[moemakadaily@moemaka.biz] 19th March - MoeMaKa Daily



(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၇၊ မတ်လ ၁၄ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၁၃)
အောင်ဒင်၊ မတ် ၁၉ ၊ ၂၀၁၃

အပိုင်း (၁၃) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (ဃ) 
လွှတ်တော်ကိုယ်စားလှယ် နှင့် စောင့်ထိန်းသင့်သော ကိုယ်ကျင့်တရားအမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာ အောက်လွှတ်တော်ကရော၊ အထက်လွှတ်တော်ကရော လွှတ်တော်အမတ်များ၊ ၎င်းတို့က ခန့်အပ်ထားတဲ့ ဝန်ထမ်းများ၊ လွှတ်တော်ဆိုင်ရာအရာရှိများ အားလုံးလိုက်နာရမည့် ကျင့်ဝတ်တွေကို တရားဝင်ထုတ်ပြန်ထားရာမှာ စာမျက်နှာပေါင်း ၄၀၀ ကျော် ရှိပါတယ်၊ အဲဒီထဲက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီမည့်ကျင့်ဝတ်အကျဉ်းချုပ်ကို ကျနော်တို့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်များနဲ့ပြည်သူများ သိရှိနိုင်ဖို့ တင်ပြချင်ပါတယ်၊ အဲဒီကျင့်ဝတ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်အချို့ကတော့ (၁) လက်ဆောင်ပေးခြင်း/လက်ခံခြင်း (Gifts) (၂) ခရီးသွားလာခြင်း (Travel) (၃) ပိုင်ဆိုင်မှုနှင့် ဝင်ငွေကို ထုတ်ပြန်ကြေညာခြင်း (Financial Disclosure) (၄) ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှု (Campaign Activities) နဲ့ (၅) အကျိုးစီးပွါးဆိုင်ရာ ပဋိပက္ခဖြစ်မှု (Conflict of Interest) တို့ဖြစ်ကြပါတယ်၊(၁) လက်ဆောင်ပေးခြင်း/လက်ခံခြင်း (Gifts)ငွေကြေးတန်ဘိုး တစ်စုံတစ်ရာရှိတဲ့ မည်သည့်လက်ဆောင်များကို မဆို လက်မခံဖို့ တားမြစ်ထားပါတယ်၊ ခြွင်းချက်အနေနဲ့ အောက်ပါလက်ဆောင်များကိုတော့ လက်ခံနိုင်ပါတယ်၊(က) လက်ဆောင်ရဲ့တန်ဘိုးဟာ ဒေါ်လာ ၅၀ ထက်နည်းပြီး လက်ဆောင်ပေးသူဟာလဲ မှတ်ပုံတင်ထားတဲ့ အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူ (Registered Lobbyist)၊ ပြည်ပနိုင်ငံအစိုးရ၊ အဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်စားလှယ်မဟုတ်သူ (Foreign Agent)၊ ပြည်ပအစိုးရ၊ အဖွဲ့အစည်းများရဲ့ ဝန်ထမ်းမဟုတ်သူဆိုရင် လက်ခံနိုင်ပါတယ်၊ ဒါတောင်မှ အဲဒီလက်ဆောင်မျိုးကို တစ်နှစ်ကို ဒေါ်လာ ၁၀၀ ထက်ကျော်ပြီး လက်ခံခွင့်မရှိပါ၊(ခ) ဒေါ်လာ ၁၀ ထက်နည်းတဲ့ တီရှပ်လို၊ ဦးထုတ်လို သာမာန်အမှတ်တရပစ္စည်းမျိုးကို လက်ခံနိုင်ပါတယ်၊(ဂ) ဆွေမျိုးသားချင်းအရင်းအချာများကပေးတဲ့ လက်ဆောင်ကို လက်ခံနိုင်ပါတယ်၊ အဲဒီထဲမှာ ယောက္ခမ၊ ယောက္ဖ စတဲ့ မိမိရဲ့ အရင်းအချာနဲ့စပ်ပြီးတော်သူများလဲပါဝင်ပါတယ်၊(ဃ) အဆင့်တူပုဂ္ဂိုလ်ချင်း (လွှတ်တော်အမတ်တစ်ယောက်က လွှတ်တော်အမတ်တစ်ယောက်ကို၊ လွှတ်တော်အရာရှိတစ်ယောက်က မိမိနဲ့ အဆင့်တူအခြားအရာရှိတစ်ယောက်ကို) ပေးတဲ့ လက်ဆောင်ကိုလက်ခံနိုင်ပါတယ်၊ အဆင့်နိမ့်သူထံက လက်ဆောင်ကို မွေးနေ့လို အထူးအခန်းအနားမျိုးမှလွဲ၍ လက်ခံခွင့်မရှိပါ၊(င) ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရများ၊ ဒေသဆိုင်ရာအစိုးရများ၊ နိုင်ငံပိုင် တက္ကသိုလ်များက ဂုဏ်ပြုပြီး ပေးတဲ့ လက်ဆောင်များကို လက်ခံနိုင်ပါတယ်၊(စ) အကျိုးစီးပွါးမပါပဲ ပုဂ္ဂိုလ်ရေးခင်မင်မှုနဲ့ ပေးတဲ့လက်ဆောင်များကို လက်ခံနိုင်ပါတယ်၊ ဒါတောင်မှ လက်ဆောင်ရဲ့ တန်ဘိုးက ဒေါ်လာ ၂၅၀ ကျော်ရင် လွှတ်တော်ကျင့်ဝတ်ကော်မီတီထံက ကြိုတင်ခွင့်ပြုချက်စာကို ရယူဖို့လိုပါတယ်၊(ဆ) လွှတ်တော်အမတ်ရဲ့ ရုံးကို ပေးပို့လာတဲ့ သတင်းအချက်အလက်ဆိုင်ရာ အထောက်အထားတွေ (စာအုပ်စာတမ်း၊ မဂ္ဂဇင်း၊ ဒီဗီဒီ၊ ဂျာနယ်များ) ကို လက်ခံနိုင်ပါတယ်၊(ဇ) မိမိရဲ့ မဲဆန္ဒနယ်မြေက ထုတ်လုပ်ပြီး အများပြည်သူအတွက် နမူနာသဘော ဖြန့်ချိတဲ့ တန်ဘိုးအနည်းငယ်ပဲရှိတဲ့ ပစ္စည်းတွေကို လက်ခံနိုင်ပါတယ်၊(ဈ) အခန်းအနားတစ်ခုခုမှာ ဂုဏ်ပြုပေးအပ်ပြီး မိမိအမည်ကို ထွင်းထုထားတဲ့ ဆုဖလားလို လက်ဆောင်မျိုးကို လက်ခံနိုင်ပါတယ်၊လက်ဆောင်ဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အရေးကြီးတဲ့ ဆက်သွယ်ရေးကြိယာတစ်ခုပါ၊ လူသာမာန်တွေအဖို့တော့ တစ်ယောက်နဲ့ တစ်ယောက်သတိရနေဖို့၊ တစ်ယောက်ရဲ့ အချစ်ကို တစ်ယောက်က နားလည်ဖို့၊ ကျေးဇူးရှိသူကို တုံ့ပြန်ခြင်း၊ စသဖြင့် အဓိပ္ပယ် ရှင်းလင်း၊ အပြစ်ကင်းရိုးသားကြပေမည့် အကျိုးစီးပွါးနဲ့ပါတ်သက်တဲ့ လက်ဆောင်ပေးမှု၊ လက်ဆောင်ရယူမှု၊ လက်ဆောင်ပေးဖို့တောင်းခံမှုတွေကတော့ တာဝန်ရှိသူတွေမှာ လာဘ်စားမှု၊ ကိုယ်ကျင့်တရားပျက်ပြားမှုတွေ ဖြစ်ပေါ်စေပါတယ်၊ သာမာန်လူအချင်းချင်း လုံချည်တစ်ထည်၊ ထဘီတစ်ထည်၊ ခြုံပုဝါတစ်ထည် လက်ဆောင်ပေးတာ ပြဿနာမဟုတ်ပေမည့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို အပြင်လူတစ်ယောက် သို့မဟုတ် အများက အဲဒီလို လက်ဆောင်ပေးရင်၊ တစ်ခါ ပေးတာကလဲ တစ်ထည်မက အထည်ပေါင်းများစွာ၊ အကြိမ်ပေါင်းများစွာ ပေးတယ်ဆိုရင်၊ နေဖို့အိမ်၊ စီးဖို့ကားတွေ၊ လှူတန်းဖို့ ပိုက်ဆံတွေ၊ ခိုင်းဖို့အစေအပါးတွေ ထောက်ပံ့တယ်ဆိုရင် ဒါ အတော်ကြီးတဲ့ ပြဿနာဖြစ်လာပါပြီ၊ ပေးသူက ပေးရဲတာတောင်မှ ဒီလိုလက်ဆောင်တွေကို လက်ခံရဲတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကိုယ်ကျင့်သီလကို မေးခွန်းထုတ်စရာဖြစ်လာပါလိမ့်မယ်၊(၂) ခရီးသွားလာခြင်း (Travel)အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များနဲ့ သူတို့ရဲ့ ဝန်ထမ်းများ ခရီးသွားလာခြင်းနဲ့ပါတ်သက်ပြီး အောက်ပါကျင့်ဝတ်များကို လိုက်နာရပါတယ်၊(က) ပြင်ပအဖွဲ့အစည်းများက အကုန်အကျခံတဲ့ ခရီးစဉ်များအတွက် လွှတ်တော်ကျင့်ဝတ်ကော်မီတီရဲ့ ခွင့်ပြုချက်ကို ကြိုတင်ရယူရပါမယ်၊ လွှတ်တော်အမတ်ဟာ ခရီးစဉ်နဲ့ပါတ်သက်ပြီး ကော်မီတီကို လိုအပ်တဲ့အထောက်အထားများ၊ ခရီးစဉ်အသေးစိတ် နဲ့ စားရိတ်ကျခံမည့် အဖွဲ့အစည်းဆိုင်ရာအချက်အလက်တွေ အနည်းဆုံး ၁၄ရက်ကြိုပြီး တင်ပြလျှောက်ထားရမှာဖြစ်ပါတယ်၊(ခ) ကုန်ကျစားရိတ်တာဝန်ယူမည့်အဖွဲ့အစည်းက အမေရိကန် တက္ကသိုလ်၊ ကောလိပ်များ နဲ့ ပြည်ပကိုယ်စားလှယ် (သို့မဟုတ်) အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူတွေ ခန့်အပ်မထားတဲ့ အဖွဲအစည်းများဖြစ်တယ်ဆိုရင် လွှတ်တော်အမတ်ရဲ့ ခရီးစဉ်ကို အမေရိကန်ပြည်ထောင်စုအတွင်းမှာဆိုရင် ၄ ရက်၊ ပြည်ပခရီးဆိုရင် ၇ ရက် တာဝန်ယူခွင့်ရှိပါတယ်၊ ဒီ့ထက်ပိုခွင့်မရှိပါ၊(ဂ) ကုန်ကျစားရိတ်တာဝန်ယူမည့်အဖွဲ့အစည်းက ပြည်ပကိုယ်စားလှယ် (Foreign Agent) (သို့မဟုတ်) အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူ (Lobbyist) တွေခန့်အပ်ထားတဲ့ အဖွဲအစည်းများဖြစ်တယ်ဆိုရင် လွှတ်တော်အမတ်ရဲ့ ခရီးစဉ်ကို တစ်နေ့ (သို့မဟုတ်) တစ်ညပဲ တာဝန်ယူခွင့်ရှိပါတယ်၊ ဒါပေမည့် ပြည်ပကိုယ်စားလှယ် (သို့မဟုတ်) အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူတွေ လွှတ်တော်အမတ်နဲ့ ခရီးစဉ်မှာ လိုက်ပါခွင့်မရှိပါ၊ ထူးခြားတဲ့ အခြေအနေမျိုးမှာ ကော်မီတီက ဒီခရီးစဉ်ကို တစ်နေ့၊ တစ်ည တိုးပြီးခွင့်ပြုနိုင်ပါတယ်၊(ဃ) ခရီးစဉ်ကို တာဝန်ခံစီစဉ်တဲ့ အဖွဲ့အစည်းဟာ သွားရောက်တဲ့ ဒေသ၊အခန်းအနားနဲ့ တိုက်ရိုက်ပါတ်သက်ရမှာဖြစ်ပြီး ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ဟာလဲ လွှတ်တော်အမတ်ရဲ့ တရားဝင်တာဝန်များနဲ့ သက်ဆိုင်ရမှာဖြစ်ပါတယ်၊(င) ခရီးစဉ်အတွင်းမှာ လိုအပ်တဲ့ သယ်ယူပို့ဆောင်ရေး၊ အစားအစာ၊ တည်းခိုခန်း၊ ညီလာခံဝင်ကြေး၊ နဲ့ စာရွက်စာတမ်းများကို လက်ခံခွင့်ရှိပါတယ်၊(စ) ခရီးစဉ်အပြီး ၁၅ ရက်အတွင်းမှာ လွှတ်တော်အမတ်ဟာ ဒီခရီးစဉ်ပါတ်သက်တဲ့ အထောက်အထားတွေကို ကော်မီတီကို တင်ပြရမှာဖြစ်ပါတယ်၊(ဆ) ဒီကျင့်ဝတ်တွေဟာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နဲ့ ဒေသဆိုင်ရာအစိုးရများ၊ ပြည်ပအစိုးရများက စီစဉ်တာဝန်ခံတဲ့ ခရီးစဉ်များနဲ့ မပါတ်သက်ပါ၊ လွှတ်တော်အမတ်ရဲ့ ပြန်လည်အရွေးခံရရေးလှုပ်ရှားမှု (Re-election Campaign) နဲ့လဲမပါတ်သက်ပါ၊ ပြန်လည်အရွေးခံရရေးနဲ့ ပါတ်သက်တဲ့ နိုင်ငံရေး ခရီးစဉ်တွေမှာတော့ ကုန်ကျစားရိတ်ကို သက်ဆိုင်ရာပါတီရန်ပုံငွေကဖြစ်စေ၊ လွှတ်တော်အမတ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာရန်ပုံငွေကဖြစ်စေ သုံးစွဲရပြီး ကုန်ကျစားရိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကို ရွေးကောက်ပွဲကုန်ကျစားရိတ်အဖြစ် တင်ပြရပါမယ်၊အထက်ပါ ကျင့်ဝတ်တွေမှာ ကျနော်တို့အတွက် မျက်စိရှုပ်မှာကတော့ "ပြည်ပကိုယ်စားလှယ် (သို့မဟုတ်) အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူတွေ" ဆိုတဲ့ စကားလုံးတွေဖြစ်ပါလိမ့်မယ်၊ အဲဒါတွေက ကျနော်တို့နိုင်ငံမှာ အခုထိတော့ မရှိသေးပါ၊ ဒီလို မျက်စိရှုပ်မှုအနည်းငယ်ကလွဲရင် ကျင့်ဝတ်တွေအားလုံးဟာ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေပါ၊ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေဟာလဲ တာဝန်အရ ပြည်တွင်း၊ ပြည်ပခရီးတွေ ထွက်နေကြ၊ ထွက်ကြမှာပါ၊ အဲဒီခရီးစဉ်တွေမှာ အစိုးရအစီအစဉ်နဲ့ သွားတာရှိသလို ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကုမ္ပဏီများစီစဉ်တာလဲ ရှိမှာပါ၊ ဒီခရီးစဉ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဆိုတဲ့ ဘောင်ထဲမှာရှိနေဖို့ရယ်၊ ပုဂ္ဂလိကအဖွဲ့အစည်းများရဲ့ လွှတ်တော်ကိုယ်စားလှယ်အပေါ်လွှမ်းမိုးမှုကို ကန့်သတ်တားဆီးနိုင်ဖို့ရယ်အတွက် ကျင့်ဝတ်တွေသတ်မှတ်ဖို့လိုပါတယ်၊ ဒီကျင့်ဝတ်တွေမရှိရင် တာဝန်လို့အကြောင်းပြပြီး ပုဂ္ဂလိကကုမ္ပဏီများရဲ့ ကျေးဇူးနဲ့ ငပလီတို့၊ ငွေဆောင်တို့မှာ ကမ်းခြေက သဲများအရည်အသွေးကောင်းမကောင်း သွားရောက်စစ်ဆေးမည့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နေပြည်တော်နဲ့ မိမိရဲ့ အိမ်ရှိရာကို လေယဉ်အခမဲ့စီးပြီး အပါတ်တိုင်းအမြဲပြန်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပေါ်လာမှာစိုးမိပါတယ်၊မြန်မာနိုင်ငံဟာ အကျင့်ပျက်ဆုံး၊ လာဘ်အစားဆုံးနိုင်ငံတစ်ခုအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကစလို့ အခုအထိ ဆက်လက်တည်ရှိနေတာပါ၊ နိုင်ငံတော် သမ္မတကိုယ်တိုင်က အဂတိလိုက်စားမှုတွေကို တိုက်ဖျက်မယ်လို့ ကြွေးကြော်ပြီး ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ခေါင်းဆောင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မီတီတစ်ခုဖွဲ့ထားပါသေးတယ်၊ တိုင်းပြည်ရဲ့ ဥပဒေပြုအာဏာကို ကိုင်တွယ်ထားတဲ့၊ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များကလဲ အဂတိတိုက်စားမှုတိုက်ဖျက်ရေး မှာ တစ်တပ်တစ်အားပါဝင်ပြီး မိမိတို့ကိုယ်တိုင် မှန်ကန်ဖြောင့်မတ်တဲ့ ကျင့်ဝတ်တွေချမှတ်ပြီး ခိုင်ခိုင်မာမာ စောင့်သိကြဖို့လိုပါတယ်၊ ခေါင်ကလုံမှ မိုးမယိုမှာပါ၊ဆက်ရေးပါ့မယ်၊လေးစားစွာအောင်ဒင်ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃  

Maung Luu Yay - Letpadaung a Legal Project?


လက်ပတောင်းတောင်စာချုပ် တရားဝင်သလော
မောင်လူရေး၊ မတ် ၁၉ ၊ ၂၀၁၃
ဦးပိုင်နှင့် ဝမ်ဘောင်တို့ ယခုလအတွင်းမှာဘဲ စာချုပ်သစ်ပြန်ချုပ်မယ်လို့ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌဒေါ်စုက ပြောပါတယ်။
အစီရင်ခံစာမှာလဲ နိုင်ငံတော်အတွက်အကျိုး၊ မြန်မာ့စီးပွားရေးဦးပိုင်အကျိုးပြည့်ဝစွာရရှိစေဖို့ ညှိနှိုင်းပြီး စာချုပ်ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။
အော် နိုင်ငံတော်အမည်ခံ အာဏာပိုင်အစိုးရရယ်၊ ဘာကို ကိုယ်စားပြုနေမှန်းကွဲကွဲပြားပြားမသိရတဲ့ ဦးပိုင်ရယ် ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ ကြွယ်ဝမှုပေါင်းများစွာ အကျိုးပြည့်ဝစွာခံစား စံစားပြီး ဆင်းရဲသား လက်ပတောင်းသားတွေ၊ ဒီမြေပေါ်မှာ တသက်လုံးရပ်ခဲ့သူတွေက ဘေးအန္တရာယ်နှင့် ကပ်ဆိုးအမျိုးမျိုး၊ မရေရာ၊ မလုံခြုံမှုစတဲ့ စိတ်ဖိစီးမှုအမျိုးမျိုးစတဲ့ ဝန်ထုတ်ဝန်ပိုးတွေ ထမ်းကြရတော့မယ်ဆိုတဲ့သဘောပင်။
ဆက်လက်ချုပ်မဲ့စာချုပ်မှာ ရပ်ရွာနဲ့ ဒေသခံများရဲ့ ဘဝတွေ၊ သားစဉ်မြေးဆက်အမှုန့်ကြိတ် အရည်ဖျော်ခံရတော့မယ့် အခြေအနေတွေ တွေ့နေရတယ်။
မှီခိုလဲလျောင်းရာ၊ တည်မှီရှင်သန်ရာနေရာဒေသကြီးနဲ့ အတိုင်းမသိကိန်းအောင်းခဲ့တဲ့ယဉ်ကျေးမှုဓလေ့တွေ၊ နေထိုင်သူသက်ရှိတွေ ထိခိုက်ပျက်စီးနာကျင်ဒဏ်ရာရ၊ လွှင့်ပါးပျောက်ကွယ်သွားစေတဲ့ စက်မှုလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အာဏာရှင်တွေနဲ့ သူတို့ရဲ့အပေါင်းဖေါ်တွေဟာ တခြားသူတွေရဲ့ ဘဝတွေ၊ နေမှုတွေကိုမကြည့်ဘဲ၊ ဘဝတခုလုံးကျွမ်းထိုးမှောက်ခုံဖြစ်သွားမဲ့သူတွေကို ထဲ့မတွက်ဘဲ သူတို့ဘာသာ ဘယ်ရွာတွေရွှေ့မယ်၊ ဘယ်တောင်တွေဖြိုမယ်၊ ဘယ်လူတွေမောင်းထုတ်မယ်ဆိုပြီး ကြိုက်သလိုဆုံးဖြတ်ကြ၊ ပီးတော့ ဒီစီမံကိန်းလုပ်မယ်ဆိုပြီး ကြေညာပြီးတာနဲ့တပြိုင်နက် ရွှေ့ခိုင်း၊ ပြောင်းခိုင်း၊ တွန်းထိုးမောင်းထုတ်၊ ထောင်ချ၊ ဆန့်ကျင်သူတွေကို ဖိနှိပ်သတ်ဖြတ်ပြီး စီမံကိန်းကို အကောင်အထည်ဖေါ်ကြတော့တာပါဘဲ။
ခုလဲ အဲဒီလိုမျိုးပါဘဲ။
ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးသွားလို့ ဆင်းရဲသားတွေ အသက်တိုတာဘဲ၊ ငါတို့လောက် ဒီနိုင်ငံသမိုင်းကြောင်းမှာ အရေးမပါသူတွေ အသက်မရှည်တာ၊ မကျန်းမာတာ၊ ဘာမှ အရေးမကြီးပါဘူးဆိုတဲ့သဘောမျိုးပါဘဲ။ လတ်တလော ငွေကြေးနဲ့ဆိုရင် သူတို့ဆင်းရဲသားတွေ ရေရှည်ထိခိုက်တာ ဘာမှ မဟုတ်ပါဘူး၊ ဒါကို လက်ခံမှာပါဆိုတာမျိုးပါဘဲ။
ဒီကြေးနီထုတ်ယူလို့ ဖြစ်လာမဲ့ညစ်ညမ်းမှု၊ ပျက်စီးမှု၊ ထိခိုက်နစ်နာမှုတွေကို ဒေသခံတွေလက်ခံဖို့ လျော်ကြေးနဲ့ စည်းရုံးတာဟာာ၊ ရေရှည်လူနေမှုဘဝနဲ့ ထိခိုက်နစ်နာမှုများကို သေသေချာချာပိုင်းခြားမပြဘဲနဲ့၊ နိုင်ငံတကာမှာ ကြေးနီထုတ်လို့ ဘယ်လိုတွေဖြစ်သွားပါတယ်ဆိုတာတွေထုတ်မပြဘဲနဲ့ အလုပ်အကိုင်တွေ၊ လျော်ကြေးတွေ၊ နိုင်ငံတော်အကျိုးဆိုတာတွေနဲ့ ဖိအားပေးနေတာတွေဟာ၊ ပညာတတ်ကြိမ်လုံးနဲ့ တဗုံးဗုံးချနေတာတွေဟာ မျှတပါရဲ့လား။ တရားပါရဲ့လား။ ကိုယ့်သိက္ခာကို လုံခြုံရဲ့လားဆိုတာ မေးချင်ပါတယ်။
လက်ပတောင်းဒေသခံတွေဟာ လူသားတွေပါ။
သူတို့တောတောင်ဟာ
သူတို့တည်မှီရာပါ။
လဲလျောင်းရာပါ။
အဲဒါတွေဟာ ဈေးကွက်ဝင်ပစ္စည်းတွေ မဟုတ်ပါဘူး။
စာချုပ်လိုက်ရမဲ့ဟာတွေ မဟုတ်ပါဘူး။ စာရွက်တရွက်နဲ့ စီရင်ချက်ချခွင့်မရှိပါဘူး။
အစီရင်ခံစာမှာပါတဲ့ဥပဒေအတိုင်းဆို စာချုပ်က ချုပ်ခွင့်ကို မရှိဘူးလို့ထင်ပါတယ်။ ဥပဒေသဘောတော့ နားမလည်ပါ။ ဖတ်ရတဲ့အတိုင်းဆိုရင်တော့ ဒီစာချုပ်ဟာ ပျက်ပျက်ပါတယ်။
အစီရင်ခံစာ အပိုဒ် ၇၃ (က) မှာ သတ္ထုတွင်းလုပ်ငန်း ဖက်စပ်စာချုပ်များ ချုပ်ဆိုခြင်းနှင့် စပ်လျဉ်း၍ ၁၉၉၆ ခုနှစ်၊ မြန်မာ့သတ္ထုတွင်းနည်းဥပဒေများ အခန်း-၁၆၊ နည်းဥပဒေ ၈၄ ပါ ပြဋ္ဌာန်းချက်အရ သတ္ထုတွင်းဝန်ကြီးဌာနသည် မည်သည့်ပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းကိုမဆို ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင်လုပ်ငန်းတစ်ခုခုနှင့် ဓာတ်သတ္ထုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း(သို့မဟုတ်) ထုတ်လုပ်ခြင်းဆိုင်ရာ ဖက်စပ်စာချုပ်များကို ဥပဒေနှင့်အညီ ချုပ်ဆိုနိုင်သည်ဟု ပါပါတယ်။
အဲဒီအတိုင်းဆို ဦးပိုင်ဟာ သတ္ထုတွင်းဝန်ကြီးဌာနလက်အောက်က နိုင်ငံတော်ပိုင်လုပ်ငန်းတခုမဟုတ်ဘူး။ နောက်ပြီး  ဦးပိုင်ကိုယ်နှိုက်က ဘယ်ဓာတ်သတ္ထုမှ ရှာဖွေတာ၊ စမ်းသပ်တိုင်းတာ၊ ထုတ်လုပ်တာမကြားမိပါဘူး။ ရှာဖွေ၊ စမ်းသပ်၊ ထုတ်လုပ်သူနဲ့ဘဲ လုပ်ရမယ်လို့ပါပါတယ်။ (နောက်ပြီး အဲသလို မဆီမဆိုင်ပုဂ္ဂလိကကုမ္မဏီတစ်ခုနဲ့ နိုင်ငံခြားသားပိုင်ကုမ္မဏီတခုတို့လုပ်ခွင့်ရဖို့ ခွင့်ပြုမိန့် အမိန့်ကြော်ညာစာမရှိဘူးလို့လဲ ဆိုထားပါတယ်) ခုဟာက အဲဒါတွေကို အိုင်ဗင်ဟိုနဲ့ ဝမ်ဘောင်တို့ကဘဲ လုပ်တာပါ။ ဒီဖြစ်စဉ်မှာ ဦးပိုင်ရဲ့အခန်းကဏ္ဍကို သီးခြားမတွေ့ရပါဘူး။ သူက သတ္ထုတွင်းဝန်ကြီးဌာနနဲ့ ဝမ်ဘောင်ကြားမှာ ပွဲစားအဆင့်မျိုးပါ။ ဒါဆိုရင်လဲ ဒီအခြေအနေမှာ ပွဲစားမလိုပါဘူး။ နိုင်ငံတော်နဲ့ အိုင်ဗင်ဟိုချုပ်ခဲ့သလိုဘဲ နိုင်ငံတော်နဲ့ ဝမ်ဘောင်တိုက်ရိုက်စာချုပ်ရုံပါဘဲ။
ခုဟာက ဦးပိုင်က မသာအိမ်ကို အပိုင်စီးပြီး ဖဲဝိုင်းခံ အကောက်ကောက်သလိုမျိုးပါ။ မသာပိုင်ရှင်ဖြစ်တဲ့နိုင်ငံတော်ရဲ့အခန်းကဏ္ဍက ပျောက်ဆုံးနေပါတယ်။ ဝမ်ဘောင်က ဖဲလာရိုက်သူပေါ့လေ။ မသာကိုယ်တိုင်ကတော့ လက်ပတောင်းဒေသခံတွေပေါ့။ အော် မသာပိုင်ရှင်ဖြစ်တဲ့နိုင်ငံတော်ကိုတော့ လက်ဖက်ဖိုးပေးပါတယ်၊ ဧက ရှစ်ထောင်(၈၀,၀၀)ကို တစ်နှစ် နှစ်ဆယ့်ရှစ်သိန်း(၂၈)ကျော်နဲ့ နှစ် ခြောက်ဆယ်(၆၀)မြေငှားခ ရမယ်ဆိုဘဲ။
(မှတ်ချက်) အဲဒီငှားရမ်းခသင့်၊ မသင့် ကော်မရှင်အစီရင်ခံစာ၌ မတွေ့ရပါ။
မောင်လူရေး
(ဓာတ်ပုံ Messenger သတင်းဂျာနယ်) 

Interviews


လက်ပံတောင်းတောင်ဒေသခံများကို နိုင်ငံရေးအမြတ်ထုတ်နေသည်ဟု စွပ်စွဲခံထားရသူနှင့် တွေ့ဆုံခြင်း
မတ်လ ၁၉၊ ၂၀၁၃



လက်ပံတောင်းတောင်သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးဖြေရှင်းခဲ့ပြီးနောက် ဖြစ်ပေါ်လာသော နောက်ဆက် တွဲပြဿနာများနှင့် ဒေသခံများကြုံ တွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော်သမ္မတ က ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါကော်မရှင်က ၄င်းတို့၏ အပြီးသတ်အစီရင်ခံစာကို မတ်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံအချို့က အစီရင်ခံစာနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ စုံစမ်းစစ်ဆေး ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် အစီရင်ခံစာနှင့်ပတ်သက်၍ ဒေသခံများနှင့် တွေ့ဆုံရှင်းပြမှုများပြုလုပ်ရာတွင်လည်း ကန့်ကွက်ဆန္ဒပြမှုအချို့နှင့် ကြုံတွေ့ ခဲ့ရသည်။ ယင်းဆန္ဒပြမှုများ၏ နောက်ကွယ်တွင် ပြည်ပမှအထောက်အပံ့များရယူ၍ လက်ပံတောင်းတောင်ဒေသခံများအား ကြိုးကိုင် လှုပ်ရှားနေသူ နိုင်ငံရေးအရ အမြတ်ထုတ်နေသူဟု စွပ်စွဲခံထားရသော ကိုဟန်ဝင်းအောင်နှင့်The Messenger ဂျာနယ်က တွေ့ဆုံ မေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။


● ပထဦးဆုံးအနေနဲ့ ကိုဟန်ဝင်းအောင်အနေနဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဖတ်ပြီးပြီလား၊ ဘာပြောချင်သလဲ။ 

အဓိကက စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ နောက် ဆုံးမှတ်ချက်က စီမံကိန်းဆက်လုပ်ရေးဆိုတဲ့ဟာပေါ့။  အဲ့ဒီအတွက်အစီရင်ခံစာမှာ ရွေးချယ်ခွင့် သုံးခုပေါ့။ စီမံ ကိန်းကို ဒီအတိုင်း ဆက်လုပ်မလား၊ ပြုပြင်ပြီးဆက်လုပ် မလား လုံးဝရပ်ဆိုင်းမလားဆိုတာပေါ့။ ဆက်လုပ် မလား၊ လုံးဝ ရပ်ဆိုင်းမလားဆိုတာပေါ့။ အဲဒီမှာ ပြုပြင်ပြီး ဆက်လုပ်ရမယ့်သဘောကို ပြထားတယ်။   နောက်စီမံ ကိန်း ဆက်လုပ်ရေး ဆိုတဲ့ဟာကို အကြံပြုချက် တွေနဲ့ ဖြည့်စွက်တင်ပြထားတယ်။ အဲ့ဒီတော့ ခြုံပြီးပြောရရင် အရင်က အခြေအနေထက်ပိုပြီး တိုးတက်လာတဲ့တင် ပြချက်တွေ ဖြစ်လာတဲ့အတွက် တစ်စုံတစ်ရာ လက်ခံနိုင် စရာရှိပါတယ်။


● အစီရင်ခံစာမှာ မကျေနပ်တဲ့အချက်တွေကဘာတွေလဲ။   
              
အဓိကပြောရရင် ကာလကြာရှည်မှ အဖြေပေါ်လာ မယ့်အပိုင်းတွေ စောင့်ကြည့်လေ့လာမှုနဲ့ ကောင်တာချက် ပြန်လုပ်ရမယ့် အပိုင်းတွေမှာ အားနည်းချက်ရှိတယ်။ လက်ရှိ ဒီမှာဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ လက်တွေ့ကိစ္စကိုပဲ ဦးစွာ ဖြေရှင်းသင့်တယ်။ အဲ့ဒါ ဘာလဲဆိုတော့ ဒေသခံပြည်သူတွေရဲ့ ရင်ထဲမှာ စိတ် ဒဏ်ရာတွေ ရထားတယ်။ သူတို့တွေနှစ်နဲ့ချီပြီး ပုဒ်မ ၁၄၄ ထုတ်ခံရတယ်။ မီးလောင်ဗုံးနဲ့ အကြမ်းဖက် ခံရတဲ့ကိစ္စတွေ၊ မြေယာသိမ်းထားတဲ့ကိစ္စတွေ ဖြစ်တဲ့ အတွက် စိတ်ဒဏ်ရာရထားတယ်။ ပြင်းထန်ပြီး ဆန္ဒတွေ ပြင်းပြနေတဲ့ဟာမျိုးတွေရှိတယ်။ ဒါမျိုးကို လက်တွေ့ ကျကျ ဖြေရှင်းသင့်တယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့ပြသနာမှာ အရေးကြီးဆုံး ပဋိပက္ခဖြစ်နေတဲ့ဟာက ပုဒ်မ ၁၄၄ ထပ်ထုတ်ထားရမယ့်ဟာပေါ့။ အဲ့ဒါက ဒေသခံတွေ ရဲ့ စိတ်ဒဏ်ရာကို ကြီးထွားစေတယ်။ နောက်တစ်ခုက မီးခိုးဗုံးလား၊ မီးလောင်ဗုံးလားဆိုတဲ့ ပြဿနာမှာ သုံးစွဲ တဲ့ ပစ္စည်းထက် အကြမ်းဖက်မှုဖြစ်ပွားတယ်။ ဒါကို တစ်စုံတစ်ရာ ဖော်ထုတ်မထားဘူး။ အဲ့ဒီ တစ်ချက် ကလည်း တော်တော်လေး၊ မခံမရပ်နိုင်ဖြစ်သွားတယ်။ နောက်တစ်ခုက  စီမံကိန်းဆက်လုပ်ရမယ့်ကိစ္စပေါ့။  လောလောဆယ်ပြဿနာတွေကို ပြေပြေလည်လည် မရှင်းသေးပဲနဲ့ နေ့စဉ်မြေယာသိမ်းတာကို ကန့်ကွက် မယ်။ ကုမ္ပဏီက ရွာအနီးမှာ စွန့်ပစ်မြေတွေလာပုံရင် ကန့်ကွပ်မယ်။ နေ့စဉ်ကန့်ကွက်မှုတွေ ဆန္ဒပြမှုတွေ ဖြစ် နေမှာ။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အခြားအချက်တွေထက် လက်တွေ့ကျတဲ့ အချက်တွေ ပါသင့်တယ်။ လူထုကို ပိုမိုကြီးထွားစေတဲ့အချက်က သုံးချက်ပါ။ ပုဒ်မ ၁၄၄ ဆက်ထုတ်ရေး၊ မီးလောင်ဗုံး တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိတာ၊ စီမံကိန်း ဆက်လုပ် ထားမယ်ဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ စိတ်ဒဏ်ရာကို ပိုမို ကြီးထွားစေတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ကြီးကျယ်ခန်းနားလွန်းနေပြီ။ ကျွန်တော်တို့ နံပါတ်တစ် ဖြေရှင်းရမှာက ဒေသခံသူတွေရဲ့အရှိန်ကို လျော့ချပေးရ   မယ်။ ယုံကြည်မှုတည်ဆောက်ရမယ်။ ပြီးမှ အခြား အဆင့်တွေနဲ့ ဆောင်ရွက်ရမယ်။ ဒေသခံပြည်သူ တွေရဲ့ စိတ်ဒဏ်ရာလျော့မချပဲ ဘာကိုမှအကောင်အထည်ဖော်လို့ မရဘူး။ ပိုပြီးတော့ ဆိုးသွားစေတယ်။ သူတို့ ပညာ မဲ့ရင်မဲ့မယ်။ ရိုးသားပြီး မဟုတ်မခံစိတ်ရှိတယ်။ ရိုးသား မှုနဲ့ မဟုတ်မခံစိတ်က ဒါကိုစဉ်းစားမှာပဲ။


● ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်လာတဲ့အခါမှာ မုံရွာ သပိတ်စခန်းမှာ ဆန္ဒပြခဲ့တာကို ကိုဟန်ဝင်းအောင် နောက်ကွယ်ကနေ လှုံ့ဆော်နေတယ်ဆိုပြီး သတင်း တွေပြန့်နေတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာပြော ချင်ပါသလဲ။

ကျွန်တော်တို့ ၁၄ ရက်နေ့ကအစီရင်ခံစာမှာ စီမံ ကိန်းဆက်လုပ်မယ့်ဟာကို ဆားလင်းကြီးမှာ ဆန္ဒပြကြ တယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်း ပေးရေး၊ ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးရေး မီးလောင်ဗုံး အကြမ်းဖက်သမားတွေ ဖော်ထုတ်ပေးရေးနှင့် ဆန္ဒပြကြ တယ်။ ဒေါ်အောင်ဆန်းစုကြည် လာခြင်း မလာခြင်းနဲ့ မသက်ဆိုင်ဘူး။ ဆန္ဒပြမှုတွေက ရာနဲ့ချီပြီးဖြစ်နေတာ။ ဒေသခံက သူ့နည်းသူ့ဟန်နဲ့ ဆန္ဒပြတယ်။ ဒေါ်အောင် ဆန်းစုကြည် ခရီးစဉ်နဲ့ကြုံကြိုက်ခဲ့တယ်။ ဒါကို ထိပ် တိုက်မတွေ့ကြနဲ့ ဒေသခံပြည်သူလူထုက နားလည်ရင် နားလည်တဲ့အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ကျွန်တော် သတင်းရတယ်။ ထိပ်တိုက်မတွေ့စေနဲ့၊ ကျော်ရွာကျော် ကျော်လောက်မှာ ထိပ်တိုက်တွေ့မယ်လို့ သတင်းရတယ်။ ကိုယ့်လမ်းကိုယ်လျှောက်ကြ၊ တားဆီးတာတွေမလုပ်နဲ့၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လုပ်နေတာက လူတစ်ယောက် ပုဂ္ဂိုလ်တစ်ယောက်ကို ဆန္ဒပြနေတာ မဟုတ်ဘူး။ စီမံကိန်းဖျက်သိမ်းရေးကို ဆန္ဒပြနေတာ၊ ဆန္ဒပြပြီးညနေမှာ ဒေသခံတွေနဲ့ ကျွန်တော်တို့ တွေ့ကြ တယ်။ ဒေါ်အောင်ဆန်းစုကြည် နောက်နေ့မှာ ဒေသခံ တွေကို လိုက်လံတွေ့ဆုံတဲ့အချိန်ကြရင် ဘယ်လိုလုပ် မလဲ။ ကျွန်တော်တို့က တစ်ယောက်တည်း လုပ်တာ မဟုတ်ဘူး။ အားလုံးလုပ်ကြတယ်။ လက်ခံနိုင်ရင် စကားပြော၊ လက်မခံနိုင်ရင်စကားမပြောနဲ့၊ ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးမဟုတ်ဘူး။ သူရဲ့ အမြင်တွေက လုပ်သင့်တာကို လုပ်သင့်တယ်လို့ မြင်  ကောင်းမြင်လိမ့်မယ်။ အမျိုးမျိုးကြောင့် မလုပ်သင့်ဘူး ဆိုတဲ့ ပြည်သူတွေကလည်း စိတ်ခံစားချက်ရှိလိမ့်မယ်။ ဒါသဘောထားကွဲလွဲခွင့်ရှိတယ်။ ဒါ မွေးရာပါအခွင့် အရေးပဲ။ အဲဒါဘာမှပြသနာမရှိဘူး။ ဒါဟာ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မုံရွာသပိတ်စခန်းကိုလာတာဆိုတော့ ကျွန်တော်က ရန်ကုန် ကရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအဖွဲ့ချုပ်က လူတွေရယ်၊ လူဘောင်သစ်ဒီမိုကရက်တစ် ပါတီဟောင်း တွေရယ်၊ ABSDF ရဲဘော်ဟောင်း ကိုရဲလင်းတို့နဲ့ တစ် နေရာမှာ အစည်းအဝေးလုပ်နေတယ်။ ကျွန်တော်ဘာမှ လုပ်လို့မရဘူး။ တုံရွာကို ရောက်ပြီလားဆိုတော့ ပို ကောင်းတာပေါ့။ တွေ့ချင်တဲ့လူလည်းတွေ့။ မတွေ့ချင်တဲ့ လူလည်းမတွေ့နဲ့။ အဲဒီအချိန် တုံရွာထဲက ကျောင်း တစ်ကျောင်းမှာ အစည်းအဝေးလုပ်ဖို့ ပြင်ဆင်ထားတယ်။ ဒေါ်စုကရောက်လာပြီး ရွာထိပ်က သပိတ်စခန်းထဲကို ဝင်လာတယ်။ ဝင်တဲ့အချိန်မှာ လုံထိန်းတွေပါလာတယ်။ ဒါကို ကိုဗထူးက ဒါသပိတ်စခန်းဖြစ်တယ်။ မမြင် သင့်တာတွေလည်းရှိတယ်။ ဘုန်းကြီးတွေလည်းရှိတယ်။ တားမြစ်တယ်လို့ ကြားတယ်။ ကျွန်တော် အဲဒီမှာ လုံးဝ မရှိဘူး။ နောက်ဆုံးလုံထိန်းတွေက အားသိပ်ကောင်း တဲ့အခါမှာ သပိတ်စခန်းပေါ်တက်သွားတယ်။ ကိုဗထူးက သပိတ်စခန်းမှာရှိနေတာ။ ဒေါ်အောင်ဆန်းစုကြည်လာမှ သပိတ်စခန်းထဲဝင်လာတာမဟုတ်ဘူး။ အသေးစိတ်တော့ ကျွန်တော် မသိဘူး။ အဲဒီမှာ ကိုဗထူးက မီးလောင်ဗုံး အခြေအနေ ဘယ်လိုရှိလည်းမေးတော့ ဒေါ်အောင်ဆန်း စုကြည်ကသားက ဘယ်ကလဲလို့ မေးတော့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်ကပါလို့ ပြန်ဖြေတယ်။ အန်တီ ဒေသခံတွေနဲ့ တွေ့ဖို့လာတာ။ ရန်ကုန်က လူတွေ ကို တွေ့ဖို့အစီအစဉ်မရှိဘူးလို့ ပြောလိုက်တယ်။ ဒါ သပိတ်စခန်းထဲမှာ ဖြစ်နေတာ။ သပိတ်စခန်း အပြင် ထွက်ပြီး ဒေသခံတွေက မီးခိုးဗုံးလား မီးလောင်ဗုံးလား မေးတော့ မီးခိုးဗုံးလို့ ပြန်ဖြေတော့ ဒေသခံတွေက မကျေမနပ် ဖြစ်သွားတယ်။ ကျွန်တော်ပြောတဲ့ သုံးချက်ဘဲ ပုဒ်မ ၁၄၄၊ မီးခိုးဗုံး၊ စီမံကိန်းဆက်လုပ်မယ့် ပြဿနာ တွေကို လျော့ချဖို့လိုတာ။ အဲဒီမှာ ပေါက်ကွဲပြီးရွာထဲကို အဝင်မခံတော့ဘူးဆိုပြီး သူတို့ဘာသာ ဆုံးဖြတ်တာ။ ဆုံးဖြတ်ချင်တဲ့သူလည်း ဆုံးဖြတ်တယ်။ ပါချင်တဲ့သူ လည်းပါမယ်။ မပါချင်တဲ့သူလည်း မပါဘူး။ ကျွန်တော် က အားလုံးကို ကိုင်ထားလို့မရဘူး။ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းအလိုမရှိ၊ စုံးစမ်းစစ်ဆေးရေး ကော်မရှင် အဖြေအလိုမရှိဆိုပြီး ဆန္ဒပြပွဲဖြစ်သွားတယ်။ ကျွန်တော်နဲ့လည်းမဆိုင်ဘူး။ ကျွန်တော် တာဝန်ယူ သလားဆိုရင် ဒီဒေသမှာ ကူညီနေတဲ့သူတွေအတွက်ရှိရင် ရှိသလောက် သတ်မှတ်ပါ။ ကျွန်တော် တာဝန်ယူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင် ရေးမလုပ်ဘူး။ ဖြစ်သွားတာ ဒါပဲ။


● ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြတဲ့သူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ ကြိုးစားတယ်လို့ကြားတယ်။ တစ်ဖက်က လည်း အတွေ့မခံဘူးလို့ ကြားတယ်။ ဘာလို့မတွေ့ တာလဲ။

ဒေါ်အောင်ဆန်းစုကြည် ၁၃ရက်နေ့ ရောက်ပြီး မနေ့က ၁၄ ရက်နေ့ ပြန်သွားရတဲ့အချိန်ထိ ဒေါ်အောင် ဆန်းစုကြည်ဘေးမှာပါတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သတင်းသမားတွေ၊ လုံခြုံရေးတွေ၊ အကြံပေးတွေ၊ ဆက် သွယ်ခြင်း၊ အကြောင်းကြားခြင်း မရှိဘူး၊ ကျွန်တော် ဖုန်းကို Call Log  ကို ပြန်ဖွင့်လို့ရတယ်။ ကြားခံတစ်စုံတစ်ဦးနဲ့ ဖြေရှင်းပေးတယ်။ ကျွန်တော်တို့ဒေသခံတွေ အနေနဲ့ မတွေ့ရဲတာ ဘာများရှိလို့လဲဗျာ။ ဝမ်းပန်းတသာနဲ့ ခုန်ပျံကျော်ပေါက်ပြီး တွေ့ရမယ့်ဟာ။ ဒါဖြင့် မင်းက ကော တွေ့ဖို့မကြိုးစားဘူးလား။ ခင်ဗျားတို့ မေးနိုင် ပါတယ်။ မကြိုးစားဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗထူးနဲ့ ပထမဦးဆုံးဖြစ်စဉ်မှာ အန်တီလာတာက ရန်ကုန်ကလူတွေနဲ့ တွေ့ဖို့မဟုတ်ဘူး။ ဒေသခံတွေနဲ့ တွေ့ဖို့လာတာဆိုတဲ့ စကားရှိပြီးသားဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူလူထု အတွက် ဒေသခံတွေရှင်းပြဖို့က အဓိကဖြစ်တယ်။ ကျိန်းသေတာ တစ်ခုက လုံးဝ အဲ့ဒီဘက်ကနေ ဆက်သွယ်မှု၊ ကမ်း လှမ်းမှု မရှိခဲ့ဘူး။ ဒါဟာ ကျိန်းသေဘဲ။


● လက်ပံတောင်းကိစ္စမှာ ကိုဟန်ဝင်းအောင်တို့ကို နိုင်ငံခြား တိုင်းပြည်တစ်ခုကနေ အဖွဲ့အစည်းတစ်ခုက ပိုက်ဆံထောက်ပံ့တယ်လို့ သတင်းတွေထွက်တယ်။ ဒီငွေတွေနဲ့ လက်ပံတောင်းတောင် ရပ်စဲရေးဖြစ်အောက် လုပ်ခိုင်း တယ်။ နဂိုအစိုးရလက်ထက်က ထိုင်း-မြန်မာ နယ်စပ် ဟိုဘက်ကမ်းကနေ မြန်မာအစိုးရကို ဝေဖန်ပြီး ဆဲရင် ပရိုပို့ဆယ် တင်ပြီး ပိုက်ဆံရတယ်။ အခု ဒီလိုပုံစံ လုပ်နေတယ်လို့ သတင်းတွေပျံ့နေတယ်နော်။

ကျွန်တော်သိသလောက် ကျွန်တော်တို့ကို ထိုင်း နိုင်ငံအခြေစိုက် ဒေါက်တာနိုင်အောင်၊ ဒေါ်ခင်ဥမ္မာ၊ ထောက်ပံ့တယ် ဆိုတဲ့ စကားသံတွေရှိတယ်။ နောက် တစ်ခါ AAPP  က ကိုဘိုကြည်တို့ ထောက်ပံ့တယ်။ ကိုမိုးသီးဇွန်၊ တခြားအဖွဲ့အစည်း ပြည်တွင်းကဆိုရင် ဒေါက်တာကျော်သူ ထောက်ပံ့တယ်လို့ပြောတယ်။ နိုင်ငံရေးအမည်ခံတဲ့ အဖွဲ့အစည်းတွေ ထောက်ပံ့မှုပေး တယ်လို့ ထွက်နေတာ မဟုတ်ပါဘူး။ ခင်ဗျားက ကျွန်တော် ကို ညီအစ်ကိုလိုခင်လို့ ပိုက်ဆံပေးတာကိုတော့ လာ မပြောနဲ့လေဗျာ။ ကျွန်တော်အမေ ပိုက်ဆံပေးတာ။ ထောက်ပံ့တာမဟုတ်ဘူး။ ဒါကမဆိုင်ဘူး။ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုက နိုင်ငံရေးရည်ရွယ်ချက်တစ်ခုနဲ့ ထောက်ပံ့တယ်လို့ ပြောကြတာပေါ့။ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ ဟန်ဝင်းအောင်ရှင်းလို့ရတယ်။ စိန်ခေါ် တယ်။ ကိုဘိုကြည် မြန်မာပြည်ကို AAPP  ကိစ္စနဲ့ လာတယ်။ ကျွန်တော်က နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက်ဖြစ်လို့ ရောဂါဖြစ်နေရင် အကျဉ်းသားတစ် ယောက်ကို  အကူအညီပေးလို့ရတဲ့ ဆေးဖိုး ငါးသိန်း ပေးလို့ရတယ်လို့ ပြောတယ်။ ကျွန်တော် လက်မခံဘူး။ ကျွန်တော်နဲ့တွဲပြီးလုပ်တဲ့ ရဲဘော်တွေရှိတယ်။ ကြိုက်တဲ့ အချိန်မေးကြည့်။ ကျွန်တော်ပြောတာကို တရားဝင် ကြေညာပေးပါ။ ဒေါက်တာနိုင်အောင်၊ ဒေါ်ခင်ဥမ္မာတို့နဲ့ ငါးပြားမှ မပတ်သက်ဘူး။ မယူဖူးဘူး။ ဒေါက်တာနိုင် အောင် ကျွန်တော်ကို တစ်ခါတစ်လေ Online  မှာတွေ့ရင် ညီလေးတော့ ဒီလိုမျိုးဆောင်ရွက်နေတယ်။ ကိုယ်တို့ လည်း ဒီမိုကရေစီအရေး ဆောင်ရွက်နေတာဖြစ်လို့ ဘာအကူအညီလိုပါသလဲ မေးတယ်။ ကျွန်တော် မလို ပါဘူး။ လက်လည်း မခံပါဘူး၊ သုံးကြိမ်တိတိ ကျွန်တော့် ကို ပြောတယ်။ လုံးဝ လက်မခံဘူး။ AAPP အဖွဲ့နဲ့လည်း  လုံးဝ မရှိပါဘူး။ ယူထားတာလည်း မရှိပါဘူး။ ပေါင်းကူး ဒေါက်တာကျော်သူ ငါးပြားမှ မယူဘူးဖူး။ အမေရိကန် သံရုံးဆို ပိုတောင်ဆိုးပါတယ်။ ကျွန်တော်မှာ မွေးချင်းနှစ် ယောက်ရှိတယ်။ ကျွန်တော့်အမေက ရွှေဆိုင်ဖွင့်တယ်။ ကျွန်တော်ညီမလည်း ရွှေဆိုင်ဖွင့်ထားတယ်။ ကျွန်တော် ထောင်နှစ်ကြိမ်ကျတာ အိမ်က သိန်း ၄ဝဝ ကျော် ကုန်သွားတယ်။ အိမ်ကိုသွားတယ်၊ မုန့်ဖိုးယူတယ်။ တစ်ခါတစ်လေကျရင် ငယ်ပေါင်းကြီးဖော် သူငယ်ချင်း တွေက ခင်မင်လို့ ပေးတာမျိုးတွေရှိတယ်။ အရက်တိုက် ရင် တိုက်တယ်။ ဘီယာတိုက်ရင် တိုက်သွားတယ်။ နိုင်ငံရေးအမည်ခံတဲ့ အဖွဲ့အစည်းတွေကမယူဘူး။ NLD ဆီကလည်း မယူဘူး။ ဒေါက်တာနိုင်အောင်ကို အဆက် အသွယ်ရှိရင် မေးကြပါ။ ကျွန်တော့်ကို ကိုမိုးသီးဇွန် ထောက်ပံ့ပါတယ် ပြောတယ်။ မိုးသီးဇွန်နဲ့ တစ်ခါမှ မဆုံဖူးဘူး။ Online  ပေါ်မှာ တွေ့ဖူးတယ်။ ပြည်သူ့ လှုပ်ရှားမှု သပိတ်စခန်းကနေ တစ်သောင်းတောင်းလို့ ဆန္ဒထပ်မပြရင် ငါးထောင်စီတောင်းတာ ဒီမှာ အကုန် လုံးရှိတယ်။ ရွာသားတွေကို မေးကြည့်ပါ။ ကျွန်တော် တရားဝင် အကူအညီတောင်းပြီး သပိတ် စခန်းဖြစ်နေတာ။ အလှူရှင်တွေရှိတယ်။ ကိုဇော်ထွန်း ပြည်တွင်းခရီးစဉ်လာ တုန်းက လာလှူသွားတာရှိတယ်။ လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီ ပြည်တွင်းကိုလာတုန်းက လာလှူသွား တာရှိတယ်။ တရားဝင်စာရင်းဇယားရှိတယ်။ မဟုတ်ရင် ပြောတဲ့လူ အကုန်တာဝန်ယူရမယ်။


● ကိုဟန်ဝင်းအောင် ၂ဝ၁ဝ မှာ ထောင်ကလွတ်လာပြီး ဘာအသက်မွေးဝမ်းကျောင်းမှု အလုပ်လုပ်လဲ။ ဘယ် လို ရပ်တည်သလဲ။ လက်ပံတောင်းတောင်မှာ ဘယ်လို ပုံစံမျိုးနဲ့ နေထိုင်တာလဲ။

ကျွန်တော် ၂ဝ၁ဝ ဒီဇင်ဘာမှာ ထောင်ကနေ လွတ် လာပြီး အိမ်မှာနေတယ်။ စာဖတ်တယ်။ ကျွန်တော့် အမေဆီက ပိုက်ဆံတောင်းတယ်။ ညီမဆီက တောင်း တယ်။ ဦးလေးဆီက တောင်းတယ်။ အရင်တုန်းက ရွှေဆိုင်ထိုင်ပြီး ပန်းတိမ်လုပ်တယ်။ ကျွန်တော်က နိုင်ငံ ရေးလှုပ်ရှားမှု၊ လယ်သမား၊ အလုပ်သမား၊ လူတန်းစား တွေရဲ့ အခွင့်အရေးလှုပ်ရှားမှု တတ်နိုင်သလောက် ပါ ဝင်ခဲ့တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေ ထောင် ဝင်စာ တွေ့ဖို့လိုရင် အချင်းချင်း ချိတ်ဆက်ပြီးတော့ ငါးပိတို့၊ ငါးခြောက်တို့ သွားပို့တာမျိုးတွေရှိတယ်။ ရန်ကုန်မှာ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတုန်းက ကျွန်တော် မြန်မာငွေ ငါးရာပဲ ကုန်တယ်။ ပြည်သူတွေက ဖယောင်းတိုင်ယူလာကြတယ်။ အပြန်ကျတော့ သူတို့ ပါလာတဲ့ကားနဲ့ လိုက်ပို့တယ်။ ကျွန်တော်နဲ့ သိတဲ့အိမ် ရှိတယ်။ ကျွန်တော် ငွေရေးကြေးရေး မသုံးစွဲဘူး။ လက်ပံတောင်းကို ၂ဝ၁၁ မေလမှာ စရောက်တယ်။ ကျွန်တော် လှုပ်ရှားမှုနဲ့ သွားလာမှုတွေက ဟိုတယ်ကြီး အခမ်းအနားကြီးတွေ လုပ်တာမဟုတ်ဘူး။ သာမန်ပြည် သူတွေလိုပဲ ငွေရေးကြေးရေး သုံးစွဲတယ်။ သူငယ်ချင်း တွေလည်း လူမှုရေးအရ ကူညီတာရှိတယ်။ မိသားစု ကလည်း ကူညီတယ်။ ဒီရွာလာတုန်းက သူငယ်ချင်း တစ်ယောက်က အသုံးစရိတ် မြန်မာငွေ သုံးသောင်း သုံးချင်တာ သုံးလို့ ပေးလိုက်တယ်။ အဲဒီစရိတ်နဲ့ လက်ပံ တောင်းတောင်ကို ကားစီးလာတယ်။


● မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးဖို့ စီမံကိန်းကြီးတွေ လိုအပ်တယ်။ ဒီစီမံကိန်းရပ်လိုက်ရင် အခြားစီမံကိန်းတွေပါ လိုက်ရပ် ပေးရမယ့်ပုံစံ ဖြစ်နေတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံ တွေကလည်း ဝင်ရမှာ ကြောက်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် စီမံကိန်းကို ဆက် လုပ်သင့် မလုပ်သင့်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို နှစ်နိုင်ငံ စာချုပ် ချုပ်ထားတဲ့အတွက် ရပ်ဆိုင်းလိုက်ရင် ဒီဖြစ်စဉ် ပေါ်မူတည်ပြီး အခြားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ တွန့် ဆုတ်သွားနိုင်တယ်ဆိုတာ ပြီးပြတ်နိုင်တဲ့ ဆင်ခြေမဟုတ် ဘူး။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် ဥရောပသမဂ္ဂ အမေရိကန် နိုင်ငံလိုဟာမျိုးတွေ မြန်မာပြည်ကို စင်ကာပူ၊ ဂျပန်၊ ကိုရီးယား အစရှိတဲ့ နိုင်ငံတွေကလည်း စိတ်ဝင် စားကြတယ်။ တစ်နိုင်ငံက တစ်နိုင်ငံကို ပြန်လည် ပြည့် ဖြိုးမြဲမဟုတ်တဲ့ စွမ်းအင်ထုတ်လုပ်ရေး၊ ရေနံ၊ ကျောက် မျက် ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကုန်သွယ်ဖက် လုပ် ဖို့ဆိုရင် ပြည်သူတွေက ကန့်ကွက်တာ ဘာမှ စိုးရိမ်စရာ မရှိဘူး။ ပြည်သူတွေအနေနဲ့ အဆင့်အတန်းရှိတဲ့ ကုန် ထုတ်လုပ်မှု၊ မညှာမတာ ဈေးပေါပေါနဲ့ လုပ်တာတွေကို ကန့်ကွက် ရဦးမယ်ထင်တယ်။ ဥပမာ အမေရိကန်ဆိုရင် ဒီလိုဟာမျိုးတွေ မထုတ်ဘူး။ ဒါ Open  မိုင်းချည်းပဲ။ လက်ဝါးကြီးအုပ်ထားတာ ဖြစ်နေတယ်။ သဘာဝ ပတ်ဝန်းကျင် ညစ်ပတ်တယ်။ ကျွန်တော်တို့က ကန့် ကွက်ရင် ပြည်သူလူထုကို ပွင့်လင်းမြင်သာအောင် လုပ်ပေါ့။ အဲဒီတော့ အခြားလူတွေက ကြောက်သွား လို့ရှိရင် ကြောက်သွားကောင်း ကြောက်သွားလိမ့်မယ်။ မြန်မာပြည်ကနေ ခရိုနီတချို့ လက်ဝါးကြီးအုပ် ဝင်နှိုက် မယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ကြောက်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့ မတရား အမှောင်ချပြီးတော့ တစ် သက်လုံး မြှုပ်နှံမှုတွေ ဆက်လုပ်နေရင် မလုပ်တာကမှ ပိုကောင်းဦးမယ်။ ဘာကြောင့်လဲဆိုရင် ဟိုးရှေးက လုပ်ခဲ့တဲ့ စီမံကိန်းတွေ၊ မဆလ လက်ထက်ကတည်းက စီမံကိန်းတွေ လုပ်တာ၊ ဘယ်သူအတွက် အကျိုးအမြတ် ရမလဲ။ သာဓကတွေ ရှိတယ်။ ထုတ်လုပ်တိုင်း ပြည် သူတွေ အကျိုးမခံစားရဘူး။ ပွင့်လင်းမြင်သာမှုနဲ့ ထုတ် လုပ်ရေး ပေါ်လစီ နိုင်ငံတော်က ဘယ်လောက်ရမှာလဲ။ အစိုးရ ဘယ်လောက်ရမလဲဆိုတဲ့ ပေါ်လစီတွေ ဆက် လုပ်ဆောင်နေရင် အလကား ပြီးစီးနေမှာပဲ အဲဒီဆင်ခြေ ကို ကျွန်တော် လုံးဝ လက်မခံဘူး။


● တကယ်လို့ စာချုပ်ချုပ်တဲ့ထဲမှာ ကိုဟန်ဝင်းအောင်လိုမျိုး ကူညီပေးနေတဲ့ လူမျိုးပါလာခဲ့မယ်ဆိုရင် ဒီစီမံကိန်း ရပ်ဆိုင်းသင့် မသင့်ဆို တာက တစ်စုံတစ်ရာ ပြောင်းလဲ လာနိုင်သလား။

ကျွန်တော်အမြင်ပြောရရင်တော့ အစီရင်ခံစာ ဖော်ပြချက်မှာ အစီရင်ခံစာရဲ့ အပိုင်းပေါ့ဗျာ။ စီမံကိန်းလုပ် မယ်ဆိုရင် ဒီအတိုင်းကြီးတော့ မလုပ်ပါနဲ့။ မကောင်းဘူး။ ဖျက်သိမ်းတာလည်း မကောင်းဘူး။ ပြင်ဆင်ပြီးလုပ်တဲ့ အကြံပြုချက်တွေမှာ စီမံကိန်း မစတင်ခင် ဖြည့်ဆည်း ဆောင်ရွက်ရမယ့်ကိစ္စတွေရှိတယ်။ စီမံကိန်းလုပ်ဆောင် နေတဲ့နှစ် ၂၈ နှစ်လောက် တောက်လျှောက်ဖြည့်ဆည်း ပေးရမယ့်ကိစ္စတွေရှိတယ်။ စီမံကိန်းလုံးဝပြီးသွားပြီ။ တောင်ကြီးလည်း လုံးဝ ပျောက်သွားပြီဆိုတဲ့ ကာလမှာ ပြန်လည်ဖြည့်စွက်ပေးရမယ့် ကိစ္စသုံးပိုင်းလောက် ရှိတယ်။ အဲဒီအကြံပြုချက်ကို တကယ်ဖြည့်ဆည်း ပေးနိုင်မလား။ ဘယ်သူက စောင့်ကြည့်မလဲ။ ဘယ်သူကရော အာမခံမလဲ ဆိုတဲ့ ပြဿနာရှိတယ်။ ဒါက မဖြစ်နိုင်တာကို မေးခွန်း ထုတ်နေတာ မဟုတ်ဘူး။ ပွင့်လင်းမြင်သာမှုနဲ့ တကယ် တာဝန်ခံမှု ရှိတယ်ဆိုရင် မလုပ်ရသေးတဲ့ ဒီတောင်ကို မပြောနဲ့။ လုပ်ပြီးလက်စ စံပယ်တောင်၊ ကြေးစင်တောင် ကိုပဲ အရင်ဖြည့်ဆည်းကြည့်ပါလို့။ ကြေးစင်က ရန်စီ ကုမ္ပဏီ၊ လက်ပံတောင်းတောင်က  ဝမ်ပေါင်ကုမ္ပဏီ အတူတူပဲ အရင်ဖြည့်ဆည်းပေးပါလို့ မေးခွန်းထုတ်ချင် တယ်။ စာချုပ်ပါ အချက်အလက်တွေကို  ပြင်ဆင်ဖို့ အရင်လုပ်မယ်ဆိုရင် ဒီကိစ္စဟာ ဒေသဆိုင်ရာ ပြဿနာ မဟုတ်တော့ဘဲ တည်ငြိမ်ရေးကိုပါ တဖြည်းဖြည်းနဲ့ ထိပါးလာတဲ့ ပြဿနာတွေ ဖြစ်တဲ့အတွက် တိုင်းပြည် မှာ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ တကယ်ဒေသခံခေါင်းဆောင်တွေ တိုင်းပြည်ကို တကယ် ချစ်မြတ်နိုးသူတွေနဲ့လုပ်တာ တကယ် အဆင်ပြေပါ တယ်။ ကျွန်တော်တို့ကတော့ ပြည်သူအများစု လက်ခံ တယ်။ သဘောတူတယ်ဆိုရင် ပြည်သူတွေရဲ့သဘော ဆန္ဒအတိုင်းပဲ လိုက်မှာပါ။


● သပိတ်ဖြိုခွင်းတဲ့နေရာမှာ အသုံးပြုသွားတဲ့ ဗုံးကို အစိုးရက ထုတ်ပြန်တဲ့အခါမှာ မီးခိုးဗုံးလို့ထုတ်ပြန်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာမှာလည်း မီးခိုးဗုံးလို့ပဲ သတ်မှတ်ထားတယ်။

တစ်ကြောင်းဆွဲကောက်ချက်နဲ့တော့ အပိတ် ပြော လို့မရဘူး။ နှစ်ပိုင်းတော့ရှိတယ်။ အကြမ်းဖက်ဖြိုခွင်း လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စဉ်းစားရမယ့်အချက်က နံပါတ်တစ်၊ နံပါတ်နှစ်က ကန့်သတ်လက်နက် သုံးစွဲမှု ဟုတ်မဟုတ်ဆိုတဲ့ အဖြေရှာရမယ့်အပိုင်း နှစ်ပိုင်းရှိတယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ တင်ပြသလို အဆင့်ဆင့်ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအရ  အသိပေး ပြီးမှ ကျင့်ထုံးအရ ဝင်ရောက် ဖြိုခွင်းတယ်ဆိုရင် ဥပဒေနဲ့ညီတယ်ပေါ့ဗျာ။ ဒါဆိုရင် ကန့်သတ် ပစ္စည်းသုံး မသုံးဆိုတာ လေ့လာရမယ်။ ဒါနဲ့ပတ်သက်ပြီး  အမေရိ ကန်နိုင်ငံက ဒေါက်တာရောလ်မန်တို့ ခွဲစိတ် သုတေသန လုပ်တာ၊ ထိုင်းနိုင်ငံက ဆင်းလာတဲ့အဖြေတွေကို စတဲ့ ကျွမ်းကျင်အလွတ်ပညာရှင်တွေ၊ နိုင်ငံတော် တာဝန်ပေး ချက်မဟုတ်တဲ့ ဟာတွေကတော့ ဖော့စဖရိတ် ဗုံးလို့ သတ်မှတ်ထားတယ်။ ဒီကတော့ မဟုတ်ဘူးလို့  ပြော တယ်။ ဒါကတော့ သေသေချာချာ စုံစမ်းပြီးတော့ ပြော ရမှာပေါ့။ ကပစ ကနေ ထုတ်ပေးလိုက်တယ်လို့လည်း ပြောကြတယ်။ ဒါက အငြင်းပွားစရာရှိတယ်။ ကျွန်တော် ပြောချင်တာက လူထုရှုထောင့်ကနေ ပြောတာတွေ၊ အော် တာတွေ၊ တစ်ခုတည်းကိုကြည့်လို့ မရဘူး။ သပိတ်စခန်း တွေဖွင့်တယ်။ အကြိမ်ကြိမ်ဆန္ဒပြခွင့် ရှစ်ကြိမ်တောင်း တယ်။ တစ်ကြိမ်မှ မရဘူး။ ကုမ္ပဏီဘက်ကျတော့ လယ်မြေတွေသိမ်းတယ်။ ခွင့်ပြုချက်မကျတော့ ဆန္ဒပြဖို့ လိုတယ်။ မပြလို့ကလည်းမဖြစ်နိုင်ဘူး။ ကုမ္ပဏီက မြေသိမ်းတော့ ဒေသခံတွေက လမ်းမပေါ်ထွက်လာတဲ့ အကြောင်းကို ထည့်စဉ်းစားရတယ်။ အဲဒါတွေက ပြဿနာ တွေကြီးထွားလာတဲ့အခါကျတော့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးက စီမံကိန်းနဲ့ ပတ် သက်ပြီးကြွေးကြော် တောင်းဆိုနေတဲ့ကိစ္စတွေကို ဆန္ဒပြမှုတွေနဲ့ ပတ်သက်တာတွေကို သူ့အနေနဲ့ မဖြေ ရှင်းပေးနိုင်ဘူးလို့ပြောတယ်။ ပြည်ထောင်စုအဆင့်ကပဲ ဖြေရှင်းပေးနိုင်တာလို့ပြောတယ်။ ပြည်ထောင်စုအဆင့် Level  ကလည်း လုံးဝမလာဘူး။ နိုဝင်ဘာ ၂၃ ရက်မှာ တော့ တစ်ကြိမ်လာတယ်။ ဦးအောင်မင်းရယ်၊ ပြည် ထောင်စုကြံ့ခိုင်ရေးအမတ် ဦးသန်းမြင့် အဲတာပဲလာ တယ်။ ဒါတောင် ဖြေရှင်းသွားတာမဟုတ်ဘူး။ ဒေသခံ တွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ မကြာကြာအောင် အချိန်ဆွဲ ထားတဲ့ကိစ္စက မကြီးထွားရင် ကြီးထွားလာအောင်လုပ်ခဲ့ တဲ့ကိစ္စတွေ ဖြေရှင်းသင့်တယ်။ ဘယ်သူ့မှာတာဝန် ရှိသ လဲ။ စည်းမဲ့ကမ်းမဲ့ လမ်းပေါ်တက်လာတာမျိုးတော့ မဟုတ်ဘူး။ ဥပဒေအရမဟုတ်တော့ဘဲ တက်လာ အောင်ခွင့် မပြုပေးတာက ဘယ်သူတွေလဲ။ အဲဒါကြောင့် ဒါမျိုးတွေဖြစ်လာတာ။ သပိတ်စခန်းတွေ ဖွင့်ကြတယ်။ အဲဒီမှာ ကုမ္ပဏီနဲ့ ပြည်သူ တိုက်ရိုက်ဆက်ဆံခိုင်း ပြီးမှ မြေသိမ်း မှုတွေလုပ်တယ်။ ပြည်သူက တိုက်ရိုက်မြေသိမ်း တာကို ဆန့်ကျင်တယ်။ အဲဒီလိုမျိုး ကုမ္ပဏီ၊ အစိုးရနဲ့ တိုက်ရိုက် ဖြစ်ပေါ်လာတဲ့ ပြဿနာမှာ ကြားခံပါ။


● ဒေါ်အောင်ဆန်းစုကြည်က (၁၄)ရက်နေ့က သပိတ်စခန်း မှာ ဆရာတော်ကို လျှောက်ပါတယ်။ အစီရင်ခံစာက ကျွန်မပဲလုပ်တာပါ။ ကုမ္ပဏီနဲ့လည်းမဆိုင်ပါဘူး။ ဒေသ ဆိုင်ရာ အာဏာပိုင်နဲ့လည်း မဆိုင်ပါဘူး။ ဆန္ဒပြချင် တယ်ဆိုရင် ကျွန်မကိုပြလို့ရပါတယ်။ ခွင့်ပြုချက်ယူပြီး တရားဝင် ကျွန်မအိမ်ရှေ့မှာလာပြီး ဆန္ဒပြနိုင်ပါတယ်လို့ ပြောသွားတယ်။ အစ်ကိုတို့အနေနဲ့ ဆန္ဒပြမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြသလို ဖြစ်နေမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်ဆို တော့ ဒေသတွင်းပြဿနာတွေ ကြီးထွားနေတဲ့ ဒေသမှာ မလိုလားအပ်တဲ့ နိုင်ငံရေးအရ ပေါက်ကွဲမှုတွေ၊ ပယော ဂတွေမပါလာအောင် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပြော လိုက်တဲ့ စကားတွေလို့ နားလည်တယ်။ လက်တွေ့ ဆန်ဆန်ကြတော့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဒါကြီး ဖြစ် နေတယ်။ သူတို့က မြင်တာမဟုတ်ဘူး။ ဒေါ်အောင် ဆန်းစုကြည်နဲ့လည်း မဆိုင်ဘူး။ နှစ်ပေါင်းများစွာ ကတည်းက ဦးပိုင်က လုပ်ခဲ့တယ်။ Wanbao နဲ့ ဖြစ် ခဲ့တယ်ဆိုတာပဲ သူတို့နားလည်ထားတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းမယ်ဆိုရင် တကယ်ကုမ္ပဏီပိုင်း နဲ့ တာဝန်ရှိသူပိုင်းကပဲ တာဝန်ယူပြီး ဖြေရှင်းရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကြံပြုတဲ့အပိုင်း စုံစမ်း တဲ့အပိုင်းမှာပဲ တာဝန်ရှိတယ်။ စေတနာနဲ့ ပါဝင်ခဲ့တာ ပါ။ ကျွန်တော်နားလည်တာကတော့ ဒေါ်အောင်ဆန်းစု ကြည်ကို ဆန္ဒပြစရာမလိုပါဘူး။ ပြတယ်ဆိုတာကတော့ တခြားအပိုင်းတွေပဲ ရှိလိမ့်မယ်။ ကျွန်တော်တို့က ဒေါ် အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောစရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့က စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ မလိုအပ်ဘူးဆိုရင် ဖျက်သိမ်းဖို့ လုံးဝ Perfect  ဖြစ်နေရင် ပြည်သူလူထုက လက်ခံလို့ ဆိုရင် လုပ်ချင်နေ မလုပ်ချင်နေ ဒါကတစ်ပိုင်း။ ကျွန်တော်တို့က စီမံကိန်းဖျက်သိမ်းရေး ပွင့်လင်းမြင်သာမှုရှိရေး၊ လူထု အကျိုးစီးပွားပိုင်းကပဲ သွားနေတဲ့အတွက် ဒေါ်အောင် ဆန်းစုကြည်အပိုင်းကို ဘာမျှပြောမှာမဟုတ်ပါဘူး။ စီမံကိန်းနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ သူရဲ့အပိုင်းကို ပြောရမှာပါ။


● နောက်ဆုံးအနေနဲ့ ဆည်တဲရွာကို ဒေါ်အောင်ဆန်းစု ကြည်နဲ့ လုံခြုံရေး ငါးဦးကိုပဲ လမ်းလျှောက်ပြီး ပေးဝင် ခိုင်းတာ ဘာကြောင့်လဲ၊ လုံခြုံရေးအပြည့်အဝနဲ့ ဘာ ကြောင့် ပေးမဝင်တာလဲ။

ဆည်တဲရွာက ဇီးတောရွာ၊ ဝက်မှေးရွာတို့က ပုဒ်မ ၁၄၄ အထုတ်ခံထားရတာ။ ရွာက ခြံစည်းရိုးတွေ ကာထားတယ်။ အမြဲတမ်း သတိနဲ့နေတဲ့ ရွာပေါ့ဗျာ။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က ဆည်တဲကို ဝင်တယ်။ ဝင်တဲ့အခါကျတော့ ကျွန်တော်က အဲဒီဘက် မှာ မရှိဘူး။ ရွာသားတွေက အခြေအနေ လှမ်းပြော တယ်။ လုံထိန်းကား သုံးစီးပါတယ်။ အားလုံးလည်း သက်သေရှိတယ်။ ထောက်လှမ်းရေးတွေလည်း ပါလာ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စကို လာ ရောက်ရှင်းလင်း အဖြေရှာတာပဲ။ ဒါက ပြဿနာ မဟုတ်ဘူး။ လုံထိန်းတွေက ပါနေတဲ့အတွက် လုံထိန်းတွေကို ရွာထဲ အဝင်မခံတာ။ ရွာလမ်းကြောင်းတွေကို သိပြီး နောက်တစ်ခါကျရင် လုံထိန်းတွေက ဒီရွာကို လာဖြိုရင် လုံထိန်း လမ်းကြောင်း သိနိုင်တယ်။ ဒါမျိုးကို သူတို့တွေ စိုးရိမ်မှုရှိတယ်။ ရွာသားတွေက တံခါးကို ပိတ်လိုက်တယ်။ ရွာသားတွေက စပြောတယ်။ ဒေါ် အောင်ဆန်းစုကြည် ဝင်ပါ။ လုံခြုံရေး လေးငါးခြောက် ယောက် ဝင်ပါ။ ထောက်လှမ်းရေးတွေ မပါ ပါစေနဲ့။ သတင်းထောက်တွေထဲမှာလည်း ထောက်လှမ်းရေးတွေ ပါနေမှာကို သူတို့ အရမ်းကြောက်တယ်။ ကားနဲ့ ဝင်ပါ၊ လမ်းလျှောက်ဝင်ပါ၊ ဘာမှမပါဘူး။ ရွာသားတွေ ပြော တာက ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ခွင့်မပေးတာ မဟုတ်ဘူး။ လုံထိန်းနဲ့ ထောက်လှမ်းရေးကို ပိတ်တာ။ အဲဒီမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ နောက်ဆုံးတော့ လုံထိန်းတွေ ပါမသွားဘူးပေါ့ဗျာ။ သတင်းထောက် တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဝင်ခွင့်ရခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆည်တဲရွာ မဝင်ပါနဲ့လို့ ရွာသားတွေက အမိန့်ပေးလို့ မရဘူး။ ဘယ်သူမှ အမိန့် ပေးလို့ မရဘူး။ ကျွန်တော်လည်း အမိန့်ပေးလို့ မရပါ ဘူး။ ရွာသားတွေပြောတာက လမ်းလျှောက်ခြင်း မလျှောက်ခြင်း တစ်ခုမှ မပါပါဘူး။ လုံထိန်းတပ်ဖွဲ့တွေ ရွာထဲ အဝင်မခံနိုင်ဘူး။ ထောက်လှမ်းရေးတွေ အဝင် မခံနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လိုအပ်တဲ့သူတွေ ဝင်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွာသားတွေလည်း ပြေလည်တာလည်း ရှိတယ်၊ မပြေလည်တာလည်း ရှိ တယ်။ ကျွန်တော့်သဘောအရ ရွာသားတွေပြောတာ ရှင်းရှင်း လင်းလင်း သဘောပေါက်တယ်။ ဖြစ်စဉ်က ဒီအတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီဒေသက ပြည်သူတွေ မမုန်းဘူး။ မကန့်ကွက်ကြဘူး။ သူတို့ကန့်ကွက်နေတာက တစ်ဖက်သတ် နိုင်ထက်စီးနင်းလုပ်နေတဲ့ စီမံကိန်းအပေါ် မှာ စိတ်ပျက်နေကြတာ ဖြစ်တယ်။ အဲဒါကို ကွဲကွဲပြား ပြား နားလည်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒေါ်အောင် ဆန်းစုကြည်ကြောင့် စီမံကိန်းကြီး ပုံဖော်မှုက ပင်မ အကြောင်းအရာဖြစ်တဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ အဖြေ ရှာရေး၊ အကြမ်းဖက်မှုတွေ ဖော်ထုတ်ရေး၊ ဒေသတည် ငြိမ်ရေးနှင့် တိုင်းပြည်စီးပွားရေးနဲ့ ပတ်သက်တဲ့ ပြဿနာ တွေ လမ်းကြောင်းလွှဲမှာဖြစ်တဲ့အတွက် ကျွန်တော် ကိုယ်တိုင်လည်း အဲဒါကို မပြောဘူး။ အားလည်း မပေး ဘူး။ ကျွန်တော ဆက်မရှင်းဘူး။ တိုင်းပြည်အတွက် အကျိုးမရှိတဲ့ ခေါင်းစဉ်တွေဖြစ်နေတဲ့အတွက် ပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြဿနာတွေ တက်တယ် ဆိုတာတွေ မဖြစ်သင့်ဘူး။ အဓိက က စီမံကိန်းကြောင့် ပြဿနာကို ဖြေရှင်းဖို့ဆိုရင် စီမံကိန်းခေါင်းစဉ်အောက် ကဖြစ်နေတဲ့ ခေါင်းစဉ်ကိုပဲပြောကြတာ အဖြေရှာကြပါ။

The messenger news journal ဖေ့ဘုတ်ခ်စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြသည်။ 

Nyein Aye - Articles


မာမာအေးချစ်သူ
ငြိမ်းအေး
မတ်လ ၁၉၊ ၂၀၁၃




ယခုတလော ကျွန်တော့်ခေါင်းထဲ၌ ရေးစရာများ ပြည့်နှက်လာပြန်ပါချေ၏။ သို့အတွက် ရေးလက်စ အစိမ်းရောင် စင်ကာပူအကြောင်း ခဏထားလျှက် ရင်ထဲ၌ ကျလိကျလိဖြစ်နေသည်များကို ဖွင့်အံချရပါသည်။ သို့မဟုတ်ပါက ရင်ထဲ၌ ခိုးလိုးခုလု ဖြစ်နေသောကြောင့် ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါ။

တစ်နေ့သ၌ ဦးသန်းဝင်းက သူ့သား၏စာရွက်စာတမ်းများကို မွှေနှောက်ရှာဖွေရင်းမှ မာမာအေးတေးဆိုပွဲ ကြော်ငြာကို အမှတ်မထင်တွေ့ရသည်၊ သွားမလားဟု အဖော်စပ်လာလေရာ သီချင်းတစ်ရက်နားမထောင်ရလျှင် အသက်တစ်ရက်တိုတတ် သည့် ကျွန်ုပ်မှာ ၀မ်းသာအားရ သဘောတူလိုက်လေ၏။


ပွဲကျင်းပမည့်ရုံကို ယခင်ကရောက်ဖူးသော်လည်း သေချာစေရန် သွားခါနီး အင်တာနက်၌ ထပ်ရှာ၏။ ကြော်ငြာ စာရွက်တွင်ရေးထားသည့်အတိုင်း Areta Ayer Theatre ကိုရှာရာ ဘယ်လိုမှရှာလို့မရ။ အင်း၊ တစ်ခုခုတော့လွဲနေပြီဟု မြေပုံမှ Outram Park MRT အနီးလိုက်ရှာမှ Kreta Ayer Theatre ဖြစ်နေလေ၏။ နောက်လက်မှတ်ကို ပြူးပြဲပြီးထပ်ရှာမှ ပုံများနှင့် ရှုပ်ရှက်ခပ်နေသော အထဲတွင် တည်နေရာစာလုံးကို မှုန်ဝါးဝါးမြင်ရလေသည်။ ကျွန်ုပ်ကဲ့သို့ အတော်နမော်နမဲ့နိုင်သူများပါ ပေတကား။

သို့နှင့် မနေ့က (မတ်လ ၃ ရက်၊ ၂၀၁၃) "ပြည်သူချစ်သော မြန်မာ့ဂန္တ၀င်ဂီတမိခင်ကြီး ဒေါ်မာမာအေး၊ ဂုဏ်ပြု အမှတ်တရ ဂီတပဒေသာ" ပွဲကြီးသို့ သွားရောက်ခဲ့လေ၏။


ကောင်းခန်းလေးတွေ လက်လွတ်သွားမှာစိုးသောကြောင့် အိမ်မှစောထွက်ကာ ပွဲရုံသို့ သုံးနာရီမတ်တင်းတွင် ရောက်ပါသော်ငြား အစဉ်အလာကို ချိုးဖောက်လိုက်လျှင် မြန်မာ့ဂုဏ်ကို ထိခိုက်သွားမည်စိုးသောကြောင့် ၃ နာရီ စရမည့်ပွဲကို ၃ နာရီခွဲမှ စလေ၏။ ထို့ကြောင့်လည်း ၈ နာရီပြီးရမည့်ပွဲကို ၉ နာရီတီးခါနီးမှ ပြီးလေသည်။


အသက် ၇၀ ရှိပြီဖြစ်သော တချိန်က လျှမ်းလျှမ်းတောက်ခဲ့သည့် အဆိုတော်ကြီးမှာ ရုပ်ပင် အတော်တင်သေးသော် လည်း နှလုံးခွဲစိတ်ကုသမှုခံထားရသောကြောင့် သိပ်မအော်နိုင်ရှာတော့ပါ။ ငယ်ငယ်ကအသံအတိုင်းပင် မဟုတ်သော်ငြား မူရင်းဟန်မပျက်သဖြင့် အတော်နားထောင်လို့ကောင်းပါသေးသည်။ ကျွန်တော်အလွန်ကြိုက်လှသည့် မြန်မာပြည်မှ အဆိုတော်ကြီးများကို မြန်မာနိုင်ငံသားတစ်ဦးက ယခုမှ ကုသိုလ်ကံထူးစွာ တိုင်းတစ်ပါးတွင် လာရောက်တွေ့ဆုံ၊ နားထောင် ခွင့်ရသည့်အတွက် အတော်ကျေနပ်မိသလို စီစဉ်သူများအားလည်း အထူးကျေးဇူးတင်မိပါ၏။

သို့သော်လည်းပေါ့လေ။ မြန်မာပေကပဲ၊ ဘယ်တော့ အကျင့်ဖျောက်ပါ့မလဲနော့။ ဘယ်နိုင်ငံရောက်ရောက် ကိုယ့်အစဉ်အလာကို ထိန်းထားပါ၏။


ဘာရေးရမလဲဟု စူးစမ်းနေသောမျက်လုံးများက ပထမဆုံးသတိပြုမိသည်မှာ ဇာတ်စင်ထောင့်မှ အုန်းပွဲ၊ ငှက်ပျောပွဲဖြစ်ပါ၏။ ကျွန်တော့်တစ်သက်တွင်တော့ တစ်ခါမှ ပွဲမပေးဖူး၊ ပွဲမထိုးဖူးပါ။ ထို့ကြောင့်လည်း ဤပွှဲမှာ ဘာပွဲဖြစ်သည် ကို မသိပါ။ ပွဲတင်ရန် လိုမလိုလည်း မသိပါ။ ပွဲမတင်လျှင် ဘာဖြစ်တတ်ပါသနည်း။ ထိုအရာများမှာ ကျွန်တော် လက်လှမ်း မမီသော၊ ဉာဏ်မမီသော အရာများဖြစ်ပါသည်။ သို့သော် ပွဲတင်သူများကိုယ်တိုင်ရော ကျကျနန သိပါသလား။ ကျွန်တော်မသိပါ။


ခဏနေတော့ ခပ်လန်းလန်းကောင်လေးနှင့် ကောင်မလေးတစ်ယောက် တက်လာကာ အစီအစဉ်များ ကြေငြာပါ သည်။ သူတို့ကြေငြာသည့်အထဲ၌ သီချင်းဆိုနေစဉ် အတူဓါတ်ပုံတွဲရိုက်ခြင်းမျိုးကဲ့သို့ အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူ များကို မပြုလုပ်ကြပါရန် တောင်းပန်ပါသည် ဆိုတာလည်းပါ၏။ အဲလေ၊ နိုင်ငံခြားမှာ အနေကြာတော့ မြန်မာလို အသုံးအနှုံး တွေ မေ့လျော့ကုန်တာ ဖြစ်ပါလိမ့်မည်။


တောင်းပန်တယ်ဆိုတာ (မဟုတ်တာလုပ်မိမှ) မဟုတ်တာ အလုပ်ခံရသူကို မဟုတ်တာလုပ်သည့်သူက တောင်းပန်ရ တာ မဟုတ်ပါလား။ လတ်လတ်ဆတ်ဆတ် ဥပမာလေးပေးရလျှင် "ကြွေးဆပ်နိုင်ဘို့ ထမင်းတစ်နပ်လျှော့စားပါ" လို့ ပြောမိမှ ပြောသူက တောင်သူဦးကြီးများကို ကွမ်းပွဲ၊ လဖက်ပွဲများနှင့် တောင်းပန်ရတာမျိုးဖြစ်၏။  

ယခု မလုပ်ပါနှင့် ဆိုတာကိုမူ "မေတ္တာရပ်ခံပါသည်" ဟု ပြောရမှာ ဖြစ်ပါသည်။ ထားပါတော့၊ သူတို့က ကလေးတွေမို့ ခွင့်လွှတ်နိုင်ပါသည်။ ခွင့်မလွှတ်နိုင်သည်မှာ အလိုက်ကန်းဆိုးမသိသည့် လူကြီးများ ဖြစ်ပါ၏။

မပြောဘဲလဲ သိတတ်ရမည်ပ။ ဒါ သည် စင်ကာပူတွင်မှ မဟုတ်ပါ။ မြန်မာပြည်တွင်လည်း သည်အတိုင်း ဖြစ်ပါသည်။ သည်စတိုင်ကို ဘယ်သူစထွင်သည်မသိ။ လူအများလက်ခံကျင့်သုံးနေကြသော စတိုင်ဖြစ်ပါသည်။ အခြားမဟုတ်ပါ။ သီချင်း ဆိုနေတုံး ပန်းစည်းတက်ပေးတာ ဖြစ်ပါသည်။ လူ ၁၀၀ လျှင် ၉၉ ယောက် (ဟုတ်ပေါင်) လူ ၁၀၀၀ လျှင် ၉၉၉ ယောက် လက်ခံနေသည့် အပြုအမူတစ်ရပ် ဖြစ်၏။ လက်မခံသော ကျန်သည့်တစ်ယောက်မှာ လူ့ခွစာ ကျွန်တော်ဖြစ်ပါသည်။

စေတနာတွေပေါက်လို့ ငွေသားဆုချင်သလား။ အစီအစဉ်ကြေငြာသူအား သွားပေးလိုက်ရုံဖြစ်ပါသည်။ သီချင်း ဆုံးလျှင် မကလျာနုနုထွတ် က ဒေါ်မာမာအေးကို စင်ကာပူဒေါ်လာ ၁၀၀ ချီးမြင့်သွားပါတယ်ရှမ် ဟု ကြေငြာပေးပါလိမ့်မည်။ ခုနကတဲက ဒါတွေမလုပ်ပါနှင့် လို့ ကြိုတင်ကြေငြာထားတာ မဟုတ်ပါလား။ ဒါဖြင့် ဒီကြေငြာတာကို လူကြီးမင်းတို့၊ ဒေါ်ကြီးမင်း တို့ နားလျှံသွားတာလား။ အိုကွာ၊ ငါပေးချင်လို့ပေးတာ ဘယ်သူ့ သောက်ဂရုစိုက်ရမလဲ ဟု သဘောထားသည်လား။ ဒါတော့ ကာယကံရှင်ကိုယ်တိုင်များမှ သိပါလိမ့်မည်။

ပေးတာကလည်း တစ်ယောက်တလေ မဟုတ်ပါ။ ဒစ်စကောင့်ပေးသည့်ဆိုင်တွင် စင်ကာပူနိုင်ငံသားများ တန်းစီနေ သည့်နှယ် သူ့ထက်ငါ အပြိုင်အဆိုင်ဖြစ်ပါ၏။ ပထမတစ်ယောက်က စ တက်ပေးသည်။ နောက်တစ်ယောက်က လှေခါးရင်း၌ ရပ်စောင့်နေသည်။ နောက်တစ်ယောက်တက်သွားတော့ မိသားစုသုံးယောက်လောက် လှေခါးရင်း ရောက်လာသည်။ ထိုမိသားစုတက်သွားပြန်တော့ ပုဝါကိုင်လာသော စုံတွဲတစ်တွဲ နေရာယူလာ၏။

ကြာတော့ အဖွားကြီးမှာ ပန်းစီးများမကိုင်နိုင်တော့သဖြင့် သီချင်းဆိုရင်းတန်းလန်း ဆိုင်းဝိုင်းနောက်က ခုံပေါ် သွားတင်ရ၏။ သည်ကြားထဲ ပုဝါလာခြုံပေးသူကလည်း ခြုံပေးလေသေးရာ လျှောလျှောကျနေသော သူ့ပုဝါကို ဆွဲ-ဆွဲတင် နေရတာကလည်း တစ်ဒုက္ခ ဖြစ်ချေ၏။

ခင်ညွန့်ရီမှာမူ တက်လိုက်ဆင်းလိုက်နှင့် တစ်ယောက်ပြီးတစ်ယောက် ပန်းစီးကမ်းနေသူများကြောင့် သီချင်းစာသား များ မေ့ကုန်သဖြင့် သီချင်းစာရွက်သွားယူရလေသည်။

ဟိုက သူ့ဖီလင်နှင့်သူ မုဒ်အပြည့်ဖြင့် မောင့်အချစ်မြား စူးနေချိန်တွင် အလိုက်ကမ်းဆိုးမသိလှသော ကောင်မလေး တစ်ယောက်က ဘေးနားတွင်ပန်းစီးပေးရန် ရပ်စောင့်နေလေ၏။ နောက်တစ်ယောက်ကျတော့ ရပ်စောင့်နေရမှာ ရှက်လှသည်ထင့်။ ရင်ခွင်ထဲသို့ အတင်းထိုးထည့် သွားလေတော့၏။ သြော်၊ ငါ့နှယ်၊ ဖြစ်မှဖြစ်ရလေ။

နောက်ပိုင်းကျတော့ ပန်းစီးပေးရုံတင် မကတော့။ ပါးကို ဖက်နမ်းသူများ၊ သီချင်းဆိုနေသည်ကို ဖက်ကာ ဓါတ်ပုံ အရိုက်ခံသူများ၊ မိသားစုလိုက်တက်လာကာ ဘေးဘယ်ညာခြံရံလျှက် ဓါတ်ပုံရိုက်သူများနှင့် ဇာတ်စင်မှာ ဗွက်ပေါက် နေပါသည်။ သည်မြင်ကွင်းများကိုကြည့်လျှက် ကျွန်တော့်မှာ အတော်မသက်မသာ ခံစားမိပါသည်။ သို့သော် သည်လိုခံစားရသူ မှာလည်း ဤရုံထဲရှိ လူ ၁၀၀၀ ကျော်အနက် ကျွန်တော်တစ်ယောက်ထဲသာ ဖြစ်ပါလိမ့်မည်။

အို - မြတ်စွာဘုရား။ အလွန်အားနာတတ်ပါသည်ဆိုသည့် ကျွန်ုပ်တို့မြန်မာများ အလိုက်ကမ်းဆိုးမသိသည်မှာ ဆိုးရွား လှပေစွ။ (သည်လိုပြောပြန်လျှင် ငါတို့က စစ်အစိုးရလုပ်ခဲ့လို့ Sociology ကို မသင်ခဲ့ရဘူး ဟု မဆီမဆိုင်၊ လက်ပံသား၊ ဒါးနှင့်ချိုင်ပေဦးမည်။)

သည်လိုလုပ်နေတာ လူရွယ်တွေတင် မဟုတ်ပါ။ ခုမှ လမ်းလျှောက်တတ်ကာစ ကလေးများမှစ၍ အသက် ၆၀ - ၇၀ အရွယ်ထိ အရွယ်စုံ ဖြစ်ပါသည်။ ကလေးများကို မင်းတို့ကြီးလာရင် ဒါမျိုးလုပ်ရတယ်ဟု သင်ပေးနေတာ ဖြစ်ပါလိမ့်မည်။ ဤအထဲတွင် ကျွန်တော့် မိတ်ဆွေအတော်များများ ပါပါသည်။ ပညာတတ်၊ ရာထူးကြီးကြီးနှင့် သူများလည်း မနည်းလှပါ။ သူတို့သည်လည်း မြန်မာများပင်ဖြစ်ပေရာ သည်ပုပ်ထဲက၊ သည်ပဲ ဟုပင် ယူဆရပါသည်။  

ဤသည်မှာလည်း ကျွန်တော့်အပြစ်ပင် ဖြစ်ပါသည်။ ကျွန်တော့်ကိုယ်နှိုက်က သူများတွေးသလိုတွေး၊ သူများ လုပ်သလို မလုပ်တတ်ဘဲ လောကကြီးကို ကင်းမြီးကောက်ထောင်ကြည့်တတ်သော သဘာဝကြောင့်သာ ဖြစ်ပါလိမ့်မည်။

ဦးသန်းဝင်းကတော့ ခင်ဗျားဗျာ။ တောလွမ်းချင်းထဲမှာ ချိုပြုံးတို့၊ တွံတေးသိန်းတန်တို့တော့ထည့်ထားပြီး ဘာလို့ မာမာအေးကို ကျန်ခဲ့ရတာလဲဗျဟု အပြစ်တင်ပါ၏။ ဟုတ်ပါ့၊ သူပြောမှ ကျွန်တော်အလွန်ကြိုက်လှသော မောင့်အချစ်မြားစူး ကျန်ခဲ့ကြောင်း ခုမှ သတိရပါတော့သည်။ သို့မို့ကြောင့်လည်း အလွန်ချာသူဟု ကိုယ့်ကိုယ်ကိုယ် မကြာခဏ ကောင်းချီးပေးခြင်း ဖြစ်ပါသည်။

မာမာအေး ဆိုသွားတာ သီချင်းလည်းစုံလှသလို ကောင်းလည်း ကောင်းပါသည်။ အသက်ကလည်း ၇၀ ကျော်၊ နှလုံးကလည်း ခွဲထားရသေးဆိုတော့ ယခင်ကလောက်တော့ ဘယ်ကောင်းပါတော့မတုံး။ ဒါကြောင့် အလွန်ကောင်းပါသည်ဟု ကျွန်တော်မပြောခြင်းဖြစ်ပါသည်။ သို့သော် မောင့်အချစ်မြားစူးကိုမူ ခံစားချက်အပြည့်နှင့်ဆိုသွားသာဖြင့် အလွန်ကောင်းလှ ပါ၏။

ခင်ညွန့်ရည် ကလည်း အားပါးတရ သီဆိုသွားပါသည်။ သူစဖွင့်သည်မှာ မြန်မာမှန်လျှင် မကြိုက်သူမရှိ (အဲလေ၊ ဘွာ၊ ဘွာ။ ယောင်လို့၊ ဟိုလူကြီးတွေ အသိုင်းအ၀ိုင်းကတော့ ဘယ်ကြိုက်ပါလိမ့်မတုံး။ မကြိုက်လို့ဘဲ ဒီသီချင်းကို ဆယ်စုနှစ် အတော်ကြာ ပိတ်ထားတာမဟုတ်လား။) ဗိုလ်ချုပ်အောင်ဆန်း သီချင်းဖြစ်ပါသည်။ ကျွန်ုပ်မှာလည်း သည်သီချင်းကို ကြားရ၊ ဆိုရလျှင် ဘယ်ကဘယ်လို ဘာတွေဖြစ်လာသည်မသိ။ ကြက်သီးမွေးညင်းများထလာကာ ခုပဲ သေနတ်ထဆွဲချင်သလို၊ ခုပဲ ငှက်ကြီးတောင်နှင့် ရမ်းလိုက်ချင်သလို ဖြစ်လာလေ့ရှိပါသည်။ သို့အတွက် (ရာဇ၀င်၊ အတ္ထုပ္ပတ္တိလည်းရှိရမယ်၊  - - - - - -၊ မော်ကွန်းလည်းထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) ဟူသောအပိုဒ်အရောက်တွင် ဘေးဘယ်ညာသို့ မသိမသာအကဲခတ်လျှက် အသံကုန် ဟဲချလိုက်ပါသည်။  


သန်းမြတ်စိုးကလည်း အားရပါးရ၊ ပိုင်ပိုင်နိုင်နိုင်၊ အသံအောင်အောင်ဖြင့် သီဆိုသွားပါသည်။ ကိုမင်းအောင်ခိုင် ကလည်း မခေပါ။ အသံကောင်းသလို၊ အဆိုလည်း ကောင်းလှပါ၏။ အဲလေ၊ တစ်ခုပဲပြောဘို့ရှိပါသည်။

 အငြိမ့်တွင် က,သည့် ကောင်မလေးမှာ ဆိုးပင်မဆိုးလှသော်လည်း သူကနေတာကြည့်ရတာ မြန်မာအကကို Vengaboys က Shalalalala နှင့် ကနေသကဲ့သို့ ဖြစ်နေပါ၏။ ကျွန်တော်ကတော့ စိုက်ပျိုးရေးတက္ကသိုလ်တုံးက မသီသီခိုင် က,တာလောက်တောင် မကြိုက်ပါ။ သို့သော်လည်းလေ သူလည်း အားရပါးရ က,သွားပါ၏။ ကျွန်တော်ငယ်ငယ်က ကြည့်ခဲ့ရ သော အငြိမ့်မင်းသမီးများကိုမူ အားလုံးကြိုက်ပါသည်။ အထူးသဖြင့် မင်သမီး သီတာဝင်း ကတာကိုမူကား အလွန်ကြိုက်လှ၏။

သမ္ဗာလူပြက်ကြီးများဖြစ်သည့် မေတ္တာနှင့် ကုသိုလ်တို့ကလည်း ဣနြေ္ဒရရ ပြက်သွားကြပါ၏။ ကောင်းပါသည်။ အထူးသဖြင့် သူတို့နှစ်ယောက်ထဲကြောင့် ပိုကောင်းပါသည်။ ယခုကာလ အငြိမ့်များတွင် ဇာတ်စင်နှင့်အပြည့် လူပြက် ၇ ယောက် မှ ဆယ်ယောက်လောက်က ပြက်လုံးတစ်ခုထဲကို မပြီးနိုင်မစီးနိုင်၊ အလှည့်ပေးပြီး ပြက်နေတာမျိုး ကျွန်တော် အလွန် မုန်းပါသည်။ မင်းသမီးက,တာနှင့် ပြက်တာ မျှနေမှ ကြည့်ကောင်းပါသည်။

မည်သို့ပင်ဆိုစေကာမူ -

ကျွန်တော်အလွန်ကြိုက်လှသော သီချင်းများကို တေးသံရှင်များကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင်၊ လှလှပပ သီဆိုဖြေဖျော်သွား သည့်အတွက် အလွန်ကျေနပ်လှပါ၏။ တစ်သက်နှင့်တကိုယ် မြန်မာတေးသံရှင်များ လူကိုယ်တိုင် ဖျော်ဖြေသည်ကို ကြည့်ဖူး သည်မှာ ယခု ပထမဆုံးအကြိမ်ဖြစ်ပါသည်။

(ကျွန်တော့်အယူအဆများကို မကြိုက်လျှင် လွတ်လပ်စွာ သဘောကွဲလွဲကြပါခင်ဗျား။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၎ မတ်လ၊ ၂၀၁၃။ ည ၁၀း၁၇ နာရီ

Saw Ngo - Do or Die in Burma

ကာတွန်း စောငို - သဌေးဖြစ် ခွေးဖြစ် ငဒို့ ခေတ် ... ရောက်ရမည်မှာ မလွဲပါ ...
မတ် ၁၉၊ ၂၀၁၃

Aung Way - Long March - BURMA : DANCING WITH THE WOLVES


BURMA : DANCING WITH THE WOLVES

ငြိ မ်း ချ မ်းေ ရး ခ ရီး ရှ ည် ချီ တ က် ေ န သူ မ် ာ း သို  ့( ၇ ) ( နိ ဂံု း )
အောင်ဝေး၊ မတ် ၁၉၊ ၂၀၁၃

ရဲဘော်တို့ -

ဇာတ်ခုံပေါ်မှာတော့
ဗြောင်းဆန်ကုန်ပြီ။

ဇာတ်ရုံတစ်ခုလုံး
ရုန်းရင်းဆန်ခတ်။

ပြဇာတ်မင်းသားက
(အသံတိတ်)
နိုင်ငံခြားထွက်သွား။

မီးရောင်အောက်မှာ
အငြိမ့်မင်းသမီး တစ်ယောက်တည်း။

ဖြစ်ပါ့ မလား
လူပျက်(ပျက်)တွေ တစ်ပြုံကြီးနဲ့ 
အရုဏ်ကျင်းပါ့ မလား။

ရဲဘော်တို့ ဆက်လျှောက်။

ဒီတစ်ခါ
အရုဏ်တက်လို့ မှ
ဇာတ်မသိမ်းနိုင်သေးရင်။


ဟုတ်တည်း ရှင်ရင်း
ချင်းတွင်းမသေ
တို့ မသေ။

မြစ်ဆုံဆိုတာ
ဂုဏ်ကလေး တစ်ခုပေါ့ ။

ဘ၀ဆိုတာ
လှပတဲ့ပြဇာတ်တစ်ပုဒ်ပဲ ဖြစ်သင့်ပါတယ်။

ငါတို့ အားလုံး
ဇိအုန်တောင်ပေါ်မှာဆိုရင်
ပရိုမီးသီးယပ်စ်။

တစ်နေ့ 
ပရိုမီးသီးယပ်စ်လို
ငါတို့ လွတ်မြောက်ရမယ်။

ငါတို့ အားလုံး စပါးတားကပ်
ငါတို့ အားလုံး လက်ပံတောင်းတောင်။

ငါတို့ ဟာ
လိုင်ဇာမှာ
 အနာဂတ်ဖြစ်တယ်
 ငြိမ်းချမ်းရေးဖြစ်တယ်။

စစ်ဘေးဒုက္ခသည်များ
ငြိမ်းချမ်းကြစေသား။

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ
ကျန်းမာကြစေသား။

ရဲဘော်တို့ -
တွေ့ လား၊ တွေ့ လား
ရှေ့ မှာ မိုင်းကွင်း။

ဖောက်ပြန်ခြင်း
ကျောခိုင်းခြင်း
ကြေကွဲခြင်း
ငိုကြွေးခြင်း။

တစ်နေ့ 
တို့ မိုင်း ရှင်းရမယ်။

ကချင်က မိုင်းကွင်းတွေ
မနောကွင်းအဖြစ် ပြောင်းပစ်ကြ။

လိုင်ဇာဆိုတာ
လိုင်ဇာတစ်ခုတည်း မဟုတ်။

လက်ပံတောင်းဆိုတာ
လက်ပံတောင်းတစ်ခုတည်းမဟုတ်။

လိုင်ဇာပြဇာတ်မလှရင်
လက်ပံတောင်းမှာလည်း မလှ။

လက်ပံတောင်းမလှရင်
ဘယ်နေရာမှာမှ မလှ။

ဘ၀ဆိုတာ
လရောင်အောက်က အလှတရားလား။

မဟုတ်ဘူး
ဘ၀ဆိုတာ
လ၀န်းထဲ မီးလောင်ဗုံးကျတဲ့ည။

ရဲဘော်တို့ ရေ …
ဆက်လျှောက်။

တံတားအောက်
သွေး စီးသွားခဲ့ပြီ။

ပါဝါ ၅၄ မှာ
ပိတောက်ပန်းပွင့်ပါပြီလား။

တို့ ယာခရိုး
ချိုးကူသံ မကြားရ။

တို့ လယ်ကန်သင်း
လင်းပြာတွေ မနားကြ။

တို့ တောင်တန်းကို
သူတို့ ချိုင့်ဝှမ်းပစ်ကြတော့မယ်။

တို့ မြစ်ရေနဲ့ 
သူတို့ ခြေဆေးကြ။

တို့ မျက်ရည်နဲ့ 
သူတို့ ခြေဆေးကြ။

တရုတ်လာသည်
ယိုင်ယိုင်လော ယိုင်ယိုင်။

မြားမိုးရွာသည်
ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်။

မြစ်ကိုယူသည်
တောင်ကိုယူသည်
တောကိုပါယူသည်
ကိုလိုနီလော ကိုလိုနီ။

လယ်ကိုသိမ်းသည်
ယာကိုသိမ်းသည်
လူကိုပါသိမ်းသည်
ခရိုနီလော ခရိုနီ။

ထီးရိုးကို မိုးကြိုးပစ်အံ့
နဂါးကို ဂဠုန်သုတ်အံ့။

ဘ၀ဆိုတာ
ဇာတ်ဆရာ မယုံလို့ 
ဇာတ်ခုံ မီးနဲ့ ရှို့ တဲ့ညလား။

ရဲဘော်တို့  က ကြ။

ပန်းတိုင်ရောက်တဲ့ည
လိုင်ဇာရောက်တဲ့ည
ရဲဘော်တို့  က ကြ။

ကော့ဆက်မြင်းခွာသံတွေနဲ့ က ကြ
အာဖရိကန်ဗုံသံတွေနဲ့ က ကြ
က ကြ
ဝံပုလွေတွေနဲ့ ကခုန်ကြ။

တော်လှန်ရေးဟာ
မပြီးဆုံးသေးဘူးဆိုတဲ့ အတွေးနဲ့ 
က ကြ။

ကချင်ခေါင်ရည်ခွက်တွေမြှောက်ကြ။

ဟောဒီမှာ
လက်ပံတောင်းတောင်ကြီးအတွက် တစ်ခွက်။

ဟောဒီမှာ
ပညာမဲ့ ကျောမွဲများအတွက် တစ်ခွက်။

ဟောဒီမှာ
အမြဲတမ်းနောက်ကျနေတဲ့အမှန်တရားအတွက် တစ်ခွက်။

ဟောဒီမှာ
နှမြောတသလွမ်းဆွတ်ခြင်းများအတွက် တစ်ခွက်။      ။

အောင်ဝေး
(ဗမာနိုင်ငံကဗျာဆရာ)
မတ် ၁၇- ၂၀၁၃။

Ku Mo Jo - Leave my president out of it

ကာတွန်း ကူမိုးကြိုး - သမ္မတကြီးကို သင်းချိုင်းကုန်းမှာ ထားရစ်ခဲ့
မတ် ၁၉၊ ၂၀၁၃

Reminder - 88 Htay Kywe - Meeting With NYC Burmese Community

၈၈ မျိုးဆက် ကိုဌေးကြွယ်နှင့် နယူးယောက်မြန်မာမိသားစုများ တွေ့ဆုံပွဲ ထပ်ဆင့်နှိုးဆော်ချက်
မိုးမခရွာဆော်ကြီး၊ မတ် ၁၈၊ ၂၀၁၃
 

Than Htay Maung - Sketch, Htay Kywe

သန်းဌေးမောင် - ကိုဌေးကြွယ် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၆.၃.၂၀၁၃ ဒီစီမိသားများတွေဆုံခြင်း အမှတ်တရ... 
မတ် ၁၈၊ ၂၀၁၃ 
(ပန်းချီဆရာရဲ့ ဖေ့စ်ဘွတ်က ယူပါတယ်။ ခွင့်မတောင်းမိဘူး) 

Than Win Hlaing - Articles


မြန်မာ့ဂန္ထ၀င်စာပေ၏အနာဂတ် - အပိုင်း (၅)
သန်းဝင်းလှိုင်
မတ်လ ၁၈၊ ၂၀၁၃



● တောင်ငူခေတ် (ခရစ်နှစ် ၁၅၂၇ - ၁၅၉၆)
တောင်ငူခေတ်တွင် မြန်မာကဗျာသည် အတော်ပင် အခြေခိုင်ခံ့နေပေပြီ။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်တို့မှ လက်ဆင့်ကမ်း သယ်ဆောင်လာသော မြန်မာကဗျာအင်အားစုသည် အလွန်ကြီးမားသော အခြေအနေသို့ရောက်ရှိနေသည်။

တောင်ငူခေတ်တွင် ပေါ်ထွန်းလာသော ကဗျာစာဆိုများမှာ လှော်ကားသုံးထောင်မှူး၊ ရှင်ထွေးနာသိန်၊ ပြည်န၀ဒေးကြီး၊ ရဝေရှင်ထွေး၊ နတ်သျှင်နောင်၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ကြသည်။ ၎င်းတို့ဖွဲ့ဆိုရေးသားခဲ့ကြသော ကဗျာလင်္ကာစာပေများ မှာ လှော်ကားသုံးထောင်မှူး၏ မင်းတရားရွှေထီးဧချင်း၊ မင်းတရားရွှေထီးနားတော်သွင်း၊ ရှင်ထွေးနာသိန်၏ အင်းဝမြို့သို့ တမ်းတရတုပိုဒ်စုံ၊ ပြည်န၀ဒေးကြီး၏ မိုးဖွဲ့၊ တောဖွဲ့၊ ပန်းဖွဲ့၊ ပြည်ဖွဲ့၊ နန်းဖွဲ့၊ စစ်ချီမောင်ဖွဲ့၊ ဘုရားတိုင်မယ်ဖွဲ့၊ မောင်ဖွဲ့၊ အမေးအဖြေရတု၊ ကျေးစေရတု၊ သိကြားတိုင်ရတု၊ ဘုရင့်နှမတော်ဧချင်းခေါ် ယိုးဒယားမိဘုရားဧချင်း၊ မင်းတရားမယ်တော်ဧချင်း၊ ဆင်ဖြူရှင်မယ်ဧချင်း၊ မနော်ဟရီပျို့၊ ရှင်ဝေရှင်ထွေး၏ အဏ်ချင်း၊ နတ်သျှင်နောင်၏ ဘုရားတိုင်မယ်ဘွဲ့ရတု၊ ဘုရားတိုင် မောင်ဘွဲ့ရတု၊ ကျေးစေရတု၊ ရာဇဓါတုကလျာဘွဲ့ ရတု၊ သစ္စာတိုင်မယ်ဘွဲ့ ရတု၊ ဆောင်းရာသီ မယ်ဘွဲ့ရတု၊ မင်းဇေယျ ရန္တမိတ်၏ ဥတေနသာချင်း၊ ပဋာစာရီသာချင်း၊ စိဉ္ဇမာဏ၀ိကာသာချင်း၊ မင်းရဲနရာဧချင်း၊ ရှင်သံခို၏ မင်းရဲဒိဗ္ဗဧချင်း စသည့် မြန်မာ ဂန္တ၀င်ကဗျာများဖြစ်သည်။

တောင်ငူခေတ်သည် အင်းဝခေတ်နှင့် မတူချေ။ အင်းဝခေတ်တွင် ရဟန်းစာဆိုပေါများ၍ လူပုဂ္ဂိုလ်စာဆို ရှားပါးသည်။ တောင်ငူခေတ်တွင် လူပုဂ္ဂိုလ်စာဆိုများပြားသည်။

တောင်ငူခေတ် ဂန္တ၀င်မြောက်ကဗျာများအနက် ပြည်န၀ဒေး၏ ရတုမှာ ထင်ရှားသည်။ န၀ဒေးသည် သက္ကရာဇ် ၈၉၄ ခုနှစ် တွင် ပြည်မြို့၌ နန်းတက်သော ဘုရင် နရပတိ၏ ယောက်ဖတော် မင်းဘစော၏ အထိန်းတော်သားဖြစ်သည်။ အသက် ၁၀ နှစ် အရွယ်ကစ၍ ရတုကဗျာများ စပ်ဆိုခဲ့သည်။ စလင်းတွင် စည်သူကျော်ထင်ထံ ခစားရာ "မင်းလက်ျာ" ဘွဲ့ ရခဲ့သည်။ စည်သူကျော်ထင်နှင့် စစ်ကိုင်းသို့ လိုက်ပါခစားသည့်အခါ ထောင်သင်းကို ကြီးမှူးရသောကြောင့် "ထောင်သင်းမှူး" ဟု အမည်တွင် ပြန်သည်။ စစ်ကိုင်းစည်သူကျော်ထင်အင်းဝတွင် မင်းပြုစဉ် ဟံသာဝတီဘုရင် ဆင်ဖြူများရှင် အင်းဝကို တိုက်ခိုက်သိမ်းယူသည်။ ထိုအခါ ပြည်ဘုရင် သတိုးဓမ္မရာဇာက ဆင်ဖြူများရှင်ထံမှ ထောင်သင်းမှူးကို တောင်းယူသည်။ ပြည်မြို့တွင် စာဆိုကောင်းသောကြောင့် န၀ဒေးဘွဲ့ဖြင့် ချီးမြှင့်ခံရသည်။ န၀ဒေးဟူသော ဘွဲ့အမည်၏ အဓိပ္ပါယ်မှာ သုံးမျိုးပြား၏။ န - ၀ဒေ = ကဗျာလင်္ကာဖွဲ့ဆိုရာ၌ အပြစ်ဆိုစရာမရှိအောင် ကောင်းမွန်သော စာဆိုတော်။ န၀ - ဒေ = ရသကိုးပါး ပေါ်လွင်အောင် စပ်ဆိုနိုင်သော စာဆိုတော်။ န၀ဒေး = အသစ်အဆန်းတီထွင်စပ်ဆိုနိုင်သော စာဆိုတော် ဟူ၍ အဓိပ္ပါယ်သုံးမျိုး ရှိသည်။ စာဆိုတော် န၀ဒေးကြီးသည် ပိုဒ်စုံရတုပေါင်း ၃၀၀ ကျော်ကို ရေးဖွဲ့ခဲ့သည်ဟု ဆိုသည်။ သို့သော် ယခုအခါ ၂၃၆ ပုဒ်မျှကို သာ ရှာဖွေတွေ့ရှိတော့သည်။ မြန်မာကဗျာစာပေသမိုင်းတွင် န၀ဒေးလောက် ရတုပုဒ်ရေ များများ ရေးဖွဲ့ခဲ့သည့် စာဆိုဟူ၍ မရှိ ခဲ့ဘူးချေ။ ရတုအမျိုးအစားမှာလည်း စုံလင်လှ၏။ စစ်ချီ၊ ဘုရားတိုင်၊ သိကြားတိုင်၊ မိုးတိုင်၊ မြို့ဘွဲ့၊ မယ်ဘွဲ့၊ အဖြည့်ခံ၊ ဥဒေါင်း ဖိုမ အမေးအဖြေ၊ ၀မ်းဘဲဖိုမ အမေးအဖြေ စသည်ဖြင့် ဖွဲ့နွဲ့ပုံမျိုးစုံလေသည်။

န၀ဒေးကဲ့သို့ပင် တောင်ငူခေတ်၌ ရတုဘုရင်အဖြစ် ကျော်ကြားခဲ့သော စာဆိုတော်မှာ နတ်သျှင်နောင် ဖြစ်သည်။ စာဆိုအကျော် နတ်သျှင်နောင်သည် အခြားစာဆိုကျော်နှင့် လုံးဝမတူ တမူကွဲပြား၏။ ကဗျာဖွဲ့ဆိုသီကုံးသုံးနှုန်းပုံမှာလည်း လွန်စွာ ဆန်းပြားသည်။ စကားလုံးသုံးနှုန်းမှုအရာ၌ ကျွမ်းကျင်သဖြင့် စကားလုံးအမျိုးမျိုးကို ရေလဲနှင့်သုံးနှုန်းသူဖြစ်သည်။

ရတုဘုရင် နတ်သျှင်နောင်သည် ဇင်းမယ်ဘုရင်၏ နှမတော် ရာဇဓာတုကလျာကို နှစ်သက်မြတ်နိုးလှ၍ သူဖွဲ့နွဲ့သီကုံး သမျှ သော မယ်ဖွဲ့ရတုကဗျာတို့သည် အတိုင်းထက်အလွန်ကောင်းမွန်သည်ဟု ဝေဖန်ရေးသားကြသည်။

မြန်မာလူမျိုးတို့နှုတ်ဖျားတွင် သီဆိုလေ့ရှိသော ရတုဘုရင်၏ ရတုတစ်ပုဒ်မှာ "ပေါ်နွေလလျှင်" အစချီသော ကဗျာဖြစ်ပါ သည်။ ဤရတုသည် လွမ်းဆွတ်ကြေကွဲစရာအောက်မေ့တမ်းတစရာတို့ကို ပြေပြစ်ပျော့ပျောင်းလှသော သဒ္ဒါလင်္ကာရ၊ လှပဆန်းကြယ်သော အတ္တာလင်္ကာရတို့ဖြင့် သီကုံးစပ်ဆိုထားသည်ကို တွေ့ရှိရလေသည်။ ဤရတုပိုဒ်စုံကို ကောက်နုတ်ဖော်ပြ ပါရစေ။

"ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်တိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှင် ပြကာ၊ စိမ်းဝါမိုးပန်း၊ တွေတွေစွန်းက၊ ရေသွန်သာကြည်၊ ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပျောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်၊ ငှက်သွင်ပျံကြွမတတ်သောဝ်။"

စာပေသုတေသီတို့က ရတုဘုရင်  နတ်သျှင်နောင်သည် ရှေ့ကဖြစ်သော ပြည်န၀ဒေး၏ ရတုအဖွဲ့အနွဲ့များမှ ကောင်းရာ ညွန့်ရာတို့ကို ယူ၍ ပင်ကိုပါရမီဓါတ်ခံအနုပညာနှင့် ဖန်တီးရေးသားဖွဲ့ဆိုလိုက်သောအခါ ပထမတန်းစားရတုများအဖြစ်သို့ ရောက်ရှိလာသည်။ ဤသို့ နတ်သျှင်နောင်သည် ပထမတန်းစာဆိုတော်ကြီးအဆင့်သို့ ရောက်ရှိလာပေသည်။

နတ်သျှင်နောင်၏ အမွေကို ခံယူသူရတုစာဆိုရှင်သံခိုသည်လည်း န၀ဒေးကြီး၏ အာဘော်ကို အတုယူသည်။ န၀ဒေးသည် "ကိုးပါးမျက်စုံ" ချီ ကျေးစေရတုတွင်-

"နှုတ်ကွေးထိပ်ပြင်၊ သက်တင်တိရန်၊ မြီးသွန်းတောင်ပံ" ဟု စပ်ဆိုသည်ကို ရှင်သံခိုက သူ၏ "ကျည်းကဆက်သည်" အစချီ ကျေးစေရတုတွင်- "သန္တာနှုတ်ကွေး၊ သက်တင်ရေးနှင့်၊ လည်ကွေးမြီးသွန်း" ဟု အတုယူဖွဲ့ဆိုသည်။

တောင်ငူခေတ် ရတုစာဆိုကျော်တစ်ဦးဖြစ်သော မင်းဇေယျရန္တမိတ်သည်လည်း မုတ္တမဗြင်းနတ်ဘုရားတိုင် ရတုတွင် န၀ဒေး၏ အတွေးအမြင်အတိုင်း စပ်ဆိုထားသည်ကို တွေ့ရ၏။ န၀ဒေးက-

"ထစ်ကြွေးပြင်းစွာ၊ မိုးတိရွာလည်း၊ ထက်မှာမကျ၊ မြေကလွင့်တက်၊ သိကြားသက်၍၊ တံမြက်လှည်းနေ၊ သမုဒ်ရေ၀ယ်၊ စီးလှေသင်္ဘော၊ လွင့်ပြန်မျောလည်း" ဟု ဖွဲ့ဆိုသည်ကို မင်းဇေယျရန္တမိတ်က-

"တိမ်မှောင်စင်ကြယ်၊ မြရည်ထက်မှ၊ မကျစင်တက်၊ တံမြက်မာဃ၊ နတ်မမလှည်း၊ ၀န်းသည်းကျယ်ဝုတ်၊ သမုဒ်လယ်ချယ်၊ သင်္ဘောစက်လည်း" ဟု ဖွဲ့သီခဲ့သည်။ စကားအသုံးအနှုန်းအချို့မှလွဲ၍ အမြင်အတွေးတစ်ပြေးတည်းသာ ဖြစ်ပါသည်။

● ညောင်ရမ်းခေတ် (ခရစ်နှစ် ၁၅၉၇ - ၁၇၅၁)
ညောင်ရမ်းခေတ်တွင် ထင်ရှားသော စာဆိုတို့မှာ ရှင်ကရ၀ိက၊ ၀န်ကြီးပဒေသရာဇာ၊ ဦးအောင်ကြီး၊ ဟံသာဝတီရောက် မင်းတို့ဖြစ်သည်။ ရှင်ကရ၀ိက၏ မင်းလှယဉ်နုပျို့၊ မဏိကက်ပျို့၊ ကျေးဇူးတော်ပျို့၊ ကုမ္မာဘယပျို့၊ ဆန္ဒပျို့၊ နုမောလင်္ကာပျို့၊ ကြာနတ်ကေသာပျို့၊ မနော်ပျို့သစ်၊ သမုဒ္ဒဃောပျို့၊ ယိုးဒယားသံရောက်ပျို့၊ မနော်ပျို့၊ ထိပ်ဦးတင်ဧချင်း၊ ထိပ်ဦးနေဧချင်း၊ ထိပ်ပန်းဧချင်း၊ စကုမင်းဧချင်း၊ ထိပ်ဦးနေဧချင်း၊ ထိပ်ပန်းဧချင်း၊ စကုမင်းဧချင်း၊ စလင်းမင်းဧချင်း၊ စန္ဒာသီရိပျို့၊ နုအူပျို့၊ ကြာနတ်ကေသာပျို့၊ မဟာပတိပျို့၊ ၃၇မင်းဧချင်း၊ တျာဖွဲ့များ၊ ဘုန်းတော်ဘွဲ့သီချင်းခံ သီချင်းကြီးများ၊ ဇာတ်ချင်းများ၊ ဦးအောင်ကြီး၏ အင်းဝမြို့ဖွဲ့၊ ၁၂ ရာသီ လူတားကဗျာများ၊ ဟံသာဝတီရောက် မင်း၏ "ပုဂ္ဂိုလ်ခြောက်မည်" အစချီသုံးချက်ညီပိုဒ် စုံ၊ ကုဇ္ဇတိပလုဇ္ဇတီတိလောကော၊ သဘောနိယံ၊ လောကစံနှင့်အစချီ အင်းဝပျက်တမ်းချင်းတို့ကို ရေးသားဖွဲ့ဆိုခဲ့ကြသည်။

ညောင်ရမ်းခေတ် စာဆိုကျော်ဝန်ကြီးပဒေသရာဇာရေးဖွဲ့ခဲ့သော ရတုကဗျာ၊ ပျို့များစွာအနက် သူဇာပျို့သည် ထင်ရှားပေ သည်။ ပျို့သည် ပိုဒ်ရေများစွာ ပါဝင်သော လေးလုံးစပ်ကဗျာရှည်ဖြစ်သည်။ ရေးဖွဲ့သည့်အကြောင်းအရာကို စကားတန်ဆာ၊ အနက်တန်ဆာများဖြင့် နှစ်သက်ဖွယ်ကောင်းအောင် ဝေေ၀ဆာဆာ ရေးဖွဲ့သည့်အတွက် ထိုကဗျာမျိုးကို "နှစ်သက်ဖွယ်" ဟု အဓိပ္ပါယ်ရသော "ပျို့" ဟူသည့် ဝေါဟာရဖြင့် အမည်သညာပြုထားခြင်းဖြစ်သည်။ သူဇာပျို့သည် သီကုံးဖွဲ့ဆို ပုံ အသုံးအနှုန်းတို့မှာ ယဉ်ကျေးသိမ်မွေ့နူးညံ့သည်။ ဝေါဟာရပရိယာယ်ကြွယ်ဝသည်။ နန်းမူနန်းဟန်မှာ သူမတူအောင် ကောင်းလှသည်။ ကြမ်းတမ်းသင့်သည့်နေရာမှာ ကြမ်းတမ်း၍ နုနယ်သိမ်မွေ့ရမည့်နေရာတွင် နုနယ်သိမ်မွေ့လှကြောင်း တွေ့ရှိရသည်။ သူဇာပျို့နှင့် ပတ်သက်၍ "စာနုကိုလည်း မချစ်နှင့် သူဇာကိုလည်း မပစ်နှင့်" ဟူ၍ ရှေးပညာရှိတို့ဆိုစမှတ်ထားရစ် ခဲ့ကြသည်။ ဆိုခဲ့သည့်အတိုင်း သူဇာပျို့သည် လွန်စွာ နုယဉ်သိမ်မွေ့နူးညံ့လှသော စကားလုံးအသုံးအနှုန်းတို့ဖြင့် တန်ဆာဆင်၍ ဖွဲ့နွဲ့သီကုံးစပ်ဆိုခဲ့လေသည်။ ဤပျို့တွင် ပုဒ်ရေ ၁၂၅ ၌ သုဒ္ဓါစာရရှင်ရသေ့က မေးမြန်း၍ ဒေ၀ိန္ဒရာဇ်နတ်မင်း၏ သမီးတော် တစ်ပါးဖြစ်ကြောင်း ဖြေဆိုပြီးနောက် သူမ၏ ကြင်ယာတော်အိမ်ရှေ့မင်းသားစစ်ထွက်သွားနေရကြောင်း ပုဏ္ဏားက ချောက်တွန်း၍ ယဇ်နတ်ပူဇော်ခံရမည့်အခြေအနေတိုင်ခဲ့ကြောင်း၊ ယခု ဟေမာဂီရိတောင်သို့ ပြန်ရမည်ဖြစ်ကြောင်း၊ သူမ၏ ကြင်ယာတော်လိုက် လာပါက မှာကြားစရာရှိသည်ကို မှာကြားလိုကြောင်း ပြောကြားပုံကို ဖွဲ့ဆိုထားရာ များစွာကရုဏာသက်ဖွယ် ကြေကွဲဖွယ် တွေ့ရသည်။

ဤကဗျာကို ဖတ်ရှုပါက ၀န်ကြီးပဒေသရာဇသည် သူဇာနတ်သမီးလေး၏ ချစ်ခြင်းမေတ္တာကြီးမားပုံ၊ ခင်ပွန်းသည်လိုက်ပါက စိုးရိမ်ကြောင့်ကြဖြစ်ရပုံ၊ ခင်ပွန်းသည်က သူမအား မိမိအသက်ကိုပါ ငဲ့ကွက်မညှာလိုက်လာမည်ကို သိပုံ စသည်ဖြင့် ဖွဲ့ဆိုထားသည်မှာ သနားစရာ ကြေကွဲစရာ ကောင်းလှပြီး ကရုဏာရသမြောက်လှပါသည်။ ဤပျို့ကို ဖွဲ့ဆိုရာ၌ ဘ၀အမြင်၊ လောကအမြင်တို့ဖြင့် ဖွဲ့ဆိုထားပြီး အနုပညာမြောက်စွာ ဖန်တီးစီရင်ထားပေရာ မြန်မာစာပေလောက၏ ဂန္တ၀င်ကဗျာကြီးတစ်ပုဒ်အဖြစ် ထင်ထင်ရှားရှား ရပ်တည်လျက် ရှိပါသည်။

ဝန်ကြီးပဒေသရာဇာ၏ ကဗျာများအနက် တျာချင်းများဖြစ်သော လယ်သမား၊ ထန်းသမား၊ ပိန်းကောသမား၊ တောင်ပိုင် တက်သမား၊ အညာလှေသူကြီးတို့သည် မြန်မာစာပေလောကတွင် အထူးထင်ရှားသော စာပေရတနာများဖြစ်ပေသည်။

တျာချင်းကဗျာ၏ အဓိပ္ပါယ်မှာ "တျာ" ဟူသော မြန်မာဝေါဟာရသည် ချိုမြသာယာသိမ်မွေ့စွာဖွဲ့ဆိုအပ်သော ကဗျာ၊ သီဆိုရသော ကဗျာဟု အနက်ရ၍ ကဗျာသဘောထက် ဂီတဘက်သို့ အလေးသာသော ကဗျာသီချင်းဖြစ်သည်။ တူရိယာ နှင့် တွဲဘက်တီးမှုတ်သီဆိုရသည်။ ရှေးက တျာဘွဲ့သီချင်းဟု ခေါ်ကြသည်။ မြန်မာကဗျာစာပေသမိုင်း၌ အစောဆုံးတွေ့ရသော တျာချင်းမှာ သက္ကရာဇ် ၆၇၄ ခုနှစ် ပင်းယခေတ်ဘုရင်သီဟသူ လက်ထက် ရေးဖွဲ့သည့် "ခါးပတ်တော်မှာ ရွှေချည်စုံမှိုင်းလုံး ရွှေဝတ်လုံ"အစချီသော တျာချင်းနှင့် ၇၂၆ ခုနှစ် အင်းဝဘုရင် သတိုးမင်းဖျားလက်ထက်တွင် ရေးဖွဲ့ခဲ့သည်ဟု အဆိုရှိသော "ဆိတ်စားငယ်လေ မှတ်တမဲ့" အစချီသည့် တျာချင်းများပင်ဖြစ်သည်။

တျာချင်းများရေးသားခဲ့ရာ၌ ၀န်ကြီးပဒေသရာဇာသည် မိမိကိုယ်မိမိ တောသူတောင်သားဈာန်ဝင်၍ ရေးသားခဲ့သည်ဟု ဆိုနိုင်သည်။ မြို့ကြီးပြကြီး၊ ရွှေနန်းတော်တွင်း ဖြစ်ပျက်နေသော အကြောင်းအရာတို့ကို မဖွဲ့၊ တောသူတောင်သားတို့ ဆင်းရဲနွမ်းပါးစွာ အသက်မွေးဝမ်းကျောင်းရသော အဖြစ်သနစ်သရုပ်မှန်ဘ၀ကို ရေးဖွဲ့ခဲ့သည်။ ၀န်ကြီးပဒေသရာဇာသည် သူ၏ ရှေ့ ရေးသားစပ်ဆိုခဲ့သော စာဆိုအကျော်များ၊ သူနှင့်ခေတ်ပြိုင်စာဆိုကျော်များကဲ့သို့ ဘုံခန်းမှ ကြီးကျယ်ခမ်းနားသော နန်းဗိမာန် ဘုံအဆောင်ဆောင် ဖွဲ့ဆိုခြင်းမျိုးတို့နှင့်မတူ သီးခြားလူ့ဘ၀ကို ဖွဲ့ဆိုကြောင်းတွေ့ရသည်။ ၀န်ကြီးသည် ကျေးလက်တောရွာ နေထိုင်စားသောက်ရသော နင်းပါးတို့၏ဘ၀ကို ရင်ထဲတွင် နက်ရှိုင်းစွာ ခံစားမိဟန်တူလေသည်။

ဤကဲ့သို့ ပြည်သူဘက်ကရပ်တည်ဖွဲ့ဆိုခဲ့သော ၀န်ကြီးပဒေသရာဇာသည် ဒုတိယအင်းဝခေတ် ခေါ် ညောင်ရမ်းခေတ် အင်္ဂါမင်းလက်ထက် သက္ကရာဇ် ၁၀၄၇ တွင် အင်းဝမြို့၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးနှင့် စာဆို၏ အမည်အရင်းကို မသိရသော်လည်း ဖခင်သည် ထိုစဉ်က နန်းတွင်းမှူးကြီးမတ်ကြီးတစ်ဦးဖြစ်ခဲ့ကြောင်းနှင့် မိခင်သည် အိမ်ရှေ့မင်း၏ အချီတော် ဖြစ်ခဲ့ကြောင်း အထောက်အထားတွေ့ရသည်။

သက္ကရာဇ် ၁၀၆၀ တွင် ပဒေသရာဇ၏ မိခင် ချီထိန်းခဲ့ရသော စနေမင်းသည် သီရိမဟာ သီဟသူရ သုဓမ္မရာဇာ ဘွဲ့ခံ၍ ရွှေတောင်တက်ခဲ့သည်။ ထိုအခါ ပဒေသရာဇာဖြစ်လာမည့် အချီတော်၏ သားသည် စုရေးစုကိုင် ဖြစ်လာသည်။ ထိုအချိန်မှစ၍ ပဒေသရာဇာသည် ကဗျာလင်္ကာများရေးစပြုလာသည်။

သက္ကရာဇ် ၁၀၇၆ တွင် စနေမင်း၏ သားတော် တနင်္ဂနွေမင်းနန်းတက်သောအခါ "လက်ဝဲရွှေတောင်ဘွဲ့" ဖြင့် ချီးမြှင့်ပြီး မန်ကျည်းတုံရွာကို ပေးသနား၏။ ဝေါဗလာစီးခွင့်၊ ကျိုင်းရွှေချပ်နှစ်စင်း ဆောင်းခွင့်ပြု၍ ချီးမြှောက်ခြင်းလည်း ခံရ၏။ ထိုမင်းလက် ထက်တွင်လည်း စာဆိုသည် ပျို့ကဗျာများကို ရေးသားဆက်သွင်းခဲ့၏။ ထို့အပြင် တနင်္ဂနွေမင်း၏ သား စဥ့်ကူးမင်းသား၏ အကြီးတော်အဖြစ်လည်း အမှုထမ်းရ၏။ သက္ကရာဇ် ၁၀၉၅ တွင် စဥ့်ကူးမင်းသားသည် ကြာသပတေးမင်းအဖြစ် နန်းတက်၏။ ထိုကြာသပတေးမင်းကား နောင်အခါတွင် ဟံသာဝတီ လိုက်ပါရသည် ဖြစ်သောကြောင့် သမိုင်း၌ ဟံသာဝတီရောက်မင်းအဖြစ် ထင်ရှားသည်။

ဟံသာဝတီရောက်မင်းသည် စာပေမြတ်နိုးသည့်အလျောက် စာဆိုကျော်အား "ဘယကျော်သူ" ဘွဲ့ဖြင့် သူကောင်းပြု ချီးမြှောက်ခဲ့၏။ ထို့နောက် မင်းသည် စာဆိုတော်အား ဤမျှဂုဏ်ပြုချီးမြှောက်ရသည်ကို အားမရသေးသဖြင့် မင်းဆွေ၊ မင်းမျိုး တို့ကိုသာ ချီးမြှင့်လေ့ရှိသော "မင်းကျော်ထင်" ဘွဲ့ဖြင့် ထပ်မံချီးမြှောက်ပြန်ပါ၏။ ထိုကာလတလျှောက်တွင်လည်း စာဆိုသည် ပျို့ ကဗျာများ ဆက်လက်ရေးသားဆက်သွင်းခဲ့လေသည်။ သူဇာပျို့ရေးသားဆက်သွင်းခဲ့သည့်နောက်ပိုင်းတွင် စာဆိုသည် "မင်းရဲ မင်းလှကျော်ထင်" ဘွဲ့ဖြင့် အသည်ဝန်ဖြစ်လာသည့်အပြင် ဇလွန်မြို့ကို စားရသည်။

ထို့နောက်တွင်လည်း စာဆို၏ အရည်အသွေးအလိုက် ရာထူးများ၊ ဘွဲ့များချီးမြှင့်ခဲ့ရာ စာဆိုသည် "နတ်ရှင်နောင်" ဘွဲ့၊ "ပဒေသရာဇာ" ဘွဲ့တို့ကိုလည်း ရခဲ့သည်။ နှောင်းခေတ်တွင် စာဆိုသည် ပဒေသရာဇာဟူသော ဘွဲ့အမည်ရှည်ဖြင့်သာ ထင်ရှားခဲ့ လေသည်။ ထိုအချိန်၌ စာဆိုသည် ၀န်ကြီးဖြစ်နေလေပြီ။

သက္ကရာဇ် ၁၁၁၃ တွင် ဟံသာဝတီက အင်းဝကို တိုက်၍ အင်းဝပျက်သောအခါ ဟံသာဝတီသားတို့က မင်းနှင့်တကွ မိဘုရား၊ သားသမီးတော်၊ ၀န်ကြီးမှူးကြီးတို့ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ စာဆိုပဒေသရာဇာသည်လည်း မင်းနှင့်အတူ လိုက်ပါခဲ့ ရ၏။ ဤသို့ ဟံသာဝတီသို့ လိုက်ပါပြီးနောက် သွေးဝမ်းရောဂါဖြင့် ဟံသာဝတီတွင် ကွယ်လွန်ခဲ့ရာ ၀န်ကြီး၏ အရိုးအိုးဂူပြဿာဒ်ကို တည်ထားရာ သန်လျင်ကျိုက်ခေါက်ဘုရား အနီး၌ ယနေ့တိုင်တွေ့မြင်နိုင်ပေသည်။

● ကုန်းဘောင်ခေတ် (ခရစ် ၁၇၅၂ - ၁၈၈၅)
ကုန်းဘောင်ခေတ်တွင် စိန္တကျော်သူဦးသြ၊ လက်ဝဲသုန္ဒရ၊ ရွှေတော်နန္ဒသူ၊ ဦးဖျော်၊ မိဘုရားကြီး ရှင်မင်း၊ အတွင်းဝန် ဦးညို၊ တွင်းသင်းတိုက်ဝန် မဟာစည်သူ၊ ဦးတိုး၊ ဦးယာ၊ မယ်ခွေ၊ ကြည့်ကန်ရှင်ကြီး၊ ၀က်မစွတ်န၀ဒေး၊ ဦးအောင်ဖြိုး၊ ဦးရောက်ကြီး၊ ဘိုးသူတော်ဦးမင်း၊ လူဦးမင်း၊ ဦးရွှန်း၊ ဦးကြင်ဥ၊ ဦးရွှေခြည်၊ လှိုင်ထိပ်ခေါင်တင်၊ စလေဦးပုည၊ ကင်းဝန်မင်းကြီး၊ မန်လည်ဆရာတော်၊ လယ်တီဆရာတော် စသော စာဆိုကျော်များထွန်းကားပေါ်ပေါက်ခဲ့လေသည်။

ယင်းတို့ ရေးသားခဲ့သော စာကဗျာများမှာ စိန္တကျောင်းသူ ဦးသြ၏ ရတနာသိင်္ဃကုန်းဘောင်မြို့ဘွဲ့၊ အိမ်ထောင်သိမ်းဘွဲ့၊ ပြဿာဒ်ထီးချက်တော်ဘွဲ့၊ မဟာနန္ဒာကန်တော်ဘွဲ့၊ အမြင့်မင်းနှင့်တူမတော်လက်ထပ်ဘွဲ့၊ ကျေးစေ၊ ဘုရားတိုင်၊ စစ်ချီ၊ ဟင်္သာဖိုမ အမေးအဖြေ၊ ရှင်မွေးနွန်းမင်းနန္ဒာအမေးအဖြေ၊ ဘိုးတော်ရှင်ဧချင်း၊ ပင်းတလဲမင်းသားဧချင်း၊ အိမ်ရှေ့မိဘုရားဧချင်း၊ သြ၀ါဒထူးပျို့၊ က၀ိလက္ခဏာသတ်ပုံကျမ်းတို့ဖြစ်သည်။ လက်ဝဲသုန္ဒရအမတ်ကြီး၏ မဲဇာတောင်ခြေ အစချီပိုဒ်စုံရတု၊ ဝေရွှန်း စန္ဒာချီပိုဒ်စုံရတု၊ သာဓိနပျို့၊ ဂုတ္တိလပျို့၊ နန္ဒီသေနပျို့၊ မန္ဓာတုစကြာမင်းပျို့၊ ဗျူဟာစက္ကိပျို့၊ သရဘင်္ဂပျို့၊ ဂါမဏိစန္ဒပျို့၊ အာဒါသမုခပျို့၊ သောဏပျို့၊ သေနင်္ဂဗျူဟာပျို့၊ ၀ိနိစ္ဆယပကာသနီဓမ္မသတ်လင်္ကာပျို့၊ ဓမ္မသတ်လင်္ကာ၊ မုဒ္ဓါဘိသေကမော်ကွန်း၊ နိဗ္ဗာနပစ္စယဆင်တော်မော်ကွန်း၊ မဟာဝိဇယရံသီစည်းခုံတော်မော်ကွန်း၊ ရတနာပူရအင်းဝပြည်တော်ကြီးလာမော်ကွန်း၊ မင်းကွန်း စေတီတော်တည်မော်ကွန်း၊ ဓည၀တီနိုင်မော်ကွန်း၊ ၈၀ ပေါ် အဲရိုးများ၊ ထားစကြာရောက်ရတု၊ လူတားများ ဖြစ်သည်။ 

ရွှေတောင်နန္ဒသူ၏ မွေ့နွန်းရကန်၊ ငွေတောင်ရကန်သစ်၊ အင်းဝမြို့ဖွဲ့ရကန်။ ဦးဖျော်၏ မင်္ဂလာချက်ဗွေချီငစဥ့်ကူးမင်း နားတော်သွင်းဧချင်း၊ မိဘုရားကြီးရှင်မင်း၏ တေးထပ်နှင့် လေးဆစ်ကဗျာများ၊ မိုးဘွဲ့၊ အလွမ်းဘွဲ့ရတုများ၊ အတွင်းဝန် ဦးညို၏ ရွှေမင်းဘုန်းဆင်တော်မော်ကွန်း၊ တွင်းသင်းတိုက်ဝန်မဟာစည်သူ၏ ငရံ့မင်းပျို့၊ မုဒုလက္ခဏပျို့၊ မဟော်ကျေးစေခန်းပျို့၊ ဥမင်ခန်းပျို့၊ ဇယဒိသပျို့၊ ၀ိဓူရပျို့၊ ဝေသန္တရာပျို့၊ ဘလ္လာတိယပျို့၊ ဇနကပျို့၊ ရေသဘင်လူးတား၊ တက်ရေး (၃၇) ချင်း လူးတား၊ အောင်ပင်းလယ်ကန်ဘွဲ့၊ ဘုန်းတော်ဘွဲ့ရတု၊ ထားစကြာဘွဲ့၊ ဓမ္မသတ်လင်္ကာ၊ မနုရင်းလင်္ကာ၊ မနုဝဏ္ဏနာဓမ္မသတ်လင်္ကာ၊ ပုဏ္ဏရိက ဆင်တော်မော်ကွန်း၊ မင်းကွန်းဘွဲ့မော်ကွန်း၊ အမရပူရမြို့ဘွဲ့မော်ကွန်း၊ ပေါရာဏကထာကျမ်းတို့ဖြစ်သည်။

ဦးတိုး၏ ရာမရကန်၊ ဦးယာ၏ အင်းဝမြို့ဘွဲ့ ၁၂ ရာသီ လူးတား၊ မယ်ခွေ၏ ၁၂ ရာသီဘွဲ့အဲချင်း၊ ကြည့်ကန်ရှင်ကြီး၏ လောကရေးဓမ္မရေး၊ ရာဇရေးနှင့်တကွ စာပေးစာယူ မူပဒေသာ မေတ္တာစာများ၊ သတ္တောဝါဒီကမ္မဋ္ဌာန်းဆယ်လွန်းတင်ဂါထာ ၁၃ ပုဒ်၊ စွယ်စုံကျော်ထင်သတ်ပုံအမေးအဖြေပုစ္ဆာများ၊ လင်္ကာ၊ ပျို့၊ ကဗျာ၊ ရတုများ။ ရှင်ဥက္ကံသမာလာ၏ မေတ္တာစာများ။ ၀က်မစွတ် န၀ဒေး၏ ရှုလော့စဉ်ရှည်ချီ မိတ္ထီလာကန်တော်မော်ကွန်း၊ တက်ဖြိုးဝေလျှံချီမင်္ဂလာလက်ထပ်ရတု၊ သားတော်သမီးတော် လက်ထပ်ရတုများ၊ နားတွင်းသျှောင်ထုံးရတုများ၊ ဘုန်းတော်ဘွဲ့ရတုများ၊ မိတ္ထီလာကန်တော်မော်ကွန်း၊ စန္ဒမုနိမော်ကွန်း၊ ရခိုင်နိုင် မော်ကွန်း၊ အာသံနိုင်မော်ကွန်း၊ တရုတ်သံရောက်မော်ကွန်း၊ ဘကြီးတော်ဘုရားနန်းဖွင့်မော်ကွန်း၊ ၀ိလာသိနီမော်ကွန်း၊ လောက၀ိဒူမော်ကွန်း၊ ဗာဝရီမော်ကွန်း၊ သာမုဒြိကမော်ကွန်း၊ မင်းကွန်းနန်းတော်ဘွဲ့မော်ကွန်း၊ နန်းတော်ဘွဲ့မော်ကွန်း၊ ဣသျှံဂူ မော်ကွန်း၊ ထားဝယ်နိုင်မော်ကွန်း၊ ရဲတင်း၊ မော်ကွန်း၊ မုနိရှစ်ဆူ၊ မော်ကွန်းများ၊ ဆင်ဖြူရှင်မယ်ဧချင်း တို့ဖြစ်သည်။

ဦးအောင်ဖြိုး၏ ရာဇ၀င်သာချင်း၊ ရာမသာချင်း၊ ကျန်စစ်သားကြုတ်ဖွင့်ခန်းသာချင်း၊ တရုတ်ပြည်စွယ်တော် တောင်းသာချင်း၊ ဗောဓိပင်ကို မာရ်နတ်သား လုခန်းသာချင်း၊ မင်းဆက်သာချင်း၊ နှစ်ကျိပ်ရှစ်ဆူ၊ ဘုရားသာချင်း၊ ငှက်ကြီးသာချင်း။ ဦးရောက်ကြီး၏ ဥဒေါင်းမင်းပျို့၊ ဣသိသိင်္ဂပျို့၊ စန္ဒကိန္နရီပျို့၊ နှမတော်ပုဂံမင်းသမီးဧချင်း၊ ရတနာပူရမြို့ဖွဲ့မော် ကွန်း၊ အမရပူရမြို့ နန်းသိမ်းရတုများ၊ မုံရွေးဆရာတော်၏ အာဒါသမုခပျို့သစ်၊ မဟာသီလ၀ပျို့၊ ပဉ္စာဝုဓပျို့၊ ကုသပျို့၊ မုံရွေး မေတ္တာစာ၊ မင်းဆက်ရာဇ၀င်သံပေါက်။ ဖိုးသူတော် ဦးမင်း၏ ဟောင်းရွက်ညှာခါလှစ်လို့ အစချီလေးဆစ် ၁၂ ပုဒ်၊ ထပ်ထပ်သာ စောတော့တယ် အစချီ ၁၂ ရာသီလွမ်းချင်း ၁၂ ပုဒ်၊ နေဖွဲ့၊ မိုးဖွဲ့၊ ဆောင်းဖွဲ့၊ လေးချိုးကြီး ၃ ပုဒ်။ လူဦးမင်း၏ ဘုန်းတော်ဘွဲ့များ နှင့် ၁၂ ရာသီဖွဲ့လေးချိုးကြီး။ ဦးရွှန်း၏ တောင်ငူဆိုရတုအဖြေ၊ ဘကြီးတော်၏သားတော်နားတော်သွင်း၊ ၄င်းသမီးတော်ဧချင်း၊ မဟာသုတေသောမပျို့၊ မဟော်ဥမင်ခန်းပျို့၊ မဟော်ပြဿနာခန်းပျို့၊ သရဘင်္ဂပျို့၊ ဂါမဏိစန္ဒပျို့၊ မဟာဇနကပျို့၊ ဥမ္မာဒန္တီပျို့၊ ဓမ္မဓဇပျို့၊ တဘက်ပြသတ်ပုံ၊ အာယုဒီဃဆေးကျမ်းလင်္ကာများနှင့် ရတုများ။ ဦးကြင်ဥ၏ လေးဆစ်များ၊ ဘုရားဟောကျမ်းဂန်လာ မဟောသဓာပြဇာတ်၊ ဘုရားဟောကျမ်းဂန်လာ ဝေသန္တရာပြဇာတ်၊ ဒဏ္ဍာရီများဖြစ်သော ဒေ၀ကုမ္ဘာန်ပြဇာတ်၊ ၀င်္ကန္တပြဇာတ်၊ ပါပ ဟိန်ပြဇာတ်၊ ကာလကဏ္ဏီပြဇာတ်၊ ရတုအမျိုးမျိုး၊ သီချင်းဆန်းအမျိုးမျိုး၊ ၁၂ရာသီဘွဲ့ညည်းချင်း၊ မိုးဖွဲ့ညည်းချင်း၊ တောတောင်ဖွဲ့ ညည်းချင်း၊ ဇော်ဂျီဖွဲ့ညည်းချင်း၊ သန်းခေါင်အချိန်ညည်းချင်း၊ မုဆိုးစကားအမျိုးမျိုး၊ ဆိုင်းဆင့်အမျိုးမျိုးအစရှိသော သီချင်းပဒေသာများ ဖြစ်၏။

ဦးရွှေခြည်၏ အကိတ္တိပျို့၊ အဘိရူကပျို့၊ ကလိင်္ဂဗောဓိပျို့၊ စန္ဒကိန္နရီပျို့သစ်၊ ဒေဓမ္မ၀ပျို့၊ မဟာပဒုမပျို့၊ မဟာဓမ္မပါလပျို့၊ ဗိမာန်ရတနာကျောင်းတော်မော်ကွန်း၊ မဟာဝေယန်ဘုံသာကျောင်းတော်မော်ကွန်း၊ စလေဦးပုည၏ ရတနာနဒီ မော်ကွန်း ပုဒ်ရေ (၂၂)၊ ဇင်းမယ်နိုင်မောင်ကွန်း ပုဒ်ရေ (၅၆)၊ သဒ္ဒါပုဒ်စပ် (၁၇) ပုဒ်၊ ပင့်ရစ်သတ်ပုံ (၁၃) ပုဒ်၊ ဗေဒင်ဟောကိန်း ရကန်နှင့် သဂြိုဟ်ကိုးပိုင်းတေးထပ်များ၊ သက္ကတဘာသာဖတ်နည်းလင်္ကာ၊ တေးထပ်အမျိုးမျိုး၊ ဝေပေါ်အမျိုးမျိုး၊ ဆေးနည်းလင်္ကာကဗျာအများ၊ လင်္ကာစကားပြေရောစပ်သော ၀ိဇယ၊ ပဒုမ၊ ကောသလရေသည်ပြဇာတ်များနှင့် တရားဟော စာပုဒ်ရေ (၃၀) ကျော်၊ မေတ္တာစာပုဒ်ရေ (၆၀) ကျော်၊ ဗြို့ဟတ်ကျမ်းလာဇာတာယုဂ်ပေါင်း ၁၅၀ တို့ကို တေးထပ်ပေါင်း ၁၅၀ ဖြစ် ပြီး အောင်ဟောတေးထပ်များ၊ သက္ကကုန္ဒဆေးကျမ်းလင်္ကာ ၂၆ ပုဒ်၊ သာသနာရောက်မင်းပြိုင်စာတမ်းနှင့် သာသနာလျှောက်စာ တမ်း၊ ရွှေဘိုမင်းတရားလက်ထက် ဆွမ်းတော်ကြီစာတမ်း၊ ရှင်ပြုနားထွင်းဖိတ်စာများနှင့် သာသနာပိုင်ဦးဥေယျ ပျံလွန်တော်မူ ရာတွင် ငိုချင်းရှည်၊ ပုဂံတွင် နေစဉ် ပိဋကတ်ဘက်ဆိုင်ရာကျမ်းများ၊ အပျော်ဖတ်တုံးချင်းများနှင့် သဘင်တေးဘွဲ့ ယိုးဒယား အမျိုး မျိုး စသည်တို့ ဖြစ်၏။

ကင်းဝန်မင်းကြီး၏ တိဏ္ဏုကပျို့၊ နေမိရကန်၊ ဓမ္မောဇမော်ကွန်း၊ ရတနာနဒီမော်ကွန်း၊ ဓမ္မသတ်လင်္ကာများနှင့် အဖွင့်ကျမ်း များ၊ သီပေါမင်းတရား၏ သားတော်မြပုခက်တင်ဧချင်း၊ သီပေါမင်းတရား၏ သမီးတော်ဧချင်း၊ လူးတားလွှဲချင်း၊ ဓမ္မသတ် ၃၆ စောင်ချုပ်၊ အမွေမှု ဓမ္မသတ်ကြီး၊ ဆောင်းပါး၊ မေတ္တာ၊ မှာတမ်း၊ နိုင်ငံခြားသွားနေ့စဉ်မှတ်တမ်းများ၊ ကျောက်စာ၊ ရတု၊ သာချင်း၊ ယိုးဒယားပတ်ပျိုးအစရှိသော ကဗျာသီချင်းများ။ မန်လည်ဆရာတော်၏ မဟာသုတကာရီမဃဒေ၀လင်္ကာကျမ်းများ၊ ကဗျာများ စသည်တို့ဖြစ်သည်။ 

လယ်တီဆရာတော်၏ ဂမ္ဘီရကဗျာကျမ်း၊ အချုပ်တန်းဆရာဖေ၊ "ထီးဖြုပြသာဒ်" နှင့် အစချီတေးထပ်၊ "မြန်မာတွေ စည်းကမ်းဖောက်" ချီတေးထပ်၊ ဆီးဘန်နီဆရာတော်၏ "တဖန်မှတ်စေ" ချီပါတော်မူ ဧကပိုဒ်ရတုတို့သည်လည်း ကုန်းဘောင် ခေတ်နှောင်းတွင်  ပေါ်ထွက်ခဲ့သော မြန်မာဂန္တ၀င်ကဗျာများ ဖြစ်သလို ယနေ့တိုင် စာဖတ်သူတို့၏ ဟဒယနှလုံးအိမ်တွင် စွဲထင်နေ သော ကဗျာများဖြစ်ကြပါသည်။

(ဆက်လက်ဖော်ပြပါမည်)


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives