သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


အပစ်ရပ်ရေးမူကို ဆက်ဆွေးနွေးရန် KIO နှင့် အစိုးရတို့ သဘောတူလက်မှတ်ထိုး

Posted: 12 Mar 2013 04:35 AM PDT

KIO နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတည်၌ မတ်လ ၁၁ ရက်မှ  ၁၂ ရက်နေ့အထိ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာ ၄င်းဆွေးနွေးပွဲအတွင်း နှစ်ဘက် ခိုင်မာသည့် အပစ်အခတ်ရပ်ဆိုင်းရေး ရ သည်အထိ ဆောင်ရွက်သွားမည် ဆိုသည့် အချက်ကို နှစ်ဦးနှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့သည် ။
kio meetingKIO နှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဆွေးနွေးပွဲ

အဆိုပါ ဆွေးနွေးပွဲပြီးဆုံးသည့် မတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်း တရုတ်စံတော်ချိန် ၁ နာရီခွဲခန့်တွင် KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွမ်မော် နှင့် မြန်မာအစိုးရစစ်တပ်မှ ကစထမှူး ဒုဗိုလ်ချုပ်ကြီး မြင့်စိုးတို့က မီဒီယာများကို ထိုသို့ ပြောကြားခြင်း ဖြစ်သည် ။

"ဒီကနေ့ ဆွေးနွေးပွဲမှာ အရေးကြီးတဲ့ ရလဒ်ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ် ပြီးတော့ ခိုင်မာတဲ့ အပစ် အခတ်ရပ် စဲရေး သဘောတူညီချက်ရတဲ့အထိ ဆက်လုပ်သွားမယ် ဆိုတဲ့အချက်တွေက အရေးကြီးပါတယ်။ ဒါတွေကို အကောင်အထည်ဖေါ်နိုင်တဲ့အထိ ဆက်လုပ်သွားမယ်လို့ လက်မှတ်ရေး ထိုးထား တာ ဖြစ်ပါတယ် " ဟု ဗိုလ်ချုပ်ကြီး ဂွမ် မော်က ပြောသည်။

ထို့အပြင် အချက် ၄ ချက်ပါ ကြေငြာချက်တစ်စောင်ထုတ်ပြန်ရာတွင် နှစ်ဘက် သဘောတူလက်မှတ်ရေးထိုး ခဲ့သည့် အချက်များကိုထည့် သွင်းဖေါ်ပြထားသည် ။

အဆိုပါ သဘောတူညီချက်များအနက် အရေးကြီးသည့် အချက်တစ်ခုမှာ တပ်ပိုင်းဆိုင်ရာကိစ္စများ ဖြစ်ပြီး ပြဿနာဖြစ်ပွား နိုင်သည့် ဒေသများ ရှိ နှစ်ဘက်တပ်တပ်ဖွဲ့များဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆက်လက် ဆွေးနွေးသွားမည်ဟု ကြေငြာ ချက်တွင် ဖေါ်ပြသည် ။

"ခိုင်မာတဲ့အပစ်အခတ်ရပ်ဆဲရေး ဖြစ်ဖို့က နှစ်ဦးနှစ်ဘက် ညှိနှိုင်းမှုတွေဆက်လုပ်မယ်။ ဥပမာ နှစ်ဘက် နီးကပ်စွာရှိတဲ့ တပ် တွေ အဲဒီတပ် တွေ ကိစ္စပါ ဆက်လက်ပြီးတော့ ညှိနှိုင်းမှုတွေဆက်လုပ်မယ် " ဟု ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး က  ပြောသည် ။

ထို့အပြင် ပဋိပက္ခဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကို ကွင်းဆင်းလေ့လာစောင့်ကြည့်နိုင်ရေးနှင့် နှစ်ဘက်ပိုမို နီးကပ်စွာ ညှိနှိုင်းဆောင် ရွက်နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြပ်ရေးရုံးများကို နှစ်ဘက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန်လည်း သဘောတူခဲ့သည် ။

၎င်းဆွေးနွေးပွဲသို့ မြန်မာအစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတမ်းကော်မတီဝင် ဦးဆွမ် လွတ်ဂမ် ဦးဆောင် သည့် KIO ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့သည် ။
လေ့လာသူများအဖြစ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ် ၄ ဦး ၊ SSPPမှ ကိုယ်စားလှယ် ၂ ဦး ၊ RCSS မှ ကိုယ်စားလှယ် ၂ ဦး ၊ NDAA မှ ကိုယ်စားလှယ် ၂ ဦး ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ကိုယ်စားလှယ် ၄ ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ သံမှူးကြီး Mr. Wang Zongying တို့ တက်ရောက်ခဲ့သည် ။
KIOနှင့် အစိုးရတို့အကြား လာမည့် ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ နောက်တစ်ကြိမ်ဆွေးနွေးပွဲများ ထပ်မံပြုလုပ်သွားရန် သဘောတူညီ ထားကြောင်းလည်း သိရသည် ။

သျှမ်း - ကယား ညီလာခံ UWSP/UWSA တက်မည်

Posted: 12 Mar 2013 04:34 AM PDT

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လာမည့်အပတ်အတွင်းကျင်းပမည့် ငြိမ်းချမ်းရေးဆိုင်ရာ သျှမ်း -ကယားညီလာခံအား ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ကိုယ်စားလှယ်တက် ရောက်မည်ဟု စုံစမ်းသိရှိရပါသည်။
Trust-Building-for-Peace-2သျှမ်း- ကယား ညီလာခံ ဖိတ်စာ
 
"လားရှိုးမှာ ကျင်းပမယ့် သျှမ်း - ကယား ဆွေးနွေးပွဲအတွက် ကျနော်တို့ ၂၅ ဖွဲ့ဖိတ်ထားတယ်။ အခု ပထမဦးဆုံး တက်မယ့်သူနာမည် စာရင်းတင်လာတာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် က၊ နှစ်ယောက်လာတယ်မယ်။ တက်မယ့်သူတွေ တော်တော်များများ စာရင်းရောက်နေပါပြီ" ဟု သျှမ်း - ကယား ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ ပြောခွင့်ရ စိုင်းလိတ်ကပြောသည်။

မတ်ခ်ျလ ၂၀ မှ ၂၂ အထိ သုံးရက်ကြာကျင်းပမည့် သျှမ်းပြည်နယ်- ကယားပြည်နယ် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည် ဆောက်ခြင်းဆွေးနွေးပွဲအတွက် ဝ ပြည်သွေးစည်း ညီညွတ်ရေး ပါတီ/ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA  ၏ ပြင်ပဆက်ဆံရေး ဒုဌာနမှူး ဦးရှောက်ဆမ်ခွန်း နှင့် ပန်ဝိုင်မှ စော်ဘွားမျိုးနွယ် တာ့ယီ့ပလစ်တို့အား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ထား သည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းကလည်း ပြောပါသည်။

"သက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ မကျကျန်ရ လေအောင် ကျနော်တို့ စာရင်းနဲ့ဖိတ်ထားတယ်။ လာကြမယ်လို့လဲကျနော်တို့မျှော်လင့်တယ်" - ဟု စိုင်းလိတ်က ပြောပါသည်။

လားရှိုးမိုတယ်၌ ကျင်းပမည့် အဆိုပါ သျှမ်းပြည်နယ်- ကယားပြည်နယ် ငြိမ်းချမ်းရေး အတွက် ယုံကြည် မှု တည် ဆောက်ခြင်းဆွေးနွေးပွဲအား တက်ရောက်မည့် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်တပ်ဖွဲ့ စုစု ပေါင်း ၂၅ ဖွဲ့အနက် ကယားနိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်ဖွဲ့၊ လူမှုအသင်းအဖွဲ့ ၈ ဖွဲ့ ပါဝင်မည် ဟု ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ ဒုခေါင်းဆောင်ဖြစ်သည့် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်း ရေးမှူး ၁ ဗိုလ်မှူးစောလွင်က ပြောပါသည်။


နမ့်ခမ်းလူသတ်မှုတရားခံ မူစယ်ခရိုင်ရုံးသို့လွှဲပြောင်း

Posted: 12 Mar 2013 04:33 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ လူသတ်မှုဖြင့် ထိန်းသိမ်းခံထားရသည့် ပြည်သူ့လွှတ်တော်အမတ် (ပန်းဆေးပြည်သူ့စစ် ခေါင်းဆောင်) ဦးကျော်မြင့်၏တူ မူစယ်ခရိုင်တရားရုံးသို့ လွှဲပြောင်းကာ ရမန်ပြစစ်ဆေးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။
li fan
နမ့်ခမ်းဒေသခံစိုင်းအိုက်လိန်အား ဓါးဖြင့်ခုတ်သတ်သော တရားခံ လိဖန်
 
"ကျနော်တို့ ၆ ရက်နေ့တုန်းက နမ့်ခမ်းရဲစခန်းကိုဖုန်းဆက်တယ်။ စခန်းမှူး ရဲအုပ် ကျော်စိုးက တရားခံကို ခရိုင်ပို့လိုက်တာ ဟိုးလွန် ခဲ့တဲ့ ၄ ရက်နေ့ကတည်းကလို့ ပြောတယ်။ ၇ ရက်နေ့တုန်းက နမ့်ခမ်းရဲစခန်းမှာ လူတချို့ သွားတွေ့ခွင့်တောင်းတော့ မရှိတော့ဘူး။ အချုပ်ခန်းစောင့်ရဲက အချုပ်ခန်းကို Webcam နဲ့ တရားခံမရှိကြောင်း ပြတယ်။ တကယ်လဲမတွေ့ရဘူး" ဟု နမ့်ခမ်းဒေသခံတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

မတ်ခ်ျလဆန်းပိုင်းက လူသတ်တရားခံ လီဖန် ဆိုသူအား နမ့်ခမ်းမြို့နယ်ရဲစခန်းက မူစယ်ခရိုင်ရုံးသို့ လွှဲအပ်လိုက်ပြီးဖြစ် ကြောင်း၊ လာမည့် မတ်ခ်ျ ၁၄ ရက်နေ့၌ ထပ်မံရုံးချိန်းထားကြောင်း၊ တရားခံဘက်က လားရှိုးမှရှေ့နေတဦးအား ငှားရမ်းထား ကြောင်း တရားလိုဘက်မှ မိသားစုဝင်များက ပြောပါသည်။
police with camera စောင့်ကြည့်သူများအား မောင်းထုတ်သည့် မူစယ်က ရဲ

" ၇ ရက်နေ့တုန်းက မူစယ်ခရိုင်တရားရုံးမှာ ရမန်ပြစစ်ဆေးတယ်။ ခရိုင်တရားသူကြီး ဦးသန်းထွေးက စစ်ဆေးတာ။ ၅ မိနစ် တောင်မကြာဘူး။ ရောက်တာနဲ့မြန်မြန်စစ်၊ ရုံးချိန်းပေးပြီး ရဲစခန်းကိုမြန်မြန်ပြန်ပို့လိုက်တာ။ စောင့်ကြည့်သူ၊ ဓါတ်ပုံရိုက်တဲ့သူ တွေကို ရဲတွေက မောင်းထုတ်တယ်။ တခြားရဲတွေကလဲ လာကြည့်တဲ့လူအုပ်ကြီးကို ဓါတ်ပုံရိုက်ယူတယ်။ အဲဒီရဲတွေက-  လူတွေ ကြောက် သွားအောင် ခြိမ်းခြောက်လိုက်တဲ့သဘောဘဲ - လို့ နမ့်ခမ်းစခန်းမှူးကျော်စိုးကို ပြောတယ်တဲ့။  တရားခံကိုတော့ ခေါင်း စွပ်ထားလို့ မျက်နှာမမြင်ရဘူး။ တရားခံအစစ်ဟုတ်ကော ဟုတ် ရဲ့လားလို့တောင် ပြောနေကြတယ်" - ဟု အသတ်ခံရသူ၏ သူငယ်ချင်းဖြစ်သော အိုက်စိုင်း က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
muse police မူစယ်တရားရုံးသို့ စုရုံးရောက်ရှိလာသည့် နမ့်ခမ်းဒေသခံများအား ရဲများက ဓါတ်ပုံရိုက် ခြိမ်းခြောက်

ဖေဖော်ဝါရီလ ၆ ရက်နေ့က သျှမ်းပြည်နယ်နေ့ ပွဲခင်းအသွားလမ်း၌ နမ့်ခမ်းဒေသခံ စိုင်းအိုက်လိန်နှင့်အဖွဲ့အား  ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် (ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်) ဦးကျော်မြင့်ခေါ် လီယုံချိန် ၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေး နှင့်အဖွဲ့က ဓါးဖြင့် ဝင်ခုတ်ရာ ကျားဖြူပါတီ ဉက္ကဌ၊ သျှမ်းပြည်အစိုးရ သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး စိုင်းအိုက်ပေါင်း၏ မြေးတော်သူ စိုင်းအိုက်လိန် မှာ သေဆုံးသွားပြီး ၎င်း၏သူငယ်ချင်းစိုင်းလှိုင်းပန်မှာလည်း ဓါးဒဏ်ရာအပြင်းအထန်ရရှိကြောင်း၊ ဆိုင်ကယ်မောင်းပေးသူ အိုက်ဆမ် ဆိုသူအားလည်း မူစယ်မှုခင်းရဲက ယခင်အပတ်အတွင်း ထပ်မံဖမ်းဆီးထားကြောင်း၊ ၎င်းအဖွဲ့ ၃ ဦးအား ထပ်မံဖမ်း ဆီးရန် မူစယ်တရားရုံးက ဖမ်းဝရမ်း ထပ်ထုတ်ထားကြောင်း ရှေ့နေများ အသိုင်းအဝိုင်းမှ သိရပါသည်။