[moemakadaily@moemaka.biz] 13th March of Burma Human Rights Day

၂ ၅  နှစ်
စိုးလင်း၊ မတ် ၁၃၊ ၂၀၁၃
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

၁၉၈၈ခု ၊ မတ်လ (၁၃)ရက်
မှတ်မှတ်ရရ တနင်္ဂနွေနေ့။ မွန်းတည့် ၁၂ နာရီကျော်။

အိပ်ရာနိုးတာနဲ့ ထုံးစံအတိုင်း ကန်တင်းထိုင်ဖို့ဆင်းလာရင်း ခါတိုင်းနဲ့မတူ လူများနေတာကို ထူးထူး ခြား ခြားသတိထားမိတယ်။ မတ်လနေပူပူ ပထမစာသင်နှစ်ဝက် ကျောင်းပိတ်ခါနီး တနင်္ဂနွေလိုရက်မျိုးမှာ လူအမြဲရှင်းနေတတ်တာက သဘာဝ။ ဒီနေ့တော့ လူအုပ်ကလေးတွေက ကျောင်းဝန်းထဲမှာ ဟိုစုစု ဒီစုစုနဲ့ ။အံ့သြစရာကောင်းတာက သမိုင်းဝန်းအဆောင် (ပထမနှစ်မှစတုတ္ထနှစ်အထိထား) က ကျောင်းသားအချို့ပါရောက်နေကြတယ်။ မေတ္တာပေါင်းကူးက သူငယ်ချင်းတွေစကားဝိုင်းထဲရောက်မှ အခြေအနေတွေကိုကျွန်တော်သိတော့တယ်။

မနေ့ (မတ်လ ၁၂ရက်) က ဘီပီအိုင် အ၀ိုင်းထိပ်က လက်ဖက်ရည်ဆိုင်မှာ သီချင်းခွေဖွင့်ခိုင်းရာက စ စကားများ ကြပြီး ဒုတိယနှစ်ကျောင်းသားငယ်တွေကို အရပ်သားတွေက ရိုက်လိုက်ကြတယ်။ အရပ်သားတွေကိုခေါင်းဆောင်တာက ရပ်ကွက်ကောင်စီဥက္ကဌသား ညီညီလွင်။ အရိုက်ခံရတဲ့ ညီငယ်တွေက ကျောင်းထဲကိုလာပြောလို့ ညနေစောင်းမှာလူစုပြီး ကျောင်းသားကြီးတစ်ချို့ ညီညီလွင်အိမ်ကို သွားဝိုင်းကြတယ်။ (ကျော်လင်းနိုင်(ဂျော်နီ)နတ္တလင်း ပါမယ်ထင်တယ်) ဖြစ်ပျက်ပုံအသေးစိတ်ကိုမသိရပေမဲ့ နောက်ဆုံးနှစ် EP ကျောင်းသား ကိုအောင်စိုးမင်း(၀) ဓါးခုတ်ခံရတယ်။ ဒဏ်ရာကတော့သိပ်မများ ။ နောက်တော့ကျောင်းသားတွေ အဆောင်ပြန်လာခဲ့ကြပြီး အင်းစိန်ရဲစခန်းကနေ ညီညီလွင်ကို ဖမ်းသွားပြီဆိုတဲ့ သတင်းလည်း ကြားရတယ်။ ဒါက မတ်လ (၁၂) ရက်ည နောက်ဆုံး အခြေအနေ။

ဒီနေ့ကျတော့ ညီညီလွင်ကို ပြန်လွှတ်လိုက်ပြီဆိုတဲ့သတင်းက ကျောင်းထဲမှာ တောမီးလိုပြန့်နေပြီ။ အဲ့ဒီသတင်းက ကျောင်းသားအများစုကိုပေါက်ကွဲစေတဲ့ သတင်း။ မနေ့က လူနည်းလို့ ဒီနေ့ လူပိုများအောင်၊ လူများများနဲ့ညနေစောင်းမှာ ညီညီလွင်အိမ်ကို သွားဝိုင်းကြမယ် ။ ဒါကြောင့် အတန်းငယ်တဲ့ သမိုင်းဝန်းထဲက အဆောင်ကျောင်းသားတွေပါ ကျောင်းထဲကိုရောက်နေကြတာဖြစ်တယ်။  ကျွန်တော်ဘုရားတမိပါတယ်။ ဖဲဝိုင်းရှာ ဖဲလိုက်ရိုက်ဖို့နဲ့ ဘောလုံးပွဲကြည့်ဖို့ကလွဲပြီး တစ်ခြားကိစ္စတွေကို ကျွန်တော်စိတ်မ၀င်စားပါဘူး။ ဒါပေမဲ့လည်း ညနေစောင်းတော့ သူငယ်ချင်းတွေနဲ့အတူ ကျွန်တော် လိုက်ဖြစ်ခဲ့ပါတယ်။ တကယ်တန်းကျ သမိုင်းရေစီးကြောင်းဆိုတာကို အဲ့ဒီအချိန်က ကျွန်တော်ဘာမှမသိခဲ့ရိုးအမှန်။

တစ်စုတစ်ဝေးချီတက်လာကြတဲ့ ကျောင်းသားတွေနဲ့ အုပ်စုဖွဲ့ပြင်ဆင်လာတဲ့ အရပ်သားတွေ ဘီပီအိုင် အ၀ိုင်းမှာ ထိပ်တိုက်တိုးပါတယ်။ (အရပ်သားတွေဘက်ကလည်း ကျောင်းသားတွေ ရပ်ကွက်ကိုလာပြီးမီးရှို့မယ်သတင်းကြားလို့ ကိုယ့်ရပ်ကွက်ကိုကာကွယ်ဖို့ ခုလိုစုစည်းမိကြတယ် ဆိုတာကို နောက်ပိုင်းမှာ သတင်းပြန်ကြားခဲ့ရပါတယ်) နှစ်ဖက်အပြန်အလှန်ဆဲဆိုရင်း နီးစပ်ရာက တွေ့သမျှနဲ့ပစ်ပေါက်ကြပါတယ်။ အဲ့ဒီအချိန်မှာပဲ ဘီပီအိုင်အ၀ိုင်းနားက သမ၀ါယမဆိုင် မီးစလောင်ပါတယ်။ (ကျောင်းသားတွေရှို့တာမဟုတ်ပါဘူး) ပထမဆုံးရောက်လာတဲ့ မီးသတ်ကားကို ကျောင်းသားတွေခဲနဲ့ဝိုင်းထုလို့ နောက်ပြန်ဆုတ်သွားပါတယ်။ နောက်ထပ်မီးသတ်ကားတွေလာချိန်မှာတော့ ကျွန်တော်တို့ကျောင်းသားအများစု အမိကျောင်းဝန်းထဲကိုပြန်ရောက်နေကြပါပြီ။ ဆရာတွေက ကျောင်းသားအားလုံးကိုယ့်အဆောင်ကိုယ်ပြန်နေဖို့နဲ့ မကြာခင်မှာတာဝန်ရှိသူတွေလာပြီး ဖြေရှင်းပေးမှာဖြစ်ကြောင်း အော်ပြောနေပါတယ်။ မရှေးမနှောင်း သေနတ် ငါးချက်မိုးပေါ်ထောင်ဖေါက်ပြီး ခ၀ဲခြံဘက်ကနေ လုံထိန်းတပ်တွေဝင်လာပါတယ်။ 

အင်းစိန်လမ်းတစ်ဖက်မှာ အရပ်သားတွေ၊ အလယ်မှာလုံထိန်းတပ်၊ ကျောင်းသားတွေက ကျောင်းအုတ်တံတိုင်းအတွင်းကပ်လျှက်မှာ။ နောက်တော့ မီးသတ်ကားတစ်ချို့ကျောင်းဖက်လှည့်ပြီး ရေပက်ပါတယ်။ မှတ်မှတ်ရရ ကျောင်းသားတစ်ချို့ ရေပန်းအောက်မှာ မြနန္ဒာ သီချင်းဆိုရင်း ကခုန်နေကြတာကို ခုချိန်ထိမြင်ယောင်မိတုန်းပါပဲ။ (၀င်းမြင့်(ပေါငှား-မန္တလေး)ကထိပ်ဆုံးကပေါ့) မကြာပါဘူး ပစ်ခတ်သံတွေကြားရပြီး မီးခိုးလုံးတွေလည်း ပြန့်လာပါတယ်။ မျက်ရည်ယိုဗုံးကို ပထမဆုံး ကျွန်တော်ကြုံဖူးတာပါ။  အဲ့ဒီအချိန်က မလှမ်းမကမ်းမှာ သန်းဝင်း (ကွယ်လွန်-မန္တလေး) နဲ့ လှမင်း(မန္တလေး)တို့ရှိနေကြပါတယ်။ကျွန်တော်တို့ လည်းလွတ်ရာကိုပြေးကြပါတယ်။ ပစ်ခတ်မှုနဲ့အတူ လုံထိန်းတပ်ဖွဲ့ဝင်အချို့ ကျောင်းထဲကို ထပ်ချပ်လိုက်ဝင်လာရင်း ပြေးရင်းလဲကျကျန်နေတဲ့ကျောင်းသားတွေကို တစ်ခါတည်း ဖမ်းခေါ်သွားတာ နောက်ပိုင်းမှာ ပြန်သိရပါတယ်။ (ကိုသန်းဝင်း - EP Final လည်းတစ်ယောက်အပါအ၀င်ပေါ့) 

လူတစ်ရပ်လောက်မြင့်တဲ့ ပန်းရုံကြီးတွေကို ဘယ်လိုကျော်လာမိမှန်း ကျွန်တော်တို့စဉ်းစားမရတော့ပါဘူး။ ပြေးလွှားရင်းနဲ့ ကျောင်းဘောလုံးကွင်းထဲမှာ အများစုပြန်ဆုံကြပါတယ်။ တစ်ချို့ကတော့ ကျောင်းဆေးပေးခန်းမှာ ထိခိုက်ပွန်းပဲ့ဒဏ်ရာတွေ ဆေးထည့်ဖို့ရောက်နေကြတယ်။ မျက်ရည်ယိုဗုံးကော၊ သေနတ်နဲ့ကောပစ်တာ ၊ ဘယ်သူ့မှန်သွားတယ်၊ ဘယ်လိုပြေးခဲ့ရတာ စသည်ဖြင့် ဆူညံနေပါတယ်။

          စာရင်းချုပ်လိုက်တော့ ပဉ္စမနှစ် ဓါတု က နေ့ကျောင်းသား ကိုဖုန်းမော် သေနတ်မှန်ပြီးကျဆုံးပါတယ်။ ပဉ္စမနှစ်သတ္ထုတူးဖော်ရေးက ကိုစိုးနိုင်နဲ့ ပဉ္စမနှစ်က ကိုမြင့်ဦး(မေဂျာမမှတ်မိ)တို့နှစ်ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ ဆေးရုံပို့လိုက်ရပါတယ်။ (ရက်မကြာမီ နောက်ကျောကိုမှန်တဲ့ကိုစိုးနိုင်က ဆေးရုံပေါ်မှာ ကျဆုံးခဲ့ပြီး ၀မ်းဗိုက်ကိုသေနတ်မှန်တဲ့ ကိုမြင့်ဦးကတော့ မသေခဲ့ပါဘူး) ကိုဖုန်းမော်ကို မရင်နှီးပေမဲ့ ကိုစိုးနိုင် (ပုသိမ်) နဲ့ကတော့ ပထမနှစ်စတက်ကတည်းက Section – B မှာ အတူ နေလာခဲ့ကြတဲ့သူငယ်ချင်းတွေပါ။ မှတ်မိသလောက် Section – B မှာအတူနေခဲ့ကြတဲ့ မန္တလေးသားတွေကတော့ သန်းဝင်း(ကွယ်လွန်)၊ လှမင်း၊ စိုးမြင့်အောင်၊ ဇော်လင်း(ယခုစင်္ကာပူ)၊ ဇော်လင်းမြင့်၊ ၀င်းနိုင်(အောင်မိုးဝင်း ဧ။် အကို)၊ သန်းစိုး စသဖြင့် ပါပဲ။ ကိုစိုးနိုင်က အနေအထိုင်အေးဆေးပြီး သူ့ရုပ်ရည်က ချားလ် မင်းသားနဲ့ တော်တော်ဆင်ပါတယ်။ ကိုမြင့်ဦးနဲ့ကတော့ ကျောင်းမှာမျက်မှန်းတန်းမိပြီးသားပါ။ ၁၉၈၉ ခုနှစ်ထဲ ရန်ကုန်ပါတီရုံးခန်းတစ်ခုမှာ ဆုံပြီးတဲ့နောက် ခုချိန်ထိ ကိုမြင့်ဦးနဲ့ ပြန်မတွေ့ဖြစ်တော့ပါဘူး ။ ကုမ္မဏီ တစ်ခုမှာ အလုပ်ဝင်နေတယ် လို့တော့ သတင်းကြားရပါတယ်။

          ဒီလိုနဲ့ အဆောင် -၁ အောက်မှာ ကျွန်တော်တို့ စုရုံးပြီး ခေါင်းဆောင်တွေရွေးကြပါတယ်.။ ခေါင်းဆောင် ၁၀ ဦးရွေးကြပြီး အများစုက ကျောင်းမှာ နာမည်ပြောင်နဲ့ လူသိများတဲ့သူတွေဖြစ်ပါတယ်။ ကိုဇော်မျိုးအောင် (ချီးပေ)၊ ကိုအောင်မြင့်ဇော်ဦး (ကြက်ဥ)တို့ကိုတော့မှတ်မိနေပါသေးတယ်။ ကျွန်တော့် ပထမနှစ်အခန်းဖေါ် ကိုတိုးဦးဇော် (မော်လမြိုင်-ယခု စင်္ကာပူ) ပါမပါကိုတော့ မသဲကွဲတော့ပါဘူး။ ကိုဖုန်းမော်အတွက် အထိန်းအမှတ်ကြယ်ကို အဆောင် - ၁ အောက်မှာပဲ တခန်းတနားလုပ်ကြပါတယ်။ နောက်တစ်နေ့ကျတော့ ကျောင်းထဲမှာတစ်ပါတ် လှည့်လည်ပြီး  ဆန္ဒပြကြပါတယ်။ မနက်ခင်းလိုက်ကြည့်တော့ ကျောင်းဝန်းထဲက သစ်ပင်တစ်ချို့မှာ ကျည်ဆံရာတွေတွေ့ရပါတယ်။ ဆင်းရဲသား ဂိတ်ပေါက်အ၀င် မလှမ်းမကမ်းမှာရှိတဲ့ "လေသေနတ်မပစ်ရ" ဆိုတဲ့ ဆိုင်းဘုတ်ကလေးကတော့ လမ်းဘေးမြက်ခင်းပေါ်မှာ လဲကျနေရှာလေရဲ့။

          အစိုးရ ရေဒီယို၊သတင်းစာတွေက ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာ အဖြစ်မှန်ကိုဖုံးကွယ်ပြီး သူတို့လိုရာကို ဆွဲရေးကြပါတယ်။ အရင်က အစိုးရပြောရင် အားလုံးအမှန်ပဲလို့ ကျွန်တော်ယုံကြည်ခဲ့တာပါ။ အခုမှပဲ အစိုးရဆိုတာမျိုးကလည်း လိမ်တတ်သကိုးလို့ ကျွန်တော်သိခဲ့ရပါတယ်။ ဒီလိုနဲ့ မတ်လ (၁၄)ရက်ညရောက်လာပါတယ်။ အဆောင်တွေမှာရှိတဲ့ ကျောင်းသားအားလုံး စားသောက်ဆိုင်တန်းနှစ်ခုကြားက မြေကွက်လပ်မှာ စုရုံးကြပါတယ်။ ပိုမိုကျစ်လစ်တဲ့ခေါင်းဆောင်ပိုင်းကို ရွေးချယ်ဖို့နဲ့ ရှေ့ဆက်ပြီး မတရာဖိနှိပ်မှုတွေကို စနစ်တကျတွန်းလှန်သွားကြဖို့ ၀ိုင်းဝန်းဆွေးနွေးကြပါတယ်။ 

အမှန်တကယ်လုပ်နိုင်သူများ မိမိကိုယ်ကို ခေါင်းဆောင်အဖြစ်ဆန္ဒပြုဖို့ တိုင်ပင်ဆွေးနွေးကြပြီး ခေါင်းဆောင် အသစ်သုံးဦးရွေးချယ်ကြပါတယ်။ (အဲ့ဒီအချိန်မှာ အရင်နေ့ကရွေးခဲ့တဲ့ ဆယ်ဦးကော်မတီ မရှိတော့ပါဘူး) နံပါတ်တစ်ခေါင်းဆောင်အဖြစ် ကိုဝင်းမြင့်(မန္တလေး) နံပါတ်နှစ်ခေါင်းဆောင်အဖြစ် ကိုနေမျိုးအောင်(ဂျင်ဘရောင်း - မန္တလေး)နဲ့  နံပါတ်သုံးခေါင်းဆောင်အဖြစ် ကိုထွန်းမြင့် (မိတ္ထီလာ) တို့ကိုရွေးခဲ့ကြပါတယ်။ ကျောင်းလုံခြုံရေးအတွက် အခန်းနီးချင်းအလိုက် အဖွဲ့ငယ်လေးတွေဖွဲ့ပြီး တာဝန်ယူကြဖို့လည်း ဆွေးနွေးဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ကျောင်းကို စစ်တပ်က အဖက်ဖက်ကနေ၀န်းရံပိတ်ဆို့ထားပါပြီ။ 

၁၅ ရက်နေ့မနက်မှာတော့ ကိုလှမင်း ၊ ကိုမောင်မောင်လွင်၊ ကိုမိုးကျော်ဦး(အားလုံးမန္တလေး)၊ကိုမြင့်ဦး(မိုးကုက်) နဲ့ ကျွန်တော်တို့ အရှေ့ကြို့ကုန်းရပ်ကွက်လမ်းကြားကလေးတွေကနေတစ်ဆင့် ကျောင်းဝန်းထဲက ထွက်လာခဲ့ကြပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ ကျောင်းကို သူပုန်စခန်းဝင်စီးသလို တပ်ကစီးတာကို မသိလိုက်ရပါဘူး ။ သူငယ်ချင်းတွေပြောမှပဲ ကျောင်းသားတွေကို အဆောင်တွေထဲကဆင်းလာခိုင်း၊ လက်ကလေးတွေခေါင်းပေါ်တင်ပြီး  ထိုင်ခိုင်းတာ၊ ကျောင်းရဲ့ဂုဏ်ကိုမထောက် ဆဲဆိုငေါက်ငန်းတာ မျိုးလုပ်ကြတယ်လို့ ပြန်သိရပါတယ်။

          ဘာလိုလိုနဲ့ နှစ်ပေါင်းအစိတ် ကြာခဲ့ပါပြီ။ ကျွန်တော့်အတွက်တော့ မတ်လ (၁၃) ရက်ဟာ ဘ၀မှာ ဘယ်တော့မှမမေ့နိုင်တဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ နိုင်ငံရေးဘာမှမသိ၊ ပေါ့ပေါ့ ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကျောင်းသားတစ်ယောက် ဘ၀ကနေ သမိုင်းကိုသိဖို့ ၊မျက်မှောက်ခေတ်ကို မျက်ခြေမပြတ်ဖို့၊ သမိုင်းတာဝန်ကို တတ်နိုင်သမျှထမ်းဖို့ သင်ကြားပေးလိုက်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ကျွန်တော်ရဲ့  အတွေးအခေါ်တွေကို  ၁၈၀ ဒီဂရီ လှည့်ပြောင်းပေးလိုက်တဲ့ နေ့လည်းဖြ့စ်တယ်။ သမိုင်းကြောင်းအရပြောရရင် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ကျောင်းသားအပေါင်းရဲ့ မီးရူးတိုင်ကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြတဲ့ နေ့ဖြစ်တယ်။ နောင်တော်ကျောင်းသားကြီးတွေရဲ့အမွေကို မျိုးဆက်တစ်ခုက ဆက်ခံလိုက်ကြတဲ့နေ့ဖြစ်တယ်။ ဆဲဗင်းဂျူလိုင၊် ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်တို့က ရိုက်ခတ်လိုက်တဲ့ လှိုင်းလုံးတစ်ခုဖြစ်တယ်။

          နောက်ထပ်ကျွန်တော်တို့အတွက် မှတ်မှတ်ရရဖြစ်စေတာက အဲ့ဒီ မတ်လ (၁၃) ရက်ဟာ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် တပ်လှန့်နိုးဆော်လိုက်တဲ့ တိုက်ပွဲဝင်ခေါင်းလောင်းသံ ထိုးနှက်လိုက်တဲ့နေ့တစ်နေ့ဆိုတာပါပဲ။           ။

ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်။

Economic View and Traditional View – Junior Win


စီးပွားရေးအမြင်နှင့် ရိုးရာအစဉ်အလာအမြင်
Article – Economic View and Traditional View – Junior Win
ဂျူနီယာဝင်း၊ မတ် ၁၃၊ ၂၀၁၃
ကျွန်မအဘွားကပြောပါသည်။
"ဘယ်နေ့ဘယ်ရက်မှာ မွေးတာလဲဆိုတာ မသိတဲ့ ဗမာလူမျိုးအဖြစ် ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်" … တဲ့။
ဒါကို သိမထားရင် ဘယ်ရက်က ဆံပင်ညှပ်ရမည်၊ ခေါင်းလျော်ရမည်ဆိုတာတောင် သိမှာမဟုတ်၊ မေမေကြီးက စာရေးဆရာ"ရွှေရိုး"၏ "မွေးနေ့သောကြာ၊  တနင်္လာ၊ ဆံညှပ်ကေသာ မပြုရ" ဟူသော ရေးသားချက်ကိုပါ ဆွဲယူရှင်းပြခဲ့ပါသည်။ မြန်မာလူမျိုးများ၏ အယူအဆမှာ "မွေးနေ့ဆိုတာ ရက်သတ္တပတ်၏ ကိုယ်မွေးဖွားသောနေ့ကို ဆိုလိုပါသည်။
ကျွန်မတို့ အမွာမောင်နှမ (မောင်ရစ်နဲ့ ကျွန်မ) တို့က တနေ့တည်းဖွား ကြာသပတေးမွေးသူတွေ ဖြစ်သည်။ သည်တော့ ကြာသာပတေး၊ သောကြာနှင့် တနင်္လာနေ့တွေသည် ခေါင်းလျော်ဖို့ ဆံပင်ညှပ်ဖို့ ကံမကောင်းသော နေ့ရက်များဖြစ်ပါသည်။ ယင်းသည် ရှေးရိုးရာအစဉ်အလာအားဖြင့် ယုံကြည်လာသော ဗမာ့အလေ့အထတစ်ခု ဖြစ်ပါသည်။ ဒါကိုလိုက်နာလာတာ ကျွန်မတို့ကလေးဘ၀ကတည်းက ဖြစ်ပါသည်။ ကျွန်မ သတိထားမိခဲ့သည်မှာ တချို့သောဆံပင်ညှပ်ဆိုင်များသည် တနင်္လာနေ့နှင့် သောကြာနေ့များတွင် ဆိုင်များ ပိတ်ပါသည်။ လူအများစုသည် ထိုမိရိုးဖလာအစဉ်အလာများကို ဂရုတစိုက် လိုက်နာလိုကြပါသည်။
"ယနေ့ခေတ်"
တစ်နေ့မှာ ကျွန်မဆံပင်ညှပ်ဖို့ စိတ်ကူးရပါသည်။ ကျွန်မ၏ညီမတစ်ယောက်က တနင်္လာနေ့ သို့မဟုတ် သောကြာနေ့ကို ရွေးကာ ဆံပင်ညှပ်ခြင်းဖြင့် ပိုက်ဆံချွေတာရာရောက်သည်ဟု အကြံပေးပါသည်။ ကျွန်မ  အစသူပြောတာ နားမလည်ပါ။  ကျွန်မတို့ ကာလကြာရှည်စွာ ယုံကြည်လာခဲ့တာက ထိုနေ့တွေသည် မြန်မာ့ရိုးရာအစဉ်အလာအရ ဆံပင်မညှပ်သင့်သော နေ့ရက်များ ဖြစ်ပါသည်။ သူကဆက်ပြောသည်မှာ ဆံပင်ညှပ်ဆိုင်အချို့သည် ထိုနေ့တွေမှာ ဆံပင်လာညှပ်သူများအား ဈေးလျော့ပေးကြောင်း၊ အကြောင်းမှာ ထိုနေ့တွေမှာ ဆံပင်ညှပ်ဆိုင်လာသူ နည်းနေသောကြောင့်ဟု  ဆိုပါသည်။ သည်တော့ သူတို့က တနင်္လာနေ့နှင့် သောကြာနေ့တွေမှာ ဆံပင်ညှပ်ခ လျော့သည်ပေါ့။ ထို့ကြောင့် ထိုနေ့တွေမှာ အထူးသဖြင့် လာသူပိုများလာမည်။ ဒါဈေးလျော့ပေးလို့ပေါ့။ အံ့သြစရာပဲ။
"နိဂုံး"
ယခု ကျွန်မ သဘောပေါက်သွားသည်မှာ တခါတရံ တနင်္လာနေ့နှင့် သောကြာနေ့တွေမှာ ဆံပင်ညှပ်ဆိုင် တစ်ချို့ ကြိတ်ကြိတ်တိုးနေတာကို တွေ့ရခြင်း အကြောင်းရင်းဖြစ်ပါသည်။ သည်တော့ ပိုက်ဆံချွေတာသောအားဖြင့် ကျွန်မတို့၏ ဗမာ့ရိုးရာအစဉ်အလာတစ်ခုက ပျောက်ကွယ်သွားတော့မည်ဟု ခံစားမိပါသည်။ တစ်ချို့လူငယ်လူရွယ်များသည် တနင်္လာနေ့နှင့် သောကြာနေ့များကို ဆံပင်ညှပ်ခလျော့ယူသော ဆိုင်များရှိသောအသိကြောင့် စီးပွားရေးရူထောင့်က ကြည့်ပါက ကံကောင်းသောနေ့များအဖြစ် မှတ်ယူထားကြတာကို တွေ့မြင်လိုက်ရပါသည်။ အထူးသဖြင့် ထိုနေ့တွေမှာ ဆံပင်ညှပ်ဆိုင်တွေကတော့ ဆံပင်လာညှပ်သူတွေ ကောင်းကောင်းရလိုက်တာပဲပေါ့။ သို့သော် ရှေးရိုးအစဉ်အလာ ရူထောင့်အမြင်ကကြည့်ရင်တော့ ကျွန်မတို့၏ရိုးရာအစဉ်အလာ ယုံကြည်မူကား တဖြည်းဖြည်း မှေးမှိန်လာပြီ ဖြစ်ပါတော့သည်။

(Junior Win ရေးသားသော Economic View and Traditional View ပို့စ်ကို Walking Through The Wonderland ဒစ်ဂျစ်တယ်စာအုပ်တွင် ဖော်ပြခဲ့သည်ကို ယခုကိုယ်တိုင်ဘာသာပြန်ဆိုထားသည်။ ယခုအခါ အတွေးအမြင် အမှတ်၂၅၂တွင် အင်္ဂလိပ်ဗမာ နှစ်ဘာသာဖြင့် ဖော်ပြခဲ့ပါသည်။)

(မှတ်ချက်။ ကိုယ်တိုင်ဆံပင်သွားညှပ်တုန်းက ဆံပင်ညှပ်ဆရာက မနက်ဖြန်ကျလာခဲ့ပါ။ ဆံပင်ကောက်မယ်၊ ဆံပင်ကို ကိုယ်ကြိုက်တဲ့အရောင် ဆိုးမယ်ဆိုရင် ၂၀ ရာခိုင်နှူန်း ဒစ်စ်ကောင့် ရှိသတဲ့။ ဘာလို့လဲ မေးမိတော့ တနင်္လနေ့ဖြစ်လို့ လို့ဆိုတာ သိရတယ်။ ကိုယ်တိုင်လက်တွေ့ကြုံခဲ့တုန်းက ရေးဖြစ်ခဲ့တာပါ။ သည်ဆောင်းပါးထဲက မရေးဖြစ်တဲ့အကြောင်းအရာများ ကျန်ခဲ့တယ်။ တနင်္လာဆိုတာ မြတ်စွာဘုရား တောထွက်တဲ့နေ့၊ ဆံတော်ချတဲ့နေ့၊ သောကြာဆိုတာ မြတ်စွာဘုရား ဖွားမြင်တော်မူတဲ့ နေ့များဖြစ်ပါတယ်လို့ ကိုယ့်အဘိုးအဘွား၊ မိဘများက အမေးရှိလို့ အဖြေကြားနာဖူးပါတယ်။ ဒီနေ့သည်ရက်များကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများက အလေးအနက်ထားပြီး ဆံပင်မညှပ်၊ ခေါင်းမရိတ်တဲ့နေ့များအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဖြည့်ရေးလိုက်ပါတယ်။)

Set Mu Arr Mann - Phone Maw ...


မဏ္ဍပ်မထိုးရ၊ လူမစုရ၊ စားမြိန်ထုတ် မထည့်ရ၊ ရေအိုးမထွဲလိုက်ရ၊ မနက်စောစောချတဲ့ အသုဘ
ဖုန်းမော်ရေ … အမျှ အမျှ အမျှ
စက်မှုအားမာန်စာစောင်၊ ၁၉ ၈၈ စက်တင်ဘာ ၁၇၊ ကောက်နုတ်ချက်၊ မတ် ၁၃၊ ၂၀၁၃

မဏ္ဍပ်မထိုးရ လူမစုရ
စားမြိန်ထုတ်မထည့်လိုက်ရ
ရေအိုးမခွဲလိုက်ရ
မနက်စောစောချတဲ့အသုဘ
ဖုန်းမော်ရေ အမျှ . အမျှ . အမျှ

(ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည်။ စက်မှုအားမာန် စာစောင်၊ အမှတ်စဉ် (၄)၊ ၁၇.၉.၈၈ မှ ကူးယူဖော်ပြပါသည်။)
ရန်ကုန်စက်မှုတက္ကသိုလ်၊ မတ်လ အရေးအခင်းတွင် ကျဆုံးသွားခဲ့သော ကိုဖုန်းမော်၊ ပဉ္စမနှစ် (ဓာတု) ၏ အမကြီး မမာမာဝင်း၊ သူငယ်ချင်းများ ဖြစ်ကြသော ကိုခင်မောင်ထွန်း (B.Sc. Hist) ၊ မဝင်းဝင်းမြင့် (B.Sc. Phy)၊ ကိုမင်းထွဋ်  III Yr Zoo တို့နှင့် စက်မှုအားမာန် စာစောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့သည်များကို ကျန်ရစ်သူများ၏ ခံစားချက်များအတိုင်း ဖော်ပြလိုက်ပါသည်။
ဦးစွာ ကိုဖုန်းမော်၏ မိသားစု အတွင်းရေးနှင့် ပတ်သက်၍ မေးမြန်းကြည့်ရာ မိဘများမှာ ဦးဩဘာနှင့် အဒေါ်အမာ ဖြစ်၍၊ ကွယ်လွန်သွားကြပြီ ဖြစ်ကြောင်း။ မောင်နှမ ငါးဦးအနက် စတုတ္ထမြောက် သားဖြစ်ကြောင်း၊ မမာမာဝင်းက ပြောပါသည်။ အကိုကြီး ကိုကျော်ဝင်းနှင့် အမနှစ်ယောက်ဖြစ်သော မမာမာဝင်းနှင့် မမာမာအိတို့က မင်္ဂလာဈေးတွင် ဆိုင်ဖွင့်ပြီး ကိုဖုန်းမော်နှင့် ညီမငယ် မနီနီအောင် (ဒုနှစ်၊ ဓာတု-လှိုင်) တို့ကို မိဘသဖွယ် ပညာရေးကို တာဝန်ယူ အုပ်ထိန်းနေရကြောင်း ပြောပါသည်။
ကိုဖုန်းမော် ကွယ်လွန်ခဲ့သော အဖြစ်အပျက်နှင့် ပတ်သက်၍ မေးမြန်းရာ ကိုဖုန်းမော် သေဆုံးသည်ကို ၁၃.၃.၈၈ က ချက်ချင်း မသိရကြောင်း ၁၄.၃.၈၈ ရက် နေ့လည် ၁-နာရီတွင် ဈေးထဲမှ ရေဒီယိုက တဆင့်ကြားရကြောင်း၊ ကိုဖုန်းမော်၏ ညီမငယ် မနီနီအောင်ကလည်း ၄င်းကျောင်းတက်နေသော ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှ သိလာရကြောင်း အမလတ် (မမာမာအိ) က ဈေးမှကြားကြားချင်း ဆေးရုံကြီး အရေးပေါ် ဋ္ဌာနသို့လိုက်၍ စုံစမ်း၍ရာ ဆရာဝန်ကြီးများက ချွန်ထက်သော စူးနှင့် ထိုးမိ၍ သေဆုံးကြောင်းပြောသည်။ အမလတ်က ဘယ်အချိန်လောက်က ဆုံးသလဲဟု မေးရာ ကျောင်း၌ပင် သေဆုံးခဲ့ဟန်တူကြောင်း ဖြေသည်။ ကျောင်းမှာ တခါတည်း သေရလောက်အောင် ထိုးတဲ့စူးက ဘယ်လိုစူးလဲဟု မေးသောအခါမှ သေနတ်ဒဏ်ရာလည်း ဖြစ်နိုင်ကြောင်း ဖြေသည်ဟု ဆိုပါသည်။ ထို့နောက် အမလတ်ကို မှုခင်းရဲတပ်ဖွဲ့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး (၄၇ လမ်း ) သို့ ခေါ်ယူ၍ ကိုဖုန်းမော် အကြောင်းကို အသေးစိတ် စစ်ဆေးမေးမြန်းကြောင်း ပြောပါသည်။
အိမ်ပြန်ရောက်သောအခါ အရပ်က အိမ်တွင် မဏ္ဍာပ် ထိုးပေးထားကြကြောင်း သို့သော် ရပ်ကွက်ကောင်စီက ခေါ်တွေ့ပြီး မဏ္ဍာပ်ကို ဖျက်ခိုင်းကြောင်း၊ လူမစုရ၊ အသုဘအိမ်နှင့် တူအောင် မနေရဟု ပြောကြောင်း၊ ထိုနေ့မှစ၍ (၃) ရက်တိတ် ရပ်ကွက်ကို မီးဖျက်ထားကြောင်း ပြောပါသည်။
အနီး ပတ်ဝန်းကျင်မှ လူများကိုလည်း ထောက်လှမ်းရေးက ကိုဖုန်းမော်နှင့် ပတ်သက်၍ စုံစမ်းသောအခါ "လူအေးလေးပါ" ဖြေသူများကို ဒါလောက် ဆိုးသွမ်းနေတဲ့ လူငယ်တစ်ဦးကို ခင်ဗျားတို့က ဘယ်လို အကြောင်းပြချက်နဲ့ လူကောင်းလို့ ပြောကြတာလဲဟု ဟောက်ကြောင်း အမကြီးက ပြောပြပါသည်။
သတင်းစာတွင်လည်း နာရေးကြော်ငြာထည့်ခွင့် မရခဲ့ကြောင်း ထောက်လှမ်းရေးများ ခြေချင်းလိမ်နေကြကြောင်း၊ လမ်းနှင့် အိမ်ကိုလည်း စောင့်ကြည့်ကာ ဓာတ်ပုံရိုက်နေခဲ့ကြောင်း ဆက်ပြောသွားပါသည်။ ၁၅ ရက်နေ့တွင် ကျောင်းသားများက ကိုဖုန်းမော် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်း လာပြောပါသည်။
ဆက်လက်၍ မမာမာဝင်းက "၉ နာရီလောက်မှာ လမ်းထဲက လူတွေက လမ်းထိပ်အဝင်အထွက် လူများကို ဓာတ်ပုံရိုက်နေကြောင်းကို လာပြောတယ် ..။ အမတို့ အနေနဲ့ အာဏာနဲ့ ဖိနှိပ်မှုတွေကို အလွန်ရွံ့မုန်းတယ်" .. ဟု ပြောပါသည်။
သတင်းစာတွင် နာရေးကြော်ငြာ ထည့်ခွင့်မရ၍ ကိုဖုန်းမော် ကွယ်လွန်ကြောင်းကို ညီမငယ် ဖြစ်သူက သင်ပုန်းတစ်ခုတွင် ရေးပြီး အိမ်ရှေ့တွင် ထောင်ထားခဲ့ကြောင်း၊ ရပ်ကွက်ကောင်စီက ဖျက်ခိုင်းသောအခါ နာရေးကြော်ငြာ မထည့်ရမချင်း ဖျက်မပေးနိုင်ကြောင်း ပြောမှသာ သတင်းစာ ထည့်ခွင့်ရအောင် လုပ်ပေးမည်ဆိုပြီး ဖုန်းဆက်ပေးကြောင်း သိရသည်။
မြို့နယ်ရုံးမှ အတွင်းရေးမှူးက ဖုန်းမော် သင်္ဂြိုလ်ရန်ကိစ္စကို သက်ဆိုင်ရာက သင်္ဂြိုလ်ပေးရမည်လား မိသားစုက သင်္ဂြိုလ်မလားဟု မေးရာ "အမတို့ မိသားစုက ကျောင်းသား အသိုင်းအဝိုင်းနဲ့ သင်္ဂြိုလ်ချင်တယ်လို့ ပြန်ပြောလိုက်တယ်" ဟု ပြောပြပါသည်။
"နေ့လည် ၁၁ နာရီမှာ အလောင်းကို ကြည့်ခွင့်ပေးမည်ဆိုပြီး ၄၇ လမ်း ရုံးကို ခေါ် သွားကြောင်း၊ အလောင်းကို (၁၇) ရက်နေ့ ပေးမယ်လို့ ပြောတယ်။
နောက်တော့လည်း မရပါဘူး၊ အမတို့က ဈေးသည်ဖြစ်တဲ့ အလျောက် ဈေးသည်တောင်မှ ကတိတည်သေးတာ၊ အစိုးရဆိုရင် ဈေးသည်ထက် ကတိတည်မယ် ထင်ထားတာ၊ အစိုးရဟာ ဈေးသည်လောက်တောင် ကတိမတည်ဘူး၊ ကုန်သည်ထက် ဖျင်းတယ်" ဟု မမာမာဝင်းက သူ့ရဲ့ အမြင်ကို ရိုးသားစွာ ပြောပါသည်။
၄၇ လမ်း ရုံးတွင် တော်တော်ကြာ စောင့်နေပြီးမှ ဆေးရုံကြီးကို ခေါ် သွားကြောင်း အရေးပေါ်ဋ္ဌာနတွင် မိနစ် ၃၀ လောက် စောင့်ရပြီးမှ အလောင်းကို အမလတ် တစ်ယောက်သာ ကြည့်ခွင့်ရကြောင်း၊ အလောင်းမှာ ဂျပန်ဆေးရုံတွင် ထားဟန်တူကြောင်း၊ အရေးပေါ် အခန်းလွတ်ထဲတွင် ရုတ်တရက် လာထားဟန်တူကြောင်း အလောင်းပုံစံမှာ ခေါင်းတွင် သွေးများနှင့် ဖူးယောင်နေဟန် ဖန်တီးထားပြီး မျက်နှာကိုသာ ဖော်ထားကာ ကျန်အပိုင်းများကို မြင်ခွင့်မရခဲ့ကြောင်း ရင်နင့်ဖွယ် ပြောပြပါသည်။
၁၆ ရက်နေ့တွင် သတင်းစာ၌ နာရေးကြော်ငြာ ပါလာသော်လည်း "ရုတ်တရက်" ဟူသော စကားလုံးကို ဖြုတ်ချခဲ့ကြောင်း ပြောပါသည်။
ည (၇) နာရီလောက်တွင် ရဲအုပ်အဆင့်ရှိသူ လူနှစ်ယောက် ရောက်လာပြီး ဘာလိုအပ်သလဲဟု မေးရာ အမတို့အနေနဲ့ "ဘာမှ မလိုပါဘူး (၁၇) ရက်နေ့ အလောင်းရရင် တော်ပါပြီ" ဟု ပြောလိုက်ကြောင်း သိရသည်။
(၁၇) ရက်နေ့ နံနက် ၅ နာရီတွင် အိမ်၌ မြေချသပိတ်သွတ်ရန် မုန့်၊ လ္ဘက်ရည် စီစဉ်ထားသည်။ ထိုအချိန်တွင် မိမိကိုယ်ကို အတွင်းရေးမှူးဟု ပြော၍ လူတစ်ယောက် ရောက်လာပြီး၊ မောင်နှမ (၄) ယောက်ကို လူကြီးက စကားပြောချင်လို့ (၄) ယောက်လုံး လိုက်ခဲ့ပါဟု ပြောကြောင်း၊ လူကြီးဆိုတာ ဝန်ကြီးကို ဆိုလိုကြောင်း ထိုလူက ပြောသည်။
အမကြီးက ဖုန်းမော်ကိုပြပြီး သင်္ဂြိုလ်မှာလားဟု မေးရာ၊ မဟုတ်ပါဘူး လူကြီးက စကားပြောချင်လို့ ခေါ်တာပါဟု ပြောရာ ဘုန်းကြီးများ မရောက်သေး၍ ညီမငယ်ကို နေခဲ့ရန် မှာစဉ် လေးယောက်စလုံး လိုက်ခဲ့ရန် အတင်းခေါ်ရာ ညီမငယ်က နေခဲ့ကြောင်း ပြောပါသည်။
၆း၃၀ လောက်တွင် (၄၇) လမ်း ရုံးသို့ ခေါ် သွားရာ အတန်ငယ် ကျယ်ဝန်းသော အခန်းတွင် မိနစ် ၃၀ လောက် ထိုင်ခိုင်းထား၍ "လူကြီး ဘယ်မှာလဲ" ဟု မေးတိုင်း မဖြေဘဲ မုန့်၊ လ္ဘက်ရည်နှင့်သာ ဧည့်ခံကြောင်း၊ သို့သော် မသောက်ခဲ့ကြောင်း ပြောပြပါသည်။
အတန်ကြာမှ ဂျပန်ဆေးရုံ (အထွေထွေ ရောဂါကုဆေးရုံ) သို့ သွားရန် ဟိုင်းလပ်စ်ကား တစ်စီးပေါ် တက်ခိုင်းပြီး ဆေးရုံကြီးသို့ ခေါ်လာခဲ့သည်။ ဆေးရုံကြီးတွင် ၉၂၉ နှစ်စီး၊ အသုဘယာဉ်၊ ဘုန်းကြီးငါးပါးကားနှင့် ဋ္ဌာနဆိုင်ရာ ကားတစ်ချို့ တွေ့ရတော့မှ အစိုးရ ထိန်းချုပ်မှုအောက်တွင် အသုဘချရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ရိပ်မိ၍ ဆင်းမည်ပြုရာ ရဲအုပ် အမျိုးသမီး (၃) ဦး ပိတ်တားပြီး လုံးဝ ဆင်းခွင့်မရခဲ့ကြောင်း။
"အမတို့မှာ ငိုယုံက လွဲလို့ ဘာမှ မတတ်နိုင်ပါဘူးကွယ်" ဟု ရင်နင့်ဖွယ် ရှိုက်သံတဝက်ဖြင့် ပြောပြပါသည်။
ဂျပန်ဆေးရုံ ရောက်ပြီးနောက် ဆင်းခိုင်းသည်။ မဆင်းလိုကြောင်း ပြောရာ လာခေါ် စဉ်က လေသံမျိုး မဟုတ်ပဲ မဆင်းရင် အတင်းဆွဲချဟု ပြောရာ အမကြီးက "ကဲ ဆင်းပေးလိုက်တော့၊ သူတို့မှာ လက်နက်နဲ့ အာဏာရှိတယ်" ဟု ပြောရာ အကိုကြီး တစ်ယောက်တည်း ဂျပန်ဆေးရုံ အနောက်ဖက် ရေခဲတိုက်ထဲသို့ ဝင်လိုက်သွားသည်။ အဖြစ်အပျက် အားလုံးကို ဗီဒီယို ရိုက်နေကြောင်း၊ အနားတွင် ပြည်ထဲရေး ဒုဝန်ကြီး ဦးခင်မောင်ဝင်းလည်း ရှိနေကြောင်း ပြောပါသည်။ အကိုကြီးကို ရေခဲတိုက်ထဲသို့ ခေါ်ဆောင်သွားသည်။ အခန်းထဲတွင် အရပ်ပုပု အသက်ကြီးကြီး ဆရာဝန်ကြီး ရှိနေကြောင်း၊ အလောင်းကို မန္တလေးရှပ်အဖြူ လက်ရှည်နှင့် ပုဆိုးကို ကျပ်နေအောင် စည်းထားကြောင်း ပြောပါသည်။
အလောင်းကို ကြည့်ရှုခွင့်တောင်းပြီး ကြယ်သီးဖြုတ်၊ ပုဆိုးလှန်ကြည့်ရာ မေးအောက်မှ ရင်ဘတ်တလျောက် ချုပ်ထားသည်ကို တွေ့ရသည်။
ညာဖက်နံပါး၌ ကန့်လန့်ဖြတ် ချုပ်ရိုးတကြောင်းရှိ၊ သေနတ်ဒဏ်ရာရှိသော ရင်ဘတ်နေရာ၌မူ အသားများကို လိပ်ယူချုပ်ထားပြီး၊ ဆီးစပ်တွင် ဒဏ်ရာတွေ့ရပြီး ညာဖက်ပေါင် ဒူးဆစ်အထက် သေနတ်ဒဏ်ရာကိုလည်း ချုပ်ရိုးဖြင့် လိပ်ချုပ်ဖုံးကွယ်ထားသည်။
ကျည်ဆံ နှစ်တောင့်ကို ဆရာဝန်ကြီးက ပြကြောင်း၊ ခဏသာ ကြည့်ခွင့်ရ၍ အပြင်သို့ ဆွဲထုတ်သွားကြောင်း ကြေကွဲဖွယ် သိရှိရပါသည်။ အပြင်ဘက်၌ ဆိုင်ရာ၏ အစီအစဉ်ဖြင့် ပင့်ဆောင်ထားသော ဘုန်းကြီးငါးပါးနှင့် အကိုကြီးတို့ကသာ ကွယ်လွန်သူအတွက် သရဏဂုံကို အကျဉ်းရုံး ဆောင်ရွက်ခဲ့ရသည်။
ပိုက်ဆံ မထည့်ရသေး၍ တောင်းပြီး ထည့်လိုက်ရကြောင်း၊ ရေအိုးမခွဲရ၊ စားမြိန်ထုတ် မထည့်လိုက်ရကြောင်း၊ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာများ အတိုင်း ဆောင်ရွက်ခွင့် မရခဲ့ကြောင်း၊ ရင်နင့်ဖွယ် ကြားရပါသည်။
ဆိုင်ရာက ထုတ်ပေးသော အမိန့်တမ်းတွင် ဆူးချွန်နှစ်ချက်ဖြင့် ကွယ်လွန်ကြောင်း ရေးသားထားသည်။
ကျောင်းသားများနှင့် အတူ ကြံတောသင်္ချိုင်း၌ အရိုးအိုးဖြင့် စနစ်တကျ သင်္ဂြိုလ်လိုသော်လည်း ဆိုင်ရာမှ အတင်းအကြပ် စီမံမှုဖြင့် တာမွေသင်္ချိုင်း၌ ဖုန်းမော်၏ ရုပ်ကလာပ်ကို မီးသင်္ဂြိုလ် ဖျောက်ဖျက်ပစ်လိုက်သည်။ အရိုးကောက်ခွင့်ပင် မရခဲ့ပေ။
မနက် ၈း၄၅ နာရီတွင် မီးသင်္ဂြိုလ် ပြီးစီးခဲ့သည်။ သင်္ချိုင်းတစ်ခုလုံး ရှင်းလင်းနေပြီး အတော်ဝေးဝေးမှ ရပ်ကွက်ရှိ ကလေး၊ လူကြီးများက တခါမျှ မကြုံစဖူး မနက်ခင်း အသုဘကို အံ့ဩထိတ်လန့်စွာဖြင့် ကြည့်နေကြသည်ဟု သိရသည်။
အိမ်သို့ ပြန်အပို့တွင်လည်း အိမ်တိုင်ရာရောက် မပို့ပဲ လမ်းထိပ်၌ပင် ရိုင်းပြစွာ ဆက်ဆံ၍ ချထားခဲ့သည်။
လှည်းတန်း ကြံတောတို့၌ အသုဘပို့ရန် ကျောင်းသားမြောက်များစွာ စောင့်ဆိုင်းနေခဲ့ကြသည်ကို သိ၍ ကြီးကျယ်စွာ အသုဘချခြင်းကို လွှဲရှောင်လိုသော ဆန္ဒဖြင့် အစိုးရက လှည့်စားဆောင်ရွက်ခြင်း ဖြစ်သည်ဟု ပြောသည်။
၁၉ ရက်နေ့ ရက်လည်ဆွမ်းကျွေး၌ ကျောင်းသား အရပ်သားများ လာရောက်နိုင်ခြင်း မရှိကြပေ။ ထောက်လှမ်းရေးက ဓာတ်ပုံရိုက် ဖမ်းဆီးနေသည်ဟု သတင်းလွှင့်ပြီး သွယ်ဝိုက်သောနည်းဖြင့် ချိမ်းခြောက်တားဆီးခဲ့သည်။ အစိုးရကလည်း ဖုန်းမော်အား ဆိုးသွမ်းလူငယ်၊ နိုင်ငံကို ပုန်ကန်သူ တောတွင်း အဆက်အသွယ်ရှိသူ အဖြစ် သတင်းလွှင့်ခဲ့သည်။
မြန်မာ့အသံနှင့် သတင်းစာများကလည်း ရပ်ကွက်နှင့် ရန်ဖြစ်၍ သေဆုံးသည်ဟု သတင်းလွှင့်ခဲ့သည်။ အဖြစ်မှန်ကို ဖုံးကွယ်သည့်အပြင် သေဆုံးသူ၏ မိသားစုကိုလည်း ရာဇဝတ်မှု ကျူးလွန်သူများ သဖွယ် ချုပ်ချယ်ခြိမ်းချောက် ဖိနှိပ်၍ လူမဆန်စွာ ဆက်ဆံခဲ့သည်။
ဆက်လက်၍ မမာမာဝင်းကို ကိုဖုန်းမော်၏ ညီမနှင့် ပတ်သက်၍ မေးမြန်းရာ ကိုဖုန်းမော်၏ ညီမသည် အကိုအတွက် မခံမရပ်နိုင်ဖြစ်ပြီး တရားဟော လှုံ့ဆော်သဖြင့် ဖမ်းဆီးထောင်ချ အသတ်ခံရသည်ဟု လုပ်ကြံဇာတ်လမ်း ဖန်တီးပြီး ကျောင်းသားများ ဆန္ဒပြမှုများ မဖြစ်ပေါ်စေရန် သတင်းလွှင့်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြခဲ့သည်။
ကိုဖုန်းမော်၏ ဘဝခရီးကို မေးမြန်းကြည့်ရာ မမာမာဝင်းနှင့်အတူ ကြက်ခြေနီအဖွဲ့မှ ရဲဘော်ရင်းများ ဖြစ်ကြသော ကိုခင်မောင်ထွန်းနှင့် မဝင်းဝင်းမြင့်နှင့် ကိုမင်းထွဋ်တို့က ဝိုင်းဝန်းဖြေဆိုခဲ့သည်များကို အကျဉ်းချုပ် တင်ပြပါသည်။
ကိုဖုန်းမော်သည် ၅ တန်းမှ ၁၀ တန်းအထိ လသာ (၁) တွင် ပညာသင်ကြား၍ ၉ တန်းတွင် လူငယ်လေကြောင်း သင်တန်း လသာမြို့နယ် လမ်းစဉ်လူငယ်သင်တန်းလည်း တက်ခဲ့သည်။ ၁၉၈၁ တွင် ၁၀ တန်းအောင်၍  RC 2 တွင်တက်ပြီး ကြက်ခြေနီအဖွဲ့တွင် ဝင်ရောက်လှုပ်ရှားခဲ့သည်။ RIT ရောက်သည့်တိုင် RC 2 မှ ကြက်ခြေနီအဖွဲ့နှင့် လှုပ်ရှားခဲ့သဖြင့် ဆရာများ၏ အားကိုးမှု ချီးကျူးမှုကို ခံခဲ့ရသူ ဖြစ်သည်။ အရံပါတီဝင် တစ်ယောက်ဖြစ်ပြီး၊ ကြက်ခြေနီအဖွဲ့၊ တက္ကသိုလ်အရံတပ်ရင်း၊ ဗုဒ္ဓဘာသာအသင်းများ၏ အောင်လက်မှတ်များ၊ မှတ်တမ်းများ၊ ဂုဏ်ပြုလက်မှတ်များ ရရောစှိးထားသည်။ ၈၂ (အောက်တိုဘာ) ရန်ကုန်-မန္တလေး ကားလမ်း လှည်းကူး လုပ်အားပေးစခန်း၊ ၁၉၈၃ (အောက်တိုဘာ) စပါး(၁) ရွှေလောင်းကျွန်း လုပ်အားပေး (ဝါးခယ်မ) တွင် ပါဝင် လုပ်အားပေးခဲ့သည်။ နောက်ဆုံး ပြည်ထောင်စုနေ့၌ပင် ကြက်ခြေနီ တပ်ဖွဲ့ခေါင်းဆောင် အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။ ငါးကြိမ်မြောက် သွေးလှူရှင် ဖြစ်ပြီး၊ ယခုလက်ရှိ ဓာတုအင်ဂျင်နီယာ ဘာသာရပ်အသင်း အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေသူဖြစ်သည်။
ဆက်လက်၍ မမာမာဝင်းက ကိုဖုန်းမော်၏ အနာဂတ် ရည်ရွယ်ချက် ကြီးမားပုံကို ပြောပြပါသည်။
နိုင်ငံချစ်မြတ်နိုးပြီး နိုင်ငံအကျိုး နိုင်ငံ ကြီးပွားတိုးတက် စေလိုတဲ့ ဆန္ဒရှိတယ်၊ ပါတီ မဝင်ရင် အခွင့်အရေး မရဘူး၊ ပါတီဝင်မှ ကျောင်းပြီးရင် အလုပ်တန်းရမယ်၊ ကျောင်းပြီးပြီးချင်း အလုပ်လုပ်မယ် ပြောသူဖြစ်ကြောင်း၊ အမများက စီးပွားရေး လုပ်စေချင်တဲ့ကြားက စစ်ဗိုလ်အင်ဂျင်နီယာ တစ်ဦး ဖြစ်ရန် ရည်ရွယ်သူ ဖြစ်ကြောင်း၊ တိုင်းပြည်အကျိုး နိုင်ငံအကျိုးကို တဖက်တလမ်းက သယ်ပိုးဆောင်ရွက်နေသူ ကျောင်းသားလူငယ်တစ်ဦးအား ရက်စက်ယုတ်မာ လူမဆန်စွာ ပြုမှုကို - ဖုံးဖိလိုသော ဆန္ဒဖြင့် ရာဇဝတ်မှု ကျူးလွန်သူ အဖြစ် လိမ်လည် ဝါဒဖြန့်ခဲ့သည်။
မမာမာဝင်း၏ ဆန္ဒကို မေးရာ ကိုဖုန်းမော် သေဆုံးရခြင်းအတွက် ယူကျုံးမရ ဖြစ်ရသည်၊ ဝမ်းနည်းကြေကွဲရသည်။
မည်သို့မျှ နှိုင်းယှဉ်မရ၊ အစားထိုး မရအောင် နှမြောရသည်၊ အစိုးရ မပြုတ်မချင်း လူလာ မဖြစ်ပါစေနဲ့၊ လူဖြစ်ရကျိုး နပ်မှာ မဟုတ်ဘူး ဟူ၍၄င်း၊ အသင်းအဖွဲ့များဟာလဲ အမိန့်ပြန်စာ ထုတ်ပေးစေချင်တယ် ဟူ၍၄င်း ပြောပါသည်။
အစိုးရ မပြုတ်မချင်း လူလာ မဖြစ်ပါစေနဲ့ ...

Aung Din - The Month of March, The Revolution


အခန်း ၆ - မတ်လတော်လှန်ရေး  (၂)
အောင်ဒင်၊ မတ် ၁၃၊ ၂၀၁၃
(၆/ဂ) မတ်လရဲ့ သွေးစက်များ
မတ်လ ၁၄ရက်နေ့မှာ အစိုးရက ရန်ကုန်စက်မှုတက္ကသိုလ်ကို ပိတ်လိုက်ပါတယ်၊ ကျောင်းဝင်းကိုလဲ လုံထိန်းရဲတွေနဲ့ပိတ်ဆို့ထားလို့ အပြင်က နေ့ကျောင်းသားတွေ ကျောင်းထဲလာလို့မရသလို ကျောင်းဝင်းထဲကကျောင်းသားများလဲ ကျောင်းဝင်းအပြင်ထွက်လို့မရပါ၊ အစိုးရ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ မတ်လ ၁၃ ရက်နေ့အဖြစ်အပျက်ကို ကျောင်းသားများရဲ့ မှားယွင်းမှုတစ်ရပ်အဖြစ် ထပ်ခါထပ်ခါ ကြေညာပါတယ်၊
အစိုးရသတင်းထုတ်ပြန်ချက်မှာ မတ်လ ၁၃ရက်နေ့ညမှာ စက်မှုတက္ကသိုလ်ကျောင်းသားများရဲ့ ရမ်းကားမှုကြောင့် အနောက်ကြို့ကုန်းရပ်ကွက်က ပြည်သူတွေနဲ့ ရန်ဖြစ်ကြပြီး ကျောင်းသားများက ရပ်ကွက်ထဲက ရပ်ကွက်ကောင်စီရုံးနဲ့ သမဝါယမဆိုင်ကို မီးရှို့ကြကြောင်း၊ အဲဒီနောက် ကျောင်းဝင်းအတွင်းနဲ့အပြင် ကျောင်းသားတွေနဲ့ အရပ်သားတွေရဲ့ ပဋိပက္ခအတွင်း ကျောင်းသား ကိုဘုန်းမော်ဒဏ်ရာရကွယ်လွန်သွားကြောင်း စသဖြင့်ပါဝင်ပါတယ်၊
 ဒီကြေညာချက်ထုတ်ပြန်မှ ကိုဘုန်းမော်ကွယ်လွန်သွားပြီဖြစ်ကြောင်း ကျနော်တို့သိရပြီး အစိုးရက သူကွယ်လွန်ရတာဟာ အရပ်သားတွေလက်ချက်ကြောင့်ဖြစ်ရတာမျိုး လိမ်လည်လှည့်ဖျားတာတွေ့ရတော့ ကျနော်တို့ ပိုပြီးနာကျည်းကြပါတယ်၊ နောက်ပိုင်း ကြေညာချက်တွေမှာ ပိုပြီးဆိုးလာပါတယ်၊ စက်မှုတက္ကသိုလ်ကျောင်းသားများက ကိုဘုန်းမော်အတွက်ကလဲ့စားချေဖို့ အနောက်ကြို့ကုန်းရပ်ကွက်ကို မီးရှို့မယ်လို့ ကြိမ်းဝါးတာကြောင့် ရပ်ကွက်ပြည်သူတွေ အလန့်တကြားနဲ့ ရှောင်တိမ်းနေကြရကြောင်း စသဖြင့် ပြည်သူလူထုက စက်မှုတက္ကသိုလ်ကျောင်းသားများအပေါ်အဆိုးမြင်စေလောက်တဲ့ သတင်းများကို အစိုးရက ဆက်တိုက်ထုတ်ပြန်ဖော်ပြနေပါတယ်၊
မတ်လ ၁၄ရက်နေ့ ညမှာ ကျောင်းဝင်းထဲက ကျောင်းသားတွေ စားသောက်ဆိုင်တန်းနှစ်ခုအလယ်က မြက်ခင်းပြင်မှာ စည်းဝေးကြပါတယ်၊ ဒီစည်းဝေးပွဲကနေ ကျောင်းသားများကိုယ်စား အစိုးရကို အရေးဆိုဖို့ ကော်မီတီတစ်ရပ်ကို ဖွဲ့စည်းကြပါတယ်၊ ကော်မီတီမှာ ၉ ယောက်ပါတယ်ထင်ပါတယ်၊ မှတ်မိတဲ့ နှစ်ယောက်ကတော့ ကိုအေးလွင် နဲ့ ကိုနီ (ခေါ်) ကျော်မင်းနိုင်တို့ဖြစ်ပါတယ်၊ အစည်းအဝေးကပဲ ဆုံးဖြတ်ချက်နှစ်ရပ်ကို အများသဘောတူချမှတ်ပါတယ်၊
တစ်ခုက အစိုးရထံအရေးဆိုဖို့ပါ၊ အစိုးရထံ အချက် ၁၀ချက်ပါ တောင်းဆိုချက်တစ်ရပ်ကိုလဲ ပြင်ဆင်ကြပါတယ်၊ တောင်းဆိုချက်တချို့က ရန်ကုန်စက်မှုတက္ကသိုလ် မတ်လ ၁၃ရက်နေ့အရေးအခင်းတွင် ကိုဘုန်းမော် ကွယ်လွန်ခဲ့ရခြင်းမှာ လုံထိန်းတပ်ဖွဲ့ဝင်များပစ်ခတ်သော သေနတ်ဒဏ်ရာကြောင့် ဖြစ်ကြောင်းဝန်ခံရန်၊ ဤအရေးအခင်းကို အစိုးရမှ လွတ်လပ်သော စုံစမ်းရေးကော်မီတီတစ်ရပ်ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးရန်၊ ယင်းကော်မီတီတွင် ကျောင်းသားကိုယ်စားလှယ်များအားပါဝင်ခွင့်ပြုရန်၊ စစ်ဆေးတွေ့ရှိချက်များအား ပြည်သူလူထုထံ မှန်ကန်စွာ သတင်းထုတ်ပြန်ရန်၊ မတ်လ ၁၃ရက်နေ့အရေးအခင်းအား အကြမ်းဘက်ဖြေရှင်းခြင်းနှင့် ပစ်မိန့်ပေးခြင်းတို့အပေါ်တွင် တာဝန်ရှိသူများအား အပြစ်ပေးအရေးယူရန်၊ လက်ရှိထုတ်လွှင့်နေသော ကျောင်းသားများအပေါ်တစ်ဘက်သတ်အပြစ်ပုံချသည့် သတင်းထုတ်ပြန်ချက်များအား ချက်ခြင်းရပ်ဆိုင်းရန်၊ ဤအရေးအခင်းတွင်ပါဝင်သော ကျောင်းသားများအား ကျောင်းစည်းကမ်း၊ ရာဇဝတ်မှုများဖြင့် လုံးဝအရေးယူခြင်းမပြုရန်၊ ကျောင်းဝင်းပါတ်လည်ပိတ်ဆို့ထားသော လုံထိန်းရဲတပ်ဖွဲ့များအား ရုပ်သိမ်း၍ ကျောင်းအားပြန်လည်ဖွင့်လှစ်ရန်၊ နောင်တွင် ကျောင်းသားများ၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန်အတွက် ကျောင်းသားအခွင့်အရေးကာကွယ်ရေးကော်မီတီများ တရားဝင်ဖွဲ့စည်းခွင့်ပြုရန်တို့ ဖြစ်ကြပါတယ်၊
နောက်ဆုံးဖြတ်ချက်တစ်ခုကတော့ စက်မှုတက္ကသိုလ်တွင် ဖြစ်ပွါးခဲ့သော အဖြစ်အပျက်အမှန်ကို အခြားတက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားများအားရှင်းပြ၍ ၎င်းတို့၏ ထောက်ခံမှု၊ ညီညွတ်မှုကို ရယူရန်ဖြစ်ပါတယ်၊ ဒီဆုံးဖြတ်ချက်က အရေးကြီးပါတယ်၊ တိုးတက်သောအမြင်ရှိတဲ့ ကျောင်းသားတိုင်း ပြည်သူလူထုနဲ့ ကျောင်းသား ရန်မပွါးရဆိုတာ နားလည်လက်ခံကြပါတယ်၊
ကျောင်းသားဆိုတာ ပြည်သူလူထုရဲ့ သား၊ သမီးတွေဖြစ်ပြီး ပြည်သူလူထုရဲ့ နာကျင်မှုကို ဖေးမကူညီဖို့ တာဝန်ရှိသူတွေ၊ ပြည်သူတွေအစော်ကားခံရရင် ပြည်သူ့ဘက်က ရပ်တည်ဖို့ တာဝန်ရှိသူတွေပါ၊ အခုတော့ အစိုးရရဲ့ တစ်ဘက်သတ်သတင်းထုတ်ပြန်ချက်များအရ ပြည်သူလူထုနဲ့ အခြားကျောင်းများက ကျောင်းသားတွေက ကျနော်တို့ကို အမြင်လွဲနေလောက်ပါပြီ၊ ဒီအမြင်လွဲမှုကို ကျနော်တို့ အရေးတကြီးဖြေရှင်းဖို့လိုပါတယ်၊ ဒါကြောင့် တချို့ကျောင်းသားတွေ ကျောင်းဝင်းထဲကထွက်ပြီး အခြားကျောင်းတွေဆီအရောက်သွားလို့ လူကိုယ်တိုင် ကြိုးစားဖြေရှင်းကြရမှာပါ၊
ပထမဆုံးဖြတ်ချက်အရ အစိုးရထံအရေးဆိုမည့် ကြေညာချက်ကို လက်ရေးနဲ့ အကြမ်းရေးပြီး ကျောင်းသားရေးရာဋ္ဌာနမှာ လက်နှိပ်စက်ရိုက်ပါတယ်၊ အဲဒီဋ္ဌာနက စက္ကူတွေနဲ့ စာကူးစက်ကိုသုံးပြီး ကော်ပီတွေရနိုင်သလောက်ပွါးပါတယ်၊
ကျောင်းသားတွေရဲ့ ဝိုင်းဝန်းဖိအားပေးမှုကြောင့် မော်ကွန်းထိန်း ဦးဗိုလ်အေးက ကိုဘုန်းမော်သေဆုံးတာဟာ သေနတ်ဒဏ်ရာကြောင့်ဖြစ်ကြောင်း စာရေးပြီး လက်မှတ်ထိုးပေးပါတယ်၊ အဲဒီစာကိုလဲ မိတ္တူတွေ အများကြီးပွါးပါတယ်၊ကျောင်းသားရေးရာဝန်ထမ်းများက ကူညီကြပါတယ်၊ ပြီးတော့ ပါမောက္ခချုပ်ရုံးခန်းကို တစ်စောင်၊ မော်ကွန်းထိန်းရုံးခန်းကို တစ်စောင်သွားပေးလိုက်ကြပါတယ်၊
ဒုတိယဆုံးဖြတ်ချက်အတွက် အခြားကျောင်းများထံသွားရောက်ဖို့ကိုတော့ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ကျောင်းဆိုပြီး အတိအကျတာဝန်ပေးတာမရှိပါ၊ တာဝန်ယူနိုင်သူ တွေက ဒီစာမိတ္တူတွေနဲ့အတူ နီးစပ်တဲ့ ကျောင်းကိုသွားပြီး ရှင်းပြဖို့ပါ၊ တချို့ကလဲ ကိုဘုန်းမော်ရဲ့ မိသားစုထံသွားရောက်ရှင်းပြဖို့ တာဝန်ယူကြပါတယ်၊ကျနော်က ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ဖြစ်နေတဲ့ အရင်ကျနော်တက်ခဲ့တဲ့ ဒေသကောလိပ် အမှတ် (၂) ကိုသွားဖို့တာဝန်ယူလိုက်ပါတယ်၊ အဲဒီကျောင်းမှာ ကျနော့်ညီနဲ့ ညီမက အင်္ဂလိပ်စာ ပထမနှစ်နဲ့ ဓာတုဗေဒ ဒုတိယနှစ်တက်နေကြပြီး သူငယ်ချင်းအတော်များများကလဲ ဆရာပြန်ဖြစ်နေကြတာမို့ပါ၊
မတ်လ ၁၅ရက်နေ့ နေ့လည်မှာ ကျောင်းဝင်းအတွင်းက ကျနော်ထွက်ခွါပါတယ်၊ ကျနော်နဲ့အတူ သူငယ်ချင်း တင်ထွန်းလဲပါပါတယ်၊ သူကလဲ ကျနော့်လိုပဲ ၁၉၈၁မှာ စက်မှုတက္ကသိုလ်ကို ရောက်ပြီး စာမေးပွဲတွေ တစ်ဘုန်းဘုန်းကျလို့ ၁၉၈၈မှာမှ နောက်ဆုံးနှစ်ကို ရောက်သူပါ၊
ကျောင်းဝင်းထဲကထွက်တာလဲ စွန့်စားခန်းတစ်ခုပါ၊ ကျောင်းရှေ့မှာ လုံထိန်းတွေက ပိတ်ဆို့ဝိုင်းရံထားတာမို့ ရှေ့ကထွက်လို့မရနိုင်ပါ၊ ဒါကြောင့်ကျောင်းဝင်းနဲ့ တစ်ဘက်ထဲက အရှေ့ကြို့ကုန်းရပ်ကွက်ထဲကို ခြံစည်းရိုးအုတ်တံတိုင်းကိုကျော်ပြီး ရောက်ရှိပါတယ်၊ အဲဒီကမှ အင်းစိန်ဘက်ကို အတော်ကြာကြာလမ်းလျှောက်ရပါတယ်၊ ကားလမ်းမကြီးကို ရှောင်ပြီး အတွင်းလမ်းတွေက လျှောက်ရတာမို့ ခွေးဟောင်လဲခံရပါတယ်၊ လူတွေရဲ့ မသင်္ကာအကြည့်လဲ ခံရပါတယ်၊ နောက်ဆုံးတော့ အင်းစိန်ရထားဘူတာကို ရောက်ရှိပါတယ်၊ အဲဒီအချိန်မှာပဲ ကျနော်တို့ ကျောင်းဝင်းကို လုံထိန်းတပ်တွေ ဝင်ရောက်စီးနင်းလိုက်ပြီဆိုတဲ့ သတင်းကို အရပ်သားများပြောနေတာကြားလိုက်ရပါတယ်၊
 အဲဒီနေ့က ညနေ ၃နာရီလောက်မှာ လုံထိန်းရဲတွေက ကျောင်းကို ဝင်စီးတယ်လို့ နောက်တော့သိရပါတယ်၊ ကျောင်းဝင်းထဲမှာ ကျောင်းသားပေါင်း တစ်ထောင်နီးပါးရှိတဲ့အထဲက ဆရာတွေ၊ ဝန်ထမ်းတွေနဲ့   အရှေ့ကြို့ကုန်းရပ်ကွက်ပြည်သူတွေကူညီလို့ ကျောင်းသား ၄၀၀ ကျော်လောက် လွတ်မြောက်သွားပြီး ကျန်ရစ်ခဲ့တဲ့ ကျောင်းသား ၆၀၀ ကျော်အဖမ်းခံကြရပါတယ်၊ ကျောင်းသားတွေအားလုံးကို အင်းစိန်ထောင်ကြီးရဲ့ တွဲဘက်အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ် လို့လဲကြားရပါတယ်၊

(အောင်ဒင် ရဲ့ ရေးသားနေဆဲ "လူတယောက်ရဲ့ ဘ၀တခြမ်း မှတ်တမ်းတချို့ "(မှတ်စုစာအုပ်) ထဲကနေ ခွင့်ပြုချက်တောင်းပြီး မတ်လ ၁၃၊ အရေးအခင်းမှတ်တမ်းကို မိုးမခမှာ ကောက်နုတ်ဖော်ပြပါတယ်။ သူ့ရဲ့ ကဏ္ဍ (၆) ကို အစအဆုံး ဆက်လက်ထည့်သွင်းပါ့မယ်)
(သ၇ုပ်ဖော် - စက်တင်ဘာ ၁၇၊ ၁၉၈၈ က စက်မှုတက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ခဲ့တဲ့ စက်မှုအားမာန်စာစောင် အဖုံး၊ တင်မင်းထက်ဖေ့စ်ဘုတ်က ရတယ်) 

Sai Win Myint - Poem


ဒီမြေပုံအတိုင်းဆိုရင်
စိုင်းဝင်းမြင့်
မတ်လ ၁၃၊ ၂၀၁၃


ကမ္ဘာမှာ စစ်ပွဲနှစ်ပွဲပြီးသွားတယ်
ငါတို့ မပြီးသေးဘူး။

စစ်ဖြစ်တော့မှာလား
သတင်းထောက်များမေးတော့

ဘယ်နိုင်ငံနဲ့ လဲ
ဂျော့ဒဘလျူဘုရှ် ဖြေတယ်။

ငါတို့ရဲ့ဟာသကလည်း ထို့အတူ
ဘယ်အရာနဲ့လဲ။

ဒီမြေပုံအတိုင်းဆိုရင်
အားလုံး သေကုန်တော့မှာပဲ။

စိုင်းဝင်းမြင့်၏ ကဗျာအား လမ်းအိုလေး မှ ပြန်လည်ကူးယူဖော်ပြပါသည်။

သရုပ်ဖော်ပန်းချီ - ၀င်းဖေ

Nyein Chan Aye - Articles


စီပွားရေးလုပ်ငန်း၊ ကျင့်ဝတ်နှင့် ခေတ်သစ်ကမ္ဘာ 
(Business, Ethic and the Modern World)
ငြိမ်းချမ်းအေး
မတ်လ ၁၃၊ ၂၀၁၃



လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း ဆန္ဒပြပွဲသတင်းတွေ၊ အကြမ်းဖက်နှိမ်နင်းမှုတွေ ကနေစပြီးတော့ ခု နောက်ဆုံး ထွက်လာတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ရဲ့ အစီရင်ခံစာ အပါအဝင် ဗမာပြည် က ခေတ်အဆက်ဆက် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ နဲ့ ဒေသခံ ပြည်သူတွေ ကြား ပဋိပက္ခတွေ၊ စစ်ဘီလူးနဲ့ ပေါင်းပြီး ဆူဖြိုးနေတဲ့ စီးပွားဘီလူးကြီးတွေရဲ့ ဒေသခံ လက်နက်၊ အာဏာ၊ ငွေကြေး၊ အားလုံးမဲ့တဲ့ ပြည်သူ အပေါ် တဘက်စောင်းနင်း အဓမ္မ ပြုမှုတွေ စတဲ့ သတင်းတွေကို ကြားတိုင်း ကျောင်းတုန်းက လုပ်ခဲ့ရတဲ့ "စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး" ဘာသာရပ် နဲ့ ပတ်သက်တဲ့ စာတမ်း ရေးရတာတွေ၊ ဆွေးနွေးပွဲတွေ၊ လေ့လာခဲ့ရတဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို သတိရမိတယ်။

ခေတ်သစ် ဘောဂဗေဒပညာရေး နဲ့ စာသင်ခန်းမတွေဟာ တကယ်တော့ အရင်းရှင်ကောင်း နဲ့ အရင်းရှင်နောက်လိုက်ကောင်း ဖြစ်အောင် စနစ်တကျ ပုံသွင်း သင်ကြားပေးတဲ့ နေရာတွေသာ ဖြစ်တယ်။ ဒါပေမယ့် အရင်းရှင်ဝါဒ စည်ပင်၊ သာယာ၊ ဝပြော၊ ဆိုပြေ၊ စိမ်းလန်းဖို့ရာမှာ လူ့အသိုင်းအဝန်း၊ ဈေးကွက် နဲ့ ဥတု ရာသီ သဘာဝ မဖောက်ပြန် ရှင်သန်ဖို့က မရှိမဖြစ် အရေးကြီးတဲ့အတွက် ရှင်သန်အောင် စီမံဆောင်ရွက်ရတဲ့ အတွေးအခေါ်၊ အယူအဆ နဲ့ လုပ်နည်း၊ လုပ်ဟန်တွေဟာ ဘာပဲဖြစ်ဖြစ် လူအများစု နဲ့ ကမ္ဘာမြေအတွက် အကျိုးကျေးဇူးရှိပါတယ်။ ဒီလို ထဲက တခုကတော့ ဆိုခဲ့တဲ့ "စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development)" ဆိုတဲ့ ဘာသာရပ်ပါပဲ။

ဒီဘာသာရပ် နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ နဲ့ ဗမာပြည်က စီးပွားသောင်းကျန်းတွေရဲ့ နိုင့်ထက်စီးနင်းလုပ်မှုတွေကို စဉ်းစားမိရင် ခေါင်းထဲ တမ်းဝင်လာတာက စာသင်ခန်းတုန်းက လေ့လာခဲ့ဖူးတဲ့ အိန္ဒိယ သဘာဝ ဓာတ်သတ္တု ရှာဖွေ၊ တူးဖော်၊ ရောင်းချနေတဲ့ မိုင်း ကုမ္ပဏီ တခု အိန္ဒိယနိုင်ငံ ပြည်နယ်တခုမှာ မိုင်းတွင်း လုပ်ငန်းလုပ်ဆောင်ဖို့ စီစဉ်ရာမှာ ကြုံတွေရတဲ့ ကန့်ကွက်မှု၊ ဝေဖန်ခံရမှု အကြောင်းတွေပါပဲ။ အဲဒီ မိုင်းကုမ္ပဏီ လုပ်ငန်းလုပ်ဖို့ စီစဉ်တဲ့ ဒေသက ဒေသခံ ဌာနေတိုင်းရင်းသား တွေဟာ တောင်ကို ကာကွယ်တဲ့ သဘောနဲ့ တတောင်လုံး ပတ်လည် ဝိုင်းပြီး လူချိန်းကြိုးသဏ္ဍာန် လက်ချင်းတွဲလျက် စီတန်း ရပ်၊ ကန့်ကွက် ဆန္ဒပြကြတဲ့ ဓာတ်ပုံ ဆိုရင် မျက်စိထဲမှာ ခုအထိ မြင်ယောင်နေတယ်။

အဓိက ကန့်ကွက်ကြတာကတော့ ဗမာပြည် အပါအဝင် ကမ္ဘာအနှံ့က ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေရဲ့ ခေတ်သစ် စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၊ ဖွံ့ဖြိုးရေလုပ်ငန်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ဒေသခံ တွေရဲ့ မိရိုးဖလာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ထိခိုက်မှု၊ ရိုးရာ ထုံးတမ်း စဉ်လာ ယဉ်ကျေးမှုတွေကို ထိခိုက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ မြေသိမ်းခံရမှု နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးလို့ ဂေဟ စနစ် ပျက်ယွင်းလာမှု တွေကို ကာကွယ်ဖို့ ပြောဆိုထောက်ပြ၊ ဆန့်ကျင် ကန့်ကွက်ကြတာပါပဲ။

အဲဒီ မိုင်းကုမ္ပဏီ က နိုင်ငံတကာ မှာလည်း ဓာတ်သတ္တု ရှာဖွေ၊ တူးဖော်မှုတွေ လုပ်သလို နိုင်ငံပေါင်းစုံက လုပ်ငန်းရှင်ကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ပိုင်ဆိုင်မှုရှယ်ယာတွေလည်း ရှိတယ်။ သူတို့ရဲ့ လုပ်ငန်းတွေမှာ အထက်မှာ ဆိုခဲ့သလို အငြင်းပွားဖွယ်ရာ အဖြစ်အပျက်နဲ့ အကြောင်းအရာတွေ ရှိတော့ နိုင်ငံတကာ နဲ့ ဒေသတွင်းက လူ့အခွင့်အရေး အဖွဲ့အစည်းတွေ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေ ရဲ့ ဝေဖန်ပြစ်တင် ဖိအားပေးမှုတွေ ကြုံလာရတယ်။ တချို့ လူ့အခွင့်အရေး ကို အပြည့်အဝ လိုက်နာဖို့ ဦးထိပ်ထားတဲ့ ရင်းနှီးမြှုပ်သူ လုပ်ငန်းရှင်၊ အဖွဲ့အစည်းတွေက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံငွေ၊ အစုရှယ်ယာ ပြန်ထုတ်သွားတာတွေ ရှိခဲ့တယ်။ ထင်ရှားတဲ့ ထဲကဆိုရင် အင်္ဂလန် က ဘာသာရေးအခြေပြု အဖွဲ့အစည်းတခု ဖြစ်တဲ့ "The Church of England" က သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဲဒီ ကုမ္ပဏီ မှာ ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဗမာပြည်အတွက် နားလည်လွယ်တဲ့ စကားနဲ့ဆိုရရင် အဲဒီ ကုမ္ပဏီ နဲ့ စီးပွားရေးအရ မဆက်ဆံတော့ဖို့ ဆုံးဖြတ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်တဲ့ စီးပွားရေး ပိတ်ဆို့မှု တမျိုးလို့ ဆိုနိုင်ပါတယ်။

လူသိများတဲ့ စီးပွားရေး ပိတ်ဆို့မှု သဘောက အုပ်စိုးသူ အစိုးရ ကို ပစ်မှတ်ထား ဒဏ်ခတ်ချင်လို့ တနိုင်ငံလုံး အတိုင်းအတာ နဲ့ အရေးယူ ဆောင်ရွက်လေ့ရှိတဲ့ ပုံစံပါ။ လူ့တဦးချင်း နဲ့ လူနည်းစု လူမျိုးစု တွေရဲ့ အခွင့်အရေး နဲ့ ရပိုင်ခွင့်ကို လေးစားလိုက်နာမှုမရှိဘဲ ကိုယ့်တိုင်းသူပြည်သားအပေါ် လူလိုထား မဆက်ဆံတဲ့ ဖိနှိပ်မှု ပြင်းထန်တဲ့ အစိုးရမျိုးတွေ အုပ်ချုပ်တဲ့ တိုင်းပြည်မျိုးကို ဖိနှိပ်မှုတွေ လျော့စေဖို့ နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးတဲ့ အနေနဲ့ စီးပွားရေး အရ မဆက်ဆံဖို့၊ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ အရေးယူ အပြစ်ပေး ဒဏ်ခတ်လေ့ရှိကြတယ်။ ဒီသဘောဟာ တဘက်ကကြည့်ရင် နိုင်ငံရေး သဘောဆောင်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် တကယ့် စီးပွားရေး ပိတ်ဆို့မှု ရဲ့ အတွင်း အနှစ်သာရ က ဒီထက်ပိုပါတယ်။

လွယ်လွယ် နဲ့ ရှင်းအောင် ဆိုရရင် "မသူတော် နဲ့ ပေါင်း စီးပွားမရှာဘူး" ဆို တဲ့ သဘောပါ။ ကျင့်ဝတ်သီလမဲ့ လုပ်ရပ်တွေကို အခြေပြုပြီး ရလာတဲ့ အကျိုးအမြတ်ကို မယူဘူး၊ မလိုချင်ဘူး၊ သမ္မာ အာဇီဝ စစ်စစ် ဖြစ်တဲ့ စီးပွားရှာမှုမျိုးပဲ လုပ်မယ်ဆိုတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ လေးစားလိုက်နာမှု၊ ခံယူချက်၊ စောင့်ထိန်းချက် မျိုးကြောင့် ဖြစ်ပေါ်လာတဲ့ အရေးယူဆောင်ရွက်မှု ပုံစံဖြစ်ပါတယ်။ ဒါပေမယ့် ဒီသဘောကို ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှ အပြည့်အဝ လိုက်နာကျင့်သုံးတယ်ဆိုတာ ကမ္ဘာမှာ မရှိပါဘူး။ အကြောင်းက နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ မိမိအကျိုးစီးပွား ကို ရှေ့တန်းတင် အဓိက စဉ်းစာပြီး လမ်းစဉ်တွေ၊ မူဝါဒ တွေ ချမှတ်လေ့ရှိလို့ပါပဲ။ ဒါ့အပြင် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံရေး အခြေအနေ၊ ကမ္ဘာ့နိုင်ငံရေး၊ ပထဝီ နိုင်ငံရေး စတာတွေနဲ့လည်း သက်ဆိုင်လေ့ ရှိပါတယ်။

ကမ္ဘာ့ အထင်ကရ ဒီမိုကရေစီ တိုင်းပြည်ကြီးဖြစ်တဲ့ အမေရိကန်ဟာ သူတို့ အကျိုးစီးပွားအတွက် ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေး အချိုးဖောက်ဆုံး အစိုးရတွေကို အကာအကွယ်ပေး၊ ထောက်ပံ့၊ နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှုတွေ လုပ်ခဲ့ရပါတယ်။ အရင် စစ်အေးခေတ် ကာလတုန်းကဆိုရင် နိုင်ငံရေး လိုအပ်ချက် အကျိုးရလဒ် အတွက် ကွန်မြူနစ် ဆန်ကျင့်ရေး အာဏာရှင်တွေကို ကမ္ဘာ့အနှံ့က ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ အာဏာမြဲ တည်တံ့အောင် ဆောင်ရွက်ပေးခဲ့တာပါပဲ။ စစ်အေးခေတ်ကုန်ဆုံးတဲ့ အချိန်မှာ အမေရိကန် အပါအဝင် အနောက် ဒီမိုကရေစီ အုပ်စုရဲ့ နိုင်ငံခြားရေး နဲ့ စီးပွားရေး မူဝါဒတွေဟာ လူ့အခွင့်အရေးကို ပိုမိုအလေးပေး စဉ်းစားလာကြပေမယ့် ဦးစားပေး နံပါတ် "တစ်" အနေနဲ့ ရှိနေမြဲကတော့ မိမိအကျိုးစီးပွားကို အဓိက အခြေပြု မူဝါဒ ဖော်ဆောင်ခြင်းပါပဲ။

ဒါကြောင့်လည်း အမေရိကန် နဲ့ မဟာမိတ် ဒီမိုကရေစီ နိုင်ငံကြီးတွေ ရဲ့ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ လူ့အခွင့်အရေး မူဝါဒ တွေဟာ အမြဲတမ်းလိုလို ကိုယ်ကျိုးစီးပွားကို ငဲ့ရလို့ "စံနှစ်မျိုး (Double Standard)" ဖြစ်နေတတ်ပါတယ်။ ဥပမာ ဆိုရရင် အမေရိကန် နဲ့ အနောက် အုပ်စု ဟာ ပြီးခဲ့တဲ့ စစ်အစိုးရခေတ် တလျှောက်လုံး ဗမာပြည်ကို စီးပွားရေး နဲ့ စစ်ရေး မဆက်ဆံ ပိတ်ဆို့ထားပေမယ့် သူတို့ရဲ့ အဓိက အကျိုးစီးပွား ရေနံ ကုမ္ပဏီကြီးတွေကတော့ ဗမာပြည်မှာ စီးပွားရှာ မပျက်ခဲ့ပါဘူး။

ဒါပေမယ့် ဒီမိုကရေစနစ်ရဲ့ ကောင်းမွန်တဲ့ သဘောအရ ပြည်သူ့သဘော ဆန္ဒ က နိုင်ငံ မူဝါဒတွေမှာ အနည်းနဲ့ အများဆိုသလို အရေးပါ၊ အရာရောက်နေတဲ့အတွက် သူတို့ တိုင်းပြည်တွေက ပြည်သူလူထု နဲ့ လူမှု အဖွဲ့အစည်းတွေရဲ့ ကမ္ဘာ့ရေးရာ အဖြစ်အပျက်၊ အကြောင်းအရာ ကိစ္စအဝဝကို မျက်ခြေမပြတ်မှု အနည်း/အများ အပေါ်မူတည်ပြီး သူတို့ အစိုးရ တွေ နဲ့ သူတို့ နိုင်ငံက ကုမ္ပဏီကြီးတွေ နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံနေတဲ့ နိုင်ငံတကာက တိုင်းပြည်တွေမှာ ဖြစ်ပေါ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှု နဲ့ သဘာဝပတ်ဝန်းကျင့် ညစ်ညမ်းစေမှုတွေကို ဝေဖန်၊ ထောက်ပြ၊ ကန့်ကွက်ပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ တောင်းဆိုကြရင် နိုင်ငံ နဲ့ ပုဂ္ဂလိက အဖွဲ့အစည်း အကျိုးစီးပွားထက် လူ့အခွင့်အရေးဘက်၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ရှုထောင့်ဘက်ကို အခြေပြုပြီး စဉ်းစားဆောင်ရွက်မှု၊ မူဝါဒ ချမှတ်မှု၊ ဥပဒေပြုမှု တွေကို မဖြစ်မနေ လုပ်ရတတ်တာတွေလည်း ရှိပါတယ်။

ဒီသဘောဟာ တိုင်းပြည် အနာဂတ် ရေနံ အတွက် ကမ္ဘာပတ် စစ် ဖြစ်ရတာမျိုးတွေကို မကာကွယ် မတားဆီးနိုင်ပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် အခြား ကျင့်ဝတ်မဲ့ လုပ်ရပ်တွေကို နိုင်ငံရေး နဲ့ အမျိုးသား အကျိုးစီးပွားအလိုအရ လုံးဝ မျက်စိမှိတ်၊ နားပိတ်၊ မျက်ကွယ်ပြုပြီး အာဏာရှင်တွေ တည်မြဲအောင် လုပ်ပေးနေရတဲ့ စစ်အေးခေတ်ထက်တော့ လူ့အခွင့်အရေး နဲ့ ကျင့်ဝတ် ရှုထောင့် က ကြည့်ရင် နည်းနည်း ပိုကောင်းလာတယ်လို့တော့ ဆိုချင်ရင် ရပါတယ်။

အထက်မှာ ဆိုခဲ့တဲ့ "မသူတော် နဲ့ စီးပွားပေါင်း မလုပ်ဘူး" ဆိုတဲ့ ကျင့်ဝတ်သဘော မူဝါဒကို ထိခိုက်စေတဲ့ နောက်တချက်ဖြစ်တဲ့ ပထဝီ နိုင်ငံရေး ကို ဥပမာပြရရင် အရင်ခေတ် ဗမာ စစ်အစိုးရ နဲ့ ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီ တိုင်းပြည်ကြီး တခုဖြစ်တဲ့ အိန္ဒိယ တို့ရဲ့ ဆက်ဆံရေး ကို ပြရပါမယ်။ အိန္ဒိယ အစိုးရဟာ ကနဦးမှာ စစ်အစိုးရ နဲ့ နိုင်ငံရေး၊ စီးပွားရေး လုံးဝ မဆက်ဆံဘဲ ဗမာပြည် ဒီမိုကရေစီလှုပ်ရှားမှုကို အပြည့်အဝ ထောက်ခံပေးခဲ့တယ်။ ဒါပေမယ့် ပထဝီ နိုင်ငံရေး အရ ဗမာ စစ်အစိုးရနဲ့ ပိုမိုနီးစပ်ပြီး ဒေသတွင်းမှာ လူတွင်ကျယ် ဖြစ်နေတဲ့ တရုတ် နိုင်ငံရဲ့ သြဇာ အာဏာ ကို ထိန်းညှိလိုမှုကြောင့် နောက်ပိုင်းမှာ အိန္ဒိယ အစိုးရဟာ ဗမာပြည်နဲ့ သက်ဆိုင်တဲ့ နိုင်ငံခြားရေး မူဝါဒ ကို ပြောင်းလဲခဲ့ရတယ်။ အမျိုးသား အကျိုးစီးပွားကြောင့် ကိုယ်ကျိုး ငဲ့ပြီး မဖြစ်မနေ ပြောင်းလဲလိုက်ရတဲ့ မူဝါဒလို့လည်း ဆိုနိုင်ပါတယ်။ တရုတ် ရဲ့ ဒေသတွင်းနဲ့ ကမ္ဘာမှာ အင်အားကြီးမားလာနေတာကို ဗဟိုပြုပြီး ပြောင်းလဲလာတဲ့ အမေရိကန် ရဲ့ လက်ရှိ အာရှ နဲ့ ပစ္စဖိတ် ဒေသ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး မူဝါဒတွေဟာလည်း ဒီသဘောပါပဲ။

ဒါကတော့ နိုင်ငံတကာမှာ ဖြစ်ခဲ့တဲ့၊ ဖြစ်လေ့ရှိတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကြောင့် နိုင်ငံရေး၊ စီးပွားရေး အရ တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးယူ လုပ်ဆောင်တဲ့ ပိတ်ဆို့တာဆီး ပုံစံဖြစ်ပြီး သူ့ရဲ့ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရာမှာ ထည့်သွင်းစဉ်းစားရလေ့ရှိတဲ့ အချက် နဲ့ အားနည်းချက် သဘောတွေ ဖြစ်ပါတယ်။

ဒါ့အပြင် အထက်မှာ ဆိုခဲ့တဲ့ အိန္ဒိယ မိုင်းတွင်း ကုမ္ပဏီ အဖြစ်အပျက်လို တနိုင်ငံလုံး သဘောမဟုတ်ဘဲ၊ တနည်းအားဖြင့် နိုင်ငံရေး သဘော အဓိက မဆောင်ဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာ အရ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကြီးတွေ တခုချင်းသီးသန့် ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့၊ စီးပွားရေး အရ မဆက်ဆံဖို့၊ ဝယ်ယူအားပေး ခြင်းမပြုဖို့ လုပ်ဆောင်တဲ့ အရေးယူပိတ်ဆို့၊ စီးပွားရေး ဒဏ်ခတ်မှုတွေလည်း ရှိပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းကြီးတွေ ရဲ့ စီးပွားရှာမှု လုပ်နည်း၊ လုပ်ဟန် သမာသမတ်ကျ/မကျ၊ ကျင့်ဝတ် ညီမှု ရှိ/မရှိ ကိုကြည့်ပြီး တဖွဲ့ချင်း၊ တခုချင်း ကွက် အရေးယူ ဒဏ်ခတ်တဲ့ သဘောက လူသား နဲ့ စီးပွား ကျင့်ဝတ်ပိုင်း ဆိုင်ရာ အရကြည့်ရင် ပိုပြီး ထိရောက်၊ လက်တွေ့ အလုပ်ဖြစ်တယ်လို့ ဆိုရပါမယ်။

အကြောင်းက ကမ္ဘာနဲ့ချီ စီးပွားလုပ်ဆောင်နေတဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဟာ မိမိတို့ရဲ့ အကျိုး/အမြတ် ရလဒ် ရေရှည်တည်မြဲစေဖို့၊ ဈေးကွက်မှာ နေရာအမြဲတမ်း ရနေစေဖို့ အတွက် စားသုံးသူ၊ စီးပွားဘက် နဲ့ ပြိုင်ဘက်တွေ ကြားမှာ နာမည်ကောင်းရဖို့ အရေးကြီးတဲ့အတွက် သူတို့ရဲ့ စီးပွားရေး လုပ်နည်း၊ လုပ်ဟန်တွေ တရားဝင်ကြောင်း၊ ကျင့်ဝတ်ညီကြောင်း၊ လူ့အခွင့်အရေး ကို လေးစားလိုက်နာကြောင်း နဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေကြောင်း သက်သေပြုနိုင်ဖို့ လိုတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

လူသိများတဲ့ အင်္ဂလိပ်စကားလုံးနဲ့ ဆိုရရင် ကုမ္ပဏီ ရဲ့ "Image" ကောင်းဖို့ လိုလို့ ဖြစ်ပါတယ်။ ဒီလို အနေအထား နဲ့ တောင်းဆိုမှုကြောင့် ကမ္ဘာ့စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ အာဏာရှင်နဲ့ ပေါင်း စီးပွားမရှာမိဖို့၊ လူ့အခွင့်အရေး မချိုးဖောက်မိဖို့၊ မိမိ ရဲ့ ဝန်ထမ်း အလုပ်သမားတွေ ကို နိုင့်ထက်စီးနင်း ဂုတ်သွေးစုပ် နင်းမခိုင်းမိစေဖို့၊ မိမိ လုပ်ငန်းလုပ်တဲ့ ဒေသက ဒေသခံတွေရဲ့ အကျိုးစီးပွား နဲ့ အိုးအိမ်၊ စည်းစိမ် ကို မပျက်စီးစေဖို့၊ ဥတု သဘာဝ နဲ့ ပတ်ဝန်းကျင် ကို မထိခိုက်စေဖို့ မဖြစ်မနေ အလေးထား စီစဉ် ဆောင်ရွက်၊ မူဝါဒ ချမှတ်လာရပါတယ်။

ဆိုခဲ့သလို လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင် နဲ့ သက်ဆိုင်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်နေကြောင်း အစွပ်အစွဲ ခံရရင် စီးပွားရေး လုပ်ငန်း ရဲ့ နာမည် အကြီးအကျယ် ထိခိုက်စေပြီး လုပ်ငန်းက အစုရှယ်ယာရှင်တွေရဲ့ အရင်းအနှီးတွေ နှုတ်ထွက်တာ၊ လုပ်ငန်းရဲ့ စားသုံးသူ/သုံးစွဲသူ တွေက သုံးစွဲ၊ ဝယ်ယူအားပေး မှု မလုပ်တော့တာ၊ ဈေးကွက် မှာ နာမည်ပျက်တာ တွေ ရင်ဆိုင်လာရနိုင်ကာ မိမိရဲ့ ကိုယ်ကျိုးစီးပွား အမြတ် ရရှိမှု နဲ့ ရေရှည် တည့်တံ့ ခိုင်မြဲ တိုးတက်မှုကို ထိခိုက်လာနိုင်တဲ့အတွက် မိမိရဲ့ စီးပွားလုင်ငန်းဆောင်ရွက်မှုပုံစံကို တရားဥပဒေ နည်းလမ်းတကျ ဝတ်တန်းကျေ ဆောင်ရွက်ရုံနဲ့ မလုံလောက်တော့ဘဲ တတ်နိုင်သမျှ လူမှုစီးပွား ကျင့်ဝတ်တွေနဲ့ပါ ညီအောင် အလေးထား လာရပါတယ်။

မြင်သာတဲ့ ဥပမာ ဆိုရရင် ကမ္ဘာ့ ဆက်သွယ်ရေး နဲ့ နည်းပညာ ဈေးကွက် မှာ ထိပ်တန်း ရောက်နေတဲ့ တကိုယ်ရေ နဲ့ လုပ်ငန်းသုံး အဆင့်မြင့် လျှပ်စစ် နည်းပညာ နဲ့ ဆက်သွယ်ရေး အသုံးအဆောင် ပစ္စည်းတွေထုတ်တဲ့ ပန်းသီးတံဆိပ် ကုမ္ပဏီရဲ့ တရုတ် နဲ့ ထိုင်ဝမ် နိုင်ငံက စက်ရုံတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာ နည်းမှု၊ အလုပ်သမား အခွင့်အရေး အချိုးဖောက်ခံရမှု၊ အလုပ်သမားတွေ လုပ်ငန်းခွင် နဲ့ ပုဂ္ဂလိက လူမှုဘဝ စီးပွားဒဏ် ကို မခံနိုင်လို့ ကိုယ့်ဘာသာ သတ်သေခဲ့မှု ဖြစ်စဉ် သတင်းတွေနဲ့ ဒီ ဖြစ်ရပ်တွေရဲ့ အကျိုးဆက် ဂရက်တွေ ကို ပြရပါမယ်။

ကမ္ဘာတဝှမ်းက ပန်းသီးတံဆိပ် ကုမ္ပဏီရဲ့ နည်းပညာ ကို သဘောကျ နှစ်သက် အားပေးကြတဲ့ သုံးစွဲသူတွေဟာ သူတို့ သုံးစွဲနေတဲ့ ပစ္စည်းတွေရဲ့ ဖြစ်ပေါ်လာပုံ နဲ့ နောက်ကွယ်က အကြောင်း၊ သတင်း ဖြစ်ရပ်ဆိုးတွေကို သိမြင်လာရတော့ ကုမ္ပဏီရဲ့ စီးပွားလုပ်နည်း၊ လုပ်ဟန်နဲ့ ကျင့်ဝတ် အပေါ် မေးခွန်းထုတ်မှုတွေဖြစ်လာကာ ပန်းသီးတံဆိပ် လျှပ်စစ် လူ့အသုံးအဆောင် နဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကို မသုံးစွဲတော့ဖို့ ထုတ်ဖော် ဆန္ဒ ထုတ်ဖော်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ပန်းသီးတံဆိပ် ကုမ္ပဏီကလည်း ဒီလို ဈေးကွက် မှာ နာမည် နဲ့ တံဆိပ် ကို ထိခိုက်စေမယ့်၊ အကျိုးစီးပွားကို ပျက်စီးစေမယ့် အဖြစ်အပျက်တွေကို ရှောင်ကြဉ်နိုင်ဖို့ အပြုသဘောဆောင်တဲ့ အလျင်အမြင် အရေးယူမှု တွေ၊ အစီအစဉ်တွေ၊ မူဝါဒတွေကို ချမှတ် ဖော်ဆောင်ခဲ့ရပါတယ်။

ဒီလို အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ၊ အခြား လူ့အခွင့်အရေး နဲ့ သဘာဝပတ်ဝန်းကျင် ကို ထိခိုက်စေတဲ့ အပြုအမူတွေဟာ ဥပမာပြုခဲ့တဲ့ ပန်းသီး ကုမ္ပဏီလို အဖွဲ့အစည်းတခုတည်းမှာပဲ ဖြစ်ပေါ်လေ့ရှိတဲ့ အဖြစ်အပျက်တွေ မဟုတ်သလို ကမ္ဘာ့ စီးပွားရေး မှာ အရေအတွက် အနည်းစု ဖြစ်နေတာလည်း မဟုတ်ပါဘူး။ ကမ္ဘာ့ပတ်လည် စီးပွားလုပ်ဆောင်နေတဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေတိုင်းမှာ အလားတူ အဖြစ်အပျက်မျိုးတွေ မြင်တွေ့ရလေ့ရှိပါတယ်။ ဒီလို တရား မမျှမတ၊ ကျင့်ဝတ်မဲ့ စီးပွားလုပ်ဆောင်နေမှုတွေကို လူအများစု သိအောင်၊ စားသုံးသူ/သုံးစွဲသူ တွေ သိမြင်ခံစားလာအောင်၊ အစုရှယ်ယာရှင် နဲ့ ငွေကြေးအရင်းအနှီး ထောက်ပံ့သူတွေ နားလည်လက်ခံလာအောင် လူအခွင့်အရေး နဲ့ လူမှု အဖွဲ့အစည်းတွေက ဝိုင်းဝန်း ဆော်သြလေ့ရှိပြီး မတရားမှုတွေ ပျောက်အောင်၊ လူသား နဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေ နည်းအောင် နိုင်ငံတကာ အစိုးရတွေ နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ စီးပွားရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေကို တရားနည်းလမ်းကျတဲ့ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း နဲ့ ကျင့်ဝတ် တွေ သတ်မှတ်ပြဋ္ဌာန်းပေးဖို့ တိုက်တွန်းနှိုးဆော်လေ့ရှိပါတယ်။

ဥပမာ တခု ပြရရင် ပြည်တွင်းစစ်ဖြစ်နေတဲ့ အာဖရိက ပဋိပက္ခ ဒေသတွေက ထွက်တဲ့ စိန်တွေကို နိုင်ငံတကာမှာ ရောင်းဝယ် ဖောက်ကားမှု မလုပ်ဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ ကမ္ဘာအနှံ့က လူ့အခွင့်အရေး အဖွဲ့တွေ၊ ဒီမိုကရေစီ အစိုးရတွေ နဲ့ ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကြီးတွေက ဝိုင်းဝန်း တောင်းဆိုမှုတွေရှိခဲ့ပြီး ပဋိပက္ခ ဒေသထွက် စိန်တွေ လက်တွေ့ ဈေးကွက်မှာ အရောင်းအဝယ် မဖြစ်စေဖို့လည်း ဥပဒေတွေ ပြဋ္ဌာန်းတာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကတိခံဝန်ချက်၊ သဘောတူညီမှုတွေ လုပ်တာတွေ ရှိခဲ့ဖူးပါတယ်။ သုံးစွဲသူတွေ အကြားမှာ စိန်တွေ ထွက်ပေါ်လာရာ လမ်းကြောင်း၊ ကြေကွဲဖွယ် နောက်ခံသမိုင်း နဲ့ ဇစ်မြစ် သဘော ကို သိနားလည်လာစေဖို့လည်း လှုံ့ဆော်ပညာပေးမှုတွေ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ပိုက်ဆံချမ်းသာပြီး အများစု ဝယ်ယူသုံးစွဲနေကြတဲ့ (ဝယ်ယူသုံးစွဲနိုင်တဲ့) အမေရိက နဲ့ အနောက်ဥရောပ က ပြည်သူလူထု (အမျိုးသမီးအဓိက) ကြားမှာ အဓမ္မမှုတွေ တင်းကြမ်းပြည့်နေတဲ့ သွေးစွန်းနေတဲ့ စိန်တွေ ကို ဝယ်ယူသုံးစွဲ အပေါ်ရံ အလှတန်ဆာဆင်နေမှုရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းပုံ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဓန အင်အားကြီးတဲ့ နိုင်ငံကြီးတွေက လက်နက် ကုမ္ပဏီကြီးတွေကပဲ ဒီလို ပြည်တွင်းစစ် ဖြစ်နေတဲ့ ပဋိပက္ခ ဒေသတွေမှာ လက်နက်တွေ အကြီးအကျယ်ရောင်းချပြီး ရရှိတဲ့ အကျိုးအမြတ် ပိုက်ဆံတွေနဲ့ အဲ့ဒေသက စိန်တွေကို ပြန်ဝယ်သလို ဖြစ်နေပုံ၊ ဒီလို အကျိုးအမြတ်ကြီးတဲ့ သဘာဝသယံဇာတ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် စီးပွားအတွက် ဒေသတွင်းမှာ ပဋိပက္ခ နဲ့ စစ်ပွဲတွေ အဆုံးမသတ်နိုင် ဖြစ်နေပုံတွေကို လူအများစု သိမြင် ခံစားနားလည် လာအောင် လူထု ပညာပေး လုပ်ငန်းတွေနဲ့ ဆွေးနွေးပွဲ၊ ရှုတ်ချ ပွဲတွေ လုပ်ခဲ့ဖူးပါတယ်။

ဒီလို အာဖရိက ရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်မှန် နောက်ခံ အခြေအနေကို မှီးပြီး ဟောလီးဝုဒ်က "သွေးစွန်းနေတဲ့ စိန် (၂၀၀၆)" ဆိုပြီး ရုပ်ရှင်ရိုက်ခဲ့ဖူးပြီး ဆုတံဆိပ်တွေရ အောင်မြင်သလို ကမ္ဘာ့လူသားတွေလည်း ပဋိပက္ခ ဒေသတွေရဲ့ "သွေးစွန်းနေတဲ့ သယံဇာတ" တွေအကြောင်း ပိုမို နားလည်ခံစား သိမြင်တတ်မှု ရလာခဲ့ပါတယ်။

ဗမာပြည် မြောက်ဖျား ရဲ့ မဆုံးနိုင်တဲ့ ပဋိပက္ခ နဲ့ စစ်ပွဲ တွေဟာ သယံဇာတ ကျိန်စာ သင့် "သွေးစွန်းနေတဲ့ ကျောက်စိမ်း" တွေ နဲ့ ဆိုင်သလို နိုင်ငံခြား ကုမ္ပဏီကြီးတွေ နဲ့ ချိတ်ဆက်ထားတဲ့ အာဏာပိုင် တွေ နဲ့ ပြည်တွင်း လုပ်ငန်းရှင်ကြီးတွေရဲ့ ပုဂ္ဂလိက အကျိုးစီးပွားနဲ့လည်း ဆိုင်တယ်ဆိုတာ ထင်ရှားတဲ့ အချက် ဖြစ်ပါတယ်။

ဒီလို နိုင်ငံတကာ နဲ့ ကမ္ဘာပတ်လည် စီးပွားလုပ်ဆောင်ရမှာ ဖြစ်ပေါ်နေတဲ့ ကျင့်ဝတ်၊ သီလ၊ တရား မဲ့မှုတွေ၊ အများအတွက် မစဉ်းစားဘဲ ကိုယ်ကျိုးတခုတည်းပဲ ကြည့် လုပ်ဆောင်မှုတွေ၊ အာဏာ နဲ့ ငွေ ရှိသူတွေရဲ့ ထင်တိုင်းကြဲနိုင်နေမှုတွေ စတဲ့  အဓမ္မ တရားမဲ့မှုတွေ လျော့ပါးလာအောင် အစိုးရတွေ နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ စီးပွားရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေက နိုင်ငံတကာ စံနှုန်း၊ စံညွှန်း၊ သဘောတူညီချက် တွေ အရ လေးစား လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်ဥပဒေသပြဋ္ဌာန်းမှု တွေ လက်တွေ့ လုပ်ဆောင်လာရပါတယ်။ ဒါကြောင့် ကမ္ဘာနဲ့ချီပြီး နိုင်ငံတကာမှာ စီးပွားရှာချင်တဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း ဒီလို ဥပဒေ၊ ကျင့်ဝတ် နဲ့ လုပ်ထုံး၊ လုပ်နည်း တွေကို သူတို့ရဲ့ စီးပွားရေး လုပ်နည်း၊ လုပ်ဟန် နဲ့ မူဝါဒတွေမှာ မဖြစ်မနေ ထည့်သွင်း ကျင့်ကြံ လုပ်ကိုင်လာရပါတယ်။ ဒီလို ထည့်သွင်း ကျင့်သုံးမှသာ သူတို့ရဲ့ စီးပွားရေး လုပ်ငန် နဲ့ အကျိုးအမြတ်ကလည်း ရေရှည် တည်တံ့ မှာ ဖြစ်တယ်။

ဒီလို ရေရှည် အကျိုးစီးပွားဖြစ်ထွန်းမှုကို ဖော်ဆောင်တဲ့ "ရှဥ့်လည်း လျှောက်သာ ၊ ပျားလည်း ဆွဲသာ" သဘော လူ၊ သဘာဝ အရင်းအမြစ် နဲ့ ငွေကြေး အကျိုးအမြတ် ဘယ်သူ့ ဘယ်သူ မှ တဘက်စောင်းနင်း မထိခိုက်စေဘဲ စီးပွားလုပ်ဆောင်တဲ့ သဘောဟာ ဆောင်းပါး အစ မှာ ဆိုခဲ့တဲ့ "စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development)" ဆိုတဲ့ ခေတ်သစ် ဘောဂဗေဒ နဲ့ ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီ နည်းနာ နိဿယ ဖြစ်ပါတယ်။

ဒီသဘောကို ပညာရပ်ဆိုင်ရာ သဘောမဟုတ်ဘဲ လူတိုင်း နားလည်လွယ်အောင် ဆိုရရင် ခေတ်သစ် ကမ္ဘာ့ စီးပွားရေးလုပ်ငန်းတွေဟာ "ဘယ်သူသေသေ ငတေ မာဖို့ လိုတယ်" ဆိုတဲ့ စကားလို "ငို့ဘ သမား" တွေ "ငါ့ဘို့" တခုတည်း ကြည့် စီးပွားသောင်းကျန်း လို့မရတော့တာ ကို ဆိုလိုတာပါ။

လက်ရှိ ဗမာပြည် အနေနဲ့ ဆိုရရင် "ငတေ၊ ငရွှေ၊ ငဇေ" နဲ့ "အပေါင်းအပါ"  "ငပိုင်" တွေချည်းပဲ "မာ" နေနိုင်ခွင့်ရနေတဲ့ စီးပွားရေးစနစ်၊ လုပ်နည်း၊ လုပ်ဟန်၊ မူဝါဒ နဲ့ နည်းဥပဒေသ တွေ လျော့နည်း ပပျောက်စေတဲ့ နည်းလို့လည်း ဆိုနိုင်ပါတယ်။

စီးပွားရေး လုပ်ထားဟာ လူမှုရေးလုပ်ငန်း မဟုတ်တဲ့ အတွက် အကျိုးအမြတ် ကို အဓိက ထား စဉ်းစားရပါတယ်။ ဒါပေမယ့် ရေရှည်ဖွံဖြိုးတိုးတက်ပြီး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းဖြစ်ဖို့က အကျိုးအမြတ် တခုတည်း ရှေ့တန်းတင် စဉ်းစား လုပ်ဆောင်လို့ မရတော့ပါဘူး။ အခြား အရေးကြီးတဲ့ လူသားအကျိုး၊ သဘာဝပတ်ဝန်းကျင် အကျိုးတွေလည်း ထည့်သွင်းစဉ်းရမယ့် ဆိုတဲ့ သဘောဖြစ်ပါတယ်။ အရပ်စကားနဲ့ ဆိုရရင် စီးပွားရေး လုပ်တာဟာ အလှူကြီး ပေး ကုသိုလ် ယူနေတာ မဟုတ်တော့ အမြတ် အတွက် အဓိက စဉ်းစားရမှာ မှန်ပေမယ့် ဓါးပြ တိုက်ယူသလိုတော့ အဓမ္မ မလုပ်ရပါဘူး၊ ဘယ်သူ၊ ဘယ်အရာကိုမှ မထိခိုက်စေတဲ့ (သို့) ထိခိုက်မှုနည်းစေတဲ့ နည်းနာတွေ သုံးပြီး ကျင့်ဝတ် နဲ့အညီ လုပ်မှ ခေတ်သစ် ကမ္ဘာရဲ့ စီးပွားရေးနယ်ပယ်မှာ ရေရှည်ရပ်တည်နိုင်မယ် လို့ ဆိုလိုတာ ဖြစ်ပါတယ်။

မိမိ စီးပွားရေး လုပ်ငန်းရဲ့ ပုံရိပ် ဈေးကွက် နဲ့ စားသုံးသူကြား ရေရှည် ကောင်းမွန်စေရန် တနည်းအားဖြင့် အကျိုးအမြတ် ရေရှည် ခံစားရရှိစေဖို့ရာ မိမိရဲ့ စီးပွား အကျိုးအမြတ်ထဲက တချို့တဝက်ကို လူအများ အကျိုးပြု လှုမှုရေး လုပ်ငန်းတွေမှာ ပြန်သုံးခြင်းမျိုးတွေလည်း ဒီသဘောမှာ ပါ ပါတယ်။

ဥပမာ - နိုင်ငံတကာ က နာမည်ကြီး အလှကုန် လုပ်ငန်း "Faceshop" ဆိုရင် သူတို့ ရောင်းချရတဲ့ ပစ္စည်းတခုချင်းတိုင်းရဲ့ အမြတ်ထဲက တချို့တဝက်ကို ဆင်းရဲတဲ့ အာဖရိက က ကလေးသူငယ်တွေ အကျိုးအတွက် ပြန် အသုံးချပါတယ်။ ဒီလိုနည်းနဲ့ ဈေးကွက်က ဖောက်သည် သုံးစွဲသူတွေကြားမှာ သူတို့ ကုန်ပစ္စည်း အမှတ်တံဆိပ်ရဲ့ ပုံရိပ်ကို မြှင့်တင်ပြီး လူသိများ တန်ဖိုးထားအောင် လုပ်ပါတယ်။ ပစ္စည်းချင်း/ဝန်ဆောင်မှုချင်း/ဈေးနှုန်းချင်း အတူတူ ဆိုရင်တောင်မှာ သူတို့ရဲ့ အမြတ်ငွေ အပေါ် အသုံးချတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို စားသုံးသူ က သိတဲ့ အတွက် ဈေးဝယ်ရင်း ကုသိုလ်လည်းရတဲ့ သူတို့ဆီမှာ ဝယ်ယူ အားပေးမှု တိုးလာစေပါတယ်။ ဒီလိုနဲ့ ရေတိုမှာ အမြတ်ရမှု နည်းကောင်း နည်းနိုင်ပေမယ့် ရေရှည်တည်တံ့၊ အကျိုးစီပွားဖြစ်တဲ့ စီးပွားရေး လုပ်ငန်းကို တည်ဆောက်နိုင် သွားပါတယ်။

(စကားချပ်။  ။ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက် ယူနွတ်စ် တီထွင်တဲ့ စီးပွားရေး လုပ်ငန်းကနေ အလှူပေး သလို ကုသိုလ်ယူတဲ့ လူမှုဖွံဖြိုးရေး တခုတည်း ဗဟိုပြု စီးပွားရေး (Social Business) (ဝါ) လူမှုရေး ရည်မှန်းချက် သက်သက် စီးပွားရေး လုပ်တဲ့ သဘော ခေတ်သစ် ဘောဂဗေဒ သီအိုရီ လည်း ရှိပါသေးတယ်။ နောင် အလျင်းသင့်ရင် ဆွေးနွေး တင်ပြပါမယ်။)

ဆိုခဲ့သလို အကျိုး၊ အမြတ် တခုတည်း ကြည့် စီးပွားရှာဖို့ ခေတ်သစ် ကမ္ဘာရဲ့ လူတွေ၊ ကျင့်ဝတ် တွေ၊ စည်းမျည်း စည်းကမ်းတွေ က ခွင့်မပြုတော့တဲ့ အတွက် မိမိရဲ့ ကိုယ်ကျိုး စီးပွား အတွက် လုပ်ဆောင်ရင်းနဲ့ တပါတည်း လူတွေ (စားသုံးသူ၊ အလုပ်သမား၊ မိမိ စီးပွားလုပ်တဲ့ ဒေသ ရဲ့ ဒေသ ခံ) ရဲ့ အကျိုးစီးပွားလည်း ဖွံ့ဖြိုးတိုးတက်အောင်၊ သဘာဝပတ်ဝန်းကျင် နဲ့ ဂေဟ စနစ်ကိုလည်း မပျက်ယွင်းအောင် တပါတည်း လုပ်ဆောင် ဖို့ လိုလာပါတယ်။ လူတွေရဲ့ လူမှုဘဝ သာယ ဝပြောပြီး လူ့သိက္ခာ နဲ့ အညီ၊ လူ့အခွင့်အရေး၊ စားသုံသူ အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ပြည့်ပြည့်ဝဝ ပေး ဖော်ဆောင် စီးပွားရှာသလို ကိုယ့်စီးပွားကြောင့်လည်း ကမ္ဘာမြေ ပထဝီဝင် နဲ့ ရာသီဥတု ကို မထိခိုက်စေမှ မိမိစီးပွားရေးလုပ်ငန်းဟာ ဈေးကွက်မှာ အစဉ်အမြဲ နေရာရ ရေရှည် အောင်မြင်နေမယ့် သဘော ဖြစ်ပါတယ်။ ဒီသဘောမှာ

လူ့အခွင့်အရေး အပြည့်အဝ လေးစားလိုက်နာမှု။ (ဥပမာ - စီးပွားရေး လုပ်ငန်းအတွက် ဒေသခံတွေ ကို အတင်း အဓမ္မ နေရာ ဖယ်ခိုင်းခြင်းမျိုး၊ လက်ယာမြေ သိမ်းခြင်းမျိုး မရှိတာ၊ တကယ်လို့ မဖြစ်မနေ မြေနေရာ ရယူမှု လုပ်ရရင်လည်း ဒေသခံ တွေရဲ့ သဘော ဆန္ဒ နဲ့ အညီ ဖြစ်စေတာ၊ နစ်နာမှုတွေ အတွက် ထိုက်သင့်တဲ့ လျော်ကြေး နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဖော်ဆောင်ပေးတာမျိုးကို ဆိုလိုတယ်။)
မိမိစီးပွားရှာရာ ဒေသက ဆိုင်ရာ ဓလေ့၊ ထုံးတမ်း၊ စဉ်လာ၊ ရိုးရာ၊ ယုံကြည်မှု၊ အတွေးအခေါ် တွေကို လေးစားလိုက်နာ အသိအမှတ်ပြုမှု။
အလုပ်သမား အခွင့်အရေး အပြည့်အဝ လေးစားလိုက်နာမှု။ (ဥပမာ - အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး၊ ကျန်းမာရေး၊ လူမှုဘဝ သာယာဝပြောရေး အလေးထား ဆောင်ရွက်မှုမျိုးကို ဆိုလိုတယ်။)

အလုပ်သမား ငှားရမ်း အသုံးပြရာမှာ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေ နဲ့ အညီ ဆောင်ရွက်မှု။ (ဥပမာ - အာဏာပိုင်နဲ့ ပေါင်းပြီး ဒေသခံ တွေ ကို အတင်း အဓမ္မ အခမဲ့ (သို့) လုပ်ခနည်း လုပ်အားပေး စေခိုင်းတာမျိုးကို ရှောင်ကြဉ်တာမျိုးကို ဆိုလိုတယ်။)

စားသုံးသူ အခွင့်အရေး ကို အပြည့်အဝ လေးစားလိုက်နာမှု။ (ဥပမာ- မိမိ စီးပွားရေး လုပ်ငန်း ရဲ့ ကုန်ပစ္စည်း နဲ့ ဝန်ဆောင်မှု က လူ နဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတာ၊ လုံခြုံစိတ်ချ အရည်အသွေး ပြည့်မီအောင် ကြိုးစားတာမျိုးကို ဆိုလိုတယ်။) (မှတ်ချက် - တရုတ်ပြည်ထုတ် လူသုံးကုန် နဲ့ စားသောက်ကုန်ပစ္စည်း တချို့မှာဆိုရင် ဘေးထွက် ဆိုးကျိုးတွေ အများအပြား ဖြစ်ပေါ်လေ့ရှိကာ ကမ္ဘာ့ဈေးကွက်မှာ ပုံရိပ်မကောင်းဖြစ်လေ့ရှိတဲ့ အတွက် ရေရှည် အကျိုးစီးပွား ဖြစ်မှု အတွက် အကြီးအကျယ် ထိခိုက်စေတယ်။)
မိမိရဲ့ စီးပွားလုပ်နည်း လုပ်ဟန်တွေကို ရေ၊မြေ၊တောတောင် သဘာဝပတ်ဝန်းကျင် အပေါ် ထိခိုက်မှု မရှိအောင် (သို့) နည်းအောင် ဖန်တီးကျင့်ကြံ ဖော်ဆာင်မှု။

အစရှိတဲ့ အကျိုးအမြတ်အတွက် စီးပွားရှာ "Profit/Economics Based" လုပ်ရင်းနဲ့ တပါတည်း တွဲလျက် လူ၊ လူမှု ဘဝ နဲ့ သဘာဝပတ်ဝန်းကျင် ကိုလည်း မထိခိုက်အောင်၊ တိုးတက်ဖွံ့ဖြိုးအောင် "People, Social, Planet, Environment, Ecology" ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစား အကျိုးဖြစ်အောင် (သို့) အနည်းဆုံး အကျိုးမယုတ်အောင် ကြံဆောင်ရ တဲ့ စီးပွားလုပ်ဟန် ကို ခေတ်သစ် ကမ္ဘာ့ စီးပွားလုပ်ငန်းတွေဟာ ရေရှည် တည်တံ့နိုင်မှု နဲ့ အကျိုးအမြတ် အလို့ငှာ သူတို့ရဲ့ လုပ်ငန်းစီးပွား နည်းဗျူဟာ မှာ မဖြစ်မနေ ထည့်သွင်း ချမှတ် လာရပါတော့တယ်။

ဒီသဘောကို ဗမာပြည် အပါအဝင် ဖွံ့ဖြိုးတိုးတက်စ နိုင်ငံတွေမှာ အမှန်တကယ် အလေးထား ဆောင်ရွက်မှု အင်မတန် နည်းလှပါတယ်။ တကယ်တော့ ပညာရပ်ဆိုင်ရာ သဘော၊ အမြင် နဲ့ သီအိုရီ တွေ နားလည်သိမြင်ဖို့မလိုဘဲ ရိုးရိုးလက်တွေ့ကျတဲ့ သဘော "common sense" နဲ့ပဲ စဉ်းစားကြည့်ရင်ကို ဒီ "စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development)" အတွက် ကျင့်ကြံရမယ့် ဆောင်ရန်/ရှောင်ရန် တွေဟာ အရေးကြီးကြောင်း သိနိုင်ပါတယ်။

ဘာကိုမှ ဂရုမထားဘဲ လူတွေ ဂုတ်ခွစီး စီးပွားပဲ နင်းကန်ရှာရန် မိမိ စီးပွားရှာတဲ့ ဒေသ နဲ့ လူ့အဖွဲ့အစည်းရဲ့ အထွေအထွ ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းလာကာ ရေရှည်မှာ မိမိ စီးပွားလုပ်ငန်းလည်း တပါတည်း ပျက်စီးရမှာ မလွှဲမသွေ ဖြစ်ပါတယ်။ အလားတူပဲ စီးပွားရေး လုပ်ငန်းကြီးတွေဟာ မိမိ စီးပွားလုပ်ကိုင်တဲ့ ဒေသ ရဲ့ သဘာဝ ပတ်ဝန်းကျင် ကို ဂရုမမူ မစောင့်ရှောက်ဘဲ စီးပွားပဲ နင်းကန် သောင်းကျန်းနေရင် ရေရှည်မှာ ဒေသ ရဲ့ ပထဝီ နဲ့ ဂေဟ စနစ် ပျက်ယွင်းပြီး ရာသီဥတုတွေ ဖောက်ပြန်၊ သဘာဝ ဘေးဒုက္ခ တွေ ထူပြော၊ စီးပွားလုပ်ကိုင်ခွင့်တွေ လျော့နည်းကာ အနာဂတ်မှာ ဆက်လက် ရပ်တည်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး။

ဒီလို အနေအထား နဲ့ သဘောကို ဂရုမစိုက်ဘဲ နေနိုင်သူဟာ မိမိ အကျိုးစီးပွား ကို ရေရှည် ရပ်တည်နိုင်ဖို့ရာ မကြံဆောင်၊ မမျှော်မြင် နိုင်လောက်အောင် အသိ ဉာဏ်ပညာ တုံး နေတဲ့ လူမျိုးတွေ နဲ့ ဆူလွယ်နပ်လွယ် ရတုန်းလေးကို ဘယ်သူ.. ဘာ.. ဖြစ်ဖြစ်.. ဂရုမပြု စီးပွားပဲ နင်းကန် ရှာထားမယ်၊ အနာဂတ် နဲ့ မျိုးဆက်သစ်အတွက် မစဉ်းစားဘူး လို့ ခံယူနိုင်လောက်အောင် စိတ်ဓာတ် အောက်တန်းကျနေ တဲ့ လူမျိုးတွေ ဖြစ်ပါမယ်။

ဒါပေမယ့် ဝမ်းနည်းစရာ နဲ့ စိုးရိမ်ဖို့ ကောင်းတာက ဗမာပြည်မှာ အာဏာရ နေတဲ့ သူတွေ နဲ့ လုပ်ပိုင်ခွင့်သာနေတဲ့ လက်ချိုးရေလို့ရတဲ့ မဟာ စီးပွားလုပ်ငန်းရှင်ကြီး အများစု က အထက်မှာ ဆိုခဲ့တဲ့ လူနှစ်မျိုးဖြစ်တဲ့ -- အနာဂတ်ကို မျှော်.. မမြင် နိုင်လောက်အောင်  ဉာဏ်ပညာနည်းနေသူတွေနဲ့ အနာဂတ် နဲ့ မျိုးဆက်သစ်အတွက် ထည့် မစဉ်းစားဘဲ နေနိုင်လောက်အောင် စိတ္တ သတ္တိ ချို့ယွင်း ပျက်စီးနေသူတွေ ဖြစ်နေတာပါ။ ဒါကြောင့်လည်း အတိတ် နဲ့ လက်ရှိ မှာ အစိုးရ နဲ့ စီးပွားရေး လုပ်ငန်းကြီးတွေက ပြည်သူ လူထု နဲ့ သဘာဝ ပတ်ဝန်းကျင် ကို အဓမ္မ မုဒိမ်းကျင့်တဲ့ အဖြစ်အပျက်တွေ တလှေကြီး ပေါ်ခဲ့၊ ပေါ်လျက် ဖြစ်နေတာပါ။

ဒီလို.. "ငတေ၊ ငရွှေ၊ ငဇေ" နဲ့ "အပေါင်းအပါ" "ငပိုင်" တွေချည်းပဲ..၊ "ငို့ဘ" "ငါ့ဘို့" သမားတွေချည်းပဲ.. အမြဲတမ်း "မာ" နေ ခွင့် ရနေတာဟာ လက်ရှိ ဗမာပြည် စီးပွားရေးရဲ့ အဓိက ပြဿနာ ပါ။ မနေ့တနေ့ကတင် ယခင် စစ်အစိုးရ၊ ယခု စစ်တပိုင်း အစိုးရ နဲ့ အကျွမ်းဝင်တဲ့ ခရိုနီကြီး တဦးက ပြည်သူပိုင် ဟိုတယ်တခု ကို ကာလတန်ဖိုး ပေါက်ဈေး ထက် အများကြီးနည်းတဲ့ တန်ဖိုးနဲ့ ကျပ်ဘီလျှံ နဲ့ချီ သက်သာပြီး ရသွားတဲ့ သတင်း တပုဒ် ကြားလိုက်ရပါသေးတယ်။

အာဏာပိုင် အစိုးရ ရယ် သူတို့နဲ့ အဆင်ပြေ၊ တစီးပွားတည်းလို့ ဖြစ်နေတဲ့ လက်တဆုပ်စာ သူကြွယ်ကြီးတွေရယ် ဒီလိုပဲ လက်သိပ်ထိုး လုပ်ကြရင်းနဲ့ ကုန်တော့ ပြည်သူပိုင် ပစ္စည်း၊ ဆုံးရှုံးတော့ ပြည်သူပိုင် ငွေကြေး နဲ့ အရင်းအမြစ် သယံဇာတ တွေပါ။  သဘာဝပတ်ဝန်းကျင် နဲ့ ဂေဟ စနစ် ပျက်စီးလို့ ရေတွေကြီး၊ မုန်တိုင်းတွေ တိုက်ရင်လည်း အရင်ဆုံး သေရ.. ကြေရ.. အသက်၊ အိုးအိမ်၊ စည်းစိမ် ဆုံးရှုံးရတာကလည်း နင်းပြား လူထု ကျောမွဲတွေပါပဲ။ (ဥပမာ - ၂၀၀၈ နာဂစ် ဖြစ်စဉ်ကိုပဲ ကြည့်ပါ..။)  ဒီလို သဘာဝ ဘေးဒုက္ခတွေ ကြုံလာလို့ မသေဘဲ ကျန်ရစ်တဲ့ လူထုကလည်း တသက်လုံး ထင်တိုင်းကြဲ လုပ်ချင်တာ လုပ်ခဲ့ပြီး ခုမှ သူတော်ကောင်းယောင်ဆောင် ပဏ္ဏာ လာယူ မသဒ္ဓါရေစာ ထောက်ပံ့တဲ့ အာဏာပိုင် နဲ့ သူကြွယ်တွေရဲ့ အလှူကို ကျေးဇူးတင်ခံ ရှိခိုးဦးတင်၊ လက်ဝါးဖြန့် တောင်းရတာမျိုးလည်း ဝမ်းနည်းဖွယ် ကြုံရပါသေးတယ်။  နောက်ဆုံး ဒီလို စီးပွားရေး မူဝါဒ အမှားအယွင်းတွေ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းအားနည်းမှုတွေ၊ အဂတိတွေ၊ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာမှုတွေကြောင့် တိုင်းပြည်မှာ ဘဏ္ဍာလိုငွေပြ အကြွေးတင်တော့လည်း ပြည်သူ့ဘဏ္ဍာ အနေနဲ့ပဲ အကြွေးတင်၊ ပြည်သူ့ အခွန် နဲ့ ပြည်သူ့ ဝန်ဆောင်မှု စီမံကိန်းတွေကပဲ ဖြတ် (သို့) လျော့ချပြီး အကြွေးဆပ် ရပြန်တာပါပဲ။

ဗမာ ပြည်သူပြည်သား အခြေခံလူထု ဘဝက ဆိုခဲ့သလို အဘက်ဘက်က နစ်နာရတဲ့ ဖွတ်ကျောပြာစု ခရုအဆံကျွတ် ဘဝတွေပါပဲ။ ဒီလို "လူတစုတည်း ကောင်းဖို့ရောက်မှု အတွက် လူအများစု မှာ ပျက်လင့်ကာ" ဖြစ်နေတာဟာ "စစ်အာဏာရှင် + သူကြွယ် ခရိုနီ" ပေါင်းခဲ့တဲ့ ခေတ်ဖြစ်ဖြစ် ခု ဒီမိုကရေစီ အမည်ခံတဲ့ စစ်တပိုင်း အစိုးရ အသစ် ရဲ့ "စစ်အုပ်စု + နိုင်ငံရေး သမား (ဆိုသူ) + အရင်းရှင်ခရိုနီ" ပေါင်းစားတဲ့ ခေတ် ဖြစ်ဖြစ် အတူတူပါပဲ။

ဒီဆောင်းပါးမှာ အဓိက ဆွေးနွေးခဲ့တဲ့ "စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး" နည်းနာ၊ တနည်းအားဖြင့် "စီးပွားရေးလုင်ငန်း ကျင့်ဝတ်" နဲ့ လုပ်ငန်းစဉ် တွေကို နိုင်ငံတကာက လက်တွေ့ အဖြစ်အပျက် အနေနဲ့ ယေဘုယျ သဘော ကြည့်ပြန်ရင်လည်း နိုင်ငံပေါင်းစုံ စီးပွားကော်ပိုရေးရှင်းကြီးတွေ စီးပွားရှာကောင်းရုံ၊ စားသောက် ကောင်းရုံ၊ တရားဝင်ရုံ၊ လူကြားကောင်းရုံ အပေါ်ရံ ဟန်ပြ လုပ်ပြတဲ့ နှမ်းဖြူ၊ သကာရည်လောင်းတဲ့ "ဗန်းပြ" အလုပ် သက်သက်လိုလည်း ဖြစ်နေပါသေးတယ်။ ဒီလို တကယ့် အနှစ်မပါ အပေါ်ရံသဘောကို ဗမာပြည်က အခွင့်ထူးခံ ခရိုနီကြီးတွေက အတိအကျ ပုံတူ လိုက်ယူနေပြန်ပါတယ်။ ခုဆိုရင် ခရိုနီကြီးတိုင်းလိုလိုမှာ လူမှုရေးလုပ်ငန်း လုပ်တဲ့ ဖောင်ဒေးရှင်းကြီးတွေ ရှိပါတယ်။ သူတို့ ဘယ်လောက် တိုင်းပြည်၊ လူမျိုး နဲ့ ဘာသာ၊ သာသနာ အတွက် ကိုယ်ကျိုးမဖက် ကြိုးစားဆောင်ရွက် အလှူကြီးပေးနေကြောင်း သတင်းတွေကို မကြားချင်အဆုံး သူတို့ သြဇာခံ စာနယ်ဇင်း မီဒီယာ တွေကနေတဆင့် လူထုကို မှိုင်းတိုက်နေပါတယ်။ ဒါပေမယ့် ဒီလို သဘောမမှန်တဲ့ အလုပ်တွေဟာ "အကျိုးလိုလို့ ညောင်ရေလောင်း"၊ "ထောင်မြင်လို့ ရာစွန့်တာ" မျိုးထက် မပိုသလို တကယ့် လက်တွေ့လည်း လူထု အများစုအတွက် အကျိုးမရှိပါဘူး။

လူထု အများစု နဲ့ တိုင်းပြည် အတွက် ရေရှည် တကယ် အကျိုးများတဲ့ "စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး" နည်းနာ နဲ့ "စီးပွားရေးလုင်ငန်း ကျင့်ဝတ်" တွေ လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ရာအတွက် ကောင်းမွန်မျှတ၊ အဂတိကင်းတဲ့ အစိုးရအုပ်ချုပ်မှု၊ တရားတဲ့ ဥပဒေပြုမှု (မတရားတဲ့ ဥပဒေတွေ ဖျက်သိမ်းမှု)၊ တရားစီရင်မှု (မတရားသူတွေကို မတရားသလို စီရင်နိုင်မှု)၊ ခရိုနီ အရင်းရှင် နဲ့ စစ်အုပ်စု ဘက်က မရပ်တည်ဘဲ ကျောမွဲ ပြည်သူဘက်က မားမားမတ်မတ် ရပ်တည်ပေးတဲ့ နိုင်ငံရေး ပါတီ အဖွဲ့အစည်းနဲ့ တက်ကြွလှုပ်ရှားတွေ တည်ရှိမှု၊ တရားမျှတမှု ကိုလိုလား ဘက်မလိုက်တဲ့ စာနယ်ဇင်း နဲ့ သတင်း မီဒီယာ လုပ်ငန်း တည်ရှိမှု စတဲ့ တိုင်းပြည်ရဲ့ အဓိက မဏ္ဍိုင်ကြီးတွေ သမာသမတ်ကျဖို့ မရှိမဖြစ် လိုပါတယ်။ ဒါမှသာ တိုင်းပြည်ရဲ့ လူတန်းစား အားလုံး တပြေးညီ တိုးတက်ဖွံ့ဖြိုးလာနိုင်သလို တိုးတက်မှုကလည်း အနာဂတ် အထိ ရေရှည်ခံပြီး လူမှု၊ စီးပွား၊ သဘာဝ အားလုံး သမမျှတ စည်ပင်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။

ခု ဗမာပြည်ဟာ ခေတ်စနစ် အနည်းငယ် ပြောင်းလာလို့ ခုမှ ခေတ်သစ် ကမ္ဘာ နဲ့ အရင်းရှင် စီးပွားပုံစံကို စတင် တကယ် မြည်းစမ်းရမှာပါ။ တခါတရံ အကြောင်းအရာ၊ ကိစ္စ နဲ့ အဖြစ်အပျက်တွေမှာ နောက်ကျရခြင်းဟာ ကောင်းချီးတပါး အကျိုးကျေးဇူးတခု ဖြစ်တတ်ပါတယ်။ ကိုယ်က နောက်ကျမှ စတင်ရတဲ့အတွက် ဖြစ်ခဲ့ပြီး ကမ္ဘာ့ရာဇဝင် က နိုင်ငံတွေရဲ့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် အမှားတွေကို သင်ခန်းစာယူနိုင်၊ ရှောင်ကြဉ်စရာတွေ ရှောင်ကြဉ် နိုင်ပါတယ်။ ခုအချိန်ထိတော့ လေ့လာသိမြင် သုံးသပ်ကြည့်ရသလောက် ဗမာပြည်ဟာ နောက်ကျရခြင်းကို အခွင့်အရေး အဖြစ် အသုံးမချနိုင်၊ အသုံးမချတတ်သေးပါဘူး။ ကမ္ဘာ့နိုင်ငံတွေမှာ မှားခဲ့ဖူးတဲ့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် အမှားတွေကို တထပ်တည်း ကျူးလွန်နေဆဲဆိုတာ ခု မြင်တွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် နဲ့ လူအများစု အခြေခံပြည်သူလူထု ကို အလေးမထား၊ ဂရုမပြု ထည့်သွင်းမစဉ်းစားတဲ့ စီမံကိန်း ဖြစ်စဉ်တွေက သက်သေပြုနေပါတယ်။

ကျင့်ဝတ်ပိုင်း၊ ယဉ်ကျေးမှု ပိုင်း သက်သက် နဲ့ ဆိုရင်း နိဂုံးချုပ်ရရင်လည်း လူတွေ ကို ကျွန်ပြု အဓမ္မ ခိုင်းစေ စီးပွားလုပ်တာ၊ ပဒေသရာဇ် စနစ်အရ မြေတွေကို အာဏာပိုင် နဲ့ ဓန အင်အားကြီးသူကသာ သိမ်းပိုက်တာ၊ တတောလုံးပြုန်း၊ တတောင်လုံးကုန်အောင် သစ်ပင်တွေခုတ်တာ စတဲ့ အပြုအမူတွေဟာ (၁၈)ရာစု / (၁၉) ရာစု မှာ လူ့ကျင့်ဝတ် ပိုင်းဆိုင်ရာ အရ မေးခွန်းထုတ်ခြင်း ခံရကောင်းမှ ခံရနိုင်ပေမယ့် (၂၁) ရာစု ခေတ်သစ် ကမ္ဘာ မှာတော့ အကြီးအကျယ် မေးခွန်းထုတ်ခြင်း ခံရမှာ ဖြစ်သလို ရှုတ်ချ၊ ပြစ်တင်၊ ကန့်ကွက် ခံရပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ရေရှည် ရပ်တည်ဖို့ရာ အင်မတန် ခက်ခဲလာမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ဆိုရင် ကျင့်ဝတ်ပိုင်းက ပိုတောင် အရေးပါ သိသာ လာပါဦးမယ်။ ဒါကြောင့် စီးပွားလုပ်ငန်းတွေ ရေရှည် အကျိုးစီးပွား ဖြစ်ထွန်းချင်သလား..၊ နိုင်ငံတွေ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးချင်သလား.. ကျင့်ဝတ်သိက္ခာ နဲ့အညီ စီးပွား လုပ်ပါ..၊ စီမံကိန်းတွေ ဆောင်ရွက်ပါ..၊ ဒါ့အပြင် တခြားနည်း မရှိပါ။

အားလုံး ဆင်ခြင်၊ သုံးသပ်၊ တွေးခေါ်၊ မျှော်မြင် နိုင်ကြပါစေ..။

(မှတ်ချက် -- ခေတ်သစ် ကမ္ဘာ့ စီးပွားရေး ပုံစံနှင့် အခွင့်ထူးခံ လူတန်းစားတွေရဲ့ အကြောင်းတွေကို တဆက်တည်း ခြုံငုံ စဉ်းစားဆင်ခြင်နိုင်ရန် စာရေးသူ ယခင်ဆွေးနွေးတင်ပြဖူးခဲ့သည့်  အောက်ပါ ဆက်စပ် မိုးမခဆောင်းပါးများကို ဆက်လက်ဖတ်ရှုပါ။)

၁။ "Globalization: ကမ္ဘာ့လုံးပတ်လည် စီးပွားလုပ်ဆောင်မှု": http://moemaka.com/?p=22882
၂။ "လူထုအတွက် စီးပွားရေးစနစ်": http://moemaka.com/?p=23992
၃။ "ထိလို့ မရသူများ" http://moemaka.com/?p=28546

Ku Mo Jo - 13th March 2013


ကာတွန်းကူမိုးကြိုး - မတ် ၁၃၊ ၂၀၁၃

Ohm Naing - Articles


ရေးခဲ့မိသော မှတ်တမ်းများ  (၂၀)
အုန်းနိုင်
မတ်လ ၁၂၊ ၂၀၁၃


● သူခိုး ဓါးရိုးကမ်းသလား
၁၉၈၉ ဇူလိုင်လ ပထမပတ်ထဲမှာပဲ    (၂၇.၆.၈၉ )နေ့ စွဲ နဲ့ ဦးအောင်ရွှေဦးဆောင်တဲ့   မျိုးချစ်ရဲဘော်ဟောင်းအဖွဲ့ ရဲ့   "ဒီမိုကရေစီ  တိုက်ပွဲ  အောင်မြင်ရေး အတွက်အကြံပေးတင်ပြချက် "  ဆိုတဲ့   စာတမ်းတခု ထွက်လာပါတယ်..။ဒီစာတမ်းက  ဘယ်သူ့ကို  အကြံပေးတာလဲ..။အတွင်းလှည့်ပြီးရစ်တာလား..။ဒီထက်ပိုပြီးမထင်ကောင်း  ထင်ကောင်း  ထင်ရရင်   သူခိုးဓါးရိုးကမ်း  တာလား....လို့တောင်  ထင်ရလောက်တဲ့   သံသယဖြစ်စရာ  စာတမ်းကြီးပါဘဲ..။ဒါဟာ   အမျိုးသားဒီမိုကရေစီ အဖွဲ့ အတွင်းမှာအရေးပါလှတဲ့   မဖုံးနိုင် မကွယ်နိုင်သူ့ လူ  ကိုယ့်ဘက်သား  လုပ်လိုက်တာကြီးပါ..။"လက်ရှိ  အခြေအနေနှင့် ရွေးကောက်ပွဲ  အလားအလာ"လို့ ခေါင်းစဉ်ငယ် တပ်ပြီး  စာပိုဒ်ပေါင်း  (၂၉)ပိုဒ် ခွဲလို့ ဖော်ပြထားပါတယ်..။(အကျယ်ကို   စာအုပ်(၂၀)စာမျက်နှာ(၇၉၃) နောက်ဆက်တွဲ(က)တွင်  ဖော်ပြထားပါတယ်)

အပိုဒ်(၁) နဲ့ (၂)မှာ  လူထုက  ရွေးကောက်ပွဲ  ကျင်းပမပေးမှာကိုသာစိုးရိမ်နေပြီး  ..အခု  န၀တ  ကရွေးကောက်ပွဲကျင်းပပေးမယ်  လို့ ကတိပြုပြီး   အနိုင်ရတဲ့  အဖွဲ့ ကိုအာဏာလွှဲပေးမယ်လို့   အသေအချာကတိပေးထားပြီမို့   ဒီလို ကာလအတွင်းမှာ    န၀တကိုထိပ် တိုက်ရင်ဆိုင်မိစေမယ့်    တင်းမာတဲ့   ဆက်ဆံရေးမျိုးကို  ဒီမိုကရေစီ လိုလားသူများ  ဘက်မှ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလို့တော့   ထဲ့ မပြောပါ)မပြုသင့် တော့ဘူးလို့   ပါရှိပါတယ်..။

အပိုဒ်(၃) နဲ့ (၄)မှာတော့   ၁၉၈၈ခုနှစ်  ဒီမိုကရေစီအုံကြွမှုကြီးမှာ  မဆလ  လက်အောက်မှာ  မျှော်လင့်ချက်  ကင်းမဲ့ ပြီး  မှောင်အတိကျေ နလို့    အသက်ပေါင်းများစွာအသေအကြေခံပြီး စွန့် လွှတ်စွန့် စားပြုလုပ်ခဲ့ ရတာ  ဖြစ်ပေမယ့်   လက်ရှိ အခြေအနေမှာတော့  အလင်းရောင်
ပေါ်ပေါက်လာပြီ ဖြစ်လို့  ယခင်တိုက်ပွဲ  ပုံစံမျိုး  မဖော်သင့် တော့ဘူး..။

အပိုဒ်(၅)ကတော့   ရွေးကောက်ပွဲ  အချိန်ဇယား  ထုတ်ပြန်ထားပြီဖြစ်လို့    အချိန်ချုံ့ ပေးဖို့  လောက်သာပြောသင့် တယ်..။ရွေးကောက်ပွဲ ကျင်းပပေးပါမလားလို့   စိုးရိမ်ဖို့ မလိုတော့ဘူး..။လူထုကလည်း  ဒီစိုးရိမ်စိတ်မျိုး  လျော့ပါးလာပြီ  ဖြစ်တယ်..။

အပိုဒ်(၆)နဲ့ (၇)ကတော့   (၄၄)နှစ်မြောက်  တပ်မတော်နေ့ မှာပြောကြားခဲ့ တဲ့    ဗိုလ်ချုပ်ကြီးစောမောင်ရဲ့  ကတိစကား  ကို  ယုံကြည်ပါလို့    အဓိပါယ်ရပါတယ်..။

အပိုဒ်(၈)နဲ့ (၉)မှာတော့  န၀တဘက်က   လောလောဆည်ဖိနှိပ်မှု၊ဖမ်းဆီးမှုများ  ရှိနေပေမယ့်   သူတို့ မှာလည်း   ရွေးကောက်ပွဲကျင်းပပေးဖို့   နဲ့   အရွေးခံရသူတွေကိုအာဏာလွှဲပြောင်းပေးဖို့   ဆိုတဲ့ လမ်းကြောင်းကို  လွှဲရှောင်နိုင်မှာ  မဟုတ်လို့   ဒါလောက်တော့   သီးခံပါ(ဒီအတောအတွင်း ကြိတ်ခံပါ) ဆိုတဲ့   သဘောပါ။

အပိုဒ်(၁၀)မှာ  ရှစ်လေးလုံး လှုပ်ရှားမှု  ရဲ့    အလံကိုင်အဖွဲ့ဖြစ်တဲ့    ကျောင်းသားထု အတွင်းမှာ  ခေါင်းဆောင်မှု  ကွဲပြားနေခြင်း၊အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ်အတွင်းမှာလည်း  ဂိုဏ်းဂန  အုပ်စုတိုက်ပွဲတွေ ရှိနေခြင်း၊ဒီမိုကရေစီ  အင်အားစုကြီး  တခုလုံးလည်း  တပ်ပေါင်းစု  မဖွဲ့နိုင်ခြင်း၊တိုင်းရင်းသား လူမျိုးစုများနဲ့ လည်းကျစ်လစ်ခိုင်မာ တဲ့    စည်းရုံးမှု  မတည်ဆောက်နိုင်သေးခြင်း  ဆိုတဲ့ အချက်တွေကို  မြင်နေရတဲ့   ပြည်သူလူထုက  စိတ်ဓါတ်ပျက်ပြားကာ  တွေဝေနေတယ်  လို့   ဆိုပါတယ်..။

အပိုဒ်(၁၁)(၁၂) နဲ့ (၁၃) တွေမှာတော့   အခြေအနေအရ  ကိုယ့်ဘက်ကအားနဲနေလို့   စစ်တပ်နဲ့  စေ့စပ်အပေးအယူ  လုပ်သွားရမယ်  ဆိုတဲ့   အဓိပါယ်ပါ..။

အပိုဒ်(၁၄)(၁၅)(၁၆) နဲ့ (၁၇)  တို့ ကတော့   အစပိုင်းက  ဖော်ပြခဲ့တဲ့    မဆလ  အမှောင်ခေတ်က  ဒီမိုကရေစီ  အုံကြွတိုက်ပွဲဝင်မှုမျိုး  မလိုတော့ဘူး..။ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့   အချိန်မျိုးမှာ အထွေထွေသပိတ်တိုက်ပွဲကို  ဘယ်အလုပ်သမား  လူထုလူတန်းစားကမှ  ထောက်ခံမှာမဟုတ်ဘူး..။အဖမ်းခံ ၊အသေခံ ၊အနစ်နာခံ စွန့် စားကြတော့  မှာ မဟုတ်ဘူး။ဒါကို  ဇွတ်တိုး  လုပ်ရင်အမျိုးသားဒီမိုကရေစီ  အဖွဲ့ ချုပ်ရဲ့ ဦးဆောင်မှု ကျဆုံး  သွားမယ်..။ရွေးကောက်ပွဲ အပေါ်  သံသယရှိပေမယ့် ရွေးကောက်ပွဲ  လုပ်ရင်အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို  တခဲတနက်  ထောက်ခံကြမှာမို့ (၁၀)လလောက်ကို   အောင့် အီးသီးခံပြီးအဖွဲ့ ချုပ်က  ရွေးကောက်ပွဲ ၀င်ရောက်  ယှဉ်ပြိုင်ရေးကိုသာ ဦးဆောင်သွားရမယ်  လို့   ဆိုပါတယ်..။

အပိုဒ် (၁၈) နဲ့ (၁၉) ကတော့   လက်နက်ကိုင်  တော်လှန်ရေးနည်းတို့ ၊ကြားဖြတ် အစိုးရတောင်းဆိုတာတို့ ဟာ  မိမိ ဘက်က  အင်အားကို   န၀တ  ဘက်က  ပိုပြီး  ဖိနှိပ်ခွင့်၇အောင်  လမ်းဖွင့် ပေးတဲ့   သဘောမျိုးဖြစ်နေလို့    အရေးနိမ့် မယ်..။အထွေထွေ  သပိတ် တိုက်ပွဲနည်းထက်
ရွေးကောက်ပွဲမှာ ၀င်ရောက်  ယှဉ်ပြိုင်တဲ့   နည်းက   ပိုပြီး  လက်တွေ့ ကျတယ်  လို့   ဆိုပါတယ်..။

ဒါပေမယ့်   အပိုဒ် (၂၀)မှာတော့   န၀တ   က   ဒိမိုကရေစီပေးအောင်   နဲ့   လူထုက ရွေးချယ် တဲ့ ကိုယ်စားလှယ်များကို  အာဏာလွှဲပေးအောင်တော့  အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ်က  နိုင်ငံရေး ဦးဆောင်မှု နဲ့   တိုက်ပွဲဝင်ဖို့   တာဝန်ရှိတယ်  လို့   ဆိုပြန်ပါတယ်..။

အပိုဒ်(၂၁) နဲ့  (၂၂)  တို့ ရဲ့   အဓိက  အချက်ကတော့အမျိုးသားဒီမိုကရေစီ  အဖွဲ့ ချုပ် အနေနဲ့   တခြားနည်းလမ်းတွေကို   သို့ လော  သို့ လော  ဖြစ်မနေတော့ပဲရွေးကောက်ပွဲဝင်မယ်  ဆိုတဲ့   လမ်းကိုသာ ပီပီပြင်ပြင်  လူထုကို  ချပြပြီး  စည်းရုံးပါလို့  ဆိုပါတယ်..။

အပိုဒ်(၂၃)ကတော့   အုပ်ချုပ်ရေး ယန္တရားအသစ်  (ကြားဖြတ် အစိုးရ)တခု  တောင်းဆိုတာဟာရွေးကောက်ပွဲကို  ဟန့် တား   နှောင့် ယှက်ရာ  ရောက်တယ်..။

အပိုဒ် (၂၄) နဲ့  (၂၅) မှာတော့   စစိတပ်ဟာ  ဗိုလ်ချုပ်အောင်ဆန်းဖွဲ့ စည်းပေးခဲ့ တဲ့   တပ်၊ဖက်ဆစ်ကိုတော်လှန်ခဲ့ တဲ့  တပ်၊  တရုပ်ဖြူ ကျူးကျော် မှုကို   ခုခံတိုက်ခိုက်ခဲ့တဲ့ တပ်  ။ဒါကြောင့်   ဒီတပ်က တပ်ဗိုလ်တပ်သားတွေဟာ  တပ်မတော်ရဲ့ ဘခင်  ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားကြည်ညိုလျှက်ရှိသေးတယ်..။ပြည်ထောင်စု  မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးမှု  မပြိုကွဲရေး၊အချုပ်အာဏာတည်မြဲရေးကို  စောင့် ထိမ်းမယ်လို့ ကြွေးကြော်ထားတဲ့   တပ်ကို  ယုံပါလို့   တိုက်တွန်းပါတယ်..။

အပိုဒ်(၂၆)ကတော့  ဒေါ်အောင်ဆန်းစုကြည်  ခေါင်းဆောင် တဲ့ အမျိုးသားဒီမိုကရေစီ  အဖွဲ့ ချုပ်က  ဒီမိုကရေစီ  ကျကျ    ပွင့် လင်းပြတ်သားတဲ့  စည်းရုံးရေး မူကိုချမှတ်ထားရမယ်..။(ရွေးကောက်ပွဲဝင်မလိုလို၊မ၀င်ဘူးလိုလို  မပြောနဲ့ ) လို့   ဆိုပါတယ်..။တဆက်တည်း မှာပဲ....        အပိုဒ်(၂၇)မှာ  ဒေါ်အောင်ဆန်းစုကြည် အနေနဲ့    တပ်က  အချို့အစိတ်အပိုင်းများရဲ့   လုပ်ဆောင်ချက်များကို  သာ   ကောက်ချက်ချပြီး..၊အပြစ်မပြောပဲ  တပ်ကို   အပြန်အလှန်နားလည်မှု  ရရန်  မိမိကိုယ်တိုင်ဟောတာ  ပြောတာ   လုပ်ကိုင်တာအပြင်   မိမိအဖွဲ့ သားတွေပါ  လိုက်နာအောင်လုပ်ပါ..။ပုဂိုလ်ရေး  တိုက်ခိုက်  မှု  တွေကို   မလုပ်ပါနဲ့   ရှောင်ပါ..။(ဦးနေ၀င်းကို  တိုက်ခိုက်ပြောဆိုတာတွေ   မလုပ်ပါနဲ့ ..ဆိုတဲ့ သဘောပါ)

 အပိုဒ် (၂၈)နဲ့ (၂၉)  မှာတော့  ဒိမိုကရေစီ  အုံကြွမှုကြီးမှာတပ်နဲ့ ပြည်သူ   နားလည်မှု ပျက်ခဲ့ တာကိုဒေါ်အောင်ဆန်းစုကြည်က  နားလည်မှု  ရအောင်  လုပ်နိုင်မှာ  ဖြစ်တယ်..။တပ်နဲ့ပြည်သူ  နားလည်မှု  ရဖို့ ဆိုတာကလည်း   တကယ်လိုအပ်ချက် ဖြစ်တယ်..။ဒီ့ ပြင်လည်း  ပါတီစုံဒီမိုကရေစီ  စနစ်ထူထောင်ရေး  ၊အောင်မြင်မှု  ရရေး  မရရေးဟာ  အမျိုးသားဒီမိုကရေစီ  အဖွဲ့ ချုပ်ရဲ့ နိုင်ငံရေးလမ်း  မှန်မမှန် ပေါ်မှာ  မူတည်တယ်..။ဒါကြောင့်   ဒေါ်အောင်ဆန်းစုကြည်က   အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ်ကို  နိုင်ငံရေး  လမ်းစဉ်အမှန်ပေါ်  ရောက်အောင်  ရွေးကောက်ပွဲ ၀င်မည်   ဟူသော လမ်းစဉ်ကိုသာ  ချမှတ်ကြေညာ  ဦးဆောင်သွားပါလို့ ဆိုတာပဲ..။

မျိုးချစ် ရဲဘော် ဟောင်းကြီးများ  အမည်ခံ  တပ်မှူးကြီးများ ရဲ့ ဒီကြေညာချက်ဟာ  အတော့်ကို  ဖောက်ပြန်တဲ့   အနှစ်သာရတွေ  ပါရှိပါတယ်..။န၀တ   ဘက်က   ဖိနှိပ်မှုတွေ  တိုးတိုး  လာလို့   ဒေါ်စုကဒီဖိနှိပ်မှုတွေကို   ဆန့်ကျင်ဖို့   ဖော်ထုတ် တိုက်ခိုက် နေတာကိုပဲ  နိုင်ငံရေးလမ်းကြောင်း  မှားနေသယောင်ယောင်  ။

 ဒေါ်အောင်ဆန်းစုကြည် ရဲ့     ရွေးကောက်ပွဲကို    ၀င်မလိုလိုမ၀င်ဘူး  လိုလို   သဘောထားကို တိုက်ခိုက်ပြီး    သူတို့ မျိုးချစ်ကြီးများကတော့   ရွေးကောက်ပွဲ ၀င်ရေးပါဘဲလို့    န၀တ   ကို  မျက်စလှမ်းပြစ်လိုက်တာပါပဲ..။ထိပ်တိုက်  ရင်ဆိုင်   တိုးမှုများ ဖြစ်ရင်ဒေါ်အောင်ဆန်းစုကြည် တာဝန်။  သူတို့  (မျိုးချစ်)တွေ  မပါဘူး...။

အရေးယူချင် ရင်  ဒေါ်အောင်ဆန်းစုကြည် နဲ့   သူ့ လူတွေကို  ယူ ..။သူတို့ (မျိုးချစ်)များကို တော့မယူပါနဲ့   ဆိုတဲ့   သဘောတွေ  အများကြီးပါတယ်..။နောက် တခါ   ရှစ်လေးလုံး အလံကိုင်ကျောင်းသားများ ရဲ့   အရှိန် နဲ့ ..နိုင်ငံရေး တိုက်ပွဲထဲ ၀င်လာပြီးရှစ်လေးလုံး   အုံကြွမှု ကြီးကိုပဲ   သူတို့ က    ဦးဆောင်ခဲ့သလိုလို   အသားယူပြီး    ကျောင်းသားတွေ ရဲ့    မညီညွတ်မှုကို   အတိအလင်း  ရှုံ့ ချ တိုက်ခိုက်လိုက်တာပဲ။

သူတို့  ရဲ့   ကြေညာချက်ဟာ   သူတို့  (မျိုးချစ်)တွေ  ဆက်လက်ရပ်တည်ရေး  အတွက်တော့  သိပ်မှန် တဲ့    သဘောထားပေါ့..။အမျိုးသားဒီမိုကရေစီ  အဖွဲ့ ချုပ်ကို   အရှိန်ကောင်းကောင်း နဲ့ ဦးဆောင်မှုပေးနေတဲ့     ဒေါ်အောင်ဆန်းစုကြည် နဲ့   ဒီမိုကရေစီ  လိုလားသူအားလုံးအတွက်တော့   သေသေချာချာကိုဖောက်ပြန်တဲ့    သူခိုးဓါး ရိုးကမ်းထားတဲ့   သဘောထား ကြေညာချက်တရပ်ဖြစ်ပါတယ်..။    ။

(ရေးခဲ့ မိသော မှတ်တမ်းများ (၂၁) ...ကွန်ဖရန်  တေးရှင်း  မလုပ်ပါ နဲ့ )

Linn Ngawe Eain - Poem


လက်ပံတောင်းတောင်အတွက် We are young
လင်းနွေးအိမ်
မတ်လ ၁၂၊ ၂၀၁၃


တက္ကသိုလ်ရိပ်သာလမ်းမှာ
ယူရေနီယံသိုက်ရှိလို့ 
အိမ်တွေဖျက်ရမယ်တဲ့။

သတင်းစာဖတ်ရင်းအိပ်ပျော်သွားတဲ့အခါ
မက်ခဲ့တဲ့အိပ်မက်ပြောပါတယ်။

မအေးနက်နဲ့ သွဲ့ သွဲ့ ဝင်းရေ
ဒီနှစ် ဂရမ်မီဆုရသွားတဲ့
Fun အဖွဲ့ ရဲ့ ငါတို့ ဟာနုပျိုတယ် သီချင်းသာသီဆိုကြ။

ဟန်ဝင်းအောင်
မင်းဟာ လက်ပံတောင်းတောင်ဖြစ်တယ်
ရော့--ဒီမှာ
We are young…

Tonight, we are young
So let's set the world on fire
We can burn brighter
Than the sun

သတင်းစာဖတ်ပြီးရင်
We are young ကို
ဆိုဖြစ်အောင်ဆို
ပြီးတော့
ငိုဖြစ်အောင်ငို။

Are Monasteries Burma's Next Great Hotels?

 လူနေအိမ်တွင် တည်းခွင့်မရသော တိုးရစ်များ ဘုန်းကြီးကျောင်းသို့သွား
မိုးမခအထောက်တော် အမှတ် ဝဝ၉
မတ် ၁၂၊ ၂၀၁၃
ဘကြီးတော်မင်းလက်ထက်က ဆောက်လုပ်ခဲ့သည့် ဗားကရာကျောင်းတော်ကြီးတွင် ကျွန်းတိုင်ပေါင်း သုံးရာနီးပါး ရှိသည်။
ရှေးဟောင်း မြန်မာဗိသုကာ နှင့် ပန်းပုလက်ရာများ ရှိသော ဤ သစ်သားကျောင်းတော်ကြီးမှာ ဟိုတယ်အဖြစ်သို့ ဘ၀ပြောင်းဖွယ်မရှိဟု ယူဆရသည်  (ဓာတ်ပုံ - မိုးမခ)


ဘုန်းကြီးကျောင်းများသည် မြန်မာနိုင်ငံ၏ ဟိုတယ်ကြီးများ ဖြစ်တော့မည်လောဟု အမေရိကန်အခြေစိုက် အွန်လိုင်းသတင်းစာမျက်နှာ Huffington Post က ယမန်နေ့က မေးခွန်းထုတ်လိုက်သည်။

ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် နိုင်ငံခြားသားတိုးရစ်များ ညအိပ် တည်းခိုနိုင်ပြီဟု သတင်းတွင် ရေးထားသည်။

"အခုလတ်တလော အဆင်ပြေအောင် ညောင်ရွှေမှာ မြို့မရန်ကုန်ကျောင်းတိုက် ဘုန်းကြီးကျောင်းကို  ဟိုတယ်ခရီးဝန်ကြီး ဌာနနဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံခြားသားတွေကို ယာယီ တည်းခိုနိုင်အောင် လုပ်ပေးထားရတယ်" ဟု ဟူသော မြန်မာတိုင်း(မ်) အပတ်စဉ်ထုတ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် တောင်ကြီးဟိုတယ်ဇုန် ဒုဥက္ကဋ္ဌ ဦးဝင်းဦးတန်၏ ရှင်းပြချက်ကို Huffington Post က ကိုးကားဖော်ပြထားသည်။

ဤသို့ ခွင့်ပြုခြင်းသည် မည်သည့်ကာအထိ ဖြစ်မည်၊ တည်ဆောက်ဆဲဟိုတယ်များ ဧည့်သည်လက်ခံနိုင်ချိန်တွင် ဘုန်းကြီးကျောင်းများတွင် ပြည်ပဧည့်တည်းခွင့် ဆက်ပြုမည် မပြုမည် ဆိုသည်တို့ကိုမူ သတင်းတွင် ရေးထားခြင်း မရှိချေ။

ပြည်ပဧည့် အဆက်မပြတ် ၀င်နေသည့် မြန်မာပြည်တွင် ဟိုတယ် လုံလောက်ခြင်း မရှိ၊ ဟိုတယ် အခန်းငှားခ အဆက်မပြတ် တက်နေသည် စသည့် သတင်းစကားများကို ကြားကြရမည်ဖြစ်သည်။

ဟိုတယ်၊ မိုတယ်များတွင်သာ နိုင်ငံခြားဧည့် လက်ခံနိုင်ပြီး တည်းခိုခန်းများတွင် လက်ခံခြင်း မပြုရန် အစိုးရက ကန့်သတ်ထားဆဲဖြစ်သည်။

ထိုကန့်သတ်ချက်ကို ဖျက်သိမ်းခြင်း၊ လူနေအိမ်များတွင် နိုင်ငံခြားဧည့် တည်းခိုခွင့်ပြုခြင်း စသည်တို့ကို အာဏာပိုင်တို့က ဆောင်ရွက်ပေးပါက ဘုန်းကြီးကျောင်းများ ဟိုတယ်အဖြစ် ဘ၀ပြောင်းသွားခြင်းရန်မှ ကာကွယ်နိုင်မည် ဖြစ်သည်။

ဟိုတယ်သည် ၀န်ဆောင်မှုလုပ်ငန်း ဖြစ်ပြီး ဘုန်းကြီးကျောင်းများသည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားသည့် ဌာန၊ အဆောက်အအုံ ဖြစ်သည်။

ပြည်တွင်းဧည့်များ ဘုန်းကြီးကျောင်းတွင် တည်းခိုသည်မှာ မြန်မာပြည်အနှံ့ တွေ့ရသည့် မြင်ကွင်းများ ဖြစ်သည်။

သို့သော်လည်း ယဉ်ကျေးမှုမတူသော ပြည်ပဧည့်များ ဘုန်းကြီးကျောင်းတွင် တည်းခိုပါက ယဉ်ကျေးမှု၊ ဝန်ဆောင်မှု၊ ငွေကြေးကိစ္စတို့နှင့် ပတ်သက်ပြီး ပြဿနာသစ်များ သေချာပေါက် ပေါ်ထွက်လာဖွယ်ရှိသည်။

ပြည်ပဧည့်များကို ညောင်ရွှေရှိ ဘုန်းကြီးကျောင်းသို့ ပို့မည့်အစား ထိုဒေသရှိ လူနေအိမ်များသို့ ပို့ခြင်းမပြုရသည့်အကြောင်းရင်းကို မသိရသေးချေ။

နိုင်ငံအများအပြားတွင် ခွင့်ပြုသကဲ့သို့ လူနေအိမ်တို့တွင် နိုင်ငံခြားဧည့် တည်းခိုခွင့်ပြုရေး အစီအစဉ်ကို လွှတ်တော်တွင် မကြာမီ ဆွေးနွေးလာကြဖွယ်ရှိသည်။


 မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်မှ ဘုန်းကြီးကျောင်း မြင်ကွင်း တစ်ခု။ ဘုန်းတော်ကြီးသင်ပညာရေးအတွက် နေရာပေးလာသော ဘုန်းကြီးကျောင်းသည် အနာဂတ်ဟိုတယ် ဖြစ်လာနိုင်မည်လောဟု မေးသူက မေးနေကြသည်။ (ဓာတ်ပုံ - မိုးမ

--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives