[mrsorcerer:37610] Fwd: [လူဗိုလ်ဟူသည် ...] “မန်းဒဏ္ဍာရီ”



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/18
Subject: [လူဗိုလ်ဟူသည် ...] "မန်းဒဏ္ဍာရီ"
To: lubo601@gmail.com


by Soe Min (Notes) on Monday, March 18, 2013 at 5:16am
 
          အခုတစ်ခေါက် မန္တလေးသွားဖို့ ကြုံလာတော့ အိမ်ကသားအမိကို စိမ်းရောင်စိုသီချင်းထဲကလို "တကယ်လို့များ ကိုယ်ပိုင်ကားနဲ့ ဘုရားစုံလည်၊ ဘုရားစုံလည်မလို့ လိုက်ကြမှာလားကွယ်။ မောင့်… လိုက်ကြမှာလားကွယ်။" လို့ မေးလိုက်တဲ့အခါ သီချင်းထဲကအတိုင်း "လိုက်မယ်။ လိုက်မယ်။" နဲ့ ညာသံပေးမလာပါဘူး။ "ဘာနဲ့ သွားမှာတုန်း။ လေယာဉ်ပျံနဲ့မှ လိုက်နိုင်မယ်။" လို့ သမီးဆီက တစ်ချက်လွှတ်အမိန့်ကျလာပါတယ်။ ခက်ပါသော်ကော သမီးရယ်။ အဖေက ဟာရိုးရော်ဘင်မှ မဟုတ်တာ။ ဘယ့်နှယ် လေယာဉ်ပျံကြီးတ၀ီဝီ ကောင်းကင်ထက်မှာမြည်နဲ့ ခရီးသွားနိုင်မှာတုန်း။ နောက်ဆုံးတော့ မူဆယ်၊ လောက်ကိုင်ကို စားရိတ်ခံ စပွန်ဆာပေးပြီး အလည်အပတ်သွားဖို့ အဖော်စပ်တဲ့ သွားဆရာဝန်ကလေးနဲ့ အရင်းမစိုက် လှေထိုးလိုက်ရတယ်။ ဟိုဘက်မှာတော့ သမီးလေးတို့ကို ထူးထူးထွေထွေ သတိမရမိပါဘူး။ မိတ်ဟောင်းဆွေဟောင်း၊ နယ်သစ်မြေသစ်တွေက ဆွဲဆောင်တာကိုး။
မန်းလေးရောက်လို့ "တို့မန္တလေး မြို့ကြီးရဲ့ ပတ်လည်တခို…" ဆို လည်ဖြစ်ပတ်ဖြစ်တော့မှပဲ သမီးကို တတတ သတိရမိတယ်။ သမီးက ပုံပြင်ကြိုက်တယ် မဟုတ်လား။ ဒီမန်းလေးဝန်းကျင်မှာ အင်မတန် ပုံပြင်ဆန် ဒဏ္ဍာရီဆန်တဲ့ နေရာလေးတွေ အများကြီးပဲ သမီးရဲ့။ ဘယ်နေရာမဆို ရာဇ၀င်သမိုင်းကြောင်းကလေးနဲ့၊ ရှေးဖြစ်ဟောင်း အောင့်မေ့ဖွယ်ကလေးတွေနဲ့ ဆိုတော့ သမီးသာပါလာရင် ပုံပြင်ဟောင်းတွေ ပြန်အစဖော်နေရတာနဲ့ ခရီးတောင် တွင်မယ် မထင်။ သမီးမပြောပါနဲ့လေ။ သူ့အဖေကိုယ်တိုင်တောင်  အဲသည်နေရာတွေ အရင်က ရောက်ဖူးတာ မဟုတ်ဘူး။ သူများပြောတာကြားဖူး၊ စာထဲပေထဲ ဖတ်ဖူးရုံရှိတာ။ သေသေချာချာ ပြောရရင်တော့ သီချင်းကလေးတွေကတဆင့် ကြားဖူးထားတာကလေးတွေက အခုလူကိုယ်တိုင် အရှင်လတ်လတ်ကြီး ရောက်လိုက်မှ ဇာတ်ရည်လည်လာတာတွေလည်း ရှိတယ်။
          မန္တလေးမြို့ကြီးဟာ ရှေးမြန်မာဘုရင်တွေ နန်းလေတည်စိုက်ရာ ဆိုပြီး ထီးစိုက်နန်းတည်ပြုခဲ့ပေမယ့် တကယ်တော့ ဘ၀ရှင်မင်းတုန်းမင်းတရားကြီးနဲ့ သားတော် သီပေါဘုရင်မင်းမြတ် နှစ်ပါးသာ  စိုးစံခဲ့ကြရတာပါ။ သို့သော်လည်း ဘိုးတော်မင်းတရားကြီး နန်းစိုက်ခဲ့တဲ့ အမရပူရရွှေနန်းတော်ကလည်း ခုချိန်မှာ မန္တလေးနဲ့ တဆက်တည်းဖြစ်နေ၊ စစ်ကိုင်း နဲ့ အင်းဝနေပြည်တော်ကြီးတွေကလည်း မြစ်ကမ်းကလေးပဲခြားတာဆိုတော့ သန်လျင်နဲ့ ဒလလောက်တောင် ဝေးတာ မဟုတ်တော့ဘူး။ ဟိုဘက်ဆီက ငါးမည်ရပြည်ရွှေဘိုရောက်အောင် ဆက်တက်ရင်တောင် အပုံမဝေးဘု ရောက်လုပါပြီ သမီးရယ်။ ဒီတော့ အထက်အညာ မန္တလေးတ၀ိုက်ဆိုတာ မြန်မာတွေရဲ့ အသည်းနှလုံးရပ်ဝန်းတွေ လို့ ပြောရရင် မှားတော့ မမှားဘူးပေါ့။ ဘယ်နေရာကိုသွားသွား၊ ဘာပဲ ပြောပြော ရာဇ၀င်ရှိတယ်ဆိုတာ သမီးမယုံရင် အခု ပုံပြင်ကလေးတွေနဲ့ သက်သေထူပြမယ်။ မြန်မာရာဇ၀င်ထဲမှာ သင်ခဲ့ရတဲ့ ဘုရင်မင်းမြတ်ကြီးများနဲ့ သူတို့ရဲ့ ကောင်းမှုတော် စေတီပုထိုးတွေကလည်း အများသား မဟုတ်လား။ ဘုရားလေးဖူးလိုက်၊ သမိုင်းကြောင်းလေး ပြန်နွှေးလိုက်၊ ပတ်ဝန်းကျင် ပထ၀ီအနေအထားကလေး စေ့ငုကြည့်လိုက်၊ လူမှုဘ၀ အခြေအနေကလေးတွေ တစေ့တစောင်း အကဲခတ်လိုက်နဲ့ဆိုတော့ အင်မတန် စိတ်ဝင်စားဖို့ ကောင်းတာကလား။ အဖေ့ကျတော့ အတွေးနယ်ကလေးချဲ့ပြီး စာတိုပေစကလေး ပြန်ရေးပြရတဲ့ အလုပ်တစ်ခု ပိုလာတယ်။ ဒါလည်းပဲ နွားများ စားမြုံ့ပြန်သလို အဖန်တလဲလဲ အရသာခံတဲ့သဘောပဲပေါ့။
          ဟိုးတခေါက်လာတုန်းက အင်းဝကို မရောက်ဖူးလို့ လိုက်ပို့ပါဆိုပြီး အဲဒီကနေ တံတားဦးဘက်အထိ ပတ်တဲ့အခါ မန္တလေးနဲ့ လှေတရွှတ်စာကလေး ဝေးရုံနဲ့ ပီဘိအညာကျေးလက်ကလေး ဖြစ်သွားတဲ့ မြန်မာရာဇ၀င်မှာ နန်းစိုက်တော်တော်များတဲ့ မင်းနေပြည် အဟောင်းကလေးကို စိတ်ဝင်စားဖြစ်တယ်။ စာထဲပေထဲမှာတော့ နေ၀င်မြင်သည် ၀ရွှေပြည်ဆိုတာ တယ်သာယာတာပဲ သမီးရယ်။ အညာက လုံမပျိုကလေး ကမ်းတဲ့ ဖက်ဆေးလိပ်ကလေးတောင် ပျိုတို့မောင် ရွှေဝသွားကိုမှ ပါးချင်ပါသတဲ့။ အင်းဝဆိုတဲ့ နံမယ်ကလေးဟာ သူတို့အနောက်နိုင်ငံက စာပေရာဇ၀င်ထဲမှာတောင်မှ Ava ဆိုတဲ့ ကိုယ်ပိုင် အသုံးအနှုန်းနဲ့ လူတိုင်းသိကြတယ်။ ဒါပေမယ့်လည်း အခုတော့ တိတ်ဆိတ်ခြောက်ကပ်နေတယ်ဆိုပေမယ့် အဖေ့မျက်စိထဲမတော့ အရမ်းကို အေးအေးချမ်းချမ်းနဲ့ မြန်မာဆန်တဲ့နေရာကလေး၊ အညာဆန်တဲ့နေရာကလေး လို့ ခံစားရတယ်။ အင်းဝ နဲ့ မန္တလေးသာ ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတားကြီးတွေလို ကူးလူးရှက်သန်းသွားမယ်ဆိုရင် ပန်းလှိုင်၊ န၀ဒေး၊ လှိုင်သာယာတို့လိုပဲ တိုက်တာအိမ်ခြေကလွဲလို့ သာသာယာယာ မရှိတော့တဲ့ ဆင်ခြေဖုံးကြီးတွေ ဖြစ်သွားမှာပဲ။ အမိန့်တော်ရ သူဌေးမင်းကြီးတွေ ရွှေနဲ့စက်ပြီးရောင်းစားဖို့ ဆင်းရဲသားကျောမွဲတွေက လယ်ပျောက်ယာပျောက်၊ အိုးပျောက်အိမ်ပျောက်၊ မွေးရပ်မြေစွန့်ကြရဦးမယ်။ တိုးတက်တယ်ဆိုတာ နေရာတိုင်းလည်း မကောင်းသေးပဲကိုး။ အခုဆို လူတွေက မုံရွာဘက် အာရုံရောက်နေတုန်း၊ ကန်တော်ကြီးပတ်ချာလည်က နိုင်ငံတော်ပိုင်တွေက ပုဂ္ဂလိကလက်ပါကုန်ပြီ။ တိရိစ္ဆာန်ဥယျာဉ်ကြီးတောင် "Life of Pi" ရုပ်ရှင်ထဲက Piscine ကလေးတို့မိသားစုလိုပဲ ဖယ်ပေးကြရတော့မယ်။ ဒီနေရာတွေက တယ့်အချက်အချာ နေရာကြီးတွေမှာ ရှိတာဆိုတော့ နောင်ကျ မိုးပျံအဆောက်အဦကြီးတွေ ပေါ်လာရင် နိုင်ငံတော်အတွက် (အဲသလိုတော့ ပြောရတာပလေ) အကျိုးအမြတ် အများကြီးရှိလိမ့်မယ်တဲ့။ ဒါပေမယ့် အဲဒီအထဲက ငှက်တစ်သောင်း နားခိုရာ သက်တမ်းရင့် သစ်ပင်ကြီးတွေ အကုန်လုံး ပန်းပုရုပ်တွေ ဖြစ်ကုန်တော့ ချည်ခင်စွပ်ကလေးတွေ၊ သင်တိုင်းဝတ်ကလေးတွေက ဘယ်ဓါတ်တိုင်မှာ မိုးခိုရပါ့မလဲ။
        နေပူတော်က ဖေတို့ ရောက်ခဲ့ဖူးတဲ့ ဆာဖာရီဥယျာဉ်ကြီးကို သမီးမှတ်မိသေးသလား။ တိရစ္ဆာန်လေးတွေ သနားစရာကောင်းလိုက်တာကွယ်။ ထီးတစ်ရွက်စာ မရှိတရှိ သစ်ကိုင်းကလေးအောက်မှာ  လျှာကလေးတွေထွက်နေအောင် အရိပ်ခိုနေကြရရှာတယ်။ အပင်မပါတဲ့ လွင်တီးခေါင်မှာ အကောင်ကလေးတွေ လျှောက်သွားနေကြရတာဟာ သမီးတို့ဖတ်စာအုပ်ထဲက လူဝီအမ်းစထရောင်းကြီး လကမ္ဘာမှာ လမ်းလျှောက်နေတာနဲ့ မတူဘူးလား။ ဒါပေမယ့်လည်း သမီးရယ်။ လူတွေ အကျိုးစီးပွားအတွက်ဆိုရင် တိရစ္ဆာန်ဆိုတာ ခေါင်းထဲထည့်စဉ်းစား စကားထဲထည့်ပြောနေစရာမှ မဟုတ်တာကွယ်။ အခု သူတို့ လူအချင်းချင်းတောင်မှ တချို့လူတွေရဲ့ အကျိုးစီးပွားအတွက် တရပ်လုံးတရွာလုံး ကြိမ်မီးအုံးကြရတာတွေ မမြင်ချင် မကြားချင်မှအဆုံးပဲ။  မြိန်လို့ မြိုရက်မှဖြင့် နင်မနေပါစေနဲ့တော့။ ဆက်ကြဦးစို့လား။ အင်းဝ နဲ့ အင်းစိန် က မြေပုံပေါ်မှာသာ မနီးတာ။ ဖေရေးတဲ့စာထဲမတော့ တော်တော်နီးနေပြီ။
          ခုတစ်ခေါက် ရောက်တဲ့အခါမတော့ ဆရာကြီးဦးသန်းဝင်းက ကားတစ်စီး ဆီအပြည့်နဲ့ သင်သွားလိုရာသွားနိုင်သည်ဆိုပြီး နိဗ္ဗာန်ကူးတို့ ပို့ပေးထားတော့ ဖေလည်း သိပ်စဉ်းစားမနေပါဘူး။ စစ်ကိုင်း၊ မင်းကွန်းဘက်ကို ခြေဦးလှည့်ခဲ့တယ်။ ဒါကျတော့ တကယ့်သာသနာ့နယ်မြေတွေပါလား။ ဖေဖြင့် စိတ်တောင် မကောင်းဘူး။ သမီးအဖွားကို တကူးတက စားရိတ်ခံပြီး ဗုဒ္ဓဂါယာကိုသာ ပို့ပေးခဲ့တာတောင် သူက ၀မ်းသာလွန်းလို့ တဖွဖွ ပြောမဆုံးဘူး။ ဒါပေမယ့် တကယ်တော့ ဖေ့စိတ်ရင်းအတိုင်းသာဆိုရင် ဟောသည်စစ်ကိုင်း မင်းကွန်းဘက်ကိုသာ မရောက်ရောက်အောင် ပို့ပေးသင့်တာ လို့ ဆိုချင်တော့တယ်။ ဟိုမှာက ဗုဒ္ဓမြတ်စွာ ပွင့်ရာဒေသ မဇ္ဇိမဆိုပြီး သံဝေဇနိယဌာနတွေကို ဘုရားဂုဏ်တော် ရည်စူးဖူးမြှော် ကြည်ညိုရတာ။ စစ်ကိုင်းမင်းကွန်းမှာတော့ ဘုရားဂုဏ်တော်တင်မကဘူး။ တရားဂုဏ်တော်၊၊ သံဃာ့ဂုဏ်တော်တွေကိုပါ ကိုယ်တွေ့မျက်မြင် ကြည်ညိုသဒ္ဒါပွားနိုင်တယ်။ ကိုအံကြီး သီချင်းထဲက "တောင်တွေစိမ်းလန်း၊ ချောင်တွေသိန်းသန်း၊ ခေမာသောင်ကမ်း တက်လှမ်းအောင်ရာမြေ" ဆိုတာ ကိုယ်တိုင်ရောက်တဲ့အခါ အပိုမပြောမှန်း သိလိမ့်မယ်။ နန်းတော်ရှေ့ကြီးရေးတဲ့ "စစ်ကိုင်းအနောက်ဘက် တောင်တွေမယ် တို့ပစ္စည်းတွေ ရှိနေတယ်။ နိဗ္ဗာန်ရောက်အောင် ဆောင်ယူဖွယ် နန်းတော်ရှေ့ကို မေးလာကြရင် သူဌေးဝါဒလို့ ကျွန်တော် ပြောပြလိုက်မယ်။" ဆိုတာ အစတုန်းက ဆရာတင်ကြီးဟာ ကြွားစရာမရှိ ရှာကြံပြီး စစ်ကိုင်းတောင် သိုက်သမိုင်းဝတ္ထုတွေထဲက ရွှေမန်ကျည်းခုနှစ်ပင်ကို စာရင်းတင်ထားတယ် မှတ်တာ။ တကယ်တော့ သူပြောချင်တာ အဲဒါ မဟုတ်မှန်း ကိုယ်တိုင်ရောက်မှ သဘောပေါက်တယ်။ စစ်ကိုင်းမှာ တောင်တွေ ချောင်တွေ အပြည့် သာသနာ့ဝန်ထမ်းပေါင်းများစွာ မရေနိုင်မတွက်နိုင်အောင် ရှိကြသဗျ။ ရပ်ခံရွာခံ ဆင်းရဲသားအားကိုးနဲ့သာ ဆွမ်းခံစားရစတမ်းဆို ကိုရင်စာတောင် လောက်အောင်ရမှာ မဟုတ်ဘူး။ ဒေသခံတွေ ဆွမ်းမလောင်းလို့ ပြောတာ မဟုတ်ဘူးနော်။ ဆရာ ဒကာ အချိုးအစားက ဘယ်လိုမှ မမျှဘူးလို့ ပြောတာ။ ဒါပေမယ့် စစ်ကိုင်းတောင်ရိုးက ဘုန်းကြီး၊ သီလရှင် ဘယ်ခေတ်တုန်းကမှ ဆွမ်းကွမ်းရိက္ခာ ခက်ခဲရှားပါးတယ် မကြားဖူးဘူး။ အဲဒါ ဘာကိုပြောတာလဲဆိုတော့ စစ်ကိုင်းဆိုတာ ဖေတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက ဒါနမျိုးစေ့တွေ စိုက်တဲ့ပျိုးတဲ့ နေရာတစ်ခုလို့ဆိုချင်တာ။ အဲဒီဥစ္စာပစ္စည်းကမှ နန်းတော်ရှေ့ကြီးပြောတဲ့ နိဗ္ဗာန်ရောက်အောင် ဆောင်ယူဖွယ် ဖြစ်တာ မဟုတ်ဘူးလား။
         မင်းကွန်းသာသနာ့နယ်မြေကိုရောက်တော့ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံတွေထဲမှာ ဖေတို့ မြန်မာပြည်ကသာ ပိဋကပ်သုံးပုံ အာဂုံဆောင်နိုင်တဲ့ သာသနာ့ အာဇာနည်ပုဂ္ဂိုလ်ထူးတွေ စဉ်ဆက်မပြတ် ပေါ်ထွက်ခဲ့ပေသကိုးလို့  ပီတိဖြစ်ရတယ်။ မပြီးသေးပေမယ့် အကြီးဆုံးပုထိုးတော်ကြီး၊ အကြီးဆုံးခေါင်းလောင်းကြီး၊ အကြီးဆုံးခြင်္သေ့ကြီးတွေကိုလည်း အံ့မခန်းတွေ့ရတယ်။ တော်ပါသေးရဲ့။ အဲဒါကြီး ငါ့လက်ထက် မပြီးပြီးအောင် ဆက်ဆောက်မယ်ဆိုတဲ့ တကာတော် ရေမြေ့ရှင် မပေါ်သေးဘူး။ ဘိုးတော်မင်းတရားကြီးက အမရပူရမှာ နန်းစိုက်ပေမယ့် ကုသိုလ်တော်တွေတည်ထားတော့ မန္တလေးဝန်းကျင်မှာ အနှံ့အပြားပဲ။ "ဘိုးတော်ငယ် ပ၀ရ၊ တေဇငယ် တလူလူ တည်ထားအဆူဆူ။" တဲ့။ နောက်ပြီးတော့ ရှိသေးတယ်။ 'ဇမ္ဗူဆီမီး ခြောက်ရောင်ရှင်၊ ဂူကြီးမြတ်ထွဋ်တင်၊  ရွှေလင်းပင်၊ ခြင်္သေ့ဖျား၊ ထွေထွေ လျှပ်နှယ်သား။" တဲ့။ လက်ဝဲသုန္ဒရကြီး ရေးခဲ့တဲ့ မဲဇာတောင်ခြေထဲမှာ ပါတဲ့ ဘုရားတွေပေါ့။ အဲဒီဘွဲ့တော်ပါတဲ့ ဘုရားတွေ ရောက်ရင် သည်ဘုရားက ဘိုးတော်ဘုရား တည်သွားတာ လို့ မှတ်မိနိုင်တာပေါ့လေ။ သူ့ကောင်းမှုတွေထဲမှာ အကြီးဆုံးတွေချည့်ပဲ စုဖို့ ရည်ရွယ်သွားတာကတော့ မင်းကွန်းမှာပေါ့လေ။ အရပ်အနေကိုက မင်းတရားကြီး ခေတ္တကွန်းခိုရာမြေလို့ မှည့်ထားသမို့လား။
ဘိုးတော် လက်စမသတ်ခဲ့တဲ့ ကောင်းမှုတွေ နံဘေးမှာ မြေးတော် စစ်ကိုင်းမင်း (သူ့ကိုတော့ ဘကြီးတော် လို့ ခေါ်ကြတယ်) တည်ခဲ့တာ မြသိန်းတန်စေတီကြီးပါ။ မြစ်ဆိပ်က ခြင်္သေ့ကြီးနှစ်ကောင်က  နတ်လမ်းကလေးအတိုင်း တက်လာရင် စေတီရင်ပြင်ကို ရောက်ကရော။ ဟိုခေတ်ကတော့ ရွှေဖောင်တော် ငွေဖောင်တော်တွေနဲ့ ဘုရားဖူးလာကြတယ်ထင်ပါရဲ့။ ဘကြီးတော်က စစ်ကိုင်းမြို့ကို စားလို့ စစ်ကိုင်းမင်းလို့ တွင်ပေမယ့် သူနန်းစိုက်တာက အင်းဝမှာဆိုလားပဲ။ သူ့မိဖုရား နန်းမတော်မယ်နုရဲ့ အုတ်ကျောင်းတော်ကြီးက အင်းဝမှာ ရှိတာလေ။ ကျောင်းအောက်က အုတ်တိုင်ချောင်တွေမှာ နောက်က တကောက်ကောက် လိုက်လာတဲ့ကလေးတွေက ဟောသည်အကွေ့မှာဖြင့် မယ်နု နဲ့ မောင်အိုကို လစ်ကွစ်တွေပေးနေတုန်း ပက်ပင်းမိပါတယ် လို့ ဆင်ပြောကြပေမယ့် ဒါမျိုးတွေက သိပ်တော့ ယုံရတာ မဟုတ်ပါဘူး။ အင်္ဂလန်ရာဇ၀င်ထဲက အဋ္ဌမမြောက် ဟင်နရီကြီးက  အပျိုတော်အသစ်ကလေး ဂျိန်းဆေမောကို လိုချင်လို့ လက်ဟောင်းမိဖုရား အန်းဘိုလင်းကို ခေါင်းဖြတ်ဖို့ ရမယ်ရှာတဲ့အခါ သူ့မောင်အရင်းနဲ့ အတင်းစွပ်စွဲတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
        နိုင်ငံရေးဆိုတဲ့သဘောဟာ ဘယ်နေရာမှာ ဖြစ်ဖြစ် လူတဘက်သားကို လုပ်ကြံချောက်တွန်းမယ့်သူတွေ၊ အကောက်ကြံမယ့်သူတွေ ခေတ်အဆက်ဆက် မတိမ်ကောခဲ့ပဲကိုး။ ငယ်ငယ်တုန်းကတော့ ကုန်းဘောင်ရာဇ၀င်မှာ မယ်နုတို့ ဆင်ဖြူမရှင်တို့ကို မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးတွေလို့ တံဆိပ်ကပ်ထားခဲ့ပေမယ့် တွေးတတ်လာတဲ့အခါမှာ ဒီမြေမှာပေါက်တဲ့အပင်ဟာ ဒီအသွင်ပဲ ရှိရလိမ့်မယ် လို့ နားလည်နိုင်လာပါတယ်။ တကယ်တော့ ဆင်ဖြူမရှင်ဟာ လူမမယ်အရွယ်မှာ စကြာဒေ၀ီကြီးက ကယ်ထားလို့ အသက်ချမ်းသာရာရတဲ့ မိဘမဲ့ကလေးမကလေး မဟုတ်လား။  နန်းတော်ထဲမှာနေရင် လက်မဦးလို့ကတော့ ဇက်ကျူးလို့ ခေါင်းစမ်းစရာ မရှိဘူးဆိုတဲ့သဘောကို ဘ၀နဲ့ ရင်းပြီး သိလာရတာ။ မြသိန်းတန်ဘုရားက သီတာခုနှစ်တန်ဆိုတဲ့ ရေလှိုင်းတွန့်ကလေးတွေ မြင်ရတဲ့အခါ စစ်ကိုင်းမင်းနဲ့ မယ်နုတို့ကို ပုန်စားပြီး နောက်တက်တဲ့ မင်းဖြစ်သူ သာယာဝတီစားရဲ့ ကြင်ယာတော် အနောက်နန်းမတော် မမြကလေးကို သတိရလာပါတယ်။ "သံသာလေ ကမ်းတိုင် တူပြိုင်လေကူးမယ်။ ဆုထူးငယ် ပန်ရွယ်သွန်း" လို့ သဘင်သမားတွေ ပါးစပ်ဖျားကမချတဲ့ ချစ်သမျှကို ပတ်ပျိုးဟာ သူရေးခဲ့တာပေါ့။ သူ့ခမျာလည်း နန်းထဲမှာ ၀ါသနာအလျောက် ဆိုကာတီးကာ အနုပညာနဲ့ မွေ့လျော်ခဲ့သော်ငြားလည်း နန်းတွင်းရေးမှာ ကြားညပ်တဲ့အခါ ခေါင်းမလွတ်ခဲ့ပါဘူး။ သူနဲ့ဝါသနာတူတဲ့ ပြည်မင်းသားကို မင်းမြောက်တန်ဆာတွေ ငှားပါတယ်။ ပုန်စားဖို့ အလိုတူပါတယ် လို့ စွပ်စွဲပြီး အသတ်ခံရတဲ့အခါ သမီးတော် လှိုင်ထိပ်ခေါင်တင်ကလေးလည်း ဆင်ဖြူမရှင်နည်းတူ စကြာဒေ၀ီဆီရောက်ရရှာတယ်။ လှံနဲ့အထိုးခံရတဲ့ ယင်းတောမင်းကြီးရဲ့သား မောင်ဘိုးလှိုင်ကလေးလည်း အတူတူပဲတဲ့။ တကယ်တော့ ကလေးသုံးယောက်စလုံးဟာ သေဒဏ်စီရင်ထားသူတွေချည့်ပဲ။ တော်သေးတာပေါ့။ စကြာဒေ၀ီမင်းသမီးကို အသက်လွှတ်အမိန့််တော် ချီးမြှင့်ခဲ့ပေလို့။
         သာယာဝတီမင်းရဲ့နောက်မှာ သားတော် ပုဂံမင်းသား နန်းတက်ပါတယ်။ ခုနှစ်နှစ် နန်းစံခဲ့ပေမယ့် သူက ဘုရားတည်တာ ၀ါသနာ မပါလို့လား မသိ။ သူ့ကောင်းမှုရယ်လို့ မှတ်မှတ်သားသား မဖူးခဲ့မိသေးဘူး။ သူ့လက်ထက်မှာ သူ့ထက်နံမယ်ကျော်တာကတော့ မြို့ဝန်ဘိုင်ဆပ်နဲ့ မောင်ပိန်လေ။ နံမယ်ကြားလိုက်ရင်ဖြင့် ဘယ်လိုလူတွေလဲ ရိပ်မိလောက်မယ် ထင်ပါရဲ့။ ခရိုနီအစ ဒင်းတို့က လို့ ပြောရင် မမှားပါဘူးဗျာ။  မင်းကွန်းကအပြန်ဝင်တဲ့ ဦးပိန်တံတားဆိုတာကြီးဟာ သူ့လက်ရာပေါ့။ အမရပူရ နန်းတော်ရာအဟောင်းက ကျွန်းလုံးတိုင်ကြီးတွေကို လေလံမခေါ်ပဲ ကံထရိုက်ဆွဲပြီး တံတားကြီးတစ်စင်း လှလှပပထိုးဖို့ ပရောဂျက်ကျသွားတာ။ အခုဆို နှစ်ပေါင်းနှစ်ရာကျော်ပေါ့။ (ဘိုးတော်ခေါင်းလောင်းလှူတုန်းက ၁၈၀၈ တဲ့) လူတွေတသောသော လျှောက်ပြန်သံပေး လုပ်နေကြတုန်းရယ်။ တုပ်တုပ်တောင် မလှုပ်ဘူး။ သည်ကနေ့ခေတ်ကျမှ မနက်ဖွင့်ပွဲလုပ် ညနေပြိုကျတာ။ ကမ္ဘာမှာတောင် စံချိန်တင်လောက်တယ်။ တံတားကြီးရဲ့တဘက်မှာ လှမ်းမြင်ရတာ ကျောက်တော်ကြီးဘုရားတဲ့။ လမ်းမှာတွေ့ခဲ့တာ တစ်ခုကတော့ ရွှေလင်းပင်ဘုရား။ တောင်သမန်ရေကတော့ သန်းထွန်းလေးဆိုသလို "တောင်သမန်ထဲ အင်းရေမှာ ပျော်ရွှင်ကြည်၊ ရေဖွေးဖွေးမှာ လှေကလေးတွေလှော်လို့ ငါးတွေ ဖမ်းကြသည်။" ဆိုတာမျိုး မဟုတ်တော့ဘူး။ ညစ်ပုပ်ပုပ်နဲ့ရယ်။ နန်းတော်ရှေ့ကြီး ရေးခဲ့သလို "စံတော်ရာ နတ်တို့ပြည်သဏ္ဍာန်၊ ရာဇ၀င်ကို ကြည့်လိုက်တော့ အမှန်ဧကန်၊ သန်းခေါင်ကျော်ရင် နတ်စည်ရွမ်းသံ ကြားတယ် ကြားတယ်။ ကြားရတယ်တဲ့ အင်းကြီးတောင်သမန်။" ဆိုတာလည်း မဟုတ်တော့ဘူး။ မယ်ဇယ်ပင်အောက်က အကြော်ဆိုင်ကလေးတွေတောင် ဘီယာဂါးဒင်း ဖြစ်ကုန်ပြီ။ ဒါပေမယ့်လည်း အဲဒီကျွန်းတိုင်အဆွေးကြီးတွေနဲ့ တံတားအိုကြီးဟာဖြင့် မန်းမြို့တော်ရဲ့ ဂန္တ၀င်အလှတစ်ပါး ဖြစ်နေဆဲပါပဲ။ မန္တလာသူ ပျိုဖြူချောကလေးတွေထက်တောင် ဓါတ်ပုံအရိုက်ခံရဆုံး၊ ပန်းချီအဆွဲခံရဆုံး။ သဘာဝဟာ သဘာဝပါ လို့ ခံစားတတ်ကြသလိုပဲ အန်းတိတ်ဟာလည်း အန်းတိတ်ပါလို့ ခံစားတတ်ကြရင် ဘယ်လောက်ကောင်းမလဲ သမီးရယ်။
        တောင်သမန်ကပြန်တော့ နေ၀င်ရိုးရီကလေးရှိနေပြီ။ နောက်တစ်နေ့ ဘာတွေ ပြောရမလဲတောင် မပြင်မဆင်ရသေးဘူးဆိုတော့ မန္တလာညချမ်းကို မလည်နိုင်သေးပါဘူး။ ဒါတောင် ဆရာပုံပုံဦးလာခေါ်တော့ Café City ကို ရောက်လိုက်ရသေးတယ်။ အမကြီးဒေါ်ခင်သက်ဝေတို့ မိသားစုနဲ့ မချိန်းပဲသွားတွေ့တော့ စပွန်ဆာရပြန်တာပေါ့ သမီးရယ်။ ဖေ့အကြောင်းလည်း သိတယ် မဟုတ်လား။ "ကျွန်တော် မောင်ပါကြီးပါ။ ဒါကျွန်တော့်သား သန်းဖေလေ။" ဆိုပြီး တွံတေးသိန်းတန် အသံကြားရာ လိုက်ရှာနေတာလေ။ နောက်တနေ့မနက် ရွှေပြည်မိုးမှာ ထုံးစံအတိုင်း တစ်ခါမှ မမြင်ဖူးတဲ့မိတ်ဆွေတွေက ထမင်းကျွေးရုံတင်မဟုတ်ဘူး။ သွားချင်ရာ လိုက်ပို့ပါဦးမယ်ဆိုတော့ ဖေဖေဦးကျိုင်းတုတ်လည်း ရန်ကင်းတောင်ဆိုတာ တစ်ခါမှ မရောက်ဖူးသေးဘူး။ တမနက်စာနဲ့ အမှီပြန်ရောက်ရင် သွားရအောင်ဆို ခြေရှည်ကြပြန်ရော။ သူ့ကိုယ်သူနန်းတော်ရှေ့လို့ ညွှန်းလွန်းတဲ့လူကြီးနေတဲ့နေရာကို အခုမှပဲ ရောက်ဖူးတော့တယ်။ ၀မ်းသာလိုက်တာ။ မြန်မာတွေ အများကြီးပဲ သိလား။ ရေမနီတော့တဲ့ ရေနီမြောင်းဆိုတာလည်း ပြတယ်။ အဲ့ဒီဟိုဘက်က ဓါတ်ဆီဆိုင်တဲလေးတွေရှိတဲ့ အောင်ပင်လယ်ဆိုတာတော့ ရှမ်းပြည်တက်တဲ့ အဖေ့အတွက် မစိမ်းဘူး။ "ဧရာဝတီမှာ လျှံဝင်းပြောင်ငြီးတဲ့ ရန်ကင်းတောင်ကြီးအနီးခို။ ဆရာကိုနန်းတော်ရှေ့ တစ်ခါရှေ့ခေါင်းဆောင်တဲ့ မြန်မာရွှေဒေါင်းတောင်တွေ ကိုင်ကာဆို။"  တဲ့။ သီချင်းထဲမတော့ ကြားဖူးတာ ကြာပါပြီ။
        မန်းလေးမြို့ကြီးဟာ စည်မျက်နှာကဲ့သို့ ညီညာပါပေသကို လို့ ဆိုကြပေမယ့် တို့မန္တလေး မြို့ကြီးရဲ့ ပတ်လည်တခိုဆိုရင်တော့ တောရိပ်တောင်ရိပ်တွေ စိမ်းစိမ်းစိုစိုတော့ ရှိလှတယ်။ စခန်းမဝေးပေါင် မန္တလေးတောင်ဆိုတာကြီးကတော့ မြနန္ဒာရေညိုသန်းတယ် မန်းတောင်ရိပ်ခိုဆိုတဲ့ တဘောင်စကားနဲ့လာတဲ့ ကုန်းမြင့်ကြီးပေါ့ကွယ်။ အဲဒီဘေးကနေ မတ္တရာလမ်းအတိုင်းဆက်သွားရင် "မှုန်ရီမှေး ဟိုအဝေးကစေတီ သခင်မတောင်တော်မဟီရှင့်။" ဆိုတာကို ရောက်တယ်။ သခင်မတောင်ကို အရင်ကတော့ မယ်ဥတောင် လို့လည်းခေါ်တယ်။ သူတို့က မရွှေဥ လို့တောင် နံမယ်တပ်မခေါ်ရက်ဘူး။ သခင်မ မမဥ လို့ တလေးတစား ချစ်ချစ်ခင်ခင် ခေါ်တယ်။ သူလည်း သူ့ဒဏ္ဍာရီနဲ့သူ လာတာမို့ ပန်းဒဏ္ဍာရီဆိုပြီး ဂန္တ၀င်ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားတောင် ထွက်ပြီးသွားပြီ။ မမြရင်ဆိုတာကတော့ "မစုံသူတွေ ရောက်ကြလျှင် ၀မ်းသာသလိုလို ၀မ်းနည်းသလိုလို ငိုချင်လျက်ပင်။" တဲ့။ ဖေတို့မြန်မာတွေက တောရိပ်တောင်ရိပ်မြင်ရင် လွမ်းစိတ် ၀မ်းနည်းစိတ်တွေ အလိုလို ပေါ်တတ်တယ်ထင်ပါရဲ့။ အားကိုးအားထားတဲ့စိတ်လည်းပါတယ်။ မိဘဆုံးပါးသွားရင်တောင် "ရွှေတောင်ကြီးပြိုပါပေါ့" လို့ တတပြီး ငိုတယ် မဟုတ်လား။ ကြေးတောင်ကြီးပြိုမယ့်ကြံတော့လည်း ပဋာမြေလူး ငိုတဲ့သူတွေ ငိုတာ မဆန်းပါဘူးသမီးရယ်။ နင့်အဘတွေ ပဝေသဏီက တူးချင်တိုင်းတူးတုန်းက မငိုပဲ အခုကျမှ လာမငိုနေပါနဲ့လို့ ပြောတဲ့သူတွေကိုတော့ အဖေက မစာနာရန်ကော လို့ပဲ မြင်ပါတယ်။ ဖေ့သမီးကလေး ချော်လဲလို့ လက်ကလေး ကျိုးသွားတုန်းကရော။ ဘယ်သူ့အကိုင်မှ မခံပဲ အသံတိတ် အံကျိတ်နေပါလျက် အဖေ့ကိုလည်း မြင်ပါရော အဲ့ကနဲ ၀မ်းနည်းပက်လက်ငိုရင်း လက်ကလေးလှမ်းပြတယ် မဟုတ်ဘူးလား။ ဂဏှာ နဲ့ ဇာလီတို့က စူဇကာရှေ့မှာ ငိုပြတယ်လို့ မဖတ်ဖူးပါဘူးသမီးရယ်။ သူတို့လည်း ဂုံးပေါင်းတစ်ထောင်၊ ပုဏ္ဏားတစ်သိန်းရဲ့ အကန်အကြောက်မှာ ခါးစည်းခံလာရာက အားကိုးရမယ့်သူမြင်တဲ့အခါ ငိုယိုတိုင်တမ်းကြဟန်တူပါတယ်။ ဖေ့သမီးလေးလည်း ငိုလို့ဝတော့ ဖေခေါ်သွားတဲ့ဆေးရုံက အရိုးဆရာဝန်ကြီးပြုသမျှ အံကျိတ်ပြီးခံတယ် မဟုတ်ဘူးလား။ ခုလည်း သူတို့တတွေ မျက်ရည်သုတ်ကုန်ပြီတဲ့။ တစ်ဦးမေတ္တာ တစ်ဦးမှာဆိုတဲ့သဘောကလေး လှစ်ကနဲ မြင်လိုက်ရတာမို့ ကြားကခြေထိုးတဲ့ ပုဏ္ဏားတွေကို ငိုကောင်းအောင် ပို့ပေးတယ် လို့ပဲ သဘောထားလိုက်ရအောင်။ ပြောမယ့်သာ ပြောနေရတာ သခင်မတောင်တော်ဆီတော့ မရောက်ခဲ့ပေါင် သမီးရယ်။ မမြရင်သီချင်းထဲက "ဗြိဇင်၊ တောင်သဇင်၊ တောစပယ်ကလေးတွေက ဘေးအကျ မွှေးလှတယ်ရှင်။" ဆိုတာရယ်၊ ပန်းဒဏ္ဍာရီရုပ်ရှင်ထဲက မမဥ အဓိဋ္ဌာန်နဲ့ စိုက်ခဲ့တယ်ဆိုတဲ့ သရဖီပန်းပင်တောကြီးရယ်နဲ့တင် စိတ်ထဲမှာ မွှေးမြနေတာပဲ။
         အခု ရန်ကင်းတောင်ကတော့ မစုံသူတွေရောက်မှ လွမ်းတာ မဟုတ်ဘူး။ စုံတွဲတွေလာရင်လည်း ကွဲတတ်လို့ လွမ်းရတာပဲလို့ ဆိုတယ်။ အရင်တုန်းကတော့ ငါးရံ့မင်းစေတီတောင်တော်ဦးမှာဆိုလို့ အဲဒီတောင်ကို ငါးရံ့မင်းတောင်ပဲ ခေါ်တယ်မှတ်တာ။ မိုးခေါင်ရင် ရွတ်ရတဲ့ ငါးရံ့မင်းပရိတ်ဆိုတာ အဲသည်စေတီကလာတာပေါ့။ မန်းလေးကလူတွေ မိုးခေါ်ချင်ရင်လည်း အဲဒီက ဘုရားတစ်ဆူ ကားပေါ်တင်ပြီး မြို့ပတ်ကြ၊ လွန်ဆွဲကြသတဲ့။ တကယ်တမ်းရောက်တော့ ငါးရံ့မင်းစေတီတစ်ဆူတည်း မဟုတ်ပါဘူး။ မြတ်စွာဘုရားရဲ့ ဖြစ်တော်စဉ်က တိရိစ္ဆာန်ဘ၀တွေကို ရည်စူးပြီး  ဘုရားစေတီကလေးတွေ တောင်အနှံ့တည်ထားတာ။ ရှုခင်းကောင်းကောင်း သာတောင့်သာယာ၊ အဲဒီထဲမှာမှ ငါးရံ့မင်းလိုဏ်ဂူဆိုတာ တောင်စောင်းပတ်ကြားအက်ကြီးထဲမှာ စိမ့်လို့ အေးလို့။ သဘာဝရေထွက်ကလေးလည်း ရှိသကိုး။ ကောင်းမှုတကာက မင်းရှင်စော တည်ထားတယ် လို့ သိလိုက်ရတော့ အံ့သြသွားတယ်။ သူ့ကုသိုလ်တွေ သည်အရပ်တ၀ိုက်မှာ မနည်းမနောပဲနော်။ အောင်ပင်လယ်သီချင်းထဲမှာ "ရွှေမန္တလေးတောင် ဖွေးဖွေးရောင်ရွှေ တောင်ခြေအကွေ့အတက် အရှေ့ဘက်မှာကွယ် ဂူငယ်တစ်ခုနဲ့ အများရှုမြင်နိုင်တယ်။" လို့ မင်းရှင်စောသမိုင်းကိုဖော်တဲ့အခါ ကိုယ့်စိတ်ထဲမှာ တွေးမိတာက အရိုးအိုး အုတ်ဂူကလေးဖြစ်လိမ့်မယ် လို့ ထင်နေတာ။ အခုတော့ မင်းရှင်စောတည်တဲ့ သည်ငါးရံ့မင်းလိုဏ်ဂူစေတီကို ဆိုချင်တာလား မသိလို့  တွေးမိပြန်ရော။ နောက်တော့မှ မေမြို့အတက် ကားလမ်းနံဘေးမှာ ဂူငယ်ကလေးနဲ့ အောင်ပင်လယ် ကမ္ဗည်းကျောက်စာ ရှိတယ် လို့ သိရတာ။ ဟိုးအရင်တခါ ရောက်ဖူးတုန်းက တည်းတဲ့ဟိုတယ်နဘေးက ရွှေကျီးမြင်ဘုရားဆိုတာ ၀င်ဖူးတော့လည်း မင်းရှင်စော ကောင်းမှုတဲ့။ အဲဒီမင်းသားက တိရစ္ဆာန်ကလေးတွေကို ချစ်ပုံရတယ်နော်။
        ဒါပေမယ့် ရာဇ၀င်ထဲမှာ ဖတ်ရတုန်းက သူ့ကို အံ့ကျော်ကြီးရုပ်နဲ့ပဲ မြင်ယောင်မိတယ်။ ပုဂံက အလောင်းစည်သူမင်းကြီးရဲ့ သားတော်ကြီး။ အဖော်အပေါင်း နောက်လိုက်ဗိုလ်ပါများနဲ့ သောက်စားမူးယစ်နေလို့ မူးတွေမတ်တွေက တိုင်တာကြောင့် ဖောင်ပေါ်ကြိုးတုပ်ပြီးမျှောလိုက်တာလို့ ပြောကြတယ်။ ဟုတ်မယ်မထင်ပါဘူး။ ရှင်ဘုရင့်အပါး ခစားတဲ့ မူးကြီးမတ်ရာတွေဆိုတာ အတို့အရှို့က များပါဘိသနဲ့။ နောက်ပြီး စဉ်းစားကြည့်ပါဦး။ ပုဂံကမျှောတဲ့ဖောင်ဟာ မန္တလေးမှာ လာတင်စရာလား။ သူ့ဘာသူ ထီးရေးနန်းရေး စိတ်ရှုတ်ထွေးလို့ လွတ်ရာကျွတ်ရာ လူပျိုတော်သားများနဲ့ မြစ်ညာကိုဆန်တက်ရင်း ရေခံမြေခံသင့်ရာ အခြေချပုံရပါတယ်။ ကန်တွေတူး၊ မြောင်းတွေသွယ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ အကြီးအကျယ်လုပ်တယ်ဆိုပဲ။ မန်းလေးမှာ သူဆည်ထားတဲ့ကန်ချည့်ပဲ လေးကန်ရှိသတဲ့။ အောင်ပင်လယ်က အဲသည်ထဲကမှ တစ်ခု။ သူတည်တဲ့ဘုရားလည်း နှံ့နှံ့တက်လို့။ အရက်သမားချင်းအတူတူ ပုဂံမင်းတောင် သူကြီးဘုရား ရွာသားကောင်းမှု လုပ်သွားတာ မဟုတ်ဘူး။ သူ့အကြောင်းက သနားစရာလည်းကောင်းပါတယ်။ ခမည်းတော်အလောင်းစည်သူ အမျက်တော်ရှလို့ အေးရာအေးကြောင်းနေသော်လည်းပဲ ညီတော်ရဲ့စနက်က လွတ်အောင်မရှောင်နိုင်ခဲ့ဘူး။ သူ့ခေတ်သူ့အခါက လက်ညှိုးညွှန်ရာရေထွက်တဲ့ ဖောင်စကြာပိုင်ရှင် မင်းတရားကြီးဟာ အသက်ကြီးလာတော့ ကြောင်အို ကြွက်မလေးဆိုသလို သားတော်ဖြစ်တဲ့ နရသူက ရွှေဂူကြီးဘုရားထဲခေါ် ခေါင်းအုံးနဲ့ဖိသတ်လို့ နတ်ရွာစံရတယ်။ သည်အတိုင်း တက်နန်းစံလိုက်ရင်တော့ ဗူးတစ်ရာအပေါက် ပိတ်မရတာမို့ သူ့နောင်တော်ကြီးသိသွားတာနဲ့ သူ့အတွက် နေစရာရှိမှာ မဟုတ်ဘူး။ ဘုန်းလက်ရုံးချင်းကလည်း ယှဉ်နိုင်တာ မဟုတ်တဲ့အတွက် အကောက်ကြံတာကိုပဲ ဥပါယ်တစ်မျှင်လို့ ခေါင်းစဉ်တပ်ရတယ်။ ပံသကူမထေရ်မြတ်ကို ခမည်းတော်မရှိတဲ့နောက် နောင်တော်ဖျားကို ဖ၀ါးခြေဦး နဖူးနဲ့ပင့်ပြီး နန်းတင်ချင်ပါတယ်။ ဘုန်းဘုရားက အာမခံလျက် ပင့်ဆောင်ပေးတော်မူပါ လို့ လျှောက်သတဲ့။ လိမ်စရာရှားလို့ ဘုန်းကြီးမှ လာလိမ်ရတယ်လို့ကွယ်။ ဟိုကလည်း လွယ်လွယ်နဲ့ယုံတဲ့ ကိုယ်တော်မှတ်လို့။ မင်းမှာသစ္စာ လူမှာကတိ။ နောင်ကိုဘယ်တော့မှ မင်းရှင်စောအသက်ကို ရန်မရှာပါဘူးလို့ ကတိတောင်းတယ်။ "တပည့်တော်ရဲ့ ဘယ်လက်နက်လေးမြားနဲ့မှ နောင်တော်ဘုရားကို ဘေးမဖြစ်စေရပါ။" လို့ သစ္စာဆိုပြီး ကတိပေးသတဲ့။ ကတိအတိုင်း သူ့နောင်တော်ကို မင်းခမ်းမင်းနားနဲ့ ဘိသိက်မြှောက်နန်းတင်ပြီးမှ ညဘက်ဒင်နာမှာ ဆိုကရေးတီးသောက်တဲ့ ဘလက်လေဘယ် တိုက်လိုက်တာ ဂန့်ဂေါ်တောကို ရောက်သွားသတဲ့။ ကြည့်စမ်း ကြည့်စမ်း။ လူအမှု ဘုန်းကြီးပတ်ရတယ်လို့။ နဂိုကမှ ဓုတင်ဆောင်ပြီး ပံ့သကူသင်္ကန်း ဆင်မြန်းနေပါတယ်ဆိုမှ။ တော်ပြီ။ ဒီရှင်ဘုရင် ငါသပိတ်မှောက်တယ်ဆိုပြီး နန်းတော်ထဲကပင့်သမျှ ဆွမ်းစားမကြွပဲနေသတဲ့။ (တော်ပါသေးရဲ့။ သပိတ်စခန်းတော့ မဖွင့်ဘူး)။ ရှင်ဘုရင်ကလည်း ခပ်ရွတ်ရွတ်ရယ်။ "အလို ကိုယ်တော်။ သည်လိုနေလို့တော့ ရရိုးလား။ ဒီတိုင်းပြည်က ကပ်သမျှဆွမ်း တပည့်တော်ဆွမ်းချည့်ပဲ။ တပည့်တော်ဆွမ်းမှ မဘုဉ်းချင်ရင် တပည့်တော်တိုင်းပြည်လည်း မနေနဲ့ပေါ့။" လို့ ဘန်ကောက်ကို ဆေးသွားကုဖို့ လွှတ်သတဲ့။ တကာကအိုးရွဲ့ရင် ဘုန်းကြီးလည်း စလောင်းရွဲ့ရုံရှိတာပ။ ချက်ချင်းလှေပြင်ခိုင်းပြီး သီဟိုဠ်ပြန်ကြွမယ်ပြင်သတဲ့။ လမ်းတ၀က်ရောက်တော့ မြစ်ဆိပ်လှေပေါ်မှာ "ဘုရားတက်ဖူးတော်မူပါဦးဘုရား။" လို့ လျှောက်တဲ့မူးမတ်တွေကို ယုံပြီး ဘုရားဖူးလှေပေါ် တက်လိုက်တဲ့အခါ ပုဂံရောက်အောင် အပြင်းလှော်ပြီး ပြန်ပင့်ခဲ့ရတယ် လို့ ပြောကြပါတယ်။ နိုင်ငံရေးဆိုတာ ဘုန်းကြီးတွေလည်း အသုံးချခံရတတ်တယ်။ ပြည်သူအတွက် လုပ်နေတဲ့သူတွေလည်း သွားပုပ်လေလွင့် ပြောဆို လုပ်ကြံခံရတတ်တယ် လို့ သင်ခန်းစာယူရမလား မသိပါဘူး။
      ရန်ကင်းတောင်ကအပြန် ဘုရားဖူးပို့သူ မိတ်ဆွေကြီးက ရွှေမန်းမြို့ရဲ့ ကောင်းပေ့ဆိုတဲ့ဆိုင်မှာ နေ့လည်စာ လိုက်ကျွေးပါတယ်။ "ကိုယ့်ပိုက်ဆံမကုန်ပဲ သူများဆီက အလကား စားရသောက်ရရင် ပျော်နေတာပဲ မဟုတ်လား။ လက်ထဲ ကိုင်တွယ်သုံးစွဲနေတာတွေလည်းပဲ သူများပေးထားတာတွေချည့်ပဲလေ" လို့ အဖေနဲ့တူတဲ့ သမီးကတော့ ငေါ့ဦးမလား မသိပါဘူး။ ပျော်တော့ ပျော်တာပေါ့ သမီးရယ်။ ဒါပေမယ့် အဲဒီဟာက သူများဆီက အလကားရလို့၊ သူများကျွေးတာ အလကားစားရလို့ မဟုတ်ပါဘူးကွယ်။ ကိုယ်ရေးတဲ့စာတွေကို အရေးတယူလိုက်ဖတ်ပြီး ကိုယ့်အပေါ် အဲသလောက်တောင် စေတနာရှိတဲ့သူတွေ ရှိပါလား လို့ သိလိုက်ရတဲ့အတွက်၊ သူတို့ထားတဲ့ စေတနာမေတ္တာတွေကို ခံစားမိတဲ့အတွက် ပျော်ပါတယ်။ တခါမှ မသိဘူး မမြင်ဖူးတဲ့သူတွေဆီသွားပြီး ဘုန်းကြီးနေ ဘုန်းကြီးစားစားပြီး ပါးစပ်ကလေးနဲ့ ကျေးဇူးတင်စကား ပြောတတ်တဲ့အထဲလည်း ဖေ မပါပါဘူး သမီးရယ်။ သူတို့အတွက် ဖေ့ဆီက အကောင်းဆုံးတုန့်ပြန်ပေးနိုင်တာ စေတနာအမှန်နဲ့ ဖတ်ချင့်စဖွယ်၊ မှတ်ဖွယ်မှတ်ရာ စာတိုပေစကလေးတွေ မပြတ်တမ်းဆက်ရေးနေဖို့ပဲပေါ့။ အမြှောက်အဖား အတွန်းအပို့ကင်းတဲ့၊ အဆိပ်အတောက် အညှီအဟောက်ကင်းတဲ့ စာလေးတွေဆိုတာ ဖတ်ရသူလည်း စိတ်ချမ်းသာ ရေးရသူလည်း မင်္ဂလာရှိတယ် မဟုတ်ပါလားကွယ်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/19/2013 12:20:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.