သစ်ထူးလွင်

သစ်ထူးလွင်


အိမ်ဦးခန်းရောက်နေတဲ့ ဓားပြ (သို့) မြေအောက်ရေ ခမ်းခြောက်မှု (ရုပ်/သံ)

Posted: 30 Apr 2013 06:47 AM PDT

ရန်ကုန်မြို့နေ ပြည်သူတွေ အများစုဟာ ဂျိုးဖြူ ရေပိုက်ကလာတဲ့ ရေချိုတွေကို အဓိကထား အားပြုသုံးစွဲနေရာက မြေအောက်ရေကို အဝီစိတွင်းတူးပြီး ထုတ်ယူ သုံးစွဲတဲ့ ပမာဏဟာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာ နေပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ဥက္ကံမြို့ရှိ ဗလီနှင့် ဈေးဆိုင်ခန်းများ ခဲဖြင့်ပစ်ပေါက်ဖျက်ဆီးမှုများအား အရေးယူမည်

Posted: 30 Apr 2013 07:26 AM PDT

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မကျေနပ်သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ(၂ဝဝ)ဦးခန့်မှ ၁၃၁၅ အချိန် ဥက္ကံမြို့၊ အနော်ရထာ ရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာပြီး လူ(၁ဝ)ဦးခန့်မှ အုတ်နီခဲဖြင့် ပစ်ပေါက်၍ ထွက်ပြေး သွားခဲ့သဖြင့် ဗလီရှေ့ရှိ ၃ × ၃ ပေခွဲခန့်ရှိ မှန်(၆)ချပ် ကွဲသွားခဲ့ပြီး လျှပ်စစ်မီတာပုံး(၂)ပုံး ကျိုးပဲ့ပျက်စီးကာ
--

 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

photo: RFA/ Moe Thu Aung, Kyaw Zawe Win

အလုပ်သမားစေလွှတ်မှု မြန်မာအစိုးရက ပြန်လည်စိစစ်မည်

Posted: 30 Apr 2013 05:37 AM PDT

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံက အလုပ်သမားတွေ တရားဝင် စေလွှတ်နေမှုမှာ အလုပ်သမားတွေ အပေါ် အကျိုးဆောင် ကုမ္ပဏီတွေရဲ့ တာဝန်ယူမှု၊ အကာအကွယ် ပေးမှုတွေနဲ့ ပတ်သက်ပြီး ပြန်ပြီး စိစစ်မယ်လို့ ပြည်ထောင်စု အစိုးရ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အကျိုးဆောင် ကုမ္ပဏီပေါင်း ၁၂ ခုအနေနဲ့ နှစ်နိုင်ငံသဘောတူ အလုပ်သမား ငှားရမ်း ခန့်ထားရေး စာချွန်လွှာ (အမ်အိုယူ) အရ စေလွှတ်လိုက်တဲ့ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးနေတာ ဟုတ်မဟုတ် စိစစ်တင်ပြဖို့နဲ့ စိစစ်ဆောင်ရွက်နေတဲ့ ကာလမှာ အလုပ်ခေါ်စာတွေ ဆိုင်းငံ့ထားမယ်လို့ ဧပြီ ၂၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အလုပ်သမားတွေ စေလွှတ်ဖို့ ထိုင်းနိုင်ငံဘက်က အလုပ်သမားလိုအပ်တဲ့ကုမ္ပဏီ၊ သက်ဆိုင်ရာ သံရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ အချိန်ကြန့်ကြာမှုရှိတဲ့အတွက် မြ၀တီမြို့မှာ စောင့်နေရတဲ့ အလုပ်သမားတချို့က သည်းမခံနိုင်ဘဲ နေပြည်တော် အလုပ်သမားရုံးကို တိုင်တန်းကြတဲ့အတွက် အခုလို ဆောင်ရွက်တာလို့ ရန်ကုန်အခြေစိုက်  ခေတ်သစ်စံကုမ္ပဏီလိမိတက်ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးသိန်းထိုက်က ဒီဗွီဘီကို ပြောပါတယ်။

"မြ၀တီမှာကြာတော့ အလုပ်သမားတွေက နေပြည်တော်ဖုန်းတွေကို လှမ်းဆက်ပြီး ကျနော်တို့ ဘယ်နှလကြာနေပြီဆိုပြီး ၁ ရက်ကို ၄-၅-၆ ကြိမ်ဆက်မှာပေါ့။ အဲတော့ အလုပ်သမားဝန်ကြီးဌာနကနေ ကျနော်တို့ဆီ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးပါဆိုပြီး မေးလ်ပို့ပြောတာ ရှိတယ်။ ထိုင်းနိုင်ငံသူဌေးကနေ လူအယောက် ၅၀၊ ၁၀၀ ခေါ်မယ်ပေါ့၊ အလုပ်ခေါ်စာကျလာပြီဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးမှာ တုံးထုရတယ်။ အဲဒါထုပြီးရင် အလုပ်သမားပို့ဖို့၊ စုဆောင်းဖို့ကိစ္စတွေ စလုပ်ရတယ်။ အဲဒါပြီးရင် နေပြည်တော် ဆက်တင်ရတယ်။ နေပြည်တော်ကကျလာပြီးမှ မြ၀တီမှာ အလုပ်သမားဝန်ကြီးဌာနရယ်၊ အက်စ်ဘီကလူတွေရယ်၊ ပြည်ထဲရေးက လူတွေရယ် သူတို့ရှေ့မှာပဲ စာချုပ်ချုပ်ပြီး တရားဝင်လုပ်ရတာ။"

လက်ရှိအခြေအနေအရ ထိုင်းနိုင်ငံထဲ တရားဝင်အလုပ် ၀င်လုပ်ဖို့ မြ၀တီမှာ ရောက်နေတဲ့ အလုပ်သမား ၁၀၀ ကျော်ရှိပြီး တချို့က ၂ လ ကျော်၊ ၃ လအထိ ရှိပေမယ့် ခုထိ မ၀င်ရသေးကြောင်း၊ မစောင့်နိုင်တဲ့သူတချို့က စရိတ်အရှုံးခံ အိမ်ပြန်သွားကြပြီး  တချို့က အသိမိတ်ဆွေ အဆက်အသွယ်နဲ့ တရားမ၀င် ၀င်သွားကြတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့  ဒါရိုက်တာ ဦးကျော်သောင်းကတော့ အလုပ်သမားတွေဟာ  ထိုင်းနိုင်ငံထဲကို အမ်အိုယူနဲ့  ၀င်လာပေမယ့်လည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

သက်ဆိုင်ရာ ၂ နိုင်ငံ တာဝန်ရှိသူတွေရော၊ ကုမ္ပဏီတွေကပါ  ဒီပြဿနာတွေ ဖြေရှင်းပေးရာမှာ အားနည်းနေကြောင်း၊ အစိုးရက ခုလို စာထုတ်ပြန်ပြီး စစ်ဆေးဆောင်ရွက်ပေးမှာကို ကြိုဆိုပေမယ့် ပွင့်လင်းမြင်သာပြီး ထိရောက်မှုရှိဖို့ လိုကြောင်း  ပြောပါတယ်။

"မြန်မာအစိုးရက ပြန်လည် စိစစ်မယ်ဆိုတာကို မူအားဖြင့် ကြိုဆိုပါတယ်။ ကျနော် သတိထားမိသလောက် ၂ နှစ်ကာလအတွင်း အမ်အိုယူနဲ့လာတဲ့ အလုပ်သမား ၁ သိန်းထက်မနည်း ထိုင်းနိုင်ငံထဲမှာ ရှိနေပြီ။ အေဂျင်စီတွေကို မြန်မာအစိုးရက ဘယ်လိုပုံစံနဲ့စိစစ်မလဲဆိုတာ စိတ်ဝင်စားတယ်။ သို့သော် အမ်အိုယူ တင်သွင်းခွင့်၊ သူတို့ ပိုက်ဆံယူပြီး ခွင့်ပြုထားတဲ့ ကုမ္ပဏီနဲ့ မြန်မာအလုပ်သမား အစိုးရအရာရှိတွေနဲ့ ပေါင်းပြီး စစ်ဆေးမယ်ဆိုရင်တော့ နှစ်ပေါက်တပေါက် ရိုက်ထားတာပဲဖြစ်လိမ့်မယ်။ ပွင့်လင်းမြင်သာမှုရှိပါစေ။"

အမ်အိုယူပြဿနာမှာ အလုပ်ရှင်ဘက်က လိုလားတဲ့ အလုပ်သမားအရေအတွက် ထက်ပိုပြီး ကုမ္ပဏီက စေလွှတ်လို့ ထိုင်းနိုင်ငံရောက်တဲ့အခါ အလုပ်သမားတွေ ဒုက္ခရောက်ရတာ၊ အလုပ်အကိုင်၊ လုပ်အားခနဲ့ နိုင်ငံကူးလက်မှတ်၊ အလုပ်သမားလက်မှတ်လုပ်ဆောင်တာတွေမှာ နဂိုက စာချုပ်ထားတဲ့အတိုင်း  ဖြစ်မလာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာ ၂ နိုင်ငံ သဘောတူ အလုပ်သမားငှားရမ်းခန့်ထားရေး စာချွန်လွှာအရ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို အလုပ်သမားတင်သွင်းတာ  ၂၀၀၉  ခုနှစ်က စတင်ခဲ့တာပါ။
လက်ရှိ  အကျိုးဆောင်ပေးနေတဲ့ ကုမ္ပဏီတွေကတော့ ရဲဝင့်နဂါး၊ ဆွေဆွေစံ၊ ရွှေလမ်းဖွင့်၊ ခေတ်သစ်စံ၊ ဟိန်းမြင့်မြတ်၊ ဒါနာ၊ ပြည်သူ့ရွေးချယ်မှု၊ တော်ဝင်ရွှေတံခါး၊ ယွန်းနဒီဦး၊ မြန်မာအိတ်စ်ပရက်စ်လင့်ခ်၊ ဟော်နန်းနဲ့ မေ၀င့် စတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

 by နန်းမြနဒီ  (ဒီဗွီဘီ)

ထိုင်းနိုင်ငံ စခံလဘူရီခရိုင်အတွင်းရှိ အထည်ချုပ်စက်ရုံတရုံ (ဓာတ်ပုံ-ရိုက်တာ)

ဥက္ကံမြို့ နောက်ဆုံး အခြေအနေ

Posted: 30 Apr 2013 07:02 AM PDT

ဒီကနေ့ဧပြီလ ၃ဝ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅ဝ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

photo: RFA/ Moe Thu Aung, Kyaw Zawe Win














ဥက္ကံမြို့အခြေအနေ ဒေသန္တရအမိန့်ထုတ်ပြန်ထား

Posted: 30 Apr 2013 04:49 AM PDT

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့သို့  ဆက်စပ်မြို့နယ်များဖြစ်သည့် မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ တိုက်ကြီးမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့များမှ  ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်း(၃)/ (၅)/(၆)များမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ရ်ျ လုံခြုံရေး အဖွဲ့များ အနေဖြင့်  ဥက္ကံလုံခြုံရေးအား  စိုးမိုးရယူထားလျက်ရှိပြီး နယ်မြေ အေးချမ်းလျက်ရှိပါသည်။

 ဥက္ကံမြို့အား သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသန္တရအမိန့်  ထုတ်ပြန်ထားရှိပါသည်။

ဥက္ကံမြို့တွင်  ဈေးပတ်လမ်းရှိ  ဆိုင်အချို့  ပျက်ဆီးခဲ့ပြီး  အနော်ရထာရပ်ကွက်ရှိ  ဈေးဗလီ တွင်  ကြီးမားသည့် ပျက်ဆီးမှု  မရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ  သတင်းရရှိပါသည်။

သစ်ထူးလွင်


ထားဝယ်တက္ကသိုလ်ဝင်းထဲ“ချဉ်ပေါင်ကျား”(ခေါ်) “အင်းကျား”တစ်ကောင်တွေ့ရှိ

Posted: 30 Apr 2013 03:13 AM PDT

ထားဝယ်-ဧပြီ၃၀

ထားဝယ်တက္ကသိုလ်ဝင်း အတွင်း "ချဉ်ပေါင်ကျား" (ခေါ်) "အင်းကျား" တစ်ကောင်ကိုဧပြီ ၂၈ရက်ကတွေ့ရှိ၍ မွေးမြူ စောင့်ရှောက်ထား ကြောင်း သိရသည်။

တောမိုးတောင်ခြေနှင့် နီးကပ်စွာတည်ရှိသည့် ထားဝယ်တက္ကသိုလ်ဝင်း အတွင်းရှိ ရေတွင်းတစ်တွင်းထဲသို့ ကျနေသော ကြောင်သာသာအရွယရှိထားဝယ်ဒေသအခေါ် "ချဉ်ပေါင်ကျား" (ခေါ်) "အင်းကျား"တစ်ကောင်ကို နယ်မြေ၀န်ထမ်းတစ်ဦးက တွေ့ရှိပြီး ၊ ယခုအခါ ၄င်း၏အိမ်တွင်ပင်
မွေးမြူ စောင့်ရှောက်ထားကြောင်း တွေ့ရသည်။

"ဒီနားပတ်ဝန်းကျင်မှာကတော့ ဒီကျားအငယ်လေးတွေကို မကြာမကြာတွေ့ရ တတ်ပါတယ်။ တစ်ခါတစ်လေ မွေးထားတဲ့ ကြက်တွေကို လာလာဆွဲ တတ်တာကလွဲလို့ လူကိုတော့ အန္တရာယ်မပြုပါဘူး၊ ဆရာ၊ ဆရာမတစ်ချို့ဆို ညည လမ်းလျှောက်ရင်း ဒီအကောင်လေးတွေ ဖြတ်ပြေးတာမျိုး မြင်နေကျပါ ၊ ခုလည်းအစာလာရှာရင်း ရေတွင်းထဲပြုတ်ကျပုံရပါတယ် " ဟု အင်းကျားကို ရရှိထားသူ
နယ်မြေ၀န်ထမ်း ကိုမျိုးဝင်းကပြောသည်။

ထားဝယ်တက္ကသိုလ်သည်ထားဝယ်မြို့မှ အနောက်ဘက် (၄) မိုင်ခန့်အကွာ ထားဝယ်မြစ်အနောက်ဘက်ရှိ လောင်းလုံးမြို့နယ်၊ ကမျောကင်းရွာတွင်တည်ရှိပြီး (၃၇၀.၇)ဧကခန့် အကျယ်အ၀န်းရှိသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

Popular Myanmar News Journal


တရုတ်စစ်လေယာဉ် မရရှိဟု ယူဒဗလျူအက်စ်အေ ငြင်းဆို

Posted: 30 Apr 2013 03:07 AM PDT

တရုတ်နိုင်ငံအကူအညီနဲ့ စစ်ရဟတ်ယာဉ်တွေ ရရှိတယ်လို့ စစ်သတင်းအသားပေး ဂျိမ်းစ် လစဉ်ထုတ်ဂျာနယ်ရဲ့ရေးသားချက်အပေါ် "၀"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) က ငြင်းလိုက်ပါတယ်။

ဖေဖော်ဝါရီနဲ့ မတ်လမှာ ဝေဟင်ပစ်ဒုံး တီဝိုင်-၉၀ (TY-90)နဲ့ အလယ်အလတ် သယ်ဆောင်ရေး Mil Mi-17 ရဟတ်ယာဉ်တွေကို တရုတ်က ယူဒဗလျူအက်စ်အေအဖွဲ့ကို ပေးခဲ့တယ်လို့ တိုင်းရင်းသားတွေနဲ့ အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီးတော့ ဧပြီ ၂၉ ရက်ထုတ် ဂျိမ်းစ် လစဉ်ထုတ်ဂျာနယ်မှာ ရေးသားထားပါတယ်။

ဒီရဟတ်ယာဉ်တွေကို တရုတ်မှာ လေ့ကျင့်ထားတဲ့ ယူဒဗလျူအက်စ်အေ က လေယာဉ်မှူးတွေက မောင်းတာလား၊ တရုတ်လေယာဉ်မှူးတွေက မောင်းတာလား ဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဂျိမ်းဂျာနယ်က ရေးပါတယ်။

Mi-17 ရဟတ်ယာဉ် ၅ စင်းကို တရုတ်ကနေ တိုက်ရိုက်မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီးတော့ ယူဒဗလျူအက်စ်အေအဖွဲ့ ထိန်းချုပ်ရာနယ်မြေကို ပေးပို့ခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရင်းမြစ်ကို ကိုးကားထားသလို မြန်မာစစ်တပ်ကတော့ ၂ စင်းပဲ ပေးပို့ခဲ့တယ်လို့ အတည်ပြုနိုင်တဲ့အကြောင်း အစိုးရ သတင်းရင်းမြစ်ကို ကိုးကား ရေးသားထားပါတယ်။

ယူဒဗလျူအက်စ်အေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို မေးမြန်းရာမှာတော့  ဒီသတင်း မှားယွင်းတယ်လို့ ဖြေဆိုပါတယ်။

"မောင်းတတ်တဲ့လူလည်းမရှိ၊ နားလည်သူလည်းမရှိ ဘယ်သူက လာထောက်ပံ့မှာလဲ။ သတင်းကမဖြစ်နိုင်တဲ့ သတင်းပါ။ အပြင်က ပြောပြောနေတဲ့ ယူဒဗလျူအက်စ်အေက တရုတ်ကထောက်ပံ့တာတွေ သုံးတယ် ဆိုတဲ့ သတင်းတွေကတော့ အများကြီးပေါ့။ ဒါတွေက အရင် ဗကပ ခေတ်ကတည်းက လက်နက်တွေအများကြီးပါ။ ဒီသတင်းတွေ. ၀ ကို ရဟတ်ယာဉ်တွေ ထောက်ပံ့တယ်၊ ပေးတယ်ဆိုတဲ့ သတင်းတွေထုတ်တဲ့သူ ကိုယ်တိုင်က ဘာလို့ ထုတ်လဲဆိုတာ စဉ်းစားစရာပဲ။ ၀ မှာက ပညာတတ်တွေလည်း မရှိဘူး။ ရဟတ်ယာဉ်မောင်းတတ်တဲ့ အင်ဂျင်နီယာလို အတတ်ပညာရှင်တွေလည်း ရှိမှမရှိဘဲ။ သတင်းထုတ်တဲ့သူကို ပြန်မေးရမယ်၊ ဘာသဘောနဲ့ ဒီ သတင်းထုတ်လဲဆိုတာ။"

ဒီသတင်းသာ မှန်မယ်ဆိုရင်တော့ ရုရှားဆီကနေ မကြာခင်ကမှရရှိခဲ့ပြီးတော့ ကချင် လွတ်လပ်ရေးတပ်မတော်ကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ Mi-24Pကို TY-90 ဒုံးကျည်က တားဆီးနိုင်မယ်လို့လည်း ဂျာနယ်မှာရေးပါတယ်။

တီဝိုင်-၉၀ (TY-90)ဟာ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်နိုင်တဲ့ ပေါ့ပါးတဲ့ တရုတ်လုပ် ဝေဟင်ပစ် ဒုံးကျည်အမျိုးအစား ဖြစ်ပါတယ်။

ဒီသတင်းဖော်ပြချက်အပေါ် ရန်ကုန်အခြေစိုက် တရုတ်သံရုံးကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူတဦးက မဖြစ်နိုင်ဘူးလို့ ပြောဆိုပါတယ်။

ဒီလို လက်နက်တွေအပြင် လူသယ်ဆောင်နိုင်တဲ့ လေကြောင်းကာကွယ်ရေးစနစ် (MANPADS) ကိုလည်း ယူဒဗလျူအက်စ်အေအဖွဲ့က တရုတ်ဆီကနေ တဆင့် ၂၀၀၁ မှာ တပ်ဆင်ခဲ့တယ်လို့  ဒီဂျာနယ်က အရင်က ရေးသားခဲ့ပါတယ်။

တရုတ်ဆီကနေ လက်နက်တပ်ဆင်ထားတဲ့ ယာဉ်တွေကို ယူဒဗလျူအက်စ်အေအဖွဲ့က ရရှိထားတယ်ဆိုတဲ့ ဒီဇင်ဘာလထုတ် ဂျိမ်းဂျာနယ်ရဲ့ ရေးသားချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်န၀ါရီလတုန်းက ငြင်းဆိုခဲ့ဖူးပါတယ်။

by ဒီဗွီဘီ


ဥက္ကံမြို့တွင် ဘာသာရေးအဆောက်အဦနှင့် ဆိုင်ခန်းအချို့ ဖျက်ဆီးခံရ

Posted: 30 Apr 2013 03:00 AM PDT

ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ဘာသာရေးအဆောက်အဦနဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးမှုခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိတ္ထီလာခရိုင်နဲ့ ပဲခူးတိုင်းအနောက်ပိုင်းက မြို့နယ်တွေမှာ ဖျက်ဆီးမှုတွေဖြစ်ပွားပြီး ငြိမ်သက်နေရာကနေ ဥက္ကံမြို့မှာ ပြန်ဖြစ်တာပါ။

ဒီနေ့ မနက် ၁၀ နာရီခန့်က ဥက္ကံမြို့နယ်က ဘုရားကြီးဈေးထဲမှာ ဆွမ်းခံကြွလာတဲ့ အသက် ၁၁ နှစ်အရွယ် ကိုရင်တပါးကို အမျိုးသမီးတဦးက ဆိုင်ကယ်နှင့်တိုက်မိလို့ သပိတ်ကွဲရာကနေ ဆူပူမှုတွေဖြစ်ပွားပြီး ဘာသာရေးအဆောက်အဦ ၂ ခုနဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးမှုတွေ ဖြစ်ခဲ့တာလို့ ဥက္ကံမြို့မှာ နေထိုင်သူတွေက ပြောပါတယ်။

ဥက္ကံမြို့ဈေးနားမှာ နေထိုင်သူ မြို့ခံတဦးက "ကိုရင်လေးက ဈေးထဲဆွမ်းခံကြွတာ အဲမှာဆိုင်ကယ်က၀င်တိုက်တော့ သပိတ်ကွဲသွားတယ်။ သူက မချေမငံဆက်ဆံတယ်။ ဘေးလူတွေက မကျေမနပ်ဖြစ်တယ်။ အလိုလိုမှ ဖြစ်ချင်နေတာ၊ ထိန်းမရသိမ်းရဖြစ်ကုန်တာ။ အဲမှာ မခံချင်စိတ်တွေနဲ့ လူတွေကစုလာပြီး ဗလီတွေဖျက်၊ ဆိုင်တွေပါဖျက် ဖြစ်ကုန်တယ်။ ရဲက သေနတ်ဖောက်တားရတဲ့ အဆင့်ရောက်တယ်" လို့ ပြောပါတယ်။

ဥက္ကံမြို့နယ် ဆင်ခြေဖုံးရပ်ကွက်နဲ့ ရွာတွေကလူတွေပါ ပါဝင်လာတဲ့အတွက် အခြေအနေကို ထိန်းသိမ်းဖို့ သံဃာတော်တွေနဲ့အရပ်သားတွေ ကြိုးပမ်းခဲ့တယ်လို့လည်း ပြောပါတယ်။
ဥက္ကံရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီး အပျက်အစီး စာရင်းကိုတော့ စစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။

 by စုစုလှိုင် (ဒီဗွီဘီ)


ဥက္ကံမြို့ အဓိကရုန်း အခြေအနေ ထိန်းသိမ်းနိုင်ပြီဖြစ်

Posted: 30 Apr 2013 02:54 AM PDT

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရရှိတဲ့ ကနဦး သတင်းများအရ ဥက္ကံမြို့မှာ ဆွမ်းခံတဲ့ ကိုရင်နဲ့ အမျိုးသမီး တစ်ဦး တိုက်မိပြီး သပိတ်လွတ်ကျတဲ့ ဖြစ်စဉ်က အစပြုကာ ဒီနေ့ နေ့လည် တစ်နာရီကျော်မှာ ဗလီနဲ့ အနီးက ဆိုင်ခန်းအချို့ကို တိုက်ခိုက်မှုပြုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ က သေနတ်ပစ်ဖောက် လူစုခွဲ ခဲ့ရကြောင်းသိရပါတယ်။ ညနေသုံးနာရီကျော်မှာ အခြေအနေကို ထိန်းသိမ်းနိုင်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနဲ့ လုံခြုံရေးတပ်ဖွဲ့များလည်း ရောက်ရှိသွားပြီလို့ သိရှိရပါတယ်။
ဆိုင်ခန်းအချို့ ပျက်စီးပြီး ဗလီက မှန်အချို့ကွဲသွားကြောင်း၊ မီးလောင်ပျက်စီးမှုမရှိကြောင်းသိရပါတယ်။

အခြေအနေအသေးစိတ်သိရှိရပါက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန် ပေးပါ့မယ်။

ဦးရဲထွဋ် -  Facebook


မီဇိုရမ်တွင် ချင်းလူမျိုးနေထိုင်သည့် အိမ် ၄၀ မီးရှို့ ခံရ

Posted: 30 Apr 2013 02:26 AM PDT

ချင်းလူမျိုးအများစုနေထိုင်သည့် အိန္ဒိယ အရှေ့ မြောက်ဘက် မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်ရှိ Saikhumphai ကျေးရွာရှိ လူနေအိမ် ၄၀ လုံးကို ဒေသခံလူထုက မီးရှို့  လိုက်တယ်လို့သိရသည်။

ဧပြီလ ၂၉ ရက် မနက်ပိုင်းက Saikhumphai ကျေး ရွာရှိ ချင်းလူမျိုး များနေထိုင်နေကြ သည့် နေအိမ် ကို Vaphai လူထု ၁၀၀ ကျော်က မီးရှို့  ဖျက်ဆီးလိုက်ကြောင်း လို့ Saikhumphai ကျေး ရွာနေ ချင်းအမျိုး သားတဦးက ပြောပါတယ်။

"ဒီနေ့မနက်ပိုင်းမှာ ရွာကိုမီးရှုဖို့ Vaphai ကျေး ရွာ လူထု အသက် ၁၅ မှ ၆၀ ကြားလူထုအများကြီး ကျတော်တို့ နေတဲ့ ရွာဘက်ကို တက်လာတယ်၊ မီဇိုရမ်ရဲတွေ ကဟန့်တားနေတဲ့ အချိန်မှာဘဲ၊ Tiau ချောင်းဘက်ကနေ လူဦးရေ ၁၀၀ ခန့် ထပ်ရောက်လာတော့ ပြည်သူရဲတွေကလည်း မဟန့်တား နိုင်တော့ဘူး၊ အဲဒီလူတွေက ကျနော်တို့နေတဲ့ အိမ်တွေ မီးရှို့ လိုက်တယ်" ဟုအဆိုပါ ချင်းအမျိုးသား တဦးက ပြောပါတယ်။

Tuai ချောင်း ဘက်ကနေ တက်လာတဲ့ Vaphai ရွာသားများသည် ပုလင်းထဲ ရေနံဆီထည့် ထားပြီး နေ့လယ် ၁၂ နာရီကျော်တွင် ပုလင်းကိုမီးရှို့ ကာ ပုလင်းနဲ့ Saikhumphai ကျေးရွာ သားများ၏ နေအိမ်ကိုပေါက်ကာ တရွာလုံးမီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

Saikhumphai ရွာသားတချို့ သည် အဝက်အစား၊ အိပ်ယာ၊ အိုးခွက်ပန်းကန်များကို သာ ပြန်ရနိုင် ကြပြီး ယခု လောလောဆယ် မည့်သည့်နေရာတွင် အခြေစိုက်မည်၊ ဘယ်ဖက်ကို ဦးတည်ပြီး ပြောင်းရွှေ့  မည်ကို မသိရှိဘဲ ရွာနီးနားတွင် ခေတ္တာ ခိုလှုံနေ ဆဲဖြစ်ကြောင်း သိရသည်။

"ငိုတဲ့သူကငို၊ ကျနော်တို့မှာ သွားစရာ၊ နေစရာကို မရှိတော့ဘူး လမ်းဘေးမှာဘဲ ငုတ်တုတ်ထိုင်နေ ကြတယ်" ဟုဒေသခံတစ်ဦးက ဆိုသည်။

အခုမီးရှုခံလိုက်ရသည့် အိမ်ပိုင်ရှင်များသည် မီဇိုရမ်ပြည်နယ်တွင် နေထိုင်ခွင့် ID ကပ်ပြားရှိထား သည့် ပုဂ္ဂိုလ် များ ဖြစ်ကြောင်း ပြောဆိုကြသော်လည်း ကျန်ဖိုင်ခရိုင် Khawbung ကျေးရွာ ရဲမှူး Pu Lalrohlua က တရားမ၀င် မီဇိုရမ်ထဲတွင် နေထိုင်ကြသည့် နိုင်ငံခြားသားများဖြစ်ကြောင်း ၂၀၁၂ခုနှစ် အောက်တိုဘာလ (၂၅) ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ထို့ ကြောင့် တရားမ၀င်နေထိုင်ကြသည့် နိုင်ငံခြားသားများကို ခရိုင်တရားရုံးက ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၃၁)တွင် Saikhumphai ကျေးရွာမှ ထွက်ခွါကြရန် အမိန့် ထုတ် ထားပြီးဖြစ် သည်။

Saikhumphai ကျေးရွာတွင် Pu Fungthanga, Vanlalkunga, Rozama, Rinmuani, Tialmenpari, Manglianhrea, Rohungliana, Lalnunthanga, Paktinthanga, Tawkruaia နှင့် Thawngliankapa မိသားစုများနေထိုင်ကြပြီး လူဦးရေအားဖြင့် (၇၃) ဦးရှိကြောင်း ရဲမှူး Lalrohlua အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

သို့ သော် ဒေသခံများကမူ မီးရှို့ ခဲ့သည့် အိမ်ခြေ (၄၀) ရှိကြောင်း အတည်ပြုပြောဆိုခဲ့ကြသည်။

Saikhumpai ကျေးရွာသည် ၁၉၆၃ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံဘက်ကနေ ချင်းလူမျိုး တချို့ စတင်ပြောင်းရွှေ့လာကြတာဖြစ်ပြီး Vaphai ကျေးရွာကောင်စီအဖွဲ့ကလည်း အသိ အမှတ်ပြုကာ နေထိုင်ခွင့်ပြုထားသူများ ဖြစ်ပါသည်။ ထိုသို့ နေထိုင်ခွင့်ပြု၍ ချင်းလူမျိုးများသည် ၄င်းကျေး ရွာတွင် နေထိုင်ကြပြီး တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ကြကာ အသက်မွေးဝမ်းကြောင်းခဲ့ကြသည်။

မီဇိုရမ်အာဏာပိုင်များသည် ၂၀၁၂ခုနှစ် နိုဝင်ဘာလဆန်းပိုင်တွင် ချင်းလူမျိုးလူဦးရေ ၈၀ ခန့်ကို ကျေးရွာ ကနေ မောင်းထုတ်လိုက်ကြပြီး သူတို့နေ ထိုင်ခဲ့တဲ့အိမ်တွေကိုလည်း ချိတ်ပိတ်ခဲ့ သည်။

ခိုနှုမ်းထုန်


အမေရိကန်ထိပ်တန်း Ford ကားပြည်တွင်း၌ ရောင်းချတော့မည်

Posted: 30 Apr 2013 02:08 AM PDT

ရန်ကုန် ဧပြီ ၃၀

အမေရိကန်ထိပ်တန်း Ford ကားများအား ယခုနှစ်အတွင်း ပြည်တွင်း၌ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏ်ီမှ ယနေ့နံနက် ၁၀ နာရီတွင် အင်းလျားလိခ်ဟိုတယ်၌ ရှင်းလင်းပြောကြားခဲ့သည်။

Ford ကုမ္ပဏီအနေဖြင့် ပြည်တွင်းမှ Capital Automotive ကုမ္ပဏီနှင့် ပူးပေါင်း၍ မော်တော်ကားအသစ်များ စတင်တင်သွင်းသွားမည် ဟု Capital Automotive ကုမ္ပဏီမှ ဦးခင်ထွန်းကပြောသည်။

၏ပထမဦးဆုံး အရောင်းပြခန်းအား ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်တွင် တည်ဆောက်နေပြီဖြစ်ပြီး ၀န်ဆောင်မှုအပိုင်းနှင့် အပိုပစ္စည်း များအတွက်ပါထောက်ပံ့ပေးသွားမည်ဖြစ်သည်။

အဆိုပါ အရောင်းပြခန်း၌ Ford ၏ One Ford ကားများ ၊ ထရပ်ကားများနှင့် SUV ကားများ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သုတလင်း - Popular Myanmar News Journal


တပ်မတော်နှင့်ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့များ ရှိဟုဆို

Posted: 30 Apr 2013 02:04 AM PDT

ပြည်တွင်းပြည်ပ မီဒီယာတချို့ဟာ တပ်မတော်နဲ့ ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့မှုတွေ ရှိခဲ့တာကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ တပ်မတော်အနေနဲ့လည်း မီဒီယာကဏ္ဍ တိုးချဲ့ဖို့ လုပ်နေတယ်လို့ စစ်ရေးချုပ် ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောပါတယ်။

ဒီနေ့မနက် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ကျင်းပတဲ့ မြ၀တီ မီဒီယာဂရုဖ်နဲ့ မီဒီယာတွေ တွေ့ဆုံပွဲမှာ ခုလို ပြောဆိုလိုက်တာပါ။

တပ်မတော်ပိုင် မြ၀တီမီဒီယာဂရုဖ်အနေနဲ့ လာမယ့် မေ ၁ ရက်နေ့ကစပြီး မြ၀တီသတင်းစာကို လက်ရှိ ၂၄ မျက်နှာကနေ ၃၂ မျက်နှာ တိုးချဲ့ ထုတ်ဝေသွားမယ့်အပြင် မြ၀တီနဲ့ ဆက်စပ် ရုပ်သံလိုင်း ၆ လိုင်းကိုလည်း လက်ရှိ တနေ့ ၁၁ နာရီ ထုတ်လွှင့်နေရာကနေ တနေ့ ၁၈ နာရီ တိုးချဲ့ ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော်ဟာ မြန်မာပြည်မှာ အကြီးဆုံး စီးပွားရေးဦးပိုင် လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်သလို မြ၀တီ ရုပ်သံ၊ သဇင်အသံလွှင့်ဌာန၊ မြ၀တီသတင်းစာ၊ မဂ္ဂဇင်းနဲ့ စာအုပ်တွေ ထုတ်ဝေနေတဲ့ မြ၀တီ စာအုပ်တိုက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

by ဒီဗွီဘီ


ပြည်တွင်းပြည်ပ မီဒီယာ တစ်ချို့ဟာ တပ်မတော်နဲ့ ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့တာတွေ ရှိခဲ့တယ်၊ ဒါကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ
တပ်မတော်အနေနဲ့လည်း မီဒီယာကဏ္ဍ တိုးချဲ့ဖို့ လုပ်နေတယ်လို့ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောဆိုလိုက်ပါတယ်။

ဗဟန်းမြို့နယ် ရဲစခန်းရှိ တပ်ဖွဲ့ဝင်များမှ ၎င်းတို့၏ ရဲစခန်းမှူးအပေါ် မကျေနပ်မှုများ (ပေးစာ)

Posted: 30 Apr 2013 01:49 AM PDT

        ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်အောင်သည်၊ လက်အောက်တပ်ဖွဲ့ ၀င်များအပေါ် ဒီမိုကရေစီဝါဒနှင့်အညီ လုပ်ဖေါ်ကိုင်ဘက်ဟု သဘောမထားဘဲ၊ အာဏာရှင်ဝါဒကို ယနေ့ထိ စွဲ ကိုင်ကျင့်သုံးကာ၊ မောက်မာရိုင်းပြစွာ ခွဲခြားဆက်ဆံသည့်အပြင်၊ လူအများရှေ့တွင် လက်အောက်တပ်ဖွဲ့ဝင်များ ကို အရှက်ရစေသော နည်းလမ်းဖြင့် ရိုက်နှက်၊ ထိုးကြိတ်ပြီး မိမိကိုယ်ကို ဂုဏ်တင်နေသဖြင့် တပ်ဖွဲ့ဝင်အချို့မှ နာကြည်းမှုများရှိနေသည်ဟု သိရသည်။

          အထူးသဖြင့် နယ်ထိန်းတပ်ဖွဲ့ဝင်အချို့မှာ ၎င်းတို့၏ဆန္ဒမပါဘဲ၊ အဓမ္မ တာဝန်ပေး စေခိုင်းခြင်း ခံနေရ ပြီး၊ နယ်မြေအတွင်းရှိ ဒုစရိုက်သမားများထံမှ လိုင်းကြေးငွေများကို ထောင်နှုတ်ခမ်းနင်း၊ ဦးခေါင်းရင်း၍ ကောက် ခံပေးနေရပါသည်။

          ထို့အပြင် ရဲစခန်းတစ်ခုလုံး၏ လစဉ် အထွေထွေ ကုန်ကျစရိတ်များကိုလည်း၊ ရပိုင်ခွင့်သာလွန်သော စခန်းမှူးနှင့် အရာရှိများက ၎င်းတို့၏ ရပိုင်ခွင့်များထဲမှ အပွန်းပဲ့ မခံဘဲ၊ နယ်ထိန်းတပ်ဖွဲ့ဝင်(၁၀)ဦး ကိုသာ အနိုင် ကျင့်ကာ အချိုးချ၊ ကျခံစေသောကြောင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှာ တစ်ဦးလျှင် လစဉ်၊ ငွေကျပ် တစ်သိန်း ကျော်စီ စိုက်ထုတ်ပေးသွင်း ကုန်ကျနေရပါသည်။

          ထိုသို့ ကုန်ကျနေရသဖြင့် ၎င်းတို့၏ လစာငွေအား ထုတ်ယူခွင့် မရသည့်အပြင်၊ လိုအပ်သောငွေကို လည်း မရမက ရှာဖွေပေးဆပ်နေရသဖြင့် ဇနီးမယားများကို စားရိတ် မအပ်နိုင်သောကြောင့် အိမ်တွင်ရေး ပဋိ ပက္ခများ ဖြစ်ပေါ်ခံစားနေရပြီး၊ မိသားစု စားဝတ်နေရေး၊ ကလေး ကျမ္မာရေးနှင့် ကျောင်းသားများ ပညာရေးတို့ အတွက် ချို့တဲ့နစ်နာမှုများ ရှိနေကြောင်းသိရသည်။

          ထိုနစ်နာမှုများကြောင့် နယ်ထိန်းတပ်ဖွဲ့ဝင်အချို့က နယ်ထိန်းတာဝန်မှ နှုတ်ထွက်ခွင့်ပေးပါရန် တောင်း ဆိုသော်လည်း၊ စခန်းမှူးမှ ပေးမထွက်သည့် အပြင်၊ လုပ်ပိုင်ခွင့်ကို အခြေခံသော ခြိမ်းခြောက်မှုများ ရှိနေသဖြင့် စခန်းမှူးအပေါ် မကျေနပ်မှုများရှိနေကြောင်းသိရှိရပါသည်။

ဗဟန်း နယ်ထိန်း


ဘူးသီးတောင်မြို့နယ်တွင် ရွာသားများအား မတရားဖမ်းဆီး ကြိုးတုတ်ပြီး ရိုက်နှက်

Posted: 30 Apr 2013 01:42 AM PDT

ဧပြီလ ၂၆ ရက် ၂၀၁၃ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ရခိုင်ကွန်ဒိုင်ကျေးရွာမှ  စက်လှေဖြင့် ဘူးသီးတောင်မြို့သို့ဈေးဝယ်ထွက်ရန် အသွားလမ်းတွင် ဒပြုချောင်းတံတားကင်းစခန်းသို့ ဝင်ရောက်သတင်းပို့စဉ် ဒုအရာခံဗိုလ်မြင့်လွှင်နှင့် အပေါင်းပါ ရဲဘော်(၂) ဦးက စက်လှေပေါ်လိုက်ပါလာသည့် ရခိုင်ကွန်ဒိုင်ကျေးရွာမှ မိန်းမ(၂) ဦးဖြစ်သည့် ဒေါ်မလှဝင်း(ဘ) ဦးထွန်းအောင်ဖြူ၊ အသက်(၃၇)နှစ် နှင့် ဒေါ်မစောရွှေ(ဘ) ဦးမောင်စံလှ၊ အသက် (၁၈) နှစ် တို့အား ကုန်းပေါ်သို့ကိုယ်လက်များကိုကိုင်၍ ဆွဲတင်သည်။

ထိုစဉ် စက်မောင်း ဦးမင်းသူထွန်း(မှတ်ပုံတင်အမှတ်- ၁၁/ဘသတ(နိုင်)၀၂၉၉၉၄) (ဘ) ဦးသန်းထွန်း၊ အသက်(၂၂)နှစ် က ထိုသို့ကိုယ်လက်များကိုင်၍ တင်စရာမလိုကြောင်းပြောရာ ဒုအရာခံဗိုလ်မြင့်လွှင်က ကြမ်းတမ်းစွာဆဲဆိုပြီး မြေပေါ်ပက်လက်မှောက်ခိုင်းပြီး ကျောကို သစ်သားတုတ်ဖြင့် (၂)ချက် တအားရိုက်နှက်ပြီး ကျန်ရဲဘော်တစ်ယောက်က လက်သီးဖြင့် မျက်နှာကို ညာ(၅)ချက်၊ ဘယ်(၇) ချက် တအားထိုးသည်။ ထို့အပြင် ဦးမင်းသူထွန်းအား စခန်းထဲ့ဆွဲသွင်းပြီး လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုတ်ကာ ခြေနှစ်ဘက်ကိုလည်းကြိုးတုတ်ပြီး မြေပေါ်တအားလှဲချသည်။

ခြေနှစ်ဖက်လုံးကို သစ်လုံးဖြင့် အကြိမ်ကြိမ်ကြိတ်ပြီး ကိုယ်ခန္ဓာအား သစ်သားတုတ်ဖြင့် အကြိမ်(၁၀) ထက်မနည်း ရိုက်နှက်သည်။ ထိုစဉ် လှေပေါ်ပါလာသည့် ဦးကျော်ဇောလှ( မှတ်ပုံတင်အမှတ်- ၁၁/ဘသတ(နိုင်)၀၁၁၈၅၆) (ဘ) ဦးထွန်းအောင်ဖြူ၊ အသက်(၃၇)နှစ်က ဝင်တားရာ အဆိုပါ ဒုအရာခံဗိုလ်က တုတ်ဖြင့် (၂)ချက် လွဲရိုက်သည်ဟုလည်းသိရသည်။

 အဆိုပါ ဦးမင်းသူထွန်းမှာ ခြေ၊ နောက်ကျောနှင့် မျက်နှာများတွင် ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးကုသခံလျှက်ရှိသည်။ ဝင်တားသူ ဦးထွန်းအောင်ဖြူမှာလည်း ခန္ဓာတွင် ဒဏ်ရာရသွားကြောင်း သိရသည်။ ထို ဒုအရာခံဗိုလ်နှင့် အပေါင်းပါတို့သည် အရက်သောက်စားထားသည်ဟုလည်း ဦးထွန်းအောင်ဖြူက ဆိုသည်။ ထိုသို့ အနိုင်ကျင့်မှုကို ဘူးသီးတောင်ရဲစခန်းတွင် သွားရောက်တိုင်ကြားရာ လက်မခံကြောင်းလည်းသိရသည်။

အဆိုပါ ဒုအရာခံဗိုလ်နှင့် ရဲဘော်တို့သည်  ဧပြီလ ၂၁ ရက် ၂၀၁၃ နေ့ကလည်း လှေပေါ်ပါလာသည့် မိန့်ကလေးတစ်ဦးအား ပေးရန်တောင်းသည်ဟု ဦးမင်းသူထွန်းပြောပြချက်အရ သိရသည်။

ရွာသူတွေပါဟုငြင်း၍ အငြိုးဖြင့် ယခုလိုလုပ်ခြင်း ဖြစ်သည်ဟုလည်း သူကဆိုသည်။

 ၎င်း ကင်းစခန်းတွင် ထိုသို့အနိုင်ကျင့်မှုများ မရှိခဲ့ဖူး အဆိုပါ ဒုအရာခံဗိုလ်ရောက်လာမှ ထိုသို့ပြုမူခြင်းဖြစ်ကြောင်းလည်း သူကပြောပြသည်။

 ထိုသို့ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် တပ်မတော်သားများ ပြည်သူများကို အကာအကွယ်ပြုရမည့်အစား ဒေသခံတိုင်းရင်းသားလူနည်းစု ရခိုင်တိုင်းရင်းသားများကို နိုင်ထက်စီးနင်းပြုနေခြင်းကို သက်ဆိုင်ရာလူကြီးများနှင့် နိုင်ငံတော်သမ္မတကြီးတို့ သိစေလိုကြောင်းနှင့် ထိထိရောက်အရေးယူ စေလိုကြောင်းလည်း ဦးမင်းသူထွန်းက ဆိုသည်။

သစ်ထူးလွင်


ရိုက်နှက်ခံရသူ ဦးမင်းသူထွန်း(ဘ) ဦးသန်းထွန်း (၂၂)နှစ်
ရခိုင်ကွန်ဒိုင်ကျေးရွာ၊ ဘူးသီးတောင်မြို့နယ်

ဧပြီလ (၂၉)ရက်နေ့ ထုတ် စီးပွါးရေး သတင်းဂျာနယ် အတွဲ ၁၃ ၊ အမှတ် ၁၅

Posted: 30 Apr 2013 06:49 AM PDT

ဧပြီလ (၂၉)ရက်နေ့ ထုတ် စီးပွါးရေး သတင်းဂျာနယ် အတွဲ ၁၃ ၊ အမှတ် ၁၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဧပြီလ (၂၉)ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ်, Vol. 2, Issue 15

Posted: 30 Apr 2013 06:53 AM PDT

ဧပြီလ (၂၉)ရက်နေ့ ထုတ် အိုင်စီတီ ဂျာနယ်, Vol. 2, Issue 15

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



လူတိုင်း ပညာသင်ကြားရေး မသင်မနေရ မူလတန်းပညာရေး ဥပဒေ ပြဋ္ဌာန်းသင့် ဟုဆို

Posted: 30 Apr 2013 01:24 AM PDT

ရန်ကုန်၊ ဧပြီ ၂၉

မသင်မနေရ မူလတန်းပညာရေး စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မသင်မနေရ ပညာရေး ဥပဒေ ပြဋ္ဌာန်းသင့်ကြောင်း အခြေခံ ပညာရေးအကြံပေးပုဂ္ဂိုလ် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဦး က The Voice သို့ပြောကြားသည်။

မြန်မာနိုင်ငံတွင် မသင်မနေရ မူလ တန်းပညာရေးကို ၂၀၁၁-၂၀၁၂ ပညာ သင်နှစ်၌ စတင် အကောင်အထည် ဖော်ခဲ့ရာတွင် အလုံးစုံ လွှမ်းခြုံနိုင်ရန် ဥပဒေတစ်ခု ပြဋ္ဌာန်းဆောင်ရွက်သင့်ကြောင်း ၄င်းက အကြံပြုသည်။
"လောလောဆယ်တော့ ဥပဒေဆွဲတဲ့ နေရာမှာ ကူညီဖို့ ကမ်းလှမ်းထားတာ မရှိပါဘူး။ သူတို့ဘာသာ ရေးဆွဲမှာပါ" ဟု ဦးသန်းဦးက ထပ်လောင်းပြောကြားသည်။

အခြေခံပညာကဏ္ဍ ၂၀၁၃ ခုနှစ် အမျိုးသားပညာရည် မြင့်မားရေး နှီးနှော ဖလှယ်ပွဲတွင် ဖတ်ကြားသော ခေတ်စနစ်နှင့် အညီ အခြေခံပညာကဏ္ဍ ဖွံဖြိုးတိုးတက်ရေး စာတမ်း၌ မြန်မာနိုင်ငံ၏ မသင်မနေရ မူလတန်းပညာရေး စနစ် အောင်မြင်ရန် မသင်မနေရ မူလတန်းပညာရေး ဥပဒေကို ရေးဆွဲရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာနက မသင်မနေ ရ မူလတန်းပညာရေး အတွက် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ် ကျပ် ၁၈၃၅ ဒသမ ၅ သန်းဖိုး ၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းသုံး ဗလာစာအုပ် ကျပ် ၇၂၂၄ သန်း ဖိုးခန့် နှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင်မူ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် တို့အပြင် ငွေကျပ် တစ်ထောင်စီပါ ထောက်ပံ့ရန် စီစဉ်လျက်ရှိသည်။

မြို့နယ်လုံးကျွတ် မသင်မနေရ မူလတန်းပညာရေး ဆောင်ရွက်ရန် မြို့နယ် လေးမြို့နယ်တွင် ယခုပညာသင်နှစ်၌ စမ်းသပ်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။
နိုင်ငံအလိုက် အခြေခံပညာရေး ကဏ္ဍတွင် မသင်မနေရ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ပညာရေး တို့ကို အစိုးရက ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိသည်။

The Voice Weekly


ထိုင်း-မြန်မာနယ်စပ် ကျွန်းငယ် ၃ ခု ပြဿနာ ပြန်လည်ပေါ်ပေါက်

Posted: 30 Apr 2013 01:22 AM PDT

ထိုင်း-မြန်မာနယ်စပ်က ကျွန်းငယ် ၃ ခုအပေါ် ပိုင်ဆိုင်မှုပြဿနာ ပြန်လည်ပေါ်ပေါက်လာခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်အကြီးအကဲက ထိုင်းလူဆိုးတွေကြောင့် ဖြစ်ရတာလို့ အပြစ်တင်လိုက်ပါတယ်။

ထိုင်းလူမှောင်ခိုဂိုဏ်းတွေဟာ တရားမ၀င်အလုပ်သမားတွေကို အဲဒီကျွန်းငယ်တွေပေါ်မှာ ၀ှက်ထားကြရာက ပိုင်နက်ပြဿနာ အသစ်တဖန် ပြန်ပေါ်လာရတာလို့ ထိုင်းစစ်တပ်အကြီးအကဲ ဖရာယွတ် ချန်အိုချာက ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။

TBC ခေါ် ထိုင်းမြန်မာနယ်စပ်ကော်မတီဝင် မြန်မာကိုယ်စားလှယ်တွေက ၁၉၃၉ ခုနှစ် ဗြိတိသျှအစိုးရ ရေးဆွဲခဲ့တဲ့မြေပုံတွေအရ အဲဒီကျွန်းငယ်တွေဟာဟာ မြန်မာနိုင်ငံပိုင်နက်အတွင်းမှာရှိကြောင်း၊ အဲဒီခွန်လမ်၊ ခွန်ခမ်နဲ့ ခွန်ခီနော့ ကျွန်းတွေပေါ်ကို ထိုင်းလူမျိုးတွေ တက်ရောက်နေတဲ့အပေါ် မြန်မာအစိုးရက တားမြစ်လိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းဗိုလ်ချုပ်ကြီး ဖရာယွတ်ကတော့ ဒီကျွန်းတွေရဲ့ ပိုင်ဆိုင်မှု ပြဿနာဟာ ကြာမြင့်လှပြီဖြစ်ကြောင်း၊ ဒီကျွန်းတွေကို ဘယ်ဘက်ကမှ အသုံးမပြုကြဖို့ TBC ခေါ် ထိုင်း မြန်မာ နယ်စပ်ကော်မတီမှာ နှစ်နိုင်ငံသဘောတူညီခဲ့ကြကြောင်း၊ ဒါပေမယ့် ထိုင်းလူမှောင်ခိုဂိုဏ်းတွေကြောင့် ဒီပြဿနာဟောင်းဟာ အသစ်ဖြစ်လာရကြောင်း ပြောဆိုပါတယ်။

ဒီအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘဲ ကိုယ့်လူမျိုးကိုယ်သာ အပြစ်တင်ချင်ပါတော့တယ်၊ သူတို့ဟာ တိုင်းပြည်မျက်နှာမကြည့်ဘဲ ကိုယ်ကျိုးကိုသာကြည့်တဲ့ မျိုးချစ်စိတ်ကင်းမဲ့သူတွေပါပဲလို့ ထိုင်းစစ်တပ်အကြီးအကဲက ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ ဒီပြဿနာမှာ မြန်မာတချို့လည်း ပါဝင်နေပါတယ်၊ ဒီပြဿနာနဲ့ ပတ်သက်လို့ နှစ်ဘက်ဆွေးနွေးခဲ့ကြပြီး၊ ဒီကျွန်းတွေပေါ်မှာ တက်ရောက်နေသူတွေကို မောင်းထုတ်ဖို့ နှစ်ဘက်သဘောတူခဲ့ကြတယ်လို့ ဗိုလ်ချုပ်ကြီး ဖရာယွတ် ပြောပါတယ်။

RFA Burmese


လက်ပံတောင်း ဒေသခံ ၅ဝဝ ညောင်ပင်ကြီး ရဲစခန်းတွင် သွားရောက်ဖမ်းဆီးခံ

Posted: 30 Apr 2013 01:16 AM PDT

လက်ပံတောင်းဒေသခံ ၅ဝဝ နီးပါးဟာ မနေ့ညနေပိုင်းက ညောင်ပင်ကြီးရဲစခန်းကို သွားရောက်ပြီး သူတို့ကိုဖမ်းဆီးဖို့ ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒေသခံတွေအဆိုအရ အာဏာပိုင်တွေထုတ်ပြန်ထားတဲ့ ဒေသတည်ငြိမ်ရေးနဲ့ အေးချမ်းသာယာရေး ပျက်ပြားအောင်လှုံဆော်သူ ၈ ဦးကို အကူအညီပေးသူတွေ၊ ခိုလှုံခွင့်ပေးသူတွေကိုပါ အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် ခုလိုလာရောက်အဖမ်းခံတာဖြစ်တယ်လို့ ပြောကြပါတယ်။

မနေ့က လက်ပံတောင်းဒေသခံတွေဟာ တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒပြခွင့်ရတာကြောင့် တုံရွာကနေ ၀မ်ပေါင်ကုမ္ပဏီအထိ မွန်းလွဲ ၂ နာရီကနေ ၅ နာရီအထိ ဆန္ဒပြခွင့်ရလို့ လမ်းလျောက်ဆန္ဒပြကြစဉ်အတွင်း ညောင်ပင်ကြီး ရဲစခန်းရှေ့အရောက်မှာ အခုလိုဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

သွားရောက် အဖမ်းခံခဲ့တာနဲ့ ပတ်သက်လို့ တုံရွာသစ်က ကိုလေးဝင်းက အခုလိုပြောပြပါတယ်။

"ရဲစခန်းကိုသွားရတဲ့ အကြောင်းရင်းက ဒေသခံတွေက ထမင်းချိုင့်ပေးလို့ပေါ့၊ အိမ်တွေမှာ လက်သင့်ခံလို့ပေါ့၊ ဖမ်းမယ်ဆိုလို့ သွားပြီးတော့အဖမ်းခံတာပါ၊ နောက်လည်း လာကူညီမယ့်သူတွေကို ဆက်ပြီးတော့ ထမင်းချိုင့်ပို့မယ်၊ အိမ်တွေမှာလည်း လက်သင့်ခံမယ်ပေါ့နော် ဖမ်းချင်လည်းဖမ်းပေါ့"

ဒေသခံတွေက အကူအညီပေးသူတွေအပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဆီးမိန့်ကို ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့် ရဲတပ်ဖွဲဝင်တွေက မူလခွင့်ပြုချက်ပေးထားတဲ့ ဆန္ဒပြပွဲကိုပဲ ဆက်လုပ်ဖို့ပြောဆိုတာကြောင့် ၀မ်ပေါင်ကုမ္ပဏီရှေ့အထိ ဆက်လက်လမ်းလျောက်ဆန္ဒပြပြီး ညနေငါးနာရီကျော်မှာ ဒုတိယအကြိမ် ရဲစခန်းကို ထပ်မံသွားရောက်ခဲ့ကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြဖို့ ဧပြီလ (၃၀) ရက်နေ့မှာ ဒေသခံနှစ်ဦး ဒါမှမဟုတ်(၃) ဦး ရဲစခန်းကို လာရောက်ဖို့ စခန်းမှူးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

RFA Burmese


လက်ပံတောင်းအရေး လှုပ်ရှားသူတွေ ဖမ်းမိန့် ထုတ်ပြန်ခြင်းကို AHRC ကန့်ကွက်

Posted: 30 Apr 2013 01:13 AM PDT

လက်ပံတောင်းဒေသမှာ ဒေသခံတွေကို အကူအညီပေးနေ သူတွေကို ဒေသတည်ငြိမ်ရေးနဲ့ အေးချမ်းသာယာရေး ပျက်ပြားအောင်လှုံ့ဆော်သူတွေအဖြစ် ဖမ်းမိန့်ထုတ်ပြန်ခဲ့တာနဲ့ သူတို့အပေါ် အကူအညီပေးနေသူတွေကိုပါ အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ ဒေသခံပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

အခုဆောင်ရွက်ချက်တွေဟာ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ မြန်မာနိုင်ငံမှာ မရှိသင့်တော့ဘူးလို့ အာရှလူ့အခွင့်ရေးအဖွဲ့က ဆိုပါတယ်။

AHRC အဖွဲ့က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလိုပြောပါတယ်။

"လက်ပံတောင်းတောင်အရေး လှုပ်ရှားနေတဲ့သူ ၈ ဦးကို ဖမ်းဖို့အတွက် စာရင်းထုတ်ပြန်ထားတာကို ကျွန်တော်တို့တွေ့ရတယ်၊ ဒါတွေက ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဒေသခံပြည်သူလူထုတွေနဲ့ နိုင်ငံအတွင်းမှာ လှုပ်ရှားတက်ကြွသူတွေကို ခြောက်လှန့်လိုက်တဲ့ သဘောဖြစ်တယ်လို့ ကျွန်တော်တို့ အာရှလူ့အခွင့်အရေးကော်မတီက ထင်မြင်ယူဆယ်တယ်၊ နောက်ပြီးတော့ ဒီလူ ၈ ဦးကို အားပေးကူညီတယ်၊ လက်ခံတယ်ဆိုရင် အရေးယူမယ်ဆိုတာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေကို ခြောက်လှန့်လိုက်တဲ့သဘောလို့ ယူဆတယ်"

တကယ်တမ်းက ဒေသခံလယ်သမားတွေနဲ့ဖြစ်နေတဲ့ပြဿနာကို ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာသင့်ကြောင်း၊ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်ချက်တွေဟာ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်နေနေသလို၊ ခရိုနီတွေရဲ့ စီးပွားရေးကို အကာအကွယ်ပေးနေရာရောက်နေတယ်လို့ ဆိုပါတယ်။

ဒါ့ပြင်စွပ်စွဲခံရသူတွေဟာ ရာဇ၀တ်မှု ကျူးလွန်ခဲ့သူတွေမဟုတ်ဘဲ၊ ဒီမိုကရေစီအခွင့်အရေးအရ လွတ်လပ်စွာပြောဆိုခွင့်၊ စုရုံးပိုင်ခွင့်ကိုသာ ဆောင်ရွက်ခဲ့သူတွေ ဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

RFA Burmese


ဥက္ကံမြို့ တွင် သပိတ် အဖုံးကျကွဲရာမှ အဓိကရုန်း ဖြစ်ပွားနေ

Posted: 30 Apr 2013 01:01 AM PDT

ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်နေ  (၃၀.၄.၂၀၁၃) ရက်နေ့  နံနက် (၉)နာရီ အချိန်က ကိုရင် ပုည၊ (၁၁)နှစ်၊ (ဘ)ဦးမျိုးသည်  ဘုရားကြီးဈေးတောင်ဘက်၊ ဘုရားကြီး လမ်းတွင် ဈေးဝယ်လာသူ မ၀င်းဝင်းစိန်၊ (၃၄)နှစ်၊ (ဘ)ဦးလူလူမျှား၊ မူဆလင်/အစ္စလာမ်မှ ၀င်တိုက် မိသဖြင့် လွယ်ထားသည့် သပိတ် လွတ်ကျကာ  အဖုံးကွဲသွားသဖြင့် ရဲစခန်းသို့လာရောက် တိုင်တန်း ရ်ျ  အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

    သပိတ်အဖုံး ကျကွဲရ်ျ  ဆွမ်း နှင့် ဆွမ်းဟင်းများ မှောက်သွားခဲ့သဖြင့်  မ၀င်းဝင်းစိန်မှာ  သပိတ် အသစ်  ပြန်လည်ဝယ်ပေးခဲ့ပြီး  စခန်းမှူး မှ  ဆွမ်း နှင့်  ဆွမ်းဟင်းများအား  လှူဒါန်းပေးခဲ့စဉ်  ဈေး အနီး  ရပ်ကွက်နေ  ကျား/မ (၅၀)ဦးခန့်မှ  မကျေနပ်သဖြင့်  အမှုဖွင့်အရေးယူဆောင်ရွက်ပေးစဉ် ဈေးပတ်လည်ရှိ  ဆိုင်ခန်းအချို့အား  ဖျက်ဆီးသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များမှ  ထိန်းသိမ်းဆောင် ရွက် လျက်ရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ  သတင်းရရှိပါသည်။

သစ်ထူးလွင်


လက်ပံတောင်းတောင်ဒေသသို့ အကြမ်းဖက်နှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့ဝင်များရောက်ရှိ

Posted: 30 Apr 2013 12:57 AM PDT

ရန်ကုန်၊ဧပြီ၊၂၉

လက်ပံတောင်တောင်အရေးကြိုး ကိုင်သူဟုယူဆရသူရှစ်ဦးကို ဖမိးဆီးရန် လက်ပံတောင်းတောင် ဒေသတွင်တွင် အကြမ်းဖက် အကြမ်းဖက်နှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအရာရှိ တစ်ဦးကပြောကြားသည်။

"အထူးနှိမ်နှင်းရေးအဖွဲ့တွေ ရောက်နေတယ်ဆိုတာကတော့သေချာပါတယ် တပ်ဖွဲ့ဝင်ဘယ်လောက်ရောက် တယ် ဘယ်အချိန်မှာဝင်ဖမ်းမယ် မဖမ်းဘူး ဆိုတာတော့ လျို့ဝှက်မို့ မသိရပါဘူး"ဟု၎င်းကဆက်လက်ပြော ကြားသည်။

လက်ပံတောင်းတောင်အရေးကြိုးကိုင်သူများဟု ရဲတပ်ဖွဲ့မှ သတင်းပေးရန်ကြေငြာချက်ထုတ်ထားသည့် ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင်များ အခြေချနေထိုင်မှုများသည့် ဆည်တည်းကျေးရွာအနီးသို့လက်ရှိ သတင်းရေးသားနေသည့် ဧပြီလ၂၉ရက်နေ့ညပိုင်း ၁ဝနာရီခန့်အချိန်တွင် ရဲတပ်ဖွဲ့ဝင် ၂၀ဝနီးပါးခန့် ရောက်ရှိ နေကြောင်း ဆည်တည်းကျေးရွာ
ဒေသ ခံများကဆက်သွယ်ပြောကြားသည်။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင်များမှာ လက်ပံတောင်းတောင်အရေးသို့ ၂၀၁၂ခုနှစ်ဩဂုတ်လ အတွင်းတွင် ပါဝင်လာခဲ့ပြီး ဝမ်ပေါက်ကုမ္ပဏီအနီး အခေါင်းသုံးလုံး မီးရှို့မှု ၊အောက်တိုဘာလ၉ရက်နေ့ဆဲတည်းရွာသုသာန်တွင်သေဆုံသူများပြန်လည်နိုးထလာသည့်ပါဖော့မန့်များ ၊လက်ပံတောင်းတောင်ပြည်သူ့ညီလခံနှင့် ဆန္ဒထုတ်ဖော်မှုများတွင် ဆည်တည်းရွာတွင်အခြေချနေထိုင်ပြီး ဦးဆောင်လှုပ်ရှားခဲ့ကာ၊ အောက်တိုဘာလအ တွင်းတွင်ပင် ဆားလင်းကြီးရဲစခန်း၌မြန်မာ့စီးပွားရေးဦးပိုင်နှင့်ဒေသခံများ အပြန်အလှန်အမှုဖွင့်မှုများရှိခဲ့ရာ၊ဦးပိုင်မှအခေါင်းသုံးလုံးမီးရှို့
ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သူ၁၆ဦးကိုပုဒ်မ၃ခုဖြင့်အမှုဖွင့်ခဲ့ကြောင်း လက်ပံတောင်းတောင်အရေးစိတ်ဝင်စားသူများနှင့် ဒေသခံများကပြောကြားသည်။

ယနေ့ဧပြီလ၂၉ရက်နေ့သည်သံဃာတော်များအားမီးလောင်ဗုံးများဖြင့် ဖြိုခွင်းသည်မှာ ၅လပြည့်မြောက်ခဲ့ သည့်နေ့ဖြစ်ပြီး၊ ယင်းရက်မတိုင်ခင် ၄ရက်ခန့်အလို ဧပြီလ၂၅ရက်နေ့တွင်လည်း လက်ပံတောင်းတောင်၏ တောင်ဘက်တောင်ခြေတွင် ယာတဲဆောက်ရာမှ ရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံများ
ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ၊ယင်းနေ့တွင်ကွန်ယက်အဖွဲ့ဝင်တစ်ဦးဖြစ်သူကိုအောင်စိုးကို ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ရာမှ ပဠိပက္ခဖြစ်ပွား ခဲသောကြောင့် ရဲတပ်ဖွဲဝင် ၁၅ဦး နင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယခုသတင်းရေးသားချိန် ဧပြီလ ၂၅ရက် ည ၁ဝနာရီခန့် တွင် ဆည်းတည်းကျေးရွာ၏ အခြေအနေကို ဆက်သွယ်မေးမြန်းရာ
''တုံကနေ ဆည်းတည်းရွာကို သွားတဲ့ သူတိုဆိုက်မှာ ရဲတွေ တန်းစီပြီး စစ်ရေးပြ နေတယ်၊ရွာကိုတော့ ဝင်မစီးသေးဘူး ''ဟု ဆည်းတည်းရွှာသို့ ရောက်ရှိနေသော ကိုဟန်ဝင်းအောင်က The Voice သို့ ပြန်လည်ဖြေကြားသည်။

The Voice Weekly


အမေရိကန်တွင် ကရင်နီအမျိုးသားနှစ်ဦး ဓါးထိုးအသတ်ခံရ

Posted: 30 Apr 2013 12:42 AM PDT

အမေရိကန် Arizona ပြည်နယ်၊ Phoenix မြို့မှာ ကရင်နီအမျိုးသားတဦးရဲ့ အသုဘ အခမ်းအနားအတွက် ၀န်ပြုဆုတောင်းနေကြတဲ့ လူအုပ်ထဲမှနှစ်ဦး ဓါးထိုးခံရတဲ့အတွက် အလောင်းတွေကို ယမန်နေ့လည် ၁၂ ရီချိန်မှာ ရဲတွေက စစ်ဆေးဖို့ သယ်ယူသွားခဲ့ကြတယ်လို့ သိရပါတယ်။

ဧပြီလ ၂၇ ရက်နေ့ညက ကရင်နီအမျိုးသား အယောက် ၄၀ ခန့်က မိမိတို့ရိုးရာ ယဉ်ကျေးမှုအရ ကျောက်ကပ်ရောဂါနဲ့ သေဆုံး သွားခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ခူးစိုင်းလောင်ရဲ့ အသုဘ အခမ်းအနားကို သူနေတဲ့ Central Phoenix apartment မှာပြုလုပ်နေကြစဉ် အပြင်ဘက်မှ အုပ်စုလိုက်ရန်ဖြစ်ပြီး Apartment ထဲသို့ ပြေးပုန်းသူတွေ ရှိခဲ့တဲ့အတွက် ယခုလို ဓါးထိုးခံခဲ့ရတာ ဖြစ်တယ်လို့ အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိနေခဲ့တဲ့ ခူးဖရေရယ်က ပြောပါတယ်။

"ကရင်ကလေး၃ယောက်က… မက်စီကိုလား စပိတ်တွေနဲ့လားတော့မသိဘူး… လမ်းပေါ်မှာ သူတို့နဲ့ရန်ဖြစ်ကြတယ်… ကရင်ကလေးသုံးယောက်က ကျနော်တို့ရှိတဲ့နေရာကို အော်ပြီးပြေးတက်လာတယ်… ကျနော်တို့ကအထဲမှာ… အသုဘအတွက် လူငယ်တွေသီချင်း ဆိုပေးနေကြတာ… ဘယ်သူတွေဝင်လာလဲဆိုပြီး ထွက်ကြည့်ကြတယ်… ထွက်ကြည့်မိတော့ အဲ့ဒီလူတွေက ငါးယောက်ရှိတယ်… သူတို့လိုက်နေတဲ့သူကို သူတို့မမှတ်ဘူးထင်တယ်… အပြင်ဘက်မှာ မိန်းကလေး၂ယောက်နဲ့ ယောက်ကျားလေး ၃ သုံးယောက်က၀ိုင်းပြီး ထွက်ကြည့်တဲ့ကျနော်တို့လူကို ထိုးကြိတ်ကြတယ်။ ကျနော်တို့က တခါးကိုပိတ်ထားလိုက်တယ်။ ဖွင့်ထားရင် ကျနော်တို့လူတွေအထဲမှာ အများကြီးခံရမှာစိုးတယ်၊ ဖွင့်ပြီးထွက်ကြည့်မယ် ဆိုပြန်တော့လဲ ခဏနေ နင်ပါပါအသတ်ခံရမယ်လို့ ကျနော်တို့လူတွေပြောတော့ မထွက်ကြည့်ရဲဘူး။ ဒါကြောင့် အပြင်မှာခံနေတဲ့ကျနော်တို့ လူနှစ်ယောက်ပွဲချင်းပြီး သေသွားတယ်"

လူတစုရဲ့ဓါးထိုးမှုကြောင့် သေဆုံးခဲ့သူမှာ အသက် ၂၃ နှစ်အရွယ် ခူးကေးဖိုးဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် ခူးခါးရယ်တို့ ဖြစ်ကြပါတယ်။ ဓါးထိုးမှုဖြစ်ပွားပြီးနောက် ရဲအရာရှိတွေရဲ့ စုံစမ်းမေးမြန်းမှုနဲ့ စစ်ဆေးမှုတွေကို ကူညီနိုင်ဖို့အတွက် အသုဘလာသူ ကရင်နီအမျိုးသား ၄၀ဦးကို ရဲတွေက ခေတ္တထိမ်းသိမ်းထားပြီး ယမန်နေ့ နေ့လည်က ပြန်လွတ်ပေးလိုက်ကြပါတယ်။

အမေရိကန် Arizona ပြည်နယ်မှာ ယခုဆိုရင် ကရင်နီမိသားစုဝင် စုစုပေါင်း ၅၀၀ ခန့်ရှိပါတယ်။ ပြီးတဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်း ထိုင်းနိုင်ငံကရင်နီဒုက္ခသည်စခန်းကနေ တတိယနိုင်ငံ ခြေချနေထိုင်မှုအစီအစဉ်နဲ့ သွားရောက်အခြေချ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Written by ကန္တာရဝတီတိုင်း(မ်)

ထိုင်းနယ်စပ်မှ ကရင်နီ ဒုက္ခသည် မီသားစုများအားတွေ့ ရစဉ်

စစ်တွေ ဆူပူသူများကို ဥပဒေနှင့် အညီ အရေးယူမည်

Posted: 29 Apr 2013 07:43 PM PDT

ဧပြီလ ၂၆ ရက်နေ့က စစ်တွေမြို့နယ်တွင် ပြုလုပ်ခဲ့သော ဆွဲတင်စစ် လူဦးရေ စာရင်းကောက်ခံသူများအား အနှောင့်အယှက် ပြုလုပ်ခဲ့သူများ၊ လူထု ဆူပူ အုံကြွမူ ဖြစ်အောင် လူံ့ဆော် ဖန်တီးခဲ့သူများအား ဥပဒေနှင့် အညီ အရေး ယူသွားမည် ဖြစ်ကြောင်း အစိုးရ၏ ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်တွင် ဖေါ်ပြသည်။

ဧပြီလ ၂၆ ရက်နေ့က အိမ်ထောင်စု လူဦးရေ စာရင်းကောက်ယူမူကို စာရင်း ကောက်ယူရေး အဖွဲ့ (၁၈) ဖွဲ့ဖြင့် စစ်တွေမြိ့နယ်ရှိ ဘင်္ဂလီ ဒုက္ခသည် စခန်းများတွင် စာရင်း ကောက်ယူခဲ့ရာ တည်ငြိမ်အေးချမ်းမူကို ပျက်ပြားစေမည့် အပြုအမူများ၊ လူထု ဆူပူအုံကြွမူ ဖြစ်စေမည့် လူံ့ဆော်မူများ ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

သို့အတွက် အိမ်ထောင်စု စာရင်းကောက်ယူမည့် အစီအစဉ်ကို ယာယီ ရပ်နားခဲ့ရသည်။

၎င်းနောက်ပိုင်း ညနေ ၃ နာရီတွင် ရခိုင်ပြည်နယ် အစိုးရရုံးတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရ အရာရှိကြီးများသည် အစည်းအဝေး တစ်ရပ် အရေးပေါ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ အစည်းအဝေးတွင် လူဝင်မူ ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းမှ အဆိုပါ လုပ်ရပ်သည် တည်ငြိမ်အေးချမ်းမူကို ထိခိုက်စေပြီး ဥပဒေနှင့် မညီသည့် လုပ်ရပ်ဖြစ်သဖြင့် လိုအပ်သလို ထိန်းသိမ်းပေးကြရန်နှင့် လုံခြုံရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ အနေဖြင့် ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဟု ပြောကြားသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကလည်း ဦးဆောင်ပါဝင်သူများကို စိစစ်ဖေါ်ထုတ်ပြီး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယခု စစ်တွေမြို့နယ်တွင် ဆွဲတင်စစ် လူဦးရေ စာရင်း ကောက်ခံရခြင်းမှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ အပြီးတွင် လူဦးရေ စာရင်း ဇယား အတိုး အလျှော့ တိကျ မှန်ကန်စွာ ရရှိရေး၊ မွေးဖွားခြင်း သေဆုံးခြင်းများကို လိုအပ်သလို စာရင်း အတိုး အလျှော့ ပြုလုပ်နိုင်ရေး၊ ဒုက္ခသည်များအား မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေး၊ ပုံမှန် စားဝတ်နေရေးနှင့် ပြန်လည် ထူထောင်ရေး၊ ဒုက္ခသည် စခန်းများသို့ အခြားဒေသများမှ တရားမ၀င် ရောက်ရှိလာမူ ရှိမရှိကို စစ်ဆေးနိုင်ရေးတို့ အတွက် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ဒုက္ခသည်စခန်းများသို့ စစ်ဆေးရေးအဖွဲ့များ ရောက်ရှိပြီးနောက် ဆူပူမူများနှင့် အတူ စာရင်းစစ် အဖွဲ့များအား အကြမ်းဖက် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သည်။ သို့အတွက် တချို့နေရာများတွင် ရော်ဘာ ကျည်ဆံများ အသုံးပြု ပစ်ခတ်ခဲ့ရသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်မှ ထိုသို့ တိုက်ခိုက်မူကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဘင်္ဂလီ လူငယ် တစ်ဦး ရော်ဘာကျည်ဆံ ထိမှန်၍ ဒဏ်ရာ ရရှိခဲ့သည်ဟု မီဒီယာများသို့ ထုတ်ဖေါ် ပြောဆိုခဲ့သည်။

အဆိုပါ ဆွဲတင်စစ် လူဦးရေ စာရင်းစစ်ဆေးမူကို ၂၀၁၃ ခုနှစ် မတ်လ အတွင်း မောင်တောမြို့နယ်တွင် ပြုလုပ်ရာ အောင်မြင်စွာ ပြီးစီးခဲ့သည်ဟု သိရသည်။

နိရဉ္စရာသတင်းဌာန


UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ

Posted: 29 Apr 2013 07:41 PM PDT

ကုလသမဂ္ဂဆိုင်ရာ လူသားချင်း စာနာတဲ့ ကိစ္စရပ်များ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ် Barbara Manzi ဟာ EU အဖွဲဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ မနေ့က ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာဒေသတွေက အခြေအနေတွေနဲ့ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး ကြိုးပမ်း ဆောင်ရွက်မှုတွေ အကြောင်း ရှင်းလင်း ပြောပြခဲ့ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ပြင်နေတဲ့ မြန်မာနိုင်ငံမှာ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ အကြောင်း Barbara Manzi ကို ဘီဘီစီက ဆက်သွယ်မေးခဲ့ရာမှာ နေရာ ဒေသအလိုက် အခက်အခဲ အမျိုးမျိုး တွေ့ရပါတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖျဉ်း ပြောရမယ် ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကယ်ဆယ်ရေး အကူအညီ လိုအပ်နေသူတွေဆီ အရောက်သွားနိုင်ရေးမှာ ရှုပ်ထွေးပြီး အရာမရောက်တဲ့ ဗျူရိုကရက် စည်းမျဉ်း စည်းကမ်းတွေကြောင့် အခက်အခဲ တွေ့ရလေ့ ရှိတယ်လို့ Barbara Manzi က ဆိုပါတယ်။

ကချင် ဒေသမှာဆို ဒေသခံ အဖွဲ့တွေရဲ့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှုတွေ က အတိုင်းထက် အလွန် ကောင်းမွန်တယ်လို့ ဆိုရပေမယ့် အဲဒီမှာ အကူအညီတွေ လိုအပ်နေဆဲမို့ ဒေသခံတွေ နဲ့ နိုင်ငံတကာ အဖွဲ့တွေ အတူပူးပေါင်း ဆောင်ရွက်နိုင်ရေးဟာ သိပ်ကို အရေးကြီး ပေမယ့် ကချင်ဒေသက KIA ထိန်းချုပ်တဲ့ နယ်မြေတွေဆီ ကုလသမဂ္ဂအဖွဲ့ သွားရောက် အကူအညီပေးမှုတွေကို တိုက်ပွဲ အခြေအနေတွေကြောင့် July လကစပြီး ဆိုင်းငံ့ထားခဲ့ရတယ်လို့ Barbara Manzi က ရှင်းပြခဲ့ပါတယ်။

တခါ ရခိုင်ဒေသက ပဋိပက္ခ ကတော့ လူမျိုးအုပ်စုနှစ်စုကြား ဖြစ်တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ပြောပြရာမှာ ဒုက္ခသည်စခန်း တချို့ဆီ ပြည်တွင်းကရော ပြည်ပကပါ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အကူအညီတွေ ပေးရေးနဲ့ ပတ်သက်လို့ အဲဒီက လူမှု အသိုင်းအဝိုင်းက အဖွဲ့ဝင် တချို့က သိပ်လိုလိုလားလား မရှိတာမို့ အတော်လေး စိုးရိမ်မိပြီး မကြာခင် မုတ်သုံ ရာသီ စတော့မှာ ဆိုတော့ အဲဒီက ဒုက္ခသည်စခန်းတွေမှာ ကယ်ဆယ်ရေး အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ Barbara Manzi က ဆိုပါတယ်။

ဒီတော့ OCHA အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာကရော ဘယ်လောက်ရှိပါသလဲလို့ ဘီဘီစီက မေးမြန်းရာမှာ အာဏာပိုင်တွေ ဘက်က နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး ရှိတယ်လို့ တထစ်ချ ပြောနိုင်ပေမယ့်လည်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်း အချက်အလက်တွေ ပေးရာမှာ ပွင့်လင်း မြင်သာမှု ရှိရေးမှာတော့ လိုအပ်မှု တချို့ ရှိနေတယ်လို့ သူက ထောက်ပြခဲပါတယ်။

ဒီအတွက် အာဏာပိုင်တွေ နဲ့ ထိတွေ့ ဆက်ဆံမှုတွေပြီး တဖြည်းဖြည်းချင်း လုပ်သွားဖို့ ပြင်ဆင်ထားသလို တခါ နိုင်ငံတကာ အသိုင်းအဝိုင်း ဘက်ကလည်း ပဋိပက္ခ ဖြစ်ရာနေရာတွေက ပြဿနာတွေ ကို ကူညီ ဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ် ၊ ကယ်ဆယ်ရေး အကူအညီတွေ ပေးနေရုံတင်မက ဒီဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ရေရှည် ပြေလည်သွားစေမယ့် နည်းလမ်းတွေနဲ့ ကူညီ ဖြေရှင်းပေးဖို့လည်း လိုတယ်လို့ Barbara Manzi က ဆိုသွားခဲ့ ပါတယ်။

မြန်မာနိုင်ငံ ရှေ့လျှောက် ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေနဲ့ ပတ်သက်လို့ EU အဖွဲ့ဝင် နိုင်ငံတွေက အကူအညီ ဆက်လက်ပေးနိုင်မှုကို မေးမြန်းတဲ့ အခါ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတွေအနေနဲ့ တွေ့ကြုံ ရင်ဆိုင်ရမယ့် စိန်ခေါ်မှာ အခက်အခဲတွေကတော့ အတော်လေး ကြီးမား ရှိပေမယ့် ကျမတို့အနေနဲ့ကတော့ အတွေ့အကြုံ ဗဟုသုတ နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံ အဆောက်အအုံ တည်ဆောက်ရေးမှာပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား လူမျိုး ပေါင်းစုံရဲ့ ရှုထောင့် အမြင်တွေ ပါဝင်ပြီး ပွင့်လင်း မြင်သာတဲ့ နိုင်ငံ့ အနာဂါတ် တည်ဆောက်ရာမှာပဲ ဖြစ်ဖြစ် ကူညီ ဆောင်ရွက်သွားမှာပါလို့ Barbara Manzi က ရှင်းပြခဲ့ပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့လည်း EU ကိုယ်စားလှယ်တွေကို တင်ပြမှာ ဖြစ်ပေမယ့် အရေးကြီးတာက လောလောဆယ်မှာ EU အဖွဲ့ဝင် နိုင်ငံတွေနဲ့ မြန်မာ နိုင်ငံအကြား ထိတွေ့ ဆက်ဆံမှုတွေ ရှိလာနေရာမှာ ငွေကြေး အကူအညီတင်မက လူ့အခွင့်အရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ၊ လူသားချင်း စာနာမှု ဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ ကို သိလာအောင် လုပ်ပေးဖို့နဲ့ အစိုးရကိုတင်မက အစိုးရ မဟုတ်တဲ့ တခြား အဖွဲ့အစည်းတွေကိုပါ အကူအညီပေးခြင်းအားဖြင့် အားလုံးပါဝင်တဲ့ တလုံးတဝတည်းသော မြန်မာနိုင်ငံအဖြစ် တည်ထောင်နိုင်ဖို့ကို ကူညီ ဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့ Barbara Manzi က ပြောသွားခဲ့ ပါတယ်။

BBC Burmese