သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ရေခပ်ဆင်းသည့် SSPP/SSA တပ်သားအား အစိုးရတပ်ချောင်းပစ် တိုက်ပွဲများဖြစ်ပွား

Posted: 13 Mar 2013 02:54 AM PDT

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်စခန်းတခုမှ ရေခပ်ဆင်းသည့်  ရဲဘော်အား အစိုးရတပ်ချောင်းပစ်ကာ တပ်စခန်းကိုပါတက်တိုက်သောကြောင့် ယမန်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံသတင်းရပ်ကွက်ကဆိုသည်။
sspp-ssa SSPP/SSA ရှေ့တန်းတပ်သားများ

"အစိုးရတပ် တပ်ရင်း ၂၉၁ က တန့်ယန်းမြို့ဘက်ကနေ တောနင်းပြီး ရေခပ်ဆင်းတဲ့ ကျနော်တို့ရဲဘော်ကို ချောင်းပစ်တယ်။ အဲဒီကနေ ကျနော်တို့စခန်းကို မနေ့ ညနေ ၃ ခွဲ ကနေ ညပိုင်းအထိတက်တိုက်လို့ တိုက်ပွဲ ဖြစ် တာ။ ဒီမနက်လဲ တမနက်ခင်းလုံးဘဲ" - ဟု ရှေ့တန်းရောက်တပ်မှူးတဦးက ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မှ (တန့်ယန်း - မိုင်းရှူးလမ်းမပေါ်) မိုင်းကောဝ် မရောက်မီ လွယ်စေး စခန်းရှိ SSPP/SSA တပ်ရင်း ၁၉၂ နှင့် တပ်စခန်းအား မြန်မာအစိုးရတပ် တပ်ရင်း ၂၉၁ (လားရှိုးအခြေစိုက်) က ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲမှ ည ၇ နာရီခွဲအထိ တက်တိုက်ခဲ့ကြောင်း၊ ယနေ့တွင်လည်း ခလရ ၃၃ နှင့်  ခမရ ၃၂၆ တို့ အင်အားထပ်ဖြည့်က နံနက် ၆ ခွဲမှာ ယခုသတင်းရေးချိန်(ယနေ့မွန်းလွဲပိုင်း) အထိ တိုက်ပွဲဖြစ် ပွားကြောင်း ရှေ့တန်းတပ်မှူးက ပြောပါသည်။

"ဒေသခံ လားဟူပြည်သူ့စစ်ကို ခလရ ၂၉၁ က လမ်းပြခိုင်းတယ်။ သေတဲ့အထဲမှာ ကျနော်တို့ ပြည်သူ့စစ်လဲ ပါတယ်။ ၁၀ ယောက်လောက်သေမယ် မနေ့က။ ကျနော်တို့တွေလဲ မလိုက်ချင်ဘူး။ ဒီနေ့တော့ တခြား တပ် တွေထပ်ဖြည့်တယ် တိုက်ပွဲဖြစ်နေတုန်းအခု" - ဟု ဒေသခံလားဟူအကြီးအကဲတဦးက ပြောပါသည်။

"တိုက်ပွဲက ပိုမိုပြင်းထန်လာတဲ့အလားအလာရှိတယ်။ ကျနော်တို့လဲ တပ်ရင်း ၁၉၉ ကို အဲဒီဘက်အင်အား ထပ်ဖြည့်ထားတယ်။ ငြိမ်းချမ်းရေးပျက်ပြားလဲမတတ်နိုင်ဘူးဗျာ သူတို့ကဘဲ ရန်လာရှာတာကိုး" - ဟု အမည် မဖေါ်လိုသည့် ဌာနချုပ်မှ အရာရှိတဦးကပြောပါသည်။

ထို့အတူ မတ်ခ်ျ ၁၁ ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကျိုင်းလုံး(မ်း) ဒေသဘက် တွင်လည်း  အပစ်ရပ် သျှမ်းပြည်တပ်တော် RCSS/SSA နယ်မြေထဲသို့ အကြောင်းအကြားဘဲ အစိုးရ တပ်မ တော် တောနင်းဝင်ရောက်သောကြောင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရကြောင်း တိုက်ပွဲကြောင့် နှစ်ဦး နှစ် ဘက်သေဆုံးမှုရှိကြောင်း ဒေသခံများကပြောပါသည်။ ၎င်းနှင့်ပတ်သက်၍ RCSS/SSA အရာရှိ တဦးက အစိုးရတပ်ဘက် နှစ်ယောက်သေ တယောက်ဒဏ်ရာရှိကြောင်း ပြောသော်လည်း ပြောခွင့်ရ ဗိုလ်မှူး လောဝ်ဆိုင်က တစုံတရာ အတည်ပြု ချက်မပေးပေ။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့နှစ်ဖွဲ့စလုံးသည် နေပြည်တော်အစိုးရနှင့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးအတွက်လက်မှတ်ထိုးထားသည့် အပစ်ရပ်အဖွဲ့အစည်းများဖြစ်ကြပါသည်။

SSA/SSPP နှင့် UWSA တို့ ဆက်သွယ်ရေး ပြတ်တောက်စေရန် အစိုးရတပ်က ကြိုးပမ်းခဲ့ဟု ဆို

Posted: 13 Mar 2013 02:53 AM PDT

အစိုးရတပ်က သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် တောင်ဘက်ရှိ   SSPP / SSA  ၏ လွယ်လန်း တပ်စခန်း အား စစ် ရေးအရ တိုက်ခိုက်ခဲ့ခြင်းမှာ SSA နှင့် UWSA အကြား ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်တောက်ရန် ရည်ရွယ်ခြင်း ဖြစ် ကြောင်း SSPP/SSA မှ ဗိုလ်မှူးကြီးစိုင်းထူးက ပြောကြားသည် ။
Sao Sai Too
KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြား နေသော ဗိုလ်မှူးကြီးစိုင်းထူး

တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်သည့် KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲ သို့ တက်ရောက် လာသည့် SSA/SSPP ကိုယ်စားလှယ် ဗိုလ်မှူးစိုင်းထူးက မတ်လ ၁၂ ရက်နေ့က မီဒီယာ များ၏ မေးမြန်းချက်ကို ဖြေကြား ရာတွင် ထိုသို့ ပြောခြင်း ဖြစ်သည် ။

"လွယ်လန်းစခန်းဆုတ်ခိုင်းတဲ့ အကြောင်းပြချက်ကတော့ ဘိန်းတိုက်ဖျက်ရေးပေါ့။ DEA နဲ့လာပြီးတော့ ရှိတဲ့နေရာက တပ် တွေဆုတ်ဖို့ ရဟတ်ယာဉ်ကွင်းကို ပြန်ပြီးတော့ လုပ်ဖို့ပေါ့လေ။ ကျနော်တို့ မဆုတ်နိုင်ဘူး။ အရင်ဆုတ်ပေးတဲ့ စခန်း တွေ လည်း ဆုတ်ပေးထားပြီ။ ကျနော်တို့ နေမြဲနေတဲ့နေရာ ဖြစ်တယ်။ ခင်ဗျားတို့ မလာပါနဲ့ လို့ ဆိုတာ ကိုလာတော့ တိုက်ပွဲ ဖြစ် တာပေါ့ ။ ကျနော်တို့နဲ့ ၀ နယ်က သံလွင်မြစ်ခြားထားတယ် ဒီနေရာက။ ကျနော်တို့နဲ့ ၀ ဆက်ဆံရေး လမ်းကြောင်းကို ပိတ် ဆို့တဲ့သဘောရှိမှာပေါ့" ဟု သူက ဆိုသည် ။

အဆိုပါလွယ်လန်းစခန်းမှာ ၀ နယ်နှင့် SSA အဖွဲ့များအတွက် စစ်ရေးအရ အချက်အခြာကျသော နေရာဖြစ် သည် ဟု တရုတ် - မြန်မာ နယ်စပ် စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ယခုလို ပြော သည် ။

"ဒီလွယ်လန်းစခန်းကနေ ဆုတ်ပေးလိုက်ရင် နောက်ထပ်ဆုတ်စရာနေရာမရှိတော့ဘူး။ သံလွင်မြစ်ထဲ ခုန်ချရုံပဲရှိ တော့ တယ်။ အဲဒီတောင်ကို ရသွားရင် ၀နယ်က ပန်ဆန်းတို့ ပန်ယန်းအပါအဝင် မြို့တော်တော် များများကို အပေါ်စီးရသွားတာပေါ့။ လက်နက်ကြီးတွေတင်ပြီး ပစ်ရင် ၀နယ်ကိုခြိမ်းခြောက်နိုင်ပြီပေါ့ ။ SSA အတွက်လည်း နောက်ဆုတ်ဖို့ နေရာမရှိတော့ဘူး " ဟု ဆိုသည် ။

SSA နှင့် အစိုးရတပ်တို့အကြား ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့ အထိ နှစ်ဘက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး SSA မှ သမ္မတဦးသိန်းစိန်ထံ စာရေးတင်ပြခဲ့သဖြင့် အဆိုပါ တိုက်ပွဲများ အဆုံးသတ်သွားကြောင်း ဗိုလ်မှူးကြီး စိုင်းထူးက ဆိုသည် ။

ယခုအခါ နှစ်ဘက်တိုက်ပွဲများ ရပ်ဆိုင်းနေသော်လည်း SSA နယ်မြေအတွင်းမှ အစိုးရတပ်များ ဆုတ်ခွာခြင်း မရှိသေး ကြောင်း စကခ ၂ နှင့် စကခ ၁၇ လက်အောက်ခံတပ်များ မိုင်းရှူးအရှေ့ဘက်တွင် နေရာယူထားပြီး ထောင်ချီရှိသည့် အစိုးရတပ်များ တိုးချဲ့ချထားဆဲဖြစ်ကြောင်း သူက ဆက်ပြောသည် ။

အထက်ပါအင်တာဗျူးအပြီးတွင် ဗမာ့တပ်မတော်မှ ခလရ ၃၃ ခလရ ၂၉၁ နှင့် ခမရ ၃၂၆ တို့က လွယ်လန်းစခန်းအထက်ဖက်ရှိ လွယ်စေးတောင်စခန်းကို တိုက်စစ်ဆင်နေသည်မှာ ယနေ့အထိဖြစ်သည်။

ဘာမှဆောင်စရာ ရှောင်စရာမလိုတဲ့ လိုင်စင်မဲ့ကား

Posted: 13 Mar 2013 02:52 AM PDT

သို့- အယ်ဒီတာခင်ဗျား......

ကျနော်တို့ တာချီလိတ်သည် ပျော်စရာအင်မတန်ကောင်းတဲ့နယ်စပ်မြို့လေး တစ်မြို့ပါ၊ အလုပ်အကိုင်တွေ လည်း အထိုက်အလျောက်လွယ်ကူတဲ့အတွက် အနယ်နယ်အရပ်ရမှ လူများလာရောက်နေထိုင် လုပ်ကိုင် စားသောက်ကြရပါတယ်။

အလုပ်ကလေးအဆင်ပြေလာတော့ ဆိုင်ကယ်တစ်စီးဝယ်စီးပါတယ်။စည်ပင်ခွန်၊ယာဉ်လိုင်စင်၊မောင်းလိုင်စင်၊ ဦးထုပ်၊စုံလို့ပါဘဲ။ ဒါလည်းကောင်းပါတယ် ။ကျေနပ် တယ် ။ စိတ်အေးရတာပေါ့။သို့သော် မြို့တွင် ကားများအင်မတန်ပေါလာပါတယ်။အထူးသဖြင့် လိုင်စင်မဲ့တွေပေါ့။ လမ်းကူးလို့တောင်မရအောင်ကို ပေါများပါတယ် ။ ဒီလိုကားတွေဘာမှဆောင်စရာမလိုဘူး၊ ဘယ်သူ့မှပေးစရာမလိုဘူး၊ ဒါလည်းသူတို့ကံပေါ့။ သို့ပေမယ့် ယာဉ်တိုက်မှုတွေဖြစ်လာရင်တော့ စာရင်းမရှိ အင်းမရှိနဲ့ မောင်းပြေးကြတော့တာဘဲ။

ဘယ်ကိုလိုက်မလဲ။ဘာတွေလုပ်မလဲ။တာဝန်ရှိသူတွေကဒီကြားထဲ  မမှန်သောလုပ်ရပ်များနဲ့ ပြည်သူ့အကျိုး မကြည့် ဘဲ လုပ်သွားတာတွေတွေ့ရပါတယ်။ နားမလည်တဲ့ ပြည်သူတွေအပေါ် လုပ်ချင်တိုင်းလုပ်ကြပါတယ် ။ ပြီးခဲ့တဲ့ လအနည်းငယ်က ရှေ့နေဦးသိန်းထွန်းဆိုသူ၏သမီးမောင်းလာတဲ့လိုင်စင်မဲ့ကားနဲ့ ယာဉ်တိုက်မှုဖြစ်ပါတယ်။ တရားရုံးလည်းရောက်ရော ကားကလိုင် စင်ရှိနေတယ်။

ဒီလိုဖြစ်ရတာ တာဝန်ဘယ်သူ့မှာရှိလဲ။ မြန်မာနိုင်ငံ ပြည်သူ့ရဲမှာလား။ ဥပဒေရုံးမှာလား။ တရားရုံးလား။ ရှေ့နေကဘဲ နားလည်လို့ ပါးရိုက်တာကို ခံရတာလား။ နောက်နောင် အလားတူဖြစ်ရပ်မျိုးဆက်လက်မဖြစ် ရအောင် အကြံပြုပေး လိုက်ပါတယ်။ လိုင်စင်မဲ့ကားတို့၏ အတိုက်ခံရမှု ဝေးပါစေ..........

စိုးရိမ်နေမိသူတဦး