သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


အစိုးရတပ်ပစ်ခတ်မှုကြောင့် တန့်ယန်း၌ အိမ် ၂ လုံးပြာကျ လူ ၂ ဦးဒဏ်ရာရ

Posted: 18 Apr 2013 07:19 PM PDT

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်စေးအုပ်စု အတွင်းရှိ ကျေးရွာနှစ်ရွာပေါ်အား မြန်မာစစ် တပ်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်သဖြင့် ရွာသား ၂ ဦးဒဏ်ရာရကာ အိမ် ၂ လုံးပြာကျခဲ့ကြောင်း တန့်ယန်းဒေသခံများ က ပြော သည်။

Bomb in the villageယခင်တိုက်ပွဲများကလည်း ရွာသားများ၏နေအိမ်ခြံဝင်းအတွင်းသို့ မြန်မာစစ်တပ်လက်နက်ကြီးဖြင့်ပစ်ချခဲ့ဖူးသည်

" လွယ်စေး(တရုတ်)ရွာထဲကို လွယ်ဖှာ့ဖာစခန်းကနေ မြန်မာ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်ချတယ်။ လွယ်စေး(တရုတ်)ရွာက ရွာသားတွေက မြို့ဘက် သိပ်မပြောင်းကြဘူး။ ဆိုတော့ အသက် ၁၇ နှစ်အရွယ် ကောင်လေးတယောက်နဲ့ အသက် ၁ နှစ်အရွယ် ကလေးလေးတယောက် ကျည်စ ထိ ဒဏ်ရာရတယ်။ အခု ၂ ယောက်စလုံး တန့်ယန်းဆေးရုံမှာ ဆေးကုသမှုခံယူ နေ တယ်" တန့်ယန်းမြို့နေ စစ်ပြေးဒုက္ခသည် များအား ကူညီမှုပေးနေသော စိုင်းနောင့်က ပြောသည်။

ဧပြီလ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲက ရွာအနီးတောင်ကုန်း(လွယ်ဖှာ့ဖာတပ်စခန်း) ပေါ်ရှိအစိုးရတပ်စခန်းမှ လွယ်စေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အားလူ (အသက် ၁၇ နှစ်) နှင့် အားဝေချင် (အသက် ၁ နှစ်၂ လ) တို့အား ခြေထောက်၊ လက်နှင့် တင်ပါးတို့၌  လက်နက်ကြီးကျည်စ ထိမိခဲ့သည်။

အားဝေချင်တို့အိမ်ဝင်းထဲကျည် ၃ လုံးကျကာ နွားမွေးခြံပါထိမိကြောင်း တန့်ယန်းရောက် လွယ်စေးရွာသားများပြောသည်ဟု စိုင်းနောင့်ကပြောသည်။

ထိုနေ့တရက်တည်းတွင်ပင် ဟွေ့ပူရွာအခြေစိုက် မြန်မာတပ်စခန်းမှလည်း ဝမ့်ကောင်လုံရွာထဲသို့ လက်နက်ကြီးပစ်ခတ် သဖြင့် အိမ် ၂ လုံးပြာကျခဲ့သည်။

" လုံးဆိုင် နဲ့ အိုက်ဆာမ်လမ် တို့အိမ် ၂ လုံးပြာကျသွားတယ်။ တော်သေးတယ် ပိုင်ရှင်တွေက မြို့တက်တိမ်းရှောင်ကုန်ကြ တယ်လေ" ဟု မြို့ပေါ်ရောက် ဟွေ့ပူရွာသားကလည်းပြောပါသည်။ တန့်ယန်း အောင်မင်္ဂလာကျောင်းတိုက် ဒုက္ခသည် စခန်း ၌လည်း အခုရက်ပိုင်း လူဦးရေထပ်တိုးလာနေကြောင်းလည်း ကူညီရေးအဖွဲ့မှ စိုင်းခေး ကပြောသည်။

မြန်မာအစိုးရက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အပစ်ရပ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးကြောင်းဆွေးနွေး သဘောတူလက်မှတ်ရေးထိုးထားသော်လည်း ထိုကဲ့သို့ ပြည်သူများ ငြိမ်းချမ်းစွာမနေနိုင်သေးသည်မှာ အောက်ပါအချက် ၅ ချက်ကိုကြည့်လျှင်အလွယ်တကူလေ့လာနိုင်ကြောင်း RCSS/SSA အတိုင်ပင်ခံပုဂ္ဂိုလ်တဦးကပြောသည်။

(၁) မြန်မာအစိုးရသည် တပြည်လုံးအပစ်ရပ်စဲကြောင်း မကြေငြာခြင်း
(၂) ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်အတွက် ဘတ်ဂျက်ချမပေးခြင်း
(၃) အပစ်ရပ်လက်မှတ်ရေးထိုးပြီးသော်လည်း စစ်ဆင်ရေးများဆက်လက်ဆင်နွှဲနေခြင်း
(၄) အပစ်ရပ်သည့်အဖွဲ့ ၁၃ ဖွဲ့ဟု မကြေငြာဘဲ အပစ်ရပ် ၁၀ ဖွဲ့ဟုသာ အစဉ်အမြဲပြောဆိုကြေငြာခြင်း
(၅) ၁၇(၁)ပုဒ်မအား လုံးဝ မပယ်ဖျက်ပေးခြင်း- စသည်တို့ကြောင့်ဖြစ်ကြောင်း ပြောသည်။

ထိုသို့ဖြစ်ရခြင်းမှာ စစ်တပ်အပေါ်  သမ္မတထိန်းချုပ်နိုင်စွမ်း မရှိသေးခြင်းကြောင့်ဖြစ်ကြောင်း၊ တပ်မတော်အပေါ် သမ္မတကြီး ဩဇာလွှမ်းမိုးနိုင်ရေးမှာ အကြီးမားဆုံးသော ရင်ဆိုင်ကျော်လွှားမှုတခုဖြစ်နေကြောင်း အဆိုပါ ပုဂ္ဂိုလ်က သုံးသပ် ပြောဆိုပါ သည်။

သမိုင်းဝင် ပင်လုံ၌ နေ့ခင်းကြောင်တောင် ဗုံးပေါက်ကွဲ

Posted: 18 Apr 2013 07:17 PM PDT

ယနေ့မွန်းတည့်ချိန် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ရွှေတိဂုံပုံတူစေတီတော်ဝင်းအတွင်း ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း ပင်လုံမြို့ခံများကပြောသည်။
                                             ပင်လုံမြို့ရွှေတိဂုံပုံတူစေတီတော်

ဧပြီလ ၁၇ နေ့လည်(၁၂: ၃၀)နာရီအချိန်တွင် ရွှေတိဂုံပုံတူ မဟာရဌာဘိသာမဂ္ဂီ စေတီတော်ဝင်း အတွင်း ဗုံးပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး လက်သည်တော့မသိရသေးကြောင်း ပင်လုံမြို့ခံ ဦးစိုင်းကပြောသည်။ သေကြေဒဏ်ရာရမှုကိုမူ စုံစမ်းနေဆဲဖြစ် သည်။

ရွှေတိဂုံပုံတူစေတီတော်သည် ပင်လုံမြို့တွင်း သမိုင်းဝင်ပြည်ထောင်စုကျောက်တိုင်ဝင်းအတွင်း တွင်တည်ရှိသည်။

မြန်မာနှစ်သစ်ကူးကာလ SSPP/SSA နှင့် အစိုးရတပ် တိုက်ပွဲအပြင်းအထန်ပြန်ဖြစ်

Posted: 18 Apr 2013 07:16 PM PDT

သင်္ကြန်အတက်နေ့နှင့် နှစ်ဆန်းတရက်နေ့က သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လွယ် စေးဒေသ၌ မြန်မာအစိုးရတပ် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်း ရပ်ကွက်ကဆိုသည်။

"မနေ့ကရော တနေ့ကရောဘဲ။ ကျနော်တို့စခန်းဘက်ကို အင်နဲ့အားနဲ့တက်လာတော့ တိုက်ပွဲဖြစ်တာ။ သူတို့ ၄ ဦး သေတယ်။ ၈ ဦးဒဏ်ရာရတယ်" ဟု သျှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက သျှမ်းသံတော် ဆင့်အား ပြောသည်။
ရှေ့တန်းရောက် SSPP/SSA တပ်သားများ

ဧပြီလ ၁၅ နှင့် ၁၆ ရက် ၂ ရက်စလုံး မြန်မာစစ်တပ် ခလရ ၃၃ နှင့် ၂၉၁ က တန့်ယန်းမြို့နယ် လွယ်စေးကျေးရွာ အုပ်စု လွယ်စေးတောင်တပ်စခန်းအား အစိုးရတပ် တပ်ရင်းသုံးရင်းဖြင့် တိုက်ခိုက်ကြောင်း၊ တပ်ရင်းနှစ်ရင်းက ဦးတည်တိုက်ခိုက်ပြီး ကျန်တပ်ရင်းတရင်းက နောက်တန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ပေးခဲ့ကြောင်း၊ နှစ်ရက်စလုံး နံနက် ၉ နာရီမှ ၁၂ ခွဲခန့်အထိ တိုက်ပွဲ ဖြစ်ပွားကြောင်း ရှေ့တန်း ရောက် SSPP/SSA တပ်မှူးတဦးက ပြောသည်။

တန့်ယန်းမြို့ပေါ် ရောက်စစ်ပြေး ဒုက္ခသည်များအနက် ရွာပြန်၍ ကျွဲနွားသွားကြည့်သော ရွာသား ၂ ဦးလည်း သေနတ် ထိမှန်ဒဏ်ရာရခဲ့သည်ဟု ရွာသားများကပြောသည်။

"ပထမရက်တုန်းက သူတို့ရွာထဲကနေ ကျနော်တို့တပ်စခန်းကို လက်နက်ကြီးနဲ့လှမ်းထုတယ်။ ကျနော်တို့က ချက် ခြင်းပြန်မတိုက်နိုင်ဘူး။ စစ်ကူလာတဲ့ စစ်ကြောင်းက ကျနော်တို့စခန်းဘက်တက်လာမှ ကျနော်တို့ ပြန်တိုက်နိုင်တာ။ ဒဏ်ရာရတာက ဟွေနမ့်ပူ ရွာသား လို့ပြောတယ်" - ဟု အဆိုပါ တပ်မှူးက ပြော ပါသည်။

"ကျနော်တို့ဘက်ကတော့ စစ်ရေးအရ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ စစ်အင်အား အသင့်ပြင်ဆင်ထား ပါတယ်။ ရမခ တိုင်းရုံးက အောက်ခြေတပ်ရင်းတွေကို ဘယ်နည်းဘဲဖြစ်ဖြစ် အဲဒီဒေသကို အားလုံးစိုးမိုး နိုင်ရမယ်လို့ ညွှန်ကြားပြီးပြီ" - ဟု ရမခ တိုင်းရုံးနှင့် နီးစပ်သည့် SSPP တပ်ဖွဲ့ဝင် လားရှိုးသားတဦးက ပြောသည်။

မြန်မာ့တပ်မတော်နှင့် သျှမ်းပြည်တပ်မတော်တို့၏ စစ်ရေးတင်းမာမှုကြောင့် တန့်ယန်းမြို့ အောင်မင်္ဂလာဘုန်းကြီး ကျောင်းရောက် စစ်ပြေးဒုက္ခသည် ၄၃၁ ကျော်အနက် ပြီးခဲ့သည့်ကြာသပတေးနေ့ ဧပြီလ ၁၁ ရက်နေ့က စစ်မြေပြင်နှင့် ဝေးသောရွာမှ ရွာသား ၃၀ ကျော် နေရပ်ပြန်သွားပြီဖြစ်သည်။ ယခု အောင်မင်္ဂလာကျောင်း၌ ကျန်နေသေးသော ဒုက္ခ သည် ၄၀၀ ကျော်မှာ နေ့စဉ်စားသောက်ရေး အတွက် လိုအပ်နေသေးကြောင်း ကျောင်းထိုင်ဆရာတော်ကပြောသည်။ အခြားဆွေမျိုးများရှိရာသို့ ခိုလှုံသူ စစ်ဘေးရှောင်သူဦးရေ နှင့်ပေါင်းလျှင် ဒုက္ခသည် ဦးရေ ၁၀၀၀ ကျော်ရှိနေသေး ကြောင်း တန့်ယန်းမြို့ခံများက ပြောသည်။

မိုင်းနင်းမိသည့်မြန်မာ့စစ်ကြောင်းမကျေနပ်၍ ရွာသူကြီးအားဖမ်းဆီးခေါ်ဆောင်သွား

Posted: 18 Apr 2013 07:15 PM PDT

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ၌ မိုင်းနင်းမိသည့် မြန်မာ့တပ်မတော်၏ စစ်ကြောင်း သေကြေ ဒဏ်ရာရပြီးနောက်ပိုင်း ကျေးရွာ်အတွင်းဝင်၍ ရွာသားများအား စစ်ဆေးကာရွာသူကြီးကိုပါ ဖမ်းဆီး သွားရာမှ သူကြီးပျောက်ဆုံးနေကြောင်း ရွာသားများပြောပြချက်အရသိရသည်။


"မတ်ခ်ျလတုန်းက သူတို့စစ်ကြောင်းလှည့်ရင်းမိုင်းနင်းမိတဲ့မြန်မာ့တပ်မတော်ရဲ့စစ်ကြောင်း ခမရ ၅၀၁ က ၁၀ ရက်နေ့တုန်းက နမ့်ပိုင်ကျေးရွာအုပ်စုဝင် နားကွန်ရွာထဲဝင်ပြီး သူကြီး ကိုဖမ်းသွားတယ်။ သူပုန် သတင်း သူတို့ကိုမပို့လို့ ဆိုပြီးဖမ်းသွားတာလေ။ ခုထိသူကြီးပျောက်နေတယ်" ဟုဒေသခံစိုင်းနုကပြော သည်။

မတ်ခ်ျလ ၂၈ ကြာသပတေးနေ့ မနက် ၈ နာရီခွဲက နမ္မတူ - မိုင်းရင်ကားလမ်း နှင့်  ၉ မိုင်ခန့်ဝေးသော ကောင်းခါးရွာနှင့် ကောင်းဟုန်းရွာကြား၌ မြန်မာစစ်တပ် ခမရ ၅၀၁ က မိုင်းနင်း မိရာ ၂ ယောက်သေ ၄ ယောက်ဒဏ်ရာရခဲ့ကြောင်း နမ္မတူဒေသခံ စိုင်းခမ်းက သျှမ်းသံတော် ဆင့်အားပြောပြဖူးသည်။

ထိုသို့မြန်မာစစ်တပ်ကမိုင်းနင်းမိပြီးနောက်ပိုင်းကျေးရွာအတွင်းဖြတ်သန်းပါက ရွာသားများအား စစ် ဆေးမေးမြန်းမှုများ ဖမ်းဆီးခေါ်ဆောင်မှုများရှိခဲ့ကြောင်း၊ ယခုလည်း နမ့်ပိုင်အုပ်စု နားကွန်ရွာသူကြီး အားဖမ်းဆီးသွားကြောင်း၊ သျှမ်းသူပုန်နှင့်ဆက်သွယ်နေသော်လည်း မိမိတို့အားအကြောင်း မကြားဟု စွပ်စွဲကဖမ်းဆီးသွားကြောင်း ဒေသခံများကပြောပါသည်။

"သျှမ်းတပ်ဖွဲ့က ၁၀ ရက်နေ့တုန်းက ရွာထဲမှာ လူထုနဲ့တွေ့ချင်တယ်လို့ ပြောထားတာရှိတယ်။ အဲဒီ သတင်းသူတို့ကြားသွားလို့နေမှာ"  ဟုလည်းစိုင်းခမ်းကပြောသည်။

အဆိုပါ စစ်ကြောင်းလှည့် အဖွဲ့မှာ အင်အား ၁၅၀ ခန့်ရှိပြီး ထိုဒေသတဝိုက် လှည့်ပတ်နေ ကြောင်း ၊ နယ်မြေစိုးမိုးရေးစီမံကိန်းဖြင့် လှည့်နေခြင်းဖြစ်ကြောင်း ရွာသားများကပြောပါသည်။