[moemakadaily@moemaka.biz] 20th Mar - MoeMaKa Daily

ကာတွန်း မောင်ရစ် -  နှလုံးအေးတဲ့ ဆေး
မတ် ၂၀၊ ၂၀၁၃

ATH - Cartoon

ဘက်ဂရောင်း ကောင်းတာကိုးဗျ
ကာတွန်း - ATH
မတ်လ ၂၀၊ ၂၀၁၃


Salai Sunapi - Cartoon

မဆိုင်သလိုပါပဲ
ကာတွန်း - ဆလိုင်းစွမ်းပီ
မတ်လ ၂၀၊ ၂၀၁၃


Kan Tun Thit - Articles


ကမ္ဘာတည်မည့် ဂုဏ်
ကံထွန်းသစ်
မတ်လ ၂၀၊ ၂၀၁၃



ရိုမန်ကက်သလစ်ဘာသာဝင်တို့၏ ရဟန်းမင်းကြီး ဘာနာဒစ်၏နေရာကို အာဂျင်တီးနားဇာတိ ရဟန်းမင်းကြီးဖြင့် အစားထိုးခန့်သည့်နောက်တနေ့၊ ပုပ်ဟောင်း၏နေရာကို ပုပ်သစ်ဖြင့်အစားထိုးပွဲ၊ ဘာတီကန်နန်းတော်ခေါင်းတိုင်မှ ရွေးချယ်မှုအောင်မြင်ခြင်းအထိမ်းအမှတ် မီးခိုးဖြူထွက်လာသည့် သတင်းကို ကိုယ်ငေးနေစဉ် …

"ဟလို ..."

ကိုယ်၏ခွန်းဆက်သံပင်မဆုံး၊

"ဘုန်းဘုန်း … သတင်းဖတ်ပြီးပလား … မစိုးရိမ်ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီဘုရား"

LA က အစ်မ၊ ဆရာတော်ကြီးအကြောင်း၊ နိုင်ငံရေးနယ်ပယ်က ဂယက်၊ ဟိုအကြောင်း သည်အကြောင်း အနည်းငယ်စီပြောကာ ဖုန်းချသွားသည့်တိုင် ပဲ့တင်ထပ်ကျန်ခဲ့သည်က "ဆရာတော် ပျံတော်မူ သွားပြီ" ... တဲ့။

"ဆရာတော်ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ"၊ မစိုးရိမ်တိုက်ကြီးတို့၏ နာယက၊ စာသင်သားတို့၏ဆရာ၊ ထက်မြက်သော၊ ရဲရင့်သော၊ ရိုးသားသောဂုဏ်တို့အရှင်။ မနေ့ကပင် ဆရာတော်မိန့်ခဲ့သော စကားလေးတခွန်းကို စာကိုးလို၍ အမိမြေကို လှမ်းတောင်းခဲ့သေးရဲ့၊ ခုတော့ … နှောင်းခဲ့ပြီ။

ဆရာတော် ရှစ်ဆယ်ပြည့်ပူဇာ စာအုပ်ထုတ်ရန်ပြင်ကြတော့ ကိုယ့်ကိုလည်း ရေးဖော်ညီနောင် တွေက တိုက်တွန်းကြသည်။ သူတို့ရေးသားကြသည့် ဆောင်းပါးတို့ကို ပေးဖတ်ကြသည့်အခါ ဆရာ တော်ကို တိုး၍ ကြည်ညိုခဲ့ရသလို ရေးသားပူဇော်လိုခဲ့သည်မှာအမှန်။

နောက်ပြီး ဆရာတော်၏တပည့်ဒကာရင်း၊ ဆန်ဖရန်မှ အစ်မက ထိုစာစောင်တွင် ရေးသား ခြင်းဖြင့် ပူဇော်စေချင်ကြောင်း၊ ဆရာတော်ကြီးကို သူ့ဖခင်လက်ထက်ကတည်းက  ဆည်းကပ်ခဲ့ကြ ကြောင်း၊ "အင်မတန်" … ဆိုသည့် စကားဝိသေသနပုဒ်လေးဖြင့် ဆရာတော်၏ သီလဂုဏ်၊ ပညာဂုဏ်၊ ခမာဂုဏ်၊ ဥဇုဂုဏ်တို့ကို ပြောပြနေသည်။ ကိုယ့်ဆီက တုံ့ပြန်သံ လေးဖင့်နေ၍ထင့်၊

"အင်း … ဘာမဆို စိတ်ပါမှလုပ်တတ်တဲ့သူကို အတင်းရေးခိုင်းနေတာကိုက တပည့်တော်မ အမှားဖြစ်နေပြီထင်ပါရဲ့" ဆိုကာ ဖုန်းချသွားတော့သည်။ အမှန်က အဲသည်ကတည်းက စာရေးဖို့ စိတ်ကူး ရှိသည်ကို မပြောဖြစ်လိုက်။  

နီးနေ၊ ဝေးနေ တပည့်တွေက ပူဇော်ကြသည်သာမက၊ မြင်တပည့်၊ ကြားတပည့်တွေကလည်း ပူဇော်ကြခြင်းကို ဖတ်ရှုရလျှင် ဆရာတော်ကြီး ပို၍ ပီတိဖြစ်တော်မူမည်။ ပြီး … ကိုယ့်အရေးသား ကိုလည်း ထိုစာအုပ်ကြီးမှာ ပါစေချင်သည်တဲ့၊ ထိုအစ်မ၏ ကြီးသန်သောဆန္ဒ၊ ခက်တာက စာဖြစ်ရုံ ကိုယ်မရေးတတ်၊ "ရှင်ဘုရင့်အသရေ၊ ငတေကြောင့်မပျက်စေချင်"၊ ဂုဏ်နှင့်သကတ် ထပ်မိစေရန် ကိုယ်ဆရာတော့်အကြောင်းတွေ စဉ်းစားနေမိသည်။ အချက်လက်လေးတွေ ရှာဖွေနေမိသည်။ ထိုစဉ် ဆရာတော် စင်္ကာပူမှာ ဆေးကုသခံနေရကြောင်း ကြားရပြန်သည်။

ကိုယ် ရေးဖို့အားခဲမိသည်။ ညစဉ် စာရေးစားပွဲထိုင်တိုင်း ဆရာတော်၏ပုံလေးကိုဖူးရင်း ပိန်ပါး ပါးခန္ဓာနှင့် ကြီးမြင့်သောသိက္ခာ၊ ခိုင်မာသော ဇွဲနှင့် ရဲရင့်သောနှလုံးသားတို့ကို ဖူးတွေ့ရသည်။

နီညိုရောင်သင်္ကန်းနေရာတွင် ဖြူညစ်ညစ်၊ ပြာတာတာ ဝတ်စုံဖားဖားနှင့်ဆရာတော်၊ သံဃာ ရာပေါင်းများစွာကို ပရိယတ္တိစာပေ တွေပို့ချပေးနေ ရာမှ မအပ်စပ်သည့်နေရာတွင် "ပုံစံထိုင်" နေတော်မူ ရသည့် ဆရာတော်။

သံဃာရာကျော်ကိုအုပ်ချုပ်ခဲ့သောဆရာတော်အား ဝါဒါဆိုသူများ၏ "ဦး" မပါ "ကို" မထည့်ဘဲ ခေါ်သံ၊ လောက၏ပူဇော်ခံဆရာတော်သည် တခါက ရေချိုးရန်ပင် ပန်းကန်ပြားပက်နှင့်ခပ်၍ အမိန့်ပေး မှ ချိုးရသည့်အနေအထား၊ သီလကြီးသူနှင့် ရာဇဝတ်သား၊ ပညာကြီးသူနှင့် အာဏာငတ်၊ သူတော်စင်နှင့် စစ်မာန်ကြွ တို့ကို နှိုင်းယှဉ်မြင်မိရင်း တညဥ့်လွန်ရမြဲ။ တက်ခေါက်ရင်း၊ ရေရွတ်ရင်း စာရေးစားပွဲမှ ထခဲ့ရမြဲ။

အခုရော ဘာကိုရေးရမလဲ … ။ သည်အကြောင်းတွေကို ပြည့်စုံစွာကမ္ဗည်းမတင်နိုင်ဘဲ ရေးမိသောကိုယ့်စာသည် တာဝန်ကျေသောကမ္ဗည်း ဖြစ်မှဖြစ်ပါလေစ … ဟူး ...။

အရာရာကို မလိုလားလျှင် နယ်ချဲ့အမွေဟု လက်ညှိုးထိုးလေ့ရှိသော အုပ်ချုပ်သူများသည် သည်ထောင်တွင်းကျင့်စဉ်တွေကိုတော့ ဘာ ကြောင့် မြတ်နိုးထိန်းသိမ်းနေပါလိမ့်။ ဒါဆိုလျှင် … ကိုလိုနီ နယ်ချဲ့က ဂုဏ်သိက္ခာ၊ ပညာအလိုက် "အေ ကလပ်၊ ဘီ ကလပ်၊ စီ ကလပ်" စသည် အကျဉ်းသားတွေကို အခွင့်ပေးခဲ့သည်ကျ ဘာကြောင့် ဖျက်ဆီးပစ်ခဲ့ကြသလဲ ...၊ ကိုယ် ကျယ်ကျယ် လောင်လောင် မေးစမ်းချင် သည်။

ခုတော့ … အေကလပ် ဝေးစွ၊ မုဒိန်းတန္တနှင့် သူတော်စင်၊ တခါတရံ  မုဒိန်းတန္တတို့ကပင် အခွင့်ရေးသာချင်။ ကြောင့်ကြမဲ့ စံနေနိုင်ပါလျက်နှင့် အများအရေး၊ လောကအရေး၊ သာသနာတော် အရေးအတွက် ထောင်ရပ်မှာ သီတင်းသုံးခဲ့ရ။ အကျဉ်းစံဖက် သူ့နောင်တော် "ဆရာတော်ဘဒ္ဒန္တ ကောဝိဒါ ဘိဝံသ" ဆိုလျှင် ရွှေပြည်နှင့်ဝေးသည့် နယူးယောက်မှာပင် ခေါင်းတော်ချခဲ့ရ။

အော် … တခါတလေ "မှန်သူက ဒဏ်၊ မမှန်သူက စံ" ရသည့်ကိန်းတွေလည်း ရှိတတ်ပေရဲ့။ ဒါကိုပင် ကံဟု ဆိုကြလေသလား။

မည်သို့ဖြစ်စေ၊ ဆရာတော် (ဆရာတော်နှစ်ပါးလုံး) ကတော့ လောကအပေါ် တာဝန်ကျေသူ များမို့ လောက ကလည်း ထိုက်တန်သော ပူဇော်မှုဖြင့် ကမ္ဗည်းတင်နေမည်မှာအမှန်ပင်။

သာသနာနှင့် လောကကို တိုးပွားစည်ပင်စေသလို သာသနာနှင့်လောက ဘေးကြုံရန် တွေ့သည့်အခါလည်း "ဒေဝါရက္ခန္တတု သဗ္ဗဒါ" နှင့် မျက်နှာလွှဲလေ့မရှိသော ဆရာတော်၊

"အေး … သြဝါဒဆိုလို့ သည် ငါ့သြဝါဒတွေနာရပြီး အားလုံး လိမ္မာယဉ်ကျေးသွားကြမယ်လို့ မမျှော်လင့်ကြနဲ့၊ ဘုရားရှင်ရဲ့အဆုံးအမတွေ နာရ၊ ဖတ်ရပြီး လမ်းလွဲသွားတဲ့သူတွေ အများကြီး" ဟု ကိုယ်ရည်မသွေး၊ အတိဝုတ္တ ဒေါသမပါ မိန့်ခဲ့သောဆရာတော်။

"အေးကွာ … ပုတီးနဲ့အမြဲ စိတ်နေပေမယ့် ပုတီးစေ့တိုင်း သမာဓိရတယ်မထင်ပါနဲ့ကွာ၊ ဒါပေမယ့် ကာယကံကုသိုလ်တွေဖြစ်နေတာပေါ့" ဟု ရိုးသားစွာမိန့်လေ့ရှိသော ဥဇုဂုဏ်၊ သုဟုဇု ဂုဏ်ရှင်။

ခုတော့ သူမြတ်နိုးသောသာသနာနှင့် သူချစ်သောလောကကို မျက်ကွယ်ပြုပေပြီ။

"သရီရဿ ဂုဏာနဉ္စ၊ ဒူရမစ္ဆ န္တ မန္တဝံ

 သရီရ ခဏ ဝိဒ္ဓံသီ၊ ဂုဏာတု ကပ္ပဌိတိယော" တဲ့ ...။

ရှေး "ရစနာ" လေးတပုဒ် ခေါင်းထဲမှာပေါ်လာသည်။ ကိုယ်ခန္ဓာနှင့် ထိုခန္ဓာကိုမှီ၍ ဆည်းပူး ခဲ့သော ဂုဏ်ကျေးဇူးတို့ကား များစွာကွာခြားသည်တဲ့။ ကိုယ်ခန္ဓာက ခဏလေးနှင့်ပျောက်ကွယ်သွားပြီး ဂုဏ်ကတော့ ကမ္ဘာဆုံးတိုင် တည်သည်တဲ့။ ဒါ … ဆရာတော်တို့လို ပုဂ္ဂိုလ်မြတ်များတွက် ရွယ်ခဲ့မည်မှာ မလွဲနိုင်။ ကိုယ်ပြောရဲသည်၊ ဆရာတော်၏ ဂုဏ်တို့ကား ခေတ်အဆက်ဆက် တည်သွားလိမ့်မည်ဟု ...။

ဘာပဲဖြစ်ဖြစ်လေ၊ "ပုပ်ရဟန်းမင်းကြီးဘာနာဒစ်" နေရာတွင် "ပုပ်ရဟန်းသစ်ဖရန်စစ်"နှင့် အစားထိုးသလို ဆရာတော်၏နေရာမှာ အစားမ ထိုးနိုင်သော်မှ သာသနာညှိုးသောအခါ၊ လောက လောင်ခြစ်သောအခါ၊ တိုင်းပြည်ပူပင်သောအခါ အားလုံးအတွက် "ရဲရင့်သည့်ဂုဏ်ရှင်" ဆိုသည့် နေရာကိုတော့ အစားထိုးနိုင်ကြပါစေသား ...။

Saw Ngo - Another view from Other Sides


ကာတွန်းစောငို - ၀မ်ပေါင်နဲ့ ဦးပိုင်ဖက်ကိုလည်း ... တချက်လေး စောင်းငဲ့ကြည့်ဦး
မတ် ၂၀၊ ၂၀၁၃

Maung Luu Yay - Right change and right time for local in Letpadaung ?

ဒေသခံတွေအတွက် သတ္ထိရှိရှိ ရင်ဆိုင်ဖို့လိုတဲ့ အပြောင်းအလဲရော ဟုတ်ရဲ့လား
မောင်လူရေး ၊ မတ် ၂၀၊ ၂၀၁၃
(လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၂)
အစီရင်ခံစာ အပိုဒ် ၇၃ (က) မှာ
" … သတ္ထုတွင်းလုပ်ငန်း ဖက်စပ်စာချုပ်များ ချုပ်ဆိုခြင်းနှင့် စပ်လျဉ်း၍ ၁၉၉၆ ခုနှစ်၊ မြန်မာ့သတ္ထုတွင်း နည်းဥပဒေများ အခန်း-၁၆၊ နည်းဥပဒေ ၈၄ ပါ ပြဋ္ဌာန်းချက်အရ သတ္ထုတွင်းဝန်ကြီးဌာနသည် မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကိုမဆို ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင်လုပ်ငန်းတစ်ခုခုနှင့် ဓာတ်သတ္ထုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း (သို့မဟုတ်) ထုတ်လုပ်ခြင်းဆိုင်ရာ ဖက်စပ်စာချုပ်များကို ဥပဒေနှင့်အညီ ချုပ်ဆိုနိုင်သည် …"
ဆိုတာမှာ ဦးပိုင်ဟာ ဥပဒေရဲ့ဘယ်အပိုဒ်နဲ့မှ မညီညွတ်။ သူ့မှာ ကြေးနီ ရှာဖွေ၊ ထုတ်လုပ်နိုင်သည့် ကွာလတီရှိဖို့ထားလို့  ရောရောင်ပါနေသည့် အက်စစ်စက်ရုံသည်ပင် စံတမ်းစေ့ဘာတစုံတရာမှ မရှိချေ။ တရားဝင်မှုအတွက်ပြစရာ သတ္ထုတွင်းဝန်ကြီးဌာနအောက်က နိုင်ငံတော်ပိုင်လဲ မဟုတ်။
(ခ)မှာ ယခုချုပ်ဆိုသည့်စာချုပ်မှာ သတ္ထုတွင်းဝန်ကြီးဌာန၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုနှင့် နိုင်ငံသားပိုင် ကုမ္ပဏီတို့ချုပ်ဆိုသည့် စာချုပ်မဟုတ်ဘဲ နိုင်ငံသား ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် နိုင်ငံခြားကုမ္ပဏီတို့ ချုပ်ဆိုသည့်စာချုပ်ဖြစ်ပါ၍ ၁၉၈၉ ခုနှစ်၊ နိုင်ငံတော်စီးပွားရေးလုပ်ငန်းများဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အခန်း(၂)၊ နည်းဥပဒေ ၃(ဂ)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အစိုးရအဖွဲ့သည် ဥပဒေပုဒ်မ (၄)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ခွင့်ပြုမိန့်ကို အမိန့်ကြော်ညာစာ ထုတ်ပြန်ပေးရန် လိုအပ်ပါကြောင်း တဲ့။
အဲသလိုကြံဖန်ပြီး ဆိုင်ရာပိုင်ရာဖြစ်ဖို့အတွက် ဝန်ကြီးဌာနကလဲ ခွင့်ပြုမိန့်ပေးမထား။
သို့ကလို နိုင်ငံတော်နှင့်ဦးပိုင်ကြားက စာချုပ်ဟာ တရားမဝင်တော့တဲ့အတွက် အဲဒီတရားမဝင်စာချုပ်အပေါ်မှီပြီး ထပ်ဆင့်ချုပ်ထားတဲ့ ဦးပိုင်နဲ့ ဝမ်ဘောင် စာချုပ်ဟာလဲ "အလိုလိုပျက်ပြယ်ပြီး" ဖြစ်သွားပါတယ်။
အဲဒါကြောင့် ခု ဒေါ်စုပြောတဲ့စာချုပ်ပြန်ချုပ်မယ်ဆိုတာဟာ ဒေါ်စုပြောသလို ဒေသခံတွေအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွားပါဝင်အောင်ပြန်ချုပ်ခြင်းဆိုတာထက် အဲဒါကို ဗန်းပြပြီး မလိမ့်တပတ်နဲ့ တရားမဝင်ခဲ့တဲ့စာချုပ်ကို တရားဝင်အောင်လုပ်ဆောင်ခြင်းလို့ဘဲ မှတ်ယူပါတယ်။
နောက်တခု  ကျုပ်လို သာမာန်အရပ်သားဥာဏ်မမီတာက မြေဧက ရှစ်ထောင် (၈၀၀၀) ကျော်ကို တစ်နှစ်ငှားရမ်းခ (နှစ်ဆယ့်ရှစ်သိန်းကျော်နဲ့ နှစ်ခြောက်ဆယ်) ကို ပြည်ထဲရေးက ထုတ်ပေးတယ်ဆိုတာပါဘဲ။ သတ္ထုတွင်းနဲ့ မဆိုင်ဘူးလား။
ဒေါ်စုက ဒေသခံတွေအကျိုးအတွက်လို့ ဘယ်လိုဘဲဆိုဆို၊ အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့ ဘယ်လောက်ဘဲပြောပြော၊ အစီရင်ခံစာ အပိုဒ် ၅၄ မှာ …
"လက်ပံတောင်းတောင် ကြေးနီသတ္ထုတွင်း စီမံကိန်းနယ်မြေတွင် သိမ်းဆည်းမြေဧရိယာစုစုပေါင်း (၇၈၆၇ ဒသမ ၇၈ ဧက) အနက် လယ်ယာစိုက်ပျိုးမြေ  (၅၀၅၇ ဒသမ ၀၀ဧက)  ရှိကြောင်း တွေ့ရှိရပါသည်  …" တဲ့။
၅၆ မှာတော့
"လက်ပံတောင်းတောင် သတ္ထုတွင်းလုပ်သားအင်အားမှာ နိုင်ငံခြားသားပညာရှင် (၁၆၉)  ဦးနှင့် မြန်မာဝန်ထမ်း (၆၆၀) ဦးဖြစ်ကြောင်း၊ အသစ်ခန့်ထားမည့် အင်ဂျင်နီယာဘွဲ့ရများနှင့် အခြားဘွဲ့ရမြန်မာဝန်ထမ်းများ (၁၂၈) ဦးအား …" တဲ့ဗျာ။
အဲဒီနှစ်ခုနှိုင်းယှဉ်စဉ်းစားကြည့်ပါ။
သိမ်းခံရတဲ့ လယ်ယာစိုက်ပျိုးမြေ  ၅၀၅၇ ဒသမ ၀၀ဧက( ငါးထောင်ငါးဆယ့်ခွန်) ဧကမှာ လူပေါင်းဘယ်လောက်များ အလုပ်အကိုင်ရခဲ့ကြပါသနည်း။ မိသားစုတွေအားလုံး လုံခြုံခဲ့မှာလဲ သေချာပါတယ်။ အဲဒါတွေသိမ်းလိုက်ပြီး လုပ်တဲ့စက်ရုံမှာက ခန့်နိုင်တာက ၆၆၀ (ခြောက်ရာခြောက်ဆယ်) ဦးတင်။ ဒါတောင် ဒေသခံတွေချည်းမဟုတ်။ ဒေသခံများက ဘယ်နှစ်ယောက်ဘဲပါမယ်မသိ။ ဆင့်ပါးစပ် နှမ်းပက်သလောက်သာ။
ဒေါ်စုကတော့ မြေတူးတာတွေပါခေါ်ဖို့ ပြောတယ်။ စံပယ်တောင်နဲ့ ကြေးနီတောင်စီမံကိန်းကြောင့် ဒေသခံတွေ ထုံးဖိုမှာ ရဲဘက်စခန်းကလူတွေလို (ကျောက်ထုစား) နေရတယ်တဲ့ခင်ဗျား။
နဂိုက လယ်ရှင် ယာရှင်၊ ကိုယ်ပိုင်လယ်မြေတွေ။ ကိုယ့်လယ်ကိုယ့်ယာဆိုတော့ကာ တမိသားစုလုံးအလုပ်ရှိရုံတင်မက အချိန်မရွှေးလုပ်နိုင်၊ နားလိုက နားနိုင်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်။ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်။ ကိုယ့်ပီတီနဲ့ကိုယ်။ ဒီနှစ် မိုးလေမှန်ရင် သားလေးကို ရှင်ပြုမယ်၊ ဟိုကောင်မ အရွယ်ရောက်လာပြီ၊ နားကပ်ကလေးလုပ်ပေးအုံးမှ။ ရွာကဘုရား ပြန်ပြင်မယ်၊ ကထိန်ခင်းမယ်၊ ဟိုကောင်ကြီး လာမဲ့နှစ် ၁၀ တန်းဆိုတော့ မြို့တက် ဘော်ဒါထားရမယ်ဆိုတဲ့ အိပ်မက်တွေကိုယ်စီနဲ့။
ခုဟာက ခန့်သူတဦးဘဲ အလုပ်ရှိမယ်။ အဲဒီလူလဲ နားချင်တိုင်းနားမရ၊ မကျွမ်းကျင်တာတွေ လုပ်ကိုင်ရ၊ အန္တရာယ်ရှိ၊ စေသည့်ကျွန် ထွန်သည့်နွား။ ဘဝတပါးခြားလေပြီ။
အဲဒီလိုကိုယ်ပိုင်အလုပ်အကိုင်များ၊ ကိုယ်ပိုင်ဒေသများပျောက်ဆုံးတာဟာ သိမ်ငယ်မှုတွေကို ဖြစ်ပေါ်စေပြီး ကျွမ်းကျင်မှုတွေပါ တဖြည်းဖြည်းပျောက်ဆုံးသွားကာ အဲဒီရပ်ရွာရဲ့စွမ်းရည်တွေပါကုန်ခန်းသွားစေပါတယ်။ ဒါဟာ တကယ်တော့ နိုင်ငံတော်ပျောက်ဆုံးမှုရဲ့အစပါဘဲ။ အဲဒီလူတွေမှာ တန်ဖိုးထားရမဲ့အရာဆိုတာ မရှိတော့လို့ပါ။
စာချုပ်ဟာ၊ ကျမပြောပြီးပြီဆိုတဲ့စကားတွေဟာ အဲဒီ ဆင်းရဲသားလူမှုဘဝတွေအပေါ်မှာ မျှတမှုရှိပါ့မလား။
ဒီ အပြောင်းအလဲဟာ သတ္ထိရှိစွာ ရင်ဆိုင်ဖို့လိုတဲ့ အပြောင်းအလဲရော ဟုတ်ရဲ့လားဒေါ်စုခင်ဗျား။
ဒေါ်စုဟာ ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ကတိကဝတ်တွေကို တာဝန်ယူမယ်ဆိုတာဟာ ဘယ်လိုယူမှာလဲ ရှင်းပြသင့်ပါတယ်။
သူတို့လဲ ဦးပိုင်နဲ့တန်းတူ ပြည်သူသားတွေပါ။ သူတို့ကို တန်းတူအသိအမှတ်မပြုတာဟာ ပြည်သူသားအဖြစ်က လျောကျစေမှုပါဘဲ။
သူတို့ဘဝတွေကို သူတို့မပါတဲ့စီရင်မှုတိုင်းဟာ ဆုံးဖြတ်ချက်တိုင်းဟာ တရားမျှတမှုဆီ ဦးမတည်ပါဘူး။ စုံစမ်းရေးကော်မရှင်မှာပါတဲ့ ဒေသခံတွေကိုတောင် လူစရင်းမသွင်းချင်တဲ့အနေအထားမှာ တရားမျှတမှုကို ဘယ်လိုရှာရမှာလဲ။
နောက်ပြီး ဒေသခံတွေမှာ ငြင်းပယ်ခွင့်မရှိရတော့ဘူးလား။ မင်းတို့ဆင်းရဲသားတွေသဘောတူတူ မတူတူ အကောင်အထည်ဖေါ်မယ်၊ မင်းတို့အတွက်လုပ်သင့်တာတွေလုပ်ပေးမယ်လို့ ဆိုတာတွေဟာ တကယ်တော့ ဒေသခံတွေဟာ ဘာမှမသိပါဘူး၊ (ငနုံတွေပါ) လို့ပြောတာနဲ့အတူတူပါဘဲ။ နောက်ပြီး ဒေသခံတွေဟာ စီမံကိန်းရဲ့ဆိုးကျိုးကောင်းကျိုးတွေကို အကုန်သိရှိပြီး ဆုံးဖြတ်ရာမှာပါဝင်ခွင့်ရှိမှသာ ဒေသဆိုင်ရာသယံဇာတခွဲဝေမှုလဲ ညီမျှမှာပေါ့။
လူတိုင်းမှာ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ရေမြေရဲ့တန်ဖိုး၊ ကိုယ့်ယဉ်ကျေးမှုတွေရဲ့တန်ဖိုးတွေကို လေးစားမြတ်နိုးမှုရှိတယ်။ အဲဒီလေးစားမြတ်နိုးမှုဟာ ရှင်သန်ခြင်းပါဘဲ။ အဲဒီလေးစားတန်ဖိုးထားမှုတွေဟာ စီမံကိန်းတွေရဲ့ဖျက်ဆီးမှုကို ခံရပါတယ်။ ဒါဟာ ရှင်သန်မှုပါ ဖျက်ဆီးခံရတာပါ။ ဒီတော ဒီတောင် ဒီလယ် ဒီယာတွေဟာ ရှင်သန်မှုအတွက် လိုအပ်ချက်ပါ။ ဒါတွေကို စီးပွားရေးအခွင့်အလမ်းအဖြစ်သတ်မှတ်ပြီး ဖြိုလှဲ ထုတ်ယူလိုက်တာဟာ အဲဒီရှင်သန်မှုတွေအပေါ် ကျူးလွန်လိုက်တဲ့ လူသားဆိုင်ရာကျူးလွန်မှုကြီးပါ။
ကော်မရှင်ရဲ့ လယ်တီနဲ့ပတ်သက်လို့သုံးသပ်ချက်ဟာ အင်မတန်ပေါ့တန်ပါတယ်။ လယ်တီဆိုတာ မြန်မာ့ဗုဒ္ဓသာသနာရဲ့မဟာရဟန်းတော်ကြီးပါ။ အဲဒီဆရာတော်ကြီးရဲ့ ဆက်ဆပ်တန်ဖိုးတွေ ပျောက်ကွယ်သွားတာဟာ ကြီးမားတဲ့ဆင့်ကဲဆုံးရှုံးမှုကြီးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။
မောင်လူရေး

Min Myo Win (Rangoon University) - Dont fall in to trap

လိမ်လည် လှည့်ဖြား လှည့်ကွက်များမှ ကင်းဝေးကြပါစေ။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)၊ မတ် ၂၀၊ ၂၀၁၃
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့အပြီးသတ်အစီရင်ခံစာ ထွက်လာပါပြီ။ အမြင်မတူသူတွေကြားမှာလည်း ကွဲပြားမှုတွေနဲ့ ပွက်လောရိုက်နေကြပါတယ်။
အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ဒီအစီရင်ခံစာထွက်လာရင် အားလုံးအကြိုက်ဖြစ်မယ်လို့တော့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ အားလုံးအကြိုက်တူဖို့ဆိုတာလည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် အားလုံးအကြိုက်ဖြစ်အောင် အားလုံးလက်ခံအောင် ဖန်တီးပေးဖို့ဆိုတာ မလွယ်ကူပါဘူး။ ဘယ်လိုပုဂ္ဂိုလ်မျိုးကမှလည်း လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ လက်ခံသူတွေရှိသလို လက်မခံနိုင်သူတွေလည်း ရှိမယ်။ နှစ်သက်သူတွေရှိသလို မနှစ်သက်သူတွေလည်းရှိမယ်။ သဘောကျသူတွေရှိသလို သဘောမကျသူတွေလည်းရှိနိုင်ပါတယ်။ အားလုံး လွတ်လွတ်လပ်လပ်သဘော ကွဲလွဲခွင့်ရှိပါတယ်။ အကောင်းဆုံးနဲ့ အမှန်ဆုံးအဖြေတစ်ခုဖြစ်ဖို့သာအဓိကပါ။
ဒီစုံစမ်းရေးကော်မရှင်ရဲ့ ဥက္ကဌကို ဒေါ်စုကိုခန့်ထားတာနဲ့ပတ်သက်ပြီး တော်တော်စိုးရိမ်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာဏာလက်မလွှတ်လိုသူ အာဏာရှင်တို့ရဲ့ ဒေါ်စုကို နိုင်ငံရေးသတ်မယ့် အစီအစဉ်ပါ။  
ပထမအကြိမ် လက်ပံတောင်းတောင်ဆန္ဒပြမှုကို ဒေါ်စုမရောက်မီ လက်မတင်လေး မှာပဲ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းခဲ့မှု၊ သံဃာတော်တွေနဲ့ဒေသခံလူထုကို မီးလောင်ဗုံးသုံးပြီး ဖြိုခွင်းခဲ့မှုတွေအပေါ်ကို ပြည်သူလူထု အကြီးအကျယ် ခံပြင်းနေတဲ့ချိန်မှာ ဒေါ်စုကို နိုင်ငံရေးအရ  အသုံးချခံရမယ့် အစီအစဉ်ပါ။ ပြည်သူလူထုဆန္ဒနဲ့မကိုက်ညီရင်တော့ ဒေါ်စုဝေဖန်ခံရဖို့ သေချာသလောက်ဖြစ်ပါတယ်။ ဒေါ်စုနဲ့ ပြည်သူကို သွေးခွဲ သပ်လျှို တဲ့ အစီအစဉ်ဖြစ်နေပါတယ်။ ဒေါ်စုနဲ့ပြည်သူ ထိတ်တိုက်တွေ့အောင် ဖန်တီးထားတာဖြစ်နေလို့ပါပဲ။
ဒေါ်စုကတော့ အမှန်ကို အမှန်အတိုင်းလုပ်မယ့်ခေါင်းဆောင်မျိုးပါ။  တိုင်းပြည်နဲ့ပြည်သူလူထုအများအကျိုးကို မျှော်လင့်ပြီး အမှန်တရားပေါ်မှာ ရပ်တည်မယ့်ခေါင်းဆောင်မျိုးပါ။ အမှန်တရားအတွက် ဘက်မလိုက်ဘဲလုပ်မယ့် ခေါင်းဆောင်မျိုးပါ။ လူထုရဲ့ ထောက်ခံမှုပိုရတာ သူနေရာရတာတွေထက် တိုင်းပြည်ကောင်းဖို့ကို ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတာ....
'' တိုင်းပြည် နဲ့ လူမျိုး အတွက် အကျိုးရှိနိုင်မယ်ဆိုရင် အသုံးချခံဖြစ်ရလည်း ဖြစ်ပါစေ..၊ ကျမကိုအသုံးချနိုင်ပါတယ်'' လို့ပြောခဲ့တဲ့ စကားသက်သေခံနေပါတယ်။
ဒေါ်စုအနေနဲ့ စုံစမ်းရေးကော်မရှင်ရဲ့ဥက္ကဌတာဝန်ယူရတာလည်း  ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီး အဟန့်အတားမဖြစ်ဖို့၊ ရပ်တန့်မသွားဖို့နဲ့ နောက်ကြာင်းပြန်မလှည့်သွားစေဖို့၊  နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ နိုင်ငံနဲ့လူမျိုးအပေါ်မှာ အယုံအကြည်မကင်းမဲ့ဖို့ ၊ စီးပွားရေး၊ လူမှုရေး နဲ့ နိုင်ငံတကာဆက်ဆံရေးစတဲ့ အချက်တွေကြောင့်လည်း ဖြစ်ပါတယ်။
အခု စုံစမ်းရေးကော်မရှင်ရဲ့အပြီးသတ်အစီရင်ခံစာ ထွက်လာပါပြီ။ ပြည်သူလူထုအချို့ကတော့ မိမိတို့အတ္တစွဲနဲ့ ကြေးနီစီမံကိန်းအပြီးရပ်ဆိုင်းစေချင်တာ အစီရင်ခံစာမှာ မပါလာတော့ ပြည်သူနဲ့ဒေါ်စု ထိပ်တိုက်တွေ့ပါပြီ။ ဒီယုံမြင်လို့ ဒီချုံထွင်သူတွေကတော့ အကြိုက်တွေ့နေပါပြီ။ တကယ်တန်း အဓိကတာဝန်ရှိသူတွေက ဆန္ဒပြမှုကို အကြမ်းဖက် ကိုင်တွယ်ခဲ့တဲ့ တိုင်းဒေသကြီးအစိုးရ၊ ဦးပိုင်နဲ့ ၀မ်ပေါင်တို့ဖြစ်တယ်ဆိုတာ ပြည်သူလူထုတစ်ရပ်လုံးက သိနေပြီးသားပါ။ ပစ်မှတ်လွဲမသွားကြပါနဲ့။ တရားခံတွေ၊ တာဝန်ရှိသူတွေက နည်းပရိယာယ်မျိုးစုံသုံးပြီး၊ တိုက်ကွက်အမျိုးမျိုးသုံးပြီး ပြည်သူကိုအာရုံလွှဲဖို့ လုပ်နေတယ်ဆိုတာ အထင်အရှားပါ။
ကြားဖြတ်ရွေးကောက်ပွဲမှာ ပက်ပက်စက်စက် ရှုံးနိမ့်ခဲ့ကတည်းက ၂၀၁၅ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို ပြည်သူအကြည်ညိုပျက်အောင်၊ ပြည်သူ့ထောက်ခံမှုမရအောင်၊ နိုင်ငံရေး သေအောင်လုပ်ဖို့ စီမံကိန်းတွေအများကြီးချထားထားတယ်ဆိုတာ ကျွန်တော်တို့မြင်အောင်ကြည့်တတ်ကြဖို့လိုပါတယ်။ တိုင်းပြည်တွင်းမှာ လူမျိုးရေးပဋိပက္ခဖြစ်အောင်၊ ဘာသာရေးအထိကရုဏ်းဖြစ်အောင် ဖန်တီးနေတာတွေ၊ ယခုလက်ပံတောင်းတောင်ကိစ္စမှာ ပြည်သူကို ဒေါ်စုနဲ့ထိပ်တိုက်စေဖို့ ဖန်တီးတာတွေဟာ နိုင်ရေးလှည့်ကွက်တွေဆိုတာ ကျွန်တော်တို့အမြင်ကျယ်ကျယ်နဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းကြဖို့လိုပါတယ်။
စုံစမ်းရေးကော်မရှင်ကော်မရှင်မှာဒေါ်စုကို ဥက္ကဌခန့်တာကိုက ဒေါ်စုကိုပြည်သူနဲ့ထိပ်တိုက်တွေ့ဖို့ ဖန်တီးတာ မဟုတ်ပါလား။ ဒေါ်စုကို ပြည်သူနဲ့သွေးခွဲတာ၊ ဒေါ်စုကို ထောင်ချောက်ဆင်တာ၊ ဒေါ်စုအနေနဲ့ သတ်ကွင်းကိုဖြတ်ရမဲ့အရေး ဆိုတာ အားလုံအသိပါ။  အဲဒါ ဒေါ်စုမသိဘဲရှိပါ့မလား။ အဲဒီအနေအထားတွေကို ဒေါ်စုအနေနဲ့ အများကြီး ကြိုတွက်ထားပြီး လောက်ပါပြီ။ ရင့်ကျက်တဲ့လူထု ခေါင်းဆောင်တစ်ယောက်၊ အမြှော်အမြင်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ဒါပေမဲ့ ကိုယ်ကျိုးမကြည့်ဘဲ တိုင်းပြည်နဲ့ပြည်သူလူထုအတွက် ပြည်သူနဲ့ ထိပ်တိုက်ဖြစ်မဲ့အခြေအနေကို စွန့်စားပြီးရဲရဲဝံ့ဝံ့ဖြတ်လျှောက်ခဲ့တာပါ။ ဒေါ်စုမလျှောက်ရင်၊ ဒေါ်စုမဖြတ်ရင် ဘယ်သူလျှောက်မှာလဲ၊ ဘယ်သူဖြတ်မှာလဲ။
အစိုးရနဲ့ ပြည်သူအကြား အကြပ်အတည်းတွေ့နေတဲ့အချိန်မှာ ကိုယ်ကျိုးကြည့်ပြီး ခေါင်းရှောင်တာမျိုး မလုပ်ခဲ့တာကိုက ဒေါ်စုရဲ့အနစ်နာခံစိတ်ပါ။ တိုင်းပြည်မှာ ဖြစ်ပေါ်လာမဲ့ မတည်ငြိမ်မှုတွေကိုဖြေရှင်းပေးလိုတဲ့
အတိုက်အခံကောင်းတစ်ယောက်ပါ။
ဒေါ်စုလုပ်သမျှကောင်းတယ်ဆိုပြီး မျက်စေ့စုံမှိတ် ရှေ့နေလိုက်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်းပြည်မှာ ခေါင်းဆောင်ကောင်းရှားပါးပါတယ်။ ဒီလိုခေါင်းဆောင်တစ်ယောက်ရဖို့ဆိုတာ မလွယ်ပါဘူး။ ခေါင်းဆောင်ကို ကျဉ်းထဲကျပ်ထဲ ရောက်အောင်လုပ်ပြီး တစ်ဘက်အကြိုက်ဖြစ်အောင် တွန်းမပို့စေချင်တဲ့ဆန္ဒပါ။ ခေါင်းဆောင်ကောင်း ရှိလာတဲ့အချိန်မှာ နောက်လိုက်ကောင်းတွေဖြစ်ဖို့ လိုလို့ပါ။ 
အစီရင်ခံစာကိုတော့ သေသေချာချာ ဖတ်ကြဖို့လိုပါတယ်။ အစီရင်ခံစာ အစအဆုံး - နိုင်ငံနဲ့ ပြည်သူလူထုအတွက်၊ လူ့အခွင့်အရေးအတွက်၊ ဒီမိုကရေစီအတွက်၊ ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး ဆိုတာတွေ တွေ့ရလိမ့်မယ်။ ကမ္ဘာ့အဆင့်မှီ ပညာရှင်တစ်ယောက်ပီပီ ပညာရှင်ဆန်ဆန် ရေရှည်အကျိုးမျှော်ကိုးပြီး ပြည်သူအတွက်ချပြထားတာ တွေ့နိုင်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်အလိုမရှိ''လို့ကြွေးကြော်သံတွေကြားရတာ တော်တော်ကို စိတ်မကောင်းစရာပါ။ ကမ္ဘာတစ်ဝှမ်းလုံးက ချစ်တဲ့၊ ကမ္ဘာတစ်ဝှမ်းလုံးက  လေးစားတဲ့၊ ကမ္ဘာတစ်ဝှမ်းလုံးက တန်ဖိုးထားတဲ့ ခေါင်းဆောင်တစ်ယောက်ကို ကိုယ့်နိုင်ငံက ကိုယ့်ပြည်သူတွေက ကိုယ်လူမျိုးခေါင်းဆောင်တစ်ယောက်ကို အလိုမရှိလို့ ကြွေးကြော်နေတာ မဖြစ်သင့်ပါဘူး။ နှစ်ပေါင်းမြောက်မြားစွာ အကြောက်တရားနဲ့ နေလာခဲ့ကြရတဲ့ပြည်သူတွေကို ဖိနှိပ်မှုကနေ လွတ်မြောက်ဖို့ ကြိုးစားပေးနေတဲ့ ခေါင်းဆောင်တစ်ယောက်ကို ၀ိုင်းဝန်းကူညီကြရမှာပါ။
"ကိုယ်ကျိုးရှာလိုသူတွေနဲ့ နိုင်ငံရေးမတည်ငြိမ်စေလိုသူတွေ" ကလည်း ဒေသခံတွေရဲ့ရိုးသားမှုကို ခုတုံးလုပ်ပြီး အခွင့်အရေးယူဖို့ မကြိုးစားကြပါနဲ့။ ခေတ်အဆက်ဆက် သမိုင်းအတွေ့အကြုံတွေကိုမေ့ပစ်လိုက်ဖို့ မကြိုးစားကြပါနဲ့။ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို အမြဲနှလုံးသွင်းပြီး လူထုခေါင်းဆောင်ရဲ့လမ်းညွှန်မှုကိုခံယူကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဒေါ်စုက ကျွန်တော်တို့ ခေါင်းဆောင်ပါ။ ပြည်သူလူထုရဲ့ ခေါင်းဆောင်ပါ။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးပါ။ ကမ္ဘာက  လေးစားတဲ့ခေါင်းဆောင်ပါ။ ကမ္ဘာ့အဆင့်မှီ ပညာရှင်ပါ။ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးအတွက် အရွယ်မရောက်သေးတဲ့ သားတွေကိုခွဲခွာပြီး ဒီမိုကရေစီတော်လှန်ရေးမှာ ဘ၀ကိုမြှုပ်နှံထားခဲ့သူပါ။ ခင်ပွန်းသည်ကွယ်လွန်တာတောင် မပြန်ဘဲ အကျဉ်းကျခံနေရသူပါ။
ဒေါ်စု ပထမတစ်ကြိမ် လက်ပံတောင်းတောင်လာတုံးက ဒေသခံပြည်သူတွေနဲ့တွေ့ဆုံပြီး
'' ကိုယ်လုပ်ချင်တာတွေချည်း လုပ်နေလို့မရပါဘူး။ အများနဲ့ညီအောင်လို့ အများကောင်းကျိုးအတွက် ကိုယ့်ရဲ့အကျိုးကို နောက်မှာထားပြီးလုပ်ရမယ်။ အဲဒီလိုလုပ်မှသာလျှင် ကျွန်မတို့နိုင်ငံကြီးဟာ တိုးတက်လာမှာဖြစ်တယ်။ အခုဒီဒေသမှာဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်မတို့ နိုင်ငံကြီးသားအမြင်နဲ့ကြည့်ရမယ်။  ကျွန်မတို့နိုင်ငံကို အဆင့်မြင့်တဲ့နိုင်ငံ အဆင့်ရှိတဲ့နိုင်ငံလို့ ကမ္ဘာကအသိအမှတ်ပြုတဲ့နိုင်ငံတစ်ခုဖြစ်အောင် ဘယ်လိုနေမှာလဲ၊ ဘယ်လိုထိုင်မှာလဲ၊ ဘယ်လိုပြဿနာတွေကိုဖြေရှင်းမှာလဲ ကျွန်မတို့ကြည့်ရမယ်။ ကိုယ့်နိုင်ငံသိက္ခာရှိဖို့ဆိုတာ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်။ တစ်ဦးတစ်ယောက်နဲ့မရဘူး။  အဖွဲ့အစည်းတစ်ခုတည်းနဲ့လည်းမရဘူး။ အစိုးရတစ်ခုတည်းနဲ့လည်းမရဘူး။ ပြည်သူလူထုအားလုံးနဲ့မှ ကျွန်မနိုင်ငံသိက္ခာရှိအောင် လုပ်နိုင်မှာပါ။ 
ကျွန်မပြည်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပြည်သူတွေအကြိုက်ကို အမြဲလိုက်လုပ်တဲ့သူ မဟုတ်ပါဘူး။ မှန်တဲ့အတိုင်းပဲ ကျွန်မကပြောပြီး ပြည်သူတွေကလည်း ကျွန်မကိုမကြိုက်ရင်မကြိုက်ဘူးလို့ ပြောခွင့်ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့်ရှိတယ်။ တစ်ခုတော့သေသေချာချာကတိပေးနိုင်တယ်။ လှည့်ဖျားတတ်တဲ့ နိုင်ငံရေးမျိုးကိုတော့ ကျွန်မဘယ်တော့မှမလုပ်ပါဘူး။ ခဏတာပေါ်ပြူလာဖြစ်ချင်လို့ လုပ်တဲ့နိုင်ငံရေးမျိုးလည်း ကျွန်မမလုပ်ဘူး။ နိုင်ငံရဲ့ရေရှည် အကျိုးကိုကြည့်ပြီး ကျွန်မလုပ်သွားမှာပါ။ ဒီလို ကျွန်မတို့နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးလုပ်တဲ့အခါမှာ ကျွန်မမှာအားနည်းချက်တွေရှိရင်လည်း  ၀ိုင်းပြီးပြုပြင်ပေး ကြပါ။ လက်ခံသွားဖို့အဆင်သင့်ပါဘဲ။ ဒါပေမယ့် ပြည်သူတွေကလည်း  သေသေချာချာစဉ်းစားရမယ်။ သဘောထားကြီးရမယ်။ အမြင်ကျယ်ရမယ်။ ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့ပြည်သူတွေ အားလုံးဟာ ရေရှည်အမြင်နဲ့လုပ်ဖို့လိုပါတယ်။ အဲဒီလို ရေရှည်အမြင်နဲ့လုပ်မှ အောင်မြင်နိုင်မှာပါ။ အခုဒီဒေသမှာဖြစ်နေတဲ့အခက်အခဲတွေကို ကျွန်မက ရေရှည်အမြင်နဲ့ ဖြေရှင်းဖို့ရည်ရွယ်ပါတယ်။ အဲဒီအခါမှာ ပြည်သူတွေက ၀ိုင်းပြီးကူညီကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းတဲ့အခါမှာ ပြည်သူတွေဆီကထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီလိုထောက်ခံမှုရအောင် ပြည်သူတွေအကြိုက် ရေတိုအမြင်တွေနဲ့ ချမှတ်ပြီး ရယူလို့ရှိရင်လည်း ရေရှည်မှာအောင်မြင်နိုင်မှာမဟုတ်ပါဘူး။  ကျွန်မပြည်သူနဲ့ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန်နဲ့ဆက်ဆံမယ်။ မလှည့်ဖျားဘူး။ ဒီတော့ကျွန်မရဲ့ဆုံးဖြတ်ချက်တွေလုပ်ကိုင်ပုံတွေကို မကြိုက်ရင်လည်းမကြိုက်ဘူးလို့ပြောနိုင်တယ်။ ကျွန်မတစ်ခုခုကိုလုပ်တယ်ဆိုရင် ဘာဖြစ်လို့လုပ်ရလဲ ဆိုတာကိုရှင်းပြမယ်။ အခုဒီဒေသမှာ ဖြစ်နေတဲ့ပြဿနာ ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ ပြဿနာကို ကျွန်မက အေးအေးချမ်းချမ်းနဲ့ပြေလည်သွားစေချင်တယ်။ အဲဒီလိုဆိုရင် ကျွန်မတို့ရဲ့ပြည်သူတွေလည်းသက်သာ နိုင်ငံလည်းသိက္ခာရှိတယ်။ အနာဂတ်အတွက်လည်းကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲဒါကို ကျွန်မကြိုးစားမယ်။ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာတော့ ကျွန်မက ဘယ်လိုအာမခံချက်မှမပေးနိုင်ဘူး။ 
ဒါပေမယ့် ပြည်သူကသာ ကျွန်မနဲ့လက်တွဲပြီး ပြေလည်မှုရှာဖွေမယ်ဆိုရင်တော့ အောင်မြင်နိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်''
လို့ ပြောကြားခဲ့တာတွေကို သတိရမှတ်မိနေကြဦးမယ်ဆိုရင်တော့......
နောက်ကွယ်က ဆင်တဲ့လှည့်ကွက်ကို မြင်အောင်ကြည့်ဖို့သာ လိုပါတော့တယ်။ 
သူတို့ရဲ့ လှည့်ကွက်ထဲ ပါမသွားဖို့ လိုပါတယ်။ ဘုံရန်သူဟာ အာဏာရှင်တွေပဲဆိုတဲ့အချက်ကို ကျွန်တော်တို့ သတိကြီးကြီးထားပြီး အာဏာရှင်တို့နဲ့ သူတို့ရဲ့လက်ပါးစေတွေရဲ့လိမ်လည် လှည့်ဖြား လှည့်ကွက်ထဲ မ၀င်သွားမိစေဖို့ ကြိုစားသင့်ပါတယ်လို့  နိုင်ငံရှေ့ရေးစိုးရိမ်ပူပန်လို့ ရေရှည်အကျိုးမျှော်ကိုးပြီး တင်ပြလိုက်ရပါတယ်။ လှည့်ကွက်ထဲ ၀င်သွားရင်တော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဖြစ်မှာပဲဆိုတာ.......

မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
(Photo - Letpadaung Crackdown night, 29th Nov 2012, intenret image)

Kamarpale - Poem


၂၁ ရာစုတွင် ကိုရွှေအမေရိကားကို ရှာဖွေတွေ့ရှိခြင်း
ကမာပုလဲ
မတ်လ ၁၉၊ ၂၀၁၃


၁၅ ရာစုနှစ်ရဲ့ နှောင်းပိုင်းကာလ
ခရစ်စတိုဖါ ကိုလံဘတ် ဆိုတဲ့
အီတလီနိုင်ငံဖွား
နယ်ချဲ့ ကိုလိုနီသမားကြီးဟာ
အမေရိကကို စတင်တွေ့ရှိခဲ့တယ်
အဲဒီကနေ စလို့ပေါ့ ….။

နောက်တော့ ….
အမေရိကကို
အင်္ဂလိပ် မြေရှင်ကြီးတွေ ရောက်လာတယ်
(အမှန်က ထွက်ပြေးလာကြတာ)
လူကို သားကောင်လို အမဲလိုက် ဖမ်းဆီးခံခဲ့ရတဲ့
အာဖရိကန် လူမည်းတွေ ရောက်လာကြတယ်
အိန္ဒိယအနောက်ဘက်ခြမ်းက လူမည်းအချို့လည်း ပါမယ်ထင်တယ်
ရောက်လာကြတယ်
အမေရိကကို ရောက်လာကြတယ်။

၁၈၆၁ မှာ
အမေရိကန် တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်တွင်းစစ်ဖြစ်တယ်
၁၈၆၅ မှာ ပြည်တွင်းစစ်ပြီးဆုံးတယ်
စစ်နိုင် သမတ လင်ကွန်းက
ကျေးကျွန်စနစ်ကို ဥပဒေပြု ဖျက်သိမ်းလိုက်တယ်
ဒီတော့
လူမည်းတွေ ကျေးကျွန်ဘ၀က လွတ်မြောက်ခဲ့ပြီပေါ့ ….။

အဲဒီကစလို့
အမေရိကဟာ
နှစ်လိုဘွယ်ရာ လူ့ နတ်ဘုံ နတ်နန်းလို့
အံ့မခန်း ပြောပြောနေကြတယ်
အမေရိကဟာ
ခေတ်သစ်နယ်ချဲ့စနစ်နဲ့
မနူးမနပ်တဲ့ပျိုတိုင်းကြိုက် နှင်းဆီခိုင် ဖြစ်လာတယ်
ဒီကြားထဲ …
သူ့ကြွယ်ဝမှုကို ပိုမိုဖွံ့ဖြိုးပေးလိုက်တဲ့
ကမ္ဘာစစ်ကြီးနှစ်ခုကလည်း
သူ့အတွက် ပါရမီဖြည့် ဖြစ်ပေးလိုက်ရသေးတယ်
ဘယ်လို နားလည် မုဒိတာပွားရမှန်း မသိလောက်အောင်
အောင်မြင်ကြော်ကြားလှတဲ့ ကိုရွှေအမေရိကားဟာ
၂၀ ရာစုနှောင်းပိုင်းကာလမှာလည်း
ဆိုဗီယက်ယူနီယံ ကျရှုံးခြင်းနဲ့ အတူ
စစ်အေးတိုက်ပွဲကြီးကိုလည်း
ပေါချောင်ကောင်း အနိုင်ရလိုက်သေးရဲ့ ….။

ဒီလိုနဲ့
၂၁ ရာစုဟာ
ကမ္ဘာမြေပေါ် ဆိုက်ရောက်လာတယ်
အသေခံ အကြမ်းဖက်မှုတွေ
ခေတ်စားလာတယ်၊
လက်နက်ကိုင် တော်လှန်ရေးခေတ် ကုန်သွားပြီလို့လည်း
အားတိုင်းယားတိုင်း အမြုပ်ထအောင် ပြောပြောနေကြတယ်၊
ကမ္ဘာ့ စီးပွားပျက်ကပ်ကိုလည်း
အမေရိကန်က ဦးဆောင်ပြီး ဖြစ်ပွားနေဆဲပဲ။

ဗမာပြည်က စစ်အာဏာရှင်ဆီကိုလည်း
ဂျိုကောင် ယက်တော ဖေါက်တဲ့ လမ်းကနေ
အမေရိကန် အမတ်တွေ၊ ဝန်ကြီး ဝန်ကလေးတွေ လာ လာနေကြတယ်
(ရန်ဖြစ်ချင်ယောင် ဆောင်ခဲ့ရတဲ့ကာလ ကုန်သွားပြီ)
နှစ်ပြည်ထောင် ရွှေလမ်းငွေလမ်းတွေ ဖေါက်ဖို့ပြင်ကြတယ်
ဒေါ်အောင်ဆန်းစုကြည် ခမျာလည်း
မတရား အကျဉ်းကျခံနေရရာက
အယူခံ တင်ရ …
ပါတီ အားကောင်းမောင်းသန် ရှင်သန်ရေးအတွက်
ပါတီရဲ့ ခေါင်းဆောင်မှုကို ပြင်ဆင်ဖွဲ့စည်းဖို့ ကြိုးစားရနဲ့
ငါတို့ အမ
လူထုဘက်ကနေ ခက်ခက်ခဲခဲ ရပ်တည်နေဆဲကို ….။

ဒီကြားထဲ
၂၀၁၂ မှာ ကမ္ဘာကြီး ပျက်လိမ့်မယ် ပြောနေကြတယ်
အင်ဒိုနီးရှား ဆူနာမီဖြစ်တယ်
မြစ်ဝကျွန်းပေါ် နာဂစ်မုန်တိုင်း ဖြစ်တယ်
မနေ့တနေ့ကမှ
လူနှစ်သိန်းနီးပါးသေဆုံးတဲ့ ဟေတီ ငလျင်ဖြစ်တယ်
ဗမာပြည်က ဒုက္ခသည်တွေ
(အတုရော၊ အစစ်ရော)
နယ်စပ်ကို အင်နဲ့အားနဲ့ ရောက်ရှိလာနေတယ်
ကိုရွှေအမေရိကကို သွားကြမယ်ပေါ့ …
ကလေးတွေရဲ့ အနာဂတ်
မိသားစု ရပ်တည်ရေး
ရွေးစရာဆိုလို့ …
ဘဝနဲ့ရင်းပြီး ဒီလမ်းကို ရွေးချယ်နေကြတာ …။

ကံဆိုးမသွားရာ
မိုးလိုက်လို့ရွာတယ်ပြောမလား၊
မြေနိမ့်ရာကိုမှ လှံက လှလှပပစိုက်တယ်ပဲပြောမလား
ဒုက္ခသည် စစ်စစ်အချို့ ခမျာ
ကိုရွှေအမေရိကန်က
မရွေးချယ်၊ အကန့်အသတ်မရှိ ဆိုင်းငံ့ငြင်းပယ် နေသတဲ့ ….။

၂၀၁၂ မှာ …
ကမ္ဘာကြီး ပျက်မပျက် ဆိုတာထက်
၂၀၁၀ ရွေးကောက်ပွဲသာ ဖြစ်ခဲ့လို့
၂၀၀၈ စစ်အုပ်စု အခြေခံဥပဒေသာ တရားဝင် အသက်ဝင်ခဲ့ရင်
၂၁ ရာစုမှာ ရှာဖွေတွေ့ရှိခဲ့တဲ့
ကိုရွှေအမေရိကန် ခင်ဗျား …
ဗမာပြည်ဟာ
ရွှေပြည်တော် မျှော်တိုင်းဝေးဘဝနဲ့
တော်လှန်ရေး စစ်စစ်ကိုသာ တောင်းဆိုတယ်။ ။

ဒီကဗျာရေးခဲ့တာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကဖြစ်တယ် ... ခု လက်ပန်တောင်း ကြေးနီစီမံကိန်းအပေါ် ခံစားရချက်ကြောင့် ပြန်တင်တယ် (ကမာပုလဲ)

World's Poem Day invitation

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် မန္တလေးကဗျာရွတ်ပွဲတော်
မတ်လ ၁၉ ၊ ၂၀၁၃


MONDAY, MARCH 18, 2013

Aung Din - Regime's Hluttaw Perspective (13)




(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၇၊ မတ်လ ၁၄ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၁၃)
အောင်ဒင်၊ မတ် ၁၉ ၊ ၂၀၁၃

အပိုင်း (၁၃) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (ဃ) 
လွှတ်တော်ကိုယ်စားလှယ် နှင့် စောင့်ထိန်းသင့်သော ကိုယ်ကျင့်တရားအမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာ အောက်လွှတ်တော်ကရော၊ အထက်လွှတ်တော်ကရော လွှတ်တော်အမတ်များ၊ ၎င်းတို့က ခန့်အပ်ထားတဲ့ ဝန်ထမ်းများ၊ လွှတ်တော်ဆိုင်ရာအရာရှိများ အားလုံးလိုက်နာရမည့် ကျင့်ဝတ်တွေကို တရားဝင်ထုတ်ပြန်ထားရာမှာ စာမျက်နှာပေါင်း ၄၀၀ ကျော် ရှိပါတယ်၊ အဲဒီထဲက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီမည့်ကျင့်ဝတ်အကျဉ်းချုပ်ကို ကျနော်တို့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်များနဲ့ပြည်သူများ သိရှိနိုင်ဖို့ တင်ပြချင်ပါတယ်၊ အဲဒီကျင့်ဝတ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်အချို့ကတော့ (၁) လက်ဆောင်ပေးခြင်း/လက်ခံခြင်း (Gifts) (၂) ခရီးသွားလာခြင်း (Travel) (၃) ပိုင်ဆိုင်မှုနှင့် ဝင်ငွေကို ထုတ်ပြန်ကြေညာခြင်း (Financial Disclosure) (၄) ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှု (Campaign Activities) နဲ့ (၅) အကျိုးစီးပွါးဆိုင်ရာ ပဋိပက္ခဖြစ်မှု (Conflict of Interest) တို့ဖြစ်ကြပါတယ်၊(၁) လက်ဆောင်ပေးခြင်း/လက်ခံခြင်း (Gifts)ငွေကြေးတန်ဘိုး တစ်စုံတစ်ရာရှိတဲ့ မည်သည့်လက်ဆောင်များကို မဆို လက်မခံဖို့ တားမြစ်ထားပါတယ်၊ ခြွင်းချက်အနေနဲ့ အောက်ပါလက်ဆောင်များကိုတော့ လက်ခံနိုင်ပါတယ်၊(က) လက်ဆောင်ရဲ့တန်ဘိုးဟာ ဒေါ်လာ ၅၀ ထက်နည်းပြီး လက်ဆောင်ပေးသူဟာလဲ မှတ်ပုံတင်ထားတဲ့ အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူ (Registered Lobbyist)၊ ပြည်ပနိုင်ငံအစိုးရ၊ အဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်စားလှယ်မဟုတ်သူ (Foreign Agent)၊ ပြည်ပအစိုးရ၊ အဖွဲ့အစည်းများရဲ့ ဝန်ထမ်းမဟုတ်သူဆိုရင် လက်ခံနိုင်ပါတယ်၊ ဒါတောင်မှ အဲဒီလက်ဆောင်မျိုးကို တစ်နှစ်ကို ဒေါ်လာ ၁၀၀ ထက်ကျော်ပြီး လက်ခံခွင့်မရှိပါ၊(ခ) ဒေါ်လာ ၁၀ ထက်နည်းတဲ့ တီရှပ်လို၊ ဦးထုတ်လို သာမာန်အမှတ်တရပစ္စည်းမျိုးကို လက်ခံနိုင်ပါတယ်၊(ဂ) ဆွေမျိုးသားချင်းအရင်းအချာများကပေးတဲ့ လက်ဆောင်ကို လက်ခံနိုင်ပါတယ်၊ အဲဒီထဲမှာ ယောက္ခမ၊ ယောက္ဖ စတဲ့ မိမိရဲ့ အရင်းအချာနဲ့စပ်ပြီးတော်သူများလဲပါဝင်ပါတယ်၊(ဃ) အဆင့်တူပုဂ္ဂိုလ်ချင်း (လွှတ်တော်အမတ်တစ်ယောက်က လွှတ်တော်အမတ်တစ်ယောက်ကို၊ လွှတ်တော်အရာရှိတစ်ယောက်က မိမိနဲ့ အဆင့်တူအခြားအရာရှိတစ်ယောက်ကို) ပေးတဲ့ လက်ဆောင်ကိုလက်ခံနိုင်ပါတယ်၊ အဆင့်နိမ့်သူထံက လက်ဆောင်ကို မွေးနေ့လို အထူးအခန်းအနားမျိုးမှလွဲ၍ လက်ခံခွင့်မရှိပါ၊(င) ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရများ၊ ဒေသဆိုင်ရာအစိုးရများ၊ နိုင်ငံပိုင် တက္ကသိုလ်များက ဂုဏ်ပြုပြီး ပေးတဲ့ လက်ဆောင်များကို လက်ခံနိုင်ပါတယ်၊(စ) အကျိုးစီးပွါးမပါပဲ ပုဂ္ဂိုလ်ရေးခင်မင်မှုနဲ့ ပေးတဲ့လက်ဆောင်များကို လက်ခံနိုင်ပါတယ်၊ ဒါတောင်မှ လက်ဆောင်ရဲ့ တန်ဘိုးက ဒေါ်လာ ၂၅၀ ကျော်ရင် လွှတ်တော်ကျင့်ဝတ်ကော်မီတီထံက ကြိုတင်ခွင့်ပြုချက်စာကို ရယူဖို့လိုပါတယ်၊(ဆ) လွှတ်တော်အမတ်ရဲ့ ရုံးကို ပေးပို့လာတဲ့ သတင်းအချက်အလက်ဆိုင်ရာ အထောက်အထားတွေ (စာအုပ်စာတမ်း၊ မဂ္ဂဇင်း၊ ဒီဗီဒီ၊ ဂျာနယ်များ) ကို လက်ခံနိုင်ပါတယ်၊(ဇ) မိမိရဲ့ မဲဆန္ဒနယ်မြေက ထုတ်လုပ်ပြီး အများပြည်သူအတွက် နမူနာသဘော ဖြန့်ချိတဲ့ တန်ဘိုးအနည်းငယ်ပဲရှိတဲ့ ပစ္စည်းတွေကို လက်ခံနိုင်ပါတယ်၊(ဈ) အခန်းအနားတစ်ခုခုမှာ ဂုဏ်ပြုပေးအပ်ပြီး မိမိအမည်ကို ထွင်းထုထားတဲ့ ဆုဖလားလို လက်ဆောင်မျိုးကို လက်ခံနိုင်ပါတယ်၊လက်ဆောင်ဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အရေးကြီးတဲ့ ဆက်သွယ်ရေးကြိယာတစ်ခုပါ၊ လူသာမာန်တွေအဖို့တော့ တစ်ယောက်နဲ့ တစ်ယောက်သတိရနေဖို့၊ တစ်ယောက်ရဲ့ အချစ်ကို တစ်ယောက်က နားလည်ဖို့၊ ကျေးဇူးရှိသူကို တုံ့ပြန်ခြင်း၊ စသဖြင့် အဓိပ္ပယ် ရှင်းလင်း၊ အပြစ်ကင်းရိုးသားကြပေမည့် အကျိုးစီးပွါးနဲ့ပါတ်သက်တဲ့ လက်ဆောင်ပေးမှု၊ လက်ဆောင်ရယူမှု၊ လက်ဆောင်ပေးဖို့တောင်းခံမှုတွေကတော့ တာဝန်ရှိသူတွေမှာ လာဘ်စားမှု၊ ကိုယ်ကျင့်တရားပျက်ပြားမှုတွေ ဖြစ်ပေါ်စေပါတယ်၊ သာမာန်လူအချင်းချင်း လုံချည်တစ်ထည်၊ ထဘီတစ်ထည်၊ ခြုံပုဝါတစ်ထည် လက်ဆောင်ပေးတာ ပြဿနာမဟုတ်ပေမည့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို အပြင်လူတစ်ယောက် သို့မဟုတ် အများက အဲဒီလို လက်ဆောင်ပေးရင်၊ တစ်ခါ ပေးတာကလဲ တစ်ထည်မက အထည်ပေါင်းများစွာ၊ အကြိမ်ပေါင်းများစွာ ပေးတယ်ဆိုရင်၊ နေဖို့အိမ်၊ စီးဖို့ကားတွေ၊ လှူတန်းဖို့ ပိုက်ဆံတွေ၊ ခိုင်းဖို့အစေအပါးတွေ ထောက်ပံ့တယ်ဆိုရင် ဒါ အတော်ကြီးတဲ့ ပြဿနာဖြစ်လာပါပြီ၊ ပေးသူက ပေးရဲတာတောင်မှ ဒီလိုလက်ဆောင်တွေကို လက်ခံရဲတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကိုယ်ကျင့်သီလကို မေးခွန်းထုတ်စရာဖြစ်လာပါလိမ့်မယ်၊(၂) ခရီးသွားလာခြင်း (Travel)အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များနဲ့ သူတို့ရဲ့ ဝန်ထမ်းများ ခရီးသွားလာခြင်းနဲ့ပါတ်သက်ပြီး အောက်ပါကျင့်ဝတ်များကို လိုက်နာရပါတယ်၊(က) ပြင်ပအဖွဲ့အစည်းများက အကုန်အကျခံတဲ့ ခရီးစဉ်များအတွက် လွှတ်တော်ကျင့်ဝတ်ကော်မီတီရဲ့ ခွင့်ပြုချက်ကို ကြိုတင်ရယူရပါမယ်၊ လွှတ်တော်အမတ်ဟာ ခရီးစဉ်နဲ့ပါတ်သက်ပြီး ကော်မီတီကို လိုအပ်တဲ့အထောက်အထားများ၊ ခရီးစဉ်အသေးစိတ် နဲ့ စားရိတ်ကျခံမည့် အဖွဲ့အစည်းဆိုင်ရာအချက်အလက်တွေ အနည်းဆုံး ၁၄ရက်ကြိုပြီး တင်ပြလျှောက်ထားရမှာဖြစ်ပါတယ်၊(ခ) ကုန်ကျစားရိတ်တာဝန်ယူမည့်အဖွဲ့အစည်းက အမေရိကန် တက္ကသိုလ်၊ ကောလိပ်များ နဲ့ ပြည်ပကိုယ်စားလှယ် (သို့မဟုတ်) အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူတွေ ခန့်အပ်မထားတဲ့ အဖွဲအစည်းများဖြစ်တယ်ဆိုရင် လွှတ်တော်အမတ်ရဲ့ ခရီးစဉ်ကို အမေရိကန်ပြည်ထောင်စုအတွင်းမှာဆိုရင် ၄ ရက်၊ ပြည်ပခရီးဆိုရင် ၇ ရက် တာဝန်ယူခွင့်ရှိပါတယ်၊ ဒီ့ထက်ပိုခွင့်မရှိပါ၊(ဂ) ကုန်ကျစားရိတ်တာဝန်ယူမည့်အဖွဲ့အစည်းက ပြည်ပကိုယ်စားလှယ် (Foreign Agent) (သို့မဟုတ်) အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူ (Lobbyist) တွေခန့်အပ်ထားတဲ့ အဖွဲအစည်းများဖြစ်တယ်ဆိုရင် လွှတ်တော်အမတ်ရဲ့ ခရီးစဉ်ကို တစ်နေ့ (သို့မဟုတ်) တစ်ညပဲ တာဝန်ယူခွင့်ရှိပါတယ်၊ ဒါပေမည့် ပြည်ပကိုယ်စားလှယ် (သို့မဟုတ်) အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူတွေ လွှတ်တော်အမတ်နဲ့ ခရီးစဉ်မှာ လိုက်ပါခွင့်မရှိပါ၊ ထူးခြားတဲ့ အခြေအနေမျိုးမှာ ကော်မီတီက ဒီခရီးစဉ်ကို တစ်နေ့၊ တစ်ည တိုးပြီးခွင့်ပြုနိုင်ပါတယ်၊(ဃ) ခရီးစဉ်ကို တာဝန်ခံစီစဉ်တဲ့ အဖွဲ့အစည်းဟာ သွားရောက်တဲ့ ဒေသ၊အခန်းအနားနဲ့ တိုက်ရိုက်ပါတ်သက်ရမှာဖြစ်ပြီး ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ဟာလဲ လွှတ်တော်အမတ်ရဲ့ တရားဝင်တာဝန်များနဲ့ သက်ဆိုင်ရမှာဖြစ်ပါတယ်၊(င) ခရီးစဉ်အတွင်းမှာ လိုအပ်တဲ့ သယ်ယူပို့ဆောင်ရေး၊ အစားအစာ၊ တည်းခိုခန်း၊ ညီလာခံဝင်ကြေး၊ နဲ့ စာရွက်စာတမ်းများကို လက်ခံခွင့်ရှိပါတယ်၊(စ) ခရီးစဉ်အပြီး ၁၅ ရက်အတွင်းမှာ လွှတ်တော်အမတ်ဟာ ဒီခရီးစဉ်ပါတ်သက်တဲ့ အထောက်အထားတွေကို ကော်မီတီကို တင်ပြရမှာဖြစ်ပါတယ်၊(ဆ) ဒီကျင့်ဝတ်တွေဟာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နဲ့ ဒေသဆိုင်ရာအစိုးရများ၊ ပြည်ပအစိုးရများက စီစဉ်တာဝန်ခံတဲ့ ခရီးစဉ်များနဲ့ မပါတ်သက်ပါ၊ လွှတ်တော်အမတ်ရဲ့ ပြန်လည်အရွေးခံရရေးလှုပ်ရှားမှု (Re-election Campaign) နဲ့လဲမပါတ်သက်ပါ၊ ပြန်လည်အရွေးခံရရေးနဲ့ ပါတ်သက်တဲ့ နိုင်ငံရေး ခရီးစဉ်တွေမှာတော့ ကုန်ကျစားရိတ်ကို သက်ဆိုင်ရာပါတီရန်ပုံငွေကဖြစ်စေ၊ လွှတ်တော်အမတ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာရန်ပုံငွေကဖြစ်စေ သုံးစွဲရပြီး ကုန်ကျစားရိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကို ရွေးကောက်ပွဲကုန်ကျစားရိတ်အဖြစ် တင်ပြရပါမယ်၊အထက်ပါ ကျင့်ဝတ်တွေမှာ ကျနော်တို့အတွက် မျက်စိရှုပ်မှာကတော့ "ပြည်ပကိုယ်စားလှယ် (သို့မဟုတ်) အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူတွေ" ဆိုတဲ့ စကားလုံးတွေဖြစ်ပါလိမ့်မယ်၊ အဲဒါတွေက ကျနော်တို့နိုင်ငံမှာ အခုထိတော့ မရှိသေးပါ၊ ဒီလို မျက်စိရှုပ်မှုအနည်းငယ်ကလွဲရင် ကျင့်ဝတ်တွေအားလုံးဟာ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေပါ၊ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေဟာလဲ တာဝန်အရ ပြည်တွင်း၊ ပြည်ပခရီးတွေ ထွက်နေကြ၊ ထွက်ကြမှာပါ၊ အဲဒီခရီးစဉ်တွေမှာ အစိုးရအစီအစဉ်နဲ့ သွားတာရှိသလို ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကုမ္ပဏီများစီစဉ်တာလဲ ရှိမှာပါ၊ ဒီခရီးစဉ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဆိုတဲ့ ဘောင်ထဲမှာရှိနေဖို့ရယ်၊ ပုဂ္ဂလိကအဖွဲ့အစည်းများရဲ့ လွှတ်တော်ကိုယ်စားလှယ်အပေါ်လွှမ်းမိုးမှုကို ကန့်သတ်တားဆီးနိုင်ဖို့ရယ်အတွက် ကျင့်ဝတ်တွေသတ်မှတ်ဖို့လိုပါတယ်၊ ဒီကျင့်ဝတ်တွေမရှိရင် တာဝန်လို့အကြောင်းပြပြီး ပုဂ္ဂလိကကုမ္ပဏီများရဲ့ ကျေးဇူးနဲ့ ငပလီတို့၊ ငွေဆောင်တို့မှာ ကမ်းခြေက သဲများအရည်အသွေးကောင်းမကောင်း သွားရောက်စစ်ဆေးမည့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နေပြည်တော်နဲ့ မိမိရဲ့ အိမ်ရှိရာကို လေယဉ်အခမဲ့စီးပြီး အပါတ်တိုင်းအမြဲပြန်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပေါ်လာမှာစိုးမိပါတယ်၊မြန်မာနိုင်ငံဟာ အကျင့်ပျက်ဆုံး၊ လာဘ်အစားဆုံးနိုင်ငံတစ်ခုအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကစလို့ အခုအထိ ဆက်လက်တည်ရှိနေတာပါ၊ နိုင်ငံတော် သမ္မတကိုယ်တိုင်က အဂတိလိုက်စားမှုတွေကို တိုက်ဖျက်မယ်လို့ ကြွေးကြော်ပြီး ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ခေါင်းဆောင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မီတီတစ်ခုဖွဲ့ထားပါသေးတယ်၊ တိုင်းပြည်ရဲ့ ဥပဒေပြုအာဏာကို ကိုင်တွယ်ထားတဲ့၊ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များကလဲ အဂတိတိုက်စားမှုတိုက်ဖျက်ရေး မှာ တစ်တပ်တစ်အားပါဝင်ပြီး မိမိတို့ကိုယ်တိုင် မှန်ကန်ဖြောင့်မတ်တဲ့ ကျင့်ဝတ်တွေချမှတ်ပြီး ခိုင်ခိုင်မာမာ စောင့်သိကြဖို့လိုပါတယ်၊ ခေါင်ကလုံမှ မိုးမယိုမှာပါ၊ဆက်ရေးပါ့မယ်၊လေးစားစွာအောင်ဒင်ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃  

Maung Luu Yay - Letpadaung a Legal Project?


လက်ပတောင်းတောင်စာချုပ် တရားဝင်သလော
မောင်လူရေး၊ မတ် ၁၉ ၊ ၂၀၁၃
ဦးပိုင်နှင့် ဝမ်ဘောင်တို့ ယခုလအတွင်းမှာဘဲ စာချုပ်သစ်ပြန်ချုပ်မယ်လို့ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌဒေါ်စုက ပြောပါတယ်။
အစီရင်ခံစာမှာလဲ နိုင်ငံတော်အတွက်အကျိုး၊ မြန်မာ့စီးပွားရေးဦးပိုင်အကျိုးပြည့်ဝစွာရရှိစေဖို့ ညှိနှိုင်းပြီး စာချုပ်ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။
အော် နိုင်ငံတော်အမည်ခံ အာဏာပိုင်အစိုးရရယ်၊ ဘာကို ကိုယ်စားပြုနေမှန်းကွဲကွဲပြားပြားမသိရတဲ့ ဦးပိုင်ရယ် ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ ကြွယ်ဝမှုပေါင်းများစွာ အကျိုးပြည့်ဝစွာခံစား စံစားပြီး ဆင်းရဲသား လက်ပတောင်းသားတွေ၊ ဒီမြေပေါ်မှာ တသက်လုံးရပ်ခဲ့သူတွေက ဘေးအန္တရာယ်နှင့် ကပ်ဆိုးအမျိုးမျိုး၊ မရေရာ၊ မလုံခြုံမှုစတဲ့ စိတ်ဖိစီးမှုအမျိုးမျိုးစတဲ့ ဝန်ထုတ်ဝန်ပိုးတွေ ထမ်းကြရတော့မယ်ဆိုတဲ့သဘောပင်။
ဆက်လက်ချုပ်မဲ့စာချုပ်မှာ ရပ်ရွာနဲ့ ဒေသခံများရဲ့ ဘဝတွေ၊ သားစဉ်မြေးဆက်အမှုန့်ကြိတ် အရည်ဖျော်ခံရတော့မယ့် အခြေအနေတွေ တွေ့နေရတယ်။
မှီခိုလဲလျောင်းရာ၊ တည်မှီရှင်သန်ရာနေရာဒေသကြီးနဲ့ အတိုင်းမသိကိန်းအောင်းခဲ့တဲ့ယဉ်ကျေးမှုဓလေ့တွေ၊ နေထိုင်သူသက်ရှိတွေ ထိခိုက်ပျက်စီးနာကျင်ဒဏ်ရာရ၊ လွှင့်ပါးပျောက်ကွယ်သွားစေတဲ့ စက်မှုလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အာဏာရှင်တွေနဲ့ သူတို့ရဲ့အပေါင်းဖေါ်တွေဟာ တခြားသူတွေရဲ့ ဘဝတွေ၊ နေမှုတွေကိုမကြည့်ဘဲ၊ ဘဝတခုလုံးကျွမ်းထိုးမှောက်ခုံဖြစ်သွားမဲ့သူတွေကို ထဲ့မတွက်ဘဲ သူတို့ဘာသာ ဘယ်ရွာတွေရွှေ့မယ်၊ ဘယ်တောင်တွေဖြိုမယ်၊ ဘယ်လူတွေမောင်းထုတ်မယ်ဆိုပြီး ကြိုက်သလိုဆုံးဖြတ်ကြ၊ ပီးတော့ ဒီစီမံကိန်းလုပ်မယ်ဆိုပြီး ကြေညာပြီးတာနဲ့တပြိုင်နက် ရွှေ့ခိုင်း၊ ပြောင်းခိုင်း၊ တွန်းထိုးမောင်းထုတ်၊ ထောင်ချ၊ ဆန့်ကျင်သူတွေကို ဖိနှိပ်သတ်ဖြတ်ပြီး စီမံကိန်းကို အကောင်အထည်ဖေါ်ကြတော့တာပါဘဲ။
ခုလဲ အဲဒီလိုမျိုးပါဘဲ။
ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးသွားလို့ ဆင်းရဲသားတွေ အသက်တိုတာဘဲ၊ ငါတို့လောက် ဒီနိုင်ငံသမိုင်းကြောင်းမှာ အရေးမပါသူတွေ အသက်မရှည်တာ၊ မကျန်းမာတာ၊ ဘာမှ အရေးမကြီးပါဘူးဆိုတဲ့သဘောမျိုးပါဘဲ။ လတ်တလော ငွေကြေးနဲ့ဆိုရင် သူတို့ဆင်းရဲသားတွေ ရေရှည်ထိခိုက်တာ ဘာမှ မဟုတ်ပါဘူး၊ ဒါကို လက်ခံမှာပါဆိုတာမျိုးပါဘဲ။
ဒီကြေးနီထုတ်ယူလို့ ဖြစ်လာမဲ့ညစ်ညမ်းမှု၊ ပျက်စီးမှု၊ ထိခိုက်နစ်နာမှုတွေကို ဒေသခံတွေလက်ခံဖို့ လျော်ကြေးနဲ့ စည်းရုံးတာဟာာ၊ ရေရှည်လူနေမှုဘဝနဲ့ ထိခိုက်နစ်နာမှုများကို သေသေချာချာပိုင်းခြားမပြဘဲနဲ့၊ နိုင်ငံတကာမှာ ကြေးနီထုတ်လို့ ဘယ်လိုတွေဖြစ်သွားပါတယ်ဆိုတာတွေထုတ်မပြဘဲနဲ့ အလုပ်အကိုင်တွေ၊ လျော်ကြေးတွေ၊ နိုင်ငံတော်အကျိုးဆိုတာတွေနဲ့ ဖိအားပေးနေတာတွေဟာ၊ ပညာတတ်ကြိမ်လုံးနဲ့ တဗုံးဗုံးချနေတာတွေဟာ မျှတပါရဲ့လား။ တရားပါရဲ့လား။ ကိုယ့်သိက္ခာကို လုံခြုံရဲ့လားဆိုတာ မေးချင်ပါတယ်။
လက်ပတောင်းဒေသခံတွေဟာ လူသားတွေပါ။
သူတို့တောတောင်ဟာ
သူတို့တည်မှီရာပါ။
လဲလျောင်းရာပါ။
အဲဒါတွေဟာ ဈေးကွက်ဝင်ပစ္စည်းတွေ မဟုတ်ပါဘူး။
စာချုပ်လိုက်ရမဲ့ဟာတွေ မဟုတ်ပါဘူး။ စာရွက်တရွက်နဲ့ စီရင်ချက်ချခွင့်မရှိပါဘူး။
အစီရင်ခံစာမှာပါတဲ့ဥပဒေအတိုင်းဆို စာချုပ်က ချုပ်ခွင့်ကို မရှိဘူးလို့ထင်ပါတယ်။ ဥပဒေသဘောတော့ နားမလည်ပါ။ ဖတ်ရတဲ့အတိုင်းဆိုရင်တော့ ဒီစာချုပ်ဟာ ပျက်ပျက်ပါတယ်။
အစီရင်ခံစာ အပိုဒ် ၇၃ (က) မှာ သတ္ထုတွင်းလုပ်ငန်း ဖက်စပ်စာချုပ်များ ချုပ်ဆိုခြင်းနှင့် စပ်လျဉ်း၍ ၁၉၉၆ ခုနှစ်၊ မြန်မာ့သတ္ထုတွင်းနည်းဥပဒေများ အခန်း-၁၆၊ နည်းဥပဒေ ၈၄ ပါ ပြဋ္ဌာန်းချက်အရ သတ္ထုတွင်းဝန်ကြီးဌာနသည် မည်သည့်ပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းကိုမဆို ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတော်ပိုင်လုပ်ငန်းတစ်ခုခုနှင့် ဓာတ်သတ္ထုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း(သို့မဟုတ်) ထုတ်လုပ်ခြင်းဆိုင်ရာ ဖက်စပ်စာချုပ်များကို ဥပဒေနှင့်အညီ ချုပ်ဆိုနိုင်သည်ဟု ပါပါတယ်။
အဲဒီအတိုင်းဆို ဦးပိုင်ဟာ သတ္ထုတွင်းဝန်ကြီးဌာနလက်အောက်က နိုင်ငံတော်ပိုင်လုပ်ငန်းတခုမဟုတ်ဘူး။ နောက်ပြီး  ဦးပိုင်ကိုယ်နှိုက်က ဘယ်ဓာတ်သတ္ထုမှ ရှာဖွေတာ၊ စမ်းသပ်တိုင်းတာ၊ ထုတ်လုပ်တာမကြားမိပါဘူး။ ရှာဖွေ၊ စမ်းသပ်၊ ထုတ်လုပ်သူနဲ့ဘဲ လုပ်ရမယ်လို့ပါပါတယ်။ (နောက်ပြီး အဲသလို မဆီမဆိုင်ပုဂ္ဂလိကကုမ္မဏီတစ်ခုနဲ့ နိုင်ငံခြားသားပိုင်ကုမ္မဏီတခုတို့လုပ်ခွင့်ရဖို့ ခွင့်ပြုမိန့် အမိန့်ကြော်ညာစာမရှိဘူးလို့လဲ ဆိုထားပါတယ်) ခုဟာက အဲဒါတွေကို အိုင်ဗင်ဟိုနဲ့ ဝမ်ဘောင်တို့ကဘဲ လုပ်တာပါ။ ဒီဖြစ်စဉ်မှာ ဦးပိုင်ရဲ့အခန်းကဏ္ဍကို သီးခြားမတွေ့ရပါဘူး။ သူက သတ္ထုတွင်းဝန်ကြီးဌာနနဲ့ ဝမ်ဘောင်ကြားမှာ ပွဲစားအဆင့်မျိုးပါ။ ဒါဆိုရင်လဲ ဒီအခြေအနေမှာ ပွဲစားမလိုပါဘူး။ နိုင်ငံတော်နဲ့ အိုင်ဗင်ဟိုချုပ်ခဲ့သလိုဘဲ နိုင်ငံတော်နဲ့ ဝမ်ဘောင်တိုက်ရိုက်စာချုပ်ရုံပါဘဲ။
ခုဟာက ဦးပိုင်က မသာအိမ်ကို အပိုင်စီးပြီး ဖဲဝိုင်းခံ အကောက်ကောက်သလိုမျိုးပါ။ မသာပိုင်ရှင်ဖြစ်တဲ့နိုင်ငံတော်ရဲ့အခန်းကဏ္ဍက ပျောက်ဆုံးနေပါတယ်။ ဝမ်ဘောင်က ဖဲလာရိုက်သူပေါ့လေ။ မသာကိုယ်တိုင်ကတော့ လက်ပတောင်းဒေသခံတွေပေါ့။ အော် မသာပိုင်ရှင်ဖြစ်တဲ့နိုင်ငံတော်ကိုတော့ လက်ဖက်ဖိုးပေးပါတယ်၊ ဧက ရှစ်ထောင်(၈၀,၀၀)ကို တစ်နှစ် နှစ်ဆယ့်ရှစ်သိန်း(၂၈)ကျော်နဲ့ နှစ် ခြောက်ဆယ်(၆၀)မြေငှားခ ရမယ်ဆိုဘဲ။
(မှတ်ချက်) အဲဒီငှားရမ်းခသင့်၊ မသင့် ကော်မရှင်အစီရင်ခံစာ၌ မတွေ့ရပါ။
မောင်လူရေး
(ဓာတ်ပုံ Messenger သတင်းဂျာနယ်) 


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives