[mrsorcerer:37565] Fwd: [လူဗိုလ်ဟူသည် ...] အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) - ၁



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/13
Subject: [လူဗိုလ်ဟူသည် ...] အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) - ၁
To: lubo601@gmail.com


by Thet Aung Lynn (Notes) on Wednesday, March 13, 2013 at 10:40pm

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) သည် ရှုပ်ထွေးလှသော အယူအဆတစ်ခုဖြစ်သည်။ လူတိုင်းပါးစပ်ဖျားပေါ်မှ အိုင်ဒီယာကြီးတစ်ခု ဟုပြောရလောက်အောင်ပင် ၄င်းကို ကျယ်ပြန့်စွာ အသုံးပြုနေကြသည့်တိုင် အများညီ အဓိပ္ပါယ်ဖွင့်ဆိုချက်ကား မရှိပါ။ တူညီစွာမျှဝေထားသော အကျိုးစီးပွား၊ ရည်ရွယ်ချက်၊ တန်ဖိုး တစ်စုံတစ်ရာအတွက် မိမိဆန္ဒအလျောက်ပါဝင်ကြသော၊ ဖိအားပေးထားခြင်းမရှိ သည့် စုပေါင်းလုပ်ဆောင်မှုများ၏ နယ်ပယ်ရပ်ဝန်း အဖြစ် နားလည်ယူဆချက်ကိုမူ အငြင်ပွားစရာ မရှိကြပေ။


ပညာရှင်အများအပြားက အရပ်ဘက်လူ့အဖွဲ့အစည်းအား ပိုမိုကောင်းမွန်စွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရန် အတွက် လူ့အဖွဲ့အစည်းအတွင်း ၄င်း၏ရပ်တည်ချက်အနေအထားကို အခြားသော လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းများဖြင့် ယှဉ်တွဲ ဖော်ပြလေ့ရှိကြပြီး ထိုအစိတ်အပိုင်းများအတွင်းမှ ဇာတ်ကောင်များကိုလည်း စုစည်းသတ်မှတ်ပေးလေ့ရှိသည်။ လန်ဒန်ရှိ အရပ်ဘက်လူ့အဖွဲ့အစည်းစင်တာ (Center for Civil Society) က အရပ်ဘက်လူ့အဖွဲ့အစည်းသည် လူ့အဖွဲ့အစည်းရှိ အခြားသောအဓိက အစိတ်အပိုင်းများဖြစ်သည့် နိုင်ငံတော်၊ စီးပွားရေး၊ မိသားစုတိုနှင့် အတူယှဉ်တွဲ တည်ရှိနေသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည် ဟုဖွင့်ဆိုသည်။ ဤအခြေခံရှုမြင်မှုအပေါ်တွင် အတိုင်းအတာတစ်ခုအထိ ဘုံသဘောတူညီမှုရှိကြသော်လည်း ဇာတ်ကောင်အသီးသီး၏ တည်မှီဖြစ်ပေါ်မှု (attribution of actors) အပေါ်တွင်မူ အငြင်းပွားမှုများ ရှိတန်သလောက် ရှိပါသည်။

ဥပမာအားဖြင့် အချို့သောပညာရှင်များက မိသားစုဆိုသည်မှာ သီခြား အစိတ်အပိုင်းတစ်ခု မဟုတ်ဘဲ အရပ်ဘက်လူ့အဖွဲ့အစည်းအတွင်း၌ ပါဝင်ပြီး ဖြစ်ကြောင်း ရပ်ခံတင်ပြကြသည်။ အချို့ကမူ စီးပွားရေးနယ်ပယ်အား အရပ်ဘက်လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ရှုမြင်ကြသည်။ အချို့သုတေသီများကမူ ပိုမို ရှုပ်ထွေး၍ အသေးစိပ်ပြီး၊ ကွဲပြားခြားနားသည့်  ခွဲခြားစိတ်ပိုင်းမှုများကို အသုံးပြုကြသည်။ ဥပမာ နိုင်ငံရေး(နိုင်ငံတော်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လွတ်တော်အမတ်များ)၊ စီးပွားရေး(ဈေးကွက်၊ ကုမ္ပဏီများ) နှင့် ပုဂ္ဂလိက နယ်ပယ်ရပ်ဝန်းများ (political, economic and private spheres) အဖြစ်ပိုင်းခြားပြီး ထိုအ၀န်းအ၀ိုင်းများ တစ်ခုနှင့်တစ်ခု ဖြတ်သန်း၍ ထပ်နေသည့် နယ်ပယ်ကို အရပ်ဘက်လူ့အဖွဲ့အစည်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဇာတ်ကောင်အချို့ (some actors) အနေဖြင့် အစိတ်အပိုင်းတစ်ရပ် အတွင်းတွင်သာမဟုတ်ပဲ အခြားသော နယ်ပယ်ရပ်ဝန်း များတွင်လည်း ပါဝင်လှုပ်ရှားနေလျက် ရှိကြောင်းကို ဆိုလိုရင်းဖြစ်သည်။


အနည်းငယ်ကွဲပြားခြားနားသော ချဉ်းကပ်မှုတစ်ခုမှာ အရပ်ဘက်လူ့အဖွဲ့အစည်းအား သီးခြားအစိတ်အပိုင်းတစ်ခုအဖြစ်မယူဆပဲ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းကြီးများ (societal sectors) အကြားမှ နယ်ပယ် (the space) အဖြစ် ရှုမြင်ခြင်းဖြစ်သည်။ ဇာတ်ကောင်များအနေဖြင့် သက်ဆိုင်ရာ အစိတ်အပိုင်းတစ်ခု အပေါ်တွင် တည်မှီဖြစ်ပေါ်နေပြီး အရပ်ဘက်လူ့အဖွဲ့အစည်းအတွင်းတွင်လည်း လှုပ်ရှားဆောင်ရွက်နိုင်ကြသည်ဟု ဆိုလိုသည်။ ဥပမာ စီးပွားရေး အစိတ်အပိုင်းအတွင်းမှ ဇာတ်ကောင်များဖြစ်သည့် စွန့်ဦးတီထွင်လုပ်ကိုင်သူများသည် အခွန်ကင်းလွတ်ခွင့် အတွက် တောင်းဆိုရန် အရပ်ဘက်လူ့အဖွဲ့အစည်းအတွင်းမှ လုပ်ဆောင်ကြခြင်းမျိုးဖြစ်သည်။ ချဉ်းကပ်မှုနှစ်ရပ်စလုံးအား အောက်ပါ အရပ်ဘက်လူ့အဖွဲ့အစည်း အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် အနှစ်ချုပ်နိုင်သည်။


-       အရပ်ဘက်လူ့အဖွဲ့အစည်းဆိုသည်မှာ နိုင်ငံတော်၊ မိသားစု၊ ဈေးကွက်တို့နှင့်ကွဲပြားခြားနားသည့် ဖွဲ့စည်းတည်ဆောက်မှုပုံစံများအတွင်းမှ ဆန္ဒအလျောက်လုပ်ဆောင်ချက်များပင်ဖြစ်သည်။ လက်တွေ့တွင် ထိုအစိတ်အပိုင်းများအသီးသီးအကြားမှ နယ်နမိတ်များမှာ အများအားဖြင့် ရှုပ်ထွေးပြီး၊ ရှင်းလင်းမြင်သာမှုမရှိပေ။

-       အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမျိုးမျိုးအထွေထွေသော၊ ဆန္ဒအလျောက်ပါဝင်ဖွဲ့စည်းကြသည့် အသင်းအပင်း၊ အဖွဲ့အစည်း၊ အစုအရုံးများ မြောက်များစွာ ပါဝင်ပြီး ၄င်းတို့မှာ အများအားဖြင့် အပြိုင်အဆိုင်သဘောမျိုးရှိနေတတ်ကြကာ၊ ဆိုင်ရာ အကျိုးဆန္ဒ (specific interest) ကိုယ်စီရှိကြသည်။

-       အရပ်ဘက်လူ့အဖွဲ့အစည်းသည် နိုင်ငံတော်ထံမှ သီးခြားလွတ်ကင်းမှုရှိနေသော်လည်း နိုင်ငံတော်နှင့် နိုင်ငံရေး အ၀န်းအ၀ိုင်းတို့ကို ဦးတည်လေ့ရှိပြီး၊ နီးကပ်စွာ အပြန်အလှန်ဆောင်ရွက်မှုရှိသည်။


ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အရ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်၊ အစိုးရ၊ စီးပွားရေးတို့အကြား အပြန်အလှန် ဆောင်ရွက်ချက်များရှိနေခြင်းကို သဘောပေါက် နားလည်နိုင်ပေသည်။ အရပ်ဘက်လူ့အဖွဲ့အစည်းအနေဖြင့် အခြားသော အစိတ်အပိုင်းများ၊ အထူးသဖြင့် နိုင်ငံတော်နှင့် အပြန်အလှန် ဆောင်ရွက်ချက်များ ရှိနေသည်ဆိုသော်လည်း၊ ထိုအစိတ်အပိုင်းများနှင့် နိုင်ငံရေးဆိုင်ရာ ဇာတ်ကောင်များကို ကိုအစားထိုးပစ်ရန်မဟုတ်ဘဲ၊ ၄င်းတို့၏ ထိရောက်စွာစွမ်းဆောင်မှုနှင့် တုံ့ပြန်နိုင်မှုတို့ကို တိုးတက်ကောင်းမွန်ရန်သာ ရည်ရွယ်ရင်းဖြစ်သည်။

သို့သော်လည်း ဒီမိုကရေစီတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု စသည့် ရည်ရွယ်ချက်များအနေဖြင့် ကြည့်လျင်မူ အထက်ပါ အရပ်ဘက်လူ့အဖွဲ့အစည်း အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ လုံလောက်မှု မရှိပေ။ ပညာရပ်ဆိုင်ရာနယ်ပယ်မှ နိုင်ငံရေးသမားများ၊ လက်ဝဲ၊ လက်ယာတွေးခေါ်ရှင်များ နှင့် အခြားသော ကြားအမြင်ရှိသူများအားလုံးလိုလိုက အရပ်ဘက်လူ့အဖွဲ့အစည်းကို လူမှုရေး၊ စီးပွားရေး နှင့် နိုင်ငံရေးပြဿနာများအတွက် အဖြေတစ်ခုအဖြစ် တစ်သမတ်တည်း ရှုမြင်နေကြသည်ကို ကြည့်ခြင်းအားဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်း၏ ရပ်တည်ချက် အနေအထားမှာ မည်မျှ ကွဲပြားခြားနား၍ ရှုပ်ထွေးလှသည့်အပြင် ၀ိဝါဒ ကွဲပြားစရာ ရှိနိုင်ကြောင်းကို တွေ့မြင်နိုင်ပေသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ဆက်စပ်၍ လူထုချိတ်ဆက်မှု (Civic Engagement) ဟူသော အသုံးအနှုန်းလည်း ကို ရောဘတ်ပွတ်နမ်ကဲ့သို့ လူမှုအရင်းအနှီး သီအိုရီပညာရှင်များက ကျယ်ပြန့်စွာ အသုံးပြုလေ့ရှိပြီး အဓိကအားဖြင့် ပုဂ္ဂလိကလူသားများ၏ နိုင်ငံသားဘ၀တွင် ပါဝင်ဆောင်ရွက်ခြင်း၊ စုဖွဲ့ခြင်းတို့ကို ရည်ညွှန်းလေ့ရှိသည်။ ကမ္ဘာ့ဘဏ်ဆိုလျှင် အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာအယူအဆအကြောင်းအရာကို လူထုချိတ်ဆက်မှု (civic engagement) ဟူသော စကားလုံးအနေဖြင့် အသုံးပြုလေ့ရှိပြီး ၄င်းမှာ သေချာအကျအန စုစည်းဆောင်ရွက်ကြသော အရပ်ဘက် လူ့အဖွဲ့အစည်းဆိုင်ရာ လှုပ်ရှားမှုများနှင့် ၄င်း၏ရပ်တည်ချက်ချက် အနေအထားများကိုသာမက၊ ထိုထက်ပိုမိုကျယ်ပြန့်သည့် တသီးပုဂ္ဂလများနှင့် လျော့ရဲစွာဖွဲ့တည်နေသည့် အုပ်စုများ၊ အသင်အပင်းများ၏ လုပ်ဆောင်ချက်များကိုပါ ထည့်သွင်းဆိုလိုခြင်းဖြစ်သည်။  ယေဘူယျအားဖြင့် အုပ်စုများ၊ အဖွဲ့အစည်းများ၊ အစည်းအရုံးများနှင့် လှုပ်ရှားမှုများ (သို့မဟုတ်) ယေဘူယျအယူအဆကို ရည်ညွှန်းသည့်အခါ အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society) ဟု သုံးနှုန်းကြပြီး တစ်သီးပုဂ္ဂလများနှင့် သေချာစုဖွဲ့ထားခြင်းမဟုတ်သည့် အုပ်စုများ၏ လုပ်ဆောင်မှုများကိုပါ ထည့်သွင်းရည်ညွှန်းသည့်အခါတွင်မူ လူထုချိတ်ဆက်မှု (Civic Engagement) ဟုသုံးနှုန်းလေ့ရှိကြသည်။


အရပ်ဘက်လူ့အဖွဲ့အစည်းအယူအဆသည် အမျိုးမျိုးသော ဇစ်မြစ်များမှ ဆင်းသက်လာခြင်းဖြစ်သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ အယူအဆနယ်ပယ်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်တို့အပေါ် ဖြည့်ဆည်းခဲ့ကြသည့် အဓိကကျသည့် အတွေးအခေါ်ရှင်အချို့ ကို အောက်တွင်ဖော်ပြထားသည်။

ပင်မ သီအိုရီအယူအဆများနှင့် ဒဿနဇစ်မြစ်များ

ဂျွန်လော့ခ် (၁၆၃၈-၁၇၀၄) သည် အရပ်ဘက်လူ့အဖွဲ့အစည်းအား နိုင်ငံတော်နှင့် ကင်းလွတ်၍သီးခြားသဘောဆောင်သော မိမိကိုယ်ပိုင်အခွင့်အရေးရှိသည့် အစုအဖွဲ့တစ်ခုအဖြစ် မော်ဒန်ခေတ်တွင် ပထမဦးဆုံးတင်ပြခဲ့သူဖြစ်သည်။ လူများအနေဖြင့် နိုင်ငံတော်မှ ၀င်ရောက်ပြောဆိုနိုင်စွမ်းမရှိသည့် ရပ်ရွာအသိုင်းအ၀န်းတစ်ခု ဖွဲ့စည်းထူထောင်ပြီး ၄င်းအတွင်း၌ သူတို့၏လူမှုဘ၀များကို ကိုယ်တိုင်ဖွံ့ဖြိုးစေသည်။ ထိုအ၀န်းအ၀ိုင်းသည် နိုင်ငံရေးမတိုင်မီ(အကြို နိုင်ငံရေး)  သိုမဟုတ် နိုင်ငံရေး မဟုတ်သော (pre- or un-political) သဘောပင်ဖြစ်သည်။ ထိုအရပ်ဘက်လူ့အဖွဲ့အစည်း၏ ပထမတာဝန်မှာ တစ်သီးပုဂ္ဂလလူသားများ၏ အခွင့်အရေးများနှင့် ပိုင်ဆိုင်မှုတို့ကို နိုင်ငံတော်ထံမှ ကာကွယ်ရန်နှင့် နိုင်ငံတော်၏ မတရားဝင်ရောက်စွက်ဖက်ခြင်းတို့ကို တားဆီးနိုင်ရန်ဖြစ်သည်။


ချားလ်စ် မွန်တက်စ်ကျူ (၁၆၈၉-၁၇၅၅) သည် ဂျွန်လော့ခ်ကဲသို့ပင် ၄င်း၏ ပါဝါခွဲခြမ်းမှု မော်ဒယ် (De l'esprit des lois 1748) တွင် နိုင်ငံရေးဆိုင်ရာလူ့အဖွဲ့အစည်း ( နိုင်ငံသားနှင့် အစိုးရကြားမှ ဆက်ဆံရေးကို သတ်မှတ်ပြဋ္ဌာန်းခြင်း) နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း  (နိုင်ငံသားများ အတွင်းမှ ဆက်ဆံရေးကိုသတ်မှတ်ပြဋ္ဌာန်းခြင်း) တို့ကို (political society and civil society) ခွဲခြားပြခဲ့သည်။ သို့သော်လည်း ထို နယ်ပယ်ရပ်ဝန်း နှစ်ခုကို ရှင်းလင်းပြတ်သားစွာ ယှဉ်ထိုးပြနိုင်ခြင်းတော့မရှိခဲ့ပေ။ ထိုအစား ဗဟိုအာဏာပိုင်နှင့် လူ့အဖွဲ့အစည်းကွန်ရက်များ  အကြားမှ ဟန်ချက်ညီမျှမှုကို ရေးသားတင်ပြခဲ့သည်။ ဆိုလိုသည်မှာ ဗဟိုအာဏာပိုင်(မင်း၊ဘုရင်) အား ဥပဒေစိုးမိုးမှုဖြင့် ထိန်းချုပ်ထားပြီး၊ နိုင်ငံရေး အဆောက်အအုံ၏ အတွင်းနှင့် အပြင်တွင် လှုပ်ရှားဆောင်ရွက်နိုင်သည့် လွတ်လပ်သော အဖွဲ့အစည်းများ(လူ့အဖွဲ့အစည်းကွန်ရက်)၏ တန်ပြန် ပါဝါဖြင့် ကန့်သတ်ထားခြင်းဖြစ်သည်။


အလက်ဇန်ဒါ ၊ဒီ၊ တော်ကဗီး (၁၈၀၅-၁၈၅၉) သည် ထိုသို့ လွတ်လပ်သည့် အသင်းအပင်းအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို အရပ်ဘက်လူ့အဖွဲ့အစည်း အဖြစ်အဓိကထား ပြောဆိုခဲ့သူဖြစ်သည်။ ၄င်းက ထိုအသင်းအပင်းအဖွဲ့အစည်းများကို ဒီမိုကရေစီအတွေးအကြံများ၊ သဘောထား နှင့် အမူအကျင့်များကို သင်ယူနိုင်ရာ ကျောင်းတော်များအဖြစ် ရှုမြင်ခဲ့သည့် အပြင် တစ်သီးပုဂ္ဂလအခွင့်အရေးတို့ကို အာဏာပိုင် အစိုးရများနှင့် လူ့အဖွဲ့အစည်းအတွင်း အများစုက ဗိုလ်ကျစိုးမိုးခြင်းမှ ကာကွယ်နိုင်သော နေရာများအဖြစ်ယူဆခဲ့သည်။ တော်ကဗီးက ထိုအသင်းအပင်း အဖွဲ့အစည်းများမှာ ရပ်ရွာအဆင့်၊ ဒေသအဆင့်မှ နိုင်ငံအဆင့်အထိ မိမိဆန္ဒသဘောအလျောက်ဖွဲ့စည်းမှုမျိုးသာဖြစ်သင့်သည်ဟုတင်ပြသည်။ ထိုမှသာ သဘောထားကြီးမှု၊ လက်ခံမှု၊ ရိုးဖြောင့်မှု နှင့် ယုံကြည်မှု စသည့် ပြည်သူ့နီတိတရား (civic virtues) တို့မှာ တစ်သီပုဂ္ဂလနိုင်ငံသားတို့၏ ကိုယ်ကျင့်စရိုက်တို့တွင် တစ်သားတည်းပေါင်းစပ်နိုင်မည်ဟု ဆိုသည်။ ယင်းမှာ နောက်ပိုင်း ရောဘတ်ပွတ်နမ် တင်ပြဖော်ထုတ်ခဲ့သည့် ယုံကြည်မှု၊ ယုံကြည်ချက်ထားရှိမှု စသည့် လူမှု အရင်းအနှီး (social capital) ပင်ဖြစ်သည်။


အန်ထိုနီယို ဂရမ်ဆီ (၁၈၉၁- ၁၉၃၇) သည် အရပ်ဘက်လူ့အဖွဲ့အစည်းအား မာတ်ခ် သီအိုရီရှုထောင့်မှ တင်ပြခဲ့သူဖြစ်သည်။ ၄င်းက အရပ်ဘက်လူ့အဖွဲ့အစည်း၏ အတိုက်အခံအနေအထား ရပ်တည်ချက်အား အိုင်ဒီယိုလိုဂျီ ချုပ်ကိုင်လွှမ်းမိုးမှုများ ကျင့်သုံးနေသည့် နိုင်ငံတော်နှင့် ဈေးကွက်တို့ထံမှ သီးခြားဖြစ်သော 'ပြည်သူတို့အခန်းဆောင်' ဟု တင်စားပြောဆိုခဲ့သည်။ ၄င်းက အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အမျိုးမျိုးအထွေထွေကျယ်ပြန့်လှသည့် အဖွဲ့အစည်းများနှင့် တည်ဆဲအစီအစဉ်များကို စိန်ခေါ်အံတုသော၊ အားပေးထောက်ခံသော အိုင်ဒီယိုလိုဂျီများ ပါဝင်ကြသည်ဟုဆိုသည်။ အုပ်စိုးသူလူတန်းစားတို့၏ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ချုပ်ကိုင်လွှမ်းမိုးမှု (political and cultural hegemony) နှင့် လူ့အဖွဲ့အစည်း၏ အများညီသဘော(Societal consensus) တို့မှာ အရပ်ဘက်လူ့အဖွဲ့အစည်းအတွင်းတွင် ဖြစ်ပေါ်သည်ဟုဆိုသည်။ ဂရမ်ဆီ၏ အိုင်ဒီယာတို့မှာ အရှေ့ဥရောပနှင့် လက်တင်အမေရိကရှိ အာဏာရှင်အစိုးရတို့ကို ဆန့်ကျင်အံတုခဲ့ရာတွင်များစွာ လွှမ်းမိုးမှု ရှိခဲ့သည်။


ဂျာဂန်၊ ဟားဘားမာ့စ် (၁၉၂၉-) သည် သူ၏ အရပ်ဘက်လူ့အဖွဲ့အစည်းအယူအဆကို အများဆိုင်နယ်ပယ်ရပ်ဝန်း (public sphere) အတွင်းမှ အရပ်ဘက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍအပေါ်တွင် အဓိကထား စဉ်းစားခဲ့သည်။  နိုင်ငံရေးစနစ်သည် နိုင်ငံရေး အာဂျင်ဒါများ၌ အမျိုးမျိုးသောအရေးကိစ္စ၊ စိုးရိမ်ပူပန်မှုများကို ထည့်သွင်းနိုင်ရန်အလို့ငှာ အကျိုးစီးပွားတို့ကို အများဆိုင်နယ်ပယ်တွင် ထုတ်ဖော်တင်ပြခြင်းများ လိုအပ်သည်ဟုဆိုသည်။ သို့သော်လည်း ဤအတွက် နိုင်ငံရေးပါတီကဲ့သို့ အဖွဲ့အစည်းများထူထောင်ဆောင်ရွက်ရုံမျှဖြင့် လုံလောက်မှုမရှိဟုဆိုပါသည်။ ကန့်သတ်ခွဲခြားခံထားရသော အုပ်စုများအတွက် ၄င်းတို့၏ ဆိုင်ရာအကျိုးစီပွားများကို တင်ပြဖော်ထုတ်နိုင်ရန် အတွက် အခြားသောစုဖွဲ့ခြင်းနှင့် နည်းလမ်းရှာကြံခြင်းတို့လိုအပ်သည်။ ၄င်းမှာလည်း လိုလားအပ်သည့် ကိစ္စပင်ဖြစ်သည် အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးပါတီများနှင့် ပါလီမန်များအနေဖြင့် တည်ဆဲ ပါဝါအဆောက်အအုံတို့၏ အလွန်မှ လူထု၏သဘောထားအမြင်ကို သိရန်လိုအပ်သည့်အတွက်ကြောင့်ပင်ဖြစ်သည်။


အထက်ပါ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ ပင်မသီအိုရီအယူအဆတင်ပြမှု အကျဉ်းမှ ကောက်ချက်ချနိုင်သည်မှာ ပထမဦးစွာ အဓိပ္ပါယ် အမျိုးမျိုးနှင့် ဖွင့်ဆိုချက်အမျိုးမျိုးတို့က သီအိုရီဆိုင်ရာဒီဘိတ်များနှင့် လက်တွေ့သုတေသနလုပ်ဆောင်မှုများအပေါ် များစွာလွှမ်းမိုးမှု ရှိနေခြင်းဖြစ်သည်။ ဒုတိယအားဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်းမှာ ၁၈ ရာစုနှင့် ၁၉ ရာစု ဥရောပနိုင်ငံများ၏ မြေရှင်ပဒေသရာဇ်ခေတ်၊သက်ဦးဆံပိုင်ဘုရင်စနစ် နှင့် နိုင်ငံတော်၏ နှောင်ကြိုးတို့မှလွတ်မြောက်ရန်ကြိုးပမ်းသည့် သမိုင်းကြောင်းနှင့် အတူဖြစ်ထွန်းလာသည့် အနောက်တိုင်းအယူအဆစစ်စစ်တစ်ခု ဟုယူဆရမည်ဖြစ်သည်။ အခြားသော နေရာဒေသများ၊ အခြားသော အချိန်ကာလများတွင် ရှိနေနိုင်သည့် အရပ်ဘက်လူ့အဖွဲ့အစည်းအယူအဆများ ဆိုသည်မှာလည်း နိုင်ငံတကာအရပ်ဘက် လူ့အဖွဲ့အစည်း ဒီဘိတ်ကို ထင်ဟပ်နိုင်ခြင်းသိပ်မရှိလှပေ။ ထို့ကြောင့်ပင်လျင် ဤအရပ်ဘက်လူ့အဖွဲ့အစည်း အယူအဆများကို အနောက်မဟုတ်သည့်နိုင်ငံများ သို့မဟုတ် အခြားသော ကွဲပြားခြားနားသည့် ဒီမိုကရေစီနှင့် စီးပွားရေးတည်ဆောက်ပုံတို့ရှိသော နိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ခြင်းရှိမရှိဆိုသည်မှာ ဒီဘိတ်တစ်ခုဖြစ်လာပါသည်။

လက်တွေ့နယ်ပယ်အတွင်းမှ အရပ်ဘက်လူ့အဖွဲ့အစည်း

အနောက်ဥရောပ - သီးသန့်မှ အများဆိုင်သို့

၁၈ရာစုအစောပိုင်းနှင့် ၁၉ ရာစုအတွင်း အနောက်ဥရောပ၏ ကနဦးအရပ်ဘက်လူ့အဖွဲ့အစည်းကို စီးပွားရေးနှင့် ပညာရပ်နယ်ပယ်မှ အီလစ်များကသာ အဓိကမောင်းနှင်ခဲ့ပြီး အထူးသဖြင့်နိုင်ငံသားနှင့် လူ့အခွင့်အရေးများ၊ နိုင်ငံရေးဆိုင်ရာပါဝင်ဆောင်ရွက်နိုင်ခွင့်များကို တောင်းဆိုခဲ့ကြသည်။ ဒုတိယအဆင့်ဟု ခေါ်ဆိုနိုင်သည့် ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းကာလများတွင် အရပ်ဘက် လူ့အဖွဲ့အစည်းသည် ၄င်း၏ လုပ်ဆောင်မှုနှင့် ဖြစ်နိုင်ချေအလားလာများအား ပိုမိုကျယ်ပြန့်လာစေခဲ့သည်။ အလုပ်သမားလူတန်းစားများ၏ လူမှုလှုပ်ရှားမှုများ၊ လယ်သမားများ၊ ချာ့ခ်ျကျောင်းများ စသည့်ဇာတ်ကောင်သစ်များ အရပ်ဘက်လူ့အဖွဲ့အစည်းတွင်ပါဝင်လာကြပြီး ၄င်းတို့မှာ လူမှုဖူလုံရေးဆိုင်ရာ ကိစ္စများအတွက် ချိတ်ဆက်ဆောင်ရွက် ကြရုံသာမက နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ မကျေနပ်ချက်များကိုပါ ထုတ်ဖော်တင်ပြလာကြသည်။ ၄င်းတို့၏ ဆောင်ရွက်ချက်အစီအစဉ်များမှာ ကနဦးအဆင့်မှ အီလစ်များ တောင်းဆိုလှုပ်ရှားခဲ့သည့် ကိစ္စများကဲ့သို့ ယူနီဗာဆယ်သဘောဆောင်ခြင်း သိပ်မရှိလှဘဲ အထူးသီးသန့်ဖြစ်သော အရေးကိစ္စနှင့် အကျိုးစီးပွားများကိုသာ အဓိကဦးတည်ခဲ့ပြီး ရံဖန်ရံခါတွင်မူ လူအဖွဲ့အစည်းအတွင်းမှ ပဋိပက္ခများနှင့် ဆုတ်ယုတ်ကျဆင်းမှုများကို အာရုံစိုက်ခဲ့ကြသည်။ အနောက်ဥရောပအရပ်ဘက်လူ့အဖွဲ့အစည်း၏ တတိယအဆင့်မှာ ၁၉၆၀ ခုနှစ်များအတွင်း ပေါ်ထွန်းလာခဲ့သည့် အမျိုးသမီးလွတ်မြောက်ရေးလှုပ်ရှားမှု၊ ကျောင်းသားများ၏လှုပ်ရှားမှုများ၊ ငြိမ်းချမ်းရေးနှင့် ဂေဟလှုပ်ရှားမှုများစသည့် လူမှုလှုပ်ရှားမှု အသွင်သစ်များ (new social movements) နှင့်အတူ စတင်လာခဲ့သည်ဟုဆိုနိုင်သည်။ ထိုအသစ်သောလှုပ်ရှားမှုများနှင့် အစီအစဉ်များသည် အရပ်ဘက်လူ့အဖွဲ့အစည်း၏ လုပ်ဆောင်မှု နယ်ပယ်နှင့် ဖြစ်နိုင်ချေများကို များစွာချဲ့ထွင်ပစ်ခဲ့ကြပြီး အရပ်ဘက်လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် ယူဆနိုင်သည့် အကြောင်းရင်းခံတို့ကိုလည်း ၄င်း၏ အမျိုးမျိုးသော သရုပ်သကန်များစွာဖြင့် ပိုမိုကျယ်ပြန်စေခဲ့သည်။

အမေရိက နှင့် အနောက်ဥရောပ - လူမှုအရင်းအနှီးဒီဘိတ်

ကိုယ်စားပြုအစိုးရစနစ် နှင့် နိုင်ငံရေးယဉ်ကျေးမှု၊ အရပ်ဘက်လူ့အဖွဲ့အစည်းတို့အကြား ဆက်သွယ်မှု စသည့် အဓိကကျသည့် လူမှု အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်အပေါ်ဦးတည်သည့် ဒီဘိတ်တစ်ခုမှာ ၁၉၉၀ခုနှစ်များအတွင်း အမေရိကန်နိုင်ငံမှ စတင်ပေါ်ပေါက်လာခဲ့သည်။ ရောဘတ်ပွတ်နမ်က လူမှုအရင်းအနှီး (ဤတွင် လူမှုကွန်ရက်များ၊ သန်စွမ်းသော အသင်းအဖွဲ့ဘ၀များ၊ ယုံကြည်မှု နှင့် အပြန်အလှန်အကျိုးပြုမှု စသည်တို့ကို ပွတ်နမ်ကရည်ညွှန်းသည်) အား အရပ်ဘက်လူ့အဖွဲ့အစည်း၏ အနှစ်သာရအရည်အသွေး အဖြစ် ရှုမြင်ခဲ့ပြီး အရပ်ဘက်လူ့အဖွဲ့အစည်း၏ စရိုက်လက္ခဏာနှင့် နိုင်ငံသားဘ၀များသည် ဒီမိုကရေစီနှင့် လူမှုအင်စတီကျူးရှင်းများအပေါ် များစွာ သက်ရောက်မှုရှိစေသည်ဟုဆိုသည်။ ၄င်း၏သုတေသနက အမေရိကန်နိုင်ငံ၌ လူမှုအရင်းအနှီး ကြီးမားစွာကျဆင်းလျက်ရှိသည်ကို ဖော်ပြခဲ့ပြီး ဤလေ့လာမှုကြောင့် အမျိုးမျိုးသော လူမှုအရင်းအနှီးပုံစံများနှင့် ၄င်းတို့၏ ဒီမိုကရေစီကို အားဖြည့်ပေးနိုင်စွမ်းများအပေါ် သုတေသနပြုမှုများ ဆက်လက်ဖြစ်ပေါ်စေခဲ့သည်။

လက်တင်အမေရိက - အမျိုးမျိုးသောအယူအဆများ

၁၉၆၀နှောင်းပိုင်းခုနှစ်များအတွင်း လက်တင်အမေရိကတွင် အဓိကအားဖြင့် စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်အံတုကြရာမှ အရပ်ဘက်လူ့အဖွဲ့အစည်း အယူအဆမှာ စတင်အရေးပါလာသည်။ ထိုမှစတင်၍ ဂရမ်ဆီ၏အတွေးအခေါ်ကို အခြေပြုထားသည့် အာဏာရှင်ဆန့်ကျင်မှု မော်ဒယ်မှသည် ပုဂ္ဂလိက စီးပွားရေးလွတ်လပ်မှု နှင့် အနှောင့်အဖွဲ့များ ဖြေလျှော့ရေးစသည့် နီယိုလစ်ဘရယ်အယူအဆများအထိ ပါဝင်သော  လှုပ်ရှားဆောင်ရွက်မှုအမျိုးမျိုးတို့ အပေါ် အရပ်ဘက်လူ့အဖွဲ့အစည်းအယူအဆ ကျယ်ပြန့်ဖြစ်ပေါ်လာခဲ့သည်။

အရှေ့ဥရောပ - သုံးနားညီ အကူးအပြောင်း၏ စိန်ခေါ်မှုများ

အရှေ့ဥရောပနိုင်ငံအများစုဆိုသလိုပင် သုံးနားညီအကူးအပြောင်းကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းခြင်း၊ ဗဟိုဦးစီးစနစ်မှ ဈေးကွက်စီးပွားရေးသို့ အသွင်ကူးပြောင်းခြင်း နှင့် ရံဖန်ရံခါတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် ခပ်ကင်းကင်းနေနိုင်ရန်အတွက် နိုင်ငံတော် အသွင်ကူးပြောင်းမှု တို့ဖြစ်သည်။ ဤအကူးအပြောင်းများမှာ ဥရောပရှိသုတေသီများစွာတို့ကို အလွန်ပင်ညှို့ယူဖမ်းစားနိုင်ခဲ့သည်။ ဖြစ်ရပ်လေ့လာမှု များစွာ၌ အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ခဲ့ခြင်း နှင့် ဒီမိုကရေစီအဆောက်အအုံများ တည်ဆောက်နိုင်ခဲ့ခြင်းတို့တွင် အရပ်ဘက်လူ့အဖွဲ့အစည်း သည် အလွန်အဓိကကျလှသည့် အခန်းကဏ္ဍမှ(ဤအကြောင်းအချက်တစ်ခုတည်းမဟုတ်သော်လည်း) ပါဝင်နေသည်ကိုတွေ့ရသည်။
သုတေသနများမှ တွေ့ရှိရသည်မှာ အကူးအပြောင်းအဆင့် အမျိုးမျိုး၌ အရပ်ဘက်လူ့အဖွဲ့အစည်းသည် မတူညီသော အခန်းကဏ္ဍများစွာဖြင့် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ၄င်း၏အောင်မြင်စွာ စွမ်းဆောင်နိုင်မှုမှာလည်း သင့်လျော်သည့်အချိန်တွင် သင့်လျော်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်ခြင်းရှိမရှိ၊ ၄င်းကိုယ်တိုင် ဒီမိုကရေစီနည်းကျ  ဖွဲ့စည်းတည်ဆောက်ထားနိုင်မှု ရှိမရှိ (အထူးသဖြင့် ရုတ်တရက် စနစ်အပြောင်းအလဲတွင်)၊ လူ့အဖွဲ့အစည်းအတွင်းရှိ မတူကွဲပြားခြားသည့်အုပ်စုများအား အလုံးစုံလက်ခံပါဝင်စေခြင်းဖြင့် ပေါင်းကူးပေးနိုင်စွမ်းရှိမရှိ နှင့် ၄င်း၏လုပ်ရပ်များ ကိုယ်တိုင်တွင် သိမ်မွေ့ညင်သာမှု ရှိမရှိ စသည့် အကြောင်းအချက်များစွာအပေါ်တွင် မူတည်နေပေသည်။ ထိုသို့သော အကြောင်းအချက်များကို အရပ်ဘက်လူ့အဖွဲ့အစည်းအနေဖြင့် အခြားသော အကြောင်းအရာများ(ဖက်တာများ) နှင့် ပါဝါအဆောက်အအုံများဖြင့် ပြန်လှန်လုပ်ဆောင်မှု ပြုနေရသည့် အခြေအနေအတွင်းတွင်လည်းတွေ့မြင်နိုင်ရန်လိုအပ်သည်။

အာဖရိကအရပ်ဘက်လူ့အဖွဲ့အစည်း၏ ရှာဖွေနေဆဲ အဓိက အခန်းကဏ္ဍ

အာဖရိကအတွက် အရေးကြီးသည့်မေးခွန်းမှာ အရပ်ဘက်လူ့အဖွဲ့အစည်း အယူအဆအား (အနောက်တိုင်း အရပ်ဘက်လူ့အဖွဲ့အစည်း အယူအဆကိုဆိုလိုသည်) ၄င်း၏ ဘ၀ပေးအခြေအနေအတွင်း အသုံးချနိုင်ခြင်းရှိမရှိ ဆိုသည်ပင်ဖြစ်သည်။ အကြောင်းမှာ သိသာထင်ရှားလှသည့် ဥရောပပုံစံ အရပ်ဘက်လူ့အဖွဲ့အစည်း (ဥပမာ- နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအတွင် လုပ်ပိုင်ခွင့်အတိုင်းအတာ တစ်ခုရရှိထားပြီး မိမိကိုယ်ကိုယုံကြည်မှု အပြည့်အ၀ရှိသော မြို့ပြနိုင်ငံသားဘ၀မျိုး) မှာ အာဖရိကတွင် အများအားဖြင့်ကင်းမဲ့နေလျက်ရှိနေခြင်းကြောင့်ဖြစ်သည်သည်။ အာဖရိက အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ပတ်သက်ပြီး ပညာရပ်ဆိုင်စာပေများတွင် မတူညီသော တင်ပြမှုပုံစံသုံးမျိုးကိုတွေ့ရသည်။

တင်ပြမှုပုံစံတစ်ခုက ကိုလိုနီစနစ်အောက်တွင်နေထိုင်ခဲ့ရခြင်းကြောင့် အာဖရိကတွင် အစဉ်အလာအသင်းအဖွဲ့များသာရှိနေပြီး လူထုပါဝင်နိုင်သော အုပ်ချုပ်မှု (participatory governance) မျိုးကို ဦးတည်ရည်ရွယ်နိုင်သည့် အရပ်ဘက်လူ့အဖွဲ့အစည်းပုံစံမျိုးအတွက်၎င်းတွင် နယ်ပယ် မရှိသလောက်ပင်ဖြစ်သည်ဟုဆိုသည်။ ကိုလိုနီစနစ်က အနည်းငယ်မျှသော မြို့ပြအီလစ်တစ်စုကိုသာ အားပေးအားမြောက်ပြုခဲ့ပြီး ပြည်သူအများစုအား ကျေးလက်တောနယ်မှ အစဉ်အလာ နိုင်လိုမင်းထက် အုပ်စိုးသူများအောက်တွင် ဆက်လက်ထားရှိခဲ့သည်။ ဤပုံစံမှာ ကိုလိုနီခေတ်အလွန်ကာလများ အထိ ဆက်လက်ဖြစ်ထွန်းခဲ့သောကြောင့် အာဖရိက၌ အရပ်ဘက်လူ့အဖွဲ့အစည်း မရှိသလောက်ပင်ဖြစ်ခဲ့သည်ဟုဆိုသည်။ ဒုတိယရှုမြင်မှုပုံစံအရ အနောက်တိုင်းရှိ အရပ်ဘက်လူ့အဖွဲ့အစည်း အယူအဆအားဖြင့်အာဖရိကအခြေအနေကို ချဉ်းကပ်၍ရနိုင်မည်မဟုတ်ဟုဆိုပြီး အာဖရိကအခြေအနေ၌ နိုင်ငံတော်မဟုတ်သော ဇာတ်ကောင်များ အားလုံးလိုလိုမှာ အရပ်ဘက်လူ့အဖွဲ့အစည်းပင် ဖြစ်သည်ဟုဆိုသည်။ အခြားသောအလယ်အလတ်ကျသည့် ရှုမြင်မှု ပုံစံတစ်ရပ်ကမူ အရပ်ဘက်လူ့အဖွဲ့အစည်းအယူအဆအား အာဖရိကအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ဖန်တီးယူသင့်သည် ဟုဆိုသည်။ အာဖရိကလူ့အဖွဲ့အစည်းပုံစံမှာ အနောက်တိုင်အယူအဆအားဖြင့်ဆိုလျင် ကွဲပြားခြားနားကောင်းခြားနားနေပေမည်။ သို့သော်လည်း အခြေခံကျသော လည်ပတ်ဆောင်ရွက်မှုများတွင် တူညီမှုများလည်း ရှိတန်သလောက်ရှိပါသည်။ ဥပမာအားဖြင့် လူငယ် အမျိုးသား အုပ်စုများ ကဲ့သို့သော အစဉ်အလာအသင်းအဖွဲ့များကို အရပ်ဘက်လူ့အဖွဲ့အစည်းဟု အသိအမှတ်မပြုနိုင်သည့်တိုင် ၄င်းတို့၏ အစဉ်အလာလူ့အဖွဲ့အစည်း အတွင်း အုပ်စိုးသူများ(သက်ကြီးဝါကြီးများ နှင့် ခေါင်းဆောင်များ) ကို ပြန်လည်ထိန်းညှိစစ်ဆေးနိုင်သူများအဖြစ် ရပ်တည်နေနိုင်ခြင်းကို ကြည့်မြင်နိုင်ပါသည်။ ထို့ကြောင့် အခြားသော အစဉ်အလာအတိုင်းတည်ရှိနေသည့် အင်စတီကျုးရှင်းများကိုလည်း အရပ်ဘက်လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းငယ်များအဖြစ် တူညီစွာ ရှုမြင်နိုင်ပါသည်။

သို့သော်လည်း သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ အာဖရိကရှိ အရပ်ဘက်လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အပေါ်တွင် လွှမ်းမိုးသက်ရောက်နိုင်စွမ်း နိမ့်ပါးသည်ဟုသိရသည်။ ယင်းမှာလည်း အာဖရိက အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်၌က တစ်ပိုင်းတစ်စစီ ကွဲပြားထွက်နေခြင်း အပြင် ကိုယ်ထူကိုယ်ထ လူမှုရေးအုပ်စုများ၊ မြို့ပြရှိ တတ်/သိအုပ်စုများစသည့် အမျိုးမျိုးသော အဖွဲ့အစည်းအသင်းအပင်းများနှင့် နိုင်ငံရေးစနစ်တို့အကြားချိတ်ဆက်နိုင်မှုများ အားနည်းလှသောကြောင့်လည်းဖြစ်သည်။

ဂလိုဘယ် အရပ်ဘက်လူ့အဖွဲ့အစည်း

၁၉၉၀ခုနှစ်များအတွင်း ကမ္ဘာတစ်လွှားတွင် အန်ဂျီအိုများ၏ လှုပ်ရှားဆောင်ရွက်မှုများ မြောက်များစွာတိုးမြှင့်ပေါ်ပေါက်လာခဲ့သည်။ အထူးသဖြင့် နိုင်ငံဖြတ်ကျော်အန်ဂျီအိုများ (transnational NGOs) နှင့် ကွန်ယက်များသည် ကမ္ဘာလုံးဆိုင်ရာ အရေးတကြီးကိစ္စ များစွာကို နိုင်ငံတကာ အာဂျင်ဒါများတွင် တင်ပြလာကြပြီး နိုင်ငံတကာ ကန်ပိန်းများ (ဥပမာ- မြေမြုပ်မိုင်းကိစ္စ၊ သွေးစွန်းသည့် စိန်တူးဖေါ်ရေးကိစ္စများ) ကိုလည်းစီစဉ်ဆောင်ရွက် လာကြသည်။ ၄င်းတို့သည် နိုင်ငံတကာ ကွန်ဖရင့်များတွင် တက်ရောက် ပါဝင်လာကြပြီး ပုံမှန်အားဖြင့် လစ်လျူရှုခံထားရသည့် လူအုပ်စုများအတွက် ကိုယ်စားပြုပြောဆိုခြင်းများ ပြုလုပ်လာခဲ့သည်။ ထို့အပြင် နိုင်ငံတကာအန်ဂျီအိုများသည် ဖွံဖြိုးရေးဆိုင်ရာအရေးကိစ္စများအတွက် အရွယ်အစားကြီးမား၍ စနစ်တကျစီစဉ်ဆောင်ရွက်သည့် ကန်ပိန်းများပြုလုပ်လာခဲ့ကာ အစိုးရ နှင့် ဖွံ့ဖြိုးရေး အေဂျင်စီများအား အော်တာနေးတစ်ဗ် ရှုထောင့်အမြင် များစွာကို တင်ပြလာခဲ့သည်။ ဤသို့ဖြင့် ကုလသမဂ္ဂ၏ စနစ်အတွင်း ၄င်းတို့၏ပါဝင်မှုကို အသိအမှတ်ပြုခံလာရပြီး ကုလသမဂ္ဂဖြင့် ပြန်လှန်ဆက်သွယ် ဆောင်ရွက်မှုများလည်း ဖြစ်ပေါ်လာခဲ့သည်။

ဤသို့ဖြင့် ဂလိုဘယ်အရပ်ဘက်လူ့အဖွဲ့အစည်း(global civil society) အယူအဆ မှာ ပညာရပ်ဆိုင်ရာနယ်ပယ်တွင် အထူးတလည် ဆွေးနွေးငြင်းခုံစရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ အချို့က ၄င်းသည် ဂလိုဘယ်လိုက်ဇေးရှင်း၏ ထင် ဟပ်ချက်တစ်ခုပင် ဖြစ်သည်ဟု ဆိုကြသည်။ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးမူဘောင် (framework of global governance) ကို လွှမ်းမိုးစေနိုင်သည့် ကောင်းမွန်သောအလားအလာများရှိနေပြီး၊ ကွဲပြားနေသည့် တည်ဆဲ လူ့အဖွဲ့အစည်းများအား ပေါင်းကူးပေးနိုင်မည်ဖြစ်သည်ဟု ရှုမြင်ကြသည်။ ဂလိုဘယ် အရပ်ဘက်လူ့အဖွဲ့အစည်း အယူအဆအား ဝေဖန်စောကြောသူများကမူ နိုင်ငံတကာအန်ဂျီအိုများ၏ ကျွမ်းကျင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းတို့ကို အကဲဖြတ်ရင်း ၄င်းတို့ကိုယ်၎င်းတို့ "ကမ္ဘာ့လူသားများ၏ကိုယ်စားလှယ်များ"အဖြစ် ပြောဆိုနေခြင်းမှာ မည်မျှ တရားဝင်မှု အတိုင်းအတာရှိပါသနည်းဟု မေးခွန်းထုတ်လာကြသည်။

တတိယကဏ္ဍဒီဘိတ်
အရပ်ဘက်လူ့အဖွဲ့အစည်းတွင် အကျိုးအမြတ်အတွက် မဟုတ်သော၊ ဆန္ဒအလျောက်ပါဝင်ဖွဲ့စည်းကြသော တတိယကဏ္ဍဟု ခေါ်ဆိုနိုင်သည့် အင်စတီကျုးရှင်းများ နှင့် အဖွဲ့အစည်းများ အများအပြား ပါဝင်လျက်ရှိပါသည်။ ၁၉၉၀ ခုနှစ်များအတွင်းတွင် နိုင်ငံတော်နှင့် ဈေးကွက်တို့၏ ကန့်သတ်ဘောင်များပြင်ပမှ လည်ပတ်လှုပ်ရှားလျက်ရှိသည့် အကျိုးအမြတ်ကိုဦးမတည်သော၊ အစိုးရချုပ်ကိုင်မှုမှ ကင်းလွတ်သော ယင်းတတိယကဏ္ဍအပေါ်၌ အထူးတလည် စိတ်ဝင်စားမှုများရှိလာကြပါသည်။ ကွဲပြားစုံလင်စွာ ဖြစ်တည်နေသည့်တိုင် တတိယကဏ္ဍမှ အဖွဲ့အစည်းများတွင် တူညီသော အရည်အသွေးများလည်း ကိုယ်စီရှိနေကြပါသည်။

-       အဖွဲ့အစည်းများအဖြစ် တည်ထောင်ဆောင်ရွက်ကြသောကြောင့် ဖွဲ့စည်းတည်ဆောက်မှုပုံစံများ(institutional presence) ရှိနေခြင်း
-       အကျိုးအမြတ်များအား စီမံခန့်ခွဲသူများ သို့မဟုတ် ပိုင်ဆိုင်သူများထံသို့ခွဲဝေမှုမပြုခြင်း
-       ကိုယ်ပိုင်အုပ်ချုပ်မှုပုံစံရှိနေခြင်း
-       မိမိဆန္ဒသဘောအလျောက် ပါဝင်ခြင်းဖြစ်၍ တရားဝင်အသင်းဝင်ဖြစ်မှု အရေးမကြီးခြင်း နှင့် ဆန္ဒအလျောက် အချိန်ပေးခြင်း၊ ငွေကြေးတစ်စုံတစ်ရာထည့်ဝင်ခြင်းစသည့် အမျိုးမျိုးသောနည်းလမ်းများဖြင့်ပါဝင်နိုင်ခြင်း
-       အသင်းဝင်များ သို့မဟုတ် အကျိုးခံစားခွင့်ရှိသူများအား ၀န်ဆောင်မှုများပေးခြင်း စသည်တို့ဖြစ်သည်။

တတိယကဏ္ဍသည် အများအားဖြင့် နားလည်ယူဆထားသည်ထက်ပို၍ စီးပွားရေး အင်အားတစ်ရပ် (economic force) ဖြစ်လာနိုင်သောကြောင့် (အထူးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် ၀န်ဆောင်မှုပေးနိုင်ခြင်း စသည်တို့နှင့် ပတ်သက်ပြီး ) ၄င်းအား ပိုမိုအားကောင်းဖွံဖြိုးလာစေနိုင်သည့် အခြေအနေများအပေါ်တွင်ဆွေးနွေးမှုများ ပေါ်လာပါသည်။ မည်ကဲ့သို့သော အဖွဲ့အစည်းအနေဖြင့် မည်ကဲ့သို့သော ၀န်ဆောင်မှုများကိုပေးနိုင်မည် ဆိုသည့် အကြောင်းအရာအပေါ်တွင် ဦးတည်ဆွေးနွေးတင်ပြလာကြသည်။ ဆိုရလျှင် ပင်မ အရပ်ဘက်လူ့အဖွဲ့အစည်းဒီဘိတ်မှာ တတိယကဏ္ဍဒီဘိတ်နှင့် အနည်းငယ်ခြားနားသည့် (တူညီသောအဖွဲ့အစည်းများ အပေါ်တွင် ဖြစ်သော်လည်း) ဦးတည်ချက်များအပေါ်တွင် ဖြစ်ပေါ်လေ့ရှိပါသည်။ ဥပမာအားဖြင့် ပင်မအရပ်ဘက်လူ့အဖွဲ့အစည်းဒီဘိတ်တွင် အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ အသင်းအဖွဲ့များ၏ ဒီမိုကရေစီဖြစ်စဉ်အပေါ် သက်ရောက်ပြောင်းလဲစေနိုင်စွမ်းအပေါ်ကို အဓိကဦးတည်ခြင်းမျိုးဖြစ်သည်။
(ဆက်ရန်)

Thania Paffenholz နှင့် Christoph Spurk တို့၏ Civil Society, Civic Engagement and Peace Building စာတမ်းမှ ကောက်နှုတ် ပြန်ဆိုသည


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/14/2013 01:56:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.