[mrsorcerer:37459] Fwd: [လူဗိုလ်ဟူသည် ...] ဖြစ်အောင်ဖျက်ခြင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/3
Subject: [လူဗိုလ်ဟူသည် ...] ဖြစ်အောင်ဖျက်ခြင်း
To: lubo601@gmail.com


by General Knowledge on Saturday, March 2, 2013 at 12:59am ·

Written by  ဇေယျသူ

မည်သည့် အပြောင်းအလဲမဆို အပြုသဘော ဖျက်ဆီးခြင်းပင် ဖြစ်သောကြောင့် ယခု ပြုပြင်ပြောင်းလဲရေးတွင်လည်း အဟောင်းတို့ ကွယ်ပျောက်ပြီး အသစ်တို့ ပေါ်ထွက်လာလိမ့်မည်။ လူတိုင်း၊ အဖွဲ့အစည်းတိုင်း မိမိကိုယ်ကို မေးရမည့်မေးခွန်းမှာ ငါ ပျောက်သွားမှာလား၊ ရှင်သန်တိုးတက်မလား ဖြစ်သည်။


အသစ်များပေါ်လာဖို့ အဟောင်းများ ပျက်ပေးရသလို အဟောင်းတို့ ပျောက်သောကြောင့် အသစ်တို့ ရောက်လာရခြင်းကို "ဖြစ်အောင် ဖျက်ခြင်း" Creative Destruction ဟု စီးပွားရေးပညာရှင် Schumpeter က ညွှန်းဆိုခဲ့သည်။
မြန်မာ့သမိုင်းတစ်လျှောက်တွင် ကြီးကြီးမားမား အပြောင်းအလဲကြီး ဖြစ်ပေါ်နေသည့် ယနေ့အခါသမယသည် Creative Destruction ကာလဖြစ်သည်။

ဖြစ်အောင် ဖျက်နေသည့်ကာလပီပီ နယ်ပယ်သစ်များသည် နယ်ပယ်ဟောင်းများထံမှ အရင်းအမြစ်များကို ရယူကြီးထွားလာလိမ့်မည်။ နည်းပညာသစ်များသည် နည်းပညာဟောင်းများကို ကျော်လွှားသွားမည်။ ကုန်ပစ္စည်းသစ်များ၊ ဝန်ဆောင်မှုသစ်များသည် ကုန်ပစ္စည်းအဟောင်းများ၊ ဝန်ဆောင်မှုအဟောင်းများကို ပထုတ်သွားလိမ့်မည်။

အဟောင်းဆိုသောကြောင့် အဟောင်းတိုင်း ပျောက်ပျက်သွားမည် မဟုတ်၊ ခေတ်နှင့်ဆီလျော်သော၊ ခေတ်က လိုအပ်နေသေးသော အဟောင်းတို့ကား ကျန်ရစ်ခဲ့ဦးမည်။

မိမိကိုယ်ကို လိုက်လျောညီထွေဖြစ်အောင် အလိုက်သင့် အလျားသင့် ပြင်ဆင်နိုင်သူတို့ ဆက်လက်ရှင်သန်မည်။ အပြောင်းအလဲနှင့်အတူ လိုက်ပါမပြောင်းလဲနိုင်လျှင် အပြောင်းအလဲလှိုင်းက ကြီးသောကြောင့် အပြောင်းအလဲအောက်တွင် ပျောက်ပျက်သွားမည်မှာ ဓမ္မတာဖြစ်သည်။

စနစ်တကျ လွတ်လပ်စွာ ပြိုင်ဆိုင်ရမည် (Level Playing Field) ဆိုသောအခါ ယခင်က ကြိတ်ဝိုင်းနှင့် အခြားသူ မဝင်နိုင်အောင် ချုပ်ထားပြီး ကြိုက်ဈေးတင် စီးပွားအောင်မြင်ခဲ့သူတို့ အမြန်လိုက်ပါ ပြောင်းလဲချင် ပြောင်းလဲ၊ မပြောင်းနိုင်လျှင် နေရာဖယ်ပေး ရတော့မည်။

အခြေခိုင်ပြီးပြီဟု ယူဆရသော လုပ်ငန်းကြီးများ အောင်မြင်မှုတွင် သာယာမိန်းမောပြီး အချိန်မီ မပြုပြင် မပြောင်းလဲနိုင်လျှင် နောက်တက်လုပ်ငန်းများက နေရာယူသွားလိမ့်မည်။

မြန်မာနိုင်ငံမှ ကြီးလှပါသည်ဆိုသော ကုမ္ပဏီများပင် တကယ်တမ်း အခြားနိုင်ငံများ၏ စံနှင့် ယှဉ်ကြည့်လျှင် အသေးစားနှင့် အလတ်စား SMW (Small and Medium Enterprises) စာရင်းသာ ဝင်သည်ကို ကြည့်လျှင် သာယာမနေသင့်တော့ကြောင်း မြင်သာသည်။

အလွယ်တကူ မြင်နိုင်သည့် ကား-ဥပမာကိုပင် ကြည့်လျှင် ယခင်က မမြင်ဖူးသော ကား အမျိုးအစားများ၊ မော်ဒယ်မြင့်များ ပြည်တွင်းသို့ ရောက်လာသည့်အတွက် ယခင်ကကဲ့သို့ ချောက်ချီးချောက်ချက် စမ်းစမ်းရမ်းရမ်း ပြင်မရနိုင်တော့။
လက်တည့်စမ်းသောကြောင့် တစ်ခုခုလွဲမှားသွားလျှင် အန္တရာယ်ကြီးသည်။ ကွန်ပျူတာနှင့် ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျ ပြင်နိုင်သော ဝပ်ရှော့များသို့သာ ကားများ ဝင်လာတော့မည်။ "မျိုးရိုးစဉ်ဆက် ကားပဲပြင်လာတာ" ဟု အထင်ရောက်နေရုံဖြင့် မိမိထံသို့ ဖောက်သည်များ လာတော့မည် မဟုတ်။

သို့သော် အချိန်ရှိသေးသည့် အားလျော်စွာ မိမိ၏ လက်ရှိ ဖောက်သည်အား၊ နာမည်အား အရှိန်ဖြင့် ခေတ်မီကားဝပ်ရှော့အဖြစ် ပြောင်းလဲလိုက်နိုင်သူများ ဆက်လက်ရှင်သန်ရုံမျှမက တိုးတက်ကြီးပွားနိုင်သည်။

အစိုးရလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများသည် ယခင်ကကဲ့သို့ ရေတွင်းထဲက ဖားသူငယ်အမြင်မျိုးဖြင့် ကြုံသလို ကျသလို လက်တမ်းသွားမရနိုင်တော့။ နိုငံတကာနှင့် ဆက်ဆံလာရပြီ၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်လာရပြီ ဆိုသောအခါ နိုင်ငံတကာအတွေးအမြင်ဖြင့်၊ ပညာဖြင့် ပြိုင်ဆိုင်လုပ်ကိုင်နိုင်ရန် လိုအပ်လာပြီ။ မိမိအဖွဲ့အစည်းကို စနစ်တကျ ပြင်ဆင်၊ အားဖြည့်၊ အချင်းချင်း ပေါင်းသင့်သူနှင့် ပေါင်းပြီး ပြင်ဆင်ထားနိုင်မှသာ လှိုင်းလုံးကြီးများဒဏ်ကို ခံနိုင်ရုံမျှမက လှိုင်းပေါ်တက်ပြီး စီးကာ နိုင်ငံတကာ အဆင့်သို့ ရောက်ရှိ တိုးတက်လိမ့်မည်။

Creative Destruction ၏ သဘာဝအတိုင်း နစ်နာသူများ ရှိသလို ကောင်းစားသူများရှိသည်မှာ ဓမ္မတာ။ အများကောင်းစားဖို့ ဖြစ်သည့်တိုင် နစ်နာသူအချို့ ရှိကြမည်သာ။
ဥပမာ - မြစ်ကို တံတားထိုးသောကြောင့် လူအများ ကူးသန်းသွားလာရေး လွယ်ကူသွားသည့်တိုင် ကူးတို့လှေ၊ ဇက်ထောင်ထားသူတို့ နစ်နာမည်။ ထိုအခါ မိမိလည်း မပြောင်းလဲနိုင်၊ နစ်နာမည်လည်း စိုးသူတို့က အပြောင်းအလဲကို မလိုလား၊ သို့မဟုတ် ဆန့်ကျင်ကြလိမ့်မည်။


အသစ်နှင့်အဟောင်း လွန်ဆွဲပွဲသည် အစိုးရအဖွဲ့တွင်းတွင်၊ လွှတ်တော်တွင်းတွင်၊ အတိုက်အခံ နိုင်ငံရေးသမားများ ကြားတွင်၊ စီးပွားရေးနယ်ပယ်တွင် စသည့် နေရာတိုင်းတွင် ဖြစ်ပေါ်လိမ့်မည်။ လက်ရှိ အခြေအနေဖြင့် အကျိုးဖြစ်နေသောကြောင့် ထိုသို့ ဒုံရင်းဒုံရင်း အနေအထားကို မပြောင်းလိုသူတို့ အင်အားနည်းလျှင် ပြဿနာမရှိ၊ အင်အားကြီးနေလျှင် တိုက်ပွဲပြင်းထန်လိမ့်မည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲလိုသူတို့သည် ထိုသို့ အကျိုးစီးပွား လက်ရှိသမားတို့ (Establishment) အခုအခံ သဘောကို ထည့်သွင်းတွက်ချက်နိုင်မှသာ ပြုပြင်ပြောင်းလဲရေး အောင်မြင်မည်။

ကမ္ဘာကြီးကို ခုန်ပျံကျော်လွှား ပြောင်းလဲနိုင်စေခဲ့သည့် စက်မှုတော်လှန်ရေး ကာလအတွင်းတွင် ထိုသို့ လက်ရှိသမားများက အသစ်ကို ဆန့်ကျင်ခြင်းကို ကြီးစွာ ကြုံခဲ့ရသည်။ စက်မှုတော်လှန်ရေးသည် အစဉ်အလာအင်အားကြီး ပုဂ္ဂိုလ်များဖြစ်သည့် မြေရှင်ပဒေသရာဇ်များကို စီးပွားကျစေ၊ အာဏာကျစေသောကြောင့် မြေရှင်ပဒေသရာဇ်များက ဝိုင်းဝန်း ဆန့်ကျင်ကြသည်။ စက်ရက်ကန်းအတွက် ကြီးမားသော တီထွင်မှုဖြစ်သည့်၊ စက်မှုတော်လှန်ရေး၏ အရေးပါသော တီထွင်မှုဖြစ်သည့် လွန်းပျံ စတင်တီထွင်သူ၏ အိမ်ကို လက်ရက်ကန်းသမားများက ဝိုင်းဝန်း မီးရှို့ကြသည်။


မြန်မာ့အပြောင်းအလဲသည် အရှိန်မြန်လှသောကြောင့် အဟောင်းဖျက်ပြီး အသစ် ရောက်ခြင်းသည်လည်း မြန်ဆန်လှသည်။ ၂ နှစ်၊ ၃ နှစ်ခန့်အတွင်း အတော်များများ ခပ်မြန်မြန် ပြောင်းလဲကုန်သည်။ အမှတ်တမဲ့နေလိုက်လျှင် နှစ်နှစ်ဆယ်ကျော် အိပ်ပျော်ပြီး ပြန်နိုးလာချိန်တွင် အရာရာ ပြောင်းလဲသွားသောကြောင့် မနေတတ် မထိုင်တတ် မလုပ်တတ် မကိုင်တတ်တော့ဘဲ ခွကျကျ ဖြစ်နေရသည့် ဒဏ္ဍာရီလာ Rip Van Winkle လက်သစ်များ ဖြစ်လာနိုင်သည်။ ငါ့ထမင်းအိုး ဘယ်သူ ခွဲသလဲ (who moved my cheese?) စာအုပ်ထဲကကဲ့သို့ ရွေ့သွားသော ထမင်းအိုးနောက် လိုက်နိုင်မှ၊ သို့မဟုတ် ထမင်းအိုးအသစ် တည်နိုင်မှ တန်ကာကျမည့်အခါဖြစ်သည်။

မိမိလုပ်နေကျ နည်းအတိုင်းအလုပ်မဖြစ်တော့ကြောင်း သိလိုက်သည်နှင့် နည်းစနစ်ကို ပြောင်းလဲကျင့်သုံးပြီး မိမိကိုယ်ကို ပြန်လည်တီထွင် (Reinvention) နိုင်သူတို့ ဆက်လက်ရှင်သန်မည်။ နှစ်ပေါင်းလေးငါးဆယ် တစ်ရာ အောင်အောင်မြင်မြင်ရပ်တည်နိုင်သော အဖွဲ့အစည်းကြီးများကိုကြည့်လျှင် အရေးကြီးသည့် လမ်းခုလတ်သို့ ရောက်တိုင်း မိမိကိုယ်ကို ပြုပြင်ပြောင်းလဲ အသစ်ဖန်တီးနိုင်သောကြောင့် ခေတ်ဘယ်လိုပြောင်းပြောင်း ပန်းပန်လျက် ရှိနေကြခြင်းဖြစ်သည်။

ခွန်အား အကြီးမားဆုံးသော သူတို့ ရှင်သန်ကျန်ရစ်သည် မဟုတ်ဘဲ အခြေအနေကို လိုက်ကာ မိမိကိုယ်ကို ပြောင်းလဲနိုင်သူတို့ ဆက်လက် ရှင်သန်ခဲ့ကြောင်း ဒိုင်နိုဆောကြီးများ မျိုးတုံးပျောက်ကွယ်ပြီး သတ္တဝါငယ် မျိုးနွယ်အချို့ ယနေ့ထက်တိုင် အသွင်ပြောင်း ဆက်လက်ရှင်သန်ခဲ့ခြင်းက သက်သေပြသည်။


ရှေ့ကို မြင်နိုင်သူတို့၊
လိုက်လျောညီထွေ ပြောင်းလဲလိုစိတ် ရှိသူတို့၊
ပြောင်းလဲနိုင်သူတို့ ပန်းပန်ကြလိမ့်မည်။

ဇေယျသူ


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/04/2013 02:03:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.