံ - ၀င်းဦး)

ဖြူဖြူဖွေးဖွေး ရေဆေးငါးလို လှနိုင်ရှာသူရယ်၊ ပြုံးပြုံလေးကိုထိုင်ကါ ယက္ကန်းကိုလဲခတ်လိုက်ရင်ဘဲကွယ် ကျနော်မလာရင် ငေးလို့သာမျှော်တယ်၊ ရွှေလည်ဖယောင်းသို့နှယ်၊ ပျော့ကါပင်ပျောင်းတော့တယ် xxx နံ့သာစုံတွေခြယ်၊ တပွင့်ပန်းကလေး ပန်ကါကွယ်၊ ဆံထုံးလေးတကြော့ကြော့နဲ့  ယဉ်စစသူရယ်၊ ဟိုအရင်နှစ်ကဆိုရင်ကွယ် ကျက်သရေအလွန်ရှိလိုက်ပါဘိ၊ ယက္ကန်းသံလေးကတော့ ဒေါင်ဒင်မြည်တယ် (အောင်းမေ့လှတယ်) ၃၊ ကျနော် အောင်းမေ့လှတယ်၊ ဒီအချိန် ဒီလပြည့်ဝယ် အတူယှဉ်ကါရယ် xxx မေနဲ့မောင်ရယ်၊ အတူတွဲကါရယ် မရိုးတန်း သစ္စာပန်ပါ့မယ်၊ တန်ဆောင်မုန်းမှာကွယ်၊ မောင်ဖုန်းမှာတကယ် တွေ့နေကျမို့ မောင့်မှာပျော်ပါတယ်၊ တူမောင်မယ် ဂဟေဆက်ဖို့ ထူးမြတ်တဲ့ ကထိန်ပွဲမယ် xx

ကဲ - ဒီသီချင်းကို နားထောင်ပြီးတော့ ကိုမြကြီးနဲ့ ကိုဝင်းဦး ဘာတွေများ အဆိုတွေ ထူးသလဲလို့ စိတ်ထဲမှာတော့ ယှဉ်ကြည့်ကြမယ် ထင်ပါတယ်၊ မာအေးကတော့ နှစ်ယောက်လုံးဟာ ပြတ်တောင်းပြတ်တောင်း ဆိုတာချင်း တူတယ်၊ ကိုမြကြီးရဲ့ အသံက ကြည်ပြီး ပြတ်တယ်၊ ဒီတော့ အသံမာတယ် တည်တယ် လို့ ဆိုရမှာပေါ့။ ကိုဝင်းဦးလည်း ကိုမြကြီးစတိုင်နဲ့ပေါက်ထားတဲ့သီချင်းမို့ စာကို အဆုံးသတ်တွေမှာ ပြတ်ပြတ်တော့ အဆိုသားရှင့်၊ ဒါပေမယ့် ကိုဝင်းဥိးဟာ သူဆိုနေကျ နှာခေါင်းက လေထုတ်တဲ့ နှာသံနဲ့ ရောဆိုလိုက်တာကြောင့် လေက ချိုရုံမက ချွဲတဲ့ဖက်တောင် ပါသွားတယ်လို့ ခံစားမိပါတယ်။ ဒီသီချင်းလေးနဲ့တော့ လိုက်ပါတယ်။

တန်ဆောင်တိုင် ယက္ကန်းသံကလေး ရေးထားပေးခဲ့တဲ့ ဂီတစာဆို တက္ကသိုလ်စိုးကို ကိုမြကြီးရဲ့ နာမည်ကျော် 'မေ' တို့ 'ဂီတဗိမ္မာန်' တို့ ကျော်ကြားနေချိန်မှာ ကြားဖူးနေပါပြီ။ 
တက္ကသိုလ်စိုးအဖွဲ့နာမည်နဲ့ဘဲ ကိုမြကြီး၊ ကိုစိုးအောင်၊ မာမာဝေ၊ ရီရီဝေ စတဲ့ အဆိုတော်တွေနဲ့ မြန်မာ့အသံမှာ အသံလွှင့်ခဲ့တဲ့ သီချင်းတွေ အများကြီး ကျော်ကြားခဲ့တာပါ။
ခေတ်ဟောင်းသီချင်းတွေထဲမှာ မေရှင် ဆိုထားတဲ့ 'မယ်ခုမျှော်' ဓါတ်ပြားထုတ်တဲ့နံပါတ် A.I.F. 147, 1941 Aug: ဆိုတာနဲ့ မေနု ဆိုခဲ့တဲ့ 'အုံးစက်ရာ' ဓါတ်ပြားထုတ်တဲ့နံပါတ် A.I.F. 155, 1941 Oct: ဆိုတဲ့ အထောက်အထားအရ မာအေး မမွေးခင်ကတည်းက ရေးခဲ့တဲ့ဆရာကြီးပေါ့ရှင်။ တက္ကသိုလ်စိုးကို မြန်မာ့အသံမှာ တာဝန်ထမ်းဆောင်နေတုန်းက မြင်ဖူး ခင်ဖူးခဲ့ပါသေးတယ်။ မြန်မာ့အသံမှာ ခေတ်ဟောင်းသီချင်းတွေကို 'အတိတ်၏အရိပ်' ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ဖေါ် တင်ဆက်ချိန်က ဖြစ်ပါတယ်။ ဒီဆရာကို မြင်ရတာ ပျော်စရာပါ။ အမြဲ ပြောသမျှတွေဟာ ရယ်နေရင်း ပြောတာချည်း တွေ့ခဲ့ရလို့ပါ။ သူ တက္ကသိုလ်ကျောင်းသားဘ၀က သီချင်းလဲကြိုက် လူလဲခိုက်ကြလို့ လေပါတီမြရင် အငြိမ့်ပွဲရှိရာနောက် တကေါက်ကေါက် လိုက်ကြတာ လူပျိုတွေ တသိုက်ကြီးပေါ့ ဆိုတာတွေလဲ ပြောပါတယ်။
အဲဒါတွေ အမှတ်ရလို့ လေပါတီမြရင်ရဲ့ သီချင်းနှစ်ပုဒ်ကို မာအေးနဲ့ချစ်စပယ် တပုဒ်စီ ကူဆိုပေးဘို့ မြန်မာ့အသံကိုလာတောင်းဆိုတဲ့ ကိစ္စကြောင့် တွေ့ဖြစ်တာပါဘဲ၊ မာအေးက "အလှူ့အစ်မ" ဆိုတဲ့ သီချင်းကို ကူဆိုပေးခဲ့ရပါတယ်။

တနည်းအားဖြင့်တော့ မာအေးနဲ့ဆရာ ဆက်နိုင်မယ် ထင်ပါတယ်။ "မာမာအေး" ဆိုတဲ့ တေးသံရှင်နာမည်ကို ဆရာရဲသီဟ ကိုသန်းအောင် မှည့်ပေးတဲ့ အခါက တက္ကသိုလ်စိုးအဖွဲ့နဲ့  အသံလွှင့်ကျော်ကြားနေတဲ့ 'ရွှေမိုးလေးကညိုတယ်' သီချင်းကို ဆိုတဲ့သူ 'မာမာဝေ'ကိုး။ ဒါကြောင့် 'မာ' ဆိုတဲ့ နာမည်တလုံးကို ယူခဲ့ရလို့ဖြစ်ပါတယ်ရှင်။ ဆရာဟာ သူ့တပည့်တွေ၊ သူဆက်ဆံတဲ့သူတွေနဲ့လည်း ပျော်ပျော်နေတတ်တယ်လို့ ထင်စရာတွေ ရှိပါတယ်။

တက္ကသိုလ်စိုးရဲ့ သီချင်းလေးတွေဟာ အမြဲလို နှစ်ပိုဒ်လောက်ပဲ တွေ့ရတတ်ပါတယ်။ အဲဒါကို သီချင်းသွားတောင်းတဲ့သူက ဆရာ့သီချင်းကလဲ တိုလိုက်တာ  လို့ စောဒက တက်လေတော့ - 'ဟေ - တိုရင် (၁၆)ခေါက် ပြန်ဆို' လို့ ပြောလိုက်တာဟာ ဂီတ တလောကလုံး ခုထိ သုံးတဲ့စကါး ဖြစ်သွားခဲ့ပါတယ်။ 
သီချင်းကို တိုတယ်ထင်တဲ့သူတိုင်းကို 'တိုရင် (၁၆)ခေါက် ပြန်ဆို' လို့ နောင်ပြောင် ချစ်စနိုးပြောတဲ့စကါးဟာ တက္ကသိုလ်စိုးစကါးကို ပုံဆောင်ထားတာပါ။ 
ဆရာဟာ သီချင်းလဲဆိုတယ်လို့ ချိုတေးသံစာအုပ်မှာ ညွှန်းထားတာတော့ ဖတ်ဖူးပါတယ်၊ မကြား မမီလိုက်ပါဘူး။ စန္ဒရားနဲ့ တီးဝိုင်းအဖွဲ့ကို ခေါင်းဆောင်နိုင်တာကိုတော့ လက်တွေ့ မြင်ခဲ့တယ်။ မာအေး ဆိုတဲ့ "အလှူအမ" သီချင်းထဲက စန္ဒရားသံဟာ သူကိုယ်တိုင်တီးခတ်ခဲ့တာမို့ပါဘဲရှင်။

*(အလှူအစ်မမှ)

ဒါနသဒ္ဓေါ၊ မြတ်သောဘ၀တွင်၊ အကထိုသဘင် မြပျိုပါတီရင် ... အများပြည်သူအပေါင်း ကေါင်းရန်တခုပင်၊ ဘုရားတွေ ဂူကျောင်း ရဟန်းခံ အလှူ့ရှင်၊ ရွှေနားဆိမ့်ဆိမ့် အငြိမ့်သမ လေပါတီရင် ခင်မင်ရှုကြ အလှူ့အစ်မ လေပါတီရင်xx
ဟိုတုန်းကထက်လှတယ်ထင် တိုင်ပေါ်အလံစိုက်ချင် မယ်ရင်စည်းပွားစုလို့ ကုသိုလ်ကံဘဲထင်)၂ x နှစ်ကိုယ်တူလှူရအောင်ပါ့၊ မောင်ကပင် ဘယ်နှယ်ရှောင်ကျဉ်၊ နေကုန်နေဝင် ကြင်စဦးရယ် ကျေးဇူးတော်မျှော်ကါချစ်ခင် xx နိုင်ငံမြို့တော်ပေါ်တွင်  ကိုသိုလ်ပြုရာပါဝင်၊ သောတရှင်များနားဆင် အလှူ့အစ်မကြီး နည်းသစ်ထွင် လေပါတီမြရင်၊ ပြေဋ္ဌာနီကပင် အမျှဝေသဘင် xxx


စာစီစာရိုက် လုပ်အားပေး- မျိုးဇော်    


   

Letter - Inn Lay Lake under monopoly of state's government


ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဟိုတယ်ဇုံကိစ္စ ပန်ကြားလွှာ
ပန်သစ္စာ၊ အင်းလေး၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအရှေ့ဘက်ကမ်း၊ အင်ကြင်းကုန်း၊ ကန်ပဲ့၊ ၀က်သားကင်၊ ချောင်းပါး၊ ဘုရားဖြူ၊ ညောင်ဝန်း စသည့်ရွာတွေကို ယခုအချိန်မှာ လူတွေ အတော် အာရုံစိုက်လာကြပါတယ်။ အကြောင်းကတော့ အဲဒီရွာတွေက ရွာသားပိုင် လယ်မြေတွေ၊ ကြံခြံတွေ၊ ပန်းနှမ်းတွေ၊ ၀ါးခြံတွေ၊ သရက်ခြံတွေ၊ ထင်းခြံတွေကို ဟိုတယ်ဆောက်ဖို့ ရှမ်းပြည်နယ်အစိုးရက ဦးဆောင်ပြီး သိမ်းယူနေလို့ပါပဲ။ (ပေးစာအသေးစိတ်ကို ဆက်လက်ဖတ်ရှုပါ)





Saw Ngo - Burmese Animal Farms


ကာတွန်း စောငို - မြန်မာပြည်က ၀ံ (၀န်) များ
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃

Thanks to Deputy Minister Ohn Than, we can feed "Jam" to Regime's government & the whole congress


ဒုဝန်ကြီးဦးအုန်းသန်း ကျေးဇူးနဲ့ အစိုးရမင်းနဲ့ လွှတ်တော်ကြီးကို "ယို" ကျွေးလိုက်မယ်
ရွှေဒေါင်း၊ မိုးမခပေးစာ၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃
ဖေဖောဝါရီ ၇၊ ၂၀၁၃ နေ့က  စက်မှုလယ်ယာဦးစီးဌာနက နေပြည်တော် ရုံးအမှတ် (၁၅) မှာ ဒုဝန်ကြီးအဆင့် တင်ဒါဈေးဆစ်ပွဲ(နောက်ဆုံးအဆင့်) အကြောင်းလေးကိုမျှဝေချင်ပါတယ်။
ဒီပွဲမှာ ဓါတုဆေးပစ္စည်း၊ ဓါတ်တိုင်၊ စက်အပိုပစ္စည်း၊ နဲ့ မော်တော်ကားအပိုပစ္စည်း စတဲ့ ပစ္စည်းတွေအတွက် ၀င်ပြိုင်ကြတဲ့သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီအဆင့်ထိရောက်လာကြတဲ့ သူတွေကိုလည်း အဘလေး (ဒုဝန်ကြီး) တွေအတွက် Gold label Whisky တွေယူဆောင်လာကြဘို့ ညွှန်မှူးတို့၊ ဒုညွှန်တို့ ကကြိုတင်ညွှန်ကြားထားပြီး လို့ သိခဲ့ရပါတယ်။ (ညွှန်မှူးဆိုတာ ဒီလိုမျိုးတွေကို ညွှန်ကြားရတာ အခုမှပဲ သိတော့တယ်)။ ဒါကတော့ ဌာနတော်တော်များများမှာ ယဉ်ကျေးမှု ဖြစ်နေပြီလေ။
အဲဒီလိုနဲ့ နောက်ဆုံးအဆင့် ကုန်ပစ္စည်းသွင်းခွင့်ရတဲ့သူတွေ ထုတ်ပြန်ပါတယ်။ သွင်းခွင့်ရတဲ့သူတွေက ပျော်နေတဲ့မျက်နှာတွေနဲ့ပေါ့။ သွင်းခွင့်မရတဲ့သူတွေကတော့ စိတ်ပျက် အားငယ်ကြတာပေါ့လေ။
ခဏကြာတော့ ဒုဝန်ကြီး ဦးအုန်းသန်းက စကားပြောပါတယ်။ အဲ..မှားလို့…ဈေး စ ရောင်းပါတော့တယ်။ အဲဒီမှာတင် ခုနက တင်ဒါအောင်ထားတဲ့သူတွေအားလုံး အပျော်တွေရပ်ကုန်ပြီး အီးမှန်ကုန်တော့တာဘဲဗျာ။
ဒီလို … ဒီလိုဗျ။
စိုက်ပျိုးရေးဌာနက ဖျက်သိမ်းတော့မယ့်စက်ရုံတစ်ခုမှာ စထော်ဘယ်ရီယိုဘူးတွေကို တင်ဒါအောင်တဲ့ငွေပမာဏကို ကြည့်ပြီး ယိုဘူးတွေကို ဘူး ၅၀၀ မှ ၁၀၀၀ ကြား- မယူမနေရ အရောင်းခံရတော့တာဘဲ။ တစ်ဘူးကို (၈၀၀) ကျပ်နဲ့ ၅၀၀ ယူရတဲ့သူဆိုရင်..ငွေ (၄)သိန်း ပါသွားပြီလေ။ တင်ဒါပြိုင်တာ အမြတ်တွေ အများကြီးရနေတာမှမဟုတ်ပဲ
အားလုံးက မာဂျင်လိုင်းပေါ်မှာ အလုပ်လုပ်နေရတာလေ။ ဒုဝန်ကြီး ဦးခင်ဇော် ကတောင် "ခင်ဗျားယိုရောင်းရင် ကျနော်က ယိုနဲ့ စားဖို့ ပေါင်မုန့်ပါ တွဲရောင်းရင်ကောင်းမယ်" လို့တောင် ပြောသွားသေးတယ် လို့သိရပါတယ်။
(ဒီလိုမျိုးတွေက လုပ်ဆောင်ရန် "တရားဝင်"လုပ်ဆောင်ရန် အစိုးရအဖွဲ့မှာ ညွှန်ကြားမှုများ ရှိပါသလား)
Good & Clean Government ကိုကြိုးစားနေတဲ့ ဆရာကြီးတို့ရေ … ဘာလုပ်ကြမှာလဲ ???။
ဖြစ်သင့်ပါလား ?။
သမ္မတကြီး ကြိုးစားနေတာအားလုံးကို ကျနော်တို့ပြည်သူတွေ အသိအမှတ်ပြုပါတယ်။
ဒီလူတွေက သမ္မတကြီးရဲ့
(၁) အစိုးရအဖွဲ့ကို အကျည်းတန်စေတာလား
(၂) ပါတီကို အကျည်းတန်စေတာလား
(၃) သမ္မတက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်နေကြတာ ဒီအတိုင်းကြည့်နေမှာလား
(၄) ကျနော်တို့ပြည်သူတွေက ဒါတွေ ယဉ်ကျေးမှုအဖြစ် လက်ခံသင်ယူရမှာလား
စက်ရပ်သတင်း ။  ။ ယိုဘူးဝယ်ရတော့မယ့်၊ မဖြစ်မနေ လက်ခံရတော့မယ့်သူတွေ ထိုယိုဘူးများကို မည်သို့ဆောင်ရွက်မည် မသိ ဖြစ်နေသည်။ ဈေးဆိုင်များကို ပြန်သွင်းရန် ကြိုးစားနေကြသော်လည်း ဖျက်သိမ်းမဲ့စက်ရုံက ပစ္စည်းဖြစ်လို့ကတစ်ကြောင်း၊ expired date ကို မသိရသောကြောင့်၎င်း အဆင်မပြေဖြစ်နေကြသည်။
ကျနော်လည်း ဒီနေရာကနေ အားလုံးအဆင်ပြေစေရန်အတွက် ဤသို့
အကြံပြုချင်ပါသည်။
"အဆိုပါယိုဘူးများကို မဖြစ်မနေ လက်ခံခဲ့ရပြီးလျှင်၊ လွှတ်တော်အသီးသီးမှ ကိုယ်စားတော်ကြီးများနှင့် အစိုးရအဖွဲ့ဝင် လူကြီးမင်းများ မနက်စာ စားသုံးရန်အတွက် ပေါင်မုန့်ပါ ထပ်ဝယ်ထဲ့ပြီး အခမ်းအနားဖြင့် လှူသင့်ပါကြောင်း …"

Ku Mo Jo - Only in Burma Cartoon Series 5


ကာတွန်းကူမိုးကြိုး - ကမ္ဘာတွင်မယ့် ဗမာ့အရေးဟာသများ (၅)
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃

Burmese Migrant Workers' Quarters burnt down


 မဲဆောက်မြို့ အလုပ်သမားအိမ်ယာ မီးဘေးသင့်
ဇော်သူရ၊ မဲဆောက်၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃

 ယမန်နေ့က တီကေလေးစက်ရုံး အလုပ်သမားအိမ်ယာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးဘေးသင့်ခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ မိသားစုများ၊ ကလေးလူကြီး ၁၀၀ ကျော်ကို အများပြည်သူတို့က ၀ိုင်းဝန်း ကူညီကယ်ဆယ်ပေးခဲ့ပြီး မီးဘေးကယ်ဆယ်ရေး ကော်မတီကိုဖွဲ့စည်းခဲ့ကြပါသည်။ ဓာတ်ပုံများကို သည်နေရာမှာ ကြည့်ရှုနိုင်ပါသည်။

Hinthada Telecom Staffs - human smugglers


ဓနုဖြူမြို့မှ ဆက်သွယ်ရေးဝန်ထမ်းအချို့ တရားမ၀င်လူကုန်ကူး
ဟင်္သာတမီဒီယာ၊ ဓနုဖြူ၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ တမြာကျေးရွာအုပ်စု အလမျိုးကျေးရွာတွင် လူငယ်များကို ဆက်သွယ်ရေးဝန်ထမ်းများအချို့က မသမာသူများနှင့်ပေါင်းကာ ထိုင်းနိုင်ငံသို့ တရားမ၀င် ပို့ဆောင်ပေးနေကြောင်း သတင်းရရှိပါသည်။
ဓနုဖြူမြို့နယ် အလမျိုးကျေးရွာတွင် နေထိုင်သော ဒေါ်အေးအေးသန်းမှ "တရားဝင် ပတ်(စ်)ပိုစ့်၊ ဗီဇာဖြင့်သွားရောက် အလုပ်လုပ်ကိုင်ရမည်၊ တစ်လလျှင် မြန်မာငွေ ၂၈၀,၀၀၀/ ကျပ် ရရှိမည်။ သွားလာစရိတ် ၅၀၀,၀၀၀/ ကျပ် ကုန်ကျမည်၊ ညီမဖြစ်သူ ဒေါ်ယဉ်ယဉ်ကြည်(စာတိုက်မှူး) မှ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကုန်ကျငွေ (၅)သိန်း ကျပ်အားလည်း လုပ်အားခမှ ပြန်လည်ပေးဆပ်လျှင် ရသည် …" ဟု ပြောဆိုကာ လူစုဆောင်းခဲ့ပါသည်။
တစ်ရွာထဲနေ ဆွေမျိုးများနှင့် အနီးအနားကျေးရွာများမှ တရားဝင်အလုပ်လုပ်ရမည် လစာမှာလည်း လက်ရှိမိသားစု ရပ်တည်မှုတွင် အစဉ်ပြေသည်၊ ပို့ဆောင်ပေးမည့်သူမှာလည်း ဆွေမျိုးသားချင်း တစ်ရွာတည်းနေသူများ နိုင်ငံ့ဝန်ထမ်းလည်းဖြစ်သည့်အတွက် ယုံကြည်စိတ်ချကာ မိဘ၊ အုပ်ထိမ်းသူများမှ (၁၈)နှစ်၊ (၂၀)နှစ် ပတ်ဝန်းကျင်သားသမီးများကို ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်လုပ်ရန် ယုံကြည်စွာဖြင့် စေလွှတ်ခဲ့ပါသည်။
၂၀၁၀ ခုနှစ်တွင် လူငယ်ကျား/မ (၈)ဦးအား ဦးလှဌေး(ဆက်သွယ်ရေး)၊ ဦးမျိုးညွန့်(ဆက်သွယ်ရေး) ၀န်ထမ်းနှစ်ဦး မြ၀တီမြို့သို့ လိုက်လံပို့ဆောင်ပေးကြပါသည်။ အမှတ်(၅)ရပ်ကွက်ရှိ ကိုထွန်းထွန်းဝင်းနေအိမ်တွင် ပတ်(စ်)ပိုစ့်၊ ဗီဇာ မရသေးသဖြင့် ဟုဆိုကာ (၂)လ စောင့်ခဲ့ကြရပါသည်။ တစ်နေ့လျှင် မြန်မာငွေ ၂၀၀၀/ကျပ် တောင်းယူကြပါသည်။ (၂)လကြာပြီး စရိတ်မတတ်နိုင်ကြတော့သဖြင့် နေရပ်ပြန်လာခဲ့ကြပါသည်။ (၄)လခန့်ကြာသောအခါ ပတ်(စ်)ပိုစ့်၊ ဗီဇာ ရပြီဆိုကာ ၀န်ထမ်းနှစ်ဦးမှ ကျား (၃)ဦး၊ မ (၁)ဦးအား မြ၀တီမြို့ ယခင်နေထိုင်ရာအိမ်သို့ ထပ်မံပို့ခဲ့ပါသည်။ ၁၂ ရက် ပတ်(စ်)ပိုစ့်၊ ဗီဇာ ထပ်စောင့်ခိုင်းပြီး ထိုင်နိုင်ငံထဲသွားမယ်ပြောပြီး၊ အမှတ်(၂)ဂိတ်မှ စက်လှေနှင့် တင်ပေးကာ တစ်ဖက်နိုင်ငံတွင်းသို့တရားမ၀င် ပို့ဆောင်ပေးခဲ့ပါသည်။ တရားမ၀င်သွားရောက်ရခြင်းကြောင့် အဖမ်းခံရကာ မြန်မာပြည်သို့ပြန်ရောက်လာသော ကိုယ်တိုင်ခံစားခဲ့ရသူမှ ပြောပြခြင်း ဖြစ်ပါသည်။
မိမိနစ်နာဆုံးရှုံးမှများနှင့် တရားမ၀င်ပို့ဆောင်ခဲ့သော အစိုးရ၀န်ထမ်းသုံးဦးနှင့် တစ်ဖွဲ့လုံးအား ဓနုဖြူမြို့မြို့မရဲစခန်းတွင် တိုင်ကြားရာ (ပ) ၁၃/၂၀၁၃ ပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါသည်။

No buried Spitfires in Burma


Spitfires စစ် လေယာဉ်များ မြန်မာနိုင်ငံမှာ မြှုပ်နှံထားခြင်း မရှိပါ
မိုးမခအထောက်တော် အမှတ် ဝဝ၇
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၃

ဒုတိကမ္ဘာစစ်အတွင်း မြန်မာပြည်တွင် မြှုပ်နှံထားသည်ဟု ဆိုသော Spitfires စစ် လေယာဉ်များ တူးဖော်ရေးအစီအစဉ်ကို ရပ်နားလိုက်ပြီဟု 
လေယာဉ်ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်သည့် အဖွဲ့ကို ကမကထပြုသူက ပြောဆိုကြောင်း AFP သတင်းတွင် ရေးသား ဖော်ပြထားသည်။

 ၁၉၄၅ ခုနှစ်က ဗြိတိသျှစစ်တပ်က ထိုလေယာဉ်များ မြှုပ်နှံထားသည်ဟူသော ယူဆချက်ကြောင့် ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်းတွင် လေ့လာခဲ့သေးကြောင်း အဆိုပါ သတင်းတွင် ရေးသား ဖော်ပြထားသည်။

ကွင်းဆင်းစစ်ဆေးချက်များ၊  အထောက်အထားများအရ  ၁၉၄၅/၁၉၄၆ ကာလအတွင်း မင်္ဂလာဒုံလေယာဉ်ကွင်းသို့ လေယာဉ်အစိတ်အပိုင်းများ ပို့ဆောင်ခြင်း သော်လည်းကောင်း၊ မြှုပ်နှံခြင်းသော်လည်းကောင်း ပြုလုပ်ခဲ့ခြင်း မရှိကြောင်း
ယခု ယုံကြည်ရသည်ဟု လေယာဉ်ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်သည့် အဖွဲ့က ပြောဆိုသည်ဟု သတင်းတွင် ရေးထားသည်။

အထောက်အထားများ၊ မြေပုံများ၊ ပုံများ၊ ကောင်းကင်ဓာတ်ပုံများကို စစ်ဆေးခဲ့ကြောင်း၊ မျက်မြင်သက်သေတို့ကိုလည်း စကားပြောဆိုခဲ့ကြောင်း၊ မြှုပ်နှံခဲ့သည်ဟုဆိုသော နေရာများကိုလည်း ရောက်ရှိခဲ့ကြောင်း ထိုအဖွဲ့က ပြောဆိုသည်ဟု ရေးထားသည်။
  
Spitfires စစ် လေယာဉ်များ မြန်မာနိုင်ငံမှာ မြှုပ်နှံထားသည် ဟူသော အချက်မှာ ဒဏ္ဍာရီသာ ဖြစ်သည်ဟူသော ရလဒ် ထွက်ပေါ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဒဏ္ဍာရီသည် ၁၉၄၆ ခုနှစ်က အရှေ့တောင်အာရှဒေသ အရက်ဆိုင်များ၊ စားသောက်ဆိုင်တန်းများမှ ထွက်ပေါ်လာသည့် ကောလဟာလပေါ်တွင် အခြေတည်ခဲ့ခြင်းဖြစ်သည်ဟု ရှာဖွေရေးအဖွဲ့၏ သောကြာနေ့ထုတ် ကြေညာချက်တွင် ရေးထားသည်ဟု ဆိုသည်။

ရှေ့မီနောက်မီ ဒေသခံတို့ကလည်း  လေယာဉ်များ မြှုပ်နှံခဲ့သည်ဆိုခြင်းကို တွေ့မြင်ခဲ့ခြင်းမရှိကြောင်း၊ ဗြိတိသျှ မှတ်တမ်းများကလည်း စစ်ပြီးတော့မည့်ကာလတွင် မြန်မာပြည်သို့ လေယာဉ်များ ရောက်ရှိလာသည်ဟူသော အချက်ကို သက်သေခံခြင်း မရှိကြောင်း
ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်ဟု ဆိုသည်။

သို့သော်လည်း လေယာဉ်ရှာဖွေရေးစီမံကိန်းတွင် ပါဝင်သော လုပ်ငန်းရှင်တဦးဖြစ်သူ ဦးထူးထူးဇော်က မြစ်ကြီးနား နှင့် မင်္ဂလာဒုံလေယာဉ်ကွင်းတို့တွင် တူးဖော်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်မည်ဟု ယနေ့ ပြောဆိုလိုက်သည်ဟု သတင်းတွင် ရေးထားသည်။

တူးဖော်ရေးလုပ်ငန်းများ စတင်ခြင်း မပြုရသေးသဖြင့် Spitfires စစ် လေယာဉ်များ ရှိမရှိကို သေချာပေါက် မပြောနိုင်သေးဟု ဦးထူးထူးဇော်က AFP သတင်းဌာနကို ပြောကြားသည်။


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives