[mrsorcerer:37600] Fwd: [လူဗိုလ်ဟူသည် ...] တန်ဘိုးအကြောင်းတွေးကြည့်ခြင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/17
Subject: [လူဗိုလ်ဟူသည် ...] တန်ဘိုးအကြောင်းတွေးကြည့်ခြင်း
To: lubo601@gmail.com


တစ်နေ့……၊
အဲဒီတစ်နေ့မှာ ကျွန်တော်ဟာ lexus ကားကြီးကိုမောင်းပြီး လူ၊ ဆိုင်ကယ်၊ ကား ၊ မြင်းလှည်း စတာ တွေ အင်မတန်းရှုပ်ထွေးလွန်းလှတဲ့ မြို့ငယ်လေးတစ်မြို့ထဲကို ၀င်လာမိပါတယ်။Lexus ကားကို ကိုယ်တိုင် မောင်းပြီးမြို့ထဲကို ၀င်လာတယ်ဆိုလို့ ကျွန်တော့်ကို အထင်မကြီးပါနဲ့။ ကျွန်တော်ပိုင်တာ မဟုတ်ပါဘူး။ သူဌေး က ဆီဖြည့်ခိုင်းလို့ မြို့ထဲကဆိုင်မှာ ဆီဖြည့်ဖို့မောင်းလာမိတာပါ။ ထားပါတော့လေ။
အဲဒီလို lexus ကားကိုမောင်းလာတယ်ဆိုတဲ့အခါကျတော့ ဒီလိုကားမျိုးဆိုတာ မိတ်ဆွေတော်တော် များများလည်း သိကြမှာပါ။ တန်ဖိုးကနည်းတာမဟုတ်ပါဘူး။ ဆိုလိုတာက lexus ဆိုတဲ့ကားဟာ တော်ရုံ လူတွေနဲ့လက်လှမ်းမမှီလောက်အောင်ဝေးကွာနေတယ်လို့ မပြောရဲပေမယ့် တန်ဖိုးမြင့်လွန်းတဲ့ ကားအမျိုး အစားဆိုတာကတော့ သေချာတဲ့အချက်တစ်ခုပါ။

အဲဒီလိုကားမျိုးကို တာဝန်ယူမောင်းနှင်လာရတယ်ဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်မှာ တာဝန်ကြီးလွန်းလှပါတယ်။ အထူးသဖြင့် ရှုပ်ထွေးကျဉ်းမြောင်းလွန်းလှတဲ့ ဒီမြို့ငယ်လေးမှာ ပိုတောင်ဂရုစိုက်ရ ပါသေးတယ်။ မတော်တဆ စက်ဘီးနဲ့များချိတ်မိခဲ့ရင်၊ မြင်းလှည်းနဲ့များ တိုးမိခဲ့ရင်၊ ကားတစ်စီးစီးနဲ့များ ပွတ်မိခဲ့ ရင် ကျွန်တော်ဘ၀က ရင်လေးစရာတော်တော်ကောင်းမယ်ဆိုတာသိနေပါတယ်။
အဲဒါကြောင့် ကျွန်တော် ဆီဆိုင်ကို မရောက်ခင်အထိ တော်တော်လေး သတိထားမောင်းနှင် နေရပါ တယ်။  ကားကို ပုံမှန်လေး မောင်းရင်းနဲ့ သတိတရားကိုအချိန်ပြည့် လက်ကိုင်ထားနေရပါတယ်။
အဲဒီအချိန်မှာပဲ ဟွန်းသံရှည်တစ်ခုကိုကြားလိုက်လို့ နောက်ကြည့်မှန်ထဲကို  လှမ်းကြည့်မိတော့ ဆိုင်ကယ်တစ်စီးက ကျွန်တော်မောင်းတဲ့ lexus ကားကို ကျော်တက်ဖို့အသည်းအသန်ကြိုးစားနေတာကို တွေ့ လိုက်ရပါတယ်။
ဆိုင်ကယ်ဟာ ကျော်တာမှ ရိုးရိုးကျော်တက်တာမဟုတ်ပဲ မထီလေးစား၊ မခန့်လေးစားနဲ့ ဘယ်ဝိုက် လိုက် ညာဝိုက်လိုက်နဲ့ လုပ်ချင်သလိုလုပ်ပြီး ကျော်ဖို့ကြိုးစားနေတာပါ။လူကိုကြည့်တော့လည်း တော်တော်လေး ငယ်သေးတဲ့ ပုံစံလေးကို တွေ့နေရပါတယ်။
ကျွန်တော့်အနေနဲ့ကလည်း သူကကျော်ချင်နေတယ်ဆိုတာကို သိနေပေမယ့် အလွယ်တကူကျော်ခွင့် ပေးဖို့ဆိုတာ မလွယ်လှပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လမ်းက တအားကျဉ်းလွန်းတာရယ် ၊ အသွားအလာ ရှုပ်ထွေးလွန်းတာရယ်ကြောင့် ဘေးကိုကပ်ပေးဖို့ဆိုတာ သိပ်မဖြစ်နိုင်လို့ပါ။ ဒါကို ဆိုင်ကယ်မောင်းတဲ့ ကောင် လေးက သဘောပေါက်ပုံမရပါဘူး။
ပြီးတော့ လူငယ်သဘာဝမို့ သူ့ဆိုင်ကယ်ဟာ ဘယ်လောက်ကောင်းကြောင်း၊ သူ ဆိုင်ကယ်စီး ဘယ် လောက်ကျွမ်းကျင်ကြောင်း၊ဒီလောက်ကောင်းတဲ့ကားကြီးကို ကျော်နိုင်လွှားနိုင်တယ်ဆိုရင်ဖြင့် သူဘယ်လောက် ဂုဏ်ရှိကြောင်း စတဲ့ အတွေးတွေရှိနေပုံရပါတယ်။
ဒီလိုနဲ့ပဲ တစ်နေရာကိုရောက်တဲ့အချိန်မှာတော့ အလွန်ပြင်းထန်တဲ့ အရှိန်နဲ့ကျွန်တော့်ကားကို အတင်း ကျော်တက်သွားပါတော့တယ်။ ကျော်တက်တဲ့အချိန်မှာ ကျွန်တော်သာ တစ်ချက်လောက် ဘရိတ်မမှေးခဲ့မိရင် ကျွန်တော့်ကားနဲ့ငြိမှာ သေချာသလောက်ပါပဲ။ ပြောရရင် ကျွန်တော်နည်းနည်းတော့ ပေါက်ကွဲသွားမိပါတယ်။ ပါးစပ်ကလည်း တစ်ခုခုပြောလိုက်ဖို့ စဉ်းစားလိုက်မိပါတယ်။ ဒါကြောင့် ကားကို အရှိန်နဲနဲမြှင့်ပြီး သူရှိနေတဲ့ ဘက်အခြမ်းက မှန်ကို ဖွင့်လိုက်ပါတယ်။
မှန်ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် ကျွန်တော်ဘာမှမပြောရသေးခင်မှာပဲ ဆိုင်ကယ်စီးကောင်လေးက ကျွန် တော့်ကို အရင်ဦးအောင် လှမ်းပြောလိုက်ပါတော့တယ်။
``ဟိတ်လူ ကားအကောင်းစားကြီးကို မောင်းပြီ တုံ့နှေးတုံ့နှေး လုပ်မနေနဲ့ ၊ လမ်းသွားလမ်းလာ တွေအတွက်လည်း အနှောက်အယှက်ဖြစ်တယ်။ ဆိုင်ကယ်တစ်စီးလောက်တောင်မှ ပြေးအောင် မောင်းလို့မရ တဲ့ကားကို မီးသာရှို့ပစ်လိုက်တော့´´တဲ့။
ကျွန်တော်ဘာမှ ပြန်မပြောနိုင်သေးခင်မှာပဲ လီဗာကို တအားနင်းပြီး ကျွန်တော့်ကို မထီလေးစားတဲ့ အကြည့်နဲ့ တစ်ချက်ပြန်ကြည့်ကာ တဟုန်ထိုးမောင်းထွက်သွားပါတော့တယ်။
စပါပြီ ။အဲဒီမှာပဲ ကျွန်တော့်အတွေးက စပါတော့တယ်။
တကယ်တော့ lexus ကားကြီးဆိုတာ တန်ဘိုးကကြီးလွန်းလှပါတယ်။ တစ်ခုခုနဲ့ မတော်တဆ ငြိခဲ့ ရင်လည်း  ကိုယ့်ဘက်က တန်ဘိုးကြီးလွန်းတဲ့အတွက် ဆုံးရှုံးမှုတွေများမှာ သေချာပါတယ်။ အလျော်ရဖို့ဆိုတာ ကလည်း ကိုယ့်နဲ့ငြိစွန်းတဲ့သူက လျော်နိုင်တဲ့သူဖြစ်ဦးမှလေ။ လျော်နိုင်တယ်ပဲထားဦးတော့ အသစ်လိုတော့ ပြန်ကောင်းမှာမဟုတ်ပါဘူး။ ဒီကားကြီးရဲ့မူလတန်ဘိုး၊ မူလဂုဏ်သိက္ခာ ၊ မူလအခြေအနေ၊ စတာတွေဟာ လျှော့ပါးသွားမယ်ဆိုတာကတော့ အသေအချာပါပဲ။
တန်ဘိုးကြီးလွန်းတဲ့အတွက် တစ်ခုခု ဆုံးရှုံးရမှာကို ပိုပြီးကြောက်ရပါတယ်။ ပိုပြီးဆင်ခြင်ရပါတယ်။ ပိုပြီး သတိထားရပါတယ်။ ပိုပြီးတွက်ဆရပါတယ်။ ပိုပြီးမျှော်မြှင်ရပါတယ်။ ပိုပြီးရှေ့ကို မျှော်ကြည့်ရပါတယ်။ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ သွားချင်သလိုသွား ၊လုပ်ချင်သလိုလုပ်မိလို့ တစ်ခုခု အဆင်မပြေ ဖြစ်ခဲ့ ရင် ပေးဆပ်ရမှာတွေကများလွန်းတဲ့အတွက် တတ်နိုင်သမျှ ထိမ်းရသိမ်းရတာပါ။
ဟော …ဆိုင်ကယ်ဆိုတာကတော့ တန်ဘိုးလည်း မများလွန်းလှပါဘူး။ တစ်ခုခုနဲ့ မတော်တဆငြိခဲ့ရင် လည်း ဆိုင်ကယ်တန်ဘိုးကနည်းလွန်းတဲ့အတွက် ဆုံးရှုံးမှုကလည်း မများနိုင်ပါဘူး။ ဆိုင်ကယ်ရဲ့မူလတန်ဘိုး ၊ မူလဂုဏ်သိက္ခာ၊ မူလ အခြေအနေ၊ စတာတွေလျှောပါးသွားနိုင်ပေမယ့် lexus လောက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှု မဖြစ်တာကတော့ အသေအချာပါပဲ။
တန်ဘိုးနည်းလွန်းတဲ့အတွက် တစ်ခုခုဆုံးရှုံးရမှာကို lexus ကားကြီးလောက်မကြောက်ရပါဘူး။lexus ကားကြီးလောက်လည်း ဆင်ခြင်စရာ၊ သတိထားစရာ၊တွက်ဆစရာ၊ မျှော်မြှင်စရာ၊ရှေ့ကို မျှော်ကြည့်စရာ  သိပ် မလိုအပ်ပါဘူး။ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ သွားချင်သလိုသွား၊ လုပ်ချင်သလိုလုပ်မိလို့ တစ်ခုခု အဆင်မပြေဖြစ်ခဲ့မိရင်လည်း ပေးဆပ်ရမှာက lexus ကားကြီးလောက်မများလွန်းတဲ့အတွက် သိပ်ပြီး ထိမ်းထိမ်း သိမ်းသိမ်း လုပ်နေစရာမလိုပါဘူး။
လောကကြီးက အဲဒါပါပဲ။ တကယ်တော့ ကျွန်တော့်တို့လူနဲ့ လူပတ်ဝန်းကျင်မှာလည်း ဒီလိုပါပဲ။ လူတစ် ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်တန်ဘိုးထားဖို့ဆိုတာ ကိုယ်ကိုယ်တိုင်တန်ဘိုးရှိနေဖို့ သိပ်လိုအပ်ပါတယ်။
ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့ တန်ဘိုးရှိတဲ့လူဆိုတာဘာလဲ။ ငွေရှိတယ်၊ အာဏာရှိတယ်၊ ရာထူးရှိတယ်၊ဒါတွေရှိမှ တန်ဘိုးရှိတဲ့လူလို့ ဆိုလိုတာမဟုတ်ပါဘူး။ အဓိကကတော့ တန်ဘိုးရှိတဲ့သူဆိုတာ အကျင့်စာရိတ္တမြင့်မားတဲ့သူကို ဆိုလိုတာပါ။ ငွေမရှိ၊ ရာထူးမရှိ၊ အာဏာမရှိပေမယ့်လည်း အကျင့်စာရိတ္တ မြင့် မားနေမယ်ဆိုရင်လည်း ဒီလူဟာ တန်ဘိုးရှိတဲ့လူပါပဲ။ တစ်ခုတော့ရှိတာပေါ့လေ။ ငွေ၊ ရာထူး၊ အာဏာလည်း ရှိ၊ အကျင့်စာရိတ္တလည်း မြင့်မားမယ်ဆိုရင်တော့ အဲဒီလူတစ်ယောက်ရဲ့တန်ဘိုးဆိုတာ ဆိုဖွယ်ရာမရှိတော့ဘူး ပေါ့နော်။
အဲဒါကြောင့်ကျွန်တော်တို့ဟာ ငွေ၊ ရာထူး၊ အာဏာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တန်ဘိုး ဆိုတဲ့ စာရိတ္တမြင့်မားအောင်တော့ တတ်နိုင်သမျှ ကြိုးစားရပါလိမ့်မယ်။ အကျင့်စာရိတ္တမြင့်မား လာပြီဆိုရင် လူတစ် ယောက်ဟာ ကိုယ့်ကိုယ်ကို တန်ဘိုးရှိတဲ့လူလို့သတ်မှတ်လာပါတယ်။
ကိုယ့်ကိုယ်ကိုတန်ဘိုးရှိသူလို့ သတ်မှတ်လာပြီဆိုရင် ကိုယ့်ဘက်က တစ်ခုခုကို အသားလွတ် ဆုံးရှုံးရ မှာကို ကြောက်လာပါတယ်။ တစ်ခုခုကို အသားလွတ်ဆုံးရှုံးရမှာကြောက်လာပြီဆိုရင် ပြောချင်သလိုပြော ၊ လုပ်ချင်သလိုလုပ်၊ နေချင်သလိုနေ၊ သွားချင်သလိုသွား၊ စားချင်သလိုစားပြီး တန်ဘိုးမဲ့စေမယ့်လုပ်ရပ်တွေကို လုပ်ဖို့ ၀န်လေးလာတတ်ပါတယ်။ အဲဒီလို ပရမ်းပတာလုပ်ဖို့ ၀န်လေးလာတဲ့လူတွေ များလာခဲ့ရင် ကျွန်တော်တို့ လူမှုဝန်းကျင်ဟာလည်း တန်ဘိုးမြင့်လာပါတယ်။ သိက္ခာရှိလာပါတယ်။ သာယာအေးချမ်းလာပါတယ်။ ငြိမ်းချမ်း လှပ လာပါတယ်။
ဆန့်ကျင်ဘက်ပြန်တွေး၊ ပြန်ပြောရမယ်ဆိုရင် လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်တန်ဘိုးမဲ့သူအဖြစ် သတ်မှတ်လာပြီ၊ ဒါမှမဟုတ် တန်ဘိုးမဲ့သူတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ဘက်က တစ်ခုခုကို အသားလွတ် ဆုံးရှုံးရမှာကို မကြောက်တော့ပါဘူး။ တစ်ခုခုကို အသားလွတ်ဆုံးရှုံးရမှာ မကြောက်တော့တဲ့အတွက် ပြောချင် သလိုပြော ၊ လုပ်ချင်သလိုလုပ်၊ နေချင်သလိုနေ၊ သွားချင်သလိုသွား၊ စားချင်သလိုစားပြီး တန်ဘိုးမဲ့စေမယ့် လုပ်ရပ်တွေကို လုပ်ဖို့လည်း တာဝန်မလေးတော့ပါဘူး။ အဲဒီလို ပရမ်းပတာလုပ်ဖို့ ၀န်မလေးတော့တဲ့လူတွေ များလာခဲ့ရင် ကျွန်တော်တို့ လူမှုဝန်းကျင်ဟာလည်း တဖြေးဖြေးနဲ့ တန်ဘိုး နိမ့်ကျလာတတ်ပါတယ်။ သိက္ခာမဲ့ လာတတ်ပါတယ်။ ပူလောင်ဆူပွက် လာတတ်ပါတယ်။ ဆိုးရွား အကျည်းတန် လာတတ်ပါတယ်။
အဲဒါကြောင့် အနှစ်ချုပ်ပြောချင်တာကတော့ ကိုယ့်နဲ့ကိုယ့်ပတ်ဝန်းကျင် သာယာအေးချမ်းလှပပြီး နေချင်စဖွယ်ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင်တန်ဘိုးရှိတဲ့လူဖြစ်ဖို့ အရင်ကြိုးစားပါ။ ကိုယ့်ပတ်ဝန်းကျင် က လူတွေ တန်ဘိုးမြင့်လာအောင် တတ်နိုင်သလောက်ကူညီဖေးမပါ။
ကိုယ်ကိုယ်တိုင်နဲ့ ကိုယ်ပတ်ဝန်းကျင်မှာ တန်ဖိုးရှိတဲ့လူတွေများလာပြီဆိုရင်တော့ ကိုယ်နေတဲ့နေရာ၊ ကိုယ်နေတဲ့နိုင်ငံဟာလည်း ပျော်ရွှင်စရာအတိဖြစ်နေရပါမယ်လို့ ကျွန်တော် ရဲရဲကြီး အာမခံရဲကြောင်းပါ ခင်ဗျာ။

မောင်အေးကို(ပေါင်းတလည်)
၆း၅၅ ညနေ၊ ၁၇.၆.၂၀၁၂၊ တနင်္ဂနွေ။

http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A821397&xgs=1&xg_source=msg_share_topic မှ ....

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/18/2013 01:48:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.