သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


တရုတ်နယ်စပ် ကားဈေးကွက် မီးသတ်ကားအဝယ်လိုက်

Posted: 27 Mar 2013 03:34 AM PDT

 ပူပြင်းခြောက်သွေ့သည့် နွေကာလသို့ ရောက်ရှိလာချိန်တွင် မီးဘေးကာကွယ်ရန် အတွက်  မြန်မာပြည် ဘက်မှ တရုတ်လုပ် မီးသတ်ကားက  အဆွဲများနေသည်ဖြစ်ရာ တရုတ်နယ်စပ်ရွှေလီကားဈေးကွက်တွင် မီးသတ်ကား များ အဝယ်လိုက်နေကြောင်း ကားပွဲစားများ အဆိုအရ သိရသည် ။
0101ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအကြား ဧရာဝတီမြစ်ရိုးတစ်လျှောက် မြို့ရွာများမှ ဒေသခံများက ၄င်းတို့ ဒေသအတွင်း အသုံးပြုရန် ကိုယ်ထူကိုယ်ထ ၀ယ်ယူခြင်း ဖြစ်ကြောင်း ကားပွဲစားတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည် ။

"ကချင်ပြည်နယ်ဆိုရင် ဗန်းမော် ၊ ရွှေကူနယ်တစ်ဝိုက်ပေါ့။ အဲဒီကနေမြစ်ရိုးတစ်လျှောက် မန္တလေး အထိပေါ့။ အဲဒီနယ်ခံတွေ အဝယ်များတယ်။ အဟောင်းရော အသစ်ရော အဝယ်လိုက်တယ် " ဟု သူက ဆိုသည် ။

မီးသတ်ကားအသစ် တစ်စီးလျှင် တရုတ်ယွမ်ငွေ တစ်သိန်းခွဲဝန်းကျင် (ကျပ်သိန်း ၂၀၀ ကျော်) နှင့် အဟောင်း တစ်စီးလျှင် ယွမ် ၈  သောင်း ၀န်းကျင် (ကျပ်သိန်း ၁၀၀ ကျော် ) ပေါက်ဈေး ရှိကြောင်း သိရသည် ။

ကိုယ်တိုင် ကားလာဝယ်သူ ဗန်းမော်ဒေသခံ တစ်ဦးက - " အခုဆို ရပ်ကွက်တိုင်းလိုလို ရပ်ကွက်ပိုင် မီးသတ် ကားတွေဝယ်ထားကြတယ်။ ဋ္ဌာနဆိုင်ရာတွေလည်း ကိုယ်ပိုင်ဝယ်တယ်။ မီးလောင်လို့ မီးသတ်ကား အလာ စောင့်နေရတာနဲ့ အကုန်လုံးပြာ ကျတဲ့အထိ ဖြစ်ဖြစ်နေလို့  ရွာတွေကအစပေါ့ဗျာ ကိုယ်ပိုင်မီးသတ်ကားတွေ ၀ယ်ထားကြတယ် " ဟု ဆိုသည် ။

ယခုအခါ တရုတ်နယ်စပ် ရွှေလီကားဈေးကွက်တွင် မီးသတ်ကားအပြင် သစ်တင်ရန် တုန်းဖုန်းအမျိုး အစား ကားများ ၊ ၄ လုံးထိုးကားနှင့် ထော်လာဂျီများ အဝယ်လိုက်နေကြောင်း သိရသည် ။

ကချင်စစ်ဘေးသင့် ကလေးများအတွက် ရံပုံငွေရှာပွဲ မူစယ်တွင် ကျင်းပ

Posted: 27 Mar 2013 03:33 AM PDT

ကချင်စစ်ဘေးသင့် ကလေးငယ်များအတွက် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ၌ ထောက်ပံ့ရန် ရံပုံငွေရှာဖွေပွဲ တစ်ခုကို မဇ္ဇျိမလှိုင်းတေးဂီတအဖွဲ့က ကမကထပြု၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ ဖျော်ဖြေ ကျင်းပခဲ့ကြောင်း သိရသည် ။



မဇ္ဇျိမလှိုင်းနှင့် ငြိမ်းချမ်းရေးသံစဉ်များ ခေါင်းစဉ်ဖြင့် မတ်လ ၂၄ ရက်နေ့ ညပိုင်းက ကိုနေဝင်း ၊ ဂျေမောင်မောင် ၊ ကိုခိုင်ထူး ၊ ချစ်ကောင်း စသည့် နာမည် ကြီး အဆိုတော်များနှင့် တက်သစ်စ အဆိုတော်များပါဝင် သီဆိုဖျော်ဖြေခဲ့ကြောင်း မူစယ်မြို့ ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
alt

"မူစယ် ရွှေသမင်ဘုန်းကြီးကျောင်းရှေ့မှာ ကျင်းပတယ်။ မနေ့ည ၇ နာရီလောက်ကနေ မနက်ပိုင်း ၁ နာရီလောက်အထိပေါ့။ ပရိသတ် ၃၀၀၀ ကျော်လောက်လာအားပေးကြတယ် " ဟု သူက ပြောသည် ။

ကချင်ဒေသစစ်ဘေးသင့် ကလေးငယ်များအတွက် အကူအညီပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ မဇ္ဇျိမလှိုင်းတေးဂီတ အဖွဲ့နှင့် အတူလိုက်ပါလာသည့် ကချင်ဒေသ စစ်ဘေးသင့် ပြည်သူများကို ကူညီနေသော အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုဘိုဘိုက ယခုကဲ့သို့ ရှင်းပြသည် ။

"ပွဲစီစဉ်သူထဲမှာတော့ ကျနော်တို့မပါဘူးပေါ့။ မနေ့ကပွဲမှာ ၄၄ သိန်းရတယ်လို့ သိရတယ် ။ ရတဲ့အလှူငွေတွေကိုတော့ ကျနော်တို့အဖွဲ့ကိုလှူမယ်။ အဲဒီကမှ တဆင့် အိုင်ဒီပီ စခန်းတွေမှာ ပြန်လှူမယ်။ နောက်တစ်ခုက သူတို့အိုင်ဒီပီစခန်းတွေ သွားချင်တယ်ဆိုရင် ကျနော်တို့ လိုက်ပို့ပေးမယ် ခွဲပြီးလှူမှာပေါ့နော်။ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတွေနဲ့ ခရစ်ယန် သာသနာက စောင့်ရှောက်ထားတဲ့ စစ်ဘေးသင့် ကလေးတွေပါမယ် " ဟု သူက ပြောသည် ။

အဆိုပါ ဂီတဖျော်ဖြေပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပါတ်သက်၍ သူက ဆက်ပြောရာတွင် - "ရည်ရွယ်ချက်က ၂ ခုရှိ တယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ အခုအချိန်အထိ မငြိမ်းချမ်းသေးဘူးဆိုတဲ့ကိစ္စ အထူးသဖြင့် ကချင် ပြည် နယ်မှာ ကျနော်တို့ညီအကိုမောင်နှမတွေ ရုန်းကန်နေရဆဲဆိုတဲ့ မက်ဆေ့ကို ပေးချင်တယ်။ သူတို့စခန်းတွေမှာ လိုအပ်တာ တွေကို ကူညီတယ်ဆိုတဲ့ စကားလုံးထက် တစ်ဦးနဲ့တစ်ဦး ဒုက္ခရောက်နေချိန်မှာ တကယ်ညီအကို မောင်နှမ စိတ်ရင်း ထားပြီးတော့မှ မျှဝေခံစားလိုတဲ့ စိတ်နဲ့ ဒီပွဲလေးကျင်းပရတာ ဖြစ်ပါတယ် " ဟု ဆိုသည် ။

ယခုလ ၂၆ ရက်နေ့တွင် သျှမ်းပြည် (မြောက်ပိုင်း) လားရိုးမြို့၌ မဇ္ဇျိမလှိုင်းအဖွဲ့မှ တေးဂီတဖျော်ဖြေပွဲ ကျင်းပရန် စီစဉ် ထားကြောင်း သိရသည် ။

စိုင်းအောင်မြတ်အား အမှုတခုခုဖြင့် တရားစွဲဆိုကာ ပြစ်ဒဏ်ပေးရန် တရုတ်တောင်းဆို

Posted: 27 Mar 2013 03:32 AM PDT

စိုင်းအောင်မြတ်အား အမှုတခုခုဖြင့် တရားစွဲဆိုရန် မြန်မာအစိုးရထံ ပြန်ပို့ပြီးနောက်ပိုင်း တရုတ်အစိုးရက တောင်းဆိုလိုက်သည်ဟု ကျိုင်းတုံ ဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်။

" ၁၇ ရက်နေ့ တုန်းကရောက်လာတယ်။ အဲဒီ နေ့ ညနေပိုင်းမှာဘဲ သူ့ကို ကျိုင်းတုံ အကျဉ်းထောင်ပို့လိုက် တယ်။ သီးသန့်အခန်းနဲ့ထားတယ်။ သူ့ကို အမှု တခုခုနဲ့ တရားစွဲဆိုဖို့ တရုတ်ကတောင်းဆိုလာလို့ ၂၉ ရက် နေ့ သူ့ကို တရားရုံးတင်မယ်တဲ့" - ဟု ကျိုင်းတုံမြို့အကျဉ်းဦးစီး အသိုင်းအဝိုင်းကပြော သည်။
003- Sai Aung Myat                                                            စိုင်းအောင်မြတ်

မဲခေါင်မြစ်အတွင်း တရုတ်အမျိုးသား ၁၃ ဦးသတ်ဖြတ်သည့်အမှု၌ စိုင်းနော်ခမ်း နှင့်အတူ စိုင်းအောင်မြတ် ပါဝင်သည်ဟု တရုတ်အစိုးရက စွပ်စွဲထားကြောင်း၊ လူသတ်မှုဖြင့်ဖြစ်စေ၊ မူးယစ်ဆေးဝါးမှုဖြင့်ဖြစ်စေ စိုင်းအောင်မြတ်အား တရားစွဲပြီး ပြစ်ဒဏ်တခုခု ချမှတ်ရန် မြန်မာအစိုးရထံ တရုတ်အစိုးရတောင်း ဆိုလာ ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

"စိုင်းအောင်မြတ်က လက်နက်ချပြီး ဥပဒေဘောင်အတွင်း ဝင်လာတဲ့သူလေ။ ၁၉ (ခ) အမှု နဲ့ ဖွင့်ပြန်ရင်လဲ သူ့မှာလက်ဝယ်မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးတာမဟုတ်ဘူး၊ လူသတ်မှုနဲ့လဲကျနော်တို့မှာ ဘာမှသက်သေမရှိဘူး။ မလွှဲသာလို့လေ - ဘာလုပ်ရမှာလဲမသိဘူး။ ၂၉ ရက်နေ့တော့ သူ့ကို ရုံးထုတ်မယ်လို့တော့ အမိန့်လာပြီ" - ဟု ကျိုင်းတုံမြို့ စစ်ဖက်လုံခြုံရေး စရဖ အသိုင်းအဝိုင်းက ပြောသည်။

စိုင်းအောင်မြတ်လက်နက်မချမီ ရွှေတြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်း၏ လက်ထောက်ဖြစ်ဖူး၏။ စိုင်းနော်ခမ်းအဖမ်းမခံရမီ ၁၀ ရက်ခန့် လက်အောက်ငယ်သား ၂၅ ယောက်နှင့်အတူ တာချီလိတ်မြို့ အစိုးရ တပ်မတော်ထံ တရားဝင်လက်နက်ချခဲ့၏။ ထို့နောက်ပိုင်း တရုတ်အစိုးရဖိအားကြောင့် လက်နက်ချပြီး ဖြစ် သော်လည်း မြန်မာအစိုးရက ၎င်းအားဖမ်းဆီးအကျဉ်းချကာ စိုင်းနော်ခမ်းအမှု၌ နိုင်ငံတော်သက်သေအဖြစ် တရုတ်အစိုးရက ဩဂတ်စ် ၂၀၁၂ - ၁၇ ရက် မတ်ခ်ျ ၂၀၁၃ အထိ တောင်းယူသွားခဲ့သည်။ စိုင်းနော်ခမ်းအား လည်း တရုတ်အစိုးရက မတ်ခ်ျ ၁ ရက်နေ့ ကသေဒဏ်ပေးခဲ့သည်။

SNLD ၏ ၆ လပတ် မြို့နယ်စုံညီ အစည်းအဝေး အမျိုးသမီးနှင့် လူငယ်များဆပ်ကော်မတီဖွဲ့စည်း

Posted: 27 Mar 2013 03:30 AM PDT

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ ၆ လပတ် မြို့နယ်စုံညီအစည်းအဝေး မတ်လ ၂၄-၂၅ လားရှိုး၌ ကျင်းပရာ အမျိုးသမီးနှင့် လူငယ်များ ပါဝင်သည့် အလုပ် အမှုဆောင်အသစ် နှင့်ဆပ်ကော်မတီကို ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

002- shan kayah meeting at Lashioလားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ

" ဥက္ကဌ ၊ ဒု-ဥက္ကဌ နဲ့အတွင်းရေးမှူး တာဝန်ကို ပုဂ္ဂိုလ်ဟောင်းတွေကိုဘဲ ပြန်ပြီးတော့တာဝန်ပေးအပ်တယ်။ စည်းရုံးရေးမှူး ကိုတော့ တောင်ကြီးက ပါတီဥက္ကဌ ဖြစ်တဲ့ စိုင်းခမ်းပိုင်ဖ ကိုတာဝန်ပေးတယ်။ CC အဖွဲ့ဝင် ၂၅ ယောက်ကနေ ၃၉ ယောက် အထိ တိုးချဲ့တယ်။ စည်းရုံးရေးအပိုင်း၊ ဥပဒေရေးရာအပိုင်း၊ အမျိုးသမီးအပိုင်းနဲ့လူငယ်အပိုင်းအတွက် ဆိုပြီးတော့ ကော် မတီ ငယ် ၄ ခု ထပ်ပြီးဖွဲ့စည်းနိုင်ခဲ့တယ်။ အဲလိုဖွဲ့စည်းတော့ လူငယ်လူရွယ်တွေ အမျိုးသမီးငယ်လေးတွေ CC ထဲမှာအများ ကြီး ပြန်ပါလာတယ်။ လုပ်ငန်းလဲ အရင်ထက်စာရင် မြန်ဆန်ထိရောက်မယ်။ စည်းရုံးရေးလဲ အရင်ကထက်ထိထိ ရောက် ရောက် လုပ်နိုင်မယ်လို့ မြင်ပါတယ် " ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါအစည်းအဝေးအား လားရှိုးမြို့ရှိ SNLD ရုံး၌ကျင်းပခဲ့ကြောင်း၊ သျှမ်းပါတီများ ပေါင်းစည်းရေးကိစ္စအပြင် လာမည့် အောက်တိုဘာလ၌ကျရောက်မည့် ပါတီ၏ငွေရတုမွေးနေ့အတွက် လှုပ်ရှားမှုတခုခုလုပ်ရန်အတွက်ပါ ဆွေးနွေးဆုံးဖြတ် နိုင်ခဲ့ကြောင်း စိုင်းလိတ်ကပြောပါသည်။

" ကျနော်တို့ SNLD ပါတီကို ၁၉၈၈ အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ပါတီတည်ထောင်လာတာ ဒီနေ့အထိ စဉ်ဆက် မပြတ် ပါတီလှုပ်ရှားမှုရှိခဲ့တယ်။ လာမယ့် အောက်တိုဘာလမှာ ၂၅ နှစ်ငွေရတုတိုင်မယ် ။ ကျနော်တို့ ငွေရတု လှုပ်ရှားမှု မှတ်တမ်း ပြည်သူတရပ်လုံးကိုချပြဖို့ရှိတယ်။ ဥပမာအားဖြင့် SNLD ရဲ့သမိုင်းကြောင်းဆိုင်ရာစာအုပ် ထုတ်တာမျိုးပေါ့နော်။ အဲတာကို ၆ လပတ်အစည်းအဝေးမှာ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။" ဟု စိုင်းလိတ်ကပြောသည်။

SNLD သည် ၁၉၉၆ ခုနှစ်ကတည်းက SSPP/SSA ၊ SSNA တို့နှင့် ရှိခဲ့သည့် SSJAC သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီမူအတိုင်း အခုလည်း SSPP/SSA ၊ ပြည်သူ့စစ်အသွင်ပြောင်း စိန်ကျော့ ပြည်သူ့စစ်နှင့် SNLD တို့ ပူး ပေါင်း၍ နိုင်ငံရေးအရ မည်သို့ပူးပေါင်းမည်၊ ငြိမ်း ချမ်းရေးတည်ဆောက်မှုလုပ်ငန်း၌ မည်သို့ လက်တွဲဆောင်ရွက်နိုင်မည်၊ လူငယ်စွမ်းရည်မြင့်တင်ရေး ၌ မည်မျှလက်တွဲဆောင်ရွက်နိုင်မည် ဟူသည်ကို တွေ့ဆုံဆွေးနွေးပြီး လက်တွဲဆောင်ရွက်နေ ကြောင်းလည်း စိုင်းလိတ်ကပြောပါသည်။

သျှမ်းပြည် သစ်တော၊ သယံဇာတ ထုတ်ယူမှုအားလုံး RCSS/SSA ပိတ်တော့မည်

Posted: 27 Mar 2013 03:29 AM PDT

သျှမ်းပြည်ထွက် သယံဇာတများဖြစ်သော သစ်တော၊ သတ္တုတွင်းထွက်ပစ္စည်းများတူးဖော်ခြင်း နှင့် လူထုအတွက် အကျိုးယုတ်စေသည့် စီမံကိန်းများအား RCSS ထံခွင့်ပြုချက်ရယူခြင်းမရှိ က အားလုံးပိတ်ပင်တော့ မည်ဟုဆိုသည်။
alt
 "ကျနော်တို့ သျှမ်းပြည်မှာသစ်ထုတ်တဲ့ ကုမ္ပဏီတွေ၊ သတ္တုတူးဖေါ်နေတဲ့ ကုမ္ပဏီတွေကြောင့် လူထုဘ၀ ရှင်သန်ရပ်တည်ဖို့ အနှောင့်အယှက်ဖြစ်တယ်။ သောက်ရေထွက်ရာကိုသစ်တောတွေ ခုတ်လိုက်တော့ နွေဘက်ဆို ရေက သုံးဖို့မရှိဘူး။ တာချီလိတ် တာလေဘက်ဆိုလဲ ရွှေတူးဖေါ် ရေး ကုမ္ပဏီတွေကြောင့် လယ်သမားတွေ လယ်လုပ်လို့မရဘူး၊ အဲဒါကြောင့် ကျနော်တို့က ဟန့်တားသွားမှာဖြစ်ပါတယ်" - ဟု ပြောခွင့်ရ စိုင်းဆိုင်မိန်းက သျှမ်းသံတော်ဆင့်အား ပြော ပါသည်။

altသျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည် သျှမ်း ပြည်အတွင်း သစ်၊ တွင်းထွက်နှင့်အခြားသော သယံဇာတများအား သျှမ်းပြည်လူထုအကျိုး ခံစားခွင့်ရရှိသကဲ့သို့ ထိန်းသိမ်းကာကွယ်ဖို့ရန်လည်းတာဝန်ရှိသည်၊ ထို့ကြောင့် လူထုနှင့်လက် တွဲပြီး RCSS/SSA က သျှမ်းပြည်သဘာဝအရင်းအမြစ်များနှင့် သယံဇာတများအားထိန်းသိမ်း ကာကွယ်သွားမည်ဟု ကြေငြာချက် ချက် သုံးချက်ဖြင့် မတ်ခ်ျ ၂၁ ရက်နေ့ကထုတ်ပြန်ကြေငြာ ခဲ့ပါသည်။

"အခု အခြေအနေက နေပြည်တော်အစိုးရဆီကနေဘဲ သူတို့ ပါမစ်ယူပြီး သစ်တွေ၊ သယံဇာတ တွေတူးဖေါ် နေကြတယ်လေ။ နောက်ဆို ကျနော်တို့ဆီကပါ ခွင့်ပြုချက်ယူရမယ်။လုပ်ကိုင်ခွင့် ပေးဖို့ မပေးဖို့ ကျနော်တို့ကွင်းဆင်းစစ်ဆေးမယ်။ လူထုကိုထိတွေ့မေးမြန်းမယ်။လူထုအကျိုး မထိခိုက်ရင်တော့ တမျိုး။ မြစ်ဖျား ချောင်းဖျား၊ ကျွဲနွားစားကျက်လိုနေရာများဆိုရင်တော့ ခွင့်ပြုမှာမဟုတ်ဘူး" - ဟု ပြောခွင့်ရ စိုင်းဆိုင်မိန်းက ဆက်ပြော၏။

အဆိုပါကြေငြာချက်တွင် လာမည့် ၂၀၁၄ ဂျန္နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားကာ လုပ်ကိုင် ခွင့် ပေးထားမည်ဟုပါရှိသည်။

ထို့နောက်ပိုင်း၌နေပြည်တော်အစိုးရထံခွင့်ပြုချက်ရခဲ့ပြီးဖြစ်သော်လည်း သျှမ်းပြည်တပ်မ တော်ထံခွင့်ပြုချက်မရယူပါက လုပ်ကိုင်ခွင့်ပြုမည်မဟုတ်သကဲ့သို့ လုံခြုံရေးအတွက်လည်း တာဝန်ယူမည်မဟုတ် ကြောင်းပါရှိသည်။

သျှမ်းပြည်အနှံ့သစ်ထုတ်နေသော ကုမ္ပဏီ၊ သတ္တုတူးဖေါ်နေသော ကုမ္ပဏီကြီးအခု ၂၀ ထက် မနည်းရှိနေကြောင်း၊ ထိုကုမ္ပဏီကြီးများမှ ကုမ္ပဏီခွဲလည်း အများအပြားရှိကြောင်း၊တာချီလိတ် ခရိုင်တာလေမြို့နယ်ခွဲ တခုတည်း၌ ရွှေ၊ ရွှေဖြူနှင့် အခြားတွင်းထွက်ပစ္စည်းများ တူးဖေါ်နေ သည့် ကုမ္ပဏီပေါင်း ၃၀ ကျော်ရှိကြောင်း ထိုကုမ္ပဏီများမှစွန့်ပစ်သောအညစ်ကြေးများကြောင့် စိုက်ပျိုးလယ်မြေနှင့် ကျွဲနွားများအား ပျက်စီသေကြေစေကြောင်း  RCSS ပြောခွင့်ရကပြော သည်။

ဒေသအတွင်းကိုယ်ထူကိုယ်ထမူးယစ်ဆေးဝါးတိုက်ဖျက်ရေး အောင်မြင်မှုရ

Posted: 27 Mar 2013 03:27 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်အုပ်စုတွင် ကိုယ့်အားကိုယ်ကိုး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းလှုပ်ရှားပြီး နောက် ပိုင်း ဒေသတွင်း မူးယစ်ဆေးဝါး ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီဖြစ်ကြောင်း လူငယ်များက ပြောပါသည်။

alt

" ကျနော်တို့ အဖွဲ့ရဲ့ ပေါ်လစီအတိုင်း စစ်ဆေးမှုတွေ မရပ်မနားလုပ်တယ်။ နှိမ်နင်းစရာတွေလဲ ဖမ်းဆီးနှိမ်နင်းတယ်။ ဒါကြောင့် ကျနော်တို့ လှုပ်ရှားခဲ့တဲ့ ၃-၄ လအတွင်းမှာဘဲ မူးယစ်ဆေးဝါး ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွား ပါတယ်။ အမှန်ဆိုရင် ထိရောက်မှုက ဒီ့ထက်ပိုသင့်ပါတယ်။  အကြောင်းကတော့ ကျနော်တို့အခက်အခဲက အားနည်းချက် ၂ ခုရှိနေလို့ပါ" ဟု အဖွဲ့ဝင်လူငယ် တဦးကပြောသည်။

အဆိုပါအားနည်းချက် ၂ ခုမှာ မူးယစ်တရားခံအား ခရိုင်တရားရုံးပို့ဆောင်ရန်ငွေကြေး အခက် အခဲရှိခြင်းနှင့် တခြားသို့ဆေးသွားသုံး၍  ပြန်လာသည့် မိမိတို့အုပ်စုမှ ဒေသခံများအားဖမ်းဆီး အရေးယူရန် ခက်ခဲခြင်း တို့ကြောင့်ဖြစ်ကြောင်း ဆိုပါသည်။

" လက်နက်ကိုင်တပ်ဖွဲ့တွေဆီက ပူပေါင်းမှုရရင်တော့ ကျနော်တို့လုပ်ငန်းက ပိုပြီးတော့ထိရောက် မယ်လို့ မြင်ပါတယ်။ အာဏာပိုင်နဲ့ပူးပေါင်းလုပ်ဆောင်ရင် ကျောက်မဲခရိုင်တရားရုံးအထိသွား လုပ်ရမယ်။ သျှမ်းတပ်ဖွဲ့နဲ့ပူးပေါင်း မယ်ဆိုပြန်တော့လဲ အစိုးရတပ်ကနေ လိုက်လံအနှောင့် အယှက်ပေးနေလို့ သူတို့လဲ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လို့မရဘူး။ တိကျတဲ့ အခြေချစခန်း လဲ သူတို့မှာမရှိဘူးလေ" ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက နမ္မတူမြို့နယ် မိုင်းယင်အုပ်စု၌ ဖါဆွမ်၊ ဝိန်းနန်၊ ဆာလုံနှင့် မိုင်းယင် အုပ်စုတို့မှ ကျေးရွာ ၂၅ ရွာက ရပ်မိရပ်ဖ နှင့်လူငယ် ၅၆ ယောက်က အဆိုပါ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့အားဖွဲ့စည်းလိုက်သည်။ အဆို ပါကျေးရွာများသည် နမ္မတူမြို့၏ အရှေ့မြောက် ဘက် ၁၅ မိုင် ခန့် ဝေးသောကျေးရွာများဖြစ်သည်။

အဖွဲ့အစည်း၏စည်းကမ်းချက်အရ မူးယစ်ဆေးဝါးလက်ဝယ်ရှိသူ၊ ရောင်းဝယ်ဖေါက်ကား သူများ အား ဖမ်းဆီးရမိပါက - ပထမ အကြိမ် ဗြုန်းသဲ ၅ ကျင်း(တကျင်းလျှင် အလျား/အနံ ၁၀ ပေ အမြင့် ၁ ပေ) ဖြင့် လမ်းခြင်းရမည်၊ ဒုတိယ အကြိမ် ဗြုန်းသဲ ၁၅ ကျင်းဖြင့် လမ်းခင်းရမည်၊ တတိယ အကြိမ်တွင်မူ အိမ်ခြံ နှင့် ပိုင်ဆိုင်မှုပစ္စည်းများအား ရပ်ရွာဘုံပိုင်အဖြစ် သိမ်းယူ၍ ရွာမှ တမိသားစုလုံးမောင်းထုတ်မည် သျှမ်းသံတော်ဆင့်အားပြောပြဖူးပါသည်။

မူစယ်တရားရုံး လူသတ်မှုအတွက် တရာခံရုံးထုတ် တရားလိုကိုသာစစ်ဆေး

Posted: 27 Mar 2013 03:26 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင်  ဓါးထိုးသတ်ခံရသော ကျားဖြူဥက္ကဌ၏တူအမှု အတွက် တရားခံအား (ရုံးထုတ်သော်လည်း) မစစ်ဆေးဘဲ တရားလိုဘက်မှ သက်သေများကိုသာ စစ်ဆေးမေးမြန်းကာ ယခုလကုန် ထပ်မံရုံးချိန်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

003- li fan 22 march

မတ်ခ်ျလ ၂၂ ရက်နေ့က တရားခံအားရုံးထုတ်စဉ်
"၂၂ ရက်နေ့ မွန်းတည့်ကနေ ညနေ ၅ နာရီအထိ  တရားလိုဘက်က သက်သေ ၃ ဦးကို မူစယ် တရားရုံးမှာ  စစ်ဆေးမေးမြန်းတယ်၊  နမ့်ခမ်းတရားရုံးမှာထွက်ဆိုတဲ့ အချက်အလက်တွေနဲ့ တူမတူပြန်စစ်ဆေးတာတဲ့။ ကျန်တဲ့တရားလို ၂ ဦးကိုတော့ နောက်အပတ်ထဲမှာထပ်မေးမယ် လို့ပြောတယ်"  ဟု သေဆုံးသူတရားလို ဘက်မှ ဆွေမျိုးသား ချင်းတစ်ဦးကပြောသည်။

တရားလိုဘက်မှ မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေးမည့်သူများမှာ စိုင်းစံမိန်း၊ စိုင်းဆိုင်မိန်း၊ စိုင်းလောဝ်ကွမ်း၊ စိုင်းအိုက်လိန် တို့ဖြစ်ရာ ၂၂ ရက်နေ့က သေဆုံးသူ၏ဖခင် ဦးစိုင်းဆမ်(ကောင်လွန်)  နှင့် သူငယ်ချင်းများဖြစ်သည့်  စိုင်းအိုက်လိန် ၊ စိုင်းလောဝ်ကွမ်းတို့အားစစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း၊ လူသတ်တရားခံ  ပြည်သူ့လွှတ်တော်အမတ် ဦးကျော်မြင့်၏တူ ရဲအောင်ထွေး(ခ)လိဖန်နှင့်  စိုင်းအိုက်ဆမ်တို့အား ရုံးထုတ်လာသော်လည်း  စစ်ဆေးမေးမြန်းမှု မရှိကြောင်း ၄င်းကဆိုသည်။

"ကျနော်တို့တော့ မနက်အစောကြီးက နမ့်ခမ်းကနေလာကြတယ်။  နေ့လည် ထမင်းစားချိန်ပြီးမှ တရားခွင်ကစတာလေ၊  ဒီအမှုကိုသက်ဆိုင်ရာအာဏာပိုင်ဘက်က တရားမျှတစွာလုပ်ပေးဖို့နဲ့ တရားလို မိသားစုကိုအားပေးဖို့ အစောကြီးကတည်းက နမ့်ခမ်းမြို့ကနေလာရတာဖြစ်ပါတယ်" ဟု အမှုစစ်ဆေးရာတွင် လိုက်လံစောင့်ကြည့်အားပေးသော နမ့်ခမ်းလူငယ်စိုင်းပီးကပြောသည်။

မတ်ခ်ျလ ၂၂ ရက် ရုံးချိန်း နေ့တွင် မူစယ် နမ့်ခမ်းမှ ဒေသခံ ၁၀၀ နီးပါးလာရောက် ကြည့်ရှုအား ပေးကြရာ  အများစုမှာ  နမ့်ခမ်းမြို့မှ ဒေသခံများ ဖြစ်ကြသည်။ မူစယ်မြို့နှင့်နမ့်ခမ်းမြို့သည် ၁၇ မိုင်ဝေးပါသည်။

ဖမ်းဝရမ်းထုတ်ထားသော တရားခံ ၂ ဦးဖြစ်သော နမ့်ခမ်းမြို့ စာရေးတန်းရပ်ကွက်နေတရုတ် လူမျိုး အားကျိနှင့်နမ့်ဖတ်ကာမြို့နယ်နေ  ကချင်လူမျိုး မနော်တို့သည် ယခုထိဖမ်ဆီးနိုင်ခြင်း မရှိကြောင်း၊ ထိုဝရမ်းပြေးနှစ်ဦးသည် ပန်းဆေးဒေသဘက် ရှိတောတောင်ထူထပ်သောဘိန်းခြံ များ၌ပုန်းခိုနေသည်ဟု ဒေသတွင်း၌ သတင်းများထွက်ပေါ် နေကြောင်းသိရှိရသည်။

လားရှိုးငြိမ်းချမ်းရေး သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေ

Posted: 27 Mar 2013 03:24 AM PDT

သျှမ်းပြည် မြောက်ပိုင်းလားရှိုးမြို့တွင်ကျင်းပသော သျှမ်းပြည်နယ် ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ အား မတ်ခ်ျလ ၂၀ မှ ၂၂ ရက်အထိ ၃ ရက်ကြာကျင်းပရာ အစည်း အဝေးတက်ရောက်သည့် နိုင်ငံရေးပါတီ ၁၀ ပါတီနှင့် လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ရှိကြောင်း သိရသည်။ ထို့အပြင် လေ့လာသူအဖြစ်တက်ရောက်လာသည့်ပြင်ပအဖွဲ့အစည်း ၂၂ ဖွဲ့ရှိကြောင်းလဲသိရသည်။ အစည်းအဝေးနောက်ဆုံးရက်ဖြစ်သော မတ်လ ၂၂ ရက် ၄ နာရီမှ ၄ နာရီ မိနစ် ၅၀ ခန့်အထိ သတင်းစာရှင်း လင်းပွဲ နှင့်သဘောထားထုတ်ပြန်ကြေငြာချက် ၆ ချက်ကိုထုတ်ပြန်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲမှ တက်ရောက်လာသည့်သတင်းသမားများ၏မေးမြန်းချက်များနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂိုလ်များ၏ ဖြေကြားချက်များကို အောက်ပါအတိုင်းတင်ပြလိုက်ပါသည်။




မေး- လာမယ့် ဆွေးနွေးပွဲကို ဘယ်လိုဆက်လုပ်သွားမလဲ။

ဖြေ- သျှမ်းချည်းချည်းလုပ်လို့မရပါဘူး။ သျှမ်းပြည်နယ် အဆင့် ကယားပြည်နယ်အဆင့်ပြီးတဲ့ နောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာပါဝင်လာအောင်လုပ်သွားမယ်။ အစိုးရလုပ်လာလို့ရှိရင်လည်း အစိုးရနဲ့ အံဝင်ဂွင်ကျဖြစ်အောင်ညှိနှိုင်းပြီးတော့လုပ်ဆောင်သွားမယ်။

မေး-အပစ်ရပ်စဲရေးအခြေအနေ ဘယ်လိုရှိနေလဲ။

ဖြေ-အပစ်ရပ်စဲရေးနဲ့ပတ်သက်ပြီးတော့ ကျိုင်းတုံမှာ ဒု-ကာချုပ်ကပါဝင်ပြီးတော့မှ အပစ်ခတ်ရပ်စဲရေး ကိုလုပ်ဆောင်ခဲ့တယ်။ အဲတာပြီးတော့လဲတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။တခါ တလေအစိုးရဘက်က တာဝန်မယူနိုင်သလိုလို ပြောလာတာရှိ တယ်။ကရင်ပြည်နယ်ကိုသွားတုန်းကလည်း ဦးအောင်မင်းက ပြောဖူးတယ် - ဟိုကလဲနားမထောင် ဒီကလည်းနားမထောင် ဖြစ်နေတယ်လို့ကြားရတယ်။ ဒါကြောင့်မို့ ကျနော်တို့ရဲ့အပစ်ရပ်စဲရေးဟာအခုစိတ်ချရမယ့်အခြေအနေတော့မဟုတ်သေးဘူး။

မေး- အခုလွှတ်တော်ထဲမှာအခြေခံဥပဒေပြန်လည်လေ့လာဖို့အဖွဲ့တွေဖွဲ့နေပြီ။ ဘယ်လိုလုပ်မလဲ။

ဖြေ- အခုကျနော်တို့ သျှမ်းနဲ့ ကယားနဲ့ ဆွေးနွေးတာဘဲရှိသေးတယ်။တူညီတဲ့သဘောတူညီချက် ကိုရယူဖို့ ဆက်လက်လုပ်သွားရမယ်။ ပြီးမှ အခြေခံဥပဒေကိုပြင်ဆင်ရမယ်။ သို့မဟုတ်အသစ်ရေးရမယ်။ သို့မဟုတ် လွှတ်တော်ကလုပ်ဆောင်နေတာနဲ့ချိတ်ဆက်နိုင်ရင်တော့အကောင်းဆုံးပေါ့။

မေး - အက်အဲန်ဒီဖီတို့  ဒဗလျူဒီဖီတို့မတက်ရောက်နိုင်တာ ရှေ့ဆက်လုပ်ရင်ဖိတ်ကြားမလား။

ဖြေ- အဲတာတော့သေချာပေါက်ကျနော်တို့ဖိတ်မှာဘဲ ။ ဘာကြောင့်မလာတာတော့မသိရပါဘူး။ရှေ့ဆက် အစည်း အဝေးလုပ်လို့ရှိရင်ကျနော်တို့ဖိတ်ခေါ်သွားမှာပါ။ ကျနော်တို့သပိတ်မှောက်မှုတော့မရှိပါဘူး။

မေး- တပ်မတော်ကိုကောဖိတ်မလား

ဖြေ- အခုအဆင့်မှာတော့မဖိတ်သေးပါဘူး။ ကျနော်တို့ အခြေခံဥပဒေပြင်ဆင်ရမယ် ၊ အသစ်ထပ်ရေးရမယ် ဆိုရင်တော့ဖိတ်ကိုဖိတ်ရမှာပါ။ လာတက်ပေးဖို့အထူးအနူးအညွတ်ပန်ကြားရမှာပါ။

မေး- အပစ်ရပ်စဲရေးပျက်မယ့်အနေအထားရှိပါသလား

ဖြေ- အပစ်ရပ်ပျက်မှာစိုးလို့အခုလဲကျနော်တို့ကိုယ့်ကိုယ်ကိုကာကွယ်တဲ့အဆင့်မှာ ဘဲရှိပါတယ်။ ဒီထက် ကြီးမား တဲ့စစ်ဆင်ရေးရှိလာရင် အပစ်ရပ်ရေးပျက်ချင်ပျက်ဆိုတဲ့လုပ်ဆောင်မှုတွေရှိလာမယ် ဆိုရင်တော့ တပ်မတော်အပေါ်မှာဘဲရှိပါတယ်။

မေး- တပ်မတော်တခု တိုင်းပြည်တခုတည်းရှိဖို့ဆိုတာကော ဘယ်လိုမြင်ပါသလဲ။ ဘယ်လိုအခြေအနေမှာ လက်နက်စွန့်ပြီး ပါတီထောင်မလဲ။

ဖြေ- တိုင်းပြည်တခုတပ်မတော်တခုဆိုတဲ့မူကိုကျနော်တို့ဘယ်လိုမှမဆန့်ကျင်ပါဘူး။ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့အပေါ် မှာဘဲမူတည်ပါတယ်။ လက်နက်စွန့်ပြီး ပါတီဖွဲ့မယ် မဖွဲ့မယ်ဆိုတာလဲဒီအပေါ်မှာဘဲမူတည်ပါတယ်။

မေး- အခုအခြေခံဥပဒေလေ့လာရေးကော်မတီအပေါ် ဘယ်လောက်ယုံကြည်မှုရှိနိုင်ပါသလဲ။

ဖြေ- ကျနော်တို့ဟိုးအရင်တုန်းကပြောသလိုဘဲ လမ်းညွန်မူ ၈ ချက်ထဲက ၁-၄ ကိုဆန့်ကျင်ဖို့မရှိဘူး။ ၅ ကနေ ၈ ကိုတော့ အခုချိန်ထိ သဘောမတူနိုင်သေးပါဘူး။ အခုကျနော်တို့က လောက်လေးစာမိတဲ့စာကလေး လိုဖြစ်နေတာပေါ့။   ဒါကြောင့်မို့လို့အခြေခံဖွဲ့စည်းပုံလေ့လာရေးကော်မတီကဘယ်လိုရုပ်ပုံပေါ်လာမလဲ ဆိုတာ စောင့်ကြည့်ရမယ်။ခုတော့မသိသေးပါဘူး။

၃ ရက်တာဆွေးနွေးပွဲမှ ထုတ်ပြန်ကြေငြာချက် ၆ ချက်အကြမ်းဖျင်းအား အောက်ပါအတိုင်း တင်ပြလိုက် ပါသည်။

၁- တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကိုတည်ထောင်ရန်

၂- နယ်မြေအတွင်း တပ်မတော်မှ စစ်အင်အားတိုးချဲ့မှု တိုက်ခိုက်မှုများကို ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အန္တရယ်ရှိပြီး အပစ်ရပ်စဲရေး ငြိမ်းချမ်းရေးကိုထိခိုက်နိုင်သော ပြသနာဖြစ်သည်။

၃- နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနှင့်ဖြေရှင်းရန်လိုအပ်သည်။

၎- ၂၀၀၈ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကိုပြန်လည်ပြင်ဆင်ရန်သော်လည်းကောင်းသို့ အသစ်ရေးရန်သော် လည်းကောင်း ပင်လုံကိုအခြေခံသောညီလာခံကြီးကျင်းပရမည်။

၅- တရားဥပဒေစိုးမိုးမှုကိုပျက်ပြားစေသော လုပ်ရပ်များကိုပြင်းထန်စွာရှုတ်ချသည်။

၆- သင့်လျော်သောဆွေးနွေးပွဲများကိုအနာဂတ်တွင်ထပ်မံပြုလုပ်သွားမည်။

လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ အမျိုးသမီးကဏ္ဍဖြင့်အဆုံးသတ်

Posted: 27 Mar 2013 03:20 AM PDT

ယနေ့ လားရှိုးမြို့၌ကျင်းပသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း - သျှမ်းပြည်နယ်၊ ကယားပြည်နယ် ဆွေးနွေးပွဲ နောက်ဆုံးနေ့၌ အမျိုးသမီးကဏ္ဍဖြင့် အဆုံးသတ်ခဲ့ကြကြောင်း စုံစမ်းသိရှိ ရ ပါသည်။

shan kayah meeting at Lashioလားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ

"ဒီနေ့တော့ အမျိုးသမီးတွေ တက်ရောက်စကားပြောတယ်။ သျှမ်းအမျိုးသမီးမှာဆိုရင် ဒေါ်နန်းဆိုင် နောင့်ကတက်ပြောတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ CSOs (Civil Society Organizations ) က မပါမဖြစ် ပါဝင်ရမယ်လို့ ပြောသွားတယ်" ဟု ဆွေးနွေးပွဲ တက်ရောက်သူ တဦးကပြောပါသည်။

နန်းဆိုင်နောင့်၏ ဆွေးနွေးမှုကို ထောက်ခံကြသူများများပြားကြောင်း ဆိုပါသည်။ အလားတူ ကယား အမျိုးသမီးများလည်း တက်ရောက်ဆွေးနွေးပြောကြားကြပြီး  နန်းထွေးမှုံကလည်း စစ်မှန်သော ငြိမ်းချမ်းရေးရလိုပါက တရားဥပဒေပိုင်းဆိုင်ရာလည်း ပြုပြင်ဖို့လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟုဆို၏။

" စစ်မှန်သောငြိမ်းချမ်းရေးရလိုရင် တရားစီရင်ရေးအပိုင်းမှာလဲ ပြုပြင်ရမယ်။ အခု တရားစီရင်ရာမှာ ဘက်လိုက်လွန်းတယ်။ လာဘ်စားတယ်။ တရားမျှတမှုမရှိဘူး။ ဒီလိုလုပ်ခြင်းဟာဖြင့် တယောက်နဲ့ တယောက် တရွာနဲ့တရွာ လူမျိုးတမျိုးနဲ့တမျိုးကြားမှာ ပဋိပက္ခတွေ၊ ကွဲပြားမှုတွေ ဖြစ်လာနိုင်တယ် " ဟု ပြောခဲ့၏။

ယနေ့နောက်ဆုံးရက်ဖြစ်သောဆွေးနွေးပွဲသို့ တက်ရောက်သူ ၁၈၃ ဦးရှိကာ အမျိုးသမီးများ ဆွေးနွေး မှုဖြင့် အဆုံးသတ်နိုင်ခဲ့ပြီး ညနေပိုင်းတွင်မူ  သဘောထားကြေငြာချက်ထုတ်ပြန်ရန်ရှိကြောင်း လည်းသိ ရပါသည်။