[moemakadaily@moemaka.biz] 23rd March - MoeMaKa Daily

ကာတွန်း စောငို - ပြည်တွင်းမီး နဲ့ ပြည်တွင်းစစ်မီး တလှည့်စီ လောင်နေသည့် မြန်မာပြည်
မတ် ၂၃၊ ၂၀၁၃

Regime's Defense Ministry's MEC Business Outlet - Corruption Charges



ကာကွယ်ရေးဝန်ကြီးဌာန၏ မြန်မာစီးပွားရေးကော်ပိုရေးရှင်းက အကျင့်ပျက်ခြစားမှုများ
ကာကွယ်ရေးဝန်ကြီးဌာန တာဝန်သိဝန်ထမ်းများ၊ မတ် ၂၃၊ ၂၀၁၃
ကာကွယ်ရေးဝန်ကြီးဌာနက ၀န်ထမ်းအချို့သည် ၀န်ကြီးဌာန၏ စီးပွားရေးလုပ်ငန်းတခုဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတွင် ပြောင်းရွှေ့ပြီး အကျင့်ပျက် ခြစားမှုများ၊ ဥပဒေမဲ့ ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းများအား တိုင်ကြားထားသည့်စာကို တင်ဆက်လိုက်ပါသည်။

  


Shwe Ton Tay Sayadaw urged peace on recent unrest in Burma

ထိုင်းနိုင်ငံ၊ မဟာချိုင်၊ ရွှေတွံတေးဆရာတော်က မိတ္ထိလာပဋိပက္ခအရေး မေတ္တာရပ်ခံ
မိုးမခ၊ မတ် ၂၃၊ ၂၀၁၃
           ရွှေတွံတေးဆရာတော်က ယခုဖြစ်ပွါးနေသော မိတ္ထီလာပဋိပက္ခသည် ၁ ဦးချင်း လူမှုရေး အဆင်မပြေမှုမှစခဲ့သည့်အတွက် ပုဂ္ဂလိကအပြစ်ရှိသူကို ထိထိရောက် အရေးယူပေးဖို့သာ ကောင်းတယ်။ ၁ ဘက်နှင့် ၁ဘက် အင်အားပြဖြေရှင်းရင် လူမျိုးရေးဘာသာရေး ပဋိပက္ခ ဖြစ်လာမယ်။  နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေမှာ ဒီလိုပဋိပက္ခ မဖြစ်အောင် ၀ိုင်းဝန်းတားဆီးပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရော ဘာသာဝင်တွေပါ  ငြိမ်းချမ်းရေးကိုရှေ့ရှု စဉ်စားဆောင်ရွက်ပေးပါ။ အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ တွေ တရားတဲ့စိတ်နဲ့ မျှမျှတတ
ပြဿနာ ဖြေရှင်းဖို့၊ ပဋိပက္ခငြှိမ်းဖို့ မေတ္တာရပ်ခံပါတယ်။" 
       စသဖြင့်မိန့် ကြားခဲ့သည်။

88 Generation donated 88 saffrons robs in Thailand


ထိုင်းနိုင်ငံရောက် ၈၈ မျိုးဆက်များ သင်္ကန်း ၈၈ စုံ ဆက်ကပ်လှူဒါန်း
မိုးမခဓာတ်ပုံသတင်း၊ မတ် ၂၃၊ ၂၀၁၃
         ထိုင်းနိုင်ငံ ခရီးစဉ်ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ သည် မဟာချိုင်သို့ လာရောက် လေ့လာစဉ် ရွှေတွံတေးဆရာတော်ထံ သွားရောက်ပြီး သင်္ကန်း ၈၈စုံ ဆက်ကပ် လှူဒါန်းခဲ့သည်။





           ရွှေတွံတေးဆရာတော်က ထိုင်းနိုင်ငံရှိ ကိုယ့်နိုင်ငံသား တိုင်းရင်းသားများ ဘ၀အခြေအနေနှင့် ပြင်ပ ထောက်ပံ့မှုများမရှိဘဲ ကိုယ်ပိုင်ရပ်တည်နေရသော ကလေးများ စာသင်ကျောင်း ၃ ကျောင်း၏ ပကတိအခြေအနေ တို့ကို အကျဉ်းပြောပြခဲ့သည်။           ရွှေတွံတေးဆရာတော်က ..
           " ရေခြားမြေခြားလာပြီး ရုန်းကန်ရင်းနဲ့ ရဟန်းခံကြရတာ စရိတ်ကြီးတယ်။ တချို့ဆို ရဟန်းလောင်း ၁ ပါး ကို ဘတ် ၄၀၀၀ မှ ၈၀၀၀ လောက်အထိ ကုန်ကျတယ်။ ဘုန်းကြီးက သက်သာစေဖို့၊ သာသနာ့ဘောင်ဝင်ပြီး သာသနာပြုဖြစ်စေဖို့ - ၁ပါးကို ၂၅၀၀ ဘတ်လောက်နဲ့ စီစဉ်ပေးတယ်။ အဲဒါ မတတ်နိုင်ရင်တောင် မဟာချိုင်မိသားစုတွေနဲ့ ရန်ကုန်ကဒကာတွေ လှူဒါန်းမှုနဲ့ ရဟန်းပြုပေးသေးတယ်။ ၁ ကြိမ်ကို ဒုလ္လဘ (၁၀၀) လောက် ၀တ်ကြတယ်။ အခုလည်း ၈၈ မျိုးဆက်ကျောင်းသားတွေလှူဒါန်းတဲ့ သင်္ကန်း ၈၈ စုံကို အလှူ ရဟန်းခံရှင်ပြုပေးသွားမှာပါ။ " 
            စသဖြင့်မိန့် ကြားခဲ့သည်။




Maung Swan Yi - Walking at the beach


ပင်လယ်ကမ်း လမ်းလျှောက်ထွက်ရအောင်
မောင်စွမ်းရည်၊ မတ် ၂၃၊ ၂၀၁၃
ပင်လယ်ကမ်း လမ်းလျှောက်
ငါးတကောင် ကောက်မိ။
ပုလဲတလုံး တွေ့တော့
ငါးကို မေ့ပြီး ချခဲ့။

ငါးစိမ်းကို မေ့
ငါးကင် မတွေ့ရင်
ဒီနေ့ ငတ်ပေါက်
ကောက်လာတဲ့ ပုလဲ
ဈေးထဲ ရောင်းချ
ငါးကင် ၀ယ်လို့ရမယ်။

ဝယ်ခြမ်းပြီးမှ သတိရခဲ့
လုံမလည်ဆွဲ ပုလဲလက်ဆောင်
ပေးရအောင် - လို့။

နှင်းဆီပန်းလေး ၀ယ်ပေးလိုက်ပါ
ကျေနပ်မှာပေါ့။

ဟုတ်ကဲ့ ဟုတ်ကဲ့
ကျေနပ်လေမလား
မကျေနပ်လေမလား
စဉ်းစားနေဆဲ … …
ထမင်းပွဲက စားပွဲရှေ့ရောက်
ကောက်ကာ ငင်ကာ စားလိုက်ပါပြီ၊
နှင်းဆီရောင်းသူ၊ ဈေးခေါင်းတောင်းရွက်
ဈေးနှုတ်ဆက်
ဖုတ်ဖက်ခါလို့ ပြန်ပါပြီ။  

ပင်လယ်ကမ်း လမ်းလျှောက်ထွက်ပါလေ။

(မောင်စွမ်းရည်၊ ၂၀ ဖေဖော်ဝါရီ ၂၀၁၃)

Hla Minn Thu - Blessing in Life and Struggle


မင်္ဂလာတရားတော်၊ ရန်ငြိမ်းစေခြင်း၊ စိတ်နှလုံးနှိမ့်ချခြင်းနှင့်စိတ်နှလုံးဖြူစင်ခြင်း
မင်္ဂလာတရားတော် ...

သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဘုရား သခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။ 
မဿဲ ၅း၉-၁၀

မဟတ္တမ ဂန္ဒီ (Mahatma Gandhi)
ဂန္ဒီသည် ငယ်စဉ်က ကျောင်းပညာရပ်များ၌ ထူးချွန်သူတစ်ဦး မဟုတ်ချေ။ သူသည် အခြေခံပညာရပ်များကို သင်ကြားတတ်မြောက်ပြီးနောက် လန်ဒန်မြို့ သို့ သွားရောက်ကာ၊ ရှေ့ နေတစ်ယောက်ဖြစ်ရန် ဥပဒေပညာရပ်ကို သင်ကြားသည်။ ထိုသို့ ပညာသင်ကြားနေစဉ်အတွင်း ဂန္ဒီသည် ဘာသာရေးကို စိတ်ဝင်စားလာခဲ့သည်။ အထူးသဖြင့် ခရစ်တော်နှင့် ခရစ်ယာန်ဘာသာကို အလွန်အမင်း နှစ်ခြိုက်ခဲ့သည်။ ဓမ္ဓဟောင်းကျမ်းကို လေ့လာစဉ်အခါက "ဖတ်ရတာ အရမ်းခက်ခဲတာပဲ" ဟုဆိုခဲ့သည်။ ဓမ္မသစ်ကို ဖတ်သောအခါ ဂန္ဒီသည် အထူးစိတ်လှုပ်ရှားလာသည်။ ခရစ်တော်၏ နာမည်ကျော်ကြားလှသော တောင်ပေါ်ဒေသနာသည် သူ၏ နှလုံးသားထဲသို့ စူးနစ်ဝင်ရောက်ခဲ့သည်။ အဆိုးကို အဆိုးအားဖြင့် မတုန့်ပြန်ပဲ အကောင်းအားဖြင့်တုန့်ပြန်ရန်၊ မိမိပါးတစ်ဖက်ကို ရိုက်လျင် အခြားပါးတစ်ဖက်ကိုပါ အရိုက်ခံရန်၊ အင်္ကျီကို တောင်းလျင် မိမိ ၀တ်ရုံကို ပါပေးရန် စသည့် သြ၀ါဒများသည် ဂန္ဒီ၏စိတ်ထဲတွင် စွဲမြဲနေခဲ့သည်။
"ခရစ်တော်ဟာ အရမ်းကို နူးညံ့တယ်။ သိမ်မွေ့တယ်။ စိတ်ရှည်တယ်။ သည်းခံတယ်။ ခွင့်လွှတ်ခြင်း အပြည့်ရှိတယ်။ ပြီးတော့ "လုံးဝ ပြီးပြည့်စုံပြီး ပြည့်ဝတဲ့လူဆိုတာ သူတစ်ပါးက ပါးတစ်ဖက်က ရိုက်လို့ရှိရင် နောက်ပါးတစ်ဖက်ကိုပါ ပေးဖို့ အသင့်ဖြစ်တဲ့လူ" ဖြစ်ရမယ်လို့ သင်ကြားခဲ့တာ တကယ့်ကို လှပတဲ့ ဥပမာလေးပါပဲ။"
ဟု ဂန္ဒီဆိုခဲ့သည်။

ဂန္ဒီသည် အိန္ဒိယပြည်သို့ ပြန်ရောက်လာပြီး ကုမ္ပဏီ တစ်ခု၌ အလုပ်ရခဲ့သည်။ ထို ကုမ္ပဏီ၏ စေခိုင်းချက်အရ တောင်အာဖရိရှိ ဗြိတိသျှကိုလိုနီ နိုင်ငံလေးတစ်နိုင်ငံသို့ သွားရောက်အမှုထမ်းရသည်။ ထိုသို့ အမှုထမ်းနေစဉ် လူမျိုးရေးခွဲခြားမှုများ၊ မတရားမှုများကို ကြုံတွေ့ ခဲ့ရသည်။
ဂန္ဒီသည် ခရီးတစ်ခုပြုရန် ရထားဖြင့် ပထမတန်းစားတွဲမှ လိုက်ပါလာခဲ့သည်။ မြို့ တစ်မြို့ သို့ အရောက်တွင် မျက်နှာဖြူတစ်ဦးသည် ဂန္ဒီစီးနင်လာသော တွဲပေါ်သို့ တက်ရောက်လာပြီး အိန္ဒိယသားဖြစ်သူ ဂန္ဒီအား တွေ့ မြင်သွားသည်။ ထိုမျက်နှာဖြူသည် အလွန်အမင်းစိတ်ဆိုးဒေါသထွက်လျက် ဂန္ဒီ့ အား တွဲပေါ်မှ မောင်းထုတ်ပေးရန် မီးရထားအရာရှိကို တောင်းဆိုသည်။ ထိုမီးရထားအရာရှိက ဂန္ဒီအား အခြား တတိယတန်းစားတွဲသို့ ပြောင်းရွှေ့ ပေးရန် ပြောဆိုသောအခါ ဂန္ဒီက ငြင်းဆန်လိုက်သည်။ ဂန္ဒီက တွဲမှ ဆင်းမပေးသောအခါ ပုလိပ်အရာရှိတစ်ဦး ရောက်ရှိလာပြီး ဂန္ဒီ၏ အထုပ်အပိုးများကို မီးရထားပေါ်မှ ပစ်ချလိုက်သည်။ ဂန္ဒီ့ ကိုပါ အတင်းအဓမ္မ တွန်းထုတ်လိုက်သည်။ ဂန္ဒီခမျာ ရထားပေါ်မှ ဆင်းနေခဲ့ရသည်။


ထိုကဲ့သို့ အဖြစ်မျိုးသာမက ဟော်တယ်များ၌ အိန္ဒိယသားများကို အတည်းမခံခြင်း၊ အိန္ဒိယ ရိုးရာခေါင်းပေါင်းကို မ၀တ်ရန် တားမြစ်ခြင်း စသည်တို့သည် ဂန္ဒီ၏ ဘ၀ကို တဆစ်ချိုးပြောင်းလဲစေခဲ့သည်။ ဂန္ဒီသည် လှုမှုရေးဆိုင်ရာ မတရားမှုများ၊ လူမျိုးရေး ခွဲခြားမှုများတွင် ဦးဆောင်လှုပ်ရှားလာသည်။ ထိုသို့ လှုပ်ရှားသည့်အခါ အကြမ်းမဖက်ရေး မူကို သုံးခဲ့သည်။ အကြမ်းဖက်မှုများကို မည်သို့မျှ မတုန်ပြန်ပဲ ရဲဝံ့စွာ ခေါင်းငုံ့ခံသည်။ သူ၏ဖြောင့်မတ် မှန်ကန်မှုကြောင့် ဂန္ဒီသည် မကြာခဏ အညှင်းဆဲခံရသည်။ ထောင်ကြခံရသည်။ သို့သော် ဂန္ဒီသည် အကြမ်းမဖက်ရေးမူကို မစွန့်လွှတ်ပဲ ငြိမ်းချမ်းစွာပင် ဆောင်ရွက်ခဲ့သည်။ သူ၏ အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့မှုများသည် အိန္ဒိယနိုင်ငံ လွပ်လပ်ရေးကို အောင်မြင်စွာ ဆွတ်ခူးရန် ခိုင်မာသော အုတ်မြစ်များဖြစ်ခဲ့သည်။ ခေါင်းငုံခံခြင်း၊ သည်းခံခြင်း၊ ရန်ကို ငြိမ်းစေခြင်းတို့သည် ပျော့ညံ့ခြင်း မဟုတ်ပဲ မမြင်ရသည့် အားတစ်ရပ်ဖြစ်ကြောင်း ဂန္ဒီလက်တွေ့ ပြခဲ့သည်။

တစ်ခါက တောင်အာဖရိက၌ ရှိနေစဉ် ဂန္ဒီသည် သာသနာပြုဆရာတစ်ဦးဖြစ်သူ Charles Andrew နှင့် အတူ တစ်ညနေခင်း၌ အတူတကွ လမ်းလျှောက်ခဲ့သည်။ ထိုသို့ လျှောက်နေစဉ် ရုတ်တရက် လူတစ်စုထွက်ပေါ်လာပြီး သူတို့ ရှေ့ မှ ပိတ်ရပ်လိုက်သည်။ သာသနာပြုဆရာက ထိုလူစုသည် မိမိတို့ကို ရန်ပြုမည့်သူများဟု အကဲခတ်သိရှိလိုက်ပြီး ထွက်ပြေးရန် ပြင်လိုက်သည်။ ဂန္ဒီက မပြေးရန်တားလိုက်သည်။
" ဓမ္မသစ်ကျမ်းမှာ ကိုယ့်ရဲ့ ညာဘက်ပါးကို ရိုက်ရင် ဘယ်ဘက်ပါးကို ပါ ပေးရမယ်လို့ ပြောထားတယ် မဟုတ်လား"
"အဲဒါက တင်စားပြီး ပြောထားတာ" ဟု သာသနာပြုဆရာက ဆိုသည်။
"ကျုပ်တော့ အဲဒီလိုမထင်ဘူး။ ကျုပ်ထင်တဲ့ဆိုလိုချက်က ကျုပ်တို့ဟာ သတ္တိရှိရမယ်။ သူတစ်ပါး ရိုက်နှက်တာကို တစ်ချက်မကဘူး။ အချက်ပေါင်းများစွာ ခံမယ်။ ဒီလိုခံပေမယ့်လို့ တစ်ချက်မှ ပြန်ပြီး မတုန့်ပြန်ဘူး။ ထွက်လည်းမပြေးဘူး။ အဲဒီလိုဆိုရင် ကျုပ်တို့ကို ရန်ပြုတဲ့လူရဲ့ စိတ်ဟာ တစ်မျိုးဖြစ်သွားတယ်။ တဖက်လူရဲ့ ဒေါသဟာ ပြေလျှော့သွားမယ်၊ ပြီးတော့ ဒေါသစိတ်အစား ရိုသေတဲ့စိတ်က ၀င်လာမယ်။ခရစ်တော်က ဒီသဘောတရားကို ကောင်းကောင်းသိတယ်။ ဒီနည်းအားဖြင့် အောင်မြင်နိုင်တာ ကျုပ်ဘ၀ လက်တွေ့ပဲ။"
ဟု ဂန္ဒီရှင်းပြခဲ့သည်။

လူမည်းခေါင်း ဆောင် မာတင်လူသာကင်းဂျေအာရ် (Martin Luther King Jr.)
များမကြာမှီ နှစ်များ၌ အမေရိကန်မှ လူမည်းခေါင်းဆောင် ဖြစ်သူ ဒေါက်တာမာတင်လူသာကင်းသည် ဂန္ဒီ၏ နည်းကို သေချာစွာလေ့လာပြီး လက်တွေ့ အသုံးချခဲ့သည်။ အကြမ်းမဖက်နည်းကို စတင်ကျင့်သုံးသော ဒေါက်တာကင်းကို လူမည်းများစွာတို့က ကျောခိုင်းခဲ့ကြပြီး "လူမည်းတို့၏ စွမ်းအား" ဆောင်ပုဒ်ကိုသာ လိုက်နာခဲ့သည်။ ပုလိပ်များ၏ နံပါတ်တုတ်ဖြင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံရသူများ၊ ထောင်မှူးများ၏ ညှင်းပန်းနှိပ်စက်မှုများကို ခံရသော လူမည်းများအဖို့ ဒေါက်တာကင်း၏ အကြမ်းမဖက်နည်းလမ်းကို အဘယ်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။ သို့သော် ဒေါက်တာကင်းသည် သူ၏ အကြမ်းမဖက်နည်းလမ်းကို မြဲမြံစွာ ကိုင်ဆွဲထားခဲ့သည်။
အမေရိကန်ပြည်ထောင်စုတ၀ှမ်း မြို့ ကြီးများ၌ လူမည်းများ ဆန္ဒပြခဲ့စဉ် ဒေါက်တာကင်းသည် တစ်မြို့ ဝင် တမြို့ ထွက်  လူမည်းများအား ဒေါသများကို ပြေငြိမ်းရန် လိုက်လံအားပေးခဲ့သည်။ "အကောင်းကို လိုချင်ရင် အဆိုးအားဖြင့် ဘယ်တော့မှ ရနိုင်မှ မဟုတ်ဘူး" ဟု ရဲရဲတောက် မိန့်ခွန်းခြွေသည်။ ဒေါက်တာကင်းသည် ထိုသဘောတရားများကို တောင်ပေါ်ဒေသနာ နှင့် ဂန္ဒီတို့ထံမှ နားလည်သဘောပေါက်ခြဲ့ခင်း ဖြစ်သည်။ သူ၏မိန့် ခွန်းတိုင်းတွင် ထိုသဘောတရားသည် အမြဲထင်ဟပ်နေကြောင်း တွေ့ ရသည်။
"ကျုပ်တို့ခရစ်ယာန်မှာ ကားတိုင်ဟာ သရဖူထက် ပိုမြင့်မြတ်တယ်။ သရဖူထက် ရှေ့ ကလာရမယ်လို့ ဆိုထားတယ် မဟုတ်လား။ ခရစ်ယာန်တစ်ယောက်ဟာ ကိုယ်ရဲ့ ကားတိုင်ကို ရဲရဲကြီး ထမ်းနိုင်ရမယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဘယ်လောက်ပဲနာကျင်ပါစေ၊ဘယ်လောက်ပဲတင်းကျပ်ပါစေ ရဲရဲကြီးကိုထမ်းရမယ်။ ကျုပ်တို့ရဲ့ ခန္ဓာမှာ ကားတိုင်ရာဟာ အမာရွတ်ကျန်တဲ့အထိ ထမ်းရမယ်။ ဒါမှလည်း ကောင်းကျိုး သရဖူကို လှလှကြီး ခံစားရမှာ။ ဒီသရဖူကြီးကို ရရှိဖို့ ကျုပ်တို့ ဆင်းရဲခြင်းတော့ ခံရမယ်"
ဟု ဒေါက်တာကင်းက ဆိုသည်။
ဒေါက်တာကင်း၏ အကြမ်းမဖက်ရေးမူသည် လုံးလုံးလျားလျားကြီး မှန်ခဲ့သည်။ ဘယ်လောက်ပဲ ယထာဘူတမကျပါစေ၊ လူသားများ၏ ကိုယ့်ကိုကို ကာကွယ်လိုသောသဘောကို ဆန့်ကျင်နေပါစေ၊ ဒေါက်တာကင်းသည် ငြိမ်းချမ်းရေးမူကို မစွန့်လွှတ်ခဲ့။ လူမည်းများက လက်စားချေရန် တိုက်တွန်းဆန္ဒပြုသော်လည်း ဒေါက်တာကင်းက ချစ်ခြင်းမေတ္တာထားရန်သာ တိုက်တွန်းခဲ့သည်။
Alabama ပြည်နယ်ရှိ Salma မြို့ အနီး တံတားတစ်ခုအနီးတွင် ဖြစ်သည်။ နံပါတ်တုတ်များ၊ မီးသတ်ပိုက်များ၊ ဂျာမန် ရဲခွေးများဖြင့် အင်အားအပြည့်အစုံရှိသော နယ်မြေထိမ်းသိမ်းရေးရဲများ ရှေ့ တွင် လူမည်းအခွင့်အရေးတောင်းဆိုသူများသည် စီတန်းကာ မားမားရပ်နေကြသည်။ ထိုအချိန်တွင် ရဲချုပ်ကြီး Jim Clark သည် အမိန့်ပေးလိုက်သည်။ လုံခြုံရေးရဲများ အကာအကွယ်မဲ့၊ လက်နက်မဲ့ လူမည်းများကို ရက်စက်စွာတိုက်ခိုက်ကြသည်။ လူမည်းများ၏ သွေးတို့ဖြင့် လမ်းတို့မှာ စွန်းထင်းသွားသည်။ ထိုအဖြစ်အပျက်ကို ရုပ်မြင်သံကြားမှ မြင်လိုက်ရသော အမေရိကန်ပြည်သူလူထုသည် ရဲများ၏ မတရားအကြမ်းဖက်မှုများကို ရွံရှာစက်ဆုပ်သွားပြီး လူမည်းများတောင်းဆိုသော လူတန်းစား တူညီမှုအခွင့်အရေးကို ပေးရန် တစ်ခဲနက်ဆန္ဒပြုလိုက်သည်။



အခြားသောဖြစ်ရပ်များ
အရှေ့ တောင်အာရှတွင်လည်း ဖီလီပိုင် နိုင်ငံတွင် အကွီနို၏ ဦးဆောင်မှုဖြင့် ဖိနှိပ်မှုများမှ လွတ်မြောက်ခဲ့သည်။ ထိုစဉ်အခါက သာမာန်အရပ်သားများသည် လမ်းမများပေါ်၌ စုဝေးကာ ဆုတောင်းနေခဲ့သည်။ စစ်သံချပ်ကာကားများသည် ဒူးထောက်ကာ ဆုတောင်းနေကြသူ အရပ်သားများရှေ့ အရောက်တွင် မမြင်ရသည့် အားတစ်ရပ်က ပိတ်ဆို့နေသည့်ပမာ တုံ့ကနဲရပ်သွားခဲ့ရသည်။
ထို့နောက်ပိုင်းနှစ်များတွင် ပိုလန်၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗားကီယား၊ အရှေ့ ဂျာမဏီ၊ ဘူလ်ဂေးရီးယား၊ ယူဂိုဆလားဗီးယား၊ ရူမေးနီးယား၊ မွန်ဂိုးလီးယား၊ အယ်ဘားနီးယား၊ ဆိုဗီယက်ပြည်ထောင်စု၊ နီပေါ၊ ချီလီ စသည့် နိုင်ငံများတွင် လူပေါင်းများစွာတို့သည် ဖိနှိပ်ချုပ်ချယ်မှုများကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် တွန်းလှန်နိုင်ခဲ့သည်။ အထူးသဖြင့် အရှေ့ ဥရောပနိုင်ငံများတွင် ထိုတွန်းလှန်မှုများကို ခရစ်ယာန် အသင်းတော်များမှ ဦးဆောင်ခဲ့သည်။ ဆန္ဒပြတောင်းဆိုသူများသည် ဖယောင်းတိုင်များကိုင်ဆောင်ကာ ဆုတောင်းလျက်၊ ဂုဏ်တော်ချီးမွမ်းလျက်၊ ချီတက်ကြသည်။ ယောရှုလက်ထက်ကအတိုင်း ကြီးမားသော တံတိုင်းကြီးများသည် ငြိမ်းချမ်းစွာ တောင်းဆိုသူများအားဖြင့် ပြိုကြခဲ့ရသည်။

တဖန်ဆိုပါဦးမည်။

ရန်ငြိမ်းစေတတ်သောသူများသည် မင်္ဂလာရှိကြသည်။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်။ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။

မှန်လွန်းလှစွ ပါတကား။

(အင်တာနက်စာစောင် - မုရန်မဂ္ဂဇင်းက ယူပါတယ်)

Ku Mo Jo - Mekhtilar

ကာတွန်း ကူမိုးကြိုး - စိတ်လေးဖွယ် မိတ္ထိလာအရေး ...
မတ် ၂၃၊ ၂၀၁၃

Zay Hmine - Nothingness


အနုံညာတကဗျာ
ဇေမှိုင်း၊ မတ် ၂၃၊ ၂၀၁၃

            မြေသားထဲမှာ
            အက်ဆစ်တွေပြန့် နေလို့ မို့ 
            ငါ့နွားလေးကို
            ရေရှာတိုက်နေရတာပါကွာ။
လယ်သမား နွားနဲ့ ဖက်နေရတာပါကွာ
လူစာမရှိပေမဲ့
နွားစာတော့ရှိဖို့ လိုတယ်
ခမျာတွေမယ်
ကြုံတဲ့ရေသောက်
ကြုံတဲ့အနှံစား
သွားတွေလဲတုံးကုန်ပြီထင်ပါ့။
            တောင်မရှိတော့ရော ဘာဖြစ်မလဲတဲ့
            မေးရက်ပလေတယ်
            သေချာတယ်
            ဒီတောင်ကိုခုခံရေးနဲ့ 
            ဒီတောင်ကိုအလွဲသုံးရေး
            ထပ်ပြောမယ်
            လယ်သမား လယ်မရှိရင်
            ငို ငို ငို……
            သူရင်းငှား
            မြေမရှိရင် လယ်မရှိရင်
            ငို ငို ငို…….။
မပြောချင်တော့ပါဘူး
တခွန်းတည်းမှာလိုက်ပါရစေ
"ဥုံ အရဟံ သစ္စာဂတိတွေနဲ့ 
ဂဠုန် သရဏံသာ ဂစ္ဆာမိကြပေတော့။

THURSDAY, MARCH 21, 2013

Sitagu Sayadaw on recent unrest at Mate Hti Lar


အိမ်ရှင်ဘာသာဝင်တွေနဲ့ တည့်အောင်နေဖို့လို
သီတဂူဆရာတော်၊ မတ် ၂၃၊ ၂၀၁၃
(မတ်လ၊ ၂၁ရက်၊ ၂၀၁၃ နေ့ ဒီဗွီဘီမှာ ပြောသော သီတဂူဆရာတော်ကြီး၏ ငြိမ်းချမ်းရေးဓမ္မ အသံဖိုင်မှ ကူးယူ ဖော်ပြပါသည်။)

ယနေ့ နိုင်ငံရဲ့ အစိတ်ပိုင်းတစ်နေရာမှာ အသေးအမွှားကိစ္စလေးကနေ ဘာသာရေး မငြိမ်မသက်မှုတွေ အထိ ရောထွေး ဖြစ်ခဲ့တယ်၊ ထိုအဖြစ်က ရပ်တန့်ဖို့နှင့် ထိုမငြိမ်မသက်မှုကြောင့် ထိခိုက်နစ်နာသူတွေ၊ အကြမ်းပတမ်းတွေ မဖြစ်ရလေအောင် သီတဂူဆရာတော်ကြီးက ဘာသာဝင်အားလုံးတို့အား သတိပေး ဆုံးမထားသည်၊ ဘာသာဝင်အားလုံး သိသင့်သည်၊ လိုက်နာသင့်သည်။ ဒီဗွီဘီက အသံဖိုင် သီတဂူစတား စာအဖြစ် ဖန်တီး၍ မျှဝေလိုက်ပါသည်။
(၂၀၁၁နှစ်က သီတဂူကမ္ဘာ့တက္ကသိုလ်ဖွင့်ပွဲဓာတ်ပုံ)
ဧည့်သည်ဘာသာဝင်တွေ
ကိုယ်၊ နှုတ်၊ စိတ် သုံးပါး မငြိမ်းချမ်းသမျှကာလပတ်လုံး၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်ဘူး။ ဒီမြန်မာ့မြေပေါ်မှာ နေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေရှိတယ်။ မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာ ရောက်တာ နှစ်ပေါင်း ၂၀၀၀ (နှစ်ထောင်) ရှိပြီ။ အဲဒီဘာသာတွေ ရောက်လာတာ နှစ် ထောင်ဂဏန်းမရှိသေးဘူး၊ ရာဂဏန်းပိုင်းပဲ ရှိသေးတယ်၊ ဧည့်သည် အဖြစ်နဲ့ ရောက်လာကြတဲ့ ဘာသာဝင်တွေဟာ အိမ်သည်နဲ့ ယဉ်ယဉ်ကျေးကျေး ချစ်ချစ်ခင်ခင် တည့်အောင်နေဖို့ကောင်းတယ်။
 (နာဂစ်တုန်းက လာရောက်လှူဒါန်းကြသော ခရစ်ယာန်ဘာသာဝင်များ) 
(ဘန်ကောက် ခရစ်ယာန်တက္ကသိုလ်က ပါမောက္ခများနှင့်အတူ) 

ဘာသာတိုင်း သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက်ဖြစ်
ပြီးတော့ တခါ "ဒီဘာသာတရားတွေကို တည်ထောင်ခဲ့တယ်၊ God တို့၊ အမ်လာတို့၊ ရဟူးတို့၊ ဗြာဟ္မာတို့၊ ဗိရှနှိုးတို့၊ ရှီဝတို့၊ ဒို့ဘက်ကပြောရင် ဗုဒ္ဓတို့ သူတို့တတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးအတွက် ပေါ်လာတာပဲ"လို့ အကုန်လုံး တကမ္ဘာလုံးက ပညာရှိတိုင်းက ယုံကြည်လက်ခံထားကြတယ်။ အဲဒါကို ယုံကြည်လက်ခံထားသည့်အားလျှော်စွာ ဒီဘာသာတရားတွေကို ကိုးကွယ်ကြတဲ့ ဒီလိုတွေဟာ သစ္စာတရားနဲ့ ငြိမ်းချမ်းရေးကို အကုန်လုံး ၀ိုင်းဝန်း တည်ဆောက်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်သင့်တယ်။ သစ္စာတရားကို ဖောက်ဖျက်ပြီးတော့ အမှန်တရားကို ဖယ်ရှား၊ မတရားတွေ၊ အဓမ္မ၀ါဒတွေ အဓမ္မကျင့်သုံးမှုတွေကို ကျင့်သုံးပြီးတော့ ငြိမ်းချမ်းရေးကို နှောက်ယှက်ကြမည်ဆိုရင်တော့ ဘယ်ဘာသာဝင်ကိုမဆို ဘယ်ဘုရားကမှ ကြိုက်မှာ မဟုတ်ဘူး။

မြန်မာ့မြေက ဘာသာဝင်တွေ အိမ်ရှင်ဘာသာနဲ့ ချစ်ချစ်ခင်ခင် နေဖို့လို
အဲဒါကြောင့် "နှစ်ပေါင်း ရာဂဏန်းလောက်သာ ရှိသေးတဲ့၊ မြန်မာမြေပေါ်ကို ရောက်လာကြတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေပြစ်ပြစ်၊ ချစ်ချစ် ခင်ခင် ဗုဒ္ဓဘာသာတွေနဲ့ နေဖို့ ကောင်းတယ်။" ဗုဒ္ဓဘာသာတွေက ဒီနိုင်ငံမှာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ၊ သူတို့တတွေက ရာလောက်ပဲ ရှိသေးတယ်၊ အဲဒါကြောင့် အိမ်သည်တွေနဲ့ ဧည့်သည်တွေဟာ ချစ်ချစ်ခင်ခင်၊ ညီညီညွတ်ညွတ် ရှိဖို့ကောင်းတယ်။

မြန်မာ့ရာဇ၀င်က မွတ်စလင်

ဒို့နိုင်ငံတော်မှာ မင်းအဆက်ဆက်၊ ပုဂံခေတ်ကပဲ စကြည့်၊ ရခိုင်ရာဇ၀င်တွေမှာပဲ ဖတ်ကြည့်၊ ဗဒူမင်းညိုတို့ ဘာတို့ဆိုတဲ့ စာဆိုတော်တွေဟာ ရခိုင်ရာဇ၀င်မှာ ရှိတယ်။ ဗဒူမင်းညိုဆိုတာ အဗ္ဗဒူမင်းညိုပဲကွ၊ အဲဒီတော့ ဗမာ့နန်းတွင်းမှာ စနစ်တကျပဲ၊ အမရပူရမှာ ကြည့်လိုက်ရင် အမရပူရမြို့တော်ဝန်ဟာ မွတ်စလင်ဘာသာဝင်တွေ ဖြစ်ဖူးတယ်၊ အဲဒါ မြန်မာ့မင်းတွေက ဒီလို နေရာတွေမှာ သေသေချာချာ သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် ချစ်ချစ်ခင်ခင် ပေးထားပါတယ်ကွ။

ငြိမ်းချမ်းစွာ လက်တွဲလို
အဲဒါကြောင့် အိမ်ရှင်နဲ့ ဧည့်သည်ဟာ၊ အိမ်ရှင်ကလဲ အိမရှင်ဝတ်နဲ့ ကျေကျေပွန်ပွန် ဧည့်သည်တွေကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ လက်ခံ၊ ဧည့်သည်တွေကလဲ အိမ်ရှင်ရဲ့ အိမ်ပေါ်မှာ အိမ်ရှင်ကို ဒုက္ခမပေးနဲ့၊ အိမ်ရှင်ကို ပြစ်မှား ဆော်ကားခြင်း၊ အိမ်ရှင်ကို ရိုက်ပြီးတော့ လုဖို့ မကြိုးစားကြဖို့ အဲဒါ အလေးအနက် တိုက်တွန်းချင်ပါတယ်။

အားလုံး မေတ္တာ ကရုဏာ၊ ဘုရားသခင်တို့ရဲ့ မေတ္တာ ကရုဏာ၊ ပညာ အရိပ်အောက်မှာ အားလုံး ကရုဏာနဲ့တူသော လရောင်ခြည်အောက်မှာ၊ ပညာနဲ့တူတဲ့ နေရောင်ခြည်အောက်မှာ အားလုံး အမြင်ရှင်းလင်းပြီး အေးအေးချမ်းချမ်း နေထိုင်ကြစေချင်ပါတယ်။

မတ်လ၊ ၂၁ရက်၊ ၂၀၁၃ နေ့ ဒီဗွီဘီမှာ ပြောသော သီတဂူဆရာတော်ကြီး၏ ငြိမ်းချမ်းရေးဓမ္မ အသံဖိုင်မှ ကူးယူ ဖော်ပြပါသည်။
(သီတဂူစတား ဘလောဂ့်က ယူပါတယ်)


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives