---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/13
Subject: [လူဗိုလ်ဟူသည် ...] ပင်လုံညီလာခံနှင့် အေဂျီ ဘော်တွန်မလီ
To: lubo601@gmail.com
ဗြိတိသျှတို့ မြန်မာနိုင်ငံကို အာဏာလွှဲပြောင်းပေးခြင်းသည် ၁၉၄၇ ခု၊ ဖေော်ဝါရီလ၌ ကျင်းပသော ပင်လုံ
ညီလာခံနှင့် များစွာဆက်စပ်လျှက်ရှိသည်။ နယ်ချဲ့စနစ် ရုပ်သိမ်းသည့် ကိစ္စတွင် ဗြိတိသျှ ဗဟိုအစိုးရ၏
ကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားသူမှာ အေဂျီ ဘော်တွန်မလီ (A.G.Bottomley) ဖြစ်သည်။
သူသည် အပ်နှင်းခံရသော တာဝန်ကို သမာဓိရှိရှိ၊ ဖြောင့်ဖြောင့်မှန်မှန်၊ ကျေကျေပွန်ပွန် ဆောင်ရွက်ခဲ့သူ
ဖြစ်သည်။
ဝန်ကြီးချုပ်အက်တလီ (Clement R. Attlee) သည် ခရစ္စမတ်ပွဲအတွက် အောက်လွှတ်တော် ခေတ္တ
ရပ်နားခြင်းမပြုမီ ၁၉၄၆ ခု၊ ဒီဇင်ဘာလ ၂၀ ရက်တွင် အရေးကြီးသော ကြေညာချက် တစ်ရပ်ကို
ယင်းလွှတ်တော်နှင့် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်မှာ -
"မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကျွန်တော် တစ်ခုပြောလိုပါသည်။ မြန်မာလူမျိုးများကို အဆက်ဆက်သော
ဗြိတိသျှအစိုးရတို့ ပေးခဲ့သော ကတိကဝတ်များကို မည်ကဲ့သို့ ရုပ်လုံးဖော်ရမည်ဟူသော ပြဿနာများ
ပေါ်ပေါက်ခဲ့သည်။ သို့ပါ၍ ယင်းကိစ္စများကို ကူညီဖြေရှင်းရန် ဘုရင်ခံ၏ ဝန်ကြီးအဖွဲ့ထဲမှ ကိုယ်စား
ပြုနိုင်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို မကြာမီကာလအတွင်း ဆွေးနွေးတိုင်ပင်ရန်အတွက်
ဤနိုင်ငံသို့ လာရောက်ရန် ဘုရင့်အစိုးရမှ ဖိတ်ကြားလိုပါသည်" ဟူ၍ဖြစ်ပါသည်။
ထိုကြေညာချက်သည် ၁၉၄၇ ခု၊ ဇန်နဝါရီလထဲ၌ ကျင်းပသော ဗြိတိသျှ - မြန်မာ ဆွေးနွေးပွဲကို လမ်းခင်း
ပေးသည်။ ဆွေးနွေးပွဲ ပြီးဆုံးသည့်အခါ အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့သည် အများခေါ်ဝေါ်သော
အောင်ဆန်း - အက်တလီ စာချုပ်ကို အင်္ဂလိပ်ဘာသာဖြင့် လန်ဒန်တွင် ချုပ်ဆိုသည်။ ထိုစာချုပ်၏ အခန်း (၈)
နယ်ခြားဒေသများကိစ္စကို အောက်ပါအတိုင်း ဖွင့်ဆိုသည်။
Frontier Areas
It is the agreed objective of both His Majestry's Government and the Burmese Delegates
to achieve the early unification of the Frontier Areas and Ministerial Burma with the free
consent of the inhabitants of those areas. In the meantime, it is agreed that the people of the
Frontier Areas should, in respect of subjects of common interest, be closely associated with
the Government of Burma in a manner acceptable to both parties. For those purposes it has
been agreed; -
(a) there shall be free intercourse between the peoples of the Frontier Areas
and the peoples of Ministerial Burma without hindrance.
(b) the leaders and representatives of the peoples of the Frontier Areas shall be
asked, either at the Panglong Conference to be heled at the beginning of next
month or at a special Conference to be convened for the purpose, to express
their views upon the form of association with the Government of Burma which
they consider acceptable during the transition period whether –
(i) by the appointment of a small group of Frontier representatives to advise
the Governor on Frontier affairs and to have close liason with the Executive
Council; or
(ii) by the appointment of one Frontier Area representative as Executive
Councillor in charge of Frontier affairs or
(iii) by some other method
ဤသို့အားဖြင့် ၁၉၄၇ ခု၊ ဖေဖော်ဝါရီလထဲတွင် ပင်လုံ၌ နှီးနှောဖလှယ်ပွဲတစ်ခုကို ကျင်းပကြသည်။
ရှမ်းအခေါ် ပန်လုံ (Pang Lon)၊ မြန်မာအခေါ် ပင်လုံမြို့ကလေးသည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့်
မြောက်ပိုင်းခြား အလယ်လောက်တွင် တည်ရှိသည်။ တောင်ကြီးမြို့မှ ၆၄ မိုင်ဝေးပြီး နမ့်ဆန်း လေဆိပ်မှ
၂၂ မိုင်ကွာဝေးသည်။ ထိုစဉ်က မြို့လူဦးရေသည် ၂၀၀၀ ခန့်သာ ရှိသည်။ အိမ်ခြေမှာလည်း ၄၀၀ ထက်
မများသေးပေ။ သနပ်ဖက် အရောင်းအဝယ်ပြုလုပ်သော ဖက်ပွဲ ဈေးမြို့ကလေးအဖြစ် လူသိများကြသည်။
ပန်လုံ၏ အဓိပ္ပာယ်မှာ အမှောင်ကင်းသည့် အလင်းရောင် ဖြစ်သည်။
ဤညီလာခံသည် လန်ဒန်ဆွေးနွေးပွဲမှ တိုက်ရိုက် ပေါက်ဖွားလာသည်ဟု ဆိုရမည်။ ညီလာခံသို့ လေ့လာသူ
အဖြစ် ဗြိတိသျှ ဒုတိယဝန်ကြီးတစ်ဦးကို အက်တလီ လွှတ်ခဲ့သည်။ ယင်းပုဂ္ဂိုလ်မှာ ဒိုမီနီယံရေးရာများကို
တာဝန်ယူရသော ဘော်တွန်မလီဖြစ်သည်။ သူ့ကိုရွေးပြီးသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းကို အကြွင်းမဲ့
ယုံကြည်သည့်အကြောင်း၊ အိုင်စီအက်(စ်) ဦးတင်ထွဋ်ကို အထူးလေးစား၍ ချီးမွမ်းလိုကြောင်းများကို
အက်တလီက ဘော်တွန်မလီအား ပြောဆို အသိပေးသည်။ ပင်လုံညီလာခံ တစ်လျှောက်လုံးတွင် ဗိုလ်ချုပ်၏
အလွတ်သဘော အကြံပေးပုဂ္ဂိုလ်အဖြစ် ဦးတင်ထွဋ် ဆောင်ရွက်သည်။
ဗြိတိန်ရှိ မြန်မာနိုင်ငံရေးရာရုံးမှ ဘားနတ်လက်ဝိ(ဂ်ျ) (Bernard Ledwidge) လည်း မြန်မာနိုင်ငံသို့
ဘော်တွန်မလီနှင့်အတူ ပါလာသည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ယင်းတို့ ရန်ကုန်သို့ ဆိုက်ရောက်သည်။
ရန်ကုန်တွင် အရေးကြီးသော အစည်းအဝေးနှစ်ခုကို ဘော်တွန်မလီ ပြုလုပ်သည်။ အစည်းအဝေး တစ်ခုမှာ
ဖဆပလ အမှုဆောင်ကော်မတီနှင့်ဖြစ်ပြီး နောက်အစည်းအဝေးမှာ ဘုရင်ခံ၏ ဝန်ကြီးအဖွဲ့နှင့် ဖြစ်သည်။
ဖဆပလအမှုဆောင် ကော်မတီဝင်များနှင့် ဖေဖော်ဝါရီ ၆ ရက်တွင် ဘော်တွန်မလီ ဆွေးနွေးသည်။
အစဉ်အလာအားဖြင့် ဗြိတိသျှတို့၏ နိုင်ငံခြားရေး မူဝါဒသည် သွေးခွဲရေးစနစ်ဖြစ်သည်ဟု
ဗိုလ်ချုပ်အောင်ဆန်းက စွပ်စွဲပြောဆိုသည်။ ဤသို့ပြောရခြင်းမှာလည်း အိန္ဒိယနိုင်ငံကို နှစ်ခြမ်းခွဲသည့်
ကိစ္စတွင် ဘော်တွန်မလီ ပါဝင်ပတ်သက်ခဲ့သည်ကို သိသည့်အတွက်ကြောင့် ဖြစ်သည်။ ယခင်က ဗြိတိသျှတို့
သွေးခွဲထားမှုများကြောင့် တောင်တန်းသားများသည် မြေပြန့်ရှိ မြန်မာများနှင့် ပင်လုံတွင် ပူးပေါင်းရန်
သဘောတူနိုင်လိမ့်မည် မထင်ဟု ဖဆပလအဖွဲ့ ဒုတိယဥက္ကဋ္ဌ သခင်နုက ထင်မြင်သည်။
ဤစွပ်စွဲချက်များကို ဘော်တွန်မလီက ငြင်းဆိုသည်။ စည်းလုံးညီညွတ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်
ပေါ်ထွန်းရေးကို ဘုရင့်အစိုးရနှင့် ဘုရင်ခံ၏ ဝန်ကြီးအဖွဲ့တို့က လိုလား မျှော်လင့်ကြောင်းကို ဗိုလ်ချုပ်နှင့်
အဖွဲ့အား ဘော်တွန်မလီ ရဲရဲကြီးအာမခံသည်။ လျော်ကန် သင့်မြတ်သော အချိန်အတွင်း အိန္ဒိယနိုင်ငံကို
သွေးထွက်သံယိုမှုမရှိဘဲ လွတ်လပ်ရေးပေးရန်မှာ ယင်းနိုင်ငံကို ဗြိတိသျှတို့အနေဖြင့် နှစ်ခြမ်းခွဲမှသာ
ဖြစ်နိုင်သည့် အကြောင်းကို ဘော်တွန်မလီက ရှင်းပြသည်။
ရန်ဘက်အဖွဲ့အစည်းများကို ဂန္ဒီ၊ နေရူးနှင့် ဂျင်းနားတို့ ဟောပြောစည်းရုံးထားကြသဖြင့် မူဆလင်နိုင်ငံနှင့်
ဘာသာရေးဝါဒစွဲကင်းသည့် နိုင်ငံနှစ်နိုင်ငံသည် မလွဲမသွေ ပေါ်ထွက်လာရသည်။ ထိုနှစ်နိုင်ငံသည်
တစ်နေ့နေ့တွင် ပြန်လည်သင့်မြတ်ပြီး ယင်းတို့အချင်းချင်း ပေါင်းစည်းကောင်း ပေါင်းစည်းမည်။ သို့ရာတွင်
ဤကိစ္စမှာ ယင်းတို့ဘာသာလုပ်မှ ဖြစ်နိုင်လိမ့်မည်။ ကွဲပြားခြားနားမှုမှာ ထုထည်ကြီးမားလွန်းသည့်အတွက်
ပြင်ပမှနေ၍ မည်သို့မျှ ပြန်လည်ပေါင်းစည်းရေးကို ပြုလုပ်ပေးနိုင်မည် မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့
အခြေခံခြားနားမှုမျိုး မရှိကြောင်း ဘော်တွန်မလီက ဗိုလ်ချုပ်ကို ရဲဝံ့စွာ တင်ပြသည်။ သို့ရာတွင်
ဤတင်ပြချက်ကို မြန်မာများဘက်က လက်ခံကျေနပ်ပုံမရ။ "ဆောက်ဖြစ်မှသာ ကျောင်းဒကာဖြစ်လိမ့်မည်"
ဟု သခင်နုက ဘော်တွန်မလီကို ခနဲ့လိုက်သည်။
ဘုရင်ခံဝန်ကြီးအဖွဲ့နှင့် ဖေဖော်ဝါရီ ၇ ရက်တွင် ဘော်တွန်မလီဆွေးနွေးသည်။ အစည်းအဝေးသို့ ဝန်ကြီးများ
ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးတင်ထွဋ်၊ စောဘဦးကြီးနှင့် မန်းဘခိုင်တို့ တက်ရောက်ကြသည်။
ဤဆွေးနွေးပွဲတွင် ၁၉၄၆ ခု၊ နိုဝင်ဘာ ၁၄ ရက်က ရှမ်းစော်ဘွားများ အတည်ပြုခဲ့သော ဆုံးဖြတ်ချက်ကို
ဗိုလ်ချုပ်တင်ပြသည်။ မိမိတို့ဒေသတွင်း၌ လွတ်လပ်စွာ အုပ်ချုပ်ခွင့်ရပါက နယ်ခြားဒေသ အုပ်ချုပ်မှုအောက်မှ
ယင်းတို့နုတ်ထွက်ပြီး မြန်မာပြည်မနှင့် ပူးပေါင်းမည်ဟု ထိုဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။ သို့ရာတွင်
နောက်ပိုင်းကာလများ၌ ဗြိတိသျှတို့၏ ဖိအားပေးမှုများကြောင့် ဤအခြေအနေမှ ရှမ်းစော်ဘွားများ
ပြောင်းလဲသွားသည်ဟု ဗိုလ်ချုပ်က ဆက်လက်ပြောကြားသည်။ ထို့ကြောင့် အောင်မြင်မှုရောင်ခြည်
ပင်လုံတွင် သန်းနိုင်လိမ့်မည်ဟု ဗိုလ်ချုပ်မထင်၊ သံသယစိတ်များသာ ဝင်ခဲ့သည်။
တောင်တန်းမြေပြန့် ပူးပေါင်းရေးကိစ္စနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ သူအကူအညီပေးရမည်ကို သိလိုကြောင်း
ဘော်တွန်မလီက အဆိုပြုသည်။ စည်းလုံးညီညွတ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းရေးကို ဗြိတိသျှ
အစိုးရက လိုလားကြောင်းကို တောင်တန်းသားများအား ဘော်တွန်မလီ ပြောပြပေးရန် ဗိုလ်ချုပ်က
အကြံပြုသည်။ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြည်ထောင်စုထဲမှ ခွဲထွက်နိုင်ခွင့်ကို ခွင့်ပြုမည့်
အကြောင်း၊ မိမိတို့ဘဝ ရပ်တည်ရေးအတွက် တောင်တန်းသားများ စိုးရိမ်ကြောင့်ကြမှုရှိရန် မလိုသည့်
အကြောင်းကို ဗိုလ်ချုပ်က ရှင်းပြသည်။ ဦးတင်ထွဋ်၏ ထောက်ခံမှုကိုရယူပြီး ဘုရင်ခံ၏ ဝန်ကြီးအဖွဲ့တွင်
ရှမ်းအမျိုးသားတစ်ဦးကို ဆောလျင်စွာ ဝန်ကြီးခန့်ပြီး ကချင်နှင့် ချင်းအမျိုးသားနှစ်ဦးကို ဒုတိယဝန်ကြီးများ
အဖြစ် ခန့်ပေးရန် ဗိုလ်ချုပ်က တောင်းဆိုသည်။ ဤအကြံပြုချက်ကို ညီလာခံတွင်တင်ပြရန်
ဘော်တွန်မလီက အကြံပြုသည်။ တောင်တန်းသားများ လက်ခံပါက သူ့အနေဖြင့် ကန့်ကွက်ရန် မရှိကြောင်း
ဘော်တွန်မလီက ပြောဆိုသည်။ ပင်လုံညီလာခံ၌ တောင်တန်းမြေပြန့် ပူးပေါင်းရေးမူကို မြေစမ်း
ခရမ်းပျိုးကြည့်ရန် ဗိုလ်ချုပ် ဝန်မလေးသော်လည်း အထမြောက် အောင်မြင်လိမ့်မည်ဟု သူမထင်ချေ။
ပင်လုံညီလာခံကာလအတွင်း တောင်ကြီးမြို့ အစိုးရဗိုလ်တဲ၌ တည်းခိုခဲ့ကြောင်း သူ၏ ကိုယ်ရေး
မှတ်တမ်းတွင် ဘော်တွန်မလီ ဖော်ပြသည်။ အဆောက်အအုံသည် နေလို့ထိုင်လို့ ကောင်းသော်လည်း
အအေးဒဏ်ကို ကာကွယ်နိုင်စွမ်းမရှိ၊ ညအခါများ၌ အအေးဒဏ်ကို အလူးအလဲခံရသည့်အကြောင်း
ရေးသားဖော်ပြထားသည်။ သူ၏ကိုယ်ရေးမှတ်တမ်းနှင့် လျှို့ဝှက် အစီရင်ခံစာများက တောင်ကြီး၌ သူရှိစဉ်
နိုင်ငံရေးလှုပ်ရှားမှု လုပ်၊ မလုပ်ကို ဖော်ပြခြင်း မရှိပေ။
ဘော်တွန်မလီ ပင်လုံသို့သွားရာတွင် ဘားနတ်လက်ဝိ(ဂ်ျ)၊ နယ်ခြားဒေသ ညွှန်ကြားရေးဝန် ဂျွန်လေဒင်
(John Leyden) နှင့် ဦးတင်ထွဋ်တို့လည်း သူနှင့်အတူ လိုက်ပါလာကြသည်။ ဘော်တွန်မလီ
မရောက်မီကပင် ပင်လုံညီလာခံ စနှင့်နေပြီဖြစ်သည်။ တစ်ရက်စော၍ ရောက်နှင့်နေသော ဗိုလ်ချုပ်က
ဖေဖော်ဝါရီ ၉ ရက်မှ ပင်လုံသို့ရောက်လာသော ဘော်တွန်မလီကို နွေးထွေးစွာ ကြိုဆိုသည်။
ညီလာခံကျင်းပနေချိန်အတွင်း ဘော်တွန်မလီနှင့် နီးနီးကပ်ကပ် တိုင်တိုင်ပင်ပင် အလုပ် လုပ်သွားရန်
ဗိုလ်ချုပ် သဘောတူသည်။ ဗိုလ်ချုပ်ကို ယင်းက အထူးပင် လေးစားကြည်ညိုသည်။ ဘော်တွန်မလီသည်
ဖြောင့်မတ်ရိုးသားပြီး လိမ်လည်လှည့်ဖြားလိုစိတ် ကင်းသူတစ်ဦးဖြစ်သည်ဟု ဗိုလ်ချုပ်က နားလည်
သဘောပေါက်သည်။ သူတို့အချင်းချင်း ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ်ကြသည်။ အယူအဆခြင်းလည်း
တူကြသည်။ နယ်ခြားဒေသ အုပ်ချုပ်ရေးဌာန တစ်ခုလုံးသည် အရာရှိတစ်ဦးမှအပ (ထိုအရာရှိမှာ
နယ်ခြားဒေသ ညွှန်ကြားရေးဝန်ဟောင်း၊ H.N.C Stevenson ဖြစ်သည်။ ဘုရင်ခံရန်စ်ထံသို့ ၁၉၄၇ ခု၊
ဇန်နဝါရီ ၂၀ ရက်ဟု ရက်စွဲ တပ်ထားသော သူ၏စာထဲတွင် "သူ၏ရာထူးမှာ စိုးရိမ်ဖွယ်ရာ
အခြေအနေမျိုးတွင်ရှိကြောင်း" ရေးသားဖော်ပြထားသည်။ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်ကိုလည်း
အငြိမ်းစားယူမည့် ၁၉၄၇ ခု၊ ဧပြီလ ၁ ရက်မတိုင်မီ ယူခွင့်ပြုရန်ကိုလည်း လျှောက်ထားသည်။
လွိုင်ကော်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းသည် နယ်ခြားဝန် စတီဗင်ဆင်၏
ဘဝတက်လမ်းကို တားဆီးပိတ်ဆို့သည့်သဘော သက်ရောက်သည်။ ဗိုလ်ချုပ်၏မိန့်ခွန်းတွင်
နယ်ချဲ့ဗြိတိသျှ ဆန့်ကျင်ရေးနှင့် စတီဗင်ဆင်အား ပုဂ္ဂိုလ်ရေးအရ ရှုတ်ချသော စကားများ ပါဝင်သည်။)
ကျန်ပုဂ္ဂိုလ်များသည် ရိုးသားဖြောင့်မတ်ပြီး ညီလာခံ အောင်မြင်ရေးအတွက် အားလုံးနှင့် ပူးပေါင်း
ဆောင်ရွက်လိုသည့် ဆန္ဒရှိကြောင်း ဗိုလ်ချုပ်ကို ဘော်တွန်မလီက ကတိအာမခံချက် ပေးသည်။
နယ်ခြားဒေသမှ ဖောက်ပြန်ရေး ခေါင်းဆောင်တစ်ချို့ကို နိုင်ထက်စီးနင်းသဘောမျိုး မပြုလုပ်ရန်
ဘော်တွန်မလီက ဗိုလ်ချုပ်ကို ချိုချိုသာသာ ပြောသည့်အခါပြော၍ ဖိဖိစီးစီး ပြောသည့်အခါပြောသည်။
နယ်ခြားဒေသ တိုင်းရင်းသားများသည် မူအားဖြင့် ပြည်မနှင့် ပူးပေါင်းလိုကြောင်း ဘော်တွန်မလီ သိသည်နှင့်
တစ်ပြိုင်နက် လိုအပ်သော အားပေးထောက်ခံမှုများကို သူဆောင်ရွက်ပေးသည်။ ပင်လုံတွင် နှစ်ဦးနှစ်ဖက်
သဘောတူညီမှုရခဲ့သော် ယာယီကြားကာလ ခေတ္တခံပြီး ၁၉၃၅ ခုနှစ် အက်ဥပဒေအရ ဗြိတိသျှတို့က
အုပ်ချုပ်သွားမည်ဟု ဗိုလ်ချုပ်ရှေ့တွင် နယ်ခြားဒေသ တိုင်းရင်းသားများကို ဘော်တွန်မလီက ရှင်းပြသည်။
တစ်နည်းဆိုသော် စတက်ကျူဥပဒေဖြင့် အပ်နှင်းထားသော အာဏာကို ဘုရင်ခံလက်ဝယ်ထားရှိပြီး ဗြိတိသျှ
ဗဟိုအစိုးရက ဤယာယီကာလအတွင်း အုပ်ချုပ်သွားမည့် သဘောဖြစ်သည်။ ဤအစီစဉ်ကို ဗိုလ်ချုပ်
သဘောတူသည်။
ရန်ကုန်သံတမန်လောကသည် ပင်လုံညီလာခံကို စိတ်ဝင်စားကြသည်။ အထူးစိတ်ဝင်စားသူ တစ်ဦးမှာ
အမေရိကန် ကောင်စစ်ဝန်ချုပ် ပက်ကဒ် (Peckerd) ဖြစ်သည်။ ဗိုလ်ချုပ်နှင့် ဘော်တွန်မလီကို တွေ့ခွင့်ရရန်
သူကြိုးပမ်းအားထုတ်သည်။ ဗိုလ်ချုပ်က တွေ့ခွင့်မပေးသော်လည်း ဘော်တွန်မလီက တစ်ကြိမ်နှစ်ကြိမ်
တွေ့ခွင့်ပေးခဲ့သည်။
စည်းလုံးညီညွတ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ပေါက်ရေး လိုလားကြောင်း နယ်ခြားဒေသ
တိုင်းရင်းသားခေါင်းဆောင်များက ဘော်တွန်မလီကို ကတိအာမခံချက်ပေးသည်။ ဤသို့ပြုခြင်းအားဖြင့်
ယင်းတို့လည်း ဒေသတွင်း လွတ်လပ်ခွင့်ရလိမ့်မည်ဟု ယုံကြည်သည်။ သို့ရာတွင် ပြဿနာတစ်ခု
ကျန်နေသည်။ ယင်းတို့သည် ပြည်မမှ တိုင်းရင်းသားများ ရရှိသည့် အဆင့်အတန်းမျိုး ရနိုင်၊ မရနိုင်ဟူသော
အချက်ဖြစ်သည်။ ထို့ပြင် ဒေသတွင်း၌လည်း ကိုယ်ပိုင် စီမံအုပ်ချုပ်ခွင့် ရလိုကြသည်။
ပင်လုံ၌ ဘော်တွန်မလီနှင့် အမြဲတစေ ဗိုလ်ချုပ် ပူးပေါင်းညှိနှိုင်းခဲ့သည်။ နောင်ဖြစ်ပေါ်လာမည့် အချိန်
ကာလများတွင် ပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်နှင့် တစ်ပြိုင်နက် နယ်ခြားဒေသ တိုင်းရင်းသားများ
အကျိုးခံစားရမည့်အကြောင်းကို ဗိုလ်ချုပ်က စိတ်ရှည်ရှည်ထားပြီး ရှင်းပြသည်။ ဒေသတွင်း ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရပြီး ဗဟိုအစိုးရထံမှလည်း ဘဏ္ဍာရေးအကူအညီများ ရရှိဦးမည်ဟု ဗိုလ်ချုပ်က ကတိပေးသည်။
ဤကိစ္စနှင့်ပတ်သက်ပြီး သူရေးစွဲထားသော အဆိုပြုချက်မူကြမ်းကို ယင်းတို့ လေ့လာနိုင်ရန်အတွက်
ဗိုလ်ချုပ်က သူတို့လက်သို့ အပ်လိုက်သည်။
နယ်ခြားဒေသ တိုင်းရင်းသားများထဲမှ ရှမ်းအမျိုးသားတစ်ဦးကို ဘုရင်ခံ၏ ဝန်ကြီးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်
ဗိုလ်ချုပ် တာဝန်ပေးလိုသည်။ တောင်ပေါ်သားများ စည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့၏ ထောက်ခံမှုကို
ရယူပြီး လူကြိုက်များသော ရှမ်းအမျိုးသားတစ်ဦးကို ဤရာထူးအတွက် ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)
(Hubert E. Rance) က ရွေးချယ်သည်။ ထိုပုဂ္ဂိုလ်မှာ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းဖြစ်သည်။
ယခင်အချိန်များက နယ်ခြားဒေသ ဖွံ့ဖြိုးတိုးတက်ရေးသည် ဗြိတိသျှဗဟိုအစိုးရနှင့်သာ သက်ဆိုင်သည်။
ဤတာဝန်ကို ပင်လုံသဘောတူညီချက်အရ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။
ဤသို့ဆောင်ရွက်ခြင်းမှာ မှန်ကန်သည်ဟု ဘော်တွန်မလီ ရှုမြင်သည်။ အကယ်၍ ဤအခွင့်အာဏာကို
လွှဲပြောင်းမပေးဘဲ ဗြိတိသျှတို့ ဆုပ်ကိုင်ထားပါမူ ရန်ပွဲမစဲသည့်ကိန်းနှင့် ကြုံကြိုက်ကောင်း ကြုံကြိုက်မည်ဟု
သူနားလည်သည်။ ထို့ပြင် သွေးထွက်သံယိုမှုများဖြစ်ပြီး ဗြိတိသျှတို့ ဆုတ်ခွာပေးရသည့် ဖြစ်ရပ်နှင့်လည်း
ကြုံနိုင်သေးသည်။ ဤသို့ဖြစ်လာပါက ဤနိုင်ငံနှစ်နိုင်ငံသည် ရန်ဘက်နိုင်ငံများအဖြစ် ရပ်တည်
သွားလိမ့်မည်ဟု ဘော်တွန်မလီ ထင်မြင်သည်။
ဗိုလ်ချုပ်သည် လန်ဒန်၌လည်းကောင်း၊ ပင်လုံ၌လည်းကောင်း မြန်မာနိုင်ငံကို ဗြိတိသျှဓနသဟာယ အဖွဲ့ထဲ၌
တွေ့မြင်လိုကြောင်း သူ့အားပြောဖူးသည်ကို ဘော်တွန်မလီ မှတ်မိသည်။ သို့ရာတွင် ပင်လုံညီလာခံ၌
မိန့်ခွန်းမြွတ်ကြားရာတွင် ဗြိတိန်ဟူသော စကားလုံးကိုလည်းကောင်း၊ ဓနသဟာယဟူသော စကားလုံးကို
လည်းကောင်း ဗိုလ်ချုပ် ထည့်သွင်းမြွတ်ကြားခြင်း မရှိပေ။ လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်
မြန်မာနိုင်ငံထူထောင်မည် ဟူ၍သာ ဗိုလ်ချုပ် မြွက်ကြားသည်။ ယင်းကဲ့သို့ ဗိုလ်ချုပ် စိတ်ပြောင်းခြင်းမှာ
ဓနသဟာယဟူသော အယူအဆကို ခါးသီးနာကြည်းသည့် တစ်ယူသန် ဖဆပလခေါင်းဆောင်များ
ဖြစ်ကြသော သခင်နု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းနှင့် သခင်မြတို့၏ ပယောဂကြောင့်သာဖြစ်မည်ဟု
ဘော်တွန်မလီက သဘောပေါက်သည်။ (ဓနသဟာယထဲ မဝင်ဘဲ လုံးဝလွတ်လပ်ရေးကို
ဗိုလ်ချုပ်အောင်ဆန်း တောင်ဆိုရခြင်းသည် အယူသီး၍ တရားသေဝါဒ လက်ကိုင်ထားသော ကွန်မြူနစ်
သခင်စိုးနှင့် သခင်သန်းထွန်းတို့ကို စိုးရိမ်ကြောင့်ကြသောကြောင့် ဖြစ်သည်။ တစ်ယူသန် ဖဆပလ
ခေါင်းဆောင်များဖြစ်သည့် ဦးဗဆွေ၊ ဦးကျော်ငြိမ်းနှင့် သခင်မြတို့ ဖိအားပေးမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း
စိတ်ပြောင်းသွားသည်ဟု ဘော်တွန်မလီ ထင်မှတ်သကဲ့သို့ မဟုတ်ပေ။)
တိုင်းရင်းသားများအပေါ် သဘောထားကြီးကြီးထားပြီး ဗိုလ်ချုပ်ဆက်ဆံသည်ကို ဘော်တွန်မလီ
မြင်တွေ့သည်။ သို့ရာတွင် ညီလာခံ၌ အနှောက်အယှက်တစ်ခု ပေါ်ပေါက်ခဲ့သည်။ ကချင်ပြည်နယ်
ထူထောင်ရေးကိစ္စဖြစ်သည်။ ယင်းပြည်နယ် ထူထောင်ပါက ရှမ်းတရုတ်၊ ရှမ်းနှင့် ဗမာအများစု နေထိုင်သော
မြစ်ကြီးနားနှင့် ဗန်းမော်ဒီးစတြိတ်များကို ထိုဒေသထဲသို့ ထည့်သွင်းရမည်။ သို့ဖြစ်သော်ငြားလည်း
မြစ်ကြီးနားနှင့် ဗန်းမော်ဒီးစတြိတ်များကို ကချင်ပြည်နယ်ထဲသို့ ထည့်သွင်းမရကြောင်း ၁၉၃၅ ခု
အက်ဥပဒေက အတိအလင်းဆိုထားသည်။ ဤကိစ္စနှင့် စပ်လျဉ်းပြီး ဒူးဝါးဇော်လွန်းနှင့် ညောင်ရွှေစော်ဘွားတို့
အချီအချ ပြင်းပြင်းထန်ထန် ငြင်းခုံကြသည်။ မချိတင်ကဲဖြစ်လာသော ဗိုလ်ချုပ်သည် မိမိတည်းခိုဆောင်
အတွင်းသို့ ပြန်ဝင်ပြီး ရန်ကုန်သို့ပြန်ရန် လေယာဉ်စီစဉ်ခိုင်းသည်။ "တောင်တန်းမြေပြန့် ဆွေးနွေးပွဲပျက်ပြီ၊
ဗိုလ်ချုပ်ပြန်တော့မည်" ဟူသော သတင်းသည် တောမီးပမာ ပင်လုံမြေတွင် ချက်ချင်းပျံ့နှံ့သွားသည်။
ပွဲခင်းထဲရှိ ကြားရသော တိုင်းရင်းသားများသည် လှုပ်လှုပ်ရွရွဖြစ်ပြီး စိုးရိမ်ထိတ်လန့်သွားကြသည်။
ဤဖြစ်ရပ်ကို နယ်ချဲ့လက်ပါးစေများက လက်ခံကြိုဆိုကြသည်။
နောက်ဆုံးတွင် နှစ်ဦးနှစ်ဖက်လက်ခံနိုင်သော သဘောတူညီမှုကို ရရှိသည်။ ဆွေးနွေးပွဲတွင် နယ်ခြားဒေသ
ညွှန်ကြားရေးဝန် ဂျွန်လေဒင်လည်း တက်ကြွစွာ ပါဝင်ဆွေးနွေးသည်။ မည်သည့်နေရာဒေသများ
ပါဝင်ရမည်ဟု တိတိကျကျ ဖော်ပြခြင်းမပြုဘဲ ကချင်ပြည်နယ် ပေါ်ထွန်းရေးကို မူအားဖြင့် လက်ခံကြသည်။
ဤသို့ ချဉ်းကပ်ဆွေးနွေးပုံကို ဗိုလ်ချုပ် လက်ခံသည်။ ဖဆပလ အမှုဆောင်ကော်မတီသို့ တင်ပြပြီး
သဘောတူမှု ရယူရန်အတွက် သူအရေးဆိုပေးမည်ဟု ဗိုလ်ချုပ်က ကတိပြုသည်။ အခြားကိစ္စများဖြစ်သည့်
ခွဲထွက်ခွင့်ရလိုမှု၊ အောင်ဆန်းအက်တလီ စာချုပ်ကို ငြင်းဆန်လိုမှု၊ ဒီမိုကရေစီအခွင့်အရေးများ ရလိုမှု
စသည်တို့ကို ဗိုလ်ချုပ်က ပြေလည်အောင် ဆောင်ရွက်ပေးသည်။
အားလုံးသဘောတူပြီးသော ပင်လုံစာချုပ်မူကြမ်းကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆက်လက် ဆွေးနွေးကြသည်။
ပြည်မအစိုးရ၏ ဘဏ္ဍာရေးအစီအစဉ်များကို နယ်ခြားဒေသ တိုင်းရင်းသားများက မေးမြန်းစုံစမ်းကြသည်။
ဤမေးမြန်းချက်များကို ဗိုလ်ချုပ်နှင့် ဦးတင်ထွဋ်တို့က စိတ်ရှည်ရှည်ထား၍ ဖြေကြားပေးသည်။
ဖြေကြားမှုများကို ကျေနပ်ကြသဖြင့် နောက်ဆုံးတွင် မူကြမ်းကို အားလုံး လက်ခံကြသည်။
တောင်တန်းသားများနှင့် မြန်မာပြည်မ မြေပြန့်တိုင်းရင်းသားများ ပူးပေါင်းပြီး လွတ်လပ်ရေးကို အရယူရန်
သဘောတူကြသည်။ တောင်တန်းမြေပြန့် ပူးပေါင်းရေး ပင်လုံစာချုပ်ကို ဖေဖော်ဝါရီ ၁၂ ရက်တွင်
လက်မှတ်ရေးထိုးကြသည်။ သမိုင်းဝင် ပင်လုံစာချုပ်ကို တိုင်းရင်းသား ခေါင်းဆောင် ၂၃ ဦး လက်မှတ်
ရေးထိုးကြသည်။ တိုင်းခြားသား နယ်ချဲ့သွေးခွဲစနစ် လောင်းရိပ်အောက်မှ အောင်မြင်စွာ ရုန်းထွက်နိုင်ကြပြီ
ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အားလုံးအတွက် မင်္ဂလာအရှိဆုံး
အချိန်ဖြစ်သည်။ သားစဉ်မြေးဆက် မမေ့အပ်၊ မမေ့နိုင်သော အချိန်အခါသမယဖြစ်သည်။ နောင်အခါတွင်
ထုတိသြဘာ မင်္ဂလာရှိသည့် ပြည်ထောင်စုနေ့ဟု ခေါ်သော နေ့ထူးနေ့မြတ်ကြီး သန္ဓေတည်သော
နေ့လည်းဖြစ်သည်။
ပင်လုံစာချုပ် လက်မှတ်ရေးထိုးပြီးသည်နှင့် တစ်ပြိုင်နက် စာချုပ်၏ လိုရင်း အကြောင်းအချက်များကို
ကြေးနန်းဖြင့် ဝန်ကြီးလောဒ်ပက်သစ်လောရင်(စ်) (Lord Pethick Lawrence) ထံသို့ ဗိုလ်ချုပ် အသိပေး
အကြောင်းကြားသည်။ ညီလာခံအောင်ပွဲကိုလည်း ပင်လုံတွင် ၁၂ ရက်နေ့၌ ခြိမ့်ခြိမ့်သဲသဲ ကျင်းပသည်။
ညီလာခံအောင်ပွဲသို့ ကိုယ်စားလှယ်တော်ကြီးများကို ဖိတ်ကြားသည်။ ဘော်တွန်မလီနှင့် ဗိုလ်ချုပ်တို့သည်
အောင်ပွဲသို့ကြွရောက်ပြီး စိတ်ရောကိုယ်ပါ ပါဝင်ဆင်နွှဲကြသည်။ ဗိုလ်ချုပ်သည် "ဖုံးကွယ်မျိုသိပ်
ထားလေ့ရှိသည်များ" ကို စွန့်ပယ်၍ အများသီဆိုကခုန်ရာတွင် ပါဝင်ဆင်နွှဲကာ "သူ၏အနားတွင်
ဘော်တွန်မလီ ရှိခြင်းအားဖြင့် အင်္ဂလိပ် မြန်မာ ဆက်ဆံရေး ပိုမိုခိုင်မြဲလာသည်" ဟု ရယ်စရာပြောသည်။
ရန်ကုန်သို့ ရောက်သည့်အချိန်မှစ၍ ပင်လုံညီလာခံ ပြီးသည်အထိ ဗိုလ်ချုပ်နှင့်လည်းကောင်း၊ ဖဆပလအဖွဲ့
ခေါင်းဆောင်များနှင့်လည်းကောင်း၊ ဘုရင်ခံ၏ ဝန်ကြီးအဖွဲ့ဝင်များနှင့် လည်းကောင်း၊ နယ်ခြားဒေသ
တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်းကောင်း၊ စော်ဘွားများနှင့်လည်းကောင်း၊ နယ်ခြားဒေသ
ဗြိတိသျှအရာရှိများနှင့်လည်းကောင်း ဘော်တွန်မလီ လက်ပွန်းတတီး တွေ့ထိဆက်ဆံခွင့်ရခဲ့သည်။
ပင်လုံညီလာခံအပေါ် မည်ကဲ့သို့ သုံးသပ်ဆုံးဖြတ်သည်ကို အပုဒ် ၁၂ ပုဒ်ခွဲ၍ ဖေဖော်ဝါရီ ၁၄ ရက်တွင်
ကြေးနန်းဖြင့် ပက်သစ်လောရင်(စ်) ထံသို့ ဘော်တွန်မလီ အကြောင်းကြားသည်။ "ဤညီလာခံသည်
လန်ဒန်စာချုပ် ပဋိညာဉ်အတိုင်း အတိအကျ ရုပ်လုံးဖော်ပေးသည်။ ထို့ကြောင့် ဘုရင့်အစိုးရအနေဖြင့်
လက်ခံသင့်ပါသည်" ဟု ဘော်တွန်မလီက ထောက်ခံပြောဆိုသည်။ ထို့ပြင် ပင်လုံ၌ ဗိုလ်ချုပ်ဆောင်ရွက်
လုပ်ကိုင်ပုံမှာ အထူးပင် လေးစားမှတ်သားလောက်သည်ဟု သူက ထုတ်ဖော်ပြောဆိုသည်။
"တောင်တန်းဒေသ တိုင်းရင်းသားများအား ငွေကြေးထောက်ပံ့ပြီး ဒေသတွင်း လွတ်လပ်စွာ အုပ်ချုပ်ခွင့်"
ပေးရန် ဗိုလ်ချုပ် အစွမ်းကုန် ခွင့်ပြုလိုက်လျောလိုသည်ကို ဘော်တွန်မလီ သတိထားမိသည်။
မြန်မာနိုင်ငံတွင် အခြားနိုင်ငံရေးသမားနှင့် နိုင်ငံရေးပါတီထံမှ ဤအခွင့်အရေးမျိုးကို တောင်တန်းသားများ
ရနိုင်လိမ့်မည် မထင်ဟု ယူဆသည်။ ထို့ပြင် ညီလာခံသို့ အဓိကကျသော တောင်တန်းဒေသတိုင်းရင်းသား
စုံစုံလင်လင် လာရောက်ကြသည်ဟု သူသဘောရသည်။ မပြောပလောက်သော အုပ်စုလောက်သာ
ကြွင်းကျန်သည်ဟု ဘော်တွန်မလီ ယူဆသည်။ သို့ရာတွင် ယင်းတို့လည်း ပင်လုံစာချုပ်နှင့် ပေါင်းစပ်
လိုသဖြင့် တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့ထဲသို့ဝင်သည်ကို မည်သူကမျှ
ဟန့်တားပိတ်ပင်မည် မဟုတ်သည်ကိုလည်း ဘော်တွန်မလီ ကောင်းစွာနားလည်သည်။
ပင်လုံညီလာခံ ပြီးဆုံးသည့်အခါ သက်ဆိုင်ရာ ဒေသအသီးသီးသို့ ကိုယ်စားလှယ်များ ပြန်ကြသည်။
ရန်ကုန်သို့ ပြန်ရောက်သည်တွင် ဗိုလ်ချုပ်၏ မိသားစုကိုလည်းကောင်း၊ ဘုရင်ခံ၏ မိသားစုကို လည်းကောင်း၊
အခြားမိတ်ဆွေ သင်္ဂဟများကိုလည်းကောင်း ဘော်တွန်မလီ သွားရောက် နှုတ်ဆက်ပြီး အင်္ဂလန်သို့ပြန်ရန်
စီစဉ်သည်။ ပေးအပ်သောတာဝန်ကို အောင်မြင် ကျေပွန်စွာ ထမ်းရွက်နိုင်ခဲ့သည်ဟု သူ၏ ကိုယ်ရေး
မှတ်တမ်းတွင် ဘော်တွန်မလီ တိတိကျကျ ဖော်ပြထားသည်။ သူထင်သည့်အတိုင်း ဝန်ကြီးချုပ်အက်တလီနှင့်
ပက်သစ်လောရင်(စ်) တို့ကလည်း ယူဆသည်။ "လေးစားတန်ဖိုးထားထိုက်သော ဆောင်ရွက်မှုများကို
ပင်လုံတွင် ဘုရင့်အစိုးရကိုယ်စား ဘော်တွန်မလီ ဆောင်ရွက်ခဲ့သည်" ဟု ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်
ကက်ဘိနက် အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။
စာချုပ်လက်မှတ်ရေးထိုးပြီးနောက် အမှတ်အသား ကျောက်တိုင်တစ်ခုကို ပင်လုံအနောက်ဘက်ရှိ နောင်ခွတ်
(တူအင်း) အနီးတွင် စိုက်ထူသည်။ ကျောက်တိုင်ဖြစ်မြောက်ရေးအတွက် ငွေ ၁၀၀၀ ကို ဗိုလ်ချုပ်
ထည့်လှူသည်။ မြန်မာနိုင်ငံအတွင်းရှိ တောင်တန်းတိုင်းရင်းသားများနှင့် မြေပြန့်တိုင်းရင်းသားတို့၏
ပူးပေါင်းမှုကို သရုပ်ဖော်သည့် ကျောက်တိုင်ဖြစ်သည်။
ပင်လုံညီလာခံနောက်ပိုင်း အလုပ်အလွန်များသော အခါသမယတွင် မအားမလပ်သည့်ကြားထဲမှ ၁၉၄၇ ခု၊
မေလ ၂၆ ရက်နေ့စွဲဖြင့် ခင်မင်ရင်နှီးသည့် ပြန်စာတစ်စောင်ကို ဘော်တွန်မလီထံ ဗိုလ်ချုပ်ရေးခဲ့သည်။
စာထဲတွင် ဖဆပလညီလာခံ ပြီးဆုံးခါစ ဖြစ်သည့်အကြောင်း၊ ညီလာခံနှင့်ဆိုင်သည့် စာရွက်စာတမ်းအချို့ကို
ပို့ပေးမည်ဖြစ်ကြောင်း၊ သူ၏ ဥက္ကဋ္ဌမိန့်ခွန်းကို အင်္ဂလိပ်ဘာသာသို့ ပြန်နေဆဲဖြစ်ကြောင်း၊ ပြီးသည့်အခါ
မိတ္တူတစ်စောင် ပို့ပေးမည်ဖြစ်ကြောင်း၊ မြန်မာများသည် လုံးဝလွတ်လပ်ရေးယူရန် ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း၊
ထို့ကြောင့် ယူနိုက်တက်ကင်းဒန်းနှင့် ထိုနိုင်ငံသားများအပေါ် မြန်မာတို့ ရင်းရင်းနှီးနှီး ဆက်ဆံမှု ပြုတော့မည်
မဟုတ်ဟု သဘောမထားစေလိုကြောင်း၊ လျော်ကန်သင့်မြတ်သော အချိန်ရောက်သည်နှင့် တစ်ပြိုင်နက်
ခိုင်မြဲသော အင်္ဂလိပ် - မြန်မာ ဆက်ဆံရေးဖြစ်မြောက်ရန် သူ၏ သြဇာအရှိန်အဝါ အသုံးပြုမည်ကို
ယုံကြည်စေလိုကြောင်း ရေးသားထားသည်။
ညီလာခံပြီး၍ တစ်ဆယ့်ငါးနှစ်ခန့် ကြာသည့်အခါ ရန်ကုန်သို့ ၁၉၆၂ ခု၊ စက်တင်ဘာလထဲတွင်
ဘော်တွန်မလီ ရောက်လာပြန်သည်။ ဤအခါ၌လည်း သူ့ကို ၁၉၄၇ ခုက ကြိုဆိုခဲ့သည့်အတိုင်း
မြန်မာနိုင်ငံက နွေးထွေးစွာ ကြိုဆိုသည်။ စက်တင်ဘာ ၂၂ ရက်ထုတ် Union Express အင်္ဂလိပ်
သတင်းစာတစ်စောင်က ဘော်တွန်မလီကို အောက်ပါအတိုင်း ချီးကျူးဂုဏ်ပြုထားသည်။
"လွန်ခဲ့သော တစ်ဆယ့်ငါးနှစ်က ဝန်ကြီးချုပ်အက်တလီ၏ တာဝန်ပေးချက်အရ ဒိုမီနီယံရေးရာ
ဒုတိယဝန်ကြီးရာထူးဖြင့် မြန်မာနိုင်ငံသို့ ဘော်တွန်မလီ လာရောက်ဖူးသည်။ လာရသည့်ကိစ္စမှာ
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်ပေါ်လာရေးအတွက် လိုအပ်သော အကူအညီများ ပံ့ပိုးပေးရန်အတွက်
ဖြစ်သည်။ ဘော်တွန်မလီသည် နယ်ခြားဒေသ တိုင်းရင်းသားများကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ
တွေ့ဆုံဆွေးနွေး၍ ယင်းတို့အားလုံး လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုအတွင်း နေထိုင်ပြီး
မြန်မာနိုင်ငံတော်ကို ထူထောင်မည်ဟူသော ကတိကို ရယူပေးနိုင်ခဲ့သည်။ ဤဆောင်ရွက်ချက်များကို
မြန်မာများသည် သတိလည်းရ၊ ကျေးဇူးလည်း တင်လျှက်ရှိပါသည်။ ဗြိတိသျှလူမျိုးထဲတွင် ဗိုလ်ချုပ်ကို
အများဆုံး ထိတွေ့နိုင်သူတစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း ဗိုလ်ချုပ်၏ စရိုက်လက္ခဏာကို သူသိတန်သရွေ့
သိပေလိမ့်မည်" - ဟူ၍ ဖြစ်သည်။
ထို့နောက် ခြောက်နှစ်ကြာသောအခါ ၁၉၆၈ ခုနှစ်ထဲတွင် ဘော်တွန်မလီသည် သူ့ဇနီးနှင့်အတူ
မြန်မာနိုင်ငံသို့ ရောက်လာပြန်သည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်နေဝင်း၏ အထူးဧည့်သည်တော်
အဖြစ် ဖိတ်ကြားခံရသောကြောင့် လာရောက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနှံ့ ခရီးဆန့်ခွင့် ရခဲ့သည်။ တစ်ဖန်
တစ်ဆယ့်သုံးနှစ်ကြာပြန်သော် ၁၉၈၁ ခု၊ ဖေဖော်ဝါရီလထဲတွင် ဘော်တွန်မလီ ဇနီးမောင်နှံတို့
မြန်မာနိုင်ငံသို့ ရောက်လာကြပြန်သည်။ အောင်ဆန်းတံခွန် ဘွဲ့တံဆိပ် အပ်နှင်းရန်အတွက်
မြန်မာနိုင်ငံတော်အစိုးရမှ ဖိတ်ကြားသဖြင့် ကြွရောက်လာခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၁၆ ရက်တွင်
ခမ်းနားကြီးကျယ်စွာ ခင်းကျင်းထားသော သမ္မတအိမ်တော် မင်းပွဲသဘင်၌ အာသာဂျော့ဘော်တွန်မလီ
O.BE., PC., M.P ကို အောင်ဆန်းတံခွန် ဘွဲ့တံဆိပ် အပ်နှင်းလိုက်သည်။ ဇနီးဖြစ်သူ ဘက်စီဘော်တွန်မလီ၊
D.B.E နှင့် ဗြိတိသျှသံအမတ်ကြီး စီအယ်(လ်)ဘုသ်နှင့် သူ့ဇနီးတို့လည်း ဤမင်းပွဲသဘင်တွင်
ရောက်ရှိနေသည်။
ဘွဲ့တံဆိပ်အပ်နှင်းခြင်းကို လက်ခံရန် စောင့်ဆိုင်းနေစဉ် ဗိုလ်ချုပ်နှင့် ပင်လုံတွင် လက်တွဲခဲ့ရပုံများကို
ဘော်တွန်မလီ ပြန်၍ သတိရကောင်း ရပေလိမ့်မည်။ ဗိုလ်ချုပ်၏ ရိုးသားပွင့်လင်းသော စိတ်ဓာတ်၊
မဆုတ်သော လုံ့လနှင့် မလျှော့သော ဇွဲတို့ကို ဘော်တွန်မလီ ပြန်၍ မှတ်မိကောင်း မှတ်မိပေလိမ့်မည်။
ထိုနည်းတူစွာပင် မင်းပွဲသဘင်အတွင်းရှိ ဘော်တွန်မလီကို သိသည့်ပုဂ္ဂိုလ်များသည်လည်း
သူစွမ်းဆောင်ခဲ့သည်များကို သတိရကြမည် ဖြစ်သည်။ သူ၏ တရားမျှတမှုစိတ်ဓာတ်၊ ဘက်လိုက်မှု
ကင်းစင်သည့် သဘောထားနှင့် ဖြောင့်မတ်ရိုးသားသည့် အသွင်လက္ခဏာတို့ကို ယင်းတို့ ဂုဏ်ယူမဆုံးကြပေ။
ဤစရိုက်လက္ခဏာများကို မြန်မာတိုင်းရင်းသားများ အားလုံးသည်လည်း သိပြီးဖြစ်ကြသည်။
တစ်နည်းဆိုသော် ဘော်တွန်မလီ၏ အကျင့်သိက္ခာ သမာဓိတို့သည် မြန်မာများ၏ အသည်းနှလုံးတွင် ထုံးဖွဲ့
ထင်ဟပ်၍ ကျန်ရစ်နေမည်မှာ မုချဧကန်ပင် ဖြစ်တော့သည်။
လှသိန်း (မြန်မာသမိုင်း သုတေသနစာစောင် - ၂၊ ၁၉၉၈ ခုနှစ်)
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/14/2013 09:46:00 AM
From: Blogger <no-reply@blogger.com>
Date: 2013/2/13
Subject: [လူဗိုလ်ဟူသည် ...] ပင်လုံညီလာခံနှင့် အေဂျီ ဘော်တွန်မလီ
To: lubo601@gmail.com
by Maung Thant on Sunday, February 10, 2013 at 7:51pm ·
ဗြိတိသျှတို့ မြန်မာနိုင်ငံကို အာဏာလွှဲပြောင်းပေးခြင်းသည် ၁၉၄၇ ခု၊ ဖေော်ဝါရီလ၌ ကျင်းပသော ပင်လုံညီလာခံနှင့် များစွာဆက်စပ်လျှက်ရှိသည်။ နယ်ချဲ့စနစ် ရုပ်သိမ်းသည့် ကိစ္စတွင် ဗြိတိသျှ ဗဟိုအစိုးရ၏
ကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားသူမှာ အေဂျီ ဘော်တွန်မလီ (A.G.Bottomley) ဖြစ်သည်။
သူသည် အပ်နှင်းခံရသော တာဝန်ကို သမာဓိရှိရှိ၊ ဖြောင့်ဖြောင့်မှန်မှန်၊ ကျေကျေပွန်ပွန် ဆောင်ရွက်ခဲ့သူ
ဖြစ်သည်။
ဗိုလ်ချုပ်နှင့် အေဂျီ ဘော်တွန်မလီ (Image by www.bbc.co.uk)

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.