သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


နိုင်ငံရေးဆွေးနွေးပွဲမူဘောင်နှင့်ပတ်သက်၍ RCSS/SSA မှ ဆွေးနွေးပွဲလုပ်

Posted: 24 Apr 2013 07:25 PM PDT

RCSS/SSA လွယ်တိုင်းလျဲန်းဌာနချုပ် ဗဟိုဦးဆောင်မှုကော်မတီအစည်းအဝေးတွင် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ  WGEC မှ ရေးဆွဲသည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်မူကြမ်း နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်သူများက ပြောသည်။

033-RCSS
"ဆွေးနွေးတာက အကြောင်းရင်း နှစ်ရပ်ပါ။ ပထမ အချက်က ဦးသိန်းစိန်အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးရင် ဘယ်ခေါင်းစဉ်ပေါ် မူတည်ပြီးဆွေးနွေးမလဲ၊ နောက်ဒုတိယ တခုက WGEC မှ ရေးဆွဲသည့် Frame work က ဘာတွေရှိလဲ ကျနော်တို့ဆွေးနွေး လိုတဲ့ခေါင်းစဉ်နဲ့ ယှဉ်ပြီးဆွေးနွေးဖြစ်ကြတယ်" - ဟု တက်ရောက်သူ ဗဟိုဦးဆောင်မှုကော် မတီတွင်ပါဝင်သူတဦးက ပြော သည်။

ဧပြီ ၂၃ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ RCSS ၏ ဗဟိုဦးဆောင်မှုကော်မတီဝင် အရေးပေါ် အစည်းဝေးအား ဌာနချုပ်လွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းဝေးတွင် ဗဟိုဦးစီးကော် မတီဝင် ဗိုလ်မှူးအဆင့် အရာရှိ ၄၀ ခန့် တက်ရောက်ခဲ့သည်။

"WGEC က လေ့လာသုတေသနလုပ်ထားတဲ့ဟာက ကျနော်တို့သွားချင်တဲ့ခေါင်းစဉ်နဲ့ သိပ်ကွာခြားမှု မရှိဘူး။ ကျနော်တို့ တိုင်းရင်းသားတွေလိုလားချက်နဲ့ ကိုက်ညီတဲ့အချက်တွေကြီးဘဲ" - ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

"နိုင်ငံရေးဆွေးနွေးဖို့က သမ္မဦးသိန်းစိန်အစိုးရ စိတ်သဘောထားကြီးစွာနဲ့ ဘယ်အတိုင်းအတာထိ တံခါး ဖွင့်ပေး မလဲဆိုတဲ့ အပေါ်မူတည်ပါတယ်။ ကျနော်တို့ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ အစိုးရ၊ နိုင်ငံရေး ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ နဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေပါ ပါဝင်ဖို့ပေါ့ -- စသဖြင့် ဆွေးနွေးပါတယ်" - ဟု ဆက်ပြောပါသည်။

WGEC - Working Group For Ethnic Co-ordination တွင် UNFC ညီညွတ်သောတိုင်းရင်းသား လူမျိုး များဖက်ဒရယ် ကောင်စီ အဖွဲ့အဝင်အပါအဝင် အခြား UNFC အဖွဲ့ဝင်မဟုတ်သည့် လက်နက်ကိုင် တပ်ဖွဲ့များ လူမှုအခြေပြုအသင်း အဖွဲ့များလည်း ပါဝင်သည်။ UNFC ကိုယ်စားလှယ်အချို့လည်း ပြည်တွင်းသို့ဝင်၍ တိုင်းရင်းသားခေါင်းဆောင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင်တိုင်းရင်းသားပါတီများ အား သွားရောက်တွေ့ဆုံနေဆဲဖြစ်သည်။

WGEC working group for ethnic co-ordination ၏ နိုင်ငံရေးဆွေးနွေးရေးအတွက် မူဘောင် Frame work ကိုဖတ်ရှုလိုပါက - http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3996-wgec----.html

သျှမ်းပြည်နယ်နေ့ အဓမ္မပြုကျင့်မှု ကျူးလွန်သော တပ်သားအား စစ်ဆေးရန် စစ်ခုံရုံး-ကြန့်ကြာ

Posted: 24 Apr 2013 07:24 PM PDT

သျှမ်းပြည်အလယ်ပိုင်းကျေးသီးမြို့နယ်၌ သျှမ်းပြည်နယ်နေ့က အဓမ္မကျင့်မှု ကျူးလွန်သော ခလရ ၁၃၁ မှ တပ်သားအား စစ်ခုံရုံးမှ စစ်ဆေးရန် ကြန့်ကြာနေသည့်အပေါ် ဒေသခံများအားမလိုအားမရ ဖြစ်နေကြောင်း မြို့ခံများကပြောသည်။

Kesi
" ဖေဖော်ဝါရီလ ၇ ရက်ညက မိုင်းနင်အုပ်စု နောင်ယုမ်းရွာက ကလေးအမေကို မုဒိန်းကျင့် ကျူးလွန်တဲ့ တပ်သားမောင်ဦး။ သူ့ကို မြို့နယ်တရားရုံးကနေ အချိန်မတော် အိမ်တွင်းဝင်ရောက်မှု၊ ခိုးမှု၊ လုယက်မှု၊ မုဒိန်းမှု၊ တပ်ပြေးမှုချမှတ်တယ်။ သို့ပေ မယ့် မြို့နယ်တရားရုံးက သူ့ကို မုဒိန်းမှုတခုတည်းကိုသာ စီရင်မှာ။ ကျန်တဲ့တပ်ပြေးမှု၊ ခိုးယူလုယက်မှုအစရှိတာ ကိုတော့ စစ်ဘက်ဆိုင်ရာခုံရုံးကဘဲ စီရင်မယ်ပြောတယ်၊ တပ်ထဲမှာ စစ်ဖို့ခုံရုံးဖွဲ့ထားပြီပြောတယ်" ကျေးသီးမြို့ အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တဦးကပြောသည်။

ထိုသို့  စစ်ဘက်ဆိုင်ရာခုံရုံးမှ တိုက်ရိုက်စီရင်မည်ဆိုပါက  ရွာသားများ မျှော်မှန်းထားသည့် ပြစ်ဒဏ်ထက်ပိုမိုကြီးမားသည့် ပြစ်ဒဏ်ခံ ပေးဖွယ်ရှိသကဲ့သို့ ကာကွယ်ရေးဦးစီးချုပ်မှ စစ်တပ်အားအကာအကွယ်ပေးမည်ဆိုပါက ပြစ်ဒဏ်မှာကြီးမားမည် မဟုတ် သဖြင့် ထိုကဲ့သို့ တာဝန်မဲ့စွာ မုဒိန်းကျူးလွန်မှုများထပ်မံဖြစ်ပွါးမည်ကို ဒေသခံများတွေး၍စိတ်ပူနေသည်ဟုလည်း မိုင်းနောင်သား အိုက်လ ကပြောသည်။  

ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျေးသီးမြို့နယ် မိုင်းနင်အုပ်စု နောင်ယုမ်းရွာသူ သားသည်မိခင်အား ခလရ ၁၃၁ တပ်သား မောင်ဦးက မုဒိန်းကျင့်မှုကျူးလွန်ခဲ့သည်မှာယနေ့တိုင် ၂ လကျော်ကြာ ဖြစ်သော်လည်း  အာဏာပိုင်များက ၎င်းအား တရားစီရင်ခြင်းမရှိသေးသဖြင့် တရားခံဘက်မှ ဆွေမျိုးများက အားမလိုအားမရဖြစ်နေကြောင်း ရွာသားများကပြောပါ သည်။

"သူ့ကိုဖမ်းဆီးစစ်ဆေးပြီးတာတောင်မှ ရဲအာဏာပိုင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ က တကယ်ကျူးလွန်ခြင်း ဟုတ် မဟုတ် သက်သေကို ရန်ကုန်ပို့စစ်ဆေးသေးတယ်။  နောက်ပိုင်းမှ သူက တကယ်ကျူးလွန်မိကြောင်းဝန်ခံတယ်" ဟု အမျိုးသမီးနှင့် အမျိုးတော် စပ်သူ  တဦးကပြောသည်။

မိုင်းနင်အုပ်စု နောင်ယုမ်း ရွာသည် ကျေးသီးမြို့နယ်၏တောင်ဘက် ၁ မိုင်အကွာတွင် တည်ရှိပါသည်။

ဖေဖော်ဝါရီ ၇ ရက်ညသန်းခေါင်အချိန်တွင် ကျေးသီးမြို့အခြေစိုက် ခလရ ၁၃၁ မှ တပ်သားမောင်ဦး (အသက် ၃၀ ခန့် ) က မိုင်းနင်အုပ်စု နောင်ယုမ်းရွာ နေ အမည်မဖော်လိုသူ သျှမ်းအမျိုးသမီးတဦး (အသက် ၂၆ ) အိမ်အား တံခါးခေါက်အကူအညီ တောင်းရမှ ဓါးဖြင့်ထောက်ကာ ပိုက်ဆံ ၇၀၀၀၀ ကျပ်တောင်းကြောင်း၊ ထိုစဉ် အိမ်ဦးအမျိုးသားမတွေ့သဖြင့် အဆိုပါ အမျိုး သမီးအား ဓါးဖြင့်ထောက် အဓမ္မမှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအမျိုးသမီးအိမ်မရောက်မှီ လမ်းစုံ၌ လျှပ်စစ်မီးကြိုး အား ဓါးဖြင့်ခုတ်ဖျက်ကာ အနီးအနားရှိ အိမ်သုံး အိမ်ပေါ်တက်၍ လိုရာပစ္စည်းများ ခိုးယူခဲ့သေးသည်ဟု ဆိုသည်။

SSNA ရဲဘော်ဟောင်း အယောက် ၄၀ လွှတ်ငြိမ်းချမ်းသာခွင့်ရ

Posted: 24 Apr 2013 07:24 PM PDT

လက်နက်ချစဉ်ကတည်းက လွတ်ရက်မရှိ ချုပ်နှောင်ထားခြင်းခံရသော (ယခင်က) SSNA  စဝ်ကန္န၏ ရဲဘော် အယောက် ၄၀ အား နိုင်ငံရေးအကျဉ်းသားစစ်ဆေးရေးကော်မတီ၌ ပါဝင်ခွင့်ရခဲ့သော SNLD  ၏ ကြိုးပမ်းမှုဖြင့် ယမန်နေ့ကလွတ်မြောက် ကြောင်း ပါတီဝင်လူငယ်များက ပြောပါသည်။

release 40 SSNAပြန်လည်လွတ်မြောက်လာသော SSNA ရဲဘော် ၄၀ ဦး

"နိုင်ငံရေးအကျဉ်းသားစစ်ဆေးရေးကော်မတီမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် SNLD  ဥက္ကဌ နဲ့ အထွေထွေအတွင်းရေးမှူးတို့ရဲ့ စာတင်ပြတောင်းဆိုမှုကြောင့် ၁၀ နှစ်နီးပါးအကျဉ်းထောင်ထဲရောက်နေရတဲ့ SSNA  စဝ်ကန္နရဲ့ရဲဘော် ၄၀ ကျော်ကို အစိုးရက လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ မနေ့က သူတို့ကို သာယာဝတီထောင်မှာသွားကြိုလာပါပြီ။ မနက်ဖြန် သူတို့ရဲ့ မိဘဆွေမျိုးတွေဆီ ပြန်လည်ပေးအပ်ပွဲကို SNLD ကနေ ကမကထပြုပြီး လားရှိုးမှာကျင်းပပါမယ်" ဟု သျှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ လားရှိုးမြို့နယ် ပြောခွင့်ရ စိုင်းလူက သျှမ်းသံတော်ဆင့်အားပြောသည်။

SSNA ၏  စဝ်ကန္နဦးဆောင်သောတပ်မဟာ ၁၁ လက်အောက်ခံ သိန္နီမြို့နယ်အတွင်းလှုပ်ရှားသည့်တပ်ရင်းမှရဲဘော်များ ဖြစ်သည်။   စစ်အစိုးရ၏ လွှတ်ရက်မရှိသော ပြစ်ဒဏ်ဖြင့်  အမိန့်ချခြင်းခံရသော ၎င်းရဲဘော် ၄၀ ဦးအပါအဝင် ယမန် နေ့က အကျဉ်းသား ၉၃ ဦးကို မြန်မာအစိုးရက လွှတ်ပေးလိုက်သည်။ အဆိုပါ ၉၃ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၅၉ ဦးပါဝင် သည်ဟု  လွှတ်မြောက်ရေးကြိုးပမ်းသူ လူငယ်တဦးကလည်းပြောပါသည်။

လွတ်မြောက်ရဲဘော် ၄၀ ကျော်အား သန္နီမှ ဆွေမျိုးမိဘအယောက် ၁၀၀ ကျော်က လားရှိုးမြို့သို့ရောက်ရှိစောင့်ကြိုကြောင်း အပ်နှင်းပွဲကို လားရှိုးမြို့  SNLD ရုံး၌ ဧပြီ ၂၅ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း ဆိုပါသည်။

"  စဝ်ကန္နရဲ့ ရဲဘော် အယောက် ၄၀ (အားလုံးနီးပါး လက်နက်ကိုင်ရဲဘော်တွေ) လွတ်မြောက်နိုင်ဖို့အတွက် SNLD အနေနဲ့ အခက်အခဲအမျိုးမျိုးကိုကျော်ဖြတ်ကာ ကြိုးပမ်းခဲ့ရပါတယ်။ သူတို့လွတ်မြောက်လာတဲ့ အယောက် ၉၀ ကျော်မှာ သျှမ်းနိုင်ငံ ရေး အကျဉ်းသား ၃ ယောက်ပါတယ်လို့ကြားရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်ရေးအသေးစိတ်အချက် အလက်ကိုတောင်း ထား တုန်းဖြစ်ပါတယ် " ဟု စိုင်းလူက ဆက်လက်ပြောပြသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေမုဒ်မ ၄၀၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေငြာခဲ့သော်လည်း SNLD ၏ လူငယ်အဖွဲ့ခေါင်းဆောင်လည်းဖြစ်သော စိုင်းလူက   EU ၏ စီးပွါးရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းမျိုးမဖြစ်စေလိုကြောင်း၊ ယနေ့တိုင် လွတ်မြောက်ခြင်းမရှိ သေးသည့် နိုင်ငံရေး အကျဉ်းသား ၄၀၀ ဝန်းကျင် ရှိနေသေးကြောင်း၊ ကျန်နေသေးသည့်အဆိုပါ အကျဉ်းသားများထပ်မံ လွတ်မြောက်ရေးအတွက် SNLD မှ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း  ပြောပါသည်။

စစ်အစိုးရလက်ထက် ၂၀၀၅ နှစ်လယ်က SSNA ၏  စဝ်ကန္နဦးဆောင်သော တပ်မဟာ ၁၁ လက် လက်အောက်ခံများ နက်ချအလင်းဝင်ခဲ့သော်လည်း ၎င်းတို့အား စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့သည်။ သို့သော် စစ်အစိုးရနှင့် ရင်းနှီးသည့် ထိပ်ပိုင်းခေါင်းဆောင်အချို့မှာ အဖမ်းခံရခြင်းမရှိခဲ့ပေ။

၂၀၀၈ ဖွဲ့စည်းပုံကြောင့် စစ်မှန်သောငြိမ်းချမ်းမှုလူထုမရနိုင်ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ပြော

Posted: 24 Apr 2013 07:23 PM PDT

shrfဖွဲ့စည်းပုံဥပဒေ၌ စစ်တပ်အတွက် အာဏာပိုပေးထားသဖြင့် တိုင်းရင်းသားတပ်ဖွဲ့အား မြန်မာစစ်တပ်ထိုးစစ်ဆင်နေသည့် အပေါ် သမ္မတကြီးက အာဏာမပေးနိုင်ခြင်းဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ( သျှမ်းပြည်တိုးတက်ရေးပါတီအား မြန်မာစစ်တပ်ထိုး စစ်ဆင်ရာဒေသ၌) ဒေသခံကျေးလက်လူထုအား မြန်မာအစိုးရ၏ စစ်ကြောင်းများက လူ့အခွင့်အရေး ချိုးဖောက်နေမှု ရပ့်တန့်ရေးအတွက် အစိုးရစစ်ကြောင်းများရုပ်ပေးရန်၊ ဒေသခံလူထုလူ့အခွင့်အရေးမချိုးဖေါက်ခံရရေးအတွက် သမ္မတကြီး ဦးသိန်း စိန်မှ တာဝန်ယူဆောင်ရွက်ရန်၊ နိုင်ငံတကာမှလည်း ဦးသိန်းစိန်အစိုးရအားဖိအားပေးရန် အဓိက ပါဝင်သည့် ကြေငြာချက် တစောင်ကို သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဧပြီလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။

အဆိုပါထုတ်ပြန်ကြေငြာချက်ပါအကြောင်းအရာနှင့်ပတ်သက်၍ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ခေါင်းဆောင် စဝ်ခမ်းဟန်ဖှက "၂၀၀၈ ဖွဲ့စည်းပုံမှာ  သမ္မတထက် စစ်တပ်ကို အာဏာပိုပေးထားတဲ့အတွက်ကြောင့် စစ်တပ်အပေါ် သမ္မတကနေ အာဏာမပေးနိုင်တာဖြစ်တယ်။ လူထုတရပ်လုံးကမျှော်လင့်နေတဲ့ စစ်မှန်သောငြိမ်းချမ်းရေးရရှိအောင်  ၂၀၀၈ ဖွဲ့စည်းပုံကို အရင်ပြင်မှဘဲရတော့မှာ" ဟု သျှမ်းသံတော်ဆင့်အားပြောပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးကာ အပစ်ရပ်ထားပြီးဖြစ်သော်လည်း အစိုးရ စစ်တပ်သည် အင်အားတိုးချဲ့ချကာ ထိုးစစ်ဆင်နေဆဲဖြစ်သောကြောင့် တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးလက်လူထုတို့ ဖမ်းဆီးရိုက်နှက်စစ်ဆေးခံရခြင်း၊ မုဒိန်းကျင့်ခံရခြင်း၊ ၎င်းတို့ စစ်ကြောင်းလုံခြုံရေးအတွက် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရခြင်း၊ အစရှိ လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်း၊ ထိုသို့ သမ္မတမှ စစ်တပ်အပေါ် အမိန့်မပေးနိုင်ပါက ကျေးလက်လူထုတို့ နေထိုင်စားသောက်ရေး အစစအရာရာအတွက် စိတ်ပူရကြောင်း၊ ထို့ကြောင့် စစ်မှန်သောငြိမ်းချမ်းရေးရရှိရေးအတွက် သမ္မတကြီးမှ တာဝန်ယဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အစရှိအချက်များကြေငြာချက်တွင်ပါဝင်ပါသည်။

သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ကို ၁၉၉၀ ဒီဇင်ဘာ ၆ ရက်နေ့၌ (ပင်လုံကတိပါဝင်လက်မှတ်ရေးထိုးခဲ့သူ ခွန်ကြာပု၏သား) ခွန်ကြာဦးက စတင်တည်ထောင်ခဲ့သည်။ ၁၉၉၀ မှစ၍ အင်္ဂလိပ်ဘာသာဖြင့် လစဉ် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တွင်း အဓမ္မရွှေ့ပြောင်းခံရမှုနှင့် သတ်ဖြတ်မှု အကြောင်း ရေးသားထားသော "Dispossessed" နှင့် သျှမ်းအမျိုး သမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းနှင့် ပူးပေါင်းထုတ်ဝေသည့် စစ်ပဋိပက္ခအတွင်း သျှမ်းပြည် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရသည့်အကြောင်း ရေးသားထားသော "License to Rape" စာအုပ်တို့မှာ လူသိများလှသည်။

အချက်အလက် အပြည့်အစုံ ဖတ်ရှုရန် - www.shanhumanrights.org