[moemakadaily@moemaka.biz] 9th March 2013 - MoeMaKa Daily


ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့
 ငွေရတုအထိမ်းအမှတ် အခမ်းအနား
မတ်လ ၁၃၊ ၂၀၁၃၊ နံနက် ၁၀ နာရီ မှ ၁၂ နာရီ၊ တော်ဝင်နှင်းဆီခန်းမ
(အခမ်းအနားကျင်းပရေးကော်မီတီ)

Artist U Ba Kyi, Story Tetkatho Shwe Yi Win - Shwe Thway Journal COllection


မလိမ္မာ တခါမိုက်စမြဲ - ဇာတ်လမ်း တက္ကသိုလ်ရွှေရီဝင်း၊ သရုပ်ဖော် ပန်းချီဦးဘကြည် (F.R.S.A (London), M.A.II (U.S.A), Ecole Superieure National des Beaux-arts(Paris))
ပြန်လည်ဆန်းသစ်ခြင်း၊ မတ် ၉၊ ၂၀၁၃

















၁၉၈၂ ခုနှစ်အတွင်း၊ အပတ်စဉ်ထုတ်ဝေသော၊ စာပေဗိမာန်စာစဉ်တခုဖြစ်သည့် ရွှေသွေး ဂျာနယ်မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။

Thai Burmese Monastery - Burmese Sayadaws arrived


ထိုင်း၊ ၀ပ်ဆိုင်းမွန်ကျောင်းထိုင်ဆရာတော် အန္တိမဈာပနသို့ ဆရာတော်ကြီးများ ကြွရောက်
ဇော်သူရ (မဲဆောက်)၊ မတ် ၉၊ ၂၀၁၃၊ မိုးမခဓာတ်ပုံသတင်း

  








ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဝပ်ဆိုင်းမွန် မြန်မာဘုန်းတော်ကြီးကျောင်း၏ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအာသဘ မဟာထေရ်မြတ်၏ အန္တိမဈာပနာသို့ဗမော်ဆရာတော်ဦးဆောင်းသော နိုင်ငံတော်ဗဟိုသံဃာ့မဟာဏာယက ဆရာတော်ကြီးများသာသနာရေဒုတိယဝန်ကြီးဦးဆောင်သော ဌါနဆိုင်းရာဝန်ထမ်းများစုစုပေါင်းအယောက်(၃၀)ကျော်ပါသော အဖွဲ့သည် ယနေ့နေ့လယ် တွင်ထိုင်းနိုင်ငံချင်းမိုင်လေဆိပ်သို့ ရောက်ရှိလာခဲ့ပါသည်။ 









Aung Din - Perspective (12)



(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၆၊ မတ်လ ၇ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (12)
အောင်ဒင်၊ မတ် ၉၊ ၂၀၁၃

အပိုင်း (၁၂) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (ဂ)

ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ ဆက်ဆံရေး
"လုပ်ပိုင်ခွင့်များ" ခေါင်းစဉ်အောက်က ပုဒ်မ ၁၀ (ဈ) မှာ "လွှတ်တော်ကိုယ်စားလှယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များအား လုပ်ငန်းလိုအပ်ချက်အရ ဆက်သွယ်ဆောင်ရွက်ရန် အကြောင်းပေါ်ပေါက်လျှင် သက်ဆိုင်ရာလွှတ်တော်ကော်မီတီများမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာလွှတ်တော်များသို့ အသိပေးခြင်း၊" ရှိတယ်လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီလုပ်ပိုင်ခွင့် ပြဋ္ဌန်းထားမှုအပေါ် ကျနော် စိုးရိမ်မိပါတယ်၊ ဒါဟာဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်က စွက်ဖက်ခွင့်ရှိသလို ဖြစ်နေပါတယ်၊ တကယ်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များကို မေးမြန်းစုံစမ်းတာ၊ ဆက်သွယ်လှုပ်ရှားတာ၊ ဖိတ်ခေါ်ဆွေးနွေးတာတွေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွေကပဲ ဆောင်ရွက်သင့်တာပါ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဌတွေရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကိုလဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၆၄ မှာ ပုဒ်မခွဲ (က) ကနေ (င) အထိ ပြဋ္ဌန်းထားပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၇၊ ပုဒ်မ ၁၁၂၊ နဲ့ ပုဒ်မ ၁၄၄ တို့မှာပြဋ္ဌန်းထားတဲ့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ များရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် အဖွဲ့အစည်းများ၊ အဖွဲ့အစည်းဝင်များအပေါ် တစုံတရာ ဩဇာသက်ရောက်ခွင့် ပြဋ္ဌန်းမထားပါ၊

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်အခြေခံမူများအခန်း၊ ပုဒ်မ ၁၁ (ခ) မှာ "ထိုသို့ပိုင်းခြားထားသည့် နိုင်ငံတော်အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ခွဲဝေအပ်နှင်းသည်" ဟု၎င်း၊ ပုဒ်မ ၁၂ (က) မှာ "နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို  ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ဤဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်သောဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်" ဟု၎င်း၊ ပုဒ်မ ၁၇ (က) မှာ "နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို  ပြည်ထောင်စု၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်" ဟု၎င်း၊ပြဋ္ဌန်းထားပါတယ်၊ 

အဲဒီ ပြဋ္ဌန်းချက်တွေအရ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာမျှော်လင့်တောင့်တခဲ့ကြတဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေရှိနေပြီလို့ ထင်စရာအကြောင်းရှိပါတယ်၊ 

ဒါပေမည့်လဲ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရပဲ တိုင်းဒေသကြီးများနဲ့ တိုင်းရင်းသားပြည်နယ်များဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဏအားလုံးမှာ ဗဟိုက ထိန်းချုပ်မှုကို ခံနေရတာပါ၊ ဥပဒေပြုရေးကို ကြည့်ရင် ပြည်နယ်လွှတ်တော်ရဲ့ ၂၅% ဟာ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ်များဖြစ်ကြပါတယ်၊ အုပ်ချုပ်ရေးကို ကြည့်ရင်လဲ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးများကို နိုင်ငံတော်သမ္မတက ခန့်အပ်ရပြီး ထုတ်ပယ်ခွင့်လဲရှိသလို ကာကွယ်ရေးဦးစီးချုပ်ခန့်အပ်တဲ့ တပ်မတော်အရာရှိကြီးများက လုံခြုံရေးနဲ့ နယ်စပ်ဝန်ကြီးဋ္ဌာနများကို ကိုင်တွယ်ထားကြတာပါ၊ တရားစီရင်ရေးမှာလဲ နိုင်ငံတော်သမ္မတကပဲ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကို ခန့်အပ်တာဝန်ပေးတာပါ၊ အဲဒီလို ဗဟိုအစိုးရရဲ့ လက်အောက်ခံဖြစ်နေဆဲ ပြည်နယ်လွှတ်တော် နဲ့ ပြည်နယ်အစိုးရများဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ ဩဇာသက်ရောက်မှုကိုပါ ထပ်ပြီးခံယူရဦးမယ်ဆိုရင် အခု အစိုးရခေါင်းဆောင်များ၊ ပြည်ထောင်စုလွှတ်တော်ခေါင်းဆောင်များ ပြောပြောနေတဲ့ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှရေးဆိုတာ ဘယ်လိုမှ အဓိပ္ပါယ်ရှိမှာ မဟုတ်တော့ပါ၊

အမေရိကန်ပြည်ထောင်စုမှာ ကွန်ဂရက်လွှတ်တော်ဟာ ပြည်ထောင်စုအစိုးရ အပေါ်မှာပဲ ဩဇာသက်ရောက်မှုရှိပါတယ်၊ သမ္မတက အဆိုပြုတဲ့ ပြည်ထောင်စုအစိုးရဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများကို စစ်ဆေး အတည်ပြု/ငြင်းပယ်ခွင့်ရှိပါတယ်၊ ပြည်ထောင်စုအစိုးရဋ္ဌာနများရဲ့ ဘတ်ဂျက်အသုံးစားရိတ်ကို ပြဋ္ဌန်းခွင့်ရှိပြီး ဘတ်ဂျက်အတိုင်း သုံးစွဲခြင်းရှိမရှိ စုံစမ်းစစ်ဆေးမေးမြန်းခွင့်လဲ ရှိပါတယ်၊ ဒါပေမည့် ပြည်နယ်အစိုးရများ၊ ပြည်နယ်လွှတ်တော်များအပေါ်မှာ ဩဇာသက်ရောက်ခွင့်မရှိပါ၊ ဩဇာသက်ရောက်ဖို့ ကြိုးစားရင်လဲ ပြည်နယ်အစိုးရများ၊ ပြည်နယ်လွှတ်တော်များက လက်ခံမှာမဟုတ်ပါ၊ အမေရိကန်ပြည်ထောင်စုဟာ ပြည်နယ် ၅၀ က မိမိတို့ဆန္ဒအလျောက်အတူတကွ တန်းတူရည်တူအဆင့်တူပူးပေါင်းနေထိုင်ဖို့သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတာပါ၊ ပြည်နယ်လွှတ်တော် နဲ့ ပြည်နယ်အစိုးရများဟာ သက်ဆိုင်ရာပြည်နယ်က ပြည်သူများကိုသာ ကိုယ်စားပြုပါတယ်၊ ပြည်ထောင်စုအစိုးရကို၊ ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားမပြုပါ၊

လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ကျင့်တရားဆိုင်ရာ စီမံခန့်ခွဲမှု
လွှတ်တော်ဥပဒေသစ်၊ ပုဒ်မ ၁၁ (ဂ) မှာ "လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် ခြိမ်းခြောက်မှုတို့ကို ရှောင်ကြဉ်ခြင်း" ဆိုပြီး ကျင့်ဝတ်နဲ့ စည်းကမ်းတစ်ခုပြဋ္ဌန်းထားပါတယ်၊ အင်မတန် ကောင်းမွန်တဲ့ ပြဋ္ဌန်းချက်ပါ၊ ဒါပေမည့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ဘယ်သူက ဘယ်လို စစ်ဆေးအရေးယူမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်၊ 

တခါ ပုဒ်မ ၁၃ မှာ "သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်သည် နှစ်စဉ်ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် လွှတ်တော်မဲဆန္ဒနယ်မြေအလိုက် ခွဲဝေသတ်မှတ်သည့် ဖွံ့ဖြိုးရေးရန်ပုံငွေကို နယ်မြေဒေသခံပြည်သူများနှင့် ညှိနှိုင်းပြီး သတ်မှတ်ချက်များနှင့်အညီ သုံးစွဲခွင့်ရှိသည်" လို့ပြဋ္ဌန်းထားပါတယ်၊ ဒီပြဋ္ဌန်းချက်ဟာ စိုးရိမ်စရာပြဋ္ဌန်းချက်တစ်ခုဖြစ်ပါတယ်၊
အမေရိကန်ပြည်ထောင်စုလွှတ်တော်မှာလဲ အမတ်တွေဟာ နှစ်တစ်နှစ်ရဲ့ ရသုံး ခန့်မှန်းခြေငွေစာရင်းမှာ သူတို့ရဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ ဖွံ့ဖြိုးရေးရန်ပုံငွေရဖို့ ကြိုးစားကြလေ့ရှိပါတယ်၊ Earmark လို့ ခေါ်ပါတယ်၊ ဒေသတွင်း လေဆိပ်မှာ လေယဉ်ပြေးလမ်းအသစ်တည်ဆောက်ဖို့၊ ပန်းခြံတွေ တည်ဆောက်ဖို့၊ စာကြည့်တိုက်တွေတိုးချဲ့ဖို့၊ တံတားတွေဆောက်ဖို့ စသဖြင့်ပေါ့၊ တိုင်းပြည်အတွက်တကယ် အကျိုးရှိတာထက် မဲဆန္ဒရှင်တွေကို  နောက်တကြိမ်ရွေးကောက်ပွဲ မဲဆွယ်ရာမှာ သူတို့ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် ပြည်ထောင်စုဘတ်ဂျက်ထဲကနေ ငွေအမြောက်အများ ခွဲဝေပေးနိုင်တယ်လို့ ဝင့်ကြွားစည်းရုံးနိုင်ဖို့ပါ၊ တချို့ Earmark တွေကျတော့ သူတို့ကို ရွေးကောက်ပွဲမှာ အများကြီးလှူဒါန်းခဲ့တဲ့ ကုမ္ပဏီတွေ၊ အလုပ်သမားသမဂ္ဂတွေရဲ့ အကျိုးစီးပွါးအတွက်ပါပဲ၊ ဒါကြောင့် တစ်နှစ် တစ်နှစ် သမ္မတက ကွန်ဂရက်ကို တင်သွင်းတဲ့ ဘတ်ဂျက်ဥပဒေမူကြမ်းဟာ သမ္မတဆီ လက်မှတ်ထိုးဖို့ ပြန်ရောက်လာရင် ကွန်ဂရက်အမတ်တွေ ထပ်ဖြည့်ထားတဲ့ Earmark တွေနဲ့ ပိုပြီးများနေတတ်ပါတယ်၊ ၂၀၁၂ ခုနှစ်မှာ သမ္မတတင်သွင်းတဲ့ ဘတ်ဂျက်မှာ တပ်မတော် အင်ဂျင်နီယာတပ်များ (Army Corps of Engineers) ကစီမံခန့်ခွဲမည့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အသုံးစားရိတ်က အမေရိကန်ဒေါ်လာ ၁၃၂သန်းပါ၊ သမ္မတဆီ ကွန်ဂရက်ကနေ အတည်ပြုပြီးပြန်ရောက်လာတဲ့အခါမှာ အဲဒီ အသုံးစားရိတ်ကို ဒေါ်လာ ၃၇၅သန်း တိုးမြှင့်ပြီး စုစုပေါင်း ဒေါ်လာ ၅၀၇သန်းဖြစ်နေတာတွေ့ရပါတယ်၊ အဲဒီ တိုးလာတဲ့ ပိုက်ဆံတွေက တပ်မတော်အင်ဂျင်နီယာတပ်များကို လွှတ်တော်အမတ် ၂၇ ယောက်ရဲ့ မဲဆန္ဒနယ်တွေမှာ ဆိပ်ကမ်းတွေတိုးချဲ့ခိုင်းတာ၊ တံတားတွေဆောက်ခိုင်းတာ၊ အဆောက်အအုံထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ခိုင်းတာပါ၊

ဒါတောင်မှ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေက သူတို့ရဲ့ မဲဆန္ဒနယ်အတွက် ပြည်ထောင်စုဘတ်ဂျက်ထဲကနေ ပိုက်ဆံရှာပေးတဲ့အလုပ်ပဲလုပ်တာပါ၊ အဲဒီပိုက်ဆံနဲ့အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်တာ၊ အဲဒီပိုက်ဆံတွေကို ကိုယ်တိုင်သုံးစွဲတာ မရှိပါ၊ ကိုယ်တိုင်စီစဉ်သုံးစွဲခွင့်လဲမရှိပါ၊ မြန်မာနိုင်ငံက လွှတ်တော်အမတ်များကတော့ ကိုယ့်ဒေသဖွံ့ဖြိုးရေးဆိုပြီး နိုင်ငံတော်ဘတ်ဂျက်ထဲက ရန်ပုံငွေခွဲဝေခွင့်ရှိသလို အဲဒီ ရန်ပုံငွေကို ကိုယ်တိုင်သုံးစွဲခွင့်လဲ ရှိလာပါတယ်၊ ဒါဟာဖြင့် အင်မတန်စိုးရိမ်စရာကောင်းပါတယ်၊ အိန္ဒိယနိုင်ငံက လွှတ်တော်အမတ်များဟာလဲ ဒေသဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေတွေကို နိုင်ငံတော်ဘတ်ဂျက်ထဲကနေ ခွဲဝေသတ်မှတ်ခွင့်ရှိပြီး အဲဒီ ရန်ပုံငွေတွေကို ကိုယ်တိုင်သုံးစွဲခွင့်ရှိကြပါတယ်၊ အကျိုးဆက်ကတော့ ဒေသ နဲ့လူထုအကျိုးရှိတာထက် အကြီးအကျယ်အလွဲသုံးစားလုပ်ကြတာပါ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မိသားစုတွေ၊ ရင်းနှီးသူတွေပဲ ကုမ္ပဏီတွေထောင်၊ ကန်ထရိုက်တွေရပြီး ဒေသအတွက်မလိုအပ်တဲ့လုပ်ငန်းတွေကို ဈေးကြီးကြီးနဲ့ အချိန်ဆွဲလုပ်ပြီး ချမ်းသာကြွယ်ဝသွားကြတာပါ၊ အဲဒီအချိန်မှာ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ လုပ်ငန်းတွေကတော့ အသုံးစားရိတ် အပြည့်အဝမရလို့ ရပ်တန့်ကြ၊ အကောင်အထည်မဖော်နိုင်ကြ၊ ဖျက်သိမ်းကြရပါတယ်၊ကျနော်တို့ နိုင်ငံမှာ အိန္ဒိယလို မဖြစ်ဘူးလို့ ဘယ်လိုအာမခံနိုင်မှာလဲ။ အဲဒီလို ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်ကျင့်တရားပျက်ခဲ့ရင် ဘယ်သူက ဘယ်လို စုံစမ်းစစ်ဆေးအရေးယူမှာလဲ၊

လွှတ်တော်ကိုယ်ကျင့်တရားဆိုင်ရာ ကော်မီတီ
အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကိုယ်ကျင့်တရားနဲ့ပါတ်သက်ပြီး တိုင်တန်းတာကို လက်ခံဖို့နဲ့ စုံစမ်းစစ်ဆေးအရေးယူဖို့ သီးခြားကော်မီတီတွေ ဖွဲ့ထားပါတယ်၊ သီးခြားကော်မီတီ လို့ဆိုရတာက အခြားလွှတ်တော်ရေးရာကော်မီတီတွေမှာ လူများစုပါတီက  အများစု၊ လူနည်းစုပါတီက အနည်းစု လူများစုပါတီ၊ လူနည်းစုပါတီ အချိုးအစားအတိုင်း ဖွဲ့စည်းကြပေမည့် ဒီ လွှတ်တော်ကျင့်ဝတ်ကော်မီတီ (Ethics Committee) ကိုတော့ ပါတီနှစ်ခုစလုံးက အရည်အတွက်အတူတူနဲ့ဖွဲ့စည်းကြပါတယ်၊ ကျင့်ဝတ်ရေးရာ ဆုံးဖြတ်ကြရာမှာ လူများစုကြောင့် နိုင်တာ၊ ရှုံးတာ မဖြစ်စေပဲ မျှတအောင်လို့ပါ၊ ကော်မီတီဝင်များကိုလဲ သက်ဆိုင်ရာပါတီများထဲက သမာသမတ်အကျဆုံး အမတ်များကို ရွေးချယ်တာဝန်ပေးကြပါတယ်၊အထက်လွှတ်တော်မှာ Senate Select Committee on Ethics လို့ခေါ်ပြီး ဒီမိုကရက်တစ်ပါတီအမတ် ၃ ယောက်၊ ရီပါတ်ဘလီကန်ပါတီအမတ် ၃ ယောက်နဲ့ ဖွဲ့စည်းပါတယ်၊ အောက်လွှတ်တော်မှာ House Committee on Ethics လို့ခေါ်ပြီး  ဒီမိုကရက်တစ်ပါတီအမတ် ၅ ယောက်၊ ရီပါတ်ဘလီကန်ပါတီအမတ် ၅ ယောက်နဲ့ ဖွဲ့စည်းပါတယ်၊ 

လွှတ်တော်ရေးရာကော်မီတီများထဲမှာ အင်မတန် ဩဇာကြီးတဲ့ ကော်မီတီများဖြစ်ကြပါတယ်၊
ဒီကော်မီတီများရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်များကို အောက်လွှတ်တော် နဲ့ အထက်လွှတ်တော်က ဥပဒေပြဋ္ဌန်းသတ်မှတ်ပါတယ်၊ အကြမ်းဖျင်း၊ အကျဉ်းချုပ်ကတော့ ဒီလိုပါ၊

(၁) ဒီကော်မီတီဟာ လွှတ်တော်အမတ်များ၊ လွှတ်တော်အရာရှိများအားလုံး လွှတ်တော်က ပြဋ္ဌန်းထားတဲ့ ကျင့်ဝတ်နဲ့ စည်းကမ်းတွေ (Official Codes of Conduct) ကို လိုက်နာစေဖို့ တာဝန်ရှိပါတယ်၊
(၂) တိုင်တမ်းလာတဲ့ ကျင့်ဝတ်ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ဥပဒေအတိုင်း စုံစမ်းစစ်ဆေးခွင့်ရှိပါတယ်၊
(၃) သက်ဆိုင်ရာလွှတ်တော်ရဲ့ သုံးပုံ နှစ်ပုံ ထောက်ခံမဲနဲ့ ကော်မီတီ ရဲ့ စုံစမ်းတွေ့ရှိချက်နဲ့ အထောက်အထားတွေကို ပြည်ထောင်စုအစိုးရကို လွှဲပြောင်းပေးအပ်ပြီး ဥပဒေအရအရေးယူဖို့ အကြံပေးနိုင်ပါတယ်၊
(၄) လွှတ်တော်ကျင့်ဝတ်နဲ့ ကိုက်ညီခြင်းရှိမရှိ မေးမြန်းချက်တွေကို ဖြေရှင်းပေးနိုင်ပါတယ်၊ အငြင်းပွါးစရာကိစ္စများအတွက် အကြံပြုနိုင်ပါတယ်၊

ကော်မီတီ ရဲ့လုပ်ငန်းတာဝန်တွေကို ပိုပြီးထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုအဖွဲ့အစည်းအဖြစ် ၂၀၀၈ ခုနှစ်မှာ အောက်လွှတ်တော်က လွှတ်တော်ကျင့်ဝတ်ဋ္ဌာန (Office of Congressional Ethics) ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်၊ ဒီဋ္ဌာနမှာ ကျင့်ဝတ်ဆိုင်ရာကျွမ်းကျင်သူ ဥပဒေပညာရှင်များပါဝင်ကြပြီး ကော်မီတီက တာဝန်ပေးတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးပြီး ကော်မီတီထံပြန်လည်တင်ပြရပါတယ်၊

မြန်မာနိုင်ငံမှာလဲ ရှိဖို့လိုသည်၊
ကျနော်တို့ နိုင်ငံမှာတော့ လွှတ်တော်နှစ်ရပ်ကဖွဲ့စည်းထားတဲ့ ရေးရာကော်မီတီတွေ အများကြီးထဲမှာ လွှတ်တော်ကျင့်ဝတ်ဆိုင်ရာ ကော်မီတီဆိုတာ ရှာလို့မတွေ့ပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ လွှတ်တော်ဆိုင်ရာဥပဒေများမှာပါဝင်တဲ့ လုပ်ပိုင်ခွင့်၊ တာဝန်များ၊ ကျင့်ဝတ်နှင့် စည်းကမ်းများက လွဲလို့ လွှတ်တော်တစ်ခုချင်းက ထုတ်ပြန်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်အရာရှိများစောင့်ထိန်းလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ (Official Codes of Conduct) ကိုလဲ မတွေ့ရသေးပါ၊ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဟာလဲ သက်တမ်း နှစ်နှစ် ပြည့်ခဲ့ပါပြီ၊ အသက်ရလာနဲ့အမျှ၊ အတွေ့အကြုံတွေပိုပြည့်စုံပြီး လွှတ်တော်ကို စစ်မှန်တဲ့ပြည်သူ့ကိုယ်စားပြု အဆောက်အအုံကြီးဖြစ်အောင်၊ လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်း သန့်ရှင်း ဖြောင့်မတ်စင်ကြယ်နေအောင် လိုအပ်တဲ့ ထိန်းကွပ်မှုများ စတင် တပ်ဆင်သင့်ပါပြီ၊
အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်တွေ နဲ့ သူတို့ရဲ့ ဝန်ထမ်းတွေ၊ လွှတ်တော်အရာရှိတွေ၊ပြည်ထောင်စုအစိုးရအရာရှိများ လိုက်နာကြရတဲ့ ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းတွေကို နောက်အပိုင်းမှာ ဆက်လက်တင်ပြပါ့မယ်၊

လေးစားစွာ၊

အောင်ဒင်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃

Ku Mo Jo - Cartoon

ကာတွန်း ကူမိုးကြိုး - ငါ မအိုသေး ...
မတ် ၉၊ ၂၀၁၃

Kamarpale - Poem


မိ န်း မ
ကမာပုလဲ
မတ်လ ၈၊ ၂၀၁၃



ဆံထုံး အချစ်ကြောင့် သူ့နောက်ပါတယ် ...
လူမုန်းခံရမှာ သိတယ် ...
မိဘတွေ သဘောမတူမှာ သိတယ် ...
အို ... သိတယ် ... သိတယ် ... သိတယ် ...။

တချို့က
လင်ယူ သားမွေးလို့ ပြောကြတယ် ...
တချို့က
ပါရီမီ ဖြည့်ဖက်လို့ ပြောကြတယ် ...
တချို့ကျတော့ ထားရာနေ စေရာသွား ဆိုပဲ ...။

သူမရှိရင် ... ကမ္ဘာကြီးမရှိဘူးတဲ့
နေကြာပန်းတွေလို ....
ကုမုဒြာ ကြာပန်းတွေလို ....။

စူဠသုဘဒ္ဒာ
နန်းမတော်မယ်နု
...................
.......................
သူတို့ ... သူတို့တွေ မပါတဲ့ ခေတ် ...
(ကမ္ဘာလောကကြီးကို)
အချစ်အချစ်တွေနဲ့ ...
အသစ်အသစ် ဖြစ်စေခဲ့တယ် ...။ ။

Than Win Hlaing - Articles


တော်လှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ - အပိုင်း (၄)
သန်းဝင်းလှိုင်
မတ်လ ၈၊ ၂၀၁၃

 
● အာဏာသိမ်းပြီးနောက် အခြေအနေ
မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများအစည်းအရုံး (ဗတလစ) ညီလာခံ၌ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက သွင်းကုန်ကိစ္စကို မိန့်ခွန်းပြောရန် စီစဉ်ထားသော်လည်း နိုင်ငံရေး   အခြေအနေ ရုတ်တ ရက် ပြောင်းလဲသွားသဖြင့် မူလအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ ပထစဌာနချုပ်တွင်လည်း ပထစအစိုးရအဖွဲ့ ၀န်ကြီးများ အဖမ်းခံရခြင်းကိစ္စနှင့်ပတ်သက်၍ လာရောက် သတင်းမေးကြ၍ ပထစခေါင်းဆောင်ငယ်များဖြင့် ပြည့်ကျပ်လျက်ရှိသည်။ ထိုနေ့၌ပင် ပထစအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သခင်ကျော်ထွန်း၊ ဦးသန်းစိန်၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်တင်မောင်ကြီးနှင့် ဦးစောလူးလူတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပြီး အရေးပေါ် အစည်းအဝေးကျင်းပခဲ့ကြသည်။ အစည်းအဝေးတွင် ဦးသန်းစိန်က ပါလီမန်အတွင်းသို့ အမတ်များ လုံး၀၀င်ခွင့်မပြုသည်ကို မိမိအနေဖြင့် သံသယဖြစ်မိကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေးအခြေအနေ ရုတ်တရက်ပြောင်းလဲသွားခြင်းကို မိမိတို့ ပထစအမတ်များက အံ့အားသင့်ရကြောင်း ပြောကြားသည်။ အထွေထွေအတွင်းရေးမှူး သခင်ကျော်ထွန်းမှာမူ စိတ်မကောင်းသည့်အသွင်ဖြင့် မည်သို့မျှဝင်ရောက်ပြောဆိုခြင်း မပြုဟု ဆိုသည်။

● ဗိုလ်ချုပ်ကြီးနေ၀င်း၏ရှင်းလင်းချက်
တော်လှန်ရေးကောင်စီဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် ပထစ၊ ဖဆပလနှင့် ပမညတ အဖွဲ့သုံးဖွဲ့မှ ကိုယ်စားလှယ်ငါးဦးစီတို့အား ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီတွင် စစ်ရုံးချုပ်အတွင်းရှိ ဒဂုံရိပ်သာ၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲသို့ ပထစအဖွဲ့ချုပ်မှ သခင်ကျော်ထွန်း၊ ဗိုလ်တင်မောင်ကြီး၊ စောလူးလူ၊ ဗိုလ်အေး၊ ဖဆပလအဖွဲ့ချုပ်မှ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေး၊ ဦးခင်မောင်လတ်၊ ဦးထွန်းတင်၊ ပမညတအဖွဲ့မှ သခင်ချစ်မောင်၊ ဗိုလ်ဖိုးကွန်း၊ ဗိုလ်မြသွေး၊ ဗိုလ်အောင်နိုင်နှင့် ဦးအောင်မြင့်တို့အား တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော အထွေထွေအခြေအနေကို ဆွေးနွေးသည်။ ဆွေးနွေးပွဲတွင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းက တိုင်းပြည်တွင် ကုန်ဈေးနှုန်း အဆမတန်တက်နေသောကိစ္စနှင့် တရားဥပဒေစိုးမိုးမှုပျက်ပြားနေသောကိစ္စ နှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေသောကိစ္စတို့ကို ဆွေးနွေးပြောကြား၍၊ ဖက်ဒရယ်ကိစ္စတွင် အလွန်တင်းမာလာသောကြောင့် မလွှဲမရှောင်သာ၍ တိုင်းပြည်တာဝန်ကို ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။ တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်ပိုင်းတိုင်သို့ ချီတက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ချီတက်ရာတွင် နိုင်ငံရေးပါတီများနှင့် တိုင်ပင်၍ ညီညွတ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေခံ ဥပဒေမှာ လိုသလို ဆွဲယူနိုင်သော ဥပဒေဖြစ်သဖြင့် အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲ ရာတွင် ပထစအဖွဲ့ချုပ်၊ ဖဆပလအဖွဲ့ချုပ်၊ ပမညတတို့နှင့် ညှိနှိုင်းမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

ဗိုလ်ချုပ်ကြီးနေ၀င်း ရှင်းပြသည့် တော်လှန်ရေးကောင်စီ၏ သဘောထားနှင့် လုပ်ငန်းစဉ်များကို ပမညတအဖွဲ့ချုပ်က ကြိုက်နှစ်သက် သဘောကျသောကြောင့် ပါဝင်ပူးပေါင်းမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

● ဗိုလ်မှူးချုပ်အောင်ကြီး၏ သတင်းစာရှင်းလင်းပွဲ
၁၉၆၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင်ပင် တော်လှန်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ပြန်ကြားရေးဌာန ၀န်ကြီး ဗိုလ်မှူးကြီးစောမြင့်တို့သည် ဒဂုံရိပ်သာ၌ပင် သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပြန်သည်။ ၎င်းက-

"အာဏာသိမ်းတဲ့ကိစ္စမှာ သာမန်အားဖြင့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတို့မှ ဖြစ်ပေါ်လာတဲ့အပေါ်မှာတည်ပြီး သိမ်းခြင်းဖြစ်ပါတယ်။ ဒီဗမာပြည်မှာတော့ အာဏာသိမ်းရခြင်းအကြောင်းကတော့ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ နောက်ဆုံးဖက်ဒရယ်မူ အရေးကိစ္စတို့ကြောင့် သိမ်းရပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးကောင်စီဟာ အာဏာကိုလိုချင်လို့ အဓမ္မယူခြင်းမဟုတ်ပါ။ ဘယ်လိုသိနိုင်သလဲဆိုရင် လွန်ခဲ့သော ၂ နှစ်လောက်က လူထုအစိုးရအား အာဏာကို လွှဲပြောင်းပေးခဲ့ခြင်းဟာ ထင်ရှားပါတယ်။

ခု ဒုတိယအကြိမ် သိမ်းခြင်းဟာ ဖက်ဒရယ်မူ၏ အရေးတကြီးဖြစ်ပေါ်နေသော အကြောင်းကြောင်းများကြောင့် ယခုလို မလွှဲမရှောင် သာဘဲ နှင့် တိုင်းပြည်ကို ထိန်းသိမ်းဖို့ အာဏာသိမ်းယူရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဗမာပြည်ဟာ တိုင်းပြည်ငယ်ငယ်ကလေးပါ။ အဲဒီလို ငယ်တဲ့တိုင်းပြည်ကလေးဟာ အစိပ်စိပ်အမွှာမွှာကွဲပြီးတော့ သူတလူငါတမင်းနဲ့ တိုင်းပြည်ငယ်ကလေးများ ဖွဲ့စည်း၍ မဖြစ်ပါ။ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ လွတ်လပ်ရေးရပြီးသည့်နောက် ဆယ်နှစ်စေ့တဲ့အခါမှာ ပြည်ထောင်စုကြီးမှ ခွဲထွက်နိုင်တယ် ဆိုတာ မှန်ပါတယ်။ ဆိုပါတော့ စကော့တလန်ပြည်ဟာ အင်္ဂလန်ပြည်မကြီးမှ ခွဲထွက်ဖို့ဟာ ခုလို ဆယ်နှစ်မဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကတည်းက ကြံရွယ်နေပါတယ်။ ဒါပေမယ့် သူတို့ ခုထက်ထိ စည်းစည်းလုံးလုံးရှိနေတာကို တွေ့ရပါတယ်။

ဗမာပြည်မှာတော့ လွတ်လပ်ရေးရပြီးသည့်နောက် ၁၅ နှစ်မှာပဲ ဗမာပြည်ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးကြောင့် ခုလို ခွဲထွက်ဖို့ စကားတွေဟာ တစ်နေ့တခြား ကျယ်လောင်လာပါတယ်။ အဲဒီတော့ ဥပမာဆိုကြပါစို့၊ ကျွန်တော်တို့ အိမ်နီးချင်းဖြစ်လာတဲ့ လောပြည်တို့၊ ဗီယက်နမ်တို့ကို ကြည့်ပါ။ သူတို့ ဒီလိုဖြစ်နေတဲ့အတွက် သူတို့တိုင်းပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ခင်ဗျားတို့ အသိသားပဲ။ အဲဒီလို လောပြည်၊ ဗီယက်နမ်ပြည်တို့မှာ ဖြစ်နေသလို ကျွန်တော်တို့ တိုင်းပြည်မှာ အဖြစ်မခံနိုင်ဘူး။ နိုင်ငံရေးအရ မကျေနပ်မှု ရှိပါတယ်။ ဒါပေမယ့် ဒီမကျေနပ်မှုဟာ အုပ်မနိုင်ထိန်းမရဖြစ်လာတဲ့အခြေအနေမှာ ဒီကိစ္စကို အေးချမ်းအောင် ဘယ်သူမှ မလုပ်နိုင်ပါ။ ရှမ်း၊ ကယားတို့က တသီးပုဂ္ဂလပြည်နယ်အဖြစ် တောင်းပါတယ်။ ကယားပြည်လို လူဦးရေ (၈၇,၀၀၀) သာရှိတဲ့ ပြည်နယ်အငယ်ဆုံးကလေးက တသီးပုဂ္ဂလပြည်နယ်တောင်းလာတယ်" ဟူ၍ ပြောကြားခဲ့သည်။ ထို့အပြင် ဗိုလ်မှူးချုပ်အောင်ကြီးက ဦးနုသည် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးပြဿနာများကို ထိန်းမနိုင် သိမ်းမရ အခြေအနေသို့ ရောက်အောင် ကြီးထွားစေခဲ့ကြောင်း၊ ဦးနုသည် မိမိ၏ပါတီကိုပင် မထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြောကြား၍ ဦးနုအားဝေဖန်ခဲ့သည်။

ဗိုလ်မှူးချုပ်အောင်ကြီးသည် မတ်လ ၉ရက်နေ့တွင်လည်း ရန်ကုန်မြို့အလံပြဘုရားလမ်းရှိ အမျိုးသားကာကွယ်ရေးတက္က သိုလ် (ယခု ယုဇနဟိုတယ်) တွင် သတင်းစာဆရာများနှင့် ထပ်မံတွေ့ဆုံကာ နိုင်ငံတော်အာဏာသိမ်းယူရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြန်သည်။ အဆိုပါရှင်းလင်းပွဲသို့ ပြန်ကြားရေးဌာန၀န်ကြီးဗိုလ်မှူးကြီးစောမြင့်၊ ဒုတိယဗိုလ်မှူးကြီး လွင်၊ ဒုတိယဗိုလ်မှူးကြီး ဘိုနှင့် ပညာရေးစိတ်ဓာတ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောဦးတို့ တက်ေ၇ာက်ကြသည်။ ရှင်းလင်းပွဲ၌ ဗိုလ်မှူးချုပ် အောင်ကြီးက -
"ဒီမိုကရေစီအောင်တာ မအောင်တာ ပြဿနာမဟုတ်ပါဘူး။ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေရောက်လာလို့ ထိန်းသိမ်းရတာပဲ။ ကြိုကြိုတင်တင်နဲ့ ခပ်စောစောက ပြတ်ပြတ်သားသားကိုင်ရင် ဆူပူမှုဟာ ဒီလောက်ဆိုးစရာမရှိပါဘူး။ အစိုးရက သဘောထားကြီးကြောင်း ပြတာနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားစိတ်တွေရှိလာကြတာပဲ။ ပလိပ်ရောဂါ၊ ၀မ်းေ၇ာဂါ ဖြစ်ခါမှ ရေကို ချက်သောက်ရမယ်လို့ တရားဟောနေရင် အဲဒီအချိန်မှာပဲ လူဦးရေတ၀က်ကုန်သလောက် ဖြစ်နေမှာပဲ။ အသံလွှင့်ရုံမှာ ကျင်းပတဲ့ အမျိုးသားနှီးနှောဖလှယ်ပွဲသာပြီးရင် ဖြစ်ချင်တာ ဖြစ်ကုန်ကြမှာပဲ။ ပြည်နယ်တွေကပဲ သူတို့ လိုချင်တာ ပေးရင်ပေး၊ မပေးရင်ခွဲမယ်၊ တိုက်ရမယ်ဖြစ်ကုန်ကြပြီ။ ၁၉၄၈ ခုနှစ်က အခြေအနေကို ဦးတည်လာကြမှာမို့ သဘောထားကြီးပြနေလို့ မရတော့ဘူး" ဟု ပြောကြားခဲ့သည်။

ထို့နောက် ဗိုလ်မှူးချုပ်အောင်ကြီးက ဆက်၍ -

"ရှမ်းကိစ္စက ပဒေသရာဇ်တွေရဲ့ နောက်ဆုံးဖောက်ပြန်မှုပဲ။ ဖက်ဒရယ်ဆိုတာက အမျိုးသားရေးဝါဒ၊ ပြည်နယ်စိတ်ဝါဒတွေကို အရေခြုံထားတာပဲ။ အတွင်းသဘောက ပဒေသရာဇ်ရဲ့ နောက်ဆုံးဖောက်ပြန်မှုလို့ပဲ ယူဆတယ်။ လွတ်လပ်ရေးရတာ ၁၅ နှစ်လောက်ရှိပြီ။ တကယ်သာ ရိုးဖြောင့်တယ်ဆိုရင် ကစားဝိုင်းတွေလုပ်ကြမှာ မဟုတ်ဘူး။ လယ်ယာကိုင်းကျွန်း၊ ကျန်းမာရေး၊ ပညာရေးဘက်တွေမှာ တိုးတက်အောင် လုပ်ကြမှာပေါ့။

ခုတော့ ဒီလူတွေက ဘာလုပ်တယ်ထင်သလဲ။ လူထုဆီက အခွန်တော်ကောက်တယ်။ ရတဲ့ငွေနဲ့ ကားဝယ်စီးတယ်။ မယားငယ်ထားတယ်။ ကျောင်းတစ်ကျောင်းများ ဆောက်ပေးသလား။ အစိုးရက လျော်ကြေးပေးသည့်ငွေတွေကို စော်ဘွားတွေက နင့်အောင်ယူခဲ့ကြတယ်။ ဒါပေမယ့် လူထုအတွက်တော့ တစ်ပြားမှ မသုံးဘူး။ ရှမ်းပြည်နယ်မှာရှိသည့် ကိုးကန့်နယ်ဆိုရင် နိုင်ငံခြားလို သဘောထားတယ်။ "၀" နယ်ဆိုရင် အရိုင်းတွေလို သဘောထားတယ်။ ၀န်ကြီးတွေကတော့ တခေါက်မှ မရောက်ကြဘူး။ ပအို့ဝ်ဆိုရင် သူပုန်ထကြတာ ၇ နှစ်လောက်ရှိနေပြီ။ ပအို့ဝ်တွေ သူပုန်ထတာ ပဒေသရာဇ်ကို မလိုချင်လို့ တိုက်တာပဲ။ စော်ဘွားတွေက ပြည်မက ခွဲထွက်ပြီး သူတို့နယ်မှာ ပဒေသရာဇ်လွှမ်းမိုးဖို့ လုပ်တာပဲ။ ဒီလိုအလုပ်မျိုးက ကမ္ဘာမှာ မကြံကောင်းတာ ကြံတာပဲ" ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဗိုလ်မှူးချုပ်အောင်ကြီးက စော်ဘွားများ ဤကဲ့သို့ ဖောက်ပြန်ခဲ့ရသည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပျော့ ကွက်ကြောင့် ဖြစ်ကြောင်း၊ ဖက်ဒရယ်မူမှာ ပဒေသရာဇ်များ ဆက်၍ လွှမ်းမိုးနိုင်ခွင့် ရရှိစေရန် အကာအကွယ်ယူခြင်းဖြစ်ကြောင်း၊ စော်ဘွားများအတွက် အမတ် ၂၅ နေရာ သတ်မှတ်ပေးထားခြင်းမှာ ပဒေသရာဇ်စနစ်ကို ကာကွယ်ရန် အခွင့်အရေးရခြင်းဖြစ်ကြောင်းလည်း ပြောကြားသည်။

● အာဏာသိမ်းခြင်းနှင့်ပတ်သက်၍  သဘောထားများ
သို့သော် ၀န်ကြီးချုပ် ဦးနုကမူ ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲမည့်အန္တရာယ်ပေါ်ပေါက်လာသည်ဟူသော အချက်ကိုလည်း ကောင်း၊ နိုင်ငံရေးအခြေအနေမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေသည်ဟူသော အချက်ကိုလည်းကောင်း လက်မခံခဲ့ပေ။ ထိုစဉ်က နိုင်ငံရေးအခြေအနေမှာ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုးမဟုတ်သည်ကို လူအများစုက သိရှိကြောင်း၊ ဖက်ဒရယ်မူတောင်းဆိုသည့် ကိစ္စမှာလည်း စိုးရိမ်ဖွယ်ရာ ကိစ္စမဟုတ်ကြောင်း၊ အသံလွှင့်ရုံတွင်း ကျင်းပသည့် လူမျိုးပေါင်းစုံနှီးနှော ဖလှယ်ပွဲမှာ မိမိကိုယ်တိုင်က စီစဉ်ဆောင်ရွက်ပေးခဲ့သည့် နှီးနှောဖလှယ်ပွဲဖြစ်ကြောင်း ဦးနုက ပြောကြားခဲ့သည်။

လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် ဖက်ဒရယ်မူနှင့် ပတ်သက်သော အဆိုကို ရှမ်းပြည်နယ်ဥက္ကဋ္ဌ စ၀်ခွန်ချိုက တင်သွင်း၍ ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း၊ ချင်းဝိသေသတိုင်းကိုယ်စားလှယ် ကပ္ပတိန် မန်းတုံးနုံး၊ ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့် (တောင်ကြီး) နှင့် ကယားပြည်နယ်ကိုယ်စားလှယ် ဦးစိန်တို့က ထောက်ခံဆွေးနွေးကြရန်၊ ထိုအဆိုပြုချက်နှင့် ထောက်ခံဆွေးနွေးချက်များကို ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ ကိုယ်စားလှယ်များနှင့် နိုင်ငံတော်အစိုးရအတိုင်ပင်ခံအဖွဲ့ဝင်တို့ က သေချာစွာ လေ့လာရန်၊ ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ နှင့် နိုင်ငံတော်အစိုးရအတိုင်ပင်ခံအဖွဲ့တို့မှ ကိုယ်စားလှယ် တစ်ဦးစီက ဖက်ဒရယ်မူနှင့်ပတ်သက်သော သဘောထားများကို တင်ပြရန်၊ ထို့နောက် ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ် ခြောက်ဦး၊ ပမညတ၊ ဖဆပလ၊ ရပလဖ နှင့် ပထစ အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်သုံးဦးစီနှင့် အတိုင်ပင်ခံအဖွဲ့ဝင် လူကြီးများပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးရန်၊ ထိုကော်မတီတွင် ဦးနုက နာယကအဖြစ် ဆောင်ရွက်ရန်၊ ထိုကော်မတီက ဖက်ဒရယ်မူနှင့် ပတ်သက်၍ ဆွေးနွေးပြီးနောက် ရရှိသည့် သဘောတူညီချက်ကို အစီရင်ခံရန် ဦးနုက စီစဉ်ထားသည်။

ကိုယ်စားလှယ်ပေါင်းစုံ ပါဝင်သော ကော်မတီက ဆွေးနွေးညှိနှိုင်းနေစဉ်မှာပင် သင့်လျော်သော အချိန်တွင် ဦးနုသည် ဖက်ဒရယ်မူနှင့် ပတ်သက်၍ မိမိ၏ သဘောထားကို ထုတ်ဖော်ပြောကြားမည်ဟုလည်း ဆိုသည်။ သို့သော် နှီးနှောဖလှယ်ပွဲကြီး မပြီးဆုံးမီမှာပင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပေသည်။ ထို့ကြောင့် ဦးနုသည် ဖက်ဒရယ်မူနှင့် ပတ်သက်၍ ပြောကြားရန် ရည်ရွယ်ထားသော သဘောထားများကို မပြောကြားခဲ့ရပေ။

ထို့အတူ အသံလွှင့်ရုံ၌ ပြုလုပ်သည့်ဆွေးနွေးပွဲအစီအစဉ်အရ ဖက်ဒရယ်မူနှင့်ပတ်သက်၍ ပထစ၏ သဘောထားကို ၀န်ကြီး ဒေါက်တာ ဦးဧမောင်က ၁၉၆၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ပြောကြားရန် ဖြစ်သော်လည်း မတ်လ ၂ ရက်နေ့တွင် စစ်တပ်က ရုတ်တရက် အာဏာသိမ်းပိုက်လိုက်သောကြောင့် ၀န်ကြီး ဒေါက်တာ ဦးဧမောင် ပြောကြားမည့် မိန့်ခွန်းကို ထိုစဉ်က စာအုပ်အဖြစ် အသင့်ရိုက် နှိပ်ထားပြီးဖြစ်၍ ဖက်ဒရယ်မူနှင့် ပတ်သက်၍ ထိုစဉ်က ပထစ၏ သဘောထားကို စာဖတ်သူသိရှိနားလည်နိုင်ရေးအတွက် ထည့်သွင်းဖော်ပြ လိုက်ပါသည်။

ဝန်ကြီးဒေါက်တာ ဦးဧမောင် ပြောကြားမည့် မိန့်ခွန်းတွင် -

ပြည်ထောင်စုကြီးတည်တံခိုင်မြဲရေးသည် ပြည်ထောင်စုတိုင်းရင်းသားအားလုံးအတွက် သေရေးရှင်ရေးတမျှ အလွန်အရေး ကြီးပြီး ပြည်ထောင်စုကြီးတစ်ရပ်လုံးနှင့် ဆိုင်သည့် ပြဿနာဖြစ်ကြောင်း၊ ထိုပြဿနာကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်လျှင် မည်သည့်တိုင်းရင်းသားမျှ သက်သာခွင့်ရမည်မဟုတ်ဘဲ ပြည်ထောင်စုသားအားလုံး ကျွန်သပေါက်ဘ၀ကို ပြန်ရောက်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုကြီး အဓွန့်ရှည်ရေးအတွက် ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းသင့် ကြောင်း ပထမတင်ပြထားသည်။


ထို့နောက် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နောက်ခံသမိုင်းကို ပင်လုံညီလာခံမှစ၍ အခြေခံဥပဒေရေးဆွဲပြီး သည်အထိ အကျဉ်းချုပ်၍ တင်ပြသည်။ ထိုသို့တင်ပြရာတွင် ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် တင်သွင်းခဲ့သည့် အဆိုပေါင်း ၁၄ ခုရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် (၇) ချက် ဆိုသည်မှာလည်း ဖဆပလ ပဏာမ ညီလာခံတွင် တင်သွင်းသော အဆို (၁၄) ခုအနက်မှ ပထမ (၇) ခုသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန် (၇) ချက်ကိုသာ ကွက်၍ ကြည့်မည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းချပေးသည့် လမ်းညွှန်ချက်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ မကိုက်ညီသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်နိုင်ကြောင်း၊ သို့သော် ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းခဲ့သော အဆို (၁၄) ခုစလုံးကို ဖတ်ရှုလေ့လာကြည့်လျှင် ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် တင်သွင်းသော ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက်နှင့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုက်ညီသည်ကို တွေ့ရကြောင်း ဖော်ပြထား သည်။

ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းခဲ့သော အဆိုပြုချက် (၁၄) ခုမှာ-

၁။ မြန်မာနိုင်ငံတော်ကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတနိုင်ငံအဖြစ်ဖြင့် ကြေညာရန် ဤပဏာမ ပြင်ဆင်မှုညီလာခံသဘင်က လေးနက်ခိုင်မာစွာပြဋ္ဌာန်းလိုက်သည်။

၂။ တိုင်းပြုပြည်ပြုလွှတ်တော်က ရေးဆွဲအပ်သော နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အဆိုပါလွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံတော်သည်-

(က) ယခုအထိ ဗြိတိသျှမြန်မာအပြည်အတွင်းတွင် ပါဝင်နေသော
(၁) မြန်မာပြည်ဝန်ကြီးအဖွဲ့က အုပ်ချုပ်သော မြန်မာပြည်မ
(၂) ဟုမ္မလင်းခရိုင်ခွဲ
(၃) ဆင်ကလိုက်ခမ်းတီး (ဆင်ကလိန်ခန္တီး)
(၄) သောင်ဒွတ် (သောင်သွတ်)
(၅) ဆောမရနယ်ပယ် (ဆွမ္မရာ)
(၆) နာဂတောင်တန်းများ
(၇) သံလွင်ခရိုင်
(၈) ကံပက်လက်ခရိုင်ခွဲ
(၉) ရခိုင်တောင်တန်းနယ်ပယ်များ ဟူ၍ ခေါ်ဝေါ်သောဒေသများ
(ခ) ကိုးခမ်း(ကိုးကန့်) နှင့် မောင်းပိုင်(မိုးဗြဲ) တို့အပါအ၀င်ဖြစ်သော ရှမ်းပြည်ထောင်စု (Federated Shan States)
(ဂ) ကရင်နီပြည်နယ်များ
(ဃ) ကချင်တောင်တန်းများ
(င) ကံပက်လက်ခရိုင်ခွဲမပါသောချင်းတောင်တန်းခရိုင်တို့ပါဝင်သောပြည်ထောင်စုနိုင်ငံတော်ဖြစ်ရမည်။

၃။ (၁) အောက်ပါ ဂုဏ်အင်္ဂါအားလုံးနှင့်သော်လည်းကောင်း၊ အချို့နှင့်သော်လည်းကောင်း ပြည့်စုံ၍ (ခ) (ဂ) (ဃ)
(င) တို့၌ ဖော်ပြသော ဒေသများသည် ဤတိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်း၍ နောင်အခါ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် "ပြည်ထောင်စုပြည်နယ်" (Union State) အဆင့် အတန်း ကို ဖြစ်စေ၊ "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်" (Autonomous State) အဆင့်အတန်းကိုဖြစ်စေ "လူမျိုးစုပြည်နယ်" (National Area) အဆင့်တန်းကိုဖြစ်စေရရှိရမည်။ ထိုဒေသများသည် မိမိတို့အားအပ်နှင်း၍သော်လည်းကောင်း၊ လွှဲပြောင်း၍ သော်လည်းကောင်း  ရရှိသော အာဏာနှင့် တာဝန်များကို သုံးစွဲဆောင်ရွက်ရမည်။ ဂုဏ်အင်္ဂါများကား-

(၁) ပထ၀ီအနေအထားအရ နယ်နိမိတ်အထင်အရှားရှိခြင်း
(၂) မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း
(၃) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း
(၄) ရာဇ၀င်အစဉ်အလာတမျိုးတည်းရှိသော လူစုရှိခြင်း
(၅) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း။
(၆) လူဦးရေအတော်အတန်ရှိခြင်း
(၇)ပြည်ထောင်စုအဖွဲ့ဝင်သီးခြားဒေသတစ်ခုအဖြစ်ဖြင့်မိမိ၏ကိုယ်ပိုင်ထင်ရှားချက်အတိုင်းနေထိုင်သော
ဆန္ဒ ရှိခြင်း တို့ ဖြစ်လေသည်။

(၂) ထိုအာဏာများနှင့်တာဝန်များသည် ပဏာမပြင်ဆင်မှုညီလာခံသဘင်ကခန့်သော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် နှစ်ဦးနှစ်ဘက်သဘောတူညီချက်ကို ရပြီးမှ စဉ်းစားဆုံးဖြတ်ရမည့် အာဏာနှင့်တာဝန်များဖြစ်သည်။ ဆိုခဲ့ပြီးသော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် ရရှိသော တူညီချက်သည် (ဖဆပလ) အမှုဆောင်အဖွဲ့၏ အတည်ပြုချက်ကို ရရှိမည်။

၎။  (ဤနေရာမှစ၍ လာမည့်အပိုဒ်များတွင် - "ပြည်ထောင်စုဥပဒေပြုအဖွဲ့" ဟု ခေါ်ဆိုအပ်သော) ဗဟိုဥပဒေပြုအဖွဲ့၏ အာဏာပိုင်နက်သည် ပြည်ထောင်စုနိုင်ငံတ၀ှမ်းလုံးဖြစ်ရမည်။ "ပြည်ထောင်စုပြည်နယ်" သို့မဟုတ် "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်" သို့မဟုတ် "လူမျိုးစုပြည်နယ်" တို့၏ ဥပဒေပြုအဖွဲ့များသို့ သီးခြားလွှဲပြောင်း ပေးသည့် ကိစ္စအမျိုးအစားထဲတွင် မပါဝင်သော ကိစ္စခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သို့ပင်ဆိုထားသည်ဖြစ်စေ၊ ပြည်ထောင်စု ဥပဒေအဖွဲ့သည် အောက်၌ စီစဉ်ဖော်ပြထားသော ကိစ္စအမျိုးအစားတွင် ပါဝင်သည့်ကိစ္စအားလုံးတို့အပေါ်၌ ဥပဒေပြုအာဏာရှိရမည။်

(၁) ပြည်ထောင်စုအစိုးရဌာနများ
(၂) ပြည်နယ်အချင်းချင်းကိစ္စများ
(၃) (ထိုလုပ်ငန်း - ၂ မျိုးမှအပ) ကျန်ကိစ္စများ
(၄) ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သော စီးပွားရေးတိုးတက်မှုကိစ္စများ
(၅) "ပြည်ထောင်စုနယ်" "ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်" "လူမျိုးစုပြည်နယ်" တို့မှလွဲ၍ ကျန်ဒေသများနှင့်စပ်လျဉ်ေးသာ ကိစ္စများ

မှတ်ချက်။ (အထက်ပါအပိုဒ်ကြီ - ၄၊ အပိုဒ်ခွဲ (၅) တွင် ဆိုထားသော ကျန်ဒေသများအတွက် ဥပဒေပြုဖွဲ့များ သတ်သတ် ထားရှိမည် မဟုတ်ချေ။)

၅။ ဤ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံသည်လည်းကောင်း၊ ထိုနိုင်ငံအဖွဲ့ဝင်ပြည်နယ်ဒေသများသည်လည်းကောင်း၊ထိုနိုင်ငံ၏အစိုးရဌာနများသည်လည်းကောင်း၊အသီးသီးတို့သည်မိမိတို့၏ တန်ခိုး တေ ဇာ နှင့် အာဏာ အားလုံးတို့ ကို     တိုင်းသူပြည် သားတို့ထံမှ ထုတ်ယူသုံးစွဲရမည်။

၆။  လူမှုဆက်ဆံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းတူညီမှု၊ အခွင့်လမ်းတူညီမှု၊ တရားဥပဒေအရတူညီမှုတို့အပြင် တရားဥပဒေနှင့်လည်းကောင်း၊ လောက၀တ္တရားတို့နှင့်လည်းကောင်း၊ သင့်မြတ်လျော်ကန် စေရမည်ဖြစ် သော လွတ်လပ်စွာတွေ့ကြုံနိုင်မှု၊ လွတ်လပ်စွာဖွင့်ဟရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန်သွားခွင့်ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသနရှာမှီးနိုင်မှု၊ လွတ်လပ်စွာစည်းရုံးနိုင်မှု၊ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု တို့ကိုပြည်သူ ပြည်သားအားလုံးတို့ ရရှိခံစားနိုင်အောင် ၀န်ခံချက်ရှိရမည်။

၇။ (၁) "တိုင်းရင်းသားလူနည်းစုများ" ၏ အခွင့်အရေးများဖြစ်သော-
(က) လူတို့၏ အခွင့်အရေး
(ခ) လူမျိုးနှင့်ယဉ်ကျေးမှုအခွင့်အရေး
(ဂ) ယဉ်ကျေးမှုတွင် မိမိတို့စရိုက်အရပြဋ္ဌာန်းနိုင်ခွင့်နှင့်အတူ လွတ်လပ်စွာပေါင်းသင်းဆက်ဆံနိုင်သောအခွင့်အရေး
(ဃ) ဥပဒေပြုအဖွဲ့တွင် ထိုက်သင့်သော ကိုယ်စားလှယ်ဦးရေ ပါဝင်နိုင်ရေး

ထိုအခွင့်အရေးတို့ကို လူမျိုးစုနှင့် လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့်လည်းကောင်း၊ယဉ်ကျေးမှုအားဖြင့်လည်းကောင်း၊ ရာဇ၀င်အစဉ်အလာအားဖြင့်လည်းကောင်း၊ ကွဲပြားသောသူများလည်းဖြစ်၍သက်ဆိုင်ရာ အဖွဲ့ဝင်ဒေသတွင် လူဦးရေ (၁၀) ပုံ (၁) ပုံ ထက် မနည်းရှိသည့်သူများလည်းဖြစ်သော ပြည်သူတစု သည် ခံစားနိုင်ပါသည် ဟု ခံဝန်ချက်ရှိရမည်။

(၂) ကရင်အမျိုးသားတို့နှင့်သက်ဆိုင်သော ကိစ္စများတွင် ပြည်ထောင်စုအစိုးရအား ကူညီအကြံပေးရန် "ကရင်ရေးရာအဖွဲ့" တခုကို ဖွဲ့စည်းရမည်။

၈။ "ပြည်ထောင်စုပြည်နယ်" "ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်" "လူမျိုးစုပြည်နယ်" တို့အား ပိုင်းခြားသတ်မှတ် အပ်နှင်းလွှဲပြောင်းပေးထားသော အာဏာများမှတပါး လွတ်လပ်သော အချုပ်အခြာအာဏာများမှတပါး လွတ်လပ်သောအချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံတော်၏ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာတို့သည်ပြည်ထောင်စုမြန်မာနိုင်ငံ၌ ရှိ၍ ထိုအာဏာတို့ကို နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက တည်ထောင်ထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရဌာနများကသော်လည်းကောင်း၊ ထိုဌာနများ၏ အမိန့်အရသော်လည်းကောင်း သုံးစွဲနိုင်ရမည်။

၉။ ပြည်ထောင်စုနိုင်ငံတော်အတွင်းရှိ ပြည်သူအားလုံး၏ အထွန်အမြတ်ဖြစ်ထိုက်သော နိုင်ငံတော်အကြီးအမှူးဖြစ်သည့် သမ္မတနှင့်တကွ ပြည်သူ့လွှတ်တော်လူမျိုးစုလွှတ်တော် နှစ်ရပ်ပါဝင်သော ပြည်ထောင်စုမဟာလွှတ်တော်(Union Assembly) တို့တွင် ပြည်ထောင်စုဥပဒေပြုအာဏာကို အပ်နှင်းထားရှိစေရမည်။ သမ္မတအားပြည်ထောင်စုမဟာလွှတ်တော်က ရွေးကောက်တင်မြှောက်ရမည်။ ပြည်သူ့လွှတ်တော်အမတ်များကို လျှို့ဝှက်မဲဆန္ဒပေးစနစ်အရ အရွယ်ရောက်သူတိုင်းက ရွေးကောက်တင်မြှောက်ရမည်။ လူမျိုးစုလွှတ်တော်တွင် "ပြည်ထောင်စုပြည်နယ်" မှလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ"ပြည်နယ်" မှလည်းကောင်း၊ "လူမျိုးစုပြည်နယ်" မှ လည်းကောင်း၊ "တိုင်းရင်းသားလူနည်းစု" မှ လည်းကောင်း၊ အဖွဲ့ဝင်ဒေသတစ်ခုအဖြစ်ဖြင့် စုရုံးဖွဲ့စည်း အပ်သော ကျန်ဒေသများမှလည်းကောင်း ကိုယ်စားလှယ်အမတ်များ ပါဝင်ရမည်။

၁၀။ တရားဥပဒေနှင့် ဤနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတို့က ပြဋ္ဌာန်းမည့် စည်းကမ်းချက်များကို ထောက်၍ ပြည်သူတို့တွင် မိမိတို့ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်အမတ်ကို နုတ်ပယ်ခေါ်ယူနိုင်သော အခွင့်အရေးရှိစေရမည်။

၁၁။ ပြည်ထောင်စုအစိုးရဟူ၍ ခေါ်ဆိုအပ်သည့် ပြည်ထောင်စု နိုင်ငံတော်၏ အချုပ်အခြာအုပ်ချုပ်မှုအာဏာတည်ရှိရာဖြစ်သော အစိုးရအဖွဲ့သည် ပြည်သူ့လွှတ်တော်အား တာဝန်ခံရမည်။

၁၂။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သော်လည်းကောင်း၊ တရားဥပဒေကသော်လည်းကောင်း၊ တည်ထောင်ထားသော တရားရုံးတော်များသည် တရားစီရင်ခြင်းကို ပြုရမည်။ ထိုတရားရုံးများက မဟာတရားရုံး တော်နှင့်တကွ ထိုတရားရုံးတော်၏ လက်အောက်ခံတရားရုံးများဖြစ်သည်။ တရားသူကြီးများသည် နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနှင့် တရားဥပဒေတို့ကိုသာ ထောက်၍ လွတ်လပ်စွာတရားစီရင်ရမည်။ မဟာတရားရုံး တော်၏ တရားဝန်ကြီးများကို "ပြည်ထောင်စုမဟာလွှတ်တော်" က ရွေးကောက် တင်မြှောက်ရမည်။

၁၃။ လွတ်လပ်သောအချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံ၏နယ်မြေတို့ တပေါင်းတစည်းတည်း တည်ရှိနေသည်ဟူသော ဂုဏ်သိက္ခာ သည်လည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာစိုးမိုးအုပ်ချုပ်နိုင် သော အခွင့်အရေးများသည်လည်းကောင်း၊ ထိုဂုဏ်သိက္ခာ ထိုအခွင့်အရေးများသည် တရားမျှတမှုနှင့် လည်းကောင်း၊ တိုင်းကြီး၊ ပြည်ကြီးတို့၏ ဥပဒေနှင့်လည်းကောင်း လျော်ညီစွာ တည်တံ့ခိုင်မြဲနေရမည်။

၁၄။ ကျွန်ုပ်တို့ချစ်မြတ်နိုးသော နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် တရားသဖြင့် ရသင့်ရထိုက်သည်လည်းဖြစ်၍ ဂုဏ်ကျက်သရေနှင့်လည်း ပြည့်စုံသော အဆင့်အတန်းကိုရရှိ၍ လူသတ္တ၀ါခပ်သိမ်းတို့၏ အကျိုးစီးပွားကို တိုးတက်စေရန် မိမိ၌ တာဝန်ရှိသည့်အလျောက် အစွမ်းကုန်အားထုတ်ဆောင်ရွက်ပြီးလျှင် ပြည်ထောင်အချင်း ချင်း တရားမျှတမှုနှင့် လောက၀တ္တရားတို့ကိုထောက်ကာ၊ နိုင်ငံတို့နှင့် ချစ်ကြည်ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက် မည်ဟု ခိုင်မြဲသော အဓိဋ္ဌာန်ကိုပြုထားလေသည်။

စသည်တို့ဖြစ်သည်။

ဆက်လက်၍ ၀န်ကြီးဒေါက်တာဦးဧမောင်က အခြေခံဥပပဒေရေးဆွဲပုံနှင့်ပတ်သက်၍-

ပြည်ထောင်စုနှင့်ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးကို ၁၉၄၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တစ်ကြိမ်ကျင်းပခဲ့ပါတယ်။ ဒုတိယအကြိမ်ဖြစ်သော ၁၉၄၇ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဦးအောင်ဆန်းကိုယ်တိုင်သဘာပတိအဖြစ် ကြီးမှူး၍ ဆပ်ကော်မတီအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှတ်တမ်းများအရ အောက်ပါအတိုင်း ဆုံးဖြတ်ထားသည်ကို တွေ့ရှိရပါတယ်။

အဲဒီအစည်းအဝေးမှတ်တမ်းကို နောက်တစ်နေ့ (၂၅-၆-၄၇) ရက်နေ့ အစည်းအဝေးက အတည်ပြုထားတာ တွေ့ရှိရပါတယ်။

ဟု ဖော်ပြထားပြီး ၎င်းပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာဆပ်ကော်မတီမှ-

ညောင်ရွှေစော်ဘွားကြီး၊ မိုင်းပွန်စော်ဘွားကြီး နှင့် ဆမားဒူးဝါးဆင်ဝါးနောင်တို့ မေးမြန်းသော မရှင်းလင်းသည့် အချက်အလက်တို့ကို ဦးအောင်ဆန်း၊ သခင်မြ၊ ဦးဘချိုနှင့် ဦးချန်ထွန်းတို့က အကျယ်တ၀င့်ရှင်းလင်းပြောကြားပြီးနောက် ဖွဲ့စည်းလတ္တံသော မြန်မာပြည်ထောင်စုတွင် မြန်မာပြည်မှအပ အခြားအခြားသော ပါဝင်ပတ်သက်သည့် နယ်များတွင် သီးသန့်အုပ်ချုပ်ရေးနှင့် အစိုးရရှိရမည်ဖြစ်သော်လည်း မြန်မာပြည်မနှင့် အခြားပြည်နယ်များမှာ နိုင်ငံအကျယ်အ၀န်း၌ လည်းကောင်း၊ လူဦးရေ၌လည်းကောင်း၊ စီးပွားရေးအခြေအနေ၌လည်းကောင်း၊ လွန်စွာခြားနားသည့် အပြင်ငွေကြေးနှင့် လူအင်အားစသော အခက်အခဲတို့ကြောင့် မြန်မာပြည်အတွက် သီးခြားသောလွှတ်တော်နှင့် အစိုးရမထားရှိဘဲ ပြည်ထောင်စုလွှတ်တော်အစိုးရကပင်လျှင် မြန်မာပြည်မအတွက်ကိုပါ ဆောင်ရွက်ရန် ဖဆပလ ပဏာမညီလာခံမှ ရေးဆွဲထားသော မူကို အကြမ်းအားဖြင့် အားလုံးသဘောတူပြဋ္ဌာန်းကြသည်။

မြန်မာနိုင်ငံတွင် ပါဝင်လျက်ရှိသော ပြည်နယ်များအခြေအနေအရ ရှိပြီးဖြစ်သော မည်သည့်ပြည်ထောင်စုမူမျိုး နှင့်မှ မြန်မာနိုင်ငံနှင့် တသွေမတိမ်းလုံးဝမကိုက်ညီနိုင်သဖြင့် ကမ္ဘာပေါ်ရှိ အမေရိကန်၊ ဆွစ်ဇာလန်၊ ရုရှားနိုင်ငံ အစရှိသော ပြည်ထောင်စုမျိုးစုံမှ မြန်မာနိုင်ငံအတွက် သင့်လျော်မည့် ကောင်းနိုးရာရာအချက်တို့ကိုသာ စိစစ်ပေါင်းစပ်ရေးဆွဲခြင်းကို နှစ်ခြိုက်ပါကြောင်း။

ဆိုသည့် အပိုဒ်ကို ထုတ်နုတ်ကိုးကား၍ ၀န်ကြီး ဒေါက်တာ ဦးဧမောင်၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။ထို့အပြင် ပြည်ထောင်စုဗဟိုအစိုးရနှင့် ပြည်နယ်များအာဏာခွဲဝေရေးနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်အောင်ဆန်း နှင့် ခေါင်းဆောင်ကြီးများရှိစဉ်ကပင်ထိုကိစ္စကိစဉ်းစားဆွေးနွေး ဆုံး ဖြတ်ခဲ့ပြီးဖြစ်ကြောင်းအောက်ပါအတိုင်း တင်ပြထားသည်။

အာဏာများခွဲဝေသတ်မှတ်ရာတွင် ပြည်နယ်များ၏ အာဏာများကို သတ်မှတ်ပြီးနောက် မသတ်မှတ်ရသော အာဏာတို့ကို ဗဟိုအစိုးရသို့ပေးရန် သဘောတူညီကြောင်းကို တွေ့ခဲ့ရပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင်လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ပြည်မပြည်နယ်ခေါင်းဆောင်ကြီးများဟာ ပြည်ထောင်စု အစိုးရအား အများနှင့်သက်ဆိုင်သော ကိစ္စအတွက်သာ အာဏာခွဲဝေပေးပြီး ကျန်အာဏာများကို ပြည်နယ်များကို အုပ်ချုပ်ရန်ဆိုတဲ့ အပိုင်းကို လက်မခံကြောင်းထင်ရှားပါတယ်။

လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရေးနှင့်ပတ်သက်၍လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီး များရှိစဉ်ကပင် လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရေးမူကို လက်မခံခဲ့ကြောင်း အောက်ပါအတိုင်း တင်ပြထားသည်။

ပြည်နယ်ခေါင်းဆောင်များရဲ့ "ပြည်ထောင်စုစစ်စစ်ဆိုတဲ့မူ" ရဲ့ တတိယပိုင်းဖြစ်တဲ့ လွှတ်တော်နှစ်ရပ်အခွင့် အာဏာတူပေးရေးဆိုတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းကိုလည်း ကိုယ်စားလှယ်တော်လူကြီးမင်းများ သိရှိတော်မူပြီးတဲ့ အတိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြည်မပြည်နယ် ခေါင်းဆောင်များပါ အလေးအနက်စဉ်းစားခဲ့ပြီး အောက်ပါအချက်အလက် များအရ အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချခဲ့တာကို တွေ့ရှိရပါ တယ်။ ဒီဆုံးဖြတ်ချက် ကို ကျွန်တော်စောစောပိုင်းက တင်ပြပြီးပါပြီ။ ဒီအစီရင်ခံစာရဲ့ ကောက်နှုတ်ချက်ကို သဘာပတိကြီးမှတဆင့် အနည်းငယ်ပြန်လည်တင်ပြပါရစေ။ ဒီအစီရင်ခံစာမှာ ပထမအချက်အနေနဲ့ "ဗဟိုအစိုးရအဖွဲ့ကို ပြည်သူ့လွှတ်တော်က တာဝန်ခံယူရမည်" ဟု ဖော်ပြထားပါတယ်။ ဒီသဘောဟာ လွှတ်တော်နှစ်ရပ်စလုံး အခွင့်အာဏာတူပေးမထားကြောင်း ထင်းရှားလှပါတယ်။ ဒီလို အခွင့်အာဏာတူမပေးခြင်းကို အကြောင်းပြ ထားတာကတော့ လွှတ်တော်နှစ်ရပ်စလုံးအပေါ် တာဝန်ခံယူရမည်ဟု ဖော်ပြထားပါက နိုင်ငံရေးဂိုဏ်းဂဏ၊ ပါတီ၊ လူမျိုးစုအမျိုးမျိုးအစားစားရှိတဲ့အတွက် ခိုင်မြဲသောအစိုးရကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ရယ် ပြည်သူ့လွှတ်တော်မှာ လူဦးရေအလိုက်ရွေးကောက်တင်မြှောက်ထားသည့် အမတ်များပါဝင် ပြီး လူမျိုးစုလွှတ်တော်မှာ လူဦးရေအလိုက် ရွေးကောက်တင်မြှောက်ခြင်းမဟုတ်ဘဲ၊ လူဦးရေနည်းသည့် ပြည်နယ်များနှင့် လူနည်းစုတို့အား သက်ညှာသောအားဖြင့် ကိုယ်စားလှယ် များကို လူဦးရေအလိုက် ရှိသင့်သည်ထက် အဆပေါင်းများစွာ ပိုမိုပေးအပ်ထားရသဖြင့် ဒီမိုကရေစီဝါဒအရ ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံယူရန် ပြဋ္ဌာန်းထားသည်ဟု ဖော်ပြထားပါတယ်။ ဒီအချက်ဟာ ဒီမိုကရေစီ စနစ်အရ ပြည်သူ့ လွှတ်တော်ကိုသာ အခွင့်အာဏာပေးထားတာ တွေ့ရပါတယ်။ လွတ်တော်နှစ်ရပ်ကို အခွင့်အာဏာတူ ပေးထားတာကို မတွေ့ရပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများဟာ ဒီမိုကရေစီထွန်းကားရေးနဲ့ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးအတွက် လွှတ်တော်နှစ်ရပ် အခွင့်အာဏာတူ ပေးတဲ့မူ ကို ထိုအချိန်အခါကပင် လက်မခံခဲ့ပါဘူး။

ပြည်နယ်များညီညွတ်ရေးအဖွဲ့က တင်သွင်းသော ပြည်ထောင်စုစစ်စစ်မူအပေါ် ပထစ၏ သဘောထားမူကိုလည်း ၀န်ကြီးဒေါက်တာ ဦးဧမောင်က -

(၁) ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ၊ ပြည်နယ်ခေါင်းဆောင်ကြီးများအမြှော်အမြင် ကြီးမားစွာ ချမှတ်ခဲ့သော ပြည်ထောင်စု အခြေခံဥပဒေရည်ညွှန်းချက်ပါ သဘောထားများနှင့် လုံးဝကွဲပြားခြားနားနေသည့် အချက်များကြောင့်လည်းကောင်း။

(၂) ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ၊ ပြည်နယ်ခေါင်းဆောင်ကြီးများ အမြှော်အမြင်ကြီးမားစွာဖြင့် ချမှတ်ခဲ့သော ဒီမိုကရေစီတည်တံ့ခိုင်မြဲရေးနှင့် ဆန့်ကျင်လျက်ရှိသည့် သဘောများပါဝင်နေသည့်အချက်များကြောင့်လည်းကောင်း။

(၃) ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ၊ ပြည်နယ်ခေါင်းဆောင်ကြီးများ အမြှော်အမြင်ကြီးမားစွာဖြင့် ချမှတ်ခဲ့သော ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးနှင့်ဆန့်ကျင်ကာ ပြည်ထောင်စုကြီးပြိုကွဲပျက်စီးစေမည့် အချက်အလက်များပါရှိနေခြင်းကြောင့်လည်းကောင်း။

(၄) ပြည်ထောင်စုအဖွဲ့အစိုးရက ပြည်နယ်များအတွက် ဖြစ်နိုင်သည့် ကိစ္စ ဟူသမျှကို မိသားစုစိတ်ဓာတ်ဖြင့် အစွမ်းကုန်ဆောင်ရွက်နေသည်ကို ထောက်ရှု၍လည်းကောင်း၊ ဒီမိုကရေစီစနစ်ဖွံ့ဖြိုးရေး၊ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲတို့ကိုရှေးရှု၍ပြည်နယ်များ အဖွဲ့ချုပ်ဥက္ကဋ္ဌကြီးတင်ပြ သော ပြည်ထောင်စုစစ်စစ်ဆိုတဲ့မူကို ပြည်ထောင်စုအဖွဲ့ချုပ်အနေဖြင့် လက်မခံနိုင်ပါ။ (သို့ရာတွင် နိုင်ငံတော်အကြံပေးအဖွဲ့မှ အလေးအနက် ဝေဖန်ဆွေးနွေးပြီးတင်ပြထားသော ထောက်ခံချက်များမှာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ ညီမျှရေးနှင့် လွတ်လပ်ရေးတည်းဟူသော အခြေခံမူကြီးများနှင့် ကိုက်ညီသည်ဟု ပထစအဖွဲ့ချုပ်က ယုံကြည်ပါကြောင်း) လေးနက်စွာ တင်ပြအပ်ပါသည်။ ဟူ၍ တင်ပြသွားသည်။

(ဆက်လက်ဖော်ပြပါမည်)

Dr. Myint Oo (GP)


အမေရိကန် အာ – ဟား
ဒေါက်တာမြင့်ဦး (ဂျီပီ)
မတ်လ ၈၊ ၂၀၁၃

ဆေးပညာညွှန်ချုပ်နှင့် အိုင်အေပီပီအဖွဲ့ အမှတ်တရ

အမေရိကန်နိုင်ငံလုံးဆိုင်ရာ ပညာရေးဦးဆောင်အဖွဲ့ကြီး (အိုင်အိုင်အီး - Institute of International Education) ရဲ့ မြန်မာ-အမေရိကန် တက္ကသိုလ်မိတ်ဖက်အစီအစဉ် (အိုင်အေပီပီ- International Academic Partnership Program) အကြောင်း တစေ့တစောင်းကို လင်းယုန် ငှက်နဲ့ဒေါင်းကကြိုးအမည်နဲ့ ဂျာနယ်တချို့မှာ ဆောင်းပါးရေးသားခဲ့ပြီးပါပြီ။ ဒီအစီအစဉ်အရ အမေရိကန်နိုင်ရဲ့ အထင်ကရတက္ကသိုလ်ကြီး ၁ဝ ခုက ပါမောက္ခတွေဟာ မြန်မာနိုင်ငံက တက္ကသိုလ် ၉ ခုကိုရောက်ရှိလာပြီး မြန်မာပါမောက္ခတွေနဲ့ တွေ့ဆုံညှိနှိုင်းမိတ်ဖွဲ့သွားခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော်ကိုသွားရောက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးပွဲတွေပြုလုပ်သွားခဲ့ပါ သေးတယ်။ မတ်လ ၁ ရက်နေ့ မိတ်ဖက်ခရီးစဉ်အဆုံးမှာတော့ စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး မြန်မာတက္ကသိုလ်နဲ့ အမေ ရိကန် တက္ကသိုလ်တွေ လတ်တလောပူးပေါင်းဆောင်ရွက်မယ့်အစီအစဉ်တွေကို အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖေါ် ကြေညာသွားခဲ့ပါတယ်။

မန်းတက္ကသိုလ်ရဲ့ ဆွေးနွေးပွဲ

● အာ-ဟား မို့မင့် (Aha Moment)
သမိုင်းတွင်ရစ်တဲ့ ခရီးစဉ်အပြီးမှာ၊ အမေရိကန်ပညာရှင်တွေရဲ့ ထုံးစံအတိုင်း၊ အိုင်အိုင်အီး ကိုယ်စားလှယ်အဖွဲ့ထဲမှာပါဝင်တဲ့သူ တစ်ဦးချင်း စီက  အာဟားမို့မင့်လို့ခေါ်တဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အံ့အားသင့်စရာအဖြစ်အပျက်ကလေးတွေကို တစ်ဦးလျင်၂ မိနစ်ကျစီပြောဆိုပြီး ခရီးစဉ် ရဲ့အောင်မြင်မှုတွေကို ပြန်လည်သုံးသပ်ကြရပါတယ်။ ကိုယ်စားလှယ် ၂၈ ယောက်ဖြစ်တဲ့အတွက် အာဟားမို့မင့်တွေက အများကြီးရှိနေပြီး၊ စာဖတ်ပရိသတ် စိတ်ဝင်စားမယ့် အာ-ဟားမို့မင့်လေးတွေကို ပြန်လည်ဖေါက်သယ်ချပေးလိုက်ပါတယ်။

● ဝိုင်တီယူးက အာ-ဟား
ပထမနေ့မှာ အိုင်အေပီပီကိုယ်စားလှယ်အဖွဲ့ဟာ ၂ ဖွဲ့ခွဲပြီး ဒဂုံတက္ကသိုလ်နဲ့ ဝိုင်တီယူးလို့ခေါ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကို သွားရောက်ကြ ပါတယ်။ ဝိုင်တီယူးကို လိုက်ပါသွားတဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဝိုင်တီယူးရဲ့ အာဟားမို့မင့်တစ်ခုကိုတင်ပြပေးချင်ပါတယ်။ ပါမောက္ခချုပ် ဆရာမကြီးနှင့် ဌာနမှုးတွေ၊ ပါမောက္ခတွေ၊ ကထိကတွေနဲ့ အမေရိကန်ကိုယ်စားလှယ်တွေ အစည်းအဝေးခမ်းမထဲမှာ ဆွေးနွေး ပြောဆိုနေ တဲ့အချိန်မှာ၊ ဒေါက်တာဂျီပီရဲ့ လင်းယုန်ငှက်နဲ့ဒေါင်းကကြိုးဆောင်းပါးပါရှိတဲ့ မိုးမခဂျာနယ်ကို ဆရာမအချို့ကို ဝေငှပေးလိုက်ပါတယ်။ ဆောင်းပါးထဲမှာ မြန်မာတက္ကသိုလ်တွေရဲ့ကမ္ဘာ့အဆင့်အတန်းကိုဖေါ်ပြထားတဲ့အတွက်  တက္ကသိုလ်ဆရာမတွေ အာ-ဟားဖြစ်ကုန်ကြရပါ တယ်။ ဆွေးနွေးပွဲအပြီး တက္ကသိုလ်ပရဝုဏ်ကိုလှည့်ပတ်ကြည့်ရှုကြတဲ့အခါမှာ၊ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး နည်းပညာတက္ကသိုလ်ကြီးထဲမှာ ဟောင်းနွမ်းနေတဲ့ မော်ဒယ်နိမ့် (ဒက်စတော့) ကွန်ပြူတာ ၈ လုံးလောက်ကို (အိုင်တီဌာနပိုင်ပစ္စည်းအနေနဲ့) ပြသထားတာကိုတွေ့ရှိရပါတယ်။ မြန်မာကထိကဆရာတစ်ဦးက အမေရိကန်ပါမောက္ခဆရာကြီးတစ်ဦးရဲ့အနားကိုကပ်ပြီး အနှစ် ၂ဝ ကျော်ကြာအောင် စွန့်ပစ်ထားခဲ့တဲ့ ကွန်ပြူတာအဟောင်းတွေကို အခုမှ ပြန်လည်အသုံးချဖို့ ပြုပြင်ထားတာပါလို့ ဝန်ခံပြောဆိုလိုက်တဲ့အခါမှာတော့ အမေရိကန်ပါမောက္ခတွေ အာ-ဟားဖြစ်ကုန်ကြပါတော့တယ်။

● မြကျွန်းသာမှ အာ-ဟား
ညနေပိုင်းမှာ ၂ ဖွဲ့ပေါင်းပြီး ရန်ကုန်တက္ကသိုလ်မှာ ပြန်ဆုံကြရပါတယ်။ ပါမောက္ခချုပ်က မြကျွန်းညိုညို တက္ကသိုလ်အကြာင်းကို ရှင်းပြပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးကို (အော်တိုနော်မီ) လွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်လာတဲ့အထိ စောင့်ဆိုင်းမနေပဲ လက်ရှိဆရာဆရာမတွေရဲ့ အရည်အချင်းကိုမြင့်တင်ပေးဖို့ပြော ဆိုဆွေးနွေးသွားခဲ့ပါတယ်။ အဖွဲ့ဝင်အားလုံး အာ-ဟားဖြစ်သွားခဲ့ရတာကတော့ ဘွဲ့နှင်းသဘင်ခန်းမကြီး ထဲမှာ စာသင်ခန်းငါးခန်းဖွဲ့ပြီး  အမေရိကန်ပါမောက္ခတွေက လက်ချာပေးဖို့စီစဉ်ထားတာပဲဖြစ်ပါတယ်။ ဘွဲနှင်းသဘင်အနောက်ဖက် ဆင် ဝင်အပေါက်ဝမှာ လက်ချာပေးမယ့်အခန်းနေရာတွေကို မြေပုံနဲ့တကွ စနစ်တကျဖေါ်ပြထားတဲ့အတွက် အဖွဲ့ဝင်အချို့ဟာ အာဟားဖြစ်ပြီး ဓါတ်ပုံရိုက်ယူနေကြပါတယ်။ သမ္မတအိုဘာမားမိန့်ခွန်းပြောကြားသွားခဲ့တဲ့ စင်မြင့်ပေါ်ကိုတက်ပြီး ဓါတ်ပုံအရိုက်ခံနေကြတဲ့အမေရိကန်ပါ မောက္ခတွေကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ ဘွဲ့နှင်းသဘင်မှာတီးခတ်တဲ့ မြန်မာ့ဆိုင်းဝိုင်းကြီးကိုကြည့်ပြီး အားလုံးက အာ- ဟားဖြစ်ကြရပြန် ပါတယ်။ ကံကော်တောမှာ အထူးခြားဆုံးအာဟားကတော့ အမေရိကန်ပါမောက္ခတွေရဲ့လက်ချာကို ဒေါင်းတက္ကသိုလ် ဆရာဆရာမ ၅၅ဝ ကျော် တက်ရောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ အမေရိကန်ပါမောက္ခတစ်ဦးက သူနောက်တစ်ကြိမ်ပြန်လာပြီး ဒေါင်းတက္က္ကသိုလ်မှာ လက်ချာ ပေး တဲ့အခါ၊ သူ့အတွက် ခေတ္တနေထိုင်စရာဖြစ်နိုင်ချေရှိတဲ့ တက္ကသိုလ်ဆရာ ဆရာမအဆောင်တွေကို လိုက်လံပြသခိုင်းနေပြန်ပါတယ်။  သစ် ပုတ်ပင်ကြီးကိုကြည့်ပြီး အာ-ဟားဖြစ်ကြသူတွေရှိသလို၊ အင်းလျားကန်စောင်းဖက်ကို လိုက်လံပြသတဲ့အခါမှာတော့။ အာ- ဟား အာ-ဟား နဲ့ အသံထွက်နေကြပါတော့တယ်။

မန်းဆေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် အိုင်အိုင်အီးဥက္ကဌ မိတ်ဖွဲ့နေစဉ်

● ဆေးမန်းရဲ့ အာ-ဟား
မန္တလေးဆေးတက္ကသိုလ်ကို အိုင်အိုင်အီးအဖွဲ့ရောက်ရှိလာမယ့်အကြောင်း ပါမောက္ခချုပ်သိရှိအောင် အရင်ဆုံးတယ်လီဖုံးနဲ့ သတင်းပေးပို့ရ ပါတယ်။ ပါချုပ်ဆီကို အထက်အာဏာပိုင်တွေဆီက တရားဝင်သတင်းရောက်ရှိမလာသေးတဲ့အတွက် "မင်းကငါ့ကို Dictate (ဟိုဟာ လုပ် ဒီဟာလုပ်ခိုင်း) နေတာလား" ဆိုတဲ့ တုန့်ပြန်ချက်ကိုရ ရှိလိုက်ပါတော့တယ်။ (သတင်းဦးပို့ချင်တဲ့သူ၊ ဒီလောက်တော့ခံရမှာပေါ့)။ နောက် နေ့မှ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုတဲ့စာကို အီးမေးလ်နဲ့ ပါချုပ်ဆီကို ပေးပို့လိုက်ပါတယ်။ အမေရိကန်အဖွဲ့ ဆေးမန်းကို ရောက်ရှိလာတဲ့အခါမှာတော့ ပါချုပ်ကြီးကိုယ်တိုင် ထွက်ကြိုဆိုနေပါတယ်။ အာ-ဟား။ အမေရိကန်တွေနဲ့ တွေ့ဆုံဆွေးနွေးကြတဲ့အခါ၊ ပါချုပ်ကြီးက ဆေးမန်းရာဇဝင်ကို ဓါတ်ပုံတွေနဲ့ ဝေဝေဆာဆာပြောပြရင်း၊ သူ့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘွတ်ကတဆင့် ကျောင်းသားတွေနဲ့ ဆက် သွယ်နေတဲ့အကြောင်း ဖွင့်ပြောပြလိုက်ပါတယ်။ ပါချုပ်ရဲ့ဖေ့စ်ဘွတ်ကြောင့် အမေရိကန်ပါမောက္ခတွေအားလုံး အာဟားဖြစ်ကုန်ကြရပြန်ပါ တယ်။ ဝမ်းနည်းစရာ အာ-ဟားတစ်ခုကတော့ ရက်ပိုင်းအတွင်း မှာပဲ ပါချုပ်ကြီးအငြိမ်းစားယူတော့မယ်ဆိုတဲ့သတင်းပါဘဲ။ ကိစ္စမရှိပါဘူးတဲ့။ နောက်ပါချုပ်နဲ့ ပါတနာရှစ်အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်တဲ့။ အာ-ဟား။

● နေပြည်တော်က အာဟား
ရတနာပုံတက္ကသိုလ်မှာလည်း အာ-ဟားမျိုးစုံကြုံတွေ့ခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ မန်းတက္ကသိုလ်မှာ အားလုံးပြန်ဆုံကြရပါတယ်။ ရွှေ မန်းဆရာတွေကတော့ ဒေါက်တာဂျီပီရဲ့ဆောင်းပါးကို ဘတ်ပြီးနေကြပါပြီ။ တီဗွီမှာလည်းမြင်ဖူးတယ်လို့ ဆိုပါတယ်။ အာ-ဟား။ နောက်နေ့မှာ အဖွဲ့ဝင်အားလုံး နေပြည်တော်ကိုသွားရောက်ပြီး ညွှန်ချုပ်တွေနဲ့ စကားဝိုင်းဖွဲ့ကြရပါတယ်။  နောက်နေ့မနက် ဆေးပညာညွှန်ချုပ်နဲ့ တွေ့ဆုံ တဲ့အဖွဲ့မှာလိုက်ပါရင်း အမေရိကန်ဖက်က ဆေးတက္ကသိုလ်အချင်းချင်း ဆရာလဲလှယ်ဖို့နဲ့၊ ဘွဲ့လွန်ဆေးကျောင်းသားတွေကို အမေရိကန် ဆေးပညာကွန်ဖရင့်တွေတက်ရောက်ဖို့ကမ်းလှမ်းလိုက်တဲ့အခါမှာ ညွှန်ချုပ်က မို့စ်ဝဲလ်ကမ်းလို့တုန့်ပြန်ပြောကြားလိုက်တဲ့အတွက် အားလုံး ဝမ်းပန်းတသာ အာ- ဟားဖြစ်ကြရပြန်ပါတယ်။

အိုင်အိုင်အီးအဖွဲ့ဟာ ရန်ကင်းဆရာအတတ်သင်ကောလိပ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ အင်းစိန်က မြန်မာခရာဇ်ယန်အသင်းတော်ဓမ္မတက္ကသိုလ် (အမ်အိုင်တီ) နဲ့လည်း မိတ်ဖွဲ့ခဲ့ပါတယ်။ မြန်မာတက္ကသိုလ်တွေဟာ အမေရိကန်ပါမောက္ခတွေအတွက် အာ-ဟားမို့မင့်တွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် နောက်ထပ် အမေရိကန်တက္ကသိုလ်တွေ ထပ်မံမိတ်ဖွဲ့ ဝင်ရောက်လာဖို့ရှိနေပါတယ်။ မြန်မာကျောင်းသားတွေကို အမေရိကန်တက္ကသိုလ်ကနေ အွန်လိုင်းစနစ်နဲ့ မာစတာဘွဲ့တွေအပ်နှင်းနိုင်ဖို့လည်း စီစဉ်နေပါတယ်။ အိုင်အေပီပီတက္ကသိုလ် မိတ်ဖွဲ့အစီ အစဉ်ဟာ မြန်မာ့ပညာရေးအတွက် အမေရိကန်လူမျိုးတစ်ယောက်လို ဟစ်ကြွေးပြရမယ်ဆိုရင်ဖြင့် အာ-ဟားမို့မင့်တစ်ခုပါဘဲလို့ဆိုလိုက်ပါရစေခင်ဗျာ။

88 Generation Ko Htay Kywe to meet with SF Bay Area Burmese Community

 ၈၈ မျိုးဆက် ကိုဌေးကြွယ်နှင့် ဆန်ဖရန်ဘေးဧရိယာမြန်မာကွန်မြူနီတီ တွေ့ဆုံမည်၊ မတ် ၂၉
မိုးမခရွာဆော်ကြီး ဖိတ်စာ၊ မတ် ၈၊ ၂၀၁၃

ဖိတ်စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မှ
ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာမိသားစုများ၊ အဖွဲ့အစည်းများ ကိုယ်စား
San Francisco Burmese Community Organizers and Friends
PO Box 320207, San Francisco, CA 94130-0207

နေ့စွဲ - မတ် ၅၊ ၂၀၁၃
သို့

---- ---- ---- ---- --- --- ---
မြန်မာပြည်အရေး စိတ်ဝင်စားသူများနှင့် နိုးကြားလှုပ်ရှားနေသူ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ ခင်ဗျား …

အကြောင်းအရာ။  ။ ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်သော ကိုဌေးကြွယ် နှင့် ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာမိသားစုများနှင့် မိတ်ဆုံဆွေးနွေးပွဲ ဖိတ်ကြားခြင်း။

အောက်ပါအစီအစဉ်အတိုင်း အမေရိကန်ပြည်သို့ လေ့လာရေးခရီးရောက်ရှိနေသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် မိမိတို့ မြန်မာမိသားစုများ ရင်းနှီး ချစ်ခင်စွာ မိတ်ဆုံဆွေးနွေးပွဲအခမ်းအနား စီစဉ်ကျင်းပလိုပါသဖြင့် ကျနော်၊ ကျမတို့က လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ ဒေသခံမြန်မာမိသားစုများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် မိတ်ဆက်ခြင်း၊ လက်ရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ လှုပ်ရှားဆောင်ရွက်မှုများ သဘောထားအမြင်များ ထုတ်ဖော် ဆွေးနွေးခြင်းနှင့် တက်ရောက်လာသူဒေသခံတို့၏ သိရှိလိုသည်တို့ကို ဖြေကြားခြင်းတို့ဖြင့် အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Location - Centerville Community Center, 3355 Country Dr., Fremont, CA
Date & Time – 29th March, Friday, 2013 from 5:00 PM to 9:00 PM
Program – 5:00 – 5:30 Guest Registration, 5:30 – 6:30 Light Dinner, 6:30 – 7:00 Seating, 7:00 – 9:00 Meeting with Ko Htay Kywe, Q & A, 9:00 End

အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပါရန်၊ အခမ်းအနား ပိုမိုပြည့်စုံအောင်မြင်ရေးအတွက် စေတနာ့ဝန်ထမ်း လုပ်အားပေးရန်၊ တတ်စွမ်းသမျှ အားပေးကူညီရန် အတွက်လည်း ဖိတ်ခေါ်အပ်ပါသည်။ ၀င်ကြေးသတ်မှတ်ခြင်း လုံးဝမရှိပါ။ ညနေစာဖြင့်လည်း တည်ခင်း ဧည့်ခံမည် ဖြစ်ပါသည်။ မြန်မာမိသားစုများ၏ ၀ိုင်းဝန်း မတည်မှုဖြင့် ကျင်းပမည်ဖြစ်ပြီး၊ လက်ခံရရှိသော ပံ့ပိုးမှုများဖြင့် ကိုဌေးကြွယ်အား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်မည် ဖြစ်ပါသည်။

လေးစားစွာဖြင့် …
San Francisco Burmese Community Organizers & Friends ကိုယ်စား
ဆက်သွယ်ရန် - ကိုထွန်းမြတ်ဦး (ကိုပန်းသီး) (415-571-6401)၊
West bay - ကိုမိုးကျော် (650-834-0184) ၊ ကိုတိုးလွင် (415-424-5811)၊ ကိုကျော်သူရ (415-420-1504) ၊ East bay - ကိုဂျေစင် (510-402-7779)၊ ကိုရှောင် (650-269-1165)၊  ကိုညီညီသန်း (510-940-3585)၊  Media - ကိုမောင်ရစ် (415-595-1485)


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ကိုယ်ရေးအကျဉ်း

ကိုဌေးကြွယ်ဟာ ၈၈ အရေးတော်ပုံကာလမှာ ဘူမိဗေဒ ဒုတိယနှစ်ကျောင်းသားတဦးဖြစ်ပါတယ်။ ၁၉၈၈၊ မတ်လ ၁၆နေ့ မဆလ စစ်အစိုးရက ရန်ကုန်တက္ကသိုလ် အင်ယားကန်စောင်းမှာ ကျောင်းသားများကို ရက်စက်စွာ သတ်ဖြတ်နှိမ်နှင်းခဲ့တဲ့ တံတားနီအရေးအခင်းမှာ အသက်မသေဘဲ ကျန်ရစ်တဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး မတ်လ ၂၂ မှာတော့ စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ ဂျုလိုင်လမှာ ပြန်လည်လွတ်မြောက်ပြီးတဲ့နောက် ၈လေးလုံးအရေးတော်ပုံကြီး (၈လ ၈ရက် ၈၈) မှာ ရှေ့တန်းက လှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ ဘီဘီစီအင်တာဗျုးများက မြန်မာတပြည်လုံးရဲ့ ဒီမိုကရေစီရေး စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ပါတယ်။
စက်တင်ဘာ ၁၈ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးအဖြစ် ဆက်လက် လှုပ်ရှား တိုက်ပွဲဝင်ခဲ့သူတဦး ဖြစ်ပါတယ်။ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို စစ်တပ်က အာဏာလွှဲမပေးဘဲ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို ပြင်းထန်စွာ နှိပ်ကွပ်ခဲ့ရာမှာ အခြား ကျောင်းသားများ၊ ပါတီဝင်များ၊ ဒီမိုကရေစီရေး လှုပ်ရှားသူ ပြည်သူ အများအပြား ဖမ်းဆီး နှိမ်နင်း သတ်ဖြတ်ခြင်း ခံခဲ့ကြရပါတယ်။ ၁၉၉၁ ဇူလိုင်မှာ စစ်အစိုးရက ကိုဌေးကြွယ်ကို ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလမှာ စစ်ခုံရုံးနဲ့ ထောင် ၁၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။
၂၀၀၄ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာတဲ့ ကိုဌေးကြွယ်ဟာ အခြားလွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အများအပြားနဲ့ လက်တွဲပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖြစ် ဆက်လက်ရပ်တည်ပြီး ဒီမိုကရေစီရေးနှင့် အာဏာရှင်စနစ် ကျဆုံးရေး တိုက်ပွဲများကို ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၆ စက်တင်ဘာမှာ ၈၈ ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို စတဲ့ ကျောင်းသားအများအပြားနဲ့အတူ စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ၂၀၀၇ ဇန်န၀ါရီမှာ ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလမှာ စစ်အစိုးရကို ဆန့်ကျင်သပိတ်မှောက် ဆန္ဒပြမှုများမှာ ဦးဆောင်ခဲ့ပြန်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားအများအပြားကို ရွှေဝါရောင်တော်လှန်ရေးအကြိုကာလကတည်းက စစ်အစိုးရက ဖမ်းဆီးနှိမ်နင်းခဲ့သော်လည်း ကိုဌေးကြွယ်ကတော့ လွတ်မြောက်နေခဲ့ပြီး၊ နောက်ဆုံးမှ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ စစ်အစိုးရက ၎င်းကို အပြင်းအထန် လိုက်လံရှာဖွေ ဖမ်းဆီးခြင်းပြုနေစဉ်မှာလည်း ၀ရမ်းပြေးသဖွယ်ဖြစ်နေတဲ့ ကိုဌေးကြွယ်က ပြည်ပရေဒီယိုသတင်းဌာနများကနေတဆင့် စစ်အစိုးရရဲ့ မတရားမှုများကို အဆက်မပြတ် ဖော်ထုတ်ပြောကြားခဲ့တာကြောင့် မြန်မာပြည်သူနဲ့ နိုင်ငံတကာက မြန်မာစစ်အစိုးရရဲ့ သရုပ်မှန်ကို သိရှိနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ကင်ဆာရောဂါသည်မိခင်ကို နောက်ဆုံးလာတွေ့ဖို့ ကြိုးစားတဲ့အချိန် ၂၀၀၇ အောက်တိုဘာမှာ စစ်အစိုးရက သူ့နေအိမ်မှာ ပိတ်ဆို့ ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ နောက်တလမှာ ကွယ်လွန်ခဲ့ပြီး ကိုဌေးကြွယ်ကို စစ်အစိုးရ မိခင်အသုဘကို တက်ရောက်ခွင့် မပြုဘဲ ဖမ်းဆီကန့်သတ်ထားခဲ့ပါတယ်။
တရားစွဲဆိုခြင်းမရှိဘဲ ထိန်းသိမ်းဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ကိုဌေးကြွယ်ကို ၂၀၀၈ နိုဝင်ဘာကျမှ ထောင်ဒဏ် ၆၅ နှစ် စစ်အစိုးရက ချမှတ်ခဲ့ပါတယ်။ ၎င်းကို မြန်မာပြည် အနောက်ဖျားက ဗူးသီးတောင် အကျဉ်းထောင်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။ ၂၀၁၂ ဇန်န၀ါရီ ၁၃ ကျမှ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ အာဏာရလာတဲ့ စစ်အစိုးရနောက်ခံ ကြံ့ဖွံ့အစိုးရကနေ လွတ်ငြိမ်းချမ်းသားခွင့်ပေးပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အများအပြားနဲ့အတူ ကိုဌေးကြွယ်ကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အကျဉ်းထောင်များက လွတ်မြောက်ပြီး ယခုအချိန်အထိ တောက်လျောက်မှာလည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ မျိုးဆက်သစ် ဒီမိုကရေစီရေး လှုပ်ရှားသူများနဲ့ လက်တွဲပြီး မြန်မာပြည်ဒီမိုကရေစီရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ ယခုအချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းလှုပ်ရှားမှုများကို တယောက်တလက် စုပေါင်း ဖော်ဆောင်နေတာကို တွေ့ရပါတယ်။
(အကိုးအကား – အင်တာနက်သတင်းများ၊ ၀ီကီပီဒီယား၊ မိုးမခမီဒီယာ)
(သတင်းဓာတ်ပုံပိုင်ရှင်အား ကူးယူဖော်ပြခွင့်ကို ကျေးဇူးတင်စွာဖြင့် ခွင့်တောင်းအပ်ပါသည်)

--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives