[moemakadaily@moemaka.biz] 28th March - MoeMaKa Daily

ကာတွန်း ကူမိုးကြိုး - အနိုင်နဲ့ ပိုင်းသူ
မတ် ၂၈၊ ၂၀၁၃

88 Generation Students statement on violence


၈၈ မျိုးဆက် ကျောင်းသားများက အကြမ်းဖက်မှုများကို လက်မခံကြောင်း၊ လူထုအားဖြင့် တားဆီးကြရန် တိုက်တွန်း
သတင်းကောက်နုတ်ချက်၊ မတ် ၂၈၊ ၂၀၁၃
၎င်းတို့ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
" လတ်တလောဖြစ်ပေါ်နေသော အဓိကရုဏ်းများ၊ တရားဥပဒေမဲ့ လုပ်ရပ်များနှင့်ပတ်သက်၍ ၈၈-မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ သဘောထားထုတ်ပြန်ချက်။ "

စာအမှတ် - ၃ / ၂၀၁၃ ( က)
နေ့စွဲ - ၂၀၁၃ခုနှစ်၊ မတ်လ၊ ၂၇ ရက်
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) 
၁၀၃၉/၁၀၄၀၊ ၁၆/၁ရပ်ကွက်၊ သုမင်္ဂလာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၉ ၇၃၀၈၁၇၀၁
Email – office@the88generation.org

လတ်တလောဖြစ်ပေါ်နေသော အဓိကရုဏ်းများ၊ တရားဥပဒေမဲ့လုပ်ရပ်များနှင့်ပတ်သက်၍
၈၈-မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ သဘောထားထုတ်ပြန်ချက်။

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် မတူညီသည့်လူမျိုး၊ ဘာသာများအကြား ရင်းနှီးငြိမ်းချမ်းစွာဖြင့် ကာလရှည်ကြာ နေထိုင်ခဲ့ကြသည့် နိုင်ငံဖြစ်ပါသည်။

၂။ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်းကာလသည် အလွန်နူးညံ့သိမ်မွေ့သည့်ကာလဖြစ်သည်။ ဖြစ်ပေါ်လာသည့်အကျပ်အတည်း ပြဿနာများကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးသည် အရေးတကြီး ရင်ဆိုင်နေရသည့် စိန်ခေါ်မှုဖြစ်ပါသည်။

၃။ မတူညီသည့်ဘာသာဝင်များအကြား သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများအား ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် လုံးဝလက်မခံပါ။

၎။ နိုင်ငံသားတိုင်း၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးသည် နိုင်ငံတော်တွင် လုံးဝတာဝန်ရှိသည်။

၅။ နိုင်ငံတွင်းဖြစ်ပွားနေသောပဋိပက္ခများကို ဖြေရှင်းရာတွင် ပြည်ထဲရေးဝန်ကြီး ဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်း နိုင်စွမ်း ထိရောက်ထက်မြက်ရန် လိုအပ်သည်ဟုယုံကြည်သည်။

၆။ သက်ဆိုင်ရာဒေသအသီးသီးရှိ ဘာသာရေး၊ လူမှုရေး၊ အရပ်ဖက်လူ့အဖွဲ့အစည်းများစုစည်း ညှိနှိုင်း၍ ပဋိပက္ခကြိုတင် ထားဆီးရေး ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် တိုက်တွန်းသည်။

၇။ လတ်တလောဖြစ်ပေါ်နေသော အဓိကရုဏ်းများ၊ တရားဥပဒေမဲ့လုပ်ရပ်များ အမြန်ဆုံးရပ်တန့်၍ သေဆုံးထိခိုက် ဒဏ်ရာရသူများအား ကူညီစောင့်ရှောက်ရန် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြပါရန်အလေးအနက် အလေး အနက် နှိုးဆော်တိုက်တွန်းအပ်ပါသည်။ 

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

WEDNESDAY, MARCH 27, 2013

Kyaw Thu - FFSS Yangon Activity,


ထီလာကယ်ဆယ်ရေး
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မတ်လ ၂၈၊ ၂၀၁၃



၂ဝ၁၃ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ ည (၁ဝး၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ အလုပ်အမှုဆောင်များဖြစ်ကြသော ဒေါ်ဧရာမောင်မောင်နှင့် ဒေါ်စောသဉ္ဇာစိုးတို့ ဦးဆောင်၍ အသင်း သား/သူများနှင့် ရွှေစင်စကြာ် အဝေးပြေးမော်တော်ယာဉ်လိုင်းပိုင်ရှင် ဦးလှမိုးလှိုင်နှင့် အဖွဲ့သားများတို့ လက်တွဲ၍ မိတ္ထီလာမြို့တွင်ဖြစ်ပွားသော မီးဘေးသင့်ဒုက္ခသည်များအား လူသားချင်းစာနာမှု၊ ဗြဟ္မစိုရ် ခြေလှမ်းများဖြင့် မိတ္ထီလာမြို့သို့ ရွှေစင်စကြာ် မော်တော်ယာဉ်ဖြင့် ခရီးနှင်ခဲ့ကြသည်။



 

၂၄.၃.၂ဝ၁၃ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်တွင် မိတ္ထီလာမြို့ရှိ ရွှေအုန်းပင်မိသားစု မြန်မာ ထမင်းဆိုင်သို့ရောက်ရှိခဲ့ပြီး ဒေသခံလူမှုရေးသမားများနှင့်လက်တွဲ၍ မီးဘေးသင့်ဒုက္ခသည်များအား စောင့်ရှောက်ထားသော ဘုန်းကြီးကျောင်းများ၊ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာခဲ့ပြီး ရန်ကုန်မြို့မှ တပါးတည်း သယ်ဆောင်လာသော ဆန်၊ ခေါက်ဆွဲခြောက်၊ ပဲနို့ဗူး၊ အစရှိသည့် ထောက်ပံ့ ရေးပစ္စည်းများ စုစုပေါင်း ငွေကျပ်သိန်း (၇ဝ) ခန့်ရှိ စားသောက်ဖွယ်ရာများ လှူဒါန်းမှုပြုခဲ့သည်။



မိတ္ထီလာမြို့တွင်းရှိ ဒုက္ခသည်များ ခိုလှုံနေကြသော အ.ထ.က (၁) အစိုးရအထက်တန်းကျောင်း၊ အ.ထ.က (၃) အစိုးရအထက်တန်းကျောင်း၊ မြစိမ်းရောင် သာသနာ့ဂုဏ်ရည်ကျောင်းတိုက် ကိုးနဝင်း ကျောင်းတိုက်၊ သင်ပုန်းကုန်းကျောင်းတိုက်၊ မကျီးကုန်းကျောင်းတိုက်၊ ပထမကျော် ဓမ္မာစရိယကျောင်း တိုက်၊ ကျောက်တံတားတောရကျောင်းတိုက်၊ ဥတ္တရာဇေရုံ ထီးသုံးဆင့်ကျောင်းတိုက်၊ အောင်သာ ကျောင်း တိုက်၊ မော်တော်ယာဉ်ကျောင်းတိုက်၊ နနွင်းအေး ကွက်သစ်ကျောင်းတိုက်၊ သာသနာ့ ဝေပုလ္လ ကျောင်း တိုက်၊ ဝမ်းတော်ပြည့်ကျောင်းတိုက်၊ ရွှေဂူကျောင်းတိုက်၊ အောင်ချမ်းသာ ကိုးဆူကျောင်းတိုက် အပါအဝင် ကယ်ဆယ်ရေးစခန်း (၁၇) ခုထံသို့ သွားရောက်၍ ထောက်ပံ့လှူဒါန်းခဲ့သည်။ ဥတ္တရာဇေရုံ ထီးသုံးဆင့် ကျောင်းရှိ အဓိကရုဏ်းကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ကြသော မီးဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၉) စုတို့အား အိမ်ထောင်စု (၁) စုလျှင် စောင်၊ ခြင်ထောင်၊ အိပ်ရာခင်းနှင့် ငွေ (၂ဝဝဝဝိ/-) ကျပ်တို့အပြင် ရွှေစင်စကြ0်ာ အဆင့်မြင့်ခရီးသွား ပို့ဆောင်ရေးမိသားစုမှ ငွေ (၃ဝဝဝဝိ/-) ကျပ် အသီးသီးလှူဒါန်းပြီး နှစ်သိမ့်အားပေး စကား ပြောကြားခဲ့သည်။



နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မိတ္ထီလာမြို့ မီးဘေးသင့်ဒုက္ခသည်များအား ထိရောက်စွာဖြင့် လှူဒါန်းမှုများပြုလုပ်ရာတွင် ရွှေစင်စကြာ် (မိသားစု) အဖွဲ့သားများတို့၏ ငွေအား၊ လူအား၊ မိတ္ထီလာမြို့ ဆိုင်တန်းရပ်၊ ပထမလမ်းမတော်ရှိ ရွှေအုန်းပင်မိသားစု မြန်မာထမင်းဆိုင်၊ မိတ္ထီလာမြို့ရှိ ဒေသခံလူမှုရေး သမားတို့၏ လုပ်အားဒါန ကူညီမှုများကြောင့် ကယ်ဆယ်ရေးနေရာ (၁၇) ခုသို့ တနေ့တည်းဖြင့် အောင်မြင် စွာဖြင့် လှူဒါန်းမှုများကို ပြုလုပ်နိုင်ခဲ့ပြီး ညနေ (၄း၃ဝ) နာရီအချိန်တွင် မိတ္ထီလာမြို့မှ ပြန်လည်ထွက်ခွာကာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ည (၁၁း၃ဝ) နာရီအချိန်တွင် ဆိုက်မြိုက်စွာ ရောက်ရှိခဲ့တော့သည်။

Saung Luu - Poem


ကြိုး က ဗျာ
ဆောင်းလူ
မတ်လ ၂၆၊ ၂၀၁၃


ဟိုကြိုး တပ်ရ ...
ဒီကြိုး တပ်ရ ...
ဆွဲဆန့်လိုက်ရမလား ...
ခွေခေါက်လိုက်ရမလား ...
ပြန့်ကျဲကျနေတဲ့ ကြိုးတွေ
စိတ်နဲ့အတူ ဒရောသောပါး ....။

လူတွေပြောတဲ့
ဟိုကြိုး ..ဒီကြိုး ...
သူတို့အပေါ်မှာ
က,ချင်သူတွေရှိသလို ...
လမ်းလျှောက်သူတွေရှိတယ် ...။
.... ..... ...
ကြိုးဆွဲချင်သူတွေရှိသလို
တချို့ .. တချို့ကြ
ကြိုးလေးကို ခို ...
အို ... ယီးလေးယို .. ယီးလေးယိုတဲ့ ....။

ခေါင်းကစောင်း ...
လည်ကစောင်း ....
အ၀င်လား .. အထွက်လား ...
စမ်းတ၀ါးဝါးမှာမှ
တလိမ်ပူး .. 
နှစ်လိမ်ပူး ..
ဘ၀မကူးမချင်း 
ပူးချင်းတိုင်း ပူးနေကြလို့
ဖြည်ရသူ ..ဘ၀ ....
ဟိုကြိုးဆွဲချ .. ဒီကြိုးဆွဲချနဲ့
အစွန်းနှစ်ဘက် 
မြဲမြဲဆုပ်ကိုင်မိခဏ
......
ကိုယ့်ကိုယ်ပိုင်ကြိုး
ငေးကြည့်မိမှ
မုဆိုးဒူးထောက်ထိုင် ...
ဘ၀ကိုမှ အပီအပြင် ချိန်ရွယ်လို့ပါလား ...။

Lai Lone - Cartoon


ဘုမသိ ..ဘမသိ
ကာတွန်း - လိုင်လုဏ်
မတ်လ ၂၇၊ ၂၀၁၃

FFSS Yangon Activity - Statement


လတ်တလော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ထုတ်ပြန်ကြေညာချက်
မတ်လ ၂၇၊ ၂၀၁၃



Kyaw Thu - FFSS Yangon Activity,


ကျွန်တော်တို့က လူတွေပါဗျာ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မတ်လ ၂၇၊ ၂၀၁၃



တိရိစ္ဆာန်တွေတောင် ကမ္ဘာ့ရန်သူတွေ ဘယ်လောက်ဘဲဖြစ်ဖြစ်၊

သမိုင်းရဲ့နာကျည်းမှုတွေ ဘယ်လောက်ဘဲကြီးကြီး၊

အာဃာတတွေဘယ်လောက်ထားထား၊

အမုန်းတရားတွေ ဘယ်လောက်ဘဲရှိရှိ၊

ဗြဟ္မစိုရ်တရားရှိမှ မြင်တွေ့ရတဲ့မြင်ကွင်းလေးတွေကငြိမ်းချမ်းမှုကိုရစေတယ်လေ။

သူတို့ကတိရစ္ဆာန်တွေပါ။ အခု… ကျွန်တော်တို့ကလူတွေပါဗျာ။

ဒါကြောင့် . . . လူဆိုတာ ဗြဟ္မစိုရ်တရားလေးပါးလက်ကိုင်ထားမှ ငြိမ်းချမ်းရေးကိုရမယ်။

ငြိမ်းချမ်းရေးကိုရမှ တိုင်းပြည်အေးချမ်းမယ်။

တိုင်းပြည်အေးချမ်းမှ မြို့နယ်အေးချမ်းမယ်။

မြို့နယ်အေးချမ်းမှ ရပ်ကွက်အေးချမ်းမယ်။

ရပ်ကွက်အေးချမ်းမှ မိသားစုအေးချမ်းမယ်။

မိသားစုအေးချမ်းမှ မိမိကိုယ်တိုင်အေးချမ်းမယ်။

ကျွန်တော်တို့ကလူတွေပါဗျာ . . . . ။ ။

Maung Wuntha - Articles

မစိုးရိမ်ဆရာတော်ကြီး မိန့်ကြားတော်မူသကဲ့သို့
မောင်ဝံသ
မတ်လ ၂၇၊ ၂၀၁၃


ယနေ့ထွက်သော ပြည်သူ့ခေတ်ဂျာနယ် ၂၈ ၀၃ ၂၀၁၃ မှ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

စင်ကာပူကို ငါးကြိမ်မြောက် ဆေးစစ်ဖို့ ရောက်နေပါတယ်။ ဆေးစစ်အပြီးမှာတော့ မောင့်အယ်လိဇဘက်ဆေးရုံက အထူးကု သမားတော် သုံးဦးညှိနှိုင်းကြပြီး ကျွန်တော့်ကို ဓာတ်ရောင်ခြည်ကုသမှု (Radiotherapy) ပြောင်းပေးဖို့ ဆုံးဖြတ်ပါတယ်။

ဓာတ်ရောင်ခြည်ကုသမှုခံယူချိန်မှာ တစ်ပတ်လျှင်တစ်ကြိမ် ကီမိုဆေးသွင်းမှုကိုလည်း ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ယခု အစီအစဉ် အရဆိုရင် ကျွန်တော် ဒီမှာ နည်းနည်း ကြာဦးမယ်ထင်ပါတယ်။

ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်များ၊ မိတ်ဆွေသင်္ဂဟများ၊ စေတနာရှင်၊ အလှူရှင်များထံ ကွန်တော့် ကျန်းမာရေးကိစ္စ အကျဉ်းမျှ အစီရင်ခံခြင်း ဖြစ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

ပြည်သူ့ခေတ်အတွက် ကျွန်တော့်ကော်လံဆောင်းပါး ဆက်ရေးဖို့လည်း ကြိုးစားပါမယ်။ ခုလောလောဆယ်တော့ အင်တာနက်ကျေးဇူးနဲ့ မြန်မာပြည်က သတင်းတွေ မိနစ်နဲ့အမျှ ကြားသိနေရပါတယ်။

စိတ်ချမ်းသာစရာက နည်းနည်း၊ စိတ်ပျက်စရာ၊ ယူကျုံးမရဖြစ်စရာတွေက များများ ဖြစ်နေပါတယ်။

သည်အတောာအတွင်း အင်တာနက်မှာ တင်ထားတဲ့ မန္တလေး မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇ ဓမ္မာဘိဝံသရဲ့ သြ၀ါဒကို ဖတ်လိုက်ရတော့မှ သည်စိတ်မချမ်းမြေ့စရာ ဖြစ်ရပ်တွေရဲ့ တရားခံ အစစ်ကို ဆင်ခြင်သိနဲ့ နားလည်သွားပါတော့တယ်။ အဲဒါကတော့ စဉ်းစားချင့်ချိန်တတ်တဲ့ အသိဥာဏ် ကင်းမဲ့ခြင်းပဲ ဖြစ်ပါတယ်။

မစိုးရိမ်ဆရာတော်ကြီးရဲ့ သြ၀ါဒကို ကောက်နှုတ်ဖော်ပြရရင်....

×××ဗဟုသုတနည်းတော့ကို ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်။ ရန်ဖြစ်အောင် တကယ်ရန်တိုက်ပေးရင် တကယ်ရန်ဖြစ်တယ်။ စဉ်းစား ကြည့် ×××× ကိုယ်က ဗဟုသုတရှိထားမှ ဒါ တမင်သက်သက် ဆူပူအောင်လုပ်နေတယ်၊ အဲဒီလို သိတာပေါ့။ အဲဒီလိုသိအောင် ခုနက ပြောသလိုပဲ ဗဟုသုတရှိအောင်လို့ ဆည်းပူးရတယ်။ (ဘဒ္ဒန္တ ရာဇဓမ္မဘိဝံသ)

မိတ္ထီလာအရေးအခင်းဟာ မစိုးရိမ်ဆရာတော်ကြီး မိန့်ကြားတဲ့ အမျိုးအစားထဲပါသူတွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့မှုကြောင့် ပိုပြီးကြီးထွား သွားခဲ့တာလို့ ကျွန်တော် ဖတ်မိသမျှသတင်းတွေအပေါ် အခြေပြုပြီး သုံးသပ်မိပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင်တချို့ မှတ်ချက်ပေးသလို လုံခြုံရေးတာဝန်ရှိသူတွေရဲ့ ထိရောက်တဲ့အရေးယူမှု နောက်ကျနေခြင်းကိုလည်း အဓိက အားနည်းချက်အဖြစ် မြင်မိပါတယ်။

နောက် နောင်ဆို လက်ပံတောင်းတောင်ဆန္ဒပြသူတွေကို လက်တဆုံး ဖြိုခွင်းအရေးယူခဲ့တာမျိုးနဲ့ မိတ္ထီလာမှာ ရာဇ၀တ်မှုကျူးလွန်မည့် သူတွေကို ရပ်ကြည့်နေရုံရပ်ကြည့်နေတာမျိုး

ဆိုတဲ့ အစွန်းနှစ်ဖက်ကို ရှောင်သင့်တယ်လို့ စေတနာနဲ့ ပြောချင်ပါတယ်။ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကိုတော့ မီးခိုးဗုံးပဲ ပြောပြော၊ မီးလောင်ဗုံးပဲဆိုဆို လက်နက်မျိုးစုံ အသုံးပြုပြီး သည်းကြီးမည်းကြီး နှိမ်နင်းခဲ့တယ်။

မအူပင် မလက်တိုရွာမှာလည်း အလားတူ လုပ်ခဲ့ကြတယ်။ မိတ္ထီလာက ဓားတ၀င့်ဝင့်တုတ်တ၀င့်ဝင့်နဲ့ လူစုလူဝေးကိုကျတော့ မျက်ရည်ယိုဗုံးလိုဟာမျိုးတောင်မသုံးဘဲ ရပ်ကြည့်နေတယ်ဆိုတာကို ကျွန်တော်တော့ မစဉ်းစားတတ်အောင် ဖြစ်နေပါတယ်။

ကမ္ဘာမှာ မြန်မာရဲ့ တရိပ်ရိပ်တက်နေတဲ့ ပုံရိပ်ကို ဘယ်လောက်ထိခိုက်သွားတယ်ဆိုတာ အသိဥာဏ်ရှိသူတိုင်း နားလည်ပါလိမ့်မယ်။ အာဖ ရိကတိုက်က ရ၀မ်ဒါနိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့ တွတ်ဆီနဲ့ ဟူတူ လူမျိုးစု နှစ်စု  အပြန်အလှန် မျိုးဖြုတ်သတ်ဖြတ်ခဲ့တဲ့ အခြေအနေမျိုး မြန်မာနိုင် ငံမှာ ဖြစ်နေပြီလို့ သတင်းဌာနတစ်ခုက ပုံကြီးချဲ့ ထုတ်လွှင့်ခံရလောက်အောင် ရှက်စရာ စိုးရိမ်စရာ ဖြစ်ခဲ့ရပါပြီ။

ကျွန်တော့်ဆောင်းပါးကို အသိဥာဏ်ဗဟုသုတ အကြောင်းနဲ့ စခဲ့လေတော့ ဒီရက်ပိုင်းအတွင်း သမီးရဲ့ အိမ်မှာ ကြည့်ရတဲ့ အမေရိကန် ရုပ်ရှင်တစ်ခုထဲက ဗဟုသုတ ခေါင်းပါးသူတစ်ယောက်ရဲ့ သနားစရာ ရယ်စရာ အဖြစ်ကို ပြောပြချင်ပါတယ်။ ဇာတ်ကားက အိုဘားမားနဲ့ ၂၀၀၈ ခုနှစ်က ယှဉ်ပြိုင်အရွေးခံခဲ့တဲ့ ရီပတ်ဗလီကင်ပါတီ သမ္မတလောင်း ဂျွန်မက်ကိန်းရဲ့ ဒုသမ္မတလောင်း ဆာရာပေလင်း အကြောင်းဖြစ်ပါတယ်။

သူက ရုပ်ရှင်သရုပ်ဆောင်ဟောင်း၊ အလာစကာပြည်နယ်ရဲ့ ဂါဗာနာခေါ် ပြည်နယ်အုပ်ချုပ်ရေးမှူးလုပ်နေရာကနေ မက်ကိန်းရဲ့ အကြံပေး အဖွဲ့က ဒုသမ္မတလောင်းအဖြစ် အမျိုးသမီးတစ်ယောက်ကို တင်ရင် လူထုကို ပိုဆွဲဆောင်နိုင်မယ်လို့ တွက်ဆပြီး ဆာရာပေလင်းကို ကမ်းလှမ်းတယ်။ သူကလည်း ၀မ်းသာအားရ လက်ခံတယ်။ သို့ပေမယ့် သူတို့ဆီမှာ ယခုလို တိုင်းပြည်ရဲ့ ထိပ်တန်း ရာထူးကြီးနေရာကြီးအတွက် ယှဉ်ပြိုင်မယ့်သူတွေဟာ အရည်အချင်းဘယ်လောက်ရှိသလဲ၊ အသိဥာဏ်ဗဟုသုတ ဘယ်လောက်ရှိသလဲဆိုတာကို ပြည်သူတွေရဲ့ စ ကားပြန်ဖြစ်တဲ့ သတင်းစာဆရာ မီဒီယာသမားတွေကအင်တာဗျူးတွေလုပ်ပြီး ပြည်သူတွေကို အစီရင်ခံရတဲ့ ဓလေ့ရှိလေတော့ ဆာရာပေ လင်း  ရီပတ်ဗလီကင် ပါတီရဲ့ ဒုသမ္မတလောင်းဖြစ်ပြီလဲဆိုရော သူ့ရဲ့ နောက်ကြောင်းကို မီဒီယာတွေက တူးဆွဖော်ထုတ်တော့တာပါပဲ။ ပထမဆုံး တွေ့ရှိချက်အဖြစ် သူ့ရဲ့ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ သမီးငယ်ဟာ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေတာကို ဖော်ထုတ်တယ်။ အလာစကာပြည်နယ်မှာ ၀န်ထမ်းတစ်ယောက်ကို အငြင်းပွားဖွယ် အလုပ်ဖြုတ်ပစ်ခဲ့ဖူးတဲ့ကိစ္စ ပြန်ဖော်တယ်။ အဲဒါတွေထက် ဆိုးတာက တော့ သူ့ကို လူတွေ့အင်တာဗျူးလုပ်တဲ့အခါအတော်များများမှာ ကမ္ဘာ့ရေးရာတွေကို ဘာမှမသိတဲ့ ဗဟုသုတ ခေါင်းပါးသူတစ် ယောက်ဖြစ်နေတာ ဘွားဘွားကြီးပေါ်လာတာပါပဲ။ ဥပမာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားဆိုတာ စနစ်ချင်းမတူနဲ့ နှစ်ခြမ်းကွဲနိုင်ငံဖြစ်နေ တာ သူမသိဘူး။ ကိုရီးယားတစ်နိုင်ငံတည်းက မြောက်ပိုင်းနဲ့ တောင်ပိုင်းလို့ သူထင်နေတယ်။

ရုရှားပြည်ဘယ်မှာ ရှိတယ်ဆိုတာ သူမသိဘူး။ သူက အလာစကာ ပြည်နယ်ရဲ့ ဂါဗာနာဆိုတော့ အလာစကာဟာ ဟိုးရှေးရှေးတုန်းက ရုရှားပိုင်နယ်မြေဒေသဖြစ်ခဲ့ဖူးတယ်ဆိုတာလောက် ကြားဖူးနားဝရှိပုံရတယ်။

ရုရှားပြည်နဲ့ပတ်သက်တဲ့ သူ့သဘောထားကို မေးတော့ အော် ရုရှားက ကျွန်မတို့နဲ့ အိမ်နီးချင်းပဲလေ၊ ကျွန်မအိမ်နောက်ဖေးက လှမ်းကြည့်ရင် တောင်မြင်ရတာပဲလို့ ဖြေတဲ့အထိ လွဲခဲ့တယ်။

မဲဆွယ်တရားပွဲတချို့မှာ ဆာရာပေလင်းဟာ တစ်ဖက်က သမ္မတလောင်းဖြစ်တဲ့ အိုဘားမားကို အမေရိကန်အစစ်မဟုတ်ဘူး၊ အကြမ်းဖက် သမားအဆက်အနွယ် စတာတွေ လျှောက်ပြောတယ်။ ပရိသတ်ကလည်း အဲသလို ၀ါဒဖြန့် မှိုင်းမိနေတဲ့ပရိသတ်ဆိုတော့ လက်ခုပ်တဖြောင်း ဖြောင်းနဲ့ပေါ့။ သူက ရှေ့ကနေ အဲသလိုတွေ တဖက်သားကို ပုတ်ခတ်ပြောသွားသမျှ မက်ကိန်းကြီးက နောက်ကလိုက်ဖြည်ရတယ်။ မက် ကိန်းက ဗီယက်နမ်စစ်၊အကျဉ်းသားဟောင်း၊ အမေရိကန်ပြည်သူတွေကြားမှာ သူရဲကောင်းတစ်ယောက်အဖြစ် ဂုဏ်သတင်းကြီးမားသူ ဖြစ်တယ်။ နိုင်ငံရေးရင့်ကျက် ပြည့်ဝသူဖြစ်ပြီး သဘောထားကြီးသူလည်း ဖြစ်တယ်။ ဒါကြောင့် အိုဘားမားနဲ့ ပတ်သက်လို့ အဲသလို ပုဂိုလ်ရေးတိုက်ခိုက်မှုတွေကို မဟုတ်မမှန်ပါဘူးလို့ သူက ပြန်ရှင်းခဲ့ရတယ်။

ဆာရာပေလင်းဟာ နောက်ဆုံးတော့ စိတ်ဓာတ်တွေကျပြီး သူ့ကို အကြံပေးတွေက သင်ပေးတာတွေကိုလည်း နားမထောင်တော့ဘဲ ထင်ရာစိုင်းနေတော့တယ်။ ဒီအတိုင်းဆို သူ့ကြောင့် မက်ကိန်းကြီး ရှုံးတော့မယ်ဆိုတာ ခန့်မှန်းမိတဲ့ အနီးကပ်အကြံပေးတွေက သူ့ကို အားပေးတဲ့အနေနဲ့ "တလွဲပြောမိတာတွေအတွက် ခင်ဗျား စိတ်ဓာတ်မကျပါနဲ့၊ ခင်ဗျားလိုလူ မပြောနဲ့၊ သမ္မတရော်နယ် ရေဂင်ကြီးတောင် တခါတလေ တလွဲတွေ ပြောခဲ့ဖူးတာပဲ။ ဥပမာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဟာ သစ်ပင်တွေကြောင့် ဖြစ်တယ်လို့ ပြောင်းပြန်ကြီးကို ပြောဖူးတဲ့အထိ လွဲခဲ့တယ်။ နောက်တော့လည်း သမ္မတကြီး ဖြစ်သွားပြီးတဲ့အခါ လူချစ်လူခင်အများဆုံး သမ္မတကြီးတစ်ယောက်တောင် ဖြစ်သွားတာပဲ။ ခုလို လွဲတာတွေဟာ ပြသနာ မဟုတ်ပါဘူး"လို့ ပြောပြီး စိတ်ဓာတ်မြှင့်တင်ပေးတော့မှ ပုံမှန် ပြန်ဖြစ်လာတယ်။ ဘာပဲ ပြောပြော နောက်ဆုံးတော့ သူတို့အတွဲဟာ အိုဘားမားကို ရှုံးသွားတယ်။ ရှုံးရတဲ့အကြောင်းတွေထဲမှာ ဗဟုသုတခေါင်းပါးလွန်းသူတစ်ယောက်
ကို ဒုသမ္မတလောင်းရွေးခဲ့မိတာ အဓိက အကြောင်းတစ်ချက်ပဲလို့ အများက လေ့လာသုံးသပ်ခဲ့ကြပါတယ်။    

သည်ရက်အတွင်း ထပ်ပြီး ဖတ်မိတဲ့ ဦးနုရဲ့ တာတေစနေသားစာအုပ်ထဲက ဦးနုရဲ့ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးနမူနာတစ်ခုကိုလည်း ပြောချင်ပါသေးတယ်။

"၀န်ကြီးချုပ် ဦးနုဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး စာဖတ်တာမှာ ၀ါသနာမပါလှဘူး။ အဲဒါကြောင့် ဗမာနိုင်ငံက ခေါင်းဆောင်တွေထဲမှာဆိုရင် ဦးနုဟာ ဗဟုသုတအလွန်ခေါင်းပါးသူတစ်ဦးဖြစ်တယ်။

အချိန်ရှိတုန်း ဗဟုသုတတွေကို ကြိုးစားပမ်းစား မစုဆောင်းခဲ့တာ အသက် ၄၀ နားနီးတော့မှ သူအကြီးအကျယ် နောင်တရနေတယ်။ လူတစ်ယောက်မှာ တောင့်တင်းခိုင်မာတဲ့ ကိုယ်လက်အင်္ဂါရှိရုံနဲ့ မလုံလောက်သေးဘူး၊ ဗဟုသုတနဲ့ ပြည်စုံတဲ့ ဦးနှောက်ရှိဖို့လည်း အများကြီး လိုတယ်ဆိုတဲ့ စကားကို ၀န်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာ ဦးနု တဗျစ်တောက်တောက် ပြောနေတာ မကြာခဏ ကြားရတယ်။အမှန်အတိုင်း ပြောရရင် အခုလို မကြာခဏ ပြောနေတာတွေဟာ တခြားကြောင့် မဟုတ်ဘူး၊ သူ့ကိုယ်သူပြန်ကြည့်ပြီး သိပ်အားမလိုအားမရ ဖြစ်နေတာ ကြောင့်ပဲ ဖြစ်တယ်။ ဖိုးသုညဆိုတဲ့စကားလုံးဟာ ၀န်ကြီးချုပ် ဦးနု ထွင်လိုက်တဲ့စကားပါပဲ။ ဒီစကားကို ထွင်လိုက်တုန်းက ဦးနုဟာ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။ အချိန်ရှိတုန်းက ဗဟုသုတတွေ သူ မစုခဲ့မိတာ စိတ်နာနာနဲ့ သူ့ကိုယ်သူ သရော်ပြီး ထွင်လိုက်တာပါပဲ။" (တာတေစနေသား၊ စာ ၁၂၀)

သည်လောက်ဆိုရင် လူတွေမှာ အသိဥာဏ်ဗဟုသုတများများရှိဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဆင်ခြင်နိုင်ကြမယ် ထင်ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ  တိုင်းသူပြည်သားတွေဟာ သူတို့နဲ့ထိုက်တန်တဲ့အစိုးရကိုပဲ ရကြတာပဲဆိုတဲ့အဆိုအမိန့်ဟာ တိုင်းသူပြည်သားတွေရဲ့ အသိဥာဏ်ဗဟုသုတက တိုင်းပြည်ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ပြဌာန်းတယ်ဆိုတာကို ဆိုလိုတာပါပဲ။

ကိုင်း ခင်ဗျားက အသိဥာဏ်ဗဟုသုတဘယ်လောက်အရေးကြီးတယ်ဆိုတာ သာဓကတွေနဲ့ ပြောသွားတာတော့ ဟုတ်ပါပြီ။ အဲသလို အခြေအနေရောက်အောင် ဘယ်လို လုပ်ကြမလဲလို့ မေးလာရင်တော့ လောလောဆယ် လူလားမြောက် အရွယ်ရောက်နေသူတွေကတော့ အတ္ထာဟိ အတ္တနောနာထော မိမိကိုယ်သာ ကိုးကွယ်ပြီး ကိုယ့်ဘာသာကိုယ် ပျိုးထောင်ကြပါလေ။ နောက်မျိုးဆက်တွေအတွက်ကတော့ လက်ရှိ တာဝန်ရှိနိုင်ငံ့ခေါင်းဆောင်များက မူလတန်းပညာရေးကစပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အရေးတကြီးလိုအပ်နေပါပြီလို့သာ နှိုးဆော်လိုပါကြောင်း။

၂၄ ၀၃ ၂၀၁၃

Zawaree - Women Day

အမျိုးသမီးများ သမိုင်းလနဲ့ မစ္စဆေဂန်
ဇ၀ါရီ
မတ်လ ၂၇၊ ၂၀၁၃



● ဇာဝါရီ
အကြောင်းအမျိုးမျိုးကြောင့် လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ရေးခြစ်ထားတဲ့စာကြမ်းကို အဆုံးမသတ်နိုင်ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့လကတော့ "သမိုင်းလရာသီ ဖေဖေါ်ဝါရီ" ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ဂုဏ်ပြုကျင်းပတဲ့ အာဖရိကန်-အမေရိကန် လူမျိုးနွယ်များ (လူမည်း) သမိုင်း နဲ့ နိုင်ငံတော်သမ္မတများနေ့အကြောင်းကို တင်ပြခဲ့တယ်။ ဒီလမှာတော့ အမေရိကန်ပြည်ထောင်စုမှာ ဂုဏ်ပြုကျင်းပတဲ့ အမျိုးသမီးများသမိုင်းလ (womenshistorymonth.gov) အကြောင်း တစေ့တစောင်း တင်ပြဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ လုပ်ငန်းခွင်မှာ လုပ်ရမယ့်အလုပ်တွေနဲ့ ပိနေတာရယ်၊ တခြားအကြောင်းအရာတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ဒီဆောင်းပါး အပြီးသတ်ရေးဖို့ အချိန်မပေးနိုင်ဖြစ်ခဲ့ရလို့ အချိန်မီ မတ်လမကုန်ခင်မှာ ကြိုးစားပြီး အဆုံးသတ်ရေးလိုက်ရတယ်။

● အမျိုးသမီးသမိုင်းလ ဘယ်ကစ
သမိုင်းဦးစကတည်းက ယောက်ျားသားများနဲ့အတူ လူဘောင်အဖွဲ့အစည်းကို တည်ဆောက်ခဲ့ကြတဲ့ အမျိုးသမီးထုမှာ သူတို့ဆန့်ကျင်ဘက် ယောက်ျားများ ရရှိခဲ့တဲ့ အခြေခံအခွင့်အရေးများကို တန်တူညီတူ တချိန်တည်း တပြိုင်တည်း မရရှိခဲ့။ ဒီအတွက် အမျိုးသမီးထုအနေနဲ့ ခေတ်ရေစီးကြောင်း ပြောင်းလဲလာမှုနဲ့အညီ ယောက်ျာ-မိန်းမကြား ခွဲခြားကန့်သတ်ထားတဲ့ တားမြစ်ချက်များ ပပျောက်ရေးနဲ့ တရားမျှတမှု၊ တန်တူညီတူ အခွင့်အရေးများ ရရှိရေးအတွက် နှစ်ပေါင်းများစွာ၊ ခေတ်အဆက်ဆက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြလို့ တိုးတက်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံများမှာ တူညီတဲ့ အခွင့်အရေးများကို အမျိုးသမီးထု ရရှိလာခဲ့ကြပေမယ့်၊ ယနေ့အထိ ကမ္ဘာ့နိုင်ငံအများစုနဲ့ အထူးသဖြင့် မတိုးတက် မပွင့်လင်း၊ ခေတ်နောက်ပြန်သွားနေတဲ့ လူ့ဘောင်အသိုင်းအဝိုင်း တိုင်းနိုင်ငံများရှိ အမျိုးသမီးများအနေနဲ့ အခြေခံ လူ့အခွင့်အရေးများ ဆုံးရှုံးလျှက်ရှိနေကြသေးတာကို တွေ့မြင်နိုင်တယ်။လွတ်လပ်ရေးရချိန် ၁၇၇၆ ခုနှစ်ကတည်းက လူတိုင်း တူညီတဲ့ လွတ်လပ်မျှတမှု ရရှိရမယ်ဆိုတဲ့ လွတ်လပ်ရေးကြေညာစာတမ်းနဲ့အတူ ဒီမိုကရေစီစနစ် တည်ဆောက်ပြီး တိုးတက်ဖွံ့ဖြိုး၊ ပွင့်လင်းလူဘောင်ဖြစ်လာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် အမျိုးသမီးထုမှာ အမျိုးသားများနဲ့အတူ တန်တူညီတူ အခြေခံ လူ့အခွင့်အရေးများကို နှစ်ပေါင်းများစွာ မရရှိခဲ့။ ဒီလို တန်တူညီတူ အခွင့်အရေးများ ကင်းမဲ့ဆုံးရှုံးခဲ့တဲ့ အမျိုးသမီးထုရဲ့  ပထမဦးဆုံးအကြိမ် ငြိမ်းချမ်းစွာချီတက် ဆန္ဒပြတောင်းဆိုမှုကို ၁၉၁၃ ခုနှစ် မတ်လ ၃ ရက်နေ့ (၂၈ ယောက်မြောက် အမေရိကန်သမ္မတ Woodrow Wilson သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတစ်ရက်အလို) မှာ အမျိုးသမီးအင်အား ငါးထောင်ကျော်နဲ့ ဝါရှင်တန်ဒီစီမြို့  သမ္မတအိမ်တော် တဝိုက်မှာ ချီတက်ဆန္ဒပြပြီး အမျိုးသမီးများ မဲပေးပိုင်ခွင့် ရရှိရေးကို တောင်းဆိုခဲ့တယ်။ ရဲတပ်ဖွဲ့နဲ့ ကန့်ကွက်ဆန့်ကျင်သူများရဲ့  တိုက်ခိုက်ဖြိုခွဲမှုကြောင့် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြတဲ့ အမျိုးသမီး (၁၀၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး အနှောက်အယှက်၊ အဟန့်အတား၊ တားမြစ်ချက်များကြားမှ တခြားပြည်နယ်မြို့ ကြီးများမှာ ထောင်ပေါင်းများစွာသော အမျိုးသမီးတပ်ဦးများနဲ့ ထောက်ခံသူများ ဆက်တိုက်လူထုဆန္ဒပြပွဲများ ကျင်းပပြီး တန်တူမဲပေးခွင့် ရရှိရေးနဲ့ တခြားလူ့အခွင့်အရေးများကို အပြင်းအထန်တိုက်ပွဲဝင် တောင်းဆိုခဲ့ကြတယ်။


အစောပိုင်းမှာ သမ္မတ ဝလ်ဆင်အစိုးရက ဆန္ဒပြတောင်းဆိုမှုတွေကို မျက်ကွယ်ပြုနေခဲ့ပေမယ့် နောက်ဆုံး ၁၉၁၈ မှာ သူ့ရပ်တည်ချက်ကိုပြောင်းပြီး အမျိုးသမီးများ မဲပေးခွင့်ရရှိရေးကို ထောက်ခံခဲ့ပြီး၊ အထက်/အောက်လွှတ်တော်မှ ပြင်ဆင်ပုဒ်မ (၁၉) နဲ့ အမျိုးသမီးများ တန်တူညီတူ မဲပေးပိုင်ခွင့်ကို ဥပဒေပြုပြဌာန်း အတည်ပြုခဲ့တယ်။ မဲပေးပိုင်ခွင့် ရရှိခဲ့ပေမယ့် ကျန်ရှိနေသေးတဲ့ အမျိုးသမီးများ တန်တူအခွင့်အရေးများ ရရှိရေး လိင်ခွဲခြားမှု ပပျောက်ရေး၊ အမျိုးသမီးအပေါ် အကြမ်းမဖက် ဆက်ဆံရေး၊ ပညာသင်ကြားပိုင်ခွင့်၊ အာဏာရာထူးအခွင့်အရေး ရရှိရေး စတဲ့ လူ့အခွင့်အရေး ရပိုင်ခွင့်များ ရရှိရေးများကို ဆက်လက်တိုက်ပွဲဝင် တောင်းဆိုခဲ့ကြတယ်။ ဒီလို နှစ်ပေါင်းများစွာ မျိုးဆက်အဆက်ဆက် တိုက်ပွဲဝင်တော်လှန်ခဲ့ကြတဲ့ အမျိုးသမီးခေါင်းဆောင်များ၊ သူရဲကောင်းများ၊ စွန့်စားသူများ၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနဲ့နည်းပညာ၊ စီးပွားရေး၊ ဘာသာရေး စတဲ့ နယ်ပယ်အသီးသီးမှ အောင်မြင်ထင်ရှား ဂုဏ်ပြုထိုက်သော အမျိုးသမီးများကို ရက်သတ်မှတ် ဂုဏ်ပြုသင့်တယ်ဆိုပြီး ၁၉၈၁ ခုနှစ်မှာ အမျိုးသမီးအခွင့်အရေး တိုက်ပွဲဝင်အဖွဲ့များက အဆိုပြုတောင်းဆိုမှုကြောင့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ၁၉၈၂ ခုနှစ် မတ်လ ပထမပတ်ကို အမျိုးသမီးများသမိုင်း ရက်သတ္တပတ်အဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့တယ်။ အမျိုးသမီးသမိုင်းဆိုင်ရာ အဖွဲ့အစည်းက ရက်သတ္တပတ်အစား မတ်လတစ်လလုံးကို အမျိုးသမီးများသမိုင်းလလို့ ပြင်ဆင်သတ်မှတ်ပေးရန် တိုက်တွန်းတောင်းဆိုမှုကြောင့် ၁၉၉၄ ခုနှစ် သမ္မတ Bill Clinton အစိုးရလက်ထက်မှာ တရားဝင်အတည်ပြုပြီး နှစ်စဉ် မတ်လကို အမျိုးသမီးများသမိုင်းလလို့ သတ်မှတ်ဂုဏ်ပြုကျင်းပခဲ့တယ်။

ဒီအမျိုးသမီးများ သမိုင်းလမှာ ထုတ်ဖော်ဂုဏ်ပြုချင်တဲ့ စံပြအမျိုးသမီး မြောက်မြားစွာထဲမှ ဒီတကြိမ် ရွေးချယ်တင်ပြလိုတဲ့ အမျိုးသမီးသူရဲကောင်းတစ်ဦးကတော့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့ကြီးကို တည်ထောင်ခဲ့သူ Ginetta Sagan ဖြစ်ပါတယ်။ သူမကို ရွေးချယ်မိတ်ဆက်ပေးချင်တဲ့ အကြောင်းတချက်ကတော့ အမေရိကန်ပြည်ထောင်စုကို အလည်အပတ် လေ့လာရေးခရီး ရောက်ရှိလာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဌေးကြွယ် ကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက သူတို့နှစ်ပတ်လည်ဂုဏ်ပြု အခမ်းအနားကို တက်ရောက်စကားပြောဖို့ ဖိတ်ကြားခဲ့တာနဲ့ မတ်လ ၂၄ ရက်နေ့ ကိုဌေးကြွယ် ဟောပြောပွဲကို တက်ရောက်နားထောင်ပြီး မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း ထောင်တွင်းအ ကျဉ်းချခံရတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောက်လျှောက်လှုံဆော် ဆောင်ရွက်ပေးခဲ့တဲ့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့သူ Ginetta Sagan ကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သိစေချင်။ အထူးသဖြင့် မတရားအကျဉ်းချ၊ ချုပ်နှောင်းခံခဲ့ကြရတဲ့ နိုင်ငံရေးအကျဉ်းသူ/သားများကိုယ်စား သူမလို ပုဂ္ဂိုလ်မျိုးကို ကျေးဇူးတင်၊ ဂုဏ်ပြုလိုတဲ့ဆန္ဒနဲ့ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

● အီတလီအမျိုးသမီးငယ် ဂျီနက်တာ ဆေဂန်
ဒုတိယကမ္ဘာစစ်အတွင်းမှာ အသက် (၂၀) ပတ်ဝန်းကျင်အရွယ် အမျိုးသမီးငယ်လေး Ginetta Sagan တစ်ယောက် အီတလီဖက်စစ် အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံနေရပြီး ထောင်အာဏာပိုင်များရဲ့  အဓမ္မပြုကျင့်ခြင်း၊ နှိပ်စက်ညဉ်းပမ်းခြင်းတို့ကို သေလုမြောပါး ခံနေရတယ်။ ဒီလိုနဲ့ သူကိုသတ်ဖို့ သတ်မှတ်ထားတဲ့ ရက်ပိုင်းအလို ညတစ်ညမှာ ဂျာမန်စစ်သားနှစ်ယောက် သူ့အကျဉ်းခန်းထဲကို ဒရောသောပါး ဝင်ရောက်လာတာကို မြင်တော့ အရင်နေ့ညတွေအတိုင်း လူမဆန်စွာ ညဉ်းပမ်းနှိပ်စက်ခြင်းခံရပြန်ပြီး ဒီညဟာ သူ့အတွက် နောက်ဆုံးည၊ နောက်တနေ့ နံနက်မိုးသောက် နေရောင်ခြည်ကို မြင်ခွင့်မရတော့ဘူးလို့ ထိတ်လန့်ဝမ်းနည်းစွာ တွေးနေမိတယ်။ ဂျာမန်စစ်သားနှစ်ယောက်က အီတလီအစောင့်ကို သူမကို အထက်အမိန့်နဲ့ ဂျာမန်အချုပ်စခန်းတစ်ခုကို ပြောင်းရွှေ့ ရမယ်ဆိုပြီး ပါးစပ်ပိတ်၊ အတင်းချုပ်နှောင်ပြီး စစ်ကားတစီးထဲကိုတင်ပြီး ခေါ်ဆောင်သွားခဲ့တယ်။ သူမအဖို့ ကြယ်တွေ တလက်လက်တောက်ပနေတဲ့ မိုးကောင်ကင်ကြီးကို တချက်မော့ကြည့်ပြီး နောက်ဆုံးညကို စိတ်ထဲကနှုတ်ဆက်ပြီး သူတို့ခေါ်ဆောင်ရာကို လိုက်ပါခဲ့တယ်။


အံ့သြဖို့ကောင်းတာက အမှောင်ထုကြီးရဲ့ နောက် ပေါ်ထွက်လာတဲ့ အာရုဏ်ဦးအလင်းတန်နဲ့အတူ သူမ သေကံမရောက်ခဲ့။ တကယ်တော့ သူကို အတင်းအဓမ္မ ခေါ်ဆောင်လာတဲ့ စစ်သားနှစ်ဦးမှာ ဂျာမန်တပ်ပြေးများဖြစ်ပြီး အီတလီ ဖက်စစ်ဆန့်ကျင်ရေး တော်လှန်ရေးသမားများနဲ့ ဆက်သွယ်လှုပ်ရှား နေကြသူများဖြစ်တယ်။ ဒီ စစ်သားနှစ်ယောက်က သူကို နာဇီအကျဉ်းစခန်းကို ခေါ်ဆောင်မသွားဘဲ ကတ်သလစ်ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းတကျောင်းကို လျှို့ ဝှက်စွာ ပို့ဆောင်ပေးခဲ့တယ်။


ဆေဂန် ကို အီတလီလူမျိုး ဖခင်နဲ့မိခင်တို့က ဥရောပတိုက်မှာ ဂျာမန်နာဇီ နဲ့ အမျိုးသားရေးအစွန်းရောက် ဖက်စစ်ဝါဒီများ လွှမ်းမိုးလာချိန် ၁၉၂၃ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ သူမဖခင် က အီတလီ ဖက်စစ်အာဏာရှင် ဘန်နီတို မူဆိုလီနီ (Benito Mussolini) ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပုန်ကန်နေသူဖြစ်ပြီး နာဇီအာဏာရှင် ဟစ်တလာ (Hitler) ကိုတော့ ဒီလို အရိုင်းအစိုင်း တစ်ယောက်ကြောင့် တို့ ဥရောပတစ်ခုလုံး စစ်မီးတောက်လောက်ပြီး နောက်ဆုံး သူ့ကိုယ်သူလည်း ဖျက်စီးမယ့်လူလို့ ကောက်ချက်ချ ပြောဆိုခဲ့တယ်။

ဒီလိုနဲ့ ဟစ်တလာ တန်ခိုးအာဏာ ကြီးထွားလာပြီး ဥရောပတိုင်းနိုင်ငံများကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ အထူးသဖြင့် ဂျာမဏီနဲ့ နာဇီ သိမ်းပိုက်ခံနိုင်ငံများရှိ ဂျူးလူမျိုးများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးပြီး၊ လူမျိုးတုန်းသတ်ဖြတ်နေချိန်မှာ ဂျူးလူမျိုးနွယ် သူ့အမေလည်း အီတလီနိုင်ငံမှာ ဖမ်းဆီးခြင်းခံရပြီး နာဇီအကျဉ်းစခန်း Auschwitz ကို အပို့ခံရပြီး အဲဒီမှာ သေဆုံးသွားခဲ့တယ်။ သူ့အဖေလည်း အီတလီနိုင်ငံမှာ အာဏာရှင် မူဆိုလီနီ လက်ကိုင်တုတ်များရဲ့  ဖမ်းဆီးသတ်ဖျက်ခြင်းကို ခံခဲ့ရတယ်။ မိဘများ ဆုံးပါးသွားခဲ့ပြီးနောက် သူမလည်း ဖက်စစ်-နာဇီ အာဏာရှင်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေး အင်အားစုများနဲ့ ချိတ်ဆက်ပြီး လျှို့ ဝှက်ဆက်သားအဖြစ် မြေအောက်လှုပ်ရှားမှုအဖွဲ့တွေကြား ဆက်သွယ်ရေး လှုပ်ရှားမှုတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တယ်။ အသက်အရွယ်ငယ်ငယ်၊ ကိုယ်ခန္ဓာ သေးသေးကွေးကွေး၊ အရပ်ပုပုလေးရှိပေမယ့် တနေရာနဲ့တနေရာ လျင်မြန်စွာ ဆက်သွယ်သွားလာနိုင်တဲ့ သူမကို အီတလီစကားနဲ့ topolino ခေါ် ဖြတ်လတ်လျင်မြန်တဲ့ ကြွက်ကလေးလို့ မြေအောက်တော်လှန်ရေးသမားများက ချစ်စနိုး ခေါ်ဆိုကြတယ်။


ဒါပေမဲ့ တနေ့ သစ္စာဖောက်တဦးရဲ့  သတင်းပေးချက်နဲ့ ဖက်စစ်အာဏာရှင်တို့ နောက်ဆုံးတော့ သူမရဲ့  လျှို့ ဝှက်လှုပ်ရှား သွားလာမှုများကို သိရှိသွားပြီး ဖမ်းဆီးနိုင်ခဲ့တယ်။ သူမကို တရားရုံးတော်တင် စီစစ်ခြင်းမရှိ၊ ဥပဒေမဲ့ စစ်စခန်းအကျဉ်းထောင်တခုမှာ တိုက်ပိတ်ချုပ်နှောင်ထားလိုက်တယ်။ အကျဉ်းကျခံနေရချိန်မှာ ထောင်အာဏာပိုင်များရဲ့  လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုကို နေည ခါးစည်းခံခဲ့ရပြီး လွတ်မြောက်ဖို့ မျှော်လင့်ချက်ရောင်ခြည် တဖြည်းဖြည်း ကင်းမဲ့လာခဲ့တယ်။ ဒီလို နေ့ညရက်များစွာ ပြင်ပနဲ့ ဆက်သွယ်ခွင့်မရ၊ အဓမ္မပြုကျင့်၊ ရိုက်နှက်ညဉ်းပမ်းနှိပ်စက်မှုကို သေလုမတတ်ခံစားနေရချိန်၊ တစ်နေ့မှာ ထူးထူးဆန်ဆန် တစ်စုံတစ်ယောက်က သူမ အကျဉ်းခန်းကလေးထဲကို ပေါင်မုန့်တစ်လုံး ပစ်ထည့်သွားခဲ့တယ်။ အဲဒီ ပေါင်မုန့်ထဲက ထွက်ကျလာတဲ့ စာရွက်လေးပေါ်မှာ အီတလီယန်ဘာသာနဲ့ Coraggio - သတ္တိရှိပါလို့ ရေးထားတဲ့ စာလေးကို ဖတ်လိုက်ရတယ်။

ရက်ပေါင်းများစွာ ပြင်ပလောကနဲ့ အဆက်ပြတ်နေတဲ့ သူ့အဖို့ ဒီတစ်လုံးတည်းသောစာကို ဖတ်လိုက်ရတာခြင်းက အတော်အားတက်စရာ ဖြစ်ခဲ့တယ်။ သူကို လူတွေ မေ့မနေကြပါလားလို့ ခံစားရပြီး လက်မြောက်အရှုံးပေးတော့မယ့်စိတ်ကို ပြန်အားတင်းပြီး လွတ်မြောက်ရေးအတွက် မျှော်လင့်နေခဲ့ပြန်တယ်။ အဲဒီ ခံစားမျှော်လင့်ချက်လေးနဲ့ပဲ အကယ်၍ ဒီ ငရဲစခန်းမှ ပြန်လည်လွတ်မြောက်လာခဲ့ရင် ဖိနှိပ်အုပ်ချုပ်အစိုးရ အာဏာပိုင်များအောက်မှာ ဥပဒေမဲ့၊ တရားမဲ့ အကျဉ်းချုပ်နှောင်ခံရသူများကို တနည်းတလမ်းနဲ့ အားပေးကူညီသွားဖို့၊ ယုံကြည်ချက်နဲ့ ထောင်သွင်းညဉ်းပမ်း နှိပ်စက်ခံနေရသူများ အခြေအနေကို ကမ္ဘာသိ ဖော်ထုတ်တင်ပြပြီး သူတို့ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးရပိုင်ခွင့်များ၊ လွတ်မြောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သံန္နိဋ္ဌာန်ချခဲ့တယ်။ "ကျမအနေနဲ့ ဒီလောက်ဆိုးဝါးလှတဲ့ အကျဉ်းစခန်းထဲမှာ ညဉ်းပမ်းနှိပ်စက်မှုအမျိုးမျိုးခံပြီး ဆက်လက်အသက်ရှင် မနေလိုပေမယ့် ဖုန်မှုန့်သဲမှုန့်ကလေးများ ပျောက်ကွယ်သွားသလို ကျမဘဝကို လူမသိသူမသိ အဆုံးရှုံးမခံချင်သလို၊ အသက်ရှင် အခြေအနေပေးလာခဲ့ရင် ဒီလို တရားမဲ့လုပ်ရပ်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်သွားဖို့ ကြိုးပမ်းလုပ်ဆောင်ချင်လို့ အသက်ရှင်နေခဲ့တယ်" လို့ သူ့ဘဝမှတ်တမ်းစာအုပ်ထဲမှာ ဖော်ပြထားတယ်။

အကျဉ်းထောင်မှ မမျှော်လင့်ဘဲ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံမှာ ပညာသွားရောက်သင်ကြားပြီးနောက် စစ်ဒဏ်ကင်းဝေး၊ တိုးတက်ပြောင်းလဲ ပွင့်လင်းလာတဲ့ အမေရိကကို ပြောင်းရွှေ့ လာခဲ့တယ်။ အစပိုင်းမှာ အမေရိကန်အလယ်ပိုင်း ချီကာဂိုမြို့ မှာ ကျောင်းပြန်တက် တက္ကသိုလ်ပညာသင်ယူ၊ ဘွဲ့ရ၊ အိမ်ထောင်ကျပြီးနောက် အမေရိကန်အနောက်ဖက် ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ မိသားစုနဲ့ ဘဝသစ် ပြန်တည်ဆောက်ခဲ့တယ်။ အကျဉ်းထောင်ထဲရှိနေစဉ် ထားရှိခဲ့တဲ့ သံန္နိဋ္ဌာန် ခံယူချက်အတိုင်း သူ့အိမ်ခန်းကလေးကနေ ကမ္ဘာတဝှမ်းရှိ အာဏာပိုင်အစိုးရ အဖွဲ့အစည်းတွေရဲ့  လူ့အခွင့်အရေးချိုးဖောက်၊ ဥပဒေမဲ့လုပ်ရပ်များကို ဖော်ထုတ်ပြီး နိုင်ငံရေး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားများ လွတ်မြောက်ရေးကို လှုံဆော်ဆောင်ရွက်ခဲ့တယ်။ အထူးသဖြင့် အကျဉ်းသားများ ရရှိရထိုက်တဲ့ တရားမျှတသော တရားစီရင်မှု၊ ပြင်ပနဲ့ ဆက်သွယ်နိုင်ခွင့်၊ ညဉ်းပမ်းနှိပ်စက်မှုကင်း နေနိုင်ရေး၊ လွတ်ငြိမ်းချမ်းသာခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးများ ရရှိရေးများကို နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ၊ အာဏာပိုင်များကို စာရေးတိုက်တွန်း၊ ပြောဆိုစည်းရုံး၊ အစီရင်ခံစာတင်သွင်း လှုံဆော်ခဲ့တယ်။

သူ့ကိုယ်တွေ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ် လူမဆန်တဲ့ နာဇီအကျဉ်းစခန်းထဲက အတွေ့အကြုံများကို ရေးသားပြောဆိုတင်ပြပြီး မိမိရဲ့  ရည်ရွယ်ချက်၊ ယုံကြည်ချက်ကို ရှင်းရှင်းလင်းလင်း၊ ခိုင်ခိုင်မာမာ လက်ကိုင်စွဲပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့တစ်ခု တည်ထောင်ပြီး လုပ်ကိုင်ဖို့ စည်းရုံးလှုံဆော် ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်။ အစိုးရအဖွဲ့အစည်းတွေရဲ့  သတင်းထုတ်ပြန်ချက်၊ ရှင်းလင်းချက်များကို အလွယ် လက်မခံခဲ့။ ဥပမာ အကျဉ်းသား ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်သတ်လိုက်ခြင်းဖြစ်တယ်ဆိုတဲ့ အာဏာပိုင်တွေရဲ့  အကြောင်းပြချက်ကို လက်မခံ။ အကြောင်းက သူ့အဖေကိုလည်း ထွက်ပြေးဖို့ကြိုးစားလို့ အီတလီဖက်စစ်ရဲတွေက ပစ်ခတ်လို့ သေဆုံးသွားတယ်ဆိုတဲ့ ထုတ်ပြန်ချက်လိုမျိုး ဖြစ်တာကြောင့် အစိုးရတွေရဲ့  ထုတ်ပြန်ချက် မှန်မမှန်ကို အချက်အလက် ခိုင်ခိုင်မာမာ၊ တိတိကျကျရရှိအောင် စုံစမ်းစီစစ်ပြီး တင်ပြခဲ့တယ်။


လူမသိသူမသိ အိမ်ရှင်မလေးတဦးရဲ့  ကြိုးပမ်းချက်ကို အစပိုင်းမှာ အများရဲ့  အလေးပေး၊ ပံ့ပိုးထောက်ခံခြင်း မရရှိခဲ့။ သူတဦးတယောက်တည်းနဲ့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အရေးကိစ္စကို အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပေမယ့် အတိုင်းအတာတခုထက်မပို အောင်မြင်ဖို့ ခက်ခဲကြန့်ကြာမယ်ဆိုတာကို နားလည်းပြီး။ ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့အစည်းတခုမျိုး တည်ထောင်နိုင်ဖို့ တခြားအထောက်အပံ့များနဲ့ လူသိများတဲ့ အထင်ကရပုဂ္ဂိုလ်များ ပူးပေါင်းထောက်ပံ့ဖို့ အရေးကြီးတာကြောင့် အကူအညီပံ့ပိုးမှုများ ရရှိဖို့ ကြိုးပမ်းခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့အိမ်နီးနားချင်းတစ်ဦးဖြစ်သူ နံမည်ကျော်အဆိုတော် ဂျိုအန် ဘေဇ် (Joan Baez)  က လူဖြူ-လူမည်း အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးမှာ ရှေ့ တန်းက ပါဝင်လှုပ်ရှားဆန့်ကျင်နေသူ ဖြစ်တာကြောင့် သူကိုကူညီပံ့ပိုးဖို့ စည်းရုံးဖိတ်ခေါ်နိုင်ခဲ့တယ်။ ဂျိုအန် ဘေဇ်ရဲ့  အကူအညီနဲ့ လိုအပ်တဲ့ အသင်းရန်ပုံငွေများ ရှာဖွေနိုင်ပြီး အဖွဲ့ကြီးရဲ့ လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့တယ်။

သူတို့နှစ်ဦးရဲ့  မနားမနေ ကြိုးပမ်းစည်းရုံး လုပ်ဆောင်မှုကြောင့် ၁၉၇၆ ခုနှစ်မှာ အဖွဲ့ဝင် ၇ သောင်းကျော် ရှိလာခဲ့တယ်။ ပြည်နယ်မြို့ ရွာများစွာမှာ အဖွဲ့ခွဲများ ဖွဲ့စည်းနိုင်ပြီး ကမ္ဘာ့အနှံရှိ အကျဉ်းထောင်များအတွင်း လွတ်လပ်မျှတတဲ့ တရားဥပဒေနဲ့အညီ တရားစီရင်ချက်မရရှိဘဲ အကျဉ်းကျချုပ်နှောင်းခံနေရသူများ လွတ်မြောက်ရေး၊ လွတ်လပ်မျှတသော တရားဥပဒေနဲ့အညီ တရားစီရင်ချက်များရရှိရေး၊ အာဏာပိုင်များရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းပြုစု၊ သတင်းထုတ်ပြန်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ပွင့်လင်းအစိုးရများကို အစီရင်ခံစာတင်သွင်းပြီး အလေးပေးကူညီဖြေရှင်း လုပ်ဆောင်ကြဖို့ကို တောက်လျှောက်တိုက်တွန်း လုပ်ဆောင်ခဲ့တယ်။ အာဏာရှင် နဲ့ လက်ဝဲကွန်မြူနစ် အစိုးရများက သူတို့ရဲ့  တရားမဲ့လုပ်ရပ်များကို ရှုတ်ချဖော်ထုတ်နေတဲ့ သူကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးသူလျှိုလို့ စွပ်စွဲပြောဆိုသလို၊ အမေရိကန်အစိုးရနဲ့ အနောက်အုပ်စုအစိုးရများရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ထုတ်ဖော်တင်ပြတဲ့အခါ သူကို လက်ဝဲကွန်မြူနစ်အုပ်စု အားပေးနောက်လိုက်လို့ သမုတ်ကြတယ်။ သူမ တုံ့ပြန်ချက်ကတော့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ ဘယ်အစိုးရ အာဏာပိုင်အဖွဲ့အစည်းများရဲ့  နောက်လိုက်၊ လက်ဝေခံအဖွဲ့ မဟုတ်သလို၊ မတရားမှု ဖြစ်ပေါ်နေတဲ့ နေရာမှန်သမျှ၊ လူ့အခွင့်အရေး ချိုးဖောက်မှုလုပ်ရပ်များကို ရဲရဲဝံ့ဝံ့၊ မှန်မှန်ကန်ကန်၊ ကျောသားရင်သား မခွဲခြား ထုတ်ဖော်သွားမည်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။

ဒီလို သူ့ဘဝ ထောင်တွင်းအတွေ့အကြုံကို အခြေပြုပြီး တည်ထောင်ခဲ့တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့  ကြိုးပမ်းလုပ်ဆောင် ချက်ကြောင့် ကမ္ဘာအနှံမှာ အစိုးရအသီးသီးရဲ့  တရားလက်လွတ်ပြုကျင့်မှုများကို ထုတ်ဖော်နိုင်ခဲ့သလို၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်း ခံနေရ တဲ့အကျဉ်းသားများကို မေ့ပျောက်မထားဘဲ၊ သူတို့လွတ်မြောက်ရေးကို အင်တိုက်အားတိုက် စွမ်းဆောင်နိုင်ခဲ့တယ်။ နိုင်ငံတကာက ပေးအပ်ဂုဏ်ပြုတဲ့ လူ့အခွင့်အရေးဆိုင်ရာဆုပေါင်း မြောက်များစွာကို လက်ခံရရှိခဲ့ပြီး ထင်ရှားတဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီးများဖြစ်တဲ့ ပိုလန်အလုပ်သမားခေါင်းဆောင် Lech Walesa, ချက်သမ္မတနိုင်ငံ ဒီမိုကရေစီခေါင်းဆောင် Vaclav Havel, တောင်အာဖရိကခေါင်းဆောင်ကြီး Nelson Mandela စတဲ့ ခေါင်းဆောင်ကြီးများရဲ့  ဂုဏ်ပြုခြင်းကိုလည်း ရရှိခဲ့တယ်။ အမျိုးသမီးများရဲ့  စံပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မစ္စ ဂျီနက်တာ ဆေဂန် ဟာ ၂၀၀၀ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့၊ အသက် (၇၅) နှစ်အရွယ်မှာ ၁၉၆၈ ခုနှစ်ကတည်းက နေထိုင်ခဲ့တဲ့ ကယ်လီ ဖိုးနီးယားပြည်နယ် အေသာတန်မြို့  သူ့နေအိမ်မှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ အသက်ရှင်နေချိန်အတွင်း သူကြိုးပမ်း တည်ဆောက် ခဲ့တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ အဖွဲ့ကြီးကတော့ ဆက်လက်ရှင်သန်နေပြီး နိုင်ငံတကာ အစိုးရများရဲ့  လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိထိရောက်ရောက် ဖော်ထုတ်တင်ပြပြီး မတရားချုပ်နှောင်ဖမ်းဆီးခံနေရတဲ့ အကျဉ်းသားများ လွတ်မြောက်ရေး နဲ့ လူ့အခွင့်အရေး ရရှိရေးတို့ကို အောင်မြင်စွာလုပ်ကိုင်ပေးလျှက်ရှိတယ်။

မိမိရှေ့ မှောက်မှာ ကျူးလွန်းနေတဲ့ မတရားမှုကို နှုတ်စိတ်နေခြင်းက ဖိနှိပ်သူကို အားပေးရာရောက်တယ် ဆိုတဲ့ မစ္စဆေဂန် ပြောဆိုချက်နဲ့ အမျိုးသမီးသမိုင်းလမှာ ဂုဏ်ပြုထိုက်သူ အမျိုးသမီးသူရဲကောင်းအာဇာနည်ကို ဂုဏ်ပြုဂါရဝပြု တင်ပြလိုက်ပါတယ်။

စာကိုး - 

TUESDAY, MARCH 26, 2013

Junction Square on Fire - No FB post


Junction Square အပေါ်ထပ် စားသောက်တန်းက CPဆိုင်မှာ မီးလောင်
အန်တီဖေ့စ်ဘွတ်၊ မတ် ၂၇၊ ၂၀၁၃
မတ် ၂၆၊ နေ့လယ် ၁နာရီ၊ ပြည်လမ်း ကားပွဲစားတန်း၊ ဂျန်းရှင်းစကွဲ အပေါ်ဆုံးထပ် စီပီကြက်သားကျော်ဆိုင်က မီးခိုးလုံးတွေ ထွက်လာပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဈေးဝယ်သူ ဧည့်သည်အများအပြား အလန့်တကြား ထွက်ပြေးကြတဲ့အတွက် အနီးပတ်ဝန်းကျင်မှာ ၀ရုန်းသုံးကားဖြစ်ခဲ့ရပါတယ်။ စက်လှေကားကနေ ဆင်းပြေးကြတဲ့အခါမှာ စက်လှေကားကိုလည်း အမြန်နှုန်းမြှင့်ပြီး မောင်းလိုက်လို့ လူအများ ဆင်းပြေးရခက်ရကြောင်းလည်း ကိုယ်တွေ့ကြုံသူတဦးက ပြောပါတယ်။ အဲသည် ဂျန်းရှင်းစကွဲမီးလောင်တဲ့ ပရိသတ်တွေထဲမှာ ဖေ့စ်ဘွတ်သုံးတဲ့လူ တယောက်မှ မပါတဲ့အတွက် အဲသည်သတင်း အင်တာနက်ပေါ် ရောက်လာခဲ့ပုံ မရဘူးလို့ သတင်းပေးသူက ရေးထားပါတယ်။

OKay Linn - 68 Year Cartoon

ကာတွန်း အိုကေလင်း - တပ်မတော်နေ့ ဂုဏ်ပြုကာတွန်း
မတ် ၂၇၊ ၂၀၁၃

68 Anniversary of Revolution Day aka Tatmadaw Day


၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ / တပ်မတော်နေ့ အခမ်းအနားမြင်ကွင်းအချို့
ဓာတ်ပုံကောက်နုတ်ချက်၊ မတ် ၂၇၊ ၂၀၁၃
ရန်ကုန်မြို့ အင်န်အယ်ဒီရုံးတွင် နှစ်စဉ်ကျင်းပနေကျ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားနှင့် နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် အခမ်းအနားမြင်ကွင်း (ဓာတ်ပုံ သက်ဆိုင်ရာသတင်းဌာနများမှ)







Maung Lu Yay - Letpadaung 5


ကြေးနီပလ္လင်တော်
မောင်လူရေး၊ မတ် ၂၇၊ ၂၀၁၃
(လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၅)
တကယ်တော့ စနစ်ဆိုတာဟာ တရားမျှတမှုကိုရှာတာပါ။ မူတွေကလဲ ဒီလိုပါဘဲ။ ဒါပေမဲ့ တရားမျှတမှုဆိုတာဟာ အဲဒီစနစ်တွေ၊ မူတွေအောက်မှာဘဲ ပျောက်ပျောက်သွားတတ် ကြတယ်။ ချစ်ဖို့ကောင်းတာက တရားမျှတမှုကိုရှာဖွေတဲ့လူသားတွေဆိုတာကလဲ မျိုးဆက်ပြတ်သွားတယ်လို့ကို မရှိတာဘဲ။ လူသားရဲ့ပန်းတိုင်က လွတ်မြောက်မှု၊ အဲဒီဟာက မတရားမှုနဲ့ မမျှတမှုနဲ့မှ ရှာလို့ မရတာကိုး။
အဲဒီတရားမျှတမှုကို စနစ်တွေ မူတွေနဲ့ပြောကြပြီဆိုတော့ အဲဒီတရားမျှတမှုဟာ တစ်ဦးတစ်ယောက် ထဲရဲ့တရားမျှတမှုမဟုတ်တော့ဘဲ ပြည်သူတရပ်လုံးအတွက် တရားမျှတမှုဖြစ်သွားပါတယ်။
အဲဒီအခါ " သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း" ဆိုတဲ့သံဝေဂဓမ္မတာဟာ တစ်ဦးတစ်ယောက်ထဲအတွက် ဟုတ်ပေမဲ့ အများနဲ့ ယှဉ်ရင်တော့ မျှတမှုဘက်ရောက်မယ်မထင်ဘူး။
တရားမှုတမှုကို ဘယ်လိုတိုင်းမလဲဆိုရင်တော့ အကျိုးသက်ရောက်မှုနဲ့ ကြည့်ရတော့မယ်။
ပျက်လင့်ကာသာ၊ ဓမ္မတာနဲ့ကြည့်လို့မရတော့ဘူးလို့ ဆိုလိုတာပါ။ အနာဂတ် နိုင်ငံတော်ကြီးအတွက်တို့၊ နိုင်ငံတကာယုံကြည်မှုအတွက်တို့၊ တောင်နဲ့ယှဉ်ရင် လူကိုရွှေးမယ်တို့ ( တောင်မှီနေသူတွေမဟုတ် ) ဆိုတဲ့အပြော အဟောတွေကို စဉ်းစားဖို့ပါ။
အကျိုးသက်ရောက်မှုဆိုတာက ဒေသဝန်းကျင်နဲ့ အဲဒီဝန်းကျင်မှာ မှီတင်းနေထိုင်သူတွေအပေါ် ကျရောက်ထိခိုက်လွှမ်းမိုးထားတာတွေကို ပြောတာပါ။
ဆိုပါစို့  ရောဂါဘယတွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ဆက်စပ်သလား။
သတ္ထုတွင်းစီမံကိန်းကထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ရပ်ရွာနဲ့ ဘယ်လောက်တောင် နီးနေလဲ။
အဲဒီဓာတုပစ္စည်းတွေရဲ့ဆိုးကျိုးကို ဒေသခံတွေ ဘယ်လောက်သိအောင် လုပ်ပေးပြီးပလဲ။
ခြောက်လုံး၊ မြောက်လုံးတွေနဲ့ ရွှေ့ပြောင်းခိုင်းတာ၊ သဘောတူခေါင်းငြိမ့်ခိုင်းတာတွေ။ ရေ၊ လေသန့်စင်မှုကင်းမဲ့ ကျန်းမာရေးနုံ့နဲ့ရတာတွေ။ နေထိုင်ရာနေစရာတွေကျုံ့သွားလို့၊ ကျဉ်းသွားလို့ ပျော်ပါးစရာမကောင်းတော့တာတွေ။
ရပ်ရွာအာဏာပိုင်တွေဟာ စီမံကိန်းသမား၊ မူဝါဒချမှတ်သူတွေဘက်ပါသွားတဲ့အတွက် အုပ်ချုပ်ရေးအစည်းပြေ၊ ညီညွတ်လေးစားမှုလျော့သွားတာတွေ။
ရွှေ့ပြောင်းရမှုနဲ့ လူသစ်တွေဝင်လာတာမို့ ယဉ်ကျေးမှုတွေပြန့်ကျဲ ရှုတ်ထွေးသွားတာတွေ။
ရပ်ရွာသုံးတောတောင်တွေပျောက်သွားပြီး သစ်ဝါးမရတော့တာ၊ နားစရာ နေစရာပျောက်သွားတာတွေ။
ရွှေ့ပြောင်းဖြိုဖျက်ခံရတဲ့အတွက် ကိုယ်အမြတ်တနိုးတန်ဖိုးထားလုပ်ထားတဲ့၊ ထိမ်းထားတဲ့ ဘုရားကျောင်းကန်ကအစ အလေးအမြတ်ပြုစရာများပျောက်ဆုံးသွားတဲ့အတွက် နာကျင်ရတာတွေ။
စီမံကိန်းသမားတွေက ဒေသခံတွေကိုရော၊ အစဉ်အလာတွေကိုရော ဘာမှတန်ဖိုးမရှိလို့ အသုံးမကျလို့ဖယ်ခံ၊ ဖျက်ခံရတာလို့သဘောထားပြီး အထင်သေး၊ စော်ကားတာတွေ။
ဒေသခံတွေထဲမှာဘဲ အကျိုးခံစားရပုံကွဲပြားပြီး အချင်းချင်းကွဲပြား စိတ်ဆင်းရဲရတာတွေ။
ကိုယ်ကျင်လည်ရာရေမြေတောတောင်မှာ ကျင်လည်ခွင့်မရ၊ ကိုယ်ကျွမ်းကျင်ရာ လုပ်ငန်းများပျောက်ပြီး ဒုက္ခရောက်သွားတာတွေ။
အဲဒီအဖြစ်ဆိုးတာတွေကို အခြားနယ်ကသူတွေက မသိကြဘဲ စာနာနှစ်သိမ့်ပေးသူမရှိ၊ ကြိတ်မှိတ်ခံနေရရာကဘဲ စိတ်နေကြမ်းတမ်းခက်ထန်လာတာတွေ။
မိသားတစုလုံးလုပ်လို့ရတဲ့လယ်ယာလုပ်ငန်းခွင်ပျောက်ဆုံးပြီး မိသားစုအတွင်းဆက်ဆံပုံပျက်၊ မိသားစုတွင်း လက်ပါလာတာတွေ။
မြေနေရာတွေ၊ တောတောင်တွေပျောက်သွားလို့ အသီးအရွက် စားစရာ အလွယ်တကူမရနိုင်တော့ဘဲ အိမ်ဆိုင်တွေပျောက်သွားတာတွေ။
ရွှေ့ပြောင်းတည်ဆောက်နေရတာနဲ့ ကွဲကွဲပြားပြား၊ အင်အားဆုတ်ယုတ်၊ ရိုင်းပင်းဖို့ခက်ခဲ ရပ်ကူရွာကူနဲ့ အလှူရှင်ပြုမျိုးတွေတောင် လုပ်လို့မရတော့တာတွေ။
အစည်းပျက်၊ အစုပျက်ပြီး တဦးနဲ့တဦးငဲ့ကွက်စရာမလို၊ အလုပ်လက်မဲ့နဲ့အပြိုင် ရာဇဝတ်မှုတွေပါ တိုးပွားလာတာ၊ အကြမ်းဖက်မှုတွေပေါ်ပေါက်လာတာတွေ။
လျော်ကြေးငွေကြောင့်ဘဲ စိတ်ဝမ်းကွဲပြီး ရပ်ထဲရွာထဲ တင်းမာလာတာတွေ။
အဲဒီလိုမျီုး ညှိုးငယ်မှု၊ ခြောက်သွေ့မှု၊ အထီးကျန်မှု၊ တင်းမာမှု၊ ပြိုကွဲမှု၊ မရိုင်းပင်းမှု၊ အနိုင်အထက်ပြုမှု၊ မရေရာမှု၊ မကျန်းမာမှု၊ တန်ဖိုးပျောက်မှုတွေနဲ့ နေချင်စရာ မကောင်းတော့တဲ့ဒေသကြီးတခုအဖြစ် အပြောင်းလဲ ခံလိုက်ရတာအပေါ်မှာ၊ တည်ငြိမ်မျှတ သဟဇာတဖြစ်နေရာကနေ စိတ္တဇကန္တာရလွင်ပြင်ကြီးထဲ ဆက်လက်နေထိုင်သွားရတော့မဲ့ လူဦးရေသိန်းဂဏန်းအပေါ်မှာ တရားမျှတမှုဆိုတာ ဘာလဲ။
တရုတ်တွေကြေးနီနဲ့ လက်နက်ထုတ်ဖို့လား။ ဦးပိုင်တွေ တိုက်တွေ ကားတွေ ဆောက်ပြီးရင်းဆောက်၊ စီးပြီးရင်းစီးဖို့လား။ သူတို့သားမယားတွေ နိုင်ငံခြားရှော့ပင်းထွက်၊ ကျောင်းတက်ဖို့လား။
ဒါမှမဟုတ်သေးရင် အမတ်မင်းဖြိုးမင်းသိန်းပြောသလို ကြေးနီနဲ့ ပလ္လင်တော်လဲခန်းလား။
လှည်းကူးအမတ်မင်းရဲ့စကားကို နားထောင်ကြည့်ပြီး အစီရင်ခံစာရဲ့သဘောမှန်ကို လေ့လာကြအုံးစို့။
မြန်မာအင်ဒီပင်းဒင့်ဂျာနယ်၊ အမှတ်(၄၅) မှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ပြည်သူ့ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနှင့်တွေ့ဆုံခြင်းမှ ကူးပြတယ်ပေါ့ဗျာ။
         " ပြည်သူလူထုအတွက်လည်း ရသင့်ရထိုက်တဲ့အခွင့်အလမ်းတွေ၊ အဲဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက် ရေးတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ ဖော်ပြထားတာရှိတယ်။ ဒီအပေါ်မှာ သူတို့အားရ ကြတယ်။ ဒါပေမယ့် ဒီအစီရင်ခံစာထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်း စုကြည်ကို ဒီနယ်မြေက ပြန်တုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုက ပုံစံတစ်မျိုးဖြစ်နေတယ်။ ဒါပေမယ့် ကျွန်တော် တို့ ဒီတုံ့ပြန်မှုအပေါ်မှာ ကျွန်တော်မြင်တာက ကမ္ဘာတစ်ဝန်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဒီအုပ်စုတွေကအမြဲတမ်းဒီလိုပဲ တောင်းဆိုကြတယ်။ နိုင်ငံတော်သမ္မတတွေ တွေ့ဆုံတဲ့ ပွဲကြီးတွေ။ တကယ့် International ပွဲကြီးတွေမှာလည်း ရှိပါတယ်။ ဒါဟာ အဓိကပြဿနာ တစ်ရပ် မဟုတ်ဘူး "
"နောက်တစ်ချက်က ဒီထဲမှာဆိုရင် မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ချုပ်ထားတဲ့စာချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်တစ်ရပ်ကို ဒီဦးပိုင်ဘက်ကနေလက်ခံထားတယ်။ ဒီဥစ္စာကို တကယ်တင်းမာတယ်ဆိုတဲ့လူတွေ၊ တစ်ချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်နေတဲ့ သူတွေအားလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်စေတနာကို သိလာတဲ့အတွက်၊ ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို နောက်တစ်ဆင့်တက်လာဖို့ အခြေအနေတစ်ခုဖြစ်စေတယ်လို့ ကျွန်တော်တို့က ယူဆ တယ်။ ဒီအစီရင်ခံစာထွက်ပြီး၊ ပြီးခဲ့တဲ့သောကြာနေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ်ဆိုတဲ့ ရလဒ်တစ်ခုထွက်လာတယ် "
" ဥပမာ- ကျွန်တော်ပါဝင်တဲ့လွှတ်တော်ရေးရာကော်မတီမှာဆိုရင်ဦးအောင်သောင်းကိုယ်တိုင် ကိုက ဒီအခြေအနေအပေါ်မှာ ဒီအစီရင်ခံစာကို ဖတ်ကြည့်မှ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လောက် စေတနာထားသလဲဆိုတာ တွေ့ရတယ်။ ထောင့်တအားကြီး စုံလွန်းအားကြီးတယ်ပေါ့။ ကဏ္ဍတိုင်း၊ ကဏ္ဍတိုင်းအစုံဖော်ပြထားတယ်။ ဒီအတွက် ဒီစိတ်စေတနာအပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတဲ့အပိုင်းကို သူတို့ဘက်က သဘောတူလာတာကို တွေ့ရတယ်။ နို့မို့ဆိုရင် ဒီအခြေအနေတွေဟာ ဖြစ်လာမှာမဟုတ်ဘူး "
တပ်ကလည်း ဒီပြင်ဆင်မှုကို ဒါဟာတိုင်းပြည်အတွက် နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်တယ်လို့ လက်ခံမှရပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ခေါင်းဆောင်ပိုင်းတွေကလည်း လက်ခံတယ်။ ဒီမိုကရေစီအင်အားစုတွေကလည်း ဒီပြင်ဆင်မှုတွေကို လက်ခံတယ်။ အဲဒီလိုလက်ခံနိုင် တဲ့ဟန်ချက်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလက်ပံတောင်းတောင်းအစီရင်ခံစာက ထည့်လိုက် တာ။ လွှတ်တော်ထဲမှာက အမြဲတမ်းရွေ့ကွက်တစ်ခုကို ကိုယ်အသာရဖို့၊ သူအသာ ရဖို့ ရွေ့ကွက် တစ်ကွက်စီ ရွေ့ကြတာ "
ဒီဟန်ချက်က ဒီလက်ပံတောင်းတောင်အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တကယ့်ကို တိုင်းပြည်အတွက် စိတ်စေတနာမှန်မှန်နဲ့ ဖော်ပြထားချက်အပေါ်မှာ တုံ့ပြန်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့ဆိုတာပါပဲ။                                                                      
တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ယုံယုံကြည်ကြည် အပ်မလဲဆိုတာ ရှိနေတယ်။ အဲဒီအခြေအနေကို ပထမဦးဆုံးဆန်တက်ပြီး ထိုးဖောက်လာတာတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒါကတော့ သမိုင်းမှာ လုံးဝမှတ်တမ်းတင်ထားရမယ့် ကိစ္စပဲ။ ဒီကိစ္စက အမြင့်ကြီးတက်သွားတယ်။ ပါတီညီလာခံမှာ မီဒီယာတွေကပြောတယ်။ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲကြွေးကြော်သံ ၃ ချက်ထဲက တစ်ချက်ကို မှိန်မှိန်လေးလုပ် သွားပါတယ်။ ဒီရွေးကောက်ပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပိုင်းကို အန်အယ်လ်ဒီက မအော်တော့ပါဘူးလို့ ပြောနေတဲ့အချိန် ကျွန်တော်တို့အစဉ်အဆက် အော်ခဲ့တယ်။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ၂၀၁၅ ခုနှစ်မှာသူဒီနိုင်ငံတော်သမ္မတ တာဝန်ကိုထမ်းဆောင်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း တရားမျှတတဲ့ ဥပဒေတစ်ရပ်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့အချက်ကို တောက်လျှောက်ပြောခဲ့တာ။ ဒါပေမယ့် နိုင်ငံရေးဆိုတာကတော့ အခြေအနေနဲ့အချိန်အခါကို သူ့ရဲ့အနေအထားအပေါ်မှာလိုက်ပြီး တော့ ပြောဆိုဆွေးနွေးကြမယ်ဆိုတာ ရှိပါတယ်။အမြဲတမ်း ဒါကြီးပဲတောက်လျှောက် တွန်းတင် တွန်းပြောနေလို့ မရပါဘူး။ အခုဒီအဆင့်ဟာ တော်တော်ကို အရေးကြီးတဲ့အဆင့်အပြောင်းလဲမှုကို ဖြစ်စေခဲ့တယ် " တဲ့။
ကဲ လက်ပံတောင်းအစီရင်ခံစာဟာ ဘာကို ဘယ်လို ရှုမြင်ဦးတည်ခဲ့သလဲဆိုတာ ရှင်းပါပြီ။
 နိုင်ငံရေးစနစ်တခုရဲ့နိုင်ငံရေးမျှော်လင့်ချက်ဆိုတာဟာ နိုင်ငံအပေါ်မှာ၊ နိုင်ငံ့အရေးအရာတွေ အပေါ်မှာ တက်ကြွအားကောင်းတဲ့ လုပ်ဆောင်ချက်ရှိတဲ့ တာဝန်သိနိုင်ငံသားကောင်းတွေ ထွက်လာဖို့ ဘဲဖြစ်ပါလိမ့်မယ်။ ဒါတွေဟာ ရပ်စိတ်၊ ရွာစိတ်ကဘဲ အခြေခံမှာပါ။ ရပ်ချစ်စိတ်၊ ရွာချစ်စိတ်၊ အဲဒီကမှ မြို့ချစ်စိတ်၊ နယ်ချစ်စိတ်၊ နောက် တိုင်းချစ်စိတ်၊ ပြည်ချစ်စိတ် အဲဒီလိုအဆင့်ဆင့်ဖြစ်ပေါ်လာမှာပါ။
ရပ်ရွာဟာ ချစ်စရာမကောင်းတော့ဘူးဆိုရင်….
ချစ်စရာ၊ မြတ်နိုးစရာတွေ မရှိတော့ဘူးဆိုရင်…………..
မောင်လူရေး

Ku Mo Jo - The Hands Behind the Blood History of Burma


ကာတွန်းကူမိုးကြိုး - သမိုင်းဆိုး၏ လက်သည်များ
မတ် ၂၇၊ ၂၀၁၃


--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives