[mrsorcerer:37294] Fwd: [လူဗိုလ်ဟူသည် ...] ကိုမင်းဇင် နှင့် အင်တာဗျူး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/14
Subject: [လူဗိုလ်ဟူသည် ...] ကိုမင်းဇင် နှင့် အင်တာဗျူး
To: lubo601@gmail.com



by Seaman Nayminthu on Thursday, February 14, 2013 at 4:23am ·
 

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
သတင်းစာဆရာ မှသည် နိုင်ငံရေးသိပ္ပံပညာရှင်သို့
(မင်းဇင်နှင့်တွေ့ဆုံခြင်း)

ကိုမင်းဇင်သည် The Foreign Policy's Transition Blog တွင် ပုံမှန်ပါဝင်ရေးသာနေသူဖြစ် ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံရေးလေ့လာသုံးသပ်သည့်ဖောင်းဒေးရှင်းများအတွက် သုတေသန စာတမ်းများစွာရေးသားခဲ့သည်။
ကိုမင်းဇင်သည် ၁၉၈၈ ခု ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် အထက်တန်း ကျောင်းသားတစ်ဦးအနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၈၉ မှစ၍ စစ်အစိုးအရ၏ ဖမ်းဆီး ထိန်းသိမ်းမည့် အန္တရာယ်မှရှစ်နှစ်ကြာ တိမ်းရှောင်ပုန်းအောင်းနေခဲ့ရာမှ ၁၉၉၇ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်သို့ထွက်ခွာ ခဲ့သည်။ ထိုကဲ့သို့ တိမ်းရှောင်နေစဉ်အတွင်း နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်ရင်း တစ်ဖက်တွင်လည်း စာပေများရေးသားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိပြီး နောက်ပိုင်းတွင် သူ၏လေ့လာသုံးသပ် ရေးသားချက်များ Foreign policy, The Irrawaddy, The Bangkok Post, Far Eastern Economic review, Wall Street Journal နှင့် အခြားစာစောင် များစွာတွင် ပါဝင်ရေးသားခဲ့သည်။ ယခုအခါ ကယ်လီဖိုးနီးယားရှိ ဘာကလေတက္ကသိုလ်(University of California, Berkeley) တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိရန်လေ့လာလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်န၀ါရ်ီလ အတွင်းက မြန်မာနိုင်ငံသို့ခေတ္တပြန်လာသော ကိုမင်းဇင်နှင့် တွေ့ဆုံပြီး မေးမြန်းဖြစ်သည်များကို ဖော်ပြလိုက်ပါသည်။

(Q)     ကိုမင်းဇင် မြန်မာနိုင်ငံနဲ့ဝေးနေခဲ့တာ ၁၆ နှစ်ရှိပြီ။ အခုပြန်ရောက်လာတော့ ခံစားရတဲ့ခံစားမှုနဲ့ ထူးခြားမှုတွေ ရှိသလားဆိုတာ အရင်ဆုံးပြောပြစေချင်ပါတယ်။

(A)     ဘယ်လိုပဲဖြစ်ဖြစ် ပြန်ရောက်လာတဲ့အခါ ၀မ်းသာပါတယ်။ အရေးအကြီးဆုံးကတော့ ကျွန်တော့်မိသားစုနဲ့ တွေ့ခွင့်ရတယ်။ ကျွန်တော်နိုင်ငံရပ်ခြားရောက်ပြီးခုလို ပညာသင်ခွင့်ရတယ်။ နိုင်ငံတကာ မီဒီယာတွေမှာ လည်း ဆောင်းပါးတွေဘာတွေ ရေးတယ်။ ဒါတွေအားလုံးဟာ တကယ်တော့ ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ ပါဝင်ခဲ့လို့ရရှိတဲ့ အသိအမှတ်ပြုခံရတာတွေလို့ ကျွန်တော် ခံယူပါတယ်။ ဒါကြောင့် ဒီလှုပ်ရှားမှုကြီးမှာ အတူတူပါဝင်ခဲ့တဲ့ သူငယ်ချင်းတွေ၊ ခေါင်းဆောင်တွေနဲ့ တွေ့ပါတယ်။ ကျွန်တော် ဘာလုပ်ပေးနိုင်မလဲပေါ့။ လုပ်ပေးနိုင်တာကို လုပ်ပေးချင်ပါတယ်။ ဒါကြောင့် ပထမတစ်ခုကကိုယ့်နိုင်ငံကိုပြန်ရောက်လို့ ပျော်ပါတယ်။ ကျွန်တော့်မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့ရလို့ ပျော်ပါတယ်။ နောက်တခုက ဒီမိုကရေစီရေး တလျှောက် ကျနော်တို့မိသားစုတကွဲတပြား၊ လူငယ်ဘ၀တွေဆုံးရှုံးဒုက္ခတွေမျိုးစုံ ကြုံခဲ့ရကြရသလို ဒီလှုပ်ရှားမှုကြီး ကြောင့်ပဲ ပိုရင့်ကျက်လာ၊ ခုလိုနိုင်ငံတကာအတွေ့ကြုံတွေ၊ အသိအမြင်တွေတိုးလာတာမို့ လှုပ်ရှားမှုကို ဘယ်လိုပြန် ပံ့ပိုးနိုင် မလဲဆိုတာ ကျွန်တော့စဉ်းစားချက်မှာ အဓိကအချက်အဖြစ်ပါပါတယ်။ နောက်ပြီးတော့ ကျွန်တော် ဒီမှာ သုတေသနလာလုပ်ချင်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့ အလားအလာတွေကို လေ့လာပါတယ်။ ပြီးတော့ ဒီကအာဏာပိုင်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့လည်းတွေ့ဖြစ်ပါတယ်။
ဘာထူးခြားလဲဆိုတော့ တခြားနိုင်ငံရေး၊ စီးပွားရေးတွေခဏထားပေါ့ဗျာ။ အဓိကပြောင်းသွားတာ ကတော့ physical landscape ပေါ့။ ကျွန်တော်တို့နေခဲ့တဲ့အိမ်၊ ရပ်ကွက်တွေက မမှတ်မိလောက် အောင်ပြောင်းလဲ သွားတာတွေ့ရတယ်။ လူတွေများလာပြီး ကန်ထရိုက်တိုက်မြင့်တွေကြားမှာ နည်းနည်းမွန်းကျပ်သလို ခံစား ရတယ်။ ထိုင်းနိုင်ငံက မြို့လေးတစ်ခုမှာရောက်နေတာလား ဒါမှမဟုတ် မလေးရှားက မြို့လေးတစ်ခု ရောက်နေတာလားလို့ ခံစားရတယ်။ မိသားစုတွေ၊ သူငယ်ချင်းတွေ ကတော့ တကယ့်ကိုနွေးနွေးထွေးထွေး ရှိလှပါတယ်။

(Q)     အခု ကိုမင်းဇင်နိုင်ငံခြားမှာ ပညာသင်ဖြစ်တော့Political Science (P.S) ယူဖြစ်တယ်လို့ သိရတယ်။ ဘာကြောင့် P.S ယူဖြစ်တာလဲ။ ယူဖြစ်ပုံလေးသိချင်ပါတယ်။

(A)     ယူဖြစ်တာက ကျွန်တော်က comfort zone ပေါ့လေ။ ကျွန်တော့်အတွက် သိပ်သက်သောင့် သက်သာဖြစ် လာပြီဆိုရင် ကျွန်တော်ကအဲဒီနေရာမှာ မနေချင်တော့ဘူး။ အဲဒီလို အနေအထားမျိုး ဖြစ်လာပြီဆိုရင် နောက်ထပ် ကျွန်တော့်အတွက် စိန်ခေါ်မှုရှိလာနိုင်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ပြန်အကဲစမ်းနိုင်တာမျိုး ဘာရှိမလဲဆိုတာကို စူးစမ်းဖြစ်ပါတယ်။ ကျွန်တော်နိုင်ငံရေးလုပ်ခဲ့တယ်။ Student activist ပေါ့လေ။ နောက် ထိုင်းရောက်တဲ့အခါ သတင်းစာဆရာလုပ်တယ်။ သတင်းစာဆရာလုပ်ရင်းနဲ့ နောက်ထပ် ငါ့အတွက် စိန်ခေါ်မှု ဘာတွေရှိနိုင်သေးသလဲပေါ့။ သတင်းစာ ဆရာလုပ်တဲ့အခါမှာလည်း ပထမပုံနှိပ်မီဒီယာ (print media) မှာလုပ်တယ်။
နောက်အသံလွှင့်မီဒီယာ မှာ လုပ်တယ်။ အဲဒီတော့ ကျွန်တော် စောစောကပြောခဲ့ သလိုပဲ ကျွန်တော့် အတွက် comfort zone ဖြစ်လာပြီဆိုရင် နောက်ထပ် ငါဘာများလုပ်နိုင်ဦးမလဲဆိုတာ အမြဲ ကိုယ့်ဟာကိုယ် ပြန်မေးဖြစ်တယ်။ အခြားအကြောင်းအချက်တွေရဲ့တွန်းအား၊ ဆွဲအား ဒါတွေလည်း ပါတာပေါ့လေ။ ဒါပေမယ့် အဓိက ကတော့ comfort zone မှာဆက်မနေချင်တာက ပိုအရေးပါတဲ့ စေ့ဆော် မှုပါ။ ဘယ်နေရာမှာမဆို တွယ်ကပ်နေချင်ရင်၊ နေနေတဲ့ လူတွေလည်းရှိတာပါပဲ။ ပြန်ချုပ်ပြောရရင် အဲဒီတော့ ပညာရေး လုပ်ချင်လာတယ်။ ဒါကြောင့် မီဒီယာလုပ်ငန်းကနေ ပညာရေးဘက်ပြောင်းခဲ့တယ်။ အခုတော့ နိုင်ငံရေးသိပ္ပံနဲ့ Ph.Dလုပ်နေပါတယ်။ အဲဒီအရင်ကတော့ အာရှလေ့လာရေးနဲ့ပေါ့လေ။ Master ယူ ပါတယ်။ ပြီးတော့မှ နိုင်ငံရေးသိပ္ပံနဲ့ပါရဂူဘွဲ အတွက် လုပ်နေပါတယ်။ ဒီကြားထဲမှာပဲ ဘာကလေ တက္ကသိုလ်မှာပဲ သတင်းစာပညာနဲ့ပတ်သက်ပြီး သင်ပြဖို့ရှိပါတယ်။
ဒီကပြန်ရင်လည်း နိုင်ငံရေးသိပ္ပံဌာနမှာ ခေတ်သစ် တရုတ်နိုင်ငံရေးအကြောင်း စာပြပေးဖို့ရှိပါတယ်။

(Q)     ကိုမင်းဇင်ဟာ activist တစ်ယောက်လည်းဖြစ်ခဲ့တယ်။ နိုင်ငံရေးသိပ္ပံလည်း လေ့လာနေတယ် ဆိုတော့ လက်ရှိမြန်မာ့နိုင်ငံရေးအပေါ် အမြင်ဘယ်လိုရှိလဲ သိချင်ပါတယ်။ ကိုမင်းဇင် မြန်မာနိုင်ငံကို ပြန်ရောက်ပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေနဲ့လည်းတွေ့တယ်၊ နေပြည်တော်သွားပြီး တော့လည်း ပြည်ထောင်စုအဆင့်လူကြီးတချို့နဲ့လည်းတွေ့ခဲ့တယ် ဆိုတော့ မြန်မာ့နိုင်ငံရေးကို သုံးသပ်ပေးပါဆိုရင် ဘယ်အချက်ကိုများစပြောချင်ပါသလဲ။

(A)     ပြောစရာတွေကတော့အများကြီးပါ။ ချုပ်ပြောရရင်တော့ မြန်မာ့နိုင်ငံရေးဟာ ပြောင်းလဲ လာတာတော့ အမှန်ပဲ။ ပွင့်လင်းလာတယ်။ အပွင့်တစ်ခု၊ အရွေ့တစ်ခုတော့ ရှိလာတယ်လို့ဆိုရမှာပါ။ access to power ပေါ့လေ။ ပိုပွင့်လာတယ်။ ဟိုတုန်းကတော့ နိုင်ငံရေးပါတီတွေတည်ထောင် ခွင့်မရှိဘူး။ ရှိတာတွေကိုလည်း မလှုပ်နိုင်အောင် နှိပ်ကွပ်ထားတယ်ပေါ့လေ။ နိုင်ငံရေးအကျဉ်းသား တွေလည်းရှိ၊ သတင်းမီဒီယာလွတ်လပ် ခွင့်လည်းမရှိဘူး။ အဲဒီလိုအခြေအနေတွေကနေ နိုင်ငံရေးပါတီတွေ ထူထောင်လာနိုင်တယ်။ ရွေးကောက်ပွဲဝင်နိုင်တယ်။ Civil society လို့ခေါ်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းကိစ္စတွေ လုပ်လာနိုင်တယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ပေးလိုက်တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်။ ပြည်ပမှာရောက်နေတဲ့ ကျွန်တော်တို့ကို ပြန်လာခွင့် ပေးတယ်။ တိုင်းရင်းသားကိစ္စတွေ ဆောင်ရွက်လာတာတွေရှိတယ်။
ဒါတွေဟာ အပြောင်းအလဲ တွေပါပဲ။ ဒါတွေဟာ access to power ပွင့်လာတာလို့ပြောလို့ရပါတယ်။ အာဏာကိုချဉ်းကပ်ရတာ ပိုလွယ်လာသလိုရှိတယ်။ အာဏာကိုဖောက်တဲ့လမ်း နဂိုကထက်ပိုကျယ် လာတယ်။ ဆိုပါတော့ ပါတီထောင်နိုင်တယ်၊ ပြီးတော့ရွေးကောက်ပွဲဝင်နိုင်တယ်။ ရွေးကောက်ပွဲဝင်နိုင် တယ်ဆိုပေမယ့် ရွေးကာက်ပွဲဝင်တိုင်း အာဏာရတာမဟုတ်ဘူး။ အာဏာကိုဘယ်သူက ကိုင်ထား သလဲ။ ဘယ်သူ့လက်ထဲမှာရှိသလဲ ဒါ အရေးကြီးပါတယ်။ exercise of power ကတော့ တပ်မတော် လက်ထဲမှာပဲရှိနေပါတယ်။ တပ်ကသာ အဓိကပါဝါကို ကိုင်ထားတုန်းပဲ။ ဒါပေမယ့် ဟိုတုန်းကလို ရှေ့ထွက်ပြီး တိုက်ရိုက်ကိုင်တဲ့ aggressive သဘောမျိုးတော့မဟုတ်တော့ဘူး။ passive veto ပေါ့လေ။ နောက်ကနေပြီး ညင်သာစွာ ထိန်းထားတဲ့နည်းပေါ့လေ။ အဲဒီတော့ပြောရရင် access to power ကတော့ ပိုကျယ်လာတယ်။ ဒါပေမယ့် exercise of power ကတော့ တပ်လက်ထဲမှာပဲလို့ ဆိုရပါမယ်။
အသွင်ကူးပြောင်းရေး transition literature စာပေမှာဆိုတဲ့စကားနဲ့ပြောရရင် တိုင်းပြည်ဟာ liberalization လို့ခေါ်တဲ့ ဖြေလျော့ပွင့်လင်းမှုရှိလာတယ်။ ဒါပေမယ့် democratization လို့ခေါ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဟုတ်မဟုတ်ဆိုတာတော့ မေးခွန်းထုတ်စရာ၊ စောကြောစရာ ဖြစ်ပါတယ်။

(Q)     Access to power ကတော့ပိုကျယ်လာတယ်၊ ဒါပေမယ့် exercise of power ကတော့ တပ်လက်ထဲမှာ ပဲလို့ ကိုမင်းဇင်ပြောခဲ့တယ်။ အပြောင်းအလဲတချို့ကို လုပ်ပေးနေတယ်။ ဒါပေမယ့် တကယ့်ပါဝါက တပ်လက် ထဲမှာဆိုတော့ အခုသွားနေတဲ့ဖြစ်စဉ်ဟာ တကယ်ပဲအပြောင်းအလဲ တစ်ခုဆီ သွားနေတာလား၊ ဒါမှမဟုတ် ပါဝါကို တပ်ကကိုင်ထားပီး သူတို့သွားစေချင်တဲ့လမ်းကြောင်း၊ သူတို့ဖြစ်စေချင်တဲ့အတိုင်း အပြောင်းအလဲကို ဆောင်ရွက်နေတာလား။ control လုပ်ပြီးပေါ့။ နောက်တစ်ခုက ဘာကြောင့်တပ်က နောက်ကနေ ပါဝါကို ကိုင်ထားချင်ရတာလဲဆိုတာ သုံးသပ်ပေးပါဦး။

(A)     ချုပ်ပြီးပြောရရင် ဒီအပြောင်းအလဲဟာ အုပ်စိုးသူက သူ့စိတ်တိုင်းကျ စီမံခန့်ခွဲပြီးပြောင်းလဲတဲ့ အပြောင်းအလဲ လို့ဆိုရမှာပါ။ regime-led transition ပေါ့။ အုပ်စိုးသူကဦးဆောင်ပြုလုပ်တဲ့ အပြောင်းအလဲပဲ။ နိုင်ငံရေး ဘောဂဗေဒအရပြောရရင် supply side ကနေပြီးမောင်းနှင်တာ။ ရောင်းလိုအားက"လမ်းကြောင်းပေး" ဆွဲ ခေါ်သွားတဲ့အပြောင်းအလဲပါ။ demand side ကနေပြီး မောင်းနှင်တာမဟုတ်ဘူး။ ဒါကြောင့် supply side driven transition လို့ ကျွန်တော်ပြောတာ။ ဒါကြောင့် ဒီအပြောင်းအလဲဟာ အုပ်စိုးသူ (အာဏာရှိသူ)တွေ က အခွင့်အရေးပိုသာတယ်။ အပေါ်စီးမှာရှိတယ်။
ဒါပေမယ့် တစ်ခုရှိတာကအပြောင်းအလဲဆိုတာက အုပ်စိုးသူတွေ မျှော်မှန်းတဲ့အတိုင်းလည်း ဖြစ်ချင်မှတော့ဖြစ်တတ်တာပါ။ သူတို့စီမံထားတဲ့ ဒီဇိုင်းအတိုင်း ပေါ့ဗျာ။ တခါတလေမဖြစ်တတ်ဘူး။ တစ်ကြောင်းဆွဲမျဉ်း linear ပေါ့။ အဲဒီလို မသွားတာမျိုးလည်း ဖြစ်တတ် ပါတယ်။ မမျှော်မှန်းထား တာတွေပေါ့။ ဥပမာပြောရရင် ရခိုင် ပြဿနာပေါ့။ ကချင်ပြဿနာပေါ့၊ အခုနောက်ဆုံး လက်ပံတောင်းတောင်လို ပြဿနာမျိုးတွေပေါ့။ နောက်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့NLD က အပြတ်အသတ်နိုင်တာမျိုးတွေပေါ့။
အဲဒီတော့ ပြောရရင် ဒီအပြောင်းအလဲမှာ အုပ်စိုးသူဘက်ကလိုချင်တာက authoritarian corporatism ဟိုတုန်း ကတော့ အတိုက်အခံတွေက သုံးပွင့်ဆိုင်ကိုပြောကြတာပေါ့။ တပ်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ တိုင်းရင်းသား ရယ်ပေါ့။ ဆွေးနွေးအဖြေရှာ ပြီးတော့မှ ရှေ့ဆက် သွားကြမယ်လို့ စဉ်းစားကြတာ။
အခုတော့ proxy ပေါ့လေ။ တပ်ကမွေးထုတ်ပေးလိုက်တဲ့ ခေါင်းဆောင်တွေပေါ့လေ။ ဦးသိန်းစိန်တို့လို၊ ဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့နဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်တွေပေါ့လေ။ သူတို့တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့အတိုက်အခံတွေကို သူတို့ရဲ့ game ထဲ၊ ကစားကွင်းထဲကိုဆွဲသွင်းပြီး ကစားစေတဲ့ကစားပွဲပါ။ အဲဒီတော့ တပ် သွားချင်တာက authoritarian corporatism ဒါပေမယ့် တကယ်ဖြစ်လာတာက competitive authoritarianism ပြိုင်ဆိုင်မှုရှိလာတယ်။ ခုနကစကား ပြန်ကောက်ရရင် access to power ကတော့ပွင့်လာတယ်။ ဒါပေမယ့် ဘယ်သူက ပါဝါရှိသလဲဆိုရင် သူတို့မှာ ပါဝါရှိတယ်။ အဆုံးသတ် အဆုံးအဖြတ်ပေးမှာ၊ ဘယ်သူက driver လဲဆိုရင် သူတို့က driver ပဲ ဖြစ်တယ်။ ပုံသဏ္ဌာန်အားဖြင့်ကတော့ အများကြီးပြောင်းသွားတယ်။ မကောင်း ဘူးလားဆိုတော့၊ ဖြေလျော့လာတာ၊ ပွင့်လာတာ သိပ်ကိုကောင်းပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။

(Q)     စိန်ခေါ်မှုတွေလို့ပြောတော့ အဲဒီအထဲမှာနိုင်ငံရေးပါတီတွေအတွက်ရော ဘယ်လိုစိန်ခေါ်မှုတွေ ရှိနိုင်သလဲ။

(A)     အတိုက်အခံတွေအတွက် အဓိကစိန်ခေါ်ချက်က နှစ်ခုရှိတယ်လို့ထင်တယ်။ တစ်ခုက အသွင်ကူးပြောင်းရေး လုပ်တဲ့နေရာမှာ အခြေခံကျတဲ့နားလည်မှုပေါ့။ အတိုက်အခံတွေရဲ့ ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည် ပေါ့နော်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေကြားမှာ အခြေခံကျတဲ့နားလည်မှု fundamental understanding ရှိပြီလား။ Transition အသွင်ကူးပြောင်းတဲ့ဖြစ်စဉ်တွေမှာ ချောမွေ့ဖို့ ဆိုရင် အခြေခံကျတဲ့ နားလည်မှု လိုအပ် ပါတယ်။ တောင်အာဖရိကမှာပဲကြည့်ကြည့်၊ ပိုလန်ကိုပဲကြည့်ကြည့် pact လို့ခေါ်တဲ့ သဘောတူညီချက်တွေလိုအပ်ပါတယ်။ နောက်ငါးနှစ်၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ်မှာ တပ်မတော်က ဘယ်လိုရှိမလဲ စသည်ဖြင့်ပေါ့လေ။ အဆင့်ဆင့်ဆုတ်ခွာသွားဖို့ လိုအပ်ပါတယ်။
အဲဒီလိုမျိုး တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ pact ရှိ၊ မရှိ မသိဘူး။ မရှင်းလင်းဘူး။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည်ဘက်က ရှင်းလင်းတာမျိုးလည်းမတွေ့ရတော့ သေချာ မသိရဘူး။
ဒါပေမယ့် နားလည်သလောက်၊ လက်လှမ်းမီသလောက်ပြောရရင်တော့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား အဲဒီလိုနားလည်မှုမျိုး မရှိလောက်ဘူးလို့ ယူဆရတယ်။ မီးစင်ကြည့် ကနေကြတဲ့သဘောမျိုး ရှိပါတယ်။ ပြောရရင် လွှတ်တော် တက်ခါနီး ကျမ်းသစ္စာကျိန်ဆိုတဲ့ ကိစ္စမျိုးပေါ့လေ။ အခုနောက်ပိုင်း ရခိုင်ကိစ္စ၊ ကချင်ကိစ္စ၊ လက်ပံတောင်း တောင်ကိစ္စ တွေ့ကြုံရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ad hoc ဖြစ်တာမျိုးတွေ တွေ့လာရတယ်။ ရှေ့နောက်မညီတာ policy incoherencies တွေ တွေ့လာရတယ်။ မူဝါဒနဲ့ပတ်သက်တဲ့ အားနည်းချက်တွေ တွေ့လာရပါတယ်။ အခုထိpact မရှိသေးလို့ ရှေ့ဆက်ပြီးတော ရှိအောင်ကြိုးစားနေလားဆိုတော့ အဲ့ဒီ လက္ခဏာမျိုးလည်း ခုထိမတွေ့ရဘူး။
၂၀၁၅ ရွေးကောက်ပွဲမှာ မဲအပြတ်နိုင်ရင် ငါတို့အာဏာရပြီ။ ဖွဲ့စည်းပုံပြင်မယ်စတဲ့ formal politics သဏ္ဌာန်နိုင်ငံရေးနောက် သိပ်လိုက်ရင် ရေလိုက်မှားသလို ဖြစ်နိုင် ပါတယ်။ အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေမှာ၊ ပဋိပက္ခလွန် post-conflict လူ့အဖွဲ့စည်းတွေမှာ နိုင်သူ အကုန်ယူကြေး winner takes all ဆိုတဲ့အကွက်မျိုးနဲ့ကစားရင် အောင်မြင်ဖို့ခဲယဉ်းပါတယ်။ မြန်မာပြည်က ၁၉၉၀ ရွေးကောက်ပွဲ၊ အလားတူပဲ အနီးစပ်ဆုံး ၁၉၉၃ ကမ္ဘောဒီးယားရွေးကောက်ပွဲ ကနေ ၁၉၉၇ အာဏာသိမ်းပွဲတွေကို ကြည့်ရင် နိုင်သူအကုန်ယူဆိုတာထက် အာဏာခွဲဝေဖို့၊ အာဏာရှင်တွေအနေနဲ့  အာဏာက စနစ်တကျဆုတ်ခွာဖို့ အခြေခံနားလည်မူယူရေး pact ကပိုအရေးကြီးပါတယ်။
ခုအဲ့ဒါမရှိပါဘူး။ ဒါက နံပါတ်တစ်အတိုက်အခံတွေအတွက် စိန်ခေါ်ချက်ပါ။ နောက်တစ်ခုကတော့ နိုင်ငံရေးပါတီတွေ၊ အတိုက်အခံတွေအနေနဲ့လူ ပုဂ္ဂိုလ်ကိုကျော်လွန်ပြီး အဖွဲ့အစည်းနဲ့ ကျင့်ထုံးတွေ အားကောင်းအောင် institutionalization ပေါ့လေ။ လုပ်နိုင်တဲ့အား နည်းတယ်လို့ထင်ပါတယ်။ အတိုက်အခံတွေအနေနဲ့ လှုပ်ရှားနိုင်မှုပဲရှိတယ်။ ညီညွတ်ရေးအပိုင်း မှာလည်း အားနည်းတာ တွေ့ရတယ်။ ပြီးတော့ မဟာဗျုဟာလည်း ပီပီပြင်ပြင်မရှိဘူးလို့ မြင်တယ်။ သန်ရာကိုလုပ်နေကြတယ်။ လုပ်ခင်းလုပ်ကွက်တွေက စနစ်တကျမရှိတာ တွေ့ရတယ်။
ဒီမိုကရေစီအရေးတော်ပုံကြီးမှာပါဝင်ခဲ့ပြီး ပြန့်ကြဲနေတဲ့အင်အားစုတွေကိုပြန်စုစည်းပြီး ဦးဆောင်မှု ပေးနိုင်ဖို့။ ပိုအရေးကြီးတာက သူတို့ပါဝင် ဆောင်ရွက်ခဲ့မှုတွေအပေါ် အသိအမှတ်ပြုမှုပါ။ ငါတို့လည်းပါဝင်ဆောင်ရွက်နေပါလားဆိုတဲ့ခံစားမှုမျိုး ရှိနေရန်လိုအပ်ပါတယ်။ အဲဒါ လုံးဝအရေးကြီး ပါတယ်။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ခေါင်းဆောင်က စနစ်ကျအောင်၊ ငါမရှိရင်လည်း ခေါင်းဆောင်နိုင်အောင် အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ အရင်းအမြစ်တွေမွေးထုတ်ပေးနိုင်ရမယ်။ တစ်ဗိုလ်တက်တစ်ဗိုလ်ဆင်း အခြေအနေမျိုးဖြစ်အောင် ဆောင်ရွက်ထားနိုင်ဖို့လိုအပ်ပါတယ်။ လူနဲ့ဦးဆောင်တာ၊ အုပ်ချုပ်တာမဟုတ်ဘဲ စနစ်နဲ့  run တာဆိုတဲ့ အခြေအနေရာက်အောင် ပုံစံကျစွဲမြဲအောင် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။
အဲဒီလို ဆောင်ရွက်မှုမျိုး ခုချိန်ထိတော့ မတွေ့မိသေးဘူး။ အဲဒါဟာ အတိုက်အခံတွေအတွက် နောက်ထပ်စိန်ခေါ်ချက် တစ်ခုပါပဲ။ နောက်ထပ်စဉ်းစားစရာတွေလည်း ရှိပါသေးတယ်။ ဥပမာတခု ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဟာ ကျွန်တော်တို့နိုင်ငံရဲ့ထွက်ပေါက်လား၊ ဒါမှမဟုတ် တပ်မတော်က သူတို့ထွက်ပေါက်အဖြစ် အသုံးချနေ တာလား။ စဉ်းစားစရာပေါ့။ ပထ၀ီနိုင်ငံရေးနဲ့ ပတ်သတ်ပြီးတော့လည်း စဉ်းစားစရာတွေ အများကြီးပါ၊

(Q)     ကိုမင်းဇင်ပြောသွားတဲ့အထဲမှာ အခုအပြောင်းအလဲဟာ supply-driven transition အပြောင်းအလဲဖြစ် တယ်လို့ ပြောသွားပါတယ်။ ဒါဆိုရင် demand side က ဒီအပြောင်းအလဲမှာ ဘာလုပ်ဖို့လိုအပ်ပါသလဲ၊ ဘယ်လိုရပ်တည်သွားသင့်သလဲဆိုတာ ကိုမင်းဇင်ရဲ့အမြင် ဆက်ပြော ပြပါဦး။

(A)     စောစောက ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်နဲ့ကြားမှာ Fundamental Pact ရှိ၊ မရှိ ဒါအရေးကြီးပါတယ်။ အသွင်ကူးပြောင်းရေးကာလမှာ အခြေခံဥပဒေ ပြင်တာ တစ်ခုတည်း နဲ့မပြီးဘူး။ ပြီးတော့ ရွေးကောက်ပွဲမှာနိုင်တာနဲ့လည်း ပြဿနာတွေက မပြီးနိုင်ဘူး။ စောနက ဥပမာလိုပဲ ကမ္ဘောဒီးယားမှာ ကြုံခဲ့ဖူးတယ်။ သီဟာနုသား ရာနာရစ် ရွေးကောက်ပွဲမှာ နိုင်တာပဲ။ ဒါပေမယ့် အဆုံးမတော့ ဟွန်ဆန်က အာဏာမပေးဘူး။ ဒီတော့ winner takes all လူထုထောက်ခံမှု ငါ့မှာရှိတယ်။ ရွေးကောက်ပွဲနိုင်အောင် လုပ်ကြမယ်ဆိုတာတစ်ခုတည်းနဲ့ မရဘူး၊ မလုံလောက်ဘူးလို့ ထင်တယ်ဗျ။ post-conflict ကာလမှာ အရေးကြီးတာက negotiation skill နည်းနဲ့ bargain တွေ ထိထိမိမိလုပ်နိုင်ဖို့ လိုပါတယ်။ ထိထိမိမိ ဆိုတဲ့စကားကို ကျွန်တော် အလေးအနက် ပြောချင်တယ်။ ပြောင်းတဲ့အခါမှာလက်ရှိအာဏာရရှိထားတဲ့သူတွေ အတွက် ခြိမ်းခြောက်မှုမရှိဘူး၊ လုံခြုံမှုရှိတယ် ဆိုတာပြဖို့ လိုအပ်ပါတယ်။ အဲဒီဟာတွေအတွက် နှုတ်ကတိနဲ့တင် မလုံလောက်ဘူးလို့ထင်ပါတယ်။ institution အလိုက်ကိုဆွဲခေါ်နိုင်ဖို့ လိုပါတယ်။ နှစ်ဖက်စလုံးမှာ ပထမတန်းခေါင်းဆောင်တွေတင် မဟုတ်ဘဲ၊ ဒုတိယတန်း၊ တတိယတန်း ခေါင်းဆောင်တွေကိုပါ ဆွဲခေါ်ပြီး binding ဖြစ်ဖို့၊ ချည်ထားဖို့လိုပါတယ်။ ကျွန်တော်တို့ အဲဒီလို လုပ်နိုင်ဖို့လိုပါတယ်။ မလုပ်နိုင်ဘူး ဆိုရင် တော့လုံခြုံစိတ်ချရတဲ့ transition လို့ပြောနိုင်ဖို့ခက် ပါလိမ့်မယ်။

(Q)     အခုဆိုရင် အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး သမ္မတကြီးဦးသိန်းစိန်ကို အမှတ်ပေးကြတယ်။ ဒါပေမယ့် အခုဆောင်ရွက်ခဲ့တဲ့ အပြောင်းအလဲတွေက ထိန်းချုပ်ထားတာတွေကို ဖြေလျှော့ပေး ခဲ့တာတွေဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာမျိုး၊ စာပေစိစစ်ရေး ဖျက်သိမ်းပေး တာမျိုးပေါ့။ ဒီတော့ နိုင်ငံရေးအရတော့ လွတ်လပ်လာတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ စီးပွားရေးကပိုကျပ်လာတယ် ဆိုတဲ့အသံတွေကြားလာရတယ်။ ဒီစီးပွာရေးပိုကျပ်လာတာ အပါအ၀င် ရှေ့မှာတွေ့ရမယ့် စိန်ခေါ်ချက်တွေအတွက် ဘာတွေဆောင်ရွက်ဖို့လိုမယ်လို့ ထင်ပါသလဲ။

(A)     အကျဉ်းချုပ်ပြီးပြောရရင် စိန်ခေါ်မှုလေးခုရှိတယ်လို့ မြင်ပါတယ်။ တစ်ခုကတော့ တရားဝင်မှုနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှု။ လက်ရှိအစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး တက်လာတာ။ လူထုက ရွေး ကောက်ထားတယ်ဆိုပေမယ့် အစစ်အမှန်လို့မဆိုနိုင်ဘူး။ ဒါကြောင့် အုပ်စိုးသူနဲ့အုပ်စိုးခံကြား အာဏာခွဲဝေ မှုမှာ တစ်ဖက်စောင်းနင်းဖြစ်နေတယ်လို့ ဆိုနိုင်တယ်။ ဒါကြောင့် တရားဝင်မှု legitimacy ပေါ့။ ဒါက ဒေါင်လိုက်ပြဿနာ။ နောက်တစ်ခုက အလျားလိုက် ပြဿနာ။ ဗဟိုနဲ့တိုင်းရင်းသားတွေကြား ပြဿနာ၊ ပြည်မနဲ့ပြည်နယ်တွေကြား ပြဿနာတွေပေါ့။ မပြေလည်ဘူး။ ဗမာတွေနဲ့တိုင်းရင်းသားတွေကြား ပြဿနာ မဖြေရှင်းနိုင်ရင်လည်း ဒါ တရားဝင်မှု ပြဿနာရှိနေတယ်။ legitimacy crisis ပဲ။
ဒုတိယအချက်ကတော့ security crisis ။ လုံခြုံရေးနဲ့ဆိုင်တဲ့ပြဿနာ။ ရခိုင်ပဋိပက္ခမှ အစပေါ့လေ national security ။ တခါ human security လူသားဘ၀ လုံခြုံရေး၊ အခွင့်အရေး၊ အကြောက်တရား၊ စားဝတ်နေရေးပြဿနာတွေ ရှိနေတယ်။ နံပါတ်သုံးကတော့ social economic crisis လူမှုစီးပွားရေး ပြဿနာ၊ တိုင်းပြည်မှာဆင်းရဲတဲ့ သူက သိပ်ဆင်းရဲပြီး ချမ်းသာတဲ့သူက အရမ်းကိုချမ်းသာနေတယ်။ ဆင်းရဲချမ်းသာကွာဟမှုကြီးမားနေတယ်။ ဒီအပြောင်းအလဲဟာ လူထုကိုတကယ်ဝန်ဆောင်မှု မပေးနိုင်ဘူးဆိုရင် ကြာလာရင် လူထုက အပြောင်းအလဲကို စိတ်ကုန်လာလိမ့်မယ်။ လူထုကစိတ်ကုန်လာရင် အကျိုးဆက်တွေက မကောင်းနိုင်ဘူး။ ဒီစိန်ခေါ်မှုဟာ ကြီးမားပါလိမ့်မယ်။ နောက်တစ်ခုက capacity နဲ့ဆိုင်တယ်။ အရည်အသွေးဆိုင်ရာစိန်ခေါ်မှု။ ဆိုလိုတာက state capacity အရမ်းအားနည်းနေတယ်။ ရေ၊ မီး၊ လမ်းပန်းစတဲ့ အခြေခံဆောက်အအုံကစလို့ ပညာရေး၊ ကျန်းမာရေး၊ ၀န်ထမ်းအဖွဲ့အဆင့်ဆင့်နဲ့ မီဒီယာအဆုံး ပေါ့လေ၊ ကျွန်တော်တို့မှာ အရည်အချင်း၊ အရည် အသွေးပိုင်းဆိုင်ရာ အားနည်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်မဟုတ်လား။
အဲဒီတော့ အဓိကပြဿနာ လေးခု ရှိတယ်။ ဒါကို ဦးသိန်းစိန် တစ်ယောက်တည်း ဖြေရှင်းလို့ မရနိုင်ဘူး။ ဒါတွေဟာ အဆောက်အအုံဆိုင်ရာ structural ပြဿနာ၊ institutional ဆိုင်ရာ ပြဿနာပါ။ တစ်ခါနိုင်ငံရေးယဉ်ကျေးမှု political culture ဆိုင်ရာ ပြဿနာလည်းဖြစ်တယ်။ ဒါကို ဖြေရှင်းဖို့ဆိုရင် အင်အားစုအားလုံးပါဝင်ဖို့ လိုတယ်။ တတ်နိုင်သမျှ အားလုံးပါဝင်ဖို့ inclusive ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ ချက်ချင်းကြီးပြောင်းလဲနိုင်ဖို့ကိုတော့ မမျှော်လင့်သင့်ဘူး။
အဲဒီတော့ ကျွန်တော်ပြောခဲ့တဲ့ ပြဿနာလေးခု။ တစ်က တရားဝင်မှုပြဿနာ၊ နှစ်က လုံခြုံမှု ဆိုင်ရာပြဿနာ၊ သုံးက လူမှုစီးပွားရေးဆိုင်ရာပြဿနာနဲ့ လေးက အရည်အသွေးပိုင်း ကျွမ်းကျင်မှု ဆိုင်ရာ ပြဿနာတွေဖြစ်ပါတယ်။ အဲဒီပြဿနာ၊ စိန်ခေါ်မှုတွေကို ဘယ်လိုရှင်းမှာလဲ။ စဉ်းစားဖို့ လိုပါတယ်။ ဒါတွေ ဖြေရှင်းဖို့ ဘုံသဘောတူညီချက် လိုအပ်ပါလိမ့်မယ်။ သေချာ contract နဲ့မလုပ်ဘဲ သန်ရာသန်ရာရှင်းနေ ကြမယ်ဆိုရင် အသွင်ကူးပြောင်းရေးရဲ့ပီပြင်မှုက မေးခွန်းထုတ်စရာ ဖြစ်နေပါလိမ့်မယ်။ ကျွန်တော့် အမြင် ကတော့ ခုချိန်ဟာ သိပ်အကဲဆတ်တဲ့အချိန်လို့ မြင်ပါတယ်။ အဲဒီအခြေအနေကိုကျော်ဖြတ်ဖို့ဆိုရင် informed debates တွေလုပ်ဖို့လိုပါမယ်။ partisanship ပေါ့လေ။ ကိုယ့်လူ၊ ကိုယ့်အင်အားစုအသာရရေးကို စဉ်းစားမယ်ဆိုရင် အမှန်တရားကိုရနိုင်ဖို့ လွယ်မယ်မထင်ပါဘူးလို့ မြင်ပါတယ်။

(Q)     နောက်ဆုံးတစ်ခုအနေနဲ့ မေးချင်ပါတယ်။ အဲဒါကတော့ ကိုမင်းဇင် စောစောက ပြောတဲ့ အထဲမှာ ဒီကိုပြန်လာပြီး research လုပ်ချင်တယ်လို့ပြောပါတယ်။ ဘယ်အပိုင်းတွေကိုလေ့လာချင် research လုပ်ချင်တာပါလဲ။

(A)     ကျွန်တော့်ရဲ့ပါရဂူဘွဲ့စာတမ်းအတွက် လုပ်ချင်တာပါ။ SSR လို့ခေါ်တဲ့ Security Sector Reform အတွက် လုပ်ချင်တာပါ။ လုံခြုံရေးကဏ္ဍနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး ဘယ်လို လုပ်ကြသလဲ ဆိုတာပေါ့လေ။ စစ်တပ်တွေအာဏာစွန့်တဲ့အခါ ဘာကြောင့်စွန့်သလဲ၊ ဘယ်လို စွန့်သလဲဆိုတာ နိုင်ငံတကာရလဒ်တွေနဲ့ နှိုင်းယှဉ်ပြီးတော့ လေ့လာချင်တာပါ။ အခြားနိုင်ငံပေါင်း များစွာနဲ့နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံကိုသုံးသပ်ချင်တာပါ။ လက်ရှိမြန်မာနိုင်ငံ အပြောင်းအလဲနဲ့ ပတ်သက်ပြီး ရှိနေတဲ့ သီအိုရီတွေက သေသေချာချာ မရှင်းပြနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံ အပြောင်းအလဲဟာ model အသစ်ဖြစ်မလား။ ဖြစ်နိုင်မလား၊ ဖြစ်နိုင်တယ်ဆိုရင် အခြားနိုင်ငံတွေက apply လုပ်နိုင် အောင်လေ့လာချင်၊ သုတေသနလုပ်ချင်တာပါ။


ပြည်သွေးနိုင်

( Forwarded Email မှ ရရှိပြီး စိတ်ဝင်စားဖွယ်ကောင်းသဖြင့် ကူးယူတင်ပြခြင်း ဖြစ်ပါသည်)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/15/2013 10:48:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.