[moemakadaily@moemaka.biz] 14th March - MoeMaKa Daily

အခန်း ၆ - မတ်လတော်လှန်ရေး  (၃)
အောင်ဒင်၊ မတ် ၁၄၊ ၂၀၁၃

(၆/ဃ) နီရဲသွားတဲ့ တံတားအဖြူ
မတ်လ ၁၅ရက်နေ့ ညနေပိုင်းမှာ ကျနော် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကို ရောက်ရှိခဲ့ပါတယ်၊ သူငယ်ချင်း တင်ထွန်းလဲပါပါတယ်၊ အင်းစိန်ဘူတာကနေ ရထားစီးပြီး သမိုင်းဘူတာမှာဆင်းပါတယ်၊ အဲဒီကမှ အငှါးကားစီးပြီး လှိုင်နယ်မြေကို ရောက်တာပါ၊ စာသင်ခန်းတွေထဲမှာ လူသိပ်မရှိလို့ ကျောင်းသားတွေစုံတတ်တဲ့ စားသောက်ဆိုင်တန်းကို ဦးတည်ရောက်ရှိပါတယ်၊ ကျနော်တို့နှစ်ယောက် ရောက်ရှိချိန်မှာ စားသောက်ဆိုင်တန်းမှာ လူစည်ကားနေဆဲပါ၊ စားသောက်ဆိုင်တန်းက စာသင်ဆောင် T-9   နဲ့ နီးပါတယ်၊ လက်ဘက်ရည်ဆိုင်၊အအေးဆိုင်၊ ထမင်းဆိုင်၊အသုတ်ဆိုင် စသဖြင့် ဆိုင်ပေါင်း ၁၀ ဆိုင်လောက်ရှိပါတယ်၊ တင်ထွန်းက ပါလာတဲ့ ကော်မီတီရဲ့ တောင်းဆိုချက်တွေနဲ့ ဦးဗိုလ်အေးရဲ့ ဝန်ခံချက်ကို အများဖတ်နိုင်အောင် ဆိုင်နံရံတွေမှာ လိုက်ကပ်ပါတယ်၊ 

ကျနော်က ဆိုင်တန်းရှည်ကြီးရဲ့ အပြင်ဘက် အလည်ခေါင်လောက်မှာ ရပ်ပြီး "ညီအကို၊ မောင်နှမများခင်ဗျား၊ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေပါ၊" လို့ အားလုံးကြားနိုင်လောက်တဲ့ အသံနဲ့ အော်လိုက်တော့ အားလုံးရဲ့ မျက်လုံးတွေက ကျနော့်ဆီရောက်ရှိလာပါတယ်၊ ကျနော် ထပ်အော်ပါတယ်၊ အသံတွေလဲ တုန်လို့ပါ၊ 

"ညီအကို၊ မောင်နှမများခင်ဗျား၊ မတ်လ ၁၃ရက်နေ့က ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်မှာဖြစ်ခဲ့တဲ့ အစိုးရရဲ့ အကြမ်းဘက်မှုအကြောင်းရှင်းပြဖို့ ကျနော်တို့လာခဲ့ပါတယ်၊" အဲဒီလို အော်ပြီးတဲ့အချိန်မှာ ဆိုင်ထဲက စားသောက်နေတဲ့ ကျောင်းသားတွေ ဆိုင်ထဲကနေ ကမန်းကတန်း ထွက်ပြေးသွားကြပါလေရော၊

ကျနော်ဝမ်းနည်းမိပါတယ်၊ အစိုးရရဲ့ တစ်ဘက်သတ်ဝါဒဖြန့်မှုက အားကောင်းနေဆဲပဲဆိုတာ နားလည်လိုက်ရပါတယ်၊ ဒါပေမည့် ကျနော်တို့ စိတ်မလျှော့ပါ၊ ဘတ်စ်ကားမှတ်တိုင်နားက စားသောက်ဆိုင်ကို သွားရောက်ပြီး စည်းရုံးတော့ ကျနော်တို့ကို နားလည်မှုပေးတဲ့ ကျောင်းသားတချို့တွေ့ရပါတယ်၊ သူတို့အကူအညီနဲ့ပဲ ပါလာတဲ့ စာရွက်တွေကို စာသင်ခန်းတွေရဲ့ အပြင်ဘက်နံရံမှာ လိုက်ကပ်နေတုံး ကျောင်းသားတစ်ယောက်က သတိပေးပါတယ်၊ 

"ဟေ့လူတွေ၊ ပြေးကြတော့၊ ဟိုမှာ ဖမ်းမည့်လူတွေ လာနေပြီ" တဲ့၊ ကြည့်လိုက်တော့ ဆရာလို့ ယူဆရတဲ့ တိုက်ပုံဝတ်လူကြီးတွေရယ်၊ ဆရာရုပ်မပေါက်ပဲ လွယ်အိပ်လွယ်၊ ဦးထုပ်ဆောင်းထားတဲ့ လူတချို့ရယ်၊ ကျနော်တို့ဆီလာနေတာတွေ့ရပါတယ်၊ သူတို့လက်ထဲမှာလဲ ကျနော်တို့ ရှေ့မှာကပ်ခဲ့တဲ့ စာရွက်တွေ ဆုပ်ခွါသိမ်းဆည်းလာတာတွေ့ရပါတယ်၊

 ဒီလိုနဲ့ လှိုင်နယ်မြေရဲ့ စာသင်ဆောင်အကြိုအကြားကနေ ကျနော်တို့ ထွက်ပြေးရင်း သမိုင်းဝင်းထဲက စဥ့်ကူဆောင်ကို ရောက်ပါတယ်၊ စဥ့်ကူဆောင်ဟာလဲ စက်မှုတက္ကသိုလ်ကျောင်းသားများကို ထားတဲ့အဆောင်ပါ၊ အဲဒီအဆောင်က ကျောင်းသားတွေက အမှတ် ၄၅ ဘတ်စ်ကားကြီးကို စီးပြီး ကျောင်းဝင်းထဲလာ အတန်းတက်ရတာပါ၊ မတ်လ ၁၄ရက်ကထဲက ကျောင်းထဲလာလို့မရတော့လို့ အခြေအနေတွေအဆက်ပြတ်နေကြတာ ကျနော်တို့ရောက်လာမှပဲ အဖြစ်အပျက်အမှန်တွေကို သိကြရပြီး ဒေါသထွက်နာကျည်းကြပါတယ်၊ အဲဒီညက စဥ့်ကူဆောင်မှာပဲ သူငယ်ချင်းတစ်ယောက်ရဲ့အခန်းမှာ အိပ်လိုက်ပါတယ်၊ အိမ်မပြန်နိုင်တော့ပါ၊

မတ်လ ၁၆ရက်နေ့ မနက်ပိုင်းမှာ ကျနော်တို့ စဥ့်ကူဆောင်ကနေ လှိုင်နယ်မြေဝင်းထဲ ထပ်မံရောက်ရှိခဲ့ပါတယ်၊ ဒီတစ်ခါတော့ ကျနော်တို့ နှစ်ယောက်အပြင် စဥ့်ကူဆောင်က စက်မှုတက္ကသိုလ်ကျောင်းသား ၅ယောက်လဲ လိုက်ပါလာပါတယ်၊ အဆောင်မှူးရုံးခန်းထဲက စာကူးစက်နဲ့ ကော်မီတီကြေညာချက်နဲ့ မော်ကွန်းထိန်းရဲ့ ဝန်ခံချက်တွေကိုလဲ မိတ္တူတွေအများကြီးကူးလာပါသေးတယ်၊ ဒီတစ်ခါ လှိုင်နယ်မြေထဲရောက်တော့ အခြေအနေက အတော်ပြောင်းလဲနေပါပြီ၊ ကျနော်တို့က စာတွေလိုက်ကပ်ပါတယ်၊ ဖတ်တဲ့လူတွေ့ရင် ကိုယ်တိုင်ရှင်းပြပါတယ်၊ ကျောင်းသားတွေက ကျနော်တို့ရှင်းပြချက်ကို လက်ခံကြပါတယ်၊ သူတို့ကိုယ်တိုင်က အစိုးရရဲ့ ဝါဒဖြန့်ထုတ်ပြန်ချက်တွေကို အယုံအကြည်မရှိတော့ပါ၊

အစိုးရရဲ့ ထုတ်ပြန်ချက်တွေကလဲ ပိုပြီးဆိုးဝါးလာပါတယ်၊ မတ်လ ၁၅ရက်ညနေက ကျောင်းဝင်းထဲဝင်စီးနင်းပြီး ကျောင်းသားတွေကိုဖမ်းတာကို ရပ်ကွက်ပြည်သူများရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့နဲ့ ကျောင်းပိုင်၊ အများပိုင်ပစ္စည်းများကို ကာကွယ်ဖို့ ပါမောက္ခချုပ်နဲ့ ပြည်သူများရဲ့ မေတ္တာရပ်ခံချက်အရ ကျောင်းသားဆိုးများကို ဖမ်းဆီးထိန်းသိမ်းလိုက်ရပါတယ်ဆိုပြီး ကြေညာပါတယ်၊ ဒီတစ်ခါတော့ ဘယ်သူကမှ မယုံကြတော့ပါ၊ 

အနောက်ကြို့ကုန်းရပ်ကွက်ထဲက ပြည်သူတွေကအစ ကျောင်းသားများနဲ့ သူတို့ရပ်ကွက်လူငယ်တွေ ရန်ဖြစ်တာကို ဝမ်းနည်းကြောင်း၊ တကယ်တော့ ဒီရပ်ကွက်ကြီးနဲ့ ကျောင်းသားများဟာ အပြန်အလှန်အမှီပြုနေကြတာဖြစ်ကြောင်းနဲ့ ကိုဘုန်းမော်သေဆုံးရခြင်းဟာ အရပ်သားများကြောင့်မဟုတ်ကြောင်း ရှင်းပြနေကြပါပြီ၊ တစ်ခါ ကိုဘုန်းမော်ရဲ့ မိသားစုကို အစိုးရက အနှောက်အယှက်ပေးနေတာကိုလဲ လူထုနဲ့ ကျောင်းသားတွေ သိနေကြပါပြီ၊

ကိုဘုန်းမော်သေဆုံးကြောင်းကို အစိုးရက မိသားစုကို အကြောင်းမကြားပါ၊ သူ့မိသားစုက မတ်လ ၁၄ရက်နေ့၊ နေ့လည် တစ်နာရီ ရေဒီယိုသတင်းကြေညာချက်မှာပါတော့မှ ကြားသိရတာပါ၊ ကိုဘုန်းမော်ရဲ့ အမကြီး မမာမာအိက သတင်းကြားကြားချင်း ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဋ္ဌာနကို သွားရောက်စုံစမ်းပါတယ်၊ အဲဒီက ဆရာဝန်တွေက ကိုဘုန်းမော်သေဆုံးရတာဟာ သေနတ်ဒဏ်ရာကြောင့်ဖြစ်ကြောင်း မမာမာအိကို ပြောပြလိုက်ပါတယ်၊ ကိုဘုန်းမော်ဟာ ဆေးရုံကို မရောက်ခင်ကထဲက ကွယ်လွန်ပြီးဖြစ်ကြောင်းလဲ သိရပါတယ်၊ အဲဒီနောက် သူ့ကို သူ့မောင်ရဲ့ အလောင်းကို ကြည့်ခွင့်မပေးပဲ ရဲအရာရှိများက ၄၇လမ်းက  ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးကို ခေါ်သွားပြီး တရားခံတစ်ယောက်လို စစ်ဆေးမေးမြန်းပါတယ်၊ မမာမာအိ အိမ်ပြန်ရောက်တဲ့အချိန်မှာ အိမ်ရှေ့မှာ အသုဘအခန်းအနားအတွက် မဏ္ဏပ်ထိုးထားပါတယ်၊ ရပ်ကွက်က ပြည်သူတွေက ဝိုင်းကူညီကြတာပါ၊ မိသားစုအနေနဲ့ ကိုဘုန်းမော်ရဲ့ အလောင်းကို အစိုးရက မိသားစုထံပြန်ပေးလိမ့်မယ်၊ သူတို့အနေနဲ့ မမျှော်လင့်ပဲ လမ်းခွဲသွားတဲ့ သူတို့ရဲ့ ရင်သွေး၊ အကို၊ မောင်လေးကို အနည်းဆုံး သင့်တင့်လျောက်ပတ်စွာ အသုဘချခွင့်တော့ရလိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ၊ ဒါပေမည့် သူတို့မျှော်လင့်သလို ဖြစ်မလာပါ၊

မမာမာအိကို ရပ်ကွက်ကောင်စီရုံးက ဆင့်ခေါ်ပါတယ်၊ ကောင်စီဥက္ကဋ္ဌက အထက်ကညွှန်ကြားချက်အရဆိုပြီး အိမ်မှာ ဧည့်သည်များများလက်မခံဘို့၊ ကျယ်ကျယ်လောင်လောင်ငိုကျွေးတာမလုပ်ဖို့၊ ရက်လည်ဆွမ်းကျွေးကိုလဲ အကျဉ်းရုံးပြီးလုပ်ဖို့ ပြောပါတယ်၊ ရပ်ကွက်ပါတ်ဝန်းကျင်ကိုလဲ စစ်တပ်က သုံးရက်တိုင် ပိတ်ဆို့ထားပါတယ်၊ ထောက်လှမ်းရေးများက ကိုဘုန်းမော်အိမ်ရှေ့မှာ စောင့်ပြီး အိမ်ကိုလာပြီး သတင်းမေးသူ၊ အားပေးသူတွေကို ဓာတ်ပုံရိုက်ပါတယ်၊အဲဒီအချိန်မှာ စစ်ထောက်လှမ်းရေးတွေကလဲ ရပ်ကွက်ထဲကလူတွေကို ကိုဘုန်းမော်အကြောင်း စုံစမ်းမေးမြန်းပါတယ်၊ ကိုဘုန်းမော်ကို ကျောင်းသားဆိုးတစ်ယောက်အဖြစ်တံဆိပ်တတ်ချင်လို့ပါ၊ ဒါပေမည့် ကိုဘုန်းမော်ရဲ့ ကောင်းသတင်းတွေပဲ ကြားရတော့ ထောက်လှမ်းရေးတွေ စိတ်ဆိုးကြပါတယ်၊

အဲဒီလို အာဏာပိုင်တွေက ကိုဘုန်းမော်ကို သတ်ပစ်တဲ့အပြင် ကိုဘုန်းမော်မိသားစုကို အနှောက်အယှက်ပေးနေတဲ့ သတင်းတွေ၊ စက်မှုတက္ကသိုလ်ကို ဝင်ရောက်စီးနင်းပြီး ကျောင်းသား ခြောက်ရာကျော်ကို ဖမ်းဆီးလိုက်တဲ့ သတင်းတွေကို ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်များက ကျောင်းသားတွေ သိရှိလာတဲ့အခါမှာ အစိုးရရဲ့ မတရားမှုကို အံတုဖို့၊ စက်မှုတက္ကသိုလ်ကျောင်းသားများကို ထောက်ခံအားပေးဖို့ စည်းရုံးလှုံ့ဆော်မှုတွေ ရန်ကုန်တက္ကသိုလ် (ပင်မ) အပါအဝင် ကျောင်းအတော်များများမှာ မတ်လ ၁၅ရက်က စလို့ ဖြစ်ပေါ်ခဲ့တာပါ၊ မတ်လ ၁၆ရက်မှာတော့ အဲဒီနိုးကြားမှုက ပိုပြီးအရှိန်ရလာပါတယ်၊

နေ့လည်ပိုင်းလောက်မှာပဲ သတင်းတစ်ခုကြားရပါတယ်၊ ရန်ကုန်တက္ကသိုလ် (ပင်မ) ကကျောင်းသားတွေဟာ ခွပ်ဒေါင်းအလံကို ကိုင်ဆွဲပြီး ရန်ကုန်စက်မှုတက္ကသိုလ်ကို ပြည်လမ်းမကြီးအတိုင်း ချီတက်လာကြပြီ ဆိုတဲ့သတင်းပါ၊ လှိုင်နယ်မြေတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်၊ ဘယ်သူမှ စာသင်ခန်းထဲမှာ မရှိကြတော့ပါ၊ 

လှိုင်နယ်မြေက ရန်ကုန်တက္ကသိုလ် (ပင်မ) နဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ အကြားမှာတည်ရှိတာပါ၊ ဒါဆို ဒီချီတက်ပွဲမှာ လှိုင်နယ်မြေက ကျောင်းသားတွေလဲ ပါဝင်ကြမှာပေါ့၊ စည်းရုံးကြ၊ စောင့်ဆိုင်းကြ၊ အစိုးရိမ်လွန်ပြီး ပြန်သူပြန်ကြဖြစ်နေချိန်မှာ ပြည်လမ်းပေါ်၊ အင်းလျားကန်ရှေ့၊ တံတားဖြူမှတ်တိုင်နားမှာ စစ်တပ်က လမ်းပိတ်လိုက်လို့ ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းသားတွေ ဆက်လက်မချီတက်နိုင်ပဲ ပိတ်မိနေတယ် ဆိုတဲ့ သတင်းထပ်မံရရှိပါတယ်၊ 

ကျနော်တို့လဲ ရန်ကုန်တက္ကသိုလ် (ပင်မ) ကကျောင်းသားတွေ ရှေ့ဆက်မလာနိုင်ရင် လှိုင်နယ်မြေက ကျောင်းသားတွေက သွားရောက်ပူးပေါင်းကြမယ်လို့ လှုံ့ဆော်ပြီး စည်းရုံးလို့ရသမျှ ကျောင်းသားအုပ်ကြီးနဲ့ ကျောင်းဝင်းထဲက ထွက်ပြီး ပြည်လမ်းပေါ်တက်ဖို့ ကြိုးစားရာမှာ စစ်တပ်က ပြည်လမ်းပေါ်ကနေ ပိတ်ဆို့ထားလိုက်ပြန်ပါတယ်၊
ရှေ့ဆက်သွားလို့မရတာမို့ လှိုင်နယ်မြေ ကျောင်းဝင်းထဲပြန်ဝင်လာကြပြီး တဖြေးဖြေးနဲ့ လူစုကွဲသွားကြပြန်ပါတယ်၊ 

အဲဒီနောက်မှာတော့ လုံထိန်းရဲအဖွဲ့ဝင်များရဲ့ အကြမ်းဘက်မှုကြောင့် အင်းလျားကန်ဘောင်နဲ့ ပြည်လမ်းမကြီးပေါ်မှာ ကျောင်းသားတွေ သွေးမြေကျခဲ့ကြောင်း အင်မတန်ခြောက်ချားတုန်လှုပ်စရာကောင်းတဲ့ သတင်းဆိုးကြီးကိုကြားရပါတယ်၊ တံတားဖြူလို့ခေါ်ဝေါ်ကြတဲ့ ကျနော်တို့အမြတ်တနိုးတန်ဘိုးထားရာ အင်းလျားကန်ဘောင်ပေါ်က အဖြူရောင်တံတားကလေးဟာ ရန်ကုန်တက္ကသိုလ် (ပင်မ) ကကျောင်းသားတွေရဲ့ သွေးတွေနဲ့ အနီရောင်ဖြစ်ခဲ့ရပါတယ်၊ ဒီဖြစ်စဉ်မှာ ကျနော်ကိုယ်တိုင်ကိုယ်ကျ မပါဝင်ခဲ့တဲ့အတွက် အသေးစိတ်မဖော်ပြနိုင်ပါ၊

(၆/င) ကြေကွဲရသော မတ်လနေ့ရက်များ

မတ်လရဲ့ ကြေကွဲစရာများက ၁၆ ရက်နေ့မှာတင်ပြီးဆုံးမသွားပဲ ဆက်ပြီးဖြစ်ပေါ်ခဲ့ပါတယ်၊ အာဏာပိုင်များက ကိုဘုန်းမော်ရဲ့ မိသားစုကို အလောင်းကို မတ်လ ၁၇ ရက်နေ့မှာ ကြံတောသုဿန်မှာ မိသားစု၊ မိတ်ဆွေများ စုံစုံလင်လင်နဲ့ သဂြိုင်္လ်နိုင်ဖို့ အချိန်မီပြန်ပေးမယ်လို့ ကတိပေးခဲ့ပေမည့် ကတိမတည်ခဲ့ပါ၊ ရန်ကုန်တက္ကသိုလ် (ပင်မ) က ကျောင်းသားတွေကို အင်းလျားကန်ဘောင်နဲ့ ပြည်လမ်းပေါ်မှာ လုံထိန်းရဲတွေက အကြမ်းဘက်ရက်စက်တဲ့နေ့၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)က ကျောင်းသားတွေ ကျောင်းဝင်းထဲပိတ်မိနေတဲ့နေ့၊ မတ်လ ၁၆ရက် မနက် ၈နာရီခွဲမှာ အာဏာပိုင်တွေက ကိုဘုန်းမော်ရဲ့ ရုပ်အလောင်းကို တာမွေသုဿန်မှာ မိသားစုဆန္ဒမပါပဲ မီးသဂြိုင်္လ်လိုက်ပါတယ်၊ မိသားစုကို ကိုဘုန်းမော်ရဲ့ အရိုးပြာတောင်မှ ပြန်မပေးပါ၊

မတ်လ ၁၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် (ပင်မ)အပါအဝင် ကျောင်းတွေအားလုံးကို အစိုးရကပိတ်လိုက်ပါတယ်၊ ဒါပေမည့် ရန်ကုန်တက္ကသိုလ် (ပင်မ)ဝင်းထဲမှာ ကျောင်းသားတွေ စုဝေးပြီး အစိုးရဆန့်ကျင်ရေးဟောပြောပွဲတွေ၊ ကျောင်းဝင်းအတွင်းစီတန်းလမ်းလျှောက်ပွဲတွေလုပ်ကြပါတယ်၊ အစိုးရတပ်ဖွဲ့တွေက ကျောင်းဝင်းအတွင်း ဝင်ရောက်စီးနင်းပြီး ကျောင်းသား ငါးရာကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်၊ 

အဲဒီနေ့မှာပဲ အစိုးရက မတ်လ ၁၃ ရက်၊ စက်မှုတက္ကသိုလ်မှာ ဖြစ်ပွါးတဲ့ အရေးအခင်းအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းကြောင်း နိုင်ငံတော်ကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၄၅/၈၈ နဲ့ ထုတ်ပြန်ကြေငြာပါတယ်၊ အဲဒီကော်မရှင်က အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပြီး အစိုးရထံ ဧပြီလ ၁၇ ရက်နေ့နောက်ဆုံးထား အစီရင်ခံတင်ပြရမယ်လို့ ဆိုပါတယ်၊ ဒါပေမည့် ရန်ကုန်စက်မှုတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ) ကကျောင်းသားများအပေါ် အစိုးရ လုံထိန်းရဲများ ရဲ့ အကြမ်းဘက်သတ်ဖြတ်မှုတွေအကြောင်းဟာ လူထုကြားထဲ ပြန့်နှံ့သွားခဲ့ပါပြီ၊

မတ်လ ၁၈ရက်နေ့မှာ ရန်ကုန်မြို့လယ် လူစည်ကားရာနေရာတွေမှာ ပြည်သူလူထုရဲ့ အစိုးရဆန့်ကျင်ရေး အုံကြွမှုတွေ ဖြစ်ခဲ့ပါတယ်၊ ဒေါသပေါက်ကွဲနေတဲ့ ပြည်သူတွေက အစိုးရအဆောက်အအုံတွေ၊ အစိုးရပိုင်ကားတွေ၊ မီးပွိုင့်တွေကို ဖျက်ဆီးပြီး သူတို့ရဲ့ မကျေနပ်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်၊ လုံထိန်းရဲတွေရဲ့ အကြမ်းဘက်ဖြိုခွဲမှုကြောင့် ပြည်သူအများ ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ခြောက်ရာကျော် ဖမ်းဆီးထိန်းသိမ်းခံရပါတယ်၊ အဲဒီအထဲက လူ ၇၀ ကျော်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးရှိရာ ၄၇ လမ်းကနေ အင်းစိန်ထောင်ကိုပို့ရာမှာ အချုပ်ကားတစ်စင်းထဲ ကြပ်သိပ်နေအောင်တွန်းထည့်ပြီးပို့လို့ အင်းစိန်ထောင်ရောက်ချိန်မှာ လူပေါင်း ၄၀ကျော်အသက်ရှူကြပ်ပြီး သေဆုံးခဲ့ရပါတယ်၊

အဲဒီအချိန်မှာ ရန်ကုန်ဆေးရုံကြီး၊ မြေအောက်ထပ်က Guard Ward လို့ခေါ်တဲ့ အကျဉ်းသားများဆေးကုဆောင်မှာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးနိုင် နဲ့ ကိုမြင့်ဦးတို့ဟာ ဒဏ်ရာအပြင်းအထန်ရနေတဲ့ကြားက တရားခံများလိုပဲ အာဏာပိုင်တွေက သူတို့ရဲ့ ခြေထောက်ကို လူနာကုတင်နဲ့ တွဲပြီး သံကြိုးနဲ့ ချည်နှောင်ထားပါတယ်၊ ရဲအစောင့်တွေချထားပြီး မိသားစုနဲ့ တွေ့ခွင့်မပေးပါ၊ ဆရာဝန်များက လူနာများကို ချည်နှောင်ထားတဲ့ သံကြိုးများကို ဖြုတ်ပေးဖို့ တောင်းဆိုပေမည့် အာဏာပိုင်များက ခွင့်မပြုတဲ့အပြင် ဆရာဝန်နဲ့ သူနာပြုများကိုလဲ တစ်နေ့ နှစ်ကြိမ်သာ လူနာနဲ့ တွေ့ခွင့်ပေးပါတယ်၊ဒီလိုနဲ့ ဒဏ်ရာအပြင်းအထန်ခံစားပြီး ၅၂ရက်အကြာ မေလ ၅ရက်နေ့မှာ ကိုစိုးနိုင် ကွယ်လွန်ပါတယ်၊ ကိုမြင့်ဦးကတော့ ၆လလောက် ဆေးကုရပြီး စက်တင်ဘာလဆန်းမှာ ပြန်လည်လွတ်မြောက်လာပါတယ်၊

(အောင်ဒင် ရဲ့ ရေးသားနေဆဲ "လူတယောက်ရဲ့ ဘ၀တခြမ်း မှတ်တမ်းတချို့ "(မှတ်စုစာအုပ်) ထဲကနေ ခွင့်ပြုချက်တောင်းပြီး မတ်လ ၁၃၊ အရေးအခင်းမှတ်တမ်းကို မိုးမခမှာ ကောက်နုတ်ဖော်ပြပါတယ်။ သူ့ရဲ့ ကဏ္ဍ (၆) သည်မှာ ဆုံးပါတယ်)

Nyein Chan Aye - Articles


တရားဥပဒေစိုးမိုးရေးတဲ့လား..
ငြိမ်းချမ်းအေး
မတ်လ ၁၄၊ ၂၀၁၃



"ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာမှာ ခွင့်တာင်းသင့်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမယ်ဆိုရင် ဥပဒေအရ အရေးယူသင့်ပါတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းကလည်း အကျိုးအကြောင်းညီရင် ခွင့်ပြုမိန့်ပေးရပါမယ်။ ကျွန်မကိုလည်း ဆန္ဒပြလို့ရပါတယ်။ ကျွန်မအိမ်ရှေ့မှာ ဆန္ဒပြမယ်ဆိုရင် ကျွန်မနေထိုင်ရာ မြို့နယ် အဖွဲ့အစည်းမှာ ခွင့်ပြုမိန့်ယူရပါမယ်။ အဓိက ကတော့ ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုပါပဲ။ တရားဥပဒေစိုးမိုးမှု မရှိရင် ကျွန်မတို့နိုင်ငံဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး"


(၁၃၊ မတ်၊ ၂၀၁၃၊ မုံရွာမြို့။ မီဒီယာတွေထဲမှာ ပါလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ / ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် / တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ / လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ပြောစကား)


ဒီနေ့က ဖုန်းမော်နေ့..။ ဗမာနိုင်ငံ လူ့အခွင့်အရေးနေ့လို့လည်း ဒီမိုကရေစီ အင်အားစုတွေက သတ်မှတ်ခဲ့ကြတယ်။ ဆိုတော့ ကိုဖုန်းမော် နဲ့ ဆက်စပ်တာလေး ရေးမယ် စိတ်ကူးမိတယ်။ ရေးဖို့ စဉ်းစားထားတာက ဒီလို..။


ကိုဖုန်းမော် အပါအဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းမှာ ကျဆုံးခဲ့တဲ့၊ တော်လှန်ရေး ပါဝင် ဆင်နွှဲခဲ့တဲ့ ကျောင်းသား နဲ့ လူထု၊ လူတန်းစား အသီးသီးထဲက အများစုဟာ မဆလ စစ်အာဏာရှင် ရဲ့ ဝါဒဖြန့် မှိုင်းတိုက်မှု နဲ့ အဝန်းအဝိုင်း ကွန်ရက်ထဲမှာ ရောက်ရှိ ကျင်လည်ခဲ့ကြသူတွေချည်းပဲ ဖြစ်တယ်။ တော်လှန်ရေး အင်အားစု ဟာ မဆလ အသိုက်အမြုံ တင်းပြည့်ပါတီဝင်၊ အရံပါတီဝင်၊ ပါတီ မိတ်ဆွေ၊ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် စတဲ့ အမျိုးမျိုးသော အာဏာရှင် ဒေါက်တိုက်၊ ကျားကန် ပံ့ပိုးတဲ့ အစုအဖွဲ့ ယူနစ်ကလေးတွေက ပေါက်ဖွားလာခဲ့ကြတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့် အပါအဝင် မဆလ စစ်ဗိုလ်ချုပ်ကြီးတွေကို တော်လှန်ဖို့ ကြံစည်ခဲ့ကြဖူးသူတွေ ဗိုလ်ငယ်လေးတွေ အများဟာလည်း အောင်စစ်သည်ဆုရ "Best Cadet" တွေ ဖြစ်ခဲ့တယ်။  ရှစ်လေးလုံး ကာလ ဆန္ဒပြပွဲတွေမှာ ရေတပ်၊ လေတပ် နဲ့ ရဲတပ်ဖွဲ့ အစရှိတဲ့ စစ်အာဏာရှင် ရဲ့ လက်ကိုင်တုတ် လက်နက်ကိုင် အဖွဲ့အစည်းတွေတောင် ပြည်သူနဲ့ ပူးပေါင်း အာဏာရှင် နဲ့ မတရားမှု ကို ဆန့်ကျင်ခဲ့ကြတယ်။


သန္ဓေမမှန်၊ တရားမဲ့တဲ့ စစ်အာဏာရှင် စနစ်ဆိုးကို ဆန့်ကျင်ဖို့ရာ ဒီ အာဏာရှင် စနစ် အဝန်းအဝိုင်းထဲကပဲ လာခဲ့တယ်။ အာဏာရှင် ရဲ့ တဘက်သတ် ဝါဒမှိုင်း၊ ရက်စက်တဲ့ ဖိနှိပ်မှု၊ အကြွင်းမဲ့အာဏာ နဲ့ တည်ဆောက်ထားတဲ့ သံမဏိ အဆောက်အအုံကြီး ဟာ တကယ်တော့  ထိခိုက်ကွဲရှလွယ် အခြေမခိုင်၊ ယိမ်းယိုင်၊ ပြိုကျပျက်စီး လွယ်တဲ့ ဖန်ပေါင်းချောင်ကြီးသာ ဖြစ်တယ်။ ဆရာဦးဝင်းတင် ရဲ့ ရှစ်လေးလုံး ကာလ နာမည်ကြီး "ဂဏန်းမျက်စိ" ဆောင်းပါး ပါ သဘောလို အညှာကို ကိုင် ထိမိအောင် ထိုးနှက်နိုင်ရင် ဒီလို ခိုင်မာလှပြီလို့ ယူဆကြတဲ့ စနစ်အဖွဲ့အစည်းကြီးတခုလုံး ဗိုင်းဗိုင်းလဲကျ ကျရှုံးရတယ်..။


… အစရှိသလို စစ်အာဏာရှင် စနစ် ဆန့်ကျင်တော်လှန်ရာမှာ အာဏာရှင် အသိုင်းအဝန်း နဲ့ လောင်းရိပ်မလွတ်လို့ ယူဆနိုင်စရာ ရှိကြသူတွေတောင် တကယ် မတရားမှန်းသိတော့၊ မခံနိုင်တော့ တော်လှန်ရေး အင်အားစု အသီးသီး အဖြစ် တတပ်တအား ပါဝင်ခဲ့ကြတယ်.. ဆိုပြီး အဲဒီ လမ်းကြောင်း ယူပြီး ရေးမလို့ ကြံစည်နေခဲ့တယ်။


ဒါပေမယ့် ဖြစ်ချင်တော့ ဆောင်းပါး အစ မှာ ဖော်ပြခဲ့တဲ့ မျက်မှောက်ခေတ် ကမ္ဘာရဲ့ ဒီမိုကရေစီ icon၊ ဗမာ့ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ ရှေ့ဆောင် တပ်ဦး မိခင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အထက်ပါ အမှာစကား ကို ဒီနေ့ ဖုန်းမော်နေ့ (ဝါ) ဗမာနိုင်ငံ လူ့အခွင့်အရေးနေ့ မှာပဲ နာကြားလိုက်ရတယ်။


ခုနှစ်ပိုင်း.. ဒီမိုကရေစီမိခင်ကြီးရဲ့ နှုတ်တော်မှာ ခံတွင်းလိုက်နေတဲ့ အဆိုပါ "တရားဥပဒေစိုးမိုးရေး" တရားထူး၊ တရားမြတ်ကြီးကို ထပ်မံ နာကြားမိပြီး သကာလ မှာ ပထမ ကြံစည် စိတ်ကူးထားတဲ့ ဖုန်းမော်နေ့ အမှတ်တရ စာသား အကြောင်းအရာ သဘော ဖြစ်တဲ့ တရားမျှတမှု နဲ့ အတွေးအခေါ်၊ ယုံကြည်မှု မဲ့ပြီး ဖိနှိပ်မှု၊ ရက်စက်မှု၊ အာဏာ နဲ့သာ တည်ဆောက်ထားတဲ့ အာဏာရှင်စနစ် ရဲ့ အကဲဆတ်လွယ်၊ ထိလွယ်၊ ရှလွယ်၊ ကျိုးပျက်လွဲမှု သဘောကို ရေးချင် စိတ်ကုန်ခမ်းသွားပြီ အာဏာရှင်စနစ် ဆယ်စုနှစ်ပေါင်းများစွာ ကြီးစိုးမှုကြောင့် လူ့အဖွဲ့အစည်းမှာ အာဏာရှင်စနစ် ရဲ့ အတွေးအခေါ်၊ အယူအဆ၊ အမြင် တွေ စွဲဝင် စူးနစ် ကျန်ရစ် ဖြစ်တတ်ပုံ၊ အတွေးအခေါ် မှောက်မှား၊ ဖောက်လွဲဖောက်ပြန် ဖြစ်သွားတတ်ပုံ ကိုပဲ ရေးချင်လာမိတော့တယ်။


စာရေးသူ မနှစ်က ရေးဖူးတဲ့ "အာဏာရှင်စနစ် ရဲ့ ဝိသေသ လက္ခဏာများ" ဆောင်းပါးမှာ စိတ်ပညာရပ်သဘောအနေနဲ့ တခါတရံ ပြန်ပေးဆွဲခံရသူတွေဟာ သူတို့ကို အတင်း အဓမ္မ ပြန်ပေးဆွဲသူတွေရဲ့ အတွေးအခေါ်၊ ခံစားချက် နဲ့ လုပ်ရပ် တွေကို နားယောင် လက်ခံလာပြီး ပြန်ပေးဆွဲသူတွေ အပေါ် ပြန်လည် ထောက်ခံ၊ ကာကွယ်မှု ပေးတတ်တဲ့ အဖြစ်အပျက်မျိုးကို စတော့ဟုမ်း ရောဂါလက္ခဏာ လို့အမည်ပေးပြီး စိတ်ရောဂါ အနေနဲ့ သတ်မှတ်လေ့ရှိတယ် ဆိုတဲ့ အကြောင်းကို ရေးဖူးခဲ့တယ်။ ပြင်းထန် အင်အားကြီးပြီး ဝါဒဖြန့် ဦးနှောက်ဆေးမှု တွေ များပြား လှတဲ့ အာဏာရှင် စနစ် မှာလည်း တသဘောတည်းပဲ ဖိနှိပ်သူ ရဲ့ ဝါဒ ကို အဖိနှိပ်ခံရသူက မသိစိတ် က ဖြစ်ဖြစ် သက်ဝင် ယုံကြည် လက်ခံသွားတာဟာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ သဘောတခုလို ယူဆကြပါတယ်။


ဒီနေ့  ဖုန်းမော် ကျဆုံးတာ ငွေရတုပြည့်တဲ့နေ့..။ ဒီနေ့ လူ့အခွင့်အရေး နေ့..။


ဒီနေ့မှာပဲ ဗမာ့ ဒီမိုကရေစီ မိခင်ကြီး..၊ နိုင်ငံတကာ ရဲ့ လူ့အခွင့်အရေး နဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုတွေရဲ့ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်ကြီးက ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာမှာ ခွင့်တာင်း ဖို့ ကို အလေးအနက် ထား ပြောနေပါတော့တယ်။


မှန်ပါတယ်..။ သက်ဆိုင်ရာ ကို အကြောင်းကြား၊ ခွင့်ပြုချက်ယူ နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ အကာအကွယ် လုံခြုံရေးယူပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနိုင်တဲ့ အခွင့်အရေးမျိုး၊ အခင်းအကျင်းမျိုး၊ အခြေအနေမျိုး အပြည့်အဝ တိုင်းပြည်မှာ ဖန်တီး ထားနိုင်ပြီ ဆိုရင်တော့ ဒီအချက်ဟာ အလေးအနက်ထား ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် မတရားတဲ့ စီတန်းလှည့်လည် ဆန္ဒပြခွင့် ဥပဒေ အပါအဝင် လက်ရှိ စစ်တပိုင်း အစိုးရ ရဲ့ မပြောင်းလဲသေးတဲ့ တင်းမာတဲ့ သဘောထား၊ ရက်စက်လှတဲ့ အုပ်ချုပ်ရေး နဲ့ မီးလောင်ဗုံး ဒီမိုကရေစီခေတ်မှာတော့ ဒီအချက်ထက်ပို အလေးအနက်ထား အရေးတကြီးလုပ် ပြောဆိုရမယ့် အချက်တွေ အများကြီး ရှိနေပါတယ်။


လက်ရှိ ရာစု ရဲ့ အကြီးကျယ်ဆုံး ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူကြီးကို ကောင်းတဲ့ အလုပ်မှန်သမျှ မေ့ပြီး မကောင်းတဲ့ အလုပ်မှန်သမျှ လုပ် ဆိုသလိုဖြစ်မှာစိုးရိမ်လို့ မေ့လျော့မှု 'ပမာဒ'  ကင်းစေဖို့ရာ သတိစကားလေး ဆိုခွင့်ပြုပါ။


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပုဒ်မ (၂၀) ပါ "လွတ်လပ်စွာ ငြိမ်းချမ်းတဲ့ စုရုံးခွင့်၊ စီတန်း လှည့်လည်ခွင့်၊ ဆန္ဒပြခွင့်" ဟာ လူတဦးချင်းရဲ့ မွေးရာပါ အခြေခံ အခွင့်အရေး၊ လူတဦးချင်းရဲ့ နိုင်ငံရေး လွတ်လပ်ခွင့် နဲ့ နိုင်ငံသား တဦးချင်းရဲ့ ပြည်သူ့ရေးရာ လွတ်လပ်ခွင့် အခွင့်အရေး ဖြစ်ပါတယ်။ "The Right to Public Assembly / The Right to Protest" ကို တကယ့် ဒီမိုကရေစီ စနစ်ကို အမှန် ကျင့်သုံးတဲ့ ဘယ် နိုင်ငံတွေမှာမှ ကြိုတင်ကန့်သတ်ချက်တွေ ပြုမထားပါဘူး။


ခု လက်ပံတောင်းတောင် ဒေသခံတွေ ရင်ဆိုင်နေရတာက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူကို မီးလောင်ဗုံးပစ်သွင်းတဲ့ အာဏာရှင် အစိုးရပါ။ သူတို့ ခံစား ကြုံတွေ့နေရတာက ထမင်းအိုးကွဲတဲ့..၊ ထမင်းအိုး အခွဲခံရတဲ့ အခြေအနေပါ။ မြေသိမ်း၊ ယာသိမ်း၊ လယ်သိမ်း ခံ အဖြစ်တွေက သူတို့နဲ့ သူတို့ရဲ့ မျိုးဆက်သစ်တွေရဲ့ ဘဝတွေ..၊ ထမင်းအိုးတွေ နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လက်တွေ့ ဘဝပြဿနာ အခက်အခဲ အစိုင်အခဲကြီးပါ။ သူတို့ ချစ်ခင်မြတ်နိုးတဲ့ ဇာတိ ဒေသရဲ့ အနာဂတ် နဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပြန်ပါသေးတယ်။ သူတို့ ယုံကြတဲ့ အစဉ်အလာ ယုံကြည်မှုနဲ့လည်း ပတ်သက်ဆက်နွယ် နေပါသေးတယ်။ ဆိုတော့.. ဒီလို အနေအထားမှာ လက်နက်ကိုင် တော်လှန် (သို့) အကြမ်းဖက် အန်တု လှုပ်ရှားရင်တောင် တရားတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ခု သူတို့ ရွေးခဲ့တဲ့ လမ်းက မီးလောင်ခံပြီး အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ တန်ပြန် တော်လှန်ခြင်းသက်သက် ရယ်ပါ..။


ဘယ် ဗမာမှ စားစရာ မရှိလို့ ဆရာစံ နောက်.. လိုက်.. ရရာလက်နက်နဲ့ အင်အားကြီး အင်္ဂလိပ်ကို ခံချတဲ့ တောင်သူဦးကြီးတွေကို "သူပုန်" လို့ မခေါ်ခဲ့ပါဘူး။ ဒင်းတို့.. သေတာတောင် နည်းသေးတယ်..၊ လက်နက်ကိုင် တော်လှန်တာကိုး လို့ အပြစ်မတင်ခဲ့ပါဘူး..။ ဒင်းတို့.. အင်္ဂလိပ်အစိုးရမင်းဆီက ခွင့်ပြုချက်ယူ တရားဥပဒေ ဘောင်အတွင်းက တောင်းဆို ဆန္ဒပြပါတော့လား..၊ အဲ့သလောက်တောင် ဉာဏ်နည်းလှချည်းလား.. မဝေဖန်ခဲ့ပါဘူး..။ တကယ်လည်း အဲ့ခေတ်တုန်းက အင်္ဂလိပ်ဘုရင်ခံ ဆာဂျေအေမောင်ကြီးကို တောင်သူလယ်သမားတွေ အခွန်လျှော့ပေးဖို့ တရားဝင် တောင်းဆိုဖူးပါတယ်။ အလားတူပဲ လက်ပံတောင်းတောင် ဒေသခံ ကျောမွဲလူထု ကလည်း အားကိုးရာမဲ့နေတဲ့ သူတို့ဘဝတွေ၊ ဆင်းရဲတွင်းနက်နေတဲ့ ပကတိ အခြေအနေတွေ ကို သိစေဖို့ "အဖေ သိန်းစိန်" ကယ်ပါ..၊ "အမေ ဒေါ်စု" ကယ်ပါ..၊ လာကြည့်.. လှည့်ပါ.. ဆိုပြီး မရှိမဲ့ ရှိမဲ့ အသံ အင်အားလေးနဲ့ အော်ဟစ်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ..။


ဒီလို နောက်ခံ အနေအထားမှာ ဆန္ဒပြဖို့ ခွင့်ပြုချက် မယူတာ ကို ထောက်ပြတာ၊ ယူဖို့လိုတဲ့အကြောင်း လမ်းညွှန်ပြောဆိုတာမျိုးဟာ အလုပ်ကို မဟုတ်ပါဘူး။ လက်မဲ့၊ ယာမဲ့၊ မြေမဲ့၊ အားကိုရာမဲ့၊ အာဏာမဲ့.. "မဲ့" ခြင်းများစွာနဲ့ အငတ်ထုကြီးဟာ ဘာပဲလုပ်လုပ် တရားတယ်လို့တောင် ဆိုနိုင်နေပါပြီ..။ သူတို့မှာ ဒီထက် ပိုပြီး ဆုံးရှုံးစရာ ဘာမှ မရှိတော့..၊ မကျန်တော့ပါ..။ "They have nothing to lose." ဆိုတဲ့ အခြေအနေမျိုးပါ..။ အရာရာ.. ဘာမဆိုဖြစ်သွားနိုင်တဲ့..၊ ဦးတည်သွားနိုင်တဲ့.. သိပ်ကြောက်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ..  ဘာသာ၊ သာသနာ အဆုံးအမ ရယ်၊ ခေတ်စနစ် နဲ့ လိုက်လျောညီထွေအောင် ပြုမူနိုင်မှုရယ်..၊ တောရွာ ဓလေ့ ရိုးသား၊ အေးဆေး၊ ငြိမ်းချမ်းစွာ နေလိုမှု ပင်ကိုယ် သဘောရယ်တို့ကြောင့် သူတို့ဟာ.. ငြိမ်းချမ်းတဲ့ နည်း အေးချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ နည်းသက်သက်နဲ့ပဲ ကျင့်သုံးပြီး ရက်စက်အားကြီးလှတဲ့ စနစ်ဆိုး နဲ့ လူဆိုးတွေကို တော်လှန်ဖို့ ကြိုးစားနေတာပါ။


ဒီလို အခြေအနေမျိုးမှာ လူထုခေါင်းဆောင်လို့ ခံယူထားသူ၊ လူထုအတွက် ပါတီ လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင် တယောက်ဆီက "ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာမှာ ခွင့်တာင်းသင့်ပါတယ်" ဆိုတဲ့ စကားထက် ပိုတဲ့ စကားမျိုး၊ အားပေးမှုမျိုး၊ ထောက်ခံမှုမျိုး ကို မျှော်လင့်နေကြတာပါ။


ခေတ်အဆက်ဆက် ဗမာပြည်ရဲ့ တော်လှန်ရေးသမိုင်း ကို ပြန်ကြည့်ပါ..။


ပထမ ကျောင်းသား သပိတ်က စလို့ နယ်ချဲ့ ဗြိတိသျှ ကိုလိုနီ ဆန့်ကျင်ရေး လှုပ်ရှားမှုအားလုံးဟာ အာဏာပိုင်က ခွင့်ပြုမှသာ လုပ်ရမယ်ဆိုရင် လွတ်လပ်ရေးတောင် ရလာစရာ အကြောင်းမရှိပါဘူး။ သခင်နု၊ သခင်အောင်ဆန်းတို့လည်း ပေါ်လာစရာ မရှိပါဘူး။ "မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည်" လို့ ရဲရဲတောက် ကြွေးကြော်ခဲ့တဲ့ သခင်ဗဟိန်း လည်း သမိုင်းဝင်ခဲ့မှာ မဟုတ်ပါဘူး။ ဗိုလ်အောင်ကျော်လည်း သွေးမြေမကျ ရသလို "စပတ်လမ်း" က "စပတ်လမ်း" အတိုင်းပဲ ရှိနေမှာ ဖြစ်ပါတယ်။


အလာတူးပဲ ၁၉၆၂ က စလို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အထိ ခေတ်အဆက်ဆက် စစ်အာဏာရှင် တော်လှန်ရေး လူထုလှုပ်ရှားမှုကြီးတွေသာ စစ်အာဏာရှင်ဆီက ခွင့်ပြုချက်တောင်း လုပ်နေခဲ့ရမယ်ဆိုရင် ဘယ် လူထု တော်လှန်ရေးမှ ပေါ်ပေါက်လာစရာ အကြောင်း မရှိပါဘူး။


လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ အတွက် အကြမ်းမဖက် လူပ်ရှားခဲ့သူ ဒီမိုကရေစီ မိခင်ကြီး စတင် ထင်ရှားကျော်ကြားလာခဲ့တဲ့၊ နိုင်ငံတကာမှာ ထင်ရှားပြီး လူလေးစား တန်ဖိုးထားခြင်း စတင် ခံလာရတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ "အာဏာပိုင်ရဲ့ ခွင့်ပြုချက်ကိုသာ စောင့်နေရရင်" စ ဖြစ်ခဲ့မှာကို မဟုတ်ပါဘူး။ တံတားဖြူ က နေ တံတားနီ လည်း ပြောင်းခဲ့မှာ မဟုတ်ပါဘူး။


ဖြစ်မှ.. ဖြစ်ရလေ.. ဒီမိုကရေစီ ပြယုဂ်.. လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ.. လူထု ခေါင်းဆောင်ကြီးရယ်.. ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးကို စတင် မွေးဖွားပေးခဲ့တဲ့ ဖုန်းမော် နေ့၊ လူ့အခွင့်အရေး နေ့မှာမှ ဒီလို စကားမျိုး ပြောထွက် ရက်တာ အံ့သြတုန်လှုပ် ရင်နာလို့ မဆုံး ဖြစ်ရပါတယ်။


ခုတော့.. ဖြစ်နေတာက.. လူထု လှုပ်ရှားမှု နဲ့ လူထု အင်အား ကို သင်းကွပ်ချင်တော့ "တရားဥပဒေ စိုးမိုးရေး" ဆိုပြီး ခေါင်းစဉ်ပြောင်းသုံးသွားပေမယ့် တကယ်တော့ "လူထု ငြိမ်ဝပ်ပိပြားရေး" "ငြိမ်ပိ" လမ်းစဉ် နဝတ လေ အတိုင်း အာမခံနဲ့..၊ အသံမကျယ်နဲ့..၊ ခေါင်းငုံ့ လက်ပိုက် ငြိမ်ခံ နေစမ်း လို့ ပြောတာနဲ့ သိပ်.. မထူးလှတော့ပါဘူး..။


"တရားဥပဒေ စိုးမိုးရေး" တဲ့လား..။ ကောင်းပါပြီ.. ။ "တရားမျှတရေး" ဆိုတာရော ထည့်မပြောတော့ဘူးလား..။


"တရားမျှတမှု" ကို အခြေမခံ တဲ့ "တရားဥပဒေ စိုးမိုးရေး" ရှိနေလို့ အဖိနှိပ်ခံ နင်းပြား လူထု ဟာ ပို ဖိနှိပ်ခံ၊ ညှင်းဆဲခံ နေရရုံသာ ဖြစ်နေမှာ မဟုတ်ဘူးလား..။ ဖိနှိပ်သူ စိတ်ကြိုက် ဖန်တီးထားတဲ့ တရားဥပဒေတွေ စိုးမိုးဖို့ပဲ ပြောနေတော့မှာလား..။ တရားဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်ပြန်တမ်းတွေ တရားမျှတမှု ရှိ/မရှိ ကိုရော ဝေဖန် သုံးသပ်မှု မလုပ်တော့ဘူးလား..။


"Rule of Law" တရားက နာလို့တော့ ကောင်းပါရဲ့..။ ဒါပေမယ့် ဒီ ဥပဒေ တွေ ဘယ်လို ဖန်တီး ဖြစ်ပေါ်လာသလဲ..၊ ဘယ်က လာသလဲ  ဆိုတာကို မကြည့်တော့ဘူးလား..။ "Sources of law" က ဘယ်အရာတွေလဲ..။


တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ် အခြေခံဥပဒေ မှာ မတရားမှုတွေ ဒင်းကြမ်းပြည့်နေတာကို ပြင်ဖို့ မကြိုးစားဘဲ "တရားဥပဒေ စိုးမိုးရေး" ပဲ နင်းကန် ဇောင်းပေးနေလို့ လူထု "တရားမျှတမှု"၊ ကို ဖော်ဆောင် နိုင်ပါ့မလား..။ "လူမှု တရားမျှတမှု" ကိုရော သယ်ဆောင်လာ နိုင်ပါ့မလား..။


"Rule of Law" နဲ့ "Justice" မှာ "Justice" ဆိုတဲ့ "တရားမျှတမှု" ကသာ ရှေ့က လာသင့်တာ မဟုတ်ဘူးလား..။ အရာရာမှာ "တရားမျှတမှု" ကိုသာ ရှေ့တန်းတင် ဦးစားပေး စဉ်းစားသင့်တာ လောက နိယာမ ပဲ မဟုတ်လား..။ "တရားမျှတမှု"  ပါမှ.. ရှိမှ လောကပါလ တရား ဆိုတဲ့ လူ့လောကကို စောင့်ရှောက်တဲ့ တရားက ပြီးပြည့်စုံတာ မဟုတ်လား..။


"ဥပဒေ နည်းလမ်းဘောင် အတွင်းက လုပ်ပါတယ်..၊ တရားဝင် ဖြစ်ပါတယ်..၊ Officially, Legally.." စတဲ့ စကားလုံးတွေ၊ အပြောတွေ၊ ထုတ်ပြန်ချက်တွေနဲ့ ကမ်းကုန်တဲ့ "မတရားမှု" တွေ အလုပ်ခံခဲ့ရတာတွေက တိုင်းပြည်မှာ ခေတ်အဆက်ဆက်ပဲ မဟုတ်လား.။


ခုနောက်ဆုံး "မီးလောင်တိုက်သွင်း" တော့လည်း တရားဥပဒေဘောင်အတွင်းက လုပ်ခဲ့တာပါလို့ ကြေငြာခဲ့တာပဲ မဟုတ်လား..။


"မီးလောင်တိုက်သွင်း" ခံရတဲ့ "တရားဥပဒေဘောင်အတွင်း" ဆိုတာတွေ၊ "နည်းလမ်းတကျ" ဆိုတာတွေ နဲ့ "တရားဥပဒေစိုးမိုးရေး" ဆိုတာတွေကို ပြည်သူလူထုက ကြောက်လှပါပြီ ခင်ဗျာ..။


လက်ပံတောင်းတောင် လူထု အပါအဝင် ဗမာပြည်ရဲ့ အများစု နင်းပြား ပြည်သူ တွေ အရင် လိုနေတာက "တရားမျှတမှု" ပါ..။ "တရားဥပဒေ စိုးမိုးမှု" မဟုတ်ပါဘူး..။  "တရားမျှတမှု" ကို လူထု အများစု စံစားပြီးချိန်ရောက်မှ..၊ မတရားမှုတွေ၊ မတရားတဲ့ ဥပဒေတွေ နိဌိတံ တဲ့ အခါမှ  "တရားဥပဒေ စိုးမိုးမှု" တရား နာပါရစေလား ခင်ဗျာ..။


"လား" ပေါင်းများစွာ..၊ မေးခွန်းပေါင်းများစွာ.. ဖြစ်ရပါတယ် ဥက္ကဋ္ဌကြီး ခင်ဗျာ..။


မျှော်လင့်ချက်တွေ တပွေ့တပိုက် ထားခဲ့မိလို့ ကြေကွဲခဲ့ရတဲ့ ခံစားမှုကိုတော့ အရင်နှစ်ပိုင်းတွေကတည်းက ဖြေဆည်နိုင်ခဲ့ပါပြီ..။ ခုတော့ မေးခွန်းတွေပဲ ကျန်ပါတော့တယ်..။


တိုင်းပြည် ငြိမ်းချမ်းပြီး တရားဥပဒေစိုးမိုး တာကို လူထုခေါင်းဆောင်ကြီး မြင်ချင်တာ နားလည်ပါတယ်။ ဒါပေမယ့် သေနတ် နဲ့ ချိန် ထားတဲ့ "တည်ငြိမ် ငြိမ်းချမ်း မှု"၊ မတရား တဲ့ တရားဥပဒေတွေနဲ့ ချုပ်နှောင်ထားတဲ့ "တရားဥပဒေစိုးမိုးမှု" က တိုင်းပြည် နဲ လူထုအတွက် အကျိုးမရှိ၊ အနာဂတ် မလှ၊ ဖိနှိပ်သူ အာဏာပိုင် ဖို့ချည်းသက်သက်ဆိုလည်း နိုင်ငံရေး သုခမိန် ပညာရှိ ခေါင်းဆောင်ကြီး နားလည် ပြီးသာ ဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်။


ဒါကြောင့် တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌကြီး အနေနဲ့ တိုင်းပြည်မှာ "Justice" Vs. "Rule of Law" ယှဉ်တွဲ ဖော်ဆောင်နိုင်ဖို့ရာအတွက် အရင်ဆုံး တရားမျှတမှု "Justice" ကိစ္စကို အလေးပေးပါဦး လို့ တောင်းဆိုလိုက်ပါတယ်။

Min Myo Win (Yangoon University) - Articles


ဒီမိုကရေစီစနစ်နဲ့ထိုက်တန်လျော်ညီတဲ့ လူသားမျိုးနွယ်ဖြစ်အောင် ကြိုးစား
မင်းမျိုးဝင်း (ရန်ကုန်တက္ကသိုလ်)
မတ်လ ၁၄၊ ၂၀၁၃



ကျွန်တော်တို့နိုင်ငံက နှစ်ပေါင်းငါးဆယ်ကျော် အာဏာရှင်စနစ်ဆိုးအောက်မှာ ဖြတ်သန်းလာခဲ့ရတာပါ။နှစ်ပေါင်းငါးဆယ်ကျော်၊ ရာစုနှစ် ၀က်ကျော် အမှောင်ခေတ်ထဲမှာဖြတ်သန်းခဲ့ရတာပါ။ ကျွန်တော်တို့တတွေရဲ့ ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေကလည်း အမှောင်ဖုံးနေခဲ့ကြရတာပါ။ အခု မကြာသေးခင်ကမှ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖို့ ကြိုးစား ရုန်းကန်နေ တာဖြစ်ပါတယ်။ 

ကျွန်တော်တို့တတွေအတွက်လည်း ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေ အလင်းရဖို့ ၊ အမြင်ရှင်းဖို့၊ အတွေးခေါ်တွေမြင့်မားဖို့၊ အယူအဆတွေဆန်းသစ်ဖို့ လမ်းစပွင့်လာနေတဲ့အချိန်ပါ။အသွင်ကူးပြောင်းတဲ့ကာလတွေမှာတော့ အခက်အခဲတွေ၊ ပြဿနာတွေ လူမျိုးရေး ပဋိပက္ခတွေ ကြုံတွေ့နေရတာတော့အမှန်ပါ။

ကမ္ဘာ့နိုင်ငံတိုင်းလိုလို ပြောင်းလဲမှုတွေ ပြုလုပ်တဲ့အခါတိုင်း ဒီလိုအခက်အခဲတွေ၊ ပြဿနာတွေ၊ လူမျိုးရေးပဋိပက္ခတွေကို အနည်းနဲ့အများကြုံတွေ့ကြရတာချည်းပါပဲ။ ဒီလို ကြုံတွေ့ရတဲ့အခါတွေမှာနိုင်ငံတကာမှာ အစိုးရ၊ အတိုက်အခံ၊ တပ်မတော်၊ ပြည်သူလူတု၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဥပဒေနှင့် အညီနေထိုင်ကြတဲ့နိုင်ငံသားတွေဟာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုတွေနဲ့ ပါဝင်ကူညီဖြေရှင်းကြတာတွေကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ယခုအခါ ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲမှာ ပြဿနာတွေ၊ အခက်အခဲတွေ၊ လူမျိုးရေးပဋိပက္ခတွေက ဒီမိုကရေစီပြောင်းလဲရေးအတွက်  စိန်ခေါ်မှုတွေဖြစ်နေပါတယ်။ အဟန့်အတားမဖြစ်စေပေမဲ့၊ နှောင့်နှေးစေတာတော့ အမှန်ပါ။

ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ လူမျိုးရေးပဋိပက္ခတွေကို စမ်းစစ်ကြည့်တဲ့အခါမှာ နှစ်ပေါင်းငါးဆယ် ကျော်ကြာအောင် အုပ်ချုပ်ခဲ့တဲ့အာဏာရှင်စနစ်ဆိုးရဲ့လက်ကျန်အမွေဆိုးတွေပါ။ နှစ်ပေါင်းငါးဆယ်ကျော် အမှောင်ဖုံးခဲ့ရတဲ့၊ ၀ါဒမှိုင်းမိခဲ့ရတဲ့ ပြည်သူလူထုအနေနဲ့ စနစ်ဟောင်းရဲ့ အကျင့်ဆိုးတွေ၊ အမှောင်ခေတ်ရဲ့စရိုက်ဆိုးတွေ၊ အတွေးအခေါ်ဆိုးတွေ၊ အပြုအမူဆိုးတွေကိုပြုပြင်ရမှာဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ၊ ပဋိပက္ခတွေချုပ်ငြိမ်းအောင် အားလုံးစုစည်းညီညွတ်စွာ ကြိုးပမ်းရမှာဖြစ်ပါတယ်။နယ်မြေမတူ၊ ဘာသာမတူ လူမျိုးစုကွဲပြားမှုတွေကြား  ပဋိပက္ခဖြစ်စေနိုင်သော၊ အထင်အမြင်လွဲမှားစေသော၊ စည်းလုံးညီညွတ်မှုပျက်ပြား စေသော အပြုအမူတွေ၊ တုန့်ပြန်မှုတွေ၊ ရှောင်ရှားရမယ်။ နယ်မြေဒေသကိုလိုက်ပြီး၊အသားအရောင်ကိုလိုက်ပြီးဖြစ်စေ၊ အဝတ်အစားကို လိုက်ပြီး ဖြစ်စေ၊ မတူညီသော ဘာသာရေး၊ ယဉ်ကျေးမှုတွေကို လိုက်ပြီး ခွဲခြားမှုတွေရှောင်ရှားရမယ်။ အမုန်းတရားကိုတိုးပွားစေတဲ့ ၊ဒေါသကိုလှုံ့ဆော်ပေးတဲ့ဝါဒဖြန့်စာတွေ၊ပုံတွေ၊အသံလွှင့်မှုတွေကို ရှောင်ရှားဖို့လိုပါတယ်။ လူမျိုးခြားမယူရ၊ လူမျိုးခြားနှင့်မဆက်ဆံရ စတဲ့အစွန်းရောက်အမြင်တွေကနေ ကင်းလွတ်ကြရမယ်။ 

လူသား တစ်ယောက်ချင်းစီရဲ့ မွေးရာပါလူ့ဂုဏ်သိက္ခာကို အသိအမှတ် ပြုရမယ်။ကမ္ဘာပေါ်မှာရှိရှိသမျှလူသားတွေဟာ တစ်မိတစ်ဖတည်းက ပေါက်ဖွားဆင်းသက်လာခဲ့ကြတာပါ။ ဒါပေမဲ့ လူသားမျိုးနွယ်အားလုံး တပုံစံတည်း၊ တထေရာတည်း တသွေမတိမ်းမဖြစ်နိုင်ဘူးဆိုတာကိုတော့ လက်ခံရပါမယ်။ အရောင်အသွေးအစုံ၊ အမျိုးအနွယ်အဖုံဖုံရှိမယ်။ သွင်ပြင်လက္ခဏာတွေ၊ ဓလေ့စရိုက်တွေ၊ အပြုအမူတွေ၊ ၀ါဒလမ်းစဉ်တွေ၊ အတွေးအခေါ်အယူအဆတွေ မတူကွဲပြားမှုတွေတော့ရှိမှာပါပဲ။ 

မွေးဖွားကြီးပြင်းရာဇာတိ နယ်မြေဒေသပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မတူတာ၊ ဘာသာမတူတာ၊ လူမျိုးမတူတာ၊ အသားအရောင်မတူတာ၊ အတွေးအခေါ် အယူအဆမတူတာ၊ ယုံကြည်ချက် ခံယူချက်မတူတာ၊ အရည်အချင်းမတူတာ၊ လူတန်းစားမတူတာတွေရှိသလို လိင်ကွဲပြားတာ၊ ၀တ်စားဆင်ယင်မှုကွဲပြားတာ၊ အစားအသောက်အနေအထိုင်ကွဲပြားတာ၊အမူအကျင့်ကွဲပြားတာတွေရှိကြစမြဲပါ။

အဲဒီမတူကွဲပြားမှုတွေကို နားလည်ခွင့်လွှတ်ပေးပြီး၊ အပေါ်ယံသွင်ပြင်လက္ခဏာတွေကိုကြည့်ပြီး ခွဲခြားမှု၊ နှိမ့်ချမှု၊ စော်ကားမှု၊ ကျုးကျော်ရန်လိုမှု၊ မုန်းတီးမှုတွေမထားဘဲ လူသားမျိုးနွယ်၊ လူသားဖြစ်တည်မှု၊ လူ့ဗီဇအခြေခံကို အသိအမှတ်ပြုတန်ဖိုးထားပြီး လူသားမျိုးနွယ်တိုင်းကို အားလုံးတန်းတူညီတူ အခွင့်အရေး ရပိုင်ခွင့် ခံစားပိုင်ခွင့်၊ တန်ဖိုးထားလေးစားမှုခံယူပိုင်ခွင့်တွေပေးဖို့တော့ လိုအပ်ပါတယ်။

မတူကွဲပြားခြာနားမှုတွေကြောင့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်း၊ အုပ်စုတစ်ခုခုကို သာစေနာစေတဲ့ အပြုအမူ အပြောအဆိုတွေကိုရှောင်ရှားရပါမယ်။ နယ်မြေဒေသပေါင်းစုံက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ရင်းနီးကျွမ်းဝင်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင်ဖန်တီးကြရပါမယ်။ မတူကွဲပြားခြာနားမှုတွေကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေကို နားလည်ခွင့်လွှတ်ပေးရပါမယ်။ ဘာသာအယူဝါဒတစ်ခုခုရဲ့ ဓလေ့၊ အယူအဆကလွှမ်းမိုးလိုမှုတွေကို ရှောင်ရှားရမယ်။ အမုန်းတရားနဲ့ ကျူးလွန်သော ရာဇ၀တ်မှုတွေ၊ ကြီးနိုင်ငယ်ညှင်းသတ်ဖြတ်မှုတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့လဲ လိုအပ်ပါတယ်။
ဘာသာအယူဝါဒပေါင်းစုံ၊ လူမျိုးနွယ်စုပေါင်းစုံနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနေထိုင်နိုင်မဲ့ သင့်တော်တဲ့လူ့အဖွဲ့အစည်းတစ်ရပ်ထူထောင်ရပါမယ်။

လူအချင်းချင်း ခွဲခြားဆက်ဆံ၊ နှိမ့်ချမှုကို စက်ဆုပ်ရွံ့ရှာ ရှောင်ကြဉ်ပြီး လူတိုင်းမှာ တူညီစွာ မွေးရာပါ တည်ရှိလာတဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ အားလုံးတန်းတူညီမျှ နေနိုင်အောင် ကြိုးစားရမယ်။ ယဉ်ကျေးတဲ့ ခေတ်သစ်ကမ္ဘာရဲ့ မတူကွဲပြားမှုသဘောတရားတွေကို လက်သင့်ခံနိုင်တဲ့ ဒီမိုကရေစီစနစ်နဲ့ထိုက်တန်လျော်ညီတဲ့ လူသားမျိုးနွယ်ဖြစ်အောင်ကြိုးစားကြရမယ်။ မဟာလူမျိုးကြီးဝါဒဆိုတဲ့ စိတ်ဓာတ်တွေကိုပြင်ကြရ မယ်။

ဒီမိုကရေစီကိုအသွင်ကူးပြောင်းနေတဲ့နိုင်ငံတစ်ခုအနေနဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာဖို့၊ ပြဿနာတွေ၊ အခက်အခဲတွေ၊ လူမျိုးရေးပဋိပက္ခတွေကင်းဝေးဖို့ လူသားမျိုးနွယ်အချင်းချင်းအပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု တွေနဲ့ ပါဝင်ကူညီဖြေရှင်းကြရမှာ ဖြစ်ပါတယ်။

လူမျိုးရေးခွဲခြားမှုတွေ၊ အသားရောင်ခွဲခြားမှုတွေ ပပျောက်သွားပြီး အချင်းချင်းအပြန်အလှန် စိတ်ရှည်သည်းခံမှုနဲ့နားလည်မှုတွေ တိုးပွားလာတဲ့ တစ်နေ့မှာတော့  ပြဿနာတွေ၊ အခက်အခဲတွေ၊ လူမျိုးရေးပဋိပက္ခတွေကင်းဝေးပြီး ကျွန်တော်တို့ မျှော်မှန်းနေတဲ့ တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီလူ့ဘောင်၊ လူ့အစုအဖွဲ့ အဆောက်အအုံ ဖွံ့ဖြိုးလာမှာ ဖြစ်ပါတော့တယ်။        ။

Kyaw Thu - FFSS Yangon Activity,


ကုသိုလ်မှတ်စု
ကျော်သူ - နာရေးကူညီမှုအသင်း (ရန်ကုန်)
မတ်လ ၁၄၊ ၂၀၁၃


● Sompo Japan Foundation ၏ မြတ်ဒါန
(၅.၃.၂ဝ၁၃) ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် Sompo Japan Foundation မှ နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)သို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။


 


Sompo Japan Foundation မှ အမေရိကန်ဒေါ်လာ US$ 7552.87 အား လှူဒါန်းပေးအပ်ပြီး Mr. keiji Okada မှ "Sompo Japan Foundation သည် အာရှနိုင်ငံများတွင် နှစ်စဉ်လှူဒါန်းမှုများအဖြစ် မြန်မာ နိုင်ငံအား ပထမဦးဆုံးရွေးချယ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို လှူဒါန်းရန် ရွေးလိုက်ရခြင်းဖြစ် ကြောင်း၊ Sompo Japan Foundation သည် ၁၉၉၅ ခုနှစ် ကတည်းက မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ အာမခံကုမ္ပဏီဖြစ်ကြောင်း၊ ၁၉၆၄ ခုနှစ်မှာ ဘဏ္ဏာရေးလုပ်ငန်းကို ဆိုရှယ်လစ်လမ်းစဉ် ကျင့်သုံးပြီးနောက် မြန်မာနိုင်ငံကို ပထမ ဆုံးပြန်ဝင်လာတဲ့ နိုင်ငံခြားအာမခံကုမ္မဏီတစ်ခုဖြစ်ကြောင်း၊ ဒီလိုလှူဒါန်းရန် ဆုံးဖြတ် လိုက်ရတာက ၂ဝဝ၈ ခုနှစ်၏ နာဂစ်မုန်တိုင်းလို့ခေါ်တဲ့ ကြောက်စရာကောင်းတဲ့ သဘာဝဘေးတစ်ခု မြန်မာနိုင်ငံမှာဖြစ်ခဲ့တာကို မြင်ခဲ့လို့ဖြစ်ကြောင်း၊ မိမိတို့၏ကုမ္ပဏီသည် အာမခံကုမ္မဏီဖြစ်သောကြောင့် ဒီလိုသဘာဝဘေး ကြုံတဲ့လူတွေကို အကျိုးရှိရှိ ဘယ်လိုအာမခံလုပ်ပြီး ကူညီရမှလဲဆိုတာ ကောင်းကောင်း သိရှိကြောင်း၊ ဒါကြောင့် နာဂစ်ဆိုင်ကလုန်းဟာ မြန်မာပြည်သူတွေကို အာမခံလုပ်ငန်းနဲ့ ရင်းနှီးစေတဲ့ အရင်းခံအကြောင်းရင်းထဲက တစ်ခုဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ကျွန်တော်တို့ဟာ ကပ်ဘေးသင့် ပြည်သူ မြောက်များစွာ၏ နာရေးကိစ္စများကို အခမဲ့လုပ်ဆောင်နေတဲ့ သင်တို့၏ လုပ်ဆောင်ချက်များကို ကြားသိ သောအခါ အာမခံလုပ်ငန်းဟာ လူတွေကို စီးပွားရေးအရ တစ်ဝက်တပျက်သာကူညီနိုင်ကြောင်း၊ သူ၊ သူမတို့၏ ချစ်လှစွာသော သူတို့်ဆုံးရှုံးသွားခဲ့တဲ့ လူတို့၏ပျောက်ဆုံးနေသော လမ်းတဝက်ဟာ စိတ်ပိုင်း ဆိုင်ရာ ကုသခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ သိမြင်နားလည်လာပါကြောင်း၊ ထိုအရာနဲ့ပတ်သက်လို့ အခြားသူတွေကြားမှာ ပထမဆုံးခြေလှမ်းဟာ ဘာသာရေးနှင့်ဆိုင်တဲ့ နာရေးကိစ္စပဲဖြစ်ကြောင်း၊ မိမိတို့က ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ကုသခြင်းကသာ အာမခံလုပ်ငန်းလိုမျိုး အပိုမပါတဲ့ နစ်နာကြေးပေးမှုကို ပြည့်စုံ စေတယ်လို့ တွေ့ရှိရပါကြောင်း၊ ဒီအချက်က ကျွန်တော်တို့ကို တွန်းပို့ပါကြောင်း၊ ဒါကြောင့် ကျွန်တော်တို့ သင်တို့ Organization ကို အလှူခံပုဂ္ဂိုလ်အဖြစ် ရွေးဖို့ဆုံးဖြတ်ခဲ့ကြောင်း" လှူဒါန်းရခြင်း ရည်ရွယ်ချက် အား ပြောကြားသွားခဲ့ပါသည်။
......................

● တမလွန်မှ အလင်းပေးသူ
တမလွန်ဘဝသို့ ရောက်ရှိသွားသောသူသည် မွန်မြတ်သော အလှူဒါနတစ်ခုကို အောင်မြင်စွာ လုပ်ဆောင် သွားသည့်ကိစ္စရပ်အား (၄.၃.၂ဝ၁၃) ရက်နေ့တွင် တွေ့ကြုံခဲ့ရပါသည်။ ၄.၃.၂ဝ၁၃ ရက်နေ့တွင် အမှတ် ၉၂၂၊ ပင်းယလမ်း၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေ ဒေါ်ဖုန်းမေ အသက် (၆၈) နှစ်သည် ကွယ်လွန်သွားခဲ့ သည်။


 

နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားနှင့် ယာဉ်မောင်း/နောက်လိုက်တို့ ရောက်ရှိချိန် ၌ နာရေးရှင်မိသားစုတို့မှ ခေတ္တခဏ စောင့်ဆိုင်းပေးပါရန် တောင်းဆိုခဲ့သဖြင့် (၁ဝ) မိနစ်ခန့်စောင့်ခဲ့သည်။ နာရေးရှင်၏ပြောပြချက်အရ ကွယ်လွန်သူ ဒေါ်ဖုန်းမေသည် မိမိ၏ မျက်ကြည်လွှာအား အမျိုးသားမျက်စိဘဏ်တွင် လှူဒါန်းထားပြီးဖြစ်သည်။ အမျိုးသားမျက်စိဘဏ်မှ မျက်ကြည်လွှာအား သူနာပြု (Nurse) ရောက်ရှိသောအခါ မျက်ကြည်လွှာအလှူရှင် ဒေါ်ဖုန်းမေ၏ မျက်ကြည်လွှာ (၁) စုံအား မိနစ် (၃ဝ) ခန့် ထုတ်ယူခဲ့ပြီးနောက် နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။

မျက်စိဝေဒနာရှင်တစ်ဦး မျက်ကြည်လွှာမကောင်းလျှင် ကွယ်လွန်သွားသူတို့မှ လှူဒါန်းထားသော မျက် ကြည်လွှာဖြင့်သာ အစားထိုး ကုသရပေသည်။ မျက်ကြည်လွှာအလှူသည် အလှူရှင်ကွယ်လွန်မှသာ ရသည်ဖြစ်၍ လွန်စွာရှားပါးသော အလှူဒါနဖြစ်သည်။ မျက်စိမမြင် သူနှစ်ဦး၏ ဘဝအား အမြင်အာရုံပြန်လည်ရရှိစေပြီး လူ့ လောကထဲတွင် စိတ်ချမ်းသာစွာနှင့် နေထိုင်သွားနိုင်မည်ဖြစ်သည်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်ပင် လေးအသေင်္ချနှင့် ကမ္ဘာတစ်သိန်း စွန့်ခြင်းငါးပါး ဖြစ်သော လက်၊ ခြေ၊ မျက်လုံး၊ အသက်တို့အပြင် ဇနီး၊ သားသမီး တို့အား ဝေနေယျများစွာ သတ္တဝါတို့အတွက် လောကအကျိုးစီးပွားအလို့ငှာ ကြိမ်ဖန်များစွာ စွန့်လွှတ်အနစ် နာခံကာ လှူဒါန်းခဲ့သည်။ အလွန့်အလွန် မွန်မြတ်သော အလှူဒါနပါရမီ ဖြစ်ပါသည်။

ထို့ကြောင့် တမလွန်မှ အလင်းပေးသွားသော မျက်ကြည်လွှာအလှူရှင် ဒေါ်ဖုန်းမေအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ လိုက်လံပို့ဆောင် သင်္ဂြိုလ်လိုက်ရသည့်အတွက် အလှူရှင်များနှင့်တကွ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အသင်းသား/သူများ၊ ဝန်ထမ်းများတို့မှ ကုသိုလ်အကျိုးထူးများရရှိသဖြင့် မျက်ကြည်လွှာ အလှူရှင် ဒေါ်ဖုန်းမေ အား သာဓု .. သာဓု .. သာဓု ခေါ်ဆိုလိုက်ရပါတော့သည်။

မျက်စိလှူကြ၊ မျက်ကြည်ရ၊ မြတ်သည့်လှူဒါန တစ်ခုဖြစ်သည်။

Masoeyein Sayadaw U Yazadhamma passes away

သာသနာ့ နေမင်း ကွယ်လေပြီ
ဓမ္မ၀ိဟာရအရှင်၏ ဖေ့စ်ဘွတ်ကနေ ကူးယူတင်ဆက်ပါတယ်၊ မတ် ၁၄၊ ၂၀၁၃
မန္တလေးမြို့၊မဟာအောင်အောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်များ၏ မဟာနာယကချုပ် မစိုးရိမ်ဆရယတော် ဘဒဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)မထောရ်မြတ်ကြီးသည်၊ ယနေ့ ည ၁၁း ၄၀ခန့် မှာ မစိုးရိမ်းတိုက်သစ်ဆရာတော်ဘုရားကြီး ဘ၀နတ်ထံ ပြန်လွန်တော်မူသွားပါသည်။
ဆရာတော်ကြီးသည်ကား မြန်မာနိုင်ငံ၏ ပရိယတ္တိစာသင်တိုက်များ၏ မီးရှုးတန်ဆောင်ဖြစ်သည်။
ဆရာတော်၏ မစိုးရိမ်တိုက်သည် မြန်မာနိုင်ငံတော်တွင် စာသင်သားသံဃာတော်(၃၀၀၀)ကျော်စာသင်၊စာချ သာသနာပြုရာ စာသင်သံဃာအများဆုံးစာသင်တိုက်ကြီးဖြစ်ပြီး၊ မြန်မာပြည်မက ကမ္ဘာအထိတိုင်အောင် ဆရာတော်ဘုရားကြီးနှင့် မစိုးရိမ်တိုက်၏ ဂုဏ်သတင်းကားမွေးပြန့်လှချေသည်။
ယခုသော်ကား ပရိယတ္တိ ဦးသျှောင် နေမင်းကြီးသည်ကား ကွယ်တော်မူလေပြီး၊ 
မြန်မာနှင့် သာသနာအတွက် ပြောမပြနိုင်လောက်သော ဆုံးရှုံးမှုကြီးပဲ ဖြစ်ချေတော့၏။
(ဆရာတော်၏ ထေရုပ္ပတ္တိအား ကြည်ညိုပူဇော်ကြရန် အကျဉ်းမှ တင်ပြပေးလိုက်ပါသည်)

မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ-၏ ထေရုပ္ပတ္ထိအကျဉ်း
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်ကြီး (၃)တိုက်တို့၏ အဓိပတိ မဟာနာယက
ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ-၏ ဘဝပုံရိပ်

ဆရာတော်သည် မြန်မာသက္ကရာဇ် ၁၂၉၅-ခု၊ ၀ါဆိုလပြည့်ကျော် ၁၃-ရက်၊ ခရစ်နှစ် ၁၉၃၃-ခု၊ ဇူလိုင် ၁၉ -ရက်နေ့၌ ဖွားမြင်တော်မူသည်။ ညီအကိုမောင်နှမ ငါးယောက်အနက် တတိယမြောက် သားရတနာဖြစ်သည်။ ၁၃၀၈-ခုနှစ်၊ နှောင်းတန်ခူးလတွင် သာမဏေအဖြစ်သို့ ရောက်ရှိသည်။

၁၃၁၅ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၅-ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ဥပဇ္ဈာယ်မှာ ဆရာတော် ဦးကိတ္တိဖြစ်သည်။ အင်တိုင်းရွာ တောင်ကျောင်း ဆရာတော် ဦးရ၀ိန္ဒ၊ ဆရာတော် ဦးကောဝိဒ တို့အထံတွင် သင်ပုန်းကြီးမှ စ၍ စတင်ပညာသင်ခဲ့သည်။

၁၃၁၂-ခုနှစ်၊ နယုန်လမှ စ၍ မုံရွာမြို့ မဟာဇောတိကာရာမ စာသင်တိုက်သို့ ရောက်ရှိခဲ့သည်။ ယင်းတိုက်မှ ပထမငယ် ပထမလတ်တန်းများ အောင်မြင်ခဲ့သည်။ ၁၃၁၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၂-ရက်နေ့တွင် မန္တလေးမြို့၊ တောင်သမန်တိုက် ပုသိမ်ကျောင်းသို့ ရောက်ရှိပြီး ပညာသင်ယူခဲ့သည်။ ၁၃၁၅-ခုနှစ်၊ နတ်တော်လတွင် မစိုးရိမ်တိုက်ကြီးသို့ ပြောင်းရွှေ့၍ ပညာသင်ခဲ့သည်။ 

မစိုးရိမ်တိုက်ကြီးမှ ပထမကြီးတန်း၊ စာသင်တန်း၊ အစိုးရစာချတန်း၊ သကျသီဟ စာချတန်းများကို အောင်မြင်သဖြင့် မစိုးရိမ် တိုက်ကြီး၌ ကျောင်းထိုင်နာယက စာချ အဖြစ်သို့ ရောက်ရှိခဲ့သည်။ မစိုးရိမ်တိုက်ကြီး၌ ခြောက်နှစ် တိတိ စာချပြီး ၁၃၂၉-ခု၊ တပို့တွဲလ၌ စိန်းပန်း မစိုးရိမ်တိုက်သစ်သို့ မစိုးရိမ်ဆရာတော်ကြီး၏ အမိန့်အရ ပြောင်းရွှေ့နေထိုင်၍ စာချခဲ့သည်။

ထိုအချိန်က မစိုးရိမ်တိုက်သစ် တတိုက်လုံး စာသင်သား သံဃာ-၆၃ ပါးမျှ သာရှိသည်။ တဖြေးဖြေး သံဃာ တိုးပွါးလာရာ ၁၃၅၀-ခုနှစ်၌ သံဃာတစ်ထောင်ကျော်အထိ တိုးတက်လာသည်။ ယခု အချိန်၌မူ နှစ်စဉ် သံဃာ ၂၅၀၀-၃၀၀၀ ခန့်အထိ တိုးတက်လာသည်။ စိန်းပန်း မစိုးရိမ်တိုက်သစ်၌ သံဃာများလွန်းသဖြင့် ပြည်ကြီးတံခွန် မြို့နယ်၌ မစိုးရိမ်တိုက်သစ် တတိုက် တည်ထောင်ခဲ့ သည်။

ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ သံဃာ ၃၀၀-ကျာ်ခန့်အထိ နေထိုင်သီတင်းသုံးလျှက်ရှိသည်။ ယင်းတိုက်သစ်၌် စာသင်သားသံဃာများ တဖြေးဖြေး တိုးတက်လာသော်လည်း သောက်သုံးရေမှာ အဆင်မပြေလှချေ အဆင့်မမှီသည့် ရေကိုပင် လျှပ်စစ်စွမ်းအား နည်းပါးသဖြင့် စာသင်သား သံဃာများ သုံးစွဲလောက်အောင် တင်မပေးနိုင်ပေ။ ထိုကြောင့် ဒေးဝန်းမြို့တော်ဝန် ဦးပေစိဘုရား အနောက်ဖက်၌ မစိုးရိမ်တိုက်သစ် အမှတ် ( ၃) ကို တည်ထောင်ပေးခဲ့သည်။

ယင်းတိုက်၌ စာသင်သားသံဃာ ၁၀၀-ကျော်မျှ သီတင်းသုံး နေထိုင်လျှက်ရှိသည်။ ပြည်ကြီးတံခွန် မစိုးရိမ် တိုက်သစ်၌ ဆရာတော်ဦးရာဇဓမ္မကိုယ်တိုင် နေ့စဉ် စာပေပို့ချ သာသနာပြုလျှက်ရှိသည်။ ဗမာပြည်ပြန်မရောက်မီ သေချင်လျှင်လည်း
သေပါလိမ့်မည်။ မသေခင် သံဝေဂဉာဏ်ပွါးများ၍ တကာ-တကာမများကိုလည်း သံဝေဂဖြစ်အောင် သံဝေဂ တရားသာ ဟောကြားလေ့ရှိသည်။ ဘွဲ့များ ရရှိသော်လည်း ယင်းဘွဲ့များကို အသုံးပြုလေ့မရှိပါ။ ဘွဲ့ရခြင်းကြောင့် ဆက်ကပ်ထားသည့် ဖရီးပတ်စ် လက်မှတ်များကိုလည်း တကြိမ်တခါမျှ အသုံးမပြုခဲ့

ဆရာတော်ဘုရားကြီးသည် ယခင်စစ်အစိုးရလက်ထက်တွင် ၀ိနယ ကိုလေးစားသည့်အလျှောက် ဆရာတော်ဘုရားမှ စစ်အစိုးရအား တရားသဖြင့် ဆိုဆုံးမသည်ကို လက်မခံပဲ ဆရာတော်ဘုရားကြီးအား ထောင်တွင်းအကျဉ်ချခဲ့ကြလေ၏..။

(ဆရာတော်၏ သြ၀ါဒများအား ဖတ်လိုလျှင်)
http://www.facebook.com/masoeyeintaik?fref=ts
မိုးမခစာဖတ်သူများကို ပေးအပ်ခဲ့သော သြ၀ါဒ -

Kyaw Win - Mingalar Par Commission


ရှဥ့်လည်းလျှောက်သာ
ပျားလည်းစွဲသာ
မင်္ဂလာပါ - ကော်မရှင်
 ကျော်ဝင်း


ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ မင်္ဂလာပါ ကော်မရှင် - ကျော်ဝင်း
မတ် ၁၄၊ ၂၀၁၃ (စာရေးဆရာ ကျော်ဝင်းဖေ့စ်ဘွတ်)

ဂိမ်းသီအိုရီ

အများမျှော်လင့်စောင့်စားနေကြသော လက်ပံတောင်းအရေး စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ၊ ယနေ့ပင်ထွက်ပေါ်လာပြီဖြစ်ပါသည်။ ကော်မရှင်က ၎င်း၏ ရည်ရွယ်ချက်၊ တာဝန်၊ အခြေခံမူများနှင့် လုပ်ဆောင်ချက်များကို ပဏာမ နိဒါန်းပျိုးပြသည်။ ပြီးမှ၊ ကော်မရှင်တွေ့ရှိချက်များနှင့်အတူ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်အသီးသီး၏ သုံးသပ်အဆိုပြုချက်များကို၊ ဘက်စုံထောင့်စုံ စုစည်းတင်ပြသည်။ နောက်ဆုံး၊ ကော်မရှင်၏ ခြုံငုံသုံးသပ်ချက်များနှင့် အကြံပြုချက်များကို ဖော်ပြလိုက်ပါသည်။

အစီရင်ခံစာတစ်ခုလုံး၏ အရေးကြီးဆုံးဖြစ်ဖွယ်ရှိသော အကြံပြုချက်အပိုင်းတွင် ကော်မရှင်က ရွေးချယ်စရာနည်းလမ်းသုံးသွယ်ကို ပထမခင်းပြသည်။ အဆိုပါနည်းလမ်းသုံးသွယ်ကို စဉ်းစားဆုံးဖြတ်ရာတွင်၊ 'တစ်ခုလုံး စီးပွားရေးအတွက် အကျိုးရှိမရှိ'၊ 'နိုင်ငံတကာဆက်ဆံရေး' နှင့် 'လူမှုရေးပတ်ဝန်းကျင် ထိန်းသိမ်းရေး' တို့ကို၊ အားလုံးခြုံငုံပြီး (Holistically) စဉ်းစားရန် လိုအပ်ပါကြောင်း၊ အကြံပြုသည်။ ကော်မရှင်ခင်းပြလိုက်သော ဆိုခဲ့ပါ နည်းလမ်းသုံးသွယ်မှာ …၊

(က) လက်ရှိအတိုင်းပင်၊ ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ကိုင်စေမည့်နည်းလမ်း …။ ဆိုရလျှင်၊ လက်ရှိကြေးနီစီမံကိန်းကို တာဝန်ယူ ဆောင်ရွက်နေသော၊ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီများဘက်မှ ခံတွင်းအတွေ့ဆုံးနည်းလမ်း၊ သို့မဟုတ်၊ ၎င်းတို့၏ 'မျှော်လင့်တန်ဖိုး' (expected value) ဖြစ်ပါလိမ့်မည်။ သို့နှင့်တိုင်၊ ဤနည်းလမ်းကို ကော်မရှင်က ရွေးချယ်ရန်မသင့်ဟု မှတ်ချက်ပြုပါသည်။

(ခ) ကြေးနီစီမံကိုန်းကို၊ ဆက်လက်လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမည့်နည်းလမ်း …။ ဆိုရလျှင်၊ လက်ရှိစီမံကိန်းကို လုံးဝရပ်ဆိုင်းပစ်ရန်၊ ဆန္ဒဖော်ထုတ်တောင်းဆိုနေကြသူများ ဘ၀င်အကျဆုံးဖြစ်ဖွယ်ရှိသည့် နည်းလမ်းဖြစ်ပါသည်။ သူတို့ လိုလားသော 'မျှော်လင့်တန်ဖိုး' လည်းဖြစ်ပါသည်။ သို့တစေ ဤနည်းလမ်းကိုလည်း ကော်မရှင်က ထောက်ခံချက်မပေးပါ။

(ဂ) ကြေးနီစီမံကိန်းနှင့် ပတ်သတ်၍၊ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ၊ နိုင်ငံတော် အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို၊ ပြည့်ဝစွာရရှိရန် အစီအမံများ ချမှတ်ပြီး၊ စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့် နည်းလမ်း …။ ဤနည်းလမ်းအနေနှင့်၊ နှစ်ဘက်မျှော်လင့်တန်ဖိုးများကို အပြည့်အ၀ပေးနိုင်လိမ့်မည်တော့မဟုတ်။ သို့တိုင်အောင်၊ နှစ်ဘက်လုံးအတွက်၊ လက်ရှိ လိပ်ခဲတည်းလည်း အခြေအနေထက် ပိုကောင်း (better off) လာနိုင်စရာရှိပါသည်။ ကော်မရှင်က၊ ဤနည်းလမ်းကိုသာ ထောက်ခံအကြံပြုလိုက်ပါသည်။ ဤနည်းလမ်းကို အကောင်အထည်ဖော်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် (၆) ရပ်ကိုလည်း သုံးသပ်အကြုံပြုပါသည်။ (စာရှည်မည်စိုး၍ အသေးစိတ် မဖော်ပြတော့ပါ။ ကော်မရှင် အစီရင်ခံစာကိုသာ ကြည့်ပါရန် …၊)

ကော်မရှင်၏ ဆိုခဲ့ပါ၊ အကြံပြုချက်သည်ပင်၊ "ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ" မည့် အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မည်ဟု စာရေးသူ ယူဆပါသည်။ ဆရာကြီးသ္ခင်ကိုယ်တော်မှိုင်း၊ တစ်လျှောက်လုံး လိုလားတောင့်တခဲ့သော "သူမနာ၊ ကိုယ်မနာ" သဘောထားမျိုးဖြစ်လိမ့်မည်ဟု သဘောရပါသည်။ ဆရာကြီး ဒဂုန်တာရာ မကြာခဏ ဆိုသလို ရေးသားပြောဆိုနေသော "မုန်းသူမရှိ၊ ချစ်သူသာရှိစေမည့်" သင့်မြတ်ရေးလမ်းကြောင်းဟု နားလည်ရပါသည်။ အထူးသဖြင့် ကမ္ဘာနှင့်အ၀န်း ဒီမိုကရက်တစ်နည်းနာတစ်ရပ်အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသော၊ ခေတ်သစ်ဂိမ်းသီအိုရီလာ ချဉ်းကပ်အဖြေရှာနည်းအဖြစ် ဆင်ခြင်မိပါသည်။

မင်္ဂလာပါ - ကော်မရှင် ..။


စာရေးသူ၏ အတွေ့အကြုံ

ဤနေရာတွင် ခေတ်သစ်ဂိမ်းသီအိုရီ နှင့်ပတ်သတ်သော စာရေးသူ၏ နားလည်ချက်ကို ပြန်လည်ဖော်ပြခွင့် ပြုစေလိုပါသည်။ (ဤအကြောင်း မကြာခဏ ရေးခဲ့ပြီးဖြစ်၍ 'ပြန်လည်' ဆိုသော ရှေ့ဆက်ခံထားခြင်းဖြစ်သည်။) ယခုလို …။

"အကျိုးစီးပွားချင်း မတူကြသည့် အင်အားစုများကြားတွင်၊ မတူသော မျှော်လင့်တန်ဖိုးများ သာဘာဝကျစွာရှိကြမည်သာ ဖြစ်ပါသည်။ သို့တစေ အဆိုပါ အင်အားစုများကြား ညှိနှိုင်းဆွေးနွေးကြတော့မည်ဆိုလျှင်မူ၊ ဆိုခဲ့ပါ မျှော်လင့်တန်ဖိုးများကို၊ နှစ်ဘက်လုံးမှ အသေဆုပ်ကိုင်ထားသရွေ့၊ ဘယ်တော့မှ အဖြေရလိမ့်မည် မဟုတ်ပါ။ နှစ်ဘက်လုံးမှ ၎င်းတို့လက်ရှိ အခြေအနေထက်ပိုကောင်း (better off) လျှင်ပင် ကျေနပ်ဖွယ်ရာအဖြေဟု သဘောထားကြဖို့ လိုပါလိမ့်မည်။ ဤသဘောထားနှင့်ပင် မိမိတို့သက်ဆိုင်ရာ မျှော်လင့်တန်ဖိုးများကို 'အပေးအယူလုပ်ညှိနှိုင်းကြပြီး' (bargain) နှစ်ဘက်သဘောတူညီနိုင်မည့် 'ကြားအဖြေ' (compromise) ရှာရပါလိမ့်မည်။ ဤနည်းဖြင့် better off ချင်း ချိန်ခွင်လျှာမျှနိုင်မည့် အခြေအနေရောက်လာမှသာ နှစ်ဘက်လက်ခံနိုင်မည့် အဖြေတွေ့ပါလိမ့်မည်။ ဤသို့သော ချိန်ခွင်လျှာမျှအခြေအနေကို သီအိုရီဖော်ထုတ်သူပညာရှင် အမည်အစွဲပြုပြီး 'နက်(ချ)မျှခြေ' (Nesh's Equilibrium) ဟုခေါ်ပါသည် …" စသဖြင့် …။

ဝန်ခံရလျှင် "ဆန့်ကျင်ဘက်အချင်းချင်း အပြန်အလှန် ဖယ်ထုတ်ရေး" စဉ်းစားနည်းတစ်ခုတည်းနှင့်သာ၊ တစ်လျှောက်လုံး အာရုံကျယဉ်ပါးခဲ့သော၊ စာရေးသူအနေနှင့် ဆိုခဲ့ပါဂိမ်းသီအိုရီကို ချက်ခြင်းမြိုမကျခဲ့ပါ။ နောက်ဆုံး၊ နိုင်ငံရေးဝင်္ကပါတောတွင်၊ နဖူးကွဲဒူးပြဲများစွာ ကြုံခဲ့ပြီးမှ 'ဂိမ်းသီအိုရီသည်သာ၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ တစ်ခုတည်းသော ထွက်ရပ်လမ်း' အဖြစ် သဘောယူလာနိုင်ခဲ့ခြင်းဖြစ်ပါသည်။ သို့နှင့်အမျှ၊ စာရေးဖြစ်ကတည်းက၊ 'ဂိမ်းသီအိုရီ' နှင့် ဆက်နွယ်သမျှကို၊ မကြာခဏဆိုသလို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ဤတွင် စာဖတ်ပရိတ်သတ်တော်တော်များများ (အထူးသဖြင့် လူငယ်စာဖတ်သူများ) က၊ စိတ်ဝင်တစားရှိသည်ကို တွေ့ရတော့ အမှန်ပင် အားတက်မိပါသည်။

သို့နှင့်တိုင် အဆိုပါ ဂိမ်းသီအိုရီကိုပင် မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်ပြတော့ ဘ၀င်မကျသံအချို့ကြားလာရပါသည်။ "သီအိုရီကိုတော့ လက်ခံပါတယ် …၊ ဒါပေမဲ့ လက်တွေ့မဖြစ်နိုင် …" စသဖြင့်။ နောက်ဆုံး၊ "၂၀၁၀ ရွေးကောက်ပွဲမှာ၊ နှစ်ဘက်လုံးအတွက် better off ဖြစ်နိုင်တယ်" ဟုရေးလိုက်ရာ ဝေဖန်ရုံသာမကတော့ဘဲ၊ အစိုးရနှင့် ပေးစားခံရပါလေတော့သည်။ ဤသို့ ဆဲကြဆိုကြ အရေခွံခွါကြသူများထဲတွင် စာရေးသူ၏ လက်ဝဲမိတ်ဆွေများမှာ ရှေ့ဆုံးက …။ သူတို့တတွေ၏ ရဲရဲတောက်လေထုတွင် ရိုးရိုးသားသား စာဖတ်သူအများပင် စာရေးသူနှင့် အကွာအဝေးတစ်ခုသို့ ရောက်ကုန်သည်။

ဤအကြောင်းတွေ ပြန်ရေးနေမိသည်မှာ ဒေါသတွေ၊ အာဃာတတွေကြောင့် မဟုတ်ပါ။ မိတ်ဆွေများ၏ 'အောက်လမ်းနည်းများ' ကို စိတ်ပျက်မိသည့်တိုင်၊ စာဖတ်သူအများစု ခံတွင်းမတွေ့နိုင်မှုကို နားလည်ပေးနိုင်ခဲ့ပါသည်။ မြန်မာလူမျိုးတို့၏ 'နိုင်ငံရေးဓလေ့' (political culture) ကို ဆင်ခြင်မိသောကြောင့် ဖြစ်သည်။ မြန်မာတွေက 'မင်း' သို့မဟုတ် 'အစိုးရ' ဆိုလျှင် မယုံချင်၊ မယုံရဲ။ မုန်းသည်။ ကြောက်သည်။ 'ရန်သူမျိုးငါးပါး' ထဲတွင် 'မင်း' ကို ထည့်ထားသည်မှာ ရှားရှားပါးပါး ယဉ်ကျေးမှုဓလေ့ဟု ဆိုရမည်ထင်သည်။ အမှန်စင်စစ်၊ ဤသည်မှာလည်း သဘာဝကျသည်သာဖြစ်သည်။ နိုင်ငံရေးဓလေ့ကို အဓိကပုံသွင်းလိုက်သည်မှာ သက်ဆိုင်ရာလူထု၏ ခါးသီးသော နိုင်ငံရေးအတွေ့အကြုံများ ဖြစ်လေသည်ကိုး …။

သို့ဖြစ်လင့်စကား၊ ဤဓလေ့မှာ ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် အခါခပ်သိမ်း အဟပ်ညီချင်မှ ညီပါလိမ့်မည်။ အထူးသဖြင့်၊ အင်အားစုမျိုးစုံ ၀ိုင်းဝန်းတွန်းပါမှ ရွေ့နိုင်စရာရှိသော လက်ရှိ ဒီမိုကရေစီအပြောင်းအလဲနှင့် စရွေးမကိုက်လှဟု ထင်သည်။ အကယ်၍များ၊ ဤအစွဲ ဤဓလေ့ကို မကျော်နိုင်ခဲ့လျှင် ဖြစ်သင့်ဖြစ်ထိုက်သော လမ်းကြောင်းမှန် ဖြစ်စေဦး၊ အညွှတ်အနူးလက်ခံဖို့ အခုအခံ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသို့တွေးမိလိုက်တော့ ကော်မရှင်အစီရင်ခံစာ၏ နောက်ဆက်တွဲ အလားအလာများအတွက် အမှန်ပင် စိုးရိမ်မကင်းဖြစ်မိသည်။ လက်ရှိအစိုးရနှင့် ကော်မရှင် ဥက္ကဌတို့ကို ဦးတည်လာနိုင်စရာရှိသော နိုင်ငံရေးတိုက်ကွက်များနှင့် ရိုးသားသောလူထု၏ အကင်းမသေတတ်သေးသော စိတ်းဒဏ်ရာဓလေ့များ ဆုံမိလျှင် ဘာတွေဖြစ်ဦးမည်နည်း …။

အဆိုပါ စိုးရိမ်ကြောင့်ကြစိတ်နှင့်ပင် ယခုစာစုကို ဆက်ပါမည်။


စိုးရိမ်စိတ်အခံဖြင့်
အကြံပြု၊ မေတ္တာရပ်ခံ၊ ပန်ကြားလိုသည်များ


(က) အကြံပြု

ပထမဆုံး အကြံပြုလိုသည်မှာ နိုင်ငံတော်အစိုးရသို့ ဖြစ်ပါသည်။ ဆိုခဲ့ပါ၊ စုံးစမ်းစစ်ဆေးရေးအစီရင်ခံစာနှင့် အတူ၊ ၎င်းကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဖွဲ့စည်းသည့် သတင်းကိုလည်း ဖတ်ရသည်။ အဆိုပါ ကော်မတီကို အစိုးရတာဝန်ရှိသူ အများစုဖြင့် ဖွဲ့စည်းထားသည်ကို သတိပြုမိသည်။ ဖြစ်သင့်ဖြစ်ထိုက်သော ဖွဲ့စည်းပုံဟု သဘောရပါသည်။ စုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် သက်ဆိုင်ရာ 'အကျိုးရှင်များ' (stakeholders) ၏ သဘောတူကြည်ဖြူမှု ရဖို့လိုလိမ့်မည်ဟု တွေးမိသောကြောင့်ဖြစ်သည်။ အဆိုပါ အကျိုးရှင်များအနက် ၀မ်ပေါင်နှင့် ဦးပိုင်ကုမ္ပဏီတို့နှင့် အဆင်ပြေပြေညှိနှိုင်း အကောင်အထည်ဖော်နိုင်ဖို့ဆိုလျှင် လုပ်ပိုင်ခွင့်လည်းရှိ တာဝန်လည်းခံနိုင်သော အစိုးရအရာရှိများမှာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။

သို့တစေ နောက်ထပ်အရေးကြီးသော အကျိုးရှင်တစ်ဦးဖြစ်သည့် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုရဖို့ဆိုလျှင်မူ အစိုးရတာဝန်ရှိသူသက်သက်ဖြင့် အဆင်ပြေလွယ်ကူနိုင်ပါ့မလား စိုးရိမ်မိသည်။ ကာလတာရှည်ပျောက်ဆုံးနေခဲ့သော ယုံကြည်မှုကြောင့် သံသယအစိုင်အခဲအချို့ ရှိကောင်းရှိနိုင်သည်ဟု ထင်သည်။ သို့အတွက် ဒေသခံလူထု၏ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ရေး ရယူရာတွင် အခက်အခဲအချို့ရှိလေမည်လား စဉ်းစားမိသည်။ သက်ဆိုင်ရာဒေသခံများကို နားလည်သဘောပေါက်လာစေရန် ရှင်းပြ၊ ဖြောင့်ဖျနိုင်မည့် သီလသိက္ခာသြဇာတိက္ကမကြီးသော ဆရာတော်ကြီးများ သို့မဟုတ် မြို့မိမြို့ဖများ ကော်မတီတွင်ပါလျှင် ပို၍ အဆင်ပြေလွယ်ကူလေမည်လား တွေးမိသည်။

နောက်တစ်ချက် ဥာဏ်မီသလောက် တွေးမိသည်မှာ လက်ပံတောင်းအရေးလို ဖြစ်တန်ရာ အကျပ်အတည်းများနှင့် ပတ်သက်လို့ဖြစ်သည်။ သဘာဝဘေးအန္တရယ်ကြောင့်ဖြစ်စေ၊ လူမှုပဋိပက္ခများကြောင့်ဖြစ်စေ၊ လက်ရှိ ဒီမိုကရေစီအပြောင်းအလဲအတွက် စိန်ခေါ်ချက် ဖြစ်လာနိုင်သော အကျပ်အတည်းမျိုး ရှေ့တွင်လည်း ကြုံရနိုင်ဖွယ်ရှိသေးသည်ဟု ထင်ပါသည်။ ကြုံခဲ့ပြီးသော ဖြစ်စဉ်ဖြစ်ရပ်များမှ သင်ခန်းစာယူပြီး နောင်လာမည့် ပြဿနာများကို ကာကွယ်ရှောင်ရှားနိုင်ရန်အတွက် သော်လည်းကောင်း၊ အကယ်၍ မလွှဲမရှောင်သာ ရင်ဆိုင်ရလျှင်လည်း လက်ဦးမှုရှိရှိ၊ အေးအေးညောင်းညောင်း ဖြေရှင်းနိုင်ရန်အတွက်သော်လည်းကောင်း၊ အစီအစဉ်ရှိရှိ ကြိုတင်ပြင်ဆင်ထားဖို့ လိုမည်လား စဉ်းစားမိသည်။ ဥပမာအားဖြင့် "အကျပ်အတည်း စီမံခန့်ခွဲရေး ကော်မတီ" လိုအဖွဲ့အစည်းမျိုး ဖွဲ့စည်းပြီး တာဝန်ယူဖြေရှင်းကြသည်မျိုး ဖြစ်ပါသည်။

(ခ) မေတ္တာရပ်ခံ

ဒုတိယအနေနှင့် မေတ္တာရပ်ခံလိုသည်မှာ၊ ယခုလောလောဆယ် ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ ကြုံခဲ့ရပြီးဖြစ်သသော၊ ဒေသခံလူထုသို့ဖြစ်ပါသည်။ မိမိရပ်ရွာကို ချစ်ခင်မြတ်နိုးစိတ်၊ ဒါးမဦးချမြေကို တပ်မက်တွယ်တာစိတ်များဖြင့် ဆန္ဒဖော်ထုတ်အရေးဆိုခဲ့ကြသည့် မိတ်ဆွေများ၏ အရေးတော်ကို အပြည့်အ၀ စာနာနိုင်ပါသည်။ ယခု ထွက်ပေါ်လာသော ကော်မရှင်၏ အကြံပြုချက်များမှာ၊ မိတ်ဆွေများ၏ ဆန္ဒနှင့် ရာနှုန်းပြည့် တစ်ထပ်တည်းမကျသည့်တိုင်၊ တစ်ခုလုံး အကျိုးစီးပွား ရေရှည်အကျိုးစီးပွားအတွက် အကောင်းဆုံးအဖြေဖြစ်သည်ကို နှလုံးသွင်းစေချင်ပါသည်။ ထို့ထက် တော်ရုံနိုင်ငံရေးသမား လုပ်နိုင်ခဲသော အများကြိုက် လက်ခုပ်သံနိုင်ငံရေးကို မလိုက်ဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် လမ်းကြောင်းမှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြအကြံပြုခဲ့သော ကော်မတီဥက္ကဌ၏ ရပ်တည်ချက်ကို တန်ဖိုးထား လေးစားစေချင်သည်။ သူမ၏ မေတ္တာစေတနာကို ယုံကြည်ကိုးစားစိတ်ဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါဟု မေတ္တာရပ်ခံအပ်ပါသည်။

ဒီမိုကရေစီ အကူးအပြောင်း ကာလ၏ မလွတ်မကျွတ်တတ်သေးသော အကျင့်ဆိုးများကြောင့် ဆရာတော်သံဃာတော်များအပါအ၀င် မိတ်ဆွေများ၊ အနာတရ ဖြစ်ခဲ့ရသည်မှာ ကမ္ဘာသိပင်ဖြစ်ပါသည်။ သို့တစေ မိတ်ဆွေများ၏ ပေးဆပ်မှုများအချည်းနှီးတော့ကား မဖြစ်ပါ။ နောင်တွင် ဤအဖြစ်ဆိုးများ မကြုံရစေရေး (ထို့ထက် လေးနက်စွာဆိုရလျှင်၊ ဒီမိုကရေစီရှေ့ခရီးအဆင်ချောစေရေး) အတွက် အရေးကြီးသော ဥပဒေတစ်ရပ်ဖြစ်သည့် "ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ" ၏ အားနည်းချက်များကို ပြင်ဆင်နိုင်ရန် တိုင်းသိပြည်သိ၊ ကမ္ဘာသိ အဆိုပြုနိုင်ပြီ ဖြစ်ပါသည်။ (ကော်မရှင် အစီရင်ခံစာ အပိုဒ် (၉၃)၊ အပိုဒ်ခွဲ (ခ) ပါ အကြံပြုချက်များကို ကြည့်ပါရန်) ဤသည်မှာ မိတ်ဆွေများ၏ 'အောင်ပွဲ' ဟု သဘောယူစေလိုပါသည်။


(ဂ) ပန်ကြား

နောက်ဆုံးအနေနှင့် လက်ရှိ လုံခြုံရေးကို တာဝန်ယူထားသော ရဲတပ်ဖွဲ့နှင့်၊ လက်ရှိ အပြောင်းအလဲ အပေါ် အပြည့်အ၀ သဘောမတူနိုင်ကြသေးသည့် မိတ်ဆွေများသို့ ပန်ကြားအပ်ပါသည်။

မည်သို့သော အကြောင်းကြောင့်ဖြစ်စေ လက်ပံတောင်းအရေးကိုင်တွယ်ပုံမှာ ရဲတပ်ဖွဲ့အပါအ၀င်၊ အစိုးရ၏ ဂုဏ်သိက္ခာအတွက်ရော၊ ဒီမိုကရေစီ အစဉ်အလာအတွက်ပါ၊ ကောင်းသောလက္ခဏာမဟုတ်ပါ။ ဤအတွေ့အကြုံကို အလေးအနက်ဆင်ခြင်၍ ကော်မရှင် အကြံပြုချက်အတိုင်း ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲကြပါရန် သက်ဆိုင်ရာသူများသို့ ပန်ကြားလိုပါသည်။

ခေတ်တစ်ခေတ်ကို အတူဖြတ်သန်းခဲ့ကြသည့် မိတ်ဆွေများကိုလည်း ပန်ကြားလိုပါသေးသည်။ ကျွန်တော်တို့တတွေ ငယ်ငယ်က အစွဲကြီးစွဲခဲ့ကြသည့် ကဗျာတစ်ပုဒ်ရှိသည်။ "အကုန်ရရင်ရ၊ မရရင် ဘာမှမလိုချင်ဘူး" ဆိုသော 'ဘားတော့ဘရက်' ၏ ကဗျာစာသား။ ဒါကို ခိုင်ထူးကြီးက သီချင်းလုပ်ဆိုတော့လည်း ကျွန်တော်တို့အားလုံး နှစ်နှစ်ခြိုက်ခြိုက်လိုက်ဆိုခဲ့ကြသည်။ အမှန်စင်စစ် ဘ၀သည် ကဗျာမဟုတ်။ နိုင်ငံရေးဆိုသည်မှာ လသာသာသီချင်းဆိုရသည်မျိုးမဟုတ် …။ ဒါလေးကို နှလုံးသွင်းကြစေချင်သည်။



ကျော်ဝင်း
၁၂၊ မတ် ၂၀၁၃

ရည်ညွှန်း - စုံးစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ

Tu Maung Nyo -On The Verdict of LPD Commession


အပြီးသတ်အစီရင်ခံစာနှင့်ပတ်သက်၍
တူမောင်ညို။ (၂၀၁၃ ခုနှစ်၊ မတ်လ ၁၃ ရက်)
လက်ပံတောင်းစုံစမ်းစစ်ဆေးရေးကော်မရှင်၏ "အပြီးသတ်အစီရင်စာ" (၁၁ - ၃ - ၂၀၁၃) ထွက်လာခဲ့ပြီ။
            အစီရင်ခံစာ၏ အနှစ်ချုပ်သဘောကတော့ "လက်ပံတောင်းကြေးနီစီမံကိန်း" ဆက်လက်ဆောင်ရွက်ရန် မီးစိမ်းပြ လိုက်ခြင်း ပင်ဖြစ်သည်။ လက်ဝါးကြီးအုပ်စစ်ခရိုနီကုမ္ပဏီ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (MEHL)ကို ပြတ်ပြတ်သားသား မင်္ဂလာရေစင်သွန်း၍ ချီးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။
ထို့အပြင် "လက်ပံတောင်းကြေးနီစီမံကိန်း"လုံးဝဖျက်သိမ်းရေးဆန္ဒပြနေသူများကို ဖြိုခွင်းရန် (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ အတွက် အချက်ကောင်းရသွားခြင်းဖြစ်သည်။ တပြိုင်နက်တည်းမှာပင် လက်ပံတောင်းကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းလိုသော ဒေသခံ ပြည်သူများ၏ ဆန္ဒကိုလျစ်လျူရှုလိုက်ခြင်းလည်းဖြစ်သည်။
 "မီးခိုးဗုံး"ဟုပြောသည့်အချက်ကလည်း "မီးလောင်ဗုံး"ကြောင့် ထိခိုက်ခံခဲ့ကြရသူများအသည်းကို ကျွဲခတ်ခံရသည့်နှယ် ဖြစ်ရ သည်။   
ယခုဆိုလျှင် "လက်ပံတောင်းကြေးနီစီမံကိန်း" လုံးဝဖျက်သိမ်းလိုသူများနှင့်ဆက်လက်လုပ်ဆောင်လိုသူတို့ ထိပ်တိုက်တွေ့ကြ ဖို့ ပိုပြီး၍ နီးစပ်သွားပြီ။
            တိုင်းရင်းသားပြည်သူများသည် သူတို့၏ လွတ်လပ်ရေးဗိသုကာကြီး/တပ်မတော်ဖခင်ကြီး၏ တစ်ဦးတည်းသောသမီးကလေး အပေါ် မေတ္တာသက်ဝင်ချစ်ခင်ကြသည်။လေးစားကြသည်။ အလွန့်အလွန် မျှော်လင့်အားကိုးတကြီးရှိလှသည်။
ပြည်သူများသည် ရခိုင်ပြည်နယ်အတွင်း သွေးထွက်သံယိုဖြစ်ရပ်များ၊ ကချင်ပြည်နယ်အတွင်းစစ်ပွဲများ၊ လက်ပံတောင်းအရေး အခင်းမီးလောင်ဗုံးဖြင့်အကြမ်းဖက်ဖြိုခွဲမှု၊ နောက်ဆုံး မအူပင်မြို့နယ်၊ ပလောင်ကျေးရွာ လယ်သမားများပဋိပက္ခအထိ ဖြစ်ရပ်များ အပေါ် တုန့်ပြန်ခဲ့သော ဒီမိုကရေစီခေါင်းဆောင်၏ရပ်တည်ချက်နှင့်အေးစက်သော သဘောထားအပေါ် စိတ်ကွက်ခဲ့ကြသည်။ အားမလိုအားမရ ဖြစ်ခဲ့ကြရသည်။
ယခု "အပြီးသတ်အစီရင်ခံစာ" ထွက်လာသည့်အခါ ပြည်သူများသည် ဒီမိုကရေစီခေါင်းဆောင်အပေါ် စိတ်ကွက်နေရာမှာ စိတ်ပျက်သွားကြသည်အထိ လေသံများကိုပို၍ ကျယ်ကျယ်လောင်လောင် ကြားသိလာရပါသည်။ မည်သို့ပင်ဆိုစေကာမူ "အပြီးသတ် အစီရင်ခံစာ" ကို လုံးဝလက်မခံထုတ်ဖေါ်ပြောကြားနေကြသည်။
ဤနေရာတွင် DESERT ISLAND DISCS တွင် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားအပေါ်  ဒီချုပ်နာယကကြီး ဦးဝင်းတင် ၏ မှတ်ချက်ကို  ကိုးကားချင်ပါသည်။
 "ဒေါ်အောင်ဆန်းစုကြည်ကအမြဲတန်း တပ်မတော်ကို အလွန်ကို ကြင်နာတဲ့စိတ် ၊ အလွန်ကို သံယောဇဉ်ရှိတဲ့စိတ် ၊ အလွန် ကို ခင်မင်ရင်းနှီးတဲ့ စိတ်နဲ့ အမြဲတန်းချဉ်းကပ်တယ်။ မေတ္တာစေတနာနဲ့ချဉ်းကပ်တယ်။ သို့သော် လူထုကြားထဲမှာတော့ တခါတလေ ကျတော့(စစ်) တပ်နဲ့ပတ်သက်လို့ ဒီလို စေတနာမျိုးတွေက တခါတလေကျတော့ လျော့ပါးနေတုန်း ပဲရှိ သေးတယ်။ ဆိုပါတော့ ကချင် တို့ ဘာတို့မှာ ဖြစ်နေတဲ့ အနေအထားမျိုးတွေက ဒါတွေကသက်သေပါပဲ လို့ကျနော်တို့ ပြောချင်တယ်။   အဲဒီတော့ လူထုနဲ့ကင်းကွာတဲ့ စိတ်ထားရှိတဲ့ အခါကျတော့ တခါတလေဒေါ်အောင်ဆန်းစုကြည်ရဲ့ ခံစားချက် ဒေါ်အောင်ဆန်းစုကြည်ရဲ့နှလုံးသား ခံစားချက်နဲ့ လူထုရဲ့ နှလုံးသား ခံစားချက်ဟာ တခါတလေကျတော့ နဲနဲအလှမ်းလေးကွာတဲ့ဟာမျိုးတွေဖြစ်နေမယ်"

တစ်ဦးမေတ္တာတစ်ဦးမှာဆိုသကဲ့သို့ မေတ္တာသည်ရောင်ပြန်ဟပ်စမြဲဟုလည်းပြောကြ ရိုးရှိသည် မဟုတ်လော။ ဒေါ်အောင်ဆန်း စုကြည်၏နှလုံးသားခံစားချက်နှင့် လူထု၏နှလုံးသားခံစားချက်ခြားနား၊ကွာဝေးသွားပြီဆိုသည့်အချက်မှာ ယခုထွက်လာသည့် "အပြီးသတ် အစီရင်ခံစာ"တွင် အလွန်ထင်ရှားနေပါသည်။

ဤသို့ဖြင့် လက်တွေ့ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ဒီမိုကရေစီခေါင်းဆောင်နှင့် ဒီချုပ်ပါတီ၏ အေးစက်သောအရေးယူဆောင်ရွက် မှုများ /ဒေသခံပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ဆန္ဒနှင့်၊ နှလုံးသားနှင့် ခြားနား၊ ဝေးကွာသွားစေသည့် အကြောင်းအချက်များ က ဒီချုပ်ပါတီ၏ "၂၀၁၅ ရွေးကောက်ပွဲ"မျှော်မှန်းချက်များကို မုချထိခိုက်စေပါလိမ့်မည်။

ညွန်း
- ဦးဝင်းတင်နှင့်အင်တာဗျူး - ဘီဘီစီ (ညပိုင်းအစီအစဉ်) ၂၇ ဇန်နဝါရီ ၂၀၁၃


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives